အခန်း (၂၆၅-၂၆၆)
Vol. 14 Ch. 265-266
အခန်း (၂၆၅) - ဝိညာဉ်ဝါးမြိုသားရဲ၏ ဆင့်ကဲပြောင်းလဲခြင်း (၂)
အခေါင်းအတွင်းမှ မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်မလာပါပေ။
သို့သော်လည်း ဝိညာဥ်ကလေးငယ်မိခင်မှာမူ လင်းကျင်း၏ စကားများကို တစ်နေရာရာတွင် ကြားဖူးနေသကဲ့သို့ ခံစားလိုက်ရ၏။
ဧည့်ခန်းမဆောင်အတွင်း၌ရှိစဉ်က ပြတိုက်မှူးကြီးသည်လည်း သူမ၏ ရင်သွေးမျက်နှာပင့်ကူ’ကို ဤကဲ့သို့ပင် ပြောဆိုခဲ့သည် မဟုတ်ပါလား။
“ပြတိုက်မှူးကြီးရဲ့ တပည့်ပီသပါပေတယ်... စကားပြောပုံ ဆိုပေါက်ကအစ တူလိုက်တာ”
ဝိညာဥ်ကလေးငယ်မိခင်က ရုတ်တရက် ရေရွတ်လိုက်၏။
အတွင်းမှ ဘာမှထွက်မလာသဖြင့် လင်းကျင်းအနေဖြင့် အခေါင်းအတွင်းသို့ လက်လျှိုသွင်းလိုက်တော့သည်။
“မင်း အပြင်ကို မထွက်ဘူးဆိုရင်တော့ ငါကိုယ်တိုင်ပဲ ဆွဲထုတ်ရတော့မှာပဲ”
ဒါဟာ ကြည့်နေသူများအဖို့ ရင်တထိတ်ထိတ် ဖြစ်စေသည့် မြင်ကွင်းပင်။ ကျီးကန်းနက်မှာတော့ ယခင်က မြင်တွေ့ဖူးသဖြင့် ခံသာသေးသော်လည်း၊ မိစ္ဆာပညာရှိမှာမူ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများပင် ထသွားရ၏။
သူသည် ထိုသတ္တဝါကို တစ်ခါမျှ မမြင်ဖူးသော်လည်း၊ အခေါင်းလူသား၏ သားရဲမှာ ရှားပါးသားရဲများထဲတွင်ပင် အလွန်တရာ ထူးဆန်းကြမ်းတမ်းသော အမျိုးအစားဖြစ်ကြောင်း သူ သိထားသည်။ ၎င်းမှာ သားရဲထက် မိစ္ဆာတစ်ကောင်နှင့် ပို၍ တူလှပေ၏။
သို့သော်လည်း ဆရာလင်းမှာမူ မည်သို့မျှ မကြောက်ရွံ့ဘဲ ထိုသတ္တဝါကို ဆွဲထုတ်ရန် လက်လှမ်းလိုက်ခြင်းပင်။
တကယ့် သတ္တိ၊ တကယ့် ဇွဲပါပေ။
မိစ္ဆာပညာရှိမှာ ချက်ချင်းပင် လင်းကျင်းကို အထင်ကြီးသွားတော့သည်။ အကယ်၍ သူသာဆိုလျှင် ဤကဲ့သို့ လုပ်ဆောင်ဝံ့မည် မဟုတ်ပါပေ။
လင်းကျင်း၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးပင်လျှင် ထိတ်လန့်သွားကာ အမွှေးများ ထောင်တက်သွား၏။ ၎င်းသည် ဆေးလုံးလျက်နေခြင်းကို ရပ်တန့်လိုက်ပြီး၊ အခေါင်းအတွင်းသို့ ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။ အတွင်းရှိ အရာက သူ့ကို အမှန်တကယ် ခြောက်လှန့်နေခြင်းပင်။
လင်းကျင်းသည် လက်တစ်ဖက်ဖြင့် ကြောင်လေး၏ လည်ပင်းကို ပွတ်သပ်ပေးရင်း၊ အခြားလက်တစ်ဖက်ဖြင့် ဖုတ်ကောင်နတ်ဆိုး၏ လက်တစ်ဖက်ကို လှမ်းဖမ်းကာ အပြင်သို့ ဆွဲထုတ်လိုက်၏။
သို့သော်လည်း ဤဖုတ်ကောင်မှာ အတော်လေး ခေါင်းမာလှပေသည်။ လင်းကျင်း မည်မျှပင် ဆွဲသော်လည်း သူသည် လက်မတင်လေးမျှပင် ရွေ့မလာပါပေ။
ဒါဟာ သူ့ရဲ့ စရိုက်ပြဿနာ ဖြစ်ရပေမည်။
လင်းကျင်းကလည်း သူ့ကို အတင်းအကျပ် မလုပ်လိုပါပေ။ သူ သိလိုသည်များကို သိရှိပြီးပြီ မဟုတ်ပါလား။ ဤဇွန်ဘီနတ်ဆိုးမှာ တကယ့်ကို ကမ္ဘာပေါ်တွင် အထူးဆန်းဆုံး သားရဲများထဲမှ တစ်ကောင်ပင်။ လင်းကျင်း၏ အမြင်တွင်ပင် ထိုသတ္တဝါမှာ အလွန်ကြည့်ရဆိုးလှပေသည်။ ထို့ကြောင့်ပင် သူသည် လူတောမတိုးချင်ဘဲ တစ်ကိုယ်တည်း ပုန်းအောင်းနေခြင်း ဖြစ်ရပေမည်။
သူသည် အလွန်ပင် ရုပ်ဆိုးလွန်းလှ၏။
သို့သော်လည်း သူ၏ ခွန်အားကိုတော့ သံသယဖြစ်စရာ မလိုပါပေ။ ဝိညာဥ်ကလေးငယ်မိခင်၏ ပင့်ကူနှင့် ယှဉ်လျှင် ဖုတ်ကောင်နတ်ဆိုးမှာ အနည်းငယ်သာ နိမ့်ကျပေလိမ့်မည်။ သူ၏ အကြီးမားဆုံး လက်နက်မှာ ပေတစ်ရာခန့်အထိ ရှည်ထွက်နိုင်သော နှာမောင်းများပင် ဖြစ်၏။ ထိုနှာမောင်းများမှာ သံမဏိကြိုးများကဲ့သို့ ခိုင်မာလှပြီး ကျောက်ဆောင်ကြီးများကိုပင် အလွယ်တကူ ရိုက်ခွဲနိုင်စွမ်း ရှိပေသည်။
ထို့ပြင် ဖုတ်ကောင်နတ်ဆိုး၌ အခြားသော ထူးခြားသည့် စွမ်းရည်တစ်ခု ရှိနေသေးသော်လည်း၊ သူသည် ဒဏ်ရာမှ အပြည့်အဝ ပြန်မကောင်းသေးသဖြင့် ယခုအချိန်တွင် အသုံးမပြုနိုင်သေးပါပေ။
လင်းကျင်းသည် ယခင်က သွေးကို အသုံးပြုကာ အကဲဖြတ်ခဲ့ဖူးသော်လည်း၊ ယခု ကိုယ်တိုင် ထိတွေ့ကြည့်ရှုပြီးချိန်တွင်တော့ အချက်အလက်သစ်များကို ရရှိခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် ဤဖုတ်ကောင်နတ်ဆိုးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေခြင်းပင်။ အသက်ဓာတ်ဆက်သွယ်ခြင်းကို ဖြတ်တောက်လိုက်ခြင်းမှာ အခေါင်းလူသား၏ အသက်ကို ကယ်တင်ရန်အတွက် ဖြစ်သော်လည်း၊ တစ်ဖက်တွင်တော့ ၎င်းက ဇွန်ဘီနတ်ဆိုး၏ အခြေအနေကို ပို၍ ဆိုးရွားသွားစေခဲ့သည်။
ထို့ပြင် ဇွန်ဘီနတ်ဆိုးမှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့ပါပေ။ သူ၏ နှာမောင်းအချို့မှာ အတင်းအဓမ္မ အဖြတ်ခံထားရသကဲ့သို့ ဖြစ်နေပြီး၊ ဒါဟာ လူတစ်ယောက်၏ လက်မောင်းကို အတင်းဆွဲဖြုတ်ခံလိုက်ရသကဲ့သို့ နာကျင်လှပေလိမ့်မည်။
ဤနှစ်များတစ်လျှောက်တွင် ဤသတ္တဝါမှာ တကယ့်ကို ကြီးမားသော ဆင်းရဲဒုက္ခများနှင့် နာကျင်မှုများကို အံတုခဲ့ရရှာသည်။
လင်းကျင်းသည် သူ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက်၊ အပ်စိုက်အတတ်ကို အသုံးပြုကာ ဖုတ်ကောင်နတ်ဆိုး၏ အရေးကြီးသော သွေးကြောမှတ်အချို့ကို ထိုးစိုက်လိုက်၏။
ဒါဟာ သူ၏ နာကျင်မှုများကို သက်သာစေရန် ဖြစ်သည်။
သူသည် သူ၏ သံမဏိနှာမောင်းများကို အသုံးပြု၍ တိုက်ခိုက်တိုင်း၊ မိမိ၏ ဒဏ်ရာဟောင်းများကို ပြန်လည် ပွင့်ထွက်စေသဖြင့် ရန်သူကိုသာမက မိမိကိုယ်ကိုလည်း နာကျင်စေခြင်း ဖြစ်၏။ နဂါးအိုကြီးနှင့် တိုက်ပွဲတွင်လည်း သူသည် ဒဏ်ရာအသစ်များ ရရှိခဲ့သေးသည်။
ဖုတ်ကောင်နတ်ဆိုးက ဘာမှ ထုတ်မပြောသော်လည်း၊ လင်းကျင်းကတော့ အကဲဖြတ်မှုမှတစ်ဆင့် သိရှိနေခဲ့ခြင်းပင်။
အပ်စိုက်ပြီးနောက်တွင်တော့ ဖုတ်ကောင်နတ်ဆိုးမှာ သိသိသာသာပင် စိတ်အေးလက်အေး ဖြစ်သွားပုံရ၏။ လင်းကျင်းက သူ့ကို ပုတ်ကာ ဆိုလိုက်သည်။
"ခဏလောက် စောင့်ဦးနော်... ငါ ကြောင်ဖြူလေးကို အရင် ဆင့်ကဲပြောင်းလဲပေးလိုက်ဦးမယ်၊ ပြီးမှ မင်းကို ဆက်ပြီး ကုသပေးမယ်”
လင်းကျင်း၏ လေသံမှာ သူငယ်ချင်းဟောင်းတစ်ဦးကို စကားပြောနေသကဲ့သို့ပင်။ အခန်းထဲရှိ မည်သူမျှ စကားမဟဝံ့ကြပါပေ။ ထိုစဉ် မိစ္ဆာပညာရှိမှာ လင်းကျင်းက သူ၏ ကြောင်ဖြူလေးကို ဆင့်ကဲပြောင်းလဲပေးမည်ဟု ပြောလိုက်သည်ကို သတိပြုမိသွားတော့သည်။
ချက်ချင်းပင် မိစ္ဆာပညာရှိမှာ စိတ်လှုပ်ရှားသွားရ၏။
ကြောင်ဖြူလေးမှာ လက်ရှိ အဆင့် (၃) ဖြစ်ရာ၊ ဆင့်ကဲပြောင်းလဲသွားလျှင် အဆင့် (၄) ဖြစ်လာမည် မဟုတ်ပါလား။
အဆင့် (၃) နှင့် အဆင့် (၄) ကြားတွင် ကွာခြားချက်မှာ အဆင့်တစ်ခုတည်း မဟုတ်ပါပေ။ ဤကမ္ဘာပေါ်တွင် အဆင့် (၄) သို့ ရောက်ရှိနိုင်သည့် သားရဲမှာ အလွန်ပင် နည်းပါးလှပေသည်။
မိစ္ဆာပညာရှိသည် အသက်ကို ပြင်းပြင်းရှူကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အကယ်၍ သူ၏ ကြောင်ဖြူလေးသာ အဆင့် (၄) ဖြစ်လာပါက၊ မိစ္ဆာလောက၏ ပညာရှင်များကြားတွင် သူ၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
ယခုအခါ သူသည် ဘာအသံမျှ မထွက်ဝံ့တော့ပါပေ။ လေတောင်မှ ပြင်းပြင်း မရှူဝံ့တော့သည့်အလားပင်။
ကြောင်ဖြူလေးမှာ ဝိညာဉ်စုစည်းဆေးလုံး တစ်လုံးလုံးကို လျက်ပြီးသွားခဲ့ချေပြီ။ လင်းကျင်းက ၎င်းသည် အသင့်ဖြစ်နေပြီမှန်း သိသဖြင့်၊ ကြောင်လေး၏ သွေးကြောများကို လှုံ့ဆော်ရန် အပ်စိုက်လိုက်တော့သည်။
နောက်တစ်ခဏ၌ ကြောင်လေး၏ ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာပြီး ကျားသစ်တစ်ကောင်ခန့်အထိ ဖြစ်လာ၏။ ထို့နောက် ကိုယ်ပေါ်ရှိ အမွှေးများမှာ ကျွတ်ကျသွားကာ၊ အရိုးများမှာ ရှည်ထွက်လာပြီး မျက်လုံးများမှာ မြရောင်အလင်းတန်းများ တောက်ပလာတော့သည်။
“မြောင်..."
၎င်းသည် အော်ဟစ်လိုက်ရာ ကြောင်ဖြူလေး၏ နောက်ကွယ်မှ အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်နှင့် တူပြီး ပုံသဏ္ဍာန်အမျိုးမျိုးသို့ လျှို့ဝှက်စွာ ပြောင်းလဲနေသည်။ ထိုအရိပ် ပေါ်ထွက်လာပြီးနောက် မြို့တော်အတွင်းရှိ သားရဲအတော်များများမှာ ထိတ်လန့်တုန်လှုပ်ကာ ဝပ်စင်းသွားကြတော့သည်။
ထိုအရိပ်မှာ ပုံသဏ္ဍာန် ပြောင်းလဲနေသော်လည်း၊ ပြောင်းလဲခြင်း မရှိသည့် အရာတစ်ခုမှာ ၎င်း၏ ကြီးမားလှသော ပါးစပ်ပင် ဖြစ်၏။
ထိုပါးစပ်ကြီးမှာ အရာအားလုံးကို ဝါးမြိုပစ်မည့် ‘တွင်းနက်ကြီး’တစ်ခုကဲ့သို့ပင်။
ကြောင်ဖြူလေး၏ အရိုးများ ပြောင်းလဲနေသည့် အသံများ၊ အမွှေးအသစ်များ ထွက်ပေါ်လာပုံနှင့် ခန္ဓာကိုယ် ကြီးထွားလာပုံတို့ကို ကြည့်ရင်း ကျီးကန်းနက်က မသိစိတ်မှ ရေရွတ်လိုက်မိ၏။
“ဒါက... အသစ်တစ်ဖန် မွေးဖွားခြင်းပဲ”
သားရဲတိုင်းမှာ အဆင့် (၃) သို့ တက်လှမ်းချိန်တွင် အသစ်တစ်ဖန် မွေးဖွားခြင်းကို ကြုံတွေ့ရလေ့ရှိသော်လည်း၊ အဆင့် (၄) သို့ တက်လှမ်းချိန်တွင်တော့ အမြဲတမ်း ကြုံတွေ့ရလေ့ မရှိပါပေ။ ကြောင်ဖြူလေးမှာ ယခင်က ၎င်းကို ကြုံတွေ့ခဲ့ဖူးသော်လည်း၊ ယခုတစ်ကြိမ်တွင် ထပ်မံ၍ ကြုံတွေ့ရခြင်းမှာ ၎င်း၏ ဆင့်ကဲပြောင်းလဲခြင်းကို အလွန်ကျွမ်းကျင်သော ပညာရှင်တစ်ဦးက ကူညီပေးနေသောကြောင့်သာ ဖြစ်သည်။
ကျီးကန်းနက်သည် သူ၏ စွန်ရဲနက်ကြီး အဆင့် (၄) သို့ တက်လှမ်းစဉ်က မည်မျှအထိ ခက်ခဲခဲ့သလဲဆိုတာကို ပြန်လည် သတိရသွား၏။
ခက်ခဲသည်ဟု ဆိုသော်လည်း တကယ်တမ်းမှာတော့ အလွန်ပင် ပင်ပန်းလှခြင်း ဖြစ်၏။ ထိုစဉ်က ဆင့်ကဲပြောင်းလဲနိုင်မည့် အခွင့်အရေးကို ရရှိရန်အတွက် ကျီးကန်းနက်သည် အခြားသော ပညာရှင် ဆယ်ဦးနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ အဆင့် (၄) သားရဲအကဲဖြတ်မှူး၏ စိတ်ကျေနပ်မှုကို ရရှိရန်အတွက် တကယ့်ကို သွေးချောင်းစီး တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရခြင်းပင်။
ထို့ပြင် ဆင့်ကဲပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာလည်း အလွန်ပင် ကြောက်စရာကောင်းလှ၏။ စွန်ရဲနက်ကြီးမှာ သုံးရက်နှင့် သုံးညတိုင်တိုင် သေလုမျောပါး ဝေဒနာကို ခံစားခဲ့ရပြီး နာကျင်စွာ အော်ဟစ်ခဲ့ရသည်။ သို့တိုင်အောင် အသစ်တစ်ဖန် မွေးဖွားခြင်းကိုတော့ မကြုံတွေ့ခဲ့ရပါပေ။ ထို့ပြင် ဆင့်ကဲပြောင်းလဲရန် လိုအပ်သော ရှားပါးပစ္စည်းများကို စုဆောင်းရန်အတွက်လည်း ကျီးကန်းနက်သည် တစ်နှစ်ခန့် အချိန်ယူခဲ့ရပြီး ငွေကြေးအမြောက်အမြား အကုန်အကျ ခံခဲ့ရသေးသည်။
သို့သော် ယခုမူ မိစ္ဆာပညာရှိ၏ ကြောင်လေးမှာ အဆင့် (၄) သို့ ရောက်ရှိသွားခဲ့ချေပြီ။
ထိုလုပ်ငန်းစဉ်မှာ အလွန်ပင် အေးဆေးတည်ငြိမ်ပြီး ရိုးရှင်းလှပေသည်။
ဒါဟာ ကျွမ်းကျင်သော ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုကြောင့်ပင်။ ဆိုလိုသည်မှာ ဆရာလင်းသည် ထိုအဆင့် (၄) သားရဲအကဲဖြတ်မှူးထက်ပင် ပို၍ ကျွမ်းကျင်နေခြင်းလား။
ဒါက ပြတိုက်မှူးကြီး၏ ထူးခြားလှသော သင်ကြားမှုကြောင့် ဖြစ်ရပေမည်။
ကျီးကန်းနက်မှာ ခေါင်းခါလိုက်မိ၏။ ကျောက်စိမ်းနဂါးနိုင်ငံတွင် အဆင့် (၄) သားရဲအကဲဖြတ်မှူး တစ်ဦးမျှ မရှိပါပေ။ အကယ်၍ ရှိခဲ့ပါက ဤနိုင်ငံမှာ အလယ်အလတ်အဆင့် နိုင်ငံများ၏ ထိပ်ဆုံးသို့ ရောက်ရှိနေမည်မှာ မလွဲဧကန်ပင်။
အခြားသော သုံးဦးမှာလည်း ပြူးပြူးပြဲပြဲ စိုက်ကြည့်နေကြ၏။
မိစ္ဆာပညာရှိမှာတော့ ဝမ်းသာအားရဖြင့် လက်ပွတ်နေပြီး မိမိကိုယ်ကိုပင် မထိန်းနိုင်တော့ပါပေ။ အခြားနှစ်ဦးမှာ အဆင့် (၄) သားရဲများကို ပိုင်ဆိုင်ထားသော်လည်း၊ ဤမြင်ကွင်းကိုတော့ အလွန်ပင် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
သူတို့သည် ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပါပေ။
ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့၏ သားရဲများမှာ အဆင့် (၄) ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ ၎င်းတို့၏ ဆင့်ကဲပြောင်းလဲခြင်းမှာ တကယ့်ကို ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသည့် အတွေ့အကြုံများပင်။ မရေမတွက်နိုင်သော ရတနာများကို စုဆောင်းရုံသာမက၊ ကြိုတင်ပြင်ဆင်မှုများနှင့် စောင့်ရှောက်မှုများမှာ လင်းကျင်း၏ အေးဆေးသော လုပ်ဆောင်ချက်နှင့် ယှဉ်လျှင် အဆမတန် ကွာခြားလှပေသည်။
ဆရာလင်းသည် ဤကြောင်ဖြူလေးကို ဆင့်ကဲပြောင်းလဲပေးခြင်းမှာ သာမန်ကိစ္စလေးတစ်ခုကို လုပ်ဆောင်နေသကဲ့သို့ပင်။
“ပြီးပြီ"
လင်းကျင်းသည် လက်ကို ဝေ့ယမ်းကာ သိမ်းဆည်းလိုက်၏။ ကြောင်ဖြူလေးပေါ်ရှိ ငွေအပ်များမှာ တစ်ချောင်းချင်းစီ ပြုတ်ထွက်လာကာ လင်းကျင်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ တကယ့်ကို ကြည့်ကောင်းလှသော မြင်ကွင်းပင်။
ဤကဲ့သို့သော ကျွမ်းကျင်မှုမျိုးမှာ ပြတိုက်မှူးကြီး၏ တပည့်များသာ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ထိုလူစုမှာ အပ်စိုက်အတတ်၏ ထူးခြားမှုကို အံ့သြစွာ ကြည့်နေကြ၏။ ၎င်းသည် လူသတ်နိုင်သလို၊ ကုသနိုင်သည်၊ ထို့ပြင် သားရဲများကိုပါ ဆင့်ကဲပြောင်းလဲစေနိုင်သည် မဟုတ်ပါလား။ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လှပေသည်။
ထိုစဉ် လင်းကျင်းက ထုတ်ဖော်ပြောကြားရန်ပင် မလိုဘဲ၊ ကြောင်ဖြူလေးမှာ အဆင့် (၄) သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြ၏။
အဆင့် (၄) သားရဲတစ်ကောင်၏ အရှိန်အဝါကတော့ လိမ်ညာ၍ မရနိုင်ပါပေ။
အခန်း (၂၆၆) - ဖုတ်ကောင်နတ်ဆိုးကို ချန်ထားရစ်ခြင်း
ကြောင်ဖြူလေး၏ နောက်ကွယ်မှ အရိပ်ကြီးမှာ ဝိညာဉ်ဝါးမြိုသားရဲ၏ စစ်မှန်သော ပုံရိပ်ပင် ဖြစ်၏။
လင်းကျင်းသည် ထိုအရိပ်ကို အသေအချာ လေ့လာပြီးနောက် ကြောင်လေး၏ ခေါင်းကို ပုတ်ကာ အမိန့်ပေးလိုက်သည်။
“ဒါကို ပြန်သိမ်းလိုက်တော့”
ကြောင်လေးမှာလည်း အလွန်ပင် နာခံမှုရှိလှ၏။ ၎င်းသည် အရိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပုံမှန်အရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။ စောစောကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း မရှိတော့ပါပေ။
“သွားတော့လေ”
လင်းကျင်းက လက်ဝှေ့ယမ်းလိုက်၏။ ကြောင်ဖြူလေးမှာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း၊ နောက်ဆုံးတွင်တော့ ဖျတ်လတ်သော အမူအရာဖြင့် မိစ္ဆာပညာရှိ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားတော့သည်။
မိစ္ဆာပညာရှိမှာ ဝမ်းသာရုံသာမက ထူးဆန်းသော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရ၏။ အကယ်၍သာ လင်းကျင်းက အမိန့်ပေးလိုက်မည်ဆိုပါက၊ သူ၏ ကြောင်ဖြူလေးမှာ သွေးစာချုပ်ကိုပင် ဖျက်ဆီးပြီး သူ့ကို သစ္စာဖောက်သွားလေမလားဟု တွေးတောမိခြင်းပင်။
ဒါဟာ ဖြစ်နိုင်ခြေ အလွန်များလှပေသည်။
မိစ္ဆာပညာရှိသည် သားရဲအကဲဖြတ်မှူး ပေါင်းစုံနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း၊ ပြတိုက်မှူးကြီးနှင့် ဆရာလင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အခြားသူများနှင့် ယှဉ်လျှင် ဤဆရာတပည့် နှစ်ဦးမှာ အဆင့်အတန်းချင်း လုံးဝ ကွာခြားလှပေသည်။
ယခု အတွေ့အကြုံအရ ကျီးကန်းနက်ကဲ့သို့ မောက်မာသောသူပင်လျှင် ပြတိုက်မှူးကြီး၏ အမိန့်ကို ဘာကြောင့် တသွေမတိမ်း နာခံနေရသလဲဆိုတာကို သူ ကောင်းကောင်း နားလည်သွားချေပြီ။ သူကိုယ်တိုင်လည်း ထိုသို့ပင် လုပ်ဆောင်မိပေလိမ့်မည်။
ယခုကဲ့သို့ သားရဲများ၏ စွမ်းအားက အရာရာကို ဆုံးဖြတ်နေသည့် ခေတ်ကာလတွင်၊ အစွမ်းထက်သော သားရဲကို ထိန်းချုပ်နိုင်ခြင်းမှာ အရာအားလုံးကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်၏။ မိစ္ဆာလောကရှိ ပညာရှင်အတော်များများမှာ သူတို့၏ သားရဲများကို ဆင့်ကဲပြောင်းလဲနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ကြသည်ကို မိစ္ဆာပညာရှိ မြင်တွေ့ခဲ့ဖူးသည်။
အချို့ဆိုလျှင် သူတို့၏ သားရဲကို အဆင့် (၂) ရောက်ရန်အတွက်ပင် မဖြစ်နိုင်သော တောင်းဆိုချက်များကို လိုက်လျောခဲ့ကြရသည် မဟုတ်ပါလား။
ဘာကြောင့် ထိုသို့ လုပ်ဆောင်ကြသနည်း။
အဆင့်မြင့်သော သားရဲကို ပိုင်ဆိုင်ထားခြင်းက မိမိ၏ အင်အားနှင့် အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သောကြောင့်ပင်။ မိစ္ဆာလောကတွင် စည်းမျဉ်းစည်းကမ်း မရှိသဖြင့် ခွန်အားကြီးခြင်းကသာ အရေးအပါဆုံးသော အချက် ဖြစ်နေခဲ့သည်။
ခွန်အားမရှိလျှင် စကားပြောပိုင်ခွင့်လည်း မရှိပါပေ။
မိစ္ဆာပညာရှိကိုယ်တိုင်မှာလည်း ဥပမာတစ်ခုပင်။ သူသည် သူ၏ သားရဲအတွက် အဆင့် (၃) မှာတင် လမ်းဆုံးပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ ယခုမူ အဆင့် (၄) သို့ ရောက်ရှိသွားပြီ ဖြစ်ရာ၊ သူ ပြောခဲ့သကဲ့သို့ပင် မိစ္ဆာပညာရှင်များကြားတွင် သူ၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာပေတော့မည်။ ထိပ်တန်း အယောက် ၂၀ စာရင်းထဲ မဝင်လျှင်ပင် အနည်းဆုံးတော့ အယောက် ၅၀ စာရင်းထဲတွင် နေရာတစ်ခု ရရှိပေလိမ့်မည်။
“ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အတွက် ဆရာလင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”
မိစ္ဆာပညာရှိက ရှေ့သို့တိုးကာ ဦးညွှတ်ဂါရဝပြုလိုက်၏။
လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။ မိစ္ဆာပညာရှိသည် ကျီးကန်းနက်နောက်သို့ လိုက်ကာ မိုင်ပေါင်းထောင်ချီ ဝေးကွာသော ခရီးကို နှင်ပြီး ကူညီရန် ရောက်ရှိလာခဲ့ခြင်းကြောင့်သာ လင်းကျင်းက ယခုကဲ့သို့ ကူညီပေးခဲ့ခြင်းပင်။ ထို့ပြင် ကြောင်ဖြူလေးကိုယ်တိုင်ကလည်း ဆင့်ကဲပြောင်းလဲရန် အရှိန်ရနေပြီးသား ဖြစ်သဖြင့်သာ ဤမျှအထိ လွယ်ကူခဲ့ခြင်း ဖြစ်၏။
နောက်ထပ် အဆင့် (၅) သို့ တက်လှမ်းရန်မှာတော့ အလွန်ပင် ခက်ခဲပေလိမ့်မည်။ လင်းကျင်းအနေဖြင့် နည်းလမ်းကို သိရှိနေလျှင်ပင် လက်ရှိ အခြေအနေတွင်တော့ မဖြစ်နိုင်သေးပါပေ။
ကြောင်ဖြူလေးအတွက်ကတော့ အနည်းငယ် တွန်းအားပေးလိုက်ရုံနှင့် လုံလောက်ခဲ့သော်လည်း၊ ဖုတ်ကောင်နတ်ဆိုး၏ အခြေအနေမှာတော့ အနည်းငယ် ပို၍ ရှုပ်ထွေးလှပေသည်။
စောစောက သူ သိရှိခဲ့ရသလိုပင် ထိုသတ္တဝါမှာ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့ပါပေ။ ထို့ပြင် ၎င်းသည် အပြင်သို့ ထွက်ရန် ငြင်းဆန်နေသည့် အကြောင်းရင်းမှာ စရိုက်ပြဿနာကြောင့်သာမက၊ ၎င်း၏ ကျောပြင်မှာ အခေါင်းအောက်ခြေနှင့် တစ်သားတည်း ဖြစ်နေသဖြင့် လှုပ်ရှားရန် ခက်ခဲနေသောကြောင့်လည်း ဖြစ်၏။
ဒါကို လင်းကျင်း ခုနကမှ သတိပြုမိလိုက်ခြင်းပင်။
ဖုတ်ကောင်နတ်ဆိုး၏ အခြေအနေမှာ တကယ့်ကို ဒုက္ခများလှပေသည်။ ယခုအချိန်တွင် အရေးကြီးသည်မှာ ဆင့်ကဲပြောင်းလဲရန် မဟုတ်ဘဲ အသက်ရှင်သန်နေစေရန်သာ ဖြစ်သဖြင့်၊ လုပ်ငန်းစဉ်မှာလည်း ကြောင်ဖြူလေးကဲ့သို့ မြန်ဆန်မည် မဟုတ်ပါပေ။ လင်းကျင်း၏ လက်ရှိ စွမ်းဆောင်ရည်အရဆိုလျှင် ဖုတ်ကောင်နတ်ဆိုးကို အပြည့်အဝ ကုသပေးနိုင်ရန် တစ်လကျော်ခန့် အချိန်ယူရပေလိမ့်မည်။
ပထမဆုံးအနေဖြင့် လင်းကျင်းသည် အပ်စိုက်ကာ ဖုတ်ကောင်နတ်ဆိုး၏ သွေးကြောများကို လှုံ့ဆော်ပေးလိုက်၏။ ထို့နောက် အခြေအနေကို အခေါင်းလူသားအား ရှင်းပြလိုက်တော့သည်။
“ကျုပ်လည်း ခင်ဗျားကို ‘အခေါင်းကြီး’ လို့ပဲ ခေါ်ပါရစေ... ဖုတ်ကောင်နတ်ဆိုးရဲ့ ဒဏ်ရာတွေက ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ ကုသတဲ့ လုပ်ငန်းစဉ်က အချိန်ယူရလိမ့်မယ်... သူ့ရဲ့ ဒဏ်ရာတွေက ရင်သွေးမျက်နှာပင့်ကူထက် အများကြီး ပိုပြီး ပြင်းထန်တယ်... အကယ်၍ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ သစ်သားနဲ့ လုပ်ထားတဲ့ ဒီအခေါင်းသာ မရှိဘူးဆိုရင် သူ ဒီလောက်အထိ အသက်ရှင်နေမှာ မဟုတ်ဘူး... ဒါ့အပြင် နှစ်ပေါင်းများစွာ သတ်ဖြတ်ခဲ့တဲ့အတွက် ငြိုးတေးအငွေ့အသက်တွေက သူ့အပေါ်မှာ ကပ်ညှိနေပြီး သက်တမ်းကို တဖြည်းဖြည်း တိုက်စားနေတယ်... အကယ်၍ ခင်ဗျား ကျုပ်ကို ယုံကြည်မယ်ဆိုရင် ဖုတ်ကောင်နတ်ဆိုးကို ကျုပ်ဆီမှာ ထားခဲ့ပါ... အနည်းဆုံး ဆယ့်ငါးရက်၊ ဒါမှမဟုတ် အများဆုံး တစ်လလောက် ကြာလိမ့်မယ်... ခင်ဗျား ပြန်လာတဲ့အချိန်မှာတော့ သူက အပြည့်အဝ ပြန်လည်ကျန်းမာလာလိမ့်မယ်”
မိစ္ဆာပညာရှိ၏ ကြောင်ဖြူလေးကို လင်းကျင်းက အလွယ်တကူ အဆင့် (၄) တင်ပေးလိုက်သည်ကို အခေါင်းလူသား ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ ဒါဟာ အဆင့် (၄) သားရဲအကဲဖြတ်မှူးပင်လျှင် လုပ်ဆောင်နိုင်ရန် ခဲယဉ်းလှသော အရာ မဟုတ်ပါလား။
ယခုအခါ လင်းကျင်းက သူ၏ သားရဲကို ကုသပေးရန် ကမ်းလှမ်းလာသည်ကို သူက ဘယ်လိုလုပ် ငြင်းပယ်နိုင်ပါ့မည်နည်း။
“ဆရာလင်း... ဖုတ်ကောင်နတ်ဆိုးကို ဆရာ့ဆီမှာ စိတ်ချလက်ချ ထားခဲ့ပါ့မယ်... အကယ်၍ ဆရာက အနှောင့်အယှက်လို့ မယူဆဘူးဆိုရင် ကျုပ်လည်း ဒီမှာပဲနေပြီး ကူညီပေးချင်ပါတယ်”
အခေါင်းလူသားက ရိုးသားစွာ ပြောဆိုလိုက်၏။
ထိုစကားကို ကြားသောအခါ လင်းကျင်းက ခေါင်းခါလိုက်မိသည်။
သူသည် အရှုပ်အထွေးများကို အကြောက်ဆုံး ဖြစ်၏။ သူသည် ဖုတ်ကောင်နတ်ဆိုးကို ကုသပေးရန်အတွက်သာ ချန်ထားရစ်လိုခြင်း ဖြစ်သည်။ အကယ်၍ အခေါင်းလူသားပါ နေမည်ဆိုလျှင် အခြေအနေမှာ မကောင်းနိုင်ပါပေ။
ထို့ပြင် လင်းကျင်း၌ လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် ဘေးတွင် လူရှိနေခြင်းက သူ့အတွက် အလွန်ပင် အဆင်မပြေလှပါပေ။
လင်းကျင်း ခေါင်းခါသည်ကို မြင်သောအခါ အခေါင်းလူသားက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း၊ ဝိညာဥ်ကလေးငယ်မိခင်က ကြားဖြတ် ပြောလိုက်၏။
“အခေါင်းကြီး... ဒီမှာနေပြီး ဆရာလင်းကို အနှောင့်အယှက် မပေးစမ်းပါနဲ့...နင်ပြောတော့ ‘လိပ်အိုကြီး’ လည်း အသက်အန္တရာယ် စိုးရိမ်နေရတယ်ဆို၊ ငါတို့ သွားရှာကြတာပေါ့... အကယ်၍ သူ့ကို အချိန်မီ ရှာတွေ့ပြီး ပြတိုက်မှူးကြီး ဒါမှမဟုတ် ဆရာလင်းဆီ ခေါ်လာနိုင်ရင် သူ အသက်ရှင်နိုင်ဦးမှာပါ”
အခေါင်းလူသား၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။
“ဟုတ်သားပဲ... ဟုတ်တယ်... အဲဒီကောင် လိပ်အိုကြီးကတော့ တောင့်ခံထားနိုင်ဖို့ မျှော်လင့်ရတာပဲ... ဝိညာဥ်ကလေးငယ်မိခင်... ငါနဲ့အတူ လိုက်ရှာပေးပါ... မင်းရဲ့ လက်ရှိ အခြေအနေကို သူ သိသွားရင်လည်း သူ တကယ့်ကို ဝမ်းသာသွားမှာ”
ကျီးကန်းနက်နှင့် မိစ္ဆာပညာရှိတို့မှာလည်း ဆရာလင်းသည် အေးအေးဆေးဆေး နေလိုသူဖြစ်ကြောင်း ရိပ်မိကြသဖြင့်၊ အလုပ်ပြီးပြီ ဖြစ်၍ ထွက်ခွာရန် ပြင်လိုက်ကြတော့သည်။
ထို့ပြင် မိစ္ဆာပညာရှိသည် သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ရာ၊ သူ၏ သားရဲ အဆင့်တက်ပြီးနောက် လုပ်ဆောင်စရာများစွာ ရှိနေသဖြင့် ဤနေရာတွင် ဆက်လက်၍ နေထိုင်ရန် မဖြစ်နိုင်ပါပေ။
ထို့ကြောင့် ထိုလူစုမှာ နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
ဒါဟာ လင်းကျင်း အလိုရှိနေသည့် အတိုင်းပင် ဖြစ်၏။
“အားလုံးပဲ... ကျုပ်တို့က သူငယ်ချင်းတွေ ဖြစ်သွားကြပြီဆိုတော့ တစ်ခုခု လိုအပ်ရင် ကျုပ်ဆီကို လာခဲ့နိုင်ပါတယ်... ဒါမှမဟုတ်ရင်လည်း ဧည့်ခန်းမဆောင် ပွင့်တဲ့အခါ ဆရာ့ဆီမှာ ဆက်သွယ်နိုင်ပါတယ်”
လင်းကျင်းက ဂါရဝပြုလျက် ဆိုလိုက်၏။
ထိုလေးဦး မထွက်ခွာမီမှာ အခေါင်းလူသားသည် အခေါင်းကြီးကို ပုတ်ကာ ဖုတ်ကောင်နတ်ဆိုးအား စကားအနည်းငယ် မှာကြားလိုက်သေးသည်။ နောက်ဆုံးတွင်တော့ သူသည် လေးလံသော စိတ်နှလုံးဖြင့် ထွက်ခွာသွားခဲ့တော့သည်။
အပြင်လောကတွင် မှောင်စပြုနေပြီ ဖြစ်သော်လည်း၊ ထိုလေးဦး မြို့တော်မှ ထွက်ခွာသွားသည်ကို မည်သူမျှ မတားဆီးနိုင်ခဲ့ပါပေ။
လမ်းခရီးတွင် မိစ္ဆာပညာရှိမှာ ပြုံးမဆုံး ဖြစ်နေခဲ့၏။ သူသည် ဤစွန့်စားခန်းတွင် အကြီးမားဆုံးသော အကျိုးကျေးဇူးကို ရရှိခဲ့သူ မဟုတ်ပါလား။
“အမှန်အတိုင်း ပြောရရင် ပြတိုက်မှူးကြီးက တကယ်ကို အံ့သြစရာကောင်းနေပြီသား၊ ဒါပေမဲ့ သူ့ရဲ့ တပည့်ကလည်း ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ငါတော့ တကယ့်ကို အများကြီး သင်ယူလိုက်ရတယ်... ပြတိုက်မှူးကြီးကတော့ ဖမ်းရဆုပ်ရ ခက်ပေမဲ့၊ သူ့တပည့်ကိုတော့ ရှာရတာ ပိုလွယ်တာပေါ့... နောက်ဆိုရင်တော့ ဆရာလင်းနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ရမယ်”
မိစ္ဆာပညာရှိ၏ စကားမှာ အားလုံး၏ စိတ်ထဲမှ စကားပင် ဖြစ်၏။
ဧည့်ခန်းမဆောင်သို့ သွားရောက်နိုင်သည့် ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ပင်လျှင် ထိုသို့ ခံစားမိကြသည်။ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ သူတို့သည် ပြတိုက်မှူးကြီး၏ ရှေ့တွင်ဆိုလျှင် အမြဲတမ်း သတိထားနေကြရသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ တစ်ခါတရံတွင် သိမ်မွေ့စွာ ပြောဆိုတတ်သော်လည်း၊ သူ၏ ထည်ဝါလှသော အရှိန်အဝါကြောင့် သူတို့မှာ အမြဲတမ်း ကြောက်လန့်နေကြရခြင်းပင်။
သို့သော် လင်းကျင်းကတော့ မတူပါပေ။ သူသည် ချဉ်းကပ်ရလွယ်ကူသော အငွေ့အသက်ကို ပေးစွမ်းနေခဲ့သည်။
ဒါဟာ တစ်ဦးက အဝေးမှသာ မော့ကြည့်ရသည့် အစွမ်းထက်လှသော နေမင်းကြီးနှင့် တူနေပြီး၊ အခြားတစ်ဦးကတော့ သူငယ်ချင်းအဖြစ် ပေါင်းသင်းနိုင်သည့် သာမန်လူသားတစ်ဦးနှင့် တူနေသကဲ့သို့ပင်။
“ဆရာလင်းရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် သူက အဆင့် (၄) သားရဲအကဲဖြတ်မှူး တစ်ယောက် အလွယ်တကူ ဖြစ်နိုင်တာပဲ”
ကျီးကန်းနက်က ရုတ်တရက် မှတ်ချက်ပေးလိုက်၏။
“ဟုတ်တယ်... အဆင့် (၃) ကနေ အဆင့် (၄) ကို တက်အောင် လုပ်ပေးနိုင်တာက အဆင့် (၄) အကဲဖြတ်မှူးတွေပဲ လုပ်နိုင်တာလေ၊ ဒါပေမဲ့ ဆရာလင်းရဲ့ အင်္ကျီလက်မောင်းမှာတော့ အကဲဖြတ်မှူး အဆင့် (၂) တံဆိပ်ကိုပဲ တွေ့ရတယ်”
မိစ္ဆာပညာရှိက ထပ်လောင်း ပြောဆိုလိုက်သည်။
“ဟွန်း... ဒါက ဒီကျောက်စိမ်းနဂါးနိုင်ငံက အသုံးမကျလို့ ဖြစ်မှာပေါ့... သူတို့ရဲ့ အသင်းချုပ်မှာ အမြင့်ဆုံးက အဆင့် (၃) ပဲ ရှိတာလေ... ဒါပေမဲ့ ဆရာလင်းကသာ ကူညီပေးမယ်ဆိုရင်တော့ ကျောက်စိမ်းနဂါးနိုင်ငံဟာ ထိပ်တန်းနိုင်ငံတွေကြားထဲမှာ နေရာပြန်ရမှာ သေချာတယ်”
အခေါင်းလူသားက ဆိုလိုက်၏။
အခြားသူများကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြတော့သည်။