တိုက်ပွဲစလေပြီ
Vol. 56 Ch. 770
လူတိုင်းမှာ ထျန်းယွမ်နယ်မြေတစ်ခွင် ကျော်ကြားလှသော မို့ယွမ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုနေမိကြသည်။
ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် ထျန်းယွမ်နယ်မြေမှ သုံးဆယ့်ရှစ်ဦးသာ ပါဝင်လေသည်။
မို့ယွမ်မှာ ထိုသုံးဆယ့်ရှစ်ယောက်အနက် အဆင့်သုံးဆယ့်ခြောက် ရရှိထားသူ ဖြစ်သည်။ သူ၏အဆင့်မှာ နိမ့်ပါးသည်ဟု ထင်ရပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသ၏ များပြားလှသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများကိုကျော်လွန်ကာ ရရှိထားခြင်းဖြစ်သဖြင့် မည်သူကမှ အထင်မသေးရဲပေ။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်နေသော သုံးဆယ့်ရှစ်ဦးမှာ အင်အားကြီးကလန်ကြီးများမှဖြစ်ပြီး ၎င်းတို့၏အမြင်တွင်မူ ရှောင်ရွှမ်းစီရင်စုမှာ မပြောပလောက်သော နယ်မြေလေးတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် မို့ယွမ်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ၌ အားလုံးမှ ထိတ်လန့်သွားကြရခြင်းပင်။
မို့ယွမ်မှာ အဆင့်သုံးဆယ့်ခြောက် ရရှိထားပါသော်လည်း သူ၏အရည်အချင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး နှစ်ပေါင်းများစွာအတွင်း နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်ထားနိုင်ခဲ့သူ ဖြစ်သည်။
ရှောင်ရွှမ်းစီရင်စုသို့ ရောက်ရှိလာသော မို့ယွမ်မှာ ဝံပုလွေအုပ်ကို အမဲလိုက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ထင်ပေါ်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ထျန်းယွမ်နယ်မြေတစ်ခွင် ကျော်ကြားသူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ၌ ရိချိုးရွှယ်သည်ပင် နှုတ်ခမ်းအစုံအား တင်းတင်းဖိကိုက်လိုက်မိသည်။ "ဒီလောက်ကျော်ကြားတဲ့ မို့ယွမ်က အုပ်စိုးသူသခင်တိုက်ပွဲလိုမျိုး နိမ့်ကျတဲ့နေရာကို လာမယ်မထင်ထားဘူး။ ရှောင်ရွှမ်းစီရင်စုအတွက်တော့ တကယ့်ကို ကောင်းချီးပေးတာပဲ။"
သူမ၏စကားသံအတွင်း သရော်ဟန်များ ပါဝင်နေသည်။
သံမဏိတင်းပုတ်အား ကိုင်ဆောင်ထားသော မို့ယွမ်မှာ သူမအား အလေးပင်မထားဟန်ဖြင့် ကြည့်ရှုလိုက်သည်။
"ဒါက ဂိုဏ်းတစ်ခုထဲမှာ ရှိနေရတဲ့ ကံကြမ္မာပဲ။" မို့ယွမ်မှာ သံမဏိတင်းပုတ်အား မြေပြင်ပေါ် စိုက်ချလိုက်ရင်းဖြင့် ရိချိုးရွှယ်အား စကားဆိုလိုက်သည်။ "ငါဒီကိုရောက်လာပြီဆိုထဲက အဓိပ္ပါယ်မရှိတာတွေပြောပြီး အချိန်ဖြုန်းနေစရာ အကြောင်းမရှိတော့ဘူး။"
"မင်းမှာသတ္တိမရှိရင် လက်လျှော့လိုက်"
"အရှုံးကို လက်မခံချင်ဘူးဆိုရင်တော့ တိုက်ပေါ့။ ငါကတော့ ဘယ်ရန်သူကိုမှ ညှာနေမှာ မဟုတ်ဘူး။ ဒီနေ့ ကံမကောင်းလို့ ငါ့လက်ထဲ တစ်ယောက်ယောက် သေသွားရင်လည်း ငါ့ကိုအပြစ်မတင်နဲ့။"
မို့ယွမ်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူသည် ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ကိုသာ အာရုံစိုက်ထားပြီး ဇူယွမ်နှင့် အခြားသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူနှစ်ဦးအား အနည်းငယ်မျှပင် အရေးမစိုက်ချေ။
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့၏ အမူအရာမှာ လေးနက်ခက်ထန်နေပြီး အခြားသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူနှစ်ဦး၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ မို့ယွမ်၏ လွှမ်းမိုးမှုအောက် ကျရောက်နေရသည်။
ရိကလန်မှ အကြီးအကဲများအားလုံးအပြင် ရိချင်းကျီနှင့် လျိုထျန်းရင်တို့မှာလည်း မျက်နှာမကောင်းကြပေ။ မည်သူကမှ ချူးကလန်သည် မို့ယွမ်အား ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။ ထိုသို့ဖိတ်ခေါ်နိုင်ခဲ့သည်မှာ ချူးလင်သည် ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ ထူးချွန်သော တပည့်တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
လျိုမင်မှာ စိတ်တိုစွာဖြင့် နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်မိသည်။ သူမသည် အကိုဖြစ်သူ လျိုကျစ်ရွှမ်းအပေါ် အလွန်ယုံကြည်ပါသော်လည်း နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်နေသော မို့ယွမ်အား အနိုင်မရနိုင်ကြောင်း သိရှိနေလေသည်။
"သက်သက်ယုတ်မာနေတာပဲ။" သူမ စိတ်တိုစွာဖြင့် ပြောလိုက်သည်။
ပွဲကြည့်စင်ထက်မှ လူအများမှာ စိတ်မသက်မသာ ဖြစ်နေကြပါသော်လည်း ချူးကလန်မှာ စည်းကမ်းချက်များအား ကျူးလွန်ထားခြင်း မရှိပေ။
ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာနေပြီပင် ဖြစ်သည်။
ဇူယွမ်မှာ တိတ်ဆိတ်နေသော ရိချိုးရွှယ်အားကြည့်ကာ ချောင်းဟန့်၍ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ရလဒ်ကိုသိရဖို့က တိုက်ခိုက်ကြည့်ရမှာမလား။"
သူသည် ရိချိုးရွှယ် ကြောက်ရွံ့ကာ တိုက်ပွဲဖျက်သိမ်းလိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လာပါက အဆင့်မြင့် နတ်ဘုံခန်းဝါဆေးများကို ရရှိနိုင်တော့မည် မဟုတ်ပေ။
ရိချိုးရွှယ်မှာ မို့ယွမ်အား ကြောက်ရွံ့ဟန်မရှိသော ဇူယွမ်အား အလေးအနက် ကြည့်ရှုလိုက်မိသည်။
ဇူယွမ်၏ တည်ငြိမ်မှုကြောင့် ရိချိုးရွှယ်မှာ အနည်းငယ် စိတ်အေးသွားရသည်။ သို့သော် မို့ယွမ်၏ ကြောက်မက်ဖွယ်ကောင်းမှုအား ဇူယွမ် သိရှိထားလောက်မည် မဟုတ်ပေ။
"အခုပွဲမှာ ကျွန်မတို့ ရှုံးခဲ့ရင်လည်း ရှင့်အမှားကြောင့် မဟုတ်လို့ အဆင့်မြင့် နတ်ဘုံခန်းဝါဆေးတွေကို ကျွန်မပေးမှာပါ။ ဒါပေမယ့် အရေအတွက်တော့ နည်းရင်နည်းလိမ့်မယ်။" ရိချိုးရွှယ်မှ တိုးညင်းစွာ စကားဆိုလိုက်သည်။
ထို့နောက် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ပြောထားတဲ့ ပမာဏအတိုင်း ပေးရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှုံးမှာမဟုတ်ဘူး။"
ရိချိုးရွှယ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် တည်ကြည်စွာဖြင့် မို့ယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းမှာပါတဲ့ အကိုတော် မို့ယွမ်ရဲ့ အရည်အချင်းတွေကို ကျွန်မတို့ကို ပြပေးပါဦး။"
မို့ယွမ်မှာ ခေါင်းညိတ်လိုက်ပြီးနောက် ဇူယွမ်အား ကြည့်လိုက်သည်။
ဒီကောင်လေးက နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးပေမယ့် တည်ငြိမ်လှချည်လား....ဘဝင်မြင့်နေတာလား...ဒါမှမဟုတ် တကယ်အရည်အချင်း ရှိလို့လား....
ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး....သူက နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာပဲ....
မို့ယွမ်မှာ ချူးလုံအားကြည့်ကာ ပြောလိုက်သည်။ "ရိချိုးရွှယ်နဲ့ လျိုကျစ်ရွှမ်းကို ငါပဲတိုက်လိုက်မယ်။"
သူသည် လူနှစ်ဦးအား တစ်ချိန်ထဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ချူးလင်မှ ပြုံးကာပြောလိုက်သည်။ "အဲ့ဒါဆို အကိုတော့်ကိုပဲ အားကိုးရတော့မှာပဲ။"
ထို့နောက် ချူးလင်မှာ ဇူယွမ်အား ကြည့်ရှုလိုက်သည်။
"မင်းတို့သုံးယောက်က ရိကလန်က နတ်ဘုံခန်းဝါအဆင့် နှစ်ယောက်ကိုတိုက်လိုက်။" သုံးယောက်-နှစ်ယောက် ဖြစ်သွားသော အခြေအနေကြောင့် ချူးကလန်မှ အသာစီးရမည်မှာ သေချာပေသည်။
"စိတ်မပူပါနဲ့ သခင်လေး..." ချူးပနှင့် အခြားသူများမှ အရိုအသေပြုကာ ပြောလိုက်သည်။
ရိချိုးရွှယ်မှာ ချူးကလန်ဘက်မှ အသာစီးရနိုင်ခြေ ရှိနေသောကြောင့် စိုးရိမ်ပူပန်နေမိသည်။ သူမနှင့် လျိုကျစ်ရွှမ်းတို့အနေဖြင့် မို့ယွမ်အား ကိုင်တွယ်နိုင်မည်လား မသေချာပေ။
ဒုန်း....
ပွဲကြည့်စင်ထက်မှ တိုက်ပွဲစတင်သည့် အချက်ပေးသံ ထွက်ပေါ်လာသည်။
"ဇူယွမ် သတိထားနော်။"
ရိချိုးရွှယ်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆက်၍ပြောလိုက်သည်။ "တကယ်လို့ မနိုင်နိုင်တော့ဘူးဆိုရင် အရှုံးပေးလိုက်နော်။"
ထို့နောက် သူမသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ရေလှိုင်းများ ရစ်ပတ်ထားဟန်ရှိသော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုမှာလည်း သူမနောက်၌ ထွက်ပေါ်လာသည်။
လျိုကျစ်ရွှမ်းမှာလည်း အလျင်အမြန်ပင် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ထုတ်ဖော်လိုက်သည်။
ရိကလန်မှ အခြားကျင့်ကြံသူနှစ်ဦးမှာလည်း ချီစွမ်းအင်များကို အသီးသီး ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။
ဝုန်း...
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာ တစ်ချိန်တည်းမှာပင် မို့ယွမ်ဆီသို့ ဦးတည်ပျံဝဲသွားသည်။
"မင်းတို့ကိုတော့ ငါစိတ်မပျက်ရလောက်ပါဘူး။" မို့ယွမ်မှ ပြုံးကာရေရွတ်လိုက်သည်။ သူ၏မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ထို့နောက် ခြေကိုဆောင့်နင်းကာ ရောင်စဉ်ရှစ်သွယ် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ထွက်ပေါ်စေလိုက်သည်။
၎င်း၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ပုံရိပ်သုံးခုမှာ ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြလျက် ရှိသည်။
ထိုအချိန်မှာပင် ချူးကလန်မှ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူသုံးဦးမှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ရိကလန်မှ ကျင့်ကြံသူနှစ်ဦးထံ ပျံသန်းသွားသည်။
ရှောင်ရွှမ်းစီရင်စု၏ အုပ်စိုးသူသခင်တိုက်ပွဲမှာ စတင်ခဲ့လေပြီ။
ချူးလင်မှာ စိတ်အေးလက်အေးဖြစ်နေဟန်ဖြင့် ဇူယွမ်အနီးသို့ လျှောက်လှမ်းလာသည်။ "လွန်ခဲ့တဲ့ရက်တွေတုန်းက ငါတို့မြို့တံခါးဝမှာ တွေ့ကြသေးတယ်နော်။ အဲ့တုန်းက ငါမင်းကို ဒူးထောက်ဖို့ ပြောခဲ့တယ်မလား။"
"ဒါပေမယ့် အခုတော့ နောက်ကျသွားပြီ။ ရိချိုးရွှယ်က မင်းကိုကာကွယ်နိုင်မယ်များ ထင်နေလား။ မင်းလို မလောက်လေးမလောက်စားကောင်ကများ ငါတို့မိသားစု နှစ်ခုကြားထဲ ဝင်ရှုပ်ရဲသေးတယ်။ မင်းကတကယ် အရူးပဲ။"
ချူးလင်မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ထုတ်ဖော်လိုက်သည်။
ထို့နောက် ဇူယွမ်အားကြည့်ကာ ပြုံးရယ်လိုက်၏။ "ငါမင်းကို ဘယ်လိုကစားရင် ကောင်းမလဲ။"