အခန်း (၂၆၉-၂၇၀)
Vol. 14 Ch. 269-270
အခန်း (၂၆၉) - ဓာတ်ကြီးငါးပါး မီးအဆောင်
ဝူချန်းသာမက စကားပြောနေကြသည့် မျောက်ဖြူနှင့် မျောက်မိစ္ဆာတို့ပင် ထိတ်လန့်သွားကြ၏။ အခေါင်းထဲမှ နှာမောင်းလေးမှာလည်း လန့်ဖျန့်ကာ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။ ရှောင်ဟော့ကမူ ဘာမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် စပ်စုကြည့်နေရှာ၏။
“ဒါ... ဒါက...”
ဝူချန်းမှာ အလွန်အံ့သြသွားသဖြင့် သူ၏ ပန်းကန်လုံးထဲမှ အရက်များပင် ဖိတ်စင်ကုန်တော့သည်။
“ဒါက ‘ဓာတ်ကြီးငါးပါး မီးအဆောင်ပဲ”
ဝူချန်းက ပန်းကန်လုံးကို အသာချကာ အာမေဍိတ်သံဖြင့် ဟစ်အော်လိုက်မိ၏။
သူသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်နေခဲ့သည်။ ဓာတ်ကြီးငါးပါး မီးအဆောင်ဆိုသည်မှာ သူ၏ တိမ်တိုက်ဂိုဏ်းတွင် ရှေးအစဉ်အဆက်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည့် အစွမ်းထက်ဆုံး အဆောင်လက်ဖွဲ့တစ်ခု ဖြစ်၏။ သူ၏ ဆရာလက်ထက်ကတည်းက မည်သူမျှ ဤမန္တန်ကို အောင်မြင်အောင် မဖော်ဆောင်နိုင်ခဲ့ကြပါပေ။ မန္တန်ရွတ်ဆိုနည်းရှိနေသော်လည်း လက်ဖွဲ့အဖြစ် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ကြခြင်းပင်။
သို့သော် ယနေ့တွင်မူ... လင်းကျင်းသည် ပထမဆုံးအကြိမ် ရေးသားလိုက်ရုံမျှဖြင့် အောင်မြင်သွားခဲ့ချေပြီ။ ထို့ပြင် ၎င်းကို ချက်ချင်းပင် လှုံ့ဆော်ကာ မီးတောက်များကိုပါ ခေါ်ယူနိုင်ခဲ့သည် မဟုတ်ပါလား။
လောင်ကျွမ်းနေသော ကျောက်ပြားပေါ်ရှိ စာသားများကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ဝူချန်းက မေးလိုက်၏။
“ဆရာလင်း... ခင်ဗျား အရင်က ဒီမီးလက်ဖွဲ့ မန္တန်ကို သင်ယူဖူးတာလား”
အမှန်အတိုင်းပြောရလျှင် လင်းကျင်းကိုယ်တိုင်လည်း တုန်လှုပ်နေမိသည်။
သူသည် ခေါင်းခါပြလိုက်၏။ တကယ်တော့ သူ တစ်ခါမျှ မသင်ယူဖူးပါပေ။ သို့သော် သူ၏ အဆောင် ဘာကြောင့် အလုပ်ဖြစ်သွားသလဲဆိုတာကိုတော့ သူ ရိပ်မိလိုက်သည်။ စောစောက အဆောင်ရေးသားပုံကို လေ့လာနေစဉ်မှာပင် ၎င်း၏ အစိတ်အပိုင်းတစ်ခုမှာ ပြင်ပစွမ်းအားကို ငှားရမ်းရန် လိုအပ်ကြောင်း သူ နားလည်ခဲ့သည်။ ဝူချန်းသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားသော်လည်း ဘာကြောင့် မအောင်မြင်ခဲ့သလဲဆိုတာကို လင်းကျင်း တွေးတောမိ၏။ ပြဿနာမှာ စွမ်းအားငှားရမ်းသည့် ‘အရင်းအမြစ်’ တွင် ရှိနေခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် လင်းကျင်းသည် အဆောင်၏ စာသားအချို့ကို အနည်းငယ် ပြောင်းလဲရေးသားခဲ့ခြင်းပင်။
၎င်းက အမှန်တကယ် အလုပ်ဖြစ်သွားခဲ့သည်။
ဝူချန်းမှာ မှင်တက်ကာ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လင်းကျင်းက ပြုံးလျက် ဆိုလိုက်၏။
“ဆရာကြီး... စာသားတွေကို အသေအချာ ပြန်ကြည့်ကြည့်ပါဦး၊ ခြားနားချက်ကို သတိထားမိလိမ့်မယ်”
ဒါဟာ သိသာလှသော အရိပ်အမြွက်ပင် ဖြစ်သည်။
တာအိုဆရာအိုကြီးမှာ ချက်ချင်းပင် အသေအချာ စစ်ဆေးကြည့်ရာ ကွဲလွဲချက်ကို ရှာတွေ့သွားတော့သည်။
လင်းကျင်းရေးသားသော မီးလက်ဖွဲ့မှာ သူသိထားသော မူရင်းနှင့် အနည်းငယ် ကွဲပြားနေသော်လည်း၊ အဆင့်မြင့်သော အရာတစ်ခုထံမှ မီးစွမ်းအားကို ငှားရမ်းခြင်းကတော့ အတူတူပင် ဖြစ်၏။
သို့သော်... ငှားရမ်းမည့် ပစ်မှတ်မှာ သူရင်းနှီးနေကျဖြစ်သော ‘မီးနတ်မင်း’မဟုတ်တော့ဘဲ၊ ထူးဆန်းသော သင်္ကေတအချို့နှင့် အစားထိုးထားခြင်းပင်။
“ဆရာလင်း... ခင်ဗျား ဘယ်နတ်ဘုရားရဲ့ နာမည်ကို သုံးလိုက်တာလဲ”
ဝူချန်းမှာ နားမလည်နိုင်သေးသဖြင့် နှိမ့်ချစွာ မေးမြန်းလိုက်၏။ လင်းကျင်းက ပြုံးကာပြောလိုက်၏။
“ဒါက နတ်ဘုရားတစ်ပါး မဟုတ်ပါဘူး၊ ကျုပ်ရဲ့ သားရဲကို ခေါ်ဝေါ်တဲ့ နာမည်ပါ”
“ဘာ... သားရဲလား”
ဝူချန်းမှာ ထိတ်လန့်သွားရ၏။
လင်းကျင်းက ရှောင်ဟော့ကို လှမ်းခေါ်လိုက်သည်။ ၎င်းသည် လက်ရှိတွင် ကြောင်လေးတစ်ကောင်၏ အရွယ်အစားသာ ရှိပြီး၊ နီရဲသော အမွှေးအမျှင်များနှင့်အတူ ထူးခြားလှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ဒါဟာ ဓမ္မကိုယ်ထည်ပင် ဖြစ်၏။
ထိုမီးဝံပုလွေလေးကို စိုက်ကြည့်ရင်း၊ လင်းကျင်း၏ မီးလက်ဖွဲ့စွမ်းအားမှာ ဤကောင်လေးထံမှ လာသည်ဆိုသည်ကို ဝူချန်း မယုံနိုင်အောင် ဖြစ်နေရသည်။
လင်းကျင်း သိသည်မှာ သူ၏ အောင်မြင်မှုသည် ဝူချန်းထက် မန္တန်ကို ပို၍ ကျွမ်းကျင်သောကြောင့် မဟုတ်ပါပေ။ အရေးကြီးသော အချက်တစ်ချက်ကို သူ မိမိရရ ဆုပ်ကိုင်နိုင်ခဲ့ခြင်းကြောင့်ပင်။ တာအိုဆရာအိုကြီး၏ မီးလက်ဖွဲ့များ အလုပ်မဖြစ်ခြင်းမှာ လက်ဖွဲ့အတွင်း၌ ထည့်သွင်းရန် မီးစွမ်းအင် မရှိသောကြောင့် ဖြစ်၏။ ၎င်းမှာ သူ၏ ရှေးလူကြီးများထံမှ ဆင်းသက်လာသော အရာလည်း မဟုတ်ပါပေ။ သူ ယခင်က သုံးခဲ့သော လက်ဖွဲ့မှာတော့ ရှေးလူကြီးများက စွမ်းအားများ ထည့်သွင်းထားသဖြင့် အလုပ်ဖြစ်ခဲ့ခြင်းပင်။ ယခု သူအသစ်ရေးလျှင်တော့ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပါပေ။
အသစ်ရေးသော လက်ဖွဲ့များ၌ စွမ်းအားမရှိခြင်းမှာ ‘မီးနတ်မင်း’ ထံမှ မီးစွမ်းအင်ကို ငှားရမ်း၍ မရနိုင်တော့သောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်နေလျှင် ဘာကြောင့် အခြားနည်းလမ်းကို မသုံးရမည်နည်း။ မသေမျိုးလမ်းစဉ်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ၊ ဤ ‘မီးနတ်မင်း’ ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်ပါပေ။ မရှိတော့သောသူထံမှ စွမ်းအားငှားရန်မှာ မဖြစ်နိုင်ပါပေ။ နတ်ဘုရားအဆင့်ရှိသော ပုဂ္ဂိုလ်များ၌ ၎င်းတို့၏ စွမ်းအားများကို မျှဝေပေးနိုင်သည့် ဓမ္မကိုယ်ထည်များ ရှိခဲ့ဖူးသဖြင့်သာ ကိုးကွယ်ခံခဲ့ရခြင်း ဖြစ်ရမည်ဟု လင်းကျင်း ယူဆလိုက်သည်။ ဓမ္မကိုယ်ထည်ကသာ အဓိကသော့ချက်ဖြစ်လျှင် ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို ဘာကြောင့် အသုံးမပြုနိုင်ရမည်နည်း။
ထို့ကြောင့် လင်းကျင်းသည် ရှောင်ဟော့၏ မီးစွမ်းအင်ကို ငှားရမ်းခဲ့ရာ အမှန်တကယ်ပင် အောင်မြင်သွားခဲ့ခြင်း ဖြစ်၏။
ဒါဟာ သူ၏ ဉာဏ်အမြင်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သလို၊ လင်းကျင်းကလည်း ဒါကို ဖုံးကွယ်မထားပါပေ။ သူ သိရှိလိုက်သည်များကို ဝူချန်းအား ရှင်းပြလိုက်ရာ ဆရာအိုကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ပထမတော့ ဒါဟာ အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း၊ အသေအချာ ပြန်စဉ်းစားကြည့်သောအခါ တကယ့်ကို ကျိုးကြောင်းဆီလျော်လှပေသည်။
ထို့ပြင် သူသည် ကြောက်စရာကောင်းသော အချက်တစ်ခုကိုလည်း သတိပြုမိသွား၏။
ဤဆရာလင်း၏ သားရဲမှာ ‘ဓမ္မကိုယ်ထည်’ ကို ပိုင်ဆိုင်ထားပြီးဖြစ်ခြင်းပင်။
ဒါဟာ တကယ့်ကို မယုံနိုင်စရာပါပေ။
အခြားသူများက ဓမ္မကိုယ်ထည်အကြောင်းကို မသိနိုင်သော်လည်း ဝူချန်းကတော့ သိပါ၏။ သူသည် စစ်မှန်သော မသေမျိုးလမ်းစဉ်ကို ဆက်ခံသူတစ်ဦး မဟုတ်ပါလား။ ယခင်က သူတို့၏ တိမ်တိုက်ဂိုဏ်းတွင် ဓမ္မကိုယ်ထည်ကို ကျင့်ကြံနိုင်ခဲ့သော ပညာရှင်များစွာ ရှိခဲ့သဖြင့် သူသည် ဤအကြောင်းကို အတော်အတန် သိထားခြင်း ဖြစ်သည်။
ယနေ့တွင်မှ ဓမ္မကိုယ်ထည်ကို ပိုင်ဆိုင်ထားသော သတ္တဝါတစ်ကောင်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပင်။
သို့သော် မမျှော်လင့်ထားသည့် အချက်မှာ ထိုဓမ္မကိုယ်ထည်ကို လူသားမဟုတ်ဘဲ သားရဲတစ်ကောင်က ရရှိထားခြင်း ဖြစ်နေခဲ့သည်။
တကယ်ပဲ နှမြောစရာကောင်းလှ၏။
ဒါဟာ ဝူချန်း၏ စစ်မှန်သော အတွေးပင် ဖြစ်သည်။
သို့သော်လည်း ဒါကို သူ အပြင်သို့ ထုတ်မပြောပါပေ။ သူသည် လင်းကျင်းကိုလည်း အထင်ကြီးသွားမိရင်း... ‘ပညာရှင်ကြီးရဲ့ တပည့်ပီသပါပေတယ်... ဒီမီးလက်ဖွဲ့က သိပ်ပြီး ရှုပ်ထွေးတဲ့ မန္တန်မဟုတ်ပေမဲ့၊ အခုခေတ်မှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတာလေ... ဆရာလင်းကတော့ ဒါကို တခြားနည်းလမ်းတစ်ခုနဲ့ ပြန်လည် အသက်သွင်းနိုင်ခဲ့တာပဲ’ ဟု တွေးတောမိလိုက်သည်။
ဒါက တကယ့် ပညာရှင်တစ်ဦး၏ လုပ်ဆောင်ချက်ပင်။
ချက်ချင်းပင် ဝူချန်းသည် သူ၏ တိမ်တိုက်ဂိုဏ်းမှ အခြားသော မန္တန်များကို လင်းကျင်းအား သင်ကြားပေးလိုက်တော့သည်။ နောက်ဆုံးတစ်ခုမှာ မီးလက်ဖွဲ့ဖြစ်ပြီး၊ ယခုတစ်ခုမှာမူ ‘ဓာတ်ကြီးငါးပါး မိုးကြိုးလက်ဖွဲ့’ပင် ဖြစ်၏။
ဓာတ်ကြီးငါးပါး လက်ဖွဲ့အားလုံးထဲတွင် တိမ်တိုက်ဂိုဏ်း၌ ဤနှစ်မျိုးသာ ကျန်ရှိတော့ခြင်းပင်။
သို့သော်လည်း လင်းကျင်းအနေဖြင့် ဤမိုးကြိုးလက်ဖွဲ့ကိုတော့ အသုံးမပြုနိုင်သေးပါပေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအားငှားရမ်းရန် အရင်းအမြစ် မရှိသောကြောင့်ပင်။ လျှပ်စီးဓာတ်ရှိပြီး ဓမ္မကိုယ်ထည်ကို ပိုင်ဆိုင်ထားသော သားရဲတစ်ကောင်ကို မရှာတွေ့သရွေ့တော့ ဒါဟာ အလုပ်ဖြစ်ဦးမည် မဟုတ်ပါပေ။
သူတို့နှစ်ဦးမှာ အစားအသောက်များ ကုန်ဆုံးသွားသည်အထိ မှောင်မိုက်သော ညထဲတွင် စကားကောင်းနေခဲ့ကြ၏။
ယခု သူတို့၏ ဆွေးနွေးမှု ခေါင်းစဉ်မှာ သားရဲများနှင့် မိစ္ဆာများအကြောင်းသို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ဆရာလင်း... ပြတိုက်မှူးကြီး ပေးခဲ့တဲ့ ‘သားရဲစွမ်းအင် ကျင့်စဉ်’က တကယ်ပဲ ဆန်းကြယ်လှတယ်... ကျုပ်လည်း မျောက်မိစ္ဆာလေးကို ဒါကို ကျင့်ကြံခိုင်းထားတယ်”
ဝူချန်းက ရုတ်တရက် ဆိုလိုက်၏။
သူ၏ ရည်ရွယ်ချက်ကို လင်းကျင်း ရိပ်မိသဖြင့် ပြုံးကာ ကမ်းလှမ်းလိုက်သည်။
“ကျုပ် ဆရာကြီးကိုယ်စား သူ့ကို ကြည့်ပေးပါရစေ”
ဝူချန်းမှာ ဝမ်းသာအားရဖြင့် မျောက်မိစ္ဆာလေးကို ချက်ချင်း လှမ်းခေါ်လိုက်၏။
မျောက်ဆိုသည်မှာ ငြိမ်ငြိမ်မနေတတ်သော သတ္တဝါများ ဖြစ်ကြသည်။ ၎င်းသည် စောစောက စကားပြောနေသော်လည်း၊ နောက်ပိုင်းတွင် ပျင်းလာသဖြင့် အိပ်ပျော်နေခဲ့ခြင်းပင်။ တာအိုဆရာကြီး ခေါ်သံကို ကြားသောအခါ ၎င်းသည် ခေါင်းခါကာ မဝံ့မရဲဖြင့် ရောက်ရှိလာတော့သည်။
“ဆရာလင်းကို မင်းရဲ့ အခြေအနေကို ကြည့်ခိုင်းလိုက်စမ်းပါ”
တာအိုဆရာကြီးက ခပ်တည်တည် ဆိုလိုက်၏။
တာအိုဆရာကြီးသည် ဤမျောက်မိစ္ဆာလေးကို နှစ်ပေါင်းများစွာ သင်ကြားပြသခဲ့သဖြင့် ၎င်းသည် ယဉ်ကျေးမှုကိုတော့ ကောင်းကောင်း တတ်မြောက်ထားခဲ့သည်။ ၎င်းသည် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်၏။
“ဆရာလင်းကို ဂါရဝပြုပါတယ်”
လင်းကျင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် မျောက်မိစ္ဆာ၏ သွေးကြောမှတ်တစ်ခုထဲသို့ အပ်တစ်ချောင်းကို ထိုးစိုက်လိုက်၏။ လင်းကျင်းသည် ရစ်ပတ်အပ်နည်းစနစ်ကို အသုံးပြု၍ သားရဲများကို အကဲဖြတ်ရာတွင် အလွန်ပင် ကျွမ်းကျင်လှပြီဖြစ်ရာ၊ မျောက်မိစ္ဆာလေးမှာ လင်းကျင်းက သူ့ကို အကဲဖြတ်လိုက်ပြီမှန်းပင် သတိမထားမိလိုက်ပါပေ။
လင်းကျင်းသည် ဤမျောက်မိစ္ဆာလေး၏ အခြေအနေမှာ ထူးခြားလှသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် အဆင့် (၂) မိစ္ဆာတစ်ကောင်သာ ဖြစ်သော်လည်း လူအသွင်ပြောင်းလဲခြင်း၊ စကားပြောခြင်းအတတ်တို့ကို ကျင့်ကြံထားပြီးဖြစ်သလို၊ လူသားတို့၏ စကားကိုလည်း ကောင်းကောင်း နားလည်နေခဲ့သည်။
တကယ့်ကို အံ့သြစရာပါပေ။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် တိမ်တိုက်ဂိုဏ်းတွင် မိစ္ဆာများကို စကားပြောတတ်စေရန်နှင့် လူအသွင်ပြောင်းလဲနိုင်စေရန် သင်ကြားပေးသည့် အထူမန္တန်လက်ဖွဲ့များ ရှိနေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့်ပင် ဤမျောက်မိစ္ဆာလေးသည် အဆင့် (၂) သာ ရှိသေးသော်လည်း စကားပြောနိုင်ခြင်း ဖြစ်ရပေမည်။
တစ်ဖက်တွင်လည်း တာအိုဆရာအိုကြီး၏ တိမ်တိုက်ဂိုဏ်းမှာ မသေမျိုးလမ်းစဉ်အတွက် တကယ့်ကို ထူးခြားလှသော ဂိုဏ်းတစ်ခု ဖြစ်ခဲ့ရမည်မှာ သေချာလှပေသည်။
မျောက်မိစ္ဆာလေး၏ အချက်အလက်များကို ‘သားရဲပြတိုက်’ထဲသို့ ထည့်သွင်းလိုက်ပြီးနောက်၊ လင်းကျင်းသည် ထိုသတ္တဝါအကြောင်းကို အသေးစိတ် သိရှိသွားခဲ့ပြီ ဖြစ်၏။ အချက်အလက်များကို ဖတ်ကြည့်လိုက်ချိန်တွင် လင်းကျင်းမှာ အံ့သြသွားရသည်။ ဤမျောက်လေးမှာ တကယ့်ကို ကြီးမားသော အလားအလာရှိသည့် ‘ရှားပါးမိစ္ဆာ’အမျိုးအစား ဖြစ်နေခြင်းပင်။
၎င်း၏ အလားအလာများအပြင်၊ မျောက်မိစ္ဆာလေးသည် အတွေ့အကြုံများစွာကိုလည်း စုဆောင်းထားပြီးဖြစ်ရာ ယခုအခါ ဆင့်ကဲပြောင်းလဲရန် အရှိန်ရနေပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးကို ကျေးဇူးပြုသည့်အနေဖြင့် ဤမျောက်လေးကို ဆင့်ကဲပြောင်းလဲအောင် ဘာကြောင့် ကူညီမပေးရမည်နည်း။ လက်ရှိ လင်းကျင်းအတွက်မူ အဆင့် (၁) မှ အဆင့် (၃) အထိ ဆင့်ကဲပြောင်းလဲပေးရန်မှာ ဘာမှ မခက်ခဲပါပေ။ သူ အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်။
ဝုန်း...
မျောက်မိစ္ဆာလေး၏ ကိုယ်ပေါ်မှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
အခန်း (၂၇၀) - ခံ့ညားသော ထွက်ခွာခြင်း
မျောက်မိစ္ဆာလေး၏ ကိုယ်ပေါ်မှ အဆင့် (၃) သားရဲတစ်ကောင်၏ အရှိန်အဝါများ ထွက်ပေါ်လာချိန်တွင် တာအိုဆရာအိုကြီးမှာ သိသိသာသာပင် အံ့အားသင့်သွားရ၏။
ဤဆင့်ကဲပြောင်းလဲမှုနောက်ကွယ်တွင် ဆရာလင်း၏ လက်ရာပါဝင်နေသည်ကို သူသိသော်လည်း၊ မည်သို့မည်ပုံ ပြောင်းလဲသွားစေသလဲဆိုသည်ကိုမူ သူ၏ အတွေ့အကြုံဖြင့်ပင် အဖြေရှာမရနိုင်သဖြင့် မိမိကိုယ်ကို ရှက်ရွံ့မိသွားတော့သည်။
ဒါဟာ တကယ့် ပညာရှင်အစစ်ပင်။
လင်းကျင်းမှာ အလွန်ငယ်ရွယ်သေးသော်လည်း သားရဲအကဲဖြတ်သည့်နေရာတွင် ထူးချွန်ရုံသာမက၊ သူတို့ တိမ်တိုက်ဂိုဏ်း၏ မန္တန်လက်ဖွဲ့များကိုပါ မျက်စိတစ်မှိတ်အတွင်း နားလည်သဘောပေါက်နိုင်စွမ်း ရှိနေခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော တာအိုဆရာအိုကြီးမှာမူ သူနှင့် မယှဉ်နိုင်ပါပေ။
တာအိုဆရာအိုကြီး စိတ်ပျက်နေသည်ကို လင်းကျင်း သတိပြုမိလိုက်သဖြင့် နှစ်သိမ့်လိုက်၏။
“ဆရာကြီး... သိပ်ပြီးတော့ စိတ်ထဲမထားပါနဲ့... သားရဲအကဲဖြတ်တာက ကျုပ်ရဲ့ အလုပ်ဖြစ်သလို၊ မျောက်လေးကလည်း ဆင့်ကဲပြောင်းလဲဖို့ အရှိန်ရနေပြီးသားမို့ ကျုပ်က အနည်းငယ်ပဲ ကူညီပေးလိုက်တာပါ... မန္တန်လက်ဖွဲ့ကတော့ တိုက်ဆိုင်မှုတစ်ခုပါပဲ”
တိုက်ဆိုင်မှုတဲ့လား။
ကျင့်ကြံခြင်းဆိုသည်မှာ တိုက်ဆိုင်မှုဖြင့် အောင်မြင်နိုင်ပါ့မလား။
လင်းကျင်းသည် သူ့အား အားနာ၍ နှစ်သိမ့်နေခြင်းဖြစ်ကြောင်း ဝူချန်း သိရှိသဖြင့် သူသည် တကယ့်ကို ကျေးဇူးတင်မိသွားသည်။
သူသည် အလိုက်သင့်ပင် ပြုံးလိုက်ရာ စိတ်ထဲရှိ ညှိုးငယ်မှုများနှင့် ပူပန်မှုများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
“ဒီမျောက်လေးနဲ့ ကျုပ် ခရီးသွားရင်း တွေ့ခဲ့တာ ကြာပါပြီ... အဲဒီအချိန်ကစပြီး သူ့ကို ကျင့်ကြံခြင်းတွေ သင်ပေးခဲ့သလို၊ အဆောင်တွေနဲ့လည်း ကူညီပေးခဲ့တယ်... သူက ကျုပ်နားမှာ ဆယ်နှစ်ကျော် နေလာခဲ့တဲ့ တစ်ဦးတည်းသော တပည့်ပေါ့... အခုတော့ ဆရာလင်းရဲ့ ကျေးဇူးကြောင့် သူ အဆင့်တက်သွားပြီဆိုတော့ နောက်ဆို ကျုပ်တို့ ခရီးသွားတဲ့အခါ ပိုပြီး အဆင်ပြေတော့မှာပါ... အန္တရာယ်တစ်ခုခုနဲ့ ကြုံရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီပေါ့”
တာအိုဆရာအိုကြီးသည် စိတ်ရင်းဖြင့် ပြောဆိုခြင်းပင်။ ယခင်ကဆိုလျှင် သူတို့သည် ခရီးသွားရာတွင် လူမိုက်များနှင့် ကြုံရပါက အမြဲတမ်း သတိထားနေထိုင်ခဲ့ရပြီး သည်းခံခဲ့ကြရသည်။
ယခုမူ မျောက်မိစ္ဆာလေးမှာ အဆင့် (၃) သို့ ရောက်ရှိသွားပြီဖြစ်ရာ သည်းမခံနိုင်သော ကိစ္စများကို ဆက်ပြီး သည်းခံနေရန် မလိုတော့ပါပေ။ အဆင့် (၃) မိစ္ဆာတစ်ကောင်သည် သာမန်အခြေအနေများတွင် မိမိကိုယ်ကို ကောင်းကောင်း ကာကွယ်နိုင်စွမ်း ရှိသည့်အပြင်၊ ‘သားရဲစွမ်းအင် ကျင့်စဉ်’ ကြောင့်လည်း ယခင်ကထက် များစွာ ပို၍ သန်စွမ်းနေခဲ့ပြီ မဟုတ်ပါလား။
မျောက်မိစ္ဆာလေးသည်လည်း လင်းကျင်းမှာ သူ၏ ကျေးဇူးရှင်ဖြစ်ကြောင်း သိရှိသဖြင့် ချက်ချင်းပင် ဒူးထောက်ကာ ကျေးဇူးတင်ဂါရဝပြုလိုက်တော့သည်။
ထိုစဉ် လင်းကျင်းသည် ရှန်းအာတို့၏ နေအိမ်ဟောင်းနှင့် နီးကပ်သော တာအိုကျောင်းတစ်ခုကို ရုတ်တရက် သတိရလိုက်၏။ ထိုကျောင်းသည် ရှန်းအာနှင့် ရှောင်ဝူတို့ကို ကျင့်ကြံခြင်း သင်ကြားပေးခဲ့သည့် နေရာပင်။ လင်းကျင်းသည် ထိုနေရာသို့ သွားရောက်စုံစမ်းရန် စိတ်ကူးထားသော်လည်း၊ ယခု တာအိုဆရာတစ်ဦးနှင့် တွေ့ဆုံနေရခိုက် မေးမြန်းကြည့်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ ဝူချန်းသည်လည်း တာအိုဆရာတစ်ဦး ဖြစ်သဖြင့် တစ်ခုခု သိနိုင်သည် မဟုတ်ပါလား။
လင်းကျင်းက လက်ယှက် နှုတ်ဆက်ကာ ပြောလိုက်၏။
“ဆရာကြီးကို ကျုပ် မေးချင်တာ တစ်ခုရှိပါတယ်”
လင်းကျင်း၏ စွမ်းဆောင်ရည်များကို မြင်တွေ့ပြီးဖြစ်ရာ ဝူချန်းသည် ယခုကဲ့သို့ ယဉ်ကျေးသော အပြုအမူကို လက်မခံဝံ့ပါပေ။ သူသည် ချက်ချင်းပင် ဦးညွှတ်ကာ ကျေးဇူးတုံ့ပြန်လိုက်ရင်း ပြောလိုက်၏။
“မေးပါ ဆရာလင်း... ကျုပ်သိသမျှ အကုန် ပြောပြပါ့မယ်”
“ကောင်းပါပြီ”
လင်းကျင်းက ချီရှတောင်ပေါ်ရှိ တာအိုကျောင်းအကြောင်းကို မေးမြန်းလိုက်သည်။ သူသည် ကျောင်း၏ အမည်ကို မသိသော်လည်း ထိုနေရာ၌ သာမန်သားရဲများကို မိစ္ဆာများအဖြစ် ပြောင်းလဲပေးနိုင်သော မန္တန်များ ရှိကြောင်းတော့ သေချာနေခဲ့သည်။
“ချီရှတောင်ပေါ်က တာအိုကျောင်းလား”
ဝူချန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။
“ကျုပ် ဂိုဏ်းအချို့ကို သိပေမဲ့ ချီရှတောင်ပေါ်မှာတော့ နာမည်ကြီးတဲ့ တာအိုဂိုဏ်း ရှိတယ်လို့ မကြားဖူးဘူး... ဒါပေမဲ့ သားရဲတွေကို မိစ္ဆာအဖြစ် ပြောင်းလဲပေးနိုင်တယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို ထူးခြားတဲ့ နေရာပဲ ဖြစ်ရမယ်... ကျုပ် မသိတာ တကယ်ကို နှမြောစရာပါပဲ”
လင်းကျင်းမှာ အနည်းငယ် အံ့သြသွားသော်လည်း ပြန်စဉ်းစားကြည့်လျှင် ဒါက ဖြစ်နိုင်လှပေသည်။
တာအိုဆရာအိုကြီးသည် တာအိုလောကမှ ဖြစ်သော်လည်း ရှိသမျှ ဂိုဏ်းအားလုံးကို သိနိုင်ရန်မှာ မဖြစ်နိုင်ပါပေ။ ထို့ကြောင့် လင်းကျင်းအနေဖြင့် ကိုယ်တိုင် သွားရောက်စုံစမ်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ထိုနေရာတွင် တစ်စုံတစ်ခုကို သူ သင်ယူနိုင်ကောင်း သင်ယူနိုင်ပေလိမ့်မည်။
ဝူချန်းနှင့် တွေ့ဆုံခြင်းမှ လင်းကျင်းသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။ ဤကမ္ဘာ၏ ကျင့်ကြံခြင်းအကြောင်းကို သိရှိခဲ့ရရုံသာမက၊ တာအိုဆရာအိုကြီး၏ မန္တန်အဆောင် လျှို့ဝှက်ချက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဤ ‘ဓာတ်ကြီးငါးပါး မီးအဆောင်မှာ တစ်နေ့တွင် အသုံးဝင်လာမည်မှာ သေချာလှပေသည်။
တစ်ညတာမှာ မသိမသာ ကုန်လွန်သွားခဲ့ချေပြီ။ ကောင်းကင်ယံမှာ လင်းစပြုလာပြီဖြစ်ရာ လင်းကျင်းသည် ထွက်ခွာရန် အချိန်တန်ပြီမှန်း သိလိုက်သဖြင့် နှုတ်ဆက်စကား ဆိုလိုက်တော့သည်။ ဆုံစည်းခြင်းရှိလျှင် ခွဲခွာခြင်းရှိရမည်ကို ဝူချန်း သိရှိသဖြင့် သူသည် လင်းကျင်းကို လိုက်လံပို့ဆောင်ပေးခဲ့၏။
“အခွင့်အခါသင့်ရင် ကျုပ်မေပယ်မြို့ကို လာပြီး ဆရာလင်းကို ဂါရဝပြုပါ့မယ်”
ဝူချန်းက ခြံဝင်းတံခါးဝတွင် ဂါရဝပြုရင်း ဆိုလိုက်သည်။
လင်းကျင်းက ပြုံးလိုက်၏။
“ဆရာကြီး လာမယ်ဆိုရင် ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”
“နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်”
မျောက်ဖြူလေးက အခေါင်းကို ထမ်းကာ လင်းကျင်းက ရှေ့မှ ဦးဆောင်၍ ထွက်ခွာသွားတော့သည်။ ခြေလှမ်း ဆယ်လှမ်းခန့် အကွာသို့ ရောက်ရှိချိန်တွင် ဝူချန်းသည် လင်းကျင်းနှင့် မျောက်ဖြူလေးတို့၏ ပုံရိပ်မှာ လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရ၏။
သူမှာ မှင်တက်သွားရတော့သည်။
“ကိုယ်ယောင်ဖျောက်အတတ်လား”
တာအိုဆရာအိုကြီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ သူသည် ချက်ချင်းပင် နောက်မှ လိုက်ကြည့်မိသည်။ လူငယ်များထက်ပင် သန်စွမ်းသော ခန္ဓာကိုယ်ဖြင့် ဝူချန်းသည် အမြန်ပြေးလွှား ကြည့်ရှုသော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရတော့ပါပေ။
သူသည် နှမြောတသစွာဖြင့် မြေကြီးကို ခြေဆောင့်လိုက်မိတော့သည်။
“ငါ လွဲသွားပြီ... ဆရာလင်းက ကိုယ်ယောင်ဖျောက်အတတ်ကိုပါ တတ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ... ငါကတော့ ဒါကို အဆောင်သုံးမှပဲ လုပ်နိုင်တာလေ... အစောကတည်းက သိရင် သူ့ဆီကနေ လမ်းညွှန်မှု တောင်းလိုက်ရမှာ... တကယ်ကို နှမြောစရာပဲ”
တာအိုဆရာအိုကြီးက နောင်တရစွာ ဆိုလိုက်၏။
သို့သော် ခဏအကြာတွင် သူသည် အားရပါးရ ရယ်မောလိုက်ပြန်သည်။
“အို... ငါလည်း အိုမှ ရူးနေတာပဲ... နောက်ဆိုရင် မေပယ်မြို့ကို သွားပြီး ဆရာလင်းကို တွေ့လို့ရတာပဲလေ... ဒီလိုမျိုး ဝမ်းနည်းနေစရာ မလိုပါဘူး”
ထိုသို့ ဆိုကာ သူသည် စိတ်လက်ပေါ့ပါးစွာဖြင့် ပြန်လာခဲ့တော့သည်။
သူသည် မေပယ်မြို့သို့ သွားရန်လည်း အလျင်မလိုပါပေ။ တာအိုလမ်းစဉ်တွင် ‘ကံကြမ္မာ’ ကို အလေးထားသည် မဟုတ်ပါလား။ ယခုတစ်ကြိမ် လွဲချော်သွားခြင်းမှာ ကံကြမ္မာက အချိန်မတန်သေးဟု ပြောနေခြင်းပင် ဖြစ်ရပေမည်။ ထိုသို့ဖြစ်နေလျှင် မိမိကိုယ်ကို အတင်းအကျပ် လုပ်ဆောင်နေရန် မလိုပါပေ။ တစ်နေ့နေ့တွင် သူ သွားချင်သည့် စိတ်ပေါ်လာသည့်အခါမှ သွားပေလိမ့်မည်။
‘ငါဟာ ငယ်ငယ်ကတည်းက တာအိုဂိုဏ်းမှာ လေ့ကျင့်လာခဲ့ပေမဲ့၊ မန္တန်အဆောင်တွေမှာ မကျွမ်းကျင်သလို ကျင့်ကြံမှု အဆင့်ကလည်း နိမ့်ပါးနေခဲ့တယ်... တာအိုရဲ့ ကြီးမြတ်တဲ့ လမ်းစဉ်ကိုလည်း နားမလည်ခဲ့ဘူး... ဒါပေမဲ့ လင်းကျင်းနဲ့ တွေ့ဆုံလိုက်ရတာက ငါ့ကို ကျင့်ကြံခြင်းလမ်းစဉ်မှာ ဆက်ပြီး လျှောက်လှမ်းဖို့ ခွန်အားတွေ ပေးလိုက်သလိုပဲ... ငါ့ရဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ်လို့ မဖြစ်တော့ဘူး’
ဝူချန်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှုများ ပြန်လည်ရရှိသွားခဲ့ချေပြီ။
ထိုအချိန်တွင် လင်းကျင်းမှာ မြို့ပြင်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤနေရာတွင် ကြာရှည်စွာ မနေထိုင်ခဲ့သော်လည်း လင်းကျင်းသည် များစွာ သင်ယူနိုင်ခဲ့သည်။ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုမှာလည်း များစွာ တိုးတက်လာခဲ့သလို၊ သူသည် အရှိန်မြှင့်တင်ပေးနိုင်သော မန္တန်များကိုပါ အသုံးပြုတတ်နေပြီ ဖြစ်သည်။ တောင်တက်လမ်းဖြစ်စေ၊ မြေပြန့်လမ်းဖြစ်စေ သူသည် မြင်းရထားများထက်ပင် ပို၍ လျှင်မြန်စွာ ဖြတ်ကျော်နိုင်နေပြီ ဖြစ်၏။
ခရီးတစ်ဝက်သို့ ရောက်သောအခါ လင်းကျင်းသည် ရုတ်တရက် ရပ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
“မေ့သွားပြီ... ငါ တကယ် မေ့သွားပြီ”
လင်းကျင်းက မိမိကိုယ်ကိုယ် ရေရွတ်လိုက်၏။
“လုဘင်က ငါ့ကို လင်းယုန်သားရဲတစ်ကောင် ပေးမယ်လို့ ပြောထားတာပဲ... ငါ သူ့ကို အများကြီး ကူညီပေးခဲ့ပေမဲ့၊ ငါ့ရဲ့ ဆုလာဘ်ကို တောင်းဖို့ မေ့သွားခဲ့တာပဲ”
ယခုအချိန်တွင်တော့ သူသည် ပြန်လှည့်သွားရန် ပျင်းနေခဲ့ချေပြီ။ လုဘင်၏ စရိုက်အရဆိုလျှင် ထိုသူသည် ကတိတည်သူဖြစ်သဖြင့် တစ်နေ့နေ့တွင် ထိုလင်းယုန်ကို သူ၏ထံသို့ ပို့ပေးလာမည်မှာ သေချာလှပေသည်။
လင်းကျင်းသည် ထိုလင်းယုန်ကို တကယ်ပင် အလိုရှိနေခဲ့သည်။ ထိုသားရဲကို စီးနင်း၍ ခရီးသွားရခြင်းမှာ မည်မျှအထိ မြန်ဆန်မည်ကို စဉ်းစားကြည့်ရုံနှင့်ပင် သိနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း လက်ရှိ အခြေအနေအရဆိုလျှင် ထိုလင်းယုန်ကို သူ အသုံးပြုနိုင်ဦးမည် မဟုတ်ပါပေ။ မျောက်ဖြူကို ထားလိုက်ဦး၊ လင်းယုန်တစ်ကောင်တည်းဖြင့် ဇွန်ဘီနတ်ဆိုး ရှိနေသော အခေါင်းကြီးကို သယ်ယူရန်မှာ မဖြစ်နိုင်ပါပေ။
ထို့ကြောင့် သူသည် ခြေကျင်ခရီးကိုသာ ဆက်လက်နှင်ခဲ့တော့သည်။
ထိုအချိန်တွင် လုဘင်မှာ ဧကရာဇ် ဟယ်ရွှမ်၏ အမိန့်ဖြင့် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ချေပြီ။
ယခင်က ဟယ်ရွှမ်သည် လုဘင်ကို ကာကွယ်ပေးလိုသောကြောင့်သာ ထောင်သွင်းအကျဉ်းချထားခဲ့ခြင်း ဖြစ်၏။ ယခုအခါ ကျောက်စိမ်းနဂါးနတ်ဘုရား သေဆုံးသွားပြီဖြစ်သလို၊ အမတ်ယွီ၏ ဂိုဏ်းမှာလည်း ဖျက်သိမ်းခံလိုက်ရပြီဖြစ်ရာ လုဘင်အတွက် အန္တရာယ် မရှိတော့ပါပေ။
လုဘင်မှာမူ ဘာတွေဖြစ်ပျက်နေမှန်း မသိခဲ့ပါပေ။ ရက်အတော်ကြာ အကျဉ်းကျခံနေရပြီးနောက် ပြန်လည်လွတ်မြောက်လာချိန်တွင်တော့ အရာအားလုံးမှာ အခြေကျသွားပြီဖြစ်ကြောင်း သူ သိလိုက်ရတော့သည်။
သူသည် ဆဋ္ဌမမြောက်မင်းသမီး ဟယ်ယုထံသို့ ချက်ချင်းပင် သွားရောက်တွေ့ဆုံခဲ့၏။
ဟယ်ယုမှာ သတိပြန်လည်လာခဲ့ပြီဖြစ်သလို ကျန်းမာရေးမှာလည်း အတော်လေး ကောင်းမွန်နေခဲ့ချေပြီ။ နောက်ထပ် နှစ်ရက်အကြာတွင် သူမ၏ အရွယ်ရောက်ခြင်း အခမ်းအနားကို ကျင်းပတော့မည် ဖြစ်ရာ၊ သူမအနေဖြင့် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း သူမသည် သတိဝီရိယ ရှိနေဆဲပင်။ အကယ်၍ သူမ၏ မွေးနေ့ကို ကျော်လွန်သွားနိုင်မည်ဆိုလျှင်တော့ သူမ၏ ကျိန်စာမှာ အမှန်တကယ် ပျက်ပြယ်သွားပြီဟု ဆိုနိုင်ပေလိမ့်မည်။
လုဘင်သည် စိတ်ရင်းဖြင့် ဝမ်းသာနေခဲ့၏။
ဟယ်ယုအား မည်သို့ ကုသပေးခဲ့သနည်းဆိုသည်ကို ဟယ်ချန်းနှင့် တိုင်ပင်ကာ စုံစမ်းကြည့်လိုက်ချိန်တွင်တော့၊ လျှို့ဝှက်ဆန်းကြယ်သော ‘ပြတိုက်မှူးကြီး’ ကိုယ်တိုင် ကူညီပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လုဘင် သိရှိသွားခဲ့တော့သည်။