← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 56 Ch. 775

ပြင်းထန်သောတိုက်ပွဲ

Vol. 56 Ch. 775

ဝုန်း.....

ကောင်းကင်ထက်၌ လူဝံတစ်ကောင်၏ ဟိန်းဟောက်သံအား ကြားလိုက်ရပြီးနောက် မို့ယွမ်မှာ ဇူယွမ့်ထံ ပြေးဝင်လာတော့သည်။ မို့ယွမ်၏ ခန္ဓာကိုယ်အား လူဝံမိစ္ဆာကြီး၏ ပုံရိပ်က ကာကွယ်ပေးထားပြီး လက်ထဲတွင် ကိုင်ဆောင်ထားသော သံမဏိတင်းပုတ်ထံမှ ကြီးမားလှသော အဖျက်စွမ်းအင်များစွာ ထွက်ပေါ်နေလျက် ရှိသည်။

ရွှမ်ကျိုးမြို့တော်အတွင်းမှ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများမှာ မို့ယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်ကို တွေ့မြင်လိုက်ရသောအခါ ရှက်ရွံ့သော ခံစားချက်များကို ခါးသက်စွာ မြိုချလိုက်ကြရသည်။

ဝုန်း....

ဇူယွမ်မှာ ရှစ်သန်းမျှသော ချီကြယ်ပွင့်များကို လင်းလက်တောက်ပစေကာ ချီစွမ်းအင်များကို ကြမ်းတမ်းစွာ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

သူသည် ကောင်းကင်ဘုံယွမ်စုတ်တံအား ပုံရိပ်များစွာ ကွဲထွက်စေလျက် သံမဏိတင်းပုတ်နှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။

ဝုန်း.....

စွမ်းအင်လှိုင်းဂယက်များမှာ မုန်တိုင်းအလား အရပ်မျက်နှာအစုံသို့ ပျံ့နှံ့သွားသည်။

ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများကြောင့် ဇူယွမ်မှာ အနောက်သို့ ဆုတ်သွားရသည်။

"မင်းက ချီစွမ်းအင်အခြေခံအုတ်မြစ် ကောင်းရုံသက်သက်ပဲ ဆိုရင်တော့ ဒီနေ့သေဖို့ပဲရှိတယ်။"

မို့ယွမ်မှာ မထီမဲ့မြင် စကားဆိုလိုက်သည်။ ဇူယွမ်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ် ကောင်းမွန်ပါသော်လည်း သူသည် ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်များကို ရရှိထားသော ပါရမီရှင် တပည့်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ချီစွမ်းအင်အခြေခံအုတ်မြစ် ကွာခြားနေပါသော်လည်း အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် အကူအညီဖြင့် ဇူယွမ်အား အနိုင်ရရှိနိုင်ပေသည်။

ဝုန်း....

သံမဏိတင်းပုတ်မှာ ဇူယွမ်အား ပြင်းထန်စွာ ဖိနှိပ်ထားလျက် ရှိသည်။

မို့ယွမ်သည် ယခုအခြေအနေအား အမိအရ ဆုပ်ကိုင်ကာ ဇူယွမ်အပေါ် အနိုင်ယူလိုက်ရန် ဆုံးဖြတ်ထားသည်။

ဇူယွမ်မှာ အခြေအနေကို သုံးသပ်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "မင်းမှာပဲ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် ရှိတယ်ထင်နေလား။"

"ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်..."

ဇူယွမ်မှာ လက်ဟန်အမျိုးမျိုး ပြောင်းလဲလိုက်ပြီးနောက် တောက်ပနေသော အတောင်ပံတစ်စုံနှင့် ဆန်းကြယ်လှသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဇူယွမ့်ထံမှလည်း ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှာလည်း ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ပုံရိပ်များစွာအဖြစ် ပြောင်းလဲကာ သံမဏိတင်းပုတ်ပုံရိပ်များနှင့် တွေ့ဆုံသွားသည်။

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ စုတ်တံပုံရိပ်များမှ တင်းပုတ်ပုံရိပ်များကို တိုက်စားသွားသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ကြရသည်။

ဇူယွမ်မှာလည်း တစ်လက်မမျှပင် ရွေ့လျားသွားခြင်းမရှိပဲ ကောင်းကင်ထက်၌ တည်ငြိမ်စွာ ဆက်လက်ရှိနေလေသည်။

မို့ယွမ်မှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် ဇူယွမ်၏နောက်မှ တောက်ပနေသော အတောင်ပံများကို ကြည့်ရှုလိုက်မိသည်။ ၎င်းအတောင်ပံမှ ထွက်ပေါ်နေသော စွမ်းအင်များသည် သူ၏လူဝံမိစ္ဆာထက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိ။

ဇူယွမ်အသုံးပြုသွားသည်မှာ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်ပင် ဖြစ်သည်။

"ဒီကောင်ရဲ့ ဇစ်မြစ်ကဘာလဲ။"

မို့ယွမ်မှာ ထိုမေးခွန်းအား ထပ်တလဲလဲ တွေးတောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ခဏအတွင်းမှာပင် အတွေးစများကို ဖြတ်တောက်လိုက်ပြီးနောက် တန်ပြန်တိုက်ခိုက်တော့သည်။

နတ်ဘုံခန်းဝါ မဟာအဆင့်ရှိသောသူသည် ဇူယွမ်အား အနိုင်မရနိုင်ဟု မယုံကြည်ပေ။

ဇူယွမ်မှာလည်း အနည်းငယ်မျှပင် တွေဝေခြင်းမရှိဟန်ဖြင့် ဆက်လက်တိုက်ခိုက်နေသည်။ ၎င်းတို့နှစ်ဦး၏ တိုက်ကွက်များမှာ လျှပ်စီးအလား လျင်မြန်လွန်းလှပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်နေသည်။

ဤသို့ဖြင့် တိုတောင်းလှသော အချိန်အတွင်းမှာပင် အကြိမ်ရေ ရာနှင့်ချီ၍ တိုက်ခိုက်ပြီးကြလေပြီ။

မည်သူကမှ အလျှော့ပေးလိုဟန် မရှိကြပဲ အသေအကြေ တိုက်ခိုက်နေကြခြင်းကြောင့် တိုက်ပွဲမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။

ရိကလန်ဘက်မှ စောင့်ကြည့်နေကြသူများ၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ဇူယွမ်မှာ ၎င်းတို့အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။

ရိချင်းကျီမှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ "ဇူယွမ်က မို့ယွမ်ကို ယှဉ်တိုက်နိုင်တာ တကယ်ကို သာမန်မဟုတ်ဘူး။"

မို့ယွမ်မှာ စွမ်းအင်အကုန်အစင် ထုတ်သုံးပြီးတိုင်အောင် ဇူယွမ်အား အသာစီး မရနိုင်သေးချေ။

မြွေနဂါးနှင့် လူဝံမိစ္ဆာတို့၏ တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်နေလေသည်။

"သူနိုင်နိုင်လားဟင်။" လျိုမင်မှ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

လျိုထျန်းရင်မှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "သေချာတော့ မပြောတက်ဘူး။ မို့ယွမ်ကလည်း တိုက်ဖို့လွယ်တဲ့သူ မဟုတ်ဘူး။"

ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်ပါသော်လည်း ထျန်းယွမ်နယ်မြေအတွင်း မို့ယွမ်မှာ ဂုဏ်သတင်း ကျော်ကြားလှသူ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံနေမင်းအဆင့်ရှိသည့် လျိုထျန်းရင်တို့သည်ပင် ဇူယွမ်နှင့် မို့ယွမ်တို့၏ တိုက်ပွဲ အနိုင်အရှုံးကို မခန့်မှန်းနိုင် ဖြစ်နေကြရသည်။

"မို့ယွမ်က အဆင့်ခုနစ်သားရဲ ကောင်းကင်ဘုံလူဝံမိစ္ဆာရဲ့ သွေးအဆီအနှစ်တွေကို သန့်စင်ထားတယ်လို့ ကြားတယ်။ အဲ့သွေးအဆီအနှစ်ကို အသွေးအသားနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် တိုက်ပွဲစွမ်းရည်က အများကြီး တိုးတက်လာလိမ့်မယ်။ အဲ့အခါကြရင် မို့ယွမ်ကိုယ်တိုင် လူဝံမိစ္ဆာကြီးတစ်ကောင်လို ကြောက်စရာကောင်းသွားမှာ။" ရိချင်းကျီမှ ပြောလိုက်သည်။ "အဲ့ဒါ သူ့ရဲ့အကောင်းဆုံး ဝှက်ဖဲပဲ။"

"ကောင်းကင်ဘုံလူဝံမိစ္ဆာရဲ့ သွေးအဆီအနှစ်လား။" လျိုမင်မှာ အံ့အားသင့်သွားရသည်။ အဆင့်ခုနစ်သားရဲများသည် ရင်းမြစ်အခြေတည်အဆင့်မျှ ကြောက်မက်ဖွယ်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။

သူမ ကောင်းကင်ထက်သို့ စိုးရိမ်ပူပန်စွာဖြင့် မော့ကြည့်လိုက်သည်။

ဇူယွမ်ရှုံးနိမ့်သွားခဲ့ပါက ရိကလန်မှာ အုပ်စိုးသူသခင်နေရာကို လက်လွှတ်လိုက်ရပေလိမ့်မည်။

ချူးကလန်ဘက်မှ လူများမှာလည်း စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ကောင်းကင်အား ကြည့်ရှုလိုက်သည်။ ကလန်ခေါင်းဆောင်ဖြစ်သူ ချူးလုံ၏ အမူအရာသည်ပင် လေးနက်ခက်ထန်နေလျက် ရှိသည်။ ဇူယွမ်သည် မို့ယွမ်အား ယခုလောက်ထိ ခုခံနိုင်လိမ့်မည်ဟု ၎င်းတို့မထင်မှတ်ထားခဲ့ပေ။

"ဘာပဲဖြစ်ဖြစ် မို့ယွမ်ကို အထင်သေးလို့ရတဲ့ လူမဟုတ်ဘူး။" ချူးလုံမှ ရေရွတ်လိုက်သည်။

ဝုန်း.....

လူအားလုံး၏ အာရုံစိုက်မှုများနှင့်အတူ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပေါ်နေလျက် ရှိသည်။

တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသကဲ့သို့ မို့ယွမ်၏ တိုက်ခိုက်မှုများမှာလည်း ပိုမိုရက်စက်ကြမ်းကြုတ်လာကြောင်း ဇူယွမ်မှ သတိပြုမိသည်။ သူသည် မျက်မှောင်ကျုံ့ကာ လှမ်းကြည့်လိုက်သောအခါတွင် မို့ယွမ်၏ မျက်ဝန်းများ နီရဲနေသည်ကို တွေ့ရှိလိုက်ရသည်။

မို့ယွမ်၏ပုံစံမှာ အလွန်အမင်း ဒေါသထွက်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။

"ဝေါင်း...."

မို့ယွမ်မှာ လူဝံတစ်ကောင်အလား အော်ဟစ်လိုက်ပြီးနောက် မျက်ဝန်းများမှာ ပြီးပြည့်စုံသော သွေးနီရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

"သေလိုက်တော့...." မို့ယွမ်မှာ သံမဏိတင်းပုတ်အား လွှဲရမ်းကာ ဇူယွမ့်ထံ ချိန်ရွယ်ရိုက်ခတ်လိုက်သည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လျက် ချက်ချင်းဆိုသလို ပိုက်ကွန်တစ်ခုအား ပြုလုပ်လိုက်သည်။

ဝုန်း......

သံမဏိတင်းပုတ်မှာ ပိုက်ကွန်အား တိုးဝင်ဖျက်စီးလိုက်ပြီးနောက် ဇူယွမ့်ထံ ဆက်လက်ပျံဝဲသွားသည်။

ချလန်း.....

ကျယ်လောင်လှသော အသံနှင့်အတူ ဇူယွမ်မှာ အဝေးသို့ လွင့်စင်သွားရသည်။

ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးတွင် အာမေဋိတ်သံများ အစီအရီ ပေါ်ထွက်လာသည်။

"ဇူယွမ်...." ရိချိုးရွှယ်မှ ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

မို့ယွမ်၏ မျက်ဝန်းများမှာ နီရဲနေလျက် ရှိသည်။ သူသည် ဇူယွမ်၏နောက်သို့ ရွေ့လျားသွားပြီးနောက် ခပ်ဖွဖွပြုံးကာ သံမဏိတင်းပုတ်အား ဆင့်ခေါ်လိုက်သည်။

ဝုန်း.....

သူသည် တောင်တစ်လုံးကို ဖြိုတော့မည့်အလား အားပြင်းစွာဖြင့် သံမဏိတင်းပုတ်အား လွှဲရမ်းကာ ဇူယွမ့်ကို ရိုက်ခတ်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ဇူယွမ်၏ လက်ဝါးထက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ယင်းအလင်းတန်းမှာ လက်သီးအရွယ်ခန့်ရှိသည် စွမ်းအင်စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"မိစ္ဆာသတ်ဓားစက်ဝန်း....."

ဇူယွမ်မှာ ဓားစက်ဝန်းတစ်ခုအား ထွက်ပေါ်စေလိုက်သည်။ ၎င်းဓားစက်ဝန်းထံနှ ဓားဟိန်းသံသဲ့သဲ့နှင့်အတူ ထက်ရှလှသော ဓားချီများ ဖြစ်ပေါ်လာကာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

သူ၏မျက်ဝန်းများမှာ ဓားအလင်းတန်းများကဲ့သို့ အေးစက်ခက်ထန်နေလျက် ရှိသည်။

"သေလိုက်တော့။"

"ငါနဲ့ယှဉ်ချရဲမလား ကြည့်ရသေးတာပေါ့။"

မို့ယွမ်မှာလည်း အနည်းငယ်မျှ ကြောက်ရွံ့နေဟန် မရှိပေ။

သံမဏိတင်းပုတ်မှာ ဇူယွမ်နှင့် နီးကပ်လာပါသော်လည်း သူသည် အနည်းငယ်မျှပင် တွေဝေနေခြင်းမရှိပဲ ဓားစက်ဝန်းဖြင့် ပစ်လိုက်သည်။

နှစ်ဦးနှစ်ဖက်လုံး၏ တိုက်ကွက်များမှာ ရက်စက်ကြမ်းတမ်းလွန်းလှသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သံမဏိတင်းပုတ်မှာ ဇူယွမ်အား ရိုက်ခတ်မိသွားသကဲ့သို့ ဓားစက်ဝန်းမှာလည်း မို့ယွမ်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။

တိုက်ပွဲမှာ အသက်များကို လောင်းကြေးထပ်ထားရသော အခြေအနေသို့ ရောက်ရှိလာခဲ့ပြီပင် ဖြစ်လေတော့သတည်း.....

All Chapters