← Chapters

တောက်ပရွှန်းလဲ့နေသော ချန်ဇီယွင်၊ ယောက်ျားများကို မြူဆွယ်တတ်သည့် အရှက်ကင်းမဲ့သော မိစ္ဆာမ(၂)။

Vol. 56 Ch. 609

တောက်ပရွှန်းလဲ့နေသော ချန်ဇီယွင်၊ ယောက်ျားများကို မြူဆွယ်တတ်သည့် အရှက်ကင်းမဲ့သော မိစ္ဆာမ(၂)။

Vol. 56 Ch. 609

အချိန်များက လျင်မြန်စွာ ကုန်လွန်သွား၏။

ကျိုးစွေ့က ချန်ဇီယွင်၊ ယဲ့ဖေးရိုတို့ နှစ်ဦးနှင့် အသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် သူမတို့သည် တစ်ခါတစ်ရံ စကားများလေ့ရှိသော်လည်း ယေဘုယျအားဖြင့် အစပိုင်းကလောက် တင်းမာမှု မရှိတော့ပေ။

နောက်ဖေးခြံတစ်ခုလုံးလည်း လုံးဝကို ငြိမ်သက်သွားခဲ့လေပြီ။

ဤအချိန်တွင် ကျိုးစွေ့သည်လည်း ဝိညာဉ်သန္ဓေသားမျိုးစေ့ကို ပြုစုပျိုးထောင်ရန် တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်နေလေသည်။

တစ်နှစ်ခန့်ကြာပြီးနောက်…။

“အရမ်းနှေးလွန်းတယ်... တိုးတက်မှုက ဘာလို့ ဒီလောက်တောင် နှေးကွေးနေရတာလဲ...”

ကျိုးစွေ့က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

တံခါးပိတ်ကျင့်ကြံမှုအခြေအနေသို့ ဝင်ရောက်ပြီးနောက် ဝိညာဉ်သန္ဓေသားမျိုးစေ့ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် မူလက သူ ရည်ရွယ်ထားခဲ့သည်။

သို့သော် တစ်နှစ်ကြာသွားသည့်တိုင် များစွာ တိုးတက်လာပုံမရဘဲ အရှိန်အဟုန်မှာ ဒေါသထွက်စရာကောင်းလောက်အောင် နှေးကွေးနေပေသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက နှစ်ဆယ်ချီ၍ တံခါးပိတ်ကျင့်ကြံလျှင်ပင် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိလာမည်မဟုတ်ချေ။

ထို့ကြောင့် ကျိုးစွေ့သည် ချန်ဇီယွင်နှင့် ယဲ့ဖေးရိုတို့ နှစ်ဦးကို ရှာဖွေကာ ဤကိစ္စအား မေးမြန်းလိုက်လေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူမတို့သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်သောကြောင့် ဤအဆင့်၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ များစွာသိရှိထားပြီး အတွေ့အကြုံ ကြွယ်ဝပေလိမ့်မည်။

“ယောက်ျား… ရှင်ရဲ့ အခြေအနေကို ကျွန်မ နားလည်ပါတယ်...”

“တကယ်တော့ ရှင့်ရဲ့ တိုးတက်မှု နှေးကွေးနေရတဲ့ အကြောင်းရင်းက ရှင် တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတာနဲ့ အများကြီး သက်ဆိုင်နေလိမ့်မယ်...”

ချန်ဇီယွင်၏ လှပသောမျက်လုံးများတွင် တောက်ပသောအလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။

“အိုး... တံခါးပိတ်ကျင့်ကြံခြင်းက ဆိုးကျိုးရှိနေလို့လား...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

“တံခါးပိတ်ကျင့်ကြံခြင်းက ဆိုးကျိုးမရှိတာ သေချာပေမဲ့ ကျင့်ကြံခြင်းရဲ့ အစစ်အမှန်အဓိပ္ပာယ်က လှုပ်ရှားခြင်းနဲ့ ငြိမ်သက်ခြင်းတို့ကြားမှာ ရှိတယ်...”

“အထူးသဖြင့် ဝိညာဉ်သန္ဓေသားကို ကျင့်ကြံတဲ့နေရာမှာ တံခါးပိတ်ကျင့်ကြံနေရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး...”

“ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်သန္ဓေသားထဲမှာ လူသားတွေရဲ့ ခံစားချက်ခုနစ်ပါးနဲ့ ရမ္မက်ခြောက်ပါးအပြင် အမျိုးမျိုးသော စိတ်ခံစားမှုတွေ ပါဝင်နေလို့ပဲ...”

“တကယ်လို့ ဒီစိတ်ခံစားမှုတွေသာ မရှိဘူးဆိုရင် လူသားတွေရဲ့ ဝိညာဉ်ကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး...”

“ယောက်ျားက တံခါးပိတ်ကျင့်ကြံရာမှာ အရာအားလုံးကို စွန့်လွှတ်ပြီး စိတ်ကို ရေပြင်လို ငြိမ်သက်စေတာက အရမ်းကို မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်အတန်းပဲ...”

“ဒါက ယောက်ျားရဲ့ ကျင့်ကြံမှုကိုလည်း အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်စေလိမ့်မယ်...”

“ဒါပေမဲ့ ဝိညာဉ်သန္ဓေသားကျင့်ကြံခြင်းကတော့ မတူဘူး… လူ့ဘဝရဲ့ အခြေအနေအမျိုးမျိုးနဲ့ လောကီရေးရာတွေကို ကိုယ်တိုင်တွေ့ကြုံခံစားရမယ်… ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း စတဲ့ ခံစားချက်ခုနစ်ပါးနဲ့ ရမ္မက်ခြောက်ပါးတို့ကို သိမြင်နားလည်မှသာ ဝိညာဉ်သန္ဓေသားရဲ့ အစစ်အမှန်အဓိပ္ပာယ်ကို သဘောပေါက်နိုင်မှာ ဖြစ်တယ်...”

“ဒီစိတ်ခံစားမှုတွေကို ထိုးထွင်းသိမြင်နိုင်မှသာ ဝိညာဉ်သန္ဓေသားမျိုးစေ့ကို အလျင်အမြန် ကြီးထွားလာစေနိုင်လိမ့်မယ်...”

ချန်ဇီယွင်က လေးနက်သောအသံဖြင့် ရှင်းပြလိုက်သည်။

“ပြောတာ မှန်တယ်...”

“အရင်က ကျွန်မတို့ မြူနှင်းနန်းတော်ရဲ့ ခေတ်အဆက်ဆက်က နန်းတော်သခင်တွေဟာ ဒီအဆင့်ကို ရောက်ရှိပြီးတဲ့နောက်… လောကီရေးရာတွေကို တွေ့ကြုံခံစားဖို့ အပြင်ထွက်ပြီး လေ့လာသင်ယူလေ့ ရှိကြတယ်...”

“အဲဒီရည်ရွယ်ချက်က ဝိညာဉ်ရဲ့ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို သိမြင်နားလည်စေပြီး ဝိညာဉ်သန္ဓေသား ကြီးထွားမှုကို အားပေးဖို့ပဲ...”

“တကယ်လို့ ယောက်ျားက တံခါးပိတ်ပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံနေရုံသက်သက်ဆိုရင် ဝိညာဉ်သန္ဓေသားရဲ့ အတက်အကျတွေကို ခံစားသိရှိနိုင်မှာမဟုတ်ဘဲ တိုးတက်ဖို့ ခက်ခဲလိမ့်မယ်...”

ယဲ့ဖေးရိုကလည်း ဤအချက်ကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

မိစ္ဆာလမ်းစဉ်နှင့် ဖြောင့်မတ်လမ်းစဉ်တို့၏ ကျင့်စဉ်များက မတူညီသော်လည်း၊ မဟာတာအိုသုံးထောင်တို့သည် လမ်းကြောင်းကွဲပြားသော်ငြား ပန်းတိုင်ကတော့ အတူတူပင် မဟုတ်ပါလော။

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသည့်နည်းလမ်းမှာ အမှန်တကယ်တမ်းတွင် တူညီကြပြီး ကွာခြားချက် သိပ်မရှိလှပေ။

“လောကီရေးရာတွေကို ဖြတ်သန်း၊ နေရာအနှံ့ ခရီးသွားပြီး ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ခံစားသိရှိရမယ်ပေါ့...”

ဤစကားကို ကြားသောအခါ ကျိုးစွေ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။ သူ၏ ကိုယ်ပွားများသည် နေရာအနှံ့အပြားတွင် ရှိနေပြီး ဒေသအသီးသီး၏ ရှုခင်းများကို မြင်တွေ့နေရသော်လည်း ဤခံစားချက်မှာ အဝေးမှ စောင့်ကြည့်ကင်မရာကို ကြည့်နေရသကဲ့သို့၊ ရုပ်ရှင်ကြည့်နေရသကဲ့သို့သာ ဖြစ်သည်။

စကားတစ်ရာပြောခြင်းက ကိစ္စတစ်ခုကို ကိုယ်တိုင်ကြုံတွေ့ရခြင်းနှင့် မယှဉ်သာချေ။

လူလူချင်း သင်ပေးလျှင် တတ်မြောက်နိုင်မည်မှာ မသေချာသော်လည်း၊ အဖြစ်အပျက်က လူကို သင်ပေးလျှင်မူ တစ်ကြိမ်တည်းနှင့်ပင် လုံလောက်သွားပေလိမ့်မည်။

ဤသည်က အတွေ့အကြုံ၏ အရေးပါမှုပင် ဖြစ်၏။

“ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာဖို့ လိုအပ်နေပုံပဲ...”

ကျိုးစွေ့ကလည်း ဤအချက်ကို လွန်စွာ သဘောကျလက်ခံမိသည်။

သူသည် သိုသိုသိပ်သိပ်နေထိုင်ခြင်းလမ်းစဉ်ကို မြတ်နိုးကာ ပြဿနာများကို မီးခွက်ထွန်းရှာပြီး အန္တရာယ်များထဲသို့ ဝင်ရောက်မည်မဟုတ်သော်လည်း၊ ၎င်းက သူ့ကို ခေါင်းဝှက်လိပ်တစ်ကောင်ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ လှုပ်ရှားရမည့်အချိန်ရောက်လျှင်လည်း တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ သူ၏ လက်ရှိကျင့်ကြံမှုအရ ချန်လန်ပင်လယ်ပြင်တစ်ခုလုံးတွင် သူ့ကို သတ်နိုင်သည့်ရန်သူမှာ မရှိသလောက် နည်းပါးနေပြီ ဖြစ်၏။

နတ်ဘုရားအသွင်ပြောင်းအဆင့်ရန်သူနှင့် တွေ့လျှင်ပင် ‘တည်နေရာပြောင်းကူ’ ၏ စွမ်းအားဖြင့် အလွယ်တကူ လွတ်မြောက်နိုင်သည်။

ထို့ကြောင့် ချန်လန်ပင်လယ်ပြင်တွင် ခရီးသွားခြင်းက ကြီးမားသောအန္တရာယ် ရှိမည်မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုအချိန်တွင် သူသည် ယခင်ကကဲ့သို့ ချီသန့်စင်ခြင်းအဆင့်မှ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပေ။

ထို့အပြင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးဖြစ်ကာ ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်နေချေပြီ။

အကယ်၍ ယခုအချိန်၌ လူတိုင်းက သူ၏အသက်ကို ယူနိုင်မည်ဆိုလျှင် သူ ဤမျှလောက် အချိန်ကြာရှည်စွာ ကျင့်ကြံခဲ့ရခြင်းသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။

ဤအကြောင်းကို တွေးမိသောအခါ ကျိုးစွေ့သည် ရွှမ်ဟွမ်ကျွန်းမှ ထွက်ခွာပြီး ချန်လန်ပင်လယ်ပြင်အနှံ လှည့်လည်ကာ လောကီရေးရာများကို ခံစားသိရှိရန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။

ဇနီးမယားများနှင့် ခေတ္တခဏ ခွဲခွာရမည်ဖြစ်သော်လည်း ကျင့်ကြံခြင်းအတွက်ဆိုလျှင် အရာအားလုံးက တန်ဖိုးရှိသည် မဟုတ်ပါလော။

…………

မျက်စိတစ်မှိတ်အတွင်းမှာပင် လေးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေပြီ။

လောကသုံးပါး ပေါင်းစည်းမှုကြောင့် ချန်လန်ပင်လယ်ပြင်သည် ငြိမ်သက်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ဆိုးရွားလာခဲ့၏။ အင်အားကြီး နတ်ဆိုးမျိုးနွယ်များက ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာသို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာတွင် စစ်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ထိုဘေးဒုက္ခများမှ လွတ်မြောက်ရန်အတွက် မိစ္ဆာသားရဲ မြောက်မြားစွာသည် ကမ္ဘာတံခါးများမှတစ်ဆင့် ကျင့်ကြံခြင်းလောကသို့ ထွက်ပြေးလာကြ၏။ ဤသည်မှာ ကျင့်ကြံခြင်းလောကအတွင်းရှိ မိစ္ဆာသားရဲ အရေအတွက် လျော့နည်းမသွားဘဲ ပိုမို များပြားလာရသည့် အကြောင်းရင်းပင် ဖြစ်သည်။

ထို့ကြောင့် လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲမျိုးနွယ်တို့၏ ပဋိပက္ခမှာ ပို၍ ပြင်းထန်လာခဲ့ပြီး ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများအကြား တိုက်ပွဲများမှာ အချိန်တိုင်း ဖြစ်ပွားနေခဲ့လေသည်။

ရွှမ်ဟွမ်ဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း တပည့်အရေအတွက် မလုံလောက်ခြင်းကြောင့် ကျယ်ပြန့်လှသော ပင်လယ်ပြင်တစ်ခုလုံးကို မလွှမ်းခြုံနိုင်သေးဘဲ လက်လှမ်းမမီသော နေရာများစွာ ကျန်ရှိနေသေး၏။

ထို့ကြောင့် လူသားအများစုမှာ မိစ္ဆာသားရဲများ၏ ကျူးကျော်မှုကို မိမိတို့ဘာသာ ခုခံကာကွယ်နေကြရသည်။

ယခုအချိန်တွင် ယန်မိသားစုကျွန်းဟု ခေါ်သော သာမန် ဒုတိယအဆင့် ကျွန်းငယ်လေးတစ်ခုတွင် အခြေတည်အဆင့် မိသားစုတစ်ခုက အခြေချ နေထိုင်နေသည်။ ထိုကျွန်းပေါ်ရှိ နေထိုင်သူအားလုံးမှာ ယန်မိသားစုဝင်များသာ ဖြစ်ကြ၏။

ယန်ချန်ယွမ်သည် ယန်မိသားစု၏ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ချီသန့်စင်ခြင်း တတိယအဆင့်ရှိသော ကျင့်ကြံသူလေးတစ်ဦး ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ယန်မိသားစုကျွန်းသည် မကြုံစဖူးသော ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေရချေပြီ။

အဝေးမှ မိစ္ဆာသားရဲအုပ်ကြီးက တစ်ဟုန်ထိုး တိုက်ခိုက်လာနေပြီး ၎င်းတို့ကို တတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်က ဦးဆောင်လာ၏။ ဤသည်မှာ အခြေတည်အဆင့် မိသားစုတစ်ခုအတွက်မူ မခုခံနိုင်သော ကပ်ဘေးပင် ဖြစ်သည်။

“စီနီယာ... ဒုက္ခတော့ရောက်ကုန်ပြီ...”

“ကျွန်တော်တို့ မိသားစုကို သားရဲဒီရေက တိုက်ခိုက်နေပြီ… တတိယအဆင့် မိစ္ဆာသားရဲလည်း ပါလာတယ်… အခု ဘယ်လိုလုပ်ရမလဲ...”

ယန်ချန်ယွမ်က အလွန် ပူပန်နေ၏။ သူသည် သူ၏လက်မှ အဖြူရောင်လက်ကောက်ကို ကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။ ဤလက်ကောက်မှာ သူ ပင်လယ်နက်ထဲတွင် မတော်တဆ ရှာဖွေတွေ့ရှိခဲ့သော အရာဖြစ်ပြီး ၎င်းအတွင်း၌ ထူးခြားသော ဝိညာဉ်တစ်ခု ခိုအောင်းနေလေသည်။

တစ်ဖက်လူက မိမိကိုယ်ကိုယ် ရှေးဟောင်း သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ် 'သားရဲတစ်သောင်းတာအိုအရှင်' ဟု မိတ်ဆက်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည်ဟု ဆို၏။

သို့သော် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် သူ၏ဝိညာဉ်မှာ ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာဖြစ်သော 'သားရဲတစ်သောင်းလက်ကောက်' အတွင်း၌ ခိုအောင်းနေရခြင်း ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူက သူ့ကို သားရဲထိန်းကျောင်းခြင်းဆိုင်ရာ ကျင့်စဉ်တစ်ခုကိုလည်း သင်ကြားပေးခဲ့၏။

၎င်းကြောင့် သူသည် ဝိညာဉ်သားရဲတစ်ကောင်နှင့် ပဋိညာဉ်ဖွဲ့ဆိုနိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆမတန် တိုးတက်လာခဲ့သည်။ ထို့ကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် သူသည် ဤစီနီယာ သားရဲတစ်သောင်းတာအိုအရှင်အား ဦးစွာ အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။

“ဘယ်လိုလုပ်ရမှာလဲ... ထွက်ပြေးရမှာပေါ့...”

“ဒါက တတိယအဆင့် မိစ္ဆာသားရဲပဲ… ရွှေအမြူတေအဆင့် ကျင့်ကြံသူနဲ့ ညီမျှတယ်… အခု မင်းက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူပဲ ရှိသေးတာ… ဘယ်လိုလုပ် ခုခံနိုင်မှာလဲ...”

“အခုလောလောဆယ် အကောင်းဆုံးနည်းလမ်းကတော့ အဝေးဆုံးကို ထွက်ပြေးဖို့ပဲ… အဲဒါမှ လူအချို့ကို ကယ်တင်နိုင်လိမ့်မယ်” သားရဲတစ်သောင်းတာအိုအရှင်က အကြံပေးလိုက်၏။

သူသည် အကြွင်းအကျန် ဝိညာဉ်အပိုင်းအစတစ်ခုသာ ဖြစ်သဖြင့် အင်အားများများစားစား မရှိတော့ပေ။ ထို့အပြင် ဤကောင်လေး၏ ကျင့်ကြံမှုမှာလည်း ချီသန့်စင်ခြင်း တတိယအဆင့်သာ ရှိသေးသဖြင့် သားရဲတစ်သောင်းလက်ကောက်၏ စွမ်းအားကို ထုတ်မသုံးနိုင်ချေ။

“ဒါပေမဲ့ သူတို့အားလုံးက ကျွန်တော့်ရဲ့ ဆွေမျိုးသားချင်းတွေပဲ… ကျွန်တော် ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ...”

ယန်ချန်ယွမ်၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွား၏။ ယန်မိသားစုကျွန်းက ဤကဲ့သို့သော ကပ်ဘေးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤကျွန်းလေးမှာ အေးချမ်းသာယာပြီး အားလုံးက မိသားစုဝင်များကဲ့သို့ ချစ်ခင်စွာ နေထိုင်ကြသလို အရင်းအမြစ်လည်း ပေါများလှပေသည်။

ဘယ်သူကမှ ရုတ်တရက် သားရဲဒီရေ ရောက်လာပြီး ကျွန်းတစ်ခုလုံး ပျက်စီးမည့်ဘေးနှင့် ကြုံရမည်ဟု မတွေးမိခဲ့ကြပေ။ ခဏကြာလျှင် ကျွန်းပေါ်ရှိ လူအားလုံး မိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရကာ အလောင်းပင် ကျန်လိမ့်မည် မဟုတ်ပေ။

“အင်အားနည်းရင် ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ကာကွယ်ရမယ်.. အင်အားရှိလာမှ တစ်လောကလုံးကို ကူညီနိုင်တာ...”

“မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မင်းရဲ့အသက်ကိုတောင် မနည်းလုနေရမှာ… ကျွန်းတစ်ခုလုံးက လူတွေကို ကယ်ဖို့ဆိုတာ စိတ်ကူးယဉ်နေရုံပဲ ရှိလိမ့်မယ်… အခု မင်းအသက်ကိုမင်း ကာကွယ်နိုင်ရင်ပဲ တော်တော်လေး ကံကောင်းနေပြီ” သားရဲတစ်သောင်းတာအိုအရှင်က စိတ်ရှည်လက်ရှည်ဖြင့် နားချလိုက်၏။

All Chapters