← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 14 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 14 Ch. 273-274

အခန်း (၂၇၃) - လူသတ်သမားများ၊ လူယုတ်မာများနှင့် မိစ္ဆာကောင်များ (အဆက်)

“အသိဉာဏ်မရှိတဲ့ ကောင်တွေ”

မြောက်ဘက်တောင်တန်း ညီအစ်ကိုထဲမှ အစ်ကိုဖြစ်သူ ‘ကျိူးကြီး’ က မျက်နှာပျက်သွားသော်လည်း၊ ညီဖြစ်သူ ‘ကျိူးလေး’ ကတော့ ဆိုလိုက်၏။

“အစ်ကိုကြီး... ဒီကောင်တွေက သူတို့နေရာကိုယ်သူတို့ မသိကြဘူးပဲ... သူတို့ကို ဂရုစိုက်မနေပါနဲ့တော့... သူတို့ အခုတောင်းဆိုနေတာက နောက်ကျရင် သူတို့ တကယ်ရလာမယ့် အရာတွေပဲလေ”

ဒါကို ကြားသောအခါ ကျိူးကြီးက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါပေ။

သူတို့နှစ်ဦးစလုံးသည် သူတို့၏ သားရဲများကို ဦးဆောင်ကာ ခြံထဲသို့ ဝင်လာကြသည်။ သူတို့သည်လည်း လင်းကျင်း၏ ကိုယ်ယောင်ဖျောက်အတတ်ကို ဖောက်ထွင်းမြင်နိုင်ခြင်း မရှိကြပါပေ။

ညီအစ်ကိုနှစ်ဦးမှာ အခြားထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြရာ၊ ခြံထဲရှိ ခွိုင်တောင်၏ ငရဲသားလေးဦးနှင့် တစ်ဖက်တစ်လမ်းစီ အားပြိုင်နေသည့် အနေအထားမျိုး ဖြစ်သွားခဲ့ချေပြီ။

သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ သူတို့က လူဦးရေ နှစ်ဦးတည်းသာ ရှိသော်လည်း ထွက်ပေါ်နေသည့် အရှိန်အဝါမှာမူ ပို၍ ပြင်းထန်လှပေသည်။ ငရဲသားလေးဦးမှာ လူဦးရေ ပိုများသော်လည်း အင်အားနည်းသည့်ဘက်မှ ဖြစ်နေပုံရ၏။

ဒါဟာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာခဲ့ချေပြီ။

လင်းကျင်းသည် မျက်လုံးကို အသာအယာဖွင့်ကာ အသစ်ရောက်လာသူနှစ်ဦးကို ကြည့်လိုက်ပြီးနောက် ပြန်လည်မှိတ်ထားလိုက်သည်။

လင်းကျင်း၏ လက်ရှိ သားရဲအကဲဖြတ်နိုင်စွမ်းအရဆိုလျှင် ပြတိုက်ကို အမြဲအားကိုးနေရန် မလိုတော့ပါပေ။ သာမန်သားရဲများ၏ မျိုးစိတ်နှင့် အဆင့်အတန်းကို သူ အလွယ်တကူ ခွဲခြားသိမြင်နိုင်နေပြီ ဖြစ်၏။

မြောက်ဘက်တောင်တန်း ညီအစ်ကို၏ သားရဲများမှာ နှစ်ကောင်စလုံး အဆင့် (၃) များ ဖြစ်ကြသဖြင့် သူတို့၏ အင်အားမှာ ငရဲသားလေးဦးထက် သာလွန်နေသည်မှာ အမှန်ပင်။ သို့သော်လည်း အလွန်အမင်း ကွာခြားလှသည်တော့ မဟုတ်ပါပေ။

သူတို့အားလုံးသည် ရောက်ရှိလာပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ကြဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြခြင်းမှာ ဤနေရာတွင် တစ်ခုခု ပေါ်လာတော့မည်ကို သိရှိထားကြကြောင်း သက်သေပြနေခြင်းပင်။

စောစောက ကြားခဲ့ရသည်များကို အခြေခံ၍ လင်းကျင်း ခန့်မှန်းလိုက်သည်မှာ ဤလူများအားလုံးသည် ‘သားရဲသခင် စတုတ္ထတွဲ’ အတွက် ရောက်လာကြခြင်း ဖြစ်ရပေမည်။ ဆိုလိုသည်မှာ ထိုကျမ်းတွဲမှာ အမှန်တကယ် တည်ရှိနေခြင်းပင်။

သို့သော် လင်းကျင်းကိုယ်တိုင်လည်း ဒါကို တစ်ခါမျှ မကြားဖူးပါပေ။ သူ အသိဉာဏ်နည်းပါး၍ မဟုတ်ဘဲ၊ အမှန်တကယ်ပင် ဤစတုတ္ထတွဲအကြောင်းကို သိရှိသူ အလွန်နည်းပါးလွန်းခြင်းကြောင့်သာ ဖြစ်ရပေမည်။

ဒီလူစုနှစ်စုကရော ဒါကို ဘယ်လိုမျိုး သိရှိထားကြသလဲဆိုတာကိုတော့ လင်းကျင်း မသိနိုင်ပါပေ။

လင်းကျင်း တွေးတောမိသည်မှာ... ဤအုပ်စုနှစ်စုလုံး သိနေကြပြီဆိုလျှင် နောက်ထပ် လူများလည်း ထပ်မံရောက်ရှိလာဦးမည်လားဟူ၍ပင်။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားခဲ့ချေပြီ။

မကြာမီမှာပင် အပြင်ဘက်မှ အသံများကို ကြားလိုက်ရပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ခြေသံများမှာ နေရာအနှံ့မှ ထွက်ပေါ်နေခြင်းဖြစ်ပြီး၊ လူအုပ်စုတစ်စု ဝင်ရောက်လာခဲ့တော့သည်။

“တွေ့လား... ငါပြောသားပဲ... ဒီမှာ စွန့်ပစ်ထားတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ်ဆိုတာ... အခုတော့ ရွာသားတွေဆီမှာ တစ်ညတာ တည်းခိုဖို့ တောင်းပန်နေစရာ မလိုတော့ဘူးပေါ့”

ငယ်ရွယ်သော အသံတစ်ခုက ပြောလိုက်၏။

ထို့နောက် အခြားတစ်ဦးကလည်း ဝင်ပြောလိုက်၏။

“မောင်လေးလီ ပြောတာ မှန်တယ်... မြို့တော်က ဌာနချုပ်မှာ သားရဲအကဲဖြတ်ပညာ သွားသင်ရမယ့် အခွင့်အရေးဆိုတာ ရှားမှရှားပဲ... ကျောက်စိမ်းနဂါးမြို့က အသင်းချုပ်ဟာ သားရဲအကဲဖြတ်မှူးတွေအတွက် မြင့်မြတ်တဲ့နေရာလို့ ကြားဖူးတယ်၊ ငါဆိုရင် အခုချက်ချင်းတောင် ရောက်သွားချင်ပြီ”

“အစ်ကိုကြီးနျန်... တစ်ရက်တော့ ထပ်စောင့်ရဦးမှာပေါ့... ဒီည အနားယူပြီးရင် မနက်ဖြန်ညဆို ရောက်နိုင်ပါပြီ”

ဤတစ်ကြိမ်တွင် ပြောလိုက်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ အသံမှာ အလွန်ငယ်ရွယ်ပုံရပြီး တက်ကြွလှပေသည်။

ထို့နောက်တွင် လူခုနစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ ခြံဝင်းအတွင်းသို့ ဝင်လာကြတော့သည်။

သို့သော် ဤစွန့်ပစ်ထားသော အိမ်ကြီးထဲတွင် အခြားလူများ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြသဖြင့်၊ ဝင်ဝင်ချင်းမှာပင် အားလုံး မှင်တက်သွားကြရ၏။

ထိုအဖွဲ့တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်သည်။ သူတို့၏ ပျမ်းမျှအသက်မှာ အနှစ် ၂၀ ထက် ကျော်လွန်ပုံမရဘဲ၊ လောကအတွေ့အကြုံ မရှိသေးသော လူငယ်လေးများသာ ဖြစ်ကြသည်မှာ သိသာလှပေသည်။

ခြံထဲရှိ လူဆိုးအုပ်စုနှစ်စုမှာ ကြည့်ရုံနှင့်ပင် လူကောင်းများ မဟုတ်ကြသဖြင့် ထိုလူငယ်ခုနစ်ဦးမှာ ရှေ့သို့မတိုးဝံ့ဘဲ တုံ့ဆိုင်းနေကြရတော့သည်။

မြောက်ဘက်တောင်တန်း ညီအစ်ကိုနှင့် ငရဲသားလေးဦးတို့က ထိုလူငယ်များကို လှည့်ကြည့်လိုက်ကြ၏။ ဤလူဆိုးပညာရှင်များမှာ လူကဲခတ် ကျွမ်းကျင်ကြသူများ ဖြစ်သဖြင့် ဤလူငယ်များမှာ သူတို့နှင့် မသက်ဆိုင်ကြောင်း သိရှိကြသည်။ သူတို့သည် သားရဲသခင် စတုတ္ထတွဲအတွက် လာခြင်းမဟုတ်ဘဲ၊ တစ်ညတာ တည်းခိုရန် ရောက်လာကြသော ခရီးသွားများသာ ဖြစ်ရပေမည်။

အမှန်တကယ်ပင် ဘာမှမသိသော ခရီးသွားများမှာ ညဉ့်နက်ချိန်တွင် စွန့်ပစ်အိမ်များ၌ ဝင်ရောက်တည်းခိုလေ့ ရှိကြသည် မဟုတ်ပါလား။

လူဆိုးအုပ်စုနှစ်စုလုံးက ဘာမှဝင်မပြောကြသော်လည်း၊ လူငယ်များကတော့ အခြေအနေကို ရိပ်မိကာ အရင်ဆုံး နောက်ဆုတ်ရန် ကြိုးစားကြတော့သည်။

“ဒီနေရာမှာ လူတွေ ရှိနေပြီပဲ... ငါ..ငါတို့ သူတို့ကို မနှောင့်ယှက်သင့်ဘူး.... လာ... လာကြ... တခြားနေရာ သွားရှာကြရအောင်”

အကဲခတ်မြန်သော လူငယ်တစ်ဦးက ပြောလိုက်၏။

လင်းကျင်းသည်လည်း ထိုလူငယ်ခုနစ်ဦးကို အကဲခတ်နေခဲ့သည်။ သူ့ကို အံ့သြသွားစေသည့် အချက်မှာ ထိုသူများထဲမှ တစ်ဦးနှင့် မျက်လုံးချင်း ဆုံသွားခြင်းပင်။

တစ်ချက်ကြည့်ရုံနှင့်ပင် တစ်ဖက်လူမှာ သူ့ကို မြင်နိုင်ကြောင်း လင်းကျင်း သေချာသွားခဲ့သည်။

၎င်းမှာ အမျိုးသမီးငယ်တစ်ဦး ဖြစ်ပြီး သာမန်အဝတ်အစားများကို ဝတ်ဆင်ထားကာ ရုပ်ရည်မှာလည်း ထွေထွေထူးထူး မရှိပါပေ။ သို့သော် သူမ၏ မျက်လုံးများမှာ အလွန်ပင် ကြီးမားပြီး တောက်ပလှပေသည်။ ဝင်ဝင်ချင်းမှာပင် သူမသည် အခေါင်းကြီးနှင့် မျောက်ဖြူကို အရင်ကြည့်ပြီးမှ လင်းကျင်းကို စိုက်ကြည့်ခဲ့သည်ကို သူ သတိထားမိလိုက်ခြင်းပင်။

အခြားသူများကတော့ ထိုသို့ မမြင်ကြပါပေ။

သေချာသည်မှာ ဤမိန်းကလေးမှာ သာမန်မဟုတ်ပါပေ။ အနည်းဆုံးတော့ သူမမှာ လင်းကျင်း၏ ကိုယ်ယောင်ဖျောက်အတတ်ကို ဖောက်ထွင်းမြင်နိုင်လောက်သည့် မွေးရာပါ ပါရမီတစ်ခုခု ရှိနေရပေမည်။

ထိုမိန်းကလေးက ဘာမှမပြောပါပေ။ မည်သို့ပင်ဆိုစေကာမူ ခြံဝင်းအတွင်းရှိ လူတိုင်းမှာ ပုံမှန်မဟုတ်ကြသည်မှာ သေချာလှသည်။ အပြန်အလှန်အားဖြင့် ဤအခြေအနေနှင့် လုံးဝ မလိုက်ဖက်ဘဲ ပုံမှန်ဖြစ်နေသော ထိုလူငယ်မှာ ပို၍ပင် ထူးဆန်းနေသကဲ့သို့ပင်။

ဒါဟာ သူတို့ တည်းခိုသင့်သည့် နေရာမဟုတ်သည်မှာ သေချာလှသဖြင့်၊ အခုချက်ချင်း ထွက်သွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ခြံထဲရှိ လူများကလည်း သူတို့ကို မတားကြပါပေ။ ငရဲသားလေးဦးထဲမှ နှစ်ဦးမှာ ထိုမိန်းကလေးနှစ်ဦးကို ကာမစိတ်ဖြင့် ကြည့်နေကြသော်လည်း၊ ယနေ့ည သူတို့၏ မစ်ရှင်မှာ အလွန်အရေးကြီးလှသဖြင့် မလိုအပ်သော ပြဿနာများကို မရှာချင်ကြပါပေ။

ထို့ကြောင့် ထိုလူငယ်ခုနစ်ဦးမှာ အခက်တွေ့စွာဖြင့်ပင် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

“ထူးဆန်းလိုက်တာ... ဘာလို့ တောထဲက အိမ်ပျက်ကြီးထဲမှာ လူတွေ ဒီလောက်အများကြီး ရှိနေရတာလဲ”

“ဟုတ်ပ... ကျွန်တော့်မှာ ကြောက်လိုက်ရတာ... ဟိုလူတွေရဲ့ မျက်နှာတွေကို ကြည့်ရတာ တကယ့်ကို ကြောက်စရာကြီး... ညီလေးလီ ပြောတာ မှန်တယ်၊ အဲဒီထဲကို မဝင်တာပဲ ကောင်းပါတယ်”

“အစ်ကိုကြီးနျန်... အဲဒီထဲမှာ လူသုံးအုပ်စု ရှိနေတာကို ဘာလို့ နှစ်အုပ်စုလို့ ပြောတာလဲ... ပြီးတော့ အကြောက်ရဆုံးက ဟိုလူဆိုးတွေ မဟုတ်ဘူး၊ ဟိုးထောင့်က အခေါင်းကြီးပဲ... အဲဒီထဲက တစ်ခုခု လှုပ်နေတာကို ကျွန်မ မြင်လိုက်သလိုပဲ”

ဒါဟာ ကျန်ရှိသော လူငယ်ခြောက်ဦးကို အလန့်တကြား ဖြစ်သွားစေတော့သည်။

“ညီမလေးချင်ကျူး... ငါတို့ကို အဲဒီလို လာမခြောက်ပါနဲ့... အဲဒီထဲမှာ လူနှစ်အုပ်စုပဲ ရှိတာပါ၊ သုံးအုပ်စု မဟုတ်ပါဘူး... ပြီးတော့ အခေါင်းကြီးလည်း မရှိပါဘူးနော်”

အခြားမိန်းကလေးတစ်ဦးက မျက်နှာဖြူဖျော့ကာ အော်ပြောလိုက်၏။

ချင်ကျူးဟု အမည်ရသော မိန်းကလေးမှာ သူမ၏ မျက်လုံးများကို ဝိုင်းစက်သွားအောင် လုပ်လိုက်ရင်း ခေါင်းခါလိုက်ကာ ပြောလိုက်၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ... ကျွန်မ ဝင်သွားတာနဲ့ မြင်လိုက်တာပဲလေ.. အခေါင်းကြီး ဘေးမှာ မျောက်ဖြူကြီးတစ်ကောင် ရှိနေတာ... ဟုတ်သားပဲ... လှပတဲ့ အနီရောင် မြေခွေးလေးတစ်ကောင်နဲ့ ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်လည်း ရှိသေးတယ်”

ဒါက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလာခဲ့ချေပြီ။

ကျန်ရှိသော ခြောက်ဦးမှာ စာရွက်ဖြူပမာ ဖြူဖျော့သွားကြတော့၏။

“ချင်ကျူး... ငါတို့ တကယ်ပဲ ဘာမှ မမြင်ရဘူးနော်... ဒါ... ဒါဆိုရင် မင်း မြင်လိုက်တာက တစ္ဆေတွေလား”

“တစ္ဆေတွေလား”

ကျန်ရှိသော ခြောက်ဦးမှာ တုန်ရီလာကြတော့သည်။

သူတို့ ခုနစ်ဦးထဲမှ သုံးဦးတွင်သာ သားရဲများ ပါရှိသော်လည်း၊ ၎င်းတို့မှာ သာမန်သားရဲများသာ ဖြစ်ကြ၏။ အကယ်၍ တစ်ခုခု ဖြစ်လာပါက ထိုသားရဲများမှာလည်း ဘာမှ လုပ်နိုင်စွမ်း ရှိကြမည် မဟုတ်ပါပေ။

“ငါတို့ ဒီမှာ မနေသင့်တော့ဘူး... သွားရအောင်”

ချင်ကျူး ပြောတာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဤနေရာမှာ နိမိတ်မကောင်းသည်မှာ သေချာလှသဖြင့် အားလုံး၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ... ‘ထွက်သွားဖို့’ ပင်။

သို့သော် ရုတ်တရက်ဆိုသလို လေပြင်းတစ်ခုက သူတို့ကို ဖြတ်သန်းတိုက်ခတ်သွားကာ ဖုန်မှုန့်များနှင့် သဲများကို လွင့်ပျံစေခဲ့ရာ သူတို့၏ အမြင်အာရုံများကို ပိတ်ဆို့သွားစေသည်။

ထိုလေပြင်းမှာ ဝင်လာသကဲ့သို့ပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ လေငြိမ်သွားသောအခါ သူတို့၏ ရှေ့တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့ချေပြီ။

ထိုအမျိုးသမီး မည်သို့ ရောက်လာသည်ကို ထိုလူငယ်များ မသိလိုက်ကြပါပေ။ သို့သော် ယခုကဲ့သို့ ညဉ့်နက်သန်းခေါင်အချိန်တွင် ဝတ်လစ်စလစ်နီးပါး ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ပြုံးရွှင်စွာဖြင့် ပေါ်လာခြင်းမှာ မည်သို့ပင်ကြည့်စေကာမူ ကြောက်စရာ ကောင်းလှပေသည်။

အထူးသဖြင့် မိန်းကလေးငယ် ချင်ကျူးမှာတော့ တစ်ကိုယ်လုံး တုန်ရီလာခဲ့ပြီး သူမ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ပြူးကျယ်သွားခဲ့တော့သည်။

ထိုလှပသော အမျိုးသမီးမှာ လူငယ်များကို မြင်တွေ့ရသဖြင့် ဝမ်းသာသွားပုံရကာ သူတို့ထံသို့ အပြေးအလွှား လာနေခဲ့၏။ ထိုအဖွဲ့ထဲမှ လူငယ်လေး လီမှာတော့ မျက်ခုံးများ လှုပ်ခတ်သွားကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ သူသည် ချက်ချင်းပင် သူ၏ အဖွဲ့သားများကို ခေါ်ဆောင်ကာ ခြံဝင်းတံခါးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ပြီး အထဲသို့ အတင်းဝင်ရောက်သွားကြတော့သည်။

အခန်း (၂၇၄) - ကျားမ

တောရိုင်းမြေရိုင်းများတွင် မိစ္ဆာများနှင့် သားရဲဆိုးများ ကျင်လည်ကျက်စားတတ်ကြရာ ကံမကောင်းသူများမှာ ထိုအရာများနှင့် ထိပ်တိုက်တွေ့တတ်ကြသည်။ လူငယ်လေး လီ၏ မိသားစုက သူ့ကို အမြဲမှာကြားဖူးသည်မှာ... အကယ်၍ ထိုသို့သော အရာမျိုးနှင့် ကြုံလာရပါက အဝေးသို့ ရှောင်ပြေးပြီး လူစုလူဝေး ရှိရာသို့သာ ဦးတည်သွားရန် ဖြစ်၏။

ယခုအချိန်တွင် လူသားအများဆုံးရှိရာ နေရာမှာ ဤခြံဝင်းပင် ဖြစ်သည်။ အထဲရှိ လူများမှာ ဖော်ရွေပုံမရသော်လည်း မည်သို့ပင်ကြည့်စေကာမူ သူတို့မှာ လူသားများသာ ဖြစ်ကြသည်။

သို့သော် အပြင်ဘက်မှ အရာမှာမူ လူသားဖြစ်ဟန်မတူပါပေ။

မျက်နှာများ ဖြူဖျော့နေသော လူငယ်ခုနစ်ဦးမှာ ခြံထဲသို့ အလန့်တကြား ပြေးဝင်လာကြရာ၊ ခြံထဲရှိ လူဆိုးအုပ်စုနှစ်စုမှာ မှင်တက်သွားကြရ၏။

“ဒီလူကြောက် ခုနစ်ယောက်ကလည်း သားရဲသခင် စတုတ္ထတွဲအတွက်ပဲ လာတာလား”

ခွိုင်တောင်၏ ငရဲသားလေးဦးထဲမှ နှစ်ဦးမှာ ကြမ်းကြုတ်သော မျက်နှာထားဖြင့် ချက်ချင်း ထရပ်လိုက်ကြသည်။

လူငယ်လေး လီမှာ လေးစားမှုပြသည့်အနေဖြင့် လက်အုပ်ချီလိုက်ကာ အပြင်ဘက်မှ အခြေအနေကို မလိမ်ဝံ့ဘဲ အရှိကိုအရှိအတိုင်း ရှင်းပြလိုက်၏။

“လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော်တို့က ရှုယန်မြို့က သားရဲအကဲဖြတ် ကျောင်းသားတွေပါ... မြို့တော်က ဌာနချုပ်ကို ပညာသင်သွားရင်း လမ်းကြုံလို့ ဝင်နားတာပါ... လူကြီးမင်းတို့ကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး... ဒါပေမဲ့... ဒါပေမဲ့ အပြင်မှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေလို့ပါ၊ ကျွန်တော်တို့ အဲဒီနားမှာ မနေရဲလို့ပါ... အဲဒီအရာ ထွက်သွားတာနဲ့ ကျွန်တော်တို့ ချက်ချင်း ထွက်သွားပါ့မယ်... လူကြီးမင်းတို့ကို လုံးဝ မနှောင့်ယှက်ပါဘူး”

ဤလူငယ်လေးလီမှာ အခြားရွေးချယ်စရာ မရှိတော့ပါပေ။ အပြင်ဘက်က ထိုလှပသောအမျိုးသမီးမှာ ပုံမှန်မဟုတ်သည်မှာ သေချာလှပြီး ဒါက သူ၏ စိတ်ကူးယဉ်မှုလည်း မဟုတ်ပါပေ။ သူသည် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသော ကျောက်စိမ်းပြားတစ်ခုကို ဝတ်ဆင်ထားခြင်း ဖြစ်၏။ ဤကျောက်စိမ်းပြားမှာ မကောင်းဆိုးဝါးများ အနားသို့ ကပ်လာပါက ပူနွေးလာတတ်ရာ၊ စောစောက ထိုအမျိုးသမီးနှင့် တွေ့ချိန်တွင် သူ၏ ကျောက်စိမ်းပြားမှာ မီးလောင်နေသကဲ့သို့ ပူပြင်းနေခဲ့ချေပြီ။

သံသယဖြစ်စရာ မလိုပါပေ၊ ထိုအရာမှာ တကယ့်ကို ယုတ်မာသော မိစ္ဆာကောင်ပင် ဖြစ်ရမည်။ ဤခြံဝင်းအတွင်း၌မူ ချင်ကျူးက အခေါင်းကြီးနှင့် မျောက်ဖြူရှိသည်ဟု ပြောသော်လည်း သူကိုယ်တိုင်မှာမူ ဘာမှမမြင်ရပါပေ။ သူ၏ ကျောက်စိမ်းပြားကလည်း မည်သည့် သတိပေးချက်မျှ မပေးသဖြင့် ဤနေရာမှာ ဘေးကင်းသည်ဟု သူ ယူဆလိုက်ခြင်းပင်။

“မကောင်းဆိုးဝါး ဟုတ်လား”

ဒါကို ကြားသောအခါ ခွိုင်တောင်၏ ငရဲသားလေးဦးမှာ ထိုလူငယ်များ၏ သူရဲဘောကြောင်မှုကို လှောင်ပြောင်ကာ ရယ်မောလိုက်ကြတော့သည်။

မြောက်ဘက်တောင်တန်း ညီအစ်ကိုမှာလည်း မယုံကြည်နိုင်သော အမူအရာ ရှိနေခဲ့၏။ သူတို့ကဲ့သို့ လူသတ်ရမှာ ဝန်မလေးသည့် လူဆိုးပညာရှင်များမှာ တစ္ဆေနှင့် မိစ္ဆာများကို တွေ့လျှင်ပင် ကြောက်ရွံ့နေမည့်သူများ မဟုတ်ကြပါပေ။

ထိုအချိန်တွင် လင်းကျင်းသည်လည်း တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် တံခါးဝသို့ မော့ကြည့်လိုက်မိ၏။

ထိုခဏမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ငရဲသားလေးဦးနှင့် မြောက်ဘက်တောင်တန်း ညီအစ်ကိုမှာ မှင်တက်သွားကြရ၏။

တကယ်ပဲ အပြင်မှာ တစ်စုံတစ်ယောက် ရှိနေတာလား။

သူတို့သည် စောစောက လူငယ်များ၏ စကားကို မယုံကြည်ခဲ့ကြသော်လည်း၊ ယခု တံခါးခေါက်သံကို ကြားလိုက်ရချိန်တွင်တော့ အနည်းငယ် ထိတ်လန့်သွားကြရသည်။

“တကယ့်ကို လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ညပါလား... ငရဲသားလေး... တံခါးသွားဖွင့်လိုက်စမ်း... အပြင်မှာ ဘာရှိလဲ သွားကြည့်”

ငရဲသားလေးဦး၏ ခေါင်းဆောင်က ညွှန်ကြားလိုက်၏။

‘ငရဲသားလေး’ ဟု အမည်ပြောင်ပေးထားသောသူက ခေါင်းညိတ်ပြလိုက်ကာ သူ၏ သားရဲကို ဦးဆောင်ပြီး သွားလိုက်သည်။ တံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် လူငယ်လေး လီနှင့် အဖွဲ့သားများမှာ ကြောက်လန့်တကြားဖြင့် စုပြုံနေကြသဖြင့် သူတို့ကို တံခါးသွားဖွင့်ခိုင်းရန်မှာ မဖြစ်နိုင်ပါပေ။

တံခါးပွင့်သွားခဲ့ချေပြီ။ မြင်ကွင်းအနေအထားအရ ခြံထဲရှိလူများမှာ တံခါးဝတွင် ရပ်နေသော ငရဲသားလေး၏ ကျောပြင်ကိုသာ မြင်ကြရပြီး၊ သူ၏ ထူးဆန်းသော ရယ်မောသံကို ကြားလိုက်ရ၏။

“ဒီမိန်းကလေးက ဘယ်က ရောက်လာတာလဲ... တော်တော်လေး လှတာပဲ”

၎င်းမှာ ကျီစားလိုက်ခြင်း ဖြစ်၏။

သို့သော် နောက်တစ်စက္ကန့်မှာပင် အခြေအနေက ပြောင်းလဲသွားခဲ့သည်။ ငရဲသားလေးမှာ ကြီးမားသော စွမ်းအားတစ်ခုဖြင့် အပြင်သို့ အတင်းဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ သားရဲဖြစ်သော မြေခွေးရိုင်းမှာ ရှေ့သို့ ခုန်အုပ်သွားခဲ့ပြီး တိုက်ပွဲသံများ ညဉ့်နက်ပိုင်းတွင် ဟိန်းထွက်လာခဲ့၏။ သို့သော် ထိုအသံများမှာ အသက်ရှူသံ အနည်းငယ်မျှသာ ကြာမြင့်ပြီးနောက် လုံးဝ ငြိမ်သက်သွားခဲ့ချေပြီ။

ထို့နောက်တွင်တော့ ကြောက်စရာကောင်းသော တိတ်ဆိတ်မှုက စိုးမိုးသွားတော့သည်။

“တောက်... ငရဲသားလေး တစ်ခုခု ဖြစ်သွားပြီ”

ကျန်ရှိသော ငရဲသားသုံးဦးမှာ အခြေအနေကို ချက်ချင်း ရိပ်မိလိုက်ကြသည်။ အရာအားလုံးက အလွန်မြန်ဆန်လွန်းသဖြင့် သူတို့ ဘာလုပ်ရမှန်း မသိဖြစ်သွားကြခြင်းမှာ သူတို့၏ အပြစ်တော့ မဟုတ်ပါပေ။

လူငယ်လေး လီနှင့် အဖွဲ့သားများမှာတော့ ကြောက်လန့်လွန်းသဖြင့် အိမ်ထဲသို့ နောက်ဆုတ်လိုက်ကြပြီး တုန်ရီနေကြတော့၏။

“ဘာဖြစ်သွားတာလဲ... တစ်ယောက်ယောက် မြင်လိုက်လား”

“မမြင်လိုက်ဘူး... ဟိုလူက အပြင်ကို ဆွဲထုတ်ခံလိုက်ရတာပဲ... စောစောက အမျိုးသမီးပဲ ဖြစ်ရမယ်... သူက မိစ္ဆာမပဲ ဖြစ်ရမယ်”

“သွားပြီ... ငါတို့တော့ သေရတော့မှာပဲ”

“စိတ်အေးအေးထားကြစမ်းပါ... ငါတို့ဘက်မှာ လူအများကြီး ရှိတာပဲ၊ အဲဒီမိစ္ဆာမက အထဲကို ဝင်လာရဲမှာ မဟုတ်ဘူး”

သူတို့ ပြောနေစဉ်မှာပင် ကျန်ရှိသော ငရဲသားသုံးဦးမှာ သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ သားရဲများနှင့်အတူ အပြင်သို့ ပြေးထွက်သွားကြတော့သည်။ သူတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်လှပြီး၊ အပြင်ဘက်သို့ ရောက်သည်နှင့် တိုက်ပွဲသံများနှင့် လေပြင်းတိုက်ခတ်သံများကို ကြားလိုက်ရ၏။

ဒါဟာ လူငယ့ခုနစ်ဦးကို ပို၍ပင် ထိတ်လန့်သွားစေတော့သည်။

မြောက်ဘက်တောင်တန်း ညီအစ်ကိုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

“အပြင်မှာ တကယ်ပဲ မိစ္ဆာတစ်ကောင် ဒုက္ခပေးနေတာ ဖြစ်ရမယ်... ညီလေး... ငါတို့ ဒီကို ရောက်နေမှတော့ ဒါကို တစ်ချိန်မဟုတ် တစ်ချိန် ရင်ဆိုင်ရမှာပဲ...သွားကြည့်ကြရအောင်”

“ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာပါ အစ်ကိုကြီး... ဟိုလူတွေရဲ့ အသက်ကို ကျွန်တော် ဂရုမစိုက်ပေမဲ့၊ အပြင်မှာ တကယ်ပဲ မိစ္ဆာတစ်ကောင် ရှိနေရင် လူအင်အား များတာက ပိုစိတ်ချရတယ်... သူတို့ သေသွားရင် ကျွန်တော်တို့ နှစ်ယောက်တည်း ရင်ဆိုင်ဖို့ ခက်လိမ့်မယ်”

ညီအစ်ကိုနှစ်ဦးမှာ လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်ထားကြပုံရ၏။

ထို့နောက် မြောက်ဘက်တောင်တန်း ညီအစ်ကိုမှာ အဆင့် (၃) ဝက်ဝံသားရဲများကို ဦးဆောင်ကာ အပြင်သို့ ထွက်သွားကြတော့သည်။ အပြင်ဘက်မှ တိုက်ပွဲသံများမှာ ပို၍ ကျယ်လောင်လာခဲ့ပြီး မြေကြီးမှာပင် တုန်ခါနေခဲ့ချေပြီ။ ဝံပုလွေဟောင်သံများနှင့် ဝက်ဝံအော်သံများအပြင် ကျားတစ်ကောင်၏ ထစ်ချုန်းသော ဟိန်းဟောက်သံများကိုလည်း ကြားနေရ၏။

လင်းကျင်းသည် တစ်ချိန်လုံး အာရုံစိုက်နေခဲ့သည်။

သူကိုယ်တိုင်လည်း အသေအချာ မမြင်ရသေးသော်လည်း၊ အပြင်ဘက်တွင် သားရဲဆိုးတစ်ကောင် ရှိနေသည်မှာတော့ သေချာလှသည်။ ၎င်းမှာ မိစ္ဆာအဖြစ်သို့ ကူးပြောင်းသွားသော သားရဲတစ်ကောင် ဖြစ်၏။

တကယ့် မိစ္ဆာစစ်စစ်ပင်။

မိစ္ဆာများမှာ ရှားပါးလှပြီး လင်းကျင်း ခန့်မှန်းတာ မမှားပါပေ။ သူ၏ ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်သောအခါ မိစ္ဆာအရှိန်အဝါများမှာ ကောင်းကင်သို့ ထိုးတက်နေပြီး လေထုထဲတွင် လှည့်ပတ်နေသည်ကို သတိပြုမိလိုက်သည်။

လင်းကျင်းသည် သားရဲများကို မကြောက်ပါပေ။ သူသည် မကောင်းဆိုးဝါး အချို့ကိုလည်း ဆုံးမဖူးသည့် အတွေ့အကြုံ ရှိပါ၏။ သို့သော် မိစ္ဆာစစ်စစ်နှင့် ထိပ်တိုက်တွေ့ရမှာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

လင်းကျင်းသည် မိမိကိုယ်ကို အစွမ်းထက်သည်ဟု ယူဆထားသော်လည်း၊ အသစ်အဆန်းများနှင့် ကြုံရသည့်အခါတွင်တော့ သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ပြင် မြောက်ဘက်တောင်တန်း ညီအစ်ကိုနှင့် ငရဲသားလေးဦးတို့မှာ ရန်လိုသော လူဆိုးများ ဖြစ်ကြသဖြင့် သူတို့ သေဆုံးသွားခြင်းမှာ လင်းကျင်းအတွက် ကိစ္စမရှိပါပေ။ သို့သော် အကယ်၍ ထိုမိစ္ဆာမက ခြံထဲသို့ ကျူးကျော်ဝင်ရောက်လာပါက အခြေအနေမှာ တစ်မျိုး ပြောင်းလဲသွားပေလိမ့်မည်။

ခြုံငုံကြည့်ရလျှင် လင်းကျင်းမှာ တုံ့ဆိုင်းနေဆဲပင်။ ရှောင်ဟော့မှာ တည်ငြိမ်နေသော်လည်း မျောက်ဖြူကြီးမှာမူ ဂနာမငြိမ် ဖြစ်နေခဲ့ချေပြီ။ အပြင်ဘက်မှ မိစ္ဆာအရှိန်အဝါကြောင့် သူသည် စိတ်မသက်မသာ ဖြစ်နေကာ မျက်နှာကို ကုတ်ခြစ်နေခဲ့၏။

အခေါင်းကြီးထဲရှိ ဖုတ်ကောင်ကလည်း အပြင်ဘက်ကို ကြည့်ရန်အတွက် အာရုံခံလက်တံတစ်ခုကို အသာအယာ ထုတ်ကြည့်နေခဲ့သည်။

လူငယ်လေး လီ၏ အဖွဲ့ထဲတွင်မူ မိန်းကလေးငယ် ချင်ကျူးမှာ ထိတ်လန့်နေဆဲဖြစ်သော်လည်း သူမ၏ အာရုံအများစုမှာ လင်းကျင်းထံသို့ ရောက်ရှိနေခဲ့၏။

သူမ သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းကျင်း ခေတ္တတွေးတောလိုက်ပြီးနောက် သူမကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။

ချင်ကျူးမှာ သိသိသာသာပင် ထိတ်လန့်သွားကာ တုံ့ဆိုင်းနေခဲ့၏။ သူမ မိမိကိုယ်ကို မည်သို့ နားချလိုက်သည်တော့ မသိပါပေ၊ နောက်ဆုံးတွင်တော့ သူမသည် လင်းကျင်းထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့တော့သည်။

ဒါကို မြင်ရသောအခါ သူမ၏ သူငယ်ချင်းများက ဝိုင်းဝန်းမေးမြန်းကြသော်လည်း ချင်ကျူးက ဘာမှပြန်မပြောပါပေ။ လင်းကျင်း၏ အနားသို့ ရောက်သောအခါ သူမသည် အရိုအသေပေးလိုက်ရင်း မေးလိုက်၏။

“လူကြီးမင်း... ကျွန်မကို ခေါ်လိုက်တာလား”

စကားပြောနေစဉ်မှာပင် ချင်ကျူးသည် လင်းကျင်း၏ လက်စွပ်ပေါ်ရှိ ကွင်းနှစ်ကွင်းပါသော သားရဲလိုဂိုကို သတိပြုမိသွားကာ မျက်လုံးများ ဝင်းပသွားတော့သည်။

“လူကြီးမင်း... လူကြီးမင်းက အဆင့် (၂) သားရဲအကဲဖြတ်မှူးတစ်ယောက်လား”

လင်းကျင်းက ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်၏။

“မင်းတို့ ဝင်လာတုန်းက ငါ့ကို မြင်နိုင်တာ သတိထားမိလို့ ငါ မေးချင်လို့ပါ.. ဒါက မင်းရဲ့ မွေးရာပါ ပါရမီလား”

ယခု အနီးကပ်ကြည့်လိုက်သောအခါ ဤမိန်းကလေးမှာ အမှန်တကယ်ပင် ပါရမီပါသူဖြစ်ကြောင်း လင်းကျင်း အတည်ပြုနိုင်ခဲ့သည်။ သူမ၏ မျက်လုံးများမှာ ကြီးမားလှပြီး သူငယ်အိမ်ထဲတွင် နီမြန်းသော အရိပ်အယောင်များ ပါရှိနေခဲ့၏။ သူမ၏ မျက်လုံးများမှာ ထူးခြားလှပြီး ဝိညာဉ်အမြင်အာရုံရှိသူများကဲ့သို့ ဝိညာဉ်စွမ်းအားများ ပါရှိနေခြင်းပင်။

အရင်ကဆိုလျှင် လင်းကျင်း နားလည်နိုင်မည် မဟုတ်သော်လည်း၊ ယခုမူ မွေးရာပါ ပါရမီရှိသူများမှာ ကြီးမားသော အလားအလာရှိပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာလည်း ထူးခြားကြောင်း သူ သိရှိထားပြီ ဖြစ်၏။ သူတို့သည် သာမန်လူများထက် အရာရာကို ပို၍ လျင်မြန်စွာ သင်ယူနိုင်ကြပြီး၊ အထူးသဖြင့် ကျင့်ကြံခြင်းတွင် ပို၍ ထူးချွန်ကြပေသည်။

“မင်းတို့အားလုံးက သားရဲအကဲဖြတ် ကျောင်းသားတွေလား”

လင်းကျင်းသည် သူမ၏ လက်စွပ်ပေါ်မှ ပုံစံများကို သတိပြုမိလိုက်ခြင်းပင်။

ချင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ... ကောင်းပြီ"

လင်းကျင်းသည် ဒါကို သိချင်ရုံသက်သက်ဖြင့် သူမကို ခေါ်ယူမေးမြန်းခြင်း ဖြစ်၏။ ယခု အဖြေရပြီဖြစ်ရာ အခြား မေးစရာ မရှိတော့ပါပေ။ သို့သော် လင်းကျင်းအတွက်တော့ ဤကဲ့သို့ ဆုံတွေ့ရခြင်းမှာ ရေစက်တစ်ခုပင် ဖြစ်၏။ ဤလူငယ်များမှာ လမ်းမှားကာ ဤနေရာသို့ ရောက်လာကြသော အပြစ်မဲ့သူများ ဖြစ်သဖြင့်၊ သူတို့၏ ဘေးကင်းလုံခြုံမှုကို တာဝန်ယူပေးရန် လင်းကျင်း ဆုံးဖြတ်လိုက်တော့သည်။

All Chapters