မြောင်ယွမ်နှင့် စကားပြောခြင်း
Vol. 56 Ch. 588
အခန်းအတွင်းမှာ အလွန်ပင် လင်းထိန်နေသည်။
ကြီးမားလှသော ခရစ်စတယ် ပြတင်းပေါက်မှတစ်ဆင့် ဟေးယာမြို့တစ်မြို့လုံး၏ မြင်ကွင်းကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
မြောင်ယွမ် အပြင်ဘက်မှ လျှောက်ဝင်လာချိန်တွင် ပြတင်းပေါက်အနား၌ ရပ်ပြီး အပြင်ဘက်ကို ငေးကြည့်နေသော အရပ်ရှည်ရှည် ကိုယ်ဟန်နှင့် လူတစ်ဦးကို တွေ့လိုက်ရသည်။
တစ်ဖက်လူ၏ နောက်ကျောဘက်တွင် ရပ်ရင်း မြောင်ယွမ်က သူ့ကိုယ်သူ တတ်နိုင်သမျှ နှိမ့်ချရိုသေသော ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ပြီး လက်သီးဆုပ် ကာ ဂါရဝပြုလိုက်သည်။ "မြောင်ယွမ်... ကျိကျွင်း ကို ဂါရဝပြုပါတယ်"
အသံကြားသည်နှင့် ရှေ့မှလူက ဖြည်းညှင်းစွာ လှည့်လာခဲ့သည်။
မြောင်ယွမ်က ခေါင်းမော့ရန် မဝံ့ရဲသော်လည်း တစ်ဖက်လူ၏ အကြည့်က သူမအပေါ် ကျရောက်နေသည်ကို ခံစားမိသည်။
ကံကောင်းသည်မှာ တစ်ဖက်လူ၏ အကြည့်ထဲတွင် စိတ်မသက်မသာ ဖြစ်စေသော ကျူးကျော်စော်ကားလိုသည့် အငွေ့အသက် မျိုး မပါဝင်ပေ။
ထိုအချိန်တွင် ထန်ထျန်းက ဤအမျိုးသမီးကို တိတ်တဆိတ် အကဲခတ်နေမိသည်။
ကုရှောင်းရွှယ် ပြောသကဲ့သို့ပင် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမထံမှ ထွက်ပေါ်နေသော ရဲတင်းထက်မြက်သည့် အရှိန်အဝါက ပို၍ သိသာထင်ရှားနေသည်။
"ငါ့လူတွေကတော့ ငါ့ကို သခင်လေးထန် လို့ပဲ ခေါ်ကြတယ်"
တန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
မြောင်ယွမ်၏ စိတ်ထဲတွင် ချက်ချင်းပင် လှုပ်ခတ်သွားရသည်။
သူမက တစ်ဖက်လူ၏ စကားထဲမှ အရေးကြီးသော သတင်းစကားအချို့ကို ချက်ချင်း ဖမ်းဆုပ်မိလိုက်သည်။
ငါ့လူတွေ...
ဒါက ထင်ရှားတဲ့ အချက်ပြမှုတစ်ခုပင်၊ တစ်ဖက်လူက သူမကို တကယ်ပဲ သူ၏ လူယုံတစ်ယောက်အဖြစ် သတ်မှတ်ဖို့ ကြံရွယ်နေတာလား။
ခေတ္တမျှ တွေဝေသွားပြီးနောက် မြောင်ယွမ်က ကိုယ်ကို ပို၍ နှိမ့်ချလိုက်ကာ ပြောလိုက်သည်။ "မြောင်ယွမ်... သခင်လေးထန်ကို ဂါရဝပြုပါတယ်"
မြောင်ယွမ်၏ သတိကြီးစွာ ထားနေပုံကို ကြည့်ပြီး တန်ထျန်းက မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။ "စိတ်မပူပါနဲ့၊ ငါ မင်းကို ဘာမှ မလုပ်ပါဘူး"
"ခေါင်းမော့လိုက်ပါ"
မြောင်ယွမ်က ထိုစကားကို ကြားသောအခါ ကိုယ်ကို ဖြည်းဖြည်းချင်း ပြန်မတ်လိုက်သည်။
ထိုအခါမှသာ သူမက ထန်ထျန်း၏ ရုပ်သွင်အစစ်အမှန်ကို မြင်တွေ့လိုက်ရတော့သည်။
အလွန်တရာ ငယ်ရွယ်လှသော ထိုမျက်နှာကြောင့် မြောင်ယွမ် ခေတ္တ မှင်သက်သွားရသည်။
ကျင့်ကြံသူတစ်ဦး၏ အသက်အရွယ်ကို အပြင်ပန်းရုပ်သွင်ဖြင့် ခန့်မှန်း၍ မရသော်လည်း ဤသခင်လေးထန်ကတော့ တကယ်ကို နုပျိုလွန်းနေသည်။
ထို့ပြင် ထိုနုပျိုမှုက ဟန်ဆောင်ထားသည့် ပုံစံမျိုးမဟုတ်ဘဲ မူလကတည်းက ဤအသက်အရွယ်သာ ရှိသေးသည့်ပုံပင်။
၎င်းအပြင် ဤသခင်လေးထန် ထံတွင် အလွန်ပင် တည်ငြိမ်အေးဆေးသော အရှိန်အဝါမျိုးကို သူမ တွေ့လိုက်ရသည်။ ၎င်းမှာ ကမ္ဘာ့အထွတ်အထိပ်တွင် ရပ်တည်နေသူများ၌သာ ရှိနိုင်သော အရှိန်အဝါမျိုး ဖြစ်သည်။
တစ်ဖက်လူက သူမ စိတ်ကူးထားခဲ့သည်နှင့် လုံးဝ မတူပေ။
"ထိုင်ပြီး စကားပြောကြရအောင်"
ထန်ထျန်းက ပြတင်းပေါက်နားက စားပွဲတွင် ထိုင်လိုက်ပြီး ကုလားထိုင်နှစ်လုံးကို လက်ဟန်ဖြင့် ခေါ်ယူကာ မြောင်ယွမ်နှင့် ရှောင်းရွှယ်ကို ထိုင်ရန် အချက်ပြလိုက်သည်။
ထို့နောက် သူက လက်ဖက်ရည်ပူပူ အချို့ကို ငှဲ့ကာ မြောင်ယွမ်ရှေ့သို့ တိုးပေးလိုက်သည်။
မြောင်ယွမ်က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အနည်းငယ် မြည်းစမ်းလိုက်သည်။
သူမကတော့ စိတ်လှုပ်ရှားနေဆဲပင်။
သို့သော် ထန်ထျန်းကတော့ သူမ၏ စိတ်အခြေအနေကို ဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပင် အဓိက အကြောင်းအရာသို့ ပြော လိုက်သည်။
"ရှောင်းရွှယ် ပြောတာတော့... မင်းက ကုန်သွယ်ရေးကိစ္စတွေမှာ အလွန်ထူးချွန်တယ် ဆို"
သူက မေးလိုက်သည်။
မြောင်ယွမ်က ခေတ္တ ငြိမ်သွားပြီးမှ ပြောလိုက်သည်။ "သခင်လေးထန်ကို တင်ပြရရင်... မြောင်ယွမ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ မဟုတ်ပေမဲ့ ဝမ်ဟဲကုန်သွယ်ရေးအသင်းမှာတော့ အောင်မြင်မှု အချို့ ရရှိခဲ့ဖူးပါတယ်"
ထန်ထျန်းက ပြုံးလိုက်ပြီး "အောင်မြင်မှု အချို့တင် မကဘူး မဟုတ်လား"
"မိသားစုရဲ့ အထက်ပိုင်း ဖိနှိပ်မှုတွေကြားကနေ ထွက်ပေါ်လာပြီး ဝမ်ဟဲကုန်သွယ်ရေးအသင်းရဲ့ အထူးချွန်ဆုံး စီမံသူ ဖြစ်လာနိုင်တယ်ဆိုကတည်းက မင်းမှာ ထူးခြားတဲ့ အရည်အချင်းရှိတာ သိသာပါတယ်"
"အရမ်းလည်း နှိမ့်ချမနေပါနဲ့၊ ဘာမှလည်း စိုးရိမ်မနေနဲ့၊ ငါက အမှန်အတိုင်း ပြောတာကိုပဲ ကြိုက်တယ်၊ ငါတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့"
မြောင်ယွမ်က အနည်းငယ် ခေါင်းညိတ်ကာ "မြောင်ယွမ် နားလည်ပါပြီ"
ထန်ထျန်းက အင်း ဟု တစ်ချက်ဆိုလိုက်ပြီး ဆက်မေးသည်။ "ဒါဆို ပြောပြပါဦး၊ ဒီနေ့ မတိုင်ခင်အထိ မင်းက ဝမ်ဟဲကုန်သွယ်ရေးအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ မြောင်မိသားစုရဲ့ အိမ်တော်သခင်မ ဖြစ်ချင်ခဲ့တာလား"
မြောင်ယွမ်က လက်ထဲက လက်ဖက်ရည်ခွက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။ ဤမေးခွန်းအတွက် သူမ အနည်းငယ် တွေဝေသွားသော်လည်း...
နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ "ဖြစ်ချင်ခဲ့ပါတယ်"
"ကျွန်မ အရွယ်ရောက် လာကတည်းက အိမ်တော်သခင်မ ရာထူးက ကျွန်မရဲ့ အိပ်မက် ဖြစ်ခဲ့တာပါ"
"ဒါပေမဲ့ လက်တွေ့အခြေအနေတွေကြောင့် အဲဒီအိပ်မက်က အရမ်းကို ဝေးကွာလွန်းနေပြီး မဖြစ်နိုင်သလောက်ပါပဲ"
"သခင်လေးထန်နဲ့ ရှောင်းရွှယ် ပေါ်မလာခင်အထိပေါ့"
ထန်ထျန်းက တဟီးဟီး ရယ်မောလိုက်ပြီး "ဒါဆိုရင် ကောင်းတာပေါ့"
"အကယ်၍ မင်းကိုယ်တိုင်က မဖြစ်ချင်ဘူးဆိုရင် ငါ ဒီနေ့ ပေးလိုက်တဲ့ လက်ဆောင်က အပိုဖြစ်သွားလိမ့်မယ်"
ထန်ထျန်းက တစ်ဖက်လူ၏ ဆန္ဒမပါဘဲ အတင်းအကျပ် ခိုင်းစေရသည့် ကိစ္စမျိုးကို မကြိုက်ပေ။
အကယ်၍ မြောင်ယွမ်က ခုနက မဖြစ်ချင်ဘူးဟု ပြောခဲ့မည်ဆိုလျှင် (၎င်းမှာ အမှန်တရားဖြစ်စေ၊ စိုးရိမ်မှုကြောင့်ဖြစ်စေ) ထန်ထျန်းက သူမကို ချက်ချင်း လူအစားထိုး ပစ်ပေလိမ့်မည်။
မဖြစ်ချင်သူကို အတင်းအကျပ် အိမ်တော်သခင်မ ခန့်မည့်အစား မြေအောက် ဟင်းလင်းပြင် က မြောင်အန်းနင်ကို ပြန်ဆွဲထုတ်ပြီး ခိုင်းရတာကမှ ပိုအဆင်ပြေဦးမည်။
အနည်းဆုံးတော့ ထိုလူက ဝမ်ဟဲကုန်သွယ်ရေးအသင်းကို တည်ထောင်သူဖြစ်သဖြင့် အရည်အချင်းပိုင်းမှာ အပြစ်ပြောစရာ မရှိပေ။
ကံကောင်းစွာဖြင့် မြောင်ယွမ်က နောက်ဆုံးတွင် ပွင့်လင်းမှုကို ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် မြောင်ယွမ်မှာမူ သူမက ရာထူးမှ ဖယ်ရှားခံရလုနီးပါး အခြေအနေမှ လွတ်မြောက်လာခဲ့မှန်း မသိရှာပေ။
သခင်လေးထန်၏ ကြင်နာ သော လေသံနှင့် သဘောထားကြောင့် အစောပိုင်းက စိုးရိမ်ထိတ်လန့်နေခဲ့သော သူမ၏ စိတ်က အများကြီး ငြိမ်သက်သွားရသည်။
ဤသခင်လေးက ထင်သလောက် ပေါင်းသင်းရ ခက်ခဲပုံမရပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မြောင်ယွမ်က စ မေးလိုက်သည်။ "သခင်လေးထန်ကို မေးပါရစေ၊ ကျွန်မကို ဝမ်ဟဲကုန်သွယ်ရေးအသင်းရဲ့ အသင်းခေါင်းဆောင် ခန့်အပ်ခဲ့တာက နောက်ထပ်ပြုလုပ်မယ့် ကုန်သွယ်ရေးအသင်း ပေါင်းစည်းမှုတွေအတွက် ကျွန်မကို ခိုင်းစေချင်လို့လား"
"အိမ်တော်သခင် ပြောပြတာတော့ ဝမ်ဟဲကုန်သွယ်ရေးအသင်းကို သခင်လေးက ဝယ်ယူလိုက်ပြီလို့ သိရပါတယ်"
သူမ၏ စကားကို ကြားသောအခါ ထန်ထျန်းနှင့် ကုရှောင်းရွှယ်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြတော့သည်။
ကုရှောင်းရွှယ်က မြောင်ယွမ်၏ ပုခုံးကို ပုတ်ကာ ရယ်လျက်ပြောသည်။ "ကျွန်မ တို့ လုပ်တဲ့ ကိစ္စတွေကို သမားရိုးကျ မတွေးနဲ့၊ အဲဒါက မင်း ကို လမ်းမှားရောက်စေလိမ့်မယ်"
မြောင်ယွမ်ကတော့ နားမလည်နိုင်သော မျက်နှာထားဖြင့်သာ ရှိနေသည်။ သူမ၏ ခန့်မှန်းချက် မှားသွားတာလား။
ကုန်သွယ်ရေးအသင်းကြီးတစ်ခုလုံးကို အခုလေးတင် ဝယ်ယူလိုက်ပြီးပြီဆိုလျှင်၊ အသင်းအချင်းချင်း ပေါင်းစည်းပြီး ဝမ်ဟဲကုန်သွယ်ရေးအသင်းရဲ့ အထက်အောက် ဖွဲ့စည်းပုံတွေ၊ အဆင့်အတန်းတွေ အားလုံးကို သူ့လူတွေအဖြစ် အမြန်ဆုံး ပြောင်းလဲပစ်ရမည် မဟုတ်ပါလား။
ခေတ္တမျှ ရယ်မောပြီးနောက် ထန်ထျန်းက ဖြေးဖြေးချင်း ပြောလိုက်သည်။ "တကယ်တော့ မြောင်ယွမ် ပြောတာလည်း မမှားပါဘူး"
"ဝမ်ဟဲကုန်သွယ်ရေးအသင်းကတော့ တကယ်ပဲ ပြန်လည် စုဖွဲ့ဖို့ လိုအပ်နေတာပါ"
"ဒါပေမဲ့ ငါ မင်းကို လုပ်စေချင်တာက... ဝမ်ဟဲကုန်သွယ်ရေးအသင်းကို မင်းရဲ့ လက်ထဲမှာပဲ အပြည့်အဝ ထိန်းချုပ်ထားဖို့ပဲ"
"မင်းက ဝမ်ဟဲကုန်သွယ်ရေးအသင်းမှာ လုံးဝဥဿုံ အာဏာရှိသူ ဖြစ်ရမယ်၊ မင်းကို ဆန့်ကျင်တဲ့ အသံ တစ်သံမှ ရှိလို့ မရဘူး"
ထိုစကားအဆုံးတွင် မြောင်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူမရဲ့ လက်ထဲမှာ ထိန်းချုပ်ဖို့... တဲ့လား။
သခင်လေးထန်ရဲ့ လူယုံတွေက အသင်းထဲကို ဝင်ရောက်လာရမှာ မဟုတ်ဘူးလား။
ပြီးတော့ လုံးဝဥဿုံ အာဏာရှိသူ ဖြစ်ရမယ် တဲ့လား။
ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ အစီအစဉ်ကြီးလဲ။
မြောင်ယွမ် လုံးဝကို နားမလည်နိုင်တော့ပေ။
ပုံမှန် အရဆိုလျှင် ဤသို့ ဖြစ်မလာသင့်ပေ။
သို့သော် ကုရှောင်းရွှယ် ခုနက ပြောခဲ့သော စကားကို သူမ သတိရလိုက်သည်။ သူတို့ကို သမားရိုးကျ မတွေးပါနှင့်၊ မဟုတ်လျှင် လမ်းမှားသွားလိမ့်မည် ဟု ဆိုခဲ့သည် မဟုတ်ပါလား။
သူမ ခေါင်းကို ခါယမ်းလိုက်ပြီး အရင်က အတွေ့အကြုံများကို ဘေးဖယ်ထားကာ ထန်ထျန်း ပြောသမျှကိုသာ တိုက်ရိုက် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ သူမက ယခုအခါ လက်အောက်ငယ်သားအဆင့်သာ ဖြစ်ရာ အမိန့်ကို နာခံရန်မှာ ပထမဦးစားပေးပင်။
မြောင်ယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောလိုက်သည်။ "အကယ်၍ အဲဒီလိုဆိုရင်တော့ ပိုပြီးတောင် လွယ်ကူသွားပါပြီ"
"အကယ်၍ သခင်လေးက ကျွန်မကို လုံလောက်တဲ့ အာဏာသာ ပေးမယ်ဆိုရင် အလွန်ဆုံး တစ်လအတွင်းမှာ ဝမ်ဟဲကုန်သွယ်ရေးအသင်း တစ်ခုလုံးမှာ ကျွန်မရဲ့ အသံတစ်သံတည်းပဲ ရှိစေရပါမယ်"
သူမက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အတွင်းပိုင်း ပေါင်းစည်းခြင်းက အပြင်လူနှင့် ပေါင်းစည်းခြင်းထက် ပို၍ လွယ်ကူပါသည်။ အကြောင်းမှာ ရှုပ်ထွေးလှသော နှစ်ဖက်အကျိုးစီးပွားများကို ညှိနှိုင်းနေစရာ မလိုသောကြောင့် ဖြစ်သည်။
ထို့ပြင် နှစ်ပေါင်းများစွာအတွင်း သူမက ဝမ်ဟဲကုန်သွယ်ရေးအသင်း၏ အတွင်းရေးများကို လက်ဝါးကြည့်သကဲ့သို့ သိထားပြီးဖြစ်ရာ လုံလောက်သော အာဏာသာ ရှိလျှင် အတိုက်အခံများကို အချိန်တိုအတွင်း ဖယ်ရှားပြီး အသင်းကြီးတစ်ခုလုံးကို အထက်မှအောက်အထိ သံမဏိစည်းကမ်းဖြင့် တည်ဆောက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် မြောင်ယွမ်က ဤကိစ္စကို လုပ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။
သို့သော် ပြောပြီးသည်နှင့် ထန်ထျန်းက ဤအဖြေအပေါ် စိတ်ကျေနပ်မှု မရှိသည်ကို သူမ တွေ့လိုက်ရသည်။
"တစ်လ... အရမ်း ကြာလွန်းတယ်"
ထန်ထျန်းက စကားစလိုက်သည်။ "အကယ်၍ ငါက မင်းကို အကြွင်းမဲ့ အာဏာ ပေးမယ်၊ ပြီးတော့ မင်းတို့ရဲ့ ဘိုးဘေး မြောင်အန်းနင်ကိုလည်း မင်းကို စိတ်ရောကိုယ်ပါ ကူညီပေးဖို့ ခိုင်းမယ်ဆိုရင်..."
"မင်း... အချိန် ဘယ်လောက် လိုမလဲ"
မြောင်ယွမ် ထပ်မံ မှင်သက်သွားရပြန်သည်။
ထို့နောက် သူမက သတိကြီးစွာဖြင့် မေးလိုက်သည်။ "သခင်လေးထန် ပြောတဲ့ အကြွင်းမဲ့ အာဏာ ဆိုတာက..."
"ဘယ်အတိုင်းအတာအထိလဲဟင်"
ထန်ထျန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"အရာအားလုံးက... မင်းရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ရမယ်"