← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 14 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 14 Ch. 263-264

အခန်း (၂၆၃) - လင်းကျင်း ပြန်လည်ရောက်ရှိလာခြင်း

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

“နေကောင်းပါစေ ကျောက်စိမ်းနဂါးဧကရာဇ်”

မိစ္ဆာပညာရှင်အဖွဲ့က နှုတ်ဆက်လိုက်ကြ၏။

သူတို့မှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ နိုင်ငံသားများ မဟုတ်ကြသဖြင့် ပုံမှန်ထက်ပိုသော ဦးညွှတ်ဂါရဝပြုမှုမျိုး လုပ်ဆောင်ရန် မလိုအပ်ပါပေ။ အခြေခံ ယဉ်ကျေးပျူငှာသော နှုတ်ဆက်မှုဆိုလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ကျော်ကြားလှတဲ့ နာမည်တွေကို ကြားဖူးနေတာ ကြာပြီမို့ အားလုံးနဲ့ တွေ့ဆုံဖို့ ငါကိုယ်တိုင် လာခဲ့တာပါ... ဒါပေမဲ့ ပြတိုက်မှူးကြီးက အရေးကြီးကိစ္စနဲ့ ထွက်ခွာသွားပြီဆိုတာ ကြားရတာ တကယ်ပဲ နှမြောစရာကောင်းလှပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာရှိနေတဲ့သူတွေအားလုံးက လေးစားထိုက်တဲ့ ပညာရှင်တွေချည်းပါပဲ... အကယ်၍ အချိန်ရမယ်ဆိုရင် ငါ့ရဲ့နန်းတော်ကို ဧည့်သည်တော်အဖြစ် ကြွလှမ်းခဲ့ကြပါဦး.. ငါတို့နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြသခွင့်ပေးပါ”

ဟယ်ရွှမ်က ပြုံးလျက် ဆိုလိုက်၏။

ကျီးကန်းနက်နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ စရိုက်အရဆိုလျှင် ဘုရင်စနစ်၊ အုပ်ချုပ်ရေးစနစ်များနှင့် ပတ်သက်ဆက်နွှယ်ရခြင်းကို ဝါသနာပါသူများ မဟုတ်ကြပါပေ။

သူတို့ ဤနေရာသို့ လာခဲ့ခြင်းမှာလည်း ကျောက်စိမ်းနဂါးနိုင်ငံအတွက် မဟုတ်ဘဲ၊ ပြတိုက်မှူးကြီးက သူတို့ကို ဆင့်ခေါ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ပြတိုက်မှူးကြီးသာ မရှိလျှင် သူတို့အနေဖြင့် ဤကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စရပ်များထဲသို့ ခြေစုံပစ်ဝင်လာကြမည် မဟုတ်ပါပေ။

သူတို့သည် မြို့တော်တွင် ရက်အနည်းငယ် ကြာအောင် နေထိုင်ရန် စီစဉ်ထားသော်လည်း နန်းတော်ထဲသို့ ဝင်ရောက်ရန်တော့ တစ်ခါမျှ မတွေးဖူးခဲ့ကြချေ။

ထိုစဉ် ဝိညာဥ်ကလေးငယ်မိခင်က ရုတ်တရက် စကားပြောလာ၏။

“အရှင်မင်းကြီး... ကျွန်မ မေးချင်တာလေး တစ်ခုရှိပါတယ်... အမှန်အတိုင်း ဖြေကြားပေးဖို့လည်း မျှော်လင့်ပါတယ်”

“ပြောပါ... စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်”

ဟယ်ရွှမ်က ထိုလှပသော အမျိုးသမီးငယ်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်မိ၏။

‘ဒါက မိစ္ဆာလောကရဲ့ ပညာရှင်တွေထဲမှာ အဆင့်မြင့်လှတဲ့ ဝိညာဥ်ကလေးငယ်မိခင်ပေါ့လေ... ကောလာဟလတွေအရတော့ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ သူမကို ရန်စဝံ့သူ မရှိဘူးလို့ ကြားတယ်... အလယ်အလတ်အဆင့် နိုင်ငံတွေတောင်မှ သူမကို ရှောင်ရှားကြရတာပဲ’

ဤကဲ့သို့သော ပညာရှင်မျိုးကို အားကိုးရမည့် မဟာမိတ်အဖြစ် ရရှိထားခြင်းမှာ လက်ရှိ ကျောက်စိမ်းနဂါးနိုင်ငံအတွက် များစွာ အကျိုးရှိပေလိမ့်မည်။

ယခုအခါ နဂါးအိုကြီးနှင့် အမတ်ယုတို့ သေဆုံးပြီဖြစ်ရာ ဖြစ်ရာ၊ သူတို့သည် အဆင့်မြင့် ပညာရှင်နှစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းပင်။ အထူးသဖြင့် နဂါးအိုကြီးမှာ ယခင်က ကျောက်စိမ်းနဂါးနိုင်ငံကို ထိပ်တန်းနိုင်ငံအဆင့်အထိ ရောက်အောင် ပံ့ပိုးပေးခဲ့သည့် အဆင့် (၅) နဂါးသားရဲကြီး မဟုတ်ပါလား။

သို့သော်လည်း ထိုဘုန်းမီးနေလမှာ ကြာရှည်မခံခဲ့ပါပေ။ နဂါးအိုကြီးမှာ နောက်ပိုင်းတွင် အခြားသော ထိပ်တန်းနိုင်ငံတစ်ခု၏ အစောင့်အရှောက်သားရဲကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက်၊ သူသည် ကြောက်စိတ်များ ဝင်လာခဲ့တော့သည်။ သူသည် ပုန်းအောင်းနေရန်သာ ရွေးချယ်ခဲ့သဖြင့် နိုင်ငံမှာ ဆုတ်ယုတ်လာခဲ့ရပြီး၊ နောက်ဆုံးတွင် သူ၏ အသက်ကို ဆက်ရန်အတွက် နန်းတွင်းသူ အမျိုးသမီးငယ်များ၏ အသက်ကို အသုံးချသည်အထိ ဖြစ်လာခဲ့ခြင်းပင်။

ယခုမူ နဂါးအိုကြီး၏ ကျိန်စာမှာ ပျက်ပြယ်သွားခဲ့ချေပြီ။ မိစ္ဆာနဂါး၏ လက်အောက်မှ လွတ်မြောက်သွားခဲ့သော်လည်း ကျောက်စိမ်းနဂါးနိုင်ငံ၏ အင်အားမှာ များစွာ ထိခိုက်သွားခဲ့သဖြင့် ၎င်းနေရာတွင် အစားထိုးရန် ပညာရှင်များ အရေးတကြီး လိုအပ်နေခြင်း ဖြစ်သည်။

ဤနေရာတွင် ရှိနေသူများမှာ တကယ့်ကို ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ အကယ်၍ သူတို့သာ ကျောက်စိမ်းနဂါးနိုင်ငံအပေါ် သစ္စာစောင့်သိကြမည်ဆိုပါက၊ တစ်နေ့တွင် နိုင်ငံမှာ ထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ကောင်း ရောက်ရှိနိုင်ပေသည်။

ဟယ်ရွှမ် တွေးတောနေစဉ်မှာပင် ဝိညာဥ်ကလေးငယ်မိခင်က မေးလိုက်၏။

“ဆဋ္ဌမမင်းသမီး ဟယ်ယုရဲ့ ကျိန်စာက တကယ်ပဲ ပျောက်ကွယ်သွားပြီလား”

ဒါဟာ သူမ သိလိုသော မေးခွန်းပင် ဖြစ်၏။

သူမသည် ပြတိုက်မှူးကြီး၏ ရည်ရွယ်ချက်ကို သိထားသည်။ သူတို့ ဤမျှအထိ ဒုက္ခခံခဲ့ရခြင်းမှာ ဟယ်ချန်းကို ပေးထားသော ကတိအတိုင်း သူမ၏ အစ်မဖြစ်သူ ဟယ်ယု၏ ကျိန်စာကို ဖြေရှင်းပေးရန် ဖြစ်သည်။ ယခုအခါ နဂါးအိုကြီး သေဆုံးသွားပြီ ဖြစ်သော်လည်း ကျိန်စာ တကယ်ပျက်၊ မပျက်ကိုတော့ သူမ မသေချာသေးပါပေ။

ဤမေးခွန်းကို ကြားလိုက်ရချိန်တွင်တော့ ဟယ်ရွှမ်အနေဖြင့် ပြတိုက်မှူးကြီးသည် သူ၏ ဆဋ္ဌမသမီးတော်အတွက်ကြောင့်သာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသေအချာ သိရှိသွားတော့သည်။

“စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်... ငါ့သမီးရဲ့ ကျိန်စာ ပျောက်သွားပါပြီ၊ အခုဆိုရင် သူမဟာ ဘေးကင်းသွားပါပြီ”

ဟယ်ရွှမ်က ပြန်ဖြေလိုက်၏။

ဝိညာဥ်ကလေးငယ်မိခင်က ခေါင်းညိတ်ပြလိုက်သည်။

ဒါကို အတည်ပြုနိုင်လျှင်ပင် လုံလောက်လှပြီ ဖြစ်၏။ ကျန်ရှိသည့် ကိစ္စများမှာ အရေးမကြီးပါပေ။

သေချာသည်မှာ သူတို့သည် နန်းတော်သို့ လည်ပတ်ရန် မရည်ရွယ်ကြပါပေ။ ခဏမျှ ယဉ်ကျေးစွာ စကားပြောဆိုပြီးနောက်၊ ဟယ်ရွှမ်ကလည်း သူတို့ကို အတင်းအကျပ် မလုပ်ခဲ့ပါပေ။

နန်းတော်သို့ ပြန်လာသည့် လမ်းတွင် ဟယ်ရွှမ်က ညွှန်ကြားလိုက်၏။

“နောက်ရက်တွေမှာ သူတို့ကို ဘယ်သူမှ သွားပြီး အနှောင့်အယှက် မပေးစေနဲ့... သူတို့ ဒီမြို့မှာ ဆက်နေချင်တယ်ဆိုရင်လည်း ပေးနေလိုက်ပါ”

“အရှင်မင်းကြီး... ဒီလူတွေက မိစ္ဆာလောကက ပညာရှင်တွေ ဖြစ်ကြသလို အားလုံးက အဆင့် (၄) သားရဲတွေကို ပိုင်ဆိုင်ထားကြတာပါ... အကယ်၍ သူတို့ တစ်ခုခု ကြံစည်လာရင် ကျွန်တော်မျိုး စိုးရိမ်မိပါတယ်...”

လူယုံတစ်ဦးက တိုးညှင်းစွာ သတိပေးလိုက်၏။

ဟယ်ရွှမ်က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်သည်။

“ငါတို့က ဘယ်လိုပဲ ကြိုတင်ပြင်ဆင်ထားပါစေ၊ သူတို့ တစ်ခုခု လုပ်မယ်ဆိုရင် ငါတို့ တားနိုင်ပါ့မလား”

ထို့နောက်တွင်တော့ သူ ဘာမှ ထပ်မပြောတော့ဘဲ နန်းတော်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

ဟယ်ရွှမ်သည် ကျောက်စိမ်းနဂါးနတ်ကွန်း၏ ဖြစ်ရပ်ကို သေချာစွာ ထိန်းချုပ်ထားသဖြင့်၊ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည့် အမှန်တရားကို သိသူမှာ အလွန်ပင် နည်းပါးလှပေသည်။

နောက်ထပ် နှစ်ရက်ခန့်အထိ ကျောက်စိမ်းနဂါးနန်းတော်တစ်ခုလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့၏။ အရာရှိများစွာမှာ ရာထူးမှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် အကျဉ်းချခံရခြင်းများ ရှိခဲ့သလို၊ အချို့မှာမူ ကွပ်မျက်ခြင်းပင် ခံခဲ့ရသည်။

တစ်ဖက်တွင်လည်း အသစ်တိုးမြှင့်ခံရသူများ ရှိနေခဲ့၏။ ဒါဟာ အကြီးမားဆုံးသော အပြောင်းအလဲတစ်ခုပင်။ နဂါးအိုကြီး သေဆုံးပြီးနောက် သူနှင့် ပတ်သက်သည့် အုပ်စုကို ဟယ်ရွှမ်က အမြစ်ပြတ်အောင် ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။ သေချာသည်မှာ ဟယ်ရွှမ်သည် အုပ်ချုပ်ရေးနှင့် ပတ်သက်လာလျှင် ပြတ်သားသော သူတစ်ဦး ဖြစ်သဖြင့် တစ်နိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းပင်။

အစိုးရအဖွဲ့အပြင်ဘက်မှာတော့ အရာအားလုံးက အေးချမ်းလျက် ရှိနေ၏။

မြို့တော်အတွင်း၌ ကျီးကန်းနက်နှင့် အခြားသူများမှာ ရက်အနည်းငယ်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း ပြတိုက်မှူးကြီးမှာ ပြန်မလာခဲ့ပါပေ။ တတိယမြောက်နေ့သို့ ရောက်သောအခါမှ လင်းကျင်းသည် တံခါးမှတစ်ဆင့် ဝင်ရောက်လာခဲ့တော့သည်။

ထိုလူစုမှာ ချက်ချင်းပင် ထရပ်လိုက်ကြ၏။

သူတို့ထဲမှ မည်သူမျှ လင်းကျင်းနှင့် တစ်ခါမျှ မဆုံဖူးကြသော်လည်း၊ မီးဝံပုလွေက သူ့ဆီသို့ ပြေးကပ်သွားပုံနှင့် မျောက်ဖြူလေးက သူ့ကို ‘ဆရာ’ ဟု ခေါ်ဆိုပုံတို့အရ၊ ဤလူငယ်မှာ ပြတိုက်မှူးကြီး၏ တပည့် ‘လင်းကျင်း’ ဖြစ်မှန်း သူတို့ သိလိုက်ကြသည်။

“ဆရာလင်း”

သူတို့က နှုတ်ဆက်လိုက်ကြ၏။

သူသည် တပည့်တစ်ယောက်သာ ဖြစ်သော်လည်း၊ ပြတိုက်မှူးကြီး၏ ရင်းနှီးသော လက်ရင်းတပည့်ဖြစ်သဖြင့် ပြတိုက်မှူးကြီး၏ ကိုယ်စားလှယ်ဟု ဆိုနိုင်ရာ လူတိုင်းက သူ့အပေါ်တွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြခြင်း ဖြစ်၏။

လင်းကျင်း၏ မျက်နှာမှာ ကြည့်ကောင်းလျက် ရှိနေပြီ ဖြစ်သည်။ သူက ရှင်းပြသည်မှာ... သူသည် နဂါးအိုကြီး၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် ဆရာဖြစ်သူက ဝင်ရောက် ဖြေရှင်းပေးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယခုအချိန်အထိ သူသည် ဒဏ်ရာများကို ကုသနေခဲ့ရခြင်း ဖြစ်ကြောင်းပင်။

“ပြတိုက်မှူးကြီးကရော ဘယ်မှာလဲ”

မိစ္ဆာပညာရှိက မေးလိုက်၏။

လင်းကျင်းက ပြုံးကာ ပြောလိုက်၏။

“ပြတိုက်မှူးကြီးမှာ အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိနေလို့ ကျုပ်ကို လွှတ်ပြီး အားလုံးကို ကျေးဇူးတင်စကား ပြောခိုင်းလိုက်တာပါ... အခုလို အားလုံးက ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ထိုသို့ ပြောပြီးနောက် သူက ဂါရဝပြုလိုက်၏။

အခြားသူများမှာလည်း လက်ဝှေ့ယမ်းကာ ပြန်လည် ဂါရဝပြုလိုက်ကြတော့သည်။

“ကိစ္စမရှိပါဘူး... ဒါက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာပဲလေ... ပြတိုက်မှူးကြီးက ကျုပ်တို့ရဲ့ ကျေးဇူးရှင်ဆိုတော့ ဒီလောက် ကိစ္စသေးသေးလေးတင် မကဘူး၊ ငရဲပြည်အထိ ဆင်းခိုင်းရင်တောင် ကျုပ်တို့ မငြီးမညူ လိုက်သွားမှာပါ”

ကျီးကန်းနက်က ကတိပေးလိုက်၏။

လင်းကျင်းက ပြုံးလိုက်သည်။ သူသည် ကျီးကန်းနက်၏ စကားများကို လုံးဝ သံသယ မရှိပါပေ။

ဤလူများသည် တကယ့်ကို သစ္စာရှိကြသူများ ဖြစ်၏။ သူတို့သည် ပြတိုက်မှူးကြီး၏ မျက်နှာသာပေးမှုကို ရရှိရန်နှင့် လမ်းညွှန်မှုများ ရရှိရန်အတွက် ကြိုးစားနေကြသူများ ဖြစ်သော်လည်း၊ သူတို့အတွက်လည်း ခက်ခဲသော ခရီးတစ်ခု ဖြစ်ခဲ့သည်မှာ အမှန်ပင်။

“ဒါနဲ့... ဟို တာအိုဆရာကြီးလည်း စောင့်နေတာ နှစ်ရက်ရှိပြီ။ ဒါပေမဲ့ သူက တည်းခိုခန်းမှာ မနေဘူး၊ မြို့ထဲက လူသူကင်းမဲ့တဲ့ အိမ်အိုကြီးတစ်လုံးမှာ သွားနေနေတယ်”

မိစ္ဆာပညာရှိက သတင်းပေးလိုက်၏။

လင်းကျင်းက ခေါင်းညိတ်ကာ ထိုအချက်ကို မှတ်သားလိုက်သည်။

သူသည်လည်း ထိုတာအိုကျင့်ကြံသူကြီးနှင့် တွေ့ဆုံချင်သော်လည်း၊ ပြတိုက်မှူး၏ အသွင်ဖြင့်တော့ မဟုတ်ပါပေ။ ယခင်က ရှောင်ဟော့အတွက် ယင်ယန် ဓမ္မကိုယ်ထည်ကို ဖော်ဆောင်ပေးစဉ်က လင်းကျင်း၏ အသက်စွမ်းအားများစွာ ထိခိုက်ခဲ့ရ၏။ ဧည့်ခန်းမဆောင်အတွင်း၌ နှစ်ရက်ကြာ အနားယူခဲ့သော်လည်း အပြည့်အဝ ပြန်လည်ကျန်းမာခြင်း မရှိသေးပါပေ။ အကယ်၍ သူသာ ပြတိုက်မှူး အသွင်ဖြင့် သွားရောက်ပါက တစ်ခုခု ချို့ယွင်းသွားပြီး လူမိသွားလျှင် ဒုက္ခရောက်ပေလိမ့်မည်။

ထို့ပြင် လင်းကျင်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ဤ ‘ပြတိုက်မှူး’ ဆိုသည့် ပုဂ္ဂိုလ်မှာ အစစ်အမှန် မဟုတ်ဘဲ သူ ဖန်တီးထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ထိုပုံရိပ်ကို ဧည့်ခန်းမဆောင်အတွင်း၌သာ ထားရှိတော့မည် ဖြစ်၏။ အကယ်၍ အပြင်လောကတွင် မရှိမဖြစ် မလိုအပ်ပါက ‘ပြတိုက်မှူး’ ကို ထပ်မံ ပေါ်လာစေရန် သူ မရည်ရွယ်တော့ပါပေ။

ထိုစဉ် မိစ္ဆာပညာရှိနှင့် အခေါင်းလူသားတို့၏ မျက်နှာတွင် စိတ်ပျက်နေသော အမူအရာများကို လင်းကျင်း သတိပြုမိလိုက်၏။

သူတို့မှာ ပြတိုက်မှူးကြီးထံမှ တစ်ခုခုကို တောင်းဆိုချင်နေကြပုံရသည်။

ခဏမျှ စဉ်းစားပြီးနောက် လင်းကျင်းက ဂါရဝပြုကာ မေးလိုက်၏။

“ပညာရှင်ကြီးတို့... ဆရာက မထွက်သွားခင်မှာ ကျုပ်ကို မှာကြားစရာလေးတွေ ထားခဲ့ပါတယ်... ခင်ဗျားတို့ နားထောင်ချင်ပါသလား”

အမှန်ပင် မိစ္ဆာပညာရှိနှင့် အခေါင်းလူသားတို့မှာ စိတ်မကောင်း ဖြစ်နေကြခြင်း ဖြစ်၏။

သူတို့ ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာ နှစ်ခု ရှိသည်။ တစ်ခုမှာ ပြတိုက်မှူးကြီးနှင့် တွေ့ဆုံရန်ဖြစ်ပြီး၊ နောက်တစ်ခုမှာ သူ၏ လမ်းညွှန်မှုကို ခံယူရန် ဖြစ်သည်။ ယခု ပြတိုက်မှူးကြီးက နှုတ်မဆက်ဘဲ ထွက်ခွာသွားပြီဆိုသဖြင့် သူတို့ စိတ်ပျက်မိသည်မှာတော့ အမှန်ပင်။

လင်းကျင်း၏ စကားကို ကြားလိုက်ရချိန်တွင်တော့ ထိုနှစ်ဦးစလုံးမှာ ချက်ချင်းပင် အားတက်သွားကြတော့သည်။

“နားထောင်ချင်တာပေါ့! သေချာပေါက် နားထောင်ချင်တာပေါ့!”

မိစ္ဆာပညာရှိက အလျင်အမြန် ဖြေကြားလိုက်၏။ အခေါင်းလူသားကလည်း ရှေ့သို့ တစ်လှမ်းတိုးလာကာ ဆိုလိုက်သည်။

“ဆရာလင်း... ပြတိုက်မှူးကြီး ဘာတွေမှာခဲ့သလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ”

လင်းကျင်းက ပြုံးလိုက်၏။

“ဆရာက ခင်ဗျားတို့ရဲ့ သားရဲတွေကို သေချာ လေ့လာခဲ့ပြီးပြီလို့ ပြောပါတယ်... သူတို့ရဲ့ စွမ်းအားတွေကို တိုးမြှင့်နိုင်မယ့် နည်းလမ်းအချို့ကိုလည်း ကျုပ်ကို သင်ကြားပေးခဲ့တယ်... အကယ်၍ ခင်ဗျားတို့ ဆန္ဒရှိမယ်ဆိုရင် အဲဒီနည်းလမ်းတွေကို ကျုပ် ပြန်လည် မျှဝေပေးပါ့မယ်”

သေချာသည်မှာ လင်းကျင်း လိမ်ပြောနေခြင်း ဖြစ်၏။ သူကိုယ်တိုင်မှာ ပြတိုက်မှူး ဖြစ်သလို၊ ဤစွမ်းအားတိုးမြှင့်နည်းများမှာလည်း သူကိုယ်တိုင်၏ အသိပညာများသာ ဖြစ်သည်။

သို့သော်လည်း မိစ္ဆာပညာရှိနှင့် အခေါင်းလူသားတို့မှာမူ ဒါကို အပြည့်အဝ ယုံကြည်သွားကြပြီး ဝမ်းသာအားရဖြင့် လက်ပွတ်နေကြတော့သည်။

ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့မှာလည်း သူတို့အတွက် ဝမ်းသာပေးနေကြ၏။ သူတို့ကတော့ ဧည့်ခန်းမဆောင်သို့ လာရောက်နိုင်သူများ ဖြစ်ကြသဖြင့် နောက်တစ်ကြိမ်တွင် ပြတိုက်မှူးကြီးနှင့် တွေ့ဆုံနိုင်သေးသည်။ သို့သော်လည်း မိစ္ဆာပညာရှိနှင့် အခေါင်းလူသားတို့မှာတော့ ထိုမျှအထိ ကံမကောင်းကြပါပေ။ ပြတိုက်မှူးကြီး ကိုယ်တိုင် အကဲဖြတ်မပေးနိုင်လျှင်ပင် သူ၏ တပည့်ဖြစ်သူ ဆရာလင်းက ပြန်လည် သင်ကြားပေးမည်ဆိုပါက မဆိုးလှပါပေ။ ဤလူငယ်မှာ ပြတိုက်မှူးကြီးထံမှ တိုက်ရိုက် သင်ကြားထားသူ မဟုတ်ပါလား။

အခန်း (၂၆၄) - ဝိညာဉ်ဝါးမြိုသားရဲ၏ ဆင့်ကဲပြောင်းလဲခြင်း (၁)

သေချာသည်မှာ သူတို့ထဲမှ မည်သူမျှ လင်းကျင်းနှင့် ပြတိုက်မှူးမှာ တစ်ဦးတည်းဖြစ်ကြောင်း မသိကြပါပေ။

လင်းကျင်းသည် မိစ္ဆာပညာရှိဘက်သို့ လှည့်ကြည့်လိုက်၏။

သူသည် မိစ္ဆာပညာရှိ၏ သားရဲအကြောင်းကို ကောင်းကောင်းမှတ်မိနေသည်။

ထိုသတ္တဝါလေးမှာ အဖြူရောင်ကြောင်လေးတစ်ကောင်နှင့် တူသော်လည်း၊ အမှန်စင်စစ်တွင်တော့ ၎င်းမှာ ဓာတ်ကြီးငါးပါး မျှခြေရှိသည့် အဆင့် (၃) ‘ဝိညာဉ်ဝါးမြိုသားရဲ’ပင် ဖြစ်၏။ ဤသားရဲမှာ အလွန်ပင် ထူးခြားလှပေသည်။ အဆင့် (၄) မတိုင်ခင်အထိတော့ ၎င်းမှာ ပျမ်းမျှအဆင့်သာ ရှိပြီး အခြားသော အဆင့် (၃) သားရဲများထက် သာလွန်ထူးခြားခြင်း မရှိလှပါပေ။ သို့သော် အဆင့် (၄) သို့ ရောက်ရှိသွားချိန်တွင်တော့ အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ ဝိညာဉ်ဝါးမြိုသားရဲ၏ သွေးမျိုးဆက် နိုးထလာချိန်တွင် တူညီသောအဆင့်ရှိသည့် အခြားသားရဲများမှာ သူ့ကို ယှဉ်နိုင်ရန်ပင် မဖြစ်နိုင်တော့ပါပေ။

မိစ္ဆာပညာရှိအနေဖြင့် ဤဝိညာဉ်ဝါးမြိုသားရဲကို မည်သို့ရရှိခဲ့သလဲဆိုတာ လင်းကျင်း သိလိုမိ၏။ သို့သော်လည်း ထိုလူသည် ဤသားရဲလေး၏ ထူးခြားမှုကို သိရှိပုံမရပါပေ။ မဟုတ်လျှင် သူသည် အထူးနည်းလမ်းများကို အသုံးပြု၍ ပြုစုပျိုးထောင်ခဲ့မည်ဖြစ်ရာ၊ ဤသတ္တဝါလေးမှာ ယခုထက်စော၍ ဆင့်ကဲပြောင်းလဲပြီး ဖြစ်နေပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဒါဟာ လင်းကျင်းအတွက်တော့ အရေးမကြီးပါပေ။

လင်းကျင်း၏ လက်ရှိ ကျွမ်းကျင်မှုများအရဆိုလျှင် ပြင်ပပစ္စည်းများပင် မလိုအပ်ဘဲ ‘သွေးကြောရှာဖွေခြင်း အတတ်’ တစ်ခုတည်းနှင့်တင် ဆင့်ကဲပြောင်းလဲရန် အရှိန်ရနေသည့် သားရဲတစ်ကောင်ကို အဆင့်တက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပေသည်။

“ပညာရှိ... ခင်ဗျားရဲ့ သားရဲလေးကို ကျုပ် ကြည့်ပါရစေ”

လင်းကျင်းက လက်လှမ်းလိုက်၏။ မိစ္ဆာပညာရှိမှာ သူ၏ ကြောင်လေးက လင်းကျင်းကို ကုတ်ခြစ်မိမည်စိုးသဖြင့် တားဆီးရန် ပြင်လိုက်သည်။ သို့သော် သူ စကားမပြောရသေးခင်မှာပင် ကျီးကန်းနက်က ရယ်မောကာ ဆိုလိုက်၏။

“ပညာရှိ... စိတ်အေးအေးထားစမ်းပါ... ဆရာလင်းဆိုတာ ပြတိုက်မှူးကြီးရဲ့ တပည့်ဆိုတာကို မမေ့နဲ့လေ”

မိစ္ဆာပညာရှိမှာ အစပိုင်းတွင် ကျီးကန်းနက် ဘာကို ဆိုလိုမှန်း နားမလည်ခဲ့သော်လည်း၊ လင်းကျင်းက ထိုအဖြူရောင်ကြောင်လေးကို သူ၏ ရင်ခွင်ထဲသို့ အသာအယာ ချီမလိုက်သည်ကို မြင်ရချိန်တွင်တော့ သူ နားလည်သွားတော့သည်။

ပြတိုက်မှူးကြီးသည် သားရဲအားလုံးကို နှိပ်ကွပ်နိုင်စွမ်း ရှိသည်ဟု ကျီးကန်းနက် ပြောပြခဲ့ဖူးသည်ကို သူ သတိရသွား၏။ ဧည့်ခန်းမဆောင်သို့ ပထမဆုံး ရောက်ရှိခဲ့စဉ်က ကျီးကန်းနက်သည် သူ၏ စွန်ရဲနက်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သော်လည်း၊ ထိုသတ္တဝါမှာ လမ်းခုလတ်မှာတင် ဒူးထောက် အရှုံးပေးခဲ့ရသည် မဟုတ်ပါလား။

ထိုအကြောင်းကို ပြောပြစဉ်က ကျီးကန်းနက်၏ မျက်နှာမှာ ရှက်ရွံ့နေသည့် အမူအရာ ရှိနေခဲ့၏။

ထိုစဉ်ကတော့ မိစ္ဆာပညာရှိမှာ ကျီးကန်းနက်က ချဲ့ကားပြောနေသည်ဟုသာ ထင်ခဲ့သော်လည်း၊ ယခု ပြတိုက်မှူးကြီးနှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်းနှင့် လင်းကျင်းက သူ၏ ကြောင်ဖြူလေးကို အလွယ်တကူ ချီပိုးနိုင်သည်ကို မြင်တွေ့ရချိန်တွင်တော့ သူ အပြည့်အဝ ယုံကြည်သွားတော့သည်။

“တကယ့် ဆရာကောင်းဆီက တပည့်ကောင်း ထွက်လာတာပဲ”

မိစ္ဆာပညာရှိက တိုးညှင်းစွာ ရေရွတ်လိုက်၏။

အခြားအရာများကို ထားလိုက်လျှင်ပင် သူတစ်ပါး၏ သားရဲကို ဤမျှအထိ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်သည့် စွမ်းရည်တစ်ခုတည်းနှင့်တင် ကမ္ဘာကို စိုးမိုးရန် လုံလောက်လှပေပြီ။

ကြောင်ဖြူလေးမှာ ယခုအခါ လင်းကျင်း၏ ရင်ခွင်ထဲတွင် အေးဆေးစွာ ခွေနေပြီး၊ ၎င်း၏ ခေါင်းလေးဖြင့် လင်းကျင်းကို ပွတ်သပ်နေ၏။ မိစ္ဆာပညာရှိမှာ ဒါကို မြင်ပြီး မှင်တက်နေမိသည်။ ‘ငါ့ကြောင် ကလိမ်ကကျစ်လေး... မင်း ငါ့အနားမှာတုန်းက ဒီလောက်အထိ လိမ်မာပြီး ချစ်စရာကောင်းနေတာ မဟုတ်ပါဘူး၊ အခု ဆရာလင်းရဲ့ ရင်ခွင်ထဲ ရောက်မှ ဘာလို့ စရိုက်တွေ ချက်ချင်း ပြောင်းသွားရတာလဲ’

သူ မသိသည်မှာ လင်းကျင်း၌ ‘သားရဲခြောက်လှန်နိုင်စွမ်း’ ရှိနေခြင်းပင်။ ထို့ပြင် ပြတိုက်အတွင်း၌ ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သဖြင့် လင်းကျင်း၏ ကိုယ်ပေါ်တွင် ပြတိုက်၏ အငွေ့အသက်အချို့ စိမ့်ဝင်နေခဲ့ပြီး၊ ထိုအငွေ့အသက်မှာ သားရဲများအတွက် အလွန်ကောင်းမွန်သော အဟာရတစ်ခုကဲ့သို့ ဖြစ်နေခြင်းကြောင့် ကြောင်ဖြူလေးမှာ ယခုကဲ့သို့ လိမ်မာနေခြင်း ဖြစ်၏။

လင်းကျင်းသည် ကြောင်လေးကို ချီထားရင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်လိုက်၏။ ထိုအခါ ကြောင်ဖြူလေးမှာ ချက်ချင်းပင် လျှာလေးထုတ်၍ ဆေးလုံးကို လျက်နေတော့ရာ၊ လင်းကျင်းမှာ ရယ်မောလျက် ဆိုလိုက်သည်။

“မင်းကတော့ အကောင်းစားကို သိသားပဲ ကောင်လေး”

အမှန်စင်စစ် လင်းကျင်းအနေဖြင့် ကြောင်လေးကို ဆင့်ကဲပြောင်းလဲရန် ဆေးလုံး မလိုအပ်ပါပေ။ သို့သော် ဆေးလုံးကို အသုံးပြုခြင်းက ပို၍ သေချာစေမည် ဖြစ်သဖြင့် ထုတ်သုံးလိုက်ခြင်းပင်။

၎င်းမှာ ‘ဝိညာဉ်စုစည်းဆေးလုံး’ဖြစ်၏။ သို့သော် သာမန်ဆေးလုံးများနှင့် မတူဘဲ၊ ၎င်းကို ပြတိုက်၏ ဖော်စပ်နည်းအတိုင်း ပြုလုပ်ထားခြင်း ဖြစ်သဖြင့် အာနိသင်မှာ ဈေးကွက်ထဲရှိ ဆေးလုံးများထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုမို ပြင်းထန်လှပေသည်။

လင်းကျင်းသည် ဤဆေးလုံးများကို ရှောင်ဟော့နှင့် မျောက်ဖြူလေးတို့အတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။ နဂါးသွေးကို စုပ်ယူပြီးနောက် ရှောင်ဟော့၏ အလားအလာမှာ ယခင်ကထက် များစွာ ပိုမို အစွမ်းထက်လာခဲ့သည်။ သို့သော်လည်း လင်းကျင်း၏ စွမ်းအားမှာ ထိုစဉ်က အကန့်အသတ် ရှိနေခဲ့သဖြင့် ရှောင်ဟော့၏ ဓမ္မကိုယ်ထည်ကို ဆက်လက် ပြုစုပျိုးထောင်ရန် လိုအပ်နေသေး၏။ ထို့ကြောင့်ပင် သူသည် ပြတိုက်အတွင်း၌ ဝိညာဉ်စုစည်းဆေးလုံးများကို ကိုယ်တိုင် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ထိုဆေးလုံးတစ်လုံးကို ကြောင်ဖြူလေးအား ပေးလိုက်ခြင်းမှာ ၎င်းကို ဆင့်ကဲပြောင်းလဲရန် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

သို့သော်လည်း ဆေးလုံး၏ အာနိသင်မှာ အလွန်ပြင်းထန်လှသဖြင့် ကြောင်လေးမှာ တစ်ခါတည်း မျိုချ၍ မရဘဲ တဖြည်းဖြည်း လျက်၍သာ စားသုံးရပေမည်။

ဒါဟာ အချိန်အနည်းငယ် ယူရမည်ဖြစ်သဖြင့် လင်းကျင်းသည် ကြောင်လေးကို ပွတ်သပ်ရင်း အခေါင်းလူသားဆီသို့ လျှောက်သွားလိုက်၏။

လင်းကျင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ အခေါင်းလူသားက ပြုံးပြလိုက်သည်။

သို့သော် ထိုလူ၏ အပြုံးမှာ ငိုနေသည့် မျက်နှာနှင့် သိပ်ပြီး မထူးခြားလှပါပေ။

သူ့ဘေးနားတွင်တော့ သူ၏ အခေါင်းကြီးကို ချထား၏။ ဝိညာဥ်ကလေးငယ်မိခင်ကို လင်းကျင်းက အခေါင်းလူသား၏ သွေးဆက်သွယ်ခြင်းကို ဖြတ်တောက်ရန် သင်ကြားပေးခဲ့ပြီးကတည်းက၊ သူသည် အခေါင်းကြီးကို တစ်ချိန်လုံး ထမ်းထားစရာ မလိုတော့ပါပေ။

ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ဒါဟာ ဖြစ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပါပေ။

ဤအချက်တစ်ချက်တည်းနှင့်တင် ပြတိုက်မှူးကြီးမှာ သူ၏ ကျေးဇူးရှင် ဖြစ်လာခဲ့ချေပြီ။ ထိုပုဂ္ဂိုလ်ကြီးမှာ သူ၏ အသက်သခင်ဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပါပေ။

သူ့ရှေ့တွင် ရှိနေသူမှာ ပြတိုက်မှူးကြီး မဟုတ်သော်လည်း၊ သူ၏ တပည့်မှာလည်း ဆရာဖြစ်သူကို ကိုယ်စားပြုသည် မဟုတ်ပါလား။

“ဆရာလင်း”

အခေါင်းလူသားက စကားစလိုက်၏။ လင်းကျင်းက လက်ကာပြလိုက်ပြီး ဆိုလိုက်သည်။

“ရပါတယ်... ခင်ဗျားရဲ့ ‘ဖုတ်ကောင်’ကို ကိုပ် ကြည့်ပါရစေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် အခေါင်းလူသားမှာ မှင်တက်သွား၏။ လင်းကျင်းသည် သူ စကားမှားသွားမှန်း သတိပြုမိလိုက်သည်။ သူသည် အခေါင်းလူသားနှင့် ပထမဆုံး ဆုံဖူးခြင်းဖြစ်ရာ ထိုသူ၏ သားရဲအမည်ကို သူ သိမနေသင့်ပါပေ။ သို့သော်လည်း ဒါကို ဖြေရှင်းရန်မှာ လွယ်ကူလှ၏။ ပြတိုက်မှူးကြီးက သူ့ကို ပြောပြထားသည်ဟုသာ သတ်မှတ်လိုက်လျှင် အဆင်ပြေသွားပြီ ဖြစ်သည်။

အမှန်ပင်... အခေါင်းလူသားမှာ ခဏမျှ စဉ်းစားပြီးနောက် ဒါဟာ ဖြစ်နိုင်သည်ဟု ယူဆကာ ကျေနပ်သွားတော့သည်။

သို့သော်လည်း နောက်တစ်ခဏ၌ အခေါင်းလူသားမှာ စိုးရိမ်ပူပန်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် လင်းကျင်းက အခေါင်းအဖုံးကို လက်တစ်ဖက်တည်းဖြင့် ဖွင့်ရန် ကြိုးစားနေသောကြောင့်ပင်။

အခေါင်းလူသားက ချက်ချင်းပင် တားဆီးလိုက်၏။

“ဆရာလင်း”

လင်းကျင်းက လှည့်ကြည့်ကာ မေးလိုက်သည်။

“တစ်ခုခု ဖြစ်လို့လား”

“အာ... ဟိုလေ...”

ခဏမျှ စဉ်းစားပြီးနောက် အခေါင်းလူသားက ရှင်းပြလိုက်၏။

“ကျုပ်ရဲ့ သားရဲက စရိုက်က အတော်လေး ကြမ်းတမ်းပြီး လူတွေကို နာကျင်အောင် လုပ်တတ်ပါတယ်... သွေးစာချုပ် ပိုင်ရှင်ဖြစ်တဲ့ ကျုပ်ကိုတောင် သူက အမြဲတမ်း ဒဏ်ရာရအောင် လုပ်လေ့ရှိတာ... ဆရာလင်း မသိဘဲနဲ့ ဖွင့်လိုက်ရင် ဒဏ်ရာရသွားမှာ စိုးလို့ပါ”

ထိုစကားကို ကြားသောအခါ လင်းကျင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

“ကျေးဇူးတင်ပါတယ်... ဖုတ်ကောင်နတ်ဆိုးရဲ့ ထူးခြားတဲ့ စရိုက်အကြောင်းကို ဆရာက ကျုပ်ကို ပြောပြထားပြီးသားပါ... စိတ်မပူပါနဲ့... ကျုပ်သတိထားပါ့မယ်”

ထိုသို့ဆိုလျှင်တော့ အခေါင်းလူသားအနေဖြင့် ဘာမှ ထပ်ပြောစရာ မရှိတော့ပါပေ။ သူသည် မတော်တဆမှုတစ်ခုခု ဖြစ်သွားမည်ကိုသာ စိုးရိမ်နေမိတော့သည်။ အဘယ်ကြောင့်ဆိုသော် လင်းကျင်းမှာ ပြတိုက်မှူးကြီး၏ တပည့်ဖြစ်သော်လည်း၊ သူ့အမြင်တွင်တော့ အလွန်ပင် ငယ်ရွယ်လွန်းနေသေးသောကြောင့်ပင်။

ဝိညာဥ်ကလေးငယ်မိခင်ကတော့ သူ့ကို ယုံကြည်မှုရှိသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

“အခေါင်းအိုကြီး... ဆရာလင်းက ယုံကြည်မှု အပြည့်ရှိနေတာပဲ၊ နင့်ရဲ့ သားရဲနာမည်ကိုတောင် သူ သိနေတာပဲလေ... သူက ပြတိုက်မှူးကြီးဆီကနေ သေချာ သင်ကြားထားတာ ဖြစ်ရမယ်၊ ဒါကြောင့် နင်လည်း စိတ်အေးအေးထားပြီး ကြည့်နေလိုက်စမ်းပါ”

ဝိညာဥ်ကလေးငယ်မိခင်၏ စကားကြောင့် အခေါင်းလူသားမှာ ခေါင်းညိတ်လိုက်သော်လည်း၊ လုံးဝဥဿုံတော့ စိတ်မအေးနိုင်သေးပါပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဇွန်ဘီနတ်ဆိုးမှာ မိစ္ဆာပညာရှိ၏ ကြောင်ဖြူလေးနှင့် လုံးဝ မတူသောကြောင့် ဖြစ်၏။

ထိုစဉ် လင်းကျင်းသည် အခေါင်းအဖုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ချေပြီ။ သူသည် ခွန်အားကို အသုံးပြုကာ အားဖြင့် ဆွဲဖွင့်လိုက်ရာ အခေါင်းအဖုံးမှာ ဟသွားတော့၏။

“ဘယ်လောက်တောင် အားသန်လိုက်သလဲ"

လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ အခေါင်းလူသား၏ အခေါင်းကြီးမှာ အလွန်ပင် လေးလံလှသည်မှာ ထင်ရှား၏။ ထိုအခေါင်း၏ အဖုံးတစ်ခုတည်းမှာပင် ကီလိုဂရမ် တစ်ရာ့ငါးဆယ်ခန့် အလေးချိန် ရှိပေလိမ့်မည်။ သို့သော်လည်း နုနယ်ပုံရသော လင်းကျင်းက လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဖွင့်လိုက်နိုင်ခြင်းပင်။

ထိုလူငယ်၏ ခွန်အားမှာ တကယ့်ကို အံ့မခန်းလှပေသည်။

လင်းကျင်းသည် ကိုယ်ခံပညာများကို မသင်ယူခဲ့ဖူးသော်လည်း၊ ‘သွေးကြောများ ခိုင်မာစေခြင်း’ကြောင့် သူ၏ ခန္ဓာကိုယ်မှာ သာမန်ထက် သန်စွမ်းနေခြင်း ဖြစ်ရာ၊ လက်တစ်ဖက်၏ ခွန်အားမှာပင် သာမန်လူထက် ဆယ်ဆမက သာလွန်နေခဲ့ချေပြီ။

အခေါင်းကြီး ပွင့်သွားသည်နှင့် လူတိုင်းက လှမ်းကြည့်လိုက်ကြ၏။

အခေါင်းလူသား၏ သားရဲမှာ စိတ်တိုတတ်ပြီး ကြမ်းတမ်းရက်စက်လှကြောင်း လူတိုင်း မြင်တွေ့ခဲ့ဖူးကြပြီး ဖြစ်သည်။

သို့သော်လည်း အခေါင်းကြီး ပွင့်သွားချိန်တွင်တော့ အရာအားလုံးက အေးချမ်းငြိမ်သက်လျက် ရှိနေ၏။

ကြည့်ရသည့် ထောင့်နေရာကြောင့် အခြားသူများမှာ အခေါင်းအတွင်း၌ ဘာတွေဖြစ်နေသလဲဆိုတာကို မမြင်ရပါပေ။ သူတို့ မြင်ရသည်မှာ လင်းကျင်းက ခေါင်းကို အနည်းငယ် စောင်းကာ ပြောနေသည်ကိုသာဖြစ်သည်။

“မရှက်ပါနဲ့... လာပါ... ငါ့ကို ကြည့်ခွင့်ပေးပါဦး”

All Chapters