← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉ - ထွက်ပေါ်လာသောရည်ရွယ်ချက်များ (၅)

“ဒါက တာဝန်လစ်ဟင်းမှုတစ်ခုပဲ ဟုတ်လို့လား”

ဝမ်ကျိချန်က ရုတ်တရက် အသံမြှင့်ကာ ပြောလိုက်၏။

လင်းကျန်းယွမ်က ဝမ်ကျိချန်ကိုကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ကွပ်ကဲရေးဗိုလ်မှူး.. ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ”

ဝမ်ကျိချန်က လင်းကျန်းယွမ်ကို မမှိတ်မသုန်စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ငါ ရှင်းအောင်ပြောလိုက်မယ်… ငါတို့ရဲ့ အထက်လူကြီးတွေက ငါ့ကို လျန်ကျိုး၊ ယုံကျိုး၊ ရှီကျိုး၊ ချင်ကျိုးနဲ့ ပတ်ဝန်းကျင်နေရာဒေသတွေကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်တယ်ဆိုတာ ဒီနေရာမှာ မသင်္ကာစရာကောင်းတဲအရာတွေ ဖြစ်ပွားနေတာမလို့ပဲ.. ငါက ဒီကိုလာတဲ့လမ်းမှာတောင် ‌ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်… ငါ တစ်ခုခုရှာတွေ့သွားမှာကို တစ်ယောက်ယောက်က စိုးရိမ်နေလို့ ငါ့ကို တစ်ခါတည်း နှုတ်ပိတ်ပစ်ချင်တာလား ငါသိချင်မိတယ်”

“ကွပ်ကဲရေးဗိုလ်မှူး… ခင်ဗျားပြောစရာရှိတာကို တစ်ခါတည်းပြောပါ… ခင်ဗျား သံသယဝင်နေတယ်ဆိုရင် နာမည်တပ်ပြောလိုက်”

လင်းကျန်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။

လေသံနှင့် နှင်းကျသံတို့သာကျန်ရစ်ခဲ့ပြီး ခြံဝန်းတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အဆင့်မြင့်အရာရှိနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ဤမျှအထိ ပေါ်ပေါ်ထင်ထင် အချေအတင်ဖြစ်လာလိမ့်မည်ဟု လောရှောင်အပါအဝင် ဖီးနစ်စိမ်းတပ်သားမျးက မထင်မှတ်ထားခဲ့ပေ။ လက်အောက်ငယ်သားများအနေဖြင့် သူတို့က ဆွံ့အ နားမကြားချင်ယောင်သာ ဆောင်နေရသည်။

ဝမ်ကျိချန်က ရုတ်တရက်မေးခွန်းထုတ်လိုက်၏။

“ဒုစစ်ကဲ… အဲဒီမိစ္ဆာအုပ်စုက ငါရှိတဲ့နေရာကို ဘယ်လိုသိသွားတာလဲ”

လင်းကျန်းယွမ်ကလည်း အသံမြှင့်ကာပြောလိုက်၏။

“ကွပ်ကဲရေးဗိုလ်မှူး… ခင်ဗျားကျုပ်ကို သံသယဝင်နေတာလား”

ဝမ်ကျိချန်က ချေပပြောဆိုလိုက်၏။

“ဒါဆို… ငါက ဘယ်သူ့ကို သံသယဝင်သင့်လဲ မင်းပြောစမ်းပါဦး”

လင်းကျန်းယွမ်က လှောင်ရယ်လိုက်သည်။

“ခင်ဗျားက ချောင်းမြောင်းတိုက်ခိုက်ခံရတယ်လို့ပြောတယ်… ဒါပေမဲ့ မျက်မြင်သက်သေမရှိဘူး… ဒါက ခင်ဗျားရဲ့ တစ်ဖက်သတ်ပြောစကားပဲ… ဒီကိစ္စနဲ့ ခင်ဗျားကျုပ်ကို စွပ်စွဲချင်တယ်ဆိုရင် ကျုပ်ဒီကိစ္စကို တပ်ရေးဗိုလ်မှူးထံ တင်ပြရလိမ့်မယ်… ပြီးရင် သူက အဲဒါကို အရှင်စစ်သေနာပတိထံ တင်ပြလိမ့်မယ်”

ဝမ်ကျိချန်က သူ၏ဒေါသကို ဖုံးဖိမထားနိုင်တော့ဘဲ လင်းကျန်းယွမ်နှင့် ဆက်လက်၍ စကားနိုင်လုမနေတော့ပေ။ သူက ပြောလိုက်၏။

“ဒီကိစ္စကို တပ်ရေးဗိုလ်မှူးကနေတစ်ဆင့် အရှင်စစ်သေနာပတိထံ အကြောင်းကြားစရာမလိုတော့ဘူး… ငါက သံတမန်တစ်ဦးဆိုမှတော့ အရှင်စစ်သေနာပတိနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်တယ်… မင်း နေပြည်တော်ကို ငါနဲ့လိုက်ခဲ့… ဟိုရောက်ရင် အရှင်စစ်သေနာပတိထံ မင်းဘာသာမင်းရှင်းပြလိုက်”

လင်းကျန်းယွမ်က ဝမ်ကျိချန်ကို တည့်တည့်စိုက်ကြည့်လိုက်၏။

“တာဝန်ထမ်းဆောင်နေတဲ့အရာရှိက ရန်သူနဲ့ မပူးပေါင်းရဘူး၊ မြို့ကို အဆုံးရှုံးမခံရဘူး၊ လာဘ်ပေးလာဘ်ယူမလုပ်ရဘူးလို့ ငါတို့ မဟာရွှမ်မင်းဆက်ရဲ့ ဥပဒေမှာ အတိအလင်းထုတ်ဖော်ထားတယ်… နောက်ပြီး ကွပ်ကဲရေးဗိုလ်မှူးတစ်ဦးက ဧကရာဇ်အမိန့်ပြန်တမ်းမပါဘဲ အရာရှိတစ်ဦးကို ထိန်းသိမ်းခွင့်မရှိဘူး… ကွပ်ကဲရေးဗိုလ်မှူးက ပြဿနာကို အထက်လူကြီးတွေထံ တင်ပြနိုင်တယ်… မင်းက နေပြည်တော်ဆီ ငါ့ကို ခေါ်သွားချင်တယ်ဆိုရင် ငါ ဘာအမှားလုပ်ထားလဲ ခိုင်မာတဲ့သက်သေအထောက်အထား အရင်ပြရမယ်”

ဝမ်ကျိချန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့မှာ ကနဦးအဆင့် ၄ နေရာထိ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ သူက တစ်ဦးချင်းလှုပ်ရှားရာမှာ ထူးချွန်ထက်မြတ်သူဖြစ်သည်။ သူက ထုတ်ဖော်ပြောဆိုလိုက်၏။

“ငါ ထုံထျန်မြစ်မှာ လှေစီးလာခဲ့တယ်… ဒါပေမဲ့ ဂမ္ဘီရဝိဇ္ဇာတစ်ဦးက မှော်ပညာကိုသုံးပြီး ငါ့ရဲ့လှေကိုဖျက်ဆီး၊ ငါ့ရဲ့နောက်လိုက်တွေကို ရှင်းပစ်ခဲ့တယ်… ငါက ကိုယ်ခံပညာသိုင်းသမားတစ်ဦးပဲ... အဲဒါကြောင့် အဲဒါက ဘယ်သူ့လက်ချက်လဲ မရှာနိုင်ဘူး… ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့က ဂမ္ဘီရဝိဇ္ဇာတွေကလည်း သဲလွန်စတချို့ကို ရှာနိုင်လိမ့်မယ်”

“ငါ ကမ်းခြေကို ကူးလာပြီးတဲ့နောက် ယွီရှုအဆင့် နတ်ဆရာ နောက်ထပ်သုံးဦးက ငါ့ကို အသင့်ကြိုစောင့်နေတယ်… ငါတို့ရဲ့ ဂမ္ဘီရဝိဇ္ဇာတွေက ဖြစ်ပျက်ခဲ့တဲ့အရာကို သက်သေပြဖို့အတွက် မြေကမ္ဘာချီပြန်ခေါ်နည်းစနစ်ကို အသုံးပြုနိုင်တယ်… တစ်ယောက်ယောက်က မြေကမ္ဘာစွမ်းအင်ကို ဟန့်တားနှောက်ယှက်ထားမယ်ဆိုရင် သူတို့မှာ ဖုံးကွယ်ထားစရာတစ်ခုခုရှိနေတယ်ဆိုတဲ့ သဘောပဲဖြစ်လိမ့်မယ်”

“ဒီကိစ္စကို ဖီးနစ်စိမ်းတပ်ဖွဲ့က ဂရုမစိုက်ဘူးဆိုရင်တောင် ဒါက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက မိစ္ဆာတွေနဲ့ပတ်သက်နေမှတော့ တာအိုဂိုဏ်းတော်ကလည်း သေချာပေါက်ပါဝင်လာမှာပဲ”

“ဒုစစ်ကဲ… မင်း ဒီနေ့ ငါနဲ့မလိုက်ခဲ့ဘူးဆိုရင် သိပ်မကြာခင် မင်းကို တခြားတစ်ယောက်လာခေါ်လိမ့်မယ်… အဲဒီအချိန်ကျရင် မင်းအခုလိုမျိုးပဲ ယုံကြည်မှုရှိနေပါစေလို့ ငါမျှော်လင့်တယ်”

လင်းကျန်းယွမ်က မှင်တက်သွား၏။ စောစောက သူ့မှာရှိခဲ့သော မောက်မာဝံ့ကြွားမှုက ချက်ချင်းပင် ပျောက်ဆုံးသွားပြီး သူ့မျက်လုံးထဲရှိ အေးစက်စက်အလင်းရောင်ကလည်း တဖြည်းဖြည်းလျော့ကျသွားသည်။

ခဏနေပြီးနောက် လင်းကျန်းယွမ်က အခြေအနေကို ထိန်းချုပ်ဖို့ ပြန်လည်ကြိုးစားလိုက်သည်။

“ကွပ်ကဲရေးဗိုလ်မှူး… ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပဲ… ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မင်းက တာအိုဂိုဏ်းတော်ကလူတွေနဲ့ ပူးပေါင်းခဲ့တယ်… ဒါက ကြီးမားတဲ့တားမြစ်ချက်ပဲ… တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲရေးဗိုလ်မှူးအနေနဲ့ ဒီပြစ်မှုက ဘယ်လောက်ထိ ကြီးလေးလဲဆိုတာ မင်းသိထားသင့်တယ်”

ဝမ်ကျိချန်ကပြောလိုက်သည်။

“ဒါပေါ့… ငါသိတယ်.. ဒါပေမဲ့ အဲဒါက လျှို့ဝှက်အသင်းအဖွဲ့တွေ ပါဝင်ပတ်သက်မှုမရှိမှပဲ ဖြစ်လိမ့်မယ်… ရှေးဟောင်းအင်မော်တယ်တွေ၊ လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အင်ပါယာနန်းတော်ရဲ့ ဝန်ကြီးဌာနတွေနဲ့ အရာရှိတွေအားလုံးက တာအိုဂိုဏ်းတော်ကို အပြည့်အဝကူညီထောက်ပံ့ပေးရမယ်လို့ ဧကရာဇ်ကောင်းကျူက အတိအလင်းထုတ်ဖော်ပြောဆိုခဲ့တယ်”

“ရွှမ်အရှင်မြတ်ကလည်း ပြောခဲ့ဖူးတယ်… ကျန်းယီဂိုဏ်းက တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေကို တာဝန်ယူထားတယ်… ထိုက်ဖျင်ဂိုဏ်းက လောကီရေးရာကိစ္စတွေကို တာဝန်ယူထားတယ်… ချွမ်ကျန်းဂိုဏ်းကတော့ တီထွင်မှုတွေကို တာဝန်ယူထားတယ်… တာအိုဂိုဏ်းသုံးဂိုဏ်းက တန်းတူရည်တူရှိပြီး သီးခြားစီရပ်တည်နေကြတယ်”

“ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်ထွက်လာတဲ့အခါမှာ ထိုက်ဖျင်ဂိုဏ်းနဲ့ ရွှမ်ကျန်းဂိုဏ်းကလည်း အပြည့်အဝကူညီထောက်ပံ့ပေးရလိမ့်မယ်တဲ့… ဧကရာဇ်ကောင်းကျူနဲ့ ရွှမ်အရှင်မြတ်တို့ရဲ့ အဲဒီအမိန့်ပြန်တမ်းတွေက မှားယွင်းနေတယ်လို့ မင်းပြောချင်တာလား”

ဧကရာဇ်ကောင်းကျူနှင့် ရွှမ်အရှင်မြတ်၏ နာမည်ကို ထုတ်ဖော်ပြောဆိုလာသည့်အချိန်မှာ လင်းကျန်းယွမ်ကိုမပြောနှင့် တာအိုဂိုဏ်းတော်မှ မဟာအကြီးအကဲနှင့် ဧကရာဇ်ပင်လျှင် ဆန့်ကျင်ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။

ဒုစစ်ကဲက ခဏမျှ ပြောစရာစကားမဲ့သွား၏။

ဝမ်ကျိချန်က ထပ်ပြောလိုက်သည်။

“နောက်ပြီး ဒီကိစ္စမှာ တာအိုဂိုဏ်းတော်က ပါဝင်ပတ်သက်နေပြီးသားပဲ”

သူက တစ်ဘက်သို့လှည့်ပြီး ပြောလိုက်သည်။

“အမှုဆောင်ချီ…”

တစ်ချိန်လုံးနှုတ်ဆိတ်နေသည့်ချီရွှမ်းစုက ရှေ့သို့ထွက်ပြီး ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်ကို မြေပြင်ပေါ်ချလိုက်သည်။ သူက ပိုင်ယုံကွမ်း၏ ဆံပင်များကို နောက်သို့လှန်ချပြီး သူ့မျက်နှာကို ပေါ်ထွက်လာစေ၏။

“ကျုပ်က ထျန်ကန်းခန်းမရဲ့ အမှုဆောင် ချီရွှမ်းစုပဲ… ဒီလူက ချင်းပိုင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာ ပိုင်ယုံကွမ်း… သူက အဆင့် ၄ ကျိကျိုး တာအိုအကြီးအကဲတစ်ဦးဖြစ်သလို လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်… ကွပ်ကဲရေးဗိုလ်မှူးနဲ့ ကျုပ်က သူ့ကို သတ်ဖြတ်ခဲ့တယ်… ဒါက သက်သေပဲ။”

ထို့နောက် သူသည် ပိုင်ယုံကွမ်းက လျှို့ဝှက်အသင်းအဖွဲ့များနှင့်ပတ်သက်ကြောင်း သက်သေပြနိုင်သည့် ရိုးရှင်းသော ကျောက်စိမ်းဆွဲသီးတစ်ခုနှင့် ဆုတောင်းပုတီးတစ်ကုံးကို ထုတ်ယူပြလိုက်၏။ ထိုဆုတောင်းပုတီးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားသောကြောင့် ပိုင်ယုံကွမ်းသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှာ ချူးလျန်ဝမ့်ထက် ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည်မှာ သိသာနေသည်။

လင်းကျန်းယွမ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လောရှောင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ကျန်ရှိနေသော ဖီးနစ်စိမ်းတပ်သားများကလည်း တုန်လှုပ်နေကြသည်။

ဟဲနန်သည် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူတစ်ဦးဟု တိုက်ရိုက်ဖော်ပြနိုင်သည့် ဆုတောင်းပုတီးကို ဆောင်မထားသော်လည်း သူ့မှာ ပိုင်ယုံကွမ်း၏ ကျောက်စိမ်းဆွဲသီးကဲ့သို့ ဆင်တူသောတစ်ခုရှိနေသည်။

ကျန်းယွဲ့လုက အနည်းငယ်ထိတ်လန့်သွားမိသည်။ ချင်းပိုင်ဘုရားကျောင်းကို လင်းရှန်စုန်းကဝေဂိုဏ်းမှ မိစ္ဆာများ တိုက်ခိုက်ခဲ့သည်ဟု အစက သူမတွေးခဲ့သည်။ မထင်မှတ်ထားစွာဖြင့် ချင်းပိုင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာကိုယ်တိုင်က လျှို့ဝှက်အသင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေလေသည်။

ချီရွှမ်းစုကို ချင်းပိုင်ဘုရားကျောင်းသို့ တစ်ယောက်တည်းစေလွှတ်လိုက်ခြင်းသည် ကျားတစ်ကောင်၏ သားရဲတွင်းသို့ သိုးတစ်ကောင်ကို တွန်းပို့လိုက်ခြင်းနှင့်တူသည်။ ကံကောင်းစွာနှင့် ချီရွှမ်းစုက မထိမခိုက်ပြန်လည်ရောက်ရှိလာခဲ့သည်။ မဟုတ်ပါက သူမတစ်သက်လုံး နောင်တရနေပေလိမ့်မည်။

ကျန်းယွဲ့လုက ချီရွှမ်းစုထံမှ ကျောက်စိမ်းဆွဲသီးကိုယူပြီး ဟဲနန်၏ ကိုယ်ကနေ ရှာတွေ့ထားသည့် ကျောက်စိမ်းဆွဲသီးကို လောရှောင်ထံကနေ တောင်းလိုက်၏။ သူမက ကျောက်စိမ်းဆွဲသီးတစ်ခုကို ကိုင်မြှောက်ပြီး ပြောလိုက်သည်။

“ဒုစစ်ကဲလင်း… တပ်မှူးလော… ရှင်တို့နှစ်ယောက် ကျွန်မကို ရှင်းပြဖိုလိုလာပြီ”

လောရှောင်သည် မကြာသေးခင်ကမှ ကျန်းယွဲ့လုမေးခဲ့သည့်မေးခွန်းကို ရုတ်တရက်အမှတ်ရသွား၏။ သူက နှလုံးခုန်မြန်လာပြီး သူ့ကိုယ်သူမြန်မြန်ဆန်ဆန် ခုခံကာကွယ်ပြောဆိုလိုက်၏။

“ကျုပ်က ဒီနေရာကိုယူထားတာ တစ်နှစ်မကြာသေးဘူး… အဲဒါကြောင့် ဒီမှာရှိတဲ့အခြေအနေတွေနဲ့ ကျုပ် ရင်းနှီးကျွမ်းဝင်မှုမရှိဘူး… ဒါပေမဲ့ ဟဲနန်က ဒီရုံးမှာ ဆယ်နှစ်ကျော်ရှိလာခဲ့တဲ့ ဝါရင့်အမှုထမ်းပဲ… သူက စာရွက်စာတမ်းကိစ္စတွေအားလုံးကို တာဝန်ယူထားတယ်… ရုံးရဲ့ အရေးကိစ္စအတော်များများကလည်း သူ့လက်ထဲကနေ ထွက်လာတာပဲ… အသေးစိတ်အချက်အလက်တွေကို တကယ်ပဲ ကျုပ်မသိဘူး”

လောရှောင်က ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း ဝမ်ကျိချန်က အဓိကျသောစကားလုံးများကို သေသေချာချာဖမ်းဆုပ်ပြီး ချက်ချင်းပင်မေးလိုက်သည်။

“တပ်မှူးလော… မင်းရဲ့အရင်လူက ဘယ်သူလဲ”

လောရှောင်က သူ့ဘေးမှာရှိသောလင်းကျန်းယွမ်ကို တစ်ချက်ကြည့်ပြီး အင်တင်တင်ဖြင့် ပြောလိုက်သည်။

“ရုံးတစ်ရုံးရဲ့ အခြေခံကျတဲ့ လုပ်ငန်းဆောင်တာတွေက ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်သွားရင်တောင်မှ များသောအားဖြင့် ဆက်ပြီးလည်ပတ်နေတတ်တယ်… ကျုပ်ရဲ့ အရင်လူက…”

ဝမ်ကျိချန်က ကြားဖြတ်ပြောလိုက်သည်။

“အဲဒါက ဒုစစ်ကဲလင်းတော့ မဟုတ်ဘူးမလား”

လင်းကျန်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူက ဝန်ခံလိုက်သည်။

“ကျုပ်ပါ… အရင်တုန်းက ဒီနေရာမှာရှိတဲ့ တပ်မှူးနေရာက လစ်လပ်နေခဲ့တယ်… အဲဒါကြောင့် အထက်လူကြီးတွေက ကျုပ်ကို ဒုစစ်ကဲရုံးရဲ့ တပ်မှူးချုပ်နေရာနဲ့ ဒီရုံးရဲ့ တပ်မှူးနေရာ နှစ်ခုစလုံးကို ယူခိုင်းထားခဲ့တယ်”

“ပြောရမယ်ဆိုရင် ဟဲနန်က မင်းရဲ့ တိုက်ရိုက်လက်အောက်ငယ်သားဖြစ်ခဲ့ဖူးတာပေါ့”

ဝမ်ကျိချန်က ကြားဖြတ်ပြောဆိုလိုက်သည်။

“မင်းက လင်းရှန်စုန်းကဝေဂိုဏ်းရဲ့ မိစ္ဆာတစ်ဦးဖြစ်သလား ဒါမှမဟုတ် ဟဲနန်နဲ့အတူ ကြံရာပါတွေလားဆိုတာ အသာထား… မင်းရဲ့ လူယုံက လင်းရှန်စုန်းကဝေဂိုဏ်းက မိစ္ဆာတစ်ဦးဖြစ်နေတာနဲ့တင် မင်းရဲ့ ပေါ့ဆမှုအတွက် စီရင်ချက်ချနိုင်တယ်… ဒါက ကြီးမားတဲ့ ပြစ်မှုတစ်ခုမဟုတ်ပေမဲ့ လူချင်းတွေ့ စစ်ဆေးမေးမြန်းဖို့အတွက် မင်းကို အင်ပါယာနေပြည်တော်ဆီ ခေါ်သွားဖို့ လုံလောက်နေပြီ”

ဤအခိုက်အတန့်မှာ ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်က ရုတ်တရက် အသက်ဝင်လာပြီး စကားပြောလိုက်သည်။

“ဒီအဆင့် ၇ တာအိုဆရာက ငါတို့ရှာနေတဲ့ ပေါင်းကူးခန္ဓာပဲ”

ထိုသို့ပြောပြီးနောက် လင်းကျန်းယွမ်က ရုတ်တရက် ရှေ့သို့ခုန်တက်ပြီး ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာသည်။

ဤအခိုက်အတန့်မှာ ချီရွှမ်းစုတွင် နဂါးမျက်လုံးကျည်ဆန်မရှိတော့ပေ။ သူက ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲတစ်ဦးနှင့် ဘယ်လိုလုပ် ထိပ်တိုက်ရင်ဆိုင်နိုင်ပါ့မလဲ။

တစ်ချိန်တည်းမှာပင် ယီရှန်မြို့ထဲရှိ တည်းခိုခန်းတစ်ခုမှာ စာပေပညာရှင်တစ်ဦးက စားပွဲထိုးထံကနေ ရေဇလုံတစ်လုံးကို တောင်းယူထားသည်။

စာပေပညာရှင်က သူ့လက်ကိုဆန့်ပြီး ရေကိုမွှေနှောက်လိုက်၏။ ချက်ချင်းပင် တပ်မှူးရုံးမှာ လက်ရှိဖြစ်နေသည့်မြင်ကွင်းက ရေဇလုံထဲမှာ ပေါ်ထွက်လာသည်။

ရေဇလုံနဲ့မလှမ်းမကမ်းမှာ လူဦးခေါင်းအရွယ် အမွှေးတိုင်အိုးတစ်အိုးရှိနေပြီး အထဲမှာ လက်သန်းလုံးအရွယ်လောက်တုတ်သည့် အမွှေးတိုင်များဖြင့် ပြည့်နှက်နေ၏။ အမွှေးတိုင်များက လောင်ကျွမ်း၍ မီးရောင်က တဖျတ်ဖျတ်လက်နေ၏။

အဖြူရောင်မီးခိုးငွေ့များက ချာလပတ်လည်၍ အပေါ်သို့ တက်သွားပြီး လူတစ်ယောက်၏မျက်နှာအဖြစ် တဖြည်းဖြည်းတွန့်လိမ်ကာ ပြောင်းလဲသွား၏။ ထိုမီးခိုးပုံရိပ်က ဝမ်ကျိချန်နှင့်ဆင်တူသော်လည်း ၎င်းသည် မင်ဆေးပန်းချီကဲ့သို့ သိသာရှင်းလင်းမှုမရှိပေ။

စာပေပညာရှင်က ရယ်မော၍ ဝမ်ကျိချန်၏ ပုံရိပ်ကို လက်ညှိုးဖြင့်ခတ်ကာ မီးခိုးများကို အလျင်အမြန်ပျက်ပြယ်သွားစေသည်။

တပ်မှူးရုံးမှာရှိသော ဝမ်ကျိချန်သည် သူ၏ ရင်ဘတ်ကို အင်အားတစ်ခု လာရောက်ရိုက်ခတ်သည်ဟုသာ ရုတ်တရက်ခံစားလိုက်ရသည်။ သူက ညည်းတွား၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်သွားရသည်။

အနီးကပ်တိုက်ခိုက်ရည်မှာ ဂမ္ဘီရဝိဇ္ဇာများသည် လှုပ်ရှားကွက်အနည်းငယ်အတွင်း ကိုယ်ခံပညာသိုင်းသမား၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ သို့သော်လည်း ဂမ္ဘီရဝိဇ္ဇာက အကွာအဝေးတစ်ခုခြား၍ အမှောင်ထဲမှာ ပုန်းအောင်းနေမည်ဆိုလျှင် ကိုယ်ခံပညာသိုင်းသမားက သူပြုသမျှနုရပေလိမ့်မည်။

ဝမ်ကျိချန်ကို ဟန့်တားလိုက်သော်လည်း ချီရွှမ်းစုကို ကာကွယ်ဖို့အတွက် ကျန်းယွဲ့လုရှိနေသည်။ သူမက ပုံသဏ္ဍာန်မဲ့စက္ကူကို ဓားရှည်တစ်လက်အဖြစ်ပြောင်းလဲပြီး ချီရွှမ်းစု၏ ရှေ့မှာ မတ်တတ်ရပ်ကာ ကာပေးထားသည်။

လင်းကျန်းယွမ်က ကျန်းယွဲ့လုကို လျှော့မတွက်ရဲပေ။ သူက ယင်ကိုးပါးတစ္ဆေလက်ကိုသုံးကာ စက္ကူဓားကို ဖမ်းဆွဲလိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှာ အနက်ရောင်ဆိုးယုတ်စွမ်းအင်တစ်ခု ရစ်ဝဲနေပြီး အငြိုးကြီးဝိညာဉ်များ၏ မကျေမချမ်းအော်ဟစ်သံများထွက်ပေါ်လာ၏။ ဤသည်မှာ ကွေ့ကျန်းအဆင့်သို့ရောက်မှသာ သင်ယူနိုင်သည့် နည်းစနစ်တစ်ခုဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက ဘယ်ဘက်လက်ဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့၏ မဟူရာနတ်ဆိုးလက်ဝါးကို အသုံးပြုလိုက်သည်။ ထိုလက်ဝါးရိုက်ချက်မှာ အလွန်တရာအေးစက်သော စွမ်းအင်ပါဝင်ပြီး တစ်ဘက်သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် အေးခဲသွားစေနိုင်သည်။ တစ်ဘက်သူ၏ ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်လက်ဝါးရာ ပေါ်ထွက်လာပြီးနောက် အေးစက်နေသောအဆိပ်က အရေပြားထဲသို့ စိမ့်ဝင်သွားပေလိမ့်မည်။ တိုက်ခိုက်မှုအတွင်း နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး အသက်ကိုပင် နှုတ်ယူနိုင်လေသည်။

လင်းကျန်းယွမ်ကို အံ့အားသင့်သွားစေသည်မှာ ကျန်းယွဲ့လု၏ စက္ကူဓားက ထက်ရှလွန်းပြီး သူ၏ယင်ကိုးပါးတစ္ဆေလက်ကို ချေဖျက်ကာ သူ၏လက်ချောင်းငါးချောင်းကို ဖြတ်တောက်နိုင်လုနီးပါးပင်။

တစ်ချိန်တည်းမှာပင် သူ၏ဘယ်ဘက်လက်ဝါးက ကျန်းယွဲ့လုကို လုံးဝမထိနိုင်ပေ။ သူမ၏ဘေးပတ်လည်မှာ တစ်လက်မသာသာထူသော ဒြပ်စင်ငါးမျိုးချီဒိုင်းကာ ရှိနေသောကြောင့်ဖြစ်သည်။ သူ၏ ဘယ်ဘက်လက်ဝါးသည် သူမကို ထိခိုက်အောင်လုပ်ဖို့နေနေသာ ထိနိုင်ခြင်းပင် မရှိပေ။

လင်းကျန်းယွမ်၏ အမူအရာက ကြီးမားစွာပြောင်းလဲသွားသည်။ ကျန်းယွဲ့လုက ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု သူထင်မှတ်မထားသည်မှာ သိသာနေသည်။ သူ၏ ခါးမှာ ဖီးနစ်စိမ်းဓားက ဓားအိမ်ထဲကနေ သူ့ဘာသာသူခုန်ထွက်ပြီး သူ့လက်ဖဝါးထဲသို့ ရောက်ရှိလာ၏။

ဖီးနစ်စိမ်းဓားသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ စံချိန်မီ အဆောင်အယောင်လက်နက်များထဲမှ တစ်ခုလည်းဖြစ်သည်။ ၎င်းသည် ကျားဆေဘာထက် များစွာပိုမိုကောင်းမွန်ပြီး ဒုစစ်ကဲအဆင့်မှာရှိသော သူများသာ ကိုင်ဆောင်နိုင်သည်။

သူတို့သည် စစ်မြေပြင်ကို ရောက်ရှိသွားသည့်အလား အဆက်မပြတ် သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာသည်။ တပ်မှူးရုံး၏ ပတ်ဝန်းကျင်မှာ ခန့်မှန်းရခက်သော စွမ်းအင်တစ်မျိုးကလည်း ပေါ်ထွက်လာ၏။

ဤအခိုက်အတန့်မှာ တည်းခိုခန်းတွင်ရှိသော စာပေပညာရှင်က အမွှေးတိုင်အိုးက ထွက်လာသော အစိမ်းရောင်မီးခိုးများကိုအသုံးပြုကာ ကျန်းယွဲ့လု၏ မျက်နှာကို ပုံဖော်၍ သူမကို ရှင်းပစ်လို၏။

သို့သော်လည်း ကျန်းယွဲ့လုက စာပေသမား၏ လှုပ်ရှားမှုများကို သတိထားမိသွားပုံရသည်။ ကျန်းယွဲ့လုသည် လင်းကျန်းယွမ်ကို နောက်သို့တွန်းထုတ်ပြီးနောက် သူမ၏ စက္ကူဓားဖြင့် လေထဲကို ခုတ်ပိုင်းချလိုက်၏။ ရုတ်တရက် တင်းနေသော ကြိုးတစ်ကြိုး ပြတ်တောက်သွားသလို ထောက်ခနဲအသံတစ်သံကို သူတို့အားလုံး ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် တည်းခိုခန်းမှာရှိသော မြေကွက်တစ်ကွက်သို့ မိုးကြိုးတစ်စင်းပစ်ချလိုက်၏။ ရေဇလုံက အပိုင်းပိုင်းကွဲထွက်သွားပြီး ရေစက်များစွာက နံရံများနှင့် ပြတင်းပေါက်များဆီ ဖိတ်စင်ပြန့်ကျဲကာ ထိတွေ့မိသောနေရာများမှာ အပေါက်များဖြစ်ပေါ်သွားလေသည်။

အမွှေးတိုင်အိုးထဲရှိ အမွှေးတိုင်ကလည်း ထက်ရှသောလက်နက်တစ်ခုဖြင့် ပိုင်းဖြတ်ခံလိုက်ရသည့်အလား ခါးလယ်ကနေ တိတိရိရိပြတ်ကျသွား၏။

ဤမြင်ကွင်းမှာ စာပေပညာရှင်က ထိတ်လန့်တကြားဖြစ်သွား၏။ သူက နောက်သို့ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်ပြီး သူ့ကိုယ်သူဟန်ချက်ထိန်းရန် ဘေးမှာရှိသော စားပွဲကို ဆုပ်ကိုင်လိုက်၏။ သူ၏ နှလုံးကို ပြင်းပြင်းထန်ထန်ပစ်ထိုးလိုက်သလို ခံစားနေရ၏။ သိပ်မကြာခင် စားပွဲတစ်ခုလုံးက ကြေမွပျက်စီးသွားသည်။

အခန်း ၉၀ - စီဟန်ဓားသိုင်းစဉ်

လင်းကျန်းယွမ်က သူ့လက်ထဲကဓားကိုသိမ်းပြီး ဓားရိုးမပါသည့် လေးလက်မခန့်ရှည်လျားသော ဓားပျံတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ သူက လက်ချောင်းများကိုစုပြီး အပေါ်ကို ထိုးညွှန်လိုက်စဉ် သူ၏ချီက တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ အဝတ်အစားက လေမတိုက်ဘဲ လှိုင်းတွန့်လာသည်။

“တက်စမ်း”

ဤသည်မှာ လေလွင့်ကျင့်ကြံသူများ၏ ဓားထိန်းချုပ်နည်းစနစ်ထက် များစွာပိုမိုအဆင့်မြင့်သော ချီသန့်စင်သူများ၏ ဓားပဲ့ထိန်းနည်းစနစ်ဖြစ်သည်။ ဓားပျံက လင်းကျန်းယွမ်ကို တစ်ပတ်အပြည့်လှည့်ပတ်ပြီးနောက် ဒုတိယအပတ်မှာ အလျင်အဟုန်က ဆပွားတိုးလာပြီး ဝေဝါးသောအဖြူရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးမှာတော့ ၎င်းသည် သာမန်မျက်စိဖြင့်မမြင်နိုင်သောအဆင့်ထိ ရောက်ရှိသွား၏။

ကျန်းယွဲ့လုက သူမ၏ ဓားရှည်ကို ရှေ့မှာကိုင်မြှောက်ကာ တည်ငြိမ်နေ၏။

ကောင်းကင်ဘုံအဆင့်ကိုမရောက်ခင် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များ၏ ကျင့်ကြံမှုလမ်းကြောင်းများက ပုံသေနည်းတကျရှိလေသည်။ သို့သော် ခြွင်းချက်များလည်းရှိသည်။ အကြီးအကဲများသည် သမားရိုးကျလမ်းကြောင်း၏ အပြင်ဘက်မှာရှိသော လျော်ကန်သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်များနှင့် နည်းစနစ်များကို သူတို့၏ တပည့်များအား သင်ကြားပေးနိုင်သည်။

သူတို့သည် အခြားသောလမ်းကြောင်းများကနေလည်း သီးသန့်သင်ယူလေ့လာနိုင်ကြသည်။ ဥပမာအားဖြင့် ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်၏ ချမှတ်ထားသောလမ်းကြောင်းများမှာမပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များကို ချင်းဖျင်အသင်းတော်ထံကနေ ရရှိနိုင်သည်။

ကျန်းယွဲ့လု၏ ဆရာသည် သူတော်စင်ချင်းဝေနှင့် သူတော်စင်တန်ဟွားတို့နှင့် တန်းတူရည်သူကျော်ကြားသော သူတော်စင်စီဟန်ဖြစ်သည်။ သူတော်စင်စီဟန်က မဟာသူတော်စင်တစ်ပါးမဟုတ်သော်လည်း သူမသည် ကျန်းယီဂိုဏ်းမှာ ကောင်းကင်ဆရာသခင်ပြီးလျှင် ဩဇာအာဏာအရ ဒုတိယနေရာမှာရှိလေသည်။ သူမသည် ကျန်းယွဲ့အားက စီဟန်ဓားသိုင်းစဉ်ကို သင်ကြားပေးခဲ့သည်။

စစ်ဟန်ဓားသိုင်းစဉ်သည် မိုးကြိုးငါးစင်း ကောင်းကင်နှလုံးသားကျင့်စဉ်ထက် မနိမ့်ကျသော မဟာကျင့်စဉ်တစ်ခုဖြစ်သည်။

ထိုကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းသည် ရွှမ်အရှင်မြတ်၏ လမ်းစဉ်များထဲမှာ ပါဝင်ပြီး လူတိုင်းကျင့်ကြံနိုင်ကြသည်။ သို့သော်လည်း အချို့သောလျှို့ဝှက်ဆန်းကြယ်စွမ်းရည်များကို အများသူငါသင်ယူနိုင်အောင် ထုတ်ဖော်မထားပေ။ ကျန်းယီဂိုဏ်း၏ ပင်မတပည့်ဂိုဏ်းသားများသာလျှင် ထိုစွမ်းရည်များကို ကျင့်ကြံနိုင်ပြီး သူတို့ကလည်း အခြားသူများကို ပြန်လည်သင်ကြားပေမည်မဟုတ်ပေ။

စစ်ဟန်ဓားသိုင်းစဉ်ကို ဓားသိုင်းစဉ်၊ နှလုံးသားသိုင်းစဉ်၊ ဗလာနယ်သိုင်းစဉ်နှင့် မူလပကတိသိုင်းစဉ်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။ သူတို့ထဲမှာ မူလပကတိသိုင်းစဉ်က အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဗလာနယ်သိုင်းစဉ်၊ နှလုံးသားသိုင်းစဉ်နှင့် ဓားသိုင်းစဉ်တို့က အစဉ်လိုက်ရပ်တည်နေကြသည်။

မြင့်မားသော အဆောက်အအုံများဆောက်လုပ်သည့်နေရာမှာ ခိုင်မာသောအခြေခံအုတ်မြစ်ခင်းကျင်းရသလို ဤသိုင်းစဉ်လေးခုကို အစဉ်အလိုက်ကျင့်ကြံရသည်။

ယေဘုယျအားဖြင့်ပြောရလျှင် စီဟန်ဓားသိုင်းစဉ်၏ အခြေခံအုတ်မြစ်သည် ဓားနှင့်နှလုံးသားပေါင်းစည်းမှုပေါ် အခြေခံထားပြီး အပေါ်မှာနှလုံးသား အခြေမှာဓားဖြစ်သည်။ ဤသည်မှာ နှလုံးသားက ဓားကို ထိန်းချုပ်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် ဓားသိုင်းစဉ်နှင့် ဗလာနယ်သိုင်းစဉ်က ဓားကိုအဓိကထားပြီး နှလုံးသားသိုင်းစဉ်နှင့် မူလပကတိသိုင်းစဉ်ကတော့ နှလုံးသားကို အဓိကထားလေသည်။

ဓားသိုင်းစဉ်နှင့် ဗလာနယ်သိုင်းစဉ်နှစ်ခုစလုံးက ဓားသိုင်းစစ်စစ်များဖြစ်ပြီး အဓိကကွာခြားချက်မှာ ဓားသိုင်းစဉ်က အပြင်ပိုင်းကို အဓိကထားပြီး ဗလာနယ်သိုင်းစဉ်က အတွင်းပိုင်းကို အဓိကထားခြင်းဖြစ်သည်။

ဓားသိုင်းစဉ်သည် ဓားပေါင်းထောင်ချီကို ထိန်းချုပ်ရန် ပြင်ပအစွမ်းအစပေါ် အာရုံစိုက်ထားသည်။ ဓားနည်းစနစ်များက အင်မတန်ရှုပ်ထွေးပြီး လုံးလုံးလျားလျား ကွဲပြားသောပုံစံများနှင့် ဓားနည်းစနစ် ၆၄မျိုး ပါဝင်လေသည်။ သို့သော်လည်း သူတို့၏ ကွဲပြားပုံကို ပဋိပက္ခမရှိဘဲ လိုက်ဖက်ညီစွာ ပေါင်းစပ်ထားပြီး အင်မတန် ခန့်မှန်းရ ခဲယဉ်းလေသည်။

ဗလာနယ်သိုင်းစဉ်မှာ ကျင့်ကြံသူသည် သူတို့၏ ချီကို မျိုးစေ့တစ်စေ့အဖြစ်ပြောင်းလဲပြီး သူတို့၏ ဒါန်ထျန်များထဲမှာ ထိုမျိုးစေ့ကို စိုက်ပျိုးရသည်။ ဤအပြုအမူသည် ဓားချီကဲ့သို့ ပုံသဏ္ဍာန်မရှိသည့် ချီအသစ်တစ်မျိုး ထွက်ပေါ်လာစေရန် သူတို့၏ ပင်ကိုယ်ချီကို ဖျက်ဆီးရခြင်းနှင့်တူသည်။

ဤဓားချီအသစ်သည် ဓားများကို ထိန်းချုပ်စေနိုင်၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး စိတ်ဝိညာဉ်ကို ဉာဏ်အလင်းပေးနိုင်သည်။ ဓားချီက မရီးဒါန်များနှင့် သွေးကြောဆုံမှတ်များမှာ လှည့်ပတ်ပြီး တစ်နေ့ထက်တစ်နေ့ လည်ပတ်သည့် လမ်းကြောင်းကို ပိုမိုကျယ်ပြန့်စေကာ လူတစ်ယောက်၏ ကျင့်ကြံမှုအလားအလာကို မြှင့်တင်ပေးလေသည်။

လူတစ်ယောက်၏ ဒါန်ထျန်မှာ ခံနိုင်ရည်ရှိမှုအတိုင်းအတာနှင့် မရီးဒါန်များက အကန့်အသတ်ရှိသောကြောင့် ကျင့်ကြံသူသည် သူတို့၏ ခန္ဓာကိုယ်တွင် တဖြည်းဖြည်းအသားကျလာစေမည့် ဒါန်ထျန်မှ ဓားချီအသစ်တစ်မျိုးကို ကျင့်ကြံရန် သူတို့၏ ပင်ကိုယ်ချီကို ဖျက်ဆီးရသည်။ ကျင့်ကြံသူက သူတို့၏ ပင်ကိုယ်ချီကို တဖြည်းဖြည်းအသားကျစေခြင်းမရှိဘဲ ဓားချီအဖြစ် တိုက်ရိုက်ပြောင်းလဲပစ်မည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ထဲမှာ ထက်ရှသော ဓားသွားထောင်ချီကို ဖြတ်သန်းခိုင်းထားခြင်းနှင့်တူလေသည်။ ထိုအခါ ကျင့်ကြံသူသည် ထိုနည်းစနစ်၏ အလားအလာအပြည့်အဝကို မရရှိနိုင်ခင်မှာပင် အရင်သေရပေလိမ့်မည်။

ထို့ကြောင့်ပင် လူအများစုက နှလုံးသားသိုင်းစဉ်မှာ ရပ်တန့်နေကြခြင်းဖြစ်သည်။ သူတို့သည် သူတို့တစ်ဘဝလုံး ခက်ခက်ခဲခဲကြိုးစားကျင့်ကြံထားရသည့် သူတို့၏ ပင်ကိုယ်ချီကို ဖျက်ဆီးမပစ်လိုကြပေ။ ဤအဆင့်သည် ဗလာနယ်သိုင်းစဉ်ကို ရောက်ရှိဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ရုံသာမက လူတစ်ယောက်၏ စိတ်နေစရိုက်အတွက် စမ်းသပ်ချက်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့်ပင် နှလုံးသားကျင့်စဉ်ပြီးမှ ဗလာနယ်သိုင်းစဉ်လာခြင်းဖြစ်သည်။

နှလုံးသားသိုင်းစဉ်သည် ဓားသိုင်းစဉ်၏ အဆင့်မြှင့်တင်မှုဖြစ်ပြီး ဗလာနယ်သိုင်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အဓိကအချက်သည် သူ့အမည်အတိုင်း နှလုံးသားအပေါ်မှာ မူတည်နေသည်။ ဤသိုင်းစဉ်မှာ နှလုံးသားဟူသော အဓိပ္ပါယ်သည် အစက ဗုဒ္ဓဝါဒကနေ ဆင်းသက်လာသော်လည်း နောက်ပိုင်းမှာ ၎င်းသည် တာအိုဝါဒအဓိပ္ပါယ်၊ ကွန်ဖြူးရှပ်ဝါဒအဓိပ္ပါယ်တို့နှင့် ပေါင်းစည်းသွားသည်။ ထိုသို့ဖြင့် ၎င်းသည် ဘာသာသုံးခုပေါင်းစည်းမှု၏ စံပြနည်းစနစ်တစ်ခုဖြစ်လာခဲ့သည်။

ယခုအချိန်မှာ ကျန်းယွဲ့လုသည် ဗလာနယ်သိုင်းစဉ်မှာ နည်းလမ်းတချို့ကို ရရှိထားဆဲဖြစ်သော်လည်း သူမသည် နှလုံးသားသိုင်းစဉ်မှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်လေသည်။ သူမသည် စိတ်နှလုံးမျက်လုံးနည်းစနစ်ကို သင်ယူလေ့လာထားသည်။ ဓားပျံတစ်လက်က ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ သူမ၏ စိတ်နှလုံးမျက်လုံးနှင့်အတူ ၎င်းကို အေးအေးဆေးဆေးမြင်နိုင်ဆဲဖြစ်သည်။

လင်းကျန်းယွမ်၏ လက်ချောင်းများလှုပ်ရှားမှုက ဆတ်ခနဲပြောင်းလဲသွားပြီး သူ၏ဓားချီက လျင်မြန်စွာမြင့်တက်လာသည်။ သူ့ဓားပျံသည် ကျန်းယွဲ့လုရှိရာသို့ ပျံသန်းလာပြီး ဓားချီက ဘေးပတ်လည်မှာရှိသော နှင်းများကို ပြန့်ကျဲသွားစေ၏။

ကျန်းယွဲ့လုက မရှောင်တိမ်းဘဲ သူမ၏ စက္ကူဓားကို ဓား ၆၄လက်အဖြစ် ပွားကာ အမြီးဖြန့်ထားသော ဒေါင်းတစ်ကောင်ကဲ့သို့ သူမ၏နောက်ဘက်မှာ ဖြန့်ကြက်သွားစေ၏။ ဓား ၆၄ လက်က တစ်ပြိုင်နက်တည်းလှုပ်ရှားနေပြီး လင်းကျန်းယွမ်၏ ဓားပျံက မည်သည့်ထောင့်ကနေ ဝင်ရောက်လာသည်ဖြစ်စေ ထိုခံစစ်ကို မဖြတ်ကျော်နိုင်ပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်က တူညီသလောက်ဖြစ်သော်လည်း ကျန်းယွဲ့လု၏ ပုံသဏ္ဍာန်မဲ့စက္ကူသည် လင်းကျန်းယွမ်၏ ဓားပျံထက် ပို၍အဆင့်မြင့်သည်။ ဒါ့အပြင် ကျန်းယွဲ့လုသည် အခြားသောလမ်းစဉ်များထက် သဘာဝအလျောက်သာလွန်သော နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်ချိန်ကြာမြင့်လေ လင်းကျန်းယွမ်က ခွန်အားကို ပို၍ဆုံးရှုံးရလေပင်။ သူက အရေးမသာသောအခြေအနေသို့ မလွဲမသွေကျဆင်းသွားရပေတော့မည်။

ဤသည်ကိုနားလည်ပြီး လင်းကျန်းယွမ်က ချီရွှမ်းစုကို ဆက်လက်၍ မဖမ်းဆီးလိုတော့ပေ။ ထိုအစား သူက လှည့်ထွက်ပြေးလိုက်၏။

ကျန်းယွဲ့လုက စက္ကူဓား ၆၄ လက်ကို တစ်လက်တည်းအဖြစ် ပေါင်းစည်းပြီး ဓားကိုင်ကာ ပြေးသွားသော လင်းကျန်းယွမ်နောက်သို့ ပြေးလိုက်သွားစေ၏။ လင်းကျန်းယွမ်က မတတ်သာဘဲ သူ၏ ဓားပျံကိုသုံးကာ ပြန်လည်တိုက်ခိုက်ရသည်။

ချက်ချင်းပင် ဓားပျံနှင့် စက္ကူဓားက ဆယ်ကြိမ်ကျော် ဆက်တိုက်ထိခတ်ပြီး နားစည်ကို ပြင်းထန်စွာတုန်ခါစေသည့် စူးရှသော အသံများ ထွက်ပေါ်လာ၏။

သူက ခံစစ်အနေအထားဖြင့် သိပ်ကြာကြာနေလို့မရသည်ကို လင်းကျန်းယွမ်က သိရှိထားသည်။ ထို့ကြောင့် သူက တိုက်ခိုက်ရင်း နောက်သို့ဆုတ်နေ၏။ နောက်ဆုံးမှာတော့ စက္ကူဓားက သူ့ကို ခုတ်ပိုင်းချပြီး သူ၏ ရင်ဘတ်မှာ ရှည်လျားသောဒဏ်ရာတစ်ခု ပေါ်ထွက်စေကာ သွေးမြူများက လေထဲမှာ ပြန့်ကျဲသွား၏။ သို့သော်လည်း လင်းကျန်းယွမ်သည် အခွင့်အလမ်းကိုချိန်ဆကာ တပ်မှူးရုံးကနေ အလျင်အမြန်ပြေးထွက်သွား၏။

ကျန်းယွဲ့လုက နောက်ကနေ လိုက်ပါသွားပြီး သူတို့နှစ်ယောက်က ခြံဝန်းအပြင်ဘက်သို့ ခုန်ထွက်သွားကြသည်။ ကျန်းယွဲ့လုက စက္ကူဓားကို ပစ်ထုတ်ပြီး ရှေ့ကနေ ပြန်ပတ်စေကာ လင်းကျန်းယွမ်ကို နှစ်ဘက်ညှပ်ကာတိုက်ခိုက်လိုက်သည်။

စက္ကူဓားက ဓားတစ်လက်ကဲ့သို့ အလွန်တရာမြန်ဆန်၍ ထက်ရှသည်။ တစ်ခဏချင်းမှာပင် လင်းကျန်းယွမ်၏ ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ်ဓားဒဏ်ရာသုံးခု ပေါ်ထွက်လာပြီး ဒဏ်ရာများအားလုံးက အတော်လေးပြင်းထန်လေသည်။ မင်ကဲ့သို့ နက်မှောင်သောသွေးများက သူ့ခန္ဓာကိုယ်ကနေ သွင်သွင်စီးကျလာသော်လည်း လင်းကျန်းယွမ်က သေဆုံးမသွားပေ။

ကျန်းယွဲ့လုက ဤသို့ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်သည်။ ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများအားလုံးက နတ်ဆရာများမဟုတ်သော်လည်း ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများသည် အခြားသောနတ်ဆရာများထက် ပိုမို၍ ပြင်ပပစ္စည်းများကနေတစ်ဆင့် ရှေးဟောင်းအင်မော်တယ်များထံကနေ ဂမ္ဘီရစွမ်းအားကို ငှားရမ်းအသုံးချနိုင်ကြသည်။

ထို့ကြောင့် ကျန်းယွဲ့လုက လင်းကျန်းယွမ်ကို သူမ၏ စက္ကူဓားဖြင့် တိုက်ရိုက်သတ်ဖြတ်ဖို့ မရည်ရွယ်ပေ။ ထိုအစား သူမက သူ့ကို ချုပ်ထိန်းထားလိုသည်။ သူမက အခွင့်အလမ်းကိုချိန်ဆပြီး လင်းကျန်းယွမ်နားကို ချဉ်းကပ်ကာ သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲ၍ လေဟာနယ်ကပ်ဘေးခြောက်ပါးကို ပို့လွှတ်လိုက်သည်။

ဤကဲ့သို့သောပုံစံဖြင့် ကျန်းယွဲ့လုသည် ရှုခိုကို အနိုင်ယူခဲ့ဖူးသည်။ အထူးသဖြင့် ပြိုင်ဘက်က ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ ခုခံနိုင်စွမ်းမရှိတော့သလောက်နီးပါးအချိန်မှာ ၎င်းက ထိရောက်မှုပြင်းလေသည်။

လက်ကောက်ဝတ်ဖမ်းချုပ်ခံရပြီးနောက် ပြင်ပစီးကြောင်းခြောက်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟု လင်းကျန်းယွမ် ခံစားလိုက်ရသည်။ သူက ရုန်းထွက်လိုသော်လည်း ကျန်းယွဲ့လုက သူမ၏ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာကို အသုံးပြုကာ လက်ထိပ်တစ်ခုကဲ့သို့ သူ၏လက်ကောက်ဝတ်ကို ဖမ်းချုပ်ထား၏။

လင်းကျန်းယွမ်၏ချီက လျင်မြန်စွာ လျော့ကျလာနေသည်။

လေဟာနယ်ကပ်ဘေးခြောက်ပါးသည် ရွှမ်အရှင်မြတ်၏ ဆရာသုံးဦးထဲမှတစ်ဦး ပထမမျိုးဆက် မြေကမ္ဘာဆရာသခင်ဟု ကျော်ကြားခဲ့သော ရှုဝူကွေ့ထံမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ လေဟာနယ်ကပ်ဘေးခြောက်ပါးမှာ ပုံသဏ္ဍာန်ခြောက်ခုရှိပြီး ယခုအချိန်မှာ ကျန်းယွဲ့လုက အခြေခံအကျဆုံးပုံစံကို အသုံးပြုနေခြင်းသာဖြစ်သည်။

ပြင်ပချီစီးကြောင်းခြောက်ခုက မရီးဒါန်များတစ်လျှောက် သူ၏ ပင်မဒါန်ထျန်သုံးခုရှိရာသို့ ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည့်အချိန်မှာ လင်းကျန်းယွမ်က ထိတ်လန့်တကြားဖြစ်သွားသည်။ သူသည် ကျန်းယွဲ့လု၏ လက်ကနေ လွတ်မြောက်ဖို့ ကြံမိကြံရာ ကြံလာရတော့သည်။

သေရေးရှင်ရေးအခိုက်အတန့်မှာ လင်းကျန်းယွမ်က သူ၏ ဓားပျံကို ထိန်းချုပ်ပြီး သူ့လက်ကိုသူ ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။ သို့သော်လည်း သူသည် ရုပ်ပိုင်းဆိုင်ရာအရသာ ကျန်းယွဲ့လု၏ ဖမ်းချုပ်မှုကနေ လွတ်မြောက်လာနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာသည့် စိတ်ပျက်စရာကောင်းသော ပြင်ပစွမ်းအင်ကို မတားဆီးနိုင်သေးပေ။ ထူးဆန်းသော စွမ်းအင်စီးကြောင်းခြောက်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ သူ၏ ချီနှင့် ပေါင်းစည်းကာ ၎င်းကို တွန်းထုတ်လို့မရဖြစ်နေသည်။

ကျန်းယွဲ့လုက သူမလက်ထဲမှာကျန်ခဲ့သည့် လက်ပြတ်ကို ပစ်ထုတ်ပြီး လင်းကျန်းယွမ်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပစ်ရိုက်ချလိုက်၏။ လင်းကျန်းယွမ်က ပြန်လည်တိုက်ခိုက်တော့မည့်ဆဲဆဲမှာ သူ့ခန္ဓာကိုယ်ထဲရှိ ပြင်ပချီက သူ၏ ပင်ကိုယ်ချီကို မထုတ်ဖော်နိုင်အောင် တားဆီးထားသည်။

လင်းကျန်းယွမ်က ခဏမျှ ကြောင်အနေမိ၏။

ထိုခဏမှာ ကျန်းယွဲ့လုက သူ၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်၏။ ရိုက်ခတ်မှုက သူ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်၍ သူ၏ ကိုယ်တွင်းအင်္ဂါများအားလုံးကို ပျက်စီးသွားစေ၏။

သို့သော်လည်း လင်းကျန်းယွမ်က အသက်ရှင်နေဆဲဖြစ်သည်။ သူ၏ ရင်ဘတ်မှာ သွေးနီရောင်အကွက်တစ်ကွက်က ဖြည်းဖြည်းချင်းပြန့်ကားသွားပြီး အတော်လေးထူးဆန်းသည့်ပုံပေါ်နေ၏။

သူမက အသာစီးရရှိလာသည့်အချိန်မှာ ကျန်းယွဲ့လုက အလျှော့မပေးပေ။ သူမက မခုခံနိုင်တော့သည့်သူ့ကို ထပ်တလဲလဲတိုက်ခိုက်လိုက်၏။ လင်းကျန်းယွမ်က သူမကို တားဆီးရန် ဓားပျံကိုသုံးဖို့ ကြိုးစားသော်လည်း ပြင်ပချီစီးကြောင်းခြောက်ခုက အပြောင်းအလဲမြန်စွာရွေ့လျားပြီး သူ့ပင်ကိုယ်ချီကို တိုက်ခိုက်နေသည်။ သူက ထိုပြင်ပချီကို တွန်းထုတ်ဖို့ တွေးလိုက်သည်နှင့် ၎င်းက သူ၏ပင်ကိုယ်ချီနှင့်ရောနှောကာ ပျောက်ကွယ်သွားတတ်၏။

လင်းကျန်းယွမ်သည် အစကတည်းက ကျန်းယွဲ့လုထက် နိမ့်ကျနေခဲ့ပြီးသားဖြစ်သည်။ ပြင်ပချီနှင့်အတူ သူက လုံးဝကို ချိုးနှိမ်ခံလိုက်ရ၏။

နောက်ဆုံးမှာတော့ ကျန်းယွဲ့လုက သူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

သူက ဒူးထောက်ကျသွားပြီး သူ၏ ဒွာရပေါက်များအားလုံးကနေ သွေးများစီးကျလာ၏။ သို့သော်လည်း သူက မသေသေးပေ။ သူ၏ ဇွဲနပဲနှင့် ခန္ဓာကိုယ်မာကျောမှုသည် အဆင့်တူချင်းမှာရှိသော ချီသန့်စင်သူများထက် များစွာသာလွန်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ကိုယ်ခံပညာသိုင်းသမားများ၏ ကိုယ်ကာယနှင့် အတော်လေးနီးစပ်နေပြီဖြစ်သည်။

သေရေးရှင်ရေးအခိုက်အတန့်မှာ တည်းခိုခန်းထဲမှ စာပေပညာရှင်က တပ်မှူးရုံးထဲမှာပေါ်ထွက်လာပြီး လက်ခုပ်တီးလိုက်သည်။

ထိုလက်ခုပ်သံက မိုးကြိုးသံကဲ့သို့ ကျယ်လောင်ပြီး ဗုဒ္ဓကျောင်းတော်များမှ ခြင်္သေ့ဟိန်းသံနှင့် ဆင်တူလေသည်။

သာမန်မျက်စိဖြင့်မြင်နိုင်သော အသံလှိုင်းတစ်ခုက စာပေပညာရှင်ရပ်နေသောနေရာကနေ ဖြာထွက်သွားပြီး မြေပြင်မှာရှိသော ကျောက်ချပ်များကို လှုပ်ခါသွားစေ၏။ လမ်း၏ တစ်ဘက်တစ်ချက်စီမှာရှိသောနံရံများကလည်း ထိုအသံလှိုင်းကြောင့် ပြိုကျသွားသည်။

မထင်မှတ်ထားစွာဖြင့် ကျန်းယွဲ့လုက ခပ်သဲ့သဲ့ညည်းပြီး ခေတ္တခဏငေးငိုင်သွားလေသည်။

စာပေပညာရှင်က ဤအခိုက်အတန့်ကို အသုံးချ၍ စိတ်စွမ်းအားဖြင့် ပစ္စည်းတစ်ခုကို ဆွဲယူလိုက်သလို လင်းကျန်းယွမ်ကို ဆွဲခေါ်သွားသည်။ သူက ယင်နှင့်ယန်နယ်ပယ်ကနေတစ်ဆင့် လေဟာနယ်တံခါးတစ်ချပ်ကိုဖွင့်ကာ လျှောက်လှမ်းဝင်ရောက်သွားသည်။

All Chapters