← Chapters

ရိချိုးရွှယ်၏ လျှို့ဝှက်ချက်

Vol. 56 Ch. 741

ရိချိုးရွှယ်၏ လျှို့ဝှက်ချက်

Vol. 56 Ch. 741

ချလန်း.....

စင်မြင့်ထက်တွင် ပုံရိပ်သုံးခုထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေပြီး သတ္တုချင်း ရိုက်ခတ်သံများလည်း အဆက်မပြတ် ကြားနေရလျက် ရှိသည်။

ထိုပုံရိပ်သုံးခုမှာ မို့ယွမ်၊ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ ဖြစ်သည်။

ရွှမ်ကျိုးမြို့တော်၏ ကိုးဆယ်ရာခိုင်နှုန်းသောသူများမှာ ၎င်းတို့တိုက်ပွဲကိုသာ အာရုံစိုက်နေကြသည်။

ယနေ့အတွက် ဇာတ်ကောင်မင်းသားမှာ မို့ယွမ်ဖြစ်ကြောင်း လူတိုင်းမှ လက်ခံထားကြသည်။

မို့ယွမ်၏အမည်အား ကြားဖူးခဲ့ကြပါသော်လည်း သူ၏တိုက်ပွဲစွမ်းရည်ကို မြင်တွေ့ဖူးကြသည်မှာ လူအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းတွင် ပါဝင်သော လူတစ်ဦး၏ တိုက်ပွဲစွမ်းရည်သည် မည်မျှပင် ကောင်းမွန်လှကြောင်း လူတိုင်းမှ မြင်တွေ့ခံစားလိုကြသည်။

စွမ်းအင်လှိုင်းဂယက်များမှ တင်းမာနေသော လေထုအား ဖျက်စီးလိုက်ပါသော်လည်း မို့ယွမ်မှာ အကောင်းအတိုင်း ရှိနေပြီး ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့သာ အဝေးသို့ လွင့်စင်သွားရသည်။

ပထမဆုံး တိုက်ခိုက်မှုနှင့်ပင် ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာ မို့ယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်သည် အတော်ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိလိုက်ကြရသည်။

"သူက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းထဲပါနေတာ မထူးဆန်းတော့ပါဘူး။" လျိုကျစ်ရွှမ်းမှ လေးနက်ခက်ထန်စွာ ရေရွတ်လိုက်သည်။

"မင်းလည်းမဆိုးပါဘူး။ အခု မင်းအနေအထားနဲ့ဆို နောက်နှစ်နည်းနည်းလောက်ကြာရင် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းထဲ ပါလာနိုင်ပါတယ်။" မို့ယွမ်မှ စကားဆိုလိုက်သည်။ "ဒါပေမယ့် အခုတော့ မင်းတို့နှစ်ယောက် ပေါင်းတိုက်ရင်တောင် ငါ့ကိုနိုင်မှာ မဟုတ်ဘူး။"

ဝုန်း.....

ထိုစကားသံနှင့်အတူ မို့ယွမ်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် သံမဏိတင်းပုတ်အား ပြင်းထန်စွာလှည့်ကာ သွေးပင်လယ်အလား အနီရောင် ချီစွမ်းအင်များကို ထွက်ပေါ်စေလိုက်သည်။

"ရှင်းဟုန်ပင်လယ်ရဲ့ သွေးနီရောင်မီးလွင်ပြင်..."

သွေးပင်လယ်အတွင်း မရေမတွက်နိုင်သော သံမဏိတင်းပုတ်ပုံရိပ်များ ပြည့်နှက်နေလျက် ရှိသည်။

လျိုကျစ်ရွှမ်းမှာ အလေးအနက်ဖြင့် ပြောလိုက်သည်။ "ချိုးရွှယ်....ကိုယ်သူ့ကို တားလိုက်မယ်။"

သူသည် လက်သီးအားဆုပ်လျက် ငွေဖြူရောင် လှံတံတစ်ခုအား ဆင့်ခေါ်လိုက်သည်။ လှံတံသည် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုပ်ယူလိုက်၏။

"ကောင်းကင်ကျင့်စဉ်....ငွေနဂါးအဖြစ် ပြောင်းလဲခြင်း..."

ပြင်းထန်လှသော ချီစွမ်းအင်များနှင့်အတူ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်လာသည်။ လျိုကျစ်ရွှမ်း၏ လှံတံမှာ ကောင်းကင်ထက်သို့ ပျံဝဲသွားလျက် ပေရာကျော်မျှရှိသော ငွေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ သွေးပင်လယ်နှင့် တွေ့ဆုံသွားကြသည်။

ဘန်း......

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

သံမဏိတင်းပုတ်ပုံရိပ်များနှင့် ငွေနဂါးတို့ တိုက်ခိုက်နေကြပြီးနောက် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ငွေနဂါးမှာ ပျောက်ကွယ်သွားရသည်။

"ကောင်းကင်ကျင့်စဉ်.....အသ‌ေင်္ချချီကြယ်ပွင့်”

သို့သော် ငွေနဂါး ပျောက်ကွယ်သွားချိန်မှာပင် ချိုသာသော အသံတစ်ခုနှင့်အတူ များပြားလှသော ကြယ်ပွင့်များစွာ ထွက်ပေါ်လာသည်။ ကြယ်ပွင့်တစ်ခုစီသည် ပြင်းထန်လွန်းသော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဘုန်း.....

ကြယ်ပွင့်များနှင့် သွေးပင်လယ်တို့ တွေ့ဆုံသွားကြပြီးနောက် နားကွဲမတက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထို့နောက် ကြယ်ပွင့်များရော၊ သွေးပင်လယ်ပါ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားပါသော်လည်း သံမဏိတင်းပုတ်ပုံရိပ်တစ်ခု ရုတ်ချည်းဆိုသလို ဖြစ်ပေါ်လာကာ ရိချိုးရွှယ်ထံ ဦးတည်ပျံဝဲသွားသည်။

ရိချိုးရွှယ်မှာ ရုတ်တရက် အံ့အားသင့်နေမိပါသော်လည်း ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုမှ သူမအား ခုခံကာကွယ်ပေးလိုက်သည်။

ဘန်း....

စွမ်းအင်လှိုင်းဂယက်များနှင့်အတူ တုန်ရီနေသော ရိချိုးရွှယ်၏ ခန္ဓာကိုယ်လေးမှာ အဝေးသို့ လွင့်စင်သွားရသည်။

တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှသဖြင့် မည်သူကမှ သေချာမြင်တွေခွင့် မရလိုက်ပဲ ရွှမ်ကျိုးမြို့တော်တစ်ခွင် အာမေဋိတ်သံများသာ ကျန်ရစ်ခဲ့သည်။

လူပေါင်းများစွာ၏အမြင်တွင် လျိုကျစ်ရွှမ်းနှင့် ရိချိုးရွှယ်တို့မှာ တိုက်ပွဲစွမ်းရည် ကောင်းမွန်ကြပါသော်လည်း မို့ယွမ်မှာ အသာစီးရနေဆဲ ဖြစ်သည်။

"မို့ယွမ်ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က တော်တော်ကောင်းတာပဲ။ အနည်းဆုံး သူ့ရဲ့နတ်ဘုံခန်းဝါ ချီပင်လယ်မှာ ချီကြယ်ပွင့် ခြောက်သန်းလောက် ရှိနိုင်တယ်။"

"ကြောက်စရာကြီးပါလား။ နတ်ဘုံခန်းဝါ မဟာအဆင့်မှာ ချီကြယ်ပွင့် လေးသန်းလောက်ရဖို့တောင် လွယ်တာမဟုတ်ဘူး။"

".........."

တီတိုးစကားသံများ ထွက်ပေါ်နေလျက် ရှိသည်။

ရိကလန်ဘက်တွင်မူ ရိချင်းကျီ၊ လျိုထျန်းရင်နှင့် အခြားသော အကြီးအကဲများ၏ အမူအရာမှာ လေးနက်ခက်ထန်နေကြသည်။ လျိုမင်နှင့် ရိကလန်မှ လူငယ်များမှာမူ စိတ်မသက်မသာ ဖြစ်နေကြဟန် ရှိလေသည်။

"မို့ယွမ်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။" ရိချင်းကျီမှ သက်ပြင်းချလိုက်သည်။ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် မို့ယွမ်၏ တိုက်ခိုက်မှုများအပေါ် တခြားသူများထက် ပိုမိုဝေဖန်သုံးသပ်နိုင်ပေသည်။ ယခုအနေအထားအရ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ နှစ်ဦးပေါင်း တိုက်ခိုက်လျှင်ပင် မို့ယွမ်အား အနိုင်ရရှိရန် မသေချာပေ။

လျိုထျန်းရင်မှ လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။ လျိုကျစ်ရွှမ်းသည် နတ်ဘုံခန်းဝါ မဟာအဆင့်ဖြစ်ကာ နိဗ္ဗာန်ရှစ်ခုအား ဖွင့်လှစ်ထားနိုင်ပါသော်လည်း မို့ယွမ်နှင့် နှိုင်းယှဉ်ရန် လိုအပ်နေဆဲ ဖြစ်သည်။

နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်သူအများစုသည် အင်အားကြီးကလန်ကြီးများမှ ဖြစ်ကြကာ တန်ဖိုးကြီးသော ကျင့်ကြံခြင်းအရင်းအမြစ်များစွာ ရရှိနိုင်ကြသူများဖြစ်သောကြောင့် သာမန်လူများအနေဖြင့် လိုက်မှီနိုင်ရန် ခက်ခဲပေသည်။

ယနေ့ကျင်းပသော အုပ်စိုးသူသခင်တိုက်ပွဲမှာ ရိကလန်အတွက် အတော်ပင် အခြေအနေဆိုးလှသည်။

ရိချင်းကျီနှင့် လျိုထျန်းရင်မှာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောကိ အခြားတိုက်ပွဲတစ်ခုအား အာရုံစိုက်လိုက်ကြသည်။

ထိုသည်မှာ ဇူယွမ်နှင့် ချူးလင်တို့၏ တိုက်ပွဲ ဖြစ်သည်။

ရိချင်းကျီနှင့် လျိုထျန်းရင် နှစ်ဦးစလုံးမှာ ၎င်းတို့တိုက်ပွဲအားကြည့်၍ မျက်မှောင်ကျုံ့လိုက်မိကြသည်။ အခြားသော တိုက်ပွဲများမှာ အလွန်တရာ ပြင်းထန်နေကြပါသော်လည်း ဇူယွမ်နှင့် ချူးလင် နှစ်ဦးစလုံးမှာ လှုပ်ရှားမှုပင်မပြုပဲ ငြိမ်သက်စွာ ရပ်နေကြလေသည်။ သို့သော် ချူးလင်၏ လှောင်ပြောင်သရော်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများကို အတိုင်းသား မြင်တွေ့နေရသည်။

ဇူယွမ်မှာလည်း မလှုပ်မယက်သာ ရှိနေသည်။ အခြေအနေအား သုံးသပ်ရလျှင် ချူးလင်သည် တိုက်ပွဲအား အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး ဇူယွမ်မှာ ကြောက်ရွံ့လွန်းသောကြောင့်သာ မလှုပ်နိုင်ပုံ ရသည်။

လျိုမင်မှ အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။ "အဲဒီဇူယွမ်ဆိုတဲ့ကောင်က ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောထားပြီးတော့ အခုချူးလင်ကိုလည်းတွေ့ရော လှုပ်တောင်မလှုပ်ရဲတော့ဘူး။ အမတော်ချိုးရွှယ်က သူ့ကိုဘာတွေ ယုံကြည်နေခဲ့တာလဲ။"

ရိကလန်မှ လူငယ်များမှာလည်း အလိုမကျ ဖြစ်နေကြပြီ ဖြစ်သည်။

"ချူးလင်က ဇူယွမ့်ကို မို့ယွမ်က ချိုးရွှယ်နဲ့ကျစ်ရွှမ်းကို အနိုင်တိုက်တာ မြင်စေချင်နေတာ ဖြစ်မယ်။" ရိချင်းကျီမှ ပြောလိုက်သည်။

"ချူးလင်က အသက်ငယ်ပေမယ့် တော်တော်ရက်စက်တက်နေပြီပဲ။" လျိုထျန်းရင်မှ မှတ်ချက်ပြုလိုက်သည်။ ချူးလင်သည် ဇူယွမ်၏ စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်နေခြင်းပင်။ ချိုးရွှယ်၊ ကျစ်ရွှမ်းနှင့် အခြားသူများအားလုံး ရှုံးနိမ့်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက်တွင် ဇူယွမ်၏ စိတ်ဓာတ်မှာ လုံးဝပြိုလဲသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှ ဇူယွမ်အား ကြည့်ရှုသောအခါတွင် သူ၏အပြုအမူများမှာ ချူးလင်အား အရေးပင်မစိုက်ကြောင်း သတိပြုမိကြသည်။ သူသည် မို့ယွမ်၏ တိုက်ပွဲစွမ်းရည်ကိုသာ တွက်ချက်နေသကဲ့သို့ ရှိသည်။

သို့သော် အဘယ့်ကြောင့် မို့ယွမ်၏ တိုက်ပွဲစွမ်းရည်အား တွက်ချက်နေရပါသနည်း။ ထိုသည်မှာ အသုံးမဝင်သော လုပ်ရပ်သာ ဖြစ်သည်။ ဇူယွမ်သည် မို့ယွမ်နှင့် တိုက်ခိုက်နိုင်မည့် အခြေအနေမျိုး မဟုတ်ပေ။

၎င်းတို့မှာ ဇူယွမ်၏ အတွေးအခေါ်များကို နားမလည်နိုင်ဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်ကြသည်။ ထို့နောက် အုပ်စိုးသူသခင်နေရာအား အဆုံးအဖြတ်ပေးနိုင်မည့် တိုက်ပွဲများအပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

ချိုးရွှယ်ကိုသာ မျှော်လင့်ထားရပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ အုပ်စိုးသူသခင်တိုက်ပွဲတွင် ရိကလန်၏ အခြေအနေ ဆိုးရွားနေသည်မှာ မြင်သာပေသည်။

ကြည့်ရသည်မှာ ယနေ့တိုက်ပွဲအား ချူးကလန်မှ အနိုင်ရသွားပေလိမ့်မည်။

ကောင်းကင်ထက်၌

မို့ယွမ်မှာ လက်ထဲတွင် ကိုင်ဆောင်ထားသော သံမဏိတင်းပုတ်အား ပြင်းထန်စွာလှည့်လျက် ကြမ်းတမ်းလှသော စွမ်းအင်ဖိအားများကို ထွက်ပေါ်စေလိုက်သည်။

သံမဏိတင်းပုတ်ထံမှ ရဲရဲနီနေသော မီးတောက်များပင် ဖြစ်ပေါ်လာသည်။ မို့ယွမ်မှ ရိချိုးရွှယ်အား လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်းရဲ့စွမ်းအင်တွေကို ဖုံးကွယ်ထားဦးမယ်ဆိုရင် မင်းဆက်ပြီး ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။"

ရိချိုးရွှယ်မှာ နှုတ်ခမ်းအစုံအား ဖိကိုက်လျက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မို့ယွမ်က တကယ်ပါရမီရှင်ပဲ။ ဟုတ်တယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းကတင် ကျွန်မအဆင့်တက်သွားတာ။"

သူမသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ တတိယမြောက် ကွမ်းဟွမ်ရောင်လျှံဝန်းအား ဖြစ်ပေါ်စေလိုက်သည်။

နတ်ဘုံခန်းဝါ မဟာအဆင့်.....

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူသည် ရိချိုးရွှယ်၏ ချီစွမ်းအင်များ ယခင်ကထက် ထူးခြားနေသည်ဟု အစောပိုင်းထဲက သတိပြုမိခဲ့သည်။ ခန့်မှန်းထားသည့်အတိုင်းပင် သူမသည် အမှန်တကယ် အဆင့်တက်သွားခြင်း ဖြစ်နေလေသည်။

ရိကလန်မှာ အုပ်စိုးသူသခင်တိုက်ပွဲတွင် အနိုင်ရနိုင်ရန်အတွက် တက်နိုင်သမျှ အစစအရာရာ ပြင်ဆင်ထားကြောင်း သိသာလှသည်။

မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်မှာ နတ်ဘုံခန်းဝါ မဟာအဆင့်သို့တက်ကာ လျိုကျစ်ရွှမ်းနှင့် အတူတကွ တိုက်ခိုက်လျှင်ပင် မို့ယွမ်အား အနိုင်ရရန် မသေချာသေးပေ။

ဇူယွမ်မှာ တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိသည်။ သို့သော် မို့ယွမ်၏ စွမ်းအင် အစစ်အမှန်အား မြင်တွေ့ခွင့်ရလိုက်ခြင်းမှာ ကောင်းသောအရာပင် ဖြစ်သည်။

သူသည် တစ်ကြိမ်တစ်ခါမျှပင် ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် ပါဝင်သူများအား အထင်အမြင် မသေးခဲ့ပေ။ မိမိ၏ စွမ်းအင် အစစ်အမှန်နှင့် ရန်သူ၏ အခြေအနေမှန်အား ကောင်းစွာနားလည်သဘောပေါက်မှသာ တိုက်ပွဲကို အနိုင်ယူနိုင်မည် မဟုတ်ပါလော။

All Chapters