အခန်း ၁၄၉-၁၅၀
Vol. 15 Ch. 149-150
အပိုင်း(၁၄၉) တိုက်ခိုက်လာသော ကြက် (၁)
ပိုင်ချူးရန်သည် မနေ့ညက ညဉ့်နက်သည်အထိ ထန်ရော်ဝေအတွက် လိုအပ်မည့် အဆောင်လက်ဖွဲ့များနှင့် ဆေးလုံးများကို ပြင်ဆင်ပေးပြီးနောက် နောက်တစ်နေ့ နံနက်စောစောတွင် တပည့်ဖြစ်သူအယး ခေါ်ဆောင်ကာ ချီမင်ဓားဂိုဏ်း၏ ပင်မတောင်ထွတ်ဆီသို့ ခရီးဆက်ခဲ့သည်။
ထန်ရော်ဝေသည် ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းကာ ထွက်ခွာရမည်ဖြစ်သည်။ ပိုင်ချူးရန်သည် လိုဏ်ဂူဗိမာန်ထဲသို့ သူကိုယ်တိုင် ကိုယ်ဖျောက်ဝင်ရောက်မည်ဖြစ်ကြောင်း အခြားသူများအား အသိမပေးထားသော်လည်း ချီမင်ဓားဂိုဏ်း၏အဖွဲ့အား သူကိုယ်တိုင် ဦးဆောင်ခေါ်သွားရမည် ဖြစ်ပေသည်။ သူကိုယ်တိုင် လိုဏ်ဂူဗိမာန်တော်ထဲ ဝင်ရောက်သွားသည့်တိုင် အပြင်ဘက်တွင်မူ ဂိုဏ်းချုပ် ကျူးယွမ်ကျီက ဂိုဏ်းအား ကိုယ်စားပြု၍ ကျန်ရစ်စောင့်ကြပ်ပေးမည်။
ပိုင်ချူးရန်သည် တပည့်မလေး၏ ဓားပျံစီးစေလျက် ချီမင်တောင်ထွတ်ပေါ်သို့ ပျံသန်းလာရသည်မှာ ကသိကအောက် ဖြစ်မိ၏။ သို့သော် ပိုင်ချယူးရန် မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လေထုကို ခွင်းကာ ပြေးဝင်လာသော အမည်းရောင် အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသည်။
"သေစမ်း အဘိုးကြီး။ ငါ့ခြေကန်ချက်ကို ခံလိုက်စမ်း။"
အမည်းရောင် အရိပ်လေးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် လေထဲသို့ မြင့်မားစွာ ခုန်တက်ကာ ပိုင်ချူးရန် မျက်နှာဆီသို့ အားကုန် လှမ်းကန်သည်။
ပိုင်ချူးရန်သည် မသိစိတ်၏ တုံ့ပြန်မှုအရ လျှပ်တစ်ပြက် လက်ဝါးဖြင့်သာ ဘေးသို့ ရိုက်ထုတ်လိုက်ရာ ထိုအမည်းရောင် အရိပ်လေးသည် လွင့်စဉ်ထွက်သွားပြီး ဘေးဘက်ရှိ ချုံပုတ်တစ်ခုထဲသို့ ပြုတ်ကျသွားသည်။ ထို့နောက် အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ်ခန့်ရှိ မိန်းကလေးတစ်
ယောက်သည် သူမ၏ ခေါင်းလေးအား ဖိပွတ်လျက် နာကျင်စွာ ညည်းတွားလျက် မြက်ခင်းထဲမှ လူးလဲထလာခဲ့သည်။
"ဟမ်။"
ပိုင်ချူးရန်သည် ထိုမိန်းကလေးအား မြင်လိုက်ရချိန် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် အံဩဟန်ဖြင့် မေးလာသည်။ "တန်တန်။ မင်းလား။"
"တန်တန်က နင့်အမေဟဲ့။"
ထန်ရော်ဝေမှာ ကြောင်အမ်းနေရာမှ အံ့အားသင့်သွားသည်။
"ဆရာ။ ဒါ ချီမင်ဓားဂိုဏ်းရဲ့ တောင်စောင့်ဝိညာဉ်သားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့ အစ်မကြီး ချင်တန်ယင်းလေ။"
"ငါသိပါတယ်။"
ပိုင်ချူးရန် ခေါင်းညိတ်ကာ ပြော၏။
ထိုအချိန်တွင် မြက်ခင်းထဲမှ ချင်တန်ယင်းလည်း မတ်တပ်ရပ်နေပြီ ဖြစ်သည်။ သူမသည် ခေါင်းပေါ်မှ မြက်ပင်များအား ခါချလိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်ကာ လက်နှစ်ဖက်အား ဘေးသို့ဆန့်တန်းလျက် တိုက်ခိုက်မည့် ကိုယ်နေဟန်ထားအား အသင့်ပြင်လိုက်သည်။
"ခွေးသူခိုးကောင်။ ငါ့ရဲ့ သိုင်းကွက်သစ်ကို မြည်းစမ်းကြည့်စမ်း။"
ချင်တန်ယင်းသည် ပိုင်ချူးရန်အား စိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။ "ဒီသိုင်းကွက်က ငါတို့မျိုးနွယ်ရဲ့ အမြင့်ဆုံးကျင့်စဉ်ကနေ ငါကိုယ်တိုင် ဖန်တီးသင်ယူထားတဲ့ ကိုယ်နေဟန်ထားပဲ။ ဖီးနစ်ငှက် သစ်ပင်ပေါ်ကနေ အတောင်ပံဖြန့်ချလိုက်သလိုမျိုး နတ်ဘုရားတွေနဲ့ တစ္ဆေသရဲတွေကိုတောင် တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒီသိုင်းကွက်နဲ့ နင့်ကိုငါ သေချာပေါက် ပညာပေးရမယ်။"
"တန်တန်...။"
ပိုင်ချူးရန်က သူမအား ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလာ၏။ "မင်းက ကြက်လေ။ ဘာလို့ ဖီးနစ်သိုင်းကို သွားသင်နေရတာလဲ။"
"နင့် ပါးစပ်ပိတ်ထားစမ်း။"
ချင်တန်ယင်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲတက်သွားကာ ဒေါစ အကြီးအကျယ် ပေါက်ကွဲသွားတော့သည်။
"ငါ့ရဲ့ ကောင်းကင်ဖီးနစ် ကြက်ခြေခတ်ကန်ချက်ကို ခံလိုက်စမ်း...။"
ချင်တန်ယင်းသည် အမြင့်နေရာသို့ ခုန်တက်လိုက်ရာ နက်နဲဆန်းကြယ်လှသော မြစိမ်းရောင် မီးတောက်များသည် ချင်တန်ယင်း ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ခွေလောင်ကျွမ်းလာသည်။ ထို့နောက် ထိုမိန်းကလေးသည် လေဟာနယ်ထဲတွင် လှည့်ပတ်ပျံသန်းကာ ပိုင်ချူးရန်၏ မျက်နှာဆီသို့ တိကျစွာ တည့်တည့်မတ်မတ် ကန်လာ၏။
ဤခြေကန်ချက်သည် ကြည့်သာကြည့်ပါက အနည်းငယ် ရယ်စရာကောင်းနေပုံရသော်လည်း ထိုနောက်ကွယ်မှ ဖျက်ဆီးနိုင်စွမ်းအားမှာမူ အစစ်အမှန်ပင်ဖြစ်သည်။ ချင်တန်ယင်းသည် တောင်စောင့်ဝိညာဉ်သားရဲများထဲမှ တစ်ကောင်ဖြစ်သောကြောင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ထိုခြေကန်ချက်ဖြင့်သာ တောင်တစ်တောင်အား ကန်လိုက်မည်ဆိုပါလျှင် တောင်လယ်ခါးမှ တိခနဲ ပြတ်ကျသွားနိုင်သည်အထိ စွမ်းအားကြီးမားလှပေသည်။ ထိုအထဲတွင် ချင်တန်ယင်း ထုတ်လွှတ်လိုက်သော မြစိမ်းရောင် မီးတောက်များနှင့် ပေါင်းစပ်လိုက်သောအခါ ပိုလို့ပင် အစွမ်းထက်သွား၏။
သို့သော် ကံမကောင်းစွာဖြင့် သူမ တိုက်ခိုက်လိုက်သော ပစ်မှတ်မှာ နှစ်ပေါင်း သုံးထောင်တိုင်တိုင် အသက်ရှင်နေထိုင်ခဲ့သော မိစ္ဆာအိုကြီး ပိုင်ချူးရန် ဖြစ်နေသည်။
ချင်တန်ယင်း၏ ခြေကန်ချက် မရောက်လာမီ စက္ကန့်ပိုင်းအလိုတွင်ပင် ပိုင်ချူးရန်သည် သူမ၏ တိုက်ခိုက်မှု လမ်းကြောင်းကို ကြိုတင်ဖတ်ပြီး ဖြစ်သည်။ ထိုကောင်မလေး၏ အရှိန်သည် လျှပ်စီးသဖွယ် မြန်ဆန်လှသော်ငြား ပိုင်ချူးရန်သည် သူမ၏ ခြေကျင်းဝတ်ကို အသာအယာ ဖမ်းဆုပ်လိုက်ပြီး လေထဲတွင် ဇောက်ထိုး ဆွဲမ၏။
ပိုင်ချူးရန်သည် ထူးဆန်းသော မီးတောက်များနှင့် ရောနှောနေသည့် ပြင်းထန်လှသော တိုက်ခိုက်မှုကိုမူ ကောင်းကင်ယံသို့သာ ပေါ့ပေါ့ပါးပါးပင် လွှဲပြောင်းပစ်လိုက်သဖြင့် တိမ်တိုက်ကြီးများမှာ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီးနောက် မြစိမ်းရောင် မီးရှူးမီးပန်းများအဖြစ် ရင်သပ်ရှုမောဖွယ် ပေါက်ကွဲသွားတော့၏။
"ကောင်မလေး။ မင်း ငါ့ကို နိုင်ချင်ရင် နောက်ထပ် နှစ် 2000၊ 3000 လောက် ထမင်း ထပ်စားလိုက်ဦး။"
ပိုင်ချူးရန်သည် ချင်တန်ယင်းအား တစ်ချက်လှုပ်ယမ်းလိုက်ပြီး ဘေးသို့ ပစ်ချလိုက်သည်။
အပိုင်း(၁၅၀) တိုက်ခိုက်လာသော ကြက် (၁)
ချင်တန်ယင်း နာကျင်စွာ ညည်းတွားလိုက်ပြီး မြေပြင်ပေါ်တွင် နှစ်ပတ်ခန့် လိမ့်နေသည်။ ထို့နောက် မကျေမချမ်း လူးလဲထလာကာ ပိုင်ချူးရန်အား ဒေါသတကြီး စိုက်ကြည့်၏။
"အစ်မကြီး ချင်တန်ယင်း။"
ထန်ရော်ဝေက ဝင်ရောက် ဖျောင်းဖျလာသည်။ "လက်လျှော့လိုက်ပါ အစ်မကြီးရယ်။ အစ်မ သူ့ကို နိုင်မှာမဟုတ်ဘူး။"
ချင်တန်ယင်း၏ မျက်နှာသည် နီတစ်ခါ ဖြူတစ်လှည့် ဖြစ်သွားပြီးနောက် ဒေါသတကြီး နှာမှုတ်လိုက်ကာ ခေါင်းကို တစ်ဖက်လွှဲလျက် အော်ပြောလိုက်သည်။ "ငါက လူစုဖို့ လာတာပါဟဲ့။"
ထို့နောက် သူမသည် ဘုရင်တစ်ပါးပမာ မောချီလိုက်သော်လည်း ဘဲတစ်ကောင် လမ်းလျှောက်နေသည့်ပမာ စောင်ကြွားကြွားဖြင့် ပိုင်ချူးရန်ဘေးမှ ဖြတ်၍ အတွင်းဘက်သို့ ဝင်သွား၏။
ထန်ရော်ဝေသည် ထိုအရာကိုအခွင့်ကောင်းယူ၍ အနားသို့ လျှောက်သွားကာ ပိုင်ချူးရန်အား တိုးတိုးလေး မေးလိုက်သည်။ "ဆရာ ဆရာက သူနဲ့ ရန်ငြိုးရန်စတွေများ ရှိထားလို့လား။"
"အင်း။ မင်း ဂိုဏ်းထဲစဝင်တုန်းက ဟိုကောင်စုတ်လေး ကျူးယွမ်ကျီက ငါ လူယောင်ဖန်ဆင်းတတ်တဲ့ ကြက်တစ်ကောင် မွေးထားတယ်လို့ မင်းကို မပြောပြဘူးလား။"
ပိုင်ချူးရန် သူ့မျက်နှာအား ကုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ထပ်ပြောသည်။ "အဲဒီကြက်က သူပဲလေ။"
"အာ... ဘယ်လိုကြီးလဲ။"
ထန်ရော်ဝေ အံ့အားသင့်သွားသည်။
"ဒါပေမယ့် အစ်မကြီး ချင်တန်ယင်းက တကယ့်ကို မင်္ဂလာရှိတဲ့ လွမ်ငှက်ဆိုပြီး လူတွေ ပြောကြတာ ကြားဖူးတယ်နော်။"
"ဟုတ်တယ်လေ။ ဒါပေမယ့် တောင်အောက်က ရွှမ်ကျန်းမြို့ ဈေးထဲကနေ သူ့ကို ငါ ကောက်ရခဲ့တုန်းက သူက ပိန်ပိန်သေးသေးလေး။ အမွေးတွေကလည်း မည်းတူးနေတာ။ ငါ အစကကြက်မည်းလို့ ထင်ခဲ့တာ။"
ပိုင်ချူးရန် မေးစေ့အား ပွတ်သပ်လျက် ဆက်ပြော၏။ "နောက်ကျ အနှစ်တစ်ရာ၊ နှစ်ရာလောက် ကြာတော့ သူ့အမွေးအရောင်တွေက ပိုပိုပြီး စိမ်းလာတယ်၊ အမောက်ကလည်း ပိုပြီး ပြာလာတယ်။ ငါအစက ကြက်က ဆေးဖက်ဝင်အပင်တွေ စားမိပြီး မျိုးရိုးဗီဇ ပြောင်းသွားတာများလားလို့တောင် တွေးမိသေးတယ်။"
ထန်ရော်ဝေ ဆွံ့အသွားပြီးနောက် ဆက်မေးသည်။ "ဒါဆို ဘာလို့ သူက ဆရာ့ကို ဒီလောက် ရန်လိုနေရတာလဲ။ သေချာစဉ်းစားကြည့်ရင် ဆရာက သူ့ရဲ့ သခင်မဟုတ်ဘူးလား။"
"အေးလေ။ ငါလည်း အဲဒါကို နားမလည်နိုင်ဖြစ်နေတာ။"
ပိုင်ချူးရန် ပြန်ဖြေသည်။ "သူက လွမ်ငှက် ဖြစ်နေရင်တောင် မျိုးရိုးစဉ်ဆက် အသိဉာဏ်လေးပဲရှိတဲ့ ကျက်သရေဆောင် သားရဲတစ်ကောင်လေ။ ငါ သူ့ကို ကောင်းကောင်းမွန်မွန် မကျွေးမွေးဘဲ ထားခဲ့တာမှ မဟုတ်တာ။ အလွန်ဆုံးရှိ ငါ့ရဲ့ ဟင်းလျာတွေ အရသာပိုရှိလာအောင် သူ နေ့တိုင်း ဥ ဥပေးရုံလေးပဲ ရှိတာကို။ အဲဒါ ဘာများ မှားနေလို့လဲ။"
"ဒါကြီးကတော့ ဆရာရယ်။"
ထန်ရော်ဝေ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ခပ်တိုးတိုးလေး ရှင်းပြလိုက်သည်။
"လွမ်ငှက်တို့၊ ဖီးနစ်ငှက်တို့လို မြင့်မြတ်တဲ့ ငှက်တွေက သူတို့ရဲ့ဥတွေကို သားသမီးတွေလို သဘောထားကြတယ်လို့ ရှေးဟောင်းကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတာ ရှိတယ်လို့ ကျွန်မ ထင်တယ်။"
"အဲဒါဆိုရင် ဆရာခံရတာ တန်တယ်လို့ပဲ ကျွန်မ ထင်တယ်။"
"ဒါပေမယ့် ငါ အကုန် လုပ်ကျွေးခဲ့တာပဲလေ။ အဲ့ကောင်မလေး လူယောင်ဖန်ဆင်းလို့လည်းရရော ဘာစကားတစ်ခွန်းမှ မပြောဘဲ ငါ့မျက်နှာကို လှမ်းကန်ချသွားတာ။ ပြီးတာနဲ့ ပင်မတောင်ထွတ်ဆီကို တန်းပြေးသွားပြီး ပြန်ကိုမလာတော့တာပဲ။"
ပိုင်ချူးရန် သူ၏ခေါင်းကို ကုတ်လိုက်၏။
"သူ့ဘာသာ မုန်းနေတာကို ငါက ဘာလုပ်ပေးရမှာလဲ။"
ထန်ရော်ဝေသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည်။
ဆရာနှင့် တပည့် နှစ်ယောက်သား ချီမင်ဓားဂိုဏ်း၏ လေ့ကျင့်ရေးကွင်းကျယ်ကြီးဆီသို့ အတူတူလျှောက်လာခဲ့ကြသည်။ အခြားသော တိုက်ရိုက်တပည့်များခည်း တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိနေကြပြီဖြစ်ကာ ဂိုဏ်းချုပ် ကျူးယွမ်ကျီလည်း လေ့ကျင့်ရေးကွင်း၏ ရှေ့တွင် မတ်တပ်ရပ်နေ၏။
အစောပိုင်းကမှ ပြေးဝင်သွားသော ချင်တန်ယင်းမှာ ကျူးယွင်ကျှ ဘေးတွင် အစ်မကြီးတစ်ယောက်အလာ ခါးထောက်လျက် ရပ်နေသည်။ ချင်တန်ယင်းသည် ပိုင်ချူးရန် ဝင်လာသည်ကို မြင်သောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းအား တစ်ဖက်သို့ လွှဲသွားသည်။
ပိုင်ချူးရန်သည် ချင်တန်ယင်းအား လျစ်လျူရှုကာ ထန်ရော်ဝေအား ခေါ်ဆောင်၍ ရှေ့သို့ ဆက်လျှောက်လာသည်။ ပိုင်ချူးရန်သည် ကျူးယွမ်ကျီ၏ အခြားတစ်ဖက်တွင် သွားရပ်လိုက်ပြီး ထန်ရော်ဝေကမူ တိုက်ရိုက်တပည့်များ၏ အဖွဲ့ထဲသို့ ဝင်ရောက်ကာ အနောက်ဆုံးတွင် နေရာယူလိုက်၏။
ထိုအချိန်တွင် ပိုင်ချူးရန်၏ မျက်လုံးများမှာ ယခုတစ်ခေါက်တွင် ထန်ရော်ဝေနှင့်အတူ ဂိုဏ်းထဲသို့ အတူဝင်ရောက်လာသော ကောင်းကင်ဝိညာဉ်သွေးကြောရှိသည့် အခြားတပည့်တစ်ဦးကို သတိပြုမိသွားသည်။ ထိုသူမှာ ကျူးယွမ်ကျီ၏ တိုက်ရိုက်တပည့်အဖြစ် လက်ခံခြင်းခံရသူ ပင်ဖြစ်သည်။
ထိုလူသည် သာမန်ရုပ်ရည်သွင်ပြင်သာရှိပြီး အနည်းငယ် တုံးအအရုပ်မျိုးရှိသော လူငယ်လေးတစ်ဦးဖြစ်သည်။ ထိုကောင်လေးမှာ တိုက်ရိုက်တပည့်များ ဝတ်ဆင်ရသော ဝတ်စုံအား ဝတ်ဆင်ထားပြီး အခြားတပည့်များကြားတွင် ငေးကြောင်ကြောင်ရပ်နေ၏။