← Chapters

အချောဆုံးအလိုရှိတရားခံ... သူ ပြန်လာပြီ။

Vol. 10 Ch. 97

အချောဆုံးအလိုရှိတရားခံ... သူ ပြန်လာပြီ။

Vol. 10 Ch. 97

“ကျွန်တော့်ကို သဘောကျတယ်ဆိုရင် Subscribe လုပ်ပြီး ခေါင်းလောင်းလေးကို နှိပ်ထားဖို့ မမေ့နဲ့ဦးနော်။ ကျွန်တော် ဂရစ်ဇလီပါ... အဟွတ် အဟွတ်...”

ဂရစ်ဇလီသည် ပြင်းထန်သောဒဏ်ရာရသည့်ကြားကပင် ပရိသတ်အတွက် နိဂုံးချုပ်စကားကို အားတင်းပြောဆိုလိုက်သည်။ ထို့နောက် ချန့်ချန့်၏ တွဲကူမှုဖြင့် ကုန်တိုက်ထဲမှ ထွက်လာခဲ့ကြသည်။

“ကျားမင်ရော။”

ကားပေါ်ရောက်မှ ချန့်ချန့်က တစ်ယောက်လိုနေသည်ကို သတိပြုမိသွားသည်။

“ကျားမင်အိမ်က ဒီနားမှာ မဟုတ်ဘူးလေ။ ငါတို့ကားနဲ့မဟုတ်ဘဲ သူ ဘယ်လိုပြန်မလဲ။”

ဂရစ်ဇလီက သူ့ရင်ဘတ်ကို ပွတ်ရင်း။

“ဟိုထူးဆန်းတဲ့ ဂါထာဆရာနဲ့ပဲ လိုက်သွားပြီ ထင်တယ်လေ။ မြန်မြန်... အိမ်ပြန်ပြီး ဗီဒီယိုကို Edit လုပ်ရအောင်။ ဒီတစ်ခါတော့ ဟိုဆွဲကြိုးချသေသူများအပုဒ်ကိုသေချာပေါက် ကျော်တက်နိုင်ရမယ်။”

“နေဦး... ကျားမင်ကို အရင်မေးကြည့်လိုက်ဦးမယ်။”

ခဏအကြာတွင် အကြောင်းပြန်စာရသဖြင့် သူမ သက်ပြင်းချနိုင်သွားသည်။

“ကျားမင်က အဲဒီလူနဲ့ တကယ်ရှိနေတာပဲ။”

“အေး... ဒါဆိုလည်း သွားကြစို့။”

ကားလေးသည် အမှောင်ထုထဲသို့ မောင်းနှင်ထွက်ခွာသွားတော့သည်။

အခြားတစ်ဖက်တွင်မူ တန်ဝမ်ကျဲသည် သူ၏နောက်ကနေ ထပ်ချပ်မကွာ လိုက်လာသော ကျားမင်ကို လှည့်ကြည့်လိုက်သည်။

သူ ရပ်လိုက်သည်နှင့် ကျားမင်သည် လန့်ဖျန့်သွားသော သမင်လေးတစ်ကောင်ကဲ့သို့ ပုခုံးလေးတွန့်ကာ ရပ်သွားပြန်သည်။

“ကျွန်မ အဲဒီအရာတွေကို မြင်နေရတာ... ရှင်... ရှင် ကျွန်မကို ကူညီပေးနိုင်မလား။”

သူမကအားနာနာဖြင့် သာမေးလိုက်သည်။

သူမ၏ မိဘများ ဆုံးပါးသွားပြီးကတည်းက သူမသည် အဒေါ်ဖြစ်သူနှင့် နေထိုင်ခဲ့ရသည်။ ဦးလေးဖြစ်သူ၏ ရိုက်နှက်မှုကို နေ့စဉ်နှင့်အမျှ ခံခဲ့ရသဖြင့် သူမတွင် လူကဲခတ်အလွန်တော်သော အာရုံတစ်ခု ရှိနေသည်။ တစ်စုံတစ်ယောက်က သူမကို မနှစ်မြို့လျှင် သို့မဟုတ် စိတ်ပျက်နေလျှင် သူမ ချက်ချင်း သိနိုင်သည်။

ယခုလည်း တန်ဝမ်ကျဲက သူမကို သိပ်ပြီး သဘောမကျကြောင်း သူမ ခံစားမိနေသည်။

“လွယ်ပါတယ်... ဘုရားကျောင်းတစ်ခုခုမှာ တပည့်ခံလိုက်ပြီး နတ်ဘုရားတွေရဲ့ အကာအကွယ်ကို တောင်းလိုက်ပေါ့။”

ကျားမင်က ခေါင်းခါလိုက်သည်။

“ကျွန်မက ဒီအစွမ်းကို ဖျောက်ချင်တာပါ။ အဲဒါတွေကို ထပ်မမြင်ချင်တော့ဘူး။”

“အဲဒါကတော့ ခက်လိမ့်မယ်။ မွေးရာပါပါလာတဲ့ အရာတွေကို စွန့်ပစ်ဖို့ဆိုတာ မလွယ်ဘူး။”

“ငါ့မျက်လုံးတွေက မေးရာပါမဟုတ်ဘူး။ငါတို့ မတူဘူး။ နင်ကတော့ ကံပါလာတာပဲဖြစ်မယ်။”

သူ ရှေ့သို့ ဆက်လျှောက်သွားသော်လည်း ကျားမင်က နောက်ကနေ ခပ်လှမ်းလှမ်းက လိုက်နေဆဲပင်။

“ဘာပြောစရာရှိသေးလို့လဲ။”

ကျားမင်က သတိထားပြီး ပြောရှာသည်။

“ကျွန်မက အငှားကားတားဖို့ လမ်းမကြီးပေါ် ထွက်မလို့ပါ။ ဒီလမ်းက အတူတူဖြစ်နေလို့ပါ။”

ငါးမိနစ်ခန့် ကြာပြီးနောက်...

သူတို့နှစ်ဦးသည် လမ်းဘေးတွင် ဆယ်မီတာခန့် ခွာရပ်နေကြသည်။ တိတ်ဆိတ်မှောင်မည်းနေသော လမ်းမပေါ်တွင် ကားတစ်စီးမျှ မရှိပေ။ ကျားမင်သည် ကြောက်ကြောက်လန့်လန့်ဖြင့် တန်ဝမ်ကျဲကို ခိုးခိုးကြည့်နေသည်။

ဒီည ကြုံတွေ့ခဲ့ရသည်များက သူမကို အသေအလဲ ထိတ်လန့်စေခဲ့သည်။ သူမ၏ ခြေလှမ်းလေးများက တန်ဝမ်ကျဲအနီးသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ တန်ဝမ်ကျဲ လှည့်ကြည့်လိုက်လျှင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ရပ်နေပြန်သည်။

နောက်ထပ် ငါးမိနစ်အကြာတွင်မူ...

သူတို့နှစ်ဦးကြား အကွာအဝေးမှာ ငါးမီတာသာ ရှိတော့သည်။ ကားကတော့ ပေါ်မလာသေးပေ။ ကျားမင်သည် သူမ၏ဖုန်းကို ထုတ်ကြည့်လိုက်သည်။ အိမ်ပြန်နောက်ကျလျှင် အဒေါ်ဖြစ်သူ စိတ်ပူနေလိမ့်မည်။

နောက်ထပ် ငါးမိနစ်အကြာတွင်တော့...

သူတို့နှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ ဖုန်းထဲက မြေပုံကို အတူတူ ကြည့်နေကြလေပြီ။

“ဟူအန်း ဘုရားကျောင်း အဲဒါက အရမ်းဝေးတာပဲ။ လမ်းလျှောက်ရင် အနည်းဆုံး တစ်နာရီလောက် ကြာလိမ့်မယ်။”

ကျားမင်က အံ့ဩတကြီး ကြည့်လိုက်မိသည်။

“ကီလိုမီတာ ၂၀ ကျော်ကို တစ်နာရီနဲ့ ရောက်မယ် ဟုတ်လား။”

ရှင်က ကမ္ဘာ့မာရသွန် ချန်ပီယံလား။

ထိုစဉ် ဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။

“ဂရစ်ဇလီက ဒီည ဗီဒီယိုကို Edit လုပ်ပြီးသွားပြီ။ တစ်ကွက်ချင်းစီက လန်းတယ်လို့တော့ ပြောနေတာပဲ။ ဂရစ်ဇလီရဲ့ YouTube Channel မှာ သွားကြည့်လိုက်ဦးနော်။”

ကျားမင်သည် တန်ဝမ်ကျဲကို လှည့်ကြည့်လိုက်သည်။ သူမ မသိလိုက်ခင်မှာပင် သူမ၏ဖုန်းမှာ နာမည်တောင် မသိရသေးသောလူလက်ထဲ ရောက်နေလေပြီ။

“ရှင်... ဖုန်းမရှိဘူးလား။”

“လောလောဆယ်တော့ မရှိသေးဘူး။”

သူသည် ဤကမ္ဘာသို့ ပြန်လာချိန်တွင် အဝတ်အစားပင် ပါမလာဘဲ ကြေးပြားမျက်နှာဖုံးတစ်ခုသာ ပါလာခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကုန်တိုက်ထဲတွင် အဝတ်အစားဟောင်း အချို့ကို ရှာတွေ့ခဲ့သဖြင့် လဲဝတ်ထားနိုင်ခြင်း ဖြစ်သည်။

သူသည် ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။

“ဂရစ်ဇလီ၏ကုန်တိုက်ပျက်ထဲက ကုလားထိုင်ဒေါ်ဒေါ်နဲ့ ထူးဆန်းတဲ့ ဂါထာဆရာရဲ့ တိုက်ပွဲ။”

မတင်ရသေးခင်မှာပင် ကြည့်ရှုသူတစ်ထောင်ကျော်သွားပြီ ဖြစ်သည်။ ဗီဒီယိုအောက်က မှတ်ချက် တွေကို သူ ဖတ်ကြည့်လိုက်သည်။

“ဒီမျက်နှာက ရင်းနှီးနေသလိုပဲ... တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။”

“နေဦး... ဒါ အခု အွန်လိုင်းမှာ ပေါက်နေတဲ့ အချောဆုံးတရားခံမဟုတ်လား။”

အချောဆုံး အလိုရှိတရားခံ။

ကျားမင်၏ မျက်လုံးများ ပြူးသွားသည်။ သူမ အခုမှ မှတ်မိတော့သည်။ ကျောင်းမှာတုန်းက သူငယ်ချင်းတွေ ဝိုင်းပြောနေကြသည့် အချောဆုံး ကာမရာဇဝတ်ကောင်အကြောင်းကိုပေါ့။

သတင်းများအရ သူသည် သားအမိနှစ်ယောက်ကို ပြန်ပေးဆွဲပြီး ခုနစ်ရက်တိုင်တိုင် ပိတ်လှောင်ထားခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ရဲများက လိုက်လံဖမ်းဆီးသော်လည်း သူက အရိပ်အယောင်မပြဘဲ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ အချို့သော မိန်းကလေးများကမူ သူက အရမ်းချောလွန်းသဖြင့် သူတို့ကိုယ်တိုင်ပင် ပြန်ပေးဆွဲခံချင်သည်ဟု နောက်ပြောင်ပြောဆိုကြသည်။

“ရှင်... ရှင်က...”

သူမ ထိတ်လန့်တကြား အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“အချောဆုံး ဆိုတဲ့ အချက်ကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့ အလိုရှိတရားခံဆိုတာကတော့ ဘယ်လိုဖြစ်ရတာလဲ။”

သူသည် အွန်လိုင်းတွင်အချောဆုံး အလိုရှိတရားခံဟူ၍ ရှာကြည့်လိုက်မှ အခြေအနေကို နားလည်သွားတော့သည်။ လီရုနန်သည် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံထားရပြီး ကလေးမလေး ချန်လဲ့ထုံမှာမူ မိသားစုတစ်ခုဆီ ရောက်သွားခဲ့ပြီမွေးခံရဖြစ်သည်။ သူ အလိုရှိတရားခံ ဖြစ်နေသည်မှလွဲ၍ အားလုံးကတော့ အဆင်ပြေနေပုံရသည်။

ဒါပေမဲ့ အခုတော့ သူ သွားလာလှုပ်ရှားရတာ ခက်ခဲတော့မည်။

ရဲစခန်း...

ညဆိုင်းတာဝန်ကျနေသော ရဲအရာရှိတစ်ဦးသည် ဖုန်းကြည့်နေရင်း သရဲရှာဖွေရေး ဗီဒီယိုတစ်ခုကို နှိပ်ကြည့်မိသွားသည်။

“ဘာတွေ ကြည့်နေတာလဲ။”

ရဲအရာရှိက မတ်မတ်ထိုင်လိုက်ပြီး။

“ဒီဗီဒီယိုအောက်က ကွန်မန့်တွေမှာ ဒီလူက အလိုရှိတရားခံနဲ့ တူတယ်လို့ ပြောနေကြတယ်။”

“အလိုရှိတရားခံ...”

သူတို့နှစ်ဦး ဗီဒီယိုထဲက တန်ဝမ်ကျဲ၏ မျက်နှာနှင့် မှတ်တမ်းထဲက ပုံကို တိုက်စစ်ကြည့်လိုက်ကြသည်။

“တကယ်ပဲ သူပဲ။”

ထိုင်ကျုံးမြို့...

လူမှုဝန်ထမ်း လီရှူးဖန် သည် ညဖက်အထိ အလုပ်ရှုပ်နေဆဲဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမအနားသို့ တိုးကပ်လာပြီး။

“ဟေး... ဟိုတစ်လောက ဖြစ်သွားတဲ့ သက်ငယ်မုဒိန်းအမှုတွဲကို မှတ်မိလား။”

“ဘယ်တစ်ခုလဲ။”

လီရှူးဖန်းက မေးသည်။ သူမတွင် ထိုကဲ့သို့ အမှုတွဲများစွာ ရှိနေသည် မဟုတ်ပါလား။

“ဟို... အချောဆုံး အလိုရှိတရားခံဆိုတဲ့လူလေ... သားအမိနှစ်ယောက်ကို ခုနစ်ရက် ပိတ်လှောင်ထားတဲ့လူ။”

လီရှူးဖန်းက ခဏရပ်သွားပြီး။

“သူ့ကို ဖမ်းမိပြီလား။”

“တစ်ယောက်ယောက်က သူ့ကို ကင်မရာထဲမှာ အမှတ်မထင် ရိုက်မိသွားတယ်လေ။ အခုတော့ အဲဒီလူက ဂါထာမန္တန်တွေ တတ်တယ်လို့တောင် ပြောနေကြတာ။ ရဲတွေ ဝိုင်းထားတဲ့ကြားကနေ မှန်တွေအပြည့်ရှိတဲ့ အခန်းထဲကနေ အရိပ်အယောင်မရှိ ပျောက်သွားတာတဲ့။”

တစ်ဖက်တွင်မူ အလုပ်သိမ်း၍ အိပ်ရန်ပြင်နေသော ချွမ်ဟုန် သည် လုပ်ဖော်ကိုင်ဖက်များဆီမှ မက်ဆေ့ချ်များစွာ ရောက်နေသည်ကို တွေ့လိုက်ရသည်။

သူ ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ...

“အာကျဲ ...”

သူ့မျက်နှာမှာ အံ့ဩမှင်သက်သွားသည်။ ဆရာကြီး အာချင်းပြောခဲ့သလိုပင်။တန်ဝမ်ကျဲသည် လူတွေကို ဒုက္ခပေးနေခြင်း မဟုတ်ဘဲ မကောင်းဆိုးဝါးတွေကို တကယ်တိုက်ခိုက်နေခြင်း ဖြစ်မည်ဟု သူ ယုံကြည်သွားသည်။

အခုတော့... သူ ပြန်လာခဲ့ပြီ။

All Chapters