အခန်း (၁၃၉-၁၄၁)
Vol. 10 Ch. 139-141
အပိုင်း (139) တိရစ္ဆာန်ရေပက်ဖျန်းခြင်းပွဲတော်
“ဝိုး”
ဘတ်စ်ကားတစ်စီးက လမ်းမကြီးမှ ခွဲထွက်လာပြီး လီရှန်း ရှုခင်းကြည့်နယ်မြေအတွင်းသို့ မောင်းဆင်းသွားသည်။
မီတာတစ်ရာကျော်ခန့် သွားပြီးနောက် လုံခြုံရေး ရုံးက အဖွဲ့ဝင်တစ်ယောက်က စောင့်လျက်ရပ်နေကြောင်း မြင်လိုက်ရသည်။ သူက လမ်းပေါ်ရှိ မြောက်မြားလှသော ရေများကို လမ်းညွှန်ပေးနေသလို လိုအပ်မည့် အရေးပေါ်အခြေအနေများကိုလည်း ရင်ဆိုင်ဖြေရှင်းပေးရန် အသင့်ရှိနေသည်။
“ဟူး”
အပြင်ဘက်ရှိ အပူချိန်က ၁၅°ပင် မရှိတော့ချေ။ သို့သော် ဒါရိုက်တာလျိုကမူ ချွေးပြိုက်ပြိုက်ကျလျက် အဝေးမှ အပြေးလာသည်။
“အဲဒီမှာပဲ ၊ ယာဥ်တွေကို မဝင်ခိုင်းနဲ့တော့၊ အားလုံးပဲ ယာဥ်ထဲကနေဆင်းပြီး လျှောက်ဝင်သွားကြတော့”
သူက အရှေ့မှ ဘတ်စ်ကားကို လှမ်းအော်သည်။ ဒါရိုက်တာလျိုက ကော်လံကို လှမ်းဆွဲပြီး အသက်ပြင်းပြင်းရှူသည်။
အခြေအနေတစ်ခုလုံးကို ကြိုတင်ကာ ထိန်းသိမ်းပြီး ဂရုစိုက် ပြင်ဆင်ထားခဲ့သော်လည်း အစီအစဥ်က အပြောင်းအလဲနှင့် မလိုက်နိုင်ခဲ့ချေ။ ရောက်လာသောလူများ များပြားလွန်းနေသည်။
ထို့ကြောင့် ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ သွားသော တစ်မြို့လုံးရှိ လမ်းတိုင်းတွင် ယာဥ်ကြောပိတ်ဆို့မှုက ဖြစ်လာပြီး ရှေ့သို့မတိုးနိုင်အောင် ဖြစ်သွားလေသည်။
အထူးသဖြင့် လီရှန်းရှုခင်းကြည့်နယ်မြေဆိုလျှင် လူများပြည့်နှက်နေပြီဖြစ်သည်။
ကံကောင်းတာက ကောင်းကင်ပြာတိရစ္ဆာန်ရုံက ကြိုတင်ပြင်ဆင်ထားတာပဲ။
ဒါရိုက်တာလျိုက သက်ပြင်းချပြီး လမ်းပေါ်သို့ ခပ်မြန်မြန် ပြေးတက်သွားပြန်သည်။
“ဘိ”
ရုတ်တရက် လေထဲတွင် အော်သံတစ်သံက ထွက်လာသည်။ ကြီးမားသော သတ္တဝါကြီးတစ်ကောင်က လူတိုင်း၏ အရှေ့သို့ ဆင်းသက်လာသည်။
ဘုန်း။
ရေသန့်ဘူးများစွာပါသည့် ကတ်လိုက်ကြီးကို ပစ်ချပြီးနောက် ရွှေသိမ်းငှက်က အံ့အားသင့်နေသော လူတိုင်း၏အကြည့်ကို လျစ်လျူရှုလျက် တောင်ပံကို တစ်ချက်ခတ်ပြီး ခပ်မြန်မြန် ပျံထွက်သွားသည်။ သူက နောက်ထပ် ရေသန့်ဘူးကတ်များကို လာချပေးရဦးမည်ဖြစ်သည်။
ထိုအရာသာမကသေးပေ။ လင်းတများကလည်း ခက်ခက်ခဲခဲ ကြိုးစားနေသော အလုပ်သမားများထံ ရေသန့်ဘူးများကို လိုက်ကမ်းပေးနေသည်။
သူတို့၏အမွေးများက ရေထိ၍မရသောကြောင့် ရေပက်ဖျန်းသည့်ပွဲတွင် မပါဝင်နိုင်ချေ။ ထိုအတွက်ကြောင့် ယခုလို ဝန်ဆောင်မှုပေးသောနေရာကို တာဝန်ယူထားရင်း ဆုပိုင်ကို ကူညီလျက် အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် လုံခြုံရေးဝန်ထမ်းများကို ကူညီကာ ဂရုစိုက်ပေးနေလေသည်။
ငှက်တောကိုယ်တိုင်လည်း အပါအဝင်ဖြစ်သည်။ ဒီနေ့တွင် သူက အလွန်အမင်း အလုပ်များနေသည်။
“အားလုံးပဲ တန်းစီပြီး ဝင်ကြနော်”
“ဟေးဟေး ငါပြောတာ နားထောင်၊ ဟုတ်ပြီလား၊ မတိုးနဲ့ ဟိုရင်ဘတ်ကြီးကြီးနဲ့တစ်ယောက် နောက်တစ်လှမ်းဆုတ်”
“နောက်ပြီးမင်း အမိန့်ကို နာခံလေ”
ငှက်တောက ကောင်းကင်ပြာ တိရစ္ဆာန်ရုံ၏ ပိုင်ယွမ်ဂိတ်ပေါက်ကြီး၏ အရှေ့တွင် ရပ်နေသည်။ သူ၏အရှေ့တွင်လည်း ကြီးမားသော အသံချဲ့စက်ကြီးကို ထားထားသေးသည်။ သူက လူအုပ်ကိုကြည့်ပြီး ဆက်တိုက်အော်နေသည်။
“ဘုရားရေ ငါ့ရဲ့ လည်ချောင်းတောင်မှ မီးခိုးထွက်တော့မယ်”
ခပ်တိုးတိုးညည်းညူပြီးနောက် ငှက်တောက သူ၏ပါးစပ်ထဲသို့ ရေသန့်အနည်းငယ်ကို စုပ်ယူလိုက်သည်။
ထိုသို့ဖြင့် သူက ပြန်လည်ပြီး အင်အားပြည့်သွားပြန်သည်။
ထို့နောက် အောက်ဘက်သို့ ကြည့်ကာ ဆက်လက်ပြီး အမိန့်ပေးကာ လမ်းညွှန်ပေးပြန်သည်။
ငါလည်း ဒီလိုပွဲမျိုးမှာ တာဝန်ယူသင့်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဦးဆောင်ရတဲ့သူက တအားပင်ပန်းတာပဲ။
“ကြည့်ရတာ အားလုံးက ဒီပွဲကို စိတ်ဝင်စားကြတဲ့ပုံပဲ”
တန်းစီထားသော လူအုပ်၏ နောက်ဆုံးမှ နန်ကုန်းယွမ်က အနားရှိလူများကို ကြည့်ရင်းပြောသည်။
“ဒါကလည်း ကောင်းတာပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အနာဂတ်တာဝန်တွေက ပိုပြီး တင်းကြပ်ဖို့ လိုအပ်သွားလိမ့်မယ်၊ ဒီလောက်လူတွေအများကြီး စောင့်ကြည့်နေကြတော့ ငါတို့က အကောင်းဆုံး လုပ်ရလိမ့်မယ်”
“တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက တစ်ဖန်ပြန်လည် စတင်တော့မယ်၊ ငါတို့က အကောင်းဆုံး ဖျော်ဖြေမှုကို ပေးရမယ်”
“ငါတို့လည်း စည်းမျဥ်းကို ဖောက်ပျက်တဲ့ လူတိုင်းကို ဆိုးရွားတဲ့အဆုံးသတ်ကို ကြုံရမဲ့အကြောင်းကို ပြောပြထားရမယ်၊ ဒီအကြောင်းအရာကို ရှာတွေ့တာနဲ့ ဌာနကနေ ထုတ်ပယ်မယ်၊ ကြီးလေးတဲ့ ဖြစ်စဥ်တွေမှာဆိုရင် အဲဒီလူကို စာရင်းပါရှင်းရမယ်၊ တရားဥပဒေအရ ကိုင်တွယ်ဆောင်ရွက်မဲ့အပြင် အခုက စတင်ပြီး အရာရာတိုင်းကို စည်းမျဥ်းအတိုင်း လုပ်ဆောင်ရမယ်၊ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ရဘူး”
ထိုစကားကို ကြားသောအခါ လူတိုင်းက တည်ငြိမ်စွာ ခေါင်းညိတ်ကြသည်။
139 02
တိရစ္ဆာန်များ အားလုံးက ဈေးကွက်အတွင်းသို့ ရောက်ရှိသွားသောအခါ သူတို့၏ ပြန်လည်တည်ထောင်ထားသောအဖွဲ့က ရှေ့တန်းမှ အရာအားလုံးကို သတိထားကာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။
ဌာနက လူတစ်အုပ်လုံး၏အာရုံကို ဆွဲဆောင်ရလောက်သည်။
“ဟေး နေဦး”
“မင်းက ဒီလောက်အသက်ကြီးနေတာကိုတောင် ဒီနေရာကိုလာပြီး ပွဲထဲမှာ ဝင်ပါမလို့လား၊ အရိုးတွေ ဒဏ်ရာမရဘူးလား”
သူတို့က ရှေ့သို့ တိုးပြီး တိရစ္ဆာန်ရုံထဲသို့ ဝင်တော့မည့်အချိန်တွင် တိမ်ဖြူများအကြားတွင် ပျံသန်းနေသည့် ကြက်တူရွေးလေးက လူတိုင်း၏ ရှေ့သို့ ရောက်လာသည်။
တခြားသောလူများကလည်း သူတို့ကို အံ့အားတကြီးကြည့်ကြသည်။
သူတို့က အသက်ကြီးရုံတင် မကသေးဘဲ ဒီလောက်အထိ လွန်ကဲလွန်းတယ်။
သူတို့အားလုံးက ရေငုပ်ဝတ်စုံများကို ဝတ်ထားကြသည်။ ရေငုပ်ဦးထုပ်များကိုလည်း ဆွဲထားကြသည်။
“ဟားဟား ဒီငှက်တောက စကားတအားပြောတာပဲ”
နန်ကုန်းယွမ်က သဘောတကျရယ်ပြီး အရှေ့မှ ငှက်တောကိုကြည့်ကာ ဘေးမှလူများကို လှမ်းပြောလိုက်သည်။
“ဒီကောင်က တော်တော်အားပြင်းတဲ့ ပါးစပ်ရှိတယ်လို့ ငါကြားထားတာ၊ တကယ်ကို မှန်နေတာပဲ၊ ဘာလဲ ဆရာဖူကာဒါဟုတ်လား”
“ဟေး”
ထိုနာမည်ကြားသည်နှင့် ငှက်တောက ချက်ချင်းလိုလို စိတ်ဝင်စားသွားသည်။ သူက လူအိုကြီး၏ပခုံးပေါ်သို့ ချက်ချင်းလိုလို နားလိုက်ပြီး သူ၏မျက်နှာကို တစ်ဖက်စောင်းလျက် ခပ်တိုးတိုးကပ်ပြောလိုက်သည်။
“ဒါဆိုရင် မင်းက တစ်ဖွဲ့တည်းပေါ့”
“ညီအစ်ကို ဒီနေရာမှာ လူတွေအများကြီး ရောက်နေကြတာ၊ ဂိမ်းပွဲပြီးတဲ့နောက်မှာ ငါတို့သီးသန့် စကားပြောကြရအောင်၊ ငါလာရှာမယ်”
ထိုသို့ဖြင့် သူက လေထဲသို့ ပျံတက်သွားပြီး ကြီးမားသော အသံချဲ့စက်ကြီး၏ အရှေ့သို့ ရပ်ကာ အော်ပြန်သည်။
“ဝင်ပြီးရင် လျှောက်ပြေးမနေကြနဲ့နော်၊ အလယ်မှာရှိတဲ့ မြက်ခင်းမှာ စုစည်းနေကြ”
ထိုသို့ဖြင့် တိရစ္ဆာန်ရုံအတွင်းသို့ လူပေါင်းများစွာ ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ထိုနေရာတွင် စုစည်းနေသောလူက အလွန်များသည်။ လူတိုင်းက နှစ်ယောက်သုံးယောက်ပေါင်းကာ ရှိနေကြပြီး ထူးဆန်းလွန်းသော တိရစ္ဆာန်ရုံကို သဘောတကျ လိုက်ကြည့်နေကြသည်။
အား အဆုံးအစမဲ့တဲ့ မြက်ခင်းလွင်ပြင်ဒေသကြီးပဲ။
နောက်ပြီး မြစ်ငယ်လေးလည်း ရှိနေသေးတယ်။
ထိုသို့ဖြင့် လူတိုင်းက ရှေ့ဆုံးတွင် ရပ်နေသော လူငယ်ကို အာရုံစိုက်လိုက်မိကြသည်။
“ဟယ်လို အားလုံးပဲ”
ဆုပိုင်က ဆင်ကြီး၏ ကျောပေါ်တွင် ထိုင်နေသည်။ သူ၏ လက်ထဲတွင် ကြီးမားသည့် ရေသေနတ်ကို ကိုင်ထားရင်း သူ၏အရှေ့တွင် စုစည်းနေသည့် ကလေးတစ်အုပ်ကို ကြည့်ကာ ရယ်လိုက်သည်။
“မင်းတို့ ဘယ်အသင်းကို ရွေးမှာလဲ”
ဒီပြိုင်ပွဲ၏စည်းမျဥ်းများက သုံးယောက်တစ်သင်း တိုက်ခိုက်ရခြင်းဖြစ်သည်။
လူတိုင်းကလည်း သူတို့ဘက်သို့ ခေါ်မည့် တိရစ္ဆာန်များကို စိတ်ကြိုက်ရွေးနိုင်သည်။ သုံးသင်းပေါင်းကာ တိုက်ခိုက်ရသည့် အခြေအနေဖြစ်သည်။ လူတိုင်းက မိမိနှစ်သက်သည့် တိရစ္ဆာန်များ ရှိရာဘက်ကို ရွေးချယ်နိုင်သည်။ ထိုသို့ဖြင့် သုံးသင်းက တန်းတူတိုက်ခိုက်ပေလိမ့်မည်။ ဆင်များကြောင့် မြစ်ထဲသို့ တွန်းချခံရသော မည်သူကမဆို ဖယ်ရှားခံရမည်ဖြစ်သည်။
ထို့အပြင် ထိုဆင်များကြောင့်လည်း ဆုပိုင်က အသင်းဖွဲ့ခိုင်းထားခြင်းဖြစ်သည်။ တပိုင်က ပိုလာဝက်ဝံနှက့် မျောက်တစ်အုပ်ကို ဦးဆောင်ပေလိမ့်မည်။
ပျားရည်ခွေးတူဝက်တူကမူ အသင်းရှိ ကျန်သောအဖွဲ့များကို ဦးဆောင်ပေလိမ့်မည်။
အသင်းကို အလောတကြီး ခွဲခဲ့ရသော်လည်း ဒီပွဲ၏ အဓိက အင်အားစုက လူသားများသာ ဖြစ်နေသေးသည်။ တိရစ္ဆာန်များကို ဒီအတိုင်း အဖြည့်သဘောသာ ထည့်ထားရခြင်းဖြစ်သည်။
နေ့တစ်နေ့၏ အဆုံးသတ်တွင် နောက်ဆုံးအချိန်အထိ နေနိုင်သော လူအယောက်၂၀ကသာ လဝက်ခန့်ကြာလျှင် ကျင်းပမည့် အရသာမြည်းစမ်းသော ပွဲတွင် ဝင်ပါနိုင်မည်ဖြစ်သည်။
“ငါက ဘေဘီနဲ့အတူ အသင်းဖွဲ့ချင်တယ်၊ ငါတို့က တပိုင်နဲ့ တစ်သင်းတည်းပဲ”
“အား ငါလည်း ပျားရည်ခွေးတူဝက်တူတဲ့ တစ်သင်းဖွဲ့ချင်တယ်၊ သူက တအားကြမ်းတမ်းတယ်၊ ဒီတော့ ငါတို့ကို အနိုင်ပိုင်းပေးနိုင်မှာ သေချာတယ်”
“အား ငါကတော့ ပျားရည်ခွေးတူဝက်တူနဲ့ ဖွဲ့ချင်တာပဲ”
139 03
“ငါ ငါက ဆင်နဲ့ တစ်ဖွဲ့ဖွဲ့လို့ရလား”
“ဟားဟား”
ဆုပိုင်က အရှေ့ဘက်မှ ဒုက္ခများနေသော ကလေးများကိုကြည့်ပြီး ရယ်သည်။
ကလေးများ၏ အနောက်တွင်ရပ်နေသော မိဘများကို ကြည်လိုက်ပြီးနောက် ဆုပိုင်က အလေးအနက်ထားကာပြောသည်။
“အားလုံးပဲ ပွဲအတွင်းမှာ ကိုယ့်ကလေးကိုယ် ဂရုစိုက်ပေးကြနော်၊ ဒါပေမဲ့...”
“ဆင်တွေက ကလေးတွေအပေါ် သီးသန့်တိုက်ခိုက်မှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူကြီးတွေဆိုရင်တော့ ခြားနားသွားပြီ”
“ဒါကြောင့် နိုင်တယ် ရှုံးတယ်ဆိုတာက ကိုယ့်အပေါ်မူတည်သွားပြီ”
ဆုပိုင်က ခပ်ညစ်ညစ်ပြုံးပြီး ဆက်ပြောသည်။
“နောက်ထပ်နည်းလမ်းတစ်ခုတော့ ရှိသေးတယ်၊ ဒါက ပြိုင်ဘက်ကို လျှို့ဝှက်တိုက်ခိုက်တာပဲ၊ နောက်ဆုံးမှာ အယောက်၂၀ကျန်တာနဲ့ ဒီပွဲက အဆုံးသတ်ပြီလို့ ကြေညာမယ်”
“ကောင်းပြီအခု တိရစ္ဆာန်တွေကို စင်ပေါ်တက်လာဖို့ ဖိတ်ခေါ်လိုက်မယ်”
“အူး”
တပိုင်က ဘေးဘက်မှ ခမ်းနားထည်ဝါစွာ လျှောက်ထွက်လာသည်။ နောက်ဘက်မှရှောင်ပိုင်၊ ထို့နောက် မျောက်ဘုရင် ထို့နောက် မျောက်တစ်အုပ်က ခေါင်းကိုမော့လျက် ဝင်သွားကြသည်။
“ကွက် ကွက်”
သူတို့က တက်၍မပြီးသေးခင် ပျားရည်ခွေးတူဝက်တူက ဟာလီနှင့်အတူ ထွက်လာသည်။ ဟာလီ၏ ခေါင်းပေါ်တွင်လည်း ကြောင်လေးတစ်ကောင်ရှိသည်။ ရွှေမြွေကလည်း နောက်မှ ကပ်လိုက်လာသည်။
ပျားရည်ခွေးတူဝက်တူက အားသာချက်အများကြီး မရှိဟု ထင်ရသော်လည်း....။
ထိုအသင်းမှ တိရစ္ဆာန်များက အလွန်မြန်ဆန်ပြီး သေးငယ်ကြသည်။ ထို့ကြောင့် တိုက်ပွဲတွင် ပို၍အားသာချက်ရှိလောက်သည်။
လူတိုင်းက တန်းစီပြီး အမျိုးမျိုးသော အရွယ်အစားရှိသည့် ရေသေနတ်များကို လက်ခံရရှိမည်ဖြစ်သည်။
ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး တဖြည်းဖြည်းချင်းပြောသည်။
“ပထမဦးဆုံးသော တိရစ္ဆာန်ရေပက်ဖျန်းခြင်းပွဲ”
“အခုကစပြီး တရားဝင်စတင်ပြီ”
သူက ထိုသို့ပြောပြီးပြီးချင်း သူ၏လက်ထဲမှ ရေသေနတ်ကို တိုက်ရိုက်မြှောက်လျက် ဘေးဘက်ရှိတပိုင်ကို ခပ်ကြမ်းကြမ်း လှမ်းပက်လိုက်သည်။
+++++++
140 01
အပိုင်း (140) ဒါရိုက်တာဆုပိုင်က တအားဆိုးတာပဲ
“အူး”
“ဆိုးလိုက်တာ”
သူက ခေါင်းကိုအုပ်ပြီး ဘေးဘက်သို့ပြေးသည်။
“ဝူး”
သို့ရာတွင် မီတာအနည်းငယ်ခန့်သို့သာ ပြေးရသေးသည်။ ဆင်တစ်ကောင်က နောက်ဘက်မှ လှမ်းအော်သည်။
ထို့နောက် ခပ်ထူထူရေတန်းများက သူ၏လမ်းကို ပိတ်လေသည်။
“ဝေါင်း”
ပိုလာဝက်ဝံလေးကလည်း ကြောင်တောင်တောင်ဖြစ်သွားသလိုမျိုး လိုက်ကြည့်ပြီး အဝေးသို့ စပြေးသည်။
“ဟေ့ဟေ့ ဟေ့ဟေ့ မပြေးနဲ့လေ၊ သေနတ်ကိုကြည့်”
“အားအားအား ငါ့ကို ဘယ်သူပက်နေတာလဲ”
“ဟားဟားဟား ပါးပါး မြန်မြန် မြန်မြန်၊ ဆင်နဲ့ဝေးဝေးနေ”
ထိုအချိန်တွင် မြက်ခင်းပြင်ဒေသတစ်ခုလုံးက ရယ်သံများဖြင့် ပြည့်နေသည်။ သို့သော် ဝရုန်းသုန်းကား ဖြစ်နေသေးသည်။
လူတိုင်းကလည်း မည်သည့်အသင်းနောက်သို့ လိုက်သင့်ကြောင်း မသိတော့ချေ။
သို့ရာတွင် အမှန်တရားတစ်ခုကိုမူ နားလည်ထားကြ၏။ သူတို့က ဆုပိုင်နှင့် ဝေးဝေးနေသင့်သည်။
ဒါရိုက်တာဆုပိုင်က ဆင်တွေနဲ့ တစ်ဖွဲ့တည်းလို့ မထင်ထားဘူး။
သူက ပန်ဒါနောက်ကိုပဲ လျှောက်လိုက်နေတယ်။
“အူး”
“ငါ့ရဲ့လူတွေ ငါ့ရဲ့ မြင်းတွေဘယ်မှာလဲ၊ လာလာလာ ငါဆက်ပြီး မထိန်းနိုင်တော့ဘူး၊ အားလုံးပဲ ပေါင်းပြီး ဒါရိုက်တာကို ဆွဲချကြရအောင်”
တပိုင်က မြေပြင်မှ ကုန်းထလာပြီး မြက်ခင်းပြင်တွင် လှိမ့်လိုက်သည်။ သူက ရူးသွပ်နေသလိုမျိုး ဆက်ပြေးလေသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏အသင်းဖော်များအားလုံးက ပျောက်သွားကြောင်း တွေ့လိုက်ရသည်။
“ငါ့ရဲ့ မွေးစားသားလေးရော”
သူက အော်ပြီး လှမ်းကြည့်လိုက်သောအခါ မြစ်ကမ်းနားတွင် ရပ်နေသည့် စိုရွှဲနေသော ကောင်လေးကို မြင်လိုက်ရသည်။ သူ၏ဖင်လေးကိုမြှောက်ပြီး ခေါင်းက မြက်ခင်းထဲတွင်ဖြစ်သည်။ သူက ထိုသို့သော ပုံစံမျိုးဖြင့် ပုန်းနေလေသည်။
“ဝေါင်း”
သူက ဒေါသတကြီး အော်သည်။
တပိုင်က လမ်းတောက်လျှောက် ကြုံရသည့် ခပ်ကြမ်းကြမ်း ရေပက်ချက်များကို ရှောင်ရှားရင်း ပိုလာဝက်ဝံလေးထံ အပြေးသွားသည်။
“မင်းဒီမှာ ဘာလုပ်နေတာလဲ”
“ဘာလို့ လာပြီး မကူညီတာလဲ”
ရင်းနှီးကျွမ်းဝင်သော အသံကိုကြားသောအခါ ရှောင်ပိုင်က ခေါင်းကို ခပ်မြန်မြန် ဆွဲထုတ်လိုက်ပြီး ဂရုတစိုက်ကြည့်သည်။ သူက မြက်ခင်းပေါ်သို့ ထိုင်ချလိုက်ပြီး မျက်လုံးလေးက ပြူးကျယ်နေကာ ခပ်တိုးတိုးပြောသည်။
“မွေးစားအဖေ ငါဒီလူတွေကို ရေပက်လို့လည်း မရဘူးလေ၊ ငါတို့နိုင်မှာမဟုတ်ဘူး”
“ငါတို့ဒီမှာ ပုန်းနေရအောင်၊ အဲဒီလူတွေရဲ့သေနတ်တွေက ရေဖြည့်ဖို့ လိုအပ်မှာပဲ၊ အဲဒီအခါ သူတို့ကို ရေထဲဆွဲချလိုက်မယ်လေ”
“ဟင်”
“ဖြန်း”
တပိုင်က သူ့နဖူးသူ ခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး ပြုံးဖြီးနေသော မျက်နှာနှင့် မြက်ခင်းပြင်ပေါ် လှဲချလိုက်သည်။
ကောင်းလိုက်တာ။
သူ့ရဲ့ မွေးစားသားဆိုတဲ့အတိုင်းပဲ.....ဒီဦးနှောက်က.....
သူ့ပုံစံအတိုင်းပဲ။
“သေစမ်း ရှုပ်ထွေးနေတာပဲ၊ အခု ငါတို့နဲ့ အသင်းဖွဲ့ထားတာက ဘယ်တိရစ္ဆာန်တွေလဲ”
နန်ကုန်းယွမ်က အရှေ့မှ ဝရုန်းသုန်းကား မြင်ကွင်းကိုကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။
အသင်းဖော်တွေကိုတောင် မပြောနိုင်တော့ဘူး ဟုတ်လား။
“ဒါရိုက်တာ ပြေးတော့”
ရုတ်တရက် နောက်ဘက်မှ လူအိုကြီးတစ်ယောက်က သူ့ကိုတွန်းပြီး ခပ်မြန်မြန်ပြေးသည်။
140 02
“ငါတို့အားလုံး သေချာပြင်ဆင်ထားတာပဲ၊ ဒီမျောက်တွေက ငါတို့ကို ပစ်မှတ်ထားနေတယ်”
“ကွက် ကွက် ကွက် ကွက်”
နန်ကုန်းယွမ်က ခပ်မြန်မြန်မော့ကြည့်လိုက်သောအခါ သေချာပေါက်ပင် မျောက်များက သေးငယ်သော ရေသေနတ်လေးများကို ကိုင်လျက် လူတိုင်း၏ ခေါင်းပေါ်တွင် ကျော်ဖြတ်ပြေးနေကြောင်း မြင်လိုက်ရသည်။ သူတို့က နန်ကုန်းယွမ်တို့ထံ ဦးတည်လာနေခြင်း ဖြစ်သည်။
“မဟုတ်သေးပါဘူး၊ ငါမှတ်မိတာ မှန်မယ်ဆိုရင် ဒီမျောက်တွေက ငါတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား”
နန်ကုန်းယွမ်၏ နှုတ်ခမ်းက တွန့်သွားသည်။ သူက အဝေးရှိ မြစ်နားသို့ ခပ်မြန်မြန် ပြေးလေသည်။
အခုမှသာ သူက အခြေအနေကို နားလည်သွားသည်။
ဒီ ဒါရိုက်တာ ဆုပိုင်က တအားဆိုးတာပဲ။
တကယ်တော့ အသင်းဖွဲ့ထားတယ်ဆိုတာက လိမ်တာ။ လူတွေက မတူတဲ့ ဝတ်စုံတွေကို ဝတ်ထားကြတယ်။ ဒီတော့ ဒီလူတွေအများကြီးကို ဘယ်သူက မှတ်မိမှာလဲ။
ပို၍ဆိုးသည်မှာ ဆုရရှိမည့် အဆင့်ဇယားက ရေထဲသို့ လူများများ ဝင်မည်ဆိုသော ကိစ္စနှင့် မသက်ဆိုင်ချေ။ ဒါဟာ ရှင်သန်ရမည့် ဂိမ်းပွဲဖြစ်သွားသည်။
ဒီနေရာက ဘယ်သူတွေကများ ဒီဆင်တွေကို တွန်းရွှေ့နိုင်မှာလဲ။
အနိုင်ရနိုင်ချေကို မရှိဘူး။ ဟုတ်ပြီလား။
ထို့အပြင် ဒါရိုက်တာဆုပိုင် ပြောထားသော အခြေအနေကလည်း သူတို့အားလုံးကို အချင်းချင်း သတ်ဖြတ်ရန် ပြောထားခြင်းဖြစ်လောက်သည်။
ဆင်များက လူများကို ရွေးချယ်ကာ ရေပက်နေခြင်းမဟုတ်ချေ။ ဒီအတိုင်း မြင်နေရာနေရာတိုင်းကို လိုက်ပက်နေခြင်းဖြစ်သည်။
“ဟူး”
တစ်ခဏခန့် ရပ်တန့်ပြီးနောက် သူ၏မျက်နှာပေါ်သို့ ရေအတန်းလိုက် လာစင်သည်။ ထို့နောက် တခစ်ခစ်ရယ်သံများကိုလည်း ကြားရသည်။ သူ၏ မျက်လုံးကပင် ဝါးသွားရသည်။
သူက မျက်မှန်ကို ချွတ်ပြီး ခပ်မြန်မြန် သုတ်လိုက်သည်။
နန်ကုန်းယွမ်က ရုတ်တရက် တောင့်ခဲသွားသည်။
အကြောင်းမူကား သေးငယ်သော ရေသေနတ်လေးများကို ကိုင်ထားသည့် မျောက်တစ်အုပ်က သူ့ကို ဝိုင်းထားပြီဖြစ်သည်။
“ကျစ်ကျစ်ကျစ်”
“လာစမ်းပါ”
မျောက်ဘုရင်က အမိန့်ပေးသည်။
ထိုမျောက်တိုင်းက ရေသေနတ်များကို မြှောက်လျက် ခလုတ်ကိုနှိပ်ပြီး ထူးဆန်းစွာ ဝတ်ဆင်ထားသည့် လူတစ်အုပ်ကို ပစ်ခတ်လေသည်။
“ဖွီး”
“မပက်နဲ့တော့ မပက်နဲ့တော့၊ မပက်နဲ့တော့ ငါရေတွေပဲ ဆက်တိုက် သောက်နေရတယ်”
“မြစ်နားကိုသွားပြီး ရေမြန်မြန်ဖြည့်ရအောင်၊ ငါတို့မတိုက်ခိုက်ဘူးဆိုရင် ထိန်းထားနိုင်တော့မှာမဟုတ်ဘူး”
နန်ကုန်းယွမ်က အော်ဟစ်လိုက်ပြီး ရှက်ရွံ့စွာ ထွက်ပြေးသွားသည်။ မျောက်များကလည်း ပြေးလိုက်ကြသည်။
“ဟူးဟူး”
မျောက်တစ်အုပ်က နောက်ဆုတ်သွားမှသာ ထိုလူအိုကြီးတစ်အုပ်က မြစ်နားတွင်ထိုင်ပြီး အသက်ဖြည်းဖြည်းရှူရသည်။
“ငါတို့ ဒီလိုနဲ့ အဆင့်တစ်ခုထဲ ဝင်ပါဦးမလား”
ဘေးဘက်ရှိလက်ထောက်က သူ၏မျက်နှာမှ ရေများကိုသုတ်ရင်း မေးသည်။
“မဖြစ်နိုင်တာ”
“ငါက တိုက်ပွဲနယ်မြေမှာတောင် ရှင်သန်ခဲ့ဖူးတာ၊ ဒီကလေးလေးတွေကို ရှုံးစရာလား”
“အခု ရေမရှိတော့လို့ပဲ၊ မြန်မြန်လေး ရေဖြည့်ပြီး ပြန်လည်တိုက်ခိုက်ရမယ်၊ အဲဒီမျောက်တွေကိုပဲ ချိန်ပြီး သေချာပေါက် ပစ်ခတ်ရမှာ”
နန်ကုန်းယွမ်၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။ သူဟာ ကြုံခဲ့ရသည့် ဖြစ်ရပ်ကို သတိရသွားသည်။ သူက လူတိုင်းအတွက် ဗျူဟာတစ်ခုကို ချနိုင်ရန် စဉ်းစားသည်။
မမျှော်လင့်ထားစွာပင် သူတို့က ယခုလိုမျိုး အစပိုင်းကတည်းက တိုက်ခိုက်ခံလိုက်ရသည်။
အကြီးမားဆုံး အရှက်တရားကမူ ဆင်များ၏ နှိပ်စက်မှုကို ခံရမည့််အစား မျောက်တစ်အုပ်၏ လိုက်ဖမ်းမှုကို ခံရခြင်းဖြစ်သည်။
ဒီသတင်းသာ ပျံ့သွားခဲ့သော် သူတို့ ကိုယ့်မျက်နှာကိုယ်ပင် ဖော်နိုင်တော့မည် မဟုတ်ချေ။
140 03
“ကွက် ကွက် ကွက်”
ရုတ်တရက် အဝေးရှိမျောက်ဘုရင်ကသေနတ်ကြီးကို သူ၏ပခုံးပေါ်တင်ထားပြီး လူတိုင်းကို ကျောပေးကာ သူ၏နီရဲနေသောဖင်ကို ရန်စရင်း ခါရမ်းပြလေသည်။
လူတစ်အုပ်က တိတ်ဆိတ်သွားသည်။
“ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက ဉာဏ်ကောင်းလွန်းတာမဟုတ်လား”
“သူတို့က သူတို့ကို ပြောနေမှန်းသိတယ်၊ မင်းတို့မြင်ကြလား၊ ဒီတိရစ္ဆာန်တွေက တအားကို နာခံတတ်တယ်နော်၊ ဒါရိုက်တာဆုပိုင် ပြောသလိုပဲ၊ သူတို့က ကလေးတွေရဲ့မျက်နှာကို မပက်ကြဘူး၊ အသည်းအသန် တိုက်ခိုက်တာမျိုးလည်း မဖြစ်ဘူး၊ လူကြီးတွေကိုပဲ ပစ်မှတ်ထားတာ”
“ဟုတ်တယ်”
နန်ကုန်းယွမ်ကလည်း သက်ပြင်းချသည်။
“ဒါရိုက်တာ ဆုပိုင်ပြောတာကလည်း မှန်ပါတယ်၊ တိရစ္ဆာန်တွေက လူသားတွေကို မိတ်ဆွေတွေလို သဘောထားတာလေ”
“ဒီကလေးတွေက ငယ်ငယ်ကတည်းက ဒီလိုတိရစ္ဆာန်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့အခါ အရွယ်ရောက်လာပြီးတဲ့နောက်မှာ ဒီတိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ချင်စိတ် ရှိတော့မှာမဟုတ်ဘူး”
“ငါလည်း အဲဒီလိုပဲထင်တယ်”
“ဟုတ်ပြီ ဟုတ်ပြီ အခြေအနေတွေအားလုံးကို သေချာမှတ်တမ်းတင်ထားလိုက်ဦး၊ ရှေးခေတ်အချိန်ကာလကတည်းက အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေ ရှိကြတယ်၊ လူတွေက တိရစ္ဆာန်တွေကို အိမ်မှာမွေးပြီး ဂရုစိုက် စောင့်ရှောက်ကြတာ၊ ဒါရိုက်တာဆုပိုင်ကလည်း ဒီအမှန်တရားကို နားလည်လောက်တယ်”
“ကောင်းပြီ”
နန်ကုန်းယွမ်က လက်ခုပ်တီးသည်။ သူက မြေပြင်မှ ကုန်းထပြီး ပြုံးလျက်ပြောသည်။
“ငါတို့အားလုံး ဒီနေရာကို လာတာက စောင့်ကြည့်ရုံပဲ ဆိုပေမဲ့လည်း အဆင့်တစ်ခု မရဘဲနဲ့တော့ နေလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဟုတ်တယ်မလား”
“အားလုံးပဲ မြန်မြန်လေး ရေတွေဖြည့်ကြရအောင်၊ အထူးသဖြင့် မင်း လက်ထောက် ငါတို့က အသက်ကြီးနေပြီ၊ ဒါပေမဲ့ မင်းကတော့ အခြေအနေကောင်းတုန်းပဲ”
“ဒီတော့ မင်း ရှေ့ဆုံးကနေ တိုက်ခိုက်ရမယ်”
လက်ထောက်၏ မျက်လုံးထဲမှ ကူကယ်ရာမဲ့နေသော အကြည့်ကို လျစ်လျူရှုပြီးနောက် နန်ကုန်းယွမ်က မြစ်နားသို့ ခပ်မြန်မြန်လျှောက်သွားသည်။
မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီးနောက် သူက ရေသေနတ်မှ ရေထည့်သည့်နေရာကို ဖြုတ်ကာ ငုံ့ကိုင်းလိုက်ပြီး ရေကိုလောင်းထည့်သည်။
ရုတ်တရက် နောက်ဘက်မှ ပြင်းထန်သည့် အားတစ်ရပ်က ရောက်လာသည်။
နန်ကုန်းယွမ်က ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ ရေထဲသို့ ပြုတ်ကျသွားသည်။
သူ၏ဘေးဘက်တွင် ဆောင့်ကြောင့်ထိုင်နေသော အသင်းဖော်များ အားလုံးကလည်း ရေထဲသို့ တွန်းချခံရသည်။
“အူး”
တပိုင်က ပိုလာဝက်ဝံလေး၏ နဖူးကို အသာပွတ်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ရေထဲသို့ ကျသွားသော လူတစ်အုပ်ကို ကြည့်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာအော်သည်။
ဟား ဟား ဟား။
သေချာပေါက်ကိုပဲ ဦးနှောက်ကို သုံးရမယ်။ ဒီလူတစ်အုပ်က သူ့ရဲ့ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ။
++++++
141 01
အပိုင်း (141) ဆုပိုင်က အဝိုင်းခံလိုက်ရပြီ
“အာ”
ဆုပိုင်က ရေထဲတွင် ရပ်နေသော ဖယ်ထုတ်ခံလိုက်ရသည့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ခေါင်းဆောင်ကို ကြည့်လိုက်မိသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းများကပင် တွန့်သွားရသည်။
အထူးသဖြင့် တပိုင်နှင့် ရှောင်ပိုင်က ထိုလူများကို လက်ကိုသုံးပြီး တွန်းချလိုက်သော မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ပို၍ဆွံ့အသွားသည်။
ငါမှတ်မိတာမှန်မယ်ဆိုရင် သူတို့က တစ်ဖွဲ့တည်းမဟုတ်လား။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ဗျူဟာက အောင်မြင်ခဲ့ပြီဟု ဆိုရပေမည်။
“ကြိုးစားထား၊ အရှိန်နှုန်းမြှင့်ပြီး ဒီလူကြီးတွေကို ရှင်းလင်းလိုက်ရအောင်”
ဆုပိုင်က ဆင်ခေါင်းဆောင်၏ နားရွက်ကိုပုတ်ရင်း ခပ်တိုးတိုးပြောသည်။
ကြာလာသည်နှင့်အမျှ ဖယ်ထုတ်ခံရသည့်လူများက များသထက်များလာသည်။
သို့ရာတွင် လူအများစုက ရေထဲသို့ တွန်းချခံရခြင်း မဟုတ်ချေ။ သူတို့က မတော်တဆ ခုန်လိုက်မိခြင်း ဖြစ်သည်။ အများစုကမူ ရေထဲတွင် ရပ်နေပြီး စတင်ကာ တိုက်ခိုက်နေကြပြန်သည်။
“မူး”
ဆင်အဖွဲ့မှ ခေါင်းဆောင်က အော်လိုက်ပြီး နောက်မှ ဆင်ပေါင်းများစွာက စတင်ကာ ဦးတည်ရာဘက်ပြောင်းပြီး မြစ်ထဲသို့ ဆင်းလျက် ရေသောက်ရန် ကြံစည်သည်။
အချိန်အတန်ကြာအောင် ပက်ဖျန်းပြီးနောက် သူတို့သောက်ထားသော ရေများက ကုန်လုနီးပါး ဖြစ်နေလေပြီ။
“အား ဦးလေးဆုပိုင်ရဲ့ဆင်က ရေကုန်သွားပြီလား၊ မိတ်ဆွေတို့ သွားကြရအောင်”
ရုတ်တရက် သိပ်မဝေးသော နေရာမှ ဟာလီကို စီးထားသော ကောင်မလေးတစ်ယောက်က ကြီးမားသည့် ရေသေနတ်ကြီးကိုကိုင်လျက် မရေမတွက်နိုင်သော ကလေးများ၏ ခြံရံမှုနှင့်အတူ အပြေးလာလေသည်။
ထိုကလေးက ဆုပိုင်၏ ရေတစ်စက်မှမရှိသော အဝတ်အစားများကို ကြည့်ပြီး အော်လိုက်သည်။
သူ၏ မျက်နှာပေါ်မှ ရေများကို တစ်ချက်သုတ်လိုက်ပြီးနောက် သူက လက်ကလေးကို လွှဲရမ်းလိုက်သည်။ ဟာလီက ရုတ်တရက် ပြေးထွက်သွားသည်။
သူမသည် တပိုင်နှင့် တစ်ဖွဲ့တည်းဖြစ်သည်။ သို့သော် မည်သို့ ထွက်ပြေးရမှန်း မသိချေ။ အဆုံးသတ်တွင်မူ ဟာလီနှင့် ပျားရည်ခွေးတူဝက်တူတို့၏ အရှေ့တွင် ချစ်စရာကောင်းအောင် လုပ်ပြရင်း အောင်မြင်စွာနှင့် စခန်းပြောင်းနိုင်ခဲ့သည်။
ထိုကလေးငယ်လေးများကို လိုက်နေသော မည်သူမှမရှိချေ။ ထို့ကြောင့် ကလေးငယ်လေးများ၏ အရေအတွက်က များသထက်များသွားပြီး လျစ်လျူရှု၍မရနိုင်သော အရေအတွက်အထိ ပြောင်းလဲသွားသည်။
ထို့နောက် လူကြီးများနောက်သို့လိုက်ပြီး ရေများကို ဆက်တိုက်ပက်လေသည်။
“ဖာ့ခ်”
ဆုပိုင်ကလည်း ကလေးဆယ်ယောက်ကျော်ခန့်က ရေသေနတ်များ ကိုင်လျက် သူ့ဆီအပြေးလာကြောင်း မြင်လိုက်ရသည်။ သူက ဆင်၏နားရွက်ကို ခပ်မြန်မြန်ဆွဲလိုက်ပြီး တစ်ဖက်သို့ ကွေ့ခိုင်းလေသည်။
ဟမ်း ငါသူတို့ကို ရန်မစရဲပါဘူး။
“ဝူး”
သို့ရာတွင် ဆင်၏ကိုယ်ထည်က ကြီးမားလွန်းသည်။ ထို့ကြောင့် လှည့်ရန်ခက်သည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း ထိုကလေးများက သူတို့ကို ဝိုင်းသွားသည်။
“ဟားဟားဟား ဒါရိုက်တာ ဆုပိုင်က အဝိုင်းခံထားရပြီ၊ အားလုံးပဲ မြန်မြန်လာကြ”
“ဟုတ်တယ် ဟုတ်တယ်၊ အခုအချိန်ထိ ဒါရိုက်တာဆုပိုင်ရဲ့အနားကို ကပ်လို့ရသေးတာ မဟုတ်ဘူး၊ ဒါက အခွင့်အရေးပဲ၊ လာ ငါနဲ့အတူပေါင်းပြီး ဒါရိုက်တာဆုပိုင်ကို နှိပ်စက်ရအောင်”
“ဟေး ငါအခုလေးတင် ရေဖြည့်ထားတာ၊ ရေတစ်စက်ချင်းစီတိုင်းကို ဒါရိုက်တာဆုပိုင်ဆီကို လှူဒါန်းရမယ်”
ထို့နောက်......။
အဝေးရှိ လူတစ်အုပ်ကလည်း အဝိုင်းခံလိုက်ရသည့် ဆုပိုင်ကို မြင်လိုက်ရပြီး ရယ်မောနေကြလေသည်။
“ငါ...”
ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ဆင်၏ကျောပေါ်တွင် ခပ်မြန်မြန် လှဲချလိုက်ပြီး အရှေ့မှ ကလေးများကို ကြည့်ကာ ခပ်တိုးတိုးပြောသည်။
“ဘေဘီ ဦးလေးဆုပိုင်က သမီးကို အရမ်းကောင်းတယ်မဟုတ်လား”
“သမီး လမ်းက ဖယ်ပေးမလား”
“မဖယ်ဘူး”
ဘေဘီက ဖြောင့်မတ်မှန်ကန်စွာ ငြင်းဆန်သည်။ သူမက ဟာလီ၏ကျောပေါ်တွင်ထိုင်ရင်း ဆုပိုင်ကို တစ်ချက်မော့ကြည့်ကာ နှုတ်ခမ်းစူသည်။
“ဦးလေးဆုပိုင်ရဲ့ အဝတ်တွေက ရေတစ်စက်တောင် မရှိဘူး၊ ဘေဘီ့ကို ကြည့်ဦး၊ ဘေဘီရဲ့အဝတ်တွေက စိုရွှဲနေတာပဲ”
“မဟုတ်ဘူး ဦးလေးဆုပိုင်က သမီးတို့နဲ့အတူ လာရမယ်”
“ဟုတ်တယ် တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆိုတဲ့အတိုင်းပဲ၊ ဆရာတွေက သမီးတို့ကို သင်ပေးသလိုပေါ့၊ နမူနာအနေနဲ့ ဦးဆောင်ရမယ်”
“တိုက်ခိုက်”
141 02
သူမက လက်ကလေးကို ရမ်းလိုက်သည်။ ဆုပိုင်ကလည်း ခေါင်းကို ဆင်၏ကိုယ်ထည်အတွင်းသို့ ခပ်မြန်မြန် ထိုးသွင်းလိုက်သည်။ ထိုသို့ဖြင့် ရေများက သူ၏ကိုယ်ပေါ်သို့ ရူးသွပ်စွာ ကျဆင်းလာသည်။ စက္ကန့်အနည်းငယ်တည်းနှင့် ဆုပိုင်ကလည်း သူ၏ ဖိနပ်ထဲတွင်ပင် ရေများ ပြည့်နှက်နေပြီဟု ခံစားလိုက်ရသည်။
“ဖွီး သွားရအောင် ဖွီ မြန်မြန်သွား”
သူက ပါးစပ်ပင် မဖွင့်ရဲချေ။ ပါးစပ်ကို ဖွင့်လိုက်သောအခါ ထိုကလေးများက ရည်ရွယ်ချက်ရှိရှိ ပါးစပ်ထဲသို့ ပစ်ကြသည်။
အချိန်အတန်ကြာ အော်ဟစ်ပြီးနောက် ဆင်ခေါင်းဆောင်ထံမှ တုံ့ပြန်မှုကို မရရှိသဖြင့် ဆုပိုင်က နဖူးကို ရိုက်လိုက်သည်။
“မူး”
“သက်သောင့်သက်သာ ရှိလိုက်တာ”
သွားပြီ။
သူမှားသွားတာပဲ။
ဆင်တွေက လူတွေနဲ့ ရေကစားတာကို ကြိုက်တာလေ။ ငါတော့ ပြေးစရာမရှိတော့ဘူး။
“ဖူး”
ရုတ်တရက် မရေမတွက်နိုင်သည့် အားများဖြင့် အင်အားကြီးမားသည့် ရေတန်းများက ရောက်ရှိလာသည်။ ဆုပိုင် မော့ကြည့်လိုက်မိ၏။ ထိုအခါ လူကြီးတစ်အုပ်က အပြေးလာနေကြောင်း မြင်လိုက်ရသည်။ အနောက်ဘက်တွင် ကလေးများက ရပ်နေ၏။ သူတို့အားလုံးက ရေသေနတ်ကို မြှောက်ထားသည်။
“ဟားဟားဟား ဒါရိုက်တာတောင်မှ အချမ်းသာပေးမခံရဘူးလို့ ဘယ်သူက ထင်ထားမှာလဲ”
“ဟုတ်တယ် ဒီကလေးတွေက ဒီနေ့ တော်တော်လေး ပျော်ရွှင်နေကြတဲ့ပုံပဲ၊ အနာဂတ်မှာ ဒီလိုပွဲမျိုးတွေ များများကျင်းပပေးဖို့ မျှော်လင့်တယ်၊ လူကြီးတွေလည်း ကစားနိုင်တဲ့အပြင် ကလေးတွေလည်း သဘောကျတယ်”
“ငါ့ရဲ့မြေးလေးကို ကြည့်ပါဦး၊ ဒီကလေးလေးက ပန်ဒါကြီးနဲ့ အဆင်ပြေနေတာပဲ၊ တကယ်တောင် တက်စီးထားတာ၊ မြန်မြန်လေး ဓာတ်ပုံရိုက်ရအောင်”
ဝင်မပါသော မိဘများက အပြင်ဘက်တွင် ရပ်လျက် အတွင်းမှ စည်ကားနေသော မြင်ကွင်းကိုကြည့်ပြီး သဘောတကျ အော်ရယ်နေကြသည်။
တိရစ္ဆာန်များပင်ဖြစ်စေ လူများပင်ဖြစ်စေ အားလုံးက အတော်လေး ဆိုးရွားပုံပေါ်နေသည်။
အထူးသဖြင့် မြစ်ဘေးနားတွင် ပုန်းနေသော ခပ်ဝဝ သတ္တဝါလေးနှစ်ကောင်ဖြစ်သည်။ သူတို့က ရေထဲသို့ ကျသွားလျှင်ပင် ခန္ဓာကိုယ်တစ်ဝက်ခန့်ကို လင်းတကြီးများက ထိန်းပေးထားကြသည်။ ထို့ကြောင့် ကလေးများအတွက် အန္တရာယ်မရှိချေ။
“ဟူး”
နန်ကုန်းယွမ်က အသက်ပြင်းပြင်းရှူပြီး မြက်ခင်းပေါ်တွင် ထိုင်ချလိုက်သည်။ အဝိုင်းခံထားရသည့် ဆုပိုင်ကိုကြည့်ပြီး သူက သက်ပြင်းချသည်။
“ကောင်းလိုက်တာ”
“တိရစ္ဆာန်တွေကြောင်သာ မဟုတ်ရင် ဒီပွဲက ဒီလောက်ထိ စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူး”
“ဟုတ်တယ် ငါတို့က အိုနေပါပြီ၊ ဒီဘဝမှာ ကယ်ဆယ်ခံရပြီးတဲ့ တိရစ္ဆာန်တွေကို ဆက်ကြည့်ခွင့် ရချင်မှရတော့မှာ”
အနားရှိ လူအိုကြီးကလည်း သဘောတူသည်။
လူတိုင်းကလည်း ထိုစကားကို ကြားသောအခါ ပျော်ရွှင်သော မျက်နှာများနှင့် ရှိနေသော ကလေးများကို ကြည့်လိုက်ကြသည်။ သူတို့၏ မျိုးဆက်က အသက်ကြီးနေပြီဖြစ်သည်။
သို့သော် သူတို့မသေခင် ပျော်ပျော်ရွှင်ရွှင်ရှိနေသည့် ကလေးများနှင့် တိရစ္ဆာန်များကို အတူမြင်ရခြင်းကလည်း စိတ်မကူးဖူးသော ဖြစ်ရပ်မျိုးဖြစ်သည်။
“ဒါပေမဲ့ ငါတို့အိုနေရင်တောင်မှ အနာဂတ်မျိုးဆက်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို ချသွားပေးပြီး အနာဂတ်မှာ ကယ်ဆယ်ခံရမဲ့ တိရစ္ဆာန်တွေအတွက် လမ်းဖောက်ပေးသွားရမယ်”
နန်ကုန်းယွမ်၏ မျက်လုံးများက မှေးကျဥ်းသွားပြီး သက်ပြင်းချကာပြောသည်။
“အခုတလော တခြားတိုင်းပြည်က လူတွေ ငါတို့ရဲ့ တရုတ်ပြည်ကို လာလည်နေကြတယ်၊ ဟုတ်တယ်၊ UAဇီဝဗေဒ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းက လူတွေတောင်မှ တိရစ္ဆာန်ရုံထဲမှာ ဖမ်းမိခဲ့တယ်လို့ ကြားထားတယ်၊ သူတို့က ဒီတိရစ္ဆာန်တွေကို အဆိပ်ခတ်ချင်တာ၊ ဒါက လက်သင့်မခံနိုင်တဲ့ကိစ္စပဲ”
“ဟုတ်တယ် ငါလည်း ကြားလိုက်တယ်၊ တချို့တိုင်းပြည်က လူတွေက တိရစ္ဆာန်ရုံကို အဆိပ်ခတ်ချင်ကြတယ်၊ နောက်ပြီး ငါတို့ကိုလည်း ဒီတိရစ္ဆာန်တွေကိုသုံးပြီး သူတို့ ရှာဖွေလေ့လာလို့ရအောင် ခြိမ်းခြောက်ချင်ကြတယ်၊ ဒါက ဘာကို ဆိုလိုတာလဲ”
ဘေးဘက်ရှိ လက်ထောက်က စိုးရိမ်မှု အပြည့်နှင့်ပြောသည်။
“ဟားဟား ငါသူတို့ကို တစ်ခွန်းပဲ ပြန်ပြောလိုက်မယ်၊ စိတ်ကူးယဥ်မနေနဲ့”
နန်ကုန်းယွမ်က လှောင်ရင်း ဆူပူသည်။
“အခုက ရှေးခေတ်အချိန်မဟုတ်တော့ဘူး၊ ငါတို့က ဒီတိရစ္ဆာန်တွေကို အထူးအာရုံစိုက်ရမယ်၊ ငါရုံးထဲမှာ ရှိနေသမျှ ဘယ်တစ်ကောင်မှ နိုင်ငံခြားကို မရောက်စေရဘူး”
“တစ်ရက်မှာတော့ ဒီလူတွေ လက်လျှော့သွားလိမ့်မယ်”
ထိုသို့ပြောလိုက်ပြီးနောက် နန်ကုန်းယွမ်က ရိုးသားသော မျက်နှာများနှင့် မိဘများကို ကြည့်ရင်းပြောသည်။
“အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာတဲ့အခါ အကျိုးအမြတ်အတွက် ဘာကိုမဆို ရင်းလိုတဲ့ လူအမျိုးအစားတွေက ပေါ်လာဦးမှာပဲ၊ ဒီတော့ ငါတို့ရဲ့တာဝန်က တအားကြီးလေးကယ်ဆယ်ခံရတဲ့တယ်၊ တိရစ္ဆာန်တွေရဲ့ အရေအတွက်က များပြားလာတာနဲ့အမျှ ငါတို့ရဲ့ ပခုံးပေါ်က ဝန်ထုတ်ဝန်ပိုးက ပိုပြီး လေးသထက်လေးသွားမှာပဲ”
“ဒီဘက်က လူတွေကို ကြည့်လိုက်ဦး”
“နောက်ပြီး အဲဒီကလေးတွေ၊ ကလေးတွေနဲ့ တိရစ္ဆာန်တွေအတွက် ငါတို့တွေ အများကြီးကြိုးစားဖို့ လိုအပ်လိမ့်မယ်”
++++