အခန်း (၈၃၉-၈၄၀)
Vol. 84 Ch. 839-840
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၉ + ၈၄၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင် လူအချို့ကို မြင်တွေ့လိုက်ရ၏။ ထိုသူတို့သည် ထူးခြားသော သားရေချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်လျက် မြို့ရိုးပေါ်၌ ကင်းလှည့်နေကြသည်။ သို့သော် သူတို့ ကိုင်ဆောင်ထားသော ရိုင်ဖယ်သေနတ်များမှာမူ တုပိုင်၏ မှတ်ဉာဏ်ထဲရှိ ကမ္ဘာမြေမှ သေနတ်များနှင့်မတူဘဲ အနည်းငယ် ထူးဆန်းနေ၏။ ပုံပန်းသဏ္ဍာန်မှာ ရှေးကျကာ ကြမ်းတမ်းလှသော်လည်း သီးသန့်ဟန်တစ်ခုတော့ ရှိနေသည်။
တုပိုင် ပေါ်လာသည်ကို မြင်သည်နှင့် မြင့်မားသော မြို့ရိုးပေါ်ရှိ ကင်းစောင့်တစ်ယောက်က သူ့အား သေနတ်ဖြင့် ချက်ချင်း ချိန်ရွယ်လိုက်လေသည်။ ထို့နောက် မြို့ရိုးပေါ်ရှိ ကင်းစောင့်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ရပ်လိုက်စမ်း... မင်းက လူလား ၊ ဒါမှမဟုတ် အလောင်းကောင်လား။ လူဆိုရင် လက်နှစ်ဖက်ကို မြှောက်ထားလိုက်။"
တုပိုင် ချက်ချင်းပင် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ အခြေချစခန်းငယ်၏ ဂိတ်တံခါးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။
တံတိုင်းပေါ်ရှိ လူများက တုပိုင်ကို သေသေချာချာ မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်ကြ၏။
"မင်းလား... မင်း... မင်း မသေသေးဘူးလား။ ပြီးတော့ လမ်းတောင်ထလျောက်နေတာလား။"
အမှန်တကယ်ပင် သူတို့က တုပိုင်ကို သိနေကြနေလေ၏။
တံခါးကြီး တဖြည်းဖြည်း ပွင့်လာ၏။ သေနတ်ကိုင်ဆောင်ထားသော ခပ်ထောင်ထောင်ဖြင့် ထိုလူများက တုပိုင်အား တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေကြပြီး သူ သတိရလာသည်ဆိုခြင်းကို လုံးဝ မယုံကြည်နိုင်ဖြစ်နေကြသည်။
တုပိုင် အိတ်ကပ်ထဲမှ ဓာတ်ပုံကို ထုတ်ယူကာ မေးလိုက်၏။
"အစ်ကိုတို့... ခင်ဗျားတို့ ကျွန်တော့်အမျိုးသမီးကိုများ မြင်ဖူးကြလား။ ကျွန်တော့်သမီးလေးကိုရော တွေ့မိသေးလား။"
သေနတ်ကိုင်ထားသော ကင်းစောင့်က ဓာတ်ပုံကို တစ်ချက်သာ ကြည့်လိုက်၏။ သူတို့များ မမြင်ဖူးဘူးဟု ပြောလာမည်လားဆိုသည့် အတွေးဖြင့် တုပိုင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေမိသည်။ ကင်းစောင့်က ပြန်ဖြေလိုက်၏။
"မင်းရဲ့သမီးကိုတော့ ငါတို့ သေချာပေါက် မြင်ဖူးတာပေါ့။"
ထိုစကားကို ကြားလိုက်ရသည်နှင့် တုပိုင်သည် အလွန်တရာ ဝမ်းသာသွားခဲ့လေသည်။ သူ့သမီးလေး... သူ့သမီးလေး အသက်ရှင်နေသေးသည်။ တုပိုင်က အလောတကြီးဖြင့် ဆက်မေးလိုက်သည်။
"ဒါဆို သူ ဒီစခန်းထဲမှာ ရှိနေတာလား။ ဘယ်မှာလဲ... ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီကို ခေါ်သွားပေးပါလား။"
'ရှောင်ရှောင်... ဖေဖေ့ရဲ့ သမီးလေး... ဖေဖေ ရောက်လာပြီ။'
ကင်းစောင့်က ခေါင်းညိတ်ပြလိုက်ပြီး ခေါ်လိုက်သည်။
"ငါ့နောက် လိုက်ခဲ့။"
ထို့နောက် ထိုကင်းစောင့်က တုပိုင်ကို စခန်းအတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။ ဂိတ်တံခါး ပြန်လည်ပိတ်သွားပြီးနောက် မြို့ရိုးပေါ်ရှိ အခြားကင်းစောင့်များမှာမူ ရန်သူကို အချိန်မရွေး ရင်ဆိုင်ရမည့်အလား ဆက်လက်၍ ကင်းစောင့်နေကြဆဲပင် ဖြစ်၏။
စခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဤနေရာတွင် လူဦးရေ များစွာမရှိဘဲ ရာဂဏန်းခန့်သာ ရှိကြောင်း တုပိုင် သတိပြုမိလိုက်သည်။ လူတိုင်းနီးပါး၏ ပုံစံမှာ ဖိုသီဖတ်သီဖြစ်နေပြီး ခေါင်းမလျှော်သည်မှာ အတော်ကြာနေပြီဖြစ်ပုံရ၏။ သူတို့၏ မျက်လုံးများမှာလည်း မှိုင်းရီနေကာ အသက်ဝင်မှု ကင်းမဲ့နေကြလျက်ရှိသည်။
"အဟွတ်... အဟွတ်... အဟွတ်..."
ထို့အပြင် နေရာအနှံ့မှ ချောင်းဆိုးသံများကိုလည်း ကြားနေရ၏။ ထိုသူအများစုမှာ အသက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြကာ လက်များမှာလည်း ကြမ်းတမ်းမည်းညစ်နေကြသည်။ ကလေးငယ်ဟူ၍ တစ်ယောက်မျှပင် မရှိသလောက် ရှားပါးလှ၏။
ကင်းစောင့်က တုပိုင်ကို စခန်းအလယ်ရှိ အိမ်တစ်လုံးဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုအိမ်ကြီးမှာ အလွန်ကြီးမားပြီး ခိုင်ခံ့သော်လည်း နံရံများရှိ ဆေးများ ကွာကျနေသဖြင့် အလွန်ဟောင်းနွမ်းနေပုံရလေ၏။ ကင်းစောင့်က လှမ်းပြောလိုက်ရာ တံခါး ပွင့်လာ၏။
"ခေါင်းဆောင်... မစ္စတာတု သတိရလာပြီဗျ။ သူ့သမီးကို လာရှာတာတဲ့။"
တုပိုင် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးမှာ အသက် သုံးဆယ်ကျော်အရွယ်ခန့်ရှိကာ အလွန်အေးစက်သော အသွင်အပြင်နှင့်အတူ ဆွဲဆောင်မှုရှိပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သို့သော် သူမ၏ မျက်လုံးများမှာမူ ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေကာ သွေးကြောများဖြင့် နီရဲနေလေသည်။ သူမသည်လည်း ဆိုးရွားစွာ ဟောင်းနွမ်းနေသော ထူးခြားသည့် သားရေချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားလျက်ရှိသည်။
တုပိုင်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ရုတ်တရက် ပေါ်လွင်လာသည်။
အမျိုးသမီးခေါင်းဆောင်က မေးလိုက်သည်။ "မစ္စတာတု... ရှင် မသေသေးဘူးလား။ ပြီးတော့ သတိပါ ရနေပြီပေါ့။"
တုပိုင်သည် ရှေ့သို့ တိုးသွားကာ တောင်းဆိုလိုက်၏။
"ကျွန်တော့်သမီး တုရှောင် ဘယ်မှာလဲ။ ကျွန်တော့်ကို သူနဲ့ သွားတွေ့ခွင့်ပေးပါ။"
အမျိုးသမီးခေါင်းဆောင်၏ အကြည့်များမှာ ရှုပ်ထွေးသွားပြီး ခွင့်ပြုလိုက်သည်။
"သွားကြတာပေါ့... ရှင် သူ့ကို နောက်ဆုံးအနေနဲ့ သွားကြည့်လိုက်ပါ။"
ထိုစကားကို ကြားလိုက်ရသည်နှင့် တုပိုင် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရတော့သည်။ မည်သည့်အရာကို နောက်ဆုံးအနေဖြင့်နည်း။ နောက်ဆုံးအနေဖြင့် သွားကြည့်ရမည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ သမီးလေး နေမကောင်း၍လော... သို့မဟုတ် ဒဏ်ရာများ ရထား၍လော။ တုပိုင် အလွန်အမင်း စိုးရိမ်ပူပန်သွားရ၏။ တုပိုင်က တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။
"ကျွန်တော့်သမီးလေး... ကျွန်တော့်သမီးလေး ဘာဖြစ်လို့လဲ။"
အမျိုးသမီးခေါင်းဆောင်က ပြန်ဖြေလိုက်၏။ "သူ သေဒဏ်ချမှတ်ခံထားရတယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်သည် သူ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။ သူ၏ သမီးလေးက သေဒဏ်ချမှတ်ခံထားရသည်လား။ မည်သို့ ဖြစ်နိုင်မည်နည်း။ တုပိုင် အက်ကွဲနေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့... ခင်ဗျားတို့ ဘာတွေ နောက်နေတာလဲ။ ကျွန်တော့်သမီးလေးက အသက် ၅ နှစ် ၊ ၆ နှစ်လောက်ပဲ ရှိသေးတာလေ။ အဲဒီလောက် ကလေးလေးကို သေဒဏ်ပေးတယ်... ခင်ဗျားတို့ ရူးနေကြတာလား။"
အမျိုးသမီးခေါင်းဆောင်က ပြန်ပြောကာ မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သည်။
"ရှင် ကျွန်မနောက် လိုက်ခဲ့။"
တုပိုင် သူမနောက်မှ လိုက်ပါသွားရာ လှေကားထစ်များအတိုင်း နှစ်ထပ်ခန့်အထိ ဆင်းသွားခဲ့ရသည်။ ဤနေရာတွင်ကား မြေအောက်အကျဉ်းထောင်များ တည်ရှိနေ၏။
ခြောက်ခြားဖွယ်ကောင်းသော မြေအောက်အကျဉ်းထောင်သို့ ရောက်သောအခါ အမျိုးသမီးခေါင်းဆောင်က သံတံခါးတစ်ချပ်ကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။
"ရှင့်သမီး အဲဒီအထဲမှာ ရှိတယ်။"
တုပိုင် အသက်ရှူရပ်လုနီးပါး ဖြစ်သွားပြီး ရှေ့သို့ တိုးကာ အလွန်လေးလံလှသော သံတံခါးကြီးကို တွန်းဖွင့်လိုက်၏။
တံခါးပွင့်သွားသည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ လုံးဝ ဆွံ့အသွားခဲ့ရလေသည်။
သူ မြင်တွေ့လိုက်ရသည်မှာ ခေါင်းမာပြီး ကိုယ်ပိုင်ဟန်ရှိကာ အလွန်လှပသော မိန်းကလေးတစ်ယောက်၏ ပုံရိပ်ပင် ဖြစ်သည်။ သူမကို ကြည့်ရုံမျှဖြင့် မည်မျှ ခေါင်းမာကြောင်းကို အပြည့်အဝ ခံစားသိရှိနိုင်ပေသည်။
ယခုအချိန်၌ သူမ၏ လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်ထားလျက်ရှိ၏။ သူမ ကြိုးပေးခံရတော့မည် ဖြစ်သည်။
ဤသည်ကား သူ၏သမီးလော။ သူ၏ကလေးမလေး... ရှောင်ရှောင်လော။ သူ၏သမီးလေးမှာ ၅ နှစ် ၊ ၆ နှစ်ခန့်သာ ရှိသေးသည်မဟုတ်လော။ သို့သော် သူ၏ရှေ့မှ မိန်းကလေးမှာ အရွယ်ရောက်နေသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေ၏။
မိန်းကလေးမှာ ကြိုးပေးခံရတော့မည် ဖြစ်သော်လည်း သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ခေါင်းမာမှုများသာ ပြည့်နှက်နေပြီး သေရမည်ကို အနည်းငယ်မျှ ကြောက်ရွံ့နေပုံမရချေ။ ထို့အပြင် အပြစ်ဝန်ခံမည့်ပုံစံမျိုးလည်း အလျဉ်းမရှိပေ။
ထိုစဉ် သူမ၏ အကြည့်များက တုပိုင်ထံသို့ ရောက်ရှိလာ၏။ ထိုခဏ၌ပင် သူမ၏ အေးစက်ခေါင်းမာမှုများအားလုံး အရည်ပျော်ကျသွားခဲ့ပြီး မျက်လုံးများမှာလည်း အကျယ်ဆုံးသို့ ပြူးကျယ်သွားတော့သည်။ သူမ၏ လည်ချောင်းထဲမှ အက်ကွဲသော ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာ၏။
"ဖေဖေ... ဖေဖေ။"
နောက်တစ်စက္ကန့်တွင် ထိုမိန်းကလေးက သူမလည်ပင်းရှိ ကြိုးကွင်းကို အတင်းဖြတ်တောက်လိုက်ပြီး တုပိုင်ထံသို့ ပြေးလာကာ ရင်ခွင်ထဲသို့ တိုးဝင်၍ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။ အလွန်အမင်း ဝမ်းသာပီတိဖြစ်မှုနှင့်အတူ သူမ၏ မျက်လုံးများမှ မျက်ရည်များ ရပ်တန့်မရအောင် စီးကျလာတော့၏။
"ဖေဖေ... ဖေဖေ... သမီး အိပ်မက်မက်နေတာ မဟုတ်ဘူးနော်။ အိပ်မက်မက်နေတာ မဟုတ်ဘူးမလားဟင်။ ဒီနှစ်တွေတလျှောက်လုံး သမီး နေ့တိုင်း ဘုရားသခင်ဆီ ဆုတောင်းနေခဲ့တာ။ ဖေဖေသာ သတိရလာမယ်ဆိုရင် သမီး ဘာမဆိုလုပ်ပေးပါ့မယ်... ဘယ်လိုပေးဆပ်မှုမျိုးကိုမဆို ခံယူပါ့မယ်ဆိုပြီး ဆုတောင်းနေခဲ့တာ။"
မိန်းကလေး၏ ခွန်အားမှာ အလွန်ကြီးမားလှသည်။ တုပိုင်မှာ အကြောသေရောဂါမှ နာလန်ထခါစသာ ရှိသေးရာ သူမ၏ တင်းကျပ်သော ပွေ့ဖက်မှုကြောင့် ခန္ဓာကိုယ်အနှံ့ရှိ အရိုးများမှာ ကျိုးကြေတော့မတတ် အသံများပင် ထွက်ပေါ်လာခဲ့ရ၏။
မှတ်ဉာဏ်ထဲ၌ သူ၏သမီးလေးမှာ အလွန်အားနည်းကာ ဖျားနာလွယ်သူ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူမသည် ပိန်ပါးနေသော်လည်း အလွန်ကြံ့ခိုင်တက်ကြွနေပုံရ၏။ ထို့အပြင် စစ်ဝတ်စုံနှင့် သားရေချပ်ဝတ်ကိုပါ ဝတ်ဆင်ထားသေးသည်။ ယခုလေးတင် ကြိုးကို အတင်းအားသုံး ဖြတ်တောက်လိုက်နိုင်ခြင်းကပင် သူမ မည်မျှ ခွန်အားကြီးမားကြောင်း သက်သေပြနေပေသည်။
အနောက်ဘက်မှ အမျိုးသမီးခေါင်းဆောင်က လှမ်းသတိပေးလိုက်သည်။
"ရှောင်ရှောင်... ညည်း ဖက်ထားတာနဲ့တင် ညည်းအဖေ အရိုးတွေ ကျိုးကုန်တော့မယ်။"
ထိုအခါမှသာ သမီးဖြစ်သူ တုရှောင်သည် သတိဝင်လာပြီး ပွေ့ဖက်ထားသော အားများကို လျှော့ချလိုက်သည်။ သို့သော် တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်တွယ်ထားဆဲပင်ဖြစ်၏။
သူမ လူဟူ၍ စသိတတ်လာကတည်းက နေ့စဉ်နေ့တိုင်း ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီတွယ်ကာ ပုံပြင်များ ပြောပြခဲ့သည်။ ဖခင်ဖြစ်သူ သတိရလာပြီး သူမကို နေ့တိုင်း ပြန်လည်ဖက်တွယ်ပေးရန် အမြဲတစေ လိုလားတောင့်တခဲ့၏။
ယခုမူ ဆယ်စုနှစ်တစ်ခုကျော်ကြာ မျှော်လင့်ချက်ကြီးမှာ နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ ဖခင်ဖြစ်သူ သတိရလာကာ သူမကို ဤသို့ ပွေ့ဖက်ပေးနေပြီ ဖြစ်၏။ အလွန် ပျော်ရွှင်စရာကောင်းလှပေသည်။ ယခုချက်ချင်း သေသွားရမည်ဆိုလျှင်ပင် နောင်တရစရာ အကြောင်းရှိတော့မည် မဟုတ်ပေ။
သို့သော် တုပိုင်မှာမူ အသက်ရှူရန်ပင် ခက်ခဲနေ၏။ သူ၏ မျက်ရည်များမှာ မည်သည့်အခါကမျှ များပြားစွာ ကျဆင်းခဲ့ဖူးခြင်း မရှိချေ။
သူ၏ သမီးလေး ရှိနေကြောင်း သိရှိခဲ့ချိန်ကတည်းက အိပ်မက်များစွာထဲတွင် သမီးလေးကို သူ အကြိမ်ကြိမ် ဖက်ထားခဲ့ဖူးသည်။ ယခု သူ၏ သမီးလေးကို အမှန်တကယ် ပွေ့ဖက်ထားရချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးကို ပွေ့ဖက်ထားရသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုပျော်ရွှင်မှုမျိုးမှာ အတိတ်က သူရရှိခဲ့သော မည်သည့်ပျော်ရွှင်မှုမျိုးထက်မဆို ပို၍ကြီးမားလှနေလျက်ရှိသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက်တွင်မှ သူတို့နှစ်ဦး ပွေ့ဖက်ထားမှုကို အနည်းငယ် လျှော့ချလိုက်ကြသည်။ တုပိုင်က သမီးလေး၏ လှပသော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ရာ သူ၏ လက်များမှာ အနည်းငယ် တုန်ယင်နေလေသည်။
"ဖေဖေ့ရဲ့ ကလေးလေး အရမ်းကြီးလာပါလား။ ဖေဖေ့ကလေးလေးက အရမ်းလှတာပဲ။ ဖေဖေ ထင်ထားတာထက်တောင် ပိုလှနေသေးတယ်။ ဖေဖေ တောင်းပန်ပါတယ် ကလေးလေးရယ်... ကလေးလေး ကြီးပြင်းလာတဲ့ အချိန်တွေ ၊ ကလေးလေးရဲ့ ကလေးဘဝ အချိန်တွေကို ဖေဖေ လွတ်သွားခဲ့တယ်။"
တုပိုင်၏ အသံမှာ တုန်ယင်နေ၏။
အနောက်ဘက်ရှိ အမျိုးသမီးခေါင်းဆောင်မှာမူ မျက်ရည်များ ကျမလာစေရန် မျက်နှာလွှဲကာ မော့ထားလိုက်ရလေသည်။ သမီးဖြစ်သူ တုရှောင်က သူမ၏ မျက်နှာကို ကိုင်ထားသော ဖခင်ဖြစ်သူ၏ လက်အထိအတွေ့ကို သာယာမက်မောစွာ ခံစားရင်း ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး ဖေဖေ... ဖေဖေ လွတ်မသွားခဲ့ပါဘူး။ ဖေဖေက သမီးဘေးမှာ အမြဲရှိနေပေးခဲ့တာပဲဟာ။ သမီး ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး ဖေဖေက အတူတူရှိနေပေးခဲ့တာပါ။"
သမီးဖြစ်သူ ပြောသည့်စကား၏ အဓိပ္ပာယ်ကို တုပိုင် နားလည်သည်။ သူ အကြောသေကာ သတိလစ်နေခဲ့သော်လည်း အသက်ရှင်နေသရွေ့ သူ၏ တည်ရှိမှုကပင် တုရှောင်အတွက် ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် အဖော်ပြုပေးမှုတစ်ခု ဖြစ်နေခဲ့ခြင်းပင်။ တုပိုင်က ညင်သာစွာနှင့် ဂရုတစိုက် မေးလိုက်သည်။
"ကလေးလေး... မေမေရော ဘယ်မှာလဲဟင်။"
သူ ဤစခန်းသို့ ရောက်လာသောအခါ အချစ်ရဆုံး သမီးလေးကိုသာ မြင်တွေ့ခဲ့ရပြီး စေ့စပ်ထားသူ ရန်ယဲ့ရှောင်ကို မတွေ့ခဲ့ရသဖြင့် သတင်းဆိုးတစ်ခုခု ကြားရမည်ကို စိုးရိမ်နေမိ၏။ တုရှောင် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"တောင်းပန်ပါတယ် ဖေဖေ... သမီး မေမေ့ကို ဆုံးရှုံးလိုက်ရပြီ။"
တုပိုင်က မေးလိုက်၏။
"ဘယ်တုန်းကလဲ။"
တုရှောင်က ရှင်းပြလေသည်။
"ကမ္ဘာပျက်ကပ်ကြီး စဖြစ်တဲ့အချိန်ကပေါ့... သမီး အသက် ၅ နှစ်လောက်က။ သမီး အိမ်ကို ပြေးပြန်လာပြီး ဖေဖေ့ရင်ခွင်ထဲမှာ လှဲနေရင်း မေမေ ပြန်လာမယ့်အချိန်ကို စောင့်နေခဲ့တယ်။ ရက်ပေါင်းများစွာ စောင့်ခဲ့ပေမယ့် မေမေ ပြန်မလာခဲ့ဘူး။ အစကတော့ သမီး ဖေဖေ့ကို ရေချိုးပေးတယ် ၊ အဝတ်အစားတွေ လဲပေးတယ်။ ဒါပေမယ့် စားစရာတွေ ကုန်သွားတယ်... ဖေဖေ့အတွက် အရည်ဖျော်စာတွေရော ၊ လူကြီးသုံး ဒိုက်ပါတွေရော အကုန်လုံး ကုန်သွားခဲ့တယ်။"
ထိုစကားများကို ကြားလိုက်ရချိန်တွင် တုပိုင်၏ မျက်ရည်များ ထပ်မံ ကျဆင်းလာရပြန်သည်။
ထိုစဉ်က သူ၏ သမီးငယ်လေး မည်မျှလောက်တောင် ဒုက္ခများ ကြုံတွေ့ခဲ့ရရှာမည်နည်း။ မိခင်ဖြစ်သူက ဖခင်ကို ပြုစုစောင့်ရှောက်ပေးနေသည်ကို သူမ အကြိမ်ကြိမ် မြင်ဖူးခဲ့သဖြင့် တုပိုင်ကို မည်သို့ ရေချိုးပေးရမည် ၊ အရည်ဖျော်စာ မည်သို့ တိုက်ရမည်ကို သင်ယူတတ်မြောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူမ အသက် ၅ နှစ်သာ ရှိသေး၏။ တုရှောင်က ဆက်ပြောသည်။
"သမီး အိမ်မှာ မေမေ ပြန်လာမယ့်အချိန်ကို စောင့်နေခဲ့တယ်။ အပြင်ဘက်မှာ အရမ်းကို ဆူညံနေတာပဲ။ လူတွေ အများကြီး သေကုန်ကြတယ်... လူအများကြီးကလည်း အလောင်းကောင်တွေအဖြစ် ပြောင်းလဲသွားကြတယ်။ အဲဒီအလောင်းကောင်တွေက နေ့တိုင်း သမီးတို့အိမ်တံခါးကို လာလာတိုက်ကြတယ်။ သမီး အရမ်းကြောက်ခဲ့ရပေမယ့် ဖေဖေ့ရင်ခွင်ထဲမှာ လှဲနေရရင် ဘာကိုမှ မကြောက်တော့ဘူး။ ဒါပေမယ့် ရက်ပေါင်းများစွာ စောင့်ပြီးတဲ့နောက်မှာတော့ မေမေက ပြန်မလာခဲ့တော့ဘူး... အဲဒီနောက် သမီး သတိလစ်သွားခဲ့တယ်။"
သူမ ဆာလောင်လွန်းသဖြင့် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
"သမီး ပြန်နိုးလာတော့ သူငယ်တန်းကျောင်းကားပေါ် ရောက်နေပြီ။ အန်တီကျန်းယွီဟန်က သမီးကို ကယ်ခဲ့တာလေ။ သူက သမီးရဲ့ သူငယ်တန်းဆရာမ။ သူ့ယောက်ျားက ကျောင်းကားကို မောင်းပြီး ဟန်ကျိုးမြို့ထဲကနေ ထွက်လာခဲ့တယ်။ အဲဒီနောက်တော့ သမီးတို့ လေလွင့်နေခဲ့ကြတာပဲ။"
တုရှောင် နောက်ဆက်တွဲစကားများကို အဆုံးသတ်အောင် မပြောနိုင်တော့ချေ။
သို့သော် လမ်းတစ်လျှောက်တွင် သူ၏သမီးလေး မည်မျှ ဒုက္ခရောက်ခဲ့ရမည်ကို တုပိုင် စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ ကမ္ဘာပျက်ကပ်ကြီးအတွင်း တုပိုင်ကဲ့သို့သော အကြောသေလူနာတစ်ယောက်မှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်သည်။ သို့တိုင် သူ၏သမီးလေးက အသက် ၅ နှစ်အရွယ်ကတည်းက သူ့ကို ခေါ်ဆောင်ကာ လေလွင့်သွားလာနေခဲ့ခြင်း ဖြစ်၏။ သေချာပေါက် သူငယ်တန်းဆရာမ ကျန်းယွီဟန်လည်း ထိုအထဲတွင် ပါဝင်ကူညီခဲ့ပေလိမ့်မည်။ တုရှောင်က ဆက်ပြောသည်။
"သမီး ဖေဖေရယ် ၊ အန်တီ ကျန်းယွီဟန်ရယ်နဲ့ အတူနေလာခဲ့တာ ဆယ်နှစ်ကျော်ပြီ။ ကမ္ဘာပျက်ကပ်ကြီး စဖြစ်ပြီးကတည်းက မေမေ့ကို တစ်ခါမှ ပြန်မတွေ့ရတော့ဘူး။"
ထို့နောက် တုရှောင်က သူမ၏ ရင်ဘတ်အိတ်ကပ်ထဲမှ မှန်ကွပ်ထားသော ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။
တုပိုင်၏ ဓာတ်ပုံနှင့် တစ်ထပ်တည်းတူညီနေပြီး ယင်းမှာ မိသားစုသုံးယောက် ရိုက်ကူးထားသော ဆယ်လ်ဖီပုံပင် ဖြစ်၏။ ယခုအခါ တုပိုင် သတိရလာပြီဖြစ်သော်လည်း ဓာတ်ပုံထဲရှိ လူသုံးယောက်အနက် နှစ်ယောက်သာ အတူရှိနေတော့သည်။
သူ၏သမီးအပေါ် တုပိုင် ပေးဆပ်ရန် ကျေးဇူးကြွေးများ အဆုံးအစမရှိ ရှိနေသည်။ သို့သော် ရန်ယဲ့ရှောင်အပေါ်တွင်မူ တုပိုင် ပေးဆပ်ရန် ပို၍ပင် ကြီးမားသော ကျေးဇူးကြွေးများ ရှိနေ၏။
အတိတ်က သူသည် ပြင်ပလောက၏ သွေးဆောင်ဖြားယောင်းမှုများကို မခံနိုင်ဘဲ ဖောက်ပြန်ခဲ့သည်။ သူမ၏ သံယောဇဉ်ကို သစ္စာဖောက်ကာ သူမကို ကိုယ့်ကိုယ်ကိုယ် သတ်သေလုနီးပါးအထိ ဖြစ်စေခဲ့သော လူယုတ်မာတစ်ယောက် ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက်ပြီးနောက် သူမ တစ်ယောက်တည်း ကလေးမွေးဖွားခဲ့ရသည်။ သူ အကြောသေလူနာဖြစ်သွားပြီး သေစေရန် လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရချိန်တွင်မူ သူမကပင် သူ့ကို အိမ်သို့ ပြန်လည်ခေါ်ဆောင်သွားကာ နေ့စဉ် ပြုစုစောင့်ရှောက်ပေးခဲ့လေသည်။
ဤကဲ့သို့သော ကျေးဇူးကြွေးမျိုးမှာ တစ်သက်လုံး ဆပ်၍ပင် ကုန်နိုင်မည် မဟုတ်ချေ။ သမီးဖြစ်သူ၏ ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသဖြင့် တုပိုင်သည် သူမကို ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်ရင်း ကတိပေးလိုက်သည်။
"ကလေးလေး... မေမေက အရမ်းသန်မာတဲ့ မိန်းမတစ်ယောက်ပါ။ သူ သေချာပေါက် သေသွားမှာမဟုတ်ဘူး... ပြီးတော့ သမီးတို့ကိုလည်း အသည်းအသန် လိုက်ရှာနေလောက်တယ်။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... အချိန်ဘယ်လောက်ပဲ ကြာပါစေ ဖေဖေ မေမေ့ကို ပြန်ရှာပြီး သမီးတို့ မိသားစု ပြန်လည်ဆုံစည်းစေရမယ်လို့ ဖေဖေ ကျိန်ဆိုပါတယ်။"
တုရှောင်က အားကြိုးမာန်တက် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ..."
ထို့နောက် တုရှောင်က အမျိုးသမီးခေါင်းဆောင်ကို ကြည့်ကာ တောင်းဆိုလိုက်သည်။
"ခေါင်းဆောင်... မေပယ်ရွက်နယ်မြေအတွက် သမီးလုပ်ခဲ့တဲ့ ကုသိုလ်တွေ ၊ စွမ်းဆောင်ရည်တွေအတွက် ဖေဖေ့ကို စောင့်ရှောက်ပေးပါ။ သမီးရဲ့ စွမ်းဆောင်ရည်ရမှတ်တွေ အားလုံးကို ဖေဖေ့ဆီ လွှဲပြောင်းပေးပါမယ်။ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး သမီးရဲ့ အန်တီကျန်းယွီဟန်ကို ကယ်တင်ဖို့ နည်းလမ်းရှာပေးပါ။"
အမျိုးသမီးခေါင်းဆောင်က ခေါင်းညိတ်ကာ ကတိပေးလိုက်၏။
"သူ အသက်ရှင်နေသရွေ့ ငါ့ရဲ့ မေပယ်ရွက်နယ်မြေက လူပဲ။ ငါမသေမချင်း သူ့ကို နောက်ဆုံးအချိန်အထိ ကာကွယ်စောင့်ရှောက်ပေးပါ့မယ်။"
တုရှောင်က ပြန်ပြောသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ခေါင်းဆောင်သာ ကူညီမပေးခဲ့ရင် အန်တီ ကျန်းယွီဟန်နဲ့ သမီး အစောကြီးကတည်းက သေနေလောက်ပြီ။ အဲဒီနောက်ပိုင်း ခေါင်းဆောင်က သမီးကို တပည့်အဖြစ် လက်ခံပြီး ခေါင်းဆောင်မှာရှိတဲ့ အရင်းအမြစ်တွေ အကုန်ခံပြီး သမီးကို လေ့ကျင့်သင်ကြားပေးခဲ့တယ်။ ခေါင်းဆောင်သာ မရှိရင် သမီးက အခုချိန်ထိ အားနည်းပြီး ဖျားနာလွယ်တဲ့ ကောင်မလေး ဖြစ်နေတုန်းပဲ။ ဒါမှမဟုတ် ငတ်သေ ၊ ရောဂါနဲ့ သေသွားလောက်ပြီ။"
အမျိုးသမီးခေါင်းဆောင်က မျက်လုံးများ နီရဲလျက် မေးလာ၏။
"နင် ဒါတွေအကုန်လုံး သိရက်နဲ့ ဘာလို့ အဲဒီလို လုပ်ခဲ့ရတာလဲ။ ရွှီရွှီ ကို ဘာလို့ သတ်ပစ်ရတာလဲ။ နင့်ကို ကြိုးပေးရတာက ငါ့နှလုံးသားကို တစ်စစီ ဖဲ့ထုတ်နေရသလိုပဲဆိုတာ နင်မသိဘူးလား။"
တုရှောင်က ပြတ်သားစွာ ပြောလိုက်သည်။
"သူ သေသင့်တယ်လေ။ သမီး သူ့အသက်ကို ကယ်ခဲ့တယ်။ သူ အားနည်းနေတာကို သနားလို့ သမီးရဲ့ ရမှတ်တွေကို သုံးပြီး သူ့ကို ထောက်ပံ့ပေးခဲ့တာ။ သမီး သူ့ကို လုပ်ခိုင်းခဲ့တဲ့ တစ်ခုတည်းသောအရာက ဖေဖေ့ကို ပြုစုစောင့်ရှောက်ပေးဖို့ပဲ။ သမီးမရှိတဲ့အချိန်မှာ သူက ဖေဖေ့ကို အနိုင်ကျင့်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဖေဖေ့ရဲ့ စားစရာတွေကို လျှော့ချပစ်ရုံတင်မကဘူး ၊ ဖေဖေ့အပေါ်ကို ဆီးပါချခဲ့တယ်။ ဒါကို သမီးသိသွားတဲ့အချိန်မှာ ဒေါသထွက်ပြီး သူ့ကို ရိုက်ခဲ့တာ။ သမီးက သူ့ကို ပညာပေးရုံလောက်ပဲ လုပ်ချင်ခဲ့တာပါ... ဒါပေမယ့် ဒေါသထွက်လွန်းလို့ ကိုယ့်ခွန်အားကို မထိန်းချုပ်နိုင်ဘဲ သူ့ကို သေတဲ့အထိ ရိုက်မိသွားတာ။"
သမီးလေး ကြိုးပေးခံရသည်မှာလည်း သူ့ကြောင့်ပင် ဖြစ်ရပြန်သည်။ စတုပိုင် ရင်ကွဲမတတ် ခံစားလိုက်ရ၏။ သူ အကြောင်းစုံကို မသိရသေးသော်လည်း ဖြစ်စဉ်ကို အကြမ်းဖျင်း ခန့်မှန်းမိနေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက သူငယ်တန်းဆရာမကျန်းယွီဟန် ၊ တုပိုင်နှင့် တုရှောင်တို့မှာ တစ်ဦးကိုတစ်ဦး မှီခိုနေထိုင်ခဲ့ကြသည်။ အစပိုင်းတွင် ကျန်းယွီဟန်က သူတို့သုံးယောက်လုံးကို အသည်းအသန် ရှာဖွေကျွေးမွေးခဲ့၏။ နောက်ပိုင်းတွင် သူ၏ အချစ်ရဆုံးသမီးလေး တုရှောင် ကြီးပြင်းလာသောအခါ အမျိုးသမီးခေါင်းဆောင်၏ လေ့ကျင့်သင်ကြားမှုအောက်တွင် စစ်သည်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူမက မိသားစုသုံးယောက်ကို စတင် ထောက်ပံ့ခဲ့သည်။
အကြောသေနေသော တုပိုင်ကို ပြုစုစောင့်ရှောက်ပေးနေခဲ့သူမှာ ကျန်းယွီဟန်ပင်ဖြစ်ပြီး သူမက သူ့ကို အလွန်ဂရုတစိုက် ပြုစုပေးခဲ့သည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် ကျန်းယွီဟန် ဖမ်းဆီးခံလိုက်ရ၏။ တုပိုင်နှင့် သူမကိုယ်တိုင် ရပ်တည်နိုင်ရန်အတွက် သမီးလေး တုရှောင်က အပြင်ထွက်ကာ စွမ်းဆောင်ရည်ရမှတ်များ ရရှိရန် တိုက်ခိုက်ရတော့သည်။ ထို့ကြောင့် တုပိုင်ကို ပြုစုရန် တာဝန်အား သူမ ကယ်တင်ထားခဲ့သော လူငယ်တစ်ယောက်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ထိုလူငယ်က အကြောသေနေသော တုပိုင်ကို အကြောင်းမဲ့သက်သက် အနိုင်ကျင့်ခဲ့သည်။ ယင်းကို သမီးဖြစ်သူ တုရှောင် သိရှိသွားပြီးနောက် ဒေါသအလျောက် မှားယွင်းကာ သတ်မိသွားခြင်း ဖြစ်လေသည်။
ဤနယ်မြေ၏ အမျိုးသမီးခေါင်းဆောင်က တုရှောင်ကို အလွန်ချစ်ခင်သော်လည်း လူသတ်မှုကျူးလွန်ခဲ့သဖြင့် တုရှောင်အား ကြိုးမိန့်ချမှတ်ခဲ့ရခြင်း ဖြစ်၏။
သို့သော် ကမ္ဘာပျက်ပြီးနောက်ပိုင်း ကာလဆိုသည်မှာ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်ဗိုလ်ကျသည့် ခေတ်မဟုတ်ပါလော။ တင်းကျပ်သော ဥပဒေများ ရှိမနေသင့်ပေ။ တုရှောင်က ဆက်ပြောသည်။
"ထိုက်ခန်အင်ပါယာ နယ်မြေထဲမှာ လူသတ်မိရင် ဘာဆင်ခြေမှ ပေးခွင့်မရှိဘူးလေ။ သမီး သူ့ကို မသတ်ချင်ခဲ့ပေမယ့် နောက်တစ်ခေါက် ပြန်ရွေးချယ်ခွင့်ရရင်လည်း သူ့ကို သတ်ပစ်ဦးမှာပါပဲ။"
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၃၉ + ၈၄၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team