ကောင်းကင်မြွေနဂါးချီ၏ စွမ်းအား
Vol. 56 Ch. 772
ရိချိုးရွှယ်ထံမှ တတိယမြောက် ကွမ်းဟွမ်ရောင်လျှံဝန်းအား မြင်တွေ့လိုက်ရသဖြင့် ရွှမ်ကျိုးမြို့တော်တစ်ခုလုံး အံ့အားသင့်သွားကြရသည်။
"ရိချိုးရွှယ်က သူမရဲ့အစွမ်းကို ဖွက်ထားခဲ့တာပဲ။"
"ရိကလန်က ပြင်ဆင်မှု မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူးလို့ ပြောသားပဲ။"
"ရိချိုးရွှယ်က နတ်ဘုံခန်းဝါ မဟာအဆင့် ရောက်နေပြီဆိုတော့ လျိုကျစ်ရွှမ်းနဲ့ ပေါင်းတိုက်ရင် မို့ယွမ်ကို ရှုံးချင်မှ ရှုံးတော့မှာ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံးက နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခု ဖွင့်ထားနိုင်တဲ့ ပါရမီရှင်တွေမလား။"
"ဟားဟား.....ပွဲကတော့ ကြည့်ကောင်းပြီဟေ့။ မို့ယွမ်ချည်းပဲ နိုင်နေရင် ပျင်းစရာ ဖြစ်နေမှာပေါ့။"
"........"
မို့ယွမ်မှာ သံမဏိတင်းပုတ်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ ရိချိုးရွှယ်တို့နှစ်ဦးအား အေးစက်စွာ စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။ သူ၏ မျက်ဝန်းများမှာ ယခင်ကထက် ပိုမိုတောက်ပလာသည်ဟု ထင်မှတ်ရပေသည်။
"ကောင်းတယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းသွားတာပေါ့။"
မို့ယွမ်မှာ တိုက်ပွဲဆာလောင်နေဟန်ဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးရယ်လိုက်သည်။
ယနေ့တိုက်ပွဲတွင် အလွယ်တကူ အနိုင်ရခဲ့ပါက ပျင်းရိဖွယ် ကောင်းနေပေလိမ့်မည်။ သို့သော် ခန့်မှန်းထားသည့်အတိုင်း ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာ ရှောင်ရွှမ်းစီရင်စု၏ ဂုဏ်ယူရသော လူငယ်မျိုးဆက်ဟု ဆိုရလောက်အောင်ပင် အရည်အချင်း ရှိကြလေသည်။
မည်သို့ပင်ဆိုစေကာမူ မို့ယွမ်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ် အားနည်းသော နတ်ဘုံခန်းဝါ မဟာအဆင့် နှစ်ဦးအား ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်ကြသူများသည် ဟွမ်းယွမ်ကောင်းကင်ဒေသ၏ အကောင်းဆုံး ပါရမီရှင်များ ဖြစ်ကြသည်။ ထိုစာရင်းအတွင်း ပါဝင်ကြသူ အများစုမှာ ကောင်းမွန်သော နောက်ခံအင်အားရှိကြပြီး အကန့်အသတ်မဲ့သော ကျင့်ကြံခြင်းရင်းမြစ်များကို ရရှိနိုင်ကြသည်။ ထို့ကြောင့် မို့ယွမ်အနေဖြင့် အညာတရ စီရင်စုလေးတစ်ခုမှ နတ်ဘုံခန်းဝါ မဟာအဆင့် ကျင့်ကြံသူနှစ်ဦးကိုပင် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပါက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းသို့ ဝင်ရောက်ရန် ထိုက်တန်တော့မည် မဟုတ်ပေ။
မို့ယွမ်မှာ အေးစက်စွာ ပြုံးလိုက်ပြီးနောက် ပူပြင်းခြောက်သွေ့လွန်းသော သွေးနီရောင် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ထိုသွေးနီရောင် ချီတိမ်တိုက်ကြီးအတွင်း တလက်လက် တောက်ပနေသော ချီကြယ်ပွင့်များကို မြင်တွေ့နိုင်ပေသည်။
မို့ယွမ်မှာ သံမဏိတင်းပုတ်အား ပြင်းထန်စွာ လှည့်လိုက်သည်။ သွေးနီရောင် ချီတိမ်တိုက်ကြီးမှာ အလွှာများစွာ ကွဲသွားပြီးနောက် ကြီးမားသော ပါးစပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"တောက်ပသောသွေးနီရောင်သဲပြင်..."
မို့ယွမ်၏ အော်ဟစ်သံနှင့်အတူ ပါးစပ်ကြီးအတွင်းမှ တောက်ပနေသော သွေးနီရောင် သဲပွင့်များ ထွက်ပေါ်လာကာ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ထံ ပျံဝဲသွားသည်။
"သတိထား ချိုးရွှယ်....ဒါမို့ယွမ်ရဲ့ နာမည်ကြီးတဲ့ ရတနာတစ်ခုပဲ။ အဲ့သဲပွင့်တွေနဲ့ ထိလိုက်တာနဲ့ အသွေးအသားတွေ တစ်စစီ ဖြစ်သွားလိမ့်မယ်။" လျိုကျစ်ရွှမ်းမှ အလျင်အမြန် သတိပေးစကားဆိုလိုက်သည်။
ရိချိုးရွှယ်၏ မျက်ဝန်းများမှာ လေးနက်ခက်ထန်သွားရပြီးနောက် မူလမှော်စာလုံးများ ရေးထွင်းထားသော ရှေးဟောင်းယပ်တောင်တစ်ခုအား ဆင့်ခေါ်လိုက်သည်။ ထိုယပ်တောင်မှာ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူလိုက်လေသည်။
ထိုသည်မှာ မူလရတနာ တစ်ခုဖြစ်သည်။
ရိချိုးရွှယ်မှာ ယပ်တောင်အတွင်း ချီစွမ်းအင်များကို လျင်မြန်စွာ စီးဆင်းစေလိုက်ပြီးနောက် လက်ဟန်အမျိုးမျိုး ပြောင်းလဲကာ အသုံးပြုလိုက်သည်။
ရွှတ်.....
ရုတ်ချည်းဆိုသလို စွမ်းအားကြီးသော ဖိအားများ ပါဝင်နေသည့် အပြာရောင်လေလှိုင်းများ ထွက်ပေါ်လာကာ တောက်ပနေသော သွေးနီရောင် သဲပွင့်များနှင့် တွေ့ဆုံသွားကြသည်။
ဝုန်း......
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးမှာ ကမ္ဘာတစ်ခွင် သိမ့်သိမ့်တုန်သွားလေသည်။
တောက်ပနေသော သွေးနီရောင် သဲပွင့်များမှာ ပို၍ကြောက်မက်ဖွယ်ကောင်းသောကြောင့် အပြာရောင်လေလှိုင်းများအား ဖိနှိပ်ထားလျက် ရှိသည်။
ထိုအချိန်မှာပင် လျိုကျစ်ရွှမ်း၏ပုံရိပ်မှာ တစ္ဆေတစ်ကောင်အလား မို့ယွမ်၏နောက်၌ ပေါ်ပေါက်လာပြီးနောက် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်း.....
ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ကြီးမားလွန်းသော ချီစွမ်းအင်လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မို့ယွမ်ထံ ဦးတည်ပျံဝဲသွားသည်။
မို့ယွမ်မှာ ချက်ချင်းဆိုသလို သတိပြုမိလိုက်ပြီးနောက် သံမဏိတင်းပုတ်အား လွှဲခါကာ ချီလက်ဝါးကြီးကို ဖျက်စီးပစ်လိုက်သည်။
လျိုကျစ်ရွှမ်းမှာ ချီလက်ဝါးကြီး တစ်စစီ ပြိုကွဲသွားသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ဆုတ်ခွာလိုက်သည်။
"ထွက်ပြေးဖို့ စဉ်းစားနေတာလား။"
မို့ယွမ်မှာ မထီမဲ့မြင်ပြုစွာ ပြုံးရယ်လျက် လျိုကျစ်ရွှမ်းအား သံမဏိတင်းပုတ်ဖြင့် ချိန်ရွယ်ရိုက်ခတ်လိုက်သည်။
လျိုကျစ်ရွှမ်း၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် အတွေးတစ်ချက်ဖြင့် ကွမ်းဟွမ်ရောင်လျှံဝန်းများဖြင့် ခုခံကာကွယ်စေလိုက်သည်။
ဘန်း.....
သံမဏိတင်းပုတ်နှင့် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုတို့ တွေ့ဆုံသွားကြသည်။ ထို့နောက် အသက်ရှူချိန် အနည်းငယ်မျှ အကြာတွင်ပင် ကွမ်းဟွမ်ရောင်လျှံဝန်းများမှာ ခံနိုင်ရည် မရှိတော့ပဲ ပေါက်ကွဲပျက်စီးသွားရသည်။
သို့သော် လျိုကျစ်ရွှမ်းမှာ မို့ယွမ်၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့လေသည်။
မို့ယွမ်မှ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခုအား ကြားလိုက်ရသည်။ ရိချိုးရွှယ်သည် သွေးနီရောင်လွှမ်းနေသော ကောင်းကင်ထက်၌ ဓားရှည်တစ်ချောင်းကို ကိုင်ဆွဲထားလျက် ဓားအလင်းတန်းတစ်ခုဖြင့် မို့ယွမ်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
မို့ယွမ်မှာ သံမဏိတင်းပုတ်အား လွှဲခါလျက် ဓားအလင်းတန်းကို ချက်ချင်းဆိုသလို ဖျက်စီးပစ်လိုက်သည်။
၎င်းတို့သုံးဦး၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာလေပြီ။ ကြမ်းတမ်းလွန်းသော တိုက်လိုက်မှုများကြား ထွက်ပေါ်လာသော ပေါက်ကွဲသံများမှာ မိုင်တစ်ရာကျော်အထိ ပဲ့တင်ထပ်လျက် ရှိသည်။
ရွှမ်ကျိုးမြို့တော်တစ်ခွင်ရှိ လူများမှာ ရိချိုးရွှယ်တို့သုံးဦး၏ ပြင်းထန်လွန်းလှသော တိုက်ပွဲကြောင့် မျက်တောင်ပင်မခတ်နိုင် ဖြစ်နေကြရသည်။ ၎င်းတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းသဖြင့် တိုက်ပွဲအား စောင့်ကြည့်နေကြသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစွာမှာ ပါးစပ်အဟောင်းသားဖြစ်ကာ အံ့အားသင့်နေရလေသည်။
ရိချိုးရွှယ်တို့၏ တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ကျန်တိုက်ပွဲများမှာ ပျင်းရိစရာ ကောင်းလှသည်။
ယခုအခြေအနေအရ ရိချိုးရွှယ်မှာ နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် မို့ယွမ်၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံနိုင်ပြီ ဖြစ်သည်။
ရွှမ်ကျိုးမြို့တော်ရှိ ရိကလန်အား အားပေးထောက်ခံသူများမှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားကြရသည်။
သို့သော် တိုက်ပွဲအား အဆင်မပြတ် စောင့်ကြည့်နေခဲ့သော ဇူယွမ်မှာ စိတ်အလိုမကျဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ သူ၏ခန့်မှန်းချက်အရဆိုလျှင် မို့ယွမ်မှာ စွမ်းရည်အကုန်အစင်အား ထုတ်သုံးခြင်း မရှိသေးပဲ သွေးပူလေ့ကျင့်ခန်း လုပ်နေသလောက်သာ ရှိသည်။
ဇူယွမ်၏ဘေးတွင် ရှိနေသော ချူးလင်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "ချိုးရွှယ်က နတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်ပြီဆိုတော့ စီနီယာအကိုတော် မို့ယွမ်ကို ခုခံနိုင်မယ်ထင်လား။"
သူသည် ဇူယွမ်အား သတ်ပစ်လိုက်ရန် တွေးတောမိပါသော်လည်း အလွန်သက်ညှာလွန်းရာ ကျနေသောကြောင့် ရိချိုးရွှယ်တို့ ရှုံးနိမ့်သွားသည်ကို ဦးစွာမြင်တွေ့ခွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဇူယွမ်မှာ ခေါင်းကိုခါယမ်းလျက် ပြုံးကာပြောလိုက်သည်။ "သူတို့ မို့ယွမ်ကို ခဏလောက်ပဲဖြစ်ဖြစ် တောင့်ခံထားနိုင်လဲ မဆိုးပါဘူး။ မဟုတ်ရင် မင်းပဲပိုနာမည်ပျက်မှာ။"
"ဟမ်....မင်းဘာပြောတာလဲ။" ချူးလင်၏ မျက်ဝန်းများမှာ အေးစက်သွားသည်။
"ခဏနေကြ သိလိမ့်မယ်။" ဇူယွမ်မှာ စကားဆက်ပြောလိုစိတ် မရှိဟန်ဖြင့် တိုက်ပွဲကိုသာ ပြန်၍အာရုံစိုက်လိုက်သည်။ သူသည် ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့အား မို့ယွမ်၏ တိုက်ပွဲစွမ်းရည်ကို ယခုထက်ပို၍ စမ်းသပ်စေလိုသောကြောင့် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးခြင်း ဖြစ်သည်။
ရိချိုးရွှယ်နှင့် အခြားသူများ ရှုံးနိမ့်သွားမှသာ ဇူယွမ်မှာ တိုက်ခိုက်မှုကို စတင်မည်ဖြစ်ပြီး ထိုအချိန်သို့ရောက်လျှင် ချူးလင်လည်း တိုက်ပွဲအတွင်း ရှိနေစရာ မလိုအပ်တော့ပေ။
ရိချိုးရွှယ်သာ မို့ယွမ်အား အနိုင်ခဲ့ပါက ထိုသို့လုပ်ရန် မလိုအပ်တော့ပါသော်လည်း ယခုအခြေအနေအရ ထိုသို့ဖြစ်ရန် အခွင့်အရေး နည်းပါးလှသည်။
ချူးလင်မှာ ဇူယွမ်၏ အမူအရာကြောင့် မျက်ဝန်းများ ခက်ထန်သွားရသည်။ သူသည် ဇူယွမ်၏ အလေးမထားသော ပုံစံများကို မုန်းတီးနေမိသည်။ ဇူယွမ်မှာ နောက်ခံအင်အား မရှိသော အခြားသော ကောင်းကင်ဒေသမှ တောသားတစ်ယောက်သာ မဟုတ်ပါလော။ ၎င်းနှင့်နှိုင်းယှဉ်ရပါက ချူးလင်မှာ ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ ဂုဏ်ယူရသော ပါရမီရှင် တပည့်တစ်ယောက် ဖြစ်လေသည်။
ချူးလင်မှာ ဇူယွမ်၏ ခြေထောက်များကို ရိုက်ချိုးပစ်ရန် တွေးတောနေမိသည်။ ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာ၏။
ချူးလင်မှ မော့ကြည့်လိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သည်။
"စီနီယာအကိုတော် မို့ယွမ်ကတော့ ကစားလို့ဝပြီ ထင်တယ်။"
ဝုန်း.....
စောင့်ကြည့်နေသောသူများမှာ သံမဏိကဲ့သို့ မဲနက်ကာ ကြီးမားလာသော မို့ယွမ်၏ ခန္ဓာကိုယ်အား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငေးမောနေကြသည်။
ကြမ်းတမ်းလှသော ချီစွမ်းအင်များ မို့ယွမ်၏ ခန္ဓာကိုယ်တဝိုက် စုဝေးသွားပြီးနောက် ကြီးမားလှသော လူဝံတစ်ကောင်၏ပုံရိပ် ဖြစ်ပေါ်လာသည်။ လူဝံကြီးမှာ ရင်ဘတ်အား ထုရိုက်မာန်ဖီလိုက်ပြီးနောက် လက်ထဲတွင် ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော တင်းပုတ်တစ်ခု ပေါ်ပေါက်လာသည်။
ထိုလူဝံကြီးထံမှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
ရွှမ်ကျိုးမြို့တော်တစ်ခွင် တီတိုးဝေဖန်သံများဖြင့် ပြည့်နှက်သွားလေသည်။ "ဒါက ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် သောရှမ်းထျန်းယွမ်ပဲ။"
လူဝံကြီးမှာ ဒေါသထွက်စွာ အော်ဟစ်နေပြီး တင်းပုတ်ပုံရိပ်မှာလည်း ကောင်းကင်ထောက်တိုင်အလား ကြီးမားစွာ ရှိနေသောကြောင့် လေထုသည်ပင် တုန်ခါလာရသည်။ ထို့နောက် လူတိုင်းမှာ တင်းပုတ်ပုံရိပ်ကြီးအတွင်း ပါဝင်နေသော ချီကြယ်ပွင့် ရှစ်သန်းမျှကို အံ့အားသင့်စွာ မြင်တွေ့လိုက်ကြရသည်။
မို့ယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့၏ အမူအရာမှာ ဖြူရော်သွားရပြီးနောက် ၎င်းတို့၏ ချီစွမ်းအင် အကုန်အစင်အားထုတ်ကာ ခုခံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ဝုန်း.....
သို့သော် ၎င်းတို့၏ ခုခံတိုက်ခိုက်မှုအားလုံးမှာ ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားအောက်တွင် ပျက်စီးကုန်ရလေသည်။
သံမဏိတင်းပုတ်အား လွှဲခါနေသော လူဝံကြီး ကောင်းကင်ထက်မှ ပြေးဆင်းလာသည်နှင့်တစ်ပြိုင်နက် ထောင်နှင့်ချီသော ချီစွမ်းအင် အကာအကွယ်လွှာများမှာ ပြိုကျသွားရသည်။
"အဟွတ်...."
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်း နှစ်ဦးလုံးမှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီးနောက် ကောင်းကင်ထက်မှ ပြုတ်ကျကာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားကြသည်။
မြို့တော်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
လူတိုင်းမှာ ကောင်းကင်ထက်ရှိ လူဝံပုံရိပ်ကြီးအား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။
ရိချင်းကျီ၊ လျိုထျန်းရင်နှင့် ရိကလန်ဘက်မှ လူများမှာ အမူအရာ ပျက်ယွင်းကုန်ကြရသည်။ ယခုအခါတွင် ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ ရှုံးနိမ့်သွားပြီဖြစ်သောကြောင့်အုပ်စိုးသူသခင်တိုက်ပွဲအား ရိကလန်မှ အနိုင်ရနိုင်တော့မည် မဟုတ်ပေ။
တစ်ဖက်တွင်မူ ချူးကလန်မှ လူများမှာ ကျေနပ်အားရစွာ အော်ဟစ်ရယ်မောနေကြ၏။ ချူးလုံ၏အကြည့်သည်ပင် ရိကလန်အား လှောင်ပြောင်သရော်နေသည်ဟု ထင်မှတ်ရလေသည်။
ဇူယွမ်မှာ သူ့အား မထီမဲ့မြင်ပြုစွာ စိုက်ကြည့်နေသော ချူးလင်ဘက်သို့ ဖြည်းညင်းစွာ လှည့်လိုက်သည်။
"ခုနက ငါဘာပြောတာလဲဆိုတာ မင်းသိချင်နေတယ်မလား။" ဇူယွမ်မှာ လက်ဟန်အမျိုးမျိုးပြောင်းလျက် လေးနက်စွာ စကားဆိုလိုက်သည်။ သူ၏ မျက်ဝန်းအတွင်း မိုးပြာရောင်နှင့် ရွှေရောင်များ ရောစပ်နေသော အလင်းရောင်များ တောက်ပလာလေသည်။ ထို့နောက် မိုးကောင်းကင်တစ်ခွင် ပဲ့တင်ထပ်စေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာတော့သည်။
ထိုမိုးပြာရောင်နှင့် ရွှေရောင်ချီစွမ်းအင်များအတွင်း နဂါးတစ်ကောင်၏ပုံရိပ်ကို သဲ့သဲ့မျှ မြင်တွေ့နေရသည်။
မယုံကြည်နိုင်လောက်အောင် ကြမ်းတမ်းသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာခြင်းကြောင့် မြေပြင်သည်ပင် အက်ကွဲကုန်ရသည်။
ချူးလင်မှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာတော့သည်။ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ သူ့ထက်ပင် သာလွန်နေလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."
ဇူယွမ်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးသူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးလင်မှာ ထွက်ပြေးချင်စိတ်များသာ တဖွားဖွား ပေါ်ပေါက်လာမိသည်။
သို့သော်ငြားလည်း ဇူယွမ်မှာ ချူးလင်၏ အံ့အားသင့်နေမှုများကို လျစ်လျူရှုလျက် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးချလိုက်သည်။ မိုးပြာရောင်နှင့် ရွှေရောင်ရောယှက်နေသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ နဂါးကြေးခွံများအဖြစ် လက်သီးကို ဖုံးအုပ်သွားသည်။
ဇူယွမ်၏လက်သီးအား ကြည့်ရသည်မှာ နဂါးလက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယမြောက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် ခမ်းနားကြီးကျယ်သော စွမ်းအင်များအား မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ဇူယွမ်၏ အေးစက်ခက်ထန်နေသော အော်ဟစ်သံမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
"ကောင်းကင်မြွေနဂါးလက်သီး...."
ဝုန်း.....
ချူးလင်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရပြီးနောက် မကျေမနပ်ဖြစ်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။ "မင်းက ဟန်ဆောင်နေခဲ့တာပေါ့။"
ထို့နောက် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုကို ချက်ချင်းဆိုသလို ထွက်ပေါ်စေလိုက်သည်။
သူ၏ချီစွမ်းအင်များအားလုံးကို ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုထံ စီးဆင်းစေလိုက်သည်။ ဇူယွမ်၏ တိုက်လိုက်မှုသည် သူ၏ခုခံကာကွယ်မှုအား ချိုးဖောက်ရန် မဖြစ်နိုင်လောက်ပေ။
ချူးလင်မှ အကာအကွယ်လွှာ ဖန်တီးပြီးသော အချိန်မှာပင် မိုးပြာရောင်နှင့် ရွှေရောင်နဂါးကြေးခွံများ ဖုံးအုပ်ထားသော ဇူယွမ်၏လက်သီးမှာလည်း နှောင့်နှေးမှုကင်းစွာ တိုးဝင်လာတော့သည်။
ဝုန်း....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားသည်။
မြေပြင်မှာလည်း ချက်ချင်းဆိုသလို အက်ကွဲကုန်ရသည်။
ချူးလင်၏ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုလုံးတွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်သွားလေသည်။
"မဖြစ်နိုင်တာ.....သူ့ရဲ့ချီစွမ်းအင်က ကြောက်စရာကြီးပါလား။"
ဝုန်း.....
ချူးလင်မှ တွေးတောနေစဉ်မှာပင် ကွမ်းဟွမ်ရောင်လျှံဝန်းများ ပျက်စီးသွားတော့သည်။
ကျယ်လောင်စွာ ထွက်ပေါ်လာသော ပေါက်ကွဲသံနှင့်အတူ ချူးလင်မှာလည်း သွေးပွက်ပွက်အန်လျက် အဝေးသို့ လွင့်စင်သွားရသည်။
လူများမှာ မို့ယွမ်တို့၏ တိုက်ပွဲအပေါ် အံ့အားသင့်နေစဉ်မှာပင် ဇူယွမ်တို့၏ တိုက်ပွဲမှာ အဆုံးသတ်သွားပြီ ဖြစ်သည်။
ဇူယွမ်မှာ ဂုတ်ကြောများကိုချိုးလျက် သွေးများပေကျံနေသော ချူးလင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
"အခု.....
ငါဘာပြောချင်တာလဲဆိုတာ သိပြီမလား။"