အခန်း (၈၃၅-၈၃၆)
Vol. 84 Ch. 835-836
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၅ + ၈၃၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် စကားတစ်ခွန်းမျှ မဆိုပေ။ ဤအဆုံးသတ်ကို သူရော၊ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ပါ သိရှိထားကြပြီး ဖြစ်၏။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ကမူ တုပိုင်ထက် ပို၍ပင် အဆိုးမြင်သေး၏။ သူက ဤအရာကို အစားထိုးရွေးချယ်စရာ လမ်းစဉ်တစ်ခုအနေဖြင့်သာ ရှုမြင်ထားသည်။ ပစ္စုပ္ပန်ကို ရွေးချယ်လိုက်ခြင်းသည် အနာဂတ်ကို ဖျက်ဆီးပစ်ရန် ဖန်တီးလိုက်ခြင်းသာဖြစ်သည်ဟု သူက ယူဆထား၏။
သို့ရာတွင် တုပိုင်ကမူ နှစ်ခုစလုံးကို ပိုင်ဆိုင်လိုနေသည်။
လူနှစ်ဦးကြားရှိ ဝိညာဉ်ရေးရာ ဆက်သွယ်မှုမှာ အလွန်ကြာမြင့်လှသည်ဟု ထင်ရသော်ငြား၊ တကယ်တမ်း၌မူ စက္ကန့်ဝက်မျှပင် မကြာလိုက်ချေ။
ထို့နောက်... ပြင်းထန်သော ပွတ်တိုက်မှုနှင့်အတူ ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့၏။
တုပိုင်၊ ဧရာမ အရိုးနဂါးကြီး၊ အိပ်မက်မိစ္ဆာဘုရင်ကြီးနှင့်တကွ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသော မိစ္ဆာများ အားလုံး၏ ခန္ဓာကိုယ်များသည် အကြွင်းမဲ့ ပျက်စီးသုဉ်းကွယ်သွားကြတော့သည်။
ထိုအခိုက်အတန့်၌ တုပိုင်၏ စိတ်အာရုံအတွင်းရှိ မြင်ကွင်းတစ်ခုမှာ ထာဝရ ရပ်တန့်သွား၏။
ထိုမြင်ကွင်းကား သူ၏ စေ့စပ်ထားသူ ရန်ယဲ့ရှောင်နှင့် သမီးလေး တုရှောင်တို့ပင် ဖြစ်ပေသည်။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ စမ်းသပ်မှုအတွင်း၌သာ သူတို့ကို တွေ့မြင်ရခြင်း ဖြစ်သော်ငြား၊ ထိုပုံရိပ်တို့က သူ၏ စိတ်နှလုံး၌ နက်ရှိုင်းစွာ စွဲထင်နေလျက်ရှိသည်။
ထိုကလေးမလေးမှာ အလွန်တရာ အားနည်းပိန်လှီနေသော်လည်း၊ အလွန်ပင် လှပချစ်စရာကောင်းလှ၏။
ရန်ယဲ့ရှောင်၏ လှပသော မျက်နှာထက်၌မူ မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ အပြည့်လွှမ်းမိုးနေလျက်ရှိသည်။ သူမသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ သမီးလေး၏ လက်ကို ဆုပ်ကိုင်ထားရင်း စိတ်ကို ပိုင်းဖြတ်လိုက်ဟန်ရသည်။ ထို့နောက် လက်ဝှေ့ယမ်းပြကာ အောက်သို့ ခုန်ချတော့မည့်ဟန် ပြင်နေသည်။
"ယောကျ်ား... ရှင့်ဆီကို ကျွန်မ လာတော့မယ်"
အဆုံးအစမဲ့သော နောင်တနှင့် အပြစ်မကင်းစိတ်များက တုပိုင်၏ နှလုံးသားအတွင်း လှိုင်းတံပိုးများအလား ရိုက်ခတ်လာတော့၏။
"ကိုယ်တောင်းပန်ပါတယ် ယဲ့ယဲ့... ကိုယ့်အချစ်လေး။ ဖေဖေ တောင်းပန်ပါတယ် ရှောင်ရှောင်... ဖေဖေ့သမီးလေး"
"ကိုယ် တောင်းပန်ပါတယ်"
"ဖေဖေ တောင်းပန်ပါတယ်"
ထို့နောက် သူ၏ခန္ဓာကိုယ်မှာ အကြွင်းမဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကာ ပြာမှုန့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။
အိပ်မက်မိစ္ဆာဘုရင်ကြီး၏ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသော အခိုက်အတန့်၌ ရွှေ၊ ပြာ၊ နီ၊ စိမ်း အရောင်လေးမျိုးရှိသော အလင်းတန်းများနှင့်အတူ အရိပ်လေးခု ပျံထွက်လာ၏။
ထိုမဟာဝိညာဉ်မိစ္ဆာ လေးကောင်မှာ အလွန်ဝေးကွာသော နေရာ၌ ရှိနေကြသော်ငြား၊ သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလို မျိုးသုဉ်းပျောက်ကွယ်သွားကာ ဝိညာဉ်အလင်းတန်းနှင့် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ မကြာမီတွင် ယင်းတို့၏ ဝိညာဉ်စွမ်းအင်များပါ အကြွင်းမဲ့ မျိုးသုဉ်းပျောက်ကွယ်သွားတော့မည် ဖြစ်၏။
ထိုစဉ် ကောင်းကင်ဘုံ ကိုးထပ်အလွန်ရှိ တိမ်တိုက်များဆီမှ ဝေးကွာလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
"အိပ်မက်... သိပ်ပြီး ရူးသွပ်မနေနဲ့တော့။ ဒါတွေအားလုံးက ကံကြမ္မာပဲလေ မဟုတ်ဘူးလား"
ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး၏ ဗဟိုချက်၌ တွင်းနက်ကြီးသဖွယ် ဝဲကတော့တစ်ခု ရုတ်ချည်း ထွက်ပေါ်လာကာ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားတော့သည်။
"ရွှီးးး"
အလင်းနှင့် အရိပ်အားလုံး... အိပ်မက်မိစ္ဆာသာမက ဝိညာဉ်မိစ္ဆာလေးကောင်၏ အလင်းအရိပ်များပါမကျန် ထိုတွင်းနက်ဝဲကတော့ကြီး၏ မျိုချခြင်းကို ခံလိုက်ရတော့၏။
ကောင်းကင်ယံထက်ရှိ အရာအားလုံးသည် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ကမ္ဘာကြီး၏ အက်ကွဲကြောင်းများ ပျောက်ကွယ်သွားသလို၊ ကောင်းကင်ယံရှိ မိစ္ဆာများလည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ကြောက်မက်ဖွယ် ကမ္ဘာလောကကြီးပင်လျှင် လုံးဝ ကွယ်ပျောက်သွား၏။
ပြာလဲ့သော ကောင်းကင်နှင့် တိမ်ဖြူများ ပြန်လည် ထွက်ပေါ်လာ၏။ ကောင်းကင်ယံထက်၌ နေမင်းကြီးကလည်း တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။ အရာအားလုံးသည် အလွန်တရာ အေးချမ်းလှပနေတော့၏။
မြေပြင်ထက်၌ ပေါ်ပေါက်နေသော မြေအောက်ကမ္ဘာကြီးသည်လည်း ပျောက်ကွယ်သွားကာ အဆုံးမဲ့ သဲကန္တာရကြီးတစ်ခုသာ ကျန်ရစ်နေတော့သည်။
ကျီယင်ယင်၊ နီရှန်၊ ကျီချင်းကျူနှင့် မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင် တစ်ရာကျော်တို့သည် ကောင်းကင်ယံသို့ မော့ကြည့်နေကြ၏။
ကျီယင်ယင်က အသံကုန်ဟစ်အော်လိုက်သည်။
"ဧကရာဇ်မင်းမြတ် ထွက်သွားခဲ့ပြီ။ ငါတို့ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ဧကရာဇ်မင်းမြတ်က သူ့အသက်ကို ပေးဆပ်သွားခဲ့ပြီ။ ဧကရာဇ်မင်းမြတ် ထွက်သွားခဲ့ပြီ"
"အားလုံးပဲ ဒူးထောက်လိုက်ကြစမ်း"
ထို့နောက် မဟာဆရာသခင်အဆင့် တစ်ရာကျော်နှင့် သွေးမိစ္ဆာစစ်သည် တစ်ထောင်တို့သည် မြေပြင်ထက်၌ ညီညာစွာ ဒူးထောက်ချလိုက်ကြ၏။
"ဒီတိုက်ပွဲမှာ ငါတို့က ဘေးကနေ ရပ်ကြည့်နေရုံသက်သက်ပဲ ဖြစ်ခဲ့ရတယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ အရှက်ကွဲမှုကြီးပဲ"
"ဧကရာဇ်မင်းမြတ်နဲ့အတူ ယှဉ်တွဲပြီး မတိုက်ခိုက်နိုင်ခဲ့တာက တကယ့်ကို ကြီးမားတဲ့ အရှက်ကွဲမှုကြီးပဲ"
"ဒီနေ့ကစပြီး ဒီလောကမှာရှိတဲ့ လူတိုင်း မှတ်ထားရမှာက... မင်းတို့အားလုံး အသက်ရှင်နေနိုင်သေးတာဟာ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ"
"လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ပိုသန်စွမ်းလာအောင်၊ ဒီကမ္ဘာကြီး ပိုသန်စွမ်းလာအောင် အသက်စွန့်ပြီး ကြိုးစားကြရမယ်။ စစ်သည်တော် အားလုံး... မင်းတို့ ကောင်းကင်ဘုံကိုပဲ သွားသွား၊ ငရဲပြည်ကိုပဲ သွားသွား ကိုယ့်ကိုယ်ကိုယ် ပိုပြီး စွမ်းအားကြီးလာအောင် လုပ်ရမယ်။ တိုင်းပြည်အားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားကြ။ မင်းတို့ရဲ့ စွမ်းအင်ကျင့်ကြံမှုက မင်းတို့ရဲ့ တိုင်းပြည်နဲ့ ငါတို့ကမ္ဘာကြီးကို ပိုမို ကြံ့ခိုင်သန်စွမ်းလာစေရမယ်"
"တစ်နေ့ကျရင် ဧကရာဇ်မင်းမြတ် ပြန်ကြွလာကောင်း ကြွလာနိုင်တယ်။ သူ ငါတို့ကို လိုအပ်လာတဲ့အခါ... ငါတို့က အရှက်တကွဲနဲ့ ဘေးကနေ ရပ်ကြည့်နေရတဲ့သူတွေ သက်သက် မဖြစ်စေရဘူး"
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း၏ မြူခိုးတောင်ထိပ်၌ ကျီကျန်ယန်သည် သူမ၏ ကလေးငယ်ကို ပွေ့ဖက်ထားရင်း ဒူးထောက်ချလိုက်ကာ ညင်သာစွာ ဆိုလိုက်၏။
"ကလေးလေး... ငါတို့ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်။ နင်တောက်ရွှမ်ကသာ မှားယွင်းခဲ့တာပါ။ နင်တောက်ရွှမ်... ရှင်နဲ့ ငါ ကွာရှင်းမယ်၊ ငါ နောက်အိမ်ထောင်ပြုတော့မယ်"
**--**--**--**--**--**--**--**
တာ့နင်နန်းတော်အတွင်း၌ နင်းရွှဲ့သည် ပါးမို့မို့လေးနှင့် ကလေးငယ် တုရှောင်ကို ပွေ့ချီထားရင်း သူမ၏ မျက်ဝန်းများမှ မျက်ရည်များ လိမ့်ဆင်းကျလာ၏။
ကလေးငယ်လေးက နှုတ်ခမ်းလေးကို စူကာ ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။ "ပါပါး..."
**--**--**--**--**--**--**--**
ရှာမန် နိုင်ငံတော်ဆရာသခင် စစ်ခုန်းယဲ့သည် လူထောင်ပေါင်းများစွာကို ဦးဆောင်ကာ မြေပြင်ထက်၌ ညီညာစွာ ဒူးထောက်ချလိုက်၏။
"ဧကရာဇ်မင်းမြတ် ထွက်သွားပြီ။ ဆရာသခင် ထွက်သွားပြီ။ ငါတို့တွေက သနားစရာကောင်းလောက်အောင် စောက်သုံးမကျတာကြောင့် ကမ္ဘာကြီးကို ငါတို့ မကာကွယ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူက သူ့အသက်ကိုစတေးပြီး တစ်ယောက်တည်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်သွားခဲ့တာ။ အခုတော့ သူ ထွက်သွားခဲ့ပြီ"
"အားလုံးပဲ ဧကရာဇ်မင်းမြတ်အတွက် မင်းတို့ရဲ့ အသက်တွေကို ဆက်သဖို့ ပြင်ဆင်ထားပြီး သန်စွမ်းအောင် ကြိုးစားကြ။ ထကြလော့"
**--**--**--**--**--**--**--**
အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ မြို့တော်၌...
ဖန်းချင်းယီ၏ ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာ၏။
"နင် ထွက်သွားပြီလား။ ငါနဲ့ အတူတူ မအိပ်ရသေးခင်မှာပဲ နင် သေသွားခဲ့ပြီလား"
"ငါ မသေဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း သတ်မသေဘူး။ ငါ့ကိုယ်ငါ ပိုလှလာအောင်၊ ပိုသန်စွမ်းလာအောင် လုပ်နိုင်သမျှ အရာအားလုံးကို ငါ လုပ်မယ်"
"တကယ်လို့များ... တစ်နေ့နေ့မှာ နင် ငါ့ကို မြင်နိုင်ခဲ့မယ်ဆိုရင်၊ နင် ရင်တုန်ပန်းတုန်ဖြစ်ပြီး သွေးဆူပေါက်ကွဲသွားလောက်တဲ့အထိ ငါ အရမ်းလှနေစေရမယ်လို့ ကတိပေးတယ်"
**--**--**--**--**--**--**--**
၂၁ ရာစု၏ ခေတ်သစ်ကမ္ဘာမြေ၊ ဟန်ကျိုးမြို့၌...
လူနေရပ်ကွက်တစ်ခုအတွင်းရှိ သူငယ်တန်းကျောင်းတစ်ကျောင်းတွင် ဖြစ်သည်။
မိဘအချို့သည် တုရှောင်တစ်ယောက် စာသင်ခန်းထဲ၌ ထိုင်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဆရာမကျန်းအား တိုက်ရိုက်ပင် ခေါ်ယူမေးမြန်းလိုက်ကြသည်။
မိဘတစ်ဦးက မေးမြန်းလိုက်၏။ "ဒီကလေးမက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ သူ့ကို ကျောင်းထုတ်လိုက်ပြီလို့ ကျောင်းအုပ်ကြီးက ပြောထားတယ် မဟုတ်ဘူးလား"
ဆရာမကျန်းက ဒေါသတကြီး တုံ့ပြန်လိုက်သည်။ "သူတို့က ရုတ်တရက်ကြီး သူငယ်တန်းကျောင်းအသစ်ကို ဘယ်လိုလုပ် သွားရှာနိုင်မှာလဲ။ တုရှောင်လို ချစ်စရာကောင်းတဲ့ ကလေးလေးကို ရှင်တို့က ရုတ်တရက်ကြီး အတင်းအကျပ် မောင်းထုတ်နေကြတာလေ။ နောက်ဆုံး နှစ်ရက်၊ သုံးရက်လောက်တောင် ဒီမှာ ဆက်ထားခွင့် မပေးနိုင်ကြဘူးလား"
ကလေးမိဘကလည်း ဒေါသတကြီးဖြင့် ပြန်အော်၏။ "မင်းက ဘယ်လို အချိုးမျိုး ချိုးနေတာလဲ။ မင်းတို့က ကိုယ်ပိုင် သူငယ်တန်းကျောင်းလေ၊ ဖောက်သည်ဆိုတာ ဘုရားသခင်ပဲ။ ဘုရားသခင်ကို ဒီလို လေသံမျိုးနဲ့ စကားပြောတဲ့သူ ရှိလို့လား"
"ငါက ဆေးပညာ လေ့လာထားတဲ့သူပါ။ တုရှောင်ဆိုတဲ့ ကလေးက သူ့အမေနဲ့ ရုပ်ချင်းဆင်ရုံတင်မကဘူး၊ နှစ်ယောက်လုံးက စိတ်ရောဂါ လက္ခဏာတွေ ရှိနေတာ။ တကယ်လို့များ ဒီရက်ပိုင်းအတွင်းမှာ သူက အခြားကလေးတွေကို ရုတ်တရက် အကြမ်းဖက်ပြီး ဒဏ်ရာရအောင် လုပ်လိုက်ရင် အဲဒီ တာဝန်ကို မင်း ယူရဲလို့လား"
"တကယ်လို့ ရန်ယဲ့ရှောင် ဆိုတဲ့ စိတ်ရောဂါသည်မိန်းမက ဒီရက်ပိုင်းအတွင်းမှာ ငါတို့ကို လက်စားချေချင်လို့ သူငယ်တန်းကျောင်းထဲ အတင်းဝင်လာပြီး ငါတို့ကလေးတွေကို ရန်ရှာရင်ကော ဘယ်လိုလုပ်မလဲ"
"တိုတိုပြောရရင်တော့... ငါတို့ကလေးတွေကို ဘယ်လိုအန္တရာယ်မျိုးနဲ့မှ ခြိမ်းခြောက်ခံရလို့ မဖြစ်ဘူး။ မင်းက တုရှောင်ကို မောင်းမထုတ်ချင်ဘူးဆိုတော့လည်း ငါတို့ကလေးတွေကိုပဲ ခေါ်ထုတ်သွားရတာပေါ့"
ဆရာမကျန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ "သွားချင်တဲ့သူ သွားနိုင်တယ်"
ထို့နောက် မိဘတစ်ဒါဇင်ကျော်ခန့်သည် စာသင်ခန်းအတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့၏ ကလေးများကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်သွားကြတော့သည်။
မထွက်ခွာမီ သူတို့သည် တုရှောင်အား ဂြိုဟ်သားတစ်ကောင်ကို ကြည့်သည့်အလား အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်သွားကြ၏။
နောက်ဆုံးတွင်မူ... ကျယ်ဝန်းသော စာသင်ခန်းကြီးထဲ၌ တုရှောင် တစ်ယောက်တည်းသာ အထီးကျန်စွာ ထိုင်ကျန်ရစ်တော့သည်။
သူမသည် မျက်ရည်များကို ထိန်းချုပ်မထားနိုင်တော့ဘဲ ပါးပြင်ထက်သို့ အဆက်မပြတ် လိမ့်ဆင်းကျလာတော့၏။
တုရှောင်က ငိုကြွေးရင်း ရှင်းပြရှာသည်။ "တီတီ... သမီးက စိတ်ရောဂါသည် မဟုတ်ပါဘူး။ သမီးရဲ့ မာမီကလည်း စိတ်ရောဂါသည် မဟုတ်ပါဘူး။ သမီးတို့က ပါပါးကို အရမ်းချစ်လွန်းလို့ပါ။ ဖွားဖွားက ပါပါးကို ခေါ်သွားပြီး ဖွက်ထားလို့ သမီးမာမီက အခုလို ဖြစ်နေရတာပါ"
ဆရာမ ကျန်းယွီဟန်က တုရှောင်ကို သူမ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ ညင်သာစွာ ချော့မြူလိုက်၏။
"ရှောင်ရှောင်လေးက အလိမ္မာဆုံး ကလေးလေးဆိုတာ တီတီ သိပါတယ်ကွယ်။ ရှောင်ရှောင့်မာမီကလည်း အကောင်းဆုံး အမျိုးသမီးတစ်ယောက်ပါ။ ပြီးတော့ ရှောင်ရှောင့်ပါပါးကလည်း အကောင်းဆုံးနဲ့ အချောမောဆုံး ဖေဖေတစ်ယောက်ပါ။ မှားနေတာက ဒီလူတွေပါကွယ်။ သူတို့တွေ မှားနေကြတာပါ"
ထို့နောက် ဆရာမ ကျန်းယွီဟန် ဆက်ပြောသည်။
"ဒီကစပြီး တီချယ်က ရှောင်ရှောင့်ကို တစ်ယောက်တည်း သီးသန့် စာသင်ပေးမယ်နော်။ ဟုတ်ပြီလား"
ရှောင်ရှောင် သူမ၏ မျက်ရည်များကို အတင်းပွတ်သုတ်လိုက်ပြီး လိမ္မာစွာဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်၏။
လူအများရှေ့တွင် ထိုကလေးမလေးသည် အမြဲတစေ ခေါင်းငုံ့ထားတတ်ပြီး စကားတစ်ခွန်းမျှ ဟဟပ်လေ့မရှိချေ။ သို့သော် သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သူများရှေ့တွင်မူ မည်သူ့ထက်မဆို ပို၍ လိမ္မာရေးခြားရှိကာ အလွန်စကားနားထောင်တတ်သည်။
ဤကဲ့သို့သော ရှောင်ရှောင်လေးကို ကြည့်ရင်း ဆရာမ ကျန်းယွီဟန်၏ နှလုံးသားမှာ အမှန်တကယ်ပင် ကြေကွဲအရည်ပျော်ကျသွားရတော့၏။
ထို့နောက် သူမသည် ရှောင်ရှောင်အတွက် သူမတစ်ယောက်တည်းကိုသာ သီးသန့်ရည်ရွယ်သော နောက်ဆုံးသင်ခန်းစာတစ်ခု သင်ကြားပေးရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်၌ပင် အပြင်ဘက်၌ ရုတ်တရက် မှောင်အတိကျသွားကာ မျက်စိတစ်မှိတ်အတွင်း ညသန်းခေါင်ယံကဲ့သို့ ဖြစ်သွား၏။
တစ်ကမ္ဘာလုံးသည်လည်း စတင် တုန်ခါလာတော့သည်။
ယင်းမှာ မြေငလျင်လှုပ်ခတ်သည့် တုန်ခါမှုမျိုး မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးကိုယ်တိုင် အသက်ရှူသွင်းလိုက်သည့်အလား နက်ရှိုင်းသော တုန်ခါမှုမျိုး ဖြစ်နေ၏။
ထို့နောက် ကောင်းကင်ယံက ရုတ်ချည်း လင်းထိန်သွားသည်။
ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော၊ ရုပ်ရှင်များ၊ အိပ်မက်များထဲတွင်ပင် မပေါ်ပေါက်ဖူးသော မြင်ကွင်းတစ်ခုသည် ကောင်းကင်ယံထက်၌ ကြမ်းတမ်းကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာတော့၏။
အလွန်စိမ်းသက်နေသော ဧရာမ ဟင်းလင်းပြင်ကမ္ဘာကြီးတစ်ခုက ကောင်းကင်ပြင်တစ်ခုလုံးအား ဖုံးလွှမ်းနေရာယူသွားသည်။
ထိုစိမ်းသက်၊ အစွမ်းထက်၊ ထူးဆန်း၊ နက်နဲဆန်းကြယ်ကာ သေစေနိုင်လောက်သော ဧရာမကမ္ဘာလောကကြီးသည် ကောင်းကင်ယံရှိ နေ၊ လ နှင့် ကြယ်တာရာများအားလုံးကို ဖုံးကွယ်ပစ်လိုက်၏။
ယင်းက ကောင်းကင်၏ ထောင့်စွန်းတိုင်းနှင့် အမြင်အာရုံ တစ်ဆုံးရှိ ကမ္ဘာမြေပေါ်ရှိ နေရာအနှံ့အပြားကို ဖုံးလွှမ်းသွားသည်။
ထိုကမ္ဘာကြီးအတွင်းမှ မြို့ပြအဆောက်အအုံများကိုပင် အောက်ခြေမှနေ၍ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရ၏။
အလွန်တရာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ချက်ချင်းဆိုသလိုပင် တောင်တန်းကြီးတစ်လုံးအလား ဧရာမအရွယ်အစားရှိသော အရိပ်မည်းကြီးတစ်ခုသည် လေထုထဲ၌ စုစည်းဖြစ်တည်လာတော့၏။
အမြင့်ပေ ကီလိုမီတာ သောင်းချီရှိသော ကောင်းကင်ယံ၌ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ထိုအက်ကွဲကြောင်းကြီးမှာ အတင်းအဓမ္မ ဆုတ်ဖြဲခံလိုက်ရ၏။
"ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး"
မရေမတွက်နိုင်သော မီးတောက်များ၊ ဥက္ကာပျံများနှင့် စွမ်းအင်သတ္တဝါများသည် ကောင်းကင်ယံရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများထဲမှ တိုးထွက်လာကြပြီး မိုးရွာချသည့်အလား ကျဆင်းလာကြတော့သည်။
ကမ္ဘာမြေကြီးသည် ယင်း၏ ဝင်ရိုးပေါ်တွင် လည်ပတ်နေခြင်းကြောင့် ကောင်းကင်ယံရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးမှာ မိုင်ထောင်ချီ၍ ကန့်လန့်ဖြတ် ဖြစ်ပေါ်နေ၏။
ထို့ကြောင့် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသော စွမ်းအင်များသည် ကမ္ဘာမြေ၏ ထောင့်စွန်းတိုင်းသို့ ပြန့်ကျဲကျရောက်လာတော့သည်။ ယင်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဥက္ကာပျံမိုးရွာသွန်းမှုကြီးအလားပင် ဖြစ်ပေ၏။
ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်သောင်းဂဏန်းမကသည့် မရေမတွက်နိုင်သော ထူးဆန်းသည့် စွမ်းအင်များ၊ မီးတောက်များနှင့် သတ္တဝါများသည် ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။
စွမ်းအင်မီးတောက်တစ်ခုက ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်သွား၏။ ဧရာမ အဆောက်အအုံကြီးသည် မျက်စိတစ်မှိတ်အတွင်း ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
စွမ်းအင်မီးတောက်တစ်ခုက အရှေ့တိုင်းပုလဲရုပ်သံမျှော်စင်ကို ဝင်တိုက်သွားရာ၊ ယင်း၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည်လည်း ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။
စွမ်းအင်မီးတောက်တစ်ခုသည် အီဂျစ်ပိရမစ်များကို ဝင်တိုက်သွားရာ မျက်စိတစ်မှိတ်အတွင်း သဲကန္တာရတစ်ခုလုံး ပြိုကျပျက်စီးသွားတော့သည်။
စွမ်းအင်မီးတောက်တစ်ခုသည် အီဖယ်မျှော်စင်ကို ဝင်တိုက်သွားကာ ကီလိုမီတာ အနည်းငယ်ပတ်လည်ရှိ အရာအားလုံးမှာလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
စွမ်းအင်မီးတောက်တစ်ခု ဧဝရတ်တောင်ကြီးကို ဝင်တိုက်သွားရာ၊ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကြီးသည်လည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အဆုံးအစမဲ့သော ရေခဲနှင့် နှင်းများသည် လွင့်စင်ထွက်သွားကာ ကောင်းကင်သို့ ထိုးတက်သွားသော အစိမ်းရောင် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ကမ္ဘာပျက်မည့်အချိန် ရောက်ပြီဖြစ်၏။
မည်သည့် သတိပေးချက်၊ မည်သည့် ကြိုတင်ပြင်ဆင်ခွင့်မျှ မရလိုက်ချေ။ သို့သော် ဤအစစ်အမှန် ကမ္ဘာမြေကြီးပေါ်တွင်မူ ကယ်တင်ရှင်ဟူ၍ မရှိပေ။
မိမိတို့၏ ကလေးများကို ခေါ်ဆောင်သွားကြသော သူငယ်တန်းကျောင်းမှ မိဘများသည် ထိုမြင်ကွင်းကို မော့ကြည့်ရင်း လုံးဝ ထိတ်လန့်အံ့ဩကာ မှင်တက်သွားကြ၏။
မည်သည်တို့ ဖြစ်ပျက်နေမှန်းကို သူတို့ မသိကြချေ။
ဆရာမ ကျန်းယွီဟန်သည်လည်း အလွန်တရာ ထိတ်လန့်သွားကာ တစ်ကိုယ်လုံး အေးစက်သွားတော့သည်။
တုရှောင်က ရုတ်တရက် အော်ဟစ်လိုက်၏။ "ပါပါး... ပါပါး"
ထို့နောက် သူမသည် ဆရာမကျန်း၏ ရင်ခွင်ထဲမှ အတင်းရုန်းထွက်ကာ သူမ၏ ခြေတံတိုလေးများဖြင့် အိမ်ဆီသို့ ဦးတည်ပြေးသွားတော့သည်။
မည်သည်တို့ ဖြစ်ပျက်နေမှန်း သူမ မသိချေ။
သို့သော် လက်ရှိအချိန်၌ သူမသည် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲနှင့် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင်သာ ရှိနေချင်၏။
ရန်ယဲ့ရှောင် ကျောင်းမှ အထုတ်ခံလိုက်ရသော်လည်း၊ သူမ ရထိုက်သော သုံးလစာ လျော်ကြေးငွေကိုမူ တရားဝင် ရရှိသည်။
သို့သော် သူမသည် ထဇွဲလုံးလကြီးမားသူ ဖြစ်ပေသည်။
ထို့ကြောင့်သာ အသိစိတ်လွတ်ကာ အကြောသေပြီး မလှုပ်မရှားနိုင် ဖြစ်နေသော တုပိုင်အပေါ် ယခုအချိန်အထိ သူမ စွန့်ခွာမသွားခြင်း ဖြစ်၏။
ရုံးခန်းထဲမှ ထွက်လာစဉ် သူမသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
သူမ ဤမြို့တွင် ဆက်နေ၍ မရနိုင်တော့ချေ။ အကြောင်းမူကား သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသည့် ဗီဒီယို ပြန့်နှံ့သွားပြီး လူအများ၏ ကဲ့ရဲ့ဝေဖန်မှု ခံရပြီးနောက် ဤမြို့ရှိ လူတိုင်းနီးပါးက သူမကို သိသွားကြသောကြောင့် ဖြစ်သည်။ ယောကျ်ားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသော ဤစိတ်ရောဂါသည် အလှပန်းလေးအား လူတိုင်းက သိနေကြပြီ ဖြစ်၏။
သူငယ်တန်းကျောင်းကလည်း ရှောင်ရှောင်ကို မောင်းထုတ်လိုက်ပြီဖြစ်ရာ သူတို့သည် တုပိုင်ကို ခေါ်ဆောင်ကာ အခြားမြို့တစ်မြို့သို့ သွားရောက် အခြေချရတော့မည် ဖြစ်သည်။
သို့သော် သူမတွင် ငွေကြေး လုံးဝ မရှိတော့ချေ။ ခရက်ဒစ်ကတ်ထဲတွင်လည်း အကြွေး နှစ်သောင်းခန့် တင်နေသေး၏။
ပြောင်းရွှေ့ရန်အတွက် ငွေလိုသည်။ အိမ်သစ်ရှာရန် ငွေလိုသည်။ ရှောင်ရှောင် ကျောင်းတက်ရန် ငွေလိုသည်။ သူမ၏ ခင်ပွန်းဖြစ်သူ တုပိုင်ကို နေ့စဉ် ပြုစုစောင့်ရှောက်ရန်အတွက်လည်း ငွေလိုသည်။ ထို့အပြင် အလုပ်သစ်တစ်ခုကိုလည်း သူမ ရှာဖွေရဦးမည် ဖြစ်၏။
ရန်ယဲ့ရှောင် အလွန်တရာ ကြီးမားလှသော ဖိအားများကို ခံစားနေရသည်။
သူမ ကောင်းကင်ယံသို့ မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ "ယောကျ်ား... ကျွန်မကို ခွန်အားတွေ ပေးပါဦး။ ကျွန်မ တကယ် ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"
ထိုအချိန်မှာပင် ကမ္ဘာပျက်မည့်အချိန် ရောက်လာတော့သည်။
အခြားကမ္ဘာများမှ မရေမတွက်နိုင်သော စွမ်းအင်များနှင့် မိစ္ဆာများသည် ခေတ်သစ်ကမ္ဘာမြေထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြတော့သည်။
ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအားလုံး အပြင်သို့ ထွက်လာကြပြီး ကောင်းကင်ယံသို့ မော့ကြည့်နေကြ၏။
လူအနည်းငယ်ကမူ သူတို့၏ လက်ကိုင်ဖုန်းများဖြင့် ဓာတ်ပုံရိုက်ရန်ပင် မမေ့ကြချေ။
ရန်ယဲ့ရှောင် တစ်ဦးတည်းသာ သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ရှောင်ရှောင်၏ ဖုန်းနံပါတ်သို့ ချက်ချင်း ခေါ်ဆိုလိုက်သည်။
သို့သော် ဆက်သွယ်ရေးစနစ်များအားလုံး ပြတ်တောက်သွားပြီဖြစ်ရာ ဖုန်းခေါ်ဆို၍ မရနိုင်တော့ချေ။
ရုတ်တရက် ရန်ယဲ့ရှောင် သူမ၏ ဒေါက်မြင့်ဖိနပ်များကို ချွတ်ပစ်လိုက်ပြီး၊ ရူးသွပ်နေသူတစ်ဦးအလား ခြေဗလာဖြင့် အိမ်ရှိရာဆီသို့ ပြေးသွားတော့သည်။
"ရှောင်ရှောင်... ယောကျ်ား... ကျွန်မကို စောင့်နေကြပါဦး။ ကျွန်မ အိမ်ပြန်ရောက်တဲ့အထိ စောင့်ပေးကြပါဦး"
"ဘုရားသခင်... ကျွန်မ တောင်းပန်ပါတယ်။ ကမ္ဘာပျက်တော့မယ်ဆိုရင်တောင် ကျွန်မကို အိမ်ပြန်ရောက်ခွင့်လေးတော့ ပေးပါဦး"
"သေရမယ်ဆိုရင်တောင်... ကျွန်မယောကျ်ား၊ သမီးလေးတို့နဲ့ အတူတူပဲ သေပါရစေ"
"ဘုရားသခင်... ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ ကျွန်မတို့ မိသားစုကို အတူတူ သေခွင့်ပြုပါ"
ရန်ယဲ့ရှောင် ခြေဗလာဖြင့် အသည်းအသန် ပြေးလွှားနေ၏။ နူးညံ့လှသော သူမ၏ ခြေဝါးလေးများမှာ မကြာမီမှာပင် ပွန်းပဲ့စုတ်ပြတ်ကာ သွေးများ ယိုစီးကျလာသော်ငြား သူမကတော့ အိမ်ရှိရာဆီသို့သာ ဆက်လက် ဦးတည်ပြေးလွှားနေသည်။
ထိုစဉ်မှာပင် သူမနှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသော ရှေ့တည့်တည့်၌ "ဝုန်းးး" ဧရာမ စွမ်းအင်မီးတောက်ကြီးတစ်ခု ပြင်းထန်စွာ ကျဆင်းပေါက်ကွဲသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံး အကြွင်းမဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ကားများ ၊ ခုံးကျော်တံတားများနှင့် အဆောက်အအုံများအားလုံး ချက်ချင်းဆိုသလို ပြိုကျပျက်စီးသွားတော့၏။
**--**--**--**--**--**--**--**
ခေတ်သစ်ကမ္ဘာမြေ၊ သာမန်တောင်တစ်တောင်ထက်၌ လူရိပ်တစ်ခုသည် တောင်ထိပ်ထက်၌ အထီးကျန်စွာ ရပ်နေရင်း ကျဆင်းလာနေသော စွမ်းအင်မီးတောက်များနှင့် မိစ္ဆာစွမ်းအင်များကို မော့ကြည့်နေ၏။
သူ့ထံ၌ အနည်းငယ်မျှသော ထိတ်လန့်ကြောက်ရွံ့မှုမျိုး မရှိဘဲ အလွန်တရာ တိတ်ဆိတ်တည်ငြိမ်နေပုံရပေသည်။
ပိုမို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုသည့်အလား သူသည် မျက်မှန်ကိုပင် ချွတ်ကာ ညင်သာစွာ ပွတ်သုတ်လိုက်သေး၏။
သူက လက်တစ်ဖက်ကို ဖြန့်တန်းလိုက်ရာ မလှမ်းမကမ်းရှိ အခန်းတစ်ခုအတွင်းမှ အရက်ပြင်း ပုလင်းတစ်ပုလင်း ပျံတက်လာကာ သူ၏ လက်ထဲသို့ ရောက်ရှိလာ၏။
ထို့နောက် သူ လေဟာပြင်ထဲမှနေ၍ ဝီစကီဖန်ခွက်တစ်ခုကို ရုတ်ချည်း လှမ်းယူလိုက်သည်။
အရက်ပြင်းကို ဝီစကီဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပြီးနောက် ဝိုင်နီကို အရသာခံသောက်နေသည့်အလား ဖြည်းညင်းစွာ သောက်သုံးလိုက်သည်။
"တကယ့် အရက်ကောင်းပဲ"
ထို့နောက် သူက တီးတိုးရေရွတ်လိုက်၏။ "ကံကြမ္မာစနစ်... ငါတို့ရဲ့ အစီအစဉ် ပြောင်းလဲရတော့မယ် မဟုတ်လား"
"စနစ်ရှင်... ကမ္ဘာပျက်မယ့်အချိန်က နှစ်တစ်ရာ စောပြီး ရောက်လာခဲ့ပြီ။ ကျုပ်တို့ရဲ့ အစီအစဉ်ကိုလည်း နှစ်တစ်ရာ စောပြီး အကောင်အထည်ဖော်ရလိမ့်မယ်"
**--**--**--**--**--**--**--**
တာ့နင်အင်ပါယာ တည်ရှိရာ အပြိုင်ဟင်းလင်းပြင်ကမ္ဘာရှိ ဧရာမ ပေါက်ကွဲမှုကြီးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်သည် ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်သည်လည်း အကြွင်းမဲ့ ပျောက်ကွယ်သွား၏။
အဆုံးအစမဲ့သော ဟင်းလင်းပြင်အတွင်း၌ တုပိုင်၏ ဝိညာဉ်သည် မရေမတွက်နိုင်သော အမှုန်အမွှားလေးများအဖြစ် အဆုံးစွန်ထိ ပြိုကွဲသွားရသည်။
ယင်းမှာ ဒဏ္ဍာရီလာ ဝိညာဉ်ကြွေလွင့် ပျက်သုဉ်းခြင်းပင် ဖြစ်ပြီး ထိုအခြေအနေထက်ပင် ပို၍ အကြွင်းမဲ့ကျသေး၏။
သူ၏ မရေမတွက်နိုင်သော ဝိညာဉ်အမှုန်အမွှားလေးများသည် ဟင်းလင်းပြင်ထဲ၌ ထိုအတိုင်း လွင့်မျောနေကြသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက၊ သူ၏ ဝိညာဉ်သည် အခြားသူများ၏ ဝိညာဉ်များကဲ့သို့ပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ အာကာသဟင်းလင်းပြင်ထဲ၌ ထာဝရ လွင့်မျောနေလိမ့်မည် ဖြစ်၏။
ယင်းမှာ အကြွင်းမဲ့ သေဆုံးခြင်းပင် ဖြစ်ပေသည်။
သို့သော် အလွန်တရာ အားနည်းနေသော ရွှေဝါရောင် စွမ်းအင်အလင်းတန်းလေး တစ်ခု ရှိနေ၏။
ယင်းမှာ ရှေးဟောင်းနဂါးဘုရင်၏ သွေးဆက်စွမ်းအားပင် ဖြစ်ပေသည်။ ကမ္ဘာကြီး၏ အက်ကွဲကြောင်းကို ဝင်တိုက်ရန် အိပ်မက်မိစ္ဆာဘုရင်ကြီးကို ဝင်တိုက်ရန်နှင့် အလုံးအရင်းဖြင့် ဝင်ရောက်လာသော မိစ္ဆာများနှင့်အတူ သေဆုံးရန်အတွက် ရှေးဟောင်းနဂါးဘုရင်၏ သွေးဆက်စွမ်းအားများသည် အကြွင်းမဲ့နီးပါး ကုန်ဆုံးသွားပြီ ဖြစ်၏။
အကြွင်းအကျန် အပိုင်းအစလေးများသည် ဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲနေပြီးနောက် တစ်စစ စုစည်းလာကာ နောက်ဆုံးတွင် ဖယောင်းတိုင်မီးပွင့်လေးအလား အားနည်းသော အလင်းရောင်လေးတစ်ခုအဖြစ် စုစည်းသွားလေသည်။
ထို့နောက် ရှေးဟောင်းနဂါးဘုရင်၏ အားနည်းနေသော သွေးဆက်စွမ်းအားသည် ဟင်းလင်းပြင်ထဲရှိ တုပိုင်၏ ဝိညာဉ်အမှုန်အမွှားများကို တစ်စစ စတင် စုပ်ယူဖမ်းဆုပ်လာတော့၏။
အချိန်ကာလများ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွား၏။
တုပိုင်၏ ဝိညာဉ်သည် စုပ်ယူခံရကာ တဖြည်းဖြည်း စုစည်းလာပြီး ရှေးဟောင်းနဂါးဘုရင်၏ ကျန်ရစ်နေသော သွေးဆက်စွမ်းအားများနှင့် ပေါင်းစပ်သွား၏။
တစ်ချိန်တည်းတွင် သူ၏ ဝိညာဉ်အလင်းအရိပ်မှာ အနည်းငယ် ကြီးထွားလာသည်။ သဲပွင့်တစ်ပွင့် အရွယ်အစားမှသည် လက်သန်းလုံးခန့် အရွယ်အစား ထိုမှတစ်ဆင့် ပင်ပေါင်ဘောလုံးခန့် အရွယ်အစားသို့ ကြီးထွားလာ၏။
အချိန် မည်မျှကြာသွားပြီမှန်း မသိချေ။ တုပိုင်၏ ဝိညာဉ်အလင်းအရိပ်မှာ သူ၏ ဦးခေါင်းတစ်ဝက်ကျော်ခန့် အရွယ်အစားအထိ စုစည်းမိသွားပြီ ဖြစ်သည်။ စုစုပေါင်း ဝိညာဉ်အမှုန်အမွှား ကိုးဆယ်ရာခိုင်နှုန်းကျော်ကို စုဆောင်းကာ စုစည်းနိုင်နေပြီဖြစ်သည်။
ရှေးဟောင်းနဂါးဘုရင်၏ ကျန်ရစ်နေသော သွေးမျိုးဆက်သည် အလွန်တရာ အားနည်းနေသော်ငြား အလွန် မြင့်မားသော အဆင့်ရှိသည့် စွမ်းအင်တစ်ခုကို ထုတ်လွှတ်ပေးနေ၏။
"ဝှစ်းးး"
ထို့နောက် သေဆုံးသွားပြီဖြစ်သော တုပိုင်၏ ဝိညာဉ်အလင်းအရိပ်မှာ အပြည့်အဝ နိုးကြားသက်ဝင်လာတော့သည်။ သူ၏ ဝိညာဉ်အလင်းအရိပ်မှာ စီးဆင်းလှုပ်ရှားသွား၏။
တစ်ချိန်တည်းမှာပင် ခေတ်သစ်ကမ္ဘာမြေရှိ ဟောင်းနွမ်းပျက်စီးနေသော မီနီဘတ်စ်ကားလေး တစ်စီးပေါ်တွင် ကြွက်သားများ သိမ်လှီကာ အရိုးပေါ်အရေတင်ဖြစ်နေပြီး အသိစိတ်လွတ်ကာ အကြောသေပြီး မလှုပ်မရှားနိုင် ဖြစ်နေသော တုပိုင်၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားရသည်။ ထို့နောက် သူ၏ မျက်လုံးများ ပွင့်လာလေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၅ + ၈၃၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team