အဆိုပြုလွှာတစ်ခု
Vol. 56 Ch. 583
ညချမ်းအချိန်၊ ဟေးယာမြို့၏ ဗဟိုဧရိယာ
ဧက တစ်သောင်း ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု တည်ရှိနေသည်။
ဗဟိုဧရိယာက မြေနေရာ ဈေးနှုန်း အလွန်ကြီးမားလှရာ ဤမျှ ကျယ်ဝန်းသော အိမ်တော်ကြီးကို ပိုင်ဆိုင်ထားခြင်းက ဤနေရာ၏ ပိုင်ရှင်သည် အဆင့်အတန်း မြင့်မားပြီး ကြွယ်ဝချမ်းသာသူ ဖြစ်ကြောင်း သက်သေပြနေသည်။
အမှန်တကယ်လည်း ထိုသို့ပင်ဖြစ်၏။ ဤအိမ်တော်၏ ပိုင်ရှင်မှာ ဟေးယာမြို့၏ ထိပ်တန်းကုန်သွယ်ရေးအသင်းကြီး ဖြစ်သော ဝမ်ဟဲ ကုန်သွယ်ရေးအသင်း မြောင်မိသားစု ပင်ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်သော ဝန်းကျင်တစ်ခုအတွင်း အနက်ရောင် ပိုးသားဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အပြင်မှ လမ်းလျှောက်ဝင်လာသည်။
သူမ၏ ရုပ်ရည်မှာ အလွန်ပင် ကျော့ရှင်းလှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြေပြစ်ကျနလှသည်။ ပွယောင်းယောင်း ဝတ်ထားသော ဂါဝန်သည်ပင် သူမ၏ အချိုးအစားကျနမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
အဝေးမှ ကြည့်လျှင် ဆွဲဆောင်မှုအပြည့်ရှိသော နတ်မိမယ်တစ်ဦး အေးအေးလူလူ လျှောက်လာနေသကဲ့သို့ပင်။
သို့သော် အနီးကပ်ကြည့်လျှင်မူ သူမ၏ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မျက်နှာထက်တွင် ရဲရင့်ပြတ်သားမှုများနှင့် အဆင့်မြင့်နေရာတွင် ကြာမြင့်စွာ နေထိုင်လာသူတို့၏ ခန့်ညားထည်ဝါမှုကို မြင်တွေ့နိုင်သည်။
ဤအမျိုးသမီးမှာ မြောင်မိသားစု၏ အထူးချွန်ဆုံး တိုက်ရိုက်မျိုးဆက် သမီးဖြစ်သူ မြောင်ယွမ် ပင်ဖြစ်သည်။
အခန်းထဲသို့ ဝင်လာပြီးနောက် မြောင်ယွမ်က အနားမယူသေးဘဲ ရေနွေးကြမ်း တစ်ခွက်ကို ကိုယ်တိုင်ဖျော်ကာ ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြား အမြောက်အမြားကို ထုတ်ယူ၍ အလေးအနက် စဖတ်တော့သည်။
ဒါတွေက သူမ စီမံနေရသော လုပ်ငန်းများမှ ယနေ့ တင်ပြလာသည့် အသေးစိတ် ကိစ္စများ ဖြစ်သည်။
မိသားစုလုပ်ငန်းအချို့ကို စတင်တာဝန်ယူကတည်းက သူမသည် နေ့စဉ်နေ့တိုင်း ဤသို့ပင် မပျက်မကွက် လုပ်လေ့ရှိသည်။
လူတွေ က သူမအား မိန်းကလေးတစ်ဦး ဖြစ်ပါလျက် မိသားစု၏ သားယောက်ျားများကို ကျော်ဖြတ်ကာ အောင်မြင်နေသည်ကို အံ့သြချီးကျူးနေကြသော်လည်း သူမ ကွယ်ရာတွင် မည်မျှ ကြိုးစားခဲ့ရသည်ကိုမူ မသိကြပေ။
မြောင်ယွမ်သည်လည်း ကောင်းကင်မှ ကျလာသော အောင်မြင်မှုမျိုးကို လိုချင်မိသော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း ကောင်းကောင်းသိသည်။
အစဉ်အလာ အလွန်ကြီးမားသော မြောင်မိသားစုအတွင်း ယခုကဲ့သို့ နေရာတစ်ခု ရရှိရန် မည်မျှ ခက်ခဲခဲ့သည်ကို သူမကိုယ်တိုင်သာ အသိဆုံး ဖြစ်သည်။
မကြာမီမှာပင် တစ်နာရီခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။
သို့သော် ကျောက်စိမ်းပြား တစ်ခုကို ကိုင်လိုက်မိချိန်တွင် မြောင်ယွမ်၏ လက်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး မျက်ဝန်းများမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
ဒါက ဒီနေ့ ရှောင်းရွှယ် ပေးခဲ့တဲ့ ကျောက်စိမ်းပြားပဲ။
အမှန်အတိုင်းပြောရလျှင် ရှောင်းရွှယ်နှင့် စတင်တွေ့ဆုံကတည်းက ထိုမိန်းကလေးသည် သူမထံသို့ တမင် ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်းဖြစ်ကြောင်း မြောင်ယွမ် သိပြီးသားဖြစ်သည်။
အသုံးပြုတဲ့ နည်းလမ်းတွေက အရမ်းကြမ်းတမ်းသလို ကလေးကလားလည်း ဆန်လွန်းတယ်၊ ဒီမိန်းကလေး ဘယ်သူ့ဆီက သင်လာတာလဲတောင် မသိပေ။
သို့သော် မြောင်ယွမ်က ထုတ်မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်းရွှယ်က လက်ဖွာသူတစ်ယောက် ဖြစ်နေသဖြင့် သူမ၏ နောက်ကွယ်က ငွေရှင်ကြီးသည် အမှန်တကယ် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မြောင်ယွမ် သိချင်နေခဲ့သည်။
သို့သော် သူမ ထင်မထားမိသည်မှာ ထိုငွေရှင်ကြီးက သူမကို ချိန်းထားပြီးမှ ပလစ် သွားခြင်းပင်။
ထို့ထက် ပို၍ ထင်မှတ်မထားသည်မှာ ရှောင်းရွှယ်က ဒီနေ့တွင် သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းကြီး ပြောချင်တိုင်း ပြောသွားခြင်း ဖြစ်သည်။
သူမကို ဝမ်ဟဲ ကုန်သွယ်ရေးအသင်း၏ အသင်းခေါင်းဆောင်နှင့် မြောင်မိသားစု၏ အိမ်တော်သခင် ဖြစ်အောင် လုပ်ပေးမယ်တဲ့လား။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။
တစ်ဖက်လူက မြောင်မိသားစုကို ဘယ်လိုများ ထင်နေတာလဲ။
သူတို့ စိတ်ကြိုက် လှည့်စားလို့ရတဲ့ အရာလို့ ထင်နေတာလား။
ဟေးယာမြို့ တစ်မြို့လုံးမှာတောင် သူမကို ဒီလို ကတိမျိုး ပေးဝံ့သူ တစ်ယောက်မှ မရှိဘူး။
ဝမ်ချွမ်းပင်မမြို့တော် တစ်ခုလုံး အတိုင်းအတာအရ ဆိုရင်တောင် ဒီလိုကိစ္စမျိုးကို လုပ်နိုင်တဲ့သူက လက်ချိုးရေလို့ ရတဲ့အထိ အလွန်နည်းပါးလွန်းတယ်၊ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေကလည်း ဒီလို အားအားယားယား ကိစ္စမျိုးကို လုပ်မှာ မဟုတ်ပေ။
ထို့ကြောင့် မြောင်ယွမ်က ရှောင်းရွှယ်၏ စကားကို လုံးဝ အလေးမထားခဲ့ပေ။
ဤကျောက်စိမ်းပြားကိုလည်း ဖွင့်ပင် မကြည့်ခဲ့ပေ။
သို့သော် အခုတော့...
မြောင်ယွမ်သည် လက်ထဲက ကျောက်စိမ်းပြားကို ပွတ်သပ်နေရင်း အကြာကြီး ချမထားနိုင်ဘဲ ဖြစ်နေသည်။
အသင်းခေါင်းဆောင် နေရာ... အိမ်တော်သခင် နေရာ...
သူမ မလိုချင်ဘူးလား။
သူမက မြောင်မိသားစုက ဘယ်သူ့ထက်မဆို ပိုပြီး လိုချင်တာပေါ့
အကယ်၍ ကုန်သွယ်ရေးအသင်း တစ်ခုလုံးကိုသာ ချုပ်ကိုင်နိုင်ခဲ့လျှင် သူမ၏ ရင်ထဲက ရည်မှန်းချက်တွေ၊ ခေါင်းထဲက စိတ်ကူးတွေကို တစ်ခုမကျန် အကောင်အထည်ဖော်နိုင်မှာ ဖြစ်သည်။
ဒါကမှ မြောင်ယွမ်ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ပင်။
သူမက ကမ္ဘာပေါ်မှာ တစ်ခါမှ မပေါ်ပေါက်ဖူးသေးတဲ့ စီးပွားရေး စနစ်အသစ် တစ်ခုကို တည်ဆောက်ချင်တာ။
သို့သော် လက်တွေ့ဘဝမှာမူ သူမ၏ ရည်မှန်းချက်နှင့် စိတ်ကူးတွေအားလုံးကို ရင်ထဲမှာပဲ မြှုပ်နှံထားရသည်။
မိသားစုက သူမကို တစ်ယောက်တည်း အင်အားကြီးမားလာအောင် ခွင့်ပြုမှာ မဟုတ်ပေ ၊ ဒါက ပြောင်းလဲလို့မရတဲ့ အမှန်တရားပင်၊ သူမ ရှေ့ဆက်မယ့် လမ်းပေါ်က အကြီးမားဆုံး အဟန့်အတားလည်း ဖြစ်သည်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ နောက်ထပ် နှစ်ပေါင်း ရာချီ၊ ထောင်ချီအောင် အရင်းအနှီးတွေ စုဆောင်းပြီး မိသားစုကနေ လုံးဝ ခွဲထွက်ကာ ကိုယ်ပိုင် ရပ်တည်ဖို့ပင်။
ဒါပေမဲ့ အဲဒီအချိန်ကျရင် ဘယ်လို ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။
အမှန်အတိုင်း ပြောရရင် သူမရဲ့ ရင်ထဲမှာ ရှောင်းရွှယ်က သူမကို မလိမ်ညာခဲ့ဘဲ တကယ်ပဲ အိမ်တော်သခင် နဲ့ အသင်းခေါင်းဆောင် နေရာကို ပေးနိုင်ပါစေလို့ မျှော်လင့်မိနေသည်။
သို့သော် သူမ၏ ကျိုးကြောင်းဆင်ခြင်ဉာဏ်က ၎င်းမှာ အခြေခံအားဖြင့် မဖြစ်နိုင်ကြောင်းနှင့် သူမ ထင်သလို ဖြစ်လာမှာ မဟုတ်ကြောင်း သတိပေးနေသည်။
တစ်ဖက်လူက တကယ်ပဲ အလွန်အမင်း အစွမ်းထက်နေပြီး သူမကို လုံးဝ လွတ်လပ်ခွင့် ပေးမယ်၊ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်တွေ ပေးမယ်၊ ကျယ်ပြောတဲ့ နယ်ပယ်တွေ ဖန်တီးပေးမယ် ဆိုရင်တော့ တစ်မျိုးပေါ့...
ဒီလို တွေးမိတော့ မြောင်ယွမ်က ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ရယ်မိသည်။
ဘာတွေ တွေးနေတာလဲ၊ ဒီလို ကိစ္စမျိုးက အိပ်မက်တောင် မမက်ဝံ့စရာပင်။
သို့သော် သူမ၏ ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေး၍လား မသိ၊ မြောင်ယွမ်သည် လက်ထဲက ကျောက်စိမ်းပြားကို ဖွင့်ကြည့်ရန် ရွေးချယ်လိုက်သည်။
သို့သော် နှစ်ချက်၊ သုံးချက်လောက် ကြည့်ပြီးနောက်မှာတော့ သူမက ကျောက်စိမ်းပြားကို ဘေးသို့ ပစ်ချလိုက်တော့သည်။
ကျောက်စိမ်းပြားထဲတွင် ဝမ်ဟဲ ကုန်သွယ်ရေးအသင်း၏ အနာဂတ် တိုးတက်မှုအတွက် အဆိုပြုလွှာ တစ်ခု ပါရှိသည်။
ဒါပေမဲ့ အဆိုပြုလွှာထဲက အကြောင်းအရာတွေကတော့... ပေါက်ကရတွေချည်းပင်
အသင်းရဲ့ လုပ်ငန်း တစ်ဝက်ကို ရောင်းချပြီး ဧရာမ ကပွဲခန်းမကြီး တစ်ခု တည်ဆောက်မယ်၊ ပြီးရင် ဟေးယာမြို့ရဲ့ ကောင်းကင်ယံမှာ နေ့တိုင်း သီချင်းဆို ကခုန်ခိုင်းမယ် တဲ့လား။
အိပ်စက်ခြင်း ပြိုင်ပွဲ တစ်ခု ကျင်းပမယ်၊ ဘယ်သူ အကြာဆုံး အိပ်နိုင်သလဲ ကြည့်ပြီး မြို့လယ်ခေါင်က ဗီလာကြီး တစ်လုံး ဆုချမယ် ဟုတ်လား။
မိဘမဲ့ကလေး တစ်သန်းကို မွေးစားပြီး သေချာ လေ့ကျင့်ပေးမယ်၊ ပြီးရင် ထိုက်ယိ မြင့်မြတ် နယ်မြေ ကို ပုန်ကန်မယ် တဲ့လား။
မြောင်ယွမ် : ...
သူမက နားထင်ကို အားရပါးရ နှိပ်နယ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်၊ သူမ ဘာကို မျှော်လင့်နေမိတာလဲ။
အဲဒီ ရှောင်းရွှယ်က သူမကို လာပြီး ဟာသလုပ် နေတာပဲ ဖြစ်ရမည်။
စိတ်ကို ခေတ္တ ပြန်ထိန်းပြီးနောက် မြောင်ယွမ်က အခြားကျောက်စိမ်းပြားများကို ပြန်ယူကာ သူမ၏ နေ့စဉ် အလုပ်များကို ဆက်လုပ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူမ၏ ဖခင်ဖြစ်သူ၊ လက်ရှိ ဝမ်ဟဲ အသင်းခေါင်းဆောင်နှင့် မြောင်မိသားစု အိမ်တော်သခင် ထံမှ သတင်းစကားတစ်ခု ရောက်လာသည်။
"မနက်ဖြန်မှာ အဆင့်မြင့် အကြီးအကဲ တွေက နောက်ထပ် အသင်းခေါင်းဆောင် နဲ့ အိမ်တော်သခင် အသစ်ကို တရားဝင် ရွေးချယ်တော့မယ်၊ မိသားစု လုပ်ငန်း စီမံနေတဲ့သူတိုင်းမှာ အခွင့်အရေး ရှိတယ်"
"ရွေးချယ်မယ့် စံနှုန်းကတော့ အသင်းရဲ့ အနာဂတ် တိုးတက်မှုအတွက် တင်ပြမယ့် အဆိုပြုလွှာ ပဲ"
"လူတိုင်း ကိုယ့်ရဲ့ အဆိုပြုလွှာကို တင်ပြရမယ်၊ ပြီးရင် လူပုံအလယ်မှာ ဆုံးဖြတ်ချက် ချမယ်"
"ဘယ်သူ့ရဲ့ အဆိုပြုလွှာက အကောင်းဆုံးလဲ၊ အဲဒီလူက အသင်းခေါင်းဆောင် ရော အိမ်တော်သခင် နေရာကိုပါ တစ်ပြိုင်တည်း ရလိမ့်မယ်"
"သေချာ ပြင်ဆင်ထားလိုက်ပါ"
ဤသတင်းစကားကြောင့် မြောင်ယွမ်မှာ ကြောင်အသွားရသည်။
ဒီလောက်ကြီး ရုတ်တရက်လား။
ပြီးတော့ ရွေးချယ်မယ့် စံနှုန်းကလည်း ဒီလောက်တောင် ပေါ့ပျက်ပျက် နိုင်လှချည်လား။
နောက်ပြီး သူမရဲ့ ဖခင်ကလည်း ရာထူးက နုတ်ထွက်ရမယ့် အချိန် မရောက်သေးဘူးလေ
မြောင်ယွမ်က မျက်မှောင်ကြုတ်ရင်း ဘာကြောင့် ဒီလို ဖြစ်လာရသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်သော်လည်း လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေသည်။
ဘယ်ဘက်ကပဲ ကြည့်ကြည့် မိသားစုက ဒီလို ဆုံးဖြတ်ချက်မျိုး ရုတ်တရက် ချရမယ့် အကြောင်းပြချက် မရှိပေ။
သို့သော် မိသားစုက မည်မျှပင် ပေါ့ပျက်ပျက် ဆုံးဖြတ်ပါစေ၊ သူမကတော့ ပေါ့ပျက်ပျက် မလုပ်နိုင်ပေ။
မကြာမီမှာပင် မြောင်ယွမ်က အချက်အလက် အမြောက်အမြားကို ထုတ်ယူကာ အကောင်းဆုံး အဆိုပြုလွှာတစ်ခု ထွက်ပေါ်လာစေရန် တစ်ညလုံး အားထုတ်ရန် ပြင်လိုက်သည်။
သို့သော် သူမ စတင်ရန် ပြင်လိုက်ချိန်တွင်တော့ တစ်ခုခုက နှိုးဆော်လိုက်သကဲ့သို့ ရှောင်းရွှယ် ပေးခဲ့သည့် ကျောက်စိမ်းပြားကို လှမ်းကြည့်မိသွားသည်။
အတွေးပေါင်းစုံက သူမ၏ ရင်ထဲတွင် တရဟော ပေါ်လာသည်။
သူမမှာ ရွေးချယ်ပွဲ ဝင်ပြိုင်ခွင့် ရှိတာတော့ အမှန်ပင်၊ ဒါပေမဲ့ ပုံမှန်အတိုင်းဆိုရင် သူမက အသင်းခေါင်းဆောင် နဲ့ အိမ်တော်သခင် နေရာကို ရနိုင်ပါ့မလား။
လုံးဝ မဖြစ်နိုင်ပေ။
သူမရဲ့ အဆိုပြုလွှာက ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ အသင်းအတွက် ဘယ်လောက်ပဲ အလားအလာ ရှိပါစေ၊ သူတို့က သူမကို ဒီနေရာ ပေးမှာ မဟုတ်ပေ။
ဒါကြောင့် သူမ ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် အချည်းနှီးပဲ ဖြစ်လိမ့်မည်။
ဒါက သူမ ရင်ဆိုင်နေရတဲ့ ရက်စက်လွန်းတဲ့ လက်တွေ့ဘဝပင်။
ဒီလိုဆိုမှတော့... ဒီရုန်းထွက်လို့မရတဲ့ လှောင်အိမ်ထဲမှာ ဆက်ပြီး ရုန်းကန်နေမယ့်အစား အစွန်းရောက်အောင် ရဲရဲဝံ့ဝံ့ကြီး လုပ်ပစ်လိုက်တာက ပိုမကောင်းဘူးလား။
မြောင်ယွမ်က လက်ကို ဖြည်းဖြည်းချင်း လှမ်းလိုက်ပြီး ဘေးသို့ ပစ်ချထားခဲ့သော ကျောက်စိမ်းပြားကို ပြန်ယူလိုက်သည်။
သင့်တော်တဲ့ အချိန်ကျရင် သုံးလိုက်ပါ တဲ့လား
မနက်ဖြန်မှာ သူမကို အသင်းခေါင်းဆောင် နဲ့ အိမ်တော်သခင် ဖြစ်အောင် လုပ်ပေးမယ် တဲ့လား
အကယ်၍ ဒီအဆိုပြုလွှာကို သုံးပြီး သူမသာ အောင်မြင်သွားခဲ့ရင်...
ဒါဆိုရင် သူမက...
သူမရဲ့ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်မယ့် လူတစ်ယောက်နဲ့ တကယ်ပဲ ဆုံတွေ့ခဲ့တာ ဖြစ်လိမ့်မယ်