အခန်း (၈၃၁-၈၃၂)
Vol. 84 Ch. 831-832
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၁ + ၈၃၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သခင်လေးဖန်းချန် ထိတ်လန့်မှု အပြည့်ဖြင့် အော်ဟစ်လိုက်၏။ "ဟင့်အင်း... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဒီလိုမျိုး လုံးဝမဖြစ်နိုင်ဘူး။ ငါ့စွမ်းအားက မင်းထက် အဆတစ်ရာ၊ တစ်ထောင်မက ပိုများတယ်။ မင်းက ပုရွက်ဆိတ်တစ်ကောင်သာသာပဲ။ မင်းကို ငါ အလွယ်လေး ဖိချေပစ်လို့ရတယ်ကွ"
အဘယ်ကြောင့် ဤသို့ဖြစ်ပျက်သွားရသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။
သခင်လေးဖန်းချန်၏ စွမ်းအားက တုပိုင်ထက် အဆတစ်ရာမက ပိုမိုအစွမ်းထက်နေသည် မဟုတ်ပါလော။ တုပိုင်၏ ဘေးပတ်လည်ရှိ လူများပင်လျှင် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြ၏။
သခင်လေးဖန်းချန်၏ ခန္ဓာကိုယ် ထက်ပိုင်းပြတ်သွားသော်လည်း သူက လုံးဝမသေသေးပေ။ ဤကဲ့သို့ အဘယ်ကြောင့် ဖြစ်ပျက်သွားရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။
သူက တုပိုင်အား လက်တစ်ချောင်းတည်းဖြင့် အလွယ်တကူ ဖိချေပစ်နိုင်ပါလျက် တုပိုင်က သူ့ကို အဘယ်ကြောင့် ရုတ်တရက် ထက်ပိုင်းပိုင်းပစ်နိုင်ခဲ့သနည်း။
သူသည် လောက၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဤကမ္ဘာလောကတစ်ခုလုံးတွင် ဒုတိယမြောက် အစွမ်းအထက်ဆုံးသူ ဖြစ်နေပါလျက် အဘယ်ကြောင့် ရှုံးသွားရ သည်နည်း။
သခင်လေးဖန်းချန် အဆက်မပြတ် မေးခွန်းထုတ်နေမိ၏။ "ဘာလို့လဲ... ဘာဖြစ်လို့လဲ"
သို့သော် မည်သူကမျှ ပြန်လည်ဖြေကြားခြင်း မရှိဘဲ တုပိုင်ကသာ ဝမ်းနည်းမှုအပြည့်ရှိသော မျက်လုံးများဖြင့် သူ့ကို ငုံ့ကြည့်နေသည်။
တုပိုင် သက်ပြင်းချလိုက်၏။ "ဖန်းချန်... မင်းပြောတာ မှန်ပါတယ်။ မင်း ငါ့ကို တခြားကမ္ဘာမြေမှာ တွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့ပေမဲ့ မင်းဘယ်သူလဲဆိုတာကို ငါ တကယ် မမှတ်မိဘူး။ ငါက ပုရွက်ဆိတ်တစ်ကောင်မို့လို့ လက်တစ်ချောင်းတည်းနဲ့ အသေဖိချေပစ်မယ်လို့ မင်းပြောခဲ့တယ်။ ဒါပေမဲ့ ငါ မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ့် ဇာတ်သိမ်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကြိုသိနေခဲ့တာ။ အခု ရလဒ်ကလည်း ငါ စိတ်ကူးထားတဲ့အတိုင်း ကွက်တိပဲ"
သခင်လေးဖန်းချန် တုန်ရီစွာဖြင့် မေးလိုက်၏။ "ဘာလို့လဲ... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် အဆတစ်ရာလောက် ပိုအစွမ်းထက်နေတာလေ"
တုပိုင် ပြန်ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ မင်းက အသုံးမဝင်တော့လို့ပဲ။ ငါက ဒါကို မြင်ပေမဲ့ မင်းကတော့ မမြင်ခဲ့ဘူးလေ။ မင်းရဲ့ တာဝန် ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မင်းရဲ့ သခင်က မင်းကို ငါ့ဆီ လက်ဆောင်အဖြစ် ပေးလိုက်တာပဲ"
သခင်လေးဖန်းချန် မယုံကြည်နိုင်စွာဖြင့် မိစ္ဆာဘုရင်ကြီးထံသို့ လှမ်းကြည့်လိုက်လေ၏။
မီတာတစ်ထောင်ခန့် မြင့်မားသော မိစ္ဆာဘုရင်ကြီး အလွန်တည်ငြိမ်သော အကြည့်များဖြင့် ဖြည်းညင်းစွာ ပြောလာသည်။ "ဖန်းချန်... တကယ်တော့ မင်းက တုပိုင်လောက် ဉာဏ်မကောင်းဘူးပဲ။ သူက ဒါကို သိမြင်နေတာ ကြာလှပြီ။ မင်းကတော့ အမြဲတမ်း စည်းစိမ်အိပ်မက်ထဲမှာပဲ လွင့်မျောနေတာကိုး"
တုပိုင် မိစ္ဆာဘုရင်ကို ကြည့်ကာ စကားစလိုက်၏။ "အရှင် မိစ္ဆာဘုရင်... ပျက်စီးခြင်း စစ်ပွဲက တရားဝင် စတင်ပြီပဲ"
လောကဖျက်မိစ္ဆာဘုရင်ကြီးက မေးလိုက်သည်။ "မင်း တကယ် စတင်ချင်တာ သေချာလား"
တုပိုင် ပြန်တုံ့ပြန်လိုက်၏။ "သေချာတာပေါ့"
မိစ္ဆာဘုရင်ကြီးက ထပ်မေးသည်။ "ဇာတ်သိမ်း ဘယ်လိုလာမယ်ဆိုတာ မင်း သိနေရက်နဲ့တောင် စချင်သေးတာလား"
တုပိုင် ပြတ်သားစွာ ဖြေလိုက်၏။ "သေချာတာပေါ့"
မိစ္ဆာဘုရင်ကြီး အမိန့်ပေးလိုက်သည်။ "ဒါဆိုလည်း စကြတာပေါ့"
တုပိုင် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ယံသို့ ဝှေ့ယမ်းလိုက်လေ၏။
ရုတ်တရက် ရွှေရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားတော့သည်။ ယင်းမှာ လမ်းပြအလင်းတန်းတစ်ခုအလား တိကျသော တည်နေရာတစ်ခုကို လင်းလက်သွားစေသကဲ့သို့ပင် ဖြစ်ပေ၏။
"ဟိန်းးး"
ထိုအချိန်တွင် ကောင်းကင်ကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် အရှည် မီတာငါးရာခန့်ရှိသော ဧရာမ အရိုးနဂါးကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာကာ လောကကြီးအား အုပ်စိုးမည့် ဘုရင်တစ်ပါးအလား ကောင်းကင်ယံ၌ ဝဲပျံနေလေ၏။
တုပိုင် ဧရာမ အရိုးနဂါးကြီး၏ ခေါင်းပေါ်သို့ ရုတ်တရက် ခုန်တက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ တုပိုင် နဂါးကြီး၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလိုက်ခြင်းပင် ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီးနောက် သူသည် ထိုအရိုးနဂါးကြီးနှင့် အပြည့်အဝ ပေါင်းစပ်သွားတော့သည်။
"ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးး"
တုပိုင်နှင့် အရိုးနဂါးကြီးတို့ တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် ကောင်းကင်ယံမှနေ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်များ ထွက်ပေါ်လာတော့၏။
ကောင်းကင်ကြီး တစ်ခုလုံးမှာ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ဆုတ်ဖြဲခံလိုက်ရမတတ် ဖြစ်သွားရသည်။ နေရောင်ခြည်များ ဖြာကျလာလေ၏။ နေရောင်ခြည် ကျရောက်ရာ နေရာတိုင်းရှိ အပြာရောင် နှင်းပွင့်များအားလုံး ပျောက်ကွယ်သွားကြတော့သည်။
ဤမြေအောက်ကမ္ဘာသည် မိစ္ဆာဘုရင်ကြီး၏ နယ်မြေဖြစ်ပေ၏။ သူ၏ ခန္ဓာကိုယ်ကြီးသည် ဤနေရာ၌ မိုင်တစ်ထောင်ကျော်အထိ ဖြန့်ကြက်တည်ရှိနေပြီး ဤနေရာတစ်ခုလုံးကို သူ၏ ပင်မနယ်မြေအဖြစ် ပြောင်းလဲထားခဲ့ပြီး ဖြစ်သည်။
ဤနေရာ၌ မိစ္ဆာဘုရင်ကြီးကို တိုက်ခိုက်ရသည်မှာ အလွန်တရာ ဒုက္ခများလှ၏။ ထို့ကြောင့် တုပိုင်နှင့် ဧရာမ နဂါးကြီးတို့သည် နေရောင်ခြည်များ ဝင်ရောက်လာစေရန်နှင့် မိစ္ဆာဘုရင်ကြီး၏ ပင်မနယ်မြေ အားသာချက်ကို ပျက်ပြယ်သွားစေရန်အတွက် ဤမြေအောက်ကမ္ဘာ၏ စွမ်းအင် အတားအဆီးလွှာကို အသည်းအသန် ဆုတ်ဖြဲရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
"ရွှစ်းးး ရွှစ်းးး ရွှစ်းးး"
နေရောင်ခြည် တောက်ပရာ နေရာတိုင်းရှိ အပြာရောင် မြေအောက်ကမ္ဘာ၏ အငွေ့အသက်များ အားလုံး ဖယ်ရှားခံလိုက်ရတော့၏။
မိစ္ဆာဘုရင်ကြီးက တည်ငြိမ်စွာဖြင့် မှတ်ချက်ချလိုက်သည်။ "အရမ်းကို ဉာဏ်ကောင်းတဲ့ ချဉ်းကပ်မှုပဲ"
ဧရာမ အရိုးနဂါးကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော တုပိုင် ဖြည်းညင်းစွာ ဆိုလာ၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ခြောက်ရာတုန်းက ငါ မင်းရဲ့ခေါင်းကို ဖြတ်နိုင်ခဲ့သလို... ဒီနေ့လည်း ငါ ဖြတ်နိုင်ဦးမှာပဲ"
မိစ္ဆာဘုရင်ကြီး တုံ့ပြန်လိုက်သည်။ "ဒါက အရာအားလုံးရဲ့ အဆုံးသတ်ပဲ"
တုပိုင်နှင့် ဧရာမ နဂါးကြီး၏ အသံများ ပေါင်းစပ်ထွက်ပေါ်လာ၏။ "ဒါဆိုလည်း... နောက်တစ်ကြိမ် အတူတူ သေလိုက်ကြတာပေါ့"
ဧရာမ အရိုးနဂါးကြီး ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်ရာ နေရောင်ခြည်များ ပိုမို တောက်ပစွာ ဝင်ရောက်လာတော့သည်။ ထို့နောက် သူ၏ ဧရာမ နဂါးလက်သည်းကြီး နှစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရာ နေရောင်ခြည်များအားလုံး စုစည်းသွားကြပြီး နောက်ဆုံးတွင် နဂါးလက်သည်းထဲ၌ မီတာရာချီ ရှည်လျားသော နေရောင်ခြည်စစ်သံဓားကြီးတစ်လက်အဖြစ် ဖြစ်တည်သွားတော့၏။
မိစ္ဆာဘုရင်ကြီး ဖြည်းညင်းစွာ ပြောဆိုလာသည်။ "ဒါက ပျက်စီးခြင်း စစ်ပွဲရဲ့ ခံစားချက်ပဲ"
ထို့နောက် သူ၏ ဧရာမ လက်သည်းကြီး နှစ်ခုကို လေထဲသို့ မြှောက်ကိုင်လိုက်လေ၏။ မရေမတွက်နိုင်သော အပြာရောင် မြေအောက်ကမ္ဘာ နှင်းပွင့်များသည် သူ၏ လက်နှစ်ဖက်ကြားတွင် စုစည်းသွားကြပြီး မီတာရာချီ ရှည်လျားသော မြေအောက်ကမ္ဘာ ဓားကြီးတစ်လက်အဖြစ် ဖြစ်တည်သွားတော့သည်။
မီတာငါးရာရှည်လျားသော နဂါးကြီးနှင့် မီတာတစ်ထောင် မြင့်မားသော မိစ္ဆာဘုရင်ကြီးတို့သည် မီတာ သောင်းချီ ကွာဝေးသော နေရာများ၌ အသီးသီး ရပ်တန့်နေကြလေ၏။
ကမ္ဘာကြီး အဆုံးသတ်ရန် အချိန်ရေတွက်ခြင်း။
၃ မိနစ်နှင့် ၂၉ စက္ကန့်။
၃ မိနစ်နှင့် ၂၈ စက္ကန့်။
"သတ်..."
"ကပ်ဘေး..."
"နောက်ထပ် တစ်ကြိမ်... ငါတို့ အတူတကွ သေဆုံးပြီး အစအနမကျန် ပျောက်ကွယ်သွားကြမယ်"
မီတာငါးရာ ရှည်လျားသော နဂါးကြီးသည် အလင်းနှင့် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာဘုရင်ကြီးထံသို့ ပိုင်းချလိုက်တော့၏။ နဂါးကြီးသည် ကြယ်ပွင့်တစ်ပွင့်အလား လျင်မြန်စွာ ပြေးထွက်သွားခြင်းပင် ဖြစ်သည်။
ဤသည်မှာ လောက၏ အထွတ်အထိပ် တိုက်ပွဲကြီးပင် ဖြစ်ပေတော်၏။ မီတာတစ်ထောင် မြင့်မားသော လောကဖျက် မိစ္ဆာဘုရင်ကြီးမှာမူ မလှုပ်မယှက် ရပ်နေဆဲပင် ဖြစ်သည်။
တစ်စက္ကန့် အကြာတွင်တော့ တုပိုင်နှင့် ဧရာမ အရိုးနဂါးကြီးတို့သည် မိစ္ဆာဘုရင်ကြီး၏ ရှေ့မှောက်သို့ ပြေးဝင်သွားကြပြီး သူတို့၏ လက်ထဲရှိ နေရောင်ခြည်စစ်သံဓားကြီးဖြင့် မိစ္ဆာဘုရင်ကြီး၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ချလိုက်ကြတော့၏။
သို့သော် တောင်တန်းကြီးတစ်ခုအလား ကြီးမားလှသော လောကဖျက် မိစ္ဆာဘုရင်ကြီးသည် မလှုပ်မယှက် ရှိနေဆဲပင် ဖြစ်သည်။
"ဟူးးး"
ဧရာမ အရိုးနဂါးကြီး၏ နေရောင်ခြည်စစ်သံဓားကြီးသည် မိစ္ဆာဘုရင်ကြီး၏ ခေါင်းနှင့် တစ်မီတာခန့်အကွာတွင် ရပ်တန့်သွားလေ၏။ ဧရာမ နဂါးကြီးမှာ အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။
တုပိုင်သည်လည်း အေးခဲသွားပုံရ၏။ အဘယ်ကြောင့်ဆိုသော် တုပိုင် ထိန်းချုပ်ခံလိုက်ရသဖြင့် နဂါးကြီးသည်လည်း အလိုအလျောက် ထိန်းချုပ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
မိစ္ဆာဘုရင်ကြီး ဖြည်းညင်းစွာ ရေရွတ်လိုက်၏။ "အရှင်တုပိုင်... အဆုံးသတ်ရလဒ်က ဒါပဲဆိုတာ မင်းသိနေရက်နဲ့ ဘာလို့ ဒီလို လုပ်ရသေးတာလဲ။"
တစ်ချိန်တည်းမှာပင် တုပိုင်၏ စိတ်ထဲတွင်လည်း ထိုအသံ ထွက်ပေါ်လာလေသည်။
"အရှင်တုပိုင်... ရလဒ်က ဒါပဲဆိုတာ မင်းသိနေရက်နဲ့ ဘာလို့ ဒီလို လုပ်ရသေးတာလဲ။"
ဤသည်မှာ... အိပ်မက်စနစ်၏ အသံပင် ဖြစ်၏။ မှန်ပေသည်... ဤသည်မှာ အိပ်မက်စနစ်၏ အသံ ဖြစ်သည်။
တုပိုင် မေးလိုက်သည်။ "မင်း ဒွန်ကီဟိုတေကို သိလား။"
မိစ္ဆာဘုရင်ကြီးက ဖြေ၏။ "ငါသိတယ်... မင်းရဲ့ စိတ်ထဲမှာ ငါ ဖတ်ဖူးတယ်။"
အိပ်မက်စနစ်ကလည်း ဖြေလာသည်။ "ငါသိတယ်... မင်းရဲ့ စိတ်ထဲမှာ ငါ ဖတ်ဖူးတယ်။"
နောက်ဆုံး၌ ထိုအသံနှစ်ခုသည် တဖြည်းဖြည်း တစ်ထပ်တည်း ကျသွားတော့၏။
တုပိုင် စကားစလိုက်သည်။ "ငါ မင်းကို အမြဲတမ်း အိပ်မက်စနစ်လို့ပဲ ခေါ်ခဲ့တာ... မင်းရဲ့ နာမည်ရင်းကို သိခွင့်ရှိမလား။"
အိပ်မက်စနစ်က တုံ့ပြန်၏။ "ငါ့နာမည်က တကယ်ပဲ အိပ်မက်ပါ။"
မိစ္ဆာဘုရင်ကြီးက ထည်ဝါစွာ ကြေညာလိုက်သည်။ "ငါ့နာမည်က အိပ်မက် မိစ္ဆာဘုရင်ပဲ။"
အိပ်မက်စနစ်သည် မိစ္ဆာဘုရင်ပင် ဖြစ်လေသည်။ သူ၏ နာမည်အရင်းမှာ အိပ်မက် မိစ္ဆာဘုရင်ပင် ဖြစ်ပေ၏။
အိပ်မက် မိစ္ဆာဘုရင်က သခင်လေးဖန်းချန်အား လှည့်ပြောလိုက်သည်။ "ဒါကြောင့် တုပိုင်က မင်းထက် အများကြီး ပိုဉာဏ်ကောင်းတယ်လို့ ငါပြောတာပေါ့။ သူက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ငါ့ကို ရိပ်မိနေခဲ့တာ။ မင်းကတော့ အခုချိန်ထိ စည်းစမ်အိပ်မက်ထဲမှာ ယစ်မူးနေတုန်းပဲ။"
တုပိုင် အိပ်မက်စနစ်ကို လွန်ခဲ့သော လအနည်းငယ်ကတည်းက ရိပ်မိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကြီးမြတ်လှသော ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က သူ့ကို အလင်းပြပေးခဲ့သောကြောင့်ပင်။ ယခင် စနစ်ရှင်က သူ့ကို စိတ်ကူးဉာဏ် ကွန့်မြူးစေခဲ့ခြင်း ဖြစ်သည်။
သေချာသည်မှာ ယခင် စနစ်ရှင် ပေးခဲ့သော သဲလွန်စက တုပိုင်ကို အချိန်အတိုင်းအတာတစ်ခုအထိ အတော်လေး ခေါင်းစားသွားစေခဲ့၏။ သူ အိပ်မက်စနစ်၏ ဖျက်ဆီးခြင်းကို မခံရမီလေးတွင် အလွန် ထူးဆန်းသော လက်ဟန်အမူအရာတစ်ခုကို ပြုလုပ်သွားခဲ့သည်။
ဘယ်ဘက်လက်၏ လက်သန်းနှင့် လက်ညှိုးကို ထောင်ထားပြီး၊ ညာဘက်လက်၏ လက်သန်းနှင့် လက်မကို ထောင်ပြသွားခဲ့ခြင်း ဖြစ်၏။ ထိုလက်သင်္ကေတက အလွန်တရာ... ရိုင်းစိုင်းလွန်းလှပေသည်။ ခေတ်သစ်တရုတ်ပြည်မှာ သွားပြပါက အထိုးခံရလိမ့်ပေမည်။
သို့သော်လည်း အလွန် အံ့ဩဖို့ကောင်းနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခင် စနစ်ရှင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးခံလိုက်ရပြီး အသက်မဲ့နေသော လမ်းလျှောက်အလောင်းကောင် တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့်ပင်။
သူသည် အတိုတောင်းဆုံးသော အချိန်လေးအတွင်းမှာပင် အခြားသူများအား အချက်အလက်များ ပေးပို့နိုင်ရန်နှင့် ဆက်ခံသူ တုပိုင်ထံသို့ သတင်းပေးပို့နိုင်ရန် ထိုလက်ဟန်အမူအရာကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုလက်ဟန်ကို မည်သို့ အဓိပ္ပာယ်ဖော်ရမည်နည်း။
ဘယ်ဘက်လက်၏ လက်သန်းသည် အသေးဆုံးဖြစ်သဖြင့် သေးငယ်သည်ဟု ယူဆရမည်။ ညာဘက်လက်၏ လက်သန်းသည်လည်း အသေးဆုံးဖြစ်ကာ သေးငယ်သည်ဟုပင် ယူဆရသော်လည်း ဒုတိယမြောက် သေးငယ်မှုဖြစ်သဖြင့် 'တူညီသည်' ဟု အဓိပ္ပာယ်ရပေသည်။
ဘယ်ဘက်လက်၏ လက်ညှိုးကိုမူ နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ကဲ့သို့ 'ဝါးမျိုစားသုံးခြင်း' ဟူ၍ အဓိပ္ပာယ်ကောက်ယူရမည် ဖြစ်၏။
ညာဘက်လက်၏ လက်မကိုမူ 'လက်မ' အဓိက/အကြီးအကဲဟု အဓိပ္ပာယ်ကောက်ယူရမည် ဖြစ်သည်။
ယင်းတို့အားလုံးကို ပေါင်းစပ်လိုက်လျှင် "သေးငယ်၊ တူညီ၊ စားသုံး၊ လက်မ" ဟူ၍ ဖြစ်လာပြီး တရုတ်စကားလုံးများ၏ အသံထွက်တူညီမှုများကို ယူကာ ဘာသာပြန်ဆိုလိုက်သောအခါ "စနစ်က မိစ္ဆာပဲ" ဟူသော အဓိပ္ပာယ် ထွက်ပေါ်လာတော့၏။
ယခင် စနစ်ရှင်သည်လည်း တရုတ်ကပြားတစ်ဦး ဖြစ်နေပြီး တရုတ်စကားကို နားလည်သော်လည်း အလွန်အမင်း မကျွမ်းကျင်ခဲ့ခြင်းကပင် အလွန် ကံကောင်းသွားခဲ့ခြင်း ဖြစ်ပေသည်။ ထိုလက်ဟန် သတင်းအချက်အလက်ကို သာမန်အားဖြင့် အဓိပ္ပာယ်ဖော်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
သို့သော်လည်း တုပိုင်ကမူ နားလည်သွားခဲ့သည်။
ကြီးမြတ်လှသော ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်သည် ယခင် စနစ်ရှင်ကို အစောကြီးကတည်းက ရိပ်မိခဲ့သော်လည်း သူ့အား သတ်ပစ်မည့်အစား အိပ်မက်စနစ်၏ အမှန်တရားကို နားလည်သဘောပေါက်သွားစေရန် လမ်းပြပေးခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးလိုက်ခြင်း ဖြစ်၏။
တုပိုင် မေးခွန်းထုတ်လိုက်သည်။ "ယခင်စနစ်ရှင်က ဂရစ်ဆစ်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတဲ့အတွက် လီဝမ်ဝမ်ကို အသည်းအသန် ကယ်တင်ချင်ခဲ့ပြီး သူ့မှာရှိသမျှ အရာအားလုံးကို သူမဆီ ပုံအောပေးခဲ့တယ်။ ဒါကို မင်းက သစ္စာဖောက်တယ်လို့ ယူဆသွားပြီး သူ့ကို ဖျက်ဆီးပစ်လိုက်တာ မဟုတ်လား"
အိပ်မက် မိစ္ဆာဘုရင်က ပြန်လည်တုံ့ပြန်၏။ "တိတိကျကျ ပြောရရင်တော့ ငါတို့က နောက်ထပ် စနစ်ရှင် တစ်ယောက်ကို ရှာတွေ့သွားပြီဖြစ်လို့ သူ့ကို ဖယ်ရှားပစ်လိုက်တာပဲ"
တုပိုင် ဆက်ပြောလိုက်သည်။ "နောက်ထပ် စနစ်ရှင်ဆိုတာက ဖန်းချန်... ဟုတ်တယ်မလား"
အိပ်မက် မိစ္ဆာဘုရင်က ထောက်ခံလိုက်၏။ "ဟုတ်တယ်။ သူကလည်း အိပ်မက်စနစ်ရဲ့ စနစ်ရှင်တစ်ယောက်ပဲ"
ထို့နောက် သခင်လေးဖန်းချန်၏ ဦးခေါင်းထဲမှ အလင်းတန်းနှစ်ခု လွင့်ထွက်လာလေသည်။
ဤကမ္ဘာလောကရှိ အိပ်မက်စနစ်တွင် အနီ၊ အပြာ၊ ရွှေနှင့် အစိမ်းဟူ၍ အလင်းနှင့် အရိပ် လေးရောင် ရှိသည်။
တုပိုင်၌ အလင်းနှင့်အရိပ် နှစ်ခုရှိနေပြီး သခင်လေးဖန်းချန်၌ ကျန်ရှိသော အလင်းနှင့်အရိပ် နှစ်ခု ရှိနေခြင်း ဖြစ်၏။
တုပိုင်က ရှင်းပြလိုက်သည်။ "သခင်လေးဖန်းချန်ရဲ့ တာဝန်က မင်းရဲ့ ခန္ဓာကိုယ်ကို ရှာဖွေဖို့နဲ့၊ မင်းရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်ကို ပြန်ဆက်ပေးနိုင်ဖို့အတွက် အလွန်တရာ အစွမ်းထက်တဲ့ စွမ်းအင်တွေကို စုဆောင်းပေးဖို့ပဲ။ ဒါမှ မင်း နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာနိုင်မှာကိုး"
အိပ်မက် မိစ္ဆာဘုရင် အတည်ပြုလာ၏။ "မှန်တယ်။ ဒါကြောင့်မို့ သူက အလွန်တရာ အစွမ်းထက်တဲ့ နည်းပညာတွေကို လိုအပ်ခဲ့တာ။ တောင်အမေရိက ကိုလိုနီနယ်မြေတွေကို သိမ်းပိုက်ပြီး တစ်ကမ္ဘာလုံးကို အောင်နိုင်ဖို့ လိုအပ်ခဲ့တာလေ။ ဒါ့အပြင် သူက ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားတဲ့ သိုင်းစွမ်းအင်တွေကိုလည်း လိုအပ်သေးတယ်။ ပေမင်ဓားဂိုဏ်းလောက်နဲ့တင် မလုံလောက်သေးဘူး။ ငါ့ရဲ့ ခေါင်းနဲ့ လည်ပင်းကို ပြန်ဆက်ဖို့ မဟာဆရာသခင် ရာပေါင်းများစွာရဲ့ စွမ်းအင်တွေ လိုအပ်တယ်"
တကယ်တမ်းတွင် လိုအပ်သောအရာမှာ မဟာဆရာသခင် ထောင်ပေါင်းများစွာ၏ စွမ်းအင်များပင် ဖြစ်ပေသည်။
လွန်ခဲ့သောအချိန်လေးကမှ ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင် ၅၀၀ ခန့် ဝါးမျိုခံလိုက်ရသည် မှန်သော်လည်း၊ လီဝမ်ဝမ်၊ နင်တောက်ရွှမ်၊ ဘုရင်မ မိုဟန်နှင့် အခြားသူများသည်လည်း မဟာဆရာသခင် ရာပေါင်းများစွာကို ဝါးမျိုခဲ့ပြီးပြီ ဖြစ်၏။
တုပိုင် ပြုံးကာ ဆိုလိုက်သည်။ "ဖန်းချန်... မင်း မြင်ပြီလား။ မင်းက ကိရိယာတစ်ခု သက်သက်ပဲ။ အခုတော့ မင်းကို သုံးလို့ ကုန်သွားပြီ"
အိပ်မက်စနစ်၏ အလင်းတန်းနှစ်ခု သခင်လေးဖန်းချန်၏ ဦးခေါင်းထဲမှ ထွက်ခွာသွားပြီးနောက် သူသည် လုံးဝ မှင်သက်သွားတော့၏။ သူသည် အပြည့်အဝ ဖျက်ဆီးမခံလိုက်ရသော်လည်း အသက်မဲ့နေသော လမ်းလျှောက်အလောင်းကောင် တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သခင်လေးဖန်းချန် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ "ဟင့်အင်း... မဟုတ်ဘူး... မဟုတ်ဘူး..."
အိပ်မက် မိစ္ဆာဘုရင်က မေးလာသည်။ "စနစ်ရှင်... မင်း ငါ့ရဲ့ အထောက်အထားကို ဘယ်အချိန်ကတည်းက သံသယဝင်နေခဲ့တာလဲ"
တုပိုင် ပြန်ဖြေလိုက်၏။ "ဖန်းချန်ကို ငါ စတွေ့တုန်းကတည်းကပဲ။ ဘာလို့လဲဆိုတော့ သူက ငါနဲ့ တစ်ထပ်တည်း နီးပါး တူနေတယ်။ သူက ငရဲမီးတောက်ကိုလည်း မကြောက်ဘူး။ တာဝန်သခင် ကောင်းကင်အရှင်ရဲ့ ဝိသေသလက္ခဏာတွေလည်း ရှိနေသလို နင်တောက်ရွှမ်နဲ့လည်း ပူးပေါင်းထားပြီးပြီလေ"
ထို့နောက် တုပိုင်က ဆက်ပြော၏။ "ဖန်းချန်ရဲ့ တာဝန်က မင်းရဲ့ မိစ္ဆာခန္ဓာကိုယ်ကြီးကို ပြန်လည်ရှင်သန်စေဖို့ ဖြစ်ပြီး၊ ငါ့ရဲ့ တာဝန်ကတော့ ဒီဧရာမ နဂါးကြီးကို ပြန်လည်ရှင်သန်စေဖို့ပဲ ဖြစ်ရမယ်"
အိပ်မက် မိစ္ဆာဘုရင် ချီးကျူးလိုက်သည်။ "အရှင်တုပိုင်... မင်းဆီမှာ ကြီးမြတ်တဲ့ သူတစ်ယောက်ရဲ့ ဝိသေသလက္ခဏာတွေ အကုန်လုံးနီးပါး ရှိနေတယ်။ ဇွဲလုံ့လ၊ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာ၊ စွန့်စားလိုစိတ်၊ အထီးကျန်ဆန်မှုနဲ့ အဆိုးမြင်တတ်တဲ့ စိတ်တွေပေါ့"
တုပိုင် ရယ်မောလိုက်၏။ "ဟားဟား..."
အိပ်မက် မိစ္ဆာဘုရင်က ဆက်ပြောသေးသည်။ "စွန့်လွှတ်အနစ်နာခံမှုလည်း ပါသေးတယ်"
အလွန်တရာ အစွမ်းထက်လှသော အိပ်မက် မိစ္ဆာဘုရင်က သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေ၏။
ရုတ်တရက် နဂါးကြီး ဆုတ်ဖြဲထားခဲ့သော မြေအောက်ကမ္ဘာ၏ စွမ်းအင် အတားအဆီးလွှာသည် ပြန်လည်ပိတ်သွားတော့သည်။
အိပ်မက် မိစ္ဆာဘုရင်က ဆိုလာ၏။ "မင်းမှာ ရဲစွမ်းသတ္တိတွေ ရှိနေသေးတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ မင်းက ငါနဲ့ ဖဲချပ်လှန်ပြီး ကစားရဲခဲ့တယ်"
ဖဲချပ်လှန်ပြီး ကစားသည်ဆိုသည်မှာ အဘယ်နည်း။
တစ်ဖက်လူ၏ ဖဲချပ်များကို သိရှိထားပြီးမှ ကစားခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
အိပ်မက် မိစ္ဆာဘုရင်က ဆက်ပြော၏။ "တုပိုင်... မင်းက တကယ်ကို ကြီးမြတ်သလို၊ ဂရစ်ဆစ်ကလည်း အရမ်းကို ကြီးမြတ်တယ်။ မင်းက မိစ္ဆာရဲ့ စနစ်ရှင်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိနေရက်နဲ့တောင် မင်းကို ရှေးဟောင်းနဂါးဘုရင်ရဲ့ သွေးတွေ ပေးအပ်ခဲ့ပြီး ဒီဧရာမ နဂါးကြီးကို ထိန်းချုပ်ခွင့် ပေးခဲ့သေးတယ်။ မင်းက မျှော်လင့်ချက်မဲ့နေပြီဆိုတာ သိပေမဲ့လည်း မလွှဲမရှောင်သာ ရင်ဆိုင်တိုက်ခိုက်ရတော့မှာပဲ"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ပြောခဲ့ဖူး၏။ ယခင် စနစ်ရှင်သည် သူ့ထံသို့ ရောက်လာခဲ့ပြီးနောက် သူ၏ ရိပ်မိခြင်းကို ခံလိုက်ရကာ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် တုပိုင် သူ၏ထံသို့ ရောက်ရှိလာခဲ့ပြန်ရာ တုပိုင်၏ မိစ္ဆာစနစ်ရှင်ဟူသော အထောက်အထားကိုလည်း ဂရစ်ဆစ်က ရိပ်မိခဲ့ပြန်၏။
သို့သော်လည်း ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်သည် သူ၏ ပုပ်ရဟန်းမင်းကြီး ရာထူးကို တုပိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည့်အပြင် တုပိုင်အား ရှေးဟောင်းနဂါးကြီး၏ သွေးများကိုပါ ပေးအပ်ခဲ့လေသည်။
ဤကိစ္စအတွက် အလွန်တရာ ကြီးမားလှသော ရဲစွမ်းသတ္တိနှင့် ယုံကြည်မှုတို့ လိုအပ်ပေသည်။
ထို့အပြင် ဘုရားသခင်က သင့်အား ရွေးချယ်ခွင့် ပေးထားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် ရွေးချယ်ခွင့် မရှိပါဟုလည်း သူက ပြောခဲ့ဖူး၏။
အကြိမ်တိုင်းတွင် မိစ္ဆာ၏ စနစ်ရှင်များသာ ရောက်ရှိလာခဲ့ပြီး ဂရစ်ဆစ်မှာလည်း သေဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်ကာ ကမ္ဘာကြီး အဆုံးသတ်မည့် အချိန်ရေတွက်မှုကလည်း တရားဝင် နီးကပ်လာခဲ့ပြီ ဖြစ်၏။
သူသည် တုပိုင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ပြီး အရာအားလုံးကို သူ့ထံသို့ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။
သူပြောခဲ့သလိုပင် ဘုရားသခင်က နောက်ပြောင်ရသည်ကို အမြဲတမ်း နှစ်သက်ပြီး ရုတ်တရက် လူတစ်ယောက်ကို လက်ညှိုးထိုးကာ 'ယခုမှစ၍ မင်းဟာ ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်' ဟု ပြောတတ်ပေသည်။
ကမ္ဘာကြီးကို ဖျက်ဆီးမည့် တမန်တော်ကို လက်ညှိုးထိုးကာ 'ယခုမှစ၍ မင်းဟာ ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်' ဟု ပြောခြင်းက ကြီးမားလှသော နောက်ပြောင်မှုကြီးတစ်ခု မဟုတ်ပါလော။
အိပ်မက် မိစ္ဆာဘုရင်က ပြောဆိုလာ၏။ "တုပိုင်... မင်းရော ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ပါ အရမ်းကို ကြီးမြတ်ကြပါတယ်။ မင်း ငါ့ကို ရိပ်မိသွားပြီးတဲ့နောက် ငါက မင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ စောင့်နေခဲ့တာ။ မင်း ငါ့ရဲ့ လက်အောက်ခံဖြစ်လာဖို့ စောင့်နေခဲ့တာ။ ဒါပေမဲ့ မင်းက ဘာမှ ဝင်မပြောဘဲ ငါနဲ့ စစ်တိုက်ဖို့ချည်းပဲ အမြဲတမ်း ရွေးချယ်ခဲ့တယ်။ ဒီစစ်ပွဲက ပုရွက်ဆိတ်နဲ့ မိစ္ဆာကြားက စစ်ပွဲပဲ"
တုပိုင် ထောက်ခံလိုက်၏။ "ဟုတ်တယ်။ ဒါက လေရဟတ်ကို ဝင်တိုက်တဲ့ ဒွန်ကီဟိုတေရဲ့ လုပ်ရပ်လောက်တောင် အရာမထင်ဘူး"
ထို့နောက် တုပိုင် ဆက်ပြောသည်။ "ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ကလည်း ပြောခဲ့ဖူးတယ်။ ကယ်တင်ရှင် လုပ်ရတဲ့ ကိစ္စမျိုးမှာ ကျရှုံးတယ်ဆိုတာက ပုံမှန်ပဲ။ အောင်မြင်တာကမှ ပုံမှန်မဟုတ်တာတဲ့"
အိပ်မက် မိစ္ဆာဘုရင်က တုံ့ပြန်လိုက်၏။ "မင်းက အရမ်းကို ကြီးမြတ်ပါတယ်။ ဒါပေမဲ့... အလကားပဲ"
"တုပိုင်... ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်တဲ့ မင်းရဲ့ လုပ်ရပ်က အရမ်းကို ရဲရင့်ပါတယ်။ ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိဘူး"
"ရဲရင့်မှုနဲ့ သတ္တိဆိုတာ သက်ဦးဆံပိုင် စွမ်းအားရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး"
"ရဲရင့်တဲ့ အရှင်တုပိုင်... မင်းက ငါ့ရဲ့ အောင်မြင်ဆုံး စနစ်ရှင်ဖြစ်သလို အကျရှုံးဆုံး စနစ်ရှင်လည်း ဖြစ်တယ်"
"မင်းရဲ့ ရုန်းကန်မှုက ဦးခေါင်းမျှင်တွေကို ဝှေ့ယမ်းနေတဲ့ ပုရွက်ဆိတ်တစ်ကောင်နဲ့ တူတယ်။ အရမ်းကို ကြေကွဲဖို့ကောင်းပေမဲ့ တစ်ချိန်တည်းမှာပဲ ရယ်စရာလည်း ကောင်းနေသေးတယ်"
"အရှင်တုပိုင်... မင်း ဘယ်လောက်ပဲ ဉာဏ်ကောင်းပြီး ကြီးမြတ်နေပါစေ ငါ့အတွက်တော့ ကိရိယာတစ်ခု သက်သက်ပဲ။ မင်းနဲ့ ဖန်းချန်ဆိုတာ ဘာမှ ကွာခြားမှု မရှိဘူး"
"မင်းက ဖန်းချန်ထက် ပိုပြီး မြင့်မြတ်ကြီးကျယ်ပေမဲ့ ဖုန်မှုန့်နှစ်ခုကို တွေ့တဲ့အခါ ဘယ်ဖုန်မှုန့်က ပိုပြီး မြင့်မြတ်တယ်ဆိုတာကို မင်း ခွဲခြားနိုင်လို့လား"
ကမ္ဘာကြီး အဆုံးသတ်ရန် အချိန်ရေတွက်မှု။
၁၅ စက္ကန့်။
၁၃ စက္ကန့်။
၉ စက္ကန့်။
"ငါ့အပေါ် သစ္စာရှိလာအောင် မင်းကို ငါက ဖြားယောင်းသိမ်းသွင်းမယ်လို့ ထင်နေတာလား။ ငါနဲ့ ပူးပေါင်းဖို့ မင်းကို တောင်းပန်မယ်လို့ ထင်နေတာလား။ မင်း အထင်လွဲနေပြီ။ ငါ့အတွက်တော့ မင်းက ဖုန်မှုန့်လေးတစ်ခု သက်သက်ပဲ"
အိပ်မက် မိစ္ဆာဘုရင် ဖြည်းညင်းစွာ ရေရွတ်လိုက်၏။ "ကမ္ဘာပျက်မယ့်အချိန် စတင်ပြီ။ ငါ နှစ်ပေါင်း တစ်ထောင်ကျော် အစီအစဉ်ဆွဲခဲ့ရပြီး စနစ်ရှင် ဆယ်ယောက်ကို အသုံးပြုခဲ့ရတာ... အဲတာတွေ အကုန်လုံးက... ဒီနေ့လေး တစ်ရက်တည်းအတွက်ပဲ"
"ဒီကမ္ဘာကြီးက အခုချိန်ကစပြီး ငါတို့ မိစ္ဆာမျိုးနွယ်တွေရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ"
အချိန်ရေတွက်မှု။
၃ စက္ကန့်၊ ၂ စက္ကန့်၊ ၁ စက္ကန့်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၁ + ၈၃၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team