အခန်း ၁၄၁-၁၄၂
Vol. 15 Ch. 141-142
အပိုင်း (၁၄၁) ရုပ်ပြောင်းရုပ်လွှဲ (၁)
မြစ်ကမ်းပါးဘေး၌ ဟွမ်ဖုဖိန်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်၏။ ကျန့်ယွမ်ချီများ လည်ပတ်မှုကြောင့် သူ့ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဓားဒဏ်ရာများမှ ထွက်လာသော သွေးများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ရပ်တန့်သွားပြီး အသားစများပင် စတင်တက်လာသည်။
သူ၏ခြေရင်းတွင်မူ အပိုင်းပိုင်း ခုတ်ထစ်ပိုင်းဖြတ်ခံထားရသော ယွယ်ချန်ရန် ၏ အမာရွတ်ဗရပွနှင့် အလောင်းကောင်ကြီး ရှိနေသည်။
ယွယ်ချန်ရန် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသော စစ်မှန်သောစွမ်းအင်များ၏ အာနိသင်ကြောင့် ယွယ်ချန်ရန် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာငယ်များမှာ သွေးတိတ်သွားခဲ့သော်လည်း ဓားထိုးဒဏ်ရာတစ်ခုတော့ ထင်ရှားစွာ ကျန်ရှိနေဆဲဖြစ်သည်။ ထိုအရာမှာ ယွယ်ချန်ရန်၏ မျက်ခုံးနှစ်ခုကြားတွင် တည့်မတ်စွာ ဖောက်ထွင်းသွားသော ဓားချက်ဖြစ်ကာ သူ၏ စိတ်ဝိညာဉ်များကိုပါ အမြစ်ပြတ် နုတ်ယူသွားသော ဓားချက်လည်းဖြစ်၏။ ဤဓားချက်မှာ သေခြင်း၊ရှင်ခြင်းအား အဆုံးအဖြတ်ပေးခဲ့သော ဓားချက်ဖြစ်သဖြင့် ပြန်လည်ကောင်းလာနိုင်စွမ်း မရှိတော့ချေ။
ယွယ်ချန်ရန် မူလခန္ဓာကိုယ်အား အတင်းအဓမ္မ နေရာယူထားခဲ့သော ထိုမြေအင်မော်တယ်၏ ဝိညာဉ်မှာလည်း ဓားအတွင်းသို့ အပြီးတိုင် စုပ်ယူခံလိုက်ရပြီး ယွယ်ချန်လျန် ကိုယ်တိုင် ဖန်တီးထားခဲ့သော အဖိုးတန်ဓားကြောင့် ထာဝရ ချိတ်ပိတ်ထားခြင်း ခံရပြီးဖြစ်၏။
ဟွမ်ဖုဖိန်သည် ဓားအား သူ့ရှေ့တွင် ကြက်ခြေခတ်ပုံစံ ကိုင်ထားလိုက်ရာ ဓားလက်ရိုးပေါ်ရှိ အစိမ်းရောင် ဝိညာဉ်သလင်းကျောက်ထက်တွင် တောက်ပသောအလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်ကို မြင်လိုက်သည်ယ သူ ခေတ္တမျှ ငေးမောကြည့်နေပြီးနောက် ဓားအိမ်အတွင်းသို့ ဖြည်းညင်းစွာ ပြန်လည်သွင်းသည်။
"ငါ့ကောင်ကြီးချန်ရန်ရေ။"
သူသည် မြေကြီးပေါ်ရှိ ယွယ်ချန်ရန်၏ အလောင်းအား ညင်သာစွာ သယ်လိုက်ပြီး ခေတ္တမျှ ကြည့်ရှုကာ လေးလံစွာ သက်ပြင်းချ၏။
"နှုတ်ဆက်ပါတယ် သူငယ်ချင်းရာ။"
မြစ်ပြင်မှ တိုက်ခတ်လာသော လေပြင်းများအလယ်တွင် မျက်ရည်မကျသော်လည်း ငိုကြွေးနေပုံရသော ဟွမ်ဖုဖိန်မှာ သူငယ်ချင်းဖြစ်သူ၏ အလောင်းအား ကျောပေါ်သယ်ပိုးကာ လှည့်ထွက်ရန် ပြင်သည်။
ထိုအချိန်မှာပင် အဝေးတစ်နေရာရှိ ရှေးဟောင်းမြို့တော်ဘက်မှ အလင်းတန်းကြီးသည် ရုတ်တရက်ဆိုသလို အဆပေါင်းများစွာ ပိုကြီးမားလာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံးအား နေ့လယ်ခင်းပမာ လင်းထိန်သွားစေသည်။
ကောင်းကင်ယံအထက်တွင်မူ အလင်းတန်းတစ်ခုမှာ ထိုးဖောက်ခွဲထုတ်သွားသည့်အလား တိမ်တိုက်များနှင့် လေဟာနယ်အက်ကွဲကြောင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အံ့မခန်း ဝဲကတော့ကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဖြည်းညင်းစွာ လည်ပတ်ကာ တစ်စပြီးတစ်စ ကျယ်ပြန့်လာခဲ့သည်။
ထိုလေဝဲကတော့ကြီး၏ အလယ်ဗဟိုမှစကာ မိုးထိမတတ်မြင့်မားသော ဧရာမတောင်တန်းကြီးတစ်ခုမှာ ပြောင်းပြန်အနေအထားဖြင့် တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထိုတောင်တန်းကြီးသည် ကောင်းကင်ယံမှနေ၍ တွဲလောင်းကျဆင်းလျက်ရှိကာ ရှန်လင်းတိုင်းပြည်၏ အပျက်အစီးများအထက် မိုင်အနည်းငယ်အကွာ ကောင်းကင်ထက်၌ ထိတ်လန့်ဖွယ်ရာ တည်ရှိနေတော့သည်။
———————————————
တုထျန်ဝူဂိုဏ်းတွင်၊ အကြီးအကဲလျှို့ အနားယူနေသည့် အဆောင်တော်အတွင်း၌...
ကုတင်ပေါ်တွင် ထိုင်နေသော အကြီးအကဲလျှို့၏ မျက်နှာအသွင်အပြင်မှာ ရုတ်ချည်းဆိုသလို ရက်စက်ခက်ထန်သွား၏။ သူသည် လက်ထဲတွင် အသင့်ဆုပ်ကိုင်ထားသော အနက်ရောင် သလင်းကျောက်ချွန်ဆီသို့ ချီစွမ်းအင်များ ထည့်သွင်းပြီး ကုတင်ဘေး၌ ထိုင်နေသော ယွယ်ချန်လျန်၏ လည်ပင်းဆီသို့ အားကုန်လွှဲကာ စိုက်ချလာသည်။
သလင်းကျောက်ချွန်လည်း ယွယ်ချန်လျန်၏ လည်ပင်းသို့ အရှိန်ပြင်းပြင်းဖြင့် စိုက်ဝင်သွားခဲ့သည်။ သို့သော် ကျောက်ချွန်မှာ ပါးလွှာလှသော အရေပြားအား ဖောက်ထွင်းနိုင်ခြင်း အလျင်းမရှိဘဲ သလင်းကျောက်ချွန်သာလျှင် အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့ရသည်။
"ဘယ်လို။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
အကြီးအကဲလျှို့၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီး အသံပင် မထွက်နိုင်တော့ချေ။
"အံ့သြသွားတာလား။"
ထိုသို့ပြောပြီးသည်နှင့် ယွယ်ချန်လျန်မှာ အကြီးအကဲလျှို့မျက်နှာအား ရုတ်တရက် လှမ်းဆွဲလိုက်၏။ အကြီးအကဲလျှို့သည် သူ့မျက်နှာပေါ်သို့ ကျရောက်လာသော ပြိုင်ဘက်ကင်းသည့် အင်အားကို ခံစားလိုက်ရမှသာ သတိပြန်ဝင်လာပြီး ထိတ်လန့်တကြား တုန်ရီစွယ အော်ဟစ်တော့သည်။
"မင်းက ယွယ်ချန်လျန် မဟုတ်ဘူး။ မင်းက မဟုတ်မှ။"
"ဟုတ်တာပေါ့"
ဟွယ်ချန်လျန်၏ မျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း ပုံပန်းပျက်ယွင်းသွားကာ အခြားတစ်ယောက်အသွင်သို့ ပြောင်းလဲသွား၏။ သူ့ ဆံပင်အမည်းရောင်တို့မှာလည်း ဖြူဆွတ်သွားပြီးအ ဆုံးတွင်တော့ အကြီးအကဲလျှို့ မတွေ့ချင်ဆုံးဖြစ်သော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအမျိုးသားမှာ သူ့ မျက်နှာအား လက်မဖြင့် ထိုးပြလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေသည်။
"ငါက ပိုင်ချူးရန်ပဲ။”
အပိုင်း (၁၄၂) ရုပ်ပြောင်းရုပ်လွှဲ (၂)
ပိုင်ချူးရန်သည် အကြီးအကဲလျှို့အား စမ်းသပ်ရန် ယွယ်ချန်လျန်၏ အသွင်သို့ ယာယီပြောင်းလဲထားခဲ့ခြင်းပင် ဖြစ်သည်။
ထိုအခါမှ အကြီးအကဲလျှို့ မျက်နှာလည်း ဖြူရော်သွားသည်။ သူသည် ကိုယ်ဖျောက်ထွက်ပြေးသည့် သိုင်းကွက်ကို အသုံးပြုရန် အလျင်စလို ပြင်လိုက်သော်လည်း ပိုင်ချူးရန်၏ လက်ဝါးမှာ သူ့ရင်ဘတ်ဆီသို့ ဦးစွာရိုက်ချပြီးနေပြီ ဖြစ်သည်။
"အကြီးအကဲလျှို့က ဒဏ်ရာပြင်းထန်နေတုန်းပဲလေ။လှဲပြီး သေချာအနားယူပါဦး။"
ပိုင်ချူးရန်၏ ပြင်းထန်လှသော လက်ဝါးသိုင်းစွမ်းအင်မှာ အကြီးအကဲလျှို့ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး ကျင့်စဉ်ဗဟိုချက်အတွင်းရှိ ယွမ်ယင်းအား ချက်ချင်းပင် တစ်စစီ ရိုက်ချိုးပစ်လိုက်သည်။ အကြီးအကဲလျှို့၏ ထိန်းချုပ်၍မရတော့သော ချီစွမ်းအင်အစစ်အမှန်များမှာ သွေးကြောများအတွင်း ဝုန်းဒိုင်းကြဲနေတော့၏။ အကြီးအကဲလျှို့ မျက်နှာမှာ နီရဲလာကာ သွေးအန်ချလိုက်သဖြင့် ရင်ဘတ်တစ်ခုလုံး သွေးချင်းချင်းနီသွားရသည်။
"ကြည့်ပါဦး။ သွေးတွေတောင် အန်နေပြီပဲ။"
ပိုင်ချူးရန်သည် နူးညံ့အပြစ်ကင်းစွာ ပြုံးလိုက်ပြီး သူ့လက်အား ဆန့်ထုတ်ကာ အကြီးအကဲလျှို့ နဖူးပေါ်သို့ ဖွဖွလေး ဖိချလိုက်သည်။
"အကြီးအကဲလျှို့။ ကောင်းကောင်း အိပ်စက်အနားယူလိုက်ပါတော့။"
ပိုင်ချူးရန် စကားဆုံးသည်နှင့် ချီစွမ်းအင်များမှာ အကြီးအကဲလျှို့ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ပြင်းပြင်း စီးဝင်သွားသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် အကြီးအကဲလျှို့ ခန္ဓာကိုယ်သည် အပေါ်ယံအရေပြားမှလွဲ၍ အတွင်းအင်္ဂါရပ်အားလုံးမှာ ပိုင်ချူးရန်၏ ချီစွမ်းအင်များကြောင့် အလုံးစုံ ဖျက်ဆီးခံလိုက်ရပြီး ထိုနေရာတွင်ပင် အသက်ချုပ်ငြိမ်းသွားခဲ့ရသည်။
အကြီးအကဲလျှို့ အလောင်းကောင်မှာ တဆက်ဆက် တုန်ရီလာပြီး ခြေထောက်များအား ကြိုးဖြင့်ဆွဲထားသည့်အလား မြောက်တက်သွား၏။ ထို့နောက် အကြီးအကဲလျှို့ နဖူးပြင်ထက်တွင် ဝိညာဉ်စင်မြင့်ထံမှ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အိမ်အပြင်ဘက်သို့ လျှပ်တစ်ပြက် ပျံသန်းကာ ထွက်ပြေးသည်။ ထိုအရာသည် အကြီးအကဲလျှို့ ခန္ဓာကိုယ်အား ဝင်ပူးထားသည့် မြေကမ္ဘာအင်မော်တယ် ဝိညာဉ်ပင်။ ထိုဝိဉာဉ်အား အခြားနတ်ဘုရားများ သို့မဟုတ် ပိုင်ချူးရန်ကဲ့သို့ သေမင်းနှင့် အမြဲရင်ဆိုင်နေရသူများသာ သာမာန်မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့နိုင်စွမ်း ရှိခြင်းဖြစ်၏။
ပိုင်ချူးရန်သည် ဝိညာဉ်ထွက်ပြေးသွားသည်ကို မြင်သော်လည်း ဂရုမစိုက်ပဲ အကြီးအကဲလျှို့ဝိညာဉ် သူ့နှာခေါင်းအောက်မှ ထွက်ပြေးသွားသည်ကိုသာ အေးဆေးစွာ ရပ်ကြည့်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် လီကျင်းယောင်နှင့် ထန်ရောိဝေ့တို့ တံခါးကိုဖွင့်ကာ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သူတို့နောက်တွင်မယ စိတ်ဓာတ်ကျနေသည့် ယွယ်ချန်လျန်လည်း လိုက်ပါလာခဲ့၏။
"ဖမ်းမိပြီလား။"
ပိုင်ချူးရန်က မေးသည်။
လီကျင်းယောင် ခေါင်းညိတ်ပြလိုက်ပြီး အစိမ်းရောင် ဝိညာဉ်ဖမ်းကျောက်တုံးတစ်ခုအား ထုတ်ယူသည်။ ထိုကျောက်တုံးအတွင်း၌ တောက်ပသောအလင်းရောင်တစ်ခုလည်း လင်းလက်နေ၏။
ထိုအရာကြောင့် ပိုင်ချူးရန်မှာ လီကျင်းယောင်နှင့် ထန်ရော်ဝေတို့အား ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ဤနေရာသို့ ကြိုလွှတ်ထားခဲ့ခြင်းဖြစ်သည်။ မိန်းကလေးနှစ်ယောက်သည် ရွှယ်လင်း ပေးထားသော ရှုပ်ထွေးသည့် အစီအရင်တစ်ခုအား တည်ဆောက်ခဲ့ကြ၏။ ထိုအစီအရင်သည် ရန်သူအား တိုက်ခိုက်ခုခံနိုင်စွမ်း မရှိသော်လည်း နတ်ဘုရားဝိညာဉ်များကိုမူ ထောင်ချောက်ဆင် ဖမ်းဆီးနိုင်စွမ်းရှိသည်။
"ကောင်းပြီ။ အဲဒါ ငါ့ကိုပေး။"
ပိုင်ချူးရန်က ကျောက်တုံးအား လှမ်းယူလိုက်ပြီး သူ့ဘေးတွင် ညှိုးငယ်သော မျက်နှာအမူအရာဖြင့် ရပ်နေသည့် ယွယ်ချန်လျန်ကို ငဲ့ကြည့်သည်။
"ရှောင်ယွယ်ဇီ… မင်း။"
"ကျွန်တော် အဆင်ပြေပါတယ် ဓားဘိုးဘေး။"
ယွယ်ချန်လျန်က ခါးသီးစွာ ပြုံးလိုက်သည်။
"စဉ်းစားကြည့်လေ။ အကြီးအကဲလျှို့က တိုက်ခိုက်ရေးမှာ အဲ့ဒီလောက် မတော်ဘူး။ ဘာလို့ သူက ရှေးဟောင်းမြို့တော်ထဲကနေ လွတ်လာနိုင်ပြီး ကျွန်တော့်အစ်ကိုကြီးက မလွတ်လာနိုင်ရတာလဲ။ တိုက်ပွဲစကတည်းက သူ့ကို မြေကမ္ဘာအင်မော်တယ်က ဝင်ပူးသွားတာ ဖြစ်ရမယ်။ ပြီးတော့မှ ကျွန်တော့်အစ်ကိုကြီးကို အနောက်ကနေ ခိုးတိုက်ခိုက်ခဲ့တာနေမှာ။"
ဤအခြေအနေတွင် ဟွယ်ချန်လျန်အား မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို ပိုင်ချူးရန်ပင် မသိတော့ချေ။ ယွယ်ချန်လျန်သည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီဆိုသော်ငြား ပိုင်ချူးရန်မှာ သူ ကြီးပြင်းလာသည်ကို စောင့်ကြည့်လာခဲ့သူပင် မဟုတ်ပါလား။ ပိုင်ချူးရန် မျက်လုံးထဲတွင်တော့ ယွယ်ချန်လျန်ဆိုသည်မှာ ယခင်ကလို အဆင်အခြင်မဲ့ အရိုင်းအစိုင်းသည့် ကောင်လေးတစ်ယောက်အဖြစ်သာ မြင်နေဆဲပင်။
"ကျွန်တော် တကယ် အဆင်ပြေပါတယ် ဓားဘိုးဘေး။"
ယွယ်ချန်လျန်က ပိုင်ချူးရန်အား မော့ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ဒီကိစ္စက ဘိုးဘေးနဲ့ မဆိုင်ပါဘူး။ ဘိုးဘေး ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး။ ဒီလောကမှာ နတ်ဘုရားတွေက ရှိနေပြီးသားပဲလေ။ ဒီတစ်ခါ မလာရင်တောင် တစ်ချိန်ချိန်တော့ သူတို့ ရောက်လာကြမှာပါပဲ။ ကျွန်တော်တို့က ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကံကြမ္မာဆိုတာကို ရင်ဆိုင်ရစမြဲပဲ။ ကံမကောင်းစွာနဲ့ပဲ... အစ်ကိုကြီးနဲ့ အကြီးအကဲလျှို့ကတော့ လမ်းခုလတ်မှာတင် ကျဆုံးသွားခဲ့ရတယ်။"