နားမလည်နိုင်သော ဦးတည်ချက်
Vol. 56 Ch. 585
မြောင်ယွမ်နှင့် ပတ်သက်သည့် သတင်းစကားများကို ဝမ်ဟဲကုန်သွယ်ရေးအသင်း၏ အဆင့်မြင့်စီမံသူများ အားလုံးနီးပါး သိကြသည်။
လူအများစုမှာ ဤအမျိုးသမီး၏ ထူးချွန်လှသော အရည်အချင်းကို ချီးကျူးဂုဏ်ယူကြသော်လည်း သူမ၏ ကံကြမ္မာကိုမူ နှမြောတသ ဖြစ်ကြရသည်။ သူမအတွက် နောက်ကွယ်တွင် မကျေမနပ် ပြောဆိုပေးကြသူများမှာလည်း မနည်းလှပေ။
သို့သော် ဝမ်ဟဲကုန်သွယ်ရေးအသင်းက မြောင်မိသားစု ပိုင်ဆိုင်ခြင်း ဖြစ်သဖြင့် သူတို့လည်း ဘာမျှ မတတ်နိုင်ခဲ့ကြပေ။
မည်သို့ပင်ဆိုစေ မြောင်ယွမ်၏ အရည်အချင်းမှာ လူတိုင်းက အသိအမှတ်ပြုရလောက်အောင် ထူးချွန်သည်မှာ အမှန်ပင်။
ထို့ကြောင့် မြောင်ယွမ်၏ ဤအဆိုပြုလွှာအပေါ် လူအများစုက မျှော်လင့်ချက်ကြီးစွာ ထားရြသည်။ အချို့ဆိုလျှင် အဆိုပြုလွှာထဲမှ အနှစ်သာရများကို သင်ယူရန်အတွက် မှတ်စုစာအုပ်များပင် အသင့်ပြင်ထားကြသည်။
အားလုံး၏ အကြည့်များအောက်တွင် ထိုကျောက်စိမ်းပြားလေးက အကြီးအကဲအဖွဲ့ ခေါင်းဆောင်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
အကြီးအကဲခေါင်းဆောင်က ကျောက်စိမ်းပြားကို ရရှိပြီးနောက် မြောင်ယွမ်ကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီးမှ ဖွင့်ဖတ်လိုက်သည်။
ထိုနောက်တွင်မူ မြောင်ယွမ်က ထူးခြားချက်တစ်ခုကို ရိပ်မိလိုက်သည်။ အထဲက အကြောင်းအရာများကို မြင်လိုက်ရချိန်တွင် အမြဲတမ်း တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်လှသော အကြီးအကဲခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်ကို သူမ သတိပြုမိလိုက်ခြင်းပင်။
မြောင်ယွမ်ကတော့ ပြင်းထန်သော ဆူပူကြိမ်းမောင်းမှုများကို ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်ပြီ ဖြစ်သည်။
သို့သော် ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင်မူ သူမ ထင်ထားသကဲ့သို့ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်မလာခဲ့ပေ။
အကြောင်းအရာများကို ဖတ်ပြီးနောက် အကြီးအကဲခေါင်းဆောင်က ပုံမှန်မျက်နှာထားဖြင့်ပင် အဆိုပြုလွှာပါ အချက်အလက်များကို စတင်ဖတ်ကြားတော့သည်။
"ဟေးယာမြို့ ကောင်းကင်ယံမှာ ကပွဲခန်းမ ဖွင့်လှစ်ရန်..."
"အိပ်စက်ခြင်းပြိုင်ပွဲ၊ ခေါင်းကုတ်ပြိုင်ပွဲ၊ အနမ်း ပြိုင်ပွဲများ ကျင်းပရန်..."
"မိဘမဲ့ကလေးများကို မွေးစားပြီး ထိုက်ယိမြင့်မြတ်နယ်မြေကို ပုန်ကန်ရန်..."
ကောင်းကင်ယံကို ကျော်လွန်လောက်အောင် ပေါက်ကရဆန်လှသော အဆိုပြုချက်များကို အကြီးအကဲခေါင်းဆောင်က တစ်လုံးချင်း တိတိကျကျ ဖတ်ကြားသွားသည်။
ထိုအကြောင်းအရာများကို ကြားလိုက်ရချိန်တွင်တော့ လူတိုင်းမှာ လုံးဝ ကြောင်အသွားကြတော့သည်။
ဒါက ဘာကြီးလဲ။
ဒါက တကယ်ပဲ ကုန်သွယ်ရေးအသင်းရဲ့ အနာဂတ် တိုးတက်မှု အဆိုပြုလွှာ ဟုတ်လို့လား။
မြောင်ယွမ်၏ အတွေးအခေါ်များက အမြဲတမ်း ရဲတင်းသည်ဟု သူတို့ သိထားကြသော်လည်း ဤမျှအထိ ရဲတင်းလိမ့်မည်ဟုတော့ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
မဟုတ်သေးပါဘူး... ဒါက ရဲတင်းတာ မဟုတ်တော့ဘဲ ဦးနှောက်မရှိတဲ့ လုပ်ရပ်လို့တောင် ဆိုရမည်။
ဘယ်လို ကုန်သွယ်ရေးအသင်းကများ ပုန်ကန်ဖို့အတွက် ဗြောင်ကျကျ ပြင်ဆင်မှာလဲ။
အခန်းထဲရှိ စီမံသူများမှာ နေရာတင် မှင်သက်နေကြရသည်။
အကြီးအကဲခေါင်းဆောင်က အကြောင်းအရာ အားလုံးကို ဖတ်ကြားပြီးဆုံးသွားချိန်တွင်မူ ထိန်းချုပ်မရသော ရယ်မောသံကြီးများက အစည်းအဝေးခန်းမအတွင်း ဟိန်းထွက်လာတော့သည်။
"ဟာဟားဟားဟား..."
"ဝမ်းကွဲညီမ မြောင်ယွမ်... မင်းက အမြဲတမ်း ဘောင်ထဲမှာ မနေတတ်တာ ငါသိပါတယ်၊ ဒါပေမဲ့ ဒီအဆိုပြုချက်တွေကတော့ လွန်လွန်းနေပြီ၊ မင်း မူးနေတုန်း ရေးလိုက်တာများလား ဟားဟားဟား..."
"အင်း... ငါ့အမြင်ကတော့ မဟုတ်လောက်ဘူး၊ အစ်မ မြောင်ယွမ်က ငါတို့ကို အပန်းပြေအောင် တမင် သက်သက် ရေးပေးလိုက်တာ ဖြစ်ရမယ်"
"သေချာတာပေါ့ ၊ မဟုတ်ရင် မြောင်ယွမ်ရဲ့ ဉာဏ်ရည်နဲ့ ဒီလို အသိဉာဏ်မရှိတဲ့ အဆိုပြုလွှာမျိုးကို ဘယ်လိုလုပ် ရေးမှာလဲ"
"မြောင်ယွမ်လေးက စေတနာ အလွန်ကြီးတာပဲ၊ အခုတော့ ငါလည်း မလှုပ်ရှားတော့ဘူး၊ ကျေးဇူးပဲ ကျေးဇူးပဲ ဟားဟားဟား..."
ပထမဆုံး စတင်ရယ်မောသူများမှာ မြောင်ယွမ်နှင့် ပုံမှန်အားဖြင့် သိပ်မတည့်ကြသော အမာခံ အဆင့်မြင့်စီမံသူများပင် ဖြစ်သည်။
သူတို့က ရယ်လိုက်သည်နှင့် အခြားကုန်သွယ်ရေးအသင်း စီမံသူများကလည်း လိုက်ရယ်ကြတော့သည်။ အချို့ဆိုလျှင် ရှေ့တိုးနောက်ငင် ဖြစ်သွားသည့်အထိ အားရပါးရ ရယ်မောနေကြသည်။
အကြောင်းမှာ ဤအဆိုပြုလွှာက ဤမျှအထိ ဟာသဆန်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့သောကြောင့် ဖြစ်သည်။
မြောင်ယွမ်နှင့် ရင်းနှီးသော စီမံသူများသာလျှင် လိုက်မရယ်ကြဘဲ နားမလည်နိုင်သော မျက်နှာထားများဖြင့်သာ ကြည့်နေကြသည်။ မြောင်ယွမ်က ဤမျှ အရေးကြီးသော ရွေးချယ်ပွဲတွင် ဘာကြောင့် ဤကဲ့သို့ ပေါက်ကရကိစ္စမျိုးကို လုပ်ရသလဲဆိုသည်ကို သူတို့ စဉ်းစားမရ ဖြစ်နေကြသည်။
သို့သော် ပတ်ဝန်းကျင်မှ လှောင်ရယ်သံများကို ကြားရသော်လည်း မြောင်ယွမ်၏ စိတ်ထဲတွင်တော့ ဘာလှိုင်းတံပိုးမျှ ထမလာခဲ့ပေ။ သူမက ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင် ခန့်မှန်းထားပြီးသားပင်။
သူမကို တကယ်တမ်း အံ့အားသင့်စေသည်မှာ အကြီးအကဲများအဖွဲ့၏ တုံ့ပြန်မှုပင် ဖြစ်သည်။
သူတို့ထဲမှ တစ်ယောက်မျှပင် ဘာတုံ့ပြန်မှုမှ မရှိကြပေ။
သူတို့က ထိုနေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေကြပြီး မပြုံးမရယ် ရှိနေကြဆဲပင်။
ထို့ပြင်... စောစောကထက်ပင် ပို၍ တည်ကြည်လေးနက်နေကြသေးသည်။
ရယ်မောဆူညံနေကြသူများကို ကြည့်ရင်း အကြီးအကဲခေါင်းဆောင်က အေးစက်သော အကြည့်များဖြင့် စကားစလိုက်သည်။
"ရယ်စရာကောင်းလို့လား"
အေးစက်လှသော ဖိအားများက အစည်းအဝေးခန်းမ တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။
လူတိုင်းလည်း ချက်ချင်း သတိပြန်ဝင်လာကြပြီး အကြီးအကဲအဖွဲ့ ရှိနေသေးသည်ကို သတိရသွားကြသည်။
သူတို့၏ တည်ကြည်လှသော အကြည့်များကို မြင်လိုက်ရချိန်တွင် လူတိုင်းက ရယ်သံများကို ချက်ချင်း သိမ်းလိုက်ကြပြီး တည်တည်ငြိမ်ငြိမ် ပြန်ထိုင်လိုက်ကြရသည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် အကြီးအကဲခေါင်းဆောင်က အေးဆေးစွာ ပြောလိုက်သည်။ "မြောင်ယွမ်ရဲ့ အဆိုပြုလွှာကို... လောလောဆယ် ဝေဖန်ချက် မပေးသေးဘူး"
"အဆိုပြုလွှာအားလုံး ဖတ်ကြားပြီးမှ ဆက်ပြောမယ်"
"နောက်တစ်ယောက်"
အကြီးအကဲခေါင်းဆောင်က သူ၏ အရှိန်အဝါဖြင့် လမ်းလွဲနေသော ရွေးချယ်ပွဲကို အတင်းအကျပ် ပြန် ထိန်းလိုက်သည်။
ထိုအချိန်တွင် မြောင်ယွမ်၏ ရင်ထဲ၌မူ လှိုင်းတံပိုးများ ထန်နေတော့သည်။
အကြီးအကဲအဖွဲ့၏ တုံ့ပြန်မှုက လုံးဝကို မူမမှန်တာပင်။
အရင် အတွေ့အကြုံအရဆိုလျှင် တစ်လောကလုံးကို ဟာသလုပ်နေသည့် ဤအဆိုပြုလွှာကြောင့် သူမကို ခန်းမထဲမှ တိုက်ရိုက် မောင်းထုတ်ရမည့်အပြင် အစည်းအဝေးကို နှောင့်ယှက်သည့် အပြစ်ကိုပါ ပေးရမည် ဖြစ်သည်။
ဒါပေမဲ့ အခုတော့...
စကားတစ်ခွန်းတည်းနှင့်ပင် ကျော်သွားခဲ့သည်။
ထို့ပြင် အကြီးအကဲအဖွဲ့၏ အဆင့်မြင့်လူကြီးများ အားလုံးကလည်း ဘာကန့်ကွက်မှုမှ မရှိကြပေ။
သူတို့က တကယ်တမ်း တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြသူများ မဟုတ်ဘဲ အုပ်စုကွဲများစွာ ရှိနေကြသူများ ဖြစ်သည်။
ဘယ်လိုလူမျိုးကများ သူတို့ကို ဒီလို တညီတညွတ်တည်း ဖြစ်အောင် လုပ်နိုင်တာလဲ။
မြောင်ယွမ်၏ စိတ်တွေ ရှုပ်ထွေးသွားသလို အတွေးတွေလည်း ပရမ်းပတာ ဖြစ်သွားရသည်။
ဤနေရာက အခြေအနေများသည် သူမ နားမလည်နိုင်သော ဦးတည်ချက်သို့ လျင်မြန်စွာ ဦးတည်နေသည်မှာ သေချာလှသည်။
နောက်ဆုံး လက်ကျန် အဆိုပြုလွှာ တင်ပြချိန်ကျမှသာ သူမ စိတ်ကို ပြန်စုစည်းနိုင်တော့သည်။
ဒါက မြောင်ယွီရှန်း ရဲ့ အဆိုပြုလွှာပင်။
မြောင်ယွီရှန်းက မြောင်မိသားစု၏ အထူးချွန်ဆုံးသော တိုက်ရိုက်မျိုးဆက် တစ်ဦး ဖြစ်သည်။
သူ၏ နောက်ကွယ်တွင်လည်း အဆင့်မြင့်အကြီးအကဲ အမြောက်အမြား၏ ထောက်ခံမှု ရှိနေသည်။
သူ၏ အဆိုပြုလွှာမှာလည်း အဆုံးသတ်အတွက် ဖြစ်သည့်အတိုင်း စာလုံးပေါင်း သောင်းချီ ပါဝင်ပြီး ဝမ်ဟဲကုန်သွယ်ရေးအသင်း၏ တိုးတက်မှုနှင့် လုံးဝ ကိုက်ညီလှကာ အလွန်ပင် ပြည့်စုံကောင်းမွန်လှသည်။
အကယ်၍ ပုံမှန်အတိုင်းသာဆိုလျှင် သူက ယနေ့ ရွေးချယ်ပွဲ၏ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာရန် ရာခိုင်နှုန်း အလွန်များသည်။
မြောင်ယွီရှန်း ကိုယ်တိုင်လည်း အလွန် ယုံကြည်မှု ရှိနေပုံရပြီး မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
သူက မြောင်ယွမ်ရှိရာဘက်ကိုပင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝင့်ကြွားစွာ လှမ်းကြည့်လိုက်သေးသည်။
အကြောင်းမှာ နှစ်ပေါင်းများစွာအတွင်း သူက မြောင်ယွမ်၏ အရိပ်အောက်တွင် အမြဲ ရှိနေခဲ့ရပြီး အခုမှသာ ဂုဏ်ယူဝင့်ကြွားနိုင်မည့် အခွင့်အရေး ရရှိခြင်း ဖြစ်သောကြောင့်ပင်။
သို့သော် မြောင်ယွမ်မှာမူ သူ့ကို အရေးလုပ်ရန် စိတ်မရှိဘဲ နောက်ဆက်တွဲ အခြေအနေများကိုသာ တိတ်တဆိတ် စောင့်ကြည့်နေမိသည်။
နောက်ဆုံး ရွေးချယ်မှု စတင်နေပြီ ဖြစ်သည်။
ခေတ္တအကြာတွင် အားလုံး၏ စိုးရိမ်တကြီး စောင့်ကြည့်နေသော အကြည့်များအောက်၌ အကြီးအကဲခေါင်းဆောင်က မတ်တတ်ရပ်လိုက်ပြီး ယနေ့ ရွေးချယ်ပွဲ၏ နောက်ဆုံးရလဒ်ကို စတင် ကြေညာတော့သည်။
"အကြီးအကဲအဖွဲ့ရဲ့ ဘက်စုံ စစ်ဆေးချက်အရ... ဒီနေ့မှာ အဆိုပြုလွှာ တစ်ခုကတော့ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း၊ အသစ်ထွင်နိုင်စွမ်း၊ စေ့စပ်သေချာမှု... တိုးတက်မှု အလားအလာ စတာတွေမှာ တခြား အဆိုပြုလွှာတွေထက် အဆင့်ပေါင်းများစွာ သာလွန်နေတာကို ငါတို့ တညီတညွတ်တည်း တွေ့ရတယ်"
"ဒီအဆိုပြုလွှာကတော့ ဒီနေ့ရဲ့ နောက်ဆုံး အောင်နိုင်သူပဲ"
"ဒါကို တင်ပြတဲ့သူကတော့..."
အကြီးအကဲခေါင်းဆောင်၏ အေးစက်သော အကြည့်များက လူအများကြားသို့ ဝေ့ကြည့်သွားပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့သည့် မြောင်ယွီရှန်း ပေါ်တွင် ခေတ္တ ရပ်တန့်သွားသည်။
သို့သော် နောက်ဆုံးတွင်မူ... အမြဲတမ်း တိတ်တဆိတ် ထိုင်နေခဲ့သော ထောင့်တစ်နေရာက မြောင်ယွမ် ဆီသို့ ကျရောက်သွားတော့သည်။
"ငါတို့ မြောင်မိသားစုရဲ့ အထူးချွန်ဆုံး ပါရမီရှင်၊ ဝမ်ဟဲကုန်သွယ်ရေးအသင်းရဲ့ အတော်ဆုံး စီမံသူ..."
"မြောင်ယွမ် ပဲ"
ထိုစကားအဆုံးတွင် အစည်းအဝေးခန်းမ တစ်ခုလုံး ချက်ချင်း ဆူညံသွားတော့သည်။
မြောင်ယွီရှန်း၏ မျက်နှာမှာ နီမြန်းနေရာမှ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။
ဤကဲ့သို့သော ရလဒ် ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
မိသားစု၏ အမြဲတမ်း ဖိနှိပ်ခြင်း ခံနေရသော မြောင်ယွမ်က ပေါက်ကရဆန်လှသော အဆိုပြုလွှာ တစ်ခုဖြင့် အခြေအနေ အားလုံးကို ပြောင်းလဲပစ်နိုင်ခဲ့သည် တဲ့လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါက ဘယ်လိုများ ဖြစ်နိုင်မှာလဲ။
လူတိုင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေကြသည်။
သို့သော် နောက်ထပ် ဖြစ်ပျက်လာသော အရာများကတော့ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်နေခြင်း ဖြစ်ကြောင်း သူတို့ကို မယုံမရှိ ယုံစေလိုက်တော့သည်။
အကြီးအကဲအဖွဲ့၏ အဖွဲ့ဝင်များက တစ်ယောက်ပြီး တစ်ယောက် လက်ကို မြှောက်လိုက်ကြသည်။
"သဘောတူတယ်"
"ငါ လည်း သဘောတူတယ်"
"မြောင်ယွမ်ရဲ့ အတွေးအခေါ်က အလွန်ကောင်းမွန်တယ်၊ ငါ လည်း သဘောတူတယ်"
"အဆိုပြုလွှာပါ အကြောင်းအရာတွေက အလွန် ထူးခြားဆန်းပြားလှတယ်၊ ဒီလို အသင်းခေါင်းဆောင်မျိုး ရှိတာက ငါတို့အတွက် ကံကောင်းခြင်းပဲ"
"သဘောတူတယ်..."
ခဏအကြာတွင် အကြီးအကဲအဖွဲ့၏ အဖွဲ့ဝင် အားလုံးက လက်ကို မြှောက်လိုက်ကြတော့သည်။
ရှေ့မှ ထူးဆန်းလှသော အခြေအနေကို ကြည့်ရင်း မြောင်ယွမ်က မျက်လုံးများ ပြူးကျယ်သွားကာ နှုတ်ခမ်းလေး အနည်းငယ် ဟလျက် အသက်ရှူသံများ မြန်ဆန်လာရသည်။
သူမ၏ ဦးနှောက်တစ်ခုလုံး...
ဗလာ ဖြစ်သွားတော့သည်