← Chapters

အခန်း (၈၃၃-၈၃၄)

Vol. 84 Ch. 833-834

အခန်း (၈၃၃-၈၃၄)

Vol. 84 Ch. 833-834

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၃ + ၈၃၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံထက်မှ နေမင်းကြီးသည် ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ နေ့လယ်ခင်းဖြစ်ပါလျက်နှင့် မျက်စိတစ်မှိတ်အတွင်း ညအချိန်သို့ ပြောင်းလဲသွားလေသည်။ နေသာမက လပါ ကွယ်ပျောက်သွားခြင်းဖြစ်လေ၏။

ထို့နောက် ကောင်းကင်ယံထက်၌ ဧရာမကမ္ဘာလောကကြီးတစ်ခု ထွက်ပေါ်လာ၏။ မှန်ပေသည်... ယင်းက ဟင်းလင်းပြင်ကမ္ဘာလောကကြီး တစ်ခုလုံးဖြစ်ကာ ဟင်းလင်းပြင်ကမ္ဘာများ၏ ဆုံမှတ်လည်း ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခြောက်ရာခန့်က ယင်းတို့သည် ထောင့်စွန်းလေးတစ်ခုမျှသာ ဆုံစည်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကမ္ဘာလောကတစ်ခုလုံး၏ ဧရာမဆုံမှတ်ကြီး ဖြစ်လာပြီဖြစ်သည်။

ထိုဧရာမ ဟင်းလင်းပြင်ကမ္ဘာလောကကြီးသည် နေနှင့်လကိုပါ ဖုံးလွှမ်းသွားကာ ကမ္ဘာမြေ၏ အမြင်အာရုံအားလုံးကို ကွယ်ပျောက်သွားစေလောက်သည်အထိ ကောင်းကင်ပြင်တစ်ခုလုံးကို အဆုံးအစမဲ့ ဖုံးအုပ်လိုက်လေတော့သည်။

ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပါက ထိုကမ္ဘာလောကအတွင်းရှိ အလွန်တရာ ခမ်းနားလှပသော မြို့တော်၊ ပြိုကျပျက်စီးနေသော မြို့တော်နှင့် လေထဲတွင် လွင့်မျောနေသော မြို့တော်တို့ကိုပါ တပါတည်း မြင်တွေ့နိုင်ပေသည်။

ထိုဟင်းလင်းပြင်ကမ္ဘာရှိ တောင်တန်းများသည် ခမ်းနားကြီးကျယ်လှသော်လည်း သက်မဲ့တောင်တန်းကြီးများသာ ဖြစ်ကြ၏။ ထိုသည်မှာ ကမ္ဘာမြေထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုစွမ်းအားကြီးမားလှသော ဟင်းလင်းပြင်ကမ္ဘာလောကတစ်ခု ဖြစ်သော်ငြား ပျက်စီးလုနီးပါး ဖြစ်နေသော ကမ္ဘာတစ်ခုလည်း ဖြစ်နေသေးသည်။

တာ့နင်နန်းတော်အတွင်း၌မူ အခြေအနေများ ဖရိုဖရဲဖြစ်နေကာ သိုင်းပညာရှင် မြောက်မြားစွာသည် ဧကရာဇ်မင်းမြတ်ထံသို့ အပြေးအလွှား သွားရောက်နေကြ၏။ ကမ္ဘာပျက်မည့်အချိန် ရောက်လာပြီဟု ထင်ရပေသည်။ မဟုတ်ပေ... တကယ်တမ်း ကမ္ဘာပျက်မည့်အချိန် ရောက်လာပြီ ဖြစ်၏။

သို့သော် မင်းသမီးနင်းရွှဲ့ကမူ အလွန်ငြိမ်သက်နေပြီး ကောင်းကင်ယံမှ ဆုံစည်းလာသော ဟင်းလင်းပြင်ကမ္ဘာလောကကြီးကိုသာ စူးစိုက်ကြည့်နေလေ၏။ သူမက သူမ၏ ဗိုက်ကလေးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။

"ကလေးလေး... ဖေဖေ့ကို အမေတို့ ယုံကြည်ရမယ်နော်"

ပုခက်ထဲရှိ နီရှန်နတ်မိမယ်၏ သမီးလေး တုရှောင်က သူမ၏ ဖောင်းမို့နေသော လက်ကလေးများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေ၏။ "ပါပါး... ပါပါး..."

**--**--**--**--**--**--**--**

ပေမင်ဓားဂိုဏ်း၊ မြူခိုးတောင်ထိပ်၌ ကျီကျန်ယန်သည် ကလေးငယ်ကို ပွေ့ချီထားရင်း ကောင်းကင်ယံသို့ မော့ကြည့်နေ၏။ အလွန်ဆူညံနေတတ်သော ကလေးငယ်သည် ယခုအခါ၌ အလွန်ငြိမ်သက်နေပြီး ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကမ္ဘာလောကကြီးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေလေတော့သည်။

**--**--**--**--**--**--**--**

အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ မြို့တော်။

ဖန်းချင်းယီ၏ အရုပ်ဆိုးနေသော မျက်နှာက အထက်သို့ မော့ကြည့်နေပြီး သူမ၏ လှပသော မျက်လုံးများကမူ ကောင်းကင်ယံရှိ နက်နဲဆန်းကြယ်ကာ ထိတ်လန့်ဖွယ်ကောင်းလှသော စွမ်းအားကြီး ဟင်းလင်းပြင်ကမ္ဘာလောကကြီးကို စိုက်ကြည့်နေလေ၏။

"ဘုရားသခင်... ငါ ဘယ်လို ယောက်ျားမျိုးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာလဲဆိုတာ ပြောပြနိုင်မလား"

"တုပိုင်... နင် နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။ နင် နိုင်ပါစေ"

**--**--**--**--**--**--**--**

မြေအောက်ကမ္ဘာအတွင်း၌။

အိပ်မက်မိစ္ဆာဘုရင်ကြီးသည် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကမ္ဘာလောကကြီးကို စွဲလမ်းနေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်၏။

"ငါ့ရဲ့ ဇာတိမြေ... နှစ်ပေါင်း တစ်ထောင်ကျော် ကြာခဲ့ပြီးတဲ့နောက် နောက်ဆုံးတော့ ငါ ပြန်မြင်တွေ့ခွင့် ရခဲ့ပြီပဲ"

"အရမ်းနီးကပ်နေတယ်လို့ ထင်ရပေမဲ့ ဟင်းလင်းပြင်တွေက တကယ်တော့ ကမ္ဘာခြားနေပြီး ဘယ်တော့မှ ဆုံစည်းနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့်... ဒါက ငါ့ရဲ့ ကြီးမြတ်တဲ့ တာဝန်ပဲ"

"နှစ်ပေါင်း တစ်ထောင်ကျော်ကြာ အစီအစဉ်ဆွဲခဲ့ရပြီး၊ စနစ်ရှင် ဆယ်ယောက်... အောင်မြင်တာရော ကျရှုံးတာပါ အကုန်လုံးက ဒီနေ့လေးအတွက်ပဲ"

"တုပိုင်... ငါ့အတွက်တော့ မင်းက အောင်မြင်ဆုံး စနစ်ရှင်ပါပဲ။ ဒါပေမဲ့ မင်းအတွက်တော့ မင်းဟာ အကျရှုံးဆုံး စနစ်ရှင်ပဲ"

"ဘာလို့လဲဆိုတော့ မင်းရဲ့ ဦးနှောက်၊ မင်းရဲ့ လက်တွေကို ငှားရမ်းပြီး ဒီကမ္ဘာကြီးကို ငါကိုယ်တိုင် ဖျက်ဆီးပစ်လိုက်လို့ပဲ"

"ဟားဟားဟား..."

ထို့နောက် အိပ်မက်မိစ္ဆာဘုရင်ကြီး သူ၏ လက်များကို မြှောက်လိုက်ရာ အဆုံးအစမဲ့သော စွမ်းအင်များ ပေါက်ကွဲထွက်လာတော့၏။ ချက်ချင်းပင် တောင်တန်းများနှင့် မြစ်ကြီးများ ပြောင်းပြန်လှန်သွားပြီး သမုဒ္ဒရာ၏ ရေစီးကြောင်းများပင် နောက်ပြန်စီးဆင်းသွားလေသည်။ အရာအားလုံး ပြောင်းပြန်လန်သွားကာ ဟင်းလင်းပြင်၏ စွမ်းအားများပါ ပုံပျက်သွားလေတော့၏။

ထို့နောက် မြေအောက်ကမ္ဘာအောက်ရှိ ကမ္ဘာကြီး၏ အက်ကွဲကြောင်းက ဖြည်းညင်းစွာ မြင့်တက်လာလေသည်။ အမြင့် ကီလိုမီတာ အနည်းငယ်မှသည် မီတာ သောင်း၊ သိန်း၊ သန်း၊ ကုဋေချီသည်အထိ မြင့်တက်လာတော့၏။ ကမ္ဘာကြီး၏ အက်ကွဲကြောင်းများကလည်း ဆက်လက် ပြန့်နှံ့ကာ အဆက်မပြတ် ရှည်ထွက်လာလေသည်။

"စနစ်ရှင် တုပိုင်... မင်းရဲ့ ကမ္ဘာကြီး ဖျက်ဆီးခံရတာကို ကြည့်နေရတာ အရမ်း ပူလောင်နေမှာပဲ။ အကြိမ်တစ်ထောင်လောက် သေချင်စိတ်ပေါက်သွားတဲ့အထိ မင်း အရမ်းကို နာကျင်နေရမှာပဲ"

"မင်းလိုကောင်က ငါနဲ့ ဖဲချပ်လှန်ပြီး ကစားချင်နေသေးတာလား။ ငါနဲ့ တိုက်ခိုက်ချင်သေးတာလား။ ကမ္ဘာကြီးကို ကယ်တင်ချင်နေသေးတာလား။ အရူးအိပ်မက်တွေပဲ"

"ကြီးမြတ်တဲ့ ပုရွက်ဆိတ်... မင်းရဲ့ ကမ္ဘာကြီးကို မင်းကိုယ်တိုင် ဖျက်ဆီးဖို့ ငါနဲ့ ပူးပေါင်းလိုက်စမ်း"

အိပ်မက်မိစ္ဆာဘုရင်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားလေ၏။ တုပိုင်နှင့် ဧရာမ အရိုးနဂါးကြီးတို့သည်လည်း ကောင်းကင်ယံဆီသို့ အဆက်မပြတ် ပျံသန်းသွားကြလေ၏။ အိပ်မက်စနစ်၏ အလင်းနှင့် အရိပ်တို့သည် တုပိုင်နှင့် ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်များကို အပြည့်အဝ ထိန်းချုပ်လိုက်လသည်။

"ဟားဟား... ဒီနဂါးကြီးရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့ ကမ္ဘာကြီးရဲ့ အက်ကွဲကြောင်းဆီ မင်း သွားခဲ့တုန်းက အောင်မြင်ပြီဆိုပြီး ဂုဏ်ယူနေခဲ့တာမလား။ မင်းအတွက် ကံဆိုးတာက အဲဒါက ငါ့ရဲ့ အစီအစဥ်ပဲ"

အိပ်မက်မိစ္ဆာဘုရင်ကြီး၊ တုပိုင်နှင့် နဂါးကြီးတို့ ပိုမိုမြင့်မားသော နေရာရှိ ကမ္ဘာကြီး၏ အက်ကွဲကြောင်းဆီသို့ ပျံသန်းသွားကြသည်။

အိပ်မက်မိစ္ဆာဘုရင်ကြီးက သူ၏ ဧရာမ သားရဲလက်သည်းများကို အက်ကွဲကြောင်းထဲသို့ ထိုးသွင်းလိုက်ပြီး အစွမ်းကုန် ဆုတ်ဖြဲပစ်လိုက်တော့သည်။

"စနစ်ရှင် တုပိုင်... မင်းရဲ့ နဂါးကို ထိန်းချုပ်ပြီး ဒီကမ္ဘာကြီးရဲ့ အက်ကွဲကြောင်းကို ငါနဲ့အတူတူ ဆုတ်ဖြဲလိုက်စမ်း။ ပြီးရင် ငါ့ဇာတိမြေက မိစ္ဆာတွေကို ဒီကမ္ဘာကြီးထဲ ဝင်ရောက်ခွင့် ပေးလိုက်တော့"

"စနစ်ရှင် တုပိုင်... မင်းရဲ့ ကမ္ဘာကြီးကို မင်းကိုယ်တိုင် ဖျက်ဆီးပစ်လိုက်စမ်း"

တုပိုင်မှာ ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားကာ အိပ်မက်စနစ်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ကျရောက်သွားပြီဖြစ်၏။ ထို့နောက် သူသည် ဧရာမနဂါးကြီးကို ထိန်းချုပ်ကာ ယင်း၏ ဧရာမလက်သည်းကြီးများဖြင့် ကမ္ဘာကြီး၏ အက်ကွဲကြောင်းကို နက်ရှိုင်းစွာ ထိုးသွင်းဆုတ်ဖြဲလိုက်တော့၏။ အိပ်မက်စနစ်က တုပိုင်ကိုသာမက ဤနဂါးကြီးကိုပါ လွှမ်းမိုးထားလေသည်။

လက်ရှိအချိန်၌ နဂါးကြီး၏ မျက်လုံးများမှာ တစ္ဆေမီးတောက်များ မဟုတ်တော့ဘဲ အသက်မဲ့နေသော လဟာပြင် မိစ္ဆာမျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

အိပ်မက်မိစ္ဆာဘုရင်ကြီးနှင့် ဧရာမ အရိုးနဂါးကြီးတို့မှာ ဤကမ္ဘာလောက၏ အထွတ်အထိပ် စွမ်းအားရှင်များပင် ဖြစ်ကြသည်။ သူတို့၏ ဧရာမ စွမ်းအားစုကြီး နှစ်ခုပေါင်းကာ ကမ္ဘာကြီးကို ဆုတ်ဖြဲနေကြသဖြင့် အက်ကွဲကြောင်းကြီးမှာ ပိုမိုပြီး ကြီးမားကျယ်ပြန့်လာလေ၏။

"ရွှစ်... ရွှစ်... ရွှစ်..."

မရေမတွက်နိုင်သော မိစ္ဆာများသည် ဥက္ကာပျံများအလား ဧရာမ အက်ကွဲကြောင်းကြီးထဲမှ ထွက်ပေါ်လာကြလေ၏။ မိစ္ဆာတို့၏ ဇာတိဟင်းလင်းပြင်မှနေ၍ ဤကမ္ဘာမြေပေါ်သို့ မိစ္ဆာဥက္ကာပျံ မိုးစက်များ သွန်ချလိုက်သကဲ့သို့ပင် ဖြစ်နေ၏။

"စနစ်ရှင် တုပိုင်... မင်းရဲ့ ကမ္ဘာကြီးက ပျက်စီးတော့မှာပဲ"

"ဒါတွေအားလုံးကို စောင့်ကြည့်ပြီးရင် အတူတူ သွားသေလိုက်ကြတာပေါ့"

"မင်း တစ်ကမ္ဘာလုံးကို ကယ်တင်ချင်နေသေးတာလား။ ကြီးမြတ်မှုဆိုတာ တချို့အချိန်တွေမှာ မိုက်မဲမှုနဲ့ အတူတူပဲကွ"

တုပိုင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် ထိန်းချုပ်နိုင်စွမ်းတို့ကို အပြည့်အဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အိပ်မက်စနစ်၏ ရုပ်သေးရုပ်တစ်ရုပ်အလား ဖြစ်နေပြီး မရေမတွက်နိုင်သော မိစ္ဆာများ ဝင်ရောက်လာစေရန် ကမ္ဘာကြီး၏ အက်ကွဲကြောင်းကို ဆုတ်ဖြဲမည့် နဂါးကြီးအား ခြယ်လှယ်နေလေ၏။

ထိုအခိုက် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ စကားသံများက တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာလေသည်။

"ကလေး... ကမ္ဘာကြီးကို ကယ်တင်တဲ့နေရာမှာ ကျရှုံးတာက ပုံမှန်ပဲ။ အောင်မြင်တာကမှ ပုံမှန်မဟုတ်တာ"

ထိုစဉ် တုပိုင် ရုတ်တရက် မေးလိုက်၏။

"အိပ်မက် မိစ္ဆာဘုရင်... သေမင်းနတ်ဘုရား အနူးဘစ်က ငါ့ကို ပေးခဲ့တဲ့ ရှေးဟောင်းနဂါးသွေးဆက်ကို မင်း မှတ်မိသေးလား။ အဲဒီ စစ်မှန်တဲ့ နဂါးသွေးဆက်လေ"

"ငါ သေချာပေါက် သိတာပေါ့။ အဲဒါက စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ သွေးထက်ကို ပိုတယ်။ အဲဒါက နဂါးဘုရင်ရဲ့ သွေးပဲ"

အိပ်မက်မိစ္ဆာက လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။

"အခုချိန်မှာ မင်း ထိန်းချုပ်ထားတဲ့ ဧရာမ အရိုးနဂါးကြီးက သူ့ရဲ့ ကလေးငယ်လေးပဲ ရှိသေးတယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ သွေးဆက် ရှိနေလို့သာ ဒီနဂါးကို မင်း ထိန်းချုပ်နိုင်တာ။ ဒါပေမဲ့... ဘာပဲပြောပြော အဲဒါက သွေးဆက်တစ်ခု သက်သက်ပဲလေ။ မင်းရဲ့ ဝိညာဉ်ကို ငါ အပြည့်အဝ ပိတ်လှောင်ထားပြီးပြီ ဖြစ်တဲ့အတွက် အဲဒါက မင်းရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်သွားနိုင်မှာ မဟုတ်ဘူး"

တုပိုင် တုံ့ပြန်လိုက်၏။

"ဒီရှေးဟောင်းနဂါးဘုရင်ရဲ့ သွေးကို ငါ့ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီးတဲ့နောက်မှာတောင် ဘာတုံ့ပြန်မှုမှ မရှိခဲ့တာ မဆန်းပါဘူးလေ"

အိပ်မက်မိစ္ဆာဘုရင်က ဆက်ပြောလာသည်။

"သေချာတာပေါ့... မင်းဆီမှာရှိတဲ့ နဂါးဘုရင်သွေးရဲ့ အငွေ့အသက်ကိုပဲ ငါ လိုအပ်တာ။ မင်းရဲ့ ဝိညာဉ်က နဂါးဘုရင်ရဲ့ သွေးနဲ့ ပေါင်းစပ်သွားဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူးလေ"

ထိုအချိန်မှာပင် တုပိုင်က တည်ငြိမ်စွာ ဆိုလိုက်၏။ "ဒါဆိုရင်တော့ ဒီတိုက်ပွဲမှာ မင်း ရှုံးနိမ့်သွားနိုင်တယ်"

ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်မှ ရှေးဟောင်းနဂါးဘုရင်၏ စွမ်းအင်အငွေ့အသက်ဖြစ်သော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်လာတော့သည်။

နဂါးဘုရင်သွေး၏ ရွှေရောင်အလင်းတန်းက ပိုမိုပြန့်နှံ့လာပြီး တုပိုင်သာမက ဧရာမအရိုးနဂါးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ လွှမ်းခြုံသွားလေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးနဂါးကြီးသည် ရွှေရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

အိပ်မက်မိစ္ဆာဘုရင်ကြီး အလွန်တရာ ထိတ်လန့်တကြား အော်ဟစ်လိုက်ရ၏။ "ဟင့်အင်း... မဟုတ်ဘူး... မဖြစ်နိုင်ဘူး... မင်းရဲ့ ဝိညာဉ်က ရှေးဟောင်းနဂါးဘုရင်ရဲ့ သွေးဆက်နဲ့ ပေါင်းစပ်မထားဘဲ သူ့ရဲ့ စွမ်းအင်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ရတာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး..."

**--**--**--**--**--**--**--**

တုပိုင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ "ဟုတ်တယ်။ ငါ့ဝိညာဉ်က ရှေးဟောင်းနဂါးဘုရင်ရဲ့ သွေးနဲ့ မပေါင်းစပ်ရသေးပေမဲ့ တုရှန်ရဲ့ ဝိညာဉ်ကတော့ အဲဒါနဲ့ အပြည့်အဝ ပေါင်းစပ်သွားပြီ"

အိပ်မက်မိစ္ဆာဘုရင်ကြီးက တုန်ရီစွာဖြင့် ဆိုလာ၏။ "တုရှန်... ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ဝိညာဉ်ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီလေ။ သူက လုံးဝ အသိစိတ်လွတ်နေတဲ့ ဝိညာဉ်တစ်ခု၊ သူ့ခန္ဓာကိုယ်က အသက်မဲ့နေတဲ့ လမ်းလျှောက်အလောင်းကောင်သက်သက်ပဲ"

တုပိုင် ဆက်ပြောလိုက်သည်။ "မှန်တယ်။ သူ့ဝိညာဉ် ဆေးကြောခံလိုက်ရပေမဲ့ ခံစားချက်တွေက ရှိနေဆဲပဲ။ လောကကြီးအပေါ်၊ သူ့ရဲ့ နို့ထိန်းအပေါ်နဲ့ သူ့အမ တုဖိန်အာအပေါ် ထားရှိတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ငါ ခံစားသိရှိနိုင်တယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ငါ့ကို ယုံကြည်သလို၊ ငါကလည်း တုရှန်ကို ယုံကြည်ခဲ့တယ်..."

ရှေးဟောင်းနဂါးဘုရင်၏ ရွှေရောင်အလင်းတန်းက ဧရာမအရိုးနဂါးကြီးတစ်ကောင်လုံးကို ရစ်ပတ်လွှမ်းခြုံသွားပြန်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်မဲ့နေသော မျက်လုံးများမှာ ရွှေရောင်သို့ ပြောင်းလဲသွားကာ နဂါးကြီးအပေါ် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်လိုက်သည်။

ထို့အပြင် နဂါးကြီး၏ အရွယ်အစားမှာလည်း မီတာ ၅၀၀၊ ၆၀၀၊ ၇၀၀၊ ၈၀၀ မှ ၉၀၀ အထိ အဆက်မပြတ် ကြီးထွားလာ၏။

"ဒါဆိုလည်း အတူတူ သေလိုက်ကြတာပေါ့... အိပ်မက်မိစ္ဆာဘုရင်ကြီး။ ငါက ကမ္ဘာကြီးကို ကယ်တင်ချင်တယ်"

တုပိုင်၊ တုရှန်၊ ရှေးဟောင်းနဂါးဘုရင်၏ သွေးဆက်နှင့် ဧရာမအရိုးနဂါးကြီးတို့ တစ်သားတည်း ပေါင်းစပ်သွားကြကာ အလွန်တရာ အစွမ်းထက်လှသော အထွတ်အထိပ် စွမ်းအားစုကြီးတစ်ခုအဖြစ် ဖြစ်တည်သွားတော့သည်။

ထို့နောက် အိပ်မက်မိစ္ဆာဘုရင်ကြီး၊ ကမ္ဘာကြီး၏ အက်ကွဲကြောင်းနှင့် အဆက်မပြတ် ဝင်ရောက်လာနေသော မိစ္ဆာအုပ်ကြီးဆီသို့ အပြင်းအထန် ဝင်တိုက်ချလိုက်လေတော့၏။

ရုတ်တရက်ပင် အရာအားလုံး... မျိုးသုဉ်းပျောက်ကွယ်သွားတော့သည်။ အကြွင်းမဲ့ ပျောက်ကွယ်သွားခြင်း (ဝါ) နိဗ္ဗာန်စံဝင်ခြင်းပင် ဖြစ်ပေ၏။ လွန်ခဲ့သော ရက်ပေါင်း တစ်ရာကျော်က... လေထဲရှိ မီးနတ်ဘုရားနန်းတော်၏ အပျက်အစီးများကြားတွင် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ စမ်းသပ်မှု အဆင့်သုံးဆင့်လုံး ပြီးဆုံးသွားကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့လေသည်။

သွယ်လျလှပသော မိန်းမပျိုလေးက တုပိုင်အား လက်ရှိအချိန်ကို ရွေးချယ်မည်လား၊ အနာဂတ်ကို ရွေးချယ်မည်လားဟု မေးမြန်းခဲ့၏။

မည်သို့ပင် ရွေးချယ်စေကာမူ တုပိုင် စမ်းသပ်မှုကို အောင်မြင်ကာ ပုပ်ရဟန်းမင်းကြီး၏ နေရာကို ဆက်ခံပြီး ရှေးဟောင်းနဂါးဘုရင်၏ သွေးကို ရရှိမည်သာ ဖြစ်သည်။ သို့သော် သူသည် လက်ရှိနှင့် အနာဂတ် နှစ်ခုအနက် တစ်ခုတည်းကိုသာ ရွေးချယ်ခွင့်ရှိပြီး မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ ကမ္ဘာကြီး၏ အဆုံးသတ်ရလဒ်အပေါ် လုံးဝ သက်ရောက်မှု ရှိမည် ဖြစ်သည်။

ထိုစဉ်က... တုပိုင် လက်ရှိအချိန်ကို ရွေးချယ်ခဲ့လေ၏။ ယင်းမှာ အနာဂတ်ကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။

စတုတ္ထအကြိမ် စမ်းသပ်မှုတွင် နောင်တကင်းသော ရွေးချယ်မှုမျိုး ပြုလုပ်နိုင်ရန် တတိယအကြိမ် စမ်းသပ်မှု၌ ပုပ်ရဟန်းမင်းကြီး တုပိုင်အား ခေတ်သစ်ကမ္ဘာမြေရှိ သူ၏ ဇနီး၊ သမီးတို့နှင့် တွေ့ဆုံခွင့် ပေးခဲ့၏။

ဘယ်ဘက်ချိန်ခွင်လျှာတွင် လက်ရှိအချိန်ဖြစ်သော တာ့နင်အင်ပါယာ၊ ဇနီးများ၊ ကလေးငယ်များနှင့် သူ၏ ကိုယ်ပိုင်အုတ်မြစ်များ ရှိနေပြီး၊ ညာဘက်ချိန်ခွင်လျှာတွင်မူ ၂၁ ရာစု၏ အနာဂတ် ရှိနေသည်။ ပုပ်ရဟန်းမင်းကြီးက သူ့တွင် စေ့စပ်ထားသူတစ်ဦးနှင့် သမီးတစ်ယောက် ရှိသည်ဟု ပြောပြခဲ့သည်။

ရွေးချယ်ရချိန်တွင် တုပိုင် အလွန်တရာ နာကျင်ခဲ့ရပြီး ကိုယ်တွင်းအင်္ဂါများပင် လောင်ကျွမ်းသွားမတတ် ခံစားခဲ့ရ၏။ သူ ဤရွေးချယ်မှုကို မပြုလုပ်လိုခဲ့ချေ။ သို့သော် ဤကမ္ဘာလောကကြီးတွင် ပြီးပြည့်စုံသော ရွေးချယ်မှုဟူသည် မရှိတတ်ဘဲ ဆိုးရွားသော ရွေးချယ်မှုနှင့် ပိုဆိုးရွားသော ရွေးချယ်မှုသာ ရှိတတ်ပေသည်။

ထို့ကြောင့် တုပိုင် လက်ရှိအချိန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ အကြောင်းမူကား သူသည် လက်ရှိအချိန်သာမက အနာဂတ်ကိုပါ လိုချင်ခဲ့သောကြောင့်ပင်။ အကယ်၍ အနာဂတ်ကို ရွေးချယ်လိုက်ပါက လက်ရှိအချိန်ရော၊ ထိုအနာဂတ်ပါ ဖျက်ဆီးခံရလိမ့်မည်ကို သူ ကြိုတင်သိရှိခဲ့သောကြောင့် ဖြစ်သည်။ လက်ရှိအချိန်ကို ရွေးချယ်မှသာ အနာဂတ်ကို ကယ်တင်နိုင်စွမ်း ရှိကောင်းရှိနိုင်မည် ဖြစ်ပေ၏။

**--**--**--**--**--**--**--**

တုပိုင်နှင့် နဂါးကြီးတို့၏ ဧရာမစွမ်းအားစုကြီးသည် အိပ်မက်မိစ္ဆာဘုရင်နှင့် မိစ္ဆာအုပ်ကြီးထံ အပြင်းအထန် ဝင်တိုက်ချလိုက်လေတော့၏။

ဤတစ်ကြိမ် ပေါက်ကွဲမှုမှာ စကြဝဠာအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား နှစ်ခု အပြင်းအထန် ဝင်တိုက်မိသွားသည့်အလားပင် ဖြစ်​နေသည်။

ပေါက်ကွဲထွက်လာသော အလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် နေမင်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် သာလွန်တောက်ပသွားခဲ့လေ၏။ မြေပြင်အထက် ကီလိုမီတာ သုံးသောင်းအမြင့်၌ ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုကြီးကြောင့် မှောင်မိုက်နေသော ကမ္ဘာကြီးတစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း လင်းထိန်သွားတော့၏။ နေ့လယ်ခင်းအလင်းရောင်ထက်ပင် ပိုမိုတောက်ပနေပြီး လူတို့၏ မျက်စိများကို ကန်းသွားစေလုမတတ်ပင် ဖြစ်သည်။

လွန်ခဲ့သော အချိန်လေးက အိပ်မက်မိစ္ဆာဘုရင်ကြီး အက်ကွဲကြောင်းကို ဆုတ်ဖြဲလိုက်စဉ် အခြားဟင်းလင်းပြင်မှ မိစ္ဆာများ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြ၏။ အောက်ဘက်ရှိ ကမ္ဘာကြီးတွင် ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော တိရစ္ဆာန်များသည် မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြသလို၊ မြေကြီးထဲမှလည်း တစ္ဆေဝိညာဉ်များ တိုးထွက်လာကြသည်။ စတုရန်းကီလိုမီတာ တစ်သန်းကျယ်ဝန်းသော ကမ္ဘာကြီးသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့လေ၏။

သို့သော် နဂါးကြီးနှင့် အိပ်မက်မိစ္ဆာဘုရင်ကြီးတို့ ဝင်တိုက်မိသွားသော အချိန်လေးတွင် ဖြစ်ပွားခဲ့သည့် ဧရာမပေါက်ကွဲမှုကြီးကြောင့် ဆက်တိုက်ဖြစ်ပေါ်နေသော ကပ်ဘေးကြီးမှာ ချက်ချင်းဆိုသလို ပြီးဆုံးသွားတော့၏။

မိစ္ဆာပြောင်းသွားသော တိရစ္ဆာန်များအားလုံး ပြာအဖြစ် ပျောက်ကွယ်သွားကြပြီး တစ္ဆေဝိညာဉ်များလည်း မီးခိုးငွေ့များအဖြစ် လွင့်စင်သွားကြရသည်။

**--**--**--**--**--**--**--**

ဧရာမ ဝင်တိုက်ပေါက်ကွဲမှုကြီးသည် စက္ကန့်ဝက်ပင် မပြည့်သော၊ ၀.၀၁ စက္ကန့်ထက်ပင် နည်းပါးသည့် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် ထိုမျှတိုတောင်းလှသော အချိန်လေးအတွင်း တုပိုင် ပြာအဖြစ်သို့ မပြောင်းလဲသွားမီလေးတွင် သူသည် အိပ်မက်မိစ္ဆာဘုရင်ကြီးနှင့် အချိန်အတော်ကြာ စကားပြောဆိုနိုင်ခဲ့လေ၏။ အကြောင်းမူကား ဝိညာဉ်ရေးရာ ဆက်သွယ်မှုများအတွက် မျက်စိတစ်မှိတ်မျှသော အချိန်လေးသည်လည်း အလွန် ကြာညောင်းနိုင်သောကြောင့်ပင် ဖြစ်သည်။

အိပ်မက်မိစ္ဆာဘုရင်ကြီးက မေးခွန်းထုတ်လိုက်၏။ "စနစ်ရှင်... မင်း မှန်ကန်ပြီး ကြီးမြတ်တဲ့ ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တယ်လို့ ထင်နေတာလား။ အတူတူ သေဆုံးသွားရတာက ကြီးမြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုကြီး တစ်ခုပေါ့လေ"

တုပိုင် တုံ့ပြန်လိုက်သည်။ "ဒါက အဆိုးရွားဆုံး ရွေးချယ်မှု မဟုတ်ရုံလေးပါပဲ"

အိပ်မက်မိစ္ဆာဘုရင်ကြီးက ငြင်းဆန်လိုက်၏။ "မဟုတ်ဘူး... မင်းက အဆိုးရွားဆုံး ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။ မင်း ဒီဟင်းလင်းပြင်ကို ကယ်တင်ခဲ့ပေမဲ့ ဒါဟာ ပွားလာတဲ့ ဟင်းလင်းပြင်ခွဲတစ်ခု သက်သက်ပဲဆိုတာ မင်းလည်း သိတာပဲ။ ဒါ ကမ္ဘာမြေရဲ့ မူလခန္ဓာကိုယ် မဟုတ်ဘူးလေ"

သေချာပေါက် တုပိုင် သိရှိထားသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခြောက်ရာက မိစ္ဆာများ၏ မဟာကျူးကျော်မှုကြီး ကျရှုံးသွားခဲ့ခြင်းကြောင့် ကမ္ဘာမြေ၏ ခေတ်ကာလတွင် လမ်းခွဲတစ်ခု ဖြစ်ပေါ်သွားစေခဲ့ပြီး တာ့နင်အင်ပါယာ တည်ရှိနေသော ဤဟင်းလင်းပြင်ခွဲကို မွေးဖွားပေးခဲ့ခြင်း ဖြစ်၏။ ၂၁ ရာစု၏ ကမ္ဘာမြေကြီးကသာ အစစ်အမှန် မူလကမ္ဘာမြေ ဖြစ်သည်။

"ဒီပွားလာတဲ့ ကမ္ဘာမြေ ဟင်းလင်းပြင်ကို ကယ်တင်လိုက်ခြင်းရဲ့ အကျိုးဆက်တွေက ဘာလဲဆိုတာ မင်း သိလား"

"ငါသိတယ်"

အိပ်မက်မိစ္ဆာဘုရင်ကြီး ဆက်ပြောလာ၏။ "ခုနက မင်း ခေါင်းပေါ်မှာ မြင်ခဲ့ရတဲ့ ဟင်းလင်းပြင်ကမ္ဘာလောကကြီးက ငါတို့ရဲ့ မိခင်ဂြိုဟ် မဟုတ်ဘူး။ ငါတို့ရဲ့ မိခင်ဂြိုဟ်က ဖျက်ဆီးခံလိုက်ရတာ ကြာပြီ"

တုပိုင် ထောက်ပြလိုက်သည်။ "မင်းတို့ရဲ့ ကိုယ်ပိုင်အင်အားတွေအတွက် ဟင်းလင်းပြင်အသစ်တွေ၊ ဂြိုဟ်သစ်တွေကို မင်းတို့ အဆက်မပြတ် ကျူးကျော်နေခဲ့တာပဲ။ ဂြိုဟ်ကို သိမ်းပိုက်ပြီး နှစ်ထောင်အနည်းငယ်အတွင်း စွမ်းအင်တွေ အကုန်စုပ်ယူပြီး သက်မဲ့ဂြိုဟ်အဖြစ် ပြောင်းပစ်ကြတယ်။ ပြီးရင်တော့ စကြဝဠာထဲက ကျိုင်းကောင်တွေလိုပဲ နောက်ထပ် ဂြိုဟ်တစ်ခုကို ထပ်ကျူးကျော်ကြပြန်ရော"

အိပ်မက်မိစ္ဆာဘုရင်ကြီး တုပိုင်၏ စကားကို အဖတ်မလုပ်ဘဲ ဆက်ပြောလာ၏။ "ငါက ကမ္ဘာကြီးရဲ့ အက်ကွဲကြောင်းကို ဆုတ်ဖြဲလိုက်ပြီးပြီ။ အကယ်လို့ မင်းသာ ငါ့ကို မတားဆီးခဲ့ဘူးဆိုရင် တာ့နင်အင်ပါယာ တည်ရှိနေတဲ့ ဒီပွားလာတဲ့ ကမ္ဘာမြေကို ဖျက်ဆီးပစ်လိုက်မှာပဲ။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာမြေကိုတော့ ချန်ထားလို့ရသေးတယ်။ ဘာလို့လဲဆိုတော့ ဒီဟင်းလင်းပြင်ရဲ့ စွမ်းအင်အားလုံးကို စုပ်ယူပြီးမှသာ ခေတ်သစ်ကမ္ဘာမြေကို ငါတို့ ဆက်ပြီး ကျူးကျော်လို့ရမှာလေ။ ဆိုလိုတာက ခေတ်သစ်ကမ္ဘာမြေက အနည်းဆုံး နောက်ထပ် နှစ်တစ်ရာလောက် ရှင်သန်နိုင်သေးတယ်"

တုပိုင် တိတ်ဆိတ်စွာဖြင့် မည်သည့်စကားမျှ မဆိုခဲ့ချေ။

"အခုတော့ မင်းက ဒီပွားလာတဲ့ ကမ္ဘာမြေဟင်းလင်းပြင်ကို ကယ်တင်လိုက်ပေမဲ့ ခေတ်သစ်ကမ္ဘာမြေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖျက်ဆီးပစ်လိုက်တာပဲ"

တုပိုင် စကားတစ်ခွန်းမျှ မဟလာသေးပေ။

အိပ်မက်မိစ္ဆာဘုရင်ကြီး ဆက်ပြော၏။ "ငါ့ရဲ့ နှစ်တစ်ထောင် စီမံကိန်းကြီးလည်း ပျက်စီးသွားခဲ့ရပြီ။ ပြီးတော့ မင်းက ငါ့ကို ကံကြမ္မာမိစ္ဆာဆီမှာ အရှုံးပေးလိုက်ရအောင် လုပ်လိုက်တာပဲ"

ကံကြမ္မာမိစ္ဆာ...။

အိပ်မက်မိစ္ဆာဘုရင်ကြီးက ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုတို့ ရောယှက်ကာ ဟိန်းဟောက်လိုက်လေ၏။ "ငါ့ဘဝရဲ့ တာဝန်... နှစ်ပေါင်း တစ်ထောင်ကျော်ကြာအောင် ဆွဲခဲ့ရတဲ့ ငါ့ရဲ့ စီမံကိန်း... မင်းက ငါ့ကို ကံကြမ္မာမိစ္ဆာဆီမှာ ရှုံးနိမ့်သွားအောင် လုပ်လိုက်တာပဲ။ ယခုချိန်ကစပြီး သူက ကမ္ဘာမြေရဲ့ သခင် ဖြစ်သွားပြီ။ မင်းက ငါ့ကို အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ဆီမှာ ရှုံးနိမ့်သွားအောင် လုပ်လိုက်တာပဲ"

အိပ်မက်မိစ္ဆာဘုရင်ကြီး ဆက်လက်ဟိန်းဟောက်လိုက်သည်။ "အစကတော့ ကမ္ဘာမြေမှာ ရှင်သန်ဖို့ နှစ်တစ်ရာ အချိန်ကျန်သေးတယ်။ မင်းက အဲဒါကို အချိန်မတိုင်ခင် ကြိုပြီး ဖျက်ဆီးပစ်လိုက်တာပဲ။ မင်းက ကံကြမ္မာမိစ္ဆာကို အချိန်မတိုင်ခင် ကမ္ဘာမြေရဲ့ သခင်ဖြစ်လာအောင် လုပ်ပေးလိုက်သလို၊ သူနဲ့ သူ့ရဲ့ သေဆုံးခြင်းမရှိတဲ့ မိစ္ဆာတွေကိုပါ ကမ္ဘာမြေရဲ့ သခင်အသစ် ဖြစ်လာအောင် လုပ်ပေးလိုက်တာပဲ"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၃ + ၈၃၄) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters