← Chapters

လောကပထမသူတော်စင် (၃)ပါးထဲမှာ ချင်းရွှမ်ကအတော်ဆုံးပဲ

Vol. 6 Ch. 590

လောကပထမသူတော်စင် (၃)ပါးထဲမှာ ချင်းရွှမ်ကအတော်ဆုံးပဲ

Vol. 6 Ch. 590

ဆန်းလျန် ထွက်ခွာသွားသည့် အတွက် အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရလေသည်။ ထိုအခွင့်အရေးမှာ သူ့အတွက် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေး ဖြစ်လေ၏။

ဆန်းလျန်သည်လည်း ထိုအချက်ကို ရိပ်မိခဲ့ပါသည်။ သို့သော် ထိုအခွင့်အရေးကို လက်လွှတ်လိုက်ခြင်း အားဖြင့် ပြဿနာတစ်ခု လျော့နည်း သွားမည်ကို သိသည့်အတွက် လက်လွှတ် ခဲ့ခြင်း ဖြစ်လေသည်။

သူ့အတွက် ပြဿနာများကလည်း လုံလောက်နေပါပြီ။

ပြဿနာများကို ရင်ဆိုင်ရလေ ဆန်းလျန်သည် မှန်တစ်ချပ်အလား ပိုပြီး တောက်ပြောင် လာလေ ဖြစ်လေသည်။ သူ၏ ရုပ်ခန္ဓာသည် ဗောဓိပင်အလား ဖြစ်နေပြီး သူ၏စိတ်သည်လည်း မှန်တစ်ချပ်အလား ကြည်လင်နေခဲ့လေသည်။ အချိန်တိုင်းတွင် သူ၏ စိတ်နှင့်ရုပ်ခန္ဓာတွင် ကိလေသာ မြူမှုန်တစ်မှုန်ပင်မကပ်ငြိဘဲ လင်းလက်လျက် ရှိလေတော့၏။

သူ၏တာအိုနှလုံးသားသည် ပြီးပြည့်စုံနေပြီး ကိလေသာ ကင်းစင်နေလေသည်။

တာအိုဆိုသည်က နားလည်ရန် သာမက သက်သေပြရန်လည်း လိုအပ်လေသည်။  အတွေ့အကြုံနှင့် သက်သေပြ ချက်မရှိလျှင် "တာအို" သည် အယူအဆ တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

ဆဋ္ဌမမြောက် ဘိုးဘေးဟွေ့နန်က -

"ကိလေသာမြူမှုန် ကင်းစင်ခြင်း" သည် လောကကြီးတွင် နှိမ့်ချစွာ ရပ်တည်ရင်း အတွေ့အကြုံ ရှာဖွေခြင်းသာ ဖြစ်သည်ဟု ပြောခဲ့လေသည်။

ကျီမုမြစ်ရေသည် စီးဆင်းနေဆဲဖြစ်ပြီး မြစ်လယ်မှ သစ်ပင်ကြီးမှာလည်း မလှုပ်မရှား ရှိနေလေသည်။

သို့သော်… အသူရာချောက်မှ ယင်စွမ်းအားများ ထွက်ပေါ်လာသည့် အခါတွင်တော့ သစ်ပင်ကြီး၏ အရွက်များမှာ ပိုပြီး စိမ်းလန်းလာခဲ့လေသည်။ ဆန်းလျန်နှင့် စကားပြောနေသည့် ချန်ချင်သည် ထိုထူးဆန်းမှုကို သတိပြုလိုက်မိလေ သည်။

သူမသည် မိုးမြေစွမ်းအား ပြောင်းလဲခြင်းများကို မခံစားရသော်လည်း သစ်ပင်များ ပြောင်းလဲသွားသည်ကို သတိထား လိုက်မိလေသည်။

ဆန်းလျန်၏ ဝိညာဉ်အရိပ် ပြန်ရောက်လာပြီး အလင်းရောင် မှိန်ဖျော့ဖျော့လေးသည် ဆန်းလျန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ် သွားလေသည်။ ရုတ်တရက် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် တစ်ခုခု ထူးခြားသွားသည်ကို ခံစားလိုက်ရလေသည်။ ထိုအချက်ကို ဆန်းလျန် တစ်ယောက်သာ သိရှိပြီး အခြားသူများက သတိပြုမိခြင်းမရှိနိုင်ပေ။

ဆန်းလျန်ကပြုံးလိုက်ရင်း...

"ရှီးလျန်ကို ပြန်ကြမယ်လေ..."

ချန်ချင်က....

"ကောင်းတာပေါ့...၊ ရုတ်တရက်ကြီး အေးလာသလိုပဲ၊ ရှောင်ခယ် နေမကောင်းဖြစ်မှာ စိတ်ပူရတယ်...."

လီယွမ်လျန်ကလည်း ရှီးလျန်ကိုပြန်ရန် သဘောတူ လိုက်လေသည်။

သူ၏ ဆရာဦးလေးသာ ရောက်လာခြင်းမရှိလျှင် ကြုံတွေ့ရမည့် အန္တရာယ်များက မခန့်မှန်း နိုင်လောက်အောင်ပင် များလွန်းလှလေသည်။ သူသည်လည်း ချန်ချင်နှင့် ချန်ခယ်ကို မကာကွယ်နိုင်ဘဲ ဆရာဦးလေး၏ ယုံကြည်မှုကို ပျက်စီးစေမိမည် ဖြစ်လေသည်။

သူတို့ထွက်ခွာလုဆဲဆဲမှာပင် မိန်းကလေးငယ် တစ်ယောက်၏ နူးညံ့ပြီး ချစ်စရာ ကောင်းသည့် အသံလေး တစ်သံကို ကြားလိုက်ရလေသည်။

"နတ်ဘုရား... တစ်ခုလောက်များ ကူညီပေးနိုင်မလား..."

ချန်ချင်မှာ ထိတ်လန့်သွားပြီး လီယွမ်လျန်ကတော့ တိုက်ခိုက်ရန် အသင့်ပြင် လိုက်မိလေသည်။

ထိုအသံကြောင့် တစ်ချက်ပင် တုန်လှုပ်မသွားသူမှာ ဆန်းလျန်တစ်ယောက်သာ ရှိလေသည်။ သူက အသံထွက်ပေါ် လာရာဆီသို့ လှမ်းကြည့် လိုက်လေသည်။

သစ်ပင်ကြီး၏ ပင်စည်အောက်တွင် သစ်ရွက်များနှင့် အရောင်ဆင်တူသည့် အဝတ်အစား များကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်လေး တစ်ယာက် ရပ်နေသည်ကို တွေ့မြင် လိုက်ရလေသည်။ သူမသည် ဖန်းဖူးလေးအလားနူးညံ့ပြီး သနားစဖွယ် ပုံသဏ္ဌာန်လေးဖြစ်လေသည်။

ဆန်းလျန်က နူးညံ့သိမ်မွေ့သည့် လေသံဖြင့်....

“တာအိုလမ်းစဉ်ကို လိုက်ဖို့ ခက်ခဲတဲ့သူတွေထဲမှာ သစ်ပင်နတ်သူငယ် တွေလည်း အပါအဝင် ဖြစ်တယ်၊ မင်းတို့ ခုလို ဝိညာဉ်ခန္ဓာ ဖွဲ့စည်းတာဟာ အန္တရာယ် အရမ်းကြီးမားတယ်၊ မင်း သတိထားသင့်တယ်၊ ကျုပ်ကိုတွေ့ရဖို့ အတွက်နဲ့ ဒီလိုမျိုး အန္တရယ်ရှိတဲ့ အလုပ်တွေ လုပ်စရာ မလိုပါဘူး"

ဆန်းလျန်က လိမ်ပြောနေခြင်း မဟုတ်ပါ။ သစ်ပင်နတ် သူငယ်လေးများက သူတို့၏ ဝိညာဉ်ခန္ဓာကို ဖွဲ့စည်းလိုက်လျှင် မသေဆေးအဖြစ် ပြောင်းလဲ သွားကြလေသည်။ ထို့ကြောင့် လောဘကြီးသည့် ကျင့်ကြံသူများနှင့်သာ တွေ့သွားလျှင် ကျိန်းသေ ပျက်စီးရမည် ဖြစ်လေသည်။

ထို့ကြောင့် သစ်ပင်နတ်သူငယ်များသည် သူတို့၏ ဝိညာဉ်ခန္ဓာကို တော်ရုံနှင့် ကိုယ်ထင် မပြတတ်ကြပေ။

မြစ်အလယ်မှ သစ်ပင်ကြီးသည် သစ်နတ်သူငယ် အဖြစ် ဝိညာဉ် ခန္ဓာဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်လေသည်။

အမှန်တော့ ရှီးလျန်ပြည်တွင် မိုးမြေစွမ်းအားများ နည်းပါးလွန်းသည့် အတွက် နောက်ဆုံး အဆင့်ကို ကျော်လွန်နိုင်ခြင်း မရှိဘဲ သစ်ပင်ကြီးမှာ အခက်တွေ့ နေရလေသည်။ တိုက်ဆိုင်စွာဖြင့်ပင် အသူရာ ချောက်မှ ထူးဆန်းသည့် ယင်စွမ်းအားများသည် သစ်ပင်ကြီး အတွင်းသို့ ဝင်ရောက်သွားပြီး အတားအဆီးကို ကျော်လွှားနိုင်ကာ ဝိညာဉ်ခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့လေသည်။

ဝိညာဉ်ခန္ဓာ ဖွဲ့စည်းနိုင်သည်နှင့် လူသား အသွင်ပြောင်းလဲနိုင်ပြီး ရွေ့လျား၍လည်း ရမည် ဖြစ်လေသည်။ အမှန်တော့ ထိုသို့ပြုလုပ်နိုင်ရန် အတွက် နှစ်ပေါင်းရာနှင့် ချီပြီးကြာမည် ဖြစ်လေသည်။ သို့သော် တာအိုကို ကျင့်ကြံနိုင်ခြင်း မရှိပါကလည်း မျှော်လင့်ချက် ဆုံးရှုံးရမည် ဖြစ်လေသည်။

တာအိုဆရာ လျိုမုန့်တယ်မှာ ထိုသို့သော နည်းလမ်းဖြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

တိချိုးမြို့တော်မှ ဇာမဏီ သစ်ပင်ကြီးမှာတော့ ဆန်းလျန်က သူ၏ဝိညာဉ်ကို အသွေးအသားဖြင့် ပေါင်းစပ်ပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် လူသားတစ်ယောက် ဖြစ်လာခဲ့ရသည်။ ထိုသို့သော အခွင့်အရေးမျိုးကတော့ နှစ်ပေါင်း တစ်ထောင်တွင် တစ်ခါသာ ကြုံတွေ့နိုင်သည့် အခွင့်အရေးမျိုး ဖြစ်လေသည်။

သို့သော်... ဝိညာဉ်ဆိုသည်က ဝိညာဉ်ခန္ဓာနှင့် မတူညီပေ။ ဝိညာဉ်ခန္ဓာသည် သဘာဝအားဖြင့် အားနည်း လေသည်။

"နတ်ဘုရားမှာ သန့်စင်တဲ့ တာအိုတန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်၊ ဒီလို အခွင့်အရေးမျိုး ရဖို့က ခက်ခဲလွန်း ပါတယ်၊ တာအို ကျင့်စဉ်လမ်းကို ဝင်ရောက်နိုင်ဖို့ နတ်ဘုရား ကြင်နာသနားမယ်လို့ မျှော်လင့်မိပါတယ်...၊ အဲဒီလို သင်ပြပေးမယ်ဆိုရင် နတ်ဘုရား ဘာပဲခိုင်းခိုင်း အကုန် လုပ်ပေးပါ့မယ်”

သို့သော် ဆန်းလျန်သည် ထိုသစ်ပင်နတ်သူငယ်လေးကို တောင်းပန်သည့် အပြုံးတစ်ချက်သာ ပြုံးပြ လိုက်လေသည်။

“မယ်တော်… ယွမ်လျန်၊ သွားကြရအောင်”

ထို့နောက် ဆန်းလျန်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်လေရာ သူတို့အားလုံး ထိုနေရာမှ ပျောက်ကွယ် သွားကြလေတော့သည်။

ရှီးလျန်ကို ပြန်ရောက်သည့် အချိန်တွင်တော့ လီယွမ်လျန်သည် သနားစရာ သစ်ပင် နတ်သူငယ်လေး အကြောင်း စဉ်းစားနေမိလေသည်။ သူသည် စိတ်ဓာတ်ခိုင်မာသည့် ဓားတန်ခိုးရှင်တစ်ယောက် ဖြစ်လေသည်။ သို့သော် ထိုသစ်ပင် နတ်သူငယ်လေးကို သနားနေမိ လေသည်။

“ဆရာဦးလေး၊ သစ်ပင်နတ်သူငယ်တွေက ကျင့်ကြံဖို့ မလွယ်ကူဘူးလား၊ ပြီးတော့ သူ့ရဲ့ အခက်အလက်တွေကလည်း ဆေးဖက်ဝင်တယ် မဟုတ်လား၊ ဘာလို့ သူ့ကို မခေါ်ခဲ့ရတာလဲ”

ဆန်းလျန်က ပြုံးလိုက်ရင်း ချန်ချင်ကို လှမ်းမေးလိုက်လေသည်။

“မယ်တော်… သားတော်ဘာလို့မခေါ်ခဲ့လဲ သိလား”

ချန်ချင်က…

“သူတောင်းဆိုတဲ့ လေသံက အထက်စီးဆန်လွန်းတယ်၊ ပြီးတော့ သူက သန့်စင်တဲ့ တာအိုတန်ခိုး စွမ်းအားကိုလည်း သိနေတယ်၊ သာမန် သစ်ပင်နတ်သူငယ်လေးက ဒီလိုအကြောင်းတွေ ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ပြီးတော့ သူက သူ့ရဲ့ ဝိညာဉ်ခန္ဓာကို မိန်းကလေးငယ်လေး တစ်ယောက်အသွင် ဖန်ဆင်းထားတယ်၊ သူက ရှောင်ခယ်ကို မြင်သွားပြီး ငါတို့ စိတ်ထဲမှာသူ့ကိုလက်ခံလာအောင် အကြံအစည်နဲ့ အဲဒီလိုပုံစံဖန်ဆင်းထားတာပဲ”

ယခုမှ လီယွမ်လျန်မှား နားလည်သွားရလေသည်။

ဆန်းလျန်က…

“ယွမ်လျန်၊ မင်းက ဓားသိုင်း တစ်မျိုးတည်းကိုပဲ ကျင့်ကြံခဲ့တယ်၊ လောကရဲ့ လှည့်ကွက်တွေကိုလည်း မသိဘူး၊ နောက်ဆို ဒီလိုမျိုး လှည့်ဖြားမှုတွေကို သတိထားရမယ်နော်၊ မင်းရဲ့အားနည်းချက်က တစ်ဖြောင့်တည်း တွေးခေါ် တတ်တာပဲ၊ ပြီးတော့ မင်းတို့ ညီအစ်ကိုတွေက ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေနဲ့ ဖန်းယန်ယင်းတို့လို ဓားသိုင်းမှာ ပါရမီပါခဲ့ကြသူတွေ မဟုတ်ဘူး၊ မင်းဒီထက် တိုးတက်ချင်တယ် ဆိုရင်တော့ ဘဝအတွေ့အကြုံတွေ အများကြီးရှာရ လိမ့်မယ်၊ မင်းရဲ့ဂိုဏ်းတူ ညီတွေလည်း ဒီအတိုင်းပဲ လုပ်ရလိမ့်မယ်၊ နောက်ကျရင် ကျုပ်က သင်္ကေတ (၄)ခုနဲ့ စစ်တပ်တစ်ခုဖွဲ့စည်းမယ်၊ မင်းတို့ (၄)ယောက်က စစ်တပ်ရဲ့ စစ်သေနာ ပတိတွေ ဖြစ်လာလိမ့်မယ်”

ချန်ကျန့်မေနှင့် ဖန်းယန်ယင်းကဲ့သို့ ဓားသိုင်းပါရမီရှင် များကတော့ လောကတွင် ရှာမှရှား ဖြစ်လေ၏။ လီယွမ်လျန်သည် သူတို့နှစ်ယောက်ကို မည်သည့်နည်းနှင့်မျှ ယှဉ်နိုင်မည် မဟုတ်ပေ။ နှစ်ပေါင်းများစွာ ဓားသိုင်း ကျင့်ကြံခဲ့သည့် အတွက် သူ့အနေဖြင့် ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်လာနိုင်သည့်တိုင် ဓားသိုင်းတွင် ဆရာတစ်ဆူအဖြစ် ဓားသူတော်စင် တစ်ပါးဖြစ်လာဖို့ အတွက်တော့ မလုံလောက်သေးပေ။

ချန်ကျန့်မေကိုယ်တိုင်လည်း သူ၏တပည့်များအကြောင်းကို သိရှိထားပါသည်။

သို့သော် ချန်ကျန့်မေသည် ထိုအကြောင်းကို သူ့တပည့်များ နားလည်အောင် မည်သို့သင်ပြ ပေးရမည် မသိဖြစ်နေခဲ့လေသည်။ ထို့ကြောင့် ဆန်းလျန်ကို အကူအညီ တောင်းခဲ့ရခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် လမ်းမှန်ကို ညွှန်ပြပေးနိုင်ပြီး အချက်အလက်များကို သင်ပြ ပေးနိုင်လေသည်။ ကျန်သည့် အချက် ကတော့ တပည့်များ၏ ကံဆိုးကံကောင်း အပေါ်တွင်သာ မူတည်လေ၏။

ဆန်းလျန်သည် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါး ဖြစ်နေပါစေ အခြား သူများကိုတော့ နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ကူညီနိုင်မည် မဟုတ်ပေ။ လူဆိုသည်က ကိုယ့်အတွက် ကိုယ်သာ ကြိုးစားရမည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်ဆီမှ သင်ပြပေးမှု ရရှိသည့်အတွက် အခြားသူများထက် ဆာလျှင်တော့ သူတို့သည် အလွန်ကံကောင်းသည့်သူများ ဖြစ်ကြလေသည်။ ဤသည်မှာ နတ်ဘုရား ကျောင်းတော်ကြီးများ၏ ရည်ရွယ်ချက်ပင် ဖြစ်လေသည်။

ထို့နောက်တွင်တော့ ဆန်းလျန်သည် ရှီးလျန်တွင် ရက်အနည်းငယ် နေထိုင်ပြီး သူ၏ ရောက်ရှိနေမှုကို ကြေညာလိုက်လေသည်။

ထိုအချိန်တွင် တာ့ရှားပြည်သည် အနယ်နယ် အရပ်ရပ်သို့ အာဏာများ ဖြန့်ကြက်နေပြီ ဖြစ်လေသည်။

ဆန်းလျန်ရောက်ရှိနေသည့်သတင်းကို ကြားရသည့် အခါတွင်တော့ ကုန်းစန်းပြည်မှာ စွေ့စွေ့ခုန် နေခဲ့လေသည်။

တာ့ရှားပြည် ဆိုသည်က တိုင်းပြည်ငယ်လေးများက မော်မဖူးဝံ့သည့် တိုင်းပြည်ကြီး တစ်ခု ဖြစ်လေသည်။ ဆန်းလျန်သည် တာ့ရှားပြည်၏ တိုင်းပြည်အကြံပေး အမတ်မင်း ဖြစ်နေရခြင်းက အိမ်နီးချင်း တိုင်းပြည်များကို ကြောက်ရွံ့တုန်လှုပ် စေလေသည်။ ထိုအချက်ဖြင့်ပင် ရှီးလျန်ကို မည်သည့် တိုင်းပြည်ကမှ မထိရဲတော့ပေ။

သူတို့အားလုံးက ဆန်းလျန်သည် လေးသည်တော် “ဖုန်း” ကိုသတ်ဖြတ်ခဲ့ပြီး တာ့ရှား ဧကရာဇ်နှင့် ကွမ်းလုန်ကျီတို့၏ ထောင်ချောက်ဆင် တိုက်ခိုက်မှုမှ လွတ်အောင် ရှောင်နိုင်ခဲ့သူ တစ်ယောက် ဖြစ်သည်ကို သိရှိခဲ့လေသည်။

“လောကပထမသူတော်စင် (၃)ပါးထဲမှာ ချင်းရွှမ်က အတော်ဆုံးပဲ”

ဆိုသည့်စကားသည် နတ်ဘုရားများနှင့် နတ်မိစ္ဆာများကြားတွင် ပျံ့နှံ့လျက် ရှိလေတော့၏။

***

All Chapters