အခန်း (၂၇၁-၂၇၂)
Vol. 14 Ch. 271-272
အခန်း (၂၇၁) - တောင်ကုန်းပေါ်က ရွာကလေး
လုဘင်မှာ အတော်လေး မကျေမချမ်း ဖြစ်နေခဲ့၏။ သူသည် ထိုအစွမ်းထက်လှသော ‘ပြတိုက်မှူး’ နှင့် အမှန်တကယ် တွေ့ဆုံချင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ အခွင့်အရေးနှင့် လွဲချော်ခဲ့ရချေပြီ။
အထူးသဖြင့် ပြတိုက်မှူးသည် မိစ္ဆာပညာရှင်အုပ်စုကို ဦးဆောင်ကာ ကျောက်စိမ်းနဂါးနတ်ဘုရားကို သတ်ဖြတ်သည့် ကြီးမားသော မစ်ရှင်ကြီးကို လုပ်ဆောင်ခဲ့သည်ဟု သိလိုက်ရချိန်တွင် ပို၍ပင် နှမြောမိတော့သည်။ သူကိုယ်တိုင် ထိုနေရာတွင် ရှိမနေခဲ့သော်လည်း ၎င်းမှာ မည်မျှအထိ အန္တရာယ်များပြီး ခမ်းနားမည့် အခြေအနေမျိုးဖြစ်မည်ကို လုပင် ခန့်မှန်းနိုင်ပါ၏။
သို့သော် ယခုမူ အရာအားလုံးက ပြေလည်သွားခဲ့ချေပြီ။
သူသည် လင်းကျင်းကို လိုက်ရှာသော်လည်း မတွေ့ရှိခဲ့ပါပေ။ လုဘင်ကတော့ သိပ်ပြီး အများကြီး မတွေးမိခဲ့ပါ။ ပြတိုက်မှူးကိုယ်တိုင် ဒါကို ဖြေရှင်းပေးခဲ့သည်ဆိုမှတော့ လင်းကျင်း မရှိနေခြင်းမှာ ပြတိုက်မှူးနှင့်အတူ လိုက်သွားခြင်း သို့မဟုတ် မေပယ်မြို့သို့ ကြိုတင်ပြန်သွားခြင်းမျိုး ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။
ထို့ကြောင့် ဟယ်ယု၏ အရွယ်ရောက်ခြင်း အခမ်းအနားပြီးလျှင် မေပယ်မြို့သို့ သွားရောက်ကာ လင်းကျင်းကို ကျေးဇူးတင်စကား ဆိုရပေမည်။
လုဘင်သည် သူ၏ ကတိကိုလည်း မမေ့လျော့ပါပေ။ သူသည် လင်းကျင်းအတွက် လင်းယုန်သားရဲတစ်ကောင်ကို ရွေးချယ်ထားပြီး ရက်အနည်းငယ်အတွင်း မေပယ်မြို့သို့ ကိုယ်တိုင်သွားရောက် ပေးအပ်ရန် စီစဉ်ထားခဲ့သည်။
ဆဋ္ဌမမင်းသမီး ဟယ်ယု၏ အခန်းအတွင်း၌မူ... သူမသည် ကုတင်ပေါ်မှ ဆင်းကာ ပြန်လည်လမ်းလျှောက်နိုင်နေပြီ ဖြစ်ရာ၊ အပြင်သို့ ထွက်ရန်အတွက် ပြင်ဆင်နေခဲ့ချေပြီ။
ဟယ်ယုသည် ဟယ်ချန်းနှင့် လုဘင်တို့ထံမှ ဖြစ်ပျက်သမျှကို သိရှိထားပြီးဖြစ်ရာ သူမကို မည်သူက ကယ်တင်ခဲ့သည်ဆိုသည်ကိုလည်း သိရှိထားပြီး ဖြစ်၏။
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဟယ်ယုအတွက်တော့ ဒါဟာ ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေဆဲပင်။
“ဦးလေးလု... အရာအားလုံးက တကယ်ပဲ ပြေလည်သွားပြီလား၊ အဲဒါကလည်း ဒီလောက်အထိ ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ပေါ့နော်”
သူမထံ လာရောက်ကြည့်ရှုသော လုဘင်ကို ဟယ်ယုက မေးမြန်းလိုက်သည်။
လုဘင်က ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော်လည်း မယုံနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ဒါတွေက တကယ့်အမှန်တရားတွေပဲလေ... သခင်မလေး... သခင်မလေးကို နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့တဲ့ ဒီကျိန်စာကနေ နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပြီ... ဒါက တကယ့်ကို ဂုဏ်ယူစရာပဲ... သခင်မလေးရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားကို အခမ်းနားဆုံးဖြစ်အောင် ကျွန်တော် လုပ်ပေးပါ့မယ်”
ဟယ်ယုက ပြန်လည်ပြုံးပြလိုက်လိုက်၏။
“ခမည်းတော်က အားလုံး ပြင်ဆင်နေပါပြီ... ဦးလေးလုက တက်ရောက်ပေးရုံပါပဲ... ပြီးတော့... ကျွန်မကို ‘သခင်မလေး’ လို့ မခေါ်ပါနဲ့တော့”
ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ကျိန်စာမှ လွတ်မြောက်သွားခဲ့သော်လည်း ဟယ်ယုမှာ အနည်းငယ်တော့ စိုးရိမ်စိတ် ရှိနေဆဲပင်။ သို့သော် ဒါဟာ သူမ၏ ပင်ကိုယ်စရိုက်ကြောင့်သာ ဖြစ်ပါလိမ့်မည်။ သူမ၏ မျက်ဝန်းထဲမှ စိတ်ပျက်အားငယ်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ မျှော်လင့်ချက်အရိပ်အယောင်များက အစားထိုး ဝင်ရောက်လာခဲ့ချေပြီ။
“သခင်မလေးရဲ့ မယ်တော်က အရင်တုန်းက ဆေးတိုက်တစ်ခုရဲ့ အကြီးအကဲဖြစ်ပြီး၊ ကျွန်တော်ကတော့ သူမရဲ့ ကျေးဇူးကို ခံယူခဲ့ရသူမို့ သူမဆီမှာ အမှုထမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ... သခင်မလေးက ဂူသခင်မလေးရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး မယ်တော်ရဲ့ အမွေကို ဆက်ခံမယ့်သူလည်း ဖြစ်ပါတယ်... ကျွန်တော် ‘သခင်မလေး’ လို့ ခေါ်နေတာက သခင်မလေးရဲ့ မယ်တော်အပေါ် ကျွန်တော့်ရဲ့ အသက်နဲ့လဲတဲ့ ကျေးဇူးကြွေးရှိတယ်ဆိုတာကို မမေ့အောင်လို့ပါ”
လုဘင်က ဆိုလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အခုတော့ ခမည်းတော်ဖြစ်သူ အရှင်မင်းကြီးက အားလုံးကို တာဝန်ယူပြင်ဆင်နေပြီဆိုတော့၊ ကျွန်တော်ကတော့ လာပြီး စားသောက်ရုံပဲ ရှိတာပေါ့”
“အဲဒါက ပိုကောင်းတာပေါ့”
ဟယ်ယုသည် သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်သော အပြုံးလေးဖြင့် ပြုံးလိုက်၏။ လုဘင်သည် ထိုအပြုံးကို မြင်ရသောအခါ အလွန်ပင် စိတ်ချမ်းသာသွားရပြီး၊ ဤအပြုံးလေးကို ကာကွယ်ရန်အတွက် သူ၏ အသက်ကိုပင် စတေးဝံ့ကြောင်း တွေးတောမိလိုက်သည်။
ထို့နောက်တွင် ဟယ်ယုသည် ပြတိုက်မှူးနှင့် လင်းကျင်းတို့အကြောင်းကို မေးမြန်းခဲ့၏။ လုဘင်မှာ သိပ်အများကြီး မသိရှိသဖြင့် အခက်တွေ့နေစဉ်မှာပင်၊ သတ္တမမင်းသမီး ဟယ်ချန်း ရောက်ရှိလာခဲ့သဖြင့် သူ၏ အခက်အခဲမှာ ပြေလည်သွားခဲ့ရသည်။
ထိုအချိန်တွင် လင်းကျင်းမှာ ရွာကလေးတစ်ရွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မြို့တော်နှင့် မေပယ်မြို့မှာ မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာလှပေသည်။ လင်းယုန်ကို စီးနှင်းပါက နာရီအနည်းငယ်အတွင်း ရောက်ရှိနိုင်သော်လည်း၊ လမ်းလျှောက်ပြန်မည်ဆိုလျှင်တော့ နှစ်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။
လင်းကျင်းသည် အလွန်မြန်အောင် သွားပါသော်လည်း တစ်ရက်တည်းနှင့်တော့ မရောက်နိုင်ပါပေ။ ထို့ပြင် ဒါက သူ ပထမဆုံးအကြိမ် လမ်းလျှောက်ပြန်ခြင်းဖြစ်ရာ လမ်းမှားခြင်း သို့မဟုတ် လမ်းဝေးခြင်းများမှာ ရှောင်လွှဲ၍ မရနိုင်ပါပေ။
မမှောင်မီမှာပင် သူသည် ရွာကလေးတစ်ရွာကို တွေ့ရှိခဲ့၏။ အနည်းဆုံးတော့ အနားယူစရာ နေရာတစ်ခု ရရှိခဲ့ချေပြီ။ သို့သော် ထိုရွာမှာ သိပ်မကြီးလှပါပေ။ တောင်ကုန်းပေါ်မှ အောက်ခြေအထိ အိမ်ခြေ ၃၀ ခန့်သာ ရှိသဖြင့် အလွန်သေးငယ်သော ရွာလေးတစ်ရွာဟု ဆိုနိုင်ပေသည်။
လင်းကျင်းသည် အခေါင်းကြီးကို သယ်ဆောင်လာရသဖြင့် ရွာထဲသို့ ဝင်ရန်မှာ အဆင်မပြေနိုင်သလို၊ ကိုယ်ယောင်ဖျောက်အတတ်ကို တစ်ချိန်လုံး သုံးထားရန်မှာလည်း အလုပ်ရှုပ်လှပေသည်။ သူသည် ရွာနှင့် မနီးမဝေးတွင် စွန့်ပစ်ထားသော အိမ်ဟောင်းကြီးတစ်လုံးကို တွေ့ရှိသဖြင့် ထိုနေရာတွင်သာ တည်းခိုရန် ဆုံးဖြတ်လိုက်တော့သည်။
ရိက္ခာအတွက်တော့ သူ စိုးရိမ်စရာ မလိုပါပေ။ ရှောင်ဟော့နှင့် မျောက်ဖြူတို့ ရှိနေသဖြင့် တောထဲမှ တစ်ခုခုကို အလွယ်တကူ ရှာဖွေနိုင်ကြမည်ပင်။
နေဝင်ရီတရော အချိန်တွင်တော့ လင်းကျင်းမှာ တစ်နေ့လုံး လမ်းလျှောက်ထားသဖြင့် နွမ်းနယ်နေခဲ့ချေပြီ။ သူသည် စွန့်ပစ်ထားသော ခြံဝင်းအတွင်းရှိ ကျောက်ပြားတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်၏။
သူသည် ‘ဝင်သက်ထွက်သက် ကျင့်စဉ်’ ကို အသုံးပြုနေခြင်း ဖြစ်သည်။
လင်းကျင်းသည် ဤကျင့်စဉ်ကို မကြာခဏ အသုံးပြုလေ့ရှိသဖြင့် ယခုအခါ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်၏။ သူသည် အနေအထားကို ပြင်ဆင်ပြီးနောက် အသက်ရှူခြင်းကို စတင်ထိန်းညှိလိုက်သည်။ သဘာဝဝိညာဉ်စွမ်းအားများ ကုန်ခန်းနေပြီ ဖြစ်သော်လည်း၊ ဤကျင့်စဉ်က သူ့ကို အာရုံစူးစိုက်မှု ပေးနိုင်စွမ်း ရှိ၏။ နာရီအနည်းငယ်ကြာ တရားထိုင်ခြင်းမှာ သူ့အတွက် တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်လိုက်ရသကဲ့သို့ပင်။
လင်းကျင်း အနားယူနေစဉ်မှာပင် ရွာငယ်လေးအတွင်း၌ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ချေပြီ။
လင်းကျင်းသည် ကိုယ်ယောင်ဖျောက်ကာ ဝင်လာခြင်းဖြစ်ရာ ရွာထဲသို့ တစ်စုံတစ်ယောက် ရောက်လာသည်ကိုဖြစ်စေ၊ ထိုအိမ်ဟောင်းကြီးထဲတွင် ရှိနေသည်ကိုဖြစ်စေ မည်သူမျှ မသိရှိကြပါပေ။
ပြဿနာက မှောင်လာသည့်အခါတွင် စတင်တော့သည်။ ရွာထဲရှိ ခွေးများမှာ အလန့်တကြား ဟောင်နေကြရုံသာမက၊ အချို့ရွာသားများမှာ အိမ်ဟောင်းကြီး၏ ခြံဝင်းအတွင်း၌ အလင်းရောင် တစ်ချက်တစ်ချက် လင်းလက်နေသည်ကို သတိပြုမိလိုက်ကြခြင်းပင်။
ဤမျှ သေးငယ်သော ရွာကလေးတွင် သတင်းမှာ အလွန်ပင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
“ဟိုအိမ်ထဲမှာ တစ်ခုခု လှုပ်ရှားနေသလိုပဲ၊ တကယ့်ကို ကြောက်စရာကြီး”
“လျှောက်မပြောပါနဲ့... အဲဒီအိမ်က စွန့်ပစ်ထားတာ နှစ်တွေ အများကြီး ရှိနေပြီပဲ၊ ဘာရှိမှာလဲ... ကိုယ့်ဘာသာကိုယ် ကြောက်မနေစမ်းပါနဲ့”
“တကယ်ပါဆို၊ ကျုပ် မလိမ်ပါဘူး... မယုံရင် ကိုယ့်ဘာသာ သွားကြည့်ကြလေ”
ဤစကားဝိုင်းမှာ ရွာလူကြီး၏ အိမ်မှ ထွက်ပေါ်လာခြင်းပင်။ မကြာမီမှာပင် အမျိုးသားအချို့မှာ သတ္တိမွေးကာ ထွက်လာကြတော့သည်။ အိမ်ဟောင်းကြီးမှာ တစ်ဖက်တောင်စောင်းတွင် ရှိနေသဖြင့်၊ လရောင်၏ အကူအညီဖြင့် ခြံဝင်းအတွင်း၌ ဘာဖြစ်နေသနည်းဆိုသည်ကို လှမ်း၍ မြင်နိုင်ပေသည်။
သေချာသည်မှာ ထိုနေရာမှ ဖျော့တော့သော အလင်းရောင်တစ်ခု ထွက်ပေါ်နေခြင်းပင်။
ဒါကို မြင်ရသောအခါ ရွာသားအများအပြားမှာ အသက်ရှူမှားသွားကြရ၏။
“အဲဒီအိမ်က စွန့်ပစ်ထားတာ ကြာပြီပဲ... ငါတို့ရွာသားတွေလည်း ဘယ်သူမှ မကပ်ရဲကြဘူး... အပြင်လူတွေလည်း အဲဒီကို သွားမှာ မဟုတ်ဘူး... အခုလို ထူးဆန်းတာတွေ ဖြစ်နေပြီဆိုတော့ ဒုက္ခတစ်ခုခုတော့ ကြုံရတော့မှာပဲ”
ရွာမှ အသက်ကြီးသူတစ်ဦးက မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး ဆိုလိုက်သည်။
“ဟိုအရင်က အသတ်ခံရတဲ့ အပြင်လူမိသားစုရဲ့ ဝိညာဉ်တွေများ ပြန်လာပြီး ကောက်ကျစ်နေတာလား မသိဘူး”
တစ်စုံတစ်ဦးက ရုတ်တရက် မေးလိုက်၏။
ထိုသို့ ပြောလိုက်သည်နှင့် ညလေပြင်းတစ်ခုက သူတို့ကို ဖြတ်သန်းတိုက်ခတ်သွားသဖြင့် အားလုံးမှာ တုန်လှုပ်သွားကြရသည်။ လူတိုင်း၏ မျက်နှာမှာ စာရွက်ဖြူပမာ ဖြူဖျော့သွားကြတော့၏။
“အဖိုးယန်... မဟုတ်ကဟုတ်ကတွေ လျှောက်မပြောပါနဲ့"
ရွာလူကြီးက ငေါက်လိုက်သည်။ အခြားသူများကလည်း ဝိုင်းပြောကြ၏။
“ဟုတ်ပဗျာ... သူတို့က ကောက်ကျစ်ချင်တယ်ဆိုရင်တောင် ဘာလို့ ဒီလောက်အထိ ကြာအောင် စောင့်နေမှာလဲ”
‘အဖိုးယန်’ ဟု ခေါ်သောသူမှာတော့ စိတ်မကောင်း ဖြစ်သွားရကာ ပြောလိုက်၏။
“အေးပါ... အေးပါ... ငါ ပြောတာ မှားသွားတယ်ပေါ့... ဒါဆိုရင် အဲဒီမှာ ဘာဖြစ်နေလဲဆိုတာ မင်းတို့ပဲ ပြောပြကြလေ”
မည်သူမျှ ပြန်မဖြေနိုင်ကြပါပေ။
“အဲဒီ မိသားစုရဲ့ ဝိညာဉ်တွေ ပြန်လာတယ်ဆိုရင်တောင် ငါတို့ ကြောက်စရာ မလိုပါဘူး... ငါတို့ရွာက သူတို့အပေါ် ဘာမှ မှားတာ မလုပ်ခဲ့ဘူးလေ... အပြန်အလှန်အားဖြင့် ငါတို့လူတွေတောင် သူတို့ကြောင့် ပါသွားပြီး အစပျောက်ခဲ့ရသေးတာပဲ... ဘာပဲဖြစ်ဖြစ် ဒီထူးဆန်းတဲ့ အခြေအနေကိုတော့ သတိထားရမယ်... အားလုံးပဲ လက်နက်တွေ ယူပြီး ဒီမှာ ပြန်ဆုံကြမယ်... ငါတို့ဘက်မှာ လူအင်အား များတာပဲ၊ သူတို့ကို ကြောက်နေစရာ မလိုဘူး”
ရွာလူကြီးက ပြတ်သားစွာ ကြေညာလိုက်တော့သည်။
ရွာရှိ အိမ်ခြေ ၃၀ ကျော်မှ မိသားစုများမှာ ထိတ်လန့်နေကြသော်လည်း၊ ယခုကဲ့သို့ စိတ်ဓာတ်မြှင့်တင်ပေးမှု ရရှိသွားသောအခါ ချက်ချင်းပင် လက်နက်များကို ပြင်ဆင်ကြပြီး သူတို့တွင် ရှိသော သားရဲများကိုပါ ခေါ်ဆောင်လာကြတော့သည်။ သိပ်ပြီး အစွမ်းမထက်လှသော်လည်း၊ သူတို့တွင် ခွေးကြီးအချို့ ရှိနေသဖြင့် ဝံပုလွေများနှင့် ကျားများကိုတော့ ရင်ဆိုင်နိုင်စွမ်း ရှိကြပါ၏။
လင်းကျင်းမှာတော့ ရွာအတွင်း၌ ဤသို့ ဖြစ်ပျက်နေသည်ကို မသိရှိပါပေ။ သူသည် အလွန်နက်ရှိုင်းသော တရားမှတ်ခြင်း အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။ တစ်စုံတစ်ယောက်က ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပါက သူ သိရှိနိုင်သော်လည်း၊ မီတာရာနှင့်ချီ၍ ဝေးကွာသော နေရာမှ အခြေအနေများကိုမူ သူ မသိနိုင်ပါပေ။
ခြံဝင်းအတွင်း၌ အဘယ်ကြောင့် အလင်းရောင်ရှိနေသနည်းဆိုသည်မှာ ရှောင်ဟော့က သစ်ပင်ခြောက်ကြီးပေါ်တွင် တက်၍ ကစားနေသောကြောင့်ပင်။
သူ၏ ဓမ္မကိုယ်ထည်ကြောင့် ရှောင်ဟော့၏ ခန္ဓာကိုယ်မှ ဖျော့တော့သော အလင်းရောင်များ ထွက်ပေါ်နေခဲ့ရာ၊ ဝေးကွာသော နေရာမှ ကြည့်လျှင်တော့ လွင့်ပျံနေသော အလင်းလုံးလေးတစ်ခုကဲ့သို့ ထင်ရခြင်းပင် ဖြစ်၏။
အချိန်အနည်းငယ် ကြာသောအခါ ရှောင်ဟော့မှာ ပျင်းလာသဖြင့် လင်းကျင်း၏ ဘေးသို့ ပြန်လည် ခုန်ဆင်းလာခဲ့သည်။ မျောက်ဖြူကြီးမှာမူ တစ်နေ့လုံး အခေါင်းကြီးကို သယ်ဆောင်ထားရသဖြင့် နွမ်းနယ်ကာ အိပ်ပျော်နေခဲ့ချေပြီ။
ညဉ့်နက်သန်းခေါင်ယံ အချိန်တွင်တော့ လင်းကျင်းမှာ သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်တော့သည်။
အခန်း (၂၇၂) - လူသတ်သမားများ၊ လူယုတ်မာများနှင့် မိစ္ဆာကောင်များ
လင်းကျင်းသည် တရားမှတ်ခြင်းတွင် အာရုံစူးစိုက်ထားသော်လည်း သူ၏ စိတ်အာရုံမှာ ခြံဝင်းတစ်ခုလုံးနှင့် အနီးနား ပတ်ဝန်းကျင်အထိ လွှမ်းခြုံထားသဖြင့် တစ်စုံတစ်ယောက် အနားသို့ ကပ်လာပါက ချက်ချင်း သိရှိနိုင်ပေသည်။
ယခုပင် တစ်စုံတစ်ယောက် အနားသို့ ရောက်ရှိလာချေပြီ။
“ရွာသားတွေလား”
ဒါက လင်းကျင်း၏ ပထမဆုံး အတွေးပင်။ သူသည် ဘေးရှိ အခေါင်းကြီးကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်မိ၏။ အကယ်၍ ရွာသားများ ဝင်လာပြီး ဤအခေါင်းကြီးကို မြင်သွားပါက ထိတ်လန့်သွားကြမည်မှာ သေချာလှသဖြင့် ဖုံးကွယ်ထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးပြီးသည်နှင့် လင်းကျင်းသည် သူ၏ အပ်များကို ချက်ချင်းထုတ်ယူကာ ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီး ‘ကိုယ်ယောင်ဖျောက်အတတ်’ ကို အသုံးပြုလိုက်တော့သည်။
ဒါဟာ လင်းကျင်း၏ ဂါထာမန္တန်များတွင် အဓိကသော့ချက်ပင် ဖြစ်၏။ ဝိညာဉ်စွမ်းအား တစ်ခုတည်းကိုသာ အားကိုးခြင်းထက် မှော်လက်နက်များကို အသုံးပြုခြင်းက ပို၍ ထိရောက်မှု ရှိစေသည်။ သူကိုယ်တိုင် ပြုလုပ်ထားသော ဤအပ်များမှာ သူ၏ လက်နက်များပင် ဖြစ်ကြ၏။
ဂါထာကို အသုံးပြုပြီးသည်နှင့် သာမန်လူသား၏ မျက်လုံးဖြင့် သူတို့ကို မမြင်နိုင်တော့ပါပေ။
လင်းကျင်း၏ ကိုယ်ယောင်ဖျောက်အတတ် အလုပ်လုပ်ပြီးသည်နှင့် အပြင်ဘက်မှ ခြေသံများကို သူ အသေအချာ ကြားလိုက်ရ၏။ ထိုခြေသံများမှာ ခြံဝင်းတံခါးဝသို့ ရောက်သောအခါ ရပ်တန့်သွားသည်။
“ဒီနေရာလား”
“ဟုတ်တယ်... ဒီအိမ်ပဲ”
“ငါတို့ အရင်ဆုံး ရောက်ပုံရတယ်... မြန်မြန်လုပ်ကြစို့.. ကံကောင်းရင် ‘သားရဲသခင် စတုတ္ထတွဲ’ ကို ရှာတွေ့နိုင်လိမ့်မယ်”
“ကောင်းပြီ... မြန်မြန်သွားရအောင်... သားရဲသခင် စတုတ္ထတွဲမှာ ဝိညာဉ်စွမ်းအားတွေ ရှိနေပြီး တစ်နှစ်မှာ ဒီနေ့ တစ်ရက်ပဲ ပေါ်လာတတ်တာလို့ ကြားတယ်... ဒီနေ့သာ လွဲသွားရင် နောက်တစ်နှစ် ထပ်စောင့်ရဦးမှာ”
ထိုသို့ ပြောဆိုပြီးနောက် အမျိုးသားအချို့သည် သူတို့၏ သားရဲများနှင့်အတူ ခြံဝင်းအတွင်းသို့ ဝင်လာကြတော့သည်။
‘သားရဲသခင် စတုတ္ထတွဲ ဟုတ်လား’
လင်းကျင်း တွေးတောလိုက်မိ၏။ သားရဲသခင်ကျမ်းတွဲများအကြောင်းကို သူ သိရှိထားပြီး ဖြစ်သည်။
၎င်းမှာ သွေးကတိကဝတ်ပြုထားသော သားရဲများအတွက် လူသိများလှသည့် ကျင့်စဉ်တစ်ခု ဖြစ်၏။ လူတစ်ဦး၏ သွေးကတိကဝတ် အဆင့်အတန်းမှာ ပဉ္စမအဆင့်သို့ ရောက်ရှိသွားပါက ဤသားရဲသခင်ကျမ်းကို စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
ဤကျင့်စဉ်၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ သားရဲနှင့် ပိုင်ရှင်ကို တစ်သားတည်း ဖြစ်သွားစေရန်ပင်။ တစ်နည်းအားဖြင့် သက်ရှိနှစ်ခုကို ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လုဘင်ပေါ့။ သူသည် သူ၏ သားရဲကို မည်သူ့ကိုမျှ ထုတ်မပြခဲ့ပါပေ။
ဒါဟာ သူ တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်သလို၊ သားရဲ မရှိ၍လည်း မဟုတ်ပါပေ။ လုပင်၏ သားရဲမှာ အဆင့် (၃) အထွတ်အထိပ်သို့ ရောက်နေသော ‘တိမ်ပင်လယ် ကင်းမြီးကောက်’ တစ်ကောင် ဖြစ်၏။ မည်သူမျှ ဒါကို မမြင်ရခြင်းမှာ လုပင်သည် သားရဲသခင်ကျမ်းကို ကျင့်ကြံထားသောကြောင့် ဖြစ်သည်။
ဤကျင့်စဉ်ကြောင့် လုပင်နှင့် တိမ်ပင်လယ် ကင်းမြီးကောက်မှာ တစ်သားတည်း ဖြစ်သွားခဲ့သည်။ ဒါဟာ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေပြီး သူ၏ သားရဲပိုင်ဆိုင်သော စွမ်းရည်များကိုပါ အသုံးပြုနိုင်စေခြင်းပင်။ ဒါဟာ ခေတ်သစ် ကျင့်ကြံသူများ အသုံးအများဆုံး နည်းလမ်းတစ်ခု ဖြစ်၏။
အခြားဥပမာတစ်ခုမှာ လင်းကျင်း တွေ့ခဲ့ဖူးသော အမတ်ကြီးယုပင် ဖြစ်သည်။ ထိုသူ၏ ခန္ဓာကိုယ်တွင် နဂါးရိပ်တစ်ခု ရှိနေခြင်းမှာ သူသည်လည်း သားရဲသခင်ကျမ်းကို အသုံးပြုထားခြင်းကြောင့်သာ ဖြစ်ရပေမည်။
ဟုတ်ပါတယ်... ဒါကို မကျင့်ကြံဖို့ ဆုံးဖြတ်ထားသူများလည်း ရှိကြပါသေးသည်။ ဥပမာအားဖြင့် ကျွမ်းကျင်ပညာရှင်ကြီး ရဲ့ယွီကျိုးပေါ့။ သူ၏ သွေးကတိကဝတ်မှာ အဆင့် (၈) ဖြစ်ပြီး သားရဲမှာ အဆင့် (၄) ဖြစ်၏။ လင်းကျင်းသည် သူတို့နှင့် အကြိမ်ကြိမ် တွေ့ခဲ့ဖူးသော်လည်း ရဲ့ယွီကျိုးက ဤကျင့်စဉ်ကို သုံးသည်ကို တစ်ခါမျှ မမြင်ခဲ့ရပါပေ။
ဒါဟာ တစ်ဦးချင်းစီ၏ စိတ်ကြိုက် ရွေးချယ်မှုသာ ဖြစ်၏။ ရဲ့ယွီကျိုး မသုံးခြင်းမှာ သူ အသုံးမပြုနိုင်၍ မဟုတ်ပါပေ။
လက်ရှိတွင် သားရဲသခင်ကျမ်း၌ အတွဲသုံးတွဲသာ ရှိသည်ဟု လူတိုင်း သိရှိထားကြပြီး တစ်တွဲနှင့် တစ်တွဲ အာနိသင်ချင်း ကွာခြားကြသည်။ ပထမတွဲမှာ ကျင့်ကြံရန် အလွယ်ကူဆုံး ဖြစ်သော်လည်း သားရဲနှင့် ပေါင်းစည်းပြီးချိန်တွင် သားရဲ၏ စွမ်းအား ထက်ဝက်ခန့်ကိုသာ ထုတ်ယူနိုင်၏။ ဒုတိယတွဲမှာ ပိုကောင်းပြီး စွမ်းအား ၇၀ ရာခိုင်နှုန်းခန့်ကို ထုတ်ယူနိုင်ကာ၊ တတိယတွဲမှာမူ သားရဲ၏ စွမ်းအား အပြည့်အဝကို အသုံးပြုနိုင်သည်ဟု ဆိုကြသည်။
သဘာဝကျစွာပင် ပထမတွဲကို ရှာဖွေရန် လွယ်ကူသော်လည်း တတိယတွဲမှာမူ အလွန်ပင် ရှားပါးလှပေသည်။
ပစ္စည်းကောင်းလေလေ၊ ပို၍ ရှားပါးလေဖြစ်ပြီး တန်ဖိုးလည်း ပိုကြီးလေပင်။
လင်းကျင်းသည် သားရဲသခင်ကျမ်း၌ အတွဲသုံးတွဲသာ ရှိသည်ဟု ကြားဖူးသော်လည်း၊ ယခုတွင်မူ ‘သားရဲသခင် စတုတ္ထတွဲ’ ဟူသော စကားကို အသေအချာ ကြားလိုက်ရချေပြီ။
တကယ်ပဲ စတုတ္ထတွဲ ရှိနေတာလား။
ဒါကြောင့် လင်းကျင်း၏ စူးစမ်းလိုစိတ်မှာ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ကိုယ်ယောင်ဖျောက်အတတ်ကြောင့် လင်းကျင်း၊ ရှောင်ဟော့၊ မျောက်ဖြူနှင့် အခေါင်းကြီးတို့မှာ ခြံဝင်းအတွင်း၌ ရှိနေသော်လည်း မည်သူမျှ မမြင်နိုင်ကြပါပေ။ အနည်းဆုံးတော့ ယခုဝင်လာသော လူများကတော့ မမြင်နိုင်ကြပါပေ။
သူတို့၏ သားရဲများထဲတွင် အစွမ်းအထက်ဆုံးမှာ အဆင့် (၃) သာဖြစ်ပြီး ကျန်သူများမှာ အဆင့် (၂) များသာ ဖြစ်ကြ၏။ ထူးခြားသော သွေးမျိုးဆက်များလည်း မပါရှိသဖြင့် လင်းကျင်း၏ အတတ်ကို သူတို့ မဖောက်ထွင်းနိုင်ကြပါပေ။ သို့သော်လည်း အနံ့အသက်များကို ဖုံးကွယ်ရန်မှာ ခက်ခဲလှသဖြင့် ၎င်းမှာ ထိုသားရဲများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
“ငြိမ်ငြိမ်နေစမ်း”
အမျိုးသားတစ်ဦးက သူ၏ သားရဲကို ငေါက်လိုက်၏။ ထို့နောက် အခြားတစ်ဦးက ရှင်းပြလိုက်သည်။
“ရပါတယ်... ဂူမိသားစုက သားရဲသခင် စတုတ္ထတွဲကို ယူပြီး ဒီကို ထွက်ပြေးလာခဲ့တာလို့ ကြားတယ်... သူတို့က ဒါကို အေးအေးဆေးဆေး လေ့လာဖို့ ဒီအိမ်ကို ဆောက်ခဲ့တာပေါ့... ကံဆိုးတာက သတင်းပေါက်ကြားသွားပြီး တစ်ညတည်းနဲ့ မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတာပဲ... အဲဒီအချိန်ကစပြီး ရွာသားတွေက ဒီနေရာကို တစ္ဆေခြောက်တဲ့အိမ်လို့ ခေါ်ကြတာပေါ့၊ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဘာမှမဟုတ်ဘူး... မတရား အသတ်ခံရတဲ့လူမှာ နာကျည်းတဲ့ အရှိန်အဝါ ကျန်နေတတ်တာ သဘာဝပဲလေ... ဒီအရှိန်အဝါက ရန်လိုတဲ့ အငွေ့အသက်တွေ ဖြစ်လာရင်တော့ သားရဲတွေ စိတ်လှုပ်ရှားတာ မဆန်းဘူး”
ဒါကို ကြားသောအခါ အခြားသူများကလည်း သူတို့ သားရဲများ၏ ဂနာမငြိမ်မှုကို ဂရုမစိုက်တော့ပါပေ။
လင်းကျင်းသည် သူတို့၏ အနံ့အသက်ကြောင့် အခြေအနေ ပေါ်သွားမည်ကို စိုးရိမ်နေသော်လည်း၊ တစ်ဖက်လူ၏ စိတ်ကူးယဉ်မှုကပင် သူ့အတွက် ဆင်ခြေကောင်းတစ်ခုကို ရှာပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒါဟာ တကယ့်ကို ကောင်းမွန်လှပေသည်။
‘စိတ်ဝင်စားစရာပဲ’ လင်းကျင်းသည် ထိုလူစု၏ စကားများကို သေသေချာချာ နားထောင်နေခဲ့၏။ အံ့သြစရာကောင်းလှသော ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ပင်။
မျောက်ဖြူကြီးမှာလည်း နိုးလာခဲ့ပြီး ထိုပုံပြင်ကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ လင်းကျင်းက ငြိမ်ငြိမ်နေရန် လက်ဟန်ပြကာ သတိပေးလိုက်ရ၏။
ထိုလူစုတွင် လူလေးဦး ပါဝင်သည်။ တစ်ဦးချင်းစီမှာ ကြမ်းကြုတ်ခက်ထန်သော ပုံစံများ ရှိကြပြီး သူတို့၏ မျက်နှာများကို ကြည့်ရုံနှင့်ပင် လူကောင်းများ မဟုတ်ကြောင်း လင်းကျင်း သိရှိနိုင်ပေသည်။ ထိုလေးဦးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် ရှာဖွေမှုများကို စတင်လိုက်ကြတော့သည်။
“ဂူမိသားစုက တော်တော် ချမ်းသာတာပဲ... ဒီလို တောရိုင်းမြေထဲမှာတောင် ဒီလောက်ကောင်းတဲ့ အိမ်ကြီးကို ဆောက်နိုင်ခဲ့တာ”
“သူတို့ ဘာတွေ တွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ... သားရဲသခင် စတုတ္ထတွဲက ညဉ့်နက်ပိုင်း အချိန်တစ်ခုမှာမှ အလင်းထွက်တတ်တဲ့ မှော်ပစ္စည်းတစ်ခုလို့ ငါ ကြားဖူးတယ်... ငါတို့ ဒီမှာပဲ စောင့်ပြီး အဲဒီအခွင့်အရေးကို ယူကြမလား”
“ကောင်းသားပဲ”
ထိုသူခိုးလေးဦးမှာ ခေါင်းညိတ်သဘောတူလိုက်ကြပြီး၊ အသားများနှင့် အရက်များကို ထုတ်ယူကာ စားသောက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
သူတို့၏ စကားဝိုင်း အများစုမှာ ဂူမိသားစု၏ အတိတ်အကြောင်းနှင့် ဖြစ်ပျက်ခဲ့သော ကြေကွဲစရာ ဘေးအန္တရာယ်များအကြောင်းပင် ဖြစ်၏။ ထို့ပြင် အရင်က သူတို့ ကြုံတွေ့ခဲ့ရသော တိုက်ပွဲအတွေ့အကြုံများကိုလည်း ပြောဆိုနေကြသေးသည်။
သူတို့စကားများကို နားထောင်ပြီးနောက် လင်းကျင်းသည် သူ၏ သံသယကို အတည်ပြုနိုင်ခဲ့ချေပြီ။ ဤလေးဦးမှာ တကယ့်ကို လူဆိုးလူမိုက်များပင် ဖြစ်ကြသည်။
‘သူတို့ပြောပုံအရဆိုရင် သားရဲသခင် စတုတ္ထတွဲက တကယ်ရှိပုံရပြီး အဖိုးတန်တဲ့ ကျင့်စဉ်တစ်ခုလည်း ဖြစ်ရမယ်’
လင်းကျင်း တွေးတောလိုက်မိ၏။ ဒါဟာ တကယ့်ကို ကံကောင်းသော တွေ့ဆုံမှုတစ်ခုဟု သူ ယူဆလိုက်သည်။ အကယ်၍ သူ ဤနေရာကို မရောက်လာခဲ့လျှင်တော့ ကိစ္စမရှိသော်လည်း၊ ယခု ရောက်နေပြီဖြစ်ရာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပေမည်။ ဖြစ်နိုင်လျှင်တော့ သူလည်း အကျိုးအမြတ်တစ်ခုခု ရရှိနိုင်သည် မဟုတ်ပါလား။
ကိုယ်ယောင်ဖျောက်အတတ်က ကောင်းကောင်း အလုပ်လုပ်နေမှန်း သေချာသွားသောအခါ လင်းကျင်းသည် စောင့်ဆိုင်းရင်း ‘ဝင်သက်ထွက်သက် ကျင့်စဉ်’ ကို ဆက်လက် ကျင့်ကြံနေခဲ့သည်။
နာရီဝက်ခန့် ကြာသောအခါ ခြေသံများကို ထပ်မံ ကြားလိုက်ရပြန်၏။
လင်းကျင်းအပြင် ခြံထဲရှိ လူဆိုးလေးဦးပါ ဒါကို ကြားလိုက်ရသည်။
“လူလာနေပြီ”
“သတိထားကြ... အခြေအနေကို ကြည့်ပြီး လုပ်ကြတာပေါ့”
သူတို့သည် သတိဝီရိယ အပြည့်ဖြင့် အသင့်ပြင်လိုက်ကြတော့သည်။
အပြင်ဘက်မှ အသံတစ်ခု အော်ဟစ်လိုက်၏။
“အထဲက လေးယောက်... မင်းတို့ တော်တော် စောစောရောက်နေတာပဲ”
၎င်းမှာ ကြမ်းတမ်းပြီး ရန်လိုမှုများ ပြည့်နှက်နေသော အသံတစ်ခု ဖြစ်သည်။
ထိုအသံနှင့်အတူ လူနှစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာကြတော့သည်။
တစ်ဦးမှာ အရပ်ရှည်ပြီး အခြားတစ်ဦးမှာ ပုကွကွ ဖြစ်၏။ အရပ်ရှည်သောသူက စကားပြောလိုက်ခြင်းဖြစ်ပြီး သူ၏ နောက်တွင် ဝက်ဝံနှစ်ကောင် ပါရှိလာသည်။
ထိုဝက်ဝံနှစ်ကောင်မှာလည်း တစ်ကောင်မှာ ရှည်ပြီး တစ်ကောင်မှာ ပုနေသော်လည်း သူတို့၏ အရေခွံများမှာ သိသိသာသာပင် မာကြောလှပေသည်။ တစ်ကောင်တွင် နီရဲသော မျက်လုံးများ ရှိပြီး အခြားတစ်ကောင်တွင်တော့ နီလာရောင် မျက်လုံးများ ရှိနေခဲ့၏။ သူတို့သည်လည်း လူကောင်းပုံ မပေါ်ကြပါပေ။
“မြောက်ဘက်တောင်တန်း ညီအစ်ကို”
ခြံထဲရှိ လူဆိုးလေးဦး၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားတော့သည်။
အသစ်ရောက်လာသူ နှစ်ဦးမှာ တကယ့်ကို ပြိုင်ဘက်ကောင်းများ ဖြစ်ပုံရ၏။ အနည်းဆုံးတော့ အရင်ရောက်နှင့်နေသူ လေးဦးထက် ပို၍ အစွမ်းထက်ပုံရသည်။
“ခွိုင်တောင်ရဲ့ ငရဲသားလေးဦးက လူဆိုးလောကမှာ တော်တော် နာမည်ကြီးတာပဲ... ဒါပေမဲ့ အရှိကို အရှိအတိုင်း ပြောရရင် မင်းတို့က ငါတို့နဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူး... အသိတရား ရှိတယ်ဆိုရင် ထွက်သွားကြစမ်း”
မြောက်ဘက်တောင်တန်း ညီအစ်ကိုထဲမှ တစ်ဦးက ကြောက်စရာကောင်းသော အပြုံးဖြင့် သတိပေးလိုက်၏။
“အဲဒါတော့ မသေချာဘူးထင်တယ်”
ခြံထဲရှိ လေးဦးမှာလည်း အလားတူပင် ရန်လိုသော မျက်နှာထားများကို ပြသလိုက်ကြသည်။
“မင်းတို့နှစ်ယောက်က လူဆိုးလောကမှာ ကျုပ်တို့ရဲ့ စီနီယာတွေ ဖြစ်ပြီး၊ ကျိုးကြောင်းဆီလျော်စွာ ပြောရရင် ကျုပ်တို့က လေးစားမှု ပြသင့်ပါတယ်... မြောက်ဘက်တောင်တန်း ညီအစ်ကိုက လူဆိုးလောက အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်း အယောက် ၅၀ ထဲမှာ ပါဝင်နိုင်လောက်အောင် အစွမ်းထက်တယ်ဆိုတာ ကျုပ်တို့ သိပါတယ်... ဒါပေမဲ့ ကျုက်တို့ လေးယောက်ကလည်း သိပ်မညံ့လှပါဘူး... နောက်ပြီး... အရင်ရောက်တဲ့သူက အရင်ရတယ်ဆိုတဲ့ စကားလည်း ရှိသေးတယ်လေ”