အခန်း (၈၃၇-၈၃၈)
Vol. 84 Ch. 837-838
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၇ + ၈၃၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ခေတ်သစ်ကမ္ဘာမြေ၌ အကြောသေကာ သတိလစ်မေ့မြောနေခဲ့သော တုပိုင်သည် အချိန်အတော်ကြာ အိပ်မောကျနေခဲ့သည်။ အခြားသော အကြောသေလူနာများနည်းတူ သူသည်လည်း ဤအတိုင်း ထာဝရအိပ်မောကျသွားတော့မည့်ပုံ ပေါက်နေ၏။ သို့သော် အချိန်တစ်ခုအရောက်တွင်မူ သူ ရုတ်တရက် နိုးထလာ၏။
သူ၏ စိတ်အာရုံမှာ မှောင်မိုက်တိတ်ဆိတ်နေလျက်ရှိသည်။ ခေတ္တမျှအကြာတွင် လျှပ်စီးလက်ကာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ ဝိညာဉ် ပြန်လည်နိုးကြားလာတော့သည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်မှာ သံချေးတက်နေသည့်အလား လုံးဝထိန်းချုပ်၍ မရနိုင်တော့ကြောင်း ခံစားလိုက်ရ၏။ မတ်တတ်ရပ်ရန် မဆိုထားနှင့် ၊ မျက်လုံးဖွင့်ရန်ပင် အလွန်ခက်ခဲနေပြီး လက်တစ်ချောင်းလှုပ်ရန်ပင် မလွယ်ကူပေ။
တုပိုင် စိတ်ထဲမှ ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။
“ငါ့သမီးလေး.. ငါ့အချစ်လေး...”
“ငါ့သမီးလေး.. ငါ့အချစ်လေး...”
သူ၏ အမျိုးသမီးနှင့် သမီးဖြစ်သူတို့က သူ့အား ကြီးမားသော ခွန်အားနှင့် ဆန္ဒပြင်းပြမှုများကို ဆောင်ကြဉ်းပေးကာ မျက်လုံးဖွင့်နိုင်ရန် တွန်းအားပေးနေပုံရ၏။ အကြိမ်ပေါင်း ရာထောင်ချီ အားယူပြီးနောက်တွင်မူ တုပိုင် ကြီးမားလှသော ခွန်အားတစ်ခု ရရှိသွားသည့်အလား လေးလံနေသော မျက်ခွံများကို နောက်ဆုံး၌ ဖွင့်နိုင်လိုက်တော့သည်။
သူ၏ မျက်စိရှေ့မှ မြင်ကွင်းများမှာ အလွန်ဝေဝါးနေပြီး အချိန်အတော်ကြာမှသာ ပတ်ဝန်းကျင်ကို သဲကွဲစွာ မြင်လာရ၏။ သူရှိနေသည့်နေရာမှာ သံချေးတက်ကာ ဟောင်းနွမ်းစုတ်ပြတ်နေသော မီနီဘတ်စ်ကားငယ်တစ်စီး ဖြစ်နေသည်။ ကားအတွင်းရှိ ထိုင်ခုံများအားလုံးကို ဖြုတ်ချထားသဖြင့် ဟာလာဟင်းလင်း ဖြစ်နေပြီး တုပိုင်ကမူ အေးစက်ကာ သံချေးတက်နေသော ကြမ်းပြင်သံပြားပေါ်၌ လှဲလျောင်းနေခြင်း ဖြစ်သည်။
ပြတင်းပေါက်အပြင်ဘက်၌ မှိုင်းညို့နေကာ မည်သည့်အရာကိုမျှ မမြင်ရချေ။ တုပိုင် မတ်တတ်ရပ်ချင်သော်လည်း လုံးဝ မစွမ်းသာပေ။ အချိန်ကြာမြင့်စွာ အကြောသေ သတိလစ်နေခဲ့သဖြင့် ခြေလက်အင်္ဂါများ ယိုယွင်းကာ အာရုံကြောများ ထုံကျဉ်နေပြီး ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးနေခြင်းကြောင့် ဖြစ်၏။ ထို့အပြင် ဝိညာဉ်နှင့် ခန္ဓာကိုယ် ကင်းကွာနေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ ခန္ဓာကိုယ်အား ချက်ချင်း ပြန်လည်မထိန်းချုပ်နိုင်ခြင်းလည်း ဖြစ်ပေမည်။
တုပိုင်၏ စိတ်ထဲတွင် ထိုစကားများသာ ထပ်တလဲလဲ ပေါ်လာနေ၏။
“ငါ့သမီးလေး.. ငါ့အချစ်လေး...”
“ရှောင်ရှောင်.. ငါ့ကလေးလေး...”
“ရန်ယဲ့ရှောင်.. ငါ့အချစ်လေး...”
အဘယ်ကြောင့်ဆိုသော် ထိုစကားများကသာ သူ့အတွက် ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်နေသောကြောင့်ပင်။ နောက်ဆုံးတွင် အကြိမ်ရာပေါင်းများစွာ ကြိုးစားပြီးနောက် တုပိုင်၏ လက်ချောင်းများ လှုပ်ရှားလာနိုင်သည်။ ထို့နောက် ခြေချောင်းများကိုပါ ဆက်လက် လှုပ်ရှားလာနိုင်၏။ သို့သော် ထိုမျှနှင့်ပင် အကန့်အသတ်သို့ ရောက်သွားတော့သည်။
သတိရလာသည်နှင့်အမျှ ခန္ဓာကိုယ်အနှံ့မှ ခံစားမှုများမှာလည်း တဖြည်းဖြည်း ပြန်လည်သက်ဝင်လာပုံရသည်။ ပထမဆုံး ခံစားလိုက်ရသည်မှာ နာကျင်မှုမဟုတ်ဘဲ ဆာလောင်မွတ်သိပ်မှုနှင့် ရေဆာခြင်းပင် ဖြစ်၏။ အစာရေစာပြတ်လပ်နေသည်မှာ မည်မျှကြာနေပြီမှန်း သူကိုယ်တိုင်ပင် မသိတော့ချေ။
ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကိုလည်းကောင်း ၊ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်ကိုလည်းကောင်း ၊ သူသည် အဘယ်ကြောင့် ဤစွန့်ပစ်ခံ မီနီဘတ်စ်ကားပေါ်တွင် လှဲလျောင်းနေရသည်ကိုလည်းကောင်း တုပိုင် မသိပေ။
တုပိုင် မတ်တတ်ရပ်ကာ အပြင်ထွက်ကြည့်ချင်နေမိသည်။ ဤနေရာက ခေတ်သစ်ကမ္ဘာမြေပင် ဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်ပြီးနောက်ပိုင်း မြင်ကွင်းက မည်သို့ရှိနေမည်ကို သူ မြင်တွေ့ချင်နေ၏။ လူမည်မျှ အသက်ရှင်ကျန်ရစ်သေးသည်ကိုလည်းကောင်း ၊ အသက်ရှင်ကျန်ရစ်သူ မည်မျှ ရှိသေးသည်ကိုလည်းကောင်း သူ သိချင်နေသည်။
**--**--**--**--**--**--**--**
အချိန်ကြာလာသည်နှင့်အမျှ ဆာလောင်မှုက ပိုမိုပြင်းထန်လာကာ ရေဓာတ်ခန်းခြောက်မှုကလည်း ပိုဆိုးလာပြီး အကျိုးဆက်အနေဖြင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များသည်လည်း စတင်ချို့ယွင်းလာလေ၏။ လက်ရှိ အရေးအကြီးဆုံးမှာ မတ်တတ်ရပ်ရန်မဟုတ်ဘဲ ရေသောက်ရန်ပင် ဖြစ်သည်။ သို့မဟုတ်ပါက ရေဓာတ်ခန်းခြောက်ကာ သေဆုံးသွားလိမ့်မည် ဖြစ်၏။
ယခုအခါ တုပိုင် အချက်နှစ်ချက်ကို နားလည်သဘောပေါက်သွားလေသည်။ ပထမအချက်မှာ ကမ္ဘာပျက်ပြီးနောက်ပိုင်း၌ပင် တစ်စုံတစ်ယောက်က သူ့ကို ဆက်လက်စောင့်ရှောက်ပေးနေခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက အစာရေစာပြတ်၍ သေဆုံးနေမည်မှာ ကြာလှပေသည်။ ဒုတိယအချက်မှာ မည်သည်တို့ဖြစ်သွားခဲ့မှန်း မသိရသော်လည်း ၊ ယခုအခါ သူ့အား ပြုစုစောင့်ရှောက်မည့်သူ မရှိတော့ဘဲ သေမထူးနေမထူး ဤစွန့်ပစ်ခံ မီနီဘတ်စ်ကားပေါ်သို့ ပစ်ချခံလိုက်ရခြင်းပင် ဖြစ်သည်။
အကယ်၍သာ သူ နိုးမလာခဲ့ပါက ဤအကြောသေခန္ဓာကိုယ်ကြီးသည် တိတ်ဆိတ်စွာပင် သေဆုံးသွားမည် ဖြစ်၏။ အသက်ရှင်ရန် ရေသောက်ရမည်။ ရေသောက်နိုင်ရန် မတ်တတ်ရပ်ကာ ကားထဲမှ ထွက်ရမည်။ သို့သော် အချိန်အတော်ကြာ အကြောသေနေခဲ့သော ခန္ဓာကိုယ်ကြောင့် တုပိုင် လုံးဝ မတ်တတ်မရပ်နိုင်ဖြစ်နေ၏။
တုပိုင် သူ၏ ဝိညာဉ်ကို အာရုံခံရန် မျက်လုံးများကို ထပ်မံမှိတ်လိုက်သည်။ တာ့နင်အင်ပါယာရှိ ဟင်းလင်းပြင်ခွဲများနှင့် ပတ်သက်သမျှကို သူ မှတ်မိနေပြီး ၊ သူကိုယ်တိုင် နဂါးကို ထိန်းချုပ်ကာ အိပ်မက်မိစ္ဆာနှင့်အတူ တပြိုင်နက် သေဆုံးသွားခဲ့ရသည့် အခြေအနေကိုလည်း မှတ်မိနေသေးသည်။ သို့သော် ထိုနောက်ပိုင်းအရာအားလုံးမှာ လုံးဝကို အပိုင်းပိုင်းအစစ ဖြစ်နေခဲ့၏။
ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားပြီးနောက် သူ့ထံတွင် မည်သည့်အရာများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်ကိုလည်းကောင်း ၊ ဝိညာဉ်မရှိတော့သလောက် ဖြစ်နေချိန်၌ ဝိညာဉ်ပြန်လည်စုစည်းခြင်းကို သူ မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကိုလည်းကောင်း တုပိုင် မသိပေ။
တုပိုင် သူ၏ စိတ်ဝိညာဉ်အတွင်းပိုင်းသို့ ဝင်ရောက်ကြည့်ရှုရန် ကြိုးစားလိုက်သောအခါ တွေ့ရှိလိုက်ရသည့်အရာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ သူ၏ ဝိညာဉ်မှာ တစ်ဝက်ခန့် ပျောက်ဆုံးနေသော်လည်း ၊ အခြားစိမ်းသက်သက်အရာများစွာ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။
ယင်းစိမ်းသက်သက်အရာများမှာ သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်နှင့် လုံးဝ မသက်ဆိုင်သလို ၊ သူ၏ ကိုယ်ပိုင်မှတ်ဉာဏ်များလည်း မဟုတ်ပေ။ ထိုစိတ်စွမ်းအင်မှာ ရွှေရောင်အလင်းတန်းဖြစ်ပြီး တုပိုင်၏ ဝိညာဉ်အလင်းနှင့် လုံးဝကွဲပြားနေကာ အလွန်တရာ ကျယ်ပြောလှသည်။ ဤဝိညာဉ်မှတ်ဉာဏ်မှာ အလွန် ရှေးကျနက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ကာ မြင့်မြတ်လှပေသည်။
မြင့်မြတ်သော စိတ်ဝိညာဉ်မှတ်ဉာဏ်ဆိုသည်မှာ အမှန်တကယ်ပင် ရှိပေသည်။
တုပိုင် ထိုဝိညာဉ်မှတ်ဉာဏ်များနှင့် ထိတွေ့လိုက်ရသောအခါ သေးငယ်သော လူသားတစ်ဦးက ခမ်းနားထည်ဝါသော လင်းရှောင်နန်းတော်ကြီးအတွင်း ဝင်ရောက်သွားရသကဲ့သို့ ခံစားလိုက်ရသည်။ အရပ် နှစ်မီတာ မြင့်သော လူတစ်ယောက်အတွက် မီတာ ၁၀,၀၀၀ ခန့် မြင့်မားလှသည့် နန်းဆောင်ကြီးများအတွင်း ရောက်နေသကဲ့သို့ဖြစ်ရာ ၊ အလိုအလျောက်ပင် ရိုသေကိုင်းရှိုင်းစိတ်များ ဖြစ်ပေါ်လာရ၏။ ဤသည်က မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော ဝိညာဉ်မှတ်ဉာဏ်ပင် ဖြစ်သည်။
မကြာမီမှာပင် တုပိုင် သဘောပေါက်သွား၏။ ဤအရာသည် ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်ဖြစ်ပြီး ၊ ထိုဝိညာဉ်မှတ်ဉာဏ်သည် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ခြင်းဖြစ်ကြောင်းကို တုပိုင် သဘောပေါက်လိုက်သည်။
ရှေးဟောင်းနဂါးဘုရင်ကြီး...။ ယခုအချိန်အထိ တုပိုင် ရှေးဟောင်းနဂါးဘုရင်ကြီးနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိသေးချေ။ သို့သော် ကမ္ဘာကြီးကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည့်နဂါးမှာ ရှေးဟောင်းနဂါးဘုရင်ကြီး၏ မျိုးဆက်တစ်ခုဖြစ်ကြောင်းကိုမူ သူ သိထားသည်။
ဤရှေးဟောင်းနဂါးဘုရင်ကြီးသည် စကြာဝဠာ၏ ဝေးကွာလှသော ဟင်းလင်းပြင်မှ ရောက်လာခြင်းလော ၊ သို့မဟုတ် အခြားတစ်နေရာမှ ရောက်လာခြင်းလော ဆိုသည်ကိုမူ သူ မသိပေ။
မည်သို့ပင်ဖြစ်စေ ၊ ဤရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်တွင် အားကောင်းလှသော လျှို့ဝှက်ချက်များ ရှိနေရမည် ဖြစ်သည်။ ထိုလျှို့ဝှက်ချက်များသည် စွမ်းအင်ယဉ်ကျေးမှု ၊ သို့မဟုတ် သိုင်းပညာများ စသည်တို့နှင့် ပတ်သက်နေနိုင်သည်။ အတိုချုပ်ဆိုရလျှင် ဤဝိညာဉ်မှတ်ဉာဏ်များမှာ အလွန်အဖိုးတန်လှပြီး ကမ္ဘာကြီးကို ကယ်တင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်နေနိုင်၏။
တုပိုင် ရှေးဟောင်းနဂါးဘုရင်ကြီး၏ မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော ထိုဝိညာဉ်မှတ်ဉာဏ်ကို ဖတ်ရှုရန် ကြိုးစားလိုက်သည်။
“ဘုန်းးး”
ရုတ်တရက် တုပိုင်၏ စိတ်အာရုံမှာ ပေါက်ကွဲထွက်သွားသည့်အလား ဖြစ်သွားပြီး ဝိညာဉ်ပါ လွင့်စဉ်ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားရသည်။ ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်က တုပိုင်၏ ဖတ်ရှုမှုကို ငြင်းဆန်နေခြင်း မဟုတ်ပေ။ တုပိုင်၏ စိတ်စွမ်းအား အလွန်အားနည်းနေသေးသဖြင့် ဤမျှ ကြီးမားသော ဝိညာဉ်အချက်အလက်များကို လက်ခံနိုင်စွမ်း မရှိခြင်းသာ ဖြစ်သည်။ ယင်းမှာ ၁၉၈၀ ခုနှစ်ထုတ် ကွန်ပျူတာဖြင့် ၂၀၁၈ ခုနှစ်ထုတ် PUBG Mobile ဂိမ်းကို ဖွင့်ရန် ကြိုးစားနေသကဲ့သို့ လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်၏။
တုပိုင်၏ စိတ်စွမ်းအားများ အားကောင်းလာမှသာ ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်ကို ချောမွေ့စွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။ တုပိုင်မှာ စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်သံများ မြန်ဆန်လာသည်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ သာမန်မဟုတ်တော့သော်လည်း ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်ကို မထိတွေ့နိုင်သေးခြင်းကြောင့် ဖြစ်၏။
ဆိုလိုသည်မှာ ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်အတွင်းရှိ လျှို့ဝှက်ချက်များက အလွန်ကို အားကောင်းလှကြောင်း ပေါ်လွင်နေသည်။ မျိုးဆက်သာဖြစ်သည့် ဧရာမနဂါးကြီးပင်လျှင် အလွန်တရာ အားကောင်းလှနေပြီဖြစ်ရာ ၊ ဧရာမနဂါးကြီး၏ ဘိုးဘေး ရှေးဟောင်းနဂါးဘုရင်ကြီးဆိုလျှင် မည်မျှအထိ စွမ်းအားကြီးမားလိမ့်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေမည်။
**--**--**--**--**--**--**--**
သို့သော် တုပိုင်အတွက် လက်ရှိ အရေးအကြီးဆုံးမှာ စိတ်ထဲရှိ ရှေးဟောင်းနဂါးဘုရင်ကြီး၏ ဝိညာဉ်မှတ်ဉာဏ်ကို ဖတ်ရှုရန်မဟုတ်ဘဲ ၊ မတ်တတ်ရပ်ကာ အပြင်ထွက်၍ ရေသောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်ပင် ဖြစ်၏။
သူ နိုးလာခဲ့သည်မှာ ၂၄ နာရီ ရှိနေပြီဖြစ်သည်။ သူ့ထံ လာကြည့်သည့်သူ တစ်ဦးမျှ မရှိသလို ၊ ဖြတ်သွားဖြတ်လာ လုပ်သည့်သူပင် မရှိချေ။ လေတိုက်သံမှလွဲ၍ အခြား မည်သည့်အသံကိုမျှ မကြားရပေ။
ယခင်က သူ့ကို တစ်စုံတစ်ယောက်က ပြုစုစောင့်ရှောက်ပေးခဲ့သော်လည်း ၊ ယခုအခါတွင်မူ သူ့အား ဤမီနီဘတ်စ်ကားပေါ်တွင် အဘယ်ကြောင့် စွန့်ပစ်ထားခဲ့သည်ကို သူ မသိပေ။
လွန်ခဲ့သော ၂၄ နာရီလုံးလုံး တုပိုင် မျက်လုံးများကို မှိတ်ကာ ကျိုယန်ကျမ်းရင်းကို လည်ပတ်စေလျက် ပတ်ဝန်းကျင်ရှိ ရွှမ်းချီများကို အဆက်မပြတ် စုပ်ယူနေခဲ့၏။
မှန်၏။ ယင်းမှာ တာ့နင်အင်ပါယာ၌ သူသင်ယူခဲ့သောကိုးယန် သို့မဟုတ် ကျိုယန်ကျမ်းရင်းပင် ဖြစ်လေသည်။
တုပိုင် ယခုခန္ဓာကိုယ်သည် တာ့နင်အင်ပါယာမှ တုရှန်း၏ ခန္ဓာကိုယ် မဟုတ်တော့ဘဲ ၊ ခေတ်သစ်ကမ္ဘာမြေမှ အကြောသေနေသော တုပိုင်၏ ကိုယ်ခန္ဓာသာ ဖြစ်၏။ သို့တိုင်ကျိုယန်ကျမ်းရင်း၏ ကျင့်စဉ်များကမူ သူ၏ ဝိညာဉ်မှတ်ဉာဏ်ထဲ၌ ကိန်းအောင်းနေဆဲပင်။
ထို့အပြင် တုပိုင်ကို အံ့အားသင့်စေသောအရာမှာ ဤနေရာရှိ ရွှမ်းချီသိပ်သည်းဆက တာ့နင်အင်ပါယာထက်ပင် အဆပေါင်းများစွာ ပို၍များပြားနေခြင်း ဖြစ်၏။ ဤသည်က သတင်းကောင်းတစ်ခုတော့ မဟုတ်ပေ။
အကြောင်းမူကား ခေတ်သစ်ကမ္ဘာမြေပေါ်သို့ ကမ္ဘာပျက်ကပ်ကြီး အမှန်တကယ် ဆိုက်ရောက်လာပြီဖြစ်ကြောင်း ရွှမ်းချီသိပ်သည်းဆများပြားနေခြင်းက သက်သေပြနေသောကြောင့် ဖြစ်၏။ အခြားသော ကမ္ဘာနယ်ပယ်များမှ စွမ်းအင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁,၆၀၀ ကထက် အဆပေါင်းများစွာ ပိုမို စီးဝင်လာခဲ့ခြင်း ဖြစ်တန်ရာ ရသည်။
ကျိုယန်ကျမ်းရင်းမှာ အလွန်တရာ အစွမ်းထက်လှသည်။ ၂၄ နာရီကြာ စုပ်ယူအပြီးတွင် တုပိုင်အတွက် စွမ်းအင်များစွာကို ထောက်ပံ့ပေးနိုင်ခဲ့လေသည်။ ထိုစွမ်းအင်များဖြင့် နောက်ဆုံး၌ သူ လက်မြှောက်နိုင်လာ၏။ ထို့နောက် အပေါ်အင်္ကျီအိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို သူ စမ်းမိသွားပြီး ထုတ်ယူကြည့်လိုက်သည်။
ချက်ချင်းပင် တုပိုင် မျက်ရည်များ ထိန်းမရသိမ်းမရ ကျဆင်းလာတော့သည်။ ယင်းမှာ မှန်ကွပ်ထားသော ဓာတ်ပုံတစ်ပုံဖြစ်ပြီး ပုံထဲတွင် လူသုံးယောက် ပါဝင်သည်။ သတိလစ်အကြောသေနေသော တုပိုင် ၊ စေ့စပ်ထားသူ ရန်ယဲ့ရှောင်နှင့် သမီးဖြစ်သူ တုရှောင်တို့ပင် ဖြစ်၏။
တုပိုင် ခေတ်သစ်ကမ္ဘာမြေရှိ သူ၏သမီးလေး တုရှောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံလိုက်ရခြင်းပင်။ သူမလေးသည် အလွန်ပိန်ပါးသော်လည်း လှပကာ အလွန်ချစ်စရာကောင်းလှ၏။
ရန်ယဲ့ရှောင်မှာလည်း အလွန်လှပကာ ကြံ့ခိုင်သန်မာနေပုံရသည်။ သူ၏ မှတ်ဉာဏ်ထဲ၌ ရန်ယဲ့ရှောင်သည် ကလေးဆန်ဆန် ချွဲနွဲ့တတ်ပြီး သံသယလွန်ကဲတတ်သူ ဖြစ်သော်လည်း သန်မာသူတစ်ဦးတော့ မဟုတ်ပေ။ သို့သော် ဓာတ်ပုံထဲတွင်မူ သူမက အလွန် ကြံ့ခိုင်သန်မာနေပုံပေါ်၏။
သမီးလေးက တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဘယ်ဘက်ပါးပြင်ကို နမ်းရှိုက်နေပြီး ၊ စေ့စပ်ထားသူ ရန်ယဲ့ရှောင်လည်း ညာဘက်ပါးပြင်ကို နမ်းရှိုက်နေသည်။ သို့သော် တုပိုင်မှာမူ အကြောသေနေသူပီပီ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မျှ ရှိမနေပေ။ ဓာတ်ပုံမှာ ဆေးရုံကုတင်ပေါ်တွင် ရိုက်ကူးထားသော ဆယ်လ်ဖီပုံတစ်ပုံ ဖြစ်၏။
ထိုစဉ်က ရွှီမင် တုပိုင်ကို အတင်းအဓမ္မ အဝေးသို့ ပို့ခဲ့ရာ ၊ ရန်ယဲ့ရှောင် ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဟု ခြိမ်းခြောက်ကာ ကယ်တင်ခဲ့ရသည်။ ဆေးရုံ၌ လဝက်ခန့် ကုသပြီးနောက် ဆေးရုံဆင်းရမည့်အချိန်တွင် ရန်ယဲ့ရှောင်က သူမ၏ မိုဘိုင်းဖုန်းဖြင့် ဤဆယ်လ်ဖီကို ရိုက်ယူခဲ့ခြင်း ဖြစ်သည်။ ပုံထဲတွင် အမှန်တကယ် ပျော်ရွှင်စရာကောင်းသော မိသားစုသုံးယောက်ပုံစံ ပေါက်နေလေသည်။
ဓာတ်ပုံထဲရှိ တုပိုင်၏ မျက်လုံးများမှာ မှိုင်းရီနေပြီး မျက်နှာမှာလည်း အသက်မဲ့နေ၏။ သို့သော်... ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော ပြုံးရွှင်နေသည့် မျက်နှာနှစ်ခုကြား၌ အကြောသေနေသော တုပိုင်၏ မျက်နှာသည်ပင် အသက်ဝင်နေသကဲ့သို့ ထင်ရလေသည်။
တုပိုင်၏ မျက်ရည်များ ပေါက်ကွဲကျလာပြီး နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဓာတ်ပုံကို ရင်ခွင်ထဲ သိမ်းကြုံးဖက်ထားလိုက်ရင်း တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်လေသည်။
“ငါ့ကလေးလေး.. ဖေဖေ တောင်းပန်ပါတယ်။ ဖေဖေ တောင်းပန်ပါတယ်ကွာ...”
“ငါ့အချစ်လေး...”
တုပိုင် ဓာတ်ပုံအား ရင်ဘတ်ပေါ် တင်းကျပ်စွာ ဖိကပ်ထားလိုက်ရာ အသက်ရှူရန်ပင် ခက်ခဲလုနီးပါး ဖြစ်သွားခဲ့ရ၏။
သူသည် တာ့နင်အင်ပါယာကို ကယ်တင်နိုင်ခဲ့သော်လည်း ၊ ခေတ်သစ်ကမ္ဘာမြေကိုမူ သွယ်ဝိုက်သောနည်းဖြင့် ဖျက်ဆီးခဲ့မိလေသည်။ သို့တိုင် ဤခေတ်သစ်ကမ္ဘာမြေပေါ်တွင် သူ၏ စေ့စပ်ထားသူနှင့် တစ်ခါမျှ မတွေ့ဖူးသေးသော သမီးလေးတစ်ယောက် ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူတို့က အကြောသေနေသော သူ့ကို မည်သည့်အခါမျှ စွန့်ပစ်မသွားခဲ့ကြပေ။
“ငါ့ကလေးလေး.. သမီးဆီကို ဖေဖေ လာနေပြီ။”
“ဒီကစပြီး ဖေဖေ သမီးနဲ့ ဘယ်တော့မှ မခွဲတော့ဘူး။ သမီးကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးတော့မယ်။”
“ငါ့အချစ်လေး.. မင်းဆီကို ငါ လာရှာနေပြီ။”
**--**--**--**--**--**--**--**
တုပိုင် ဓာတ်ပုံကို အင်္ကျီအိတ်ကပ်ထဲ သေချာပြန်ထည့်ထားလိုက်သည်။ အကြောသေနေသော ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသော်လည်း ကြီးမားလှသော ခွန်အားများကို သူ ခံစားနေရ၏။ သူ၏ ချစ်သူနှင့် သမီးလေးက သူ့အား အဆုံးအစမဲ့သော ခွန်အားများကို ပေးစွမ်းနေလေသည်။ ထို့နောက် သူသည် မီနီဘတ်စ်ကားပေါ်မှ ဆင်းလာလိုက်၏။
ဤနေရာက ဂူတစ်ခုဖြစ်နေသည်။ ထို့ကြောင့် အမြဲတမ်း မှိုင်းညို့နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ တုပိုင် ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့၏။ ဂူတစ်ခုလုံး တိတ်ဆိတ်နေပြီး ပိုးမွှားတစ်ကောင်ပင် ရှိမနေချေ။ ကမ္ဘာကြီးတစ်ခုလုံး သေမတတ် တိတ်ဆိတ်နေသကဲ့သို့ပင်။ ဂူက သိပ်မနက်လှသဖြင့် တုပိုင် အပြင်သို့ အလွယ်တကူ ထွက်လာနိုင်လိုက်သည်။
အပြင်ကမ္ဘာကို သူ မြင်တွေ့လိုက်ရသည်။ တုပိုင် ထင်ထားသလိုပင် အမှန်တကယ်ပင် ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်နေခြင်း ဖြစ်၏။
ကောင်းကင်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစိမ်းရောင် သန်းနေသည်။ နေ့ခင်းဘက်ဖြစ်သော်လည်း နေမင်းကြီးမှာ အစိမ်းရင့်ရောင် တိမ်တိုက်များကြား ကွယ်ပျောက်နေပြီး ကမ္ဘာကြီးတစ်ခုလုံး မှိုင်းညို့နေ၏။ ကမ္ဘာမြေတစ်ခုလုံး မီးခိုးရောင်အလွှာတစ်ခု ဖုံးလွှမ်းခံထားရသကဲ့သို့ မီးခိုးရောင် ကမ္ဘာကြီးတစ်ခုနှင့်ပင် တူနေသေးသည်။
တုပိုင်၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ တောင်ကုန်းတစ်ခု ဖြစ်သည်။ သို့သော် အပင်များအားလုံးမှာ အပင်များ၏ တက်ကြွလှပသော အစိမ်းရောင်ကို ဆုံးရှုံးထားကြလေ၏။ အပင်များအားလုံး သေဆုံးနေကြသကဲ့သို့ပင် ဖြစ်နေသည်။
“ဂျိန်းးး ဂျိန်းးး ဂျိန်းးး”
ကောင်းကင်ယံထက်မှ မိုးချုန်းသံများနှင့်အတူ လျှပ်စီးများ လက်သွားသည်။
“ဖြန်းးး ဖြန်းးး”
ကူးခတ်နေသော နဂါးတစ်ကောင်အလား အစိမ်းရောင် လျှပ်စီးတန်းများက တိမ်တိုက်များကို ဆုတ်ဖြဲသွားခဲ့၏။
ရေဒီယိုသတ္တိကြွမှုများ ရှိနေခြင်းလော။ အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်လာခြင်း မဟုတ်ဘဲ အဘယ်ကြောင့် ရေဒီယိုသတ္တိကြွမှုများ ရှိနေရသနည်း။
မကြာမီပင် သူ သဘောပေါက်သွားသည်။ ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံအချို့က ကျူးကျော်သူများကို ခုခံတိုက်ခိုက်ရန် နျူကလီးယားဗုံးများကို အသုံးပြုခဲ့ကြခြင်းမှာ ထင်ရှားလှပေသည်။ ထို့ကြောင့်ပင် ကမ္ဘာကြီးတစ်ခုလုံးမှာ နျူကလီးယားဆောင်းရာသီကဲ့သို့ ဖြစ်ပေါ်နေပြီး ရေဒီယိုသတ္တိကြွမှုများ ကျန်ရစ်နေခြင်း ဖြစ်၏။
မိုင်ပေါင်းများစွာ ကွာဝေးသော တောင်ခြေ၌ တုပိုင် မြို့ငယ်လေးတစ်မြို့ကို လှမ်းမြင်လိုက်ရသည်။ သို့သော်လည်း ထိုမြို့လေးမှာ ပြိုကျပျက်စီးနေလေ၏။ တိတ်ဆိတ်နေသော မြို့လေးထဲတွင် မည်သည့် သက်ရှိမျှ ရှိမနေပေ။
သူ တွေးမိလိုက်သည်။ “ကမ္ဘာပေါ်မှာ အသက်ရှင်ကျန်ရစ်သူ လူတစ်ယောက်မှ မရှိတော့ဘူးလား...”
သူ ဆက်တွေးလိုက်သည်။ “မဖြစ်နိုင်ဘူး... လုံးဝကို မဖြစ်နိုင်ဘူး။”
သူ့ကို ယခင်က အမြဲ ပြုစုစောင့်ရှောက်ပေးသူ ရှိခဲ့ပြီး ၊ ဤဂူထဲရှိ မီနီဘတ်စ်ကားပေါ်တွင် လာရောက်စွန့်ပစ်သွားသည်မှာ သိပ်မကြာသေးချေ။ တစ်စုံတစ်ယောက်က သူ့ကို ဤနေရာ၌ အလိုအလျောက် သေဆုံးသွားစေရန် ရည်ရွယ်ချက်ဖြင့် ပစ်ထားခဲ့ခြင်းသာ ဖြစ်ရပေမည်။
ထို့နောက် ချက်ချင်းပင် တုပိုင် အနီးနားရှိ တောင်ခြေ၌ ရွာတစ်ရွာကို ထပ်မံတွေ့လိုက်ရသည်။ ထိုရွာကို မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံထားပြီး မီးခိုးငွေ့များပင် ထွက်ပေါ်နေသေး၏။
သူ စဉ်းစားမိသည်။ “အထဲမှာ လူတွေ ရှိနေတာလား...”
တုပိုင် ရုတ်တရက် အလွန်တရာ ဝမ်းသာလုံးဆို့သွားခဲ့ရလေသည်။ လူရှိနေခြင်းက ကောင်းသည်။ အလွန်ကောင်းမွန်လှပေသည်။ အနည်းဆုံးတော့ လူသားမျိုးနွယ်ကြီ မျိုးသုဉ်းမသွားသေးဘူးဆိုသည့် အဓိပ္ပာယ်ပင်။
တုပိုင် ဆာလောင်မွတ်သိပ်မှုနှင့် ရေငတ်ခြင်းကို အတင်းအကျပ် အောင့်ခံလိုက်ပြီး ၊ ကျိုယန်ကျမ်းရင်းမှ စုပ်ယူထားသော ရွှမ်းချီနှင့် အတွင်းအားများကို အသုံးပြုကာ တောင်အောက်ရှိ ရွာဆီသို့ ပြေးဆင်းသွားလိုက်သည်။
ယခုအခါ ဤရွာလေးမှာ မြင့်မားသော တံတိုင်းများရှိသည့် ခံတပ်တစ်ခုအဖြစ် ပြောင်းလဲနေလေ၏။ တံတိုင်းများပေါ်တွင်လည်း ကင်းစောင့်များ ရှိနေသည်။ ဤနေရာသည် ကမ္ဘာပျက်ပြီးနောက်ပိုင်း လူများနေထိုင်ရာ အခြေချစခန်းငယ်လေးတစ်ခု ဖြစ်ရပေမည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၇ + ၈၃၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team