ရှစ်သန်း
Vol. 56 Ch. 774
ရွှမ်ကျိုးမြို့တော်၏ ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခု မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေပြီး ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာနေသည်။
စောင့်ကြည့်နေသူများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ ပထမ၌ အားလုံးမှာ ယနေ့အုပ်စိုးသူသခင်တိုက်ပွဲတွင် ချူးကလန်မှ သံသယဖြစ်ဖွယ်မရှိ အနိုင်ရလိမ့်မည်ဟု ထင်မှတ်ခဲ့ကြပါသော်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
ဇူယွမ့်အား ဘဝင်လေဟပ်နေသော လူငယ်လေးတစ်ဦးဟုသာ ခန့်မှန်းခဲ့ကြပါသော်လည်း စင်စစ်တွင်မူ တိုက်ပွဲစွမ်းရည်များကို ဖုံးကွယ်ထားသူသာ ဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးရှိ လူများမှာ ဇူယွမ်နှင့် မို့ယွမ် နောက်ဆုံးတိုက်ပွဲတွင် အနိုင်ရမည့်သူကို သိလိုစိတ် ပြင်းပြနေကြသည်။
........
တင်းမာနေသော အခြေအနေ၌
ကောင်းကင်တစ်ခွင်လုံးအား မတူညီသော ချီစွမ်းအင်နှစ်ခုမှ ကြီးစိုးထားလျက်ရှိပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း ထွက်ပေါ်နေသည်။
ဇူယွမ်နှင့် မို့ယွမ် အကြည့်ချင်းဆုံသွားသည့်အချိန်၌ မီးများပင် ထတောက်တော့မည့်အလား ထင်မှတ်ရသည်။
"ငါနတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်ပြီးထဲက ဘယ်နတ်ဘုံခန်းဝါ ဗဟိုအဆင့်ကမှ ငါ့ရှေ့မှာ ရပ်မနေရဲဘူး။" မို့ယွမ်မှာ ဖြူဖွေးနေသော သွားများပေါ်အောင် ပြုံးလိုက်သည်။ "အတိတ်မှာတုန်းက ငါလူတွေအများကြီး သတ်ခဲ့ပြီးပြီ။ ဒါပေမယ့် ငါ့ကိုသတ်ချင်နေတဲ့သူကို တွေ့ဖူးတာက ဒါပထမဆုံးပဲ။"
ဝုန်း.....
ထိုစကားသံနှင့်အတူ မို့ယွမ်မှာ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သံမဏိတင်းပုတ်အား လွှဲရမ်းကာ ဇူယွမ်၏အထက်ဘက်သို့ ပျံဝဲသွားသည်။
သံမဏိတင်းပုတ် ဖြတ်သန်းသွားရာလမ်းတလျှောက် တလက်လက် တောက်ပနေသော ချီကြယ်ပွင့်များကို မြင်တွေ့နိုင်ပြီး အနည်းဆုံး ခုနစ်သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့အား အနိုင်ရခဲ့စဉ်က ချီကြယ်ပွင့် ရှစ်သန်းခန့် ရှိနေခြင်းမှာ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်ကို အသုံးပြုထားသောကြောင့်ဖြစ်ပြီး ယခုပမာဏသည် သူ၏အစစ်အမှန် ချီစွမ်းအင်အခြေခံအုတ်မြစ် ဖြစ်သည်။
ချီကြယ်ပွင့် ခုနစ်သန်းကပင် နတ်ဘုံခန်းဝါ မဟာအဆင့် ကျင့်ကြံသူတစ်ဦးအတွက် များပြားလွန်းလှလေပြီ။
"ငါနဲ့ယှဉ်တိုက်ဖို့ မင်းမှာအရည်အချင်းရော ရှိလို့လား။"
မို့ယွမ်၏ မထီမဲ့မြင် စကားသံမှာ ပဲ့တက်ထပ်သွားသည်။ လူတိုင်းမှာ ချီကြယ်ပွင့် ခုနစ်သန်းကို မြင်တွေ့လိုက်ရပြီးနောက် ကြောက်လန့်တုန်လှုပ်သွားကြရသည်။
"ချီကြယ်ပွင့် ခုနစ်သန်း......သူကတကယ်ကို ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ လူငယ်ပါရမီရှင်ပဲ။"
ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ ပြုံးလိုက်သည်။ "ဘိုးဘေးနဂါးပုရပိုက်ကိုသာ အဆင့်မတက်နိုင်ခဲ့ရင် ငါသူ့ကို မမှီလောက်ဘူး။"
ဇူယွမ်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသေးပြီး ယခင်က သူ၏ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ချီကြယ်ပွင့် ငါးသန်းခန့်သာ ရှိခဲ့သည်။ သို့သော် ဘိုးဘေးနဂါးပုရပိုက်အား အဆင့်ခုနစ်ရှိသည့် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဖြစ် အဆင့်တက်ခဲ့ပြီးနောက် ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် တိုးတက်သွားခဲ့သည်။
ထို့ကြောင့်ပင် ချူးလင်အား တစ်ချက်တည်းဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။
အကယ်၍ ဘိုးဘေးနဂါးပုရပိုက်ကိုသာ အဆင့်မတက်နိုင်ခဲ့ပါက မို့ယွမ်နှင့် ရင်ဆိုင်ရချိန်တွင် ခါးသီးစရာ ကောင်းလွန်းသော တိုက်ပွဲအတွေ့အကြုံကို ရရှိနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကြမ်းတမ်းခက်ခဲသော ဤကမ္ဘာလောကကြီး၌ 'အကယ်၍'ဟူသော စကားလုံးမှာ အသုံးမဝင်ပေ။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် စုတ်တံထိပ်ရှိ အဖြူရောင် အမွှေးများမှာ မဲနက်နေသော မဟူရာရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
"သန်းချီသောနဂါးဝေလငါး...."
ကောင်းကင်ထက်၌ ရှေးဟောင်း နဂါးဝေလငါးများ၏ ပုံရိပ်များ ထွက်ပေါ်လာသည်။
ချလန်း....
ကောင်းကင်ဘုံယွမ်စုတ်တံနှင့် သံမဏိတင်းပုတ် ပုံရိပ်မှာ လေထုထဲတွင် တွေ့ဆုံသွားကြပြီးနောက် သတ္ထုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာကာ မျက်စိနှင့်ပင် မြင်တွေ့နိုင်သော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။
ရွှမ်ကျိုးမြို့တော် တစ်ခုလုံးမှာ အံ့အားသင့်သွားရသည်။
သံမဏိတင်းပုတ်အား သေးငယ်လှသော ကောင်းကင်ဘုံယွမ်စုတ်တံမှ ကောင်းစွာခုခံထားသည်ကို မြင်တွေ့နေရလေသည်။
ကောင်းကင်ဘုံယွမ်စုတ်တံ၏ ပတ်ပတ်လည်တွင်မူ နဂါးဝေလငါးပုံရိပ်များ လည်ပတ်နေလျက်ရှိပြီး တောက်ပသော ချီကြယ်ပွင့်များကိုလည်း တွေ့မြင်နိုင်သည်။
ထိုချီကြယ်ပွင့်များမှာ အနည်းဆုံး ရှစ်သန်းပမာဏခန့် ရှိနိုင်ပေသည်။
ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးမှာ အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားရသည်။ ချီကြယ်ပွင့် ရှစ်သန်းမျှရှိသော ချီစွမ်းအင်အခြေခံအုတ်မြစ်.....
သူ၏ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ မို့ယွမ်ထက်ပင် သာလွန်နေသည်။
မယုံကြည်နိုင်စရာပင်.....
ထို့အပြင် အရေးအကြီးဆုံးမှာ ဇူယွမ်သည် လက်ရှိအချိန်၌ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိနေသေးခြင်း ဖြစ်သည်။ အနာဂတ်တွင် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ တက်လှမ်းသောအချိန်၌ ချီကြယ်ပွင့် ဆယ်သန်းထိပင် ရရှိပိုင်ဆိုင်နိုင်လောက်သည်။
ချီစွမ်းအင်အခြေခံအုတ်မြစ်သည် တိုက်ပွဲစွမ်းရည်အား တိုက်ရိုက်ကိုယ်စားမပြုပါသော်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
ရိချိုးရွှယ်၊ ရိချင်းကျီနှင့် လျိုထျန်းရင် အပါအဝင် ရိကလန်မှ လူများအားလုံးမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေမိကြသည်။ ၎င်းတို့သည် ဇူယွမ်၏ အထင်ကြီးလောက်စရာ တိုက်ပွဲစွမ်းရည်အား မြင်တွေ့ခဲ့ရပြီး ဖြစ်ပါသော်လည်း ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ချူးကလန်မှ လူများ၏ အမူအရာမှာ ဖြူရော်ကုန်ကြရသည်။ ချူးလုံမှာ အံကိုကြိတ်လျက် ဒေါသထွက်စွာ ပြောလိုက်သည်။ "ဒီကောင်စုတ်လေးကို ငါအထင်သေးခဲ့မိတာပဲ။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်နဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်ကို ရထားတာတဲ့လား။"
"ချီစွမ်းအင်အခြေခံအုတ်မြစ်က အရေးပါတယ်ဆိုပေမယ့် မို့ယွမ်က ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ တပည့်ပါ။ သူ့ရဲ့တကယ့် တိုက်ပွဲစွမ်းရည်ကို ထုတ်လိုက်တာနဲ့ ချီကြယ်ပွင့် တစ်သန်းလောက် ကွာတာက ဘာမှဖြစ်မှာ မဟုတ်တော့ဘူး။"
အခြားသော ချူးကလန်မှ အကြီးအကဲများမှာလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ အရေးကြီးပါသော်လည်း အသုံးပြုပုံမှာ ပို၍အရေးပါသည်။
ကောင်းကင်ထက်တွင် ရှိနေသော မို့ယွမ်၏ အမူအရာမှာ ခက်ထန်သွားရသည်။
"ချီကြယ်ပွင့် ရှစ်သန်း...."
"အံ့သြစရာပဲ။ မင်းသာ နတ်ဘုံခန်းဝါ မဟာအဆင့်ဆိုရင် ငါတောင်ပြန်ကြောက်ရလောက်တယ်။"
"ဒါပေမယ့် ချီစွမ်းအင်အခြေခံအုတ်မြစ်လေး ကောင်းနေရုံနဲ့တော့ ဘာမှလုပ်မရဘူး။"
ချီစွမ်းအင်အခြေခံအုတ်မြစ်အရာ၌ ဟွမ်းယွမ်ကောင်းကင်ဒေသ တစ်ခုလုံးတွင် ဇီရှောင်းနယ်မြေမှ စုယုဝေမှာ အကောင်းဆုံးဖြစ်ကြောင်း မို့ယွမ်မှ သိရှိထားသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ယင်းယန်ချီပင်လယ်အား ပိုင်ဆိုင်ထားသောကြောင့်ပင်။ ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသည်နှင့် အခြားသူများနှင့် မတူပဲ တစ်မူထူးခြားစွာ နတ်ဘုံခန်းဝါ ချီပင်လယ် ဆယ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။
စုယုဝေ၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူမထက် အဆင့်ပို့မြင့်သော ကျောက်မုရှန်နှင့် ဝူယောင်တို့ထက်ပင် သာလွန်သည်။
မည်သို့ပင်ဆိုစေကာမူ အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက ကျောက်မုရှန်နှင့် ဝူယောင်တို့၏ တိုက်ပွဲစွမ်းရည်မှာ စုယုဝေထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။
မို့ယွမ်မှာ လက်ဟန်အမျိုးမျိုး ပြောင်းလဲကာ ချီစွမ်းအင်များကို ထွက်ပေါ်စေလိုက်ပြီးနောက် မိုင်ရာကျော်မျှရှိသော လခြမ်းကြီးကို ဖြစ်ပေါ်စေလိုက်သည်။
ထိုလခြမ်းကြီးထံမှ တောက်ပနေသော လရောင်များမှာ သန့်စင်လွန်းသော ချီစွမ်းအင်များအဖြစ် မို့ယွမ်၏ခန္ဓာကိုယ်ပေါ် ကျရောက်စီးဆင်းသွားသည်။
"ဒါက ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် မူလစန္ဒာကျင့်စဉ်ပဲ။"
"ဒီကျင့်စဉ်က သုံးလိုက်တဲ့သူကို ချီစွမ်းအင်တွေ အဆက်မပြတ် ထောက်ပံ့ပေးနေလိမ့်မယ်။ ဒါနဲ့ဆို မို့ယွမ်ရဲ့ ချီစွမ်းအင်က ပိုပြီးကျစ်လစ်သွားမှာပဲ။"
မို့ယွမ်မှာ လက်သင်္ကေတများကို ထပ်မံပြောင်းလဲလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သောရှမ်းထျန်းယွမ်ကျင့်စဉ်..."
ပြင်းထန်လှသော ချီစွမ်းအင်များ ချက်ချင်းဆိုသလို စုဝေးသွားကာ ကြီးမားလှသော လူဝံကြီးတစ်ကောင်၏ပုံရိပ် ဖြစ်ပေါ်လာသည်။ ယခုပေါ်ပေါက်လာသော လူဝံမိစ္ဆာကြီးသည် ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ကို တိုက်ခိုက်စဉ်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ဆူပွက်နေသည်။
စောင့်ကြည့်နေသော လူများမှာ မို့ယွမ်၏ တိုက်ကွက်ထုတ်မှုအပေါ် အံ့အားသင့်နေမိကြသည်။ သူသည် အမှန်တကယ်ပင် ဟွမ်းယွမ်ကောင်းကင်ဒေသ၏ ပါရမီရှင် လူငယ်တစ်ဦးပင် ဖြစ်သည်။ ယနေ့တိုက်ပွဲ၌ သူအသုံးပြုနေသည်မှာ ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် နှစ်ခုပင် ရှိနေလေပြီ။
ထျန်းယွမ်နယ်မြေ၌ပင် အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်များမှာ ထိပ်တန်းအဆင့် ရှိသည်။ ရိကလန်နှင့် ချူးကလန်ကဲ့သို့ အင်အားကြီးမိသားစုကြီးများသည်ပင် အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် တစ်ခုစီသာ ပိုင်ဆိုင်ကြလေသည်။
"ငါ့ကို အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် နှစ်ခုတောင် ထုတ်သုံးရအောင် လုပ်နိုင်တယ်ဆိုတော့ ဒီနေ့ မင်းရှုံးပြီးရင်တောင် မင်းနာမည်ကို လူတွေသိသွားကြလိမ့်မယ်။"
အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် နှစ်ခုအား အသက်သွင်းလိုက်ပြီးနောက် မို့ယွမ်မှာ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော အဖျက်စွမ်းအင်များကို ကောင်းစွာခံစားနေမိသည်။ သူသည် မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား အရေးမပါသလို လှမ်း၍ကြည့်ရှုလိုက်သည်။
ယခုအခါတွင် ဇူယွမ်၏ ရှစ်သန်းမျှသော ချီကြယ်ပွင့်များကို အနည်းငယ်မျှပင် မကြောက်ရွံ့တော့ပေ။
ဇူယွမ်မှာ မို့ယွမ်အားကြည့်လျက် တောက်ပစွာ ပြုံးလိုက်သည်။
"ငါ့ကိုနာမည်ကြီးအောင် လုပ်ပေးလို့ ကျေးဇူးပဲ။"
မို့ယွမ်မှာ ကောင်းကင်တစ်ခွင် သိမ့်သိမ့်တုန်အောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီနေ့ မင်းဆက်ပြီး အသက်ရှင်နိုင်မလား ကြည့်ရသေးတာပေါ့။"