← Chapters

ခြိမ်းခြောက်ခြင်း

Vol. 56 Ch. 777

ခြိမ်းခြောက်ခြင်း

Vol. 56 Ch. 777

ရွှမ်ကျိုးမြို့တော်တလျှောက် ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာသော အက်ကွဲကြောင်းများမှာ မိန်းမလှလေး၏ မျက်နှာပေါ်မှ အမာရွတ်ကဲ့သို့ ကြည့်ရဆိုးလှသည်။

မည်သို့ပင်ဆိုစေကာမူ ရွှမ်ကျိုးမြို့တော်မှလူများမှာ ထိုမြေအက်ကွဲကြောင်းများကို ဂရုပင်မထားသည့်အလား အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ထိုအက်ကွဲကြောင်းအဆုံးတွင် ပြိုကျနေသော အဆောက်အဦး တစ်ခုရှိနေပြီး မို့ယွမ်၏ လှုပ်ရှားမှုတစ်ခုမျှပင် မတွေ့မြင်ရပေ။

မို့ယွမ်မှာ အမှန်တကယ် ရှုံးနိမ့်သွားလေပြီ။

စောင့်ကြည့်နေသူများမှာ ၎င်းတို့မျက်စိရှေ့၌ပင် မို့ယွမ် ရှုံးနိမ့်သွားရသည်ကို မယုံကြည်နိုင် ဖြစ်နေကြရသည်။

ထို့အပြင် ပို၍အံ့အားသင့်စရာကောင်းသည်မှာ အနိုင်ရသွားသူသည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသော လူငယ်လေးတစ်ဦး ဖြစ်နေခြင်းပင်။

"မို့ယွမ်ရှုံးသွားတာ မယုံနိုင်ဘူး။"

ရိချင်းကျီနှင့် လျိုထျန်းရင် အပါအဝင် ရိကလန်မှလူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။

လူငယ်လေးများဆိုလျှင် မျက်စိအပြူးသားဖြင့် တံထွေးများကိုသာ နာနာမြိုချနေမိကြသည်။

ကြည့်ရှုလိုက်ရသော တိုက်ပွဲမြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ယနေ့တိုက်ပွဲသတင်းသည် ထျန်းယွမ်နယ်မြေ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေပေလိမ့်မည်။

ရိကလန်မှ လူများအားလုံးမှာ ဇူယွမ့်အပေါ် လေးစားရိုသေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ အချို့ဆိုလျှင် ယခင်က လှောင်ပြောင်မိခဲ့ခြင်းမျာစအပေါ် ရှက်ရွံ့လွန်းသဖြင့် တွင်းတစ်တွင်းတူးကာ ခုန်ချသတ်သေချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိသည်။

လျိုမင်မှာလည်း မည်သည့်စကားမှ မပြောနိုင်လောက်အောင် အံ့အားသင့်နေရသည်။ သူမသည် အကိုဖြစ်သူကိုသာ အမြဲတစေ ချီးကျူးလာခဲ့ပါသော်လည်း ဇူယွမ်မှာ သူမအကိုထက် အဆပေါင်းများစွာ သာလွန်သည်ကို လက်ခံရတော့မည်ပင်။

သူမခါးသက်စွာ ရေရွတ်လိုက်မိသည်။ "ဒီငကြောင်ကောင်က တကယ်အံ့သြစရာပဲ။"

လျိုမင်မှာ ယခင်ပြောခဲ့မိသော စကားများအတွက် ရှက်ရွံ့နေမိသည်။

"ချိုးရွှယ်က တကယ်အမြင်ရှိတာပဲ။" ရိချင်းကျီမှာ ကူကယ်ရာမဲ့စွာဖြင့် ချီးကျူးလိုက်သည်။

ရိချိုးရွှယ်၏ ဆုံးဖြတ်ချက်အပေါ် ၎င်းတို့အားလုံး မကျေမနပ် ဖြစ်ခဲ့ကြရပါသော်လည်း အဆုံးသတ်တွင်မူ အမှန်တရားမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဇူယွမ်သာ မပါလာခဲ့ပါက ယနေ့အုပ်စိုးသူသခင်တိုက်ပွဲတွင် ရိကလန်အနေဖြင့် အနိုင်ရစရာ အကြောင်းမရှိပေ။

တိုက်ပွဲရလဒ်မှာ ဆိုးရွာစွာ ပြောင်းလဲသွားနိုင်ပေသည်။

ရိချိုးရွှယ်မှာ တောက်ပနေသော မျက်ဝန်းအစုံဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေမိသည်။ သူမသည်လည်း တိုက်ပွဲရလဒ်မှာ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ပထမ၌ ဇူယွမ်သည် သာမန်နတ်ဘုံခန်းဝါ မဟာအဆင့် ရှိသူများနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု တွေးထင်မိခဲ့သောကြောင့်သာ အနည်းငယ် မျှော်လင့်မိခဲ့ခြင်း ဖြစ်သည်။

ယခုတွင်မူ ဇူယွမ်မှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေလေသည်။

ရိချိုးရွှယ်မှာ စိတ်လိုလက်ရ ပြုံးလိုက်သောကြောင့် သူမ၏မျက်နှာလေးမှာ ပိုမိုလှပသွားရသည်။

ရိကလန်မှာ ပျော်ရွှင်နေပါသော်လည်း ချူးကလန်ဘက်တွင်မူ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အထူးသဖြင့် ချူးလုံ၏ မျက်ဝန်းများမှာ ခက်ထန်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ပြည့်နှက်နေလျက် ရှိသည်။

၎င်းတို့အားလုံးမှာ တိုက်ပွဲရလဒ်အပေါ် လက်မခံနိုင် ဖြစ်နေကြရသည်။

ချူးကလန်အနေဖြင့် အုပ်စိုးသူသခင်နေရာအား ရရှိနိုင်ရန် နှစ်ပေါင်းများစွာ စီစဉ်ထားခဲ့ရပြီး ယနေ့တိုက်ပွဲအတွက် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် ပါဝင်သော ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ မို့ယွမ်ကိုပင် တန်ကြေးကြီးစွာပေး၍ ငှားရမ်းထားခဲ့ရသည်။

၎င်းတို့မှာ နိုင်ပွဲအတွက် အပြည့်အဝ ယုံကြည်စိတ်ချရသည်အထိ အစစအရာရာ ပြင်ဆင်ထားခဲ့သည်။

သို့သော် ဇစ်မြစ်ပင် မသိရသော လူငယ်လေးတစ်ဦးမှ ၎င်းတို့၏ အကြံအစည်များအားလုံးကို တစ်စစီ ဖျက်စီးသွားခဲ့လေသည်။

"ဒီကောင်စုတ်လေးကတော့...." ချူးလုံ၏ မျက်ဝန်းများမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေသည်။

အမျက်ဒေါသများအပြင် ချူးလုံမှာ ဇူယွမ်အား အနည်းငယ်လည်း ကြောက်ရွံ့နေမိသည်။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်မျှဖြင့် ထိုမျှကြောက်မက်ဖွယ်ကောင်းနေလျှင် ကောင်းကင်ဘုံနေမင်းအဆင့်သို့ ရောက်လာချိန်၌ ကိုင်တွယ်၍ပင် ရတော့မည်မဟုတ်ပေ။

ယခုအချိန်တွင် ချူးကလန်မှာ ဇူယွမ်နှင့် ရန်သူများ ဖြစ်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်သာ ကောင်းကင်ဘုံနေမင်းအဆင့် ရောက်ရှိသွားခဲ့ပါက ချူးကလန်၏ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်ရပေတော့မည်။

ချူးလုံမှ အေးစက်စွာ အော်ဟစ်လိုက်သည်။ "ဒီကောင့်ကို ဆက်ပြီးအရှင်ထားလို့ မရဘူး။"

သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထုအတွင်း ပျံ့နှံ့နေလျက် ရှိသည်။

ထိုစကားနှင့်အတူ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ မိုင်ရာကျော်မျှရှိသော နေလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"အဟက်....တော်တော်အတင့်ရဲတဲ့ကောင်..."

"မို့ယွမ်က ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ တပည့်ပဲ။ မင်းသူ့လက်မောင်းကို ဖြတ်ရဲတယ်ပေါ့။ ရတယ်လေ...ငါမင်းကိုဖမ်းပြီး ကျင်ရှန်းကောင်းကင်ဂိုဏ်းဆီ ပို့ပစ်မယ်။"

ချူးလုံ၏ စကားသံမှာ ရွှမ်ကျိုးမြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ အမည်အား ကြားလိုက်ရသဖြင့် လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။ ကျင်ရှန်းကောင်းကင်ဂိုဏ်းသည် ထျန်းယွမ်နယ်မြေအတွင်း ကျော်ကြားသော ဂိုဏ်းတစ်ခုဖြစ်သဖြင့် မည်သူကမှ အပြစ်မပြုရဲကြပေ။

ဝုန်း...

ချူးလုံမှာ ချီလက်ဝါးကြီးတစ်ခုအား ဖန်တီးလျက် ဇူယွမ်အား ဖမ်းဆီးရန် ပြင်ဆင်လိုက်သည်။

ထိုချီလက်ဝါးကြီးအား ပူလောင်လွန်းသော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားလေသည်။ ၎င်းမှာ ကောင်းကင်ဘုံနေမင်းအဆင့်သို့ ရောက်ရှိမှသာ ရရှိနိုင်သော ကောင်းကင်ဘုံနေမင်းချီပင် ဖြစ်သည်။ ယင်းချီစွမ်းအင်သည် နေမင်းတစ်စင်းကဲ့သို့ အလွန်ပူလောင်လွန်းလှပြီး တောင်တန်းများနှင့် ပင်လယ်များကိုပါ လောင်ကျွမ်းစေနိုင်သည်။

ချူးလုံ၏တိုက်ခိုက်မှုမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူသည် အနည်းငယ်မျှပင် တွန့်ဆုတ်နေဟန် မရှိပေ။

ရုတ်တရက် တိုက်ခိုက်မှုကြောင့် စောင့်ကြည့်နေသော လူများအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ ဇူယွမ်သည်ပင် ခေတ္တမျှ အံ့အားသင့်သွားရပြီးနောက် တစ္ဆေတစ်ကောင်အလား လျင်မြန်စွာဖြင့် ချူးလင်၏ဘေးသို့ သွားလိုက်သည်။

ချူးလင်မှာ ကြောက်ရွံ့ထိတ်လန့်နေဟန်ဖြင့် အလျင်အမြန် နောက်သို့ဆုတ်လိုက်သည်။

သို့သော် ဇူယွမ်မှာ ချူးလင်၏ လည်မြိုအစုံကို ဖမ်းဆုပ်ထားလိုက်သည်။ "အဖိုးကြီး ချူးလုံ....ခင်ဗျားသားကို သေစေချင်တယ်ဆို လာခဲ့လိုက်။"

ချီလက်ဝါးကြီးမှာ လေထုထဲတွင် ရပ်တန့်သွားရသည်။

ချူးလုံမှ အလိုမကျဟန်ဖြင့် အော်ဟစ်လိုက်သည်။ "ကောင်စုတ်လေး....ငါ့သားကို လွှတ်လိုက်စမ်း။"

"ချူးလုံ.....မင်းဘာလုပ်တာလဲ..."

ရိချင်းကျီမှာ အသိစိတ် ပြန်ဝင်လာပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ကောင်းကင်ထက်တွင် ရှိနေသော ချီလက်ဝါးကြီးကို ဖျက်စီးပစ်လိုက်သည်။

လျိုထျန်းရင်မှာလည်း လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်သည်။ "ချူးလုံ...ချူးလုံ...မင်းက ချူးကလန်ရဲ့ ခေါင်းဆောင်ဖြစ်နေပါရက်နဲ့ မင်းထက်ကျင့်ကြံရေး အဆင့်နိမ့်တဲ့ လူငယ်လေးကို တိုက်ခိုက်ရဲတယ်။ မင်းတို့ချူးကလန်က တကယ်ပဲ အရှက်မရှိကြတော့ဘူးလား။"

ချူးလုံမှာ အမူအရာ ပျက်ယွင်းသွားရသည်။ အစောပိုင်း၌ ဇူယွမ်အား သတ်ပစ်လိုက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့ပါသော်လည်း ၎င်းသည် လျင်မြန်စွာပင် သားဖြစ်သူ ချူးလင်ကို ဓားစာခံ လုပ်ပစ်ခဲ့သည်။

စောင့်ကြည့်နေသူများမှာလည်း အသိစိတ် ပြန်ဝင်လာကြပြီးနောက် ချူးလုံ၏ လုပ်ရပ်အပေါ် အလိုမကျသော ဝေဖန်စကားသံများ ထွက်ပေါ်လာတော့သည်။

ချူးလုံသည် ချူးကလန်၏ ရှုံးနိမ့်မှုအပေါ် လက်မခံနိုင်ဖြစ်ကာ ဇူယွမ်အား သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ချူးလုံမှာ မျက်နှာပြောင်တိုက်လျက် ရိချင်းကျီနှင့် လျိုထျန်းရင်တို့အားကြည့်ကာ ပြောလိုက်သည်။ "ဒီကောင်က ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တပည့် မို့ယွမ် လက်မောင်းကို ဖြတ်ပစ်ခဲ့တာလေ။ အဲ့ဒါကြောင့် ငါအပြစ်ပေးတာ ဖြစ်သင့်တာပဲမလား။"

ရိချင်းကျီမှ ထီမထင်မျက်နှာထားဖြင့် စကားဆိုလိုက်သည်။ "အဟက်....သူတို့က အသက်တွေနဲ့ရင်းပြီး တိုက်နေကြတာလေ။ ဒီလိုထိခိုက်တာကတော့ ရှိမှာပဲ။ ဘာလဲ...မင်းက ကစားတယ် ထင်နေတာလား။"

ချူးလုံမှ ဇူယွမ်အား အေးစက်စွာဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။ "ချင်းကျီ....မို့ယွမ်ရဲ့ဆရာက သာ့ထင်းသခင် ကုယွမ်ဆိုတာ မင်းလည်းသိတယ်မလား။"

ရိချင်းကျီမှာ မျက်မှောင်ကျုံ့လိုက်မိသည်။ ကုယွမ်သည် ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ သာ့ထင်းသခင် ကိုးဦးထဲမှ တစ်ဦးဖြစ်ကာ ရင်းမြစ်အခြေတည်အဆင့် ရှိသူဖြစ်ကြောင်း ကြားသိခဲ့ရဖူးသည်။

ထို့အပြင် ယင်းကုယွမ်သည် အလွန်အမြင်ကျဥ်းမြောင်းကာ လူဂွစာတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။

ရိချင်းကျီ၏ အမူအရာအားကြည့်လိုက်ပြီးနောက် ချူးလုံမှပြုံးကာ ပြောလိုက်သည်။ "အခု ဇူယွမ်က သူ့တပည့် မို့ယွမ်ရဲ့ လက်ကို ဖြတ်ပစ်လိုက်တာလေ။ ငါတို့သူ့ကို အကြောင်းပြချက်တော့ ပေးရမယ်မလား။ ရိကလန်ဆီကို သာ့ထင်းသခင် ကုယွမ်ကိုယ်တိုင် ရောက်လာတာ မလိုချင်ရင် အဲ့ကောင်လေးကို ငါ့ဆီအပ်လိုက်။ ငါကိုယ်တိုင် သခင်ကုယွမ်ဆီ ခေါ်သွားလိုက်မယ်။"

"ရိချင်းကျီ....မင်းသေချာစဉ်းစားနော်။"

"အဲ့ကောင်လေးကို ငါ့ဆီသာအပ်လိုက်။"

ချူးလုံ၏ စကားသံမှာ ခြိမ်းခြောက်နေသကဲ့သို့ ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေတော့သတည်း.....

All Chapters