သမာသမတ်ကျသော
Vol. 6 Ch. 594
"မင်းအပြစ်မင်းသိလား"
ဆိုသည့်အသံသည် မိုးမြေတစ်ခွင်လုန်းတွင် ပဲ့တင်ထပ်ကာ မြည်ဟည်း နေလေသည်။
အသူရာချောက် တစ်ခုလုံးမှ သက်ရှိသတ္တဝါများ အားလုံး ထိုအသံနက်ကြီးကို ကြားနိုင်လေသည်။
အချို့သော ရှေ့မီနောက်မီ ပုဂ္ဂိုလ်များ၏ ပြောစကားအရဆိုလျှင် ထိုအသံမှာ ယခင်တစ်ချိန်က သေခြင်းရှင်ခြင်း စာအုပ်ကို ထိန်းသိမ်းသည့် တရားမျှတသည့် ယမမင်း၏ အသံနှင့် ဆင်တူသည်ဟု ဆိုကြလေသည်။
အချို့လူများကတော့ သူတော်စင် (၃)ပါးတွင် အတော်ဆုံးဖြစ်သည့် ချင်းရွှမ်သည် မည်သည့်အမှားများ ပြုလုပ်ခဲ့၍ ယခုကဲ့သို့ တရားစီရင်ခြင်း ခံရသည်ကို သိချင်နေကြလေသည်။ ချင်းရွှမ်ကို အပြစ်ပေးရန် အတွက် ကြောက်မက် ဖွယ်ရာတန်ခိုး စွမ်းအားတစ်ခု နိုးထလာခဲ့သည်မှာ တော်ရုံတော့ မဟုတ်တန်ရာ…။
"မြင့်မြတ်သောမိုးကြိုးနတ်ဘုရား" ဆိုသည့် အမည်နာမကို ကြားရသည့်အခါ လူအများသည် ဖော်မပြနိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ် ခဲ့ကြလေသည်။ ထိုနတ်ဘုရား၏ အသံသည် တရားမျှတမှုကို ဖော်ဆောင်နိုင်သည့် အတွက် မကောင်းမှု ပြုလုပ်ထားသူများမှာ ပိုပြီးကြောက်ရွံ့ နေကြလေတော့သည်။
တာ့ရှား ဧကရာဇ်သည် သူ၏ကြင်ယာတော် အသစ်လေး မေရှီ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု ခံစားနေလေသည်။
သူက ထူးဆန်းသည့်အသံနက်ကြီးကို ကြားလိုက်ရသည့်တိုင် တစ်ချက်ပင် အရေးမစိုက်ပေ။ သို့သော် သူ၏မျက်လုံးများထဲတွင်တော့ အေးစက်သည့် အငွေ့အသက် တစ်ခု ဖြစ်ပေါ်လာလေသည်။
တာ့ရှားဧကရာဇ်ကို အဖော်ပြု ပေးနေကြသည့် အခြားသော အမတ်မင်းများကတော့ ထိုအသံကြီးကို ကြားသည်နှင့် ကြောက်ရွံ့ တုန်လှုပ်လျက် ရှိကြလေ၏။
ထျန်းယီအကြီးအကဲသည် တာ့ရှားပြည်၊ ရှားထိုက် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်လေသည်။ ယခုအချိန်တွင် ထျန်းယီသည် ယခု ယင်းစန်းသို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်လေသည်။
ယင်းစန်းနှင့် တာ့ရှားအကြားတွင် ငြိမ်းချမ်းရေး စာချုပ် (၉)နှစ် ချုပ်ဆိုခဲ့လေသည်။
ထျန်းယီသည် (၉)နှစ်ဆိုသည့် အချိန်ကာလ၏ နောက်ကွယ်မှ အကြောင်းရင်းကို ကောင်းကောင်း နားလည် ထားလေသည်။ အဘယ်ကြောင့် ဆိုသော် (၉)နှစ်ဆိုသည့် အချိန်အတွင်းတွင် တာ့ရှား ဧကရာဇ်သည် အရှေ့တိုင်းစစ်သည် တော်များနှင့် တုန်းယီဒေသကို ကောင်းကောင်း ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။
ထိုအချိန်သို့ ရောက်လာလျှင် တာ့ရှားပြည်နှင့် အရှေ့တိုင်း စစ်သည်တော်များ၏ စုပေါင်း အင်အားသည် ယင်းစန်း ဒေသကို ကျိန်းသေ တားဆီးနိုင်မည် ဖြစ်လေသည်။
ထိုအခြေအနေများအားလုံး၏ သော့ချက်သည် ယိုစန်းပြည်ပင် ဖြစ်လေသည်။
ယင်းစန်းတွင်တော့…
ထျန်းယီသည် ဝမ်ကျုန်း၏ အော်သံကြီးကို ကြားလိုက်ရလေသည်။
ဝမ်ကျုန်းထံမှ နတ်ဘုရားတစ်ပါး၏ အခွင့်အာဏာများကိုလည်း သူခံစား လိုက်မိလေသည်။ သို့သော် အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို ထျန်းယီ သိရှိခဲ့ခြင်း မရှိပေ။
ဝမ်ကျုန်းသည် လောက နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော် ယခုတော့ ဝမ်ကျုန်းသည် မိုးကြိုးနတ်ဘုရား အဖြစ်ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဆန်းလျန် ကိုလည်း အပြစ်ပေးရန် လုပ်ဆောင်လျက် ရှိလေသည်။
ထျန်းယီသည် အဖြစ်အပျက်များကို နားမလည်နိုင် ဖြစ်နေရလေသည်။ သို့သော် ဝမ်ကျုန်းသည် ယင်းစန်းဒေသနှင့် ဆက်စပ်နေသူ တစ်ယောက်ဖြစ်ရကား ဝမ်ကျုန်းအတွက် ဆိုလျှင် ဆန်းလျန်ကို ဆန့်ကျင်ရမည် ဆိုလျှင်လည်း ထျန်းယီက ဆန့်ကျင်မည်ပင် ဖြစ်လေသည်။
ဝမ်ကျုန်းခေါင်းထဲတွင်တော့ အတွေးတစ်ခုသာရှိလေသည်။
ထိုအတွေးမှာ ဆရာဖြစ်သူ၏ အမိန့်အတိုင်း ဆန်းလျန်ကို အပြာရောင် ခရီးရှည် နန်းတော်သို့ ဖမ်းဆီး ခေါ်ဆောင်သွား ရန်ဖြစ်လေသည်။
မိုးကြိုးမုန်တိုင်းသည် လူတိုင်းကို ကြောက်လန့်စေလေသည်။
သို့သော် ဝမ်ကျုန်းကတော့ မိုးကြိုးတန်ခိုး စွမ်းအားများ အားလုံးကို ထိန်းချုပ် ထားလေသည်။
ဝမ်ကျုန်း၏ မျက်ခုံးနှစ်ခုကြားမှ တတိယ မျက်လုံးသည် ပွင့်လာလေသည်။ ဆန်းလျန် မည်သည့် နေရာသို့ ရောက်နေပါစေ သူ၏ အမြင်အာရုံမှ ပြေးလွတ်နိုင်မည် မဟုတ်ပေ။
ဝမ်ကျုန်းသည် ဆန်းလျန်ရှိရာသို့ တစ်လှမ်းချင်း လှမ်းလာလေသည်။ မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေပြီး မိုးကြိုးသွား (၂၄) ခုမှ မိုးကြိုးလူသား (၂၄)ဦး ဖြစ်တည်လာလေသည်။
မိုးကြိုးလူသား (၂၄) ဦးသည် ဝမ်ကျုန်း၏ ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် ခြံရံလျှက် လိုက်ပါ လာကြလေသည်။ မိုးကြိုးလူသား (၂၄) ဦးသည် နတ်ဘုရားများကိုပင် အမှုန့်ဖြစ်စေ နိုင်လောက်သည် အထိ မိုးကြိုးစွမ်းအားများဖြင့် ပြည့်ဝလျက် ရှိလေ၏။
သူတို့အားလုံးမှာ ဝမ်ကျုန်း၏အမိန့်ကို နာခံရန် အသင့်ရှိနေကြလေသည်။
မိုးကြိုးမုန်တိုင်းဗဟိုချက်သည် လူ့လောက အပြင်ဘက်မှ ကောင်းကင်ဘုံတစ်ခုအလား အေးဆေး တည်ငြိမ်လျက် ရှိလေသည်။ ဆန်းလျန်သည် အလင်းတန်းတစ်ခု အဖြစ် အသွင် ပြောင်းထားပြီး ထိုနေရာတွင် ရှိနေလေသည်။
ဝမ်ကျုန်းသည် အလင်းတန်း၏ အောက်ဘက်သို့ ရောက်ရှိလာလေသည်။
ထိုအခါ အလင်းတန်းသည် ဆန်းလျန်အဖြစ် ပြောင်းလဲ သွားလေသည်။
"မင်းအပြစ် မင်းသိလား"
မေးခွန်းတစ်ခုတည်းကိုပင် ဝမ်ကျုန်းက မေးလိုက်လေသည်။
ရုတ်တရက်…
ဆန်းလျန်၏ ပတ်ပတ်လည်တွင် အဖြူရောင် မီးတောက်များ ထွက်ပေါ်လာလေသည်။ မိုးကြိုးပစ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး အရည်ပျော်တော့မည့် အလား ထင်မှတ်ရလေ၏။
ဆန်းလျန် ဖန်ဆင်းထားသည့် မီးတောက်မှာ လျှို့ဝှက်ဆန်းကြယ် လွန်းသည့် စစ်မှန်သော သမာဓိ မီးတောက်ပင် ဖြစ်လေသည်။ ထိုမီးတောက်ကို ဆန်းလျန်မှလွဲပြီး မည်သူမှ ဖန်ဆင်းနိုင်ခြင်း မရှိပေ။
"ယင် နဲ့ ယန် ကို ဖန်ဆင်းရှင်က မီးထဲ ပစ်ချလိုက်ပြီ"
ဆန်းလျန်က ရေရွတ်လိုက်လေသည်။
ထို့နောက် သူက ဝမ်ကျုန်းကို လှမ်းကြည့်လိုက်ပြီး…
"မင်းက ကျုပ်ကို နိုင်မှာတဲ့လား"
"သူ့ကိုဖမ်းကြစမ်း"
ဝမ်ကျုန်းက အမိန့်ပေးလိုက်လေသည်။
မိုးကြိုးလူသား (၂၄) ယောက်သည် အမိန့်သံကို ကြားရသည်နှင့် အကြောက်အရွံ့မရှိ အဖြူရောင် မီးလျှံများ အတွင်းသို့ တိုးဝင် သွားလေသည်။
သို့သော် မိုးကြိုးလူသား (၂၄) ယောက်သည် သမာဓိမီးတောက်၏ လောင်မြိုက်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် အငွေ့ပျံသွားကာ သဲလွန်စပင် မကျန်အောင် ပျောက်ကွယ် သွားကြရလေသည်။
မီးတောက်ထဲတွင် မိုးကြိုးလူသားများ၏ အော်ဟစ်သံများကို ကြားလိုက်ရပြီး အသံများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားကြရလေသည်။
ထို့နောက် မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မိုးကြိုး သွားများသည် အဖြူရောင် မီးတောက်ရှိရာသို့ ဝင်ရောက် သွားလေသည်။ အဖြူရောင် မီးတောက်ကို ဖြိုခွင်းကာ မိုးကြိုးသွားများသည် ပေါက်ကွဲ ထွက်သွား ကြလေသည်။ ထိုအချိန်မှာပင် ဆန်းလျန် တည်ရှိရာ နေရာတွင် မဟာတွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာပြီး မိုးကြိုးသွားများ အားလုံးသည် တွင်းနက်ကြီး အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားကြလေသည်။
ဆန်းလျန်မှာ ဝမ်ကျုန်း၏ ရက်စက်လွန်းသည့် တိုက်ခိုက်မှုကြောင့် များစွာပင် အံ့သြမင်သက် သွားရလေသည်။
ဝမ်ကျုန်းအသုံးပြုလိုက်သည့် မိုးကြိုးတန်ခိုး စွမ်းအားသည် လုံး၀ ပြီးပြည့်စုံ လေသည်။
မိုးကြိုးသွားကို ပေါက်ကွဲစေကာ တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေခဲ့လေသည်။ ဆန်းလျန်သာ မိုးကောင်းကင် နတ်မိစ္ဆာပညာကို အသုံးပြုပြီး မဟာတွင်းနက်ကြီး ဖန်ဆင်း လိုက်ခြင်း မရှိပါက ရှီးလျန်တစ်ပြည်လုံး ပြာကျသွားရမည် ဖြစ်လေ၏။
ဝမ်ကျုန်းသည် မိုးကြိုးနတ်ဘုရား အဖြစ် အသွင်ပြောင်းနေပြီး သူက လူသားများ၏ အသက်ကိုလည်း အရေးမစိုက် တော့ပါ။ ဆန်းလျန်ကို ဖမ်းဆီးနိုင်ရန် အတွက် မည်သည့်အရာပင် ဖြစ်ပါစေ စတေးခံမည် ဖြစ်လေသည်။ ဆန်းလျန်ကို သာဖမ်းဆီးနိုင်မည် ဆိုလျှင် အသက်ပေါင်း မည်မျှပင် စတေးရပါစေ ထိုက်တန်လေသည်။
ဝမ်ကျုန်းသည် မျက်လုံးများကို ဖွင့်ထားပြီး သူ၏လက်ထဲတွင် မည်သည့် လက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိပေ။
ထိုအချိန်မှာပင်…
ကောင်းကင်ထက်တွင် နဂါးသီချင်းဆိုသံကို ကြားလိုက်ရလေသည်။
မိုးကြိုးသွားများမှ ဧရာမနဂါးကြီး နှစ်ကောင် ထွက်ပေါ်လာလေသည်။ နဂါးကြီးများ၏ အမွေးအမှင်များနှင့် အကြေးခွံများအတွင်းတွင် လျှပ်စီးကြောင်းများ စီးဆင်းနေသည်ကို တွေ့မြင် နိုင်လေသည်။
မိုးကြိုးနဂါးကြီး နှစ်ကောင် ထွက်ပေါ်လာသည့် အခါတွင်တော့ ရှီးလျန်မှပြည်သူများ အားလုံးမှာ ပိုပြီးကြောက်ရွံ့သွားကြ ရလေသည်။
မိုးကြိုးနဂါးကြီးများသည် မခန့်မှန်း နိုင်လောက်အောင် ရှည်လျားပြီး ဆန်းလျန်နှင့် ဝမ်ကျုန်းကို လှည့်ပတ် နေကြလေသည်။
နဂါးပတ်လမ်းအတွင်းတွင်တော့ မည်သို့သောတိုက်ပွဲများဖြစ်နေသည်ကို မသိမြင်နိုင်ကြပေ။
ဆန်းလျန်သည် သမာဓိမီးတောက်ကို ရုတ်သိမ်းလိုက်လေသည်။
မိုးကြိုးနဂါးများ၏ကြောက်မက်ဖွယ်ကောင်းသည့်အချက်မှာ မိုးကြိုးပစ်ခြင်း၏အရင်းအမြစ်ကို ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်လေ၏။ ထို့ပြင် နဂါးနှစ်ကောင်လုံးမှာ ယင်နှင့်ယန်မှ အသွင်ပြောင်းထားခြင်း ဖြစ်လေသည်။ ယင်နှင့်ယန်တို့ ပေါင်းစပ်ထားသည့် စွမ်းအားသည် စကြဝဠာတွင် အင်အား အကြီးမားဆုံး ဖြစ်လေသည်။
မိုးကြိုးနဂါးကြီးများကို ရင်ဆိုင်နေရသည်မှာ ဆန်းလျန် အတွက်တော့ စကြဝဠာ မဟာစွမ်းအားထုကြီးနှင့် ရင်ဆိုင်နေ ရသည့်အလား ခံစားနေရတော့သည်။
ဝမ်ကျုန်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တန်ခိုးစွမ်းအား ချည်မျှင်များ ဝန်းရံထားပြီး ထိုတန်ခိုးစွမ်းအား ချည်မျှင်များသည် မိုးကြိုးနဂါးကြီး နှစ်ကောင်၏ တန်ခိုး စွမ်းအားများဖြင့် ချည်နှောင် ထားလေသည်။
ဝမ်ကျုန်း၏ ပုံသဏ္ဌာန်မှာ ထောင်ပေါင်း များစွာသော နတ်ဘုရားများကပင် ကြောက်ရွံ့စွာ ကိုးကွယ်ကြသည့် နတ်ဘုရား တစ်ပါးအလား ကြောက်မက်ဖွယ်ရာ အတိ ဖြစ်နေတော့သည်။
ဝမ်ကျုန်း၏ မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးမှ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး နဂါးကြီးနှစ်ကောင်ဆီသို့ ကျရောက်သွားလေသည်။ ထိုအခါ နဂါးကြီးများမှာ အတိုင်းထက်အလွန် တန်ခိုးစွမ်းအားများ မြင့်တက်လာတော့သည်။
နဂါး (၂)ကောင်၏ ဖိအားအောက်တွင် ဆန်းလျန်၏ အသက်ဓာတ် စွမ်းအားများမှာ ထိန်းချုပ် ခံထားရလေသည်။
ထိုတန်ခိုး စွမ်းအားများကို ဆန်းလျန်သည် မည်သို့မှ တွန်းလှန်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ဆန်းလျန်၏ မျက်နှာကတော့ အေးဆေးတည်ငြိမ်လျက် ရှိလေ၏။
ဆန်းလျန်အတွက်တော့…
ကြောက်မက်ဖွယ်ရာ မိုးကြိုးနဂါးကြီးများ…၊ မခန့်မှန်းနိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မားနေသည့် ဝမ်ကျုန်း…၊ သူ၏အသက်ဓာတ်စွမ်းအားများကို ဖိနှိပ်ထားသည့် ကြီးမားလွန်းသည့် ဖိအားများသည် ….
ရေကန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် တိမ်များကဲ့သို့ပင် ဖြစ်လေသည်။
ရေကန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် တိမ်တိုက်များသည် ရေကန်ကို မထိခိုက်စေနိုင်သလို မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားများသည်လည်း ဆန်းလျန်ကို မထိခိုက်နိုင်ပေ။
ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှ ပြောင်းလဲမှုများကို အဆက်မပြတ် အသုံးပြု နေလေသည်။ သူက ထိုက်ရွှီးနည်းဗျူဟာနှင့် ယိလမ်းစဉ်ကို အဆက်မပြတ် ပေါင်းစပ်နေလေသည်။
ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေ၊ လျှပ်စီး…
ဒြပ်စင်စွမ်းအား (၈) မျိုးသည် သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာပြီး သူ၏နှလုံးသားထဲတွင် အသစ်သော စကြဝဠာ တစ်ခု ဖြစ်တည်လာလေသည်။
တိတ်ဆိတ်မှုက ကြီးစိုးနေပြီး တိုက်ပွဲသည် စိတ်လှုပ်ရှားစရာ ကောင်းနေလေတော့သည်။
***