လောကနှင့်တိုင်းပြည်
Vol. 6 Ch. 592
ရှီးလျန်ပြည်သို့ ဆန်းလျန်ပြန်ရောက် လာပြီးသည့်နောက်ပိုင်း ရှီးလျန်နန်းတော်ကို တည်ဆောက် ခဲ့လေသည်။ သို့သော် ရှီးလျန်နန်းတော်သည် အဆောင်အယောင် များစွာ မရှိလှဘဲ ရိုးရှင်းပြီး အေးဆေး တည်ငြိမ်လေသည်။
ရှီးလျန်ပြည်သူများသည် ရှီးလျန်နန်းတော်ကို အလွန်ရိုသေ လေးစားကြလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် နန်းတော်ကို တည်ဆောက်သည့် အချိန်တွင် ထူးဆန်းသည့် မီးတောက် တစ်ခုကို အသုံးပြုခဲ့သောကြောင့် ဖြစ်လေသည်။
ရှီးလျန်နန်းတော်မှာ သက်သောင့်သက်သာရှိပြီး ဝိညာဉ်စွမ်းအားများ မြင့်မားသည်ကို ခံစားမိကြမည် ဖြစ်လေသည်။ နန်းတော်အတွင်း နေထိုင်သူများသည် ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် အစား အသောက်များ မစားသောက်ဘဲနှင့် အချိန်ကြာမြင့်စွာ အသက်ရှင်သန် နိုင်ပေလိမ့်မည်။
နန်းတော်အတွင်း နေထိုင်သူများသည် ကျင့်ကြံခြင်းကို ပြုလုပ်မည်ဆိုပါက အခြား သူများထက် လျင်မြန်စွာ တိုးတက် နိုင်မည် ဖြစ်လေသည်။
နန်းတော် အသစ်တွင် နေထိုင်ခြင်းအားဖြင့် ချန်ချင်၏ စိတ်များသည် ပိုမိုကြည်လင် ရှင်းလင်း နေခဲ့လေသည်။ ထို့ပြင် သူမသည် တန်ခိုးစွမ်းအား အသစ်တစ်ခုကိုလည်း ရရှိခဲ့သည်။ သူမသည် မည်သည့် ဂါထာမန္တန်ကိုမှ ရွတ်စရာမလိုဘဲ လေထဲတွင် ပျံသန်းနိုင်နေခြင်း ဖြစ်လေသည်။ ထို့ပြင် စိတ်သွားတိုင်းလည်း ကိုယ်ပါလျက် ရှိလေ၏။
သူမသည် တာအိုကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်နေပြီ ဖြစ်သည့်အတွက် ထိုသို့ဖြစ်ရခြင်း ဖြစ်သည်ဟု ဆန်းလျန်က သူမကို ပြောပြခဲ့လေသည်။ ထိုအဆင့်သို့ ရောက်လျှင် လူတစ်ယောက်သည် သူ့ကိုယ်သူ ကျင့်ကြံသူအဖြစ် သတ်မှတ် နိုင်လေသည်။ သူတို့သည် "ပြည့်ဝစုံလင်ခြင်း" အဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ဆင့် တက်လျှင် ဟိုင်သန်း အဆင့်သို့ တက်ရောက် နိုင်တော့မည် ဖြစ်လေသည်။ ဟိုင်သန်း အဆင့်ဆိုသည်က ကျင့်ကြံသူ လောကတွင် ၉၉% က မရောက်ရှိနိုင်ဘဲ ရပ်တန့်နေသည့် အဆင့် ဖြစ်လေသည်။
ကျင့်ကြံသူများစွာရှိသည့် ယင်းစန်းဒေသတွင်ပင် ဟိုင်သန်းအဆင့် တက်ရောက်နိုင်သူ များစွာ မရှိသေးပေ။
ချန်ချင်သည် သူမကိုယ်သူမ အလွန်ကျေနပ်လျက် ရှိလေသည်။ ဆန်းလျန်ကြောင့်သာ မဟုတ်လျှင် သူမသည် ယခုကဲ့သို့ ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူမ၏ သားနှင့်သမီး နှစ်ယောက်လုံးသည် သူမ၏အနားတွင် ရှိနေလေသည်။
သူမ၏ ညီမလေး ဖြစ်သူ ချန်ယွင်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်တိုင် သူမစိတ်ထဲတွင် သိပ်ပြီး ဝမ်းနည်းမနေမိ တော့ပါ။ ဆန်းလျန်က ချန်ယွင်ကို ရှာဖွေပေးမည်ဟု ကတိ ပေးထားသည့်တိုင် သားဖြစ်သူသည် ချန်ယွင်အကြောင်း တစ်လုံးတစ်ပါဒမှ သူမကို ပြောဆိုခြင်း မရှိသေးပေ။
ချန်ချင် အတွေးလွန်နေဆဲ အစေခံ တစ်ယောက် သူမအနားသို့ ရောက်ရှိလာလေသည်။
"ဘုရင်မ… မင်းသားလေးလာပါတယ်"
ဆန်းလျန်သည် ရှီးလျန်ပြည်တွင် အခွင့်ထူးခံတစ်ယောက် ဖြစ်လေသည်။ သူ့အနေဖြင့် အကြောင်းမကြားဘဲနှင့် လည်းချန်ချင်ကို ဝင်ရောက် တွေ့ဆုံနိုင်လေသည်။ သို့သော် ချန်ချင်သည် ဘုရင်မတစ်ပါးလည်း ဖြစ်သလို သူ၏ မယ်တော်လည်း ဖြစ်သည့်အတွက် ဆန်းလျန်က သူမကို သူ့ထက် အဆင့်မြင့်သူ တစ်ယောက်အဖြစ် အသိအမှတ်ပြု ထားလေသည်။ ထို့ကြောင့် ချန်ချင်၏ အခွင့်အာဏာကို လေးစားသောအားဖြင့် အမြဲတမ်းခွင့်တောင်း ပြီးမှသာ တွေ့ဆုံလေ့ ရှိလေသည်။
ရှီးလျန်ပြည်သူများက ဆန်းလျန်သည် အချိန်မရွေး ရှီးလျန်ပြည်၏ ဧကရာဇ် ဖြစ်လာနိုင်သည်ကို သိရှိကြလေသည်။ ဆန်းလျန်သာ ရှီးလျန်ပြည်၏ ဧကရာဇ် ဖြစ်လာလျှင် သူတို့အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။
ဆန်းလျန်ကို ရှီးလျန်ပြည်၏ ဧကရာဇ်ဖြစ်လာရန် အတွက် ရှီးလျန် ပြည်သူများသာ မျှော်လင့်နေကြခြင်း မဟုတ်ပါ။ ချန်ချင်ကိုယ်တိုင်လည်း မျှော်လင့် နေမိလေသည်။
သို့သော် ဆန်းလျန်သည် ရွှမ်တု ကျောင်းတော်တွင် တစ်ယောက်တည်း နှိမ့်နှိမ့်ချချ နေထိုင်နေခြင်းက လူအများကို စိတ်ပျက် စေခဲ့လေသည်။
ပြည်သူအများသည် ချန်ချင်ကို ချစ်ခင် လေးစားကြပါသည်။ သို့သော် ရှီးလျန်ပြည် အင်အားကြီးမား လာစေ ရန်အတွက် တိုင်းပြည်ကိုဦးဆောင်သည့် တန်ခိုးစွမ်းအား မြင့်မားသည့် ဧကရာဇ်တစ်ပါး လိုအပ်လေသည်။ ဥပမာအားဖြင့် တာ့ရှားပြည်မှ တာ့ရှားဧကရာဇ်နှင့် ယင်းစန်းဒေသမှ ထျန်းယီ အကြီးအကဲတို့ကဲ့သို့မျိုး ဖြစ်လေသည်။
ဘုရင့်ဥယျာဉ်တော်ထဲတွင် ဆန်းလျန်သည် ချန်ချင်ကို စောင့်နေလေသည်။
မယ်တော်ကို စောင့်နေရင်း ဆန်းလျန်သည် ချန်ခယ်နှင့် ဆော့ကစားလျက် ရှိလေ၏။ သူက ညီမငယ်ကို လေထဲတွင် ပျံသန်းစေပြီး ဆော့ကစားနေလေရာ ချန်ခယ်မှာ သဘောကျစွာဖြင့် ရယ်မော နေခဲ့လေသည်။ လေထဲတွင် ချန်ခယ်၏ ရယ်သံ စူးစူးလေးများဖြင့် ပြည့်နှက်လျက် ရှိလေ၏။
ထို့ပြင် ချန်ချင် ဥယျာဉ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပန်းများက ပွင့်လန်းနေပြီး ပန်းရနံ့လေးများက မွှေးပျံ့ နေလေသည်။
"လျန်လေး… မယ်တော့်ကို ဘာလို့လာရှာတာလဲ"
ချန်ချင်က ဥယျာဉ်ထဲမှ ပန်းများကို ခံစားရင်း၊ ရနံ့လေးများကို ရှူရှိုက်ရင်း သမီးငယ်၏ ရယ်သံလေးများကို နားထောင်ရင်း စိတ်ထဲတွင် ကြည်လင် လာမိလေသည်။
ချန်ခယ်က ရယ်မောနေရင်းမှ ချန်ချင်၏ရင်ခွင်ထဲသို့ ပြေးလာလေသည်။
ဆန်းလျန်က …
"မယ်တော်နဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာ ရှိလို့ပါ…"
ချန်ချင်၏မျက်နှာက အနည်းငယ် တည်ကြည် လေးနက် သွားလေသည်။
သူမ၏ ထူးဆန်းသော သားငယ်သည် မလိုအပ်ဘဲ စကားကို ကွေ့ပတ်ပြောတတ်သူ မဟုတ်ပေ။ ထို့ကြောင့် "ဆွေးနွေးစရာကိစ္စ" ဟု သားဖြစ်သူ သုံးဆွဲလိုက်ခြင်းမှာ အလေးအနက် ထားရမည့် ကိစ္စတစ်ခု ဖြစ်လေသည်။
"ဆက်ပြောပါ…"
ချန်ချင်သည် သားဖြစ်သူ ပြောမည့် ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ။
ဆန်းလျန်က နူးညံ့သည့် လေသံဖြင့်…
"ကျီမုမြစ်ကိုသန့်စင်ဖို့အတွက် သားတော် တန်ခိုးစွမ်းအား အများကြီး အသုံးပြုဖို့ ရှိတယ်၊ အဲဒီလို လုပ်လိုက်ရင် ရှီးလျန်က မိန်းမပျိုတွေ မြစ်ရေကို သောက်ရုံနဲ့ ကိုယ်ဝန် မရတော့မှာ သားတော် စိတ်ပူမိတယ်၊ ဒါကြောင့် မယ်တော့်ဆီ အကြံဉာဏ် လာတောင်းတာပါ၊ မယ်တော် သဘောမတူရင်တော့ သားတော်မလုပ်ပါဘူး"
"သားတော်မှာ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းတော့ ရှိမှာပေါ့၊ ဒါပေမဲ့ ဒီမြစ်ရေက ရှီးလျန်ပြည်ရဲ့ နောက်ပိုင်း မျိုးဆက်တွေ မွေးထုတ်ပေးတာနဲ့ ဆက်စပ်နေတယ်၊ ကျီမုမြစ်ရေက စွမ်းအားတွေ ကွယ်ပျောက်သွားရင် နောက် မျိုးဆက်ရဖို့အတွက် ရှီးလျန်က မိန်းကလေးတွေ လက်ထပ် ရတော့မှာပေါ့"
ချန်ချင်က မျက်ခုံးလေးများ တွန့်ချိုးရင်း ပြောလိုက်လေသည်။
"အချို့မိန်းကလေးတွေကတော့ လက်ထပ်ဖို့ တွန့်ဆုတ် နေကြလိမ့်မယ်၊ ဒါပေမဲ့ အခုတောင်မှ ပြောင်းလဲနေပါပြီ၊ ရှီးလျန်က အချို့မိန်းကလေးတွေ ဆိုရင် လက်ထပ် ထိမ်းမြား လာကြပြီ၊ ပြီးတော့ ဘယ်မိန်းကလေးက အပျိုကြီး လုပ်ချင်မှာတဲ့လဲ"
ဆန်းလျန်က ပြောလိုက်လေသည်။
ချန်ချင်က…
"မယ်တော့်ကို မပြောဘဲ သားတော်ဟာသားတော် မြစ်ရေကို သန့်စင်လိုက်မယ် ဆိုလည်း ဘယ်သူမှ မတားဆီးနိုင် ပါဘူး၊ ဒါပေမဲ့ သားတော်က မယ်တော်ကို တလေးတစားနဲ့ လာဆွေးနွေးမှတော့ မယ်တော်ကလည်း သားတော်ကို အကူအညီတစ်ခု တောင်းစရာရှိတယ်"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘာလဲ… သားတော်ကို ရှီးလျန်ပြည်ရဲ့ ဘုရင်လုပ်ခိုင်းမလို့လား"
ချန်ချင်မှာ သက်ပြင်းတစ်ချက်သာ ကြိတ်ပြီးချလိုက်မိတော့သည်။
နတ်ဘုရားသားတော်တစ်ပါးရှိနေခြင်းက ကောင်းကျိုးဆိုးကျိုး ဒွန်တွဲလျက် ရှိသည် မဟုတ်ပါလား။
သို့သော်… ချန်ချင်သည် ရှီးလျန်မြို့တော်ကို အုပ်ချုပ်ခဲ့ကြသည့် အစဉ်အဆက် မြို့တော် သခင်မများနှင့် တူညီသူ တစ်ယောက် မဟုတ်ပါ။ သူမသည် ကျဉ်းမြောင်းသည့် အမြင်များဖြင့် ရှီးလျန်ပြည်ကို ထိန်းချုပ် ထားလိုသည့် ဆန္ဒမရှိပါ။ အပြောင်းအလဲများကို လက်ခံနိုင်သူ တစ်ယောက် ဖြစ်လေသည်။
ရှီးလျန်ပြည် ကျယ်ပြန့်လာသည်နှင့် အမျှ အရည်အချင်း ရှိသူများစွာသည် ရှီးလျန်တွင် ခိုလှုံ လာကြလေသည်။ သို့သော်… ခိုလှုံလာသူများသည် ချန်ချင်၏ တန်ခိုးစွမ်းအားနှင့် အုပ်ချုပ်နိုင်စွမ်းကို အနည်းနှင့်အများ သံသယဝင်နေ ဆဲဖြစ်လေသည်။ ထို့ကြောင့် တိုင်းပြည် တည်ငြိမ်မှု အတွက် စိတ်ပူနေရလေသည်။
သို့သော်… ခိုလှုံလာသူများ အနေဖြင့်လည်း ရှီးလျန်ကိုမှ မခိုလှုံလျှင် ခိုလှုံစရာ တိုင်းပြည်မရှိပေ။
မြေပြင်ကို မငြင်းဆန်သည့် အတွက် တောင်သည် ကြီးကျယ် မြင့်မားလာရသလို စမ်းချောင်းများကို မငြင်းဆန်သည့် အတွက် သမုဒ္ဒရာသည် နက်ရှိုင်းကျယ်ပြန့် လာရလေသည်။
ချန်ချင်သည် တောင်တစ်တောင်လည်း မဟုတ်သလို သမုဒ္ဒရာတစ်စင်းလည်း မဟုတ်ပေ။
သို့သော် ဆန်းလျန်ကတော့ တောင်ကဲ့သို့ မြင့်မားပြီး သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသူ တစ်ယောက် ဖြစ်လေသည်။ ရှီးလျန်ပြည် တိုးတက်ရေးအတွက် ဆန်းလျန်က သူမထက်ပိုပြီး လုပ်ဆောင်နိုင်မည် ဖြစ်လေသည်။
ချန်ချင်က…
"သားတော်က ငြင်းဦးမလို့လား…"
ဆန်းလျန်က…
"တကယ်တော့ မငြင်းပါဘူး၊ ဒါမေပယ့် မယ်တော်ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း အရမ်းမြန်မြန် တိုးတက်လာတော့ နောက်ထပ် နှစ်အနည်းငယ်လောက် မယ်တော်ကို ဘုရင်မတစ်ပါး ဖြစ်နေစေချင် သေးလို့ပါ၊ မယ်တော် အခုလို ကျင့်ကြံခြင်း အဆင့်တက်လာရတာ မယ်တော်က ဘုရင်မတစ်ပါးဖြစ်နေခဲ့လို့ နဂါးစွမ်းအားကို အသုံးချနိုင်ခဲ့လို့ပဲ၊ ဒါပေမဲ့ မယ်တော်ကိုယ်တိုင်က သားတော်ကို ဘုရင်ဖြစ်စေချင်တယ် ဆိုရင်တော့ သားတော်က ငြင်းမှာ မဟုတ်ပါဘူး၊ သားတော်ကို ယုံပါ၊ သားတော်က တာ့ရှားဧကရာဇ်နဲ့ ထျန်းယီတို့ထက် ပိုကောင်းတဲ့ ဘုရင်တစ်ပါး ဖြစ်စေရပါ့မယ်"
ချန်ချင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…
"မယ်တော်က သားတော်ကို ယုံပြီးသားပါ၊ သားတော်ဘာလို့ စိတ်ပြောင်း သွားလဲဆိုတာ မသိပေမယ့် သားတော်မှာလည်း ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရှိမှာပေါ့လေ၊ ဒါပေမဲ့ မယ်တော် သားတော်ကို မေးစရာတစ်ခုတော့ ရှိတယ်၊ အမြဲတမ်းလည်း မေးချင်နေခဲ့မိတယ်၊ အဲဒါက သားတော် ယွင်အယ်ကို ရှာလို့တွေ့ပြီလား"
ဆန်းလျန်သည် ချန်ယွင်၏ အကြောင်းများအားလုံးကို မချွင်းမချန် အကုန်အစင် ပြောပြ လိုက်လေသည်။
ဆန်းလျန်၏ စကားများကို ကြားရသည့် အခါတွင်တော့ ချန်ချင်မှာ အလွန်ဝမ်းနည်း သွားရလေသည်။
သူမက…
"ယွင်အယ်ကို လွှတ်ပေးဖို့ သားတော်ကို မယ်တော် အကြံပေးလိုပါတယ်၊ ဒါပေမဲ့ ဒီအခြေအနေထိ ရောက်လာမှ တော့ အားလုံးက သားတော်ရဲ့ ဆန္ဒအတိုင်းပါပဲ"
ချန်ယွင်သည် သူမ၏ ညီမလေးဖြစ်သည့်တိုင် သူမသည် သမီးလေး တစ်ယောက်ကဲ့သို့ ချန်ယွင်ကို စောင့်ရှောက်ခဲ့ရ သူဖြစ်လေသည်။ သူတို့ ညီအစ်မနှစ်ယောက်သည် ချစ်ခင်ရင်းနှီးသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် ချန်ချင်သည် ချန်ယွင်အကြောင်းကို ကြားရသည့်အခါ ရင်ထဲတွင် နင့်နေအောင် နာလျက် ရှိတော့သည်။
ဆန်းလျန်က…
"မယ်တော်…၊ သားတော် လီယွမ်လျန်နဲ့ သူ့ဆီ စာပေးခိုင်းလိုက်တုန်းက သားတော်တို့ နောက်တစ်ကြိမ် တွေ့ကြ တဲ့အခါ သားတော်ဘက်က ညှာမှာမဟုတ်ဘူးလို့ ပြောလိုက်တယ်"
ဆန်းလျန်၏စကားကြောင့် ချန်ချင်၏မျက်ခုံးများအနည်းငယ် မြင့်တက် သွားရလေသည်။
သူမက "ဆန်းလျန် ဆန္ဒရှိသည့် အတိုင်းလုပ်ပါ" ဟု ပြောခဲ့သည့်တိုင် ဆန်းလျန်သည် ထိုမျှ ရက်စက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဆန်းလျန်သည် အပြင်ပန်းတွင် နူးညံ့ သိမ်မွေ့သည့်တိုင် အလွန်တရာ သွေးအေးသူ တစ်ယောက် ဖြစ်သည်ကို သူမဘဝတွင် ပထမဆုံး အကြိမ် နားလည်လိုက်ရလေသည်။
သူမ၏ရင်ထဲတွင်ဝမ်းနည်းနေပြီး တောင်ပိုင်းလူရိုင်းမျိုးနွယ်စုများ ထံသို့ သွားရောက်ကာ ညီမဖြစ်သူကို ရှာဖွေရန် အတွက်ဆုံးဖြတ်ချက် ချလိုက်မိလေသည်။
ဆန်းလျန်က …
"မယ်တော်… သားတော် နန်းတက်ခဲ့ရင် တိုင်းပြည်ရဲ့ မင်းဆက်အမည်ကို ပြောင်းလဲ ရလိမ့်မယ်၊ ပြီးတော့ ရှီးလျန်မြို့တော်ရဲ့ ဖွဲ့စည်းပုံကလည်း အရမ်းသေးငယ်တယ်လေ"
"တိုင်းပြည်ရဲ့မင်းဆက်အမည်ကို ပြောင်းလဲဖို့ မယ်တော်လည်း စဉ်းစားထားပါတယ်၊ ဘာလို့လဲ ဆိုတော့ အခုဆို မယ်တော်တို့တိုင်းပြည်မှာ နေထိုင်သူတွေကလည်း အားလုံးကရှီးလျန်က မဟုတ်တော့ဘူးလေ၊ ဒါကြောင့် ရှီးလျန်ဆိုတဲ့အမည်နဲ့ တိုင်းပြည်ကို ကန့်သတ်ထားလို့ မရနိုင်ဘူး၊ ဒါကြောင့် တိုင်းပြည်ရဲ့ မင်းဆက်အမည်ကို ပြောင်းလဲတာက တိုင်းပြည်အတွက် ပိုပြီး ပြည့်စုံ ကောင်းမွန်မှာပါ"
ချန်ချင်သည် သူမ၏ရင်ထဲမှ ဝမ်းနည်းမှုများကို ဖုံးကွယ်ထားရင်း သားတော်ဖြစ်သူနှင့် တည်ငြိမ်စွာပင် တိုင်းရေးပြည်ရာများကို ဆွေးနွေး နေခဲ့လေသည်။
***