ရှစ်ဆယ့်ကိုးပါးတန်ခိုးစွမ်းအား
Vol. 6 Ch. 587
ထိုအသံကို ကြားသည်နှင့် မြောက်ဝံဖြူကြီး၏ အမွေးများမှာ ဆူးတောင်များ အလား ထောင်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ သွားသောကြောင့် ဖြစ်လေသည်။
သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် အတွေ့အကြုံအရ ယခု ရောက်ရှိလာသူသည် အလွန်တန်ခိုး စွမ်းအားမြင့်မား သည်ကို ရိပ်မိလိုက်ပြီး ကျောရိုးထဲပင် စိမ့်သွားရလေသည်။
အရပ်(၈) မျက်နှာမှ လေထုသည် ဝဲဂယက်အလား ပြောင်းလဲ သွားလေသည်။ မျောက်ဝံဖြူကြီးမှာ သူ၏တန်ခိုး စွမ်းအားများကို အသုံးပြု၍ မရနိုင်တော့ဘဲ ထိန်းချုပ် ခံလိုက်ရလေသည်။
မျောက်ဝံဖြူကြီးက တုန်ယင်သည့် လေသံဖြင့်....
"မင်းက အသူရာဘုရင် မရဏ ဓားသခင်တော့ မဖြစ်နိုင်ဘူး ...၊ မင်းက ဘယ်သူလဲ"
အသူရာဘုရင်သည် သွေးနီရောင်ပင်လယ်ထဲမှ ထွက်ခွာ၍ မရသည်ကို မျောက်ဝံဖြူကြီး ကောင်းကောင်း သိထားလေသည်။
"မင်းရဲ့ရုပ်ခန္ဓာက ဗုဒ္ဓဘာသာ ဂိုဏ်းတွေက သိုင်းပညာမျိုးကို လေ့ကျင့်ထားတာပဲ...၊ ထူးဆန်း လိုက်တာ..."
ထိုအသံမှာ အလွန်မှ နူးညံ့သိမ်မွေ့လွန်း လေသည်။ သို့သော်... ထိုသူမှာ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ကြောင်း မျောက်ဝံဖြူကြီး သိရှိလိုက်လေသည်။ နီးကပ်လာပြီ ဖြစ်သည့်တိုင် ထိုသူ၏ တည်နေရာ အတိအကျကို ခန့်မှန်းနိုင်ခြင်းမရှိပေ။
ထို့ပြင် ထိုပုဂ္ဂိုလ်မှာ ဗုဒ္ဓဘာသာဂိုဏ်းများမှ ကျင့်စဉ်များကိုပင် သိရှိနေသည်မှာ အံ့သြစရာ ကောင်းလှလေသည်။
မျောက်ဝံဖြူကြီးသည် သည်းခံနိုင်ခြင်း မရှိတော့ပေ။
သူသည် အနက်ရောင် သံတုတ်ကို ထုတ်ယူလိုက်ပြီး စကြာပုံသဏ္ဌာန် လှည့်ပတ်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ် ထားလိုက်လေသည်။ ထိုအချိန်တွင် လေထဲတွင် အလွန်ကြီးမားသည့် ဧရာမလက်ကြီး တစ်ဖက် ထွက်ပေါ်လာပြီး အနက်ရောင်သံတုတ်ကို ဖမ်းဆုပ် လိုက်လေသည်။ ဧရာမလက်ကြီးမှ အမြူရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် သံတုတ်မှာ အရည်ပျော် သွားရလေတော့သည်။ ထိုအနက်ရောင်သံရည်များသည် ကျီမုမြစ်ရေထဲသို့ ကျသွားပြီး မြစ်ရေနှင့်အတူ မျောပါသွားလေတော့သည်။
မျောက်ဝံဖြူကြီးက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
“မင်းဘယ်မှာလဲ… မင်းက ဘယ်သူလဲ”
လီယွမ်လျန်၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“ဆရာဦးလေး… ရောက်လာပြီ”
ထိုစကားကြောင့် ချန်ချင်မှာလည်း အလွန်စိတ်လှုပ်ရှား သွားရလေသည်။ သို့သော် စကားတစ်လုံးမှ ပြောထွက်မလာခဲ့ပေ။
“ကျုပ်ကမင်းရဲ့ နောက်မှာလေ… မင်း ကျုပ်ကိုမတွေ့ဘူးလား”
လေသံက ပေါ့ပေါ့ပါးပါး ဖြစ်သည့်တိုင် မျောက်ဝံဖြူကြီး၏ နားအတွင်းသို့ သံစူးချွန်နှင့် ထိုးစိုက်လိုက်သည့် အလား ခံစား လိုက်ရလေသည်။
မျောက်ဝံဖြူကြီးက သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး အနောက်သို့ ကြည့်လိုက်လေသည်။
သူ၏နောက်တွင် အလွန်ငယ်ရွယ်သည့် တာအိုကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက် ရလေသည်။ သူဖမ်းဆီး ခေါ်ဆောင်လာပြီး မြစ်အလယ်ရှိ သစ်ပင်ကြီးပေါ်တွင် တင်ထားသည့် မိန်းကလေးငယ်ကို ထိုလူငယ်လေးက ပွေ့ချီ ထားလေသည်။
လရောင်သည် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထက်တွင် ဖြာကျနေသည့်တိုင် ထိုလူငယ်လေး၏ မျက်နှာကို ရှင်းရှင်း လင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
ထိုအချိန်မှာပင်…
မိန်းကလေးငယ်လေးသည် အိပ်ပျော်နေရာမှ ထိတ်လန့်တခြားဖြင့် နိုးလာလေသည်။ သူမက မျက်လုံးများကိုဖွင့် လိုက်ပြီး သူမကိုပွေ့ချီထားသူကို တွေ့မြင်လိုက်ရသည့် အခါ အလွန်အံ့သြ သွားလေသည်။
သူမက မျက်လုံးများကို လက်နှစ်ဖက်ဖြင့် ပွတ်လိုက်ရင်း…
“အစ်ကိုတော်…”
ဟု ခေါ်လိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“မင်းက အရမ်းအရပ်ရှည်လာပြီး လေးလည်း လေးလာတယ်”
မိန်းကလေး ငယ်လေးသည် ဝမ်းသာစွာဖြင့် သူမအစ်ကို၏ လည်ပင်းများကို သိုင်းဖက် လိုက်လေသည်။ သူမသည် ငယ်စဉ်က အကြောင်းအရာများကို မှတ်မိနေဆဲ ဖြစ်လေသည်။ သူမ၏ အစ်ကိုတော်သည် လွန်ခဲ့သည့်နှစ်အနည်း ငယ်က ခရီးရှည်တစ်ခု ထွက်ခွာသွားခြင်း ဖြစ်ပြီး သူမကတော့ အစ်ကိုဖြစ်သူကို လွမ်းဆွတ် သတိရနေခဲ့လေသည်။
သူမသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကို နားလည်ဟန် မတူပေ။ သူမသည် အိပ်မက်မက် နေသည်ဟု ထင်မှတ်နေမိပြီး မျက်လုံးများကို မှေးမှိတ်ကာ ပြန်လည် အိပ်ပျော် သွားလေတော့သည်။
လီယွမ်လျန်နှင့် ချန်ချင်သည် ဆန်းလျန်ရှိရာသို့ လမ်းလျှောက် လာခဲ့ကြလေသည်။
ဆန်းလျန်နှင့် နီးကပ်လာသည့် အခါ သူ့ကိုယ်ထဲသို့ တန်ခိုးစွမ်းအား တစ်ခု ဝင်ရောက် လာသည်ကို ခံစား လိုက်ရလေသည်။ ထိုအခါ သူ၏ဒဏ်ရာများသည် ချက်ချင်းပင် ပျောက်ကင်း သွားလေတော့သည်။
မျောက်ဝံဖြူကြီးမှာတော့ တုတ်တုတ်မျှ မလှုပ်နိုင် ဖြစ်နေရလေသည်။ ကြောက်ရွံ့ပြီး ငြိမ်နေခြင်းလား (သို့မဟုတ်) ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို ထိန်းချုပ်ပြီး လှုပ်မရအောင် ပြုလုပ်ထားခြင်းလား မသိရပေ။
ဆန်းလျန်က မိခင်ဖြစ်သူချန်ချင်ကို ဦးညွတ် နှုတ်ဆက်လိုက်ပြီး မျောက်ဝံဖြူကြီးကို တစ်ချက် ကြည့်လိုက်သည်။
“မင်းကို အသက်အချက် (၃၀) ရှူနိုင်လောက်တဲ့အထိ အချိန်ပေးမယ်၊ မင်းတတ်နိုင်သမျှ ဝေးအောင် ပြေးပေတော့”
စကားဆုံးသည်နှင့် မျောက်ဝံဖြူကြီးမှာ လှုပ်ရှား၍ ရသွားလေသည်။ ဆန်းလျန်က အဘယ့်ကြောင့် သူ့ကိုလွှတ်ပေး လိုက်သည်လဲဆိုသည့် အချက်ကို နားမလည်သည့်တိုင် ယခုနေ ထွက်မပြေးလျှင် လွတ်လမ်း မမြင်တော့ပေ။
ရုတ်တရက်ပင် မျောက်ဝံဖြူကြီးသည် သိမ်းငှက်တစ်ကောင် အဖြစ် အသွင်ပြောင်းကာ အတောင်ပံများကို တဖျတ်ဖျတ် ခတ်ပြီး ပျံသန်း ထွက်ခွာ သွားလေတော့သည်။
လီယွမ်လျန်က…
“ဆရာဦးလေး… သူ့ကိုဘာလို့ လွှတ်ပေးလိုက်တာလဲ”
ချန်ချင်က…
“လျန်လေး… မင်း သူ့ကို ခြေရာခံပြီး လိုက်သွားမလို့လား”
ဘုရင်မတစ်ပါးဖြစ်သည့် ချန်ချင်သည် ကိစ္စရပ်များကို ခြုံငုံသိမြင်နိုင်စွမ်း မြင့်မားလေသည်။ သူမသည် ဆန်းလျန် ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို နားလည် သဘောပေါက် လေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ သမီးငယ်လေး အန္တရာယ်ကင်းနေသည့် အတွက် စိတ်သက်သာရာ ရသွားရသလို သူမ၏ ထူးဆန်းသော သားငယ်သည်လည်း ပြန်ရောက်လာခဲ့ပြီ ဖြစ်လေသည်။ သားနှင့် သမီးကိုကြည့်ရင်း သူမ၏စိတ်သည် အေးချမ်းလျက် ရှိလေ၏။
ဆန်းလျန်က…
"ဒီမျောက်ဝံဖြူကြီးက ဗုဒ္ဓဘာသာဂိုဏ်းက ထူးဆန်းတဲ့ ရှစ်ဆယ့်ကိုးပါး တန်ခိုးစွမ်းအားကို ကျင့်ကြံထားတဲ့ သူပဲ၊ ဒီလိုသာ မကျင့်ကြံထားရင် ဘယ်လိုလုပ် မိစ္ဆာပေါင်းစုံရဲ့ အသွင်သဏ္ဌာန်တွေကို ပြောင်းလဲ ဖန်ဆင်းနိုင်မှာတဲ့လဲ၊ ရှစ်ဆယ့်ကိုးပါး တန်ခိုးစွမ်းအားဟာ အရမ်းအဆင့်မြင့်တဲ့ ပညာရပ်တစ်ခုပဲ၊ ဒါပေမယ့် တိမ်မြုပ်ပျောက်ကွယ်လု နီးပါး ဖြစ်နေခဲ့ပြီ၊ တာ့ကြွယ် ကျောင်းတော်မှာတောင် အဲဒီပညာကို မတွေ့ရတော့ဘူး၊ ကြည့်ရတာ ဒီနတ်မိစ္ဆာက ခိုင်မာတဲ့ ဇာစ်မြစ်တစ်ခုက ဆင်းသက်လာတဲ့သူ ဖြစ်ရမယ်"
“ဘုန်းတော်ကြီးတွေနဲ့ပဲ ပြဿနာ တက်နေရတယ်…”
လီယွမ်လျန်က ခါးသီးစွာဖြင့် ပြောလိုက်လေသည်။
သူ၏ဆရာဖြစ်သူ ချန်ကျန့်မေ သွေးနီရောင် ပင်လယ်ထဲမှ မထွက်ခွာနိုင်ခြင်းမှာလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှ ဖိအားပေးခံရသောကြောင့် ဖြစ်လေသည်။ ထို့ပြင် ဓမ္မကို ကာကွယ် သူများကိုလည်း ထိုဘုန်းတော်ကြီးက လက်ခံ ထားသေးသည်။ ယခုလည်း ဗုဒ္ဓဘာသာဂိုဏ်းမှ နတ်မိစ္ဆာကြောင့် သူ့မှ သေလုမျောပါး ခံလိုက်ရလေသည်။
ဆန်းလျန်စကားကြောင့် ချန်ချင်က အနည်းငယ် စိတ်ပူသွားပြီး….
"ဒါဆို ဒီမိစ္ဆာရဲ့နောက်ကွယ်မှာ အင်အားကြီးတဲ့ အရာတစ်ခု ရှိနေရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ သူကဘာလို့ ရှောင်ခယ်ကို ဖမ်းဆီး သွားရတာလဲ၊ ဒီကိစ္စကို သိအောင်လုပ်ရမှ ဖြစ်မယ်"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒီလိုဖြစ်ရတာက ရှောင်ခယ်ရဲ့ မျိုးရိုးကြောင့် ဖြစ်မယ်ထင်ပါတယ် …"
ရှီးလျန်မှ မိန်းကလေးများသည် ကျီမုမြစ်ရေကို သောက်သုံးပြီး သားသမီးများ ထွန်းကားလာကြခြင်း ဖြစ်လေသည်။ ချန်ခယ်နှင့် ဆန်းလျန် နှစ်ယောက်စလုံးမှာ ကျီမုမြစ်ရေမှ ဖြစ်တည်လာသည့် သန္ဓေသားများဖြစ်ကြသည့်အတွက် သူတို့ကိုယ်ထဲတွင် စီးဆင်းနေသည့် သွေးက အသွင်တူလေသည်။
တစ်ဖက်ရန်သူသည် ဆန်းလျန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို လေ့လာရန် (သို့မဟုတ်) ဆန်းလျန်ကို ခြိမ်းခြောက် ချုပ်ကိုင် နိုင်ရန်အတွက် ချန်ခယ်ကို အသုံးချရန် ဖမ်းဆီးခြင်း ဖြစ်နိုင်လေသည်။
သို့သော် ကံကောင်းသည့် အချက်မှာ ဆန်းလျန်သည် နေမင်းဖြိုခွင်း မြားချက် ထိမှန်ပြီး ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်လေသည်။
ရန်သူဘက်မှ ချန်ခယ်ကို ဖမ်းဆီးသွားနိုင်လျှင်ပင် အကျိုးသက်ရောက်မှု သိပ်ရှိမည် မဟုတ်ပေ။
သို့သော် ဆန်းလျန်ကလည်း ချန်ခယ်ကို ကယ်တင်ရန် အတွက် အချိန်မီ ပြန်ရောက် လာခဲ့လေသည်။
ထိုနတ်မိစ္ဆာအသုံးပြုသည့်ကျင့်စဉ်မှာ ရှစ်ဆယ့်ကိုးပါး တန်ခိုးစွမ်းအား ဖြစ်နေသည့်တိုင် ထိုနတ်မိစ္ဆာ၏ နောက်ကွယ် တွင်ရှိနေသူမှာ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ဂိုဏ်းတော့ ဟုတ်ဟန်မတူဟု ဆန်းလျန် တွေးနေမိလေသည်။
အဆင့်မြင့်ကျင့်စဉ် လမ်းသို့ လိုက်ခဲ့ကြသည့် ဘုန်းတော်ကြီး အများစုသည် ဓမ္မအဓိပ္ပာယ်ကိုသာ နားလည်ရန်ကြိုးစား ခဲ့ကြပြီး ယခုကဲ့သို့ လူအများ ရယ်မောစရာ ဖြစ်လာမည့် အလုပ်မျိုးကို နောက်ကွယ်မှ ကြိုးကိုင် ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်… မျောက်ဝံဖြူကြီးသည် ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခုခုနှင့်တော့ အဆက်အစပ် ရှိရမည် ဖြစ်လေသည်။
ဆန်းလျန်မှာ စဉ်းစားရလွန်းသဖြင့် ဦးနှောက်ပင် ခြောက်နေရလေပြီ။ မျောက်ဝံဖြူကြီးကို ဖမ်းမိမှသာ ထိုမေးခွန်းများ ၏အဖြေကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်လေသည်။
သူသည် ချန်ချင်နှင့်စကားပြောနေရင်း အသက်ရှူသည့် အချက်ပေါင်း (၃၀) ပြည့်မပြည့်ကို ရေတွက် နေခဲ့လေသည်။ အသက်ရှူသည့် အချက်ပေါင်း (၃၀) ပြည့်သည့် အခါတွင်တော့ သူ၏ခန္ဓာကိုယ်တွင်းမှ အရိပ်တစ်ခု ထွက်ခွာသွားပြီး မျောက်ဝံဖြူကြီး နောက်သို့ တိတ်တဆိတ် လိုက်ပါသွားလေတော့သည်။
မိုးကောင်းကင် နတ်ဘုရားတစ်ပါး၏အဆင့်ကိုပင် ကျော်လွန်ခဲ့ပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ဝိညာဉ်ခွဲခြင်း ဆိုသည်မှာ ခက်ခဲသည့် အလုပ်တစ်ခု မဟုတ်တော့ပေ။
သို့သော် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် အဆင့်ဆင့် ကျင့်ကြံထားသည့် တိုင်အောင် လက်ရှိ အခြေအနေကို ခန့်မှန်း၍ မရနိုင် ဖြစ်နေရလေသည်။
မျောက်ဝံဖြူကြီးမှ အသွင်ပြောင်းလိုက်သည့် သိမ်းငှက်ကြီး၏ အမည်မှာ တာ့ဖုန်း ဖြစ်လေသည်။ တာ့ဖုန်းသိမ်းငှက်ကြီး များသည် ရှေးခေတ် အချိန်အခါကပင် အလွန်တန်ခိုးစွမ်းအား မြင့်မားသည့် ဝိညာဉ်သားရဲကြီးများ ဖြစ်လေသည်။ တာ့ဖုန်းသည် အတောင်တစ်ချက် ခတ်ရုံဖြင့် အလွန်လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းနိုင်လေသည်။ တာ့ဖုန်း၏ လျှင်မြန်မှုကို ကျော်လွန်နိုင်သည့် ငှက်မျိုးစိတ်ဆို၍ လောကတွင် အနည်းငယ်သာ ရှိလေသည်။
သို့သော် တာ့ဖုန်းသည် မည်မျှပင် လျှင်မြန်ပါစေ တာ့ယိ၏ မြားချက်လောက်တော့ မလျင်မြန်နိုင်ပေ။ ထို့ကြောင် ယခင်အချိန်များတုန်းက တာ့ဖုန်းငှက်များသည် တာ့ယိ၏ အမဲလိုက် ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးလေသည်။
ဆန်းလျန်သည် နေမင်းဖြိုခွင်းမြားချက် ထိမှန်ကာ အတိတ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိ သွားစဉ်က တာ့ယိ၏မြားချက် ဖြင့် တာ့ဖုန်းသိမ်းငှက် (၅) ကောင် အသတ်ခံခဲ့ရသည်ကို မျက်စိဖြင့် တပ်အပ် မြင်ခဲ့ရလေသည်။
ထို့ပြင် မျောက်ဝံဖြူကြီးသည် ရှစ်ဆယ့်ကိုးပါး တန်ခိုးစွမ်းအား ကျင့်စဉ်ကို ကျင့်ကြံထားသည့်တိုင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။ သူသာ ထိပ်ဆုံအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံထားနိုင်ပါက ဆန်းလျန်သည် သူ့နောက်သို့ လိုက်မီမည် မဟုတ်ပေ။
အသက်ရှူချက် အချက် (၃၀)အတွင်းတွင် မျောက်ဝံဖြူကြီးသည် မိုင်ပေါင်းတစ်သောင်း အကွာအဝေးသို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။ သူသည် ဆန်လျန်ကို အလွန်အမင်း ကြောက်ရွံ့သည့် အတွက် ခွေးပြေးဝက်ပြေး ပြေးလာခဲ့ရခြင်း ဖြစ်လေသည်။
မျောက်ဝံဖြူကြီးသည် အတော်ဝေးဝေးသို့ ရောက်သည့် အခါတွင်တော့ …
“မင်း ကျုပ်ကို ဖမ်းနိုင်မှာ မဟုတ်ပါဘူး”
ဟု တွေးလိုက်မိလေသည်။
ထိုအချိန်မှာပင်…
သူ့ရှေ့တွင် မက်မွန်သီးပင်များနှင့် ပြည့်နေသည့် တောင်တစ်တောင်ကို တွေ့လိုက် ရလေသည်။ မက်မွန်သီး သီးသည့် ရာသီ မဟုတ်သည့်တိုင် တောင်ပေါ်မှ မက်မွန်ပင်များတွင် မက်မွန်သီးများ သီးနေကြလေသည်။ မက်မွန်သီးများမှာ မှည့်ဝင်းနေပြီး အလုံးများကလည်း ကြီးမားလေသည်။ မွှေးပျံ့လတ်ဆတ်သည့် မက်မွန်သီး ရနံ့များမှာလည်း ထွက်ပေါ်လျက် ရှိလေသည်။
မျောက်ဝံဖြူကြီး၏ မျက်ဝန်းများမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုလိုက်လေသည်။ သူ့နောက်မှ မည်သူမှ လိုက်ပါလာခြင်း မရှိသည်ကို တွေ့လိုက်ရလေသည်။
ထိုတာအိုကျင့်ကြံသူသည် အလွန်တန်ခိုး စွမ်းအားမြင့်မားသည့်တိုင် သူ့နောက်သို့ လိုက်ပါလာနိုင်ခြင်း မရှိဟု သူက စိတ်ချယုံကြည် လိုက်မိလေသည်။
ထို့နောက်သူသည် မက်မွန်သီးများကို ကြည့်လိုက်ပြီး သွားရည်တမြားမြား ကျလာလေသည်။ သူသည် မက်မွန်ပင် တစ်ပင်ထက်သို့ ဆင်းသက်လိုက်ပြီး မူလပုံစံသို့ပင် ပြန်မပြောင်း နိုင်တော့ဘဲ သိမ်းငှက်နှုတ်သီးဖြင့် မက်မွန်သီး တစ်လုံးကို ထိုးဆိတ် စားသောက် လိုက်လေတော့သည်။
***