အခန်း (၁၀၂၇-၁၀၂၈)
Vol. 86 Ch. 1027-1028
အခန်း ၁၀၂၇ –
ငါးကြီးတစ်ကောင် ... ။
ကောင်းကင်နှင့် မြေပြင်သည် လုံးဝ တိတ်ဆိတ်သွားပြီး အရပ်မျက်နှာအားလုံး ငြိမ်သက်သွားခဲ့သည်။
မမြင်နိုင်သော ဖိအားများသည် ရေလှိုင်းများသဖွယ် လူတိုင်း စိတ်အာရုံကို ရိုက်ခတ်သွားခဲ့၏။
ပန်းချီဆရာ၊ တံငါသည်နှင့် တျန်ကျောက်ဟူသည် ယနေ့ခေတ်တွင် ထိပ်တန်းပါရမီရှင်များဖြစ်သည်။
သူတို့ထဲမှ မည်သူမဆို ကနဦးနတ်ဝိညာဉ်အဆင့်ထက် သာလွန်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထား၏။
အထူးသဖြင့် တိုက်ပွဲအတွင်း ထိုလေးဦးထုတ်ဖော်ပြသသွားသည့် နည်းစနစ် ဥပဒေများမှာ ကြောက်စရာကောင်းလှသည်။
ထို့ပြင် အစွမ်းအထက်ဆုံးသော လူသတ်လက်နက်များကိုပါ ထုတ်သုံးခဲ့ကြ၏။ သို့သော် နောက်ဆုံးတွင် ရှုံးနိမ့်သွားသည်။
လေးယောက်နှင့် တစ်ယောက် တိုက်ခိုက်နေရသည့် အခြေအနေ၌ ဤရလဒ်မှာ မိုးကြိုးပစ်ချခံရသည့်အလား လူတိုင်း၏ နှလုံးသားများကို တုန်ခါစေ၏။
အထူးသဖြင့် ရှေးခေတ်မျိုးရိုးများမှ သေလွန်ဝိညာဉ်များ၏မျက်နှာမှာ ရှုပ်ထွေးပြီး တည်ငြိမ်မှုပျက်ပြားနေချေပြီ။
အစောပိုင်းက စုရီတစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိနေသဖြင့် သူတို့သည် ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
အဆုံးတွင် ဤတိုက်ပွဲ၏ ရလာဒ်သည် ပြောင်းပြန်လှန်သွားပြီး စုရီနိုင်ပွဲနှင့် အဆုံးသတ် သွားတော့၏။ မည်သို့ ဆက်လက် လုပ်ဆောင် ရမည်ကို မဆုံးဖြတ်နိုင်တော့ချေ။
တစ်ဖက်လူ ထုတ်ဖော်ပြသသွားသည့် တိုက်ပွဲဝင်စွမ်းအားမှာ သူတို့ပင် နားလည်ရ ခက်ခဲနေ၏။ ယုတ္တိမတန်လှချေ။
ထိုမျှအထိ ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရသည့် လူတစ်ဦးသည် မည်သို့ကစားပွဲ ရလာဒ်အပေါ် ပြောင်းလဲနိုင်သနည်း။
ကျိုးဟန်ရှန်းနှင့် ကျန်းထျန်းချွမ်တို့ ကဲ့သို့သော ရှေးဟောင်းကာကွယ်သူ မျိုးနွယ်မှ အဖိုးကြီးများ မျက်နှာမှာ မည်းမှောင်နေ၏။ ဤရလဒ်ကို မမျှော်လင့်ထားခဲ့ချေ။
“ ဘာလို့ ငါ့စိတ်ထဲမှာ ဝမ်းနည်းသလို ... တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရတာလဲ ... ။ ”
လူငယ်တစ်ဦးက ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ ယင်းသည် မျိုးဆက်ဟောင်း အဖိုးကြီးများ၏ နှလုံးသားကို ထိမှန်သွားခဲ့သည်။
“ ဘာလို့လဲဆိုတော့ သေဆုံးသွားတဲ့ သူတွေဟာ တစ်ချိန်က ဒီကြယ်ပင်လယ်ကြီးရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေလို့ပဲ။ ”
“ မှန်တယ် လွန်ခဲ့တဲ့ အချိန်တွေတုန်းက သူတို့ရဲ့ ဂုဏ်သတင်းတွေဟာ လောကကြီးအနှံ့ ပျံ့နှံ့ခဲ့ဖူးတယ် မျိုးဆက်တစ်ခုပြီးတစ်ခု လွှမ်းမိုးနိုင်ခဲ့တယ် ...
... အခု ဒီလိုလူတွေ ရုတ်တရက် သေဆုံးသွားတာဟာ ပုံပြင်တစ်ပုဒ်ဇာတ်သိမ်း သွားသလို ခံစားစေရတာပဲ။ ”
“ ထာဝရ သူရဲကောင်းတွေရဲ့ သမိုင်းကြောင်းဟာ နောက်ဆုံးတော့ အချည်းနှီး အဖြစ် ပြောင်းလဲသွားခဲ့ရပြီ သူတို့အကြောင်း ဘယ်တော့မှ ထပ်မကြားရတော့ဘူး။ ”
မျိုးဆက်ဟောင်း အဖိုးကြီးများက လူငယ်များကိုရှင်းပြဟန်ဖြင့် သက်ပြင်းချလျက် အချင်းချင်း ပြောကြားနေတော့သည်။ သူတို့ရင်ထဲ လှိုင်းထန်နေကြ၏။
ပန်းချီဆရာ၊ တံငါသည်၊ တျန်ကျောက်နှင့် ရန်ထောင်လင်တို့အားလုံးသည် ကြယ်ပင်လယ် အတွင်း နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်သူများ ဖြစ်ချေ၏။
အဆုံး၌ သူတို့ကဲ့သို့ အထွတ်အထိပ် တန်ခိုးရှင်များပင် သေဆုံးသွားခဲ့ရလေသည်။ ယင်းသည် သေမျိုးများ၏ အဆုံးသတ်ဖြစ်၏။ ထို့ကြောင့် လူတိုင်းသည် အင်မော်တယ်လမ်းကို မက်မောနေကြသည်မှာ သဘာဝပေပင်။
ယနေ့တိုက်ပွဲသည် နောင်လာနောင်သားများအတွက် အတုယူ စံထားစရာများ ကျန်ရစ်ခဲ့၏။
တိုက်ပွဲအတွင်း အချင်းချင်း သဘောထားကြီးမှု၊ ရဲရင့်မှု၊ မာန်မာနနှင့် ဂုဏ် ကျက်သရေသည် သမိုင်းတွင်ကျန်ရစ်ပေမည်။ အမှန်နှင့်အမှန်၊ သေခြင်းနှင့်ရှင်ခြင်းတို့သည် မျိုးဆက်ပေါင်းများစွာ ဝေဖန်ပိုင်းခြားနေမည်မှာ အသေအချာပေပင်။
မည်သို့ပင် ဆိုစေကာမူ နိုင်သူသည် သမိုင်း၌ဘုရင်ဖြစ်ကာ ရှုံးသူသည် ဓားပြများ ဖြစ်ချေပြီ။
ထို့ကြောင့် လူငယ်များသည် သွေးများပွက်ပွက်ဆူလျက် စုရီကိုလေးစားစွာ ကြည့်နေကြတော့သည်။
ဤတိုက်ပွဲမစခင် သူတို့၏ စီနီယာကြီးများသည် စုရီတွင် အနိုင်ရရှိနိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးသည်ဟု မှတ်ချက်ပေးသည်ကို ကြားထား၏။
သို့သော် ယခုအခါတွင်မူ ထိုကဲ့သို့သော မှတ်ချက်များသည် ဟာသအဖြစ် တိတ်ဆိတ် ကုန်သည်ကို ကျေနပ်သွားကြသည်။
“ မင်းတို့အားလုံး ... အပ်ချုပ်သမားရဲ့ ကစားကွက်မှာလိုက်ခဲ့ပေမယ့် အပ်ချုပ်သမားကို ဘယ်တုန်းကမှ သဘောမကျတာ ငါသိတယ် ဒါပေမယ့် ကိစ္စမရှိပါဘူး ... ငါသူ့ခေါင်းကို ဖြတ်ပေးမှာမို့ သွားနှင့်ကြပါ။ ”
စုရီက မြေပြင်ပေါ်ရှိ ဓားကျိုးထံကြည့်ကာ ဝိုင်အိုးထဲရှိ ဝိုင်များကို ကုန်စင်သွားသည်အထိ လောင်းချပေးလိုက်သည်။
“ ဟားဟားဟား ... ဝင်စားသူ ငါ မေးခွန်းတစ်ခုမေးပါရစေ ဒီနေ့မင်းမှာ တိုက်ပွဲ ဝင်နိုင်စွမ်း ရှိသေးရဲ့လား။ ”
ရုတ်တရက် ရယ်မောသံနှင့်အတူ ကျန်းထျန်းချွမ်က လှမ်းထွက်လာ၏။ လူတိုင်း၏ အကြည့်များကိုလျစ်လျူရှုလျက် လေထဲလှမ်းပြီး လက်နှစ်ဖက်နောက်ပို့ကာ စုရီထံသို့ စိုက်ကြည့်လိုက်လေသည်။
သူနှင့်အတူ သူ့မျိုးရိုးမှ အခြားသော နတ်ဝိညာဉ်အဆင့်အဖိုးကြီးများ လိုက်ပါလာ၏။ စုရီက လှည့်ကြည့်ပြီး၊
“ မင်းရဲ့ခေါင်းကို ဖြတ်ပစ်ဖို့က ငါ့အတွက်တော့ ... လက်ဖဝါးလှန်လိုက်သလို လွယ်ကူနေပါသေးတယ် ... ဘာလို့ လာမစမ်းကြည့်ရတာလဲ။ ”
တစ်ဖက်လူတွင် ဒဏ်ရာအပြင်းအထန် ရရှိနေသော်လည်း အကြည့်ခံရသောအခါတွင် ကျန်းထျန်းချွမ်သည် နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့သည်။
“ ဒါဆိုရင်တော့ ငါက တကယ် စမ်းကြည့်ချင်တယ်။ ”
ထိုစဉ် ရှေးခေတ် ဂိုဏ်းကြီးများဘက်မှ အနီရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာခဲ့သည်။
အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေပြီး ရုပ်သွင်သည် လူငယ်လေးတစ်ဦး နှင့်တူနေချေပြီ။
သူ့ဘေးတွင် ကြောက်မက်ဖွယ် ကောင်းသောရောင်ဝါများ သိုင်းခြုံထားသည့် နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်များ လိုက်ပါလာသည်။
ထိုအနီရောင်ဝတ်စုံဝတ် အမျိုးသားမှာ ရှေးခေတ်ဂိုဏ်းကြီးတစ်ခုဖြစ်သော ဟွမ်ချွမ် နတ်မိစ္ဆာတောင်မှ အကြီးအကဲတစ်ဦးပေပင်။ အမည်မှာ လုချန်ထင် ဖြစ်သည်။
စစ်မှန်သော ကောင်းကင်ဘုံ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် မယှဉ်နိုင်သော်လည်း ထိုအဆင့်ခွန်အားမျိုး ပိုင်ဆိုင်ထားချေပြီ။
ဤလောကကြီးတွင် သွားလာနိုင်သော သေလွန်ဝိညာဉ်များအကြား၌ ပေါင်းစည်းခြင်း အဆင့်ဟူသည် အမြင့်ဆုံးအဆင့်ပေပင်။
လွန်ခဲ့သော နှစ်လကသာဆိုသော် ထိုကဲ့သို့သောပုဂ္ဂိုလ်များပင် လုံးဝထွက်နိုင်ခြင်း မရှိကြချေ။ ကောင်းကင်ဥပဒေများ ပြောင်းလဲမှု ကြောင့်သာလျှင် လုချန်ထင်အဆင့်ရှိသူများမှာ ထွက်လာနိုင်ခြင်းဖြစ်သည်။
လုချန်ထင် ထွက်လာသည်ကို မြင်လိုက်ရသည့်အခါတွင် ကျန်းထျန်းချွမ်ခမျာ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွား၏။
ယနေ့ ဤခရမ်းရောင်တိမ်တောင် တဝိုက်တွင် မည်မျှများပြားလှသောရှေးဟောင်း ကြွက်အိုကြီးများ ပုန်းအောင်းနေကြမည်ကို မမှန်းဆနိုင်ချေ။
“ ဘာလို့ အလျင်လိုနေတာလဲ ဒီနေ့ရဲ့ အခြေအနေကို လူတိုင်း မြင်နေရတာပဲ မင်းတို့ ဟွမ်ချွမ်နတ်မိစ္ဆာတောင်က ဒီသားကောင်ကို တစ်ဦးတည်း သိမ်းပိုက်ချင်နေတာကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးရာကျနေပြီ။ ”
ရုတ်တရက် စကားသံနှင့်အတူ ကြောက်စရာကောင်းသော အရှိန်အဝါများဖြင့် သေလွန်ဝိညာဉ်တစ်စု ထွက်ပေါ်လာချေပြီ။
အဖွဲ့ကို ဦးဆောင်လာသူသည် လက်အကျယ်ပါရှိသော အနက်ရောင်ဝတ်စုံ ရှည်ကြီးကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးပေပင်။
ခေါင်းပေါ်တွင် ကြယ်ဦးထုပ်တစ်လုံး ဆောင်းထားပြီး နောက်ကျောတွင် အလောင်း တောင်များနှင့် သွေးပင်လယ်ကြီးများ၏ မြင်ကွင်းများ လိုက်ပါလာနေသည်။
ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည်လည်း တစ်လောကလုံးအပေါ် တုန်လှုပ်စေလောက်အောင် ကြောက်စရာ ကောင်းနေလေသည်။
တောင်ပိုင်းမီးလျှံနယ်မြေမှ အင်အားစုတစ်စုပေပင်။ ရှေးခေတ်ဂိုဏ်းကြီးများ အကြား၌ အထက်တန်းလွှာအဆင့်ရှိသော မိစ္ဆာအင်အားစုကြီးတစ်ခုဖြစ်သည်။
သူသည်လည်း ယနေ့ခေတ်တွင် တာအိုကာကွယ်သူ မျိုးနွယ်စုတစ်ခုဖြစ်သည့် ကျိုးမိသားစုနှင့် မဟာမိတ်ဖွဲ့ထား၏။
မကြာသေးမီနှစ်များအတွင်း ယနေ့ခေတ် နတ်ဆိုးကျင့်ကြံသူများကို သိမ်းသွင်းနေခဲ့သဖြင့် အလွန်ပင်ကျော်ကြားနေသည်။
“ ဟားဟားဟား ... တာအိုမိတ်ဆွေတို့ ငါတို့လည်း ရှိပါသေးတယ်။ ”
တစ်ချိန်တည်းမှာပင် အခြားသော အင်အားစုများမှ နတ်ဝိညာဉ်အဆင့် သေလွန် ဝိညာဉ်များမှာ ထွက်ပေါ် လာတော့သည်။ ချက်ချင်းပင် လေထုအလယ် ရှေးခေတ် အင်အားစုကြီးလေးခု စုံလင်သွား၏။
ဤသည်မှာ ဖန့်ကျန့်နတ်ဘုရားမျှော်စင်၊ ဝမ်လင်နတ်တောင်၊ ထျန်းယွင်နတ်ဘုရားဂိုဏ်း၊ ရွှမ်ယင်နတ်မိစ္ဆာတောင် တို့ဖြစ်သည်။
ထိုအင်အားစုများသည် ယနေ့ခေတ် ကြယ်မြစ်ဂိုဏ်း၊ ထိုက်ရီတာအိုဂိုဏ်း စသည်တို့ ကဲ့သို့ ဧရာမဘီလူးကြီးများဖြစ်ချေ၏။
တစ်ချိန်က အင်အားကြီးမားခဲ့ပြီး ဓမ္မအဆုံးခေတ်တွင် သေမျိုးကမ္ဘာသို့ ပြောင်းလဲ ခိုလှုံပုန်းအောင်းနေကြသူများပေပင်။
အဖွဲ့တိုင်းတွင် ပေါင်းစည်းခြင်းအဆင့် သေလွန်ဝိညာဉ်များက ဦးဆောင်နေပြီး အဖွဲ့ဝင် အရေအတွက်သည် အနည်းဆုံးခြောက်ဦးမှ စကာ ဆယ်ဦးကျော်အထိ ပါဝင်နေသည်။
လက်ရှိခေတ် ထိပ်တန်းအင်အားစုများ အနက် ရှေးဟောင်း ကာကွယ်သူမျိုးနွယ်စုများမှ ကျိုးမိသားစု၊ ကျန်းမိသားစုနှင့် ရှမိသားစုတို့ သည်သာ ရှေ့ထွက်လာခဲ့ကြသည်။
နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ရောင်ဝါကြောင့် လေထုတစ်ခုလုံး တင်းကြပ်ပြီး အသက်ရှူရန်ခက်ခဲကုန်၏။
သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ သည်လည်း အရပ်ရပ်သို့ပြန့်နှံ့ပြီး ဝန်းကျင်ရှိ လူအများကို ဆုတ်ခွာသွားစေ၏။
တုံ့ယွီအဆင့် နယ်ပယ် ဘုရင်တစ်ပါး အတွက်ပင် ရပ်တည်နိုင်ရန် ခက်ခဲသွားချေပြီ။ နတ်ဝိညာဉ်အဆင့် လူပေါင်းတစ်ရာကျော်သည် နယ်ပယ်ဘုရင်များအတွက် ကူကယ်ရာမဲ့စေ၏။
လူတိုင်းက လေထုအလယ် နေရာအသီးသီးတွင် ရပ်တန့်လျက် စုရီကို စောင့်ကြည့်နေသည်။ မည်သူမျှ တိုက်ခိုက်ခြင်း မရှိသေးချေ။
ယင်းသည် စုရီကိုကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ အကယ်၍သာ တစ်စုံတစ်ယောက်က စတင်တိုက်ခိုက်သော် အခြားအင်အားစုများမှ ကြားဝင်တိုက်ခိုက် ပိတ်ဆို့လာပေမည်။
ထိုမှတစ်ဆင့် ကြိုတင်မခန့်မှန်းနိုင်သော အင်အားစုများကြား စစ်ပွဲကြီးတစ်ခုစတင်လာ နိုင်၏။
“ စိတ်ဝင်စားစရာပဲ၊ အားလုံးက ငါ့ကို သားကောင်အဖြစ် သတ်မှတ်ထားကြပေမယ့် အခုတော့ တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်နေရပြီ။ ”
စုရီမှ လှောင်ပြောင် ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် အေးဆေးတည်ငြိမ်နေကာ မည်သည့်ကြောက်ရွံ့မှုမှု မခံစားရချေ။
စစ်မှန်သောခံစားချက်သည် ရင်ထဲ၌ ဆူပွက်နေသော လူသတ်အငွေ့အသက်များပင် ဖြစ်လေသည်။
ဤမတိုင်မီ သူသည် တစ်လောကလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရ၏။ ယခုမူ စဉ်းတုံးပေါ်မှ ငါးကြီးတစ်ကောင်ကဲ့သို့ ယူဆနေကြပြန်သည်။
“ မိတ်ဆွေတို့ ... ငါတို့တွေ ဒီလိုမျိုး ငြင်းခုန်နေရင် အဲ့ဒီလူယုတ်မာကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားလိမ့်မယ် သူရဲ့ ခွန်အားတွေ ပြန်ရလာနိုင်တယ်။ ”
ကျန်းထျန်းချွမ်မှ အော်ဟစ် သတိပေးလိုက်သည်။ ယနေ့အခြေအနေသည် သူခန့်မှန်းထားသည်ထက် များစွာ ပြင်းထန်၏။
စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာမည်မှာ ရှောင်လွှဲ၍မရတော့ချေ။ အမှောင်ထဲတွင်လည်း အခြားသော သေလွန်ဝိညာဉ်များ ရှိနေနိုင်သေးသည်။
အချိန်ကြာသည်နှင့်အမျှ စုရီအတွက် ဒဏ်ရာများကို ကုသရန်နှင့် အခွင့်အရေး ရရှိ သွားနိုင်မည်။
“ ကောင်းပြီ ... ဒါဆို ငါအခုပဲ စလိုက်တော့မယ်။ ”
တစ်စုံတစ်ယောက်က ပြတ်သားစွာ အော်ဟစ်လိုက်ပြီးနောက် လျှပ်စီးတန်းအလား စုရီထံသို့ တဟုန်ထိုးပြေးဝင်သွားလေသည်။
***
အခန်း ၁၀၂၈ –
ရန်မီးကို တစ်ဖက်သို့ လွှဲပြောင်းအပ်ခြင်း။
စုရီထံသို့ ဝင်ရောက်လာသူသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူက ရောင်ဝါကိုဖုံးကွယ်ထားပြီး ကမ္ဘာမြေနှင့် လုံးဝတစ်သားတည်း ဖြစ်နေကာ တိုက်ခတ်သွားသော လေပြင်းလေညင်းအလား ထင်မှားရစေ၏။
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် လုပ်ကြံသတ်ဖြတ်ရာ၌ အမြင့်ဆုံးစွမ်းရည်ပင်။ အလွန်ကြောက်စရာကောင်း၏။
သူသည် နတ်ဝိညာဉ်များကြားတွင် မည်သူမျှသတိမထားမိအောင် ပုန်းကွယ်၍ ရောက်ရှိလာခြင်းဖြစ်သည်။
လက်ချောင်းဆယ်ချောင်းသည် ချိတ်များသဖွယ်တောက်ပသော အလင်းများ ယှက်နွယ်လာကာ လေထုကို ဖြတ်သန်း သွားတော့၏။
“ ဝှစ် ... ။ ”
တိမ်တိုက်များမှ နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ငွေရောင်လက်သည်းများ ဖွင့်လျက် ကုပ်ဆွဲလာခြင်းဖြစ်၏။
ထိုအခိုက်အတန့်တွင် အဝေးမှ လူအုပ်ကြီးသည် သတိဝင်လာပြီး ဟန့်တားရန် ပြင်လိုက်ကြသည်။
တစ်ဖက်တွင် စုရီသည် ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်နေလျက်ဖြင့် ပြိုင်ဘက်၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မြင်တွေ့နေရသည်။
ထိုအနက်ဝတ် အမျိုးသား၏ မျက်လုံးများထဲတွင် အလွန်အမင်း စိတ်လှုပ်ရှား နေမှုများ ပြည့်နှက်နေသည်။
“ ဝုန်း ... ။ ”
ထိုလူက သူနှင့် သုံးကိုက်အကွာသို့ ရောက်ရှိလာသည့်အခါ မမြင်နိုင်သော နံရံကြီး တစ်ချပ်ထံတိုက်မိသွားသကဲ့သို့ ယိမ်းယိုင်ပြီး ဆုတ်ခွာသွားခဲ့လေသည်။
အရှိန်မှာ ပြင်းထန်လှသဖြင့် မြေပြင်ပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ကာ မျက်စိထဲတွင် ကြယ်တာရာများ လှည့်လည်သွားတော့၏။
“ နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းထား ပြီးတာတောင် ဒီလိုချောင်းမြောင်း တိုက်ခိုက်တဲ့ နည်းလမ်းတွေကို သုံးနေတုန်းပဲလား တကယ့်ကို ရွံစရာပဲ။ ”
စုရီက မှတ်ချက်ပေးလိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဥပဒေစည်းမျဉ်းဖြင့် ပိတ်ဆို့ထားပြီးဖြစ်သည်။ မည်သူမဆို ကျူးကျော်ဝင်ရောက်လာပါက ဤသို့ အရှက်ရပေလိမ့်မည်။
အနက်ရောင်ဝတ် အမျိုးသားမှာ ထိတ်လန့်သွားပြီး ချက်ချင်းလှည့်၍ပြေးရန် ပြင်လိုက်တော့သည်။ သို့သော် ဓားအလင်း ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
“ ရွှပ် ... ။ ”
အနက်ဝတ် အမျိုးသားခမျာ ဦးခေါင်း လေထဲသို့လွင့်ပျံသွားခဲ့ရပြီး ခန္ဓာကိုယ်ကြီးသည် အမှုန်အဖြစ်ပြောင်းလဲသွားတော့၏။ ကနဦး နတ်ဝိညာဉ်အဆင့် တစ်စုံတစ်ဦးသည် ဤမျှ လွယ်ကူစွာ အဆုံးသတ်သွားချေပြီ။
သူသည် တံငါသည်၊ ပန်းချီဆရာ၊ ရန်ထောင်လင်၊ တျန်ကျောက်တို့နှင့် ကျင့်ကြံမှု အဆင့်ခြင်း တူသော်လည်း ခွန်အားခြင်း မတူချေ။
သွေးချင်းချင်းနီသွားသော မြင်ကွင်းက အဝေးမှလူအုပ်ကြီးကို မျက်နှာများပြောင်းလဲ သွားစေခဲ့သည်။
ဤမျှပြင်းထန်သော ဒဏ်ရာများ ခံစားနေရသည့်တိုင် ဓားတစ်ချက်တည်းဖြင့် ရန်သူကို သတ်ပစ်နိုင်နေသည်မှာ ဘီလူး ဆန်ချေပြီ။
“ ဒီလူ တကယ်ပဲ ဒဏ်ရာရရဲ့လား။ ”
လူတိုင်းထိုအတွေးဝင်လာသည်။ သို့သော် စုရီသည် ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်ကို မြင်လိုက်ရ၏။ ယင်းကြောင့် ဝိုင်းရံထားသော လူအုပ်ကြီးမှာ မျက်ဝန်းများလက်ကုန်သည်။
“ ဂျိန်း ... ။ ”
“ ဝင်စားသူ ... မကြာခင်က မင်းဟာ နတ်ဆိုးပင်လယ်မှာ ငါ့ရဲ့ရှမိသားစုဝင်တွေကို သတ်ခဲ့တာ မှတ်မိသေးလား ဒီနေ့တော့ မင်း သွေးကြွေး ပြန်ဆပ်ရမယ်။ ”
ထိုစဉ် မိုးခြိမ်းသံကြီးနှင့်အတူ ကာကွယ်သူရှေးဟောင်း ရှမျိုးနွယ်စုဝင် အဖိုးကြီးတစ်ဦး ပြေးထွက်လာ၏။
ဤသည်မှာ ရှရိုထင်ဖြစ်သည်။ သူ့ထံမှ လူသတ်ငွေ့များ လှိုင်လှိုင် ထွက်ပေါ်နေသည်။ တစ်ဆက်တည်းမှာပင် ရွှေရောင်မိုးကြိုးလှံများ ဆင်းခေါ်ကာ ထိုးသွင်းလိုက်တော့သည်။
“ သွား ... ။ ”
ရွှေရောင်မိုးကြိုးလှံများသည် မိုးရေစက်များပမာ စုရီထံပြေးဝင်ကုန်သည်။ ထိုမြင်ကွင်းကြောင့် ကျန်းထျန်းချွမ်သည်လည်း ရပ်ကြည့်မနေနိုင်တော့ချေ။
“ အားလုံး အတူတူ တိုက်ကြ။ ”
နတ်ဝိညာဉ်အဆင့် ဓားတစ်လက်ကို ထုတ်ယူကာ ကောင်းကင်ပေါ် ခုန်တက်လာ ခဲ့သည်။
အဝါရောင်နွေဦး အင်မော်တယ်တောင်မှ လုချန်ထင်က လေထဲဖြည်းညှင်းစွာ လှမ်းတက် လာသည်။ သို့သော် သူ့အဟုန်သည် ကျန်းထျန်းချွမ်ထက် နောက်ကျခြင်း မရှိချေ။
ခြေဖဝါးအောက်တွင် အလောင်း တောင်များနှင့် သွေးပင်လယ်ကြီးများသည် လမ်းခင်းကျောက်များအလား ထွက်ပေါ်လာ၏။ မိစ္ဆာနတ်ဘုရားတစ်ပါး စစ်ထွက်လာသကဲ့သို့ ပေပင်။
“ ဟားဟားဟား ဒါဆိုရင် ဘယ်သူက စုရီဆိုတဲ့ကောင်လေးကို အရင်ဆုံး ဖမ်းနိုင်မလဲ ဆိုတာ ပြိုင်ကြရအောင်။ ”
ရဲရင့်သော ရယ်မောသံကြီးနှင့်အတူ တောင်ပိုင်းမီးလျှံနယ်မြေမှ အနက်ရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း လက်ထဲတွင် ငွေရောင်လှံကြီးကိုင်ဆွဲကာ ထွက်ပေါ်လာသည်။
မျက်စိတမှိတ်အတွင်းမှာပင် ရှေးခေတ် မျိုးနွယ်များဖြစ်သည့် ပုံရိပ်ယောင်အင်မော်တယ် ဓားခန်းမ၊ ကြက်သွေးရောင်မြို့တော်ဂိုဏ်းနှင့် အနန္တဝိညာဉ် အင်မော်တယ်တောင်တန်းတို့၏ ပေါင်းစည်းခြင်းအဆင့် သေလွန်ဝိညာဉ်များ ခုန်ပျံလာတော့၏။
ကောင်းကင်နှင့် မြေကြီးမှာ လှုပ်ခတ်သွားခဲ့ရပြီး ကြောက်စရာကောင်းသော တာအိုဥပဒေစဉ်းမျဉ်းများ လွှမ်းခြုံကုန်သည်။
အမျိုးမျိုးသော ရတနာများသည် နတ်အလင်းတန်းများကို ထုတ်လွှတ်လျက်ဖြင့် အဖျက်စွမ်းအားများ အပြိုင်ထုတ်ဖော်နေ၏။
ယင်းသည် မိစ္ဆာများနှင့် နတ်ဘုရားများ စစ်ပွဲကြီးဆင်နွှဲနေသလို ကြောက်စရာကောင်း ချေပြီ။
“ ဝုန်း ... ဝုန်း ... ။ ”
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် ဥပဒေများ၏ စွမ်းအားကြောင့် ခရမ်းရောင်တိမ်တောင်သည် အစိတ်အစိတ် အမွှာမွှာပေါက်ကွဲနေသဖြင့် စုရီမှ မျှားတစ်စင်းအလား ကောင်းကင်ပေါ် တစ်ဟုန်ထိုးခုန်တက်သွားရတော့၏။
“ သတ် ... ။ ”
အင်အားစုအသီးသီးမှ ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများသည် ရေထဲမှငါးအလား ဖြစ်စဉ်များဆင့်ခေါ်ကာ လိုက်ပါလာ၏။
ကောင်းကင်ကြီး တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလေသည်။ စုရီမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုချေ။ အလင်းပျံသန်းခြင်း ဥပဒေနိယာမကို အသုံးပြုကာ အဆက်မပြတ် ရှောင်တိမ်း နေခဲ့သည်။
ဤမြင်ကွင်းသည် ငါးအုပ်ကြီးကြား ပြေးလွှားနေရသော ပုစွန်ဆိတ်လေးတစ်ကောင် နှင့်ပင် တူနေသည်။ အလွန်ပင် သနားစရာ ကောင်းနေ၏။
“ ဝင်စားသူ ... မင်းစောစောက မာနကြီးပြခဲ့တာမဟုတ်လား အခုဘာလို့များ ခွေးတစ်ကောင်လို ပြေးနေရတာလဲ။ ”
“ ဟားဟားဟား ... ။ ”
တစ်စုံတစ်ယောက်မှ အော်ဟစ်မေးမြန်းလိုက်ရာ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။
သူက စုရီရှေ့တွင် ပိတ်ဆို့လျက် လက်ထဲရှိဧရာမပေါင်တူကြီးကို လွှဲရမ်းကာ ရိုက်ချလိုက်လေသည်။
တစ်ချိန်တည်းမှာပင် အခြားသော အရပ်မျက်နှာအသီးသီးမှ သေလွန်ဝိညာဉ်များ သည်လည်း ဆုတ်ခွာရန်လမ်းကြောင်းတိုင်းကို လိုက်လံပိတ်ဆို့နေတော့၏။
“ ဝှစ် ... ။ ”
သို့သော် စုရီသည် လူအုပ်ကြီးမှ ရိပ်ခနဲပျောက်ကွယ်ကာ ပေါင်တူကြီးသည် စုရီကိုနောက်ကျောမှ ဝင်ရောက်တိုက်ခိုက်သော ပုံရိပ်ယောင်အင်မော်တယ်ဓားခန်းမမှ လူ၏ ရင်ဘတ်ပေါ် ထိမှန်သွားလေသည်။
“ ဘုန်း ... ။ ”
“ မင်း ... ဝေါ့ ... ။ ”
ပုံရိပ်ယောင်အင်မော်တယ် ဓားခန်းမမှ ကျင့်ကြံသူခမျာ မျက်လုံးများပြူးကျယ်လျက် သွေးအန်သွားသည်။
“ မင်း ဘယ်လိုတောင် ချုံခိုတိုက်ဝံ့လဲ ... လျှို့ဝှက်ကောင်းကင် အင်မော်တယ်ဂိုဏ်းက လူယုတ်မာတွေကို သတ် ... ။ ”
ပေါင်တူကိုင်ထားသော အနက်ဝတ်လူခမျာ မျက်လုံးပြူးလျက် ချက်ချင်းဖြေရှင်းရန်ကြိုးစား သော်လည်း မအောင်မြင်ချေ။ သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုမှာ သူ့ထံကျရောက်လာပြီ ဖြစ်၏။
“ ပုံရိပ်ယောင်အင်မော်တယ် ဓားခန်းမက အကြောင်းပြချက်ရှာပြီး ငါတို့ကို ခိုးဝင်တိုက်ချင် နေတာပဲ ... သူတို့ကို သတ်။ ”
ဤနည်းဖြင့် လေထုအလယ်တွင် အင်အားစုများကြား အကြီးအကျယ် ရှုပ်ထွေး သွားတော့သည်။
“ မင်းငါ့ကို တိုက်ရဲလား ... အဟွတ် အဟွတ် ... ။ ”
“ သောက်ကျိုးနည်း ကောင်တွေ အကုန်သတ်ပစ်ကြ။ ”
“ သတ်ကြစမ်း ... အဲ့ဒီပုံရိပ်ယောင် အင်မော်တယ်ဓားခန်းမရဲ့ ... အသုံးမကျတဲ့ ကောင်တွေကို တစ်ယောက်မကျန်သတ်။ ”
ထိုမြင်ကွင်းကို အဝေးမှနေပြီးကြည့်ကာ စုရီတစ်ယောက်ပြုံးလိုက်သည်။ ဤလူများသည် ဦးခေါင်းမဲ့ယင်ကောင်များလို ဆူညံချေပြီ။
နတ်ဝိညာဉ်အဆင့် တစ်ရာကျော် ဖြစ်သော်လည်း သူတို့ရင်ထဲ၌အကြံအစည်များ ပြည့်နှက်နေကြသည်။ အခွင့်အရေးရပါက လုပ်ကြံလိုကြသည်မှာ သဘာဝပေပင်။
တစ်ယောက်မှ စပြီး တစ်ရာဆိုသလို မြေပြင်တွင် ဤရှုပ်ထွေးလှသော စစ်ပွဲကြီးမှာ ပြင်းစွာမြင့်တက်လာပြီဖြစ်သည်။
“ သေလိုက်တော့ လူယုတ်မာ ... ။ ”
ထိုစဉ် တစ်စုံတစ်ဦးသည် သူ့မျက်ကွယ်အရပ်မှနေပြီး ခိုးဝင်တိုက်ခိုက်လာ ပြန်၏။ စုရီက ပြုံးလျက် သူနှင့် (၃)ပေခန့် အလိုတွင် အခြားတစ်ဖက်သို့ ရွေ့ပြောင်း လိုက်လေသည်။
“ ဘုန်း ... ။ ”
“ အဟွတ် ... အဟွတ် ... ။ ”
“ ဟမ့် ... မင်းငါ့ကို ခိုးဝင်တိုက်ခိုက်ရဲတယ်လား ကြက်သွေးရောင် မြို့တော်ဂိုဏ်းက ကောင်တွေကို အရှင်မထားနဲ့ သတ် ... သတ် ... ။ ”
စုရီ ရှောင်တိမ်းရာ အရပ်တိုင်းတွင် ပဋိပက္ခများ သေချာပေါက် ဖြစ်ပေါ်လာခဲ့သည်။
“ ဟမ့် ... အဖိုးကြီး မင်းဘာလို့ ငါ့ အနန္တဝိညာဉ် အင်မော်တယ်တောင်တန်းရဲ့ နတ်ဝိညာဉ်အဆင့် ဂျူနီယာတစ်ယောက်ကို ထိုးနှက်နေရတာလဲ မင်းမရှက်ဘူးလား။ ”
“ မင်းလို ... ပေါင်းစည်းခြင်းအဆင့် အဖိုးကြီးကတောင် ငါ့ဂိုဏ်းရဲ့ ဂျူနီယာတွေကို ရိုက်နှက်နေတာ ငါမြင်တယ် ဒါဆိုဘာလို့ ငါလည်းမလုပ်ဝံ့ရမှာလဲ။ ”
“ ခွေးအိုကြီး မင်းဆင်ခြေက မလုံလောက်ဘူး ... ငါဘယ်မှာမင်းရဲ့ဂျူနီယာကို ရိုက်နှက်လို့လဲ အဲဒါ ... လျှို့ဝှက်ကောင်းကင် အင်မော်တယ်ဂိုဏ်းက အဖိုးကြီးရိုက်နေတာ။ ”
“ ဟမ် ... အဲဒီ လူယုတ်မာက အခွင့်အရေးယူနေတာလား သေခါနီးအဖိုးကြီး မြေခွေးလိုကောက်ကျစ်တယ် သူ့ဂျူနီယာတွေကို ပြန်ရိုက်ပစ်ကြစမ်း။ ”
“ ဒါပေမယ့် ... မင်းငါ့ဂျူနီယာကို ရိုက်နှက်ခဲ့တယ် ငါလည်းပြန်ရိုက်နှက်ရမှ ကျေနပ်နိုင်မယ် လာခဲ့ ... ။ ”
“ မင်း ... ။ ”
အထူးသဖြင့် ပေါင်းစည်းခြင်းအဆင့် အဖိုးကြီးများသည် တိုက်ပွဲအပေါ် မထိန်းချုပ် နိုင်တော့သဖြင့် အချင်းချင်း ဆဲရေးတိုင်းထွာ တိုက်ခိုက်ကုန်တော့သည်။
“ ဖြန်း ... ။ ”
“ ဘယ်တိရစ္ဆာန်မသားက ငါ့ကို ပါးရိုက်လိုက်တာလဲ အခုရှေ့ကိုထွက်လာခဲ့စမ်း မင်းဖင်ကိုပိတ်ကန်ပစ်မယ်။ ”
“ ဘုန်း ... ။ ”
“ ဟမ့် ... ဘာလို့ ငါ့ဖင်ကိုလာကန်ရတာလဲ မင်းကိုပါးရိုက်သွားတာ ငါမဟုတ်ဘူး။ ”
“ မဟုတ်လည်း ကန်တယ်ကွာ ... ။ ”
“ ဒါဆို ... ငါလည်းရိုက်တယ်ကွာ။ ”
“ ဖြန်း ... ။ ”
လုချန်ထင်သည်ပင် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရပြီး သူ့ တင်ပါးကို မီးတောက်တစ်ခု ထိမှန်သွား၏။
“ ဘယ်ကောင် ... ငါ့ဖင်ကို မီးစနဲ့ထိုးတာလဲ။ ”
နတ်မီးတောက်သည် ဘောင်းဘီကို လောင်ကျွမ်းလျက် တင်ပါးဖြူဖြူများ ချက်ချင်း ထွက်ပေါ်လာစေသည်။
ယင်းကြောင့် မျက်နှာမည်းမှောင်လျက် မြင်မြင်သမျှ လူတိုင်းကို ရိုက်နှက်လိုက်တော့၏။ အထူးသဖြင့် သူ့တင်ပါးထံ မတော်တဆ အကြည့်များ ရောက်ရှိလာသူများကို ပို၍မုန်းတီးစွာရိုက်နှက်နေခဲ့သည်။
“ အားလုံးရပ်ကြစမ်း ... ဘယ်သူက ငါတို့ရှမျိုးနွယ်ကို ထပ်ပြီး တိုက်ခိုက်ဝံ့လဲ ငါ့ကို အပြစ်မတင်နဲ့ ... အား ... သောက်ကျိုးနည်း ဘယ်သူ လျှပ်စီးအဆောင်နဲ့ ငါ့ညီလေးကို ပစ်လိုက်တာလဲ ...။ ”
အခြေအနေမှာ အလွန်အမင်း ရှုပ်ထွေးနေကြောင်း သတိပြုမိလိုက်ကြသည့် အဖိုးကြီးအချို့သည် ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့သော်လည်း အရှုပ်အထွေးအတွင်း ရစ်ငင်ပါရှိသွားတော့သည်။
ဤအတိုင်းဆက်သွားပါက မည်သူ့မျှ အကျိုးမရှိကြောင်း သိရှိသော်မှ ချောင်းမြောင်း ရိုက်နှက်ခံရသဖြင့် ဒေါသများမထိန်းနိုင်ခဲ့ချေ။
“ သောက်ကျိုးနည်းကောင် မင်းက အော်ဟစ်နေရဲသေးတယ်ပေါ့လေ စောစောက ငါ့တင်ပါးကို ဓားနဲ့ထိုးလိုက်တာ မင်းပဲ မဟုတ်လား သေလိုက်စမ်း။ ”
“ ဖြန်း ... ။ ”
“ မင်း ... ။ ”
လုချန်ထင်က သူ့ဘေးမှ အဖိုးကြီးရှကို လှည့်ကာ ပါးရိုက်ချလိုက်သည်။ ထိုအခါမှစ၍ ဖျန်ဖြေရန် ကြိုးစားမှုများသည် အချည်းနှီး ဖြစ်သွားခဲ့ရတော့၏။
***