အခန်း (၁၀၃၁-၁၀၃၂)
Vol. 86 Ch. 1031-1032
အခန်း ၁၀၃၁ –
စစ်မှန်သော ဝင်စားခြင်းဥပဒေဒိုမိန်း။
စုရီသည် ယခင်ဘဝဖြစ်စေ၊ လက်ရှိဘဝ၌ဖြစ်စေ ပြင်ပအင်အားစုများကို အသုံးပြုရသည်ကို အမြဲတမ်း မနှစ်သက်သူဖြစ်သည်။
သို့သော် ပြိုင်ဘက်များက သူတို့၏ အစွမ်းအထက်ဆုံး လူသတ်ဝှက်ဖဲများကို ထုတ်သုံးလာကြသည့်အခါ ထိန်ချန်ထားစရာ မလိုတော့ချေ။
ရုတ်တရက် အတိုင်းအဆမရှိ ပြင်းထန်သောနတ်ဝိညာဉ်ရတနာ ခြောက်ပါးမှာ သူ့ထံသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာသည်။
“ ကလန် ... ကလန် ... ။ ”
ယင်းကြောင့် စုရီသည်လည်း ရှေးဟောင်းနီလာရောင် ဓားအလင်းများ ထုတ်ဖော်ပြီး ပြန်လည် ခုခံလိုက်ရသည်။
ဤဓားစွမ်းအားသည် ရှေးကျပြီး လေးလံလှကာ မဖော်ပြနိုင်သော စွမ်းအင် တစ်ခုပါရှိနေ၏။
ကောင်းကင်ဘုံ ကိုးပါးကို တုန်လှုပ်စေနိုင်သည့် အထွတ်အထိပ်စွမ်းအား ပေပင်။ ငရဲဘုံကိုးပါးဓားရောင်ဝါဖြစ်၏။
တုံ့ယွီအဆင့်တွင် ငရဲဘုံကိုးပါးဓားရောင်ဝါကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိနေပြီ ဖြစ်ကြောင်း ရုတ်ချည်း သတိပြုမိလိုက်သည်။
ထိုစွမ်းအားသည် တစ်ဆယ်ရာခိုင်နှုန်းပင် မပြည့်သေးသော်လည်း ယခင်ထက်ပိုရင်းနှီး ပြင်းထန်သော ခံစားချက်မျိုး ပေးစွမ်း၏။
အလိုရှိပါက ဓားဦးညွှန်ရာအရပ်တွင် ကောင်းကင်သည်လည်း မတားဆီးနိုင်၊ မြေပြင် သည်လည်း မဖိနှိပ်နိုင်ချေ။
နတ်ဘုရားနှင့် မိစ္ဆာများသည်ပင် ပြာအဖြစ်သို့ ကွယ်ပျောက်သွားရမည်ဟု ခံစား လာနေရသည်။
“ ကလန် ... ကလန် ... ။ ”
ဓားမြည်သံများ ဆူညံနေပြီး ပြေးဝင်လာနေကြသော ထိုနတ်ဝိညာဉ် ရတနာ ခြောက်ပါးကို စုရီမှ ထိပ်တိုက်ရင်ဆိုင်နေ၏။
မျက်စိတမှိတ်အတွင်းမှာပင် ထိုကောင်းကင်နှင့် မြေကြီးကြား စွမ်းအင် စီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ ဝုန်း ... ။ ”
နေမင်းကြီးတစ်စင်း ပေါက်ကွဲသကဲ့သို့ အဖျက်စွမ်းအားများသည် မိုင်ပေါင်းထောင်ချီ ပြန့်နှံ့သွားချေပြီ။
အချိန်အတော်ကြာမှသာ ကောင်းကင်ထက်မှ အလင်းများ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီး လေလှိုင်းများမှာ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
“ ပြီးသွားပြီလား ... ။ ”
လူအများအပြားသည် မျက်လုံးများ ပြူးကျယ်လျက် ပြန်ကြည့်ကြ၏။ ဤသို့သော ကမ္ဘာပျက်ကပ်ပမာ ပြင်းထန်သည့် ထိပ်တိုက် ရင်ဆိုင်မှုအတွင်း နယ်ပဘ်ဘုရင် မည်သူမဆို သေဆုံးသွားရမည်မှာ အမှန်ပင် ဖြစ်သည်။
“ နှမြောစရာပဲ၊ ဒီတိုက်ပွဲအတွင်း ငါတို့ဂိုဏ်းရဲ့ နတ်ဝိညာဉ်အဆင့်သေလွန်ဝိညာဉ် ကိုးပါးသေဆုံးသွားခဲ့ရတယ် ...
... ဒါပေမဲ့ စုရီဆိုတဲ့ ကောင်လေးကို ငါတို့ဖမ်းနိုင်မယ်ဆိုရင်တော့ ဒါဟာ ထိုက်တန် လွန်းပါတယ်။ ”
တစ်စုံတစ်ယောက်မှ တိုးတိုးလေး ရေရွတ်ဆိုလိုက်သည်။
“ အကယ်၍ သူ သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ”
သူ့ဘေးမှလူက စိုးရိမ်တကြီး မေးသည်။
“ ဒါဆိုရင်တော့ သူ့ရဲ့ အလောင်းနဲ့ အကြွင်းအကျန်ပစ္စည်းတွေ စုဆောင်းပြီးတော့ လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ ခန္ဓာကိုယ်ထဲကနေ စွမ်းအားတွေကို သန့်စင်ယူရမှာပေါ့ ငါတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဝင်းစားခြင်းဥပဒေကို သေချာပေါက် ဆွဲထုတ်ယူနိုင်မှာပါ။ ”
သူတို့စကားပြောနေစဉ် လူအုပ်ကြီးသည် တစ်စုံတစ်ရာကိုသတိပြုမိခဲ့သဖြင့် မျက်နှာများ ရုတ်ချည်းပြောင်းလဲသွားလေသည်။
ပျက်စီးယိုယွင်းနေသော တိုက်ပွဲလေဟာနယ်ထဲတွင် လူတစ်ဦးသည် တည်ငြိမ်စွာ ရပ်နေခဲ့ချေပြီ။
ထိုသူ့ခန္ဓာကိုယ်ပေါ်တွင် ဓားရည်ရွယ်ချက်သည် ရေလှိုင်းများပမာ ဆူပွက်နေပြီး ဝတ်စုံသည် သွေးရောင်များ စွန်းထင်းလျက် စုတ်ပြဲနေ၏။
သို့သော် သူ့ကိုယ်ဟန်သည် ယခင်အတိုင်း ရတနာဓားတစ်လက်ပမာ ထောင်မတ်နေဆဲ ဖြစ်သည်။
ဤအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး သေမင်းတမန်မျှတိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း တုန်လှုပ်သွားကြ၏။
“ သူ အသက်ရှင်နေသေးတယ်။ ”
လူတိုင်း၏ ရင်ထဲတွင် အေးစက်သွားပြီး အောက်ခြေမရှိသော ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားအလား ခံစားလာရကုန်သည်။
စုရီသည် အသက်ရှင်နေရုံသာမက အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်း မရှိချေ။ လူတိုင်းအတွက် မှင်သပ်သွားစေသည်။
ပေါင်းစည်းခြင်းအဆင့် သေလွန် ဝိညာဉ် ခြောက်ဦးသည် အစွမ်းအထက်ဆုံးဝှက်ဖဲများကို တစ်ပြိုင်နက်တည်းထုတ်သုံးခဲ့ခြင်းပေပင်။
၎င်းမှ ထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားသည် လက်ရှိခေတ်မည်သည့် ကျင့်ကြံသူကိုမဆို သေစေနိုင်သည့် ခြိမ်းခြောက်မှုကြီးဖြစ်စေ၏။
“ မဖြစ်နိုင်ဘူး ... ။ ”
လူတိုင်းလက်ဖဝါးများ တုန်ယင်လျက် ယုံကြည်ရန် ငြင်းဆန်ကုန်ကြသည်။
“ သူ ဘယ်လိုလုပ် အသက်ရှင် နေသေးတာလဲ ဒီလိုမျိုး ကမ္ဘာပျက်ကပ်ဘေးကို ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတောင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ”
ပေါင်းစည်းခြင်းအဆင့် အဖိုးကြီးတစ်ယောက်သည် မျက်နှာပျက်ယွင်း လာကာ အံ့သြဒေါသထွက်နေတော့၏။
ဤစုရီ၏ကျင့်ကြံမှုသည် မည်မျှပင် ယုတ္တိမရှိအောင် အစွမ်းထက်ပါစေ စစ်မှန်သော ပေါင်စည်းခြင်းအဆင့် မဟုတ်ချေ။
ထို့ကြောင့် အထက်ပါ တိုက်ပွဲတွင် အနည်းငယ်မျှ ထိခိုက်ဒဏ်ရာမရဘဲ အသက်ရှင် နိုင်ခဲ့ခြင်းသည် ကြောက်စရာကောင်းလှသည့် ဝှက်ဖဲတစ်ခုခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်ရပေမည်။
“ မင်းတို့မှာ နောက်ထပ် ဝှက်ဖဲတွေ ရှိရင် အခုထုတ်ပြနိုင်တယ်။ ”
လေထုလယ်ရပ်နေသော စုရီသည် သေမျိုးနယ်ပယ်ဓားဖြင့် လူတိုင်းထံ ညွှန်ပြပြီး ပေါ့ပေါ့ပါးပါး ပြောကြားလိုက်သည်။
ပေါင်းစည်းခြင်းအဆင့် သေလွန် ဝိညာဉ်များသည် တိုက်ပွဲဆန္ဒများစတင်ကာ ယိမ်းယိုင်လာပြီဖြစ်၏။
“ ပြန်ဆုတ် ... ။ ”
အနက်ရောင်ဝတ် အသက်လတ်ပိုင်း အရွယ် အမျိုးသားသည် သူ့အဖွဲ့ဝင်များကို ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ထိုအမိန့်က အခြားသူများကို သတိဝင် သွားစေခဲ့၏။ ထို့ကြောင့် အခြားသောအင်အားစု ပေါင်းစည်းခြင်းအဆင့် ခေါင်းဆောင်များလည်း သူ့နည်းတူ လက်လျှော့ကုန်တော့သည်။
“ လူတိုင်း မြန်မြန် ပြန်ဆုတ် ... ။ ”
တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချက်ချင်းဆုတ်ခွာရန် ပြင်ဆင်ကြသည့် မြင်ကွင်းများကြောင့် စုရီက လှောင်ပြုံးများ ပြုံးပြလိုက်၏။
“ ငါတို့အားလုံး ဝှက်ဖဲတွေ ထုတ်ပြခဲ့ကြပြီးပြီပဲ မင်းတို့ကို အသက်ရှင်လျက် ထွက်သွားခွင့်ပြုလိုက်မယ်ဆိုရင် ငါ စုရီက အသုံးမကျရာ ရောက်သွားလိမ့်မယ်။ ”
စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုရီသည် သူ့အင်္ကျီလက်ကိုလွှဲကာ စတင်တိုက်ခိုက်လိုက်တော့၏။
“ ချွင် ... ။ ”
ဝင်စားခြင်း ဥပဒေသည် ယခင်ထက် ပြင်းပျစွာ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်၌ ငရဲဘုံကိုးပါးဓားရောင်ဝါကို ပေါင်းစပ်ထား၏။
“ ဝူး ... ။ ”
အရပ်မျက်နှာအားလုံးရှိ ကောင်းကင်နှင့်မြေကြီးသည် ပြင်းစွာတုန်ခါ သွားခဲ့ပြီး ပြိုကျပျက်စီးကုန်သည်။
တောက်ပနေသော နေမင်းကြီးသည် ရုတ်ချည်းမှောင်မည်းနေသည့် ထာဝရညထံသို့ ဆင်းသက်သွားတော့၏။
မွေးဖွားခြင်း၊ သွေ့ရော်ခြင်း-ဖွံဖြိုးခြင်း၊ သေလွန်ခြင်း၊ သန့်စင်ခြင်းနှင့် အဆုံးသတ် စသည့်ဥပဒေများသည် ဝင်စားခြင်းစက်ဝန်း အဖြစ် ပြတ်ထင်စွာ မျောပါလာသည်။
“ ဒါက ဘာကြီးလဲ ... ။ ”
အဝေးသို့ ထွက်ပြေးနေကြသော သေလွန်ဝိညာဉ်များသည် ထိတ်လန့်တုန်လှုပ် သွားကြပြီး ချက်ချင်းရပ်တန့်သွားခဲ့သည်။
“ ငါတို့ ပိတ်မိကုန်ပြီ။ ”
လူတိုင်း ဝင်စားခြင်းသံသရာဖြင့် ဖန်တီးထားသော အနက်ရောင်ကမ္ဘာအတွင်း၌ ကျရောက်နေကြောင်း တွေ့ရှိလိုက်ကြ၏။
ကျက်သရေရှိပြီး ခမ်းနားလှသော ဝင်စားခြင်းရေကန်၊ ဝင်စားခြင်း ပလက်ဖောင်း နှင့် အဝါရောင်နွေဦးနန်းတော် စသည့် ပုံရိပ်များကို တဖျပ်ဖျပ်မြင်လာရသည်။
ကမ္ဘာကြီးတစ်ခုလုံး အနက်ရောင် မီးလျှံများတောက်လောင်နေသကဲ့သို့ အဆုံးမရှိ မှောင်မိုက်သောအရပ်ကြီးပေပင်။
တိတ်ဆိတ်ခြင်း၊ သေဆုံးခြင်းနှင့် ထာဝရငြိမ်သက်ခြင်း အငွေ့အသက်များသာ ကြီးစိုးပြည့်နှက်နေ၏။
ဝင်စားခြင်းရေကန်သည် ထူးဆန်းသော ရောင်ဝါများဖြင့် နတ်အလင်းများတောက်ပပြီး နာကျည်းခြင်းပင်လယ်တွင် မိစ္ဆာဝိညာဉ်များ အဆုံးမရှိမျောပါနေသည်။
ဝင်စားခြင်းသစ်ပင်သည် ကောင်းကင်ဘုံကိုးပါးနှင့် ချိတ်ဆက်ကာ ကမ္ဘာ တစ်သောင်းကို ဆက်သွယ်ပေးထားသော တံခါးပေါက်များပွင့်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ရှေးခေတ် ဂိုဏ်းကြီးများမှ သေလွန်ဝိညာဉ်များဖြစ်စေ၊ လက်ရှိခေတ်၏ ကျွမ်းကျင်သူများဖြစ်စေ အကြီးအကျယ် တုန်လှုပ်သွားကြသည်။
မြင်ကွင်းသည် ကြီးစိုးပြီး စိတ်ပျက်အားငယ်စေကာ ခွန်အားမဲ့မှုများကို အဆုံးမဲ့ပေးစွမ်းနေချေ၏။
ဤကမ္ဘာကြီးအတွင်း သက်ရှိအားလုံးသည် အချိန်မရွေး ဖုန်မှုန့်များအဖြစ် ပျက်ပြယ်သွားနိုင် ပေမည်။
စုယီကိုယ်တိုင်သည်လည်း ဤသို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သောကြောင့် အံ့အားသင့် သွားခဲ့သည်။
ငရဲဘုံကိုးပါးဓား၏ အရှိန်အဝါကို အသုံးပြုလျက် ဝင်စားခြင်းသံသရာစက်ဝန်းကို လှည့်ပတ်လိုက်ခြင်းသည် စစ်မှန်သော ဝင်စားခြင်းဒိုမိန်းကို ရရှိလာစေချေပြီ။
ဤဒိုမိန်းသည် ရှေးဟောင်း မရဏကမ္ဘာကြီးနှင့် ဆင်ချေ၏။ အနားသတ်မှာ အဆုံးမဲ့ အမှောင်ထုအတွင်း ပျောက်ကွယ်နေသည်။
အလွန်ပင် အံ့သြဖွယ်ရာ ကောင်းလှ၏။ ငရဲဘုံကိုးပါးဓားသည် သူ့ကိုယ်ပိုင် ဝင်စားခြင်း ဒိုမိန်းတစ်ခုကို ပိုင်ဆိုင်ထားပုံရသည်။
မဟုတ်ပါက ဝင်စားခြင်းဥပဒေနှင့် ပေါင်းစပ်အသုံးပြုရုံဖြင့် ဤအပြောင်းအလဲများ ဖြစ်ပေါ်လာမည်မဟုတ်ချေ။
“ မြန်မြန် ထွက်ပြေးကြ ... ။ ”
မှောင်မည်းနေသော ကမ္ဘာကြီးအတွင်းမှ တစ်စုံတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“ ဘယ်ကိုထွက်ပြေးရမှာလဲ ပြေးစရာလမ်းမရှိတော့ဘူး မင်းကြိုးစား ကြည့်နိုင်တယ်။ ”
သူ့ဘေးမှ တစ်စုံတစ်ယောက်က စိတ်ဓာတ်လုံးဝပြိုလဲသွားပြီး မျှော်လင့်ချက်မဲ့စွာ တုန့်ပြန်လာသည်။
ဤကမ္ဘာကြီးအတွင်း ကောင်းကင်နှင့် မြေကြီးသည် ထာဝရ သံသရာစက်ဝန်းအတွင်း၌ ကျရောက်နေသည်။ လွတ်မြောက်ရာလမ်းစ လုံးဝမရှိတော့ချေ။
“ ငါ ... ငါ အညံ့ခံပါတယ်၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ ”
ကျန်းထျန်းချွမ်၏ မျက်နှာသည် လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့နေပြီး တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“ ငါ အာမခံပါတယ်၊ ဒီနေ့ပြီးရင် ငါတို့ကျန်းမိသားစုဟာ မင်းနဲ့ဘယ်တော့မှ ရန်သူ မဖြစ်တော့ပါဘူး။ ”
သူသည် နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် နှစ်ပေါင်းသိန်းဂဏန်းခန့် ကျင့်ကြံစောင့်ဆိုင်းခဲ့ရ၏။ ယင်းသည် ယခုကဲ့သို့ အဆုံးသတ်ရန်မဟုတ်ခဲ့ချေ။
ရက်စက်လှသော ဤကမ္ဘာကြီးတွင် ခေါင်းဆောင်မရှိသော မိသားစုတစ်ခုသည် ခဏချင်းပျောက်ကွယ်သွားနိုင်၏။
“ ဝင်စားသူ ... ဒီအခြေအနေမှာ မင်းတစ်လှမ်းလောက် နောက်ဆုတ်ပေးနိုင်ရင် ငါတို့အားလုံး အခုပဲ ထွက်သွားပေးပါ့မယ်။ ”
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းထံမှ အစက်အပျောက်များ တရွေ့ရွေ့ကြီးထွားလာပြီး ဟန့်တားသံ ထွက်ပေါ်လာသည်။
စစ်မှန်သော ဝင်စားခြင်း ဒိုမိန်းအတွင်း ပိတ်မိနေသောလူအုပ်သည် ပြင်ပသို့မမြင်နိုင်ဘဲ ထိုအသံကိုသာ ကြားလိုက်ရ၏။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် သူတို့ကိုလာရောက်ကယ်တင်နေပြီ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
သို့သော် စုရီ၏ အမြင်အာရုံအတွင်း၌မူ အဝေးမှ ကြောက်စရာကောင်းလှသော လူအချို့ ပျံသန်းလာနေသည်ကို မြင်တွေ့နေရ၏။
လူပေါင်း ဆယ်ဂဏန်းကျော် ရှိနေပြီး အမျိုးသား၊ အမျိုးသမီးများပါဝင်ကာ ရောင်ဝါကို ဖုံးကွယ်ထားနိုင်ရန်အတွက် အမျိုးမျိုးသော ရတနာများကို အသုံးပြုထားကြသည်။
ဖူမျိုးနွယ်မှ ဖူတာ့လီသည် အနက်ရောင် ကောင်းကင်ဖုံးကွယ်ထီးကို ထုတ်ဆောင်းလျက် ထိုအုပ်စုကို ဦးဆောင်လာ၏။
ထို့ပြင် မုချင်းချောင်၏နောက်လိုက် တောင်ဖြိုမိစ္ဆာဘုရင်လီကျုံးသည် သူနှင့်အတူ လိုက်ပါလာ၏။
အခြားသောလူများသည် စီုရအတွက် မျက်နှာစိမ်းများဖြစ်ကြပြီး အဆင့်အတန်းနှင့် ဂုဏ်ပုဒ်များအရ ဖူတာ့လီနှင့် လီကျုံးတို့ထက် မနိမ့်ကျနိုင်သည်မှာ အသေအချာပေပင်။
သို့သော် ဤလူအုပ်စုကြီးသည် ထိုသို့မှောင်မည်းနေသော ဝင်စားခြင်းသံသရာ ဒိုမိန်းကိုစစ်ဆေးလျက်ဖြင့် ရပ်တန့်ကုန်၏။
ထိုဒိုမိန်းအတွင်းသို့ ဝင်ရောက်ရန် မည်သူမျှယုံကြည်ချက်မရှိချေ။ ယင်းအစား ကြောက်ရွံ့ခြင်းနှင့် သတိထားခြင်းများသာ ပြည့်နှက်နေခဲ့သည်။
“ ဟားဟားဟား ... အရင်တုန်းက မင်းတို့တွေဘာလို့ ထွက်မလာကြတာလဲ အခု ငါဒီလူတွေကို သတ်ခါနီးမှပေါ်လာပြီး တားဆီးဖို့ ကြိုးစားနေတာ ရယ်စရာ မကောင်းဘူးလား။ ”
စုရီမှ လှောင်ပြောင်လိုက်သည်။
“ ဟမ့် ... စုရီ ... ၊ မင်းငါတို့ကို ကျေးဇူးတင်သင့်တယ် ငါတို့သာလက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင် မင်းအသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ”
ပုညှက်ညှက်နှင့် ပိန်ခြောက်ခြောက် အဘိုးကြီးတစ်ဦးက မျက်နှာမည်းမှောင်လျက် တုန့်ပြန်အော်ဟစ်လိုက်သည်။ သူ့ထံမှ လူသတ် အငွေ့အသက်များ လှိုင်လှိုင်ထွက်ပေါ်နေ၏။
သူ့ကျောပေါ်တွင် ဓားသေတ္တာကို လွယ်ထားပြီး လက်ထဲ၌ ဘူးသီးခြောက်ကြီး တစ်လုံးကိုင်ထားကာ တာအိုအလင်းလွှာဖြင့် သူ့ကိုယ်သူကာကွယ်ထားချေပြီ။
“ မင်းက ဘယ်သူလဲ။ ”
“ ငါက လျှို့ဝှက်ကောင်းကင် အင်မော်တယ်ဂိုဏ်းကပဲ။ ”
ပုညှက်ညှက် အဘိုးကြီးက သူ့မူလကိုဖုံးကွယ် မထားခဲ့ချေ။ ခပ်ပြတ်ပြတ် ပြန်ဖြေ၏။ ထို့နောက် အကြည့်များ အေးစက်လျက်၊
“ မင်းသာ အခုလက်လျှော့လိုက်ရင် ဒီနေ့အကြောင်းအရာတွေဟာ ဒီမှာပဲအဆုံးသတ် သွားလိမ့်မယ် မဟုတ်ရင်တော့ ... ။ ”
-ဟု ခြိမ်းခြောက်ရန် ပြင်လိုက်သည်။
“ ဝုန်း ... ။ ”
သို့သော် သူ့ စကားမဆုံးခင်မှာတင် စုရီလက်ထဲရှိဓားသည် ချက်ချင်းလှုပ်ရှားသွား တော့၏။ ဝင်စားခြင်းဒိုမိန်းအတွင်းမှ အဖြူဝတ် အဘိုးကြီးတစ်ဦး ရုတ်တရက်ပေါက်ကွဲ ကွယ်ပျောက်သွားလေသည်။
ဤမြင်ကွင်းကြောင့် အထဲတွင် ပိတ်မိနေသော အခြားသူများမှာ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားတော့၏။
လက်ရှိအချိန်၌ သူတို့သည် လှောင်အိမ်အတွင်းပိတ်နေသော သိုးသူငယ် များသာ ဖြစ်နေချေသည်။
တစ်ဖက်လူ၏ အလိုရှိသလို သတ်ဖြတ်ခြင်းခံယူရမည့် သားကောင်များနှင့် မခြားတော့ချေ။
“ ဒီလူက မင်းရဲ့ဂိုဏ်းက နောက်ဆုံးတစ်ယောက်ပဲ သူသေသွားပြီ မင်းမှာ ဘာပြောစရာရှိသေးလဲ။ ”
“ မင်း ... စုရီ၊ မင်းမောက်မာမနေနဲ့ သူတို့အားလုံးသေခဲ့ရင် မိုးအောက်မြေပြင်မှာ မင်းအတွက်ခိုလှုံစရာ နေရာလုံးဝမရှိစေရဘူးလို့ ငါအာမခံတယ်။ ”
ပုညှက်ညှက် အဘိုးကြီးခမျာ အကြီးအကျယ်ဒေါသထွက်သွားပြီး သတ်ဖြတ် လိုခြင်း ရောင်ဝါများ ပွင့်ထွက်လာခဲ့သည်။
တစ်ဖက်တွင် အနက်ရောင် ကောင်းကင်ဖုံးကွယ်ထီးကို ဆောင်းထားသော ဖူတာ့လီမှ ဝင့်ကြွားသည့်အသွင်ဖြင့်၊
“ စုရီ ... မင်းသာ အခြေအနေကို နားလည်ရင် တစ်လှမ်းလောက် နောက်ဆုတ်ပြီး အဲ့ဒီလူတွေကိုလွှတ်ပေးလိုက်ပါ ငါတို့ဒီမှာတင် ရပ်လိုက်မယ် မဟုတ်ရင်တော့ ဒီနေ့ဟာ မင်းရဲ့နောက်ဆုံးနေ့ပဲ။ ”
-ဟု ပြောကြားလာ၏။
“ မှန်တယ် ... သူတို့ကို လွှတ်ပေးရင် မင်းကိုထွက်ခွာခွင့်ပြုမယ်။”
အခြားသူများသည်လည်း အလျင်အမြန်ကတိပေးလာကြ၏။ လီကျုံး တစ်ဦးတည်းသာလျှင် ခဏမျှတွန့်ဆုတ်နေပြီး အဆုံး၌၊
“ မေ့လိုက်ပါ ... ဒီနေ့ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေထဲမှာ ငါ ပါဝင်မှာ မဟုတ်တော့ဘူး။ ”
-ဟု ဆိုလျက် တိတ်ဆိတ်စွာ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဤအရာက အခြားသူများကို မျက်မှောင်ကြုတ်သွားစေသော်လည်း မည်သည့် စကားမျှ မဆိုခဲ့ကြချေ။
“ ကောင်းပြီ ဒါဆိုရင်မင်းတို့တွေမှာ အရည်အချင်းတွေရှိလား ငါကြည့်ချင်တယ်။ ”
စကားဆုံးသည်နှင့် စုရီမှ ဝင်စားခြင်း ဒိုမိန်းကို ထိန်းချုပ်လျက် ပြင်းစွာတုန်ခါစေပြီး ဖောက်ခွဲပစ်လိုက်တော့သည်။
“ ဝုန်း ... ။ ”
“ ဘန်း ... ဘန်း ... ။ ”
အထဲတွင် ပိတ်မိနေသော ကောင်းကင်ဘုံနယ်ပယ် ပညာရှင်ပေါင်း (၆၀) ကျော်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
ပုရွက်ဆိတ်များအလား ဝိညာဉ်အပိုင်းအစပင် မကျန်အောင်ပြာအဖြစ် လုံးဝကွယ်ပျောက်သွားတော့၏။
***
အခန်း ၁၀၃၂ –
ငါ ဒေါသမထွက်ခင် ထွက်သွား။
စုရီ၏ လက်ရှိခွန်အားဖြင့် ထိုလူခြောက်ဆယ်ကျော်ကို သတ်ဖြတ်ရန်မှာ အချိန်အနည်းငယ် ပေးရပေလိမ့်မည်။
သို့သော် ငရဲဘုံကိုးပါး ဓားရောင်ဝါနှင့်မူ တစ်ချက်တည်းဖြင့် ပြာဖြစ်အောင် ပြုလုပ်ရန် လွယ်ပေသည်။ ဖုန်မှုန့်များနှင့် မီးခိုးများ လွင့်ပါး သွားပြီးနောက် ကောင်းကင်သည် မူလအတိုင်း ပြန်လည်ကြည်လင်လာ၏။
ဤသို့ဖြင့် အင်အားစုအသီးသီးမှ နတ်ဝိညာဉ်အဆင့် တစ်ရာကျော် နေရာမှာတင် သေဆုံးသွားခဲ့ရချေပြီ။
ထိုအထဲတွင် ပေါင်းစည်းခြင်းအဆင့် သေလွန်ဝိညာဉ်နှင့် နတ်ဝိညာဉ်အဆင့် (၂၀)ခန့် ပါဝင်ပြီး၊ ကျန်းထျန်းချွမ်နှင့် ကျိုးဟန်ရှန်းတို့ ကဲ့သို့သော ယနေ့ခေတ် နတ်ဝိညာဉ်များလည်း ပါရှိကုန်၏။
“ မင်း သေချင်နေတာပဲ။ ”
အဝေးတစ်နေရာမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လေထုမှာ ရုတ်ချည်းအက်ကွဲသွားကာ ပုံရိပ်တစ်ရိပ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
ဤသည်မှာ ပုညှက်ညှက် အဘိုးကြီးပေပင်။ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်လျှံလျက် စုရီကို ရက်စက်စွာ ခုတ်ပိုင်းချလိုက်လေသည်။
“ ရွှပ် ... ။ ”
ကျောပြင်ဓားသေတ္တာအတွင်းမှ ဓားတစ်လက်ပျံတက်လာကာ အတိုင်းအဆမရှိ ဓားရောင်ဝါများဖြာထွက်လာ၏။
ထိုကြောက်စရာကောင်းလှသော စွမ်းအားသည် သာမန်နတ်ဝိညာဉ် ရတနာထက် များစွာသာလွန်နေသည်။
ပြိုင်ဘက်ကင်း ဓားရောင်ဝါသည် ကောင်းကင်နှင့်မြေကြီးကို နှစ်ပိုင်းပြတ်အောင် ခုတ်ပိုင်းနိုင်စွမ်းရှိချေ၏။
စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားသည်။ ဤဓားချက်၏ စွမ်းအားမှာ အစောပိုင်း သေလွန်ဝိညာဉ်များ ထုတ်သုံးသော လက်နက်များနှင့် လုံးဝခြားနားလှချေပြီ။
အလွန်အမင်း အစွမ်းထက်ကာ ရက်စက်လွန်းလှ၏။ သေချာသည်မှာ ဤပုညှက်ညှက် အဘိုးအိုကြီး၏ ကျင့်ကြံမှုသည် အလွန်ကြောက်စရာကောင်းခြင်းပေပင်။
ထို့ကြောင့် အနည်းငယ်မျှ တွန့်ဆုတ်မနေတော့ဘဲ ငရဲဘုံကိုးပါးဓား ရောင်ဝါကိုအသုံးပြု၍ ဝင်စားခြင်းဒိုမိန်းကို ထပ်မံထုတ်ဖော်လိုက်ရသည်။
“ သွား ... ။ ”
“ ဝူး ... ။ ”
“ ဝုန်း ... ။ ”
မှောင်မည်းနေသော ကမ္ဘာကြီးတစ်ခု ပြန်လည်ပေါ်ထွက်လာသည်။ အဆုံး၌ အဖိုးအို ဓားသည် ဒိုမိန်းနှင့်ထိမှန်ပေါက်ကွဲသွားပြီး ပြတ်လည်ဆုတ်ခွာသွားရ၏။
စုရီသည်လည်း ထိုဓား၏စွမ်းအားကို တားဆီးနိုင်ခဲ့သော်မှ ဝင်စားခြင်းဒိုမိန်းသည် ပြိုကွဲပျက်စီးသွားခဲ့ရသည်။
အကြွင်းအကျန် စွမ်းအင်လှိုင်းများ ရိုက်ခတ်မှုကြောင့် သွေးနှင့်ချီများ ဆူပွက်လျက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်၏။
( ကျင့်ကြံမှုကွာခြားချက်က အရမ်းများလွန်းတယ် အဲ့ဒီမြေခွေးအိုကြီးရဲ့ ဓားက သာမန်မဟုတ်ဘူး ...
... တကယ်လို့သာ ငါ့ခွန်အားကို အစွမ်းကုန်မထုတ်ဘူးဆိုရင် သူ့ကိုအနိုင်ယူဖို့ ခက်ခဲလိမ့်မယ်။ )
စုရီမှ တိတ်တဆိတ် တွက်ချက်လိုက်၏။
“ မင်း ... သေလိုက်တော့။ ”
ပုညှက်ညှက် အဘိုးကြီးသည် လုံးဝ ဒေါသထွက်နေပြီး အလျော့ပေးခြင်းမရှိတော့ဘဲ ထပ်မံ၍ရက်စက်စွာ ခုတ်ပိုင်းလာခဲ့ပြန်သည်။
“ သတ် ... ။ ”
တစ်ချိန်တည်းမှာပင် အနက်ရောင် ကောင်းကင်ဖုံးကွယ်ထီးကို ဆောင်းထားသော ဖူတာ့လီနှင့်အဖွဲ့သည်လည်း အချက်ပြကာ ပြေးဝင်လာကြတော့၏။
လူတိုင်း၏ ခန္ဓာကိုယ်မှ လူသတ်ငွေ့များ ကောင်းကင်ပေါ်ထိုးတက်နေပြီး ရောင်ဝါများမှာ တာအိုပေါင်းစည်းခြင်းအဆင့်ထက် ကျော်လွန်နေချေ၏။
သည်တင်မက သူတို့အသုံးပြုသော ရတနာများသည်လည်း အလွန်ပင် ဆန်းကြယ် နေချပြီ။ များမကြာခင် စုရီတစ်ယောက် အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ဆိုက်ရောက်သွား၏။
တစ်ဖက်တွင် စုရီသည် ငရဲဘုံကိုးပါး ဓားရောင်ဝါနှင့် ဝင်စားခြင်းဥပဒေကို ပေါင်းစပ် လိုက်သည့်အခါ ပြိုင်ဘက်များကို ခုခံနိုင်စွမ်းရှိခဲ့သည်။
သို့သော် ထိုလူများကို ထိခိုက် ဒဏ်ရာရရှိအောင် ပြုလုပ်ရန်မှာမူ အလွန်ပင် ခက်ခဲသွားချေပြီ။ အဘယ့်ကြောင့်ဆိုသော် ဤအဖိုးကြီးများသည် တာအိုပေါင်းစည်းခြင်း အဆင့်ထက် သာလွန်နေသူများဖြစ်၏။
သူတို့၏ ကျင့်ကြံမှုရောင်ဝါကို တားမြစ်ရတနာများဖြင့် ကောင်းကင်တာအိုထံမှ ဖုံးကွယ်ကာ ထွက်လာခဲ့ခြင်းပေပင်။
လက်ထဲရှိ ရတနာများနှင့် ပေါင်းစပ်လိုက်သော် ကျင့်ကြံမှုကွာခြားချက်မှာ အလွန်ပင် ကြီးမားသွားခဲ့၏။
စုရီတစ်ယောက် မျက်လုံးများ အေးစက်နေပြီး လူသတ်လိုသော ရောင်ဝါများ ဆူပွက်လာခဲ့သည်။
သူသည် သူ့တစ်ဘဝလုံးတွင် မရေမတွက်နိုင်သော သေရှင်တိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူး၏။ ၎င်းနှင့် နှိုင်းယှဉ်လျှင် လက်ရှိ အခြေအနေသည် အကျပ်အတည်း ဖြစ်သော်မှ သေစေနိုင်လောက်သည်အထိ မဟုတ်သေးချေ။
သို့သော် တစ်ဖက်လူများမှ တစ်ချိန်လုံး ငါးတစ်ကောင်လိုရှုမြင်ခြင်း ခံနေရသည့်အပေါ် မကျေမနပ်ဖြစ်လာသည်မှာ သဘာဝပေပင်။
“ ဝုန်း ... ။ ”
“ မင်းတို့ရဲ့ ဝှက်ဖဲတွေကို ထုတ် ... ။ ”
တိုက်ပွဲကြီးမှာ ပြင်းထန်လွန်းလှပြီး ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သွား၏။ အကယ်၍သာ လက်ရှိခေတ်၏ အခြားသော နတ်ဝိညာဉ်အဆင့် တစ်စုံစ်ဦးသာဆိုသော် အသတ်ခံရပြီးဖြစ်ပေမည်။
“ အရမ်းသန်မာတယ်။ ”
အဝေးတစ်နေရာမှ ကြည့်ရှုနေသော လီကျုံး၏မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထိုလူဆယ်ဦးကျော်၏ နောက်ခံကို သူ ကောင်းကောင်း သိထား၏။
ဖူတာ့လီကဲ့သို့သော အင်မော်တယ် သားမြေးများမှတပါး အခြားမြေခွေးအိုကြီးများ အားလုံးသည် ယခင်ဘဝ၌ တိမ်ပေါ်ပျံသန်းခြင်း အထွတ်အထိပ်အဆင့်များဖြစ်၏။
မည်သူမဆို ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ရှိနေခဲ့ကြသူများဖြစ်ကာ ရှေးခေတ် ဂိုဏ်းကြီးများအကြား သက်ရှိ ထောက်တိုင်ကြီးများဖြစ်ခဲ့ကြ၏။
“ ဝင်စားခြင်းဥပဒေရဲ့ စွမ်းအားအပြင် ဒီကလေးရဲ့လက်ထဲမှာ စိတ်ကူးကြည့်လို့ မရနိုင် လောက်အောင် ကြောက်စရာကောင်းတဲ့ ...
... အခြားဝှက်ဖဲတစ်ခုခု ရှိနေရမယ်၊ မဟုတ်ရင် သူ ဘာလို့ အကြာကြီး ဒီလောက် တောင့်ခံနေမှာလဲ။ ”
လီကျုံးက တအံ့တဩရေရွတ်လိုက်သည်။
“ မေ့လိုက်ပါ ... သူ ရှုံးနိမ့်တော့မယ့် အချိန်ကျရင် ငါ့ရဲ့အသက်ကိုစွန့်ပြီးတော့ သူ့ကို ကူညီပေးလိုက်မယ်။ ”
ဤတစ်ကြိမ်တွင် သူသည် မုချင်းချောင်၏ အမိန့်ဖြင့် လူအချို့ခေါ်ဆောင်ကာ စုရီအတွက် လိုအပ်ချိန်တွင် အကူအညီပေးရန် ရည်ရွယ်ထားခဲ့၏။
ဤနည်းဖြင့် စုရီအပေါ် ငြင်းပယ်၍မရနိုင်သော ကျေးဇူးတရားတစ်ခု တင်ရှိသွားချေမည်။
“ အားလုံးပဲ ဒီကောင်လေးကို အရင်ဆုံး နှိမ်နင်းကြရအောင် ပြီးရင်ဝင်စားခြင်း ဥပဒေကို ဆွဲထုတ်ပြီး ငါတို့တွေခွဲဝေယူကြမယ်။ ”
“ သတ် ... ။ ”
“ ဝုန်း ... ။ ”
ဖူတာ့လီမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့ကြောင့် တိုက်ပွဲအဟုန် အပေါ် မြှင့်တင်လာခဲ့ကြသည်။
“ အဲဒါ ဘယ်သူလဲ။ ”
ရုတ်တရက် တစ်စုံတစ်ယောက်မှ တိုက်ပွဲမှသည် အဝေးရှိ မြင်ကွင်းတစ်ခုအပေါ် သတိထားမိသွား၏။
မည်သည့်အသံမျှမထွက်ဘဲ ရိုးရှင်းသောအမျိုးသမီးတစ်ဦးသည် ခွေးဝါကြီး တစ်ကောင်နှင့်အတူ ကောင်းကင်ကိုဖြတ်ကာ လျှောက်လှမ်းလာနေ၏။
အမျိုးသမီးသည် လယ်တောသူမ ဝတ်လုံကိုဆင်မြန်းထားပြီး မည်းနက်နေသော ဆံပင်ရှည်များကို သစ်သားဆံထိုးတစ်ခုဖြင့် လျော့ရဲရဲထုံးထား၏။ အသားအရေသည် ဖြူဖျော့လျက် ရုပ်သွင်မှာ သာမန်ပေပင်။
သို့သော် သူမမျက်ဝန်းအိမ်မှာမူ ကြည်လင်သော ဆောင်းဦးရေကန်ကြီးတစ်ခု ပမာ ဖြစ်နေသည်။
ဤမြင်ကွင်းသည် တောင်ဖြိုမိစ္ဆာဘုရင်လီကျုံးကို တစ်ကိုယ်လုံး ချွေးအေးများ ထွက်ပေါ်လာစေခဲ့၏။
“ မကြောက်နဲ့ ငါတို့ လမ်းလျှောက်ထွက်လာတာပါ။ ”
ခွေးဝါကြီးက လီကျုံးကို သတိပြုမိ သွားပြီးနောက် မနေနိုင်တော့ဘဲ လှောင်ပြုံးဖြင့် ရယ်ပြလိုက်လေသည်။
လီကျုံးခမျာ တိတ်ဆိတ်သွားခဲ့ကာ အမူအရာမှာ ရှုပ်ထွေးလာ၏။ အစမှအဆုံးတိုင် အမျိုးသမီးသည် သူ့ကိုတစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ချေ။
သူမသည် ဟောင်းနွမ်းနေသော ပန်းခြင်းတောင်တစ်ခုကိုင်ထားပြီး တောရွာက ရွာသူအမျိုးသမီးတစ်ဦးပမာ ရိုးသား အေးဆေးနေချေသည်။
“ အနီရောင်တိမ်တိုက်။ ”
“ စစ်မှန်သော လူသားဟုန်ယွင်။ ”
ထိုအချိန်တွင် စုရီကို ဝိုင်းအုံ တိုက်ခိုက်နေသော လူအုပ်ကြီးသည်လည်း သတိထားမိကုန်ပြီး အံ့အားသင့်သွား၏။
ဖူတာ့လီသည်ပင် အမူအရာ တည်ကြည်သွားကာ ဖော်ရွေစွာပြုံးပြလိုက် ရလေသည်။
“ မိန်းကလေးဟုန်ယွင် မင်းလည်း ဝင်စားခြင်းဥပဒေအတွက် လာခဲ့တာပဲလား အတော်ပဲ ငါတို့တွေက ...
... ဒီသားကောင်ကို ဖမ်းနိုင်တော့မယ် ခဏစောင့်ပေးပါ ... မင်းအတွက် ဝေစုတစ်ခု သေချာပေါက် ပေးပါ့မယ်။ ”
သို့သော် ဟုန်ယွင်သည် တုန့်ပြန်စကားမဆိုဘဲ ရုတ်ချည်းလက်တစ်ဖက် မြှောက်တင်လိုက်တော့၏။
“ ဝှစ် ... ။ ”
ဟောင်းနွမ်းနေသော ပန်းခြင်းတောင်း အတွင်းမှ နီရဲတောက်ပသောအလင်းတန်းတစ်ခု ရုတ်ချည်း ပြေးထွက်လာခဲ့သည်။
“ ဝုန်း ... ။ ”
၎င်းအလင်းတန်းသည် နတ်ဘုရား သက်တံကြီးတစ်ခုပမာအဝေးသို့ ပျံသန်းလျက် လူတိုင်းအပေါ် တွန်းထုတ်ပစ်တော့၏။
“ ဒါက ဘယ်လိုရတနာလဲ ဘယ်လိုများ ဒီလောက်တောင် ပြိုင်ဘက်ကင်းနေရတာလဲ။ ”
“ သောက်ကျိုးနည်း ... မင်းက ဝင်စားခြင်းသံသရာကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား။ ”
ထိုကြောက်စရာကောင်းလှသော ပညာရှင်ကြီးများသည် အံ့သြဒေါသများဖြင့် အော်ဟစ်ကျိန်ဆဲလာ၏။
“ ငါ ဒေါသမထွက်ခင် ထွက်သွား။ ”
သို့သော် ဟုန်ယွင်သည် လူတိုင်းကို ဝေ့ကြည့်လျက် တည်ငြိမ်စွာ ပြောကြားလိုက် လေသည်။ ထိုစကားတွင် အတိုင်းအဆမရှိသော မောက်မာမှုများနှင့် ပြည့်နှက်နေချေပြီ။
ဖူတာ့လီနှင့်အဖွဲ့သည် မျက်နှာများ ချက်ချင်းမည်းမှောင်လာ၏။ တစ်ဖက်လူသည် ဤမျှအထိ မောက်မာရိုင်းပြနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
“ မင်းတို့ကို ထွက်သွားခိုင်းနေတာလေ နားတွေပင်းနေကြတာလား ... ဟမ့် ။ ”
ခွေးဝါကြီးမှ အော်ဟစ်လိုက်သည်။ ပုညှက်ညှက်အဘိုးအိုကြီးသည် အသက် ပြင်းပြင်းရှူလိုက်ကာ၊
“ မိန်းကလေးဟုန်ယွင် ... မင်း ဒီလိုလုပ်တာကို ငါတို့ဂိုဏ်းကသဘောတူမှာ မဟုတ်ဘူး ...
... ငါတို့ဂိုဏ်းရဲ့ နဝမမြောက်ဘိုးဘေးနဲ့ တခြားစီနီယာကြီးတွေဟာ မကြာခင်မှာ နိုးထ လာတော့မယ် မင်း ... ။ ”
“ ဝှစ် ... ။ ”
“ ဘောင်း ... ။ ”
သူ့စကားမဆုံးခင်မှာပင် ဟုန်ယွင်၏ ပန်းခြင်းတောင်းအတွင်းမှ အလင်းတန်းတစ်ခု ပြေးထွက်သွားခဲ့ပြန်သည်။
ထိုပုညှက်ညှက် အဘိုးကြီးခမျာ ခုခံကာကွယ်မှု ရတနာပေါင်းများစွာ ပေါက်ကွဲ လျက်ဖြင့် အဝေးသို့ လွင့်စဉ်သွား၏။
“ အဟွတ် ... အဟွတ် ... ။ ”
ဤမျှသနားစရာ ကောင်းလွန်းသော ပုံစံကြောင့် အခြားသူများမှာ အသက်ရှူရပ်ပြီး မျက်နှာများ လုံးဝ ပြောင်းလဲသွားသည်။
“ သုံးစက္ကန့်အတွင်း ထွက်မသွားရင် သေရမယ်။ ”
“ ဟုန်ယွင် ... ဒီနေ့ကိစ္စဒီမှာတင် အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတာကိုတော့ ငါအာမခံတယ် ... ။ ”
ဝေးကွာလှသော အရပ်ဆီမှနေ၍ ဖူတာ့လီတစ်ယောက် အမုန်းတရားများ ပြည့်နှက်နေသောအသံဖြင့် လှည့်ထွက်သွား၏။
အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွား ကုန်တော့သည်။ ဟုန်ယွင်မှ ဂရုမစိုက်ချေ။
စုရီ ရှေ့မှောက်သို့ လျှောက်လှမ်းလာပြီး ပန်းခြင်းတောင်းအတွင်းမှ သေရည်အိုးတစ်အိုး ထုတ်ယူကာ ကမ်းပေးလိုက်တော့၏။
“ တာအိုစု ... ဒီဝိုင်ကိုလွန်ခဲ့တဲ့ရက်ကမှ ငါအသစ်ချက်လုပ်ထားတာ ... အရသာ ဘယ်လို ရှိသလဲဆိုတာ မြည်းစမ်းကြည့်ပါဦး။ ”
***