အခန်း ၁၄၃-၁၄၄
Vol. 15 Ch. 143-144
အပိုင်း (၁၄၃) ရုပ်ပြောင်းရုပ်လွှဲ (၃)
ပိုင်ချူးရန်မှာ ဟွယ်ချန်လျန်ပခုံးအား ပုတ်ပေးရုံသာတတ်နိုင်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "စိတ်တင်းထားပါကွာ။"
"ဟုတ်ကဲ့။"
ယွဲ့ချန်လျန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်က အရင်ကလို ရန်ဖြစ်၊ပြဿနာရှာတတ်တဲ့ ကောင်လေး မဟုတ်တော့ပါဘူး။ ဘိုးဘေးအနေနဲ့ ကျွန်တော့်အတွက် စိတ်ပူပေးနေစရာ မလိုတော့ပါဘူး။ အစ်ကိုကြီးနဲ့ အကြီးအကဲလျှို့ မရှိတော့ရင်တောင် တုထျန်ဝူဂိုဏ်းကို ကျွန်တော် ဆက်ပြီး ဦးဆောင်သွားမှာပါ"
[တုထျန်ဝူဂိုဏ်း- ပုံသွင်းကောင်းကင်ရဲတိုက်]
ခဏအကြာတွင် ဟွယ်ချန်လျန်မှာ အားတင်းကာ ထပ်ပြောလာသည်။ "ဓားဘိုးဘေး။ ဘိုးဘေးရဲ့ အရေးကြီးတဲ့ကိစ္စတွေကိုသာ ဆက်လုပ်ပါ။ ကျွန်တော်လည်း နာရေးကိစ္စတွေ စီစဉ်ရဦးမယ်။ ဓားဘိုးဘေးသာ အဲ့ဒီ မြေကမ္ဘာအင်မော်တွေကို တစ်ယောက်မှ ထွက်မပြေးသွားပါစေနဲ့။"
"စိတ်ချစမ်းပါ။"
ပိုင်ချူးရန်က ခေါင်းညိတ်ပြလိုက်ပြီး ထန်ရော်ဝေနှင့် လီကျင်းယောင်တို့အား လှည့်ကြည့်သည်။
"မင်းတို့ ဒီမှာပဲ နေခဲ့ကြ။ ငါ သွားပြီး အရောင်းအဝယ်ကိစ္စကို အဆုံးသတ်လိုက်ဦးမယ်။"
ပိုင်ချူးရန် တုထျန်ဝူဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ရှေးဟောင်းမြို့တော်အား တားဆီးထားသည့် ရှန်လင်းနိုင်ငံ၏ ရှေးဟောင်းအင်ပါယာမြို့တော်ဆီသို့ အလျင်အမြန် ပြန်လာခဲ့သည်။ သို့သော် ဤနေရာကား လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။
ရှေးဟောင်းမြို့တော်မှ ကောင်းကင်ထိတိုင် ထိုးတက်နေသော အလင်းတန်းကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထိုအရာအစား ပေတစ်ထောင်ခန့် မြင့်မားသော တောင်တန်းကြီးတစ်ခုမှာ ကောင်းကင်ယံထက်မှနေ၍ ဇောက်ထိုးတွဲလွဲခိုကာ ထွက်ပေါ်နေ၏။ တောင်ထွတ်သည် မြေပြင်အထက် မိုင်အနည်းငယ်အကွာတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ ထိုတောင်ထွတ် တည့်တည့်အောက် မြေပြင်မှာ ယခင် ရှေးဟောင်းမြို့တော်ကြီးက နေရာယူထားသည်။
ပိုင်ချူးရန် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ရာ စုရှန်းရွှယ်နှင့် အခြားသူများမှာ ရှေးဟောင်းမြို့တော်၏ ဂိတ်တံခါးဝတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အမြန်လျှောက်သွားပြီး မေး၏။ "ဘာတွေ ဖြစ်ကုန်တာလဲ"
"ကျွန်မတို့ တိုက်ခိုက်နေတုန်း အစီအရင်က အသက်ဝင်ပြီး ပြီးမြောက်သွားတာပဲ။"
စုရှန်းရွှယ်က ကောင်းကင်ဆီမှ အကြည့်လွှဲကာ ပြန်ဖြေသည်။ "ဒါက မြေကမ္ဘာအင်
မော်တယ်တွေရဲ့ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူတို့ နိုးထစေချင်တဲ့အရာကို နိုးထစေလိုက်ပြီပဲ"
ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲရွှယ်လည်း ကောင်းကင်သို့ မော့ကြည့်ကာ ငေးမောလျက် ရေရွတ်နေသည်။ "ဒီတောင်ကြီးက တခြားကမ္ဘာငယ်လေးတစ်ခုနဲ့ ဆက်သွယ်ထားတာပဲ၊ ဒါ နတ်ဘုရားတွေရဲ့ လျှို့ဝှက်ဂူဗိမာန်အစစ်ပဲ"
အကြီးအကဲရွှယ် မျက်နှာတွင် ရူးသွပ်မတတ် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်လွင်နေပြီး အထဲသို့ ချက်ချင်းပြေးဝင်ကာ လေ့လာချင်လွန်း၍ မစောင့်နိုင်တော့သည့်ပုံ ပေါက်နေသည်။
"ဒီလို အန္တရာယ်များတဲ့နေရာမှ ခင်ဗျား စိတ်ထိန်းထားမှ ရမယ်၊ တစ်ခုခု မှားယွင်းသွားလို့ကတော့ ခင်ဗျားတို့ရဲ့ ကျောင်းအုပ်ကြီး ချူယုရွှမ် ရစ်တာတွေကို ကျွန်တော်တော့ ထပ်နားမထောင်ချင်တော့ဘူးနော်"
ပိုင်ချူးရန် သူ့အား သတိပေးလိုက်ပြီးနောက် ကျန်သူများထံ လှည့်ပြောလာသည်။
"တပ်မှူးကျန်း။ ဆရာတော်ဝေ့ချန်။ ခင်ဗျားတို့နှစ်ယောက် သူ့ကို သေချာစောင့်ကြည့်ပေးဖို့ အကူအညီတောင်းပါရစေ။ သူ့ကို အပေါ် ပြေးမတက်သွားစေနဲ့နော်။"
ကျန်းရွေ့ဖေးနှင့် ဆရာတော်ဝေ့ချန်တို့လည်း ခေါင်းညိတ်ပြလိုက်ကြသည်။ ပိုင်ချူးရန်သည် ဟွမ်ဖုဖိန်အနီးသို့ လျှောက်သွားလိုက်ပြီး ထမ်းစင်ပေါ်တွင် တင်ထားသော အလောင်းအားကြည့်ကာ သူမျက်လုံးများတွင် စိတ်မကောင်းဖြစ်မှုများ ဖြတ်သန်းသွား၏။
"စိတ်မကောင်းပါဘူးကွာ။"
ပိုင်ချူးရန်သည် အတန်ကြာပြီးနောက် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲပခုံးအား ပုတ်ကာ ပြောလိုက်သည်။ "ရှောင်ယွယ်ဇီလည်း နာရေးကိစ္စတွေ ပြင်ဆင်နေပြီ။ သူ့အလောင်းကို တုထျန်ဝူဂိုဏ်းကို ပြန်သယ်သွားလိုက်ပါ"
"သယ်သွားပေးလိုက်ပါ့မယ်"
ဟွမ်ဖုဖိန်က ပြန်ဖြေသည်။
"ဒါနဲ့ မင်းသတ်လိုက်တဲ့ မြေကမ္ဘာအင်မော်တယ်ရဲ့ ဝိညာဉ်ကရော ဘယ်လိုလုပ်လိုက်လဲ"
ပိုင်ချူးရန် မေးလိုက်သည်။
"ဝိညာဉ်ဓားထဲမှာ ရှိပါတယ်"
ဟွမ်ဖုဖိန်က ပြန်ဖြေ၏။ "သူ့ကိုပြန်ခေါ်သွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှာရှိတဲ့ ဝိညာဉ်ပေါင်းဖိုကို သုံးပြီး နှိပ်စက်ပစ်ချင်လို့ပါ။ ဓားဘိုးဘေးက ဘာလုပ်ချင်လို့လဲ"
ပိုင်ချူးရန်သည် ရွှယ်လင်းနှင့် သူပြုလုပ်ထားသော အရောင်းအဝယ်ကိစ္စအား အကျဉ်းချုံးပြောပြလိုက်ပြီးနောက်မှ မေးလိုက်သည်။ "သူ့ဝိညာဉ်ကို ငါ့ဆီ ပေးလို့ရမလား။"
"သူ့ဝိညာဉ်ကို ဝိညာဉ်ပေါင်းဖိုထဲမှာလို နှိပ်စက်ခံရမယ်ဆိုတာ ဓားဘိုးဘေး အာမခံနိုင်လား။"
ဟွမ်ဖုဖိန်က ပြန်လည်မေးခွန်းထုတ်၏။
"အင်း။"
ပိုင်ချူးရန် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အဝီစိငရဲမှာ သူ သွားခံစားရမှာ။"
"ဒါဆိုလည်း ကောင်းပါပြီ။"
ဟွမ်ဖုဖိန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကျောဘက်မှ ဓားကိုဆွဲထုတ်ကာ ပိုင်ချူးရန်ထံ ကမ်းပေးလိုက်သည်။
"ဒါဆိုရင်လည်း ဓားဘိုးဘေးပဲ စီစဉ်လိုက်ပါတော့။"
"ငါ စီစဉ်စရာတောင် မလိုပါဘူး။ ဒီလိုပုန်ကန်မှုမျိုး ကျရှုံးသွားပြီဆိုကတည်းက တမလွန်ကမ္ဘာက သူ့အတွက် သေချာစီစဉ်ပြီးသား ဖြစ်နေမှာပဲ။"
ပိုင်ချူးရန်သည် ဝိညာဉ်ဓားအား ယူလိုက်ပြီးနောက် စုရှန်းရွှယ်အား လှမ်းပြောသည်။
"ငါ ခဏလောက် အပြင်သွားလိုက်ဦးမယ်။"
ပိုင်ချူးရန်သည် ဓားအား ကိုင်ဆောင်ကာ ရှေးဟောင်းမြို့တော်နှင့် ဝေးကွာသော လူသူကင်းမဲ့သည့် နေရာတစ်ခုဆီသို့ လျှောက်သွားပြီး ဝိညာဉ်များကို ခေါ်ယူသည့် မန္တန်ကို အသုံးပြုလိုက်၏။ လေပြေလေညင်းလေးများလည်း တပြိုင်တည်း တိုက်ခတ်လာသည်နှင့်အတူ မိုးမခပင်၏ ပန်းခိုင်လေးများ လွင့်ပျံသွားချိန် ကျောချမ်းဖွယ် အေးစက်သော လေငွေ့တစ်ခုမှာ ပိုင်ချူးရန် အနားသို့ဖြတ်တိုက်သွားသည်။ ထို့နောက် ရွှယ်လင်း၏ ပုံရိပ်သည် ပိုင်ချူးရန် ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာ၏။
အပိုင်း (၁၄၄) မျှော်လင့်ချက်များနဲ့ မိန်းကလေး [၁]
"မင်း သူတို့ကို သတ်ပစ်လိုက်တာလား။"
ရွှယ်လင်း၏ပုံရိပ်မှာ ပိုင်ချူးရန်၏ဘေး၌ တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်လာပြီး လေသံအေးအေးကြီးဖြင့် မေးလာသည်။
"နှစ်ယောက်တည်းပါ။"
ပိုင်ချူးရန်က လီကျင်းယောင် ပေးထားသော ဝိညာဉ်စုပ်ကျောက်တုံးအား ထုတ်ပြလိုက်ပြီးနောက် ကျောချမ်းဖွယ်ရာ ဝိညာဉ်နုတ်ဓားကိုပါ ရွှယ်လင်း ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။
"ကျန်တဲ့သူတွေရှိသေးရင်တော့ မင်းဘာသာမင်းပဲ ဆက်ရှာပေတော့။ အဲဒီ ရှေးဟောင်းမြို့တော်ဟောင်းကြီးထဲမှာပဲ ပုန်းအောင်းနေလောက်တယ်လို့ ငါထင်တယ်။"
"အင်း။"
ရွှယ်လင်းသည် သူ့ လက်တစ်ဖက်အား ဖြည်းညင်းစွာ ဆန့်တန်းကာ ပြော၏။ "ငါ့ကို ပေး။"
"နေပါဦး။"
ပိုင်ချူးရန်သည် ကမ်းပေးလုဆဲဆဲ ရုတ်တရက် နောက်သို့ ပြန်ဆုတ်လိုက်သည်။ ထို့နောက် ရွှယ်လင်း၏ မျက်လုံးများအား စူးစိုက်ကြည့်ကာ အလေးအနက် မေး၏။ "ငါ့ကို ရိုးရိုးသားသား ပြောပြစမ်းပါ။ ဒီမြေကမ္ဘာအင်မော်နယ်တွေက တကယ်တော့ ဘာကြီးတွေလဲ၊ ပြီးတော့ သူတို့ပြောနေတဲ့ ရှန်းမင်းဆက်ဆိုတာကရော ဘာကြီးလဲ။ အရင်ကတော့ မင်းဘာမှမသိဘူးလို့ ငြင်းခဲ့ပေမယ့် အခုလောက် အခြေအနေတွေ ဆိုးသွားတော့ မင်းတို့ ငရဲပြည်ဘက်ကလည်း တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားပြီးလောက်ပြီလို့ ငါယုံတယ်။ ဟုတ်တယ်မလား။"
"ငါ စုံစမ်းခဲ့ပါတယ်။ အများကြီးလည်း သိထားပြီးပြီ။"
ရွှယ်လင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေးလံသော လေသံဖြင့် ဝန်ခံသည်။
"ဒါပေမယ့် သေမင်းတမန်တွေမှာတောင် ချိုးဖောက်လို့မရတဲ့ လျှို့ဝှက်ချက် စည်းမျဉ်းတွေ ရှိတယ်။ ငါ မင်းကို ဘာတစ်ခုမှ ထုတ်ပြောပြလို့မရဘူး။ အဲဒီလိုမှမဟုတ်ရင် ငါ့ဝိညာဉ် ဖျက်ဆီးခံရရုံတင်မကဘူး။ မင်ယင် အပါအဝင် ငါ့လက်အောက်ငယ်သားတွေနဲ့ သူငယ်ချင်းတွေအားလုံး ပျက်စီးကုန်ကြလိမ့်မယ်။"
"ဘယ်လို"
ပိုင်ချူးရန်၏ မျက်ခုံးများ ပင့်တက်သွားသည်။
"ကောင်းကင်ဘုံနဲ့များ ပတ်သက်နေလို့လား။"
"ငါ ဘာမှ ဆက်ပြောလို့ မရတော့ဘူး။"
ရွှယ်လင်းသည် မျက်နှာအယး တစ်ဖက်သို့ လွှဲသွား၏။
"ဒါပေမယ့် မင်းတကယ်ပဲ သိချင်နေတယ်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် သွားရှာကြည့်ပေါ့။ မင်းသိချင်နေတဲ့ လျှို့ဝှက်ချက်တွေအားလုံးက ဒီကျစ်ရှန်း လိုဏ်ဂူဗိမာန်ထဲမှာ အိပ်စက်နေတယ်။ မင်းကံကောင်းရင် ချီသန့်စင်ခြင်းအဆင့်ကို ဘယ်လိုဖောက်ထွက်ရမလဲဆိုတဲ့ လမ်းစကိုတောင် အဲဒီမှာတွေ့သွားနိုင်တယ်။"
"ကျစ်ရှန်း လိုဏ်ဂူဗိမာန်တဲ့လား။"
ပိုင်ချူးရန်သည် ထိုနာမည်အား သံသယဖြင့် ရေရွတ်လိုက်၏။ "အဲဒါ ဘယ်မှာလဲ။"
ရွှယ်လင်းသည် အဆုံးအစမဲ့နေသော ကောင်းကင်ယံဆီသို့ လက်ညှိုးတည့်တည့် ထိုးပြသည်။ ပိုင်ချူးရန် မော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်မှ ပြောင်းပြန် တွဲလောင်းကျနေသော ကြီးမားခန့်ညှားလှသည့် တောင်ထွတ်ကြီး တစ်ခုအား ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရ၏။
"အဲဒါ ကျစ်ရှန်းလိုဏ်ဂူဗိမာန်ရဲ့ အဝင်ဝပဲ။"
ရွှယ်လင်းက ပြောသည်။ "အဖြေကို သိချင်ရင် မင်းဘာသာမင်းသာ သွားရှာတော့။"
ပိုင်ချူးရန်း ခေတ္တမျှ စဉ်းစားခန်းဝင်သွားပြီးနောက် ဝိညာဉ်စုပ်ကျောက်တုံးနှင့် ဝိညာဉ်နုတ်ဓားအား ရွှယ်လင်းထံသ ပစ်ပေးလိုက်သည်။ ထိုတမန်တော်သည် ဤအရာများအား ဖမ်းကိုင်လိုက်ပြီး လေဟာနယ်ထဲမှ စက္ကူမီးအိမ်တစ်ခုပား ရုတ်တရက် ဆွဲထုတ်လိုက်ပြီး မှော်လက်နက်နှစ်ခုလုံးကို ထိုအရာနှင့် ပွတ်သပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်လက်နက်များထဲမှ အလင်းတန်းနှစ်ခုသည် အငမ်းမရ စုပ်ယူခံလိုက်ရပြီး စက္ကူမီးအိမ်ထဲသို့ လျှောခနဲ ဝင်ရောက်သွားတော့၏။
"ဒါနဲ့။"
ပိုင်ချူးရန်သည် ရွှယ်လင်း မီးအိမ်ကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ လှမ်းပြောသည်။ "မင်း နှုတ်ဆိတ်နေချင်တယ်ဆိုပေမယ့် ဒီ မြေကမ္ဘာအင်မော်နယ်တွေက ကြီးမားတဲ့ တိုက်ပွဲတစ်ခုခုမှာ ရှုံးနိမ့်ခဲ့တဲ့ အကြွင်းအကျန်တွေ ဖြစ်ရမယ်လို့ ငါခန့်မှန်းမိတယ်။ အခု သူတို့ကို တမလွန်လောကဆီ ဆွဲခေါ်သွားပြီးရင် မင်းတို့ ဘယ်လို ဆက်စီစဉ်ကြမလဲ။"
"ဘာလုပ်ရမှာလဲ။ သူတို့က သာမန်အမှားလောက်ပဲ ကျူးလွန်ခဲ့တာဆိုရင်တော့ သံသရာထဲ ပြန်လည်ဝင်စားဖို့ ပြစ်ဒဏ်ချမှတ်ခံရမှာပေါ့။ ဒါပေမယ့် ဒီကောင်နှစ်ကောင်က လူ့လောကမှာ အသက်ပေါင်း သောင်းနဲ့ချီ သေကျေပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်ပါ အကွက်ဆင်ခဲ့တာဆိုတော့။"
ရွှယ်လင်း၏ အသံမှာ ရေခဲတမျှ အေးစက်နေသည်။
"သူတို့ကို ငရဲက အဆင်သင့် စောင့်ကြိုနေလိမ့်မယ်။ ဘာဖြစ်လို့လဲ။ မင်းက သူတို့အတွက် သနားဂရုဏာသက်ပြီး အသနားခံပေးချင်သေးလို့လား။"
"ဘယ်ဟုတ်မလဲ။"
ပိုင်ချူးရန် ပခုံးတွန့်လိုက်သည်။
"သူတို့ အဝီစိငရဲကို တန်းတန်းမတ်မတ် သွားရမလားဆိုတာ သေချာချင်ရုံလေးပါ။"
ရွှယ်လင်းသည် ခေတ္တမျှ စဉ်းစားကာ ဆက်ပြောသည်။ "ပြစ်ဒဏ်ချမှတ်မှု အပိုင်းက အဝီစိကျမလား၊ မကျဘူးလားဆိုတာ ဝေခွဲရခက်တဲ့ အနေအထားမှာ ရှိနေသေးပေမယ့် သူတို့ အဲဒီကိုပဲ သွားရလိမ့်မယ်လို့ ငါထင်တယ်။"
"ကောင်းတာပေါ့။"
ပိုင်ချူးရန် သက်ပြင်းတစ်ချက်ချကာ လက်ဝှေ့ယမ်းလျက် ပြော၏။ "မင်းကို ငါ မလိုအပ်တော့ဘူး၊ သွားတော့။"
ရွှယ်လင်းသည် အနည်းငယ်မျှ ဒေါသထွက်ခြင်းမရှိဘဲ ကျောခိုင်းကာ ရှေးဟောင်းမြို့တော်ရှိရာ အရပ်သို့ ဦးတည်လျှောက်သွားသည်။ သူ၏ ကျောပြင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီးနောက် လေဟာနယ်ထဲတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။