ထိုက်ယီထျန်းရှန်း
Vol. 6 Ch. 595
ဝမ်ကျုန်းသည် ယခင်ကကဲ့သို့ လောကနတ်ဘုရား တစ်ပါးအဆင့်နှင့်ဆိုပါက ဆန်းလျန်ကို ယခုကဲ့သို့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သို့သော်… ယခုတော့ ဝမ်ကျုန်းသည် မြင့်မြတ်သော မိုးကြိုးနတ်ဘုရား အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ မိုးကြိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသည့် အတွက် သူ့တွင် အခွင့်အာဏာ အပြည့် ရှိလာခဲ့လေသည်။
နတ်ဘုရား ဖြစ်သူတိုင်းလည်း အခွင့်အာဏာ မရှိကြပေ။
ယွင်ကျွင်းဧကရီ…
အသူရာချောက်မှ တန်ခိုးစွမ်းအား အမြင့်မားဆုံးနှင့် ရှေးအကျဆုံး နတ်သမီး…
သူမက အင်းအမိန့်တော်ကို အသုံးပြုကာ ဝမ်ကျုန်းကို မိုးကြိုးနတ်ဘုရား အဖြစ် ခန့်အပ်ခဲ့သည်။ မိုးကြိုးနတ်ဘုရား တစ်ပါး၏ စွမ်းအားဖြင့် ဝမ်ကျုန်းသည် ဆန်းလျန်ကို ကျိန်းသေ အနိုင်ယူနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ဝမ်ကျုန်းသည် ဆန်းလျန်ထက် တန်ခိုးစွမ်းအား များစွာ မြင့်မားနေသောကြောင့် ဖြစ်လေ၏။
ထိုအချက်ကို ယွမ်ကျွင်းဧကရီနှင့် ဝမ်ကျုန်းသာ နားလည်သည် မဟုတ်ပါ။ ဆန်းလျန်လည်း နားလည် ထားလေသည်။ သူ့အနေဖြင့် မိုးကြိုးနတ်ဘုရားဖြင့် ရင်ဆိုင်လိုက်ရခြင်းက အသူရာ ချောက်တွင် ဆက်လက် အသက်ရှင်သန်နိုင်ရန်ပင် ခက်ခဲသွားနိုင်လေသည်။
သို့သော် ဝမ်ကျုန်းသည် မိုးကြိုးနတ်ဘုရားအဖြစ် အချိန် (၂)နာရီသာ ဖြစ်ခွင့်ရမည် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ဆက်လက်အသက်ရှင်သန်လိုလျှင် ထိုအချိန် (၂) နာရီအတွင်းတွင် တောင့်ခံ ထားနိုင်ရန် လိုအပ် လေသည်။
အခြေအနေများက သိပ်ပြီး မရေရာသည့်တိုင် ဆန်းလျန်က "ပထမဆုံးကာကွယ်၊ နောက်မှတိုက်" ဆိုသည့်ဗျူဟာကို အသုံးပြုရန် ဆုံးဖြတ် လိုက်လေသည်။
ထို့ကြောင့် ဆန်းလျန်သည် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး သူ၏ တန်ခိုးစွမ်းအားများကို ဆင့်ခေါ်လိုက်ကာ ဖြည်းဖြည်းချင်း ပေါင်းစပ် လိုက်လေသည်။ အမှန်တော့ ဝမ်ကျုန်းကို တိုက်ခိုက်ရန် အတွက် သူ၏လျှို့ဝှက် တိုက်ကွက်များ အားလုံးကို ထုတ်သုံးပြီးသွားပြီ ဖြစ်လေသည်။
ထိုအခြေအနေရောက်တော့မှ သူ့ကိုယ်သူကာကွယ်ရန် ဦးစားပေးရမည်ဖြစ်ပြီး ဝမ်ကျုန်းကို တိုက်ခိုက်ရန် အတွက် ဦးစားမပေးသင့် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ဝမ်ကျုန်းသည် ယွမ်ကျွင်းဧကရီ၏အပ်နှင်းမှုကြောင့် မိုးကြိုးနတ်ဘုရား ဖြစ်လာခဲ့သည့်တိုင် သူ၏ မူလအဆင့်သည် လောကနတ်ဘုရား တစ်ပါးမျှသာ ဖြစ်လေသည်။ သို့သော် မိုးကြိုးနတ်ဘုရား အဖြစ်နှင့်ဆိုလျှင် ဝမ်ကျုန်း၏တန်ခိုး စွမ်းအားများသည် ထိုက်ယီထျန်းရှန်း နတ်ဘုရား တစ်ပါးအလား မြင့်မားနေမည် ဖြစ်လေသည်။ ထို့ကြောင့် ရုတ်တရက် မြင့်မားလာသည့် တန်ခိုး စွမ်းအားများကို သူကိုယ်တိုင် ကိုင်တွယ်နိုင်ရန်မှာလည်း ဝမ်ကျုန်းအတွက် အခက်အခဲ ရှိမည်မှာ အသေအချာပင်။
သို့သော်… ဆန်းလျန်အနေဖြင့် လက်ရှိအချိန်တွင် သူ၏ တန်ခိုးစွမ်အားများ အားလုံးကို အသုံးပြုလျှင်တောင်မှ ဝမ်ကျုန်းကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အင်းအမိန့်တော် အစွမ်းကုန်သွားသည့် အချိန် (၂) နာရီ စောင့်ပြီးမှသာ ဝမ်ကျုန်းကို ပြန်လည် တိုက်ခိုက်မည်ဟု ဆန်းလျန်က ကြံစည် ထားလိုက်လေသည်။
ထိုသို့တွေးထားသည့်အတွက် ဆန်းလျန်သည် တည်ငြိမ်လျက် ရှိလေသည်။
ရုတ်တရက်…
ဝမ်ကျုန်းထံမှ ကြုံးဝါးသံတစ်ချက် ထွက်ပေါ်လာလေသည်။
မိုးကြိုးနဂါးကြီး နှစ်ကောင်သည် မိုးနှင့်မြေကိုပင် ဖြိုချပစ်တော့မည့် အလား တန်ခိုးစွမ်းအား မြင့်မားစွာဖြင့် ဆန်းလျန် ရှိရာသို့ ဝင်ရောက် လာလေသည်။
ဆန်းလျန်သည် မိုးကြိုးမုန်တိုင်း အလယ်တွင် အေးအေးဆေးဆေးပင် ထိုင်နေလေ၏။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် နတ်ဘုရား အလင်းတန်းများ ဖြာထွက်နေပြီး နဂါးငွေ့တန်းအလား တောက်ပလင်းလက် နေလေသည်။ မိုးကြိုးနဂါးကြီး နှစ်ကောင်သည် ဆန်းလျန်ကို လှည့်ပတ်နေပြီး သူတို့၏ တန်ခိုးစွမ်းအားများဖြင့် ဆန်းလျန်ကို ညှစ်ထားကြလေသည်။
မိုးကြိုးနဂါးကြီး (၂)ကောင်၏ ရက်စက် ကြမ်းကြုတ်သည့် တိုက်ခိုက်မှုကို ခုခံထားရသည့် အတွက် ဆန်းလျန်၏ နတ်ဘုရား အလင်းတန်းများမှာ တဖြည်းဖြည်း အရောင်မှေးမှိန် လာရလေသည်။
ဆန်းလျန်နှင့် မိုးကြိုးနတ်ဘုရား၏ တိုက်ပွဲအခြေအနေကို ကြည့်နေကြသည့် ရှီးလျန်ပြည်သားများသည် တစ်ချက်ကလေးပင် စိတ်ပျက်ခြင်း မဖြစ်မိကြပေ။ သို့သော် ရှီးလျန်မှ ကျင့်ကြံသူများသည် သူတို့ခန္ဓာကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ ရပ်တန့်သွားသည်ဟု ခံစားလိုက်ကြ ရလေသည်။
လီယွမ်လျန်နှင့် ဂိုဏ်းတူညီ (၃) ယောက်မှာ ဆန်းလျန်ကို မည်သို့မျှ မကူညီနိုင်သည့်အပြင် သူတို့ကိုယ် သူတို့ပင် မိုးကြိုးနဂါးများ၏ တန်ခိုးစွမ်းအားများကို မနည်း ခုခံကာကွယ် နေကြရလေသည်။
ချန်ချင်သည် ဒေါသတကြီးဖြင့် သွားများကို ကြိတ်ထားလေသည်။
သူမက ဆန်းလျန်ကိုကူညီချင်သည့်တိုင် လှုပ်ရှား၍ပင် မရနိုင်ပေ။ အဖြစ်အပျက်များကို နားမလည်သည့် ချန်ခယ်လေးကတော့ ကောင်းကင်ထက်သို့သာ မော့ကြည့်နေလေသည်။
ထိုအချိန်မှာပင်…
မိုးနှင့်မြေတွင် မိုးကြိုးပစ်သံများ ရုတ်တရက် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။
မိုးကြိုးနဂါးကြီး (၂)ကောင်နှင့် ဝမ်ကျုန်းသည် ကောင်းကင်ထက်တွင် ရှိနေလေသည်။
ဆန်းလျန်ဆီမှ ထွက်ပေါ်နေသည့် နတ်ဘုရား အလင်းတန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာသည် လျင်မြန်စွာ ပျက်စီးနေသည်ကို ခံစားနေရသည့်တိုင် မည်သူ့ထံမှ အကူအညီ တောင်းခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
"မူလ" ဆိုသည်မှာ တန်ခိုးစွမ်းအားကို ထုတ်ဖော်ပေးနိုင်သည့် ကိုယ်တွင်းမှ တန်ခိုးစွမ်းအား အနှစ်သာရကို ခေါ်ဆိုခြင်းဖြစ်ပြီး "ဝိညာဉ်ခန္ဓာ"ဆိုသည်မှာ ဝိညာဉ်ကိုပင် ပြောခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအား အနှစ်သာရနှင့် ဝိညာဉ် ပေါင်းစပ်သွားခြင်းကို "မူလဝိညာဉ်ခန္ဓာ" ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
တန်ခိုးစွမ်းအား အနှစ်သာရနှင့် ဝိညာဉ် ပေါင်းစပ်သွားသည့် အတွက် ကျင့်ကြံသူများသည် ရုပ်ခန္ဓာနှင့် ဖြစ်တည်ခြင်း ကွဲပြား သွားကြလေသည်။ ထို့ကြောင့် နတ်ဘုရားများသည် ရုပ်ခန္ဓာ မရှိလျှင်တောင်မှ မူလဝိညာဉ်ခန္ဓာဖြင့် အသက် ရှင်သန် နိုင်ကြလေသည်။
ဆန်းလျန်သည် နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများ အားလုံးကို မိုးကြိုး နဂါးကြီးများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အသုံးပြုခဲ့ရသလို ကိုယ်တွင်း အနက်ရှိုင်းဆုံး နေရာမှ ရွှေပြဒါး အမြုတေကို ကာကွယ်ရန်လည်း အသုံးပြုခဲ့ရလေသည်။
သူ့ကိုယ်သူ အသက်ရှင်သန်နိုင်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းကို ဆန်းလျန် ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။
ဝမ်ကျုန်းသည်လည်း ဆန်းလျန်ကို ထိန်းချုပ်ရန်အတွက် သူ၏ တန်ခိုးစွမ်းအား အကုန်လုံးကို အသုံးပြုပြီးသည့်နောက် တိတ်ဆိတ် ငြိမ်သက်နေလေသည်။ သူက ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အားလုံး ကုန်ဆုံးသွားပြီး ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တော့သည် အထိ စွမ်းအားမဲ့ သွားသည့် အချိန်ကို စောင့်နေခြင်း ဖြစ်လေသည်။
မူလဝိညာဉ် ခန္ဓာတွင် "မူလ" ဆိုသည့် တန်ခိုးစွမ်းအားသည် ခြေလက်အင်္ဂါများနှင့် ဆင်တူလေသည်။ တန်ခိုးစွမ်းအားလုံး ကုန်ခန်းသွားပါက ခြေလက်အင်္ဂါများ ဆုံးရှုံး သွားသကဲ့သို့ လုပ်နိုင်စွမ်းအားလုံး ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
တန်ခိုးစွမ်းအားများအားလုံး ပျောက်ကွယ်သွားပါက မည်သည့်အဆင့်သို့ရောက်နေသည့် နတ်ဘုရား ဖြစ်နေပါစေ သာမန်လူတစ်ယောက်အဖြစ် အဆင့်နိမ့်ကျ သွားရမည် ဖြစ်လေသည်။
ရှေးလူများ ပြောကြသည့် ဆိုရိုးစကား တစ်ခုရှိလေသည်။
"တန်ခိုးစွမ်းအား (၅) ပါး ဆုံးရှုံးသွားသည့် နတ်ဘုရားသည် သာမန်လူနှင့် မခြားတော့ပေ" ဟူ၍ပင်။
ထို့ကြောင့်ပင် "ဝိညာဉ်ခန္ဓာကို ကျင့်ကြံမည့်အစား တန်ခိုးစွမ်းအားကို လေ့ကျင့်ပါ" ဟု ပြောဆိုခဲ့ကြခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အားလုံး ကုန်ဆုံးသွားသည့် အချိန်ထိ စောင့်ဆိုင်းခြင်းထက် ကောင်းသည့် အစီအစဉ် မရှိတော့ပေ။
မိုးမြေ စွမ်းအားများကို စုပ်ယူပြီး နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့် အတွက် အမြုတေ ဖြစ်တည်နေသည့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် ကုန်ဆုံးသွားရန်မှာ အချိန်အတန်ကြာ ယူရမည် ဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ကုန်ခန်းရန် အချိန်ကြာလေ… ဝမ်ကျုန်းအတွက် အကျိုးယုတ်လေပင် ဖြစ်လေ၏။
ဝမ်ကျုန်းသည် အချိန် (၂)နာရီအတွင်းမှာပင် ဆန်းလျန်၏ တန်ခိုးစွမ်းအား အားလုံးကို ပျက်စီးစေရန် စီစဉ်ထားလေသည်။
သို့သော်…
အခြေအနေများကို အနည်းငယ်ရှုတ်ထွေးစေသည့် အချက်တစ်ခု ရှိလေသည်။
ဆန်းလျန်သည် တန်ခိုးစွမ်းအားများ ကုန်ဆုံးသွားတော့မည် ဖြစ်သည့်တိုင် သူ၏ မူလဝိညာဉ် ခန္ဓာကို အခြားတစ်ဖက်မှ ပြန်လည် ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများည် လျင်မြန်စွာ ကုန်ဆုံးနေသည့်တိုင် ဆန်းလျန်၏ ပုံသဏ္ဌာန်ကတော့ အေးဆေး တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။
သူတို့နှစ်ယောက်ကြားတွင် အနိုင်အရှုံးဆိုသည့် အချက်သည် ကွဲပြားနိုင်ခြင်း မရှိသေးပေ။
ဆန်းလျန်၏ ကိုယ်တွင်းမှ တန်ခိုးစွမ်းအား အားလုံးသည် ထိုက်ရွှီး တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထိုက်ရွှီးတန်ခိုး စွမ်းအားများသည် သူ၏ ကိုယ်တွင်း၌ အမြစ်တွယ်လျက် ရှိပြီး ကျင့်စဉ်ပေါင်းများစွာ၊ တန်ခိုးစွမ်းအား ပေါင်းများစွာကို နားလည်စေရန် ထောက်ပံ့ ပေးခဲ့လေသည်။ ထို့ကြောင့် သူ့ဘဝတွင် ပြိုင်ဘက် ရန်သူများကို မရှုမလှရှုံးနိမ့်ခြင်းမျိုး တစ်ခါမှ မဖြစ်ခဲ့ပေ။
ဝမ်ကျုန်းက ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အားလုံးကို ဖယ်ရှားပစ်ရန် လုပ်ဆောင် နေခဲ့လေသည်။
သို့သော် ဆန်းလျန်ကလည်း သူ့စွမ်းအားများ အားလုံးကို ဖယ်ရှားပစ်ရန် ကြိုးစား နေခဲ့သည် ဆိုသည့်အချက်ကို ဝမ်ကျုန်းသိရှိခဲ့ခြင်း မရှိပေ။
ဆန်းလျန်၏ နှလုံးသားထဲတွင် ဖန်ဆင်းထားသည့် စကြဝဠာသည် အပြည့်အဝ ဖြစ်တည်ခြင်း မရှိသေးပေ။ သို့သော် တန်ခိုးစွမ်းအားများ ကုန်ဆုံးသွားသည်နှင့် သူ၏ဖြစ်တည်မှု တစ်ခုလုံးမှ ထွက်ခွာသွားရန် ထိုစကြဝဠာကို အသုံးချ နိုင်သည်ဟု ဆန်းလျန် ယူဆထားလေသည်။
ဝမ်ကျုန်းရော ဆန်းလျန်ပါ သူတို့၏ တန်ခိုးစွမ်းအားများကို အဆုံးစွန်ထိ အသုံးပြု ထားကြလေသည်။
မိုးကြိုးနဂါးကြီး နှစ်ကောင်သည် ဆန်းလျန်၏ဘဝကို နိဂုံးချုပ်ပစ်တော့မည့် အလား ကျယ်လောင်သည့် ကြုံးဝါးသံကြီး များကို ပြုလုပ်နေကြလေသည်။
နောက်ဆုံးတွင်တော့…
နဂါးကြီးများသည် ဆန်းလျန်ရှိရာသို့ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ဝင်ရောက် လာကြလေတော့သည်။
ထိုအချိန်တွင်…
အသူရာချောက် တစ်ခုလုံးတွင် တိတ်ဆိတ်သည့် နရီစည်း တေးသွားတစ်ခု ထွက်ပေါ် လာလေသည်။
ထိုနရီစည်းတေးသွားသည် ဆောင်းရာသီတွင် အေးခဲနေပြီး နွေဦးရာသီတွင်တော့ လူများ၏ နှလုံးသားကို ထိတွေ့ကာ အသစ်သော ဘဝကို ပေးစွမ်းနိုင်သည့် မျိုးစေ့တစ်ခုအလား ဖြစ်လေသည်။
ထိုနရီစည်း တေးသွား ထွက်ပေါ်လာရာ နေရာတွင် ယင်နှင့်ယန် ခြားနားချက် မရှိတော့ပေ။
မရှိမှုတရား၏ နယ်နိမိတ်သည်လည်း အကန့်အသတ်မဲ့လျက် ရှိလေပြီ…။
ထိုနေရာတွင် အလင်းမရှိ၊ ပုံရိပ်မရှိ၊ သဏ္ဌာန်မရှိ၊ အမည် နာမပညတ်ချက်များ မရှိ…။
ထိုနေရာသည် တိတ်ဆိတ် ငြိမ်သက်နေပြီး ဖြစ်တည်မှု ပုံစံမရှိ…။
ထိုအဆင့်ကို "ထိုက်ယီထျန်းရှန်း" အဆင့်ဟု ခေါ်လေသည်။
ထိုက်ယီထျန်းရှန်း ဆိုသည်မှာ နတ်ဘုရားများ အားလုံး၏ ဖြစ်တည်မှု အစပြုရာ ဖြစ်လေသည်။ သို့သော်… ထိုနေရာတွင် "တန်ခိုးစွမ်းအားတည်ရှိမှု" ကင်းမဲ့လျက် ရှိလေ၏။
ဆန်းလျန် ပြုံးလိုက်လေသည်။
ထိုအပြုံးသည် လှောင်ပြောင်သည့် အပြုံးတစ်ခုမျှသာ ဖြစ်လေသည်။
ထိုအပြုံးသည် သူ၏ မျက်နှာထက်မှ ပုံမှန် ခံစားချက်များကို ချိုးဖျက် လိုက်သည့် အပြုံးတစ်ခုသာ ဖြစ်လေသည်။
ကျင့်ကြံသူများကြားတွင် ထိုက်ယီထျန်းရှန်း အဆင့်သည် နယ်နိမိတ်များ အားလုံးကို ကျော်လွန်ပြီး အသစ်သော စကြဝဠာ တစ်ခုကို ဖြစ်တည်လာစေပြီး မိုးနှင့်မြေကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားစေသည့် ပထမဆုံးအဆင့် အဖြစ်မှတ်ယူ ကြလေသည်။
ထိုအဆင့်တွင် ယင်နှင့်ယန်၏ ပုံသဏ္ဌာန်သည် မူလအတိုင်း တည်ရှိလေသည်။
ထိုအဆင့်တွင် မိုးနှင့်မြေ ခွဲခြား ဖြစ်တည်နေခြင်းလည်းမရှိ…။
အကြောင်းအရာ အားလုံးကို ခြုံပြီးပြောရမည်ဆိုလျှင် ဆန်းလျန်သည် မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဆင့်မှ ထိုက်ယီထျန်းရှန်း နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။
မိုးကောင်းကင် နတ်ဘုရားတိုင်းသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက် နိုင်ကြသည် မဟုတ်ပေ။
သို့သော်… ဆန်းလျန်ကတော့ ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် ထိုက်ယီထျန်းရှန်း အဆင့်သည် သူရောက်ရှိရမည့် အဆင့်လည်း ဖြစ်လေသည်။
ထိုက်ယီထျန်းရှန်း အဆင့်သည် သူ့ဘဝတွင် ရင်ဆိုင်ရမည့် အပြောင်းအလဲ တစ်ခုလည်း ဖြစ်လေသည်။
သို့သော်… ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ခြင်း အတွက် သူ့ကိုယ်သူ ဂုဏ်ပြုချီးမြှောက် နေရန်တော့ မလိုအပ်လှပါချေ။
***