မိုးပြာရောင်မြွေနဂါး
Vol. 56 Ch. 776
ဝုန်း....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ပုံရိပ်နှစ်ခုမှာ အသေအကြေ တိုက်ခိုက်နေလျက် ရှိကြသည်။
တင်းပုတ်နှင့် ဓားစက်ဝန်းတို့မှာ ဇူယွမ်နှင့် မို့ယွမ်တို့၏ ရင်ဘတ်အား တစ်ချိန်တည်းမှာပင် ထိုးဖောက်ဝင်ရောက်သွားလေသည်။
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကလည်း ချက်ချင်းဆိုသလို ရွှမ်ကျိုးမြို့တော်အား ပျံ့နှံ့လွှမ်းခြုံသွားသည်။
ဘန်း....
ပုံရိပ်နှစ်ခုလုံးမှာ အဝေးသို့ လွင့်စင်သွားပြီးနောက် ကျောက်တုံးကျောက်ဆောင်များနှင့် ရိုက်ခတ်မိကာ မြေပြင်ပေါ်၌ ချိုင့်ဝှမ်းနှစ်ခု ဖြစ်ပေါ်သွားရသည်။
ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးသည်ပင် ငလျင်လှုပ်သည့်အလား တုန်ခါသွားရသည်။
စောင့်ကြည့်နေသော လူများမှာ ကြောက်ရွံ့စွာဖြင့် တံထွေးများကိုသာ အထပ်ထပ်အခါခါ မြိုချနေမိကြသည်။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများဆိုလျှင် တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် ခေါင်းများပင် ကိုက်လာကြရသည်။ ၎င်းတို့သာဆိုလျှင် ယခုကဲ့သို့ အခြေအနေမျိုး၌ ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။
ဤသို့ဖြင့် လူများအားလုံးမှာ မျက်တောင်ပင်မခတ်နိုင်ပဲ ရင်တလှပ်လှပ်ဖြင့် တိုက်ပွဲအား စောင့်ကြည့်နေမိကြသည်။
ရိချိုးရွှယ်မှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဖုန်မှုန့်များ စတင်ပါးလွှာလာပြီးနောက် အက်ကွဲကြောင်းတစ်ခုအတွင်းမှ ပုံရိပ်တစ်ခု စင်မြင့်ပေါ်သို့ ကုပ်တွယ်တက်လာသည်။ ထိုသည်မှာ မို့ယွမ်ပင် ဖြစ်သည်။
သူ၏ ရင်ဘတ်မှစ၍ ဝမ်းဗိုက်နေရာထိ ကြီးမားလှသော ဒဏ်ရာကြီးတစ်ခု ရှိနေလေသည်။
သွေးများမှာလည်း အဆက်မပြတ် စီးကျနေသည်။
မို့ယွမ်မှာ ရင်ဘတ်တလျှောက် သွေးများစီးကျနေသည်ကို ငုံ့ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ၌ ကြောက်ရွံ့မှု အငွေ့အသက်များ ဖြတ်ပြေးသွားသည်။ ဇူယွမ်၏ တိုက်ခိုက်မှုမှာ အမှန်တကယ် ပြင်းထန်လွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ မို့ယွမ်မှာ အဆုံးသတ်ထိ ခံနိုင်ရည်ရှိခဲ့လေသည်။
သူသည် မထီမဲ့မြင်ပြုစွာဖြင့် ပြက်ရယ်ပြုလိုက်သည်။ "ရူးလိုက်တဲ့ကောင်....ငါ့ကိုနိုင်မယ်များ ထင်နေလား။"
ထိုစကားသံနှင့်အတူ မို့ယွမ်၏ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်ပျောက်ကင်းလာသည်။ သို့သော် ရင်ဘတ်ပေါ်ရှိ ဒဏ်ရာတဝိုက် ဓားချီများ ကျန်ရစ်နေသောကြောင့် ဒဏ်ရာအား ဆက်လက်ဆွဲဖြဲနေသလိုဖြစ်ကာ အတော်နာကျင်နေရသည်။
ဤသို့ဖြင့် အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ဒဏ်ရာများမှာ အကုန်အစင်နီးပါးမျှ ပျောက်ကင်းသွားတော့သည်။
ရိချိုးရွှယ် အပါအဝင် ရိကလန်မှ လူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
"မို့ယွမ်က လူဝံမိစ္ဆာရဲ့ သွေးအဆီအနှစ်ကို သန့်စင်ထားတာဆိုတော့ ခန္ဓာကိုယ်က အရမ်းခံနိုင်ရည်ကောင်းတဲ့အပြင် ဒဏ်ရာတွေ ပျောက်တာလည်းမြန်တယ်။ သူက အသားနာမှာလောက်ကို ဘယ်ကြောက်ပါ့မလဲ။" ရိချိုးရွှယ်မှ အံကြိတ်ကာ ပြောလိုက်သည်။ မို့ယွမ်သည် ယခုအချိန်ထိ တိုက်ပွဲအား ထိန်းထားနိုင်ဆဲဖြစ်ပြီး အစောပိုင်းက ဇူယွမ်၏ အစစ်အမှန် တိုက်ပွဲစွမ်းရည်အား သိရှိလိုသောကြောင့်သာ စမ်းသပ်ခဲ့ဟန် ရှိသည်။
"ဇူယွမ်က အများကြီး နစ်နာတာပေါ့။ မျှမှမမျှတာ။"
စောင့်ကြည့်နေသော လူများမှာလည်း ဇူယွမ်သည် မို့ယွမ်၏ လှည့်စားခြင်းအား ခံလိုက်ရပြီဟု ယူဆလိုက်ကြသည်။
တစ်ဖက်တွင်မူ ချူးကလန်မှ လူများမှာ အလွန်ကျေနပ်အားရနေကြသည်။ ချူးလုံမှာလည်း သဘောကျစွာ ပြုံးရယ်ရင်းဖြင့် စကားဆိုလိုက်သည်။ "မို့ယွမ်က တကယ်တော်တာပဲ။ ဒီအတိုင်းဆို ဇူယွမ်တောင့်ခံနိုင်ရင်တောင်မှ ခန္ဓာကိုယ်ကတော့ ထက်ပိုင်းပြတ်သွားလောက်တယ်။ ဆက်တိုက်ဖို့ အားရှိတော့မှာ မဟုတ်ဘူး။"
"ဒီပွဲကို ငါတို့ချူးကလန်က နိုင်နေပါပြီကွာ....ဟားဟား..."
ချူးကလန်မှလူများမှာ ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
ဤသို့ဖြင့် တိုက်ပွဲစင်မြင့်ပေါ်ရှိ ဖုန်လုံးများ လေနှင့်အတူ လွင့်မြောသွားပြီး မြင်ကွင်းမှာ စတင်သဲကွဲလာလေပြီ။ သို့သော် လှုပ်ရှားမှု တစ်စုံတစ်ရာအား တွေ့ရှိရခြင်း မရှိပေ။
"ဇူယွမ် သေသွားပြီလား။" စောင့်ကြည့်နေသူများထံမှ တီတိုးစကားသံများ ထွက်ပေါ်လာသည်။
မို့ယွမ်၏ မျက်ဝန်းများ၌ ကျေနပ်အားရမှု အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ သူသည် တင်းပုတ်အပေါ် ယုံကြည်ချက်ရှိသည့်အပြင် ဇူယွမ်မှာ တိုက်ခိုက်မှုအား ရှောင်လွှဲခြင်း မပြုခဲ့ပေ။ ထို့ကြောင့် တိုက်ခိုက်မှုမှာ အလုံးစုံ အောင်မြင်ခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ငါ့ကိုဒီလောက်ထိ ဖိအားပေးနိုင်တာ မဆိုးပါဘူး။" မို့ယွမ်မှ အေးစက်စွာ စကားဆိုလိုက်သည်။ သို့သော် ထိုအချိန်မှာပင် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဟုတ်လား..."
လူတိုင်းမှာ အက်ကွဲကြောင်း ချိုင့်ဝှမ်းအတွင်းမှ ထလာသော ပုံရိပ်တစ်ခုကို အံ့အားသင့်စွာ မြင်တွေ့လိုက်ကြရသည်။
ထိုသည်မှာ ဇူယွမ်ပင် ဖြစ်သည်။
သူ၏အဝတ်အစားများ ဆုတ်ပြဲနေပြီး ခန္ဓာကိုယ် အပေါ်ပိုင်း တစ်ခုလုံးကို မြင်တွေ့နေရပါသော်လည်း ထူးဆန်းလှစွာ ခြစ်ရာတစ်ခုမျှပင် ရှိမနေပေ။
မို့ယွမ်၏ တိုက်ခိုက်မှုမှာ ဇူယွမ့်အပေါ် အနည်းငယ်မျှပင် မထိခိုက်စေခဲ့သည့်အလား အကောင်းပကတိအတိုင်း ဖြစ်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
မို့ယွမ်၏ အမူအရာ ပြောင်းလဲသွားရသည်။
သူသည် စွမ်းအင်အပြည့်အဝအား အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းချက်အရ နတ်ဘုံခန်းဝါ မဟာအဆင့် ရှိသူများကိုပင် ဆိုးရွားစွာ ထိခိုက်သွားစေနိုင်လောက်သည်။
"တကယ်တော့ မင်းရဲ့တင်းပုတ်က တော်တော်နာတာပဲ။"
ဇူယွမ်မှာ မိုးပြာရောင် ကြေးခွံများ ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။
ထိုကြေးခွံများကြောင့် ဇူယွမ်မှာ မိုးပြာရောင်နဂါးတစ်ကောင်ဟုပင် ထင်မှတ်ရသည်။
၎င်းကြေးခွံများနှင့် ဆန်းကြယ်သောခန္ဓာကျင့်စဉ် ရှိနေခြင်းကြောင့်သာ ဇူယွမ်မှာ မို့ယွမ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။
"ဒါပေမယ့် နာရုံလေးပါပဲ။"
ဇူယွမ်မှာ မျက်ဝန်းများကိုပိတ်လျက် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ခမ်းနားလှသည့် စွမ်းအင်များကို ခံစားလိုက်သည်။
ထိုသည်မှာ ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါး၏ စွမ်းအင်များပင်။
ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီသည် စပါးအုံးဘုရင်ချီထက် အဆပေါင်းများစွာ သာလွန်သည်။
မို့ယွမ်မှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်သည်။ အကြောင်းအရင်းကို မသိရပါသော်လည်း သူ၏လူဝံမိစ္ဆာချီများသည် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ရုတ်ချည်းဆိုသလို အေးခဲသွားသည်ကို ခံစားလိုက်မိသည်။
ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် မျက်ဝန်းများကို ပြန်လည်ဖွင့်ဟလိုက်သည်။
သူသည် အမဲလိုက်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သောကြောင့် လေထုသည်ပင် တုန်လှုပ်သွားရသည်။
ဝုန်း.....
ဇူယွမ်မှာ တစ္ဆေတစ်ကောင်အလား အလွန်လျင်မြန်လှသောအရှိန်ဖြင့် မို့ယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။
ထိုသို့ပျံသန်းနေစဉ် အသက်ရှုချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် မိုးပြာရောင် နဂါးကြေးခွံများ ပိုမိုများပြားလာကာ သူ၏ညာဖက်လက်မောင်းမှာ ပို၍ကြီးမားလာသည်။
"ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီ....မိုးပြာရောင်မြွေနဂါး..."
ဝေါင်း.....
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
ပတ်ဝန်းကျင်ရှိ စကြာဝဠာချီစွမ်းအင်လှိုင်းများလည်း တုန်ခါသွားလေသည်။
ဇူယွမ်မှာ မို့ယွမ်ရှေ့သို့ ဖျတ်ခနဲဆိုသလို ရောက်ရှိလာပြီးနောက် လက်ချောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြင်းထန်စွာ ထိုးချလိုက်သည်။
ကြမ်းတမ်းလှသော ထိုးနှက်ချက်ကြောင့် လေထုသည်ပင် ပေါက်ကွဲသွားရသည်။
ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများကို ရုတ်ချည်းခံစားလိုက်ရသောကြောင့် မို့ယွမ်၏စိတ်အစုံ တုန်လှုပ်သွားရသည်။
ဤထိုးနှက်ချက်ကိုသာ ခံလိုက်ရပါက ရှုံးနိမ့်သွားတော့မည်ဖြစ်ကြောင်းကိုလည်း အလိုအလျောက် နားလည်သွားမိသည်။
သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်ဖြစ်နေသောကြောင့် မို့ယွမ်မှာ အနည်းငယ်မျှပင် တွေဝေမနေရဲတော့ပဲ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ချက်ချင်းဆိုသလို မည်းနက်နေသော အမွှေးရှည်များ ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာကာ လူဝံကြီးတစ်ကောင်အသွင် ဖြစ်သွားလေသည်။
မို့ယွမ်၏ မျက်ဝန်းများမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲနေလျက် ရှိသည်။
ဝုန်း....
သူသည် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် မိုးပြာရောင်ကြေးခွံများ ဖုံးအုပ်ထားသော ဇူယွမ်၏လက်သီးကို ထိုးချလိုက်တော့သည်။
ဝုန်း....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ တစ်မုဟုတ်ချင်း ထွက်ပေါ်လာသည်နှင့်အတူ တိုက်ပွဲစင်မြင့်မှာလည်း ပြိုကျအက်ကွဲကုန်ရသည်။
စောင့်ကြည့်နေသော လူများမှာ မျက်တောင်ပင်မခတ်ရဲလောက်အောင် စိတ်လှုပ်ရှားနေကြသည်။
ယခုအချိန်သည် နောက်ဆုံးတိုက်ပွဲပင် ဖြစ်သည်။
စွမ်းအင်နှစ်ခု ဆန့်ကျင်တွန်းကန်နေသည်မှာ အသက်ရှုချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် မို့ယွမ်၏လက်တစ်ဖက် ပြတ်ထွက်သွားသည်ကို အားလုံးမှ မြင်တွေ့လိုက်ကြရသည်။
ပန်းထွက်လာသော သွေးများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
မို့ယွမ်မှာလည်း အဝေးသို့ လွင့်စင်သွားရကာ ရွှမ်ကျိုးမြို့တော်တလျှောက် အဆောက်အဦးများစွာဖြင့် ရိုက်ခတ်မိကုန်သည်။ ရွှမ်ကျိုးမြို့တော် တစ်ခုလုံးမှာ ပြိုကျနေသော အဆောက်အဦးများဖြင့် ရှုမြင်မကောင်း ဖြစ်သွားရသည်။
မို့ယွမ်မှာလည်း အပျက်အစီးများကြား နစ်မြုပ်သွားရလေသည်။
ဇူယွမ်မှာမူ တစ်လက်မမျှပင် ရွေ့လျားသွားခြင်းမရှိပဲ တိုက်ပွဲစင်မြင့်ပေါ်၌ မိုးပြာရောင်နဂါးတစ်ကောင်အလား တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။
အဆောက်အဦး ပြိုကျသံများ အဆက်မပြတ် ကြားနေရပါသော်လည်း ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံး၌ အာမေဋိတ်သံမျှပင် မကြားရလောက်အောင် စကားသံများ တိတ်ဆိတ်နေလေသည်။
ယခုတိုက်ပွဲတွင် မို့ယွမ် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း အားလုံးမှ မယုံကြည်နိုင်စွာ လက်ခံလိုက်ကြရလေတော့သတည်း.....