အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း (၂၆၈) - ဒါဆို သူတို့က ပညာရှင် အမျိုးအစားမတူကြတာပဲ
ရွှီရှင်းက နယ်မြေချန်နယ်မှာ ချက်ချင်းပဲ ဝင်ပြောလိုက်၏။
"ငါတို့ဆီက ရထားတဲ့ သတင်းအချက်အလက်တွေအရ နောက်နှစ်ရက်အတွင်းမှာ ဒီကမ္ဘာကြီးဟာ ပြင်းထန်တဲ့ ဆောင်းရာသီထဲကို ရောက်သွားလိမ့်မယ်။ အပူချိန်ကလည်း သုညဒီဂရီအောက်ကို တန်းကျသွားမှာဖြစ်သလို၊ တောအုပ်တစ်ခုလုံးလည်း ရေခဲနဲ့ နှင်းတွေ ဖုံးလွှမ်းသွားနိုင်တယ်။ ဒါကြောင့် လူတိုင်း ဒီနေ့ပဲ မီးလင်းဖိုတွေကို အပြီးလုပ်ထားကြပါ၊ ထင်းတွေကိုလည်း တတ်နိုင်သမျှ အများကြီး စုဆောင်းထားကြပါ။ ဒီဆောင်းရာသီက ဘယ်လောက်အထိ ကြာမယ်ဆိုတာကို ငါတို့လည်း မသိနိုင်ဘူးလေ"
"ဘာကြီးလဲ... တကယ်ကြီးလား"
"နောက်နှစ်ရက်အတွင်း နှင်းကျတော့မှာ ဟုတ်လား"
"အစ်ကိုကြီးတို့က ဘယ်လိုလုပ် အကုန်သိနေတာလဲ၊ တကယ် အံ့သြဖို့ကောင်းတယ်"
"အစ်ကိုကြီးတို့ ကျွန်တော့်ကို ဘယ်တော့လာခေါ်မှာလဲ၊ ကျွန်တော်လည်း အဲဒီဘေးကင်းနယ်မြေထဲကို လိုက်ချင်ပြီ"
"တကယ်လို့ နှင်းကျမယ်ဆိုရင်တော့ လူစုမယ့်ကိစ္စကို ရွှေ့ဆိုင်းရတော့မှာပဲ..."
"ကျွန်မ အခုချက်ချင်းပဲ အစ်ကိုကြီးတို့အဖွဲ့ထဲ ဝင်ချင်လိုက်တာ"
"ဘုရားရေ... မီးလင်းဖို တကယ်လုပ်ဖို့ လိုတာလား၊ အစိမ်းရောင်အဆင့် ကျောက်တုံး အခုတစ်ရာဆိုတာ ရှာရတာ အရမ်းခက်တယ်လေ... ပြီးတော့ အခု အပြင်မှာလည်း အေးနေတာဆိုတော့ ကျွန်တော် တကယ် အပြင်မထွက်ချင်တော့ဘူး..."
"စမ်းချောင်းထဲမှာတော့ ကျောက်စရစ်ခဲတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ ဒီအပူချိန်နဲ့ ရေထဲဆင်းဖို့ဆိုတာ... တွေးကြည့်ရုံနဲ့တင် အေးစိမ့်သွားတာပဲ"
လီဝမ်ရှီးသည် နယ်မြေချန်နယ်က လူတွေ ပြောနေတာကို မြင်တော့ တစ်ခုခုကို သတိရသွား၏။
သူမက လက်ခုပ်တီးလိုက်ရင်း - "ကျွန်မ မေ့တော့မလို့ပဲ၊ ကျွန်မ ဆီမှာ အစိမ်းရောင်အဆင့် ကျောက်တုံးတွေ အများကြီး ရှိတယ်လေ။ ကျွန်မကိုယ်တိုင်တူးထားတာတွေရော၊ အရင်က ရှင်တို့ ပေးထားတာတွေရောဆိုရင် ကျွန်မ ရဲ့ သစ်ပင်အိမ်ထဲမှာ အများကြီးပဲ။ သူတို့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးလိုက်ရမလား" ဟု မေးလိုက်သည်။
ဒီနေ့လို အေးစက်နေတဲ့ အပူချိန်မှာ လူအတော်များများဟာ မီးလင်းဖိုလုပ်ဖို့အတွက် အရင်းအမြစ်တွေ စုဆောင်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရမှာ ဖြစ်သည်။
ဒါပေမဲ့ မီးလင်းဖိုတစ်ခုလုပ်ဖို့ ကျောက်တုံး အခုတစ်ရာဆိုတာက အချို့လူတွေအတွက်တော့ လုံလောက်အောင် ရှာဖို့ တကယ်ကို ခက်ခဲနိုင်၏။
"ခဏလောက် စောင့်ကြည့်ရအောင်"
ကျိချောင်းယန်ကလည်း နယ်မြေချန်နယ်က လူတွေရဲ့ တုံ့ပြန်မှုကို အကဲခတ်ရင်း ပြောလိုက်သည်။
"နင့်ဆီက အရင်းအမြစ်တွေက လူတိုင်းအတွက် လောက်မှာမဟုတ်ဘူး။ ပြီးတော့ သူတို့ကို ဒီလောက်အထိ တိုက်ရိုက်ကြီး ကူညီပေးလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင် သူတို့က ငါတို့ကိုပဲ အားကိုးသွားကြလိမ့်မယ်"
"ဟုတ်တယ်"
ရွှီရှင်းကလည်း ကျိချောင်းယန်ရဲ့ အမြင်ကို သဘောတူသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီညအထိ စောင့်ကြည့်ရအောင်၊ တကယ်လို့ တစ်ယောက်ယောက်က အရင်းအမြစ် မလုံလောက်လို့ မီးလင်းဖို မလုပ်နိုင်သေးဘူးဆိုရင်တော့ အဲဒီအချိန်မှ ထောက်ပံ့ပေးတာလည်း နောက်မကျပါဘူး"
"ဪ... အိုကေ"
လီဝမ်ရှီး ခေါင်းညိတ်လိုက်၏။
ရွှီရှင်းက ရှေ့က လူသုံးယောက်ကို ကြည့်လိုက်သည်။
အခုတော့ သူတို့အားလုံးဟာ ကိုယ်စီ စွမ်းရည်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားကြပြီ ဖြစ်ပေသည်။
သူတို့ရဲ့ စွမ်းရည်တစ်ခုချင်းစီက တကယ်ကို သန်မာပြီး အရေးပါလှ၏။
သူ့ကိုယ်သူကတော့ အထူးတလည် ပြောနေစရာ မလိုတော့ချေ။
အကဲဖြတ်နိုင်စွမ်း က ပစ္စည်းတွေရဲ့ ဂုဏ်သတ္တိကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်သလို၊ မြေပုံအခွင့်အရေး ကလည်း အန္တရာယ်ကြုံတဲ့အခါ နယ်မြေတစ်ခုလုံးကို အပေါ်စီးကနေ မြင်နိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်၏။
အဂ္ဂိရတ်ပညာ ကတော့ လူတိုင်းရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်သလို၊ တည်နေရာကူးပြောင်းစက် ပစ္စည်းတွေကလည်း အဖွဲ့လိုက် ရှင်သန်ဖို့အတွက် မရှိမဖြစ် ပစ္စည်းတွေ ဖြစ်ပေသည်။
ချီရွှယ်ဖေးကတော့ ဆေးဘုရင်မ စွမ်းရည်နဲ့ ဒဏ်ရာတွေ၊ ရောဂါတွေကို ကုသပေးနိုင်တဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်တာကြောင့် ရှင်ကျန်သူတွေ ဒဏ်ရာဒဏ်ချက်နဲ့ ရောဂါတွေကြောင့် သေဆုံးရမှာကို တားဆီးပေးနိုင်ပြီး ရှင်သန်နိုင်ခြေကို အများကြီး မြှင့်တင်ပေးနိုင်၏။
လီဝမ်ရှီးကတော့ သတ္တုရှာဖွေသူ စွမ်းရည်နဲ့ အဖွဲ့အတွက် သတ္တုအရင်းအမြစ်တွေကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်သလို၊ ဝတ်စုံတွေရဲ့ အဆင့်ကို မြှင့်တင်ပေးနိုင်၏။
အဆင့်မြင့် ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်နိုင်စေသလို၊ သူမရဲ့ အရင်းအမြစ်တွေကလည်း ရွှီရှင်းရဲ့ အဂ္ဂိရတ်ပညာ အတွက် အာမခံချက် ဖြစ်ပေသည်။
ကျိချောင်းယန်ကတော့ ရှေ့ဖြစ်ဟောသူ စွမ်းရည်နဲ့ တစ်ရက်၊ နှစ်ရက်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုသိနိုင်တာကြောင့်၊ တစ်ဖွဲ့လုံး ဘေးအန္တရာယ်တွေအတွက် အဆင်သင့် ပြင်ဆင်ထားနိုင်စေသည်။
"ဒါဆို... နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ဘယ်သူမှ စကားမစကြတာကြောင့် ချီရွှယ်ဖေးက မေးလိုက်သည်။
"ငါ့ရဲ့ ဆေးဖော်ခန်းကိုရော အပေါ်တက်ကြည့်ချင်ကြသေးလား။ ဆေးပင်စိုက်ပျိုးခန်းလည်း အဲဒီမှာပဲ ရှိတယ်လေ"
"ကြည့်ချင်တာပေါ့၊ ကြည့်ချင်တာပေါ့"
လီဝမ်ရှီးက အိပ်ပျော်နေတဲ့ ခဲခဲလေးကို ချီထားရင်း ဆိုဖာပေါ်ကနေ ချက်ချင်း ထရပ်လိုက်သည်။
"ဒီကို ရောက်တာ ရှားရှားပါးပါးပဲဥစ္စ။ မမရွှယ်ဖေးရဲ့ အိမ်ကို တစ်ပတ်လောက် ပတ်ကြည့်ရအောင်"
ချီရွှယ်ဖေးက သူတို့ သုံးယောက်ကို တတိယထပ်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
တတိယထပ်ကို ရောက်တာနဲ့ မြေပြင်အနှံ့မှာ ချထားတဲ့ ဓာတ်ခွဲခန်းသုံး ဖန်ခွက်ကြီးတွေနဲ့တူတဲ့ ကိရိယာတွေကို တွေ့လိုက်ရ၏။
ဒါဟာ ဆေးပင်စိုက်ပျိုးခန်း ဖြစ်ရပေမည်။
ဖန်ခွက်တွေထဲမှာ ဆေးပင်အမျိုးအစား အများကြီး ပေါက်နေကြ၏။
အဲဒီအထဲမှာတော့ ရွှီရှင်းက သွေးတိတ်မြက် တစ်မျိုးတည်းကိုပဲ ရင်းနှီးသည်။
သွေးတိတ်မြက်အပြင် တခြားအပင်တွေလည်း ရှိသေး၏။
ဝါဂွမ်းရောင် ပန်းပွင့်လေးတွေ၊ အနီရောင် အသီးလေးတွေနဲ့ မှိုအချို့လည်း ပါသည်။
ရွှီရှင်းကတော့ တစ်ခုမှ နာမည်မခေါ်တတ်ချေ။
ကြည့်ရသည်မှာ တရုတ်တိုင်းရင်းဆေးပင်တွေနဲ့ တူနေ၏။
"ဟာ ဒါကိုတော့ ညီမ သိတယ်၊ ဒါ 'ဂိုဂျီ' မဟုတ်လား"
လီဝမ်ရှီးက အနီရောင်အသီးတွေ ဝေနေတဲ့ အပင်လေးကို လက်ညှိုးညွှန်ပြပြီး မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဒါက 'ဆိုလာနမ်' လေ"
ချီရွှယ်ဖေးက ပြုံးလျက် အပင်ပေါ်က အသီးလေးအချို့ကို ခူးလိုက်၏။
"ဒါက စောစောက ဆေးလုံးလုပ်တဲ့အခါ သုံးတဲ့ ပါဝင်ပစ္စည်း တစ်မျိုးပေါ့"
"... ဆိုလာနမ်။ ကြည့်တော့လည်း အနီရောင်ပဲကို ဘာလို့ အဲဒီလို ခေါ်တာလဲ မသိဘူး"
လီဝမ်ရှီးက နားမလည်ဘဲ တိုးတိုးလေး ရေရွတ်နေမိသည်။
ရွှီရှင်းလည်း လီဝမ်ရှီးထက် မသိချေ။
သွေးတိတ်မြက်ကလွဲလို့ ကျန်တာ ဘာမှမသိပေ။
ဒါပေမဲ့ သူ၏ အကဲဖြတ်နိုင်စွမ်းအရတော့ ဒီဆေးပင် အများစုဟာ အပြာရောင်အဆင့်တွေ ဖြစ်ကြောင်း သိနိုင်သည်။
"ဆေးပင်တွေကို မြန်မြန် ရင့်မှည့်အောင် လုပ်တာက ငါ့ရဲ့ စွမ်းရည်တစ်ခုပဲ။ စိုက်ပျိုးခန်း မရှိရင်တောင် ငါ အမြန်ကြီးအောင် လုပ်နိုင်တယ်။ အခု ဒီစိုက်ပျိုးခန်းနဲ့ဆိုရင်တော့ ပိုတောင် မြန်သွားသေးတာပေါ့။ အခုဆိုရင် အပြာရောင်အဆင့် ဆေးပင်တွေကို နေ့တိုင်းနီးပါး ရိတ်သိမ်းလို့ ရနေပြီလေ"
ချီရွှယ်ဖေးက အပင်တစ်ပင်ပေါ်က ဝါဂွမ်းရောင် ပန်းပွင့်လေးကို ခူးလိုက်ရင်း - "ဒါပေမဲ့ မြန်တာတော့ မြန်ပါရဲ့၊ ဒီစိုက်ပျိုးခန်းက စူးစမ်းရှာဖွေသူများ အဖွဲ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့တော့ မလောက်သေးဘူး။ အဖွဲ့ဝင်တွေ ပိုများလာရင်တော့ ဒီအရွယ်အစားက လောက်မှာမဟုတ်တော့ဘူး" ဟု ဆိုသည်။
"နောက်ကျရင် ကပ်ပါးသစ်ပင်အိမ်တွေ ရှိလာမှာဆိုတော့ အခန်းတွေအတွက်တော့ မပူပါနဲ့"
ကျိချောင်းယန်က ထူးခြားတဲ့ ဖန်ခွက်ကို ငုံ့ကြည့်ရင်း ပြောလိုက်၏။
"ညီမရဲ့ အပင်တွေကို အမြန်ကြီးစေတဲ့ စွမ်းရည်က ဒီဖန်ခွက်ကနေပဲ လာတာလား"
"ဟုတ်တယ်၊ ဖန်ခွက်က တစ်စိတ်တစ်ပိုင်းပေါ့၊ ပြီးတော့ အထူးမြေသြဇာလည်း လိုသေးတယ်"
ချီရွှယ်ဖေးက ဘေးက ဗီရိုထဲက မြေသြဇာအိတ်တစ်အိတ်ကို ထုတ်ပြ၏။
"ဒီမြေသြဇာကို ငါတစ်ယောက်တည်းပဲ ဖော်စပ်လို့ ရတာလေ"
"ဒါဆိုရင်..အစ်မက ကျွန်တော်တို့ကို ဖန်ခွက်တွေနဲ့ မြေသြဇာတွေ ပေးမယ်ဆိုရင်၊ ကျွန်တော်တို့လည်း ဆေးပင်တွေ စိုက်လို့ ရမှာလား"
ရွှီရှင်းက မေးလိုက်၏။
---
အခန်း ၂၆၈ ပြီး။
အခန်း (၂၆၉) - ဒါဆို သူတို့က ပညာရှင် အမျိုးအစားမတူကြတာပဲ (၂)
"မရဘူး"
ချီရွှယ်ဖေးက ခေါင်းခါပြ၏။
"အရင်က ဆေးဆရာဝန် အဖွဲ့က လူတွေကို စမ်းခိုင်းဖူးတယ်။ ဖန်ခွက်တွေနဲ့ မြေသြဇာတွေ ရှိရင်တောင် သူတို့က အပင်တွေကို အရှိန်မြှင့်ပြီး မကြီးထွားစေနိုင်ဘူး။ ငါကိုယ်တိုင် လုပ်မှပဲ ရတာ"
"အဲဒီလိုလား..."
ကျိချောင်းယန်က မတ်တတ်ရပ်လိုက်ပြီး မေးစေ့ကို ပွတ်လိုက်သည်။
"နင်တစ်ယောက်တည်းပဲ ရတာပေါ့... ဒါဆို ကပ်ပါးသစ်ပင်အိမ်မှာကျတော့..."
"ကပ်ပါးသစ်ပင်အိမ်မှာလည်း အလုပ်လုပ်တယ်လေ"
လီဝမ်ရှီးက ကြားဖြတ်ပြောလိုက်၏။
"ကျွန်မတို့ ခုနက သစ်ပင်အိမ်မှာ စမ်းကြည့်ခဲ့ပြီးပြီ၊ အပင်တွေက တကယ်ပဲ အရှိန်မြှင့်ပြီး ကြီးထွားနိုင်တယ်။ ဒါပေမဲ့ အဲဒါက မမရွှယ်ဖေး အဲဒီမှာ ရှိနေလို့လားဆိုတာတော့ မသေချာဘူး၊ အဲဒါကြောင့် ခဏနေမှ ပြန်သွားစစ်ကြည့်ဖို့ ဆုံးဖြတ်ထားတာ"
"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ"
ချီရွှယ်ဖေးက ခေါင်းညိတ်ပြ၏။
"ဖြစ်နိုင်တာက သစ်ပင်အိမ်ရဲ့ စွမ်းရည်တွေနဲ့လည်း သက်ဆိုင်နေလိမ့်မယ်"
သူမသည် တတိယထပ်ရှိ နောက်ထပ် တံခါးတစ်ချပ်ဆီသို့ လျှောက်သွားကာ တွန်းဖွင့်လိုက်၏။
"ဒါကတော့ ငါ့ရဲ့ ဆေးကုခန်းပဲ၊ သုတေသနလုပ်ဖို့နဲ့ ဆေးဝါးဖော်စပ်ဖို့ သီးသန့်ပေါ့"
ဆေးကုခန်းလေးမှာ စတုရန်းမီတာ ၂၀ ခန့်သာ ကျယ်ဝန်းသော်လည်း ကိရိယာမျိုးစုံနှင့် ပြည့်နှက်နေသည်။
ရွှီရှင်း အထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဓာတုဗေဒ ဓာတ်ခွဲခန်းတစ်ခုထဲကို ရောက်သွားသလို ခံစားလိုက်ရသည်။
"ဒီကိရိယာတွေက ကြည့်ရတာ အရမ်း ခေတ်မီတာပဲ..."
လီဝမ်ရှီးက လက်နဲ့ ကိုင်ကြည့်ချင်သော်လည်း၊ ဒီလို နုနယ်တဲ့ ကိရိယာတွေ ပျက်စီးသွားမှာကို စိုးရိမ်သဖြင့် လက်ကို အကြိမ်ကြိမ် ပြန်ရုပ်နေမိ၏။
"ဒါတွေက ငါ့ရဲ့ သုတေသနနဲ့ ဆေးဖော်စပ်တဲ့ ကိရိယာတွေလေ"
"... ကြည့်ရတာ တော်တော် ရှုပ်ထွေးမယ့်ပုံပဲ။ ကျွန်တော်တို့တော့ သုံးနိုင်မှာ မဟုတ်ဘူး မဟုတ်လား"
ရွှီရှင်းကတော့ သူကိုယ်တိုင်လည်း သုံးနိုင်မှာ မဟုတ်တာကြောင့် ထိုကိရိယာတွေအကြောင်းကို နားလည်ဖို့ စိတ်မဝင်စားချေ။
"နင်တို့ သုံးနိုင်ရင်တောင် ဘယ်လိုသုံးရမလဲဆိုတာ သိမှာ မဟုတ်ဘူး"
ချီရွှယ်ဖေးက သူမ၏ ဦးခေါင်းကို ညွှန်ပြလိုက်၏။
"ငါ့ရဲ့ ကိုယ်ပိုင် အသိပညာတွေအပြင် 'ဆေးဘုရင်မ' စွမ်းရည်ကို ရခဲ့တုန်းကလည်း အသိပညာအချို့ ပါလာခဲ့တာလေ။ အဲဒါကြောင့် ဒီကိရိယာတွေကို ငါကတော့ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တာပေါ့"
ဪ...
ဒါက သူ့ အနုပညာရှင် စွမ်းရည်နဲ့ ဆင်တူတာပဲ။
သူ အနုပညာရှင် စွမ်းရည် ရခဲ့တုန်းကလည်း ပန်းပုထုတာနဲ့ ပန်းချီဆွဲတဲ့ အသိပညာတွေက သူ့ဦးနှောက်ထဲကို အလုံးအရင်းနဲ့ ဝင်လာခဲ့တာ မဟုတ်လား။
"ဒါနဲ့... သစ်ပင်အိမ်ထဲမှာ အစိမ်းရောင်အဆင့် ပန်းပု ဒါမှမဟုတ် ပန်းချီကားတွေကို အခုတစ်ဆယ်ပဲ ထားလို့ရတယ်ဆိုတာ မင်းသိတယ် မဟုတ်လား"
ရွှီရှင်းက ကျိချောင်းယန်ကို မေးလိုက်၏။
ကျိချောင်းယန် ခေတ္တ မှင်သက်သွားသည်။
"... အခုတစ်ဆယ်ပဲ ကန့်သတ်ထားတာတော့ ငါ သိပါတယ်။ ဒါပေမဲ့ ပန်းပု ဟုတ်လား။ မင်းက ပန်းပုလည်း ထုတတ်တာလား"
ဘေးနားမှာရှိတဲ့ လီဝမ်ရှီးက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်၊ ပန်းပုလေ။ သူက ငါ့အတွက်တောင် ပန်းပုအချို့ ထုပေးထားသေးတယ်။ ငါ့ရဲ့ ပုံတူ ပန်းပုလေးတွေပေါ့၊ တစ်ခုချင်းစီက အလှဆင်မှတ် ၁၀ မှတ်စီ တိုးပေးတာ"
"ဘာဖြစ်လို့လဲ၊ မင်းက ပန်းပု မထုတတ်ဘူးလား"
ကျိချောင်းယန်၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာကို ကြည့်ပြီး ရွှီရှင်းက မေးလိုက်သည်။
"ငါက ပန်းချီပဲ ဆွဲတတ်တာ၊ ပန်းပုတော့ မထုတတ်ဘူး။ ငါ့ရဲ့ အနုပညာရှင် စွမ်းရည်က ပန်းချီဆွဲတာနဲ့ အောင်ပွဲရ လက်ဆောင်ပစ္စည်း တွေ လုပ်တာလေ"
ကျိချောင်းယန်၏ မျက်လုံးများ အနည်းငယ် ပြူးသွားသည်။
"အောင်ပွဲရ လက်ဆောင်ပစ္စည်းတွေ ဟုတ်လား"
ရွှီရှင်းလည်း အံ့သြသွားရ၏။
အနုပညာရှင်ချင်း အတူတူပဲ မဟုတ်ဘူးလား..။
"အဲဒါက သားရဲတွေရဲ့ ဦးခေါင်းတွေကို အမှတ်တရ ပစ္စည်းတွေအဖြစ် လုပ်ပြီး နံရံမှာ ချိတ်ထားတာလေ။ မိုးရာသီတုန်းက သားရဲ အလောင်းတွေ အများကြီး ရတာနဲ့ ငါ အဲဒါတွေကို စုပြီး လုပ်ထားတာ။ ဒါဆို မင်းရဲ့ အနုပညာ စွမ်းရည်က အဲဒါမဟုတ်ဘဲ ပန်းပုထုတာလား"
ကျိချောင်းယန်က စူးစမ်းစွာ မေးလိုက်သည်။
"... ဟုတ်တယ်၊ ငါက ရောင်စုံသလင်းကျောက်တွေကို သုံးပြီး ပန်းပုထုတာ။ မိုးရာသီတုန်းက မင်းတို့ ကောက်ခဲ့တဲ့ ကျောက်တွေလေ"
ရွှီရှင်းက ရှင်းပြလိုက်၏။
"နင်တို့ ဘာတွေ ပြောနေကြတာလဲ"
ဘေးနားက ချီရွှယ်ဖေးမှာ အတော်လေး ဇဝေဇဝါ ဖြစ်နေသော်လည်း အရေးကြီးတဲ့ အချက်တစ်ခုကိုတော့ ဖမ်းမိသွားပေသည်။
"အနုပညာရှင်။ အလှဆင်မှတ်တွေ တိုးပေးတာ ဟုတ်လား။ နင်တို့က အလှဆင်မှတ်တွေကိုလည်း ကိုယ်တိုင် မြှင့်နိုင်တာလား"
"ညီမ ရှင်းပြပါ့မယ် မမရွှယ်ဖေး"
လီဝမ်ရှီးက ချီရွှယ်ဖေးကို ဘေးသို့ ခေါ်သွားပြီး ရှင်းပြနေတော့သည်။
"နေဦး... မင်းရဲ့ ပန်းချီက မင်ပန်းချီ လား"
ရွှီရှင်းက သူ မင်ပန်းချီပဲ ဆွဲတတ်တာကြောင့် ကျိချောင်းယန်လည်း အတူတူပဲလားလို့ ရုတ်တရက် စဉ်းစားမိပြီး မေးလိုက်၏။
"... မဟုတ်ဘူး၊ ဆီဆေးပန်းချီ လေ။ ငါက အပင်တွေရဲ့ အရောင်မျိုးစုံကို သုံးပြီး ဆေးရောင်တွေ ဖော်စပ်ရတာ"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြ၏။
မမျှော်လင့်ဘဲ အခုအချိန်အထိ သူတို့ရဲ့ အနုပညာရှင် စွမ်းရည်တွေက လုံးဝ တခြားစီ ဖြစ်နေတာကို သိလိုက်ရတာပင်။
အရင်က ကျိချောင်းယန်နဲ့ စွမ်းရည်ချင်း လဲလှယ်တုန်းက တစ်ဖက်လူမှာ သူ့လိုပဲ 'အနုပညာရှင်' စွမ်းရည် ရှိတယ်ဆိုတာပဲ သိခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မဆွေးနွေးခဲ့ကြချေ။
နှစ်ယောက်စလုံးက သူတို့ စွမ်းရည်ချင်း အတူတူပဲလို့ ထင်နေခဲ့ကြတာ ဖြစ်သည်။
ရွှီရှင်းက မနေနိုင်ဘဲ ရယ်မောလိုက်၏။
"ဟာ... ငါတို့က ပညာရှင်ချင်း အမျိုးအစား လုံးဝ မတူကြတာပါလား"
ကျိချောင်းယန်လည်း လိုက်ရယ်၏။
"ဒါက ပိုတောင် မကောင်းဘူးလား။ အလှဆင်မှတ်တွေ မလောက်မှာကို ငါ စိုးရိမ်နေတာ၊ အခုတော့ ငါတို့ အချင်းချင်း ပစ္စည်းတွေ အလဲလှယ်လုပ်ပေးပြီး အလှဆင်မှတ်တွေကို နှစ်ဆ မြှင့်လို့ ရပြီပေါ့"
ဒါကတော့ တကယ့်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပင်။
ရွှီရှင်း စိတ်အေးသွားရပေသည်။
ကျိချောင်းယန်လိုပဲ သူလည်း အစိမ်းရောင်အဆင့် အလှဆင်ပစ္စည်းတွေက ကန့်သတ်ချက်ရှိတာကြောင့် အလှဆင်မှတ် မလောက်မှာကို စိုးရိမ်နေခဲ့၏။
အကယ်၍ သူက အနုပညာခန်းမှာ အလှဆင်မှတ်တွေ မမြှင့်ထားရင် အပြာရောင်အဆင့် ပန်းပုတွေ၊ ပန်းချီတွေကို လုပ်ဖို့က အရမ်း နှေးကွေးနေပေလိမ့်မည်။
ဒါပေမဲ့ အနုပညာခန်းမှာပဲ အကုန်သုံးလိုက်ရင်လည်း အဂ္ဂိရတ် အောင်မြင်မှုနှုန်းက မလောက်တော့ဘဲ တည်နေရာကူးပြောင်းစက် ပစ္စည်းတွေ လုပ်ဖို့က ကြန့်ကြာသွားလိမ့်မည်။
ဒါ့အပြင် အလှဆင်မှတ်တွေမှာ ကန့်သတ်ချက် ရှိတာကြောင့် အနုပညာခန်းမှာ ပိုသုံးလေ တခြား လုပ်ဆောင်ချက် နယ်ပယ်တွေမှာ သုံးဖို့ နည်းသွားလေဖြစ်ရာ ဒါက တကယ်ကို ခေါင်းခဲစရာ ကိစ္စ ဖြစ်ပေသည်။
ဒါပေမဲ့ အခုတော့ အလှဆင်မှတ်တွေကို နှစ်ဆ ရနိုင်ပြီဆိုတော့ ရွှီရှင်းရဲ့ စိုးရိမ်မှုတွေက ချက်ချင်း ပျောက်ကွယ်သွား၏။
ဒီနေ့ သူ ပြန်ရောက်တာနဲ့ အဂ္ဂိရတ် အောင်မြင်မှုနှုန်းကို စိတ်ချလက်ချ မြှင့်တင်နိုင်သလို အဂ္ဂိရတ် ပစ္စည်းတွေကိုလည်း စတင် ဖော်စပ်နိုင်တော့မည် ဖြစ်ပေမည်။
"နင်တို့ နှစ်ယောက်က အလှဆင်မှတ်တွေ မြှင့်ပေးနိုင်တဲ့ ကိရိယာတွေကို ကိုယ်တိုင် လုပ်နိုင်တာလား"
ချီရွှယ်ဖေးက အံ့သြတကြီး အော်လိုက်၏။
သူမကတော့ အလှဆင်မှတ်တွေဆိုတာ ရှားပါးတယ်လို့ အမြဲ ထင်နေခဲ့တာပင်။
အခုတော့ သူတို့အဖွဲ့ထဲက နှစ်ယောက်က အလှဆင်မှတ်တွေကို ကိုယ်တိုင် မြှင့်နိုင်နေပြီ မဟုတ်ပါလား။
"စိတ်မပူပါနဲ့ အစ်မရွှယ်ဖေး။ စူးစမ်းရှာဖွေသူတွေအတွက် အလှဆင်မှတ် တိုးပေးမယ့် ပစ္စည်းတွေကို လုပ်ပေးပါ့မယ်"
အခုအချိန်မှာတော့ ရွှီရှင်းအနေနဲ့ အစိမ်းရောင်အဆင့် အရင်းအမြစ်တွေကို လုပ်ဖို့ အချိန်အများကြီး မပေးရတော့ချေ။
ကျိချောင်းယန်နဲ့ အလှဆင်ပစ္စည်းအချို့ လဲလှယ်လုပ်လိုက်ရင် ပန်းပုထုတာနဲ့ ပန်းချီဆွဲတာကို ပိုမြန်စေမှာဖြစ်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်တော့မည် ဖြစ်ပေသည်။
သူ့ရဲ့ စိတ်စွမ်းအားက ခံနိုင်ပါ့မလားဆိုတာကိုပဲ သူ အနည်းငယ် စိုးရိမ်မိသည်။
ဒါပေမဲ့ အဂ္ဂိရတ် ဆေးရည်တွေနဲ့ သူ၏ စိတ်စွမ်းအားကို မြှင့်တင်နိုင်တာကြောင့် ဒါကလည်း ပြဿနာ မဟုတ်လှချေ။
အမှန်ပင် အဂ္ဂိရတ်ပညာနဲ့ အနုပညာဟာ ဒွန်တွဲပြီး တိုးတက်သင့်တာကိုး..
။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ အပြာရောင်အဆင့်နဲ့ အထက် ဆေးဝါးတွေ ဖော်စပ်တဲ့အခါ အောင်မြင်မှုနှုန်းအတွက် ငါ စိုးရိမ်နေတာ၊ အခုတော့ စိတ်အေးသွားပြီ"
ချီရွှယ်ဖေးလည်း အတော်လေး ပေါ့ပါးသွားပုံရသည်။
သူတို့ လေးယောက် တတိယထပ်ကနေ ဆင်းလာကြ၏။
ရွှီရှင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ငွေရောင်ဘုရင်ရဲ့ ခေါင်းကို ပွတ်ပေးရင်း "ကဲ... ပြောစရာရှိတာတွေလည်း ပြောပြီးပြီ၊ ကြည့်စရာရှိတာတွေလည်း ကြည့်ပြီးပြီ။ ငါတို့ တခြားကိစ္စတွေ ဆက်လုပ်ကြရအောင်" ဟု ပြောလိုက်သည်။
"အခု ပြန်တော့မလို့လား စောသေးတာကို။ ခဏလောက် ထပ်နေပါဦး၊ကျွန်မလည်း မမရွှယ်ဖေးနဲ့ လူချင်းတွေ့တာ ဒါ ပထမဆုံးပဲ ရှိသေးတာကို၊ စကားတောင် ကောင်းကောင်း မပြောရသေးဘူး"
လီဝမ်ရှီးက မပြန်ချင်သေးသဖြင့် ရွှီရှင်းရဲ့ လက်မောင်းကို ဆွဲကာ ပြောလိုက်၏။
"ဒီလိုလုပ်ပါလား၊ နင်တို့ နှစ်ယောက် ဒီမှာပဲ နေခဲ့ကြ"
ကျိချောင်းယန်က အကြံပြုသည်။
"ရွှီရှင်းနဲ့ ငါကတော့ ပတ်ဝန်းကျင်ကို သွားပြီး စူးစမ်းလိုက်မယ်လေ"
ရွှီရှင်းက သူတို့နှစ်ယောက် မနေ့က ပြောခဲ့တာတွေကို သတိရသွား၏။
ဒီနေရာဟာ ထူးခြားတဲ့ စွမ်းရည်ရှိသူတွေ အများကြီး စုဝေးနေတဲ့ နေရာဖြစ်တာကြောင့် ဒီမှာ တစ်ခုခု ထူးခြားတာ ရှိနေမှာ သေချာသည်။
သူတို့ဟာ အချင်းချင်းဆီက ထူးခြားတဲ့ တည်နေရာတွေကို အပြန်အလှန် ပြသဖို့ ပြောထားကြ၏။
ဥပမာ - ဘီလူးကြီးရဲ့ ပါးစပ်နဲ့တူတဲ့ ဆားတွင်းဂူကြီးလိုမျိုးပေါ့။
ရွှီရှင်းက မိန်းကလေး နှစ်ယောက်ကို အဲဒီအကြောင်း ပြောပြလိုက်တဲ့အခါ၊ ချီရွှယ်ဖေးက ချက်ချင်းပဲ "ငါတို့ အားလုံး အတူတူ သွားသင့်တာပေါ့။ ဒါက ဒီနယ်မြေနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲလေ၊ ငါတို့မှာလည်း တာဝန်ရှိတာပဲ" ဟု ဆိုသည်။
"ဟုတ်တယ်၊ အားလုံး အတူတူ သွားကြစို့"
လီဝမ်ရှီးကလည်း စိတ်အားထက်သန်စွာ သဘောတူလိုက်သည်။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။
ဒါကတော့ အကောင်းဆုံးပင်။
သူတို့ လေးယောက်လုံးမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိကြတာကြောင့် တစ်ခုခုကို တကယ်ပဲ ရှာဖွေတွေ့ရှိနိုင်မလား မသိနိုင်ပေ။
အခန်း ၂၆၉ ပြီး။
အခန်း (၂၇၀) - ဆေးဘက်ဝင်အပင်များကို ဟင်းချက်ရာတွင် အသုံးပြုခြင်း
"မသွားခင် တစ်ခုခု စားကြရအောင်၊ အခုတောင် မွန်းလွဲပိုင်း ရောက်နေပြီပဲ"
ချီရွှယ်ဖေးက အချိန်ကို ကြည့်လိုက်၏။
"ငါတို့ နေ့လယ်စာ မစားရသေးဘူးလေ၊ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်လိုလုပ် စူးစမ်းရှာဖွေနိုင်မှာလဲ"
"အီး.."
အစားအကြောင်း ကြားလိုက်ရုံနှင့် လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ခဲခဲလေးမှာ မျက်လုံးများ ပွင့်လာတော့သည်။
"ဟားဟား... ဒီကောင်မလေးလည်း ဗိုက်ဆာနေပြီပဲ"
လီဝမ်ရှီးက ခဲခဲလေး၏ ဗိုက်ကလေးကို ပွတ်ပေးလိုက်၏။
"ဆာတယ်၊ ဆာတယ်"
ခဲခဲလေးက သူမ၏ ခေါင်းလေးကို အစွမ်းကုန် ညိတ်ပြနေတော့ချေသည်။
"ဒါဆိုရင်တော့ နင်တို့ ထိုင်နေကြဦး၊ ငါ သွားပြီး တစ်ခုခု လုပ်ပေးမယ်"
ချီရွှယ်ဖေးက ထရပ်ကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွား၏။
"ညီမ ကူမယ်လေ"
လီဝမ်ရှီးကလည်း မီးဖိုချောင်သို့ လိုက်သွားသည်။
"နင် ထိုင်နေပါ၊ ဧည့်သည်ကို အလုပ်မခိုင်းချင်ပါဘူး"
ချီရွှယ်ဖေး၏ အသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။
"အို... ရပါတယ်။ ပြီးတော့ ညီမက ဟင်းချက်လည်း တော်တယ်လေ။ ဝါး... မမရွှယ်ဖေး၊ မမရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေက တကယ့်ကို အစုံအလင်ပဲနော်၊ အားလုံး အဆင်သင့်ရှိနေတာပဲ"
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ကတော့ သွားမကူကြဘဲ နှစ်ယောက်စလုံး သူတို့၏ နာရီများကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် အတော်ကြာအောင် လှုပ်ရှားမှု မရှိခဲ့ချေ။
ချင်ယွမ်လုံနှင့် ဝမ်ကွေ့ရှင်းတို့မှာ လူချင်းတွေ့ဆုံနေကြသည်ဖြစ်ရာ အဖွဲ့ထဲတွင် စာမပို့နိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ရွှီရှင်းက အဖွဲ့ထဲတွင် စကားစလိုက်၏။
"ငါတို့ လေးယောက်တော့ ဆုံနေကြပြီ၊ မင်းတို့ဘက်မှာကော အခြေအနေ ဘယ်လိုလဲ"
ဝမ်လေ့ - "ဟားဟား...ငါတော့ ဘေးအိမ်က ကောင်ကို စည်းရုံးပြီးပြီ၊ အခု မျိုးစေ့တွေနဲ့ လူတွေပါ ခေါ်ပြီး ပြန်လာနေပြီ"
ကျောက်ရှောင်ချွမ်း - "စည်းရုံးတယ် ဟုတ်လား။ ဘယ်လိုလုပ်တာလဲ ငါ့ကို သင်ပေးဦး၊ ငါလည်း ရောက်ခါနီးပြီ"
ဝမ်လေ့ - "ဟားဟား... လက်သီးနဲ့ စည်းရုံးတာလေ။ လိုက်မှာလား၊ မလိုက်ရင် အသေသတ်မယ်လို့ မေးလိုက်တာပဲ။ ထူးထူးခြားခြား သင်ပေးစရာ မရှိပါဘူး"
ကျောက်ရှောင်ချွမ်း - "သောက်ကျိုးနည်း"
ဝမ်ကွေ့ရှင်း - "ဝမ်လေ့ ပြောတာ မှန်တယ်။ မလိုက်ရင် ရိုက်သတ်လိုက်ရုံပဲလေ၊ ဘာပြဿနာ ရှိလို့လဲ။ ငါလည်း ချင်ယွမ်လုံနဲ့ ချင်ယွမ်ဟုတို့ ညီအစ်ကိုနဲ့ ဆုံပြီ။ ဒီညီအစ်ကိုတွေက တကယ်ကို ကြွက်သားတွေနဲ့ သန်မာလိုက်တာ၊ ဟိဟိ..."
ချင်ယွမ်ဟု - "..."
ချင်ယွမ်လုံ - "ငါတို့ အခု ပတ်ဝန်းကျင်က လူတွေကို ကိုင်တွယ်နေတယ်၊ သစ်ပင်အိမ် နှစ်လုံးကို ရှင်းပြီးပြီ။ တစ်ယောက်ကတော့ စကားနားမထောင်လို့ ဝမ်ကွေ့ရှင်း ကန်သတ်လိုက်လို့ သေသွားပြီ၊ ကျန်တဲ့ တစ်ယောက်ကိုတော့ ခေါ်လာခဲ့တယ်"
ဝမ်လေ့ - "ကန်သတ်လိုက်တယ်... သူက ဒိုင်နိုဆောမကြီးလိုပဲ"
ဝမ်ကွေ့ရှင်း - " ဘာလဲ နင် ဒီအဖွဲ့ထဲမှာ အသန်မာဆုံးဖြစ်တဲ့ ငါ့ကို စိန်ခေါ်ချင်လို့လား"
ဝမ်လေ့ - "မဟုတ်ပါဘူး... ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်..."
ဝမ်ကွေ့ရှင်း - "ငါ အခု စိတ်အခြေအနေ ကောင်းနေလို့ နင့်နဲ့ ရန်မဖြစ်တော့ဘူး"
ကျောက်ရှောင်ချွမ်း - "ဒါနဲ့... မင်းတို့ပြောတဲ့ နွယ်ပင်တွေ ပိုထူလာပြီး သန်မာလာတယ်ဆိုတာလေ၊ ငါ စမ်းကြည့်တယ်၊ ဒါပေမဲ့ ဒီဘက်မှာတော့ ဘာမှ မပြောင်းလဲဘူး။ အရင်လို နွယ်ပင်တွေပါပဲ"
ဝမ်ကွေ့ရှင်း - "ဒီမှာလည်း အတူတူပဲ၊ သာမန် မျိုးဗီဇပြောင်း နွယ်ပင်တွေပဲလေ။ ပိုထူလာတာမျိုး မတွေ့မိပါဘူး"
ထိုစကားများကြောင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
"ဒါဆို ဒီဘက် နေရာပဲ ထူးခြားနေတာလား"
ကျိချောင်းယန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည်။
"ဖြစ်နိုင်တာက အဲဒီနေရာလေးကပဲ ထူးခြားနေတာ ဖြစ်လိမ့်မယ်"
ရွှီရှင်းက လီဝမ်ရှီး၏ အိမ်ဘက်ကို လက်ညှိုးညွှန်ပြလိုက်၏။
ထိုနေရာမှာ သူတို့ အရင်က နွယ်ပင်တွေကို စမ်းသပ်ခဲ့ကြတာ မဟုတ်လား။
"အင်း... ဖြစ်နိုင်တယ်"
ကျိချောင်းယန် ခေါင်းညိတ်လိုက်သည်။
"အဲဒီနေရာမှာ တစ်ခုခု ရှိနေလို့ နွယ်ပင်တွေက ပိုသန်မာလာတာလား"
ရွှီရှင်းက ငွေရောင်ဘုရင်၏ ထူးဆန်းသော အပြုအမူကို ရုတ်တရက် သတိရသွား၏။
သူသည် မြေပြင်တွင် လဲလျောင်းနေသော ငွေရောင်ဘုရင်ကို လှမ်းကြည့်လိုက်၏။
လီယာကျွင်း၏ နယ်မြေကနေ ထွက်လာပြီးကတည်းက ငွေဘုရင်၏ ခန္ဓာကိုယ်မှာ တောက်ပနေတဲ့ သွေးရောင်အစင်းကြောင်းတွေ ထပ်မပေါ်လာတော့ချေ။
လီယာကျွင်း၏ သစ်ပင်အိမ်မှာလည်း သူတို့ နွယ်ပင်တွေကို စမ်းသပ်ခဲ့တဲ့ နေရာနဲ့ အလွန်နီးသည်။
ဒါတွေက ဆက်စပ်နေတာလား။
အဲဒီနေရာမှာ တကယ်ပဲ တစ်ခုခု ရှိနေတာလား။
ရွှီရှင်းက ငွေရောင်ဘုရင်၏ ထူးဆန်းသော အပြုအမူအကြောင်းကို ကျိချောင်းယန်အား ပြောပြလိုက်၏။
"ငွေရောင်ဘုရင်က ပိုပြီး သန်မာလာတာပေါ့... ဒါဆို ဒီနေ့ အဲဒီနေရာကိုပဲ အဓိကထားပြီး စူးစမ်းကြရအောင်"
ကျိချောင်းယန်က ဆုံးဖြတ်လိုက်သည်။
"ငါ့အိမ်နားမှာလည်း ထူးခြားတဲ့ နေရာတစ်ခု ရှိသေးတယ်"
ရွှီရှင်းက သတ္တုရိုင်းထွက်တဲ့ တောင်ကုန်းနဲ့ ဆားတွင်းဂူကို ရည်ညွှန်းပြီး ပြောလိုက်၏။
"ခံစစ်တိုက်ပွဲ ပြီးကတည်းက အဲဒီကို မရောက်ဖြစ်သေးဘူး"
"ငါ့အိမ်နားမှာလည်း ထူးခြားတဲ့ နေရာတစ်ခု ရှိတယ်လေ၊ ငါတို့ အိမ်တွေကလည်း မဝေးဘူးဆိုတော့ အတူတူ သွားကြတာပေါ့"
ကျိချောင်းယန် ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့၊ လမ်းကြောင်းကလည်း တစ်ဆက်တည်းပဲ။ အရင်ဆုံး လီယာကျွင်း အိမ်နားကို သွားမယ်၊ ပြီးရင် ငါ့ဆီ၊ နောက်ဆုံးမှ မင်းဆီ သွားကြမယ်"
သူတို့ ခရီးစဉ်ကို အတည်ပြုလိုက်ကြ၏။
ထိုအချိန်မှာပင် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့သည် ဟင်း လေးပန်းကန်ကို ကိုင်ကာ ထွက်လာကြသည်။
" ဒီမှာ ဟင်းသုံးမျိုးနဲ့ ဟင်းချိုတစ်မျိုး၊ ဘယ်လိုလဲ။ မဆိုးဘူး မဟုတ်လား"
လီဝမ်ရှီးက ဟင်းပန်းကန်တွေကို စားပွဲပေါ် တင်လိုက်ရင်း - "ဒီဟင်းနှစ်မျိုးကို ကျွန်မ ကိုယ်တိုင် ချက်ထားတာနော်။ ဒါပေမဲ့ ဟင်းခတ်အမွှေးအကြိုင် သိပ်မရှိတာကြောင့် သာမန် ဆီသတ်ချက်လေးပါပဲ" ဟု ဆိုသည်။
"... ဒီလောက်အထိ အသားဟင်းတွေ ပါတာလား။ ပါဝင်ပစ္စည်းတွေက အများကြီးပဲနော်"
ရွှီရှင်းက စားပွဲပေါ်က ဟင်းတွေကို ကြည့်ပြီး အံ့သြသွား၏။
ချီရွှယ်ဖေးဆီမှာ အအေးခန်း မရှိချေ။
ဒါ့အပြင် ဒီဟင်းတွေကိုလည်း သူ တစ်ခါမှ မမြင်ဖူးချေ။
ဒါတွေက ဆေးဘက်ဝင် အပင်တွေများလား။
သူ ထင်ထားသည့်အတိုင်းပင် ချီရွှယ်ဖေးက ဟင်းပန်းကန်တွေကို စားပွဲပေါ် တင်လိုက်ရင်း - "ဒါတွေက ငါ့ရဲ့ စိုက်ပျိုးခန်းမှာ စိုက်ထားတဲ့ ဆေးပင်တွေကို ဆီသတ်ထားတာလေ၊ အရမ်း တန်ဖိုးရှိတာမို့ ကုန်အောင် စားကြပါ" ဟု ပြောလိုက်၏။
ဆေးဘက်ဝင် အပင်တွေ ဟုတ်လား။
"ဗိုက်ဆာပြီ..."
ခဲခဲလေးက ရွှီရှင်း၏ ရင်ခွင်ထဲ တိုးဝင်လာသော်လည်း၊ အစားအသောက် ဝါသနာပါတဲ့ ဒီကောင်မလေးက ဆေးပင်တွေဆိုတာ ကြားတော့ အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
ရွှီရှင်း၏ မျက်ခုံးများ လှုပ်သွား၏။
"အစ်မက ပုံမှန်လည်း ဆေးပင်တွေကို စားတာလား"
"ငါ့အတွက်တော့ ဆေးပင်တွေက ဟင်းသီးဟင်းရွက်တွေထက် ရှာရ ပိုလွယ်တာကိုး"
ချီရွှယ်ဖေးက အားလုံးကို ထမင်းစားတူတွေ ကမ်းပေးလိုက်ရင်း ထိုင်လိုက်သည်။
"ဒါ့အပြင် ဆေးပင်တွေကို သေသေချာချာ တွဲဖက်စားရင် ခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်လေ။ ကမ္ဘာမြေမှာဆို ဒါတွေက ဈေးအရမ်းကြီးတာ။ အခု တောအုပ်ကြီးကလည်း ခြောက်သွေ့နေသလို၊ ကုန်သွယ်ရေးစနစ်မှာလည်း ဟင်းသီးဟင်းရွက်တွေ မရောင်းကြဘူးဆိုတော့ ဒါတွေရှိနေတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာပေါ့"
"ဆေးပင်တွေက စားလို့ကောင်းလား"
ကျိချောင်းယန်က စိတ်ဝင်စားဟန်ဖြင့် တူ နှင့် ဟင်းတစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"အင်း... အရမ်းကြီးတော့ မကောင်းဘူး။ နည်းနည်း ခါးတယ်၊ ဒါပေမဲ့ စားလို့တော့ ရပါတယ်"
"အော့... ခါးလိုက်တာ၊ ဒါပေမဲ့ မွှေးတော့ မွှေးသားပဲ။ ဆေးပင်ဆီသတ်ထားတာကို စားဖူးတာ ဒါ ပထမဆုံးပဲ"
လီဝမ်ရှီးကလည်း စတင် စားသောက်နေပြီ ဖြစ်သည်။
"နင်တို့လည်း ဒီအသားဟင်းကို မြည်းကြည့်ပါဦး။ အတော်လေးတော့ ကောင်းပါတယ်၊ နည်းနည်း ခါးပေမဲ့ မွှေးတယ်"
အနည်းငယ် စားပြီးနောက် ရွှီရှင်း၏ နှုတ်ခမ်းများ တုန်ယင်သွား၏။
သူ့ပါးစပ်တစ်ခုလုံး ခါးသက်တဲ့ အရသာနဲ့ ပြည့်နှက်သွားသည်။
လက်ရှိ သူတို့ဆီမှာ အခါးဒဏ်ကို ဖုံးကွယ်ပေးနိုင်မယ့် ပဲငပိ သို့မဟုတ် ငရုတ်သီးလိုမျိုး ဟင်းခတ်ပစ္စည်းတွေ မရှိချေ။
ဆားပဲ ရှိ၏။ ဒါပေမဲ့ ဆားက အစားအသောက်ရဲ့ လတ်ဆတ်မှုကို မြှင့်တင်ပေးတာကြောင့် ဆေးပင်ရဲ့ အခါးဓာတ်ကို ပိုပြီးတောင် ပေါ်လွင်စေသည်။
ဒီဟင်းတွေက တကယ့်ကို သည်းမခံနိုင်လောက်အောင် ခါးလှပေသည်။
"အော့..."
ခဲခဲလေးကတော့ တစ်လုပ်ပဲ စားပြီး ဆက်မစားတော့ချေ။
သူမက လက်သည်းလေးနဲ့ ရွှီရှင်းကို တွန်းလိုက်ရာ သူ သဘောပေါက်သွားသည်။
သူက ပန်းသီးတစ်လုံး ကမ်းပေးလိုက်ရာ ကောင်မလေးက ပါးစပ်နဲ့ကိုက်ပြီး ဘေးမှာ သွားစားနေတော့သည်။
ဒီလိုနဲ့ သူတို့ လေးယောက်ဟာ ဆေးပင်ကိုဆီသတ်ချက်ထားတဲ့ ထမင်းဝိုင်းကို အနိုင်နိုင် စားသောက်လိုက်ကြ၏။
"ဝါး... ဒီထမင်းဝိုင်းကတော့... တကယ်ကို ထူးခြားတာပဲ"
လီဝမ်ရှီးက လျှာလေးထုတ်ပြ၏။
"အရမ်း ခါးတာပဲ"
"... အစ်မရွှယ်ဖေး၊ နောက်ကျရင် ဟင်းသီးဟင်းရွက်တွေ လိုရင် ကျွန်တော်တို့ဆီက တောင်းပါ..."
ရွှီရှင်း ပါးစပ်ထဲမှာ ခါးသက်နေသည်။
ဒီအရသာက အတော်ကြာအောင် ပါးစပ်ထဲမှာ ကျန်နေဦးမှာ ဖြစ်ပေသည်။
ရှေးလူကြီးတွေရဲ့ အဆိုကိုတော့ ယုံရမည်။
စားလို့မရတာ ဘာမှမရှိဘူးဆိုပေမဲ့၊ စားလို့ကောင်းတာတွေကိုတော့ အစားအစာအဖြစ် လုပ်ခဲ့ကြပြီး၊ စားလို့မကောင်းတာတွေကိုတော့ ဆေးဝါးအဖြစ် လုပ်ခဲ့ကြတာ မဟုတ်လား။
ဒီစကားက ရယ်စရာလိုလို ဖြစ်ပေမဲ့၊ ဆေးပင်နဲ့ အသားကို ဆီသတ်ချက်တာကတော့... တကယ့်ကို စားလို့မကောင်းလှချေ။
"ငါကတော့ အဆင်ပြေပါတယ်"
ချီရွှယ်ဖေးကတော့ အခါးဒဏ်ကို ခံနိုင်ရည်ရှိနေသလား သို့မဟုတ် အသားကျနေသလား မသိနိုင်ချေ။
သူမကတော့ တစ်ချိန်လုံး ပုံမှန်အတိုင်းပဲ စားသွားသည်။
"ငါလည်း အဆင်ပြေတယ်လို့ ထင်တယ်"
ကျိချောင်းယန်က တူကို ချလိုက်ရင်း ပြုံးလျက် ပြောသည်။
"တကယ်တော့ ကြက်ဟင်းခါးသီးလောက် မခါးပါဘူး၊ ငါကတော့ ကြက်ဟင်းခါးသီး သုပ်ကိုတောင် ကြိုက်သေးတယ်"
ရွှီရှင်း နှုတ်ခမ်း များတုန်ယင်သွားရသည်။
ကြက်ဟင်းခါးသီး သုပ် ဟုတ်လား... အဲဒါက တကယ်ပဲ လူစားတဲ့ အရာလား...။
"ဒီအကြောင်းတွေ ထားလိုက်ပါတော့။ အားလုံးလည်း ဗိုက်ဝပြီဆိုတော့၊ အချိန်ကလည်း အဖိုးတန်တာမို့ ငါတို့ ထွက်ကြစို့"
သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ပြီး ထရပ်လိုက်၏။
"အီး"
ခဲခဲလေးက နှစ်ချက်တည်းနဲ့ သူ့ပုခုံးပေါ် တွယ်တက်လာသည်။
ငွေရောင်ဘုရင်နှင့် မြင်းဖြူ တို့လည်း ထရပ်လိုက်ကြ၏။
"အင်း... ဘယ်လို သွားကြမှာလဲ။ ငါတော့ ဝံပုလွေကို နောက်တစ်ခါ ထပ်မစီးချင်တော့ဘူး..."
ချီရွှယ်ဖေးက ငွေရောင်ဘုရင်ကို လှမ်းကြည့်လိုက်သည်။
ဒီလောက် ခါးတဲ့ ဟင်းတွေကို စားတုန်းကတောင် မျက်နှာမပျက်တဲ့ သူမဟာ ဝံပုလွေစီးရမယ့် အရေး တွေးလိုက်တာနဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားရသည်။
သူမအတွက်တော့ ဒါဟာ တကယ့်ကို စိတ်ဒဏ်ရာ ဖြစ်သွားပုံရပေသည်။
"ဟိုမှာ မြင်းရှိတာပဲ၊ ကျိချောင်းယန်နဲ့ပဲ လိုက်ခဲ့လေ"
လီဝမ်ရှီးက ငွေရောင်ဘုရင်ထက်တောင် ပိုကြီးမားတဲ့ မြင်းကြီးကို ညွှန်ပြလိုက်သည်။
"ငါ ခေါ်သွားပေးလို့ ရပါတယ်"
ကျိချောင်းယန်က ခေါင်းညိတ်ပြရင်း - "စိတ်မပူပါနဲ့၊ မြင်းစီးရတာက ဝံပုလွေစီးရတာထက် အများကြီး ပိုငြိမ်ပါတယ်" ဟု ဆို၏။
"အင်း... ဒါဆိုရင်လည်း ကောင်းပါပြီ"
ချီရွှယ်ဖေးက ကျိချောင်းယန်ကို တစ်ချက်ကြည့်ပြီး သဘောတူလိုက်၏။
သူတို့ လေးယောက် သစ်ပင်အိမ်အောက်သို့ ဆင်းလာခဲ့ကြသည်။
ရွှီရှင်းက လီဝမ်ရှီးကို ဝံပုလွေကျောပေါ် တင်ပေးလိုက်ပြီးမှ သူတက်လိုက်၏။
တစ်ဖက်မှာတော့ ကျိချောင်းယန်က မြင်းဖြူပေါ် တက်လိုက်ရာ၊ ချီရွှယ်ဖေးက သူ့နောက်ကနေ ခါးကို ဖက်ပြီး ထိုင်လိုက်သည်။
"ဝါး... ရှင်တို့နှစ်ယောက်က ကြည့်ရတာ အရမ်းလိုက်ဖက်တာပဲ၊ တကယ့် မင်းသားလေးနဲ့ စနှိုးဝိုက်အတိုင်းပဲ"
လီဝမ်ရှီးက ရွှီရှင်းကို မှီထားရင်း ခဲခဲလေးကို ချီကာ စနောက်လိုက်၏။
"ဒီကောင်မလေးကတော့... လျှောက်မပြောနဲ့လေ"
ချီရွှယ်ဖေးက လီဝမ်ရှီးကို မျက်စောင်းထိုးလိုက်ရာ၊ လီဝမ်ရှီးကတော့ တခစ်ခစ် ရယ်နေတော့သည်။
"ရွှီရှင်း၊ မင်းပဲ လမ်းပြလိုက်တော့။ အရင်ဆုံး လီယာကျွင်းရဲ့ နယ်မြေကို သွားကြည့်ကြရအောင်"
ကျိချောင်းယန်ကတော့ သူတို့စနောက်နေတာကို မကြားချင်ယောင်ဆောင်ရင်း ရွှီရှင်းကို ပြောလိုက်သည်။
"အိုကေ"
ရွှီရှင်း ခေါင်းညိတ်လိုက်ပြီး ငွေရောင်ဘုရင်ကို အမိန့်ပေးလိုက်သည်။
"ငွေရောင်ဘုရင် အရင်က ပျက်စီးသွားတဲ့ သစ်ပင်အိမ်ဆီကို သွားစို့"
"ဝူးးးး"
ငွေဘုရင်က တစ်ချက် ဟိန်းလိုက်ပြီး ရှေ့သို့ ဒုန်းစိုင်းပြေးတော့သည်။
ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြသည်။
"ဟေး... ဟေး... ရွှီရှင်း၊ ရှင်ရော ကျိချောင်းယန်နဲ့ မမရွှယ်ဖေးနဲ့ လိုက်ဖက်တယ်လို့ မထင်ဘူးလား"
လီဝမ်ရှီးက သူ့ကို နောက်ကနေ တိုးတိုးလေး မေးလိုက်၏။
"ရုပ်ရည်ရော၊ အသက်ရောဆိုရင် သူတို့က တကယ့်ကို လိုက်ဖက်တာနော်"
"မင်းကတော့လေ..."
ရွှီရှင်းက သူမကို ဘာမှမတတ်နိုင်သလို တစ်ချက်ကြည့်လိုက်သည်။
"သူတို့ ဒီနေ့မှ လူချင်းတွေ့တာကို၊ မင်းက သွားပြီး အတွဲလုပ်ပေးချင်နေပြီလား"
"ဟိဟိ... ကြည့်ရတာ အရမ်းလိုက်ဖက်လို့ပါနော်။ စဉ်းစားကြည့်လေ၊ ကျိချောင်းယန်က မမရွှယ်ဖေးထက် တစ်နှစ်ပဲ ကြီးတာဆိုပေမဲ့၊ သူတို့ အတူတူရှိနေတာက မောင်လေးက အစ်မကို ချစ်နေရသလိုမျိုး လေးနဲ့ အရမ်း ရင်ခုန်ဖို့ ကောင်းတယ်လေ"
လီဝမ်ရှီးက တွေးကြည့်ရင်း ပိုပြီး ဟုတ်နေသလို ခံစားနေရသည်။
"မင်းကတော့ တကယ့်ကို အချစ်ဇာတ်လမ်း ဝါသနာအိုးပဲ"
ရွှီရှင်းက သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"အအေးဒဏ်ကလည်း လာတော့မှာဆိုတော့ ဘေးအန္တရာယ်တွေအတွက် သတိရှိဦးနော်"
"ဟိဟိ... အားလုံးနဲ့ အတူရှိနေရတော့ ကျွန်မ အရမ်း ဘေးကင်းတယ်လို့ ခံစားရလို့ပါ"
ပြောပြောဆိုဆိုနှင့် လီဝမ်ရှီးက ဝံပုလွေကျောပေါ်မှာ ဘေးတိုက် ထိုင်လိုက်ပြီး၊ ရွှီရှင်းကို လက်နှစ်ဖက်နဲ့ ဖက်ကာ ရင်ခွင်ထဲမှာ ခေါင်းလေးဝှက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"ငါတို့ အားလုံး အတူတူ ကြိုးစားရင် ဒီအခက်အခဲကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်မှာပါ"
"အရှိန်လေး နည်းနည်း လျှော့ပါဦး၊ ငွေရောင်ဘုရင်က တောအုပ်ထဲမှာ အရမ်းမြန်လွန်းလို့ ငါတို့ လိုက်မမှီတော့ဘူး"
ကျိချောင်းယန်၏ အသံမှာ အနောက်ဘက်မှ ထွက်ပေါ်လာ၏။
"ဪ... အိုကေ"
ရွှီရှင်းက ပြန်ထူးလိုက်ကာ ငွေရောင်ဘုရင်ကို အရှိန်နည်းနည်း လျှော့ခိုင်းလိုက်သည်။
မကြာမီမှာပင် သူတို့ လေးယောက်သား မာဟုန်ယွီ၏ ပျက်စီးသွားသော သစ်ပင်အိမ် အပျက်အစီးပုံကို မြင်လိုက်ရသည်။
ချီရွှယ်ဖေးသည် ကျိချောင်းယန်၏ ခါးကို ဖက်ထားရာမှ လွှတ်လိုက်ရာ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေ၏။
ကြည့်ရသည်မှာ မြင်းစီးရတာကလည်း သူမအတွက်တော့ သိပ်ပြီး သက်တောင့်သက်သာ မရှိလှချေ၊ ဒါပေမဲ့ ဝံပုလွေစီးတာထက်စာရင်တော့ အများကြီး ပိုကောင်းနေသည်။
"ဒါက မာဟုန်ယွီရဲ့ အိမ်ပဲ၊ သူ့ကိုတော့ ဒီအနားမှာပဲ မြှုပ်ထားတယ်"
ရွှီရှင်းက ရှင်းပြလိုက်သည်။
"ဘယ်သူ့ကို မြှုပ်ထားလဲဆိုတာ ငါ မသိချင်ပါဘူး"
ကျိချောင်းယန်က ခေါင်းခါ၏။
"ဆက်သွားကြရအောင်။ တောင်ဘက်က သစ်ပင်အိမ်က လီယာကျွင်းရဲ့ အိမ် မဟုတ်လား"
"ဟုတ်တယ်၊ အဲဒါက..."
ရွှီရှင်း စကားပြောရင်း ရုတ်တရက် ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
အားလုံးက ရွှီရှင်းကို လှည့်ကြည့်လိုက်ကြ၏။
ရွှီရှင်း၏ မျက်လုံးများက အပျက်အစီးပုံရဲ့ နောက်ကွယ်က နေရာတစ်ခုဆီမှာ ရပ်တန့်နေသည်။
သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်ကြတဲ့အခါ အားလုံးရဲ့ မျက်လုံးများ ကျုံ့သွားကြ၏။
ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ တောက်ပတဲ့ အနီရောင် ပန်းတစ်ပွင့်ဟာ လေထဲမှာ ယိမ်းနွဲ့နေလေသည်။
အဲဒါက အမြင့် တစ်ပေခွဲလောက်ရှိတဲ့ ပန်းတစ်ပွင့်ဖြစ်ပြီး၊ အဝါရောင် ဝတ်ဆံတွေနဲ့အတူ တောက်ပတဲ့ အနီရောင် ပွင့်ဖတ်တွေ ရှိကာ ထူးခြားတဲ့ အလှတရားတစ်ခုကို ဖော်ဆောင်နေ၏။
"... သွေးမြူပန်းလား"
---
အခန်း ၂၇၀ ပြီး။