အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁ ထိတ်လန့်ခြင်း
စာကို လက်ခံရရှိလိုက်သည့် ဝမ်သခင်ကြီးကလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
‘တစ်ချိန်က သူ့ရဲ့အကာအကွယ်ကို လာတောင်းခဲ့တဲ့ ရွာသူလေးက အခုတော့ 'ကောင်တီမင်းသမီး' တစ်ပါး ဖြစ်သွားခဲ့ပြီ။ သူကတော့ ပိုက်ဆံနဲ့ ရာထူးဝယ်ထားတဲ့ ခရိုင်အရာရှိလေးတစ်ယောက်ဖြစ်နေပြီး မင်းသမီးရဲ့ ဆပ်ပြာပြုနည်းကိုတောင် ယူထားခဲ့မိသေးတယ်...
ဒီဖိတ်ကြားချက်က ထောင်ချောက်တစ်ခုများ ဖြစ်နေမလား.....’
သူက အပြင်တွင် အဖြေစောင့်နေသော လျိုတကွေ့ကို လှမ်းကြည့်ပြီး ရင်ထဲတွင် ပို၍ စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
‘ဒီလျိုတကွေ့ဆိုတာလည်း အရင်က သူ့မိသားစုကနေ ဝယ်ခဲ့တဲ့သူလေ၊ သူတို့ပဲ ဒီလူကို သန့်ရှင်းအောင် လုပ်ပေးခဲ့ပြီး စုန့်မိသားစုဆီကို တစ်ဝက်ရောင်း၊ တစ်ဝက်ပေး လုပ်ပေးခဲ့တဲ့သူပါ။
အခုတော့ ဒီလူက ဒုတိယအဆင့်ရှိတဲ့ ကောင်တီမင်းသမီးရဲ့ အိမ်တော်ထိန်း ဖြစ်နေပြီ။ သူကိုယ်တိုင်တောင် ဒီလူကို ရိုရိုသေသေ ဆက်ဆံနေရပြီ။
ဒါပေမယ့် လျိုတကွေ့ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိသေးဘူး။ သူက အရင်အတိုင်းပဲ ရိုးရိုးသားသား ဝတ်ဆင်ထားတယ်။ သူ့လက်တွေကို ယှက်ထားပြီး ဘာဝါကြွားမှုမျိုးမှ မရှိဘဲ ရပ်နေတယ်လေ’
ဝမ်သခင်မက ဖိတ်စာကို ကြည့်ပြီး သူ့ကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ရှင် ဘာတွေ စိုးရိမ်နေတာလဲ၊ စုန့်တင်းရှန်းက မြစ်ကို ကူးပြီးမှ တံတားဖျက်သွားမယ့် လူစားမျိုး မဟုတ်ပါဘူး၊ သူတို့ မြို့တော်ကို သွားနေတုန်း သူတို့မိသားစုမှာ အခက်အခဲ ဖြစ်နေတဲ့အချိန် ကျွန်မတို့ဘက်က ကူညီပေးခဲ့တာပဲ၊ သူ မင်းသမီးဖြစ်သွားတာနဲ့ ကျွန်မတို့ကို ဒုက္ခပေးမယ်တော့ မထင်ပါဘူး"
သူကြွယ်ကြီးဝမ်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"ငါတို့လက်ထဲကမှာ အဲဒီဆပ်ပြာလုပ်နည်း ရှိနေသေးရင် ငါတို့ တွေ့တဲ့အခါ သူ့ကို ဝေစု အများကြီး ပြန်ပေးလို့ ရတာပေါ့၊ ဒါပေမယ့် အဲဒီနည်းလမ်းက..."
"ရှင် အများကြီး တွေးမနေပါနဲ့တော့၊ ကျွန်မတို့မိသားစုနဲ့ စုန့်မိသားစုက ဆွေမျိုးတော်စပ်ကြတာပဲလေ။ နည်းနည်းလေး အလှမ်းဝေးတယ်ဆိုရင်တောင် ခမည်းခမက်ဆက်ဆံရေးကတော့ ရှိနေသေးတယ်၊ အဲဒီတုန်းက သူတို့ရဲ့ ကြင်နာမှုကိုသာ မမြင်နိုင်ခဲ့ရင် ကျွန်မတို့လည်း သူတို့ကို ဒီလောက်အထိ နွေးနွေးထွေးထွေး ဆက်ဆံခဲ့မှာ မဟုတ်ဘူး၊ ရှင် စိတ်အေးအေးထားပါ"
ဇနီးသည်က ထိုသို့ ပြောဆိုနေသော်လည်း သူကြွယ်ကြီးဝမ်ကတော့ စိတ်မအေးနိုင်ဖြစ်နေဆဲပင်။ သူက လျိုတကွေ့အား နောက်တစ်နေ့တွင် သူတို့ မပျက်မကွက် လာခဲ့မည်ဖြစ်ကြောင်းနှင့် ငွေစအချို့ကို ဆုလာဘ်အဖြစ်ပေးကာ သူကိုယ်တိုင် လိုက်လံပို့ဆောင်ခဲ့သည်။
လျိုတကွေ့က တံခါးဝတွင် ရပ်နေပြီး သူကြွယ်ကြီးဝမ်ကို ပြုံးပြနေသည်။
"ဝမ်သခင်ကြီး၊ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ကျွန်တော်တို့ သခင်မက စိတ်နှလုံး ကောင်းတဲ့သူပါ၊ အိမ်တော်က သခင်ကြီးတွေ၊ သခင်မကြီးတွေလည်း ပိုပြီးတောင် ကြင်နာတတ်ကြပါသေးတယ်။ ကျွန်တော်တို့ သခင်မက ဝမ်သခင်ကြီးတို့ကို အမြဲကျေးဇူးတင်နေပြီး သခင်ကြီးတို့မိသားစုကို မိတ်ဆွေအရင်းတွေလို သဘောထားတာပါ၊ တကယ်လို့ သခင်ကြီးက ဒီလောက်အထိ သတိထားလုပ်ဆောင်နေမယ်ဆိုရင် ဒါက သခင်မရဲ့ စိတ်ကို နာကျင်စေပါလိမ့်မယ်"
လျိုတကွေ့က လူကဲခတ် အလွန်တော်သူဖြစ်ပြီး စုန့်တင်းရှန်း၏ စိတ်နေစိတ်ထားကို အလွယ်တကူ ရိပ်မိနိုင်ခဲ့သည်။ ထို့ပြင် စုန့်မိသားစုက မြို့တော်မှ ခမ်းခမ်းနားနား ပြန်လာခဲ့သော်လည်း သူတို့၏အမူအရာများက အရင်အတိုင်း မပြောင်းလဲသည်ကို သူ သတိပြုမိခဲ့သည်။
သူတို့မိသားစုကို သွားမနှောင့်ယှက်သရွေ့ သူတို့ကလည်း သူတပါးအား အနိုင်ကျင့်မည် မဟုတ်ကြောင်း သိသာနေသည်။ ယခု သူကြွယ်ကြီးဝမ်ကို ထမင်းဖိတ်ကျွေးခြင်းကလည်း အာဏာပြရန် မဟုတ်မှန်း သိသာနေသည်။ ထို့ကြောင့် သခင်မ၏ အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် သူ စကားအနည်းငယ် လမ်းညွှန်ပေးရန် လိုအပ်သည်ဟု တွေးကာ ပြောပြလိုက်ခြင်းပင်။
ထိုစကားကပင် သူကြွယ်ကြီးဝမ်ကို ရင်ခုန်သွားစေခဲ့သည်။ သူက အလောတကြီး ပြန်ပြောလိုက်သည်။
"ငါလည်း သိပ်ပြီး အများကြီး ကူညီခဲ့တာ မဟုတ်ပါဘူး"
လျိုတကွေ့က ရယ်မောရင်း ထပ်ပြောလိုက်သည်။
"အဲဒီတုန်းက စစ်သူကြီးကျိုးကို ထောက်ခံပေးပြီး မြှင့်တင်ပေးခဲ့တာလည်း ဝမ်သခင်ကြီးပဲလေ၊ ပြီးတော့ သခင်မကျိုးတို့ မိသားစုကို စောင့်ရှောက်ပေးခဲ့တာလည်း ဝမ်သခင်ကြီးပဲ မဟုတ်လား၊ ဘာလို့ အခု ဒီလောက် စိုးရိမ်နေရတာလဲ"
"ဒါက အားထုတ်မှု နည်းနည်းလေးပါဗျာ"
သူကြွယ်ကြီးဝမ်က သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"ခင်ဗျား ကျုပ်ကို မရယ်ပါနဲ့ဗျာ၊ ကျုပ် ဒီလောက် မြင့်မားတဲ့ အဆင့်အတန်းမျိုး ရှိတဲ့သူကို တစ်ခါမှ မတွေ့ဖူးလို့ပါ၊ ကောင်တီမင်းသမီးဆိုတာက ဒုတိယအဆင့် အရာရှိကြီးတောင် ဖြစ်နေပြီလေ"
လျိုတကွေ့က သူ့အသံကို နှိမ့်ရင်း ထပ်ပြောလိုက်သည်။
"သခင်မက ဒုတိယအဆင့် အရာရှိဖြစ်နေရင်တောင် ဝမ်သခင်ကြီးရဲ့ ခင်ဗျားတူရဲ့ မရီးတော်စပ်နေသေးတယ်လေ မဟုတ်ဘူးလား"
ဤစကားက သူကြွယ်ကြီးဝမ်အတွက် အမှန်တကယ် ကံထူးလှသော ဆွေမျိုးတော်စပ်မှု ရှိကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။ လျိုတကွေ့ ထွက်ခွာသွားပြီးနောက် သူကြွယ်ကြီးဝမ်က တံခါးဝတွင် တစ်ယောက်တည်း ရပ်ကျန်နေကာ တိုးတိုးလေး ရေရွတ်နေလေသည်။
"ငါ နှစ်ပေါင်းများစွာ ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့တာက ကံကြမ္မာကောင်းတစ်ခု ဖန်တီးချင်လို့လေ၊ စုန့်မိသားစုက ငါ့ရဲ့ ကောင်းတဲ့ ကံတရားများ ဖြစ်နေနိုင်လား"
ဝမ်သခင်မကြီးက လက်ဆောင်ပစ္စည်းများ အပြည့်တင်ထားသည့် မြင်းလှည်းတစ်စီးကို ပြင်ဆင်ခဲ့ပြီး နောက်တစ်နေ့တွင် သူမ၏သားနှင့် ဝမ်သခင်ကြီးတို့ကို ခေါ်ဆောင်ကာ ကောင်တီမင်းသမီး၏ အိမ်တော်သို့ ရောက်လာခဲ့ကြသည်။
လျိုတကွေ့သည် လမ်းထိပ်တွင် ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။ ကောင်တီမင်းသမီးတစ်ယောက်၏ အဆင့်အတန်းအရ အစေခံ အများအပြား ရှိသင့်သော်လည်း စုန့်တင်းရှန်းက အရာရာကို ကိုယ်တိုင်လုပ်ဆောင်ရခြင်းအား ပိုအသားကျနေပြီး အစေခံများ ဝယ်ယူရန်လည်း စိတ်မဝင်စားခဲ့ပေ။ လျိုတကွေ့ကလည်း အပြင်မှ လူသစ်များ ဝင်လာပြီး ပြဿနာတက်သည်ထက် စိတ်ချရသော လူဟောင်းများနှင့် ရင်းနှီးအောင် အရင် ဖွဲ့စည်းထားသည်က ပိုကောင်းသည်ဟု တွေးနေခဲ့သည်။
"ဝမ်သခင်မ"
စုန့်တင်းရှန်းက အိမ်ရှေ့တံခါးဝတွင် ရပ်နေပြီး ဝမ်သခင်မ၏လက်ကို ကိုင်ကာ လှိုက်လှိုက်လှဲလှဲ ပြုံးပြနေသည်။ ဘေးနားမှ ကလေးငယ်ကို မြင်လိုက်သည်နှင့် သူမက အံ့ဩတကြီး လှမ်းမေးလိုက်သည်။
"ဒါ ချုံအာလား... မတွေ့ရတာ နှစ်နှစ်တောင် ကျော်သွားပြီ၊ တကယ်ကို သန်သန်မာမာနဲ့ ကြီးထွားလာတာပဲ"
ဝမ်သခင်မကြီး သူမ၏သားကို လှမ်းပြောလိုက်သည်။
“မြန်မြန်... ကောင်တီမင်းသမီးကို နှုတ်ဆက်လိုက်ပါဦး"
စုန့်တင်းရှန်းက ဝမ်သခင်မ၏ လက်မောင်းကို ချိတ်လိုက်ရင်း ရန်တွေ့လိုက်သည်။
"ဘာလို့ 'ကောင်တီမင်းသမီး' လို့ ခေါ်နေတာလဲ၊ အဲဒီလောက်အထိ တခမ်းတနားတွေ လုပ်နေဖို့ မလိုပါဘူး၊ ကျွန်မကို ဒီအတိုင်း အစ်မလို့ပဲ ခေါ်ခိုင်းလိုက်ပါ"
ထိုကောင်လေးကလည်း လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ သူ့၏မျက်လုံးဝိုင်းဝိုင်းလေးဖြင့် စုန့်တင်းရှန်းကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နှုတ်ဆက်လိုက်သည်။
"အစ်မ"
စုန့်တင်းရှန်းက ကောင်လေး၏ဦးခေါင်းကို အသာအယာပုတ်ပေးနေရင်း သူ့လည်ပင်းတွင် ဆွဲထားသော ငွေဆွဲကြိုးလေးကို သတိပြုမိသွားသည်။
"ဒါ... ကလေးခေါင်းဆောင်းမင်္ဂလာတုန်းက ကျွန်မပေးခဲ့တဲ့ ဆွဲကြိုးလေး မဟုတ်လား၊ ဒီဆွဲသီးလေးကတော့ ကျွန်မတို့ရဲ့ အဒေါ်အငယ်ဆုံး လုပ်ပေးထားတာ"
ဝမ်သခင်မက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"သူ ဒီဆွဲကြိုးလေးကို အမြဲဆွဲထားတာလေ၊ နင်က ငါတို့မိသားစုအတွက် ကောင်းချီးတွေ ယူဆောင်ပေးခဲ့တဲ့ နတ်သမီးလေဆိုတော့ ငါ့သားကလည်း အဲဒီကောင်းချီးတွေကို ခွဲဝေရရှိခဲ့တာပေါ့၊ ဒီနှစ်နှစ်အတွင်း သူ တစ်ခါမှ ဖျားတာနာတာ၊ ဘေးဥပဒ်ဖြစ်တာမျိုး မရှိခဲ့ဘူး၊ ဒါတွေအားလုံးက စုန့်မိသားစုဆီကလာတဲ့ အကာအကွယ်တွေကြောင့် မဟုတ်ဘူးလား"
“ပေါက်ကရတွေ၊ ဒါတွေက သခင်မရဲ့ ကြင်နာမှုနဲ့ စောင့်ရှောက်မှုကြောင့်ပါ၊ လူကြီးမိဘတွေရဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ရရှိလာတဲ့ ကောင်းချီးတွေလည်း ပါတာပေါ့၊ ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး"
စုန့်တင်းရှန်းက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ပြီး ဝမ်သခင်မကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
"ကျွန်မတို့ခြံဝင်းက သိပ်မကြီးပေမယ့် အတော်လေးတွေ သက်သောင့်သက်သာ ရှိပါတယ်၊ သခင်မ စိတ်မရှိဖို့ မျှော်လင့်တယ်"
အိမ်အတွင်းခန်းသို့ ရောက်လာချိန်တွင် တစ်ဦးတည်းသော အစေခံမလေး ယွိယင်းက လက်ဖက်ရည်နှင့် သစ်သီးများ အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝမ်သခင်မက ဘေးဘီကို ကြည့်ရင်း မေးလာပြန်သည်။
"အဖိုးနဲ့ အဖွားတို့ရော ဘယ်ရောက်နေကြလဲ"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဝမ်သခင်မလည်း အဖိုးနဲ့ အဖွားရဲ့အကြောင်းကို သိနေတာပဲ၊ သူတို့က နောက်ဖေးဥယျာဉ်ထဲက ဟင်းရွက်ပင်တွေကြားမှာ ပေါင်းနှုတ်နေကြတယ်လေ၊ ထမင်းစားချိန်မှ လာခဲ့မယ်တဲ့"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဧည့်သည်တွေက ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်နေချိန်မှာ အိမ်ရှင်တွေက ခြံထဲမှာ အလုပ်လုပ်နေတယ်ဆိုတော့...."
"သူတို့က ခြံထဲမှာ အလုပ်လုပ်နေရမှ ပိုပြီး စိတ်အေးလက်အေး ရှိကြတာလေ၊ တကယ်လို့ သူတို့ကို လက်ဖက်ရည်သောက်ဖို့ အတင်းခေါ်မှ သူတို့ အနေရခက်မှာ၊ အဲဒီလိုဆိုရင် အားလုံး စိတ်မသက်မသာ ဖြစ်ရတော့မှာလေ"
အမှန်တကယ်တွင် သူမကိုယ်တိုင်လည်း အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေရပြီး ဘာမှမတတ်နိုင် ဖြစ်နေခဲ့ရသည်။ သူမ၏မိသားစုဝင်များက တစ်သက်လုံး ရိုးရိုးသားသား ရုန်းကန်လာကြသူများဖြစ်ပြီး ရုတ်တရက် ရရှိလာသည့် ချမ်းသာကြွယ်ဝမှုကို မည်သို့ခံစားရမှန်း မသိကြပေ။ ကောင်းမွန်သော အစားအသောက်များ စားရလျှင်ပင် တစ်နပ်နှစ်နပ် စားပြီးသည်နှင့် ငြီးငွေ့သွားကြပြီး အိမ်မှ ကြက်သွန်မြိတ်ကို ပဲငပိနှင့် တို့စားရခြင်းအား ပိုမက်မောသူများ ဖြစ်ကြသည်။
ဝမ်သခင်ကြီးက ဝင်ပြောလာခဲ့သည်။
"ဒါဆိုရင် ငါလည်း အနောက်ဘက်ကို သွားပြီး ခြံစိုက်နည်း သင်ယူရမှာပဲ၊ မင်းတို့နှစ်ယောက်ပဲ ဆက်ပြီး စကားပြောကြတော့"
လျိုတကွေ့က ဝမ်သခင်ကြီးကို နောက်ဖေးဥယျာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ မူလက ထိုနေရာတွင် စမ်းချောင်းငယ်လေးနှင့် တောင်ကုန်းအတုလေးများ ရှိပြီး ပန်းဥယျာဉ်လေး ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါ စုန့်ရှင်းယိက ထိုနေရာကို ဟင်းသီးဟင်းရွက်စိုက်ခင်းများအဖြစ် ပြောင်းလဲထားပြီး သူကိုယ်တိုင် သောက်ရန်အတွက် ဆေးရွက်ကြီးပင်များကိုပင် တစ်ကွက်စာ သီးသန့်စိုက်ပျိုးထားသေးသည်။
တစ်သက်လုံး မြေကြီးကို ဖက်တွယ်လာခဲ့သူများအဖို့ အေးအေးဆေးဆေး နားနေရခြင်းက အလွန်ခက်ခဲလှသည်။ ယခုရက်ပိုင်း ရွာသို့လည်း မသွားနိုင်သောကြောင့် ဥယျာဉ်ထဲတွင်သာ အချိန်ဖြုန်းနေကြခြင်း ဖြစ်သည်။
စုန့်မိသားစု ရုတ်တရက် မြို့တော်သို့ ထွက်ခွာသွားခဲ့စဉ်က ဤဥယျာဉ်ကို ပြုစုပျိုးထောင်ပေးခဲ့သည်က လျိုတကွေ့နှင့် သူ၏မိသားစု ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် ဖရဲသီး၊ သခွားသီးများ စိုက်ပျိုးထားသည့်အပြင် ကြက်၊ ဘဲအနည်းငယ်ကိုလည်း မွေးမြူထားကြသည်။ ရွာမှ အိမ်၏ မြေအောက်ခန်းတွင် မွေးထားသော သိုးအနည်းငယ်ကိုလည်း ဤဝင်းထဲသို့ ရွှေ့ပြောင်းမွေးမြူခဲ့ကြသည်။ ယခု စုန့်ရှင်းယိက သူ အားလပ်ချိန်ရတိုင်း သူ့သိုးများကို မြို့ပြင်သို့ ခေါ်ထုတ်ကာ လမ်းလျှောက်ရင်း မြက်စားခိုင်းလေ့ရှိသည်။
"ဝမ်သခင်ကြီး ရောက်လာတာလား"
စုန့်ကျစ်ယွမ်က မော့ကြည့်လိုက်ပြီး ဝမ်သခင်ကြီးကို မြင်သွားကာ ကမန်းကတန်း အရိုအသေပေးလိုက်သည်။
"သခင်ကြီး... ဘယ်လိုဖြစ်ပြီး ဒီအထိရောက်လာတာလဲ"
"အို... မဟုတ်သေးဘူး၊ ဒီလောက်ကြီး ရိုသေပြနေဖို့ မလိုပါဘူး"
သူကြွယ်ကြီးဝမ်က စုန့်ကျစ်ယွမ် ဒူးထောက်လိုက်မည်ကို စိုးရိမ်ပြီး သူ့ကို အလျင်အမြန် ဆွဲထူလိုက်သည်။
"ငါတို့ မိတ်ဆွေဟောင်းတွေလေ၊ ဘာလို့ ဒီလောက် သူစိမ်းဆန်နေရတာလဲ၊ အရင်က ခဏခဏ လာလည်နေကျပဲဟာကို အခုကျမှ ဘာလို့ နေရခက်အောင် လုပ်နေရတာတုန်းကွာ"
စုန့်ကျစ်ယွမ်ကတော့ ဘာလုပ်ရမှန်းမသိဘဲ တဟဲဟဲ ရယ်နေလေသည်။ လျိုတကွေ့က အပြုံးဖြင့် ဝင်ပြောပေးလိုက်သည်။
"သခင်... ဝမ်သခင်ကြီးက ကျွန်တော်တို့ ဟင်းသီးဟင်းရွက်စိုက်တာကို ကြည့်ချင်လို့တဲ့၊ သခင်ပဲ ရှင်းပြပေးလိုက်ပါဦး"
ထိုအချိန်မှသာ စုန့်ကျစ်ယွမ်က စိတ်အားတက်ကြွသွားပြီး ကမန်းကတန်း ဖိတ်ခေါ်လိုက်သည်။
"ဟင်းသီးဟင်းရွက်စိုက်တာကို ကြည့်မလို့လား၊ အဲဒါက ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲဗျာ၊ ဒါပေမယ့် ဒီဝင်းနှစ်ခုရှိတော့ လတ်လတ်ဆတ်ဆတ် စားရတာပေါ့လေ၊ ကြည့်လေ... ဒီဘက်မှာက ဝါးပင်တွေ ရှိတယ်၊ ဟိုဘက်နံရံအောက်မှာက ရွှေဖရုံပင်တွေ၊ ဒီဝင်းထဲမှာ ရာသီစာ ဟင်းသီးဟင်းရွက်တွေ စိုက်ထားပြီး အနောက်ဘက်ဝင်းကတော့ ဆောင်းတွင်းစာဖြစ်တဲ့ မုန်လာဥဖြူနဲ့ မုန်လာထုပ်ကို အများကြီး စိုက်ထားတယ်"
စိုက်ပျိုးရေးအကြောင်း ပြောရလျှင်တော့ သူက မရပ်မနား ပြောနိုင်သူ ဖြစ်သည်။ ဝမ်သခင်ကြီးကလည်း အောက်ခြေလွတ်ပြီး စိုက်ပျိုးရေးအကြောင်း နားမလည်သူ မဟုတ်သောကြောင့် တစ်ခါတစ်ရံ ငုံ့ကြည့်လိုက်၊ အရွက်များကို ဆိတ်ပြီး မြည်းကြည့်လိုက်နှင့် အတော်ပင် ပျော်ရွှင်နေကြသည်။
ဟင်းသီးဟင်းရွက်စိုက်ခင်းထဲတွင် အတော်လေးသဟဇာတ ဖြစ်နေသလို အိမ်ရှေ့ခန်းမဆောင်တွင်လည်း စုန့်တင်းရှန်းနှင့် ဝမ်သခင်မတို့ စကားကောင်းနေကြသည်။
"ဒီမြို့မှာဆိုရင် ကျွန်မတို့ ကောင်းကောင်းသိတဲ့သူဆိုလို့ ဝမ်သခင်မတို့ပဲ ရှိတယ်၊ အရင်တုန်းက ကျွန်မတို့မိသားစု အခက်အခဲ ဖြစ်နေတဲ့အချိန် ဝမ်သခင်ကြီးတို့ ဇနီးမောင်နှံသာ အကူအညီ မပေးခဲ့ရင်..."
စုန့်တင်းရှန်းက ပြောနေရင်း အရိုအသေပေးရန် ထရပ်လိုက်သည်။
ဝမ်သခင်မက သူမကို အမြန်တားဆီးလိုက်သည်။
"ဒါက လုပ်သင့်လုပ်ထိုက်တာပဲလေ။ နင်ဆီက ဆပ်ပြာလုပ်နည်းကို ရခဲ့တာက ငါတို့ကူညီတာနဲ့ မကာမိပါဘူး။ အဲဒီတုန်းက အကျိုးအမြတ်ကို ကြည့်ခဲ့တာ မှန်ပေမယ့် နှစ်တွေအကြာကြီး ပတ်သက်လာတော့ ငါတို့ရဲ့ ဆက်ဆံရေးက အဲ့ဒီဆပ်ပြာလုပ်နည်းထက် သာလွန်သွားပါပြီ၊ နင်က ငါ့ကို ဦးညွှတ်နေရင် ငါ ဘယ်လို လုပ်ရမှန်းတောင် သိတော့မှာ မဟုတ်ဘူး"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြောလိုက်ပြန်သည်။
"အဲဒီဆပ်ပြာလုပ်နည်းအကြောင်း ပြောတော့မှပဲ... မြို့တော်မှာ ဆပ်ပြာတွေ ရောင်းနေတာ ကျွန်မ တွေ့ခဲ့တယ်၊ သခင်မတို့ရဲ့ စီးပွားရေးက တော်တော်ကောင်းပုံရတယ်နော်"
ဝမ်သခင်မက သက်ပြင်းချရင်း ရှင်းပြလာခဲ့သည်။
"ငါ့ကို မရယ်နဲ့နော်၊ တကယ်တော့ အဲဒီဆပ်ပြာလုပ်နည်းကို ငါတို့ကိုယ်တိုင် လုပ်ဖို့ မတတ်နိုင်ခဲ့ကြဘူး"
စုန့်တင်းရှန်းက အံ့သြသွားဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီး ဝမ်သခင်မက ဆက်ရှင်းပြနေသည်။
"ဆပ်ပြာလုပ်နည်းက သေးငယ်တယ်လို့ ဆိုပေမယ့် အကျိုးအမြတ်ကတော့ အရမ်းကြီးတယ်လေ၊ နင်သိတဲ့အတိုင်း ငါတို့ သခင်ကြီးက မိသားစုကြီးနဲ့ အိမ်ခွဲလိုက်တာဆိုတော့ ကိုယ်ပိုင်လုပ်ငန်းကြီးကြီးမားမား မရှိဘူး။ အစပိုင်း နင့်ဆီကနေ အဲ့ဒါကို ရတဲ့အချိန်မှာ သူကိုယ်တိုင်လုပ်ဖို့ ရည်ရွယ်ခဲ့သေးတယ်၊ ဒါပေမယ့် ကုန်သွယ်ရေးလမ်းကြောင်း ဖောက်ဖို့က ခက်ခဲလွန်းတယ်၊ အဲဒါနဲ့ သခင်ကြီးက အဲဒီဆပ်ပြာလုပ်နည်းကို တော်ဝင်ကုန်သည်ဖြစ်တဲ့ ကုမိသားစုကို ပေးလိုက်ပြီး ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုနဲ့ လဲလိုက်ရတယ်"
စုန့်တင်းရှန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"ကိုယ်တိုင်လုပ်တာပဲဖြစ်ဖြစ်၊ သူများလုပ်တာပဲဖြစ်ဖြစ် သခင်မတို့အတွက် အဆင်ပြေရင် အသုံးဝင်တယ်လို့ ပြောရမှာပါပဲ။ ဒါနဲ့ ကျွန်မ မြို့တော်ကနေ ပစ္စည်းကောင်းလေးတွေ ရလာခဲ့တယ်။ သခင်မတို့အတွက် သုံးလို့ရမယ့်ဟာလေးတွေကို အထူးတလည် ရွေးလာခဲ့တာလေ၊ ယွိယင်း... သခင်မအတွက် ငါ ပြင်ထားတဲ့ ပစ္စည်းတွေကို သွားယူပေးပါဦး"
ဧကရာဇ် ပေးအပ်သောပစ္စည်းများကို ပေါ့ပေါ့တန်တန် ပြန်ပေးကမ်း၍မရချေ။ အသုံးမပြုနိုင်သေးသည့်တိုင်အောင် သိုလှောင်ရုံတွင် ဖုန်တက်ခံ၍ သိမ်းထားရမည် ဖြစ်သည်။ သို့သော် မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးထံမှ လက်ဆောင်များက များပြားလှပြီး အများစုက အလွန်ကောင်းမွန်သောပစ္စည်းများ ဖြစ်သည်။ ဤခရိုင်တွင် ဝတ်ဆင်ရန်၊ အသုံးပြုရန် မတတ်နိုင်သည့်အရာများ ဖြစ်သည်။ ၎င်းတို့ကို ဖုန်တက်ခံမည်ထက် လက်ဆောင်ပြန်ပေးလိုက်ခြင်းက ပိုကောင်းမည်ဟု စုန့်တင်းရှန်းက သတ်မှတ်ထားခဲ့သည်။
ယွိယင်းက ပိုးထည်အချို့နှင့် သေတ္တာနှစ်လုံးကို ယူကာ ပြန်ရောက်လာခဲ့သည်။
စုန့်တင်းရှန်းက အပြုံးချိုချိုလေးဖြင့် ပြောနေပြန်သည်။
"ကျွန်မက ကောင်တီမင်းသမီးဆိုပေမယ့် နေ့တိုင်းနေ့တိုင်း ဒီလိုပိုးထည်တွေကို ဝတ်ရတာ အသားမကျသေးဘူး၊ သခင်မတို့မိသားစုကတော့ စီးပွားရေးလုပ်ငန်းတွေရှိတော့ ကိုယ်တိုင်ဝတ်တာအတွက်ရော၊ လက်ဆောင်ပေးဖို့အတွက်ပါ ဒီအထည်တွေက အရမ်းသင့်တော်တယ်လေ။ ဒါနဲ့ သခင်မကြီးအတွက် ကျွန်မ အထူးရွေးလာတဲ့ နီညိုရောင် ပိုးထည်စတစ်စလည်း ပါသေးတယ်နော်"
ဝမ်သခင်မက ရေကဲ့သို့ နူးညံ့နေသည့်ပိုးသားလေးကို ကိုင်ကြည့်ရင်း အကြံပေးလာခဲ့သည်။
"ဒီလောက်ကောင်းတဲ့ အထည်လေ၊ နင်အတွက်လည်း ဝတ်စုံလေးတွေ ချုပ်ဝတ်သင့်တယ်နော်၊ နင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်နေကုန် အညိုရောင်၊ အစိမ်းရောင်နဲ့ မီးခိုးရောင်တွေပဲ ဝတ်နေတော့ ကြည့်ရတာ နွမ်းဖတ်နေသလိုပဲ"
"ကျွန်မအတွက် ဝတ်စုံအချို့ ချုပ်ထားပြီးပါပြီ၊ အပြင်သွားတဲ့အခါ ဒါမှမဟုတ် ပွဲလမ်းသဘင်ရှိတဲ့အခါ ဝတ်ဖို့ သိမ်းထားတာပါ၊ နေ့တိုင်းဝတ်ဖို့ကျတော့ နေမထိထိုင်မသာဖြစ်နေသလို ခံစားရတယ်၊ ဒီတိုင်းထားရင်လည်း ပျက်စီးကုန်မှာစိုးလို့ သခင်မနဲ့ သခင်မကြီးတို့အတွက် ပေးလိုက်တာက ဒီအထည်တွေအတွက် ပိုကောင်းတဲ့ နေရာတစ်ခုကို ရှာပေးလိုက်သလိုပါပဲ"
ဝမ်သခင်မက ရယ်မောရင်း ပြန်ပြောလာသည်။
"နင်ကတော့ တကယ်ကို စကားတတ်တာပဲ၊ နင် ပြန်လာပြီလို့ ကြားတုန်းက ငါတို့ရဲ့သခင်ကြီးက နင်ရှေ့မှာ ဘာပြောရမှန်းမသိဖြစ်မှာကို စိုးရိမ်နေတာလေ၊ ငါ့အမြင်မှာတော့ ငါတို့မိသားစုနှစ်ခုက ဆွေမျိုးတွေပဲ၊ ဆွေမျိုးဆိုမှတော့ ဆွေမျိုးလိုပဲ ဆက်ဆံသွားရမှာပေါ့ ဟုတ်တယ်မလား"
စုန့်တင်းရှန်းက ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
"မှန်တာပေါ့။ သခင်မ... ဒါလေးကို ကြည့်ပါဦး"
စုန့်တင်းရှန်းက ပြောနေရင်းဖြင့် သေတ္တာလေးကို ဖွင့်ပြလိုက်ပြန်သည်။ အထဲတွင် ကောင်းကင်ပြာရောင် လက်ဖက်ရည်အိုးနှင့် လက်ဖက်ရည်ခွက်တစ်စုံ ရှိနေပြီး အရောင်အသွေးစုံလင်သည့် နောက်ထပ်တစ်စုံလည်း ရှိနေသေးသည်။ ထိုတစ်စုံက ကံကြမ္မာနှင့် အသက်ရှည်ခြင်းအတွက် နိမိတ်ကောင်းစေသည့် အရောင်ငါးရောင်ဖြင့် ပြုလုပ်ထားသည်။
"ဒီကောင်းကင်ပြာရောင်အစုံက သခင်မနဲ့ ဝမ်သခင်ကြီး နေ့တိုင်း သုံးဖို့ပါ၊ ဟိုအရောင်စုံလေးကတော့ သခင်မကြီးအတွက်လေ၊ လက်ဖက်ရည်အိုးပေါ်မှာ ကြာပန်းပုံလေးတွေလည်း ပါတာဆိုတော့ သခင်မကြီးနဲ့ အလိုက်ဖက်ဆုံးပဲ"
ဝမ်သခင်မက ချီးကျူးမဆုံး ဖြစ်နေခဲ့သည်။
"နင်က အရမ်းစဉ်းစားပေးတတ်တာပဲ၊ ငါ နင်အတွက် လက်ဆောင်တွေ မြင်းလှည်းနဲ့အပြည့် ပြင်လာတာတောင် ဒီအဖိုးတန်လက်ဖက်ရည်အိုးနဲ့ဆိုရင် နှိုင်းယှဉ်စရာတောင် မရှိဘူး။ ငါက အမြတ်ထွက်နေသလိုပဲ"
"ပစ္စည်းဆိုတာ တစ်စုံတစ်ယောက်က သုံးစွဲနေပြီး တန်ဖိုးထားမှ အနှစ်သာရှိတာမျိုးပါ၊ မဟုတ်ရင် ဖုန်တက်နေရုံပဲ ရှိမှာပေါ့"
စုန့်တင်းရှန်းက ပြောရင်းဆိုရင်း ထိုပစ္စည်းများအားလုံးကို ဝမ်မိသားစု၏မြင်းလှည်းပေါ်သို့ တင်ခိုင်းလိုက်သည်။
"ကျွန်မတို့ အိမ်ကနေ ထွက်သွားတာ နှစ်လကျော်တောင် ကြာခဲ့တယ်၊ ဒီအတောအတွင်း ဝမ်သခင်ကြီးနဲ့ သခင်မတို့ ကူညီစောင့်ရှောက်ပေးလို့သာ အဆင်ပြေခဲ့တာ၊ အဲ့အတွက် ကျေးဇူးတင်ပါတယ်"
စုန့်တင်းရှန်းက ပန်းသီးကြီးတစ်လုံးကို ချုံအာ့ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ့ကို ပေါင်ပေါ်သို့ တင်ရင်း ဆက်ပြောလိုက်သည်။
"ပြန်ရောက်ရောက်ချင်း ရင်တုန်စရာသတင်းတွေ ကြားလိုက်ရလို့ ခေါင်းတောင် မူးသွားရတယ်။ တော်သေးတာပေါ့ သခင်မတို့ ကူညီလို့သာပဲ၊ မဟုတ်ရင် ကျွန်မမိသားစုလည်း ဗြောင်းဆန်နေလောက်ပြီ"
ဝမ်သခင်မကလည်း သူမ၏ရင်ဘတ်ကို ပုတ်ရင်း ပြောလာခဲ့သည်။
"နင်ပဲ ခေါင်းမူးတာ မဟုတ်ဘူး၊ ငါဆို အဲဒီသတင်းကြားပြီး ခေါင်းကြီးတစ်ခုလုံး ထုံသွားခဲ့တာ။ ရှမိသားစုရဲ့ ပြဿနာတွေကို ထားလိုက်ပါဦး၊ နင်တို့ရဲ့ တတိယအဘိုးအိမ်က ကျောင်းရှင်းဆိုတဲ့တစ်ယောက်... အဲဒီကလေးမက တကယ်ကို ရက်စက်တာပဲ၊ တကယ်တော့ နင် မသိတာ ရှိသေးတယ်၊ အဲဒီနေ့က မြင်းလှည်း အခိုးခံရလို့ ပြဿနာ လာရှာတဲ့သူတွေ ရှိသေးတယ်၊ နင့်ရဲ့ ဦးလေးဝမ်က ပိုက်ဆံပေးပြီး ဖြေရှင်းလိုက်တာ၊ ဒါပေမယ့် နင်တို့ ညီမလေးရဲ့အိမ်ကလူတွေကလည်း တကယ်ပဲ... ကိုယ့်သမီးကိုတောင် မသနားကြဘူးလား၊ အဲ့ဒီလိုမိသားစုထဲ ရောက်သွားတော့မှတော့ သူလည်း ဒီလောက်ထိ နာကြည်းသွားတာ မဆန်းပါဘူး"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"တကယ်တော့ ကျွန်မလည်း အဲဒီမိသားစုအကြောင်း သိပ်မသိဘူး၊ သူတို့က လူကောင်းတွေ မဟုတ်ဘူးလို့ပဲ ကြားဖူးခဲ့တာ..."
"အတိအကျပဲ၊ သူတို့က လုံးဝ လူကောင်းတွေ မဟုတ်ဘူး၊ အပြစ်တင်ရမှာက သူ့မိဘတွေပဲ၊ အရမ်း ရက်စက်လွန်းကြတယ်။ တကယ်တော့ ငါ့မှာလည်း အပြစ်ရှိသလို ခံစားရတယ်၊ ငါ အဲဒီလက်ဆောင်တွေ ပေးလိုက်မိလို့ ပြဿနာဖြစ်ရတာလေ၊ အဲဒီပိုက်ဆံလေး နည်းနည်းကြောင့်နဲ့ ဒီလောက်ကြီးဖြစ်သွားတယ်လို့ သိရတုန်းက ငါဆိုရင် ရက်ပေါင်းများစွာ အိပ်တောင် အိပ်မပျော်ခဲ့ဘူး၊ မျက်စိမှိတ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်နေခဲ့တာ"
"သခင်မရဲ့အပြစ် မဟုတ်ပါဘူး၊ သခင်မက စေတနာနဲ့ ကျောင်းရှင်းအတွက် မိသားစုကောင်းကောင်း ရှာပေးနိုင်အောင် ကူညီခဲ့တာပဲလေ... နှမြောစရာကောင်းတာက ကျောင်းရှင်းက အရမ်းမာနကြီးပြီး အစွန်းရောက်သွားတာပဲ"
"ဟူး... အဲဒီကလေးမတော့ တကယ်ပဲ ရူးသွပ်သွားတာ ဖြစ်ရမယ်၊ နင့်ဦးလေး လူလွှတ်ပြီး စုံစမ်းကြည့်တော့ အဲဒီမိသားစုက တကယ့်ကို မကောင်းတဲ့သူတွေပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်က အကြီးအကျယ် မိုးခေါင်တဲ့အချိန်... သူတို့မိသားစုက... အိုး... ငါတောင် ဘယ်လိုပြောရမှန်း မသိတော့ဘူး၊ ပြောလိုက်ရင် နင်နားတောင် ညစ်ပတ်ကုန်လိမ့်မယ်"
စုန့်တင်းရှန်းက စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
“တကယ်ပဲ ဘာတွေဖြစ်ခဲ့လို့လဲ"
ဝမ်သခင်မက ချုံအာကို ချီမလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ချပေးကာ ချော့ပြောလိုက်သည်။
"သွား၊ ဝင်းထဲမှာ အစ်ကိုတွေ၊ အစ်မတွေနဲ့ သွားဆော့နော်"
စုန့်တင်းရှန်းကလည်း ယွိယင်းကို မျက်ရိပ်ပြလိုက်ပြီး ညွှန်ကြားလိုက်သည်။
"ချုံးအာကို ခေါ်သွားပြီး နင့်ညီမလေးနဲ့အတူ ဆော့ခိုင်းလိုက်၊ တစ်ခုခုနဲ့ တိုက်မိခိုက်မိ မဖြစ်အောင်လည်း သေချာကြည့်ထားပေးဦးနော်"
အခန်းထဲတွင် လူရှင်းသွားမှ ဝမ်သခင်မက အသံကို နှိမ့်ပြီး ပြောပြလာခဲ့သည်။
"အဲဒီမိသားစုက လူကောင်းတွေ မဟုတ်ဘူး၊ အဲဒီနှစ် မိုးခေါင်တော့ စားစရာတွေ သိပ်မရှိဘူး မဟုတ်လား၊ သူတို့က စားစရာ ရဖို့အတွက် ကျောင်းရှင်းကို... အဲဒီလို အလုပ်မျိုးတွေ အတင်းအကျပ် လုပ်ခိုင်းခဲ့ကြတယ်၊ နောက်ဆုံး သူ့ဗိုက်ထဲက ကလေးကိုတောင် အတင်းဖိအားပေးပြီး ဖျက်ချခိုင်းခဲ့ကြတယ်၊ မိန်းမကောင်းလေးတစ်ယောက် ဒီလောက်အထိ ရူးသွပ်သွားအောင် တွန်းပို့ခဲ့ကြတာလေ၊ ဒါပေမယ့် တစ်ဖက်က စဉ်းစားကြည့်တော့လည်း ဒီကလေးမက အရင်က အဆင်ပြေနေတာပဲ၊ သူတို့မိသားစုကလည်း အရင်က ကောင်းနေလျက်နဲ့ ဘာလို့များ ဒီလောက်ထိ ရက်စက်ရတာလဲ မသိပါဘူး"
စုန့်တင်းရှန်းက ထိတ်လန့်တုန်လှုပ်စွာ နားထောင်နေခဲ့ပြီး ခဏကြာသည်အထိ သတိပြန်မဝင်နိုင် ဖြစ်နေခဲ့သည်။
‘စုန့်ကျောင်းရှင်းဆီမှာ ဘာကြောင့် ဒီလောက်နက်ရှိုင်းတဲ့ အမုန်းတရားတွေ ဖုံးကွယ်နေခဲ့တာဆိုတာ သူမ အခုမှ နားလည်တော့တယ်။ ကျောင်းရှင်းမှာလည်း အမှားတွေ ရှိကောင်းရှိခဲ့ပေမယ့် အသေခံရလောက်တဲ့အထိတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် သူမရဲ့ မိဘအရင်းတွေက ပိုက်ဆံအနည်းငယ်အတွက်နဲ့ သမီးကို ငရဲတွင်းထဲ တွန်းပို့ခဲ့ကြတယ်။ ကိုယ့်သမီးကို အရှင်လတ်လတ် အရေခွံခွာတာထက်တောင် ပိုဆိုးနေသေးတယ်’
"တကယ်တော့ ကျွန်မရဲ့အဒေါ်က ပုံမှန်ဆိုရင် အတော်လေး ကျိုးကြောင်းဆီလျော်တဲ့သူတစ်ယောက်လို့ ထင်ရတယ်"
စုန့်တင်းရှန်းက တုန်တုန်ရင်ရင်ဖြင့် ဆက်ပြောနေသေးသည်။
"သူတို့တွေက ဘာကိုမှ မစုံစမ်းကြည့်ခဲ့ကြဖူးလား၊ ဘယ်လိုလုပ်ပြီးတော့..."
"ဘယ်သူက မစုံစမ်းဘဲ နေမှာလဲ၊ သူတို့က ငွေဆယ့်ငါးလျန် ရဖို့အတွက်နဲ့ အကုန်လုံးကို လျစ်လျူရှုလိုက်တာ၊ ဒါက သမီးကို အိမ်ထောင်ချပေးတာ မဟုတ်ဘူး၊ ကိုယ့်သမီးကို ကိုယ်တိုင် ရောင်းစားလိုက်တာ"
ဝမ်သခင်မက နှာခေါင်းရှုံ့ရင်း ဆက်ပြောနေပြန်သည်။
"တကယ်လို့ ကိုယ့်သမီးကို အရမ်းဆိုးတယ်လို့ ထင်နေရင်တောင် သီလရှင်ကျောင်း ပို့လိုက်လို့ ရတာပဲ၊ ဒါမှမဟုတ် သူ့ဘာသာ အဆုံးစီရင်သွားတာကမှ တော်ဦးမယ်။ အခုတော့ ကိုယ့်သမီးကို ဒီလိုမိသားစုဆီ ရောင်းစားပစ်လိုက်တယ်တဲ့... အိုး... ဘုရား... ဘုရား..."
စုန့်ကျောင်းရှင်းတစ်ယောက် ထိုမျှရူးသွပ်သည့် လက်စားချေမှုမျိုး လုပ်မိသည့်အထိ မည်မျှ စိတ်ပျက်အားငယ်ပြီး ဝမ်းနည်းမှု ခံစားခဲ့ရမှန်း စုန့်တင်းရှန်းလည်း စိတ်ကူးတောင် မယဉ်ရဲတော့ပေ။ သူမ၏အမုန်းတရားက သူမ၏အသိတရားအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး ယခု အေးစက်သည့် မြစ်ရေထဲသို့ ခုန်ဆင်းသွားကာ သူမ၏ သောကအားလုံးကို အဆုံးသတ်သွားခဲ့ခြင်းပင်။
"ဟူး... ဒီလိုနဲ့ပဲ မိန်းမသားတွေရဲ့ဘဝက တန်ဖိုးမရှိသလို ဖြစ်နေရတာ၊ ကိုယ့်မိသားစုထဲမှာတောင် အမှား မလုပ်ရဲကြဘူး၊ အိမ်ထောင်ကျသွားရင်လည်း တကယ့်ကို ကံတရားအတိုင်းပဲ၊ ငါ့ကိုကြည့်လေ၊ ငါ ဂုဏ်သိက္ခာရှိတဲ့ မိသားစုမှာ အိမ်ထောင်ကျခဲ့တယ်လို့ ပြောလို့ရပေမယ့် ငါ့ယောက်ျားက ကိုယ်လုပ်တော်တွေ အများကြီး ယူထားပြီးပြီ၊ ငါ တကယ် စိတ်ချမ်းသာနိုင်ပါ့မလား၊ ကံကောင်းလို့ ငါ သားလေးတစ်ယောက် ရထားတာ၊ မဟုတ်ရင် ငါ့ဘဝက ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်တော့ဘူး"
ဝမ်သခင်မ၏ အသံက တုန်ယင်လာပြီး မျက်ရည်များလည်း စီးကျလာခဲ့သည်။
စုန့်တင်းရှန်းလည်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"ကျွန်မရဲ့ အဖိုးအဖွားတွေနဲ့ မိဘတွေက အမြင်ကျယ်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်မအစ်မလည်း... တော်သေးတာက ကျွန်မအစ်မ ရှမိသားစုနဲ့ ကွာရှင်းပြီး ဆက်ဆံရေးဖြတ်တောက်ခဲ့တာပဲ၊ မဟုတ်ရင် အခုလောက်ဆို အမှုထဲမှာ ပါဝင်ပတ်သက်ပြီး နောင်တစ်ချိန်မှာ ဘယ်လိုမှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး"
"ရှမိသားစုအကြောင်း ပြောမှ... သတိရတယ်"
ဝမ်သခင်မက မျက်ရည်သုတ်ရင်း ထပ်ပြောလာပြန်သည်။
"နင်အစ်မရဲ့ ခင်ပွန်းဟောင်း ရှတာ့ရှန်းကို မှတ်မိသေးလား"
"မှတ်မိတာပေါ့၊ သူ ဘာဖြစ်လို့လဲ"
ဝမ်သခင်မက နှာခေါင်းရှုံ့ရင်း ပြောလာပြန်သည်။
"နင့်အစ်မနဲ့ ကွာရှင်းပြီး သိပ်မကြာဘူး၊ သူက မိန်းမငယ်လေး တစ်ယောက်နဲ့ ထပ်ပြီး လက်ထပ်လိုက်တာလေ၊ ဒါပေမယ့် အခု ရှမိသားစုရဲ့ အမှုဖြစ်လာတော့ သူတို့လည်း အကုန်ပျက်စီးကုန်ကြတာ မဟုတ်လား၊ ဒီအမှုဖြစ်ပြီးတော့မှ သူက နင့်အစ်မကို တွေ့ချင်လို့ ဆိုပြီး နင့်တို့အိမ်ရှေ့မှာ ရက်ပေါင်းများစွာ လာစောင့်နေတာ၊ နင့်အစ်မကို သူ့ဆီ ပြန်လာခိုင်းပြီး တရားဝင်ဇနီးအဖြစ် ပြန်လာပေးစေချင်တာတဲ့၊ နောက်ကျရင် ကောင်းကောင်းထားပါ့မယ်ဆိုပြီး လာပြောနေတာလေ၊ သူက အရမ်းစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလွန်းလို့ ငါ လူလွှတ်ပြီး ရိုက်နှက်မောင်းထုတ်ခိုင်းလိုက်တယ်၊ ဒီလိုလူမျိုးတွေက အမြဲနှောင့်ယှက်တတ်တဲ့ ကပ်ပါးကောင်တွေလိုပဲ၊ နင့်အစ်မ စိတ်မပျော့သွားအောင် သေချာဂရုစိုက်နော်"
စုန့်တင်းရှန်းက ရွံရှာစက်ဆုပ်ဟန်ဖြင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"အဲဒီလူ ကျွန်မအစ်မကို ထိရဲရင် ထိကြည့်လိုက်လေ၊ သူ့လက်တွေ ခြေထောက်တွေကို ကျွန်မကိုယ်တိုင် ရိုက်ချိုးပစ်မယ်"
"တကယ်တော့ ဒါတွေကြောင့် ယောက်ျားတွေကို အားကိုးလို့ မရဘူးလို့ နင် အမြဲပြောနေတာလေ၊ ဒီလိုလူမျိုးတွေက လုံးဝအားကိုးလို့ မရဘူး၊ နင့်ကိုပဲ ကြည့်၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် ကောင်တီမင်းသမီးဘွဲ့ ရထားပြီးပြီ၊ နင့်ခင်ပွန်းသည်ထက်တောင် ရာထူးပိုမြင့်သေးတယ်၊ ဒါမျိုးက အကောင်းဆုံးပဲ၊ ဒါမှ နောက်ကျရင် သူ နင့်ကို မနှိပ်စက်ရဲမှာ၊ ဒါပေမယ့် နင်လည်း ဒီနှစ်ဆို အသက်နှစ်ဆယ် ပြည့်နေပြီ မဟုတ်လား၊ ကလေးယူဖို့ စဉ်းစားသင့်ပြီနော်၊ ယောကျ်ားတွေက အားမကိုးရပေမယ့် သားသမီးကတော့ အားကိုးရတယ်၊ မိန်းမသားဆိုတာ သားသမီးရှိမှ နောင်ရေးအတွက် စိတ်ချရတာ"
ဝမ်သခင်မက ကလေးအကြောင်း ပြောနေရင်း သူမ၏မျက်လုံးများက တောက်ပလာသည်။
သူမတို့ ခဏကြာအောင် ဆက်စကားပြောနေခဲ့ကြပြီး ယွိယင်းက သတင်းလာပို့ခဲ့သည်။
"သခင်မ... ဟင်းတွေ အကုန်အဆင်သင့်ဖြစ်ပြီလို့ သခင်မကြီးက ပြောခိုင်းလိုက်ပါတယ်၊ ဘယ်အချိန် စားမလဲလို့ မေးခိုင်းလိုက်ပါတယ်"
"စကားကောင်းနေတာနဲ့ အချိန်ကုန်သွားတာတောင် မသိလိုက်ဘူး၊ ကဲ... အခုပဲ စားကြမယ်လေ"
ထို့နောက် စုန့်တင်းရှန်းက ဝမ်သခင်မကို ထမင်းစားခန်းသို့ ခေါ်ဆောင်သွားသည်။
စုန့်မိသားစု၏ နေ့လယ်စာက ရိုးရှင်းသော်လည်း စားချင်စဖွယ် ဖြစ်သည်။ အငွေ့တထောင်းထောင်းထနေသော မုန့်ပေါင်းဝိုင်းဝိုင်းကြီးများ၊ အာလူးနှင့် ပဲတောင့်ရှည်နှပ်၊ အသားစင်းကောဖြင့် ရောကြော်ထားသော ခရမ်းသီးဟင်း၊ မြို့ထဲမှ ဝယ်လာသော ကြက်ကင်နှင့် သခွားသီးသုပ်ကဲ့သို့သော လတ်ဆတ်သည့် ဟင်းလျာများ ပါဝင်သည်။
ဟင်းအမယ် အများကြီးမဟုတ်သော်လည်း ပမာဏက အလွန်များပြားလှသည်။ ထို့ပြင် ခရမ်းသီးနှင့် မုန်လာဥတို့ဖြင့် တို့စားရန် ဟင်းအနှစ်အမျိုးမျိုးကိုလည်း ပြင်ဆင်ထားသေးသည်။
သူကြွယ်ကြီးဝမ်က တဟားဟား ရယ်မောရင်း ပြောလာပြန်သည်။
"ငါလည်း ဖရုံသီးတစ်လုံး ခူးပြီး မရီးကို ဖရုံသီးဖက်ထုပ် လုပ်ခိုင်းလိုက်သေးတယ်။ အိမ်မှာဆို ဘာစားရမလဲ စဉ်းစားရတာနဲ့တင် စိတ်ပျက်နေတာ၊ အခုတော့ ဒီဟင်းတွေကို မြင်ရတာနဲ့တင် စားချင်လာပြီ၊ မွှေးကြိုင်နေတာပဲ"
ယခု သူနှင့် ပိုရင်းနှီးလာပြီ ဖြစ်သော စုန့်ရှင်းယိက ချက်ချင်း ပြန်ပြောလိုက်သည်။
"ကြိုက်ရင် အများကြီးစားပါဗျာ၊ နောက်ပြီး အိမ်ပြန်ရင် ယူသွားဖို့ ဖရုံသီးတွေနဲ့ ခဝဲတွေ ခူးပေးလိုက်ဦးမယ်၊ ကိုယ်တိုင်စိုက်ထားတဲ့ အသီးအနှံတွေက ပိုချိုမြိန်ပြီး လတ်ဆတ်တယ်"
သူတို့ ပျော်ပျော်ပါးပါး စားသောက်ကြပြီးနောက် အပြန်တွင် စုန့်တင်းရှန်းက ချုံအာအတွက် ရွှေဖြင့် လုပ်ထားသော သက်ရှည်သော့တစ်စုံနှင့် သူကြွယ်ကြီးဝမ်အတွက် လက်ဖက်ခြောက် နှစ်ဗူးလည်း လက်ဆောင်ပေးလိုက်သည်။
သူတို့၏ကိုယ်ပိုင် ရထားလုံးပေါ်သို့ ပြန်ရောက်ပြီးနောက် သူကြွယ်ကြီးဝမ်က စိတ်အေးသွားကာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
"မင်းပြောတာ မှန်တယ်၊ စုန့်မိသားစုနဲ့ဆိုရင် ငါတို့ စကားတွေကို ကွေ့ပတ်ပြောနေဖို့ မလိုဘူး၊ ဒါပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းနဲ့ မာန်မာနထောင်လွှားပြီး ကြီးကျယ်ခမ်းနားသလို ပြုမူနေလို့လည်း မရဘူး၊ ငါတို့ ရိုးသားရမယ်၊ အဲဒီလိုဆိုရင် လူတိုင်း ပျော်ကြရမှာပဲ"
ဝမ်သခင်မက သူမ၏သားကို ဖက်ထားရင်း ပြန်ပြောလိုက်သည်။
"ရှင်တစ်ယောက်ထဲပဲ မလိုအပ်တာတွေ လျှောက်တွေးနေတာ၊ သူတို့က အဲဒါတွေကို ဂရုမစိုက်ဘူး၊ တင်းရှန်းက ပြောတယ်၊ ကျွန်မတို့က ဆွေမျိုးတွေပဲမို့ ဆွေမျိုးလိုပဲ ဆက်ဆံကြပါတဲ့၊ ကျွန်မအမြင်တော့ ကျွန်မတို့လည်း ခရိုင်မြို့မှာ အိမ်တစ်လုံးဝယ်ပြီး သူတို့နဲ့ အိမ်နီးချင်းဖြစ်လာရင် ပိုကောင်းမယ်၊ စကားပြောဖော်လည်း ရတာပေါ့"
သူကြွယ်ကြီးဝမ်က သူ့သားကို ကျီစယ်ရင်း ပြန်ပြောလိုက်သည်။
"မင်းဘာသာ ဆုံးဖြတ်ပါ၊ ငါကတော့ အဲ့ဒါတွေကို ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့အမေကိုတော့ အရင်မေးရမယ်၊ အမေက အဲ့မှာနေသားကျနေတာဆိုရင်တော့ နေရာအသစ်မှာ သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး"
"ရှင် ကျွန်မကို ယုံလိုက်စမ်းပါ၊ သူတို့နဲ့သာ အိမ်နီးချင်းဖြစ်ရမယ်ဆိုရင် ရှင့်အမေလည်း အရမ်းဝမ်းသာနေမှာ သေချာတယ်"
ဝမ်သခင်မက သူမ သားလေး၏ ရွှေဆွဲကြိုးလေးကို ကြည့်ရင်း ထပ်ပြောလာပြန်သည်။
"တော်သေးတာပေါ့၊ အရင်တုန်းက ကျွန်မတို့မိသားစု ရှင့်ရဲ့ညီအစ်ကိုတွေလို စိတ်ထား မကျဉ်းမြောင်းခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင်တော့ ဒီလို အကောင်းဆုံး ဖြစ်လာမယ့် ဆက်ဆံရေးကတောင် ရန်သူတွေ ဖြစ်ကုန်နိုင်တယ်"
"ဘာလို့ အဲ့ဒါတွေကို ပြန်ပြောနေရတာလဲ"
သူကြွယ်ကြီးဝမ်က နားမထောင်ချင်တော့သည့် ပုံစံဖြင့် သားဖြစ်သူကို ပွေ့ချီကာ ကျီစယ်ရင်း အတူကစားပေးနေသည်။
........။........။.........
စုန့်တင်းရှန်းတို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း သတင်းကြားသွားခဲ့သည့် စုန့်ကျဲကျင့် ကလည်း စာတစ်စောင် ပို့လာခဲ့သည်။ ယခု စုန့်ကျဲကျင်းထံတွင် ကိုယ်ဝန်ရှိနေသောကြောင့် ခရီးသွားရန် မသင့်တော်ပေ။ လမ်းတွင် ရွာပေါင်းများစွာကို ဖြတ်သွားလာရမည်ဖြစ်သောကြောင့် လီယွမ်ရှန်းက မတော်တဆမှု တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေပြီး လူကိုယ်တိုင်မလာဘဲ လက်ဆောင်များသာ ပေးပို့ခဲ့သည်။
စုန့်ကျဲကျင့်တွင် ကိုယ်ဝန်ရှိနေသည့် သတင်းက ကျန်းရှီ၏မျက်နှာကို အပြုံးများဖြင့် ပိုတောက်ပသွားစေသည်။ စုန့်ကျဲကျင့် မီးဖွားပြီးလျှင် မီးနေသည်ကို ပြုစုပေးရန် သွားဖို့ပင် စဉ်းစားနေပြီ ဖြစ်သည်။ လီယွမ်ရှန်းထံတွင် မိဘမရှိသလို ဝမ်သခင်မကလည်း သွားရောက်ပြုစုပေးရန် မသင့်တော်ပေ။ ထို့ကြောင့် မိခင်အရင်းဖြစ်သည့် သူမ သွားခြင်းက အကောင်းဆုံး ဖြစ်သည်။
ကျန်းရှီး၏ စိတ်လှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေသော ပုံစံကို မြင်လိုက်ရချိန်တွင် စုန့်တင်းရှန်းက အကြံတစ်ခုပေးလိုက်သည်။
"နောက်ရက်အနည်းငယ်နေရင် ကျူးဇီကောလည်း စစ်စခန်းကနေ ပြန်လာလိမ့်မယ်၊ အဲဒီကျရင် ကျွန်မတို့ တစ်မိသားစုလုံး ရွာကို သွားကြတာပေါ့၊ အိမ်ဟောင်းကလည်း ပြင်ဖို့ လိုနေပြီဆိုတော့ ကျူးဇီကောနဲ့ ကျွန်မတို့ ရွာက အိမ်မှာပဲ ခဏနေကြမယ်၊ ကျဲကျင့် မီးထွက်ပြီးမှ ပြန်လာကြတာပေါ့"
"အဲ့ဒါက အကောင်းဆုံးပဲ"
ကျန်းရှီက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ သူမ သူမ၏သမီးကို မတွေ့ရသည်မှာ ကြာနေပြီဖြစ်၍ အလွန် လွမ်းဆွတ်နေလေသည်။
ဦးလေးဖြစ်သည့် စုန့်ကျစ်ချန်းကလည်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"အဲဒါက အကြံကောင်းပဲ၊ ငါလည်း သူတို့ ခြံထဲမှာ ဘာတွေ လိုအပ်လဲ သွားကြည့်ပေးလို့ ရတာပေါ့၊ အင်း... ဒီမှာက လုပ်စရာ ဘာမှမရှိတော့ နေ့တိုင်း ဂနာမငြိမ် ဖြစ်နေရတယ်၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး"
"စည်းစိမ်ခံရမှာကို မခံစားတတ်ဘူး၊ ရှင်က အလုပ်လုပ်ဖို့ပဲ မွေးလာတာ"
ကျန်းရှီက သူမ၏ခင်ပွန်းကို နောက်ပြောင်လိုက်သည်။
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"အလုပ်ရှာရတာ မခက်ပါဘူး၊ ကျွန်မ ဆုံးဖြတ်ပြီးပြီ၊ နှစ်သစ်ကူးပြီးတာနဲ့ မြို့ပြင်မှာ မြေရိုင်းတချို့ကို ဝယ်ပြီး အလုပ်ရုံကြီးတစ်ခု ဆောက်မယ်၊ အဲဒီကျရင် တစ်မိသားစုလုံး အလုပ်ရှုပ်သွားမှာ သေချာတယ်၊ ဘယ်သူမှ အားနေတော့မှာ မဟုတ်ဘူး"
'အလုပ်ရုံ' ဆိုသည့် စကားကို ကြားလိုက်သည်နှင့် အားလုံး၏မျက်လုံးများ ပြန်တောက်ပလာကြသည်။
စုန့်တင်းရှန်းက စာရွက်တော်တော်များများကို ထုတ်ယူလာပြီး ရှင်းပြနေခဲ့သည်။
"အရင်တုန်းက ကျွန်မတို့ စီးပွားရေးအသေးလေးတွေနဲ့ ငွေနည်းနည်းပဲ ရှာနိုင်ခဲ့ကြတယ်၊ ဒါပေမယ့် အခုတော့ အလုပ်ရုံ အကြီးကြီး ဆောက်ကြမယ်၊ လူတွေ ငှားမယ်၊ လုပ်ငန်း ချဲ့ထွင်မယ်။ အဲဒီအလုပ်ရုံကို အဒေါ်တို့ ဦးလေးတို့ အကုန်လုံးက စီမံခန့်ခွဲရမှာ၊ အမြတ်ဝေစုတွေကိုလည်း အားလုံးအတွက် ခွဲဝေပေးမယ်၊ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကြိုပြောထားရမယ့် တစ်ခုတော့ ရှိတယ်။ ပိုပြီး စီမံခန့်ခွဲနိုင်တဲ့သူက ပိုပြီး တာဝန်ယူရမယ်၊ တာဝန်ယူရတာများသလို ရတဲ့ ပိုက်ဆံကလည်း ပိုများ နေလိမ့်မယ်၊ မစီမံနိုင်တဲ့သူကတော့ အထွေထွေအလုပ်တွေကိုပဲ လုပ်ရမယ်၊ အဲ့အလုပ်အတွက် ရသင့်တဲ့ ဝေစုကိုပဲ ရမယ်၊ ဒါက မိသားစုလုပ်ငန်း ဆိုပေမယ့် ဘယ်သူမှ အလုပ်ပျင်းနေလို့ မရဘူး"
စုန့်ရှင်းယိက ပြန်ပြောလိုက်သည်။
"အာ့နွီ၊ မင်း စိတ်မပူပါနဲ့၊ ငါတို့က မိသားစုဝင်တွေပါ၊ နင်ကို ဒုက္ခပေးမှာ မဟုတ်ဘူး၊ တစ်ယောက်ယောက်က အလုပ်ကို သေချာမလုပ်ဘူးဆိုရင် ငါကိုယ်တိုင်လည်း ကျေနပ်မှာ မဟုတ်ဘူး၊ အခု ငါတို့က အိမ်ခွဲနေကြတာဆိုတော့ အလုပ်မလုပ်တဲ့သူကတော့ သီးသန့်ခွဲထွက်သွားရုံပဲ ရှိမှာပေါ့၊ ဒုက္ခတော့ လာမပေးစေရဘူး"
စုန့်ယွိလန်က အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"ကျွန်မကတော့ စားဖိုမှူးပဲ လုပ်မှာနော်၊ အဲဒါက သိပ်အားစိုက်စရာ မလိုဘူးလေ၊ အခု အားလုံးလည်း ပြန်ရောက်ပြီဆိုတော့ ကျွန်မ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး မနက်ဖြန် ဆိုင်ပြန်ဖွင့်တော့မယ်"
စုန့်ဟူထောင်ကလည်း ပြုံးဖြဲဖြဲဖြင့် ဝင်ပြောလာပြန်သည်။
"ကျွန်တော်လည်း အရင်က သိကျွမ်းခဲ့တဲ့ ကုန်သည်တွေနဲ့ ဆက်သွယ်ပြီးပြီ၊ သူတို့က ကျွန်တော့်ကို ပစ္စည်းအသစ်တွေ ပို့ပေးတော့မှာ၊ သိပ်မကြာခင် ကုန်ပစ္စည်းအသစ်တွေ ရောက်လာလိမ့်မယ်၊ ကျွန်တော့်ဆိုင်လည်း ပြန်ဖွင့်တော့မှာ၊ ဒါနဲ့... ဒုတိယအစ်မ... ကျွန်တော်တို့ မိသားစုက သိုးမွှေးအလုပ်ရုံကိုရော ဆက်လုပ်မှာလား"
"ဆက်လုပ်မှာပေါ့၊ မြို့တော်မှာ ရှိတုန်းက စစ်သူကြီးကျုံးကို သိုးမွှေးကိစ္စ မေးခဲ့ပြီးပြီ၊ သူက ငါတို့ဆီကိုပဲ ဆက်ပို့ပေးမယ်တဲ့၊ ဒါပေမယ့် လက်အိတ်တွေကိုတော့ မြောက်ဘက်က စစ်သည်တွေဆီကိုပဲ ပို့ပေးရမယ်၊ စစ်ပွဲ ပြီးဆုံးသွားပေမယ့် အဲဒီမှာ တပ်စွဲထားတဲ့ စစ်သားတွေ အများကြီး ရှိနေသေးတယ်လေ၊ သူတို့လည်း နွေးထွေးတဲ့ အဝတ်အစားတွေ လိုအပ်တာပဲ။ အဲ့ဒါကြောင့် ငါတို့ နည်းနည်းလေးမှ လျော့လိုက်လို့ မရဘူး၊ ဒါကြောင့် ဆက်လုပ်သွားရမယ်၊ ဒီလက်အိတ်တွေက စစ်သည်တွေ အလုပ်လုပ်တဲ့အခါ တကယ်ကို အကာအကွယ်ပေးနိုင်တယ်လို့ ပြောတယ်၊ အခု စစ်ထဲဝင်တာနဲ့ လက်အိတ်နဲ့ သားရေဖိနပ်အဖုံးတွေ ရနိုင်ကြတော့မှာ"
ရိုးရိုးရှင်းရှင်း ပြောရလျှင် လက်နှင့်ခြေထောက်ကို နွေးထွေးအောင် ထားခြင်းက စစ်သည်များ၏ နေထိုင်မှုကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေသည်။ တိုက်ပွဲများ မရှိတော့သော်လည်း နယ်စပ်ဒေသမှ စစ်သည်များအတွက် နွေးထွေးသည့် ပစ္စည်းများ အမြဲလိုအပ်နေဆဲဖြစ်သည်။
"လက်အိတ်တွေ ပျက်စီးသွားရင်လည်း လဲလှယ်လို့ရအောင် အပိုတွေ ထည့်ပေးရမယ်၊ အဲ့ဘက်မှာ လက်အိတ်တွေနဲ့ ဖိနပ်အဖုံးတွေကို ပြန်ပြင်ပေးမယ့် အဒေါ်ကြီးတွေတောင် ရှိတယ်လို့ ငါ ကြားတယ်"
ဝေခရိုင်က မြို့တော်နှင့် ယှဉ်လျှင် သေးငယ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အများကြီး ရှိနေသေးသည်။ စုန့်တင်းရှန်းက ဤနေရာကို သူမ၏ ပဲငံပြာရည် လုပ်ငန်းအတွက် အဓိက အခြေစိုက်စခန်းအဖြစ် ထားရှိရန် စီစဉ်ထားသည်။
‘အတွေးအခေါ် ရှိပြီး ကြိုးစားချင်စိတ်သာရှိလို့ကတော့ ငွေဆိုတာ ရေတွေလို စီးဝင်လာမှာ မဟုတ်ဘူးလား’
‘အဲ့လိုဆိုရင် ငါက ငွေကြေးအမြောက်အမြားရှိတဲ့ ကောင်တီမင်းသမီးဖြစ်လာလိမ့်မယ်၊ ကျိုးယိနိုမှာ အာဏာကြီးတဲ့ မိဘတွေ ရှိနေရင်တောင် ငါ မကြောက်တော့ဘူး။ တကယ်လို့ သူသာ ငါ့အပေါ် မကောင်းခဲ့ရင် ငါ သတ္တိရှိရှိနဲ့ သူ့ကို ပြတ်ပြတ်သားသား ကွာရှင်းပစ်မယ်’
ကျိုးယိနိုတစ်ယောက် ကျယ်လောင်စွာ နှာချေလိုက်သည်။ သူက သူ့နှာခေါင်းကို သုတ်လိုက်ပြီး လူထွားကြီးတစ်ဦးကို လှမ်းပြောလိုက်သည်။
"ဒီတပ်စခန်းက ကိစ္စတွေကတော့ ပြီးသလောက် ရှိသွားပြီ။ မင်းတို့က စစ်သည်အသစ်တွေကို လေ့ကျင့်ပေးဖို့ပဲ အာရုံစိုက်ထားကြ၊ ငါကတော့ ငါ့ဇနီးကို သွားတွေ့လိုက်ဦးမယ်"
လူထွားကြီးက သူ့ကို မျက်လုံးလှန်ကြည့်ရင်း ပြန်မေးလာသည်။
"ငါက လူပျိုကြီးကွ၊ မင်းက လာကြွားနေတာလား"
ကျိုးယိနိုက မျက်ခုံးတစ်ဖက် ပင့်လျက် ပြန်ပြောလိုက်သည်။
"မင်းလည်း မိန်းမ ရှာလိုက်လေ၊ ဇနီးနဲ့ သားသမီးရှိမှ အိမ်က နွေးထွေးတာကွ"
"သွားစမ်း"
လူထွားကြီးက သူ့ကို လိုက်ကန်နေသောကြောင့် ကျိုးယိနိုတစ်ယောက် ရယ်မောရင်း ရှောင်ရှားကာ မြင်းဆီသို့ ပြေးသွားတော့သည်။
‘သူ့လို ဖြတ်လမ်းကနေ တက်လာတဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့ ဒီတပ်စခန်းကို ရောက်လာချိန်မှာ အပယ်ခံရမယ်လို့ သူ ထင်ထားခဲ့တာ၊ ဒါပေမယ့် ဒီနေရာက စစ်သည်တွေက သူ့နာမည်ကို ကြားရုံနဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်’
အမှန်တကယ်တွင် သူက လူတိုင်း၏ သူရဲကောင်းဖြစ်နေမည်ဟု ကျိုးယိနိုလည်း မထင်ထားခဲ့ပေ။ ထို့ပြင် သူကိုယ်တိုင်ကလည်း ဤဒေသခံတစ်ဦးဖြစ်နေသောကြောင့် ပို၍ရင်းနှီးမှု ရှိနေခြင်းပင်။ သူ ခေါ်လာသော အဖွဲ့ကလည်း သာမန်စစ်သည်ဘဝမှ တက်လာသူများ ဖြစ်ပြီး မာန်မာန မရှိကြသောကြောင့် ရက်ပိုင်းအတွင်း အားလုံးနှင့် အဆင်ပြေသွားခဲ့သည်။
သူကတော့ မြင်းကို အပြင်းနှင်ကာ အိမ်သို့ ပြန်လာခဲ့သည်။
"ဇနီးလေးရေ... ကိုယ် ပြန်လာပြီ"
စစ်ရေးလေ့ကျင့်ခန်းများ လုပ်ထားသောကြောင့် သူ့တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသော်လည်း သူ၏ ခြေလှမ်းများကတော့ အိမ်သို့ ခပ်မြန်မြန် လျှောက်လှမ်းနေဆဲပင်။
အခန်း ၈၂ အာဏာပြခြင်း
စုန့်တင်းရှန်းက ခန်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း သူမ ရရှိထားသည့် ဆုလာဘ်ပစ္စည်းများအား မည်သို့စီမံရမည်ကို အဖွားဖြစ်သူ လီရှီ၊ အဘိုးဖြစ်သူ စုန့်ရှင်းယိတို့နှင့် တိုင်ပင်နေသည်။
စုန့်ရှင်းယိကတော့ သူ့ဇနီးကို ကြည့်လိုက်၊ သူ့၏လိမ္မာပါးနပ်သော မြေးမလေးကို ကြည့်လိုက်ဖြစ်နေကာ အဘိုးတစ်ယောက်၏ အလွန်အမင်း ကျေနပ်ပီတိဖြစ်ဟန်ဖြင့် နားထောင်နေခဲ့သည်။ သူ့ကို အနည်းငယ် မပျော်မရွှင် ဖြစ်စေသည့်အရာက ပိုင်ရှီတစ်ယောက် မြို့တော်တွင် ကျန်နေခဲ့ပြီး သူမ၏အငယ်ဆုံးမြေးမလေးကိုပါ ခေါ်ထားလိုက်ခြင်းပင်။
‘သူ့ရဲ့ မြေးမလေး၊ ဝဝကစ်ကစ် ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာမြေးမလေးကို ဘယ်တော့မှ ပြန်တွေ့ရမလဲဆိုတာ သူ မတွေးတတ်တော့ဘူး။ ဒါပေမယ့် အခြေအနေအရ သူ့ချွေးမကို ပြန်ခေါ်လို့လည်း မရဘူးလေ၊ သူ့ရဲ့အငယ်ဆုံးသားအတွက်လည်း သူ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ လိုအပ်နေသေးတယ်၊ ပြီးတော့ သူ့ချွေးမကိုသာ ပြန်ခေါ်လာရင် သူ့မြေးလေးကို ဘယ်သူက မွေးပေးတော့မှာလဲ’
"ကြွေထည်ပစ္စည်းတွေကိုတော့ သမီး သိမ်းဆည်းပြီးပြီ၊ ကွဲရှဖို့မလွယ်တဲ့ အလှဆင်ပစ္စည်းတွေကိုတော့ အခန်းအသီးသီးမှာ နေရာချထားလိုက်တယ်၊ ရွှေနဲ့ ငွေတွေကိုတော့ မြေနဲ့ ဆိုင်ခန်းတွေဝယ်ဖို့ သိမ်းထားမယ်၊ ဒါပေမယ့် အခုက မြေဝယ်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး၊ နောက်နှစ်လဆို အေးလာတော့မှာဆိုတော့ အလုပ်လုပ်လို့ မရဘူးလေ။ နွေဦးအထိစောင့်တာ ပိုကောင်းလိမ့်မယ်၊ အဝတ်အထည်နဲ့ ပိုးစတွေကိုတော့ ယောင်းမတွေဆီ ပို့လိုက်ပြီ၊ သူတို့က သမီးတို့အားလုံးအတွက် အဝတ်အစားနဲ့ ဖိနပ်တွေချုပ်ဖို့ သင့်တော်တာလေးတွေ ရွေးနေကြတယ်၊ အဖိုးတန်ပစ္စည်းတွေကိုတော့ ဒီတိုင်းထားလိုက်မယ်၊ နောက်ပိုင်း လိုအပ်လာတဲ့အခါ လက်ဆောင်ပေးဖို့ သုံးလို့ရတာပေါ့"
လီရှီက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
"ဒါနဲ့... ရွာက လီရှန်းတို့မိသားစုနဲ့ လျိုတကွေ့တို့ မိသားစုကိုလည်း အဝတ်အစားတွေ ပေးရဦးမယ်၊ သူတို့ကို အဝတ်အစားတွေ ပေးမယ်လို့ ကတိပေးထားတာ မဟုတ်လား"
"စိတ်မပူပါနဲ့ အဖွားရယ်၊ ဒါက အလျင်စလို လုပ်စရာမလိုပါဘူး၊ ပြီးတော့ သူတို့ကို ချုပ်ပြီးသား အဝတ်တွေ မပေးဘဲ သူတို့ဘာသာ ချုပ်ဝတ်ဖို့ အထည်စတွေ ပေးလို့ရတယ်လေ။ ပိုတဲ့ အထည်စတွေကို သူတို့ဘာသာ ဘာလုပ်လုပ် သမီးတို့ မစွက်ဖက်တော့ဘူး၊ ဒါက သူတို့အတွက် ခံစားခွင့်ပေါ့၊ ပြီးတော့ လူငှားတဲ့ကိစ္စနဲ့... အလုပ်ရုံ စဖွင့်ပြီဆိုရင် အဒေါ်နဲ့ ယောင်းမတွေ အရမ်းအလုပ်ရှုပ်ကုန်မှာ၊ အောက်ခြေအလုပ်တွေ ခိုင်းဖို့ အစေခံ တစ်ယောက်၊ နှစ်ယောက်လောက် ရှိတာက ပိုကောင်းမလားလို့ သမီးတွေးနေမိတယ်၊ အဖွား ဘယ်လိုထင်လဲ"
"ငါကတော့ အဲ့ဒါတွေကို ဂရုမစိုက်ဘူး၊ ငါ့ကို ပြုစုဖို့ ဘယ်သူမှ မလိုဘူး၊ သူတို့ကတော့ ကန့်ကွက်မယ် မထင်ဘူး၊ ဒါပေမယ့် အစေခံဝယ်တဲ့အခါတော့ သေချာသတိထားနော်၊ ငါတို့မိသားစုထဲကို ပြဿနာတွေ မယူလာစေနဲ့"
"ပြဿနာလား"
စုန့်တင်းရှန်းက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
စုန့်ရှင်းယိကတော့ နားလည်သွားဟန်ဖြင့် ရယ်မောကာ ပြောလာခဲ့သည်။
"ငါတို့မြေးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ မင်းက ဘာတွေ လျှောက်စိုးရိမ်နေတာလဲ အဖွားကြီး"
လီရှီက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"စကားပုံတစ်ခု ရှိတယ်လေ၊ ငွေက လူကို ပျက်စီးစေတယ်တဲ့၊ ကျွန်မတို့ ကလေးတွေက အဲဒီလိုမဟုတ်တာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ ငှားလိုက်တဲ့ အစေခံမလေးတွေ ဒါမှမဟုတ် တခြားလူတွေရဲ့ စိတ်ကိုတော့ ကျွန်မတို့ မထိန်းချုပ်နိုင်ဘူးလေ"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"သမီး နားလည်ပါပြီ၊ ဒါဆိုရင် ဝမ်သခင်မ လုပ်သလိုပဲ လုပ်လိုက်ပါ့မယ်၊ မိသားစုအနည်းငယ် တစ်ခါတည်း ဝယ်လိုက်မယ်၊ အရွယ်ရောက်ပြီးသား ကလေးတွေပါတဲ့ မိသားစုဆိုရင်လည်း သူတို့ တစ်ခုခု ကြံစည်နေရင်တောင် သမီးတို့ ရိပ်မိမှာပါ"
လီရှီက ပြန်ပြောလိုက်သည်။
"နင်က အမြဲ စေ့စေ့စပ်စပ် တွေးနိုင်ပါ့တယ်၊ ဘာလုပ်သင့်တယ်ဆိုတာ နင့်ဘာသာ ဆုံးဖြတ်လိုက်၊ ငါနဲ့ နင့်အဖိုးကတော့ ဒီလိုဆုလာဘ်တွေ ရထားတယ်ဆိုပေမယ့် ကြွားဝါဖို့ စိတ်ကူး မရှိဘူး၊ ရိုးရိုးသားသားပဲ နေချင်တယ်၊ နင်ကတော့ ငယ်သေးတယ်၊ ခွန်အားတွေလည်း ရှိသေးတော့ နောင်ရေးအတွက် ပိုပြီး စဉ်းစားသင့်တယ်"
စုန့်တင်းရှန်းက ရယ်မောရင်း ပြောလိုက်ပြန်သည်။
"သမီးလည်း ဂရုမစိုက်ပါဘူး၊ သမီးက အဖိုးနဲ့ အဖွားကို ဘယ်လို ပြုစုရမလဲဆိုတာပဲ စဉ်းစားနေတာ၊ အမေကလည်း ဘာမှ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး၊ သမီးက အဖိုးနဲ့ အဖွားရဲ့ အကြံဉာဏ်တွေကိုပဲ အားကိုးနေရတာပါ"
"ငါ့အကြောင်း ဘာတွေ မကောင်းပြောနေကြတာလဲ"
ဖန့်ရှီက ဖရုံသီးများ ထည့်ထားသည့်ဇလုံကို ကိုင်ပြီး ဝင်လာနေသည်။
"အိမ်ထဲဝင်ဝင်ချင်း နင် ငါ့အေကြာင်း မကောင်းပြောနေတာကို ကြားနေရတယ်၊ ငါက နင်အပေါ် ဘာများ အမှားလုပ်ခဲ့မိလို့လဲ"
လီရှီက ရယ်မောရင်း ဝင်ပြောလိုက်သည်။
"နင့်သမီးက နင် အရမ်းပေါ့ပေါ့ပါးပါး နေလွန်းတယ်လို့ ပြောနေရတာလေ၊ ဒါနဲ့... အဲဒီဖရုံသီးတွေကို ဘာလို့ သွားခူးလာတာလဲ၊ အစာသွတ်ဖို့လား"
ဖန်ရှီက ခေါင်းညိတ်လိုက်သည်။
"သူ့အဖေက သိုးသားနည်းနည်း ဝယ်လာတယ်လေ၊ အဲ့ဒါကြောင့် သိုးသားနဲ့ ဖရုံသီးအစာသွတ် ဖက်ထုပ်လုပ်မလို့တဲ့၊ အိမ်မှာ ဖက်ထုပ်မစားရတာ ကြာနေပြီဆိုတော့ ဒီနေ့တော့ တကယ်ကို စားချင်နေပြီ"
"ကြည့်လေ... ဘယ်လို အမေမျိုးက စားဖို့ပဲ တွေးနေလို့လဲ"
လီရှီက ခေါင်းခါရင်း ပြောနေပြန်သည်။ စုန့်တင်းရှန်း အိမ်မှုကိစ္စများကို စီမံခန့်ခွဲနိုင်လာပြီးကတည်းက ဖန့်ရှီက ဘာမှပူပန်စရာ မရှိတော့ဘဲ အားလုံးကို လွှတ်ချကာ ကလေးတစ်ယောက်ကဲ့သို့ ပေါ့ပေါ့ပါးပါး နေထိုင်နေခြင်း ဖြစ်သည်။
ဖန့်ရှီက ပြုံးဖြီးဖြီးဖြင့် ဇလုံနှင့် သစ်သားခြစ်ကို ခန်ပေါ်တင်လိုက်ပြီး ဖရုံသီးများကို စခြစ်နေလေသည်။
"ကျွန်မတို့ အသားတွေ နုပ်နုပ်စဉ်းနေတုန်းက အကြီးဆုံးယောင်းမက မေးခိုင်းလိုက်သေးတယ်။ ရွာကို ဘယ်တော့လောက် ပြန်ဖြစ်မလဲတဲ့၊ မကြာခင် အေးလာတော့မှာဆိုတော့ ရွာက ထင်းတွေကို အမြန်သွားသယ်ဖို့ လိုနေပြီလေ၊ ဒီမြို့က ထင်းတွေက အရမ်းစျေးကြီးတာပဲ၊ တစ်စည်းကို ကြေးပြားဆယ်ပြားတောင် ပေးရတယ်၊ ဒါက ထင်းကို မီးရှို့နေတာ မဟုတ်ဘူး၊ ပိုက်ဆံတွေကို မီးရှို့နေတာနဲ့ အတူတူပဲ"
သိုးသားရေနှင့် သိုးမွှေးများကို ပြုတ်ရန် ထင်းအများကြီး လိုအပ်သော်လည်း ရွာတွင် ထင်းက စျေးပေါသလို ကိုယ်တိုင်တောင်ပေါ်တက်ပြီး ခုတ်ယူနိုင်သေးသည်။ တောင်ပေါ်မှ ခုတ်လာသော ထင်းစည်းအကြီးကြီးတစ်စည်းလျှင် ကြေးပြား သုံး၊ လေးပြားသာ ပေးရသည်။ သို့သော် မြို့တွင် ထင်းစည်းက သေးသော်လည်း ကြေးပြားဆယ်ပြား ပေးရသောကြောင့် ထင်းသုံးရန် နှမြောနေကြခြင်းပင်။ ယခု သူတို့ ချမ်းသာလာကြပြီဆိုသော်လည်း စုန့်မိသားစုက ငွေကို ဖြုန်းတီးတတ်သည့် အလေ့အထ မရှိကြပေ။
ထိုအချိန်မှာပင် စုန့်ကျစ်ယွမ်က အလောတကြီး ဝင်လာပြီး ပြောလာခဲ့သည်။
"မင်းတို့ ကြားပြီးပြီလား၊ နန်းရှန်ဘက်မှာ ကျိုင်းကောင်ကပ်ဘေး ကျနေပြီတဲ့"
ဖန့်ရှီက ချက်ချင်း ပြန်ပြောလိုက်သည်။
"ကျွန်မတို့က တစ်နေကုန် အိမ်ထဲမှာပဲ နေကြတာလေ၊ ဘယ်လို ကြားနိုင်ပါ့မတော်၊ ပြီးတော့ နန်းရှန်က ဒီလောက် အဝေးကြီးမှာ ရှိနေတာလေ"
စုန့်ကျစ်ယွမ်က ဖရုံသီးနုနုလေးတစ်ဖတ်ကို ပါးစပ်ထဲထည့်ကာ ဝါးနေရင်း ထပ်ပြောလာခဲ့သည်။
"ငါလည်း ဒီနေ့ သိုးကျောင်းထွက်ရင်း ကြားလာခဲ့တာ။ မိုးခေါင်တဲ့အချိန်ပြီးတော့ မြေတွေကို နက်နက်ထွန်ယက်ပြီး ပေါင်းပင်တွေကို မီးရှို့ပစ်ရမယ်လို့ ပြောခဲ့ကြပေမယ့် လူအများစုက ထွက်ပြေးကုန်တော့ ကျန်ခဲ့တဲ့သူတွေကလည်း မလုပ်နိုင်ကြတော့ဘူးလေ၊ အခုက ဆောင်းဦးရာသီ ရောက်တော့မှာဆိုတော့ ရိတ်သိမ်းချိန်လည်း နီးနေပြီ၊ အဲ့ဒါကြောင့် ကျိုင်းကောင်တွေ ရောက်လာတာတဲ့။ ငါတို့ဘက်မှာလည်း တစ်ကောင်စ၊ နှစ်ကောင်စ တွေ့ရပေမယ့် သိပ်တော့ မများသေးဘူး"
စုန့်တင်းရှန်းက ပြုံးစစဖြင့် ဝင်ပြောလိုက်သည်။
"ကျိုင်းကောင်ကြော်က စားလို့ကောင်းတယ်လို့ သမီး ကြားဖူးတယ်"
ဖန့်ရှီက သူမကို ကြည့်ကာ ဆူပူလိုက်သည်။
"နင် အသားငတ်နေတာလား၊ ပြီးတော့ ကြော်ထားတဲ့ အသားတိုင်းကလည်း အကုန်စားကောင်းတာ မဟုတ်ဘူးနော်"
စုန့်တင်းရှန်းက ထပ်ပြောလိုက်သည်။
"သေသွားတဲ့ ကျိုင်းကောင်တွေကို မီးရှို့ပြီး အမှုန့်လုပ်ရင် အနည်းဆုံးတော့ မြေဩဇာ ရတာပေါ့၊ ကောက်ပဲသီးနှံတွေ ပျက်စီးသွားမှသာ နှမြောစရာကောင်းတာ၊ အဖေ... ကျိုင်းကောင်တွေက သမီးတို့ဘက်အထိ ပျံလာနိုင်လား"
စုန့်ကျစ်ယွမ်က ပြန်ပြောလိုက်သည်။
"သူတို့က အဝေးကြီးမှာပဲ ရှိနေသေးတာပါ၊ ငါတို့ဆီ မရောက်ခင် အကုန်အသတ်ခံရမှာပဲ၊ စိတ်မပူနဲ့"
သူက ပြောပြောဆိုဆိုဖြင့် အပြင်သို့ ပြန်ထွက်သွားပြန်သည်။
"ငါတို့သိုးတွေ ထပ်မွေးနေပြီ ထင်တယ်၊ သွားကြည့်ဦးမယ်"
"နင်အဖေကတော့ တစ်နေကုန် အားနေတာပဲ၊ ကြက်ခြံရှေ့မှာ ထိုင်ပြီး ကြက်တွေကို ကြည့်လိုက်၊ သိုးတွေကို ကြည့်လိုက်၊ မြင်းနဲ့ မြည်းတွေကို ကြည့်လိုက်နဲ့... အဲဒီမြင်းတွေဆိုရင် သူ တော်တော်မက်မောနေတာ၊ ငါ သူ့ကို မြင်းမမွေးဘဲ ကျူးဇီကို ပေးလိုက်ပါလို့ ပြောတာတောင် သူက လက်မခံဘူး၊ တစ်နေကုန် အဲဒီမြင်းကိုပဲ အမြဲဂရုစိုက်နေတာ"
ဖန့်ရှီက ခင်ပွန်းဖြစ်သူ၏ အပြုအမူကို လှောင်ပြောင်နေသည်။
"ဒါဆို အကြီးဆုံးဦးလေးကရော"
စုန့်တင်းရှန်းက မေးလိုက်ပြန်သည်။
"နင်ဦးလေးကတော့ မြို့ပြင်မှာ ဝက်မွေးဖို့ နေရာရှာဖို့ စဉ်းစားနေတာ၊ သူလည်း အေးအေးဆေးဆေး မနေနိုင်ဘူးလေ၊ နင့်ရဲ့ အကြီးဆုံးအဒေါ်ကတော့ ခဲအိုက ဘဝကို ဘယ်လိုပျော်အောင် နေရမလဲ မသိဘူးဆိုပြီး တချိန်လုံး ဆူပူနေတာ"
စုန့်မိသားစုဝင်အားလုံးက အေးအေးဆေးဆေး မနေတတ်သူများ ဖြစ်ကြသည်။ စုန့်တင်းရှန်းတို့ မောင်ငယ်လေးများနှင့် တူငယ်လေးများက ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲမှ အလုပ်အားလုံးကို တာဝန်ယူထားပြီး အစ်ကိုများ၊ ယောင်းမများကလည်း ဟင်းသီးဟင်းရွက်ခြံထဲတွင် အလုပ်လုပ်လိုက်၊ ဆိုင်ကို သွားကူလိုက်နှင့် အမြဲအလုပ်ရှုပ်နေကြသောကြောင့် လျိုတကွေ့၏မိသားစုပင် လုပ်စရာအလုပ် မရှိသလောက် ဖြစ်နေခဲ့သည်။
ထိုအချက်က လျိုတကွေ့ကိုလည်း နေ့တိုင်း စိုးရိမ်ပူပန်စေသည်။ သူကတော့ ဒုတိယသခင်မလေး စုန့်တင်းရှန်း အမြန်ဆုံး အလုပ်ရုံဖွင့်ပြီး ဤသခင်တစ်စုအား အလုပ်တစ်ခုခု ပေးလိုက်ရန်သာ မျှော်လင့်နေခဲ့သည်။
"တင်းရှန်း၊ တင်းရှန်း"
ဝင်းအပြင်ဘက်မှ အော်ဟစ်သံနှင့်အတူ လူတစ်ယောက် ပြေးဝင်လာသည်။
"အမေ၊ အဖိုး၊ အဖွား..."
"အိုက်ယား... ကျူးဇီ ပြန်လာပြီ"
ဖန့်ရှီက သားမက်ဖြစ်သူကို မြင်သွားပြီး အလွန်ပျော်ရွှင်နေသည်။
"မြန်မြန်လာ... ဒီမှာထိုင်၊ တင်းရှန်း၊ ကျူးဇီအတွက် စားစရာတစ်ခုခု သွားယူပေးလိုက်ဦးလေ"
"အမေ... မလိုပါဘူး၊ ရပါတယ်၊ ကျွန်တော်ဘာသာ ကျွန်တော် သွားယူပါ့မယ်"
ကျိုးယိနိုက ခန်ပေါ်မှ ဆင်းရန်ပြင်နေသည့် စုန့်တင်းရှန်းကို အသာအယာ ဆွဲထားပြီး ပြုံးပြနေသည်။
"အမေ ကျွန်တော် ခွင့်ရက်နည်းနည်း ရလို့ ပြန်လာတာ၊ အမေ ဘာလုပ်မလို့လဲ၊ ကျွန်တော့်ကို ပေး၊ ကျွန်တော် လုပ်ပေးမယ်"
"ရှင် နားလိုက်ပါဦး၊ ကျွန်မအမေက ရှင့်ကို အလုပ်ခိုင်းချင်မှာ မဟုတ်ဘူး"
စုန့်တင်းရှန်းက ဖိနပ်စီးရင်း ခန်ပေါ်မှ ဆင်းနေဆဲပင်။
"ရှင် ထိုင်နေ၊ ကျွန်မ ရှင် အဆာပြေစားဖို့ သွားယူပေးမယ်"
ကျိုးယိနိုက မနက်စာစားပြီးကတည်းက မြင်းစီးလာခဲ့ခြင်းဖြစ်ပြီး ယခု ညနေစောင်းနေပြီ ဖြစ်သောကြောင့် သူ့ဗိုက်က တဂွီဂွီ အော်မြည်နေပြီ ဖြစ်သည်။ အဘိုးဖြစ်သူ စုန့်ရှင်းယိကလည်း သူ့မြေးသမက်ကို အတော်သဘောကျနေသည်။ သူက လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း သောက်ရန် တိုက်တွန်းပြီးမှ မေးလိုက်ပြန်သည်။
"သောက်လိုက်ဦး... ဟိုဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ"
ကျိုးယိနိုက လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် အဖိုး၊ လူတိုင်းက ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ရှိကြတယ်"
"ဒါပေါ့... မင်းက လူကောင်းတစ်ယောက်ပဲကို"
စုန့်ရှင်းယိ လက်မထောင်ပြီး မြှောက်ပင့်နေသောကြောင့် ကျိုးယိနိုက ရှက်ပြုံးကြီးဖြင့် တုံ့ပြန်နေသည်။
စုန့်တင်းရှန်းက အဆာပြေစာမုန့်ပန်းကန်နှင့် သစ်သီးပန်းကန်ကို ယူလာခဲ့ပြီး ကျိုးယိနိုက မက်မွန်မုန့်နှစ်ခုနှင့် ပန်းသီးတစ်လုံးကို အားရပါးရ စားနေခဲ့သည်။ ထို့နောက် သူ အနည်းငယ် အဆာပြေသွားဟန် ရသည်။
"ရှင် အချိန်ကိုက် ပြန်ရောက်လာတာပဲ၊ ကျွန်မ ရှင့်ကို တိုင်ပင်ဖို့လို့တဲ့ အရေးကြီးကိစ္စ ရှိတယ်"
သူ စားပြီးသွားသည်နှင့် စုန့်တင်းရှန်းက သူ့ကို အပြင်သို့ ခေါ်ထုတ်သွားရန် ပြင်ဆင်လိုက်သည်။
ဖန့်ရှီက သူမကို ဆူပူနေပြန်သည်။
"နင်ကတော့လေ... လူကဖြင့် သေချာတောင် မထိုင်ရသေးဘူး၊ ဘယ်ကို ခေါ်သွားပြန်ပြီလဲ၊ ဒီကလေးမကတော့ ကျူးဇီကို အသက်တောင် မရှူခိုင်းဘူး"
"အမေ... မကြာပါဘူး၊ ခဏနေရင် သမီးတို့ ပြန်လာခဲ့မယ်"
စုန့်တင်းရှန်းက မိခင်ဖြစ်သူကို ပြန်လှမ်းအော်လိုက်ပြီး ကျိုးယိနိုကို ကြည့်ကာ မေးနေပြန်သည်။
"ဧကရာဇ်မင်းမြတ် ရှင့်ကို ချီးမြှင့်ထားတဲ့ အိမ်တော်က ဒီနားမှာပဲ မဟုတ်ဘူးလား၊ အဲ့ဒါ ဘယ်နားလဲ၊ ကျွန်မကို အိမ်ရှေ့တံခါးအထိ လိုက်ပြပေးဦး"
ကျိုးယိနို ခဏလောက် ကြောင်သွားပြီးမှ သူ့နဖူးကို လက်ဖြင့် ရိုက်ကာ ပြန်ပြောလိုက်သည်။
"အော်... ဟုတ်သားပဲ၊ ကိုယ် မေ့နေတာပဲ၊ လာ... လာ... ကိုယ်တို့ရဲ့ အိမ်ဝင်းကြီးကို သွားကြည့်ကြမယ်"
ဧကရာဇ်က သူရဲကောင်း စစ်သူကြီးတစ်ဦးအား ပေးသည့်အိမ်ဖြစ်သောကြောင့် သာမန်အိမ်စုတ်လေး မဖြစ်နိုင်ပေ။ ဆုချီးမြှင့်ခဲ့သည့်နေ့ကတည်းက ပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းများအတွက် လူလွှတ်ထားသောကြောင့် ယခု အတော်လေး ပြီးစီးလောက်ပြီဟု ကျိုးယိနို တွက်ဆထားသည်။
သူတို့နှစ်ယောက် လမ်းမကြီးအတိုင်း လျှောက်လာပြီး လမ်းကြားတစ်ခုထဲသို့ ဝင်ကာ နောက်ထပ်လမ်းမကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက် တံခါးဝကြီးတစ်ခုကို တွေ့လိုက်ရသည်။ တံခါးကြီးက အမှန်တကယ်ကို ခန့်ညားထည်ဝါလှပြီး အိမ်ရှေ့တွင် အနီရောင်ပိတ်စများဖြင့် အလှဆင်ထားသော ကျောက်ခြင်္သေ့ကြီး နှစ်ကောင် ရှိနေသည်။
တံခါးဝအထက်တွင် ဧကရာဇ်ကိုယ်တိုင် ရေးထိုးပေးထားသည့် "စစ်သူကြီးအိမ်တော်" ဆိုသည့် ကမ္ဗည်းပြား ရှိသည်။ အနီရောင်တောက်တောက် တံခါးမကြီးကလည်း သစ်သားပြားတစ်ချပ်တည်းဖြင့် ပြုလုပ်ထားသော တံခါးချပ်ကြီးဖြစ်ပြီး ဤမျှလောက် ကြီးမားသော သစ်ပင်ကြီးကို ရရန် ခက်ခဲလှပြီး အမှန်တကယ် အဖိုးတန်မှန်း သိသာနေသည်။
တံခါးဝတွင် အစေခံကောင်လေးတစ်ယောက် တံမြက်စည်းလှည်းနေပြီး သူတို့နှစ်ယောက် ချဥ်းကပ်လာသည်ကို မြင်လိုက်သည်နှင့် ထိုကောင်လေးက သူတို့ကို ခပ်မြန်မြန် လမ်းပိတ်လိုက်သည်။
"ရပ်ကြစမ်း၊ မင်းတို့ ဘာလာလုပ်တာလဲ၊ ဒါက ဘယ်နေရာလဲဆိုတာ မင်းတို့ သိရဲ့လား၊ ဘယ်လိုသတ္တိနဲ့ ဝင်လာတာလဲ၊ မင်းတို့ရဲ့ ခေါင်းတွေကို မလိုချင်တော့ဘူးလား"
ကျိုးယိနိုက မျက်မှောင်ကြုတ်ရင်း ပြန်ပြောလိုက်သည်။
"ဘယ်နေရာလဲ ဟုတ်လား၊ ဒါက ငါ့အိမ်လေ"
အစေခံကောင်လေးက ကျိုးယိနို၏ ရိုးရှင်းသော ဝတ်စုံနှင့် စုန့်တင်းရှန်း၏ သာမန်ဝတ်စုံကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"မင်းအိမ် ဟုတ်လား၊ ဒီမှာ မင်းနာမည် ရေးထားလို့လား၊ ဒါဆို ငါလည်း ငါ့အိမ်လို့ ပြောလို့ရတာပဲ၊ ခု ချက်ချင်း ထွက်သွားစမ်း... စစ်သူကြီးအိမ်တော်ကို လာပြီး တောင်းရမ်းချင်လို့လား၊ မင်းတို့ မျက်စိမပါဘူးလား"
ကျိုးယိနိုတစ်ယောက် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
"ဒီမှာ တာဝန်ခံမရှိဘူးလား၊ သွား... အိမ်တော်ထိန်းကို သွားခေါ်ခဲ့စမ်း"
အစေခံကောင်လေးက လှောင်ပြုံးဖြင့် ပြန်ပြောလာသည်။
"ငါတို့ အိမ်တော်ထိန်းကို တွေ့ချင်တယ် ဟုတ်လား၊ ငါ ပြောပြမယ်၊ ငါတို့အိမ်တော်ထိန်းကို တွေ့ချင်ရင် ခရိုင်အမတ်မင်းတောင် လက်ဆောင်ပေးပြီး ဖိတ်စာပို့ရတာကွ၊ မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲကွ”
စုန့်တင်းရှန်းက ရယ်မောရင်း ကျိုးယိနိုင်ကို စနောက်လိုက်သည်။
"ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ၊ ကိုယ့်အိမ်ထဲကိုယ် ဝင်ဖို့တောင် တံခါးစောင့်ရဲ့ မျက်နှာကြည့်နေရတယ်ပေါ့၊ စတုတ္ထအဆင့် စစ်သူကြီးတစ်ယောက်အနေနဲ့ ရှင်ရဲ့ စီမံခန့်ခွဲမှုက သိပ်တော့ အားရစရာမရှိဘူးပဲ"
ကျိုးယိနို၏မျက်နှာက မည်းမှောင်သွားပြီး သူ့ဝတ်ရုံထဲမှ ခါးချိတ်တံဆိပ်ပြားကို ထုတ်ကာ ထိုအစေခံကောင်လေးရှေ့၌ ဝေ့ယမ်းပြလိုက်သည်။
အစေခံကောင်လေးက တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း တုန်ရင်လာာကာ ဒူးထောက်ချလိုက်သည်။
"စစ်... စစ်သူကြီးမင်း... ကျွန်တော်မျိုးက မျက်စိရှိနေတာတောင် ထိုက်တောင်ကြီးကို မမြင်နိုင်ခဲ့ပါဘူး၊ ကျွန်တော်မျိုး သေသင့်ပါတယ်"
သူက ပြောနေရင်းဖြင့် သူ့ပါးကိုသူ မရပ်မနား ပြန်ရိုက်နေသည်။
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"သေဖို့ လောမနေနဲ့ဦး၊ ငါ မေးတာ အရင်ဖြေ၊ ဖိတ်စာလာပေးတဲ့သူ ဘယ်နှစ်ယောက်ရှိပြီလဲ၊ မင်းတို့ လူဘယ်နှစ်ယောက်ဆီက ပိုက်ဆံတောင်းခဲ့ပြီးပြီလဲ၊ ပြီးတော့ အဲဒီပိုက်ဆံတွေကို ဘယ်သူက လက်ခံထားတာလဲ"
အစေခံကောင်လေးက တုံ့ဆိုင်းနေပြီး ဘာမှ ပြန်မပြောရဲခဲ့ချေ။
စုန့်တင်းရှန်းက ကျိုးယိနိုဘက်သို့ လှည့်ကာ အကြံပေးလိုက်သည်။
"သူ့ကို ပြန်ရောင်းလိုက်တော့၊ ဒီလိုလူမျိုးတွေကို ဆက်ထားနေရင် ရှင့်အတွက် သိက္ခာကျရုံပဲရှိမယ်"
"စစ်သူကြီးမင်း၊ ကျွန်တော်မျိုးက မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီး လွှတ်လိုက်တဲ့ သူပါ၊ ကျွန်တော်မျိုးကို ရောင်းစားလို့ မရပါဘူး"
အစေခံကောင်လေးက ချွေးများ စီးကျလာပြီး ထစ်ထစ်ငေါ့ငေါ့ ထပ်ပြောနေပြန်သည်။
"ကျွန်တော်.... ကျွန်တော်မျိုးရဲ့ စာချုပ်က မင်းသားကြီးအိမ်တော်မှာပါ"
"ပြန်ရောင်းလို့ မရရင်လည်း ပြန်ပို့လိုက်ပေါ့၊ ဒီလို အမှိုက်တွေကို စစ်သူကြီးအိမ်တော်ထဲ ဘာလို့ စုပုံထားမှာလဲ"
စုန့်တင်းရှန်းက မျက်ခုံးပင့်ရင်း ဆက်ပြောနေပြန်သည်။
"ကြင်ယာတော်မင်းသမီးကြီးက ဒီလောက် အရှက်မရှိတဲ့လူတွေကို လွှတ်လိုက်တယ်လို့ ကျွန်မ တကယ် မယုံနိုင်သေးဘူး၊ ဒီအခြေအနေကို မေးမြန်းဖို့ ကြင်ယာတော်မင်းသမီးကြီးဆီကို ကျွန်မ စာရေးလိုက်မယ်"
အစေခံကောင်လေးက အဆက်မပြတ် ဦးတိုက်တောင်းပန်နေသော်လည်း ကျိုးယိနိုကတော့ ဒေါသထွက်နေပြီး သူ့ကို တစ်ချက်ကန်လိုက်ရာ ခပ်ဝေးဝေးသို့ လွင့်စင်သွားသည်။
"ဘာတွေဖြစ်နေလို့ ဒီလောက်ဆူညံနေရတာလဲ"
အိမ်တော်ထိန်းဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ရောက်လာပြီး သူက မြေပြင်ပေါ်တွင် အော်ဟစ်နေသည့် အစေခံကို တစ်ချက်ကြည့်ကာ တံခါးဝမှ လူများကို ကြည့်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါကို စျေးတန်းလို့ ထင်နေကြလား၊ ဒီနေရာက ဘယ်သူမဆို လာပြီး ရမ်းကားလို့ ရတဲ့နေရာလို့ ထင်နေတာလား"
စုန့်တင်းရှန်းက သက်ပြင်းတစ်ချက် ချပြီး ကျိုးယိနိုကို မေးလိုက်ပြန်သည်။
"ကြင်ယာတော်မင်းသမီးကြီးက ဒီလူတွေကို လွှတ်တဲ့အချိန်မှာ ရှင့်မျက်နှာကို မမှတ်ခိုင်းခဲ့ဘူးလား"
ကျိုးယိနိုက ပြန်ဖြေလာသည်။
"မသိဘူး... အဲဒီရက်တွေတုန်းက ကိုယ်လည်း လူတိုင်းကို ဧည့်ခံနေရပြီး အလုပ်ရှုပ်နေတာဆိုတော့ သိပ်ပြီး သတိမထားမိလိုက်ဘူး"
ကျိုးယိနိုက ထိုလူကို စိုက်ကြည့်ပြီး လှမ်းမေးလိုက်သည်။
"မင်းက စစ်သူကြီးအိမ်တော်ရဲ့ အိမ်တော်ထိန်းဆိုတဲ့ ရာထူးကို သုံးပြီး လူတွေဆီက ပိုက်ဆံတောင်းနေတယ်ဆို... အဲ့ဒါ ဟုတ်လား"
ထိုလူက ချက်ချင်း ပြန်မေးလာသည်။
"မင်းနဲ့ ဘာဆိုင်လို့လဲ၊ မင်းက ဘယ်သူမို့လို့လဲ"
ကျိုးယိနိုက သူ့၏စစ်သူကြီး တံဆိပ်ပြားကို နောက်တစ်ကြိမ် ထပ်ပြလိုက်သည်။
ထိုလူက ချက်ချင်း ပျာပျာသလဲ ဒူးထောက်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် တောင်းပန်နေသည်။
"စစ်သူကြီးမင်း ရောက်နေတာကို ကျွန်တော်မျိုး မသိလိုက်လို့ပါ၊ ခွင့်လွှတ်ပေးတော်မူပါ စစ်သူကြီးမင်း၊ ဘာလို့ ကြိုပြီး လူမလွှတ်ခဲ့တာလဲခင်ဗျာ၊ ဒါဆိုရင် ကျွန်တော်မျိုး အစောကြီးကတည်းက သေချာပြင်ဆင်ထားမှာပေါ့"
စုန့်တင်းရှန်းက ဝင်ပြောလိုက်ပြန်သည်။
"အခုတော့ ကျွန်မ နားလည်သွားပြီ၊ ဒီကလူတွေက လူကို မကြည့်ဘဲ တံဆိပ်ပြားကိုပဲ ကြည့်ကြတာကိုး၊ တကယ်လို့ တခြားတစ်ယောက်ယောက်က ဒီတံဆိပ်ပြားကို ကိုင်ထားရင်လည်း သူတို့က ဒူးထောက်အရိုအသေပေးကြမှာပဲ"
ကျိုးယိနိုကတော့ ဒေါသထွက်ထွက်နေပြီး အိမ်တော်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားကာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"နောက်ထပ် လူဘယ်နှစ်ယောက် ရှိသေးလဲ၊ အကုန်လုံးကို ခေါ်ခဲ့စမ်း"
‘ငါက ငါကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရထားတဲ့ အိမ်တော်ကြီးကို ဇနီးလေးရှေ့မှာ ကြွားချင်ရုံလေးပါကွ။ အခုတော့ ငါ မကြွားရသေးခင် ဒီလိုလူတွေကြောင့် အရှက်ကွဲရပြီ၊ ငါ ဒေါသလည်း တော်တော်ထွက်နေပြီကွ’
အိမ်တော်ထိန်းက မြေပြင်ပေါ်မှ အမြန် ထရပ်ပြီး လူခေါ်ရန် ကမန်းကတန်း ပြေးထွက်သွားသည်။ ကျိုးယိနိုက ဧည့်ခန်းဆောင်တွင် ထိုင်စောင့်နေခဲ့ပြီး ရာနှင့်ချီသော လူအုပ်ကြီးတစ်အုပ် ရောက်ရှိလာခဲ့သည်။
အိမ်တော်ထိန်းက လူစာရင်းကို ထုတ်ပေးရင်း ကပ်ဖားယပ်ယား အပြုံးဖြင့် ပြောလာခဲ့သည်။
"စစ်သူကြီးမင်း၊ ဒီလူတွေအားလုံးက စစ်သူကြီးနဲ့ သခင်မကို ပြုစုဖို့အတွက် ကြင်ယာတော်မင်းသမီး သေသေချာချာ ရွေးချယ်ပေးလိုက်တဲ့သူတွေပါ"
ကျိုးယိနိုက လူစာရင်းကို ကြည့်ပင်မကြည့်ဘဲ စုန့်တင်းရှန်းလက်ထဲကို တန်းထည့်ပေးလိုက်သည်။
စုန့်တင်းရှန်းက လူစာရင်းကို ဖွင့်ကြည့်လိုက်သည်။ စာရင်းထဲတွင် အိမ်တော်ထိန်းကြီး တစ်ဦး၊ သာမန်အိမ်တော်ထိန်း သုံးဦး၊ ပထမတန်းစား အစေခံမလေး ဆယ့်နှစ်ဦး၊ ဒုတိယတန်းစား အစေခံမလေး နှစ်ဆယ့်ခြောက်ဦး၊ တတိယတန်းစား အစေခံမလေး နှစ်ဆယ့်ခြောက်ဦး၊ ပထမတန်းစား အမျိုးသားအစေခံ လေးဦး၊ ဒုတိယတန်းစား အမျိုးသားအစေခံ ဆယ့်နှစ်ဦး၊ တတိယတန်းစား အမျိုးသားအစေခံ ဆယ့်နှစ်ဦး ရှိနေသည်။ ထို့အပြင် အိမ်သန့်ရှင်းရေးနဲ့ ချက်ပြုတ်ရန် တာဝန်ယူရမည့် အမျိုးသမီးကြီးများလည်း ပါဝင်နေသေးသည်။
စုန့်တင်းရှန်းက လူစာရင်းကို ပိတ်လိုက်ပြီး လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အများစုက ယဉ်ကျေးပုံရသော်လည်း အချို့ကတော့ အတွေးများ ရှိပုံရပြီး ခိုးကြောင်ခိုးဝှက်ဖြင့် မသိမသာ ခိုးကြည့်နေကြသည်။ အစေခံမလေး တချို့ကတော့ ကျိုးယိနိုကို မြူဆွယ်ချင်သော မျက်လုံးများဖြင့် ပွင့်ပွင့်လင်းလင်း စိုက်ကြည့်နေကြသည်။
စုန့်တင်းရှန်းတစ်ယောက် စိတ်ထဲမှ ကျိတ်ပြီး သက်ပြင်းချနေမိသည်။
‘ငါ့လို လယ်သူမလေးတစ်ယောက်အနေနဲ့ အခုလို အိမ်တွင်းရေး အရှုပ်အထွေးတွေကို ဖြေရှင်းနေရတာ အရမ်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဒါပေမယ့် ဒီလူတွေအားလုံးက မင်းသမီးဆီက လက်ဆောင်တွေဖြစ်နေပြန်တယ်။ ဒီလူတွေကို သေသေချာချာ မကိုင်တွယ်နိုင်ရင်လည်း မင်းသမီးကို စိတ်ဆိုးအောင် လုပ်သလို ဖြစ်သွားနိုင်သေးတယ်၊ ဒါပေမယ့် ဒီဒုက္ခပေးတဲ့လူတွေကို အနားမှာ ထားရင်လည်း ငါ့ကိုပဲ ခေါင်းကိုက်စေမှာ’
နောက်ဆုံးတွင် သူမက သူတို့၏နာမည်များကို တစ်ယောက်ချင်းစီ မေးမြန်းပြီး စိတ်ထဲမှ မှတ်သားကာ သူတို့၏အခြေအနေကို နားလည်အောင် လုပ်လိုက်သည်။ ထို့နောက် ကျိုးယိနို၏ နားနားသို့ ကပ်ကာ စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။
ကျိုးယိနိုက ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး ရေတစ်ငုံပင် မသောက်ဘဲ လူအုပ်ကြီးကို ချန်ထားခဲ့ကာ ထွက်ခွာသွားတော့သည်။ သူ၏ ရုတ်တရက် ထွက်ခွာသွားမှုကြောင့် ကျန်ရစ်ခဲ့သူများက ဘာဖြစ်မှန်း မသိဘဲ ကြောင်အမ်းအမ်း ကျန်နေခဲ့ကြသည်။
"ဒီလို ဖြစ်မယ်မှန်းသိရင် ကိုယ်လူအချို့ကို တစ်ခါတည်း ခေါ်လာခဲ့ရမှာ"
ကျိုးယိနိုက နောင်တရသလို ပြောလာခဲ့သည်။
စုန့်တင်းရှန်းက အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
"ဘာမှ မဖြစ်ပါဘူး၊ သူတို့ကို ပြန်ပို့လိုက်ရုံပါပဲ၊ မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်ရတာတော့ အမှန်ပဲ၊ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း ကောင်းပါတယ်၊ နောက်မှ ပြဿနာတက်တာနဲ့စာရင် အခုကတည်းက ရှာတွေ့ပြီး ရှင်းလိုက်တာ ပိုကောင်းတာပေါ့၊ မနက်ဖြန် ကျွန်မ အစ်ကိုတွေကို စောစောထခိုင်းပြီး သတင်းပို့ခိုင်းလိုက်မယ်၊ ရှင်လည်း ရှင့်အိမ်တော်မှာ ရှင့်လူတွေကိုပဲ ထားဖို့ စီစဉ်သင့်တယ်"
"တကယ်ကို ရှုပ်ထွေးတာပဲ"
ကျိုးယိနိုက သူ့ဇနီးသည်၏ လက်ကို ဆွဲထားပြီး ကလေးတစ်ယောက်လို နှုတ်ခမ်းဆူကာ ခြေဆောင့်နေလေသည်။
"နောက်တော့ ရှင် ကျင့်သားရသွားမှာပါ၊ အိမ်ရောက်ရင် ဘာမှမပြောနဲ့ဦးနော်၊ တော်ကြာ လူကြီးတွေ စိတ်ပူနေဦးမယ်"
စုန့်တင်းရှန်းက သတိပေးလာသောကြောင့် ကျိုးယိနိုက ပြန်ပြောလိုက်သည်။
“ကိုယ် နားလည်ပါတယ်”
အိမ်ပြန်ရောက်လာချိန်တွင် စုန့်တင်းရှန်းက အိမ်တော်ကြီး မည်မျှ ကျယ်ဝန်းကြောင်းသာ ပြောပြခဲ့ပြီး ကြင်ယာတော်မင်းသမီးကြီးက လူအများကြီး ပေးလိုက်သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ အိမ်တော်ကကို ပြုပြင်၍ မပြီးသေးကြောင်းနှင့် ပြင်ဆင်ပြီးမှ အားလုံးတူတူပြောင်းရွှေ့ကြမည်ဟုသာ ပြောလိုက်သည်။
ညစာအတွက် သိုးသားနှင့် ဖရုံသီးအစာသွတ်ထားသော ဖက်ထုပ်များကို အားရပါးရ စားသောက်ခဲ့ကြသည်။ အဆီလေးများ ဝေ့နေပြီး နူးညံ့ကာ အရသာရှိလှသော ဖက်ထုပ်များကြောင့် ကျိုးယိနို၏ စိတ်မသက်မသာ ဖြစ်မှုများလည်း ပြေပျောက်သွားရသည်။
ညဘက်တွင် ကျိုးယိနိုက ယခင်ကအတိုင်း သူ့ဇနီးလေးအတွက် ရေနွေးပြင်ပေးပြီး သူမ ရေချိုးနေချိန်တွင် သူက ကန့်လန့်ကာနောက်မှ စကားပြောနေသည်။
"လူတွေကို အဆင့်အတန်းနဲ့ ခွဲခြားဆက်ဆံတာမျိုးဆိုရင် ကိုယ်တကယ် မုန်းတယ်။ မြို့တော်မှာတုန်းကလည်း ဒီလို ကျေးကျွန်လူတွေကြောင့် သခင်တွေက လိုက်ရှင်းနေရတဲ့ ပြဿနာတွေ အများကြီး ရှိတာကို ကိုယ် ကြားခဲ့ဖူးတယ်။ ဒီနေ့ ဒီလူအုပ်ကြီးကို မြင်လိုက်ရတော့ ကိုယ် ဒေါသထွက်လွန်းလို့ အကုန်လုံးကို ကန်ထုတ်ပစ်ချင်စိတ်တောင် ပေါက်သွားခဲ့တယ်"
စုန့်တင်းရှန်းက ခေါင်းလျှော်နေရင်းမှ ပြန်ပြောလိုက်သည်။
"ကြင်ယာတော်မင်းသမီးကြီးကတော့ ရည်ရွယ်ချက်ကောင်းနဲ့ လွှတ်လိုက်တာ ဖြစ်မယ်၊ မဟုတ်ရင် ရှင့်ကို ပြုစုပေးဖို့ သူတို့ကို အဝေးကြီးကနေ လွှတ်လိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလူတွေက မြို့တော်က အကျင့်ဟောင်းတွေ ပါလာပြီး သူတို့ရဲ့ မာနထောင်လွှားတဲ့ စရိုက်ကို မပြောင်းလဲနိုင်ကြသေးဘူး၊ လက်ရှိမှာ ကျွန်မတို့က ကောင်တီမင်းသမီးနဲ့ စစ်သူကြီး ဖြစ်နေပြီဆိုပေမယ့် ရွာက လာတဲ့သူတွေဆိုတော့ သူတို့ အထင်သေးနေတာက ပုံမှန်ပါပဲ၊ မနက်ဖြန်ကျရင် အစ်ကို့ကို စစ်စခန်းဆီ သတင်းပို့ခိုင်းပေးမယ်၊ ရှင့်လူအချို့ကို ဒီခေါ်လာခဲ့ပေါ့၊ ပြီးရင် ရှင့်ဘက်က စာတစ်စောင် ရေးပြီး အဲ့ဒီလူတချို့ကို ပြန်ပို့ခိုင်းလိုက်၊ တကယ်တော့ ကျွန်မတို့ဆီမှာလည်း လူအများကြီး မလိုပါဘူး"
ကျိုးယိနိုက ရေကျသံကို နားထောင်ရင်း ပြန်ပြောလိုက်သည်။
"ကိုယ် မင်းပြောတဲ့အတိုင်း လုပ်ပါ့မယ်၊ နောက်ကျရင်လည်း ဒါတွေအားလုံးကို မင်းပဲ စီမံခန့်ခွဲရမှာ"
စုန့်တင်းရှန်းကတော့ သူမဘာသာတွေးနေပြန်သည်။
‘ငါလည်း ဒါတွေကို မစီမံချင်ဘူး၊ ဒါပေမယ့် သူတို့ထဲမှာ သစ္စာရှိပြီး အားကိုးရမယ့်လူတွေ ရှိခဲ့ရင် အလုပ်ရုံကို ပို့လို့ ရတယ်၊ အဲ့ဒါဆိုရင် လူဝယ်ဖို့ ငွေကုန် သက်သာသွားလိမ့်မယ်။
သူမ ရေချိုးပြီးချိန်တွင် ဆံပင်ကို ခြောက်အောင်သုတ်ကာ အဝတ်အစားလဲပြီးမှ ပြန်ထွက်လာခဲ့သည်။
"ရှင် ရေသွားချိုးတော့လေ၊ ကျွန်မ အိပ်ရာပြင်ထားပေးမယ်၊ ဒီနေ့ ကောင်းကောင်း အနားယူလိုက်၊ ရှင် အိမ်မှာ ကောင်းကောင်း မနားရတာ ကြာနေပြီ၊ ဒီက ခန်က ရွာကထက် ပိုအိပ်လို့ ကောင်းတယ်"
ကျိုးယိနိုက သူ့ဇနီးလေး ရေချိုးထားသည့် ရေနွေးအကြွင်းအကျန်လေးဖြင့် သူ့တစ်ကိုယ်လုံး သန့်စင်သွားအောင် ဆေးကြောလိုက်သည်။
‘သူ့ဇနီးလေးက အရမ်း အသန့်ကြိုက်တာလေ၊ အပြင်မထွက်ခင် အဝတ်အစားတွေမှာ အစွန်းအထင်းလေးတစ်ခု ရှိနေရင်တောင် အဝတ်လဲပြီးမှ အပြင်ထွက်တတ်တာလေ။ သူတို့ တပ်စခန်းက ယောကျ်ားသားတွေကတော့ ရေချိုးတာကို ပေါ့ပေါ့ပါးပါးပဲ လုပ်လေ့ရှိပြီး လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်လောက်ပဲ အချိန်ယူကြတယ်။ ဒါပေမယ့် အခု သူ့ဇနီးလေးက သူ သေချာ မဆေးကြောထားတာကို သိသွားရင် သူ အရှက်ကွဲရမှာ သေချာတယ်’
စုန့်တင်းရှန်းက အိပ်ယာခင်းများကို သေချာ ဖြန့်ခင်းပြီးနောက် ခန်ပေါ်သို့ အရင်တက်ကာ ဆံပင်များခြောက်သွေ့စေရန် ခန်အစွန်းတွင် ချထားရင်း လဲလျောင်းနေခဲ့သည်။ သူမ အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးနေရင်း တဖြည်းဖြည်း ငိုက်မြည်းလာသည်။
ကျိုးယိနို အလျင်အမြန် ရေချိုးပြီး ပြန်ထွက်လာချိန်တွင် ပါးပြင်နီနီလေးများဖြင့် ငိုက်မြည်းနေသည့် ဇနီးသည်ကို မြင်သွားပြီး သွားရည်ကျမတတ် ငေးကြည့်နေမိသည်။ သို့သော် ခန်ပေါ်တွင် အိပ်ရာနှစ်ခု သီးခြားစီ ခင်းထားကြောင်း တွေ့လိုက်ရချိန်တွင်တော့ သူ စိတ်ပျက်သွားရသည်။
‘ဘာလို့... ငါတို့က သီးခြားစီ အိပ်ရမှာတုန်း’
စစ်သူကြီးကျိုးတစ်ယောက် မခံမရပ်နိုင် ဖြစ်သွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ဇနီးလေး..."
ထို့နောက် သူက နှစ်ခါပြန် မစဉ်းစားတော့ဘဲ စုန့်တင်းရှန်း ခြုံထားသည့် စောင်ကို အသာအယာ မတင်လိုက်သည်။
"ကိုယ် ပြန်ရောက်ရင် မင်္ဂလာဦးည ဆင်နွှဲလို့ ရပြီလို့ လူကြီးတွေက ပြောခဲ့တာလေ။ မြို့တော်မှာတုန်းက ကိုယ့်ကိုကိုယ် တော်တော်ထိန်းချုပ်ထားခဲ့ရတာ၊ အခု အိမ်ရောက်ပြီဆိုတော့ အိပ်ရာတစ်ခုတည်း တူတူအိပ်လို့ မရဘူးလား"
သူ့အသံက တိုးညင်းနေသော်လည်း ခိုင်မာသော ဆန္ဒများ ပါဝင်နေသည်။ ဤအခိုက်အတန့်ကို သူ စောင့်စားခဲ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ဇနီးသည်နှင့် ရင်းနှီးခွင့်ရရန် သူ အလွန် စိတ်အားထက်သန်နေမိသည်။
စုန့်တင်းရှန်းလည်း ရုတ်တရက် ထိုအကြောင်းကို တွေးမိသွားပြီး ပါးပြင်လေးများ နီမြန်းလာသည်။ သူမက ကျိုးယိနို၏ ကြွက်သားအပြည့် သန်မာသော ခန္ဓာကိုယ်ကို ကြည့်နေရင်း သူမ၏လက်များကို ဘယ်နားထားရမှန်း မသိဖြစ်နေခဲ့သည်။ ခဏအကြာတွင် သူမက အကြည့်လွှဲရင်း တိုးတိုးလေး ပြောလာခဲ့သည်။
"ရှင် ဒီနေ့ ခရီးဝေးကြီး လာခဲ့ရတာလေ၊ ပင်ပန်းနေမှာပေါ့၊ ဘာလို့ အနားမယူသေးတာလဲ"
"ဘာမှ မဖြစ်ဘူး၊ ကိုယ် လုံးဝ မပင်ပန်းဘူး"
ကျိုးယိနိုက ဇနီးသည်၏ သွယ်လျသော ခါးလေးကို ဖက်တွယ်လိုက်ရင်း တိုးညင်းနူးညံ့သော အသံဖြင့် ပြောလာပြန်သည်။
"ဇနီးလေး၊ မင်း ဆီကရတဲ့ ရနံ့လေးက အရမ်းမွှေးတာပဲ၊ ကိုယ်တို့ ကလေးယူသင့်နေပြီ"
အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင်လေးက တဖျတ်ဖျတ် လှုပ်ခါနေပြီး သူတို့နှစ်ဦး၏ ရင်ခုန်သံများနှင့် စည်းချက်ညီနေသယောင် ဖြစ်နေလေသည်။ အဝတ်အစား ပွတ်တိုက်သံနှင့် လှုပ်ရှားသံများမှ လွဲ၍ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ ချစ်ခြင်းမေတ္တာများ ဖုံးလွှမ်းလာသည်။
ရုတ်တရက် ဖန့်ရှီက အိပ်ရာမှ ထထိုင်ကာ အာရုံစိုက် နားစွင့်လိုက်ပြီး စုန့်ကျစ်ယွမ်ကို နှစ်ကြိမ်လောက် တွန်းနိုးလိုက်သည်။
"ဟေး... ဟေ့ ၊ ကလေးတွေအဖေ နားထောင်ကြည့်ဦး"
စုန့်ကျစ်ယွမ်ကလည်း ခဏမျှ သေချာနားစွင့်နေခဲ့ပြီး သူ့မျက်နှာကြီး ချက်ချင်း နီရဲလာသည်။ သူက ဖန့်ရှီကို ပြန်ဆွဲလှဲရင်း ခပ်တိုးတိုး မာန်မဲလိုက်သည်။
"မင်းအသက်က ဘယ်လောက်ရှိနေပြီလဲ၊ အိပ်စမ်းပါ၊ အဲဒီကလေးနှစ်ယောက်ကလည်း ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ... အိုက်ယား.... ဟူး....."
ဖန့်ရှီက ခပ်တိုးတိုး ရယ်မောရင်း ပြောလာပြန်သည်။
"မြို့တော်မှာတုန်း ဘာအသံမှ မကြားရလို့ သူတို့ အဆင်မပြေကြဘူးလားလို့ တွေးပြီး ကျွန်မ စိုးရိမ်နေခဲ့တာ၊ အခုတော့ စိတ်အေးသွားပြီ။ ဒါပေမယ့် နောင်ကျရင် ကလေးတွေကို သူတို့အခန်းနဲ့ ဝေးဝေးရမယ်၊ အသံက အရမ်းကျယ်လွန်းတယ်"
(Etran Note: ဟား ဟား၊ နောက်ဆုံးတော့ ဆာလောင်နေတဲ့ ဝံပုလွေကြီးက သူ့ရဲ့သားကောင်လေးကို မိသွားပြီပေါ့၊ ဗိုက်ဝသွားရင်တော့ သူ့ရဲ့ ဆာလောင်မှုတွေ ပြေပျောက်သွားမှာပါ)
"ငယ်တဲ့သူတွေက ဘာမှ မသိသေးပါဘူး၊ ဒါပေမယ့် မင်းလည်း ဟူထောင်အတွက် ဇနီးရှာပေးဖို့ စဉ်းစားထားဦး၊ သူလည်း မငယ်တော့ဘူး၊ ခုတော့ အိပ်ကြမယ်"
.........။........။..........
နောက်တစ်နေ့ နံနက်တွင် စစ်သူကြီးကျိုးက လန်းဆန်းတက်ကြွစွာ နိုးလာခဲ့သည်။ စုန့်တင်းရှန်း၏ နဖူးလေးကို အသာအယာ နမ်းပြီးနောက် သူ အိပ်ယာမှ တိတ်တဆိတ် ထလိုက်သည်။ သူ အဝတ်အစားလဲနေစဉ် နံနက်ခင်း၏ နွေးထွေးသော နေရောင်ခြည်က အခန်းထဲသို့ ဖြာကျလာပြီး သူတို့နှစ်ဦး တည်ဆောက်ခဲ့သည့် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းမှုကို ပြန်လည်အမှတ်ရစေသည်။
"မရီး... ဒီနေ့ မနက်စာ ဘာစားရမှာလဲ"
မီးဖိုချောင်ဘက်သို့ သွားနေသော ချောင်လျိုအာကို မြင်လိုက်ရချိန်တွင် သူက ပုံမှန်အတိုင်း လှမ်းမေးလိုက်သည်။
ချောင်လျိုအာက သူ့ကို လှည့်ကြည့်ပြီး မျက်နှာနီနီဖြင့် ပြန်ဖြေလိုက်သည်။
"မတ်လေး စားချင်တာ ချက်ပေးလို့ရပါတယ်၊ ကြက်သားဟင်းချက်ပေးရမလား"
ထို့နောက် သူမက ပါးစပ်ကို လက်ဖြင့် ပိတ်ကာ ရယ်မောရင်း ပြေးထွက်သွားတော့သည်။
ကျိုးယိနိုက ဘာဖြစ်နေမှန်း သေချာနားမလည်သေးပေ။ သို့သော်လည်း စုန့်ကျွင့်ရှန်က သူ့နားသို့ လျှောက်လာပြီး သူ့ပုခုံးကို ပုတ်ကာ လက်မထောင်ရင်း ပြောလာခဲ့သည်။
"ကြည့်ရတာ ခြံဝင်းထဲကလူတွေ အကုန် သိကုန်ကြပြီ ထင်တယ်"
ကျိုးယိနို : “....”
"အမ်... ယောက်ဖ၊ တင်းရှန်းကိုတော့ သွားမပြောပါနဲ့နော်"
ကျိုးယိနိုက တိုးတိုးလေး တောင်းဆိုနေသောကြောင့် စုန့်ကျွင့်ရှန်က တဟားဟား ရယ်မောကာ ခေါင်းခါရင်း နောက်ဖေးဝင်းဘက်သို့ လျှောက်သွားတော့သည်။
ဖန့်ရှီကလည်း မျက်နှာသစ်ရန် အပြင်ထွက်လာပြီး ခြံဝင်းထဲတွင် မတ်တပ်ရပ်နေသည့် "ထုံထုံထိုင်းထိုင်းကောင်လေး" ကျိုးယိနိုကို တွေ့လိုက်ရသည်။
သူမက သူမယောက်ျားကို တံတောင်ဖြင့် တိုက်ပြီး တွန်းထုတ်လိုက်သည်။
"ရှင် သွားပြောလိုက်"
စုန့်ကျစ်ယွမ်က တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေပြီး ညည်းညူနေလေသည်။
"ငါက ဘာပြောရမှာလဲ၊ သူတို့က လူငယ်တွေလေ... အမ်း... ငါ့ပါးစပ်ကနေ ဘယ်လိုလုပ်ပြီး ပြောထွက်မှာလဲ"
ဖန့်ရှီကတော့ ပြောခိုင်းနေဆဲပင်။
"ဒါပေမယ့် နေ့တိုင်း ဒီလိုကြီး ဖြစ်နေရင်တော့..."
"ရက်နည်းနည်းပါပဲ၊ သူတို့ရဲ့ စစ်သူကြီးအိမ်တော်လည်း ပြင်နေပြီလေ၊ ဟိုဘက်ကို ပြောင်းသွားရင် ဘယ်သူမှ မကြားရလောက်တော့ပါဘူး၊ မြန်မြန် မျက်နှာသစ်စမ်းပါ"
‘သူက အဘိုးကြီးတစ်ယောက်အနေနဲ့ သူ့သားမက်ကို သူတို့နှစ်ယောက် ညဘက်မှာ ဆူညံလွန်းတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ၊ ဒါပေမယ့် တစ်ဝင်းလုံးက လူတွေ ကြားနေရတယ်ဆိုတာကတော့... ဟူး! သူ့မျက်နှာကို ဘယ်နားသွားထားရမလဲ’
မနက်စာစားပြီးတဲ့နောက် စုန့်ကျွင့်ရှန်က ကျိုးယိနို ယူလာသည့် မြင်းကြီးကို စီးပြီး ထွက်ခွာသွားခဲ့သည်။ ညဉ့်နက်ပိုင်းရောက်လာချိန်တွင် သူက သန်မာထွားကျိုင်းသည့် လူအယောက်နှစ်ဆယ်ကို ခေါ်ပြီး ပြန်ရောက်လာခဲ့သည်။
ကျိုးယိနိုက သူတို့ကို အခန်းအလွတ်တစ်ခု၌ တစ်ညတာ တည်းခိုရန် စီစဉ်ပေးလိုက်သည်။ ထိုညကတော့ ဟောက်သံများက တခြားအသံမှန်သမျှကို ဖုံးလွှမ်းသွားပြီး တခြားဘာသံမှ မကြားရတော့ပေ။
စုန့်တင်းရှန်းကတော့ နေလည်လောက်အထိ မထနိုင်သေးပေ။ သူမ၏နောက်ကျောက နာကျင်ကိုက်ခဲနေပြီး ခန်ပေါ်တွင် ခဏလောက် ထိုင်နေပြီးမှ ဆင်းလာနိုင်ခဲ့သည်။ ကျန်နေသည့် လူများက ဘာမှမဖြစ်သလို ဟန်ဆောင်နေကြသော်လည်း သူမ ကျောခိုင်းလိုက်သည်နှင့် မအောင့်အီးနိုင်ဘဲ တခွီးခွီး ရယ်မောနေကြသည်။
မည်သို့ပင်ဖြစ်စေ စုန့်တင်းရှန်းက ပင်ပန်းနွမ်းနယ်နေပြီး တခြားလူများ၏ တုံ့ပြန်မှုကို အာရုံစိုက်ရန် အင်အားမရှိနေခဲ့ပေ။ ထိုညနေတွင် ကျိုးယိနို၏ လက်အောက်ငယ်သားများအတွက် သူမ ထမင်းဟင်း ကူချက်ပေးခဲ့သော်လည်း အိပ်ရမည့်အချိန်ရောက်ချိန်တွင် သူနှင့် စောင်တစ်ထည်တည်း အတူမအိပ်နိုင်ဟု အပြတ်ငြင်းဆန်လိုက်သည်။
‘ငါ တကယ်ကို ညည်းမခံနိုင်တော့ဘူးဟ၊ လူငယ်လေးရဲ့ ကျွမ်းကျင်မှုကလည်း တစ်မျိုးတစ်ဖုံ ဒုက္ခပေးနိုင်တာပဲ။ ဒီပင်ပန်းနွမ်းနယ်နေတဲ့ အဘွားအိုကို သနားညှာတာပေးပါဦးဟယ်’
နောက်တစ်နေ့တွင် ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့က တောင့်တင်းခံ့ညားသော စစ်သည်နှစ်ဆယ်ကို ခေါ်ပြီး စစ်သူကြီးအိမ်တော်သို့ နောက်တစ်ကြိမ် သွားခဲ့ကြသည်။ တံခါးစောင့်ကို အသစ်လဲထားပြီး ဖြစ်ကာ ကျိုးယိနိုကို မြင်သည်နှင့် ချက်ချင်း ဒူးထောက် အရိုအသေပေးလိုက်သည်။
စုန့်တင်းရှန်းက လူအားလုံးကို စုဝေးစေပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မင်းတို့ မြင်တဲ့အတိုင်းပဲ၊ ဒီအိမ်တော်ရဲ့ သခင်က စစ်သူကြီးနဲ့ ဒီမင်းသမီး နှစ်ယောက်တည်းပဲ ရှိတာ၊ ငါတို့ကို အလုပ်အကျွေးပြုဖို့ လူအများကြီး မလိုဘူး၊ အခု ငါ နာမည်ခေါ်တဲ့သူတွေ အထုတ်အပိုး ပြင်ကြ၊ မင်းတို့ကို မင်းသားကြီးအိမ်တော်အထိ ပြန်ပို့ပေးမယ်"
လူအုပ်ကြီးက မှင်တက်သွားပြီး ရုပ်ရည်ချောမောသည့် အစေခံမလေးတစ်ယောက်က ချက်ချင်း ပြန်မေးလာသည်။
"သခင်မက ဘာကို ဆိုလိုတာလဲ၊ ကြင်ယာတော်မင်းသမီးက စစ်သူကြီးကို အလုပ်အကျွေးပြုဖို့ ကျွန်မတို့ကို စေလွှတ်လိုက်တာပါ၊ ဘာအပြစ်မှ မရှိဘဲ ပြန်ပို့မယ်ဆိုတာက ကျွန်မတို့ကို သေတဲ့အထိ အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ဘူးလား"
စုန့်တင်းရှန်းက မျက်တောင်တစ်ချက် မခတ်ဘဲ ခပ်ရှင်းရှင်း ပြန်မေးလိုက်သည်။
"ဘာလဲ၊ စစ်သူကြီးကိုပဲ အလုပ်အကျွေးပြုချင်တာလား၊ ဒီမင်းသမီးက မင်းတို့ အလုပ်အကျွေးပြုဖို့ မတန်လို့လား၊ အဲဒီလိုဆိုရင်လည်း သေလိုက်ကြပေါ့၊ နောက်ထပ် ဘယ်သူ သေချင်သေးလဲ"
ဒူးထောက်နေသည့်သူများကလည်း ဤမှန်းဆမရသော အပြုအမူများကို ပြုလုပ်သူက စစ်သူကြီး၏ဇနီး ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင် ဖြစ်နေကြသည်။
စုန့်တင်းရှန်းက မနေ့က မှတ်ထားသည့် နာမည်များကို တစ်ယောက်ချင်း ခေါ်ထုတ်လိုက်သည်။ လူစာရင်းထဲတွင် မာနကြီးတဲ့ အိမ်တော်ထိန်းလည်း ပါဝင်နေခဲ့သည်။
အိမ်တော်ထိန်းက ကန့်ကွက်လာပြန်သည်။
"သခင်မ... ကျွန်တော်မျိုးက ကြင်ယာတော်မင်းသမီးကြီးကိုယ်တိုင် ခန့်အပ်ထားတဲ့ အိမ်တော်ထိန်းချုပ်ပါ၊ ဒီလိုမျိုး ပြန်ပို့လိုက်ရင် ကျွန်တော် ပြန်သွားတဲ့အခါ ဖြေရှင်းရ ခက်ခဲပါလိမ့်မယ်"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"မင်း ဒီမှာ ဆက်နေရင်လည်း ရှင်းပြရ ခက်မှာပဲ၊ စစ်သူကြီးတောင် မရောက်လာသေးဘူး၊ မင်းက စစ်သူကြီးရဲ့နာမည်ကို သုံးပြီး လာဘ်ပေးလာဘ်ယူ လုပ်နေပြီ၊ ဒါက စစ်သူကြီးရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေတာပဲ၊ မင်းလို လူမျိုးကို စစ်သူကြီးဘေးမှာ ကြာကြာထားရင် သူ့ကို ချောက်ထဲ တွန်းပို့သလို ဖြစ်သွားလိမ့်မယ်၊ မင်းကို ပြန်မပို့ရင် ဘယ်သူ့ကို ပြန်ပို့ရမှာလဲ"
အိမ်တော်ထိန်းက အလျှော့မပေးဘဲ ဆက်ပြောနေသည်။
"မြို့တော်မှာဆိုရင်လည်း ဒီလိုပါပဲ၊ သခင်တွေနဲ့ တွေ့ချင်တဲ့သူတိုင်း တွေ့ခွင့်ရတာမှ မဟုတ်တာ"
စုန့်တင်းရှန်းက နှာမှုတ်လှောင်ပြောင်လိုက်သည်။
"ဟွန့်.... သခင်နဲ့ တွေ့ချင်တာနဲ့ မင်းကို ပိုက်ဆံပေးရတာက ဘာဆိုင်လို့လဲ၊ မင်းကို ပိုက်ဆံပေးမှ သခင်နဲ့ တွေ့ရမယ်ဆိုရင် မင်းပဲ ဒီအိမ်တော်ရဲ့ သခင်လုပ်လိုက်တော့လေ"
အိမ်တော်ထိန်းက ပျာပျာသလဲ ပြောလာခဲ့သည်။
"မြို့တော်မှာ... အဲဒီလို စည်းကမ်းမျိုးတွေ မရှိပါဘူး"
စုန့်တင်းရှန်း ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။
"မြို့တော်ကတော့ သူ့စည်းကမ်းနဲ့သူ ရှိမှာပေါ့၊ ဒါပေမယ့် ဒီမှာတော့ ငါကပဲ စည်းကမ်းတွေကို သတ်မှတ်တယ်။ တခြားသူတွေဆီက ပိုက်ဆံလက်ခံတဲ့သူတိုင်းကို မောင်းထုတ်ပစ်မယ်"
"ကျွန်တော်မျိုးတစ်ယောက်တည်း ငွေတွေ လက်ခံခဲ့တာ မဟုတ်ဘူးလေ"
အိမ်တော်ထိန်းက တခြားလူအချို့ကို လက်ညှိုးထိုးပြရင်း မေးလာပြန်သည်။
"သူတို့လည်း တခြားသူဆီက ငွေတွေ လက်ခံကြတာပဲ၊ သူတို့ကိုကျတော့ ဘာလို့ ပြန်မပို့တာလဲ"
ကျန်သူများကလည်း ထိတ်လန့်သွားပြီး အလုအယက် ငြင်းကြတော့သည်။
"ကျွန်တော်တို့က နည်းနည်းပါးပါးပဲ ယူတာပါ၊ ခင်ဗျားလို ငွေစရာနဲ့ ချီပြီး ယူခဲ့တာမှ မဟုတ်တာ"
စုန့်တင်းရှန်းက စိတ်ထဲမှ သက်ပြင်းချရင်း ထိုလူများ၏ နာမည်များကိုပါ စာရင်းထဲသို့ ထည့်မှတ်လိုက်သည်။ ယခုအချိန်တွင် အိမ်တော်ထိန်း လေးဦးအနက် တစ်ဦးသာ ကျန်တော့ပြီး ထိုသူက ခေါင်းငုံ့ကာ တိတ်တဆိတ် ဒူးထောက်နေသည်။
လူအုပ်ကြီးက ငိုယိုကာ သူတို့၏ အထုတ်အပိုးများကို စတင်ပြင်ဆင်နေကြသည်။ ကျိုးယိနိုက သူ့အိတ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ကာ သူ့၏လက်အောက်ငယ်သားတစ်ဦးကို လှမ်းပေးလိုက်သည်။
"လျန်ဇီ၊ လူတစ်ဝက်လောက်ကို ခေါ်သွားပြီး သူတို့ကို အစောင့်အရှောက်နဲ့ ပြန်ပို့လိုက်၊ ဒီစာကို ကြင်ယာတော်မင်းသမီးလက်ထဲ ရောက်အောင်ပေးလိုက်၊ မြန်မြန်သွား၊ မြန်မြန်ပြန်လာ၊ နားလည်လား"
လျန်ဇီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကိုကြီး၊ စာတစ်စောင်ပေးရုံပဲဟာ၊ ကျွန်တော်က ဒီလောက်လေးတောင် မလုပ်နိုင်ဘူးလို့ အစ်ကိုကြီး ထင်နေတာလား"
သူက ရွေးထုတ်ခံရသော လူသုံးဆယ်ကျော်ကို အော်ဟစ်မောင်းထုတ်ပြီး စစ်သူကြီးအိမ်တော်မှ ထွက်ခွာသွားခဲ့သည်။
ယခုအချိန်တွင် ပထမတန်းစား အစေခံမလေးတစ်ဦးနှင့် အစေခံလူငယ်တစ်ဦးသာ ကျန်နေခဲ့သည်။ ဒုတိယတန်းစား အစေခံမလေးများကိုလည်း ထက်ဝက်ခန့် လျှော့ချလိုက်သည်။ သန့်ရှင်းရေးနှင့် အထွေထွေလုပ်ကိုင်နိုင်သည့် အမျိုးသမီးကြီးများကိုတော့ အကုန်ချန်ထားလိုက်သည်။ ထိုသူများက ဆယ်စုနှစ်များစွာ အလုပ်လုပ်လာကြသူများ ဖြစ်ပြီး ဖျတ်လတ်ကာ ပြဿနာမရှာတတ်ကြသောကြောင့် ဖြစ်သည်။
ဆူညံမှုများ ငြိမ်သက်သွားချိန်မှသာ စုန့်တင်းရှန်းက အေးအေးဆေးဆေး စကားစပြောလိုက်သည်။
"မင်းတို့အားလုံး ဒီလို ဆင်းရဲတဲ့ ခရိုင်မြို့လေးမှာ မနေချင်ကြဘူးဆိုတာ ငါ သိတယ်၊ ငါက ကောင်တီမင်းသမီး၊ သူက စစ်သူကြီး ဖြစ်နေပေမယ့် ငါတို့နှစ်ယောက်လုံးက လယ်သမားဘဝက လာတဲ့ သူတွေပဲ၊ မင်းတို့လောက် လောကကြီးအကြောင်း မသိတာလည်း ဖြစ်နိုင်တယ်"
အစေခံများက ပျာပျာသလဲ အရိုအသေပေးနေကြပြီး ထိုသို့မဟုတ်ကြောင်း ငြင်းဆန်နေကြသည်။
စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။
"ငါက ပွင့်လင်းတဲ့သူပဲ၊ ပြီးတော့ သည်းခံတတ်တဲ့သူလည်း မဟုတ်ဘူး၊ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူးပဲ၊ မင်းတို့ကို ဒီမှာ ချန်ထားခဲ့တယ်ဆိုတာက မင်းတို့ ရိုးသားတယ်လို့ တွေးမိလို့ပဲ၊ တကယ်ရိုးသားမှု ရှိ မရှိနဲ့ အလုပ်လုပ်ပုံကိုတော့ စောင့်ကြည့်ရဦးမယ်၊ မင်းတို့ လုပ်သင့်တာကို ရိုးရိုးသားသားလုပ်၊ ကောင်းကောင်း လုပ်ရင် ဆုလာဘ်တွေ ရမယ်၊ အဲ့လိုမဟုတ်ရင်တော့ မင်းသားကြီးအိမ်တော်ကိုပဲ ပြန်သွားကြ၊ ငါရဲ့ အိမ်တော်က သေးသေးလေး၊ 'ကြီးမားတဲ့ဗုဒ္ဓ' တွေကို ကိုးကွယ်ထားဖို့ နေရာ မရှိဘူး။ ငါ ပြောတာကို နားလည်ကြလား"
ညွှန်ကြားချက်များ ပေးပြီးနောက်တွင် စုန့်တင်းရှန်းက ကျန်ရှိသူများ မည်သည့်အလုပ် လုပ်နိုင်သည်ကို နားထောင်ကာ တာဝန်များ ပြန်ခွဲဝေပေးလိုက်သည်။
သူမက တစ်ယောက်တည်းသော အိမ်တော်ထိန်းကို လှမ်းပြောလိုက်သည်။
"အခုတော့ အိမ်တော်ထိန်းဆိုလို့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်၊ ဒါပေမယ့် ငါတို့အိမ်က လူနည်းတော့ လုပ်စရာလည်း သိပ်မရှိဘူး၊ အိမ်ပြင်တာ ပြီးသွားရင် ငါတို့ ပြောင်းလာမယ်၊ အိမ်တွင်းရော အိမ်ပြင်ရော လိုအပ်တာ ရှိရင် ဘာတွေ လိုအပ်လဲဆိုတာ စာရင်းလုပ်ပြီး ငါ့ကို ပေး"
အိမ်တော်ထိန်းက ဦးညွှတ်ရင်း ပြန်ဖြေလာသည်။
"မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးကြီးက စစ်သူကြီးအတွက် တစ်ခုခု လိုအပ်နေမှာကို အရမ်းစိုးရိမ်နေတာပါ၊ ပစ္စည်းအများကြီး ပေးလိုက်ပါတယ်၊ အကုန်လုံးကို သိုလှောင်ရုံ သိမ်းထားပါတယ်၊ ပစ္စည်းစာရင်းကတော့ သိုလှောင်ရုံထ သိုလှောင်ရုံ သိုလှောင်ရုံ သိုလှောင်ရုံ သိုလှောင်ရုံ သိုလှောင်ရုံဲ သိုလှောင်ရုံက သေတ္တာထဲမှာ ရှိပါတယ်၊ သခင်မ အရင်ကြည့်လိုက်ပါ၊ တစ်ခုခု လိုအပ်နေတာရှိရင် ကျွန်တော်မျိုး သွားဝယ်ပေးပါ့မယ်"
စုန့်တင်းရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူက အသက်လေးဆယ်ဝန်းကျင်၊ တည်ငြိမ်သော မျက်နှာထားရှိပြီး ဖားယားခြင်းလည်းမရှိ ကြောက်ရွံ့ခြင်းလည်း မရှိပေ။ အတော်လေးအဆင်ပြေသည်ဟု သတ်မှတ်နိုင်သည်။
"ငါ့ကို သိုလှောင်ရုံဆီ ခေါ်သွားပေ၊ ကျူးဇီကော ရှင့်လူတွေကို ခေါ်ပြီး လိုတာတွေ လိုက်ကြည့်ပေးဦး၊ ပြီးရင် ဘာတွေ ဘယ်လိုစီစဉ်မလဲ ပြောပြနော်၊ မင်းက ရှောင်ယွဲ့ ဟုတ်တယ်မလား၊ မင်း ငါနဲ့ လိုက်ခဲ့"
စုန့်တင်းရှန်းက ခေါင်းမော့ထားပြီး မင်းသမီးတစ်ပါး၏ အသွင်အပြင်အပြည့်ဖြင့် မတ်တပ်ရပ်နေကာ မောက်မောက်မာမာ ပြောဆိုနေခဲ့သော်လည်း သူမ၏အတွင်းစိတ်ထဲတွင်တော့ ပင်ပန်းလွန်းလို့ ညည်းညူနေပြီ ဖြစ်သည်။
‘လူရော စိတ်ပါ ပင်ပန်းတယ်ဆိုတာက ဒါမျိုးပဲ၊ ဒီလို အိမ်တော်ကြီးကို စီမံခန့်ခွဲရတာက တကယ်ကို မလွယ်ကူဘူး။ ငါ တကယ်ကို စိတ်ကုန်နေပြီ’
မြို့တော်ရှိ မင်းသမီးက ကျိုးယိနို ပို့လိုက်သော စာကို ရရှိခဲ့ပြီး ပြန်ရောက်လာသော အိမ်တော်ထိန်းကို ကြည့်ကာ လှမ်းမေးလိုက်သည်။
"မင်းတို့ ဘာလို့ အကုန်ပြန်လာကြတာလဲ"
အိမ်တော်ထိန်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ မျက်ရည်များ စီးကျလျက် လျှောက်တင်လာသည်။
"အရှင်မင်းသမီး... ကျွန်တော်မျိုးတို့လည်း ဘာကြောင့်လဲဆိုတာ မသိပါဘူး၊ အဲဒီ ကောင်တီမင်းသမီးက အရမ်းကို အာဏာပြလွန်းပါတယ်၊ ဘာမှလည်း နားမလည်ဘဲ အမိန့်တွေ ပေးတယ်၊ ကျွန်တော်မျိုးတို့ လုပ်သမျှကိုလည်း အမြဲအပြစ်တင်နေတာပါ၊ ကျွန်တော်မျိုးတို့ ဘာမှ ပြန်မပြောရဲပါဘူး၊ စစ်သူကြီး... စစ်သူကြီးတောင်မှ တစ်ခွန်းမှ ဝင်မပြောရဲရှာပါဘူး၊ သူ တစ်ခုခုပြောလိုက်တာနဲ့ ကောင်တီမင်းသမီးက သူက ကောင်တီမင်းသမီးဆိုပြီး အဆင့်အတန်းနဲ့ နှိပ်ကွပ်တာပါ"
မင်းသမီး၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
‘မင်းသားကြီးမှာ ဘာကြောင့် ကိုယ်လုပ်တော်တွေ မရှိတာလဲဆိုတာ မင်းတို့ သိကြလား၊ မင်းတို့က တကယ်ပဲ ငါ့ကို လူအလို့ ထင်နေကြတာလား"