← Chapters

ကျင့်စဉ်ကို ကျင့်ကြံပြီး ပြန်လည် မေ့ဖျောက်ပစ်ခြင်း

Vol. 6 Ch. 591

ကျင့်စဉ်ကို ကျင့်ကြံပြီး ပြန်လည် မေ့ဖျောက်ပစ်ခြင်း

Vol. 6 Ch. 591

"လောကပထမ သူတော်စင် (၃)ပါးတွင် ချင်းရွှမ်ကအတော်ဆုံးပဲ" ဆိုသည့် စကားမှာ အလွန်အကျူး ဖွဲ့ဆိုခြင်းတော့ မဟုတ်ခဲ့ပါ။ ထိုစကားသည် ဆန်းလျန်၏ အရည်အချင်းများကို သက်သေပြနေသည့် စကားသာ ဖြစ်လေသည်။

ဆန်းလျန်သည် ရှီးလျန်ပြည်သို့ ပြန်လာပြီး အေးအေးဆေးဆေးပင် စစ်အင်အား ကောင်းအောင် တည်ဆောက်နေခဲ့ လေသည်။ အသူရာချောက်မှ တိုင်းပြည်များတွင် ကိုယ်ပိုင် စစ်တပ်များ ရှိကြလေသည်။ ရှီးလျန်ပြည်၏ စစ်တပ်သည် ကျင့်ကြံသူ အနည်းငယ်သာ ပါရှိသော်လည်း မည်သည့်တိုင်းပြည်ကမှ ပေါ့ပေါ့တန်တန် သဘော မထားရဲခဲ့ကြပေ။

တိုင်းပြည် တစ်ပြည် တည်ထောင်ရန် အတွက် ဆန်းလျန်က အပူတပြင်း လုပ်ဆောင်ခြင်း မရှိပါ။ စည်းမျဉ်းစည်းကမ်း များအတိုင်း သေသေချာချာ လုပ်ဆောင် နေခဲ့လေသည်။ ထို့ကြောင့် အခြားသူများ အနေဖြင့်လည်း စိတ်သက်သာရာ ရနိုင်လေသည်။

ဆန်းလျန်ရှိနေသရွေ့တော့ ရှီးလျန်ပြည်ကို မည်သူမျှ ထိရဲကြမည် မဟုတ်ပေ။ ရှီးလျန်၏ စစ်အင်အားထက် နတ်ဘုရားတစ်ပါး၏ လက်စားချေမှုကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၊ တာ့ရှားဧကရာဇ်နှင့် ထျန်းယီ အကြီးအကဲတို့ သုံးယောက်၏ ခြားနားချက်ကို လူအနည်းငယ်သာ သတိပြုမိနိုင်လေသည်။ တာ့ရှားဧကရာဇ်နှင့် ထျန်းယီ အကြီးအကဲတို့ အောင်မြင်မှု ရခဲ့ကြခြင်းသည် သူတို့၏ မျိုးရိုးနှင့်လည်း ဆိုင်သလို သူတို့၏ တိုင်းပြည်များ၏ အထောက်အပံ့နှင့်လည်း ဆိုင်လေသည်။

သို့သော်… ဆန်းလျန်ကတော့ ကံတရားအတိုင်း မွေးဖွားခဲ့သူ ဖြစ်လေသည်။ သူမွေးဖွားလာသည့် အချိန်တွင် ရှီးလျန်ပြည်တွင် ပုန်ကန်မှု ဖြစ်ပွားခဲ့လေသည်။ သို့သော် ဆန်းလျန်ကပင် ရှီးလျန်ပြည်ကို ပြန်လည် သိမ်းယူပေးခဲ့ လေသည်။ ထို့ကြောင့် ရှီးလျန်ပြည်၏ ကံကြမ္မာသည် ဆန်းလျန်နှင့် သက်ဆိုင်နေလေသည်။

တာ့ရှားဧကရာဇ်နှင့် ထျန်းယီ အကြီးအကဲအတွက်တော့ သူတို့၏တိုင်းပြည်များကို စွန့်လွှတ်မည် ဆိုလျှင် စွန့်လွှတ် နိုင်ကြလေသည်။ သို့သော် သူတို့က စွန့်လွှတ်ရန် ဆန္ဒမရှိကြပေ။ သူတို့၏ တိုင်းပြည်များကို မည်သည့်အခါမှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

အရာအားလုံးသည် ယင်နှင့်ယန်သာ ဖြစ်လေသည်။

လူသားများသည် အတ္တလည်း ကြီးနိုင်သလို ကိုယ်ကျိုးလည်း စွန့်နိုင်ကြလေသည်။ အုပ်ချုပ်မင်း လုပ်သည့်လူရှိသလို အုပ်ချုပ်ခံ လူတန်းစားလည်း ရှိလေသည်။ ထိုအရာများကို ဖယ်ရှားပစ်ရန်မှာ ခက်ခဲလွန်းလှသည်။

ဆန်းလျန်သည် မည်သည့် အရာကိုမှ ဂရုမစိုက်တတ်သည့် သဘောထား ရှိသည့်တိုင် ချင်းရွှမ် နတ်တံခါးကိုတော့ မည်သည့်အခါမှ စွန့်လွှတ်နိုင်မည် မဟုတ်ပေ။ သူသည် ဆရာသခင် ကျန်းရော့ရွှီးလောက် ချင်းရွှမ်နတ်တံခါးကို တွယ်တာခြင်း မရှိသည့်တိုင် စွန့်လွှတ်မည်တော့ မဟုတ်ပေ။

ဆန်းလျန်သည် ကျယ်ယန်းတောင်ထိပ်ရှိ ရွှမ်တုကျောင်းတော်ဝန်း အတွင်းတွင် ရှိသည့် ယင်စွမ်းအား ရေတွင်းလေး နံဘေးတွင် ထိုင်နေလေသည်။ သို့သော်သူ၏ မူလဝိညာဉ်ခန္ဓာကို မည်သူမျှ တွေ့မြင်နိုင်မည် မဟုတ်ပေ။

ဆန်းလျန် ထိုင်နေသည့် နေရာတွင် လှည့်ပတ်နေသည့် အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအား နှစ်ခုကိုသာ တွေ့မြင်ရမည် ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအား နှစ်ခု၏အတွင်းတွင် ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေ၊ လျှပ်စီးဆိုသည့် ဒြပ်စင်စွမ်းအား (၈) မျိုး လှည့်ပတ် နေလေသည်။ သဘာဝစွမ်းအားများ ပေါင်းစပ်နေပြီး နဂါးငွေ့တန်းဆီသို့ ဆက်သွယ် နေကြလေသည်။ ထိုနေရာတွင် သန့်စင်သည့် ဂီတသံ တစ်သံလည်း ထွက်ပေါ်နေ လေသည်။

နောက်ဆုံးတွင်တော့ ထူးဆန်းသည့် တန်ခိုးစွမ်းအားများသည် ပျောက်ကွယ် သွားလေသည်။ ဆန်းလျန်က အသက်ပြင်းပြင်းတစ်ချက် ရှူထုတ် လိုက်လေသည်။ အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအားများ မရှိတော့ သည့်တိုင် ထိုနေရာတွင် မြူများဆိုင်းလျက် ရှိလေ၏။

ဆန်းလျန်ရှူထုတ် လိုက်သည့် အသက်တစ်ချက်သည် ငွေ့ရည်ကိုဖွဲ့ကာ မိုးရွာသွန်း စေလေသည်။ မက်မွန်ပင်သည် မိုးရေများကို စုပ်ယူလိုက်ပြီး မက်မွန်ပန်းများ ချက်ချင်းပင် ပွင့်လန်း လာတော့သည်။

မက်မွန်ပန်းများ ပွင့်လန်းလာရခြင်းမှာ ဆန်းလျန်၏ အသက်ရှူခြင်းကြောင့်တော့ မဟုတ်ပါ။ ဆောင်းတွင်း တစ်တွင်းလုံး အသက်ဓာတ် စွမ်းအားများ စုစည်းနေခြင်းသည် မိုးရေနှင့် ပေါင်းစပ်သွားသည့် အတွက်ကြောင့် ဖြစ်လေသည်။

ရွှမ်တုကျောင်းတော်တွင် မက်မွန်ပန်းများ ပွင့်လန်းနေပြီ ဖြစ်လေသည်။

သို့သော် မက်မွန်ပင်ကို စိုက်ပျိုးခဲ့သူ တာအိုဆရာ လျိုမုန့်တယ် ကတော့ ထွက်ခွာ သွားခဲ့လေပြီ။ သူသည် ရွှမ်ကျန်း ကျောင်းတော်မှ တပည့်တစ်ယောက် ဖြစ်လေသည်။ သူက ဆန်းလျန်ကို ပေးထားသည့် ကတိအတိုင်း ရွှမ်တု ကျောင်းတော်ကို စောင့်ရှောက် ပေးနေခဲ့ခြင်း ဖြစ်လေသည်။ ယခုတော့ ဆန်းလျန် ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်လေသည်။

မက်မွန်ပင်ကို စိုက်ပျိုးသွားသူ ထွက်ခွာ သွားသော်လည်း မက်မွန်ပင်ကတော့ ကျန်ရစ် ခဲ့လေသည်။ ယခုနှစ်များ အတွင်းတွင် မက်မွန်ပင်သည် ကောင်းကောင်း ရှင်သန်ခဲ့လေသည်။ ဝိညာဉ် စွမ်းအားများကို စုပ်ယူပြီး ဝိညာဉ်စွမ်းအား အငွေ့အသက်များ ထွက်ပေါ်လျက် ရှိလေသည်။ ထို့ပြင် အသူရာချောက်မှ မှောင်မှိုင်းနေသည့် အသက်ဓာတ် စွမ်းအားများသည် သစ်ပင် နတ်သူငယ်များ အတွက် အလွန်ကောင်းမွန် လေသည်။ နောက်နှစ်ပေါင်း အနည်းငယ် ကြာလျှင် မက်မွန်ပင်သည် သစ်ပင် နတ်သူငယ် အဖြစ် ဝိညာဉ်ခန္ဓာပင် ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ရလေ၏။

သို့သော်… အသူရာချောက်မှ မှောင်မှိုင်းနေသည့် ယင်စွမ်းအားများသည် လူသားနှင့် နတ်မိစ္ဆာများအတွက်တော့ ကောင်းမွန်ခြင်း မရှိပေ။ အဆင့်နိမ့် ကျင့်ကြံသူများသာ ထိုစွမ်းအားများကို စုပ်ယူမိပါက ကျင့်ကြံခြင်း အဆင့်ကို ရပ်တန့် သွားစေ နိုင်လေသည်။ မှောင်မှိုင်းသည့် ယင်စွမ်းအားများ ပြင်းထန်သည့် ပတ်ဝန်းကျင်တွင် နှစ်ရှည်လများ နေထိုင်ရလျှင် ကျင့်ကြံခြင်း အဆင့်သည် လုံးဝရပ်တန့် သွားလိမ့်မည် ဖြစ်လေသည်။

ထို့ကြောင့် အသူရာချောက်တွင် ကျင့်ကြံသူများသည် ဝိညာဉ်များ၊ နတ်များ၊ နတ်ဘုရားများကို ယဇ်ပူဇော်သည့် အလေ့အထကို အလေးပေးခဲ့ခြင်း ဖြစ်ကြလေသည်။ နောက်ပိုင်းတွင်တော့ ကျင့်စဉ်လမ်းအဆင့် တက်နိုင်ရန် အတွက်ဝိညာဉ် စွမ်းအားမြှင့်တင်သည့် ကျင့်စဉ်များကို အလေးထားခဲ့ ကြရလေသည်။

ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ တာအို ကျင့်စဉ်များကိုလည်း အလေးထား ခဲ့ကြလေသည်။ ရုပ်ပိုင်းဆိုင်ရာ တာအိုကျင့်စဉ်များကို ကျင့်ကြံထားခြင်းအားဖြင့် ကျင့်ကြံခြင်းအဆင့် လွယ်လွယ် ကူကူနှင့် အဆင့်တက်နိုင်မည် ဖြစ်လေသည်။

ရှားမျိုးနွယ်များကဲ့သို့ မွေးရာပါ တန်ခိုးစွမ်းအား ပိုင်ဆိုင်သူများပင်လျှင် ထိုအချက်ကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ကြပေ။

ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

တာ့ရှားပြည် ပျက်စီးရမည် ဆိုသည့်အချက်မှာ ကံတရားအတိုင်းပင် ဖြစ်လေသည်။ တာ့ရှားပြည်ကို ကျဆုံးစေသည့် ဘက်သို့ ဦးတည်စေသော အကြောင်းအချက်များစွာ ရှိလေသည်။ ထို့ပြင် ဆန်းလျန်၏ လုပ်ရပ်များကလည်း ရည်ရွယ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ တာ့ရှားပြည် ကျဆုံးစေရေးကို ဦးတည်နေခဲ့လေသည်။

ကျင့်စဉ်လမ်းတွင် အနိမ့်အမြင့် အတက်အကျ အခြေအနေများစွာကို ရင်ဆိုင်ရခြင်းက ကျင့်ကြံခြင်း အဆင့်ကို ပိုပြီး မြင့်မားစေလေသည်။ ထို့ကြောင့်ပင် ဆန်းလျန်သည် မိုးကောင်းကင် နိယာမများနှင့် သဘောတရားများစွာကို နားလည်ခဲ့ရလေသည်။

ဆန်းလျန်နှင့် အလွန်ရင်းနှီးသူ တစ်ယောက် ဆိုလျှင်တော့ ယင်စွမ်းအား ရေတွင်းလေး နံဘေးတွင် ဆန်းလျန်ထိုင်နေ  သည်ကို သတိပြုမိမည် ဖြစ်လေသည်။ ဆန်းလျန်၏ ပုံသဏ္ဌာန်သည် ကြယ်စင်များ ပျောက်ကွယ်နေသည့် နဂါးငွေ့တန်း ကဲ့သို့ ဖြစ်တည်နေလေသည်။

ကြယ်စင်များ မရှိသည့် နဂါးငွေ့တန်း တစ်ခုသည် အရာရာတိုင်း၏ အစဖြစ်လေသည်။ သဘာဝတရားကို ဖန်ဆင်းခြင်းလည်း မည်ပေ၏။

ဒဏ္ဍာရီအရဆိုလျှင်တော့ ဖန်ကု ဖြစ်တည်လာသည့် အချိန်တွင် အလွန်အထီးကျန်ခြင်းကို ခံစားခဲ့ရလေသည်။ မိုးနှင့်မြေမှာလည်း ကြက်တစ်ကောင်နှင့် ပုံသဏ္ဌာန် တူသည်ဟု အဆို ရှိလေသည်။ ထို့ကြောင့် ဖန်ကုက မိုးနှင့်မြေကို ပိုင်းခြားပြီး ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်လေ၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ယောက်တည်းကျင့်ကြံ ခြင်းနှင့် သဘာဝတရားကို ဖန်းဆင်းနိုင်မှု တို့သည် ဆက်စပ်လျက် ရှိသည်ကို သက်သေပြနေခဲ့လေသည်။

ဆန်းလျန်သည် သူ၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကို အပြန်ပြန်အလှန်လှန် သုံးသပ် နေခဲ့သေလည်။ သူ၏စိတ်သည် ကျေနပ်မှုများဖြင့် ပြည့်နေပြီး သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ အလွန်နီးကပ်နေပြီ ဖြစ်လေသည်။

ထိုအချိန် အတောအတွင်းတွင်…

ဆန်းလျန်သည် လီယွမ်လျန်နှင့် သူ၏ဂိုဏ်းတူညီ (၃)ယောက်ကို သင်္ကေတ (၄)ခုဖြင့် ခွဲခြားထားသည့် စစ်တပ် တစ်ခု ဖွဲ့စည်းပေးခဲ့လေသည်။

သင်္ကေတစ်ခုချင်းစီမှာ စိမ်းပြာနဂါး၊ ကျားဖြူ၊ လိပ်နက်ရွှမ်ဝူနှင့် ဇာမဏီငှက်တို့ ဖြစ်လေသည်။

စစ်သည်တော်များ၏ တိုက်ရည်ခိုက်ရည် မြင့်တက်လာသည်နှင့် အမျှ ဆန်းလျန်ကလည်း တစ်ယောက်တည်း ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေသည်။

ကွမ်းလုန်ကျီ၏ လျန်စန်း၏ အနှစ်သာရကိုသာ သိရှိခြင်းမရှိလျှင် ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိရန် လိုအပ်နေသည့် အချက်များကို တွက်ဆနိုင်မည် မဟုတ်ပေ။

ပထမတော့ ဒဏ္ဍာရီထဲမှ အကြောင်းအရာများကို လေ့လာရင်း ဆန်းလျန် စိတ်ရှုပ်ထွေးနေမိလေသည်။  ဒဏ္ဍာရီ များအရဆိုလျှင် လူသားသည် ဖန်ဆင်းခံ သတ္တဝါ ဖြစ်လေသည်။ ထို့ကြောင့် မှန်ကန်သည့် ဝိညာဉ်စွမ်းအား ပစ္စည်းများရှိလျှင် လူသားနှင့် သတ္တဝါများကို ဖန်ဆင်းနိုင်လိမ့်မည်ဟု သူက ထင်ခဲ့မိလေသည်။ အမှန်တော့ ဖန်ဆင်းခြင်းတွင် ဝိညာဉ်စွမ်းအား ပစ္စည်းများသည် အဓိကကျသည့် အရာများ မဟုတ်ခဲ့ပေ။

သဘာဝတရားကို ဖန်ဆင်းနိုင်ရန်အတွက် ပထမဦးဆုံး ဗလာနယ်များကို ဖန်ဆင်းနိုင်ရမည် ဖြစ်လေသည်။ ထို့နောက် မရှိမှုကို အခြေခံပြီး ဝိညာဉ်တစ်ခုကို စတင်ဖန်ဆင်းနိုင်မည် ဖြစ်လေ၏။

ဆန်းလျန်သည် ကျီဖူတောင်ထိပ်ရှိ ဆရာဘွားဘွား လီချင်းဆွေ၏ သေးသည့် ဗလာနယ်လေးထဲတွင် ပိတ်မိနေစဉ်က ထိုဗလာနယ်ထဲတွင် သဲမှုန်လေးများကို တွေ့မြင် ခဲ့ရလေသည်။ ထိုသဲမှုန်လေးများသည် ဖန်ဆင်းခြင်းကို စတင် အခြေခံသည့် အရင်းအမြစ်များပင် ဖြစ်လေသည်။

ယင် နှင့် ယန်၊ ဒြပ်စင်စွမ်းအား (၅) မျိုး သည် သဘာဝတရား ဖန်ဆင်ခြင်း၏ အခြေခံဟု ပြောနိုင်လေသည်။ ထိုအချက်ကို နားလည်သွားသည့် အခါတွင်တော့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် မည်မျှအရေးပါသည်ကို ဆန်းလျန် နားလည်သွားခဲ့လေသည်။

ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်သည် ယင်နှင့်ယန်၊ ဒြပ်စင်စွမ်းအား (၅) မျိုးတို့ဖြင့် ပေါင်းစပ် ကျင့်ကြံရသည့် ကျင့်စဉ် တစ်ခုဖြစ်လေသည်။ ထိုစွမ်းအားများ လျော့နည်းခြင်းနှင့် ပိုမိုခြင်းများကို အခြေခံပြီး နက်နဲသောအရာများ ကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်လေသည်။ ဆန်းလျန်သည် သဘာဝတရားကို ဖန်ဆင်းနိုင်လျှင် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။

ထိုက်ယီထျန်းရှန်းအဆင့်သို့ တက်ရောက်နိုင်ရန် အတွက် သူ၏ကြိုးစားမှုနှင့် ကံကောင်းခြင်း အနည်းငယ်လည်း လိုအပ်လေသည်။

ဆန်းလျန်၏ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်အပေါ် နားလည်မှုများသည် ဆရာဘွားဘွား လီချင်းဆွေထက် မလျော့ပေ။ သို့သော် ဆရာဘွားဘွား လီချင်းဆွေက ထိုက်ရွှီးနည်းဗျူဟာကို တီထွင်ခဲ့သူ ဆရာသခင် ဖြစ်လေသည်။

ဆန်းလျန်သည် ဆရာဘွားဘွား လီချင်းဆွေတီထွင်ခဲ့သည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှ ယင်နှင့်ယန်ကို သပ်သပ်၊ ဒြပ်စင်စွမ်းအား (၅)မျိုးကို သပ်သပ် ခွဲထုတ်လိုက်လေသည်။ ထိုသို့ ပြုလုပ်နိုင်ခြင်း အတွက် ချမ်းမော့ကို ကျေးဇူးတင်ရမည် ဖြစ်လေသည်။

ချမ်းမော့၏ တန်ခိုးစွမ်းအားများသည် ဒြပ်စင် (၅) မျိုး၏ မူလဖြစ်တည်မှု တစ်ခု ဖြစ်လေသည်။

ဒြပ်စင် (၅)မျိုး၏ မူလအစဆိုသည်မှာ စကြဝဠာ မဖြစ်တည်မီကပင် တည်ရှိနေသည့် အရှိတရား ဖြစ်လေသည်။

ဆန်းလျန်သည် ဒြပ်စင် (၅)မျိုးကို နားလည် သဘောပေါက်ပြီး ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ဖြင့် နတ်ဘုရားတစ်ပါး အဖြစ်အဆင့် တက်ရောက်ခဲ့သူ ဖြစ်လေသည်။

သို့သော် ဆရာဘွားဘွား လီချင်းဆွေ၊ ဆရာဘွားဘွား ကျိလင်တို့ကတော့ ယင်နှင့်ယန် လမ်းကြောင်းမှ တစ်ဆင့် နတ်ဘုရားအဖြစ် တက်ရောက် နိုင်ခဲ့သူများ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ယင်နှင့်ယန် လမ်းကြောင်းကိုလည်း ပြန်လည် လေ့လာရန် လိုအပ်လေသည်။

သူသိရှိထားသည့် ကျင့်စဉ် သဘောတရားများကို မေ့ပစ်ပြီး အစမှ ပြန်လည် လေ့လာရန်မှာ ထင်သလောက်တော့ လွယ်ကူခြင်းမရှိပေ။ သို့သော် သူကျင့်ကြံခဲ့သည့် လမ်းစဉ်တစ်ခုလုံးကို မေ့ပျောက်လိုက်လျှင် လမ်းစဉ်အသစ်၏ နည်းစနစ်များကို ပြန်လည် လေ့လာနိုင်မည် ဖြစ်လေသည်။ အရာအားလုံးတွင် အစရှိသလို အဆုံးလည်းရှိရမည် ဖြစ်လေသည်။

ယင်နှင့်ယန်ကို လေ့လာရန်အတွက် ဆန်းလျန်တွင် အဖြေရှိခဲ့ပြီ ဖြစ်လေသည်။ ထိုအဖြေ၏ သော့ချက်မှာ ကျီမုမြစ်ပင် ဖြစ်လေ၏။

ကျီမုမြစ်ရေသည် ယောကျ်ားလေးဖြင့် စပ်ယှက်ခြင်း မပြုဘဲ မိန်းကလေး တစ်ယောက်ကို ကိုယ်ဝန် ရစေနိုင်လေသည်။ ထို့ကြောင့် ကျီမုမြစ်ရေတွင် မသိမြင်နိုင်သည့် လျှို့ဝှက်ချက် များစွာ ရှိလေသည်။

မိန်းကလေးနှင့် ယောကျ်ားလေး ပေါင်းစပ်မှသာ ကိုယ်ဝန် ရရှိနိုင်သည်ဆိုသည့် လောက သဘာဝတရားကို ကျီမု မြစ်ရေက ချိုးဖျက်ထားလေသည်။

ထို့ပြင် ကျီမုမြစ်သည် လောက သဘာဝတရားထဲတွင် စီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်လေသည်။ ထို့ကြောင့် သဘာဝတရားနှင့်လည်း ဆက်စပ် နေလေသည်။ ကျီမုမြစ်တည်ရှိမှု နောက်ကွယ်တွင် အကြောင်းရင်း တစ်ခုတော့ ရှိရမည် ဖြစ်လေသည်။

ယင် နှင့် ယန် ညီညွတ်မှုရှိမှသာလျှင် မိန်းကလေး တစ်ယောက်သည် ကိုယ်ဝန်ဆောင်နိုင်မည် ဖြစ်လေသည်။ ရှီးလျန်မှ မိန်းကလေးများသည်လည်း ထို့အတူပင် ဖြစ်လေသည်။

ကျီမုမြစ်ရေထဲတွင် ယင်စွမ်းအားက ယန်စွမ်းအား၏ အတွင်းတွင် တည်ရှိနေလေသည်။ ထိုသဘောတရားကို ပြုပြင်ပြောင်းလဲနိုင်လျှင် မည်သို့ ဖြစ်လေမည်နည်း။

***

All Chapters