အခန်း (၂၇၅-၂၇၆)
Vol. 14 Ch. 275-276
အခန်း (၂၇၅) - ဓမ္မကိုယ်ထည်ကြောင့် ထိတ်လန့်သွားရသော မိစ္ဆာမ
“ဒီနားမှာပဲနေ... မင်းရဲ့ သူငယ်ချင်းတွေကိုလည်း လျှောက်မပြေးဖို့ ပြောထားလိုက်... မဟုတ်ရင် ငါ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
လင်းကျင်းက မှာကြားလိုက်၏။
ချင်ကျူးသည် ရှေ့မှ ယဉ်ကျေးသိမ်မွေ့သော လူငယ်မှာ မည်သူမှန်း မသိသော်လည်း၊ သူ၏ စကားများမှာ ယုံကြည်အားကိုးထိုက်သော အရှိန်အဝါတစ်ခု ရှိနေသည်ဟု ခံစားရသည်။
ထို့ကြောင့် သူမ ခေါင်းညိတ်ပြလိုက်မိ၏။
ချင်ကျူးသည် အခြားဘာမှ ထပ်မမေးတော့ပါပေ။ ဘေးရှိ မီးမြေခွေးနှင့်တူသော သတ္တဝါ၊ မျောက်ဖြူကြီးနှင့် ထိုအခေါင်းကြီးမှာ ဤလူငယ်ပိုင်ဆိုင်သော အရာများဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။
သို့သော် သူမ၏ အပြုအမူများမှာ သူငယ်ချင်းများ၏ မျက်လုံးထဲတွင်တော့ အလွန်ပင် ကြောက်စရာကောင်းနေခဲ့ချေပြီ။
ကိုယ်ယောင်ဖျောက်အတတ်ကြောင့် သူတို့သည် လင်းကျင်း၏ အသံကို မကြားရဘဲ၊ ချင်ကျူးတစ်ယောက်တည်း လေဟာနယ်ကို စကားပြောနေသည်ဟုသာ မြင်နေရခြင်းပင်။ ဤကဲ့သို့ ထူးဆန်းသောညတွင် ဒါဟာ မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။
“ဟေ့... ချင်ကျူးတစ်ယောက် ပြုစားခံလိုက်ရတာလား မသိဘူးနော်”
တစ်ဦးက မနေနိုင်ဘဲ ပြောလိုက်သည်။
ကျန်သူများကတော့ ပြန်မဖြေနိုင်ကြပါပေ။
လူငယ်လေး လီက တိုးတိုးလေး ဆိုလိုက်သည်။
“ဒီည ထူးဆန်းတာတွေ အများကြီး ဖြစ်နေတယ်... ဘာပဲဖြစ်ဖြစ် သတိထားကြ... အခြေအနေမဟန်ရင် လူစုခွဲပြီး ပြေးကြမယ်... အသက်ရှင်ဖို့ပဲ အဓိကထားကြပါ”
ထိုခဏမှာပင် အပြင်ဘက်မှ အခြေအနေများ ပြောင်းလဲသွားခဲ့ချေပြီ။ လူအချို့မှာ ခြံထဲသို့ အလန့်တကြား ပြန်ပြေးဝင်လာကြခြင်းပင်။
လူငယ်လေး လီနှင့် အဖွဲ့သားများမှာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြရ၏။
ပြန်ဝင်လာသူများမှာ စောစောက လူဆိုးအုပ်စုနှစ်စုပင် ဖြစ်သည်။
သို့သော် လူဦးရေမှာတော့ မပြည့်စုံတော့ပါပေ။
ဝက်ဝံပိုင်ရှင် ညီအစ်ကိုနှစ်ဦး ပြန်ရောက်လာသော်လည်း တစ်ဦးမှာ မျက်နှာဖြူဖျော့နေပြီး၊ အခြားတစ်ဦးမှာတော့ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေကာ လက်တစ်ဖက်မှာလည်း ဘေးသို့ တွဲလောင်းကျနေခဲ့သည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပုံရ၏။
ခွိုင်တောင်၏ ငရဲသားလေးဦးထဲမှမူ နှစ်ဦးသာ ပြန်ရောက်လာတော့သည်။ သူတို့တွင် ဒဏ်ရာအနည်းငယ်သာ ရှိသော်လည်း သိသိသာသာပင် တုန်လှုပ်ချောက်ချားနေကြ၏။ သူတို့၏ သားရဲများထဲတွင် မြောက်ဘက်တောင်တန်း ညီအစ်ကို၏ ဝက်ဝံများ ပြန်မလာတော့ပါပေ။ ငရဲသားများဘက်မှ ကျားသားရဲတစ်ကောင်သာ ပြန်ပါလာသော်လည်း ၎င်းမှာ တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ဘဲ ကြောက်လန့်နေခဲ့ချေပြီ။ အဆင့် (၂) ကျားသားရဲတစ်ကောင်ကို ဤမျှအထိ ထိတ်လန့်သွားအောင် ဘာက လုပ်လိုက်သနည်းဆိုသည်မှာ တွေးတောစရာပင်။
ဤလေးဦးစလုံးမှာ စောစောက ကြမ်းကြုတ်ခက်ထန်သော ပုံစံများ လုံးဝမရှိတော့ဘဲ၊ လူငယ်လေး လီတို့အဖွဲ့ထက်ပင် ပို၍ ကြောက်လန့်နေကြပုံရ၏။
ယခုမူ ထိုလူဆိုးများမှာ အခြားအရာကို ဂရုမစိုက်နိုင်တော့ဘဲ ခြံဝင်းတံခါးဘက်ကိုသာ ထိတ်လန့်တကြီး စိုက်ကြည့်နေကြတော့သည်။
“မြောက်ဘက်တောင်တန်း ညီအစ်ကိုဖြစ်တဲ့ ငါတို့တောင် ဒီမှာပဲ အသက်ပျောက်ရတော့မှာလား”
“အဲဒီမိစ္ဆာမက အစွမ်းထက်လွန်းတယ်... ဒီနေ့ ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
အပြင်ဘက်မှ လေပြင်းတိုက်ခတ်သံများ ငြိမ်သက်သွားခဲ့ချေပြီ။
စွန့်ပစ်အိမ်ဟောင်းကြီးအတွင်းရှိ လေထုမှာ ပို၍ပင် တင်းမာလာခဲ့ပြီး၊ နောက်ဆုံးတွင်တော့ လူတိုင်း၏ အကြည့်အောက်၌ အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့တော့သည်။ လရောင်အောက်တွင် ထိုအမျိုးသမီး၏ အရိပ်မှာ ကြောက်မက်ဖွယ်ကောင်းသော ကျားဆိုးကြီးတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်နေသည်ကို အချို့က သတိထားမိလိုက်ကြ၏။
အနီရဲရဲ ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသမီးမှာ အလွန်ပင် လှပလွန်းလှပေသည်။ သူမသည် ခြေဗလာဖြင့် လမ်းလျှောက်ဝင်လာသော်လည်း သူမ၏ ခြေထောက်များမှာ ညစ်ပေခြင်း မရှိပါပေ။
သို့သော် ထိုအမျိုးသမီး ဝင်လာသည်နှင့် လူဆိုးပညာရှင်များမှာ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ကြရာ၊ တစ်ဦးမှာ ကျောက်ခဲနှင့် ခလုတ်တိုက်ကာ လဲကျသွားခဲ့ရသည်။
လူငယ်လေး လီမှာလည်း ရုတ်တရက် အော်ဟစ်လိုက်၏။ သူ၏ ရင်ဘတ်ရှိ ကျောက်စိမ်းပြားမှာ အနီရောင်များ လင်းလက်လာခဲ့ခြင်းပင်။
“ပူလိုက်တာ... အား... ပူတယ်”
သူ အော်ဟစ်လိုက်မိသည်။
သူသည် ကျောက်စိမ်းပြားရှိ ကြိုးကို ကိုင်ကာ တံခါးဝမှ အမျိုးသမီးကို ကြည့်ရင်း အော်ပြောလိုက်၏။
“သူက လူတွေကို စားမယ့် မိစ္ဆာမပဲ... အားလုံးပဲ အသက်လုပြီး ပြေးကြတော့"
ဒါဟာ သူတို့ ကြိုတင်တိုင်ပင်ထားသည့် အစီအစဉ်ပင်။
သူတို့သည် ချက်ချင်းပင် လူစုခွဲကာ ပြေးကြတော့သည်။ အချို့မှာ တံတိုင်းများကို ကျော်တက်ရန် ကြိုးစားကြ၏။
သို့သော် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ခပ်ပြုံးပြုံးဖြင့် လက်ကို တစ်ချက် ခါယမ်းလိုက်ရာ၊ ပြင်းထန်သော လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးနေသူအားလုံးကို ခြံထဲသို့ ပြန်လည် ဆွဲခေါ်လိုက်တော့သည်။
သူတို့အားလုံး မှင်တက်သွားကြရ၏။ မပြေးနိုင်တော့ဘူးဆိုလျှင် သေရဖို့ပဲ ရှိတော့သည် မဟုတ်ပါလား။
သို့သော် ရုတ်တရက်ဆိုသလို အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ လင်းကျင်းကို သတိပြုမိသွားကာ မှင်တက်သွားခဲ့သည်။
ယခုအချိန်အထိ လင်းကျင်း၏ ကိုယ်ယောင်ဖျောက်အတတ်မှာ အလုပ်လုပ်နေဆဲဖြစ်ရာ သာမန်လူများမှာ လင်းကျင်း၊ ရှောင်ဟော့နှင့် မျောက်ဖြူတို့ကို မမြင်နိုင်ကြပါပေ။ အခေါင်းကြီးမှ ဝိညာဉ်အရှိန်အဝါကိုပင် လင်းကျင်းက သူ၏ အပ်များဖြင့် ဖုံးကွယ်ထားခဲ့ချေပြီ။
သို့သော် ဤမိစ္ဆာမကတော့ သူတို့ကို အသေအချာ မြင်နိုင်စွမ်း ရှိ၏။
သူမသည် မျောက်ဖြူနှင့် အခေါင်းကြီးကို အရင်ကြည့်ပြီးမှ ရှောင်ဟော့ထံသို့ အကြည့်လွှဲလိုက်သည်။
ချက်ချင်းပင် သူမ၏ မျက်လုံးများ ဝင်းပသွားကာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဓမ္မကိုယ်ထည်... ဒါက တကယ့်ကို ဓမ္မကိုယ်ထည်ပဲ”
ထို့နောက် သူမသည် လင်းကျင်းထံသို့ ကြည့်လိုက်ရာ၊ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထိုင်နေသော လူငယ်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အသက်ရှူသံတိုင်းတွင် မြူနှင်းများက လှည့်ပတ်နေခဲ့ရာ အလွန်ပင် လျှို့ဝှက်ဆန်းပြားလှပေသည်။
ထိုလူငယ်မှာ သာမန်ပုံစံ ရှိသော်လည်း၊ မိစ္ဆာမမှာတော့ သူ၏ထံမှ ဖိအားပေးသော အရှိန်အဝါတစ်ခုကို ခပ်ဖျော့ဖျော့ ခံစားလိုက်ရ၏။ ၎င်းကို အသေအချာ ဖုံးကွယ်ထားသော်လည်း သူမ၏ မြင့်မားလှသော ကျင့်စဉ်အဆင့်ကြောင့် အာရုံခံမိလိုက်ခြင်းပင်။
ထပ်မံ၍ စူးစမ်းရန် ကြိုးစားခြင်းမှာ သူမအတွက် အန္တရာယ်ရှိနိုင်သဖြင့် သူမ၏ အရှိန်အဝါကို ချက်ချင်း ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။
ဤအမျိုးသမီးမှာ နှစ်ပေါင်းရာချီ၍ ကျင့်ကြံထားသော၊ မိစ္ဆာစွမ်းအားများကို စုဆောင်းကာ အဆင့်မြင့် မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့သော ကျားမိစ္ဆာမပင် ဖြစ်၏။
သူမသည် ဝေးကွာသော နေရာမှ မစ်ရှင်တစ်ခုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး၊ သူမ ရည်မှန်းထားသော နေရာသို့ အခြားတစ်ဦး ရောက်နှင့်နေသည်ကို မြင်လိုက်ရခြင်းပင်။ ထို့ပြင် တစ်ဖက်လူများက သူမကို စော်ကားခဲ့သဖြင့် စိတ်တိုကာ ထိုလူမိုက်အချို့ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
သူမ၏ လက်ရှိ ကျင့်စဉ်အဆင့်အရဆိုလျှင် ကျင့်ကြံရန်အတွက် လူသားများကို စားရန် မလိုတော့ပါပေ။ သို့သော် သူမ စိတ်အခြေအနေ မကောင်းလျှင်တော့ လူသားများကို စားပစ်ရန်မှာ သူမအတွက် အလွန်လွယ်ကူသော ကိစ္စတစ်ခုပင်။
သို့သော် ဤအိမ်ဟောင်းကြီးထဲတွင် ကျွမ်းကျင်ပညာရှင်တစ်ဦး ရှိနေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပါပေ။
ကိုယ်ယောင်ဖျောက်အတတ်ကို ခေတ္တထားဦး၊ သူ၏ ဘေးရှိ ဓမ္မကိုယ်ထည်နှင့် ဝံပုလွေငယ်မှာပင် သူမကို ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
မျက်မှောက်ခေတ်တွင် သဘာဝဝိညာဉ်စွမ်းအားများ ရှားပါးလှသဖြင့် သူမ၏ ကျင့်စဉ်မှာ အတားအဆီးတစ်ခုနှင့် ကြုံနေရသည်မှာ ကြာလှချေပြီ။ ကျွမ်းကျင်သူတစ်ဦးက သူမကို အကြံပေးဖူးသည်မှာ... ရှေ့သို့ ဆက်လက်တိုးတက်လိုပါက ‘ဓမ္မကိုယ်ထည်’ ကို ကျင့်ကြံရမည်ဟူ၍ပင်။
ဒါဟာ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
သို့သော် ထိုအကြံပေးခဲ့သော ပညာရှင်ကိုယ်တိုင်ပင် ဓမ္မကိုယ်ထည်ကို မည်သို့ ဖော်ဆောင်ရမည်ကို မသိပါပေ။ ထို့ကြောင့် သူမသည် နှစ်ပေါင်းများစွာ အခွင့်အရေးများကို လိုက်လံရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပါပေ။ ပထမပိုင်း ဆယ်စုနှစ်အနည်းငယ်တွင် သူမ မျှော်လင့်ချက် ရှိနေသေးသော်လည်း၊ နောက်ပိုင်းတွင်တော့ စိတ်ပျက်အားငယ်မှုများသာ တိုးပွားလာခဲ့ရသည်။
ဒါကြောင့်လည်း ဓမ္မကိုယ်ထည်နှင့် သားရဲတစ်ကောင်ကို မြင်လိုက်ရချိန်တွင် သူမ အလွန်အမင်း အံ့သြသွားရခြင်းပင်။
သူမသည် အရင်ကတည်းက သုတေသနပြုထားဖူးသဖြင့် မီးဝံပုလွေ၏ ဓမ္မကိုယ်ထည်ကို မြင်ရုံနှင့်ပင် ချက်ချင်း ခွဲခြားသိမြင်နိုင်ခဲ့သည်။ သူမ သေချာလှပါ၏။
ထိုမီးဝံပုလွေက ဤဓမ္မကိုယ်ထည်ကို ကိုယ်တိုင် ကျင့်ကြံခဲ့တာလား။
မဖြစ်နိုင်ပါပေ။
မီးဝံပုလွေ၏ အဆင့်မှာ အလွန်နိမ့်ကျပြီး သူသည် မိစ္ဆာတစ်ကောင်လည်း မဟုတ်ပါပေ။ အပြန်အလှန်အားဖြင့် သူသည် လူသားတစ်ဦးနှင့် သွေးကတိကဝတ်ပြုထားသော သားရဲတစ်ကောင်သာ ဖြစ်သဖြင့်၊ ဓမ္မကိုယ်ထည်ကို ကိုယ်တိုင် ကျင့်ကြံနိုင်စွမ်း မရှိပါပေ။
ဒါဆိုလျှင်... ၎င်းမှာ သူ၏ သခင်ဖြစ်သူ၏ အံ့မခန်း အစွမ်းထက်မှုကြောင့်သာ ဖြစ်ရပေမည်။
ကျားမိစ္ဆာမသည် လင်းကျင်းထံသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်မိပြန်သည်။
ခြံထဲရှိ လူများမှာတော့ သူတို့ သေရတော့မည်ဟု ယူဆထားကြချေပြီ။ သူတို့အားလုံးမှာ ဤကြောက်စရာကောင်းသော မိစ္ဆာမ၏ စားခြင်းကို ခံရတော့မည်ဟု တွေးကာ အားငယ်နေကြ၏။ သို့သော် သူတို့ကို ဇဝေဇဝါ ဖြစ်စေသည်မှာ ထိုမိစ္ဆာမသည် ဝင်လာပြီး ထွက်ပြေးသူများကို ပြန်ဆွဲခေါ်ပြီးနောက်၊ တံခါးဝတွင်ပင် မှင်တက်ကာ ရပ်နေခြင်းပင်။
မည်သူမျှ စကားမပြောဝံ့ကြသဖြင့် ခြံဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လူဆိုးများမှာ ထိုမိစ္ဆာမ၏ အစွမ်းကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ သူတို့၏ အသက်မှာ ချည်မျှင်တစ်မျှင်သာ ကျန်တော့သည်ဟု တွေးကာ အသက်ပင် ပြင်းပြင်းမရှူဝံ့ကြပါပေ။
သို့သော် ထိုမိစ္ဆာမ၏ အကြည့်များမှာ ဘာမှမရှိသော နေရာတစ်ခုသို့သာ စိုက်ကြည့်နေခဲ့ရာ... ၎င်းမှာ တကယ့်ကို ထူးဆန်းလှပေတော့သည်။
အခန်း (၂၇၆) - စန်းလျန်တောင်မှ ဟူယွီကျန်း
အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည် ယခုအချိန်တွင် တုံ့ဆိုင်းနေမိသည်။
သူသည် ဤနေရာတွင် တစ်ညတာ စခန်းချနားနေရင်း ‘ဝင်သက်ထွက်သက် ကျင့်စဉ်’ ကို ကျင့်ကြံရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သို့သော် မထင်မှတ်ဘဲ အလွန်အမင်း ဒုက္ခများလှသော မိစ္ဆာကောင်တစ်ကောင်နှင့် ထိပ်တိုက်တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါပေ။
ဒါဟာ မိစ္ဆာစစ်စစ်နှင့် သူ၏ ပထမဆုံး ဆုံတွေ့မှုဖြစ်ပြီး၊ ထိုမိစ္ဆာမ၏ အစွမ်းမှာ သူ တွေ့ခဲ့ဖူးသော နဂါးအိုကြီးထက်ပင် ပို၍ အစွမ်းထက်နေကြောင်း သူ အာရုံခံမိလိုက်သည်။
နဂါးအိုကြီးမှာ အဆင့် (၅) နဂါးတစ်ကောင် ဖြစ်သော်လည်း၊ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အင်အားချည့်နဲ့နေသဖြင့် အဆင့် (၅) ဟု အမည်ခံထားရုံသာ ရှိခြင်းပင်။ သို့သော် ယခု မိစ္ဆာမမှာမူ အဆင့် (၅) အစစ်အမှန်ဖြစ်ပြီး၊ သားရဲဆိုးများထဲတွင် အဆင့် (၅) အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ရပေမည်။
သူမသည် နဂါးအိုကြီးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း မရှိနိုင်သော်လည်း၊ ပို၍ အစွမ်းထက်နေသည်မှာတော့ အမှန်ပင်။ ဖြစ်နိုင်လျှင်တော့ လင်းကျင်းအနေဖြင့် ဤကဲ့သို့သော အဆင့်မြင့် မိစ္ဆာမျိုးကို ရန်မစလိုပါပေ။
သို့သော် တစ်ဖက်က ပြန်တွေးကြည့်လျှင်လည်း လင်းကျင်းသည် ယခင်ကထက် များစွာ အစွမ်းထက်လာခဲ့ပြီ ဖြစ်၏။ အကယ်၍ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင်လည်း သူသည် အရှုံးပေးမည့်သူ မဟုတ်ပါပေ။
ရှောင်ဟော့အတွက် သူ ဖော်ဆောင်ပေးထားသော ‘ဓမ္မကိုယ်ထည်’ မှာလည်း လျှော့တွက်၍ မရနိုင်သော အရာတစ်ခု ဖြစ်သည်။
လင်းကျင်းသည် သူ၏ လက်ထဲတွင် အပ်များကို အသင့်ကိုင်ထားပြီး၊ မိစ္ဆာမက လှုပ်ရှားလာသည်နှင့် ချက်ချင်း တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်၏။
ယခုမူ အရာအားလုံးမှာ ထိုမိစ္ဆာမအပေါ်တွင်သာ မူတည်နေတော့သည်။
ခဏတာမျှသာ ကြာမြင့်သော်လည်း ခြံထဲရှိ အခြားသူများအတွက်မူ ထိုအချိန်မှာ ကမ္ဘာပျက်မတတ် ကြာရှည်နေခဲ့ချေပြီ။ လင်းကျင်းမှာ တောင်ကြီးတစ်လုံးပမာ တည်ငြိမ်စွာဖြင့် စကားလည်းမပြော၊ လှုပ်ရှားမှုလည်း မရှိဘဲ ထိုင်နေခဲ့၏။ သူသည် ထိုမိစ္ဆာမအပေါ်သို့ ဖိအားများအားလုံး သက်ရောက်စေရန် ရည်ရွယ်ထားခြင်းပင်။
ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို မြင်တွေ့လိုက်ရပြီးနောက် မိစ္ဆာမမှာ သူမကိုယ်သူမ နိမ့်ကျသွားသည်ဟု ခံစားလိုက်ရတော့သည်။ ထိုဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ၊ သူမသည် ရှေ့သို့ နှစ်လှမ်းတိုးကာ အရိုအသေပေးလိုက်၏။
“စန်းလျန်တောင်က ဟူယွီကျန်းပါ... လူကြီးမင်းကို တွေ့ရတာ ဝမ်းသာပါတယ်”
ဤကဲ့သို့ ရိုသေပျူငှာသော အမူအရာမှာ လူတိုင်းကို အံ့သြသွားစေခဲ့သည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ မိစ္ဆာတစ်ကောင်နှင့် လုံးဝ မတူတော့ပါပေ။ သူမ၏ ရုပ်ရည်နှင့် အသံမှာ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးငယ်တစ်ဦးနှင့်သာ တူနေခဲ့တော့သည်။
ခြံထဲရှိ လူတိုင်းမှာ စိုးရိမ်တကြီး ဖြစ်နေကြ၏။ ချင်ကျူးမှလွဲ၍ ကျန်သူများမှာ ထိုမိစ္ဆာမ ဘာလုပ်နေသလဲ၊ မည်သူ့ကို အရိုအသေပေးနေသလဲဆိုသည်ကို မသိကြပါပေ။
အနည်းဆုံးတော့ သူတို့ထဲတွင် ထို ‘လူကြီးမင်း’ ဆိုသည်မှာ မိမိကိုယ်ကိုဟု ထင်လောက်အောင် အရှက်မရှိသူ တစ်ဦးမျှ မပါရှိပါပေ။
လူတိုင်း ဇဝေဇဝါဖြစ်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာပင်၊ လင်းကျင်းသည် ကိုယ်ယောင်ဖျောက်အတတ်ကို ရုပ်သိမ်းလိုက်တော့သည်။ ထိုခဏမှာပင် ခြံထဲရှိလူတိုင်းမှာ လေဟာနယ်ထဲမှ လူတစ်ယောက်နှင့် သားရဲအချို့ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ကြရ၏။ အံ့သြစရာ အကောင်းဆုံးမှာ အခေါင်းကြီးတစ်လုံးပါ ပေါ်လာခြင်းပင်။
လူငယ်လေး လီနှင့် သူ၏ အဖွဲ့သားများမှာ ချင်ကျူး၏ စကားများကို ပြန်လည်သတိရသွားကြတော့သည်။
ချင်ကျူးပြောတာ အမှန်တကယ် ဖြစ်နေတာပဲ။
အဲဒီမှာ တကယ်ပဲ လူတစ်ယောက် ရှိနေတာပဲ။
သို့သော် ဤလူက မည်သို့သော နည်းလမ်းဖြင့် ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက် လုပ်နေသနည်း။
သူက လူကောင်းလား၊ လူဆိုးလား။ လူလား၊ တစ္ဆေလား။
လူငယ်လေး လီတို့အဖွဲ့မှာ မည်သို့မျှ ဖော်ပြ၍မရသော ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့ကြ၏။ သို့သော် သူတို့အားလုံး၏ မျှော်လင့်ချက်မှာ ဤလူသည် လူကောင်းတစ်ယောက် ဖြစ်နေရန်နှင့် ယနေ့ညတွင် သူတို့ အသက်ရှင်ခွင့် ရရှိရန်ပင် ဖြစ်သည်။
တစ်ဖက်တွင်လည်း မြောက်ဘက်တောင်တန်း ညီအစ်ကိုနှင့် ကျန်ရှိသော လူဆိုးများမှာလည်း အလားတူပင် တွေးနေကြ၏။ သူတို့မှာ အတွေ့အကြုံ ရင့်ကျက်သူများဖြစ်ရာ ဤလူငယ်မှာ မိစ္ဆာတစ်ကောင် မဟုတ်ကြောင်း သိရှိနိုင်ပေသည်။ သူသည် မိစ္ဆာမဟုတ်လျှင်ပင် သူတို့အတွက် လုံလောက်လှပြီ ဖြစ်၏။
လင်းကျင်း၏ ရှုထောင့်မှကြည့်လျှင်မူ၊ မိစ္ဆာမက အရင်ဦးဆုံး စကားစလာပြီဖြစ်ရာ သူကလည်း အေးစက်စက် လုပ်နေ၍ မဖြစ်ပါပေ။ ထို့ပြင် သူမက ရိုရိုသေသေ ဆက်ဆံနေသဖြင့် သူမသည်လည်း သူ့ကို အနည်းငယ် ကြောက်ရွံ့နေကြောင်း သိသာလှသည်။
ဒါဆိုလျှင် တိုက်ပွဲတစ်ခုကို ရှောင်လွှဲနိုင်ပေလိမ့်မည်။
လင်းကျင်းသည် ချက်ချင်း ထရပ်လိုက်ကာ အရိုအသေ ပြန်ပေးလိုက်၏။
“ကျုပ်က လင်းကျင်းပါ... ဒီလမ်းကနေ ဖြတ်သွားရင်းနဲ့ ခင်ဗျားတို့ကို နှောင့်ယှက်သလို ဖြစ်သွားရတယ်”
ပါးနပ်လှသော လူငယ်လေး လီမှာ ချင်ကျူး၏ စကားများကို သတိရလိုက်ပြီး၊ သူတို့၏ အသက်မှာ ယခု ဤကျွမ်းကျင်သူအပေါ်တွင်သာ မူတည်နေကြောင်း သိရှိလိုက်သည်။
သူသည် ချက်ချင်းပင် ရှေ့သို့တိုးကာ ဒူးထောက်လိုက်၏။
“ကျွန်တော်တို့က ရှုယန်မြို့ကပါ၊ မြို့တော်ကို ပညာသင်သွားရင်း လမ်းကြုံလို့ ဝင်နားတာပါ... မိစ္ဆာတစ်ကောင်နဲ့ ကြုံနေရလို့ပါ... ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး လူကြီးမင်း... ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး”
ဤလူငယ်လေး လီမှာ တကယ့်ကို ထက်မြက်သူပင်။ ဤကျွမ်းကျင်သူမှာ လူသားစစ်စစ် ဖြစ်ကြောင်း သေချာသွားသောအခါ၊ သူတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိမှာ လင်းကျင်း၏ အကူအညီအပေါ်တွင်သာ မူတည်နေကြောင်း သူ သိရှိလိုက်ခြင်းပင်။
ထိုသူသည် သူတို့ကို ကယ်တင်နိုင်စွမ်း ရှိမရှိ ဆိုသည်မှာလည်း ခန့်မှန်းရ လွယ်ကူလှပေသည်။
အမှန်တကယ်ပင် ထိုမိစ္ဆာမမှာ အလွန်ကြောက်စရာ ကောင်းလှ၏။ လူဆိုးများမှာ သူမနှင့် တွေ့သည်နှင့် သူငယ်ချင်း နှစ်ဦး ဆုံးရှုံးခဲ့ရပြီး၊ ကျန်သူများလည်း ဒဏ်ရာရခဲ့ကြသည်။ သူတို့၏ သားရဲများမှာလည်း အကုန်နီးပါး သေဆုံးခဲ့ကြသော်လည်း မိစ္ဆာမမှာမူ အစင်းရာလေးတစ်ခုတောင် မထင်ပါပေ။ ဤအချက်တစ်ခုတည်းနှင့်ပင် သူမ မည်မျှ ကြောက်စရာကောင်းကြောင်း သိသာလှသည်။
သို့သော် ထိုကြောက်စရာကောင်းသော မိစ္ဆာမမှာ ဤခြံထဲသို့ ဝင်လာသည်နှင့် မှင်တက်သွားခဲ့ရခြင်းပင်။
သူမ မည်မျှ ဇဝေဇဝါ ဖြစ်သွားသည်ကို လူတိုင်း အသေအချာ မြင်တွေ့ခဲ့ကြရ၏။
ထို့နောက်တွင်တော့ ကြမ်းကြုတ်ခက်ထန်သော ထိုမိစ္ဆာမမှာ ရုတ်တရက် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ၊ ဤလူငယ်ကို အရိုအသေပေးနေခြင်းမှာ လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ပင်။
အကယ်၍ သူမသည် ဤလူငယ်ကို ရန်စမိမှာ မစိုးရိမ်ဘူးဆိုလျှင် ဘာကြောင့် ဤကဲ့သို့ ပြုမူနေရပါမည်နည်း။
လူငယ်လေး လီမှာ ရှုယန်မြို့မှ ဂုဏ်သရေရှိ မိသားစုတစ်ခုမှ ဖြစ်၏။ သူသည် လောကအတွေ့အကြုံ အထိုက်အလျောက် ရှိထားသဖြင့် လျင်မြန်သော ဆုံးဖြတ်ချက်များကို ချနိုင်ခြင်းပင်။
ဤကျွမ်းကျင်သူမှာ တုံ့ဆိုင်းနေပုံရပြီး ဤကိစ္စထဲတွင် ပါဝင်ပတ်သက်လိုဟန် မရှိပါပေ။ အကယ်၍ သူသာ ထွက်သွားပါက သူတို့အားလုံး ထိုမိစ္ဆာမ၏ လက်ထဲတွင် သေကြရပေလိမ့်မည်။
ဒါကို မြင်သောအခါ ချင်ကျူးနှင့် အခြားသူများလည်း လိုက်လံ ဒူးထောက်လိုက်ကြတော့သည်။
လင်းကျင်းသည် ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးပါပေ၊ သို့သော် သူသည် သူတို့ကို ကာကွယ်ပေးရန် အစကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ အထူးသဖြင့် သူတို့မှာ သားရဲအကဲဖြတ်အသင်းမှ အလုပ်သင်များ ဖြစ်ကြောင်း သိရသောအခါ လင်းကျင်းမှာ သူတို့အပေါ် အမြင်ကောင်းရှိသွားခဲ့သည်။ ချင်ကျူးမှာဆိုလျှင် ပါရမီပါသော မျက်လုံးများ ရှိနေသည့်အတွက် ပို၍ပင် ဖြစ်၏။ အကယ်၍ သူမကို စနစ်တကျ လမ်းပြပေးမည့်သူ ရှိမည်ဆိုလျှင် သူမ၏ အလားအလာမှာ အကန့်အသတ်မရှိ ဖြစ်လာနိုင်ပေသည်။ ဤနေရာတွင် သေဆုံးသွားရမည်ဆိုလျှင် သူမအတွက် အလွန်ပင် နှမြောစရာ ကောင်းလှပေလိမ့်မည်။
ထိုသို့ တွေးပြီးနောက် လင်းကျင်းသည် မိစ္ဆာမကို အရိုအသေပေးလိုက်ကာ ဆိုလိုက်၏။
“တွေ့ဆုံရခြင်းဟာလည်း ရေစက်တစ်ခုပါပဲ... ခင်ဗျားအနေနဲ့ ဒီည လူသားနှစ်ယောက်ကို စားပြီးပြီပဲ၊ သူတို့ကလည်း လူဆိုးလူမိုက်တွေ ဖြစ်တဲ့အတွက် ကျုပ် ဝင်မပါချင်ပါဘူး... ကျုပ် မျှော်လင့်တာကတော့ မိန်းမပျိုဟူအနေနဲ့ ဒီမှာတင် ရပ်တန့်ပြီး နောက်ထပ် သတ်ဖြတ်မှုတွေ မလုပ်ဖို့ပါပဲ... ဒါက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး”
ဤအကြံပေးချက်မှာ ယဉ်ကျေးသိမ်မွေ့သော်လည်း ခြိမ်းခြောက်မှု အရှိန်အဝါများ ပါဝင်နေခဲ့ချေပြီ။
လင်းကျင်းသည် အရင်ကကဲ့သို့ သဘောကောင်းလှသော လူငယ်လေး မဟုတ်တော့ပါပေ။ ကျောက်စိမ်းနဂါးနိုင်ငံ၏ အစောင့်သားရဲများကို သတ်ဖြတ်ပြီးနောက်ပိုင်းတွင် သူ၏ ကိုယ်ပေါ်၌ လူသတ်ငွေ့များ ကိန်းအောင်းနေခဲ့ပြီ ဖြစ်၏။ အကယ်၍ မိစ္ဆာမက ငြင်းဆန်မည်ဆိုပါက လင်းကျင်းအနေဖြင့် လက်တုံ့ပြန်ရန်သာ ရှိတော့သည်။
မိစ္ဆာမသည် ခေတ္တတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“လူကြီးမင်း ပြောတာ မှန်ပါတယ်... ဆုံတွေ့ရခြင်းတိုင်းဟာ ရေစက်ပါပဲ၊ လူကြီးမင်းကတောင် ဖွင့်ဟပြောလာပြီဆိုတော့ ကျွန်မဘက်က ငြင်းပယ်စရာ အကြောင်း မရှိပါဘူး”
ထိုသို့ ပြောပြီးနောက် သူမသည် လူဆိုးများနှင့် လူငယ်လေး လီတို့အဖွဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
“အားလုံး ထွက်သွားလို့ရပြီ... ဒါပေမဲ့ မှတ်ထားကြ... ဒီည ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့... ဒီကျောက်စိမ်းနဂါးနိုင်ငံလေးက မင်းတို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မထင်နဲ့ဦး.. ငါ မင်းတို့ကို သေစေချင်တယ်ဆိုရင် ဧကရာဇ်ရဲ့ နန်းတော်ထဲမှာ သွားပုန်းနေရင်တောင် ငါ လိုက်သတ်မှာပဲ”
မိစ္ဆာပီပီပင်။ သူမ၏ ယဉ်ကျေးသိမ်မွေ့မှုများမှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်၏။ ကြမ်းကြုတ်ခက်ထန်ခြင်းမှာ သူမတို့၏ သဘာဝအစစ်အမှန်ပင် မဟုတ်ပါလား။
ထိုခြိမ်းခြောက်မှုကြောင့် အခြားသူများမှာ ချွေးပြန်သွားကြရပြီး ခေါင်းများကို တဆတ်ဆတ် ညိတ်ပြလိုက်ကြတော့သည်။
လင်းကျင်းသည် ချင်ကျူးကို တားလိုက်ကာ မှာကြားလိုက်၏။
“မင်းမှာ ကြီးမားတဲ့ အလားအလာနဲ့ မွေးရာပါ ဝိညာဉ်မျက်စိတွေ ရှိနေတယ်... ဒါက သားရဲအကဲဖြတ် အလုပ်အတွက် အသင့်တော်ဆုံးပဲ... ဒါပေမဲ့ မင်းကို လမ်းပြပေးမယ့် ဆရာတစ်ယောက်တော့ လိုအပ်လိမ့်မယ်... မှတ်ထားပါ... မြို့တော်ကို ရောက်တာနဲ့ အကဲဖြတ်မှူး တန်ရွှင်းကို သွားရှာပါ... လင်းကျင်းက လွှတ်လိုက်တာလို့ ပြောလိုက်ရင် သူ ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်”
“အကဲဖြတ်မှူး တန်ရွှင်း ဟုတ်လား”
ချင်ကျူးနှင့် သူမ၏ သူငယ်ချင်းများမှာ မှင်တက်သွားကြရ၏။
ကျောက်စိမ်းနဂါးနိုင်ငံတွင် သားရဲအကဲဖြတ်လောကမှ လူတိုင်းမှာ အကဲဖြတ်မှူး တန်ရွှင်း၏ နာမည်ကျော်ကြားမှုကို သိရှိထားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နိုင်ငံတော်အတွင်းရှိ လက်ချိုးရေတွက်၍ရသော အဆင့် (၃) သားရဲအကဲဖြတ်မှူးကြီးများထဲမှ တစ်ဦး မဟုတ်ပါလား။ နယ်ပယ်အသီးသီးမှ အလုပ်သင်များမှာ ပထမဆုံးရက်ကတည်းက သူ၏ နာမည်ကို ကြားဖူးထားကြပြီး ဖြစ်၏။
အဆင့် (၃) အကဲဖြတ်မှူးကြီး တန်ရွှင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အလုပ်သင်များအတွက်တော့ အလှမ်းဝေးလွန်းလှသော တန်ခိုးရှင်တစ်ပါးကဲ့သို့ပင်။ ယခု ဤလူငယ်က အကဲဖြတ်မှူး တန်ရွှင်းနှင့် ရင်းနှီးရုံတင်မကဘဲ ချင်ကျူးအတွက်ပါ လမ်းညွှန်ပေးလိုက်ခြင်းမှာ မယုံနိုင်စရာပင်။
ဒါဟာ အိမ်မက်ထဲမှာတောင် မက်ဖူးဖို့ခက်တဲ့ အခွင့်အရေးကြီးတစ်ခုပင် ဖြစ်၏။
လူငယ်လေး လီနှင့် အခြားသူငယ်ချင်းများမှာ ချင်ကျူးကို အားကျလွန်းသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။