အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃ လယ်တောအိမ်
ကြင်ယာတော်မင်းသမီးက သူမ၏လက်ထဲမှ စာရွက်ကို တဖျတ်ဖျတ် ခါရင်း အေးအေးဆေးဆေး ထပ်မေးလိုက်သည်။
"အဲဒီမိန်းမက တခြားဘာတွေ ပြောသေးလဲ"
အိမ်တော်ထိန်း၏ မျက်လုံးများက တောက်ပသွားပြီး ဒူးထောက်လျက် ရှေ့သို့ နှစ်လှမ်းတိုးကာ ဝမ်းနည်းနေသော မျက်နှာထားဖြင့် ထပ်ပြောလာခဲ့သည်။
"အရှင်မင်းသမီး၊ မင်းသမီး မသိလို့ပါ၊ အဲဒီရွာသူမိန်းခလေးက တကယ်ကို မာနကြီးလွန်းပါတယ်၊ သူ့ကိုယ်သူ ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဒုတိယအဆင့် ကောင်တီမင်းသမီးဆိုပြီး ဂုဏ်မောက်နေတာပါ၊ အရှင်မင်းသမီးကိုတောင် လျစ်လျူရှုရဲတယ်လို့လည်း ပြောခဲ့ပါတယ်၊ နောက်ပြီး အရှင်မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးက အကြီးဆုံးသားကို အထင်သေးလို့ ရှီဇီနေရာ မပေးချင်တာလို့လည်း ပြောခဲ့ပါသေးတယ်၊ သူ နောက်ထပ် ပြောတာက... ပြောတာကတော့..."
ကြင်ယာတော်မင်းသမီးက ဒေါသတကြီး ဖြတ်မေးလိုက်သည်။
"တခြားဘာတွေ ပြောသေးလဲ"
အိမ်တော်ထိန်းက သူ့လက်ကို မြှောက်ကာ အင်္ကျီလက်ဖြင့် မျက်ရည် သုတ်ရင်း ဆက်ပြောလိုက်သည်။
"သူ ပြောတာက အရှင်မင်းသားနဲ့ အရှင်မင်းသမီးတို့ ကွယ်လွန်သွားတဲ့အခါ အိမ်တော်ကြီးက သူတို့မိသားစုအပိုင် ဖြစ်သွားမှာတဲ့၊ မျိုးရိုးနာမည်ကိုလည်း 'စုန့်' လို့ ပြောင်းပစ်မယ်လို့ ပြောခဲ့ပါတယ်၊ ကျွန်တော်မျိုးက အဲ့ဒါကို မခံမရပ်နိုင် ဖြစ်ပြီး အိမ်တော်ကို ကာကွယ်တဲ့အနေနဲ့ စကားအနည်းငယ် ပြောခဲ့မိပါတယ်၊ ဒါပေမယ့် သူက ကျွန်တော်မျိုးကို ပြင်းပြင်းထန်ထန် ဆူပူပြီး မောင်းထုတ်လိုက်တာပါ၊ ပြန်လာတဲ့သူတွေ အားလုံးကလည်း အရှင်မင်းသမီးရဲ့အကြောင်း ကောင်းတာတွေ ပြောဖို့ ကြိုးစားခဲ့ကြပေမယ့် သူက လုံးဝနားမထောင်ခဲ့ပါဘူး၊ ခြံဝင်းထဲကမှာတင် အကျယ်ကြီး ဆဲဆိုကြိမ်းမောင်းနေတာပါ၊ သူ ထပ်ပြောတာက..."
အိမ်တော်ထိန်း၏ မျက်လုံးများက စာအိတ်ပေါ်သို့ ခဏမျှ ကျရောက်သွားပြီး သူက ဆက်ပြောနေပြန်သည်။
"ကျွန်တော်မျိုးတို့အားလုံးကို ပြန်ရောင်းပစ်မယ်တဲ့၊ ကျွန်တော်မျိုးက အရှင်မင်းသမီးက စိတ်နှလုံးနူးညံ့တဲ့သူမို့ ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တော့ သူက စာထဲမှာ ကျွန်တော်မျိုးတို့က ငွေအတွက် လောဘကြီးတယ်လို့ ထည့်ရေးလိုက်ရင် အရှင်မင်းသမီးက သူ့ဆန္ဒအတိုင်း လုပ်ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်ခင်ဗျာ"
ကြင်ယာတော်မင်းသမီးကြီးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ အိမ်တော်ထိန်းကို ကြည့်ကာ ထပ်မေးလိုက်သည်။
"အိမ်တော်ထိန်းကျိုး... မင်း ငါတို့ ကျိုးမိသားစုအတွက် အလုပ်လုပ်ခဲ့တာ ဘယ်နှစ်နှစ် ရှိပြီလဲ"
အိမ်တော်ထိန်းကျိုးက ပျာပျာသလဲ ပြန်ဖြေလိုက်သည်။
"အရှင်မင်းသားနဲ့ အရှင်မင်းသမီး ဘေးနားမှာ အလုပ်လုပ်လာတာ အနှစ်နှစ်ဆယ် နီးပါး ရှိပါပြီ"
ကြင်ယာတော်မင်းသမီးကြီးက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အနှစ်နှစ်ဆယ်နီးပါးပဲ၊ အရင်က မင်းကို အပြင်ခြံဝင်းမှာပဲ တာဝန်ထမ်းစေခဲ့တာ၊ အခုမှ အကြီးဆုံးသားကို အလုပ်အကျွေးပြုဖို့ လွှတ်လိုက်တာ မဟုတ်လား"
အိမ်တော်ထိန်းကျိုးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒီရွာက မိန်းခလေးက တကယ်ကို အသိဉာဏ်မရှိတာပါ၊ မြို့တော်က စည်းကမ်းတွေကို မြို့တော်မှာပဲ ထားခဲ့ဖို့နဲ့ သူ့နယ်မြေမှာ သူ့စည်းကမ်းပဲ ကျင့်သုံးမယ်လို့ အတင်းအကျပ် ပြောခဲ့တာပါ၊ တကယ့်ကို မောက်မာလွန်းပါတယ်"
ကြင်ယာတော်မင်းသမီးကြီးက ဒူးထောက်နေသည့် အခြားသူများကို ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
"အိမ်တော်ထိန်းကျိုး ပြောတာတွေက အကုန် အမှန်ပဲလား"
ဒူးထောက်နေသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခဏအကြာတွင် တစ်စုံတစ်ယောက်က ခေါင်းညိတ်ကာ စပြောလိုက်သည်။
"အမှန်တွေပါပဲ၊ အဲဒီမိန်းမက တကယ်ကို မာနကြီးလွန်းပါတယ်၊ ကျွန်တော်မျိုးတို့က အရှင်မင်းသမီးအကြောင်း ကောင်းတာလေးတွေ ပြောလိုက်တာနဲ့ သူက ဒေါသပေါက်ကွဲပြီး အကြီးဆုံးသခင်လေးကိုတောင် ကျွန်တော်မျိုးတို့ကို သတ်ပစ်ခိုင်းခဲ့ပါသေးတယ်"
လူအနည်းငယ်ကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။
ကြင်ယာတော်မင်းသမီးကြီး မေးလာပြန်သည်။
"အိမ်တော်ထိန်းကျိုး၊ ရှင် စာဖတ်တတ်တယ် မဟုတ်လား"
အိမ်တော်ထိန်းကျိုးက တရိုတသေ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်မျိုး စာအနည်းငယ် သင်ခဲ့ဖူးလို့ စာဖတ်တတ်ပါတယ်"
ကြင်ယာတော်မင်းသမီးက သူမရှေ့မှ စာရွက်များကို သူ့ရှေ့သို့ ပစ်ချပေးလိုက်ပြီး လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။
"မင်း စာဖတ်တတ်တယ်ဆိုရင် အကြီးဆုံးသခင်လေးရဲ့ စာထဲမှာ ဘာရေးထားလဲလို့ ဖတ်ကြည့်လိုက်စမ်း"
အိမ်တော်ထိန်းကျိုးက စာရွက်များကို ကောက်ယူပြီး တလေးတစား ဖြန့်ကာ ဖတ်ကြည့်ပြီးနောက် သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။
ထိုစာက ကျိုးယိနို၏ လေယူလေသိမ်းဖြင့် ရေးထားခြင်း ဖြစ်ပြီး "မင်းသမီး" ဟု မခေါ်ဘဲ "အမေ" ဟု စတင်ထားသည်။ သူက သူ အိမ်သို့ ပြန်ရောက်ပြီး တပ်စခန်းသို့ သွားခဲ့သည့်အကြောင်းကို အရင် ပြောပြထားပြီး ဧကရာဇ်မင်းမြတ် ချီးမြှင့်သည့် အိမ်တော်အတွက် ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။
ဧကရာဇ်ကို ချီးမွမ်းခန်းဖွင့်ပြီးနောက် သူက သူ့အမေ လူအများကြီး လွှတ်ပေးလိုက်သည့်အတွက် အလွန် ကျေးဇူးတင်နေကြောင်း၊ သို့သော်လည်း သူ့ဇနီးက ငယ်ရွယ်သေးသလို ဤကဲ့သို့ အိမ်တော်ကြီးမျိုးကို တစ်ခါမှ မစီမံဖူးကြောင်း ရေးသားထားသည်။
ပေးပို့လိုက်သည့် အစေခံများထဲမှ လူအများစုက မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး ယခု ကြင်ယာတော်မင်းသမီးထံတွင် အရည်အချင်းရှိသည့် အစေခံများ နည်းပါးသွားမည်ကိုလည်း သူ စိုးရိမ်နေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် အကြီးတန်းအစေခံမလေး၊ အစေခံလူငယ်အနည်းငယ်နှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်သည့် အသက်ကြီးသူများကို ရွေးချယ်ပြီး ကျန်သူများကို သူ့၏လက်အောက်ငယ်သားများဆီသို့ အပ်ကာ ပြန်ပို့ခိုင်းခဲ့ကြောင်း ရေးသားထားသည်။ သူက သူတို့ကို ပြန်လိုက်ပို့ပေးလိုက်သည့်အတွက် ကြင်ယာတော်မင်းသမီးက သူ့ကို ခွင့်လွှတ်ရန် မျှော်လင့်နေကြောင်းလည်း တောင်းပန်ထားသေးသည်။
ထို့အပြင် သူနှင့် စုန့်တင်းရှန်းတို့က ကြမ်းတမ်းသည့်ဘဝဖြင့် နေထိုင်ခဲ့ရပြီး ဤမျှ ကောင်းမွန်သည့် ဘဝနေထိုင်ပုံကို မကျင့်သားရသေးကြောင်းလည်း ထပ်ပြောထားသည်။ စုန့်တင်းရှန်းက အလုပ်ရုံတစ်ခု ဖွင့်လှစ်ချင်နေပြီး သူ့အမေ စေလွှတ်ခဲ့သည့် လူများကလည်း အချိန်ကိုက် ကူညီပေးနိုင်ခဲ့သောကြောင့် သူတို့ အမှန်တကယ် ကျေးဇူးတင်ကြောင်း ထပ်ပြောထားပြန်သည်။ သို့သော် သူက တပ်စခန်းတွင် တပ်စွဲထားရပြီး သူ့အမေဆီသို့ မကြာခဏ မလာနိုင်သောကြောင့် မိခင်ဖြစ်သူကို သတိရပြီး ဝမ်းနည်းနေသည်ဟုလည်း ရေးထားခဲ့သည်။ ယခု စုန့်တင်းရှန်းက အိမ်တော်ကို အကောင်းဆုံး ပြင်ဆင်နေပြီး နောက်နှစ်နွေရာသီ၌ အမေနှင့် အဖေ အချိန်ရလျှင် အပူဒဏ်လာရှောင်ရန် ဖိတ်ခေါ်ထားသည်။
အစမှ အဆုံးအထိ ဤလူများ ဘာလုပ်ခဲ့သည်၊ ဘာပြောခဲ့သည်ကို သူ စာတစ်ကြောင်းမျှ မရေးထားခဲ့ပေ။
ကြင်ယာတော်မင်းသမီးကြီးက အိမ်တော်ထိန်းကျိုး၏ မျက်နှာကို ကြည့်ပြီး ဒေါသတကြီး
လှောင်ပြောင် ရယ်မောလိုက်သည်။
“ငါက အိမ်တော်ကို စီမံခန့်ခွဲဖို့ အမြဲ ပျင်းရိနေခဲ့တယ်၊ မင်းတို့အားလုံးကို ဂရုစိုက်ဖို့လည်း အချိန် မရှိခဲ့ဘူး၊ အရင်က မင်းတို့အားလုံး အတော်လေး ယဉ်ကျေးခဲ့တယ်၊ အဲဒါကြောင့် မင်းတို့ကို ရွေးချယ်ပြီး ငါ့ရဲ့ အကြီးဆုံးသားကို အလုပ်အကျွေးပြုဖို့ စစ်သူကြီးအိမ်တော်ကို စေလွှတ်ခဲ့တယ်၊ ဒါပေမယ့် မင်းတို့ ဘာတွေ လုပ်ခဲ့ကြလဲ၊ ဘာတွေ ပြောခဲ့ကြလဲ၊ ငါ ဘာမှ မသိဘူးလို့ တကယ်ထင်နေတာလား၊ ကျိုးယွမ်၊ အနှစ်နှစ်ဆယ်! ဒီအနှစ်နှစ်ဆယ်အတွင်းမှာ ငါတို့ ဒီလောက် သစ္စာဖောက်ပြီး ကျေးဇူးမသိတဲ့ ကောင်ကို ကျွေးမွေးထားခဲ့မိတာလား"
"မင်း ပြောနေတဲ့ ရွာက မိန်းမက ငါ့ရဲ့ချွေးမ၊ စစ်သူကြီးကျိုးရဲ့ဇနီး၊ ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်တဲ့ ဒုတိယအဆင့် ကောင်တီမင်းသမီး၊ မင်းက သူ့ကို ရွာက မိန်းမလို့ပဲ ခေါ်နေတယ်၊ မင်း.... မင်းရဲ့သခင်အပေါ် လေးစားမှု ပြခဲ့လို့လား"
အိမ်တော်ထိန်းကျိုးက ချွေးစေးများ ထွက်လာပြီး အလျင်အမြန် ဦးညွှတ်ကာ တေင်းပန်လာခဲ့သည်။
"အရှင်မင်းသမီး၊ ကျွန်တော်မျိုးက အပြစ်ကင်းပါတယ်၊ ကျွန်တော်မျိုးက အပြစ်ကင်းပါတယ်၊ ကျွန်တော်မျိုး.... ကျွန်တော်မျိုး အမှန်အတိုင်း ပြောခဲ့တာပါ၊ ဒါပေမယ့် ဘာကြောင့်ဆိုတာတော့ ကျွန်တော်မျိုး မသိဘူး၊ ဘာလို့..."
‘စာထဲမှာ ဘာလို့ ဘာကိုမှ လုံးဝ မပြောထားခဲ့တာလဲ’
ကြင်ယာတော်မင်းသမီးကြီးက လှောင်သံဖြင့် ထပ်ပြောလိုက်ပြန်သည်။
"မင်းက ငါ့ကို ရွှံ့ရုပ်ထု ဒါမှမဟုတ် စက္ကူကျားလို့ တကယ်ထင်နေတာလား၊ မင်းကို ဝေ့ခရိုင်ကို ပို့လိုက်တာက မင်းအတွက် မကောင်းတဲ့အရာလား။ ငါ့သား ပြောတဲ့ ကောင်းမွန်တဲ့ ဘဝနေထိုင်ပုံ ဆိုတာက မင်းတို့အားလုံး ကိုယ့်ကိုကိုယ် မြို့တော်က လူတွေဆိုပြီး မင်းတို့ရဲ့ သခင်တွေထက်တောင် ပိုပြီး သက်တောင့်သက်သာ နေထိုင်နေကြတာ မဟုတ်ဘူးလား၊ မင်းတို့အားလုံးက ငါ့ရဲ့ ဂရုတစိုက်ရွေးချယ်မှုကို ဖြုန်းတီးခဲ့ကြတယ်၊ ငါ့ကို လုံးဝ အရှက်ခွဲခဲ့ကြတယ်၊ မင်းတို့ ဝေ့ခရိုင်ကို စရောက်တုန်းက ငါ့သားက တပ်စခန်းကနေ ပြန်မလာသေးဘူး၊ သူ အိမ်တော်ကို ပထမဆုံးအကြိမ် ရောက်လာတုန်းက မင်းတို့က သူ့ကို မရိုမသေ လုပ်ခဲ့ကြတယ်၊ ဟုတ်တယ်မလား"
"ပြီးတော့ ဝေ့ခရိုင်မှာ မင်းတို့ တစ်ယောက်ချင်းစီ လက်ခံခဲ့တဲ့ ငွေနဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို ငါ ရှင်းရှင်းလင်းလင်း သိတယ်၊ မင်းတို့ ပြန်ပို့ခံရတာ အံ့သြစရာ မရှိဘူး။ ငါ့သားက မင်းတို့ သူ့ကို ဒုက္ခပေးမှာ၊ မင်းသားကြီးရဲ့ အိမ်တော် သိက္ခာကျစေမှာကို ကြောက်နေတာ"
အစေခံတစ်အုပ်က မြေပြင်ပေါ်တွင် ဝပ်စင်းနေပြီး တုန်တုန်ယင်ယင်ဖြင့် ဦးတိုက်တောင်းပန်နေကြသည်။
ကြင်ယာတော်မင်းသမီးကြီးက ဆက်ပြောလိုက်ပြန်သည်။
“မင်းတို့က မြို့တော်မှာ နေရတဲ့ဘဝကို ကျင့်သားရနေပြီဆိုတာ ငါ သိပါတယ်၊ မင်းတို့ အဲဒီကို သွားရင် ကျေးလက်မှာ ကြီးပြင်းလာပြီး ကမ္ဘာကြီးကို သိပ်မမြင်ဖူးသေးတဲ့ မင်းတို့ရဲ့ သခင်နှစ်ယောက်ကို အနိုင်ကျင့်ပြီး လှည့်စားဖို့ လွယ်လိမ့်မယ်လို့ မင်းတို့ ထင်နေတာလား၊ ငွေကို မက်မောပြီး တံစိုးလက်ဆောင်တွေ ယူတယ်၊ သခင်တွေရဲ့အကြောင်း နောက်ကွယ်မှာ မဟုတ်မမှန် ပြောတယ်၊ ပြီးတော့ မင်းတို့ထဲက တချို့ဆိုရင် ရည်မှန်းချက်တွေ အများကြီး ထားကြသေးတယ်၊ လျိုယွဲ့၊ မင်း ငါ့ဘေးမှာ ငါးနှစ်နေခဲ့တယ်၊ မင်းကို ရာထူးတိုးပေးဖို့ ရည်ရွယ်ချက်နဲ့ အကြီးဆုံးသခင်ကို ခစားဖို့ အဲဒီကို ပို့ခဲ့တယ်၊ ဒါပေမယ့် အဲဒီရာထူးတိုးမှု ရှိ မရှိကတော့ မင်း တကယ် လုပ်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်တယ်၊ အခုတော့ မင်းက.... ရောက်တာနဲ့ ပြန်ခေါ်လာခံခဲ့ရတယ်၊ မင်း ဘာလုပ်ခဲ့လဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်”
လျိုယွဲ့က ပထမတန်းစားအစေခံမလေးများထဲမှ တစ်ဦးဖြစ်ပြီး သူမက မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး ငိုသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီအစေခံ… ဒီအစေခံက တကယ်ကို ဘာမှ မလုပ်ခဲ့ပါဘူး”
"ငါ့ချွေးမက ကျေးလက်မှာ ကြီးပြင်းလာခဲ့တယ်ဆိုပေမယ့် သူရဲ့ အမြော်အမြင်နဲ့ စရိုက်လက္ခဏာတွေ သာမန်မဟုတ်ဘူး။ အဲဒါကြောင့်လည်း ဧကရာဇ်မင်းမြတ်က သူ့ကို 'ဝေနဥ်'ဆိုတဲ့ ဘွဲ့ထူး ပေးခဲ့တာပေါ့။ သူက အကျင့်သီလနဲ့ ပြည့်စုံပြီး ဉာဏ်ပညာကြီးမားတယ်လို့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးကျူးခဲ့တဲ့သူ၊ သူ မင်းတို့ကို ငါ့ဆီပြန်ပို့လိုက်ရင် မင်းတို့အတွက် အဆုံးသတ်မကောင်းနိုင်ဘူးဆိုတာ သူ သိတယ်။ ဒါတောင် ပြန်ပို့လိုက်တယ်ဆိုကတည်းက မင်းတို့မှာ ပြဿနာရှိနေလို့ပဲ၊ ကဲ... ထားလိုက်တော့၊ တစ်ယောက်လောက် လာခဲ့စမ်း... ကျိုးလျန်ကို သွားခေါ်လိုက်၊ ဒီကျွန်တွေကို ငါ့မျက်စိရှေ့ကနေ ဝေးဝေးခေါ်သွားပြီး အဝေးကြီးကို ရောင်းထုတ်လိုက်တော့၊ ဒါမှ ငါ့ကို နောက်ထပ် မနှောင့်ယှက်တော့မှာ၊ ဒီမင်းသမီးက သူတို့ကိုကြည့်ပြီး စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်တော့ဘူး"
ကြင်ယာတော်မင်းသမီးကြီးက ဒေါသကြောင့် ခေါင်းကိုက်လာပြီး သူမ၏ နဖူးကို ပြန်ဖိထားလိုက်သည်။
"အရှင်မင်းသမီး... အရှင်မင်းသမီး"
လျိုယွဲ့က အော်ဟစ်ငိုယိုတောင်းပန်လိုက်သည်။
"ဒီအစေခံက သခင်လေးကို အဝေးကနေ ခဏပဲ လှမ်းကြည့်မိတာပါ၊ တကယ်ကို အကြိမ်အနည်းငယ်ပဲ ကြည့်လိုက်မိတာပါ၊ ဒီအစေခံက သခင်လေးကို တစ်ခါမှ မမြင်ဖူးလို့ ကြည့်ခဲ့မိတာပါ"
မင်းသမီးက လှောင်ပြောင်ရယ်မောလိုက်ပြန်သည်။
"ဟက်.... နင်က စစ်သူကြီးရဲ့ဇနီးရှေ့မှာတောင် ကိုယ့်သခင်ကို ရဲရဲတင်းတင်း ကြည့်ရဲတယ်ပေါ့၊ နင့်သတ္တိ ကတော့..... နင့်ရဲ့ ရည်မှန်းချက်တွေက တကယ်ကို မိုက်မဲလွန်းတယ်၊ ငါ နင့်အပေါ် ငါးနှစ်လုံးလုံး အချိန်ကုန်ခံခဲ့မိတာပဲ၊ နင်က လူကောင်းတစ်ယောက် ထင်ခဲ့တာ... နောက်ဆုံးတော့ ဘယ်သူသိနိုင်မှာလဲ"
"ဘာတွေ ဖြစ်နေတာလဲ၊ ဒီနေ့ နေ့လယ်ပိုင်းက မင်း စိတ်မကြည်မလင် ဖြစ်နေတယ်လို့ ကိုယ် ကြားခဲ့တယ်"
မင်းသားကြီးရှစ်က အပြင်မှ ပြန်ရောက်လာပြီး ကြင်ယာတော်မင်းသမီးထံသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။
ကြင်ယာတော်မင်းသမီးက သူ့ကို မျက်ရည်အဝဲသားဖြင့် ပြန်ကြည့်ကာ တိုင်တည်ညည်းညူလိုက်သည်။
"ကျွန်မ စိတ်မကောင်းဘူး၊ ပြောစမ်းပါဦး... ဘာလို့ သူတို့ထဲက တစ်ယောက်မှ အေးအေးဆေးဆေး မနေနိုင်ကြတာလဲ"
အမှန်တကယ်တွင် မင်းသားကြီးရှစ်က အိမ်တော်အတွင်း ဘာဖြစ်နေသည်ကို ကြိုသိပြီးသားဖြစ်သည်။ သူက အပြုံးဖြင့် ဇနီးဖြစ်သူကို ချော့မော့လိုက်သည်။
"မင်း ပျော်သင့်တာပေါ့၊ အဲဒီကလေးနှစ်ယောက်က အပြစ်ပြောစရာမရှိအောင် ပြုမူခဲ့ကြသလို ကိုယ်တို့ရဲ့ ဂုဏ်သိက္ခာကိုတောင် ငဲ့ညှာပေးခဲ့ကြသေးတယ်၊ ဘာလို့ စိတ်ဆိုးနေတာလဲ"
ကြင်ယာတော်မင်းသမီးက သက်ပြင်းချရင်း ပြောလာခဲ့သည်။
"ကျွန်မရဲ့ချွေးမက တကယ်ကို လိမ္မာပါးနပ်တာပဲ၊ ကျွန်မစိတ်ကူးထားတဲ့ ချွေးမမျိုးနဲ့တော့ လုံးဝ မတူဘူး"
မင်းသားကြီးရှစ်က ရယ်မောလိုက်ပြန်သည်။
"ဉာဏ်ကောင်းတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး၊ သူသာ ဉာဏ်မကောင်းခဲ့ရင် ကိုယ်တို့ရဲ့ အကြီးဆုံးသားက ဘယ်လို လုပ်ပြီး ထိန်းချုပ်ခံခဲ့ရမှာလဲ၊ အဲ့ဒါဆို သူ အခုထိ ဒုက္ခရောက်နေပြီး စစ်သူကြီးလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး၊ မင်းက အရမ်း စိုးရိမ်လွန်းနေပြီ"
ထို့နောက် သူက ဇနီးသည်၏ ပုခုံးကို နှိပ်နယ်ပေးနေခဲ့သည်။
ကြင်ယာတော်မင်းသမီးကြီးက ထပ်မေးလိုက်ပြန်သည်။
"ရှင် စုံစမ်းခိုင်းထားတဲ့ ကိစ္စတွေကရော ဘယ်လိုရှိလဲ"
မင်းသားကြီးရှစ်က လေသံကို လျှော့ချပြီးမှ ရှင်းပြလိုက်သည်။
"စုန့်တင်းရှန်းမှာ တကယ်ကို ထူးခြားတဲ့ အကြံဉာဏ်တွေ ရှိတာကိုတော့ ကိုယ်တို့ လက်ခံရမယ်၊ အဲဒီတုန်းက သူက အကြီးဆုံးသားကို အဲဒီမိသားစုနဲ့ အဆက်အသွယ်ဖြတ်ဖို့ တိုက်တွန်းခဲ့တယ်၊ အဲ့ဒါတင်မကဘဲ အကြီးဆုံးသားကို စာသင်ပေးခဲ့တာကလည်း တကယ့်ကို ချီးကျူးစရာပဲ၊ သူ ပို့လိုက်တဲ့ ပုံကြမ်းကို မင်း တွေ့တယ်မလား၊ သူ့မှာသာ ဉာဏ်မရှိရင် ဒီလိုနည်းလမ်းမျိုး စဥ်းစားနိုင်မှာ မဟုတ်ဘူး၊ ဒါက စစ်တပ်က သုံးတဲ့ တံဆိပ်လို နည်းလမ်းမျိုးပဲ"
"ကိုယ်ရဲ့လက်အောက်ငယ်သားတွေက ကျိုးမိသားစုအကြောင်း စုံစမ်းခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ကျိုးမိသားစုထဲက လူတစ်ယောက်က ဝေ့ခရိုင်နဲ့ လီငါးဆယ် လောက်ဝေးတဲ့ ပင်းကျိုး(ပင်းပြည်နယ်)မှာ တောင်ပိုင်းသား လေသံရှိတဲ့ အသက် သုံးဆယ်ကျော် လူတစ်ယောက်က တွေ့ဆုံခဲ့တယ်တဲ့၊ သူကလည်း ကျိုးမျိုးရိုးပဲ၊ သူက အသက် နှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို အပ်ခဲ့ပြီး ကလေးကို သေချာစောင့်ရှောက်ဖို့နဲ့ နောင်တစ်ချိန်မှာ သူ ပြန်လာရှာမယ်လို့ ပြောခဲ့တယ်"
"နောက်ပိုင်းတော့ အဲဒီကျိုးမျိုးရိုးနဲ့လူက ကိုယ်တို့ရဲ့သားကို ပြန်လာမရှာခဲ့ဘူး၊ ကျိုးမိသားစုကလည်း နည်းနည်းပါးပါး စုံစမ်းခဲ့ပြီး ဘယ်သူမှ လာမရှာတော့တာ သေချာသွားတာနဲ့ ကိုယ်တို့ရဲ့သားကို ကောင်းကောင်း ဂရုမစိုက်တော့ဘဲ စပြီး နှိပ်စက်ညှဉ်းပန်းကြတော့တာပဲ။ ကိုယ်စဥ်းစားနေတာက... အဲဒီတောင်ပိုင်းလေသံနဲ့ လူက ဘယ်သူလဲ၊ ဘာလို့ ရှန်းအာကို ဟန်ကျိုးကနေ မြောက်ဘက်အထိ ခေါ်သွားခဲ့ရတာလဲ၊ သူ တကယ်ပဲ ရှန်အာကို ရှာဖို့ သွားခဲ့သေးလား၊ မြောက်ဘက်အထိ ခေါ်သွားတယ်ဆိုရင်တောင် ဘာလို့ ကိုယ်တို့ဆီကို သတင်းမပို့တာလဲ၊ အဲဒီအစား ဘာလို့ တခြားလူတွေကို ရှန်းအာကို ကောင်းကောင်းဆက်ဆံဖို့ ညွှန်ကြားခဲ့တာလဲ၊ ကိုယ် တကယ်... ဟူး... ဘယ်လိုမှ စဥ်းစားလို့ မရတော့ဘူး"
ကြင်ယာတော်မင်းသမီးက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
"တောင်ပိုင်းလေသံနဲ့ အသက် သုံးဆယ်ကျော်အရွယ် ယောကျ်ားတစ်ယောက်... အဲဒီအချိန်တုန်းက ကျွန်မတို့ပတ်ဝန်းကျင်မှာ အဲဒီလိုလူတွေ အများကြီး ရှိခဲ့လို့လား"
မင်းသားကြီးရှစ်က ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်သွားပြန်သည်။
ကြင်ယာတော်မင်းသမီးကြီးက တုန်ရီနေသော အသံဖြင့် ထပ်မေးလိုက်သည်။
"အဲဒီလူမှာ ဘာထူးခြားတဲ့ အမှတ်အသားတွေ ရှိလဲဆိုတာ ရှင် သိခဲ့ရလား"
မင်းသားကြီးက သူ့၏ကြင်ယာတော်ကို ကြည့်ကာ ဘာမှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများက တစ်စုံတစ်ခုကို ရှောင်လွှဲနေမှန်း သိသာလှသည်။
ကြင်ယာတော်မင်းသမီးကြီးက ခဏမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"တကယ်လို့.... တကယ်လို့... အဲဒါက သူသာဆိုရင်... တကယ်လို့သာ သူ ဖြစ်နေမယ်ဆိုရင် ဒါက ကျွန်မကို သေခိုင်းတာနဲ့ အတူတူပဲ၊ ကျွန်မကို ရင်ကွဲပြီး သေအောင် လုပ်လိုက်တာပဲ"
မင်းသမီး ရည်ညွှန်းနေသည့် "သူ" ဆိုသူက သူမ၏ မိခင်တူ အစ်ကိုအရင်း၊ ဟန်ကျိုး၏ နယ်စားမင်းဟောင်း ဖြစ်သည်။ ထိုစဉ်က သူမတို့ မိသားစု ဟန်ကျိုးတွင် ရှိနေပြီး ဆူပူသောင်းကျန်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သူမ၏အစ်ကိုဖြစ်သူက စစ်တပ်ကို ဦးဆောင်ကာ ထိုမငြိမ်မသက်မှုများကို နှိမ်နင်းခဲ့ရသည်။
သို့သော် ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် ကလေး ပျောက်ဆုံးသွားခဲ့ပြီး နို့ထိန်းနှင့် အစေခံများအားလည်း ပွဲချင်းပြီး သေဆုံးကုန်ကြသည်။ နယ်စားကြီးက သူကိုယ်တိုင် စုံစမ်းစစ်ဆေးမည်ဟု ပြောကာ ထွက်သွားခဲ့ပြီး နှစ်လကျော်ကြာမှ သူ ပြန်ရောက်လာခဲ့သည်။ အမှန်စင်စစ်တွင် ထိုအချိန်အတွင်း၌ သူက ကလေးကို မြောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်နိုင်ခြေ အလွန်များကြောင်း ယခု နားလည်လာရသည်။ ကလေးက သူ့ညီမအရင်း၏ ကလေးဖြစ်သောကြောင့် သတ်ပစ်ရန် မရက်စက်နိုင်ဘဲ ကျိုးမျိုးရိုးရှိသည့် မိသားစုတစ်ခုထံတွင် အပ်နှံခဲ့ခြင်း ဖြစ်နိုင်သည်။
နောက်ပိုင်းတွင်မှ သူမ၏အစ်ကိုနှင့် မင်းသားကြီးရှစ်တို့က နိုင်ငံရေးအရ ဆန့်ကျင်ဘက် အုပ်စုများ ဖြစ်နေမှန်း ကြင်ယာတော်မင်းသမီး ပြန်သိခဲ့ရသည်။ ဧကရာဇ်က သူမအပေါ် ထောက်ထားငဲ့ညှာပေးခဲ့ပြီး အစ်ကိုဖြစ်သူကို နယ်နှင်ဒဏ်သာ ပေးခဲ့သော်လည်း နယ်နှင်ခံရသည့် လမ်းခရီးတွင် သူ မမာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့သည်။
အစ်ကိုဖြစ်သူ သေဆုံးခဲ့ခြင်းကပင် ကြင်ယာတော်မင်းသမီးအတွက် အကြီးအကျယ် နာကျင်စေခဲ့သည်။ ယခု သူမ၏အစ်ကိုဖြစ်သူက တိုင်းရေးပြည်ရာတွင် သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန် တူအရင်းကို ရည်ရွယ်ချက်ရှိရှိ ခိုးယူသွားခဲ့သည်ဟု သိလိုက်ရခြင်းက ကြင်ယာတော်မင်းသမီးကို မခံမရပ်နိုင်အောင် ပို၍နာကျင်စေခဲ့သည်။
"ဝမ်အာ... မငိုပါနဲ့တော့၊ အဲ့တုန်းက အစ်ကိုကြီး... အစ်ကိုကြီးလည်း ရွေးချယ်စရာ မရှိခဲ့လို့ အခြေအနေအရ လုပ်ခဲ့ရတာ ဖြစ်မှာပါ၊ အခု ကိုယ်တို့သားက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီလေ၊ သူ ကျန်းကျန်းမာမာ အသက်ရှင် နေပြီး အိမ်ထောင်လည်း ကျနေပြီ၊ အခုဆိုရင် စစ်သူကြီးတောင် ဖြစ်နေပြီ၊ ကိုယ်တို့ ဘာထပ်တောင်းဆိုစရာ ရှိသေးလို့လဲ"
သူ့ကြင်ယာတော်၏ သည်းထန်စွာ ငိုကြွေးမှုကို ကြည့်နေရခြင်းက မင်းသားကြီးရှစ်ကိုလည်း အလွန်အမင်း စိတ်မကောင်းဖြစ်စေသည်။
"နှစ်ဆယ့်တစ်နှစ်လုံးလုံး... ကျွန်မ နှစ်ဆယ့်တစ်နှစ်လုံးလုံး ရင်ကွဲမတတ် နာကျင်မှုတွေနဲ့ နေခဲ့ရတာလေ၊ နေ့ရော ညပါ ကျွန်မရဲ့ ရှန်အာ ဘယ်ရောက်နေမလဲ၊ ဝဝလင်လင်ရော စားရရဲ့လား၊ နွေးနွေးထွေးထွေးရော ဝတ်ရပါ့မလားဆိုပြီး တွေးခဲ့ရတာ၊ ဒါပေမယ့် တကယ်တော့ သူက ရထားလုံးနဲ့သွားရင်တောင် နှစ်ပတ်စာ ခရီးလောက်ပဲ ဝေးတဲ့နေရာမှာ ဗိုက်မဝ၊ အဝတ်မလုံနဲ့ နှိပ်စက်ခံနေရခဲ့တာလေ၊ ကျွန်မရင်ထဲမှာ ဘယ်လိုလုပ်ပြီး မနာကျင်ဘဲ နေမှာလဲ၊ ဘယ်လိုလုပ်ပြီး မခံစားရဘဲ နေနိုင်မှာလဲ"
ကြင်ယာတော်မင်းသမီးကြီးက ထိန်းမနိုင်သိမ်းမရ ငိုကြွေးရင်း မင်းသားကြီး၏ပုခုံးကို သူမ၏လက်သီးဖြင့် အားရပါးရ ထုရိုက်နေခဲ့သည်။
"အဲ့တုန်းက ရှန်းအာကို ကျွန်မလက်နဲ့ ဘာလို့မြဲမြဲ မပွေ့ထားမိခဲ့တာလဲဆိုတာကို ကျွန်မ အမြဲစဥ်းစားမိတယ်၊ ကျွန်မ နောင်တရတယ်၊ တကယ်လို့ ကျွန်မသာ ကျွန်မကလေးကို ပွေ့ထားခဲ့ရင် ရှန်းအာကို ဘယ်သူမှ ခေါ်သွားနိုင်မှာ မဟုတ်ဘူး"
အမှန်တကယ်တွင် မင်းသားကြီးလည်း နှလုံးကြေကွဲမတတ် ခံစားနေရသည်။
‘အခု သူ့သား စစ်သူကြီး ဖြစ်နေပြီဆိုသော်လည်း ဘယ်မိဘက သူတို့ရဲ့ကလေးကို ဒီလို ဆင်းရဲဒုက္ခတွေ ခံစားစေချင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ တစ်ဖက်တိုင်းပြည်ရဲ့ ဘုရင်ကို သွားလုပ်ကြံရတဲ့ တာဝန်ဆိုတာကရော၊ တွေးကြည့်ရုံနဲ့တင် အရမ်းအန္တရာယ်များနေပြီး မဟုတ်ဘူးလား၊ အမှားအယွင်းလေး နည်းနည်းဖြစ်သွားရင်တောင် အသက်ဆုံးရှုံးနိုင်တာ မဟုတ်ဘူးလား’
‘သူ မျှော်လင့်တာက သူတို့ရဲ့ကလေး သူတို့အနားမှာ အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စားဖို့ သောက်ဖို့ ပူပင်စရာမလိုဘဲ ကြီးပြင်းလာစေချင်တာမျိုးပါ။ ကလေးက အလိုလိုက်ခံရပြီး နောက်ပိုင်းမှာ ဘာမှ အသုံးမကျတဲ့သူ ဖြစ်လာရင်တောင် ရတယ်၊ ဘာပဲဖြစ်နေနေ ကလေးက သူတို့ရဲ့ သွေးသားရင်းချာမို့ သူ ခွင့်လွှတ်ပေးနိုင်တယ်’
"ဝမ်အာ... ဝမ်အာ၊ အခု ရှန်းအာက ဒုက္ခတွေကနေ လွတ်မြောက်လာခဲ့ပြီလေ၊ စုန့်တင်းရှန်းကလည်း သူ့ကို ကောင်းကောင်း ဂရုစိုက်တာ ကိုယ်တို့ တွေ့နေတာပဲ၊ ဒါကြောင့် မင်းလည်း အရမ်းကြီး စိတ်ပူစရာမလိုတော့ပါဘူး၊ မနက်ဖြန်ရောက်တာနဲ့ ကိုယ် ဧကရာဇ်မင်းထံ အသနားခံစာ တင်ပြီး ရှန်းအာကို တော်ဝင်မိသားစုဝင်အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ စီစဉ်ပါ့မယ်"
မင်းသားကြီးရှစ်က ဇနီးသည်ကို နှစ်သိမ့်လိုက်သည်။
သူကိုယ်တိုင်လည်း ရင်ထဲတွင် နာကျင်နေရသော်လည်း ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ဇနီးဖြစ်သူကဲ့သို့ မျက်ရည်များဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ထိုသို့မဟုတ်လျှင် သူကိုယ်တိုင်လည်း မြေပြင်ပေါ်၌ လူးလှိမ့်ငိုကြွေးနေမိမည်မှာ အသေအချာပင်။
"ဟုတ်တယ်... မိသားစုစာရင်းမှာ မှတ်တမ်းတင်ရမယ်"
ကြင်ယာတော်မင်းသမီးက မျက်ရည်များကို သုတ်လိုက်ပြီး ဆက်ပြောလာခဲ့သည်။
"သူတို့ မျိုးဆက်က 'ယွီ' ဆိုတဲ့ စာလုံးကို သုံးရတာ၊ ဒုတိယသားကို ကျိုးယွီလင်းလို့ နာမည်ပေးထားတော့.... သူ့ကိုတော့ ယွီကျင်းလို့ ခေါ်ရင် ဘယ်လိုလဲ၊ ကျွန်မ ဒီ 'ကျင်း' ဆိုတဲ့ စာလုံးကို သဘောကျတယ်၊ အစကတည်းက ရှန်းအာအတွက် ဒီနာမည်ကို စဥ်းစားထားတာ၊ မြက်ခင်းထဲမှာ သစ်ခွပန်းတွေ ပွင့်လန်းသလို၊ စံပယ်ပန်းတွေပေါ်က ကျောက်စိမ်းရဲ့ တောက်ပမှုလို သာမန်အရာတွေနဲ့ မနှိုင်းယှဥ်နိုင်တဲ့ ကျော့ရှင်းမှုမျိုးပေါ့။ ဒီ 'ကျင်း' ဆိုတဲ့ စာလုံးက တကယ်ကို အဓိပ္ပာယ်ရှိတယ်"
မင်းသားကြီးရှစ်က အပြုံးဖြင့် သဘောတူလိုက်သည်။
"ကိုယ် စဥ်းစားနေတာနဲ့ ကွက်တိပဲ၊ သူ့ကို ကျိုးယွီကျင်းလို့ ခေါ်ကြတာပေါ့၊ လောကသိနာမည်ကတော့ ယိနိုကိုပဲ ဆက်သုံးကြမယ်လေ"
ကြင်ယာတော်မင်းသမီးကြီးက ခဏလောက် မှင်သက်သွားခဲ့သည်။
"ယိနို... ဒါက..."
မင်းသားကြီးရှစ်က ထပ်ပြောလာသည်။
"အဲ့ဒီစာလုံးကလည်း အရမ်းကောင်းတယ်လို့ ကိုယ် ထင်တယ်၊ ယောကျ်ားတစ်ယောက်ရဲ့ ကတိစကားက ရွှေလိုအဖိုးတန်တယ်။ ဒီနာမည်ကို ကိုယ်တို့ရဲ့ချွေးမ ပေးထားတာဆိုပေမယ့် စုန့်မိသားစုက အဘိုးကြီးကိုယ်တိုင် ရှန်းအာရဲ့နာမည်ကို ပြောင်းဖို့ အကြံပြုခဲ့တာတဲ့၊ မင်း သိလား... သူ့ရဲ့ အရင်နာမည်က ကျိုးထျဲကျူးတဲ့"
"ထျဲကျူး..."
ကြင်ယာတော်မင်းသမီးကြီး၏ မျက်နှာက တောင့်တင်းသွားသည်။ ခဏအကြာတွင် သူမက ထပ်ပြောလာခဲ့သည်။
"ကောင်းပါပြီ၊ ထားလိုက်ပါတော့... ယိနိုကလည်း ကောင်းပါတယ်။ ကျွန်မတို့ရဲ့ချွေးမမှာ အမြဲတမ်း အကြံကောင်းတွေ ရှိနေတာပဲ၊ သူက ချမ်းသာကြွယ်ဝဖို့အတွက် နာမည်တစ်ခုခု ကျပန်းရွေးပေးလိုက်ရင်တောင် ကျွန်မ ကျေနပ်ပါတယ်"
........။.........။.........
တစ်ဖက်မှ ကျိုးယိနိုကတော့ သူ့၏နာမည် ပြောင်းလဲသွားတော့မည်ကို အိပ်မက်ပင် မမက်နိုင်သေးပေ။ ယခု သူ သူတို့အခန်းတံခါးကို အသည်းအသန် ခေါက်ရင်း ဇနီးလေး အပြင်ထွက်လာရန် အသည်းအသန်း တောင်းပန်နေရှာသည်။
စုန့်တင်းရှန်းကလည်း စောင်ထဲတွင် ခေါင်းနှစ်ထားပြီး ဤဘဝတွင်သာမက သူမ၏ အရင်ဘဝမှ သိက္ခာများပါ အားလုံး ကုန်သွားသလို ခံစားနေရသည်။ အကြောင်းကတော့ သူမ၏ တူမလေးက သူမကို လာမေးသွားသော စကားကြောင့်ပင်။
‘မေးတာကို ကြည့်ကြဦးလေ၊ "အဒေါ်... ညက ဘာလို့ အော်နေတာလဲဟင်၊ နေမကောင်းလို့လား" တဲ့။ တူမလေးတောင် ဒီဆူညံသံတွေကို ကြားခဲ့မှတော့ ခြံဝင်းထဲက လူတွေ အကုန်လုံး ကြားနေရမှာပဲလေ။ မဟုတ်ရင် ငါ့ရဲ့ အစ်ကိုနဲ့ ယောင်းမက ငါ့ကို ကြည့်ပြီး အဓိပ္ပာယ်ပါပါနဲ့ ထူးထူးခြားခြား ပြုံးနေကြပါ့မလား’
‘အား... ရှက်လိုက်တာမှ.... သေတောင်သေချင်ပြီ’
"ဇနီးလေး... ကိုယ် မှားသွားပါတယ်၊ တကယ်မှားသွားတာပါ၊ နောက်ဆို ကိုယ် အဲဒီလောက်ကြီး အားမသုံးတော့ပါဘူးကွာ၊ ကိုယ် ကတိပေးတယ်"
ကျိုးယိနိုက တံခါးကို မျက်နှာကပ်ထားပြီး အက်ကြောင်းလေးမှတဆင့် အထဲကို ချောင်းကြည့်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ဘာမှ မမြင်ရသောကြောင့် သူ အတော်လေး စိတ်ပူပန်နေပြန်သည်။
"ရှင် ဝေးဝေးကို ထွက်သွား"
စုန့်တင်းရှန်းက သူမ၏မျက်နှာကို အုပ်ထားပြီး မြေကြီးထဲသို့ ငုပ်လျှိုးသွားကာ ပြန်မွေးဖွားနိုင်ရန် ဆုတောင်း နေခဲ့သည်။
ဖန့်ရှီကလည်း ရယ်ချင်စိတ်ကို အောင့်ထားပြီး သားမက်ဘက်မှ ကူပြောပေးနေသည်။
"အာ့နွီ၊ တော်လောက်ပြီ၊ ကိုယ့်ယောက်ျားကို ဘာလို့ တံခါးပိတ်ထားရတာလဲ၊ နောက်ပြီး နောက်နှစ်ရက်နေရင် ဟိုဘက်အိမ် ပြောင်းသွားကြတော့မှာပဲကို၊ အဲဒီကို ပြောင်းပြီးရင် နင် ဘယ်လောက်အော်အော် ဘယ်သူမှ ကြားတော့မှာ မဟုတ်ဘူး"
"အမေ... တော်ပါတော့"
စုန့်တင်းရှန်းတစ်ယောက် စိတ်ဓာတ်များ ပြိုလဲတော့မလို ဖြစ်နေပြီး ပြန်အော်ပြောလိုက်သည်။
"သမီး မပြောင်းချင်တော့ဘူး"
"မပြောင်းဘဲ နေနိုင်ရင်လည်း နေပေါ့၊ ငါကတော့ ငါ့သားမက်ကိုပဲ သနားတယ်၊ သူ့မှာ နင့်အနားမှာ နေဖို့ ဒီလောက်ခက်တာ၊ အခု ကောင်းကောင်းနေရခါစပဲ ရှိသေးတယ်၊ နင်က ခုထိ ကလေးလို ဂျီကျနေတုန်း... ကဲ... မြန်မြန် ထွက်လာခဲ့စမ်း၊ နင် ထပ်ပြီး ဆူညံနေရင်တော့ နင့်ဦးလေးတွေနဲ့ အဖိုးအဖွားတွေပါ အကုန် သိကုန်ကြလိမ့်မယ်"
စုန့်တင်းရှန်းက မျက်နှာနီနီဖြင့် တံခါးကို ဝုန်းကနဲ ဖွင့်ပေးလိုက်သည်။
"မကြောက်တော့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ရှိသမျှသိက္ခာက ကုန်နေပြီပဲ"
ဖန့်ရှီက မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။
"မကြောက်ဘူး ဟုတ်လား၊ ဒါဆို ငါ နင့်အဖွားကို သွားပြောလိုက်မယ်"
"အမေ"
စုန့်တင်းရှန်းက ဖန့်ရှီ၏ လက်မောင်းကို ဆွဲထားပြီး တောင်းပန်လိုက်သည်။
"အမေ၊ အမေ သမီးကို ချမ်းသာပေးလို့ မရဘူးလား"
ဖန့်ရှီက ရယ်မောလိုက်ပြီး စုန့်တင်းရှန်း၏ခေါင်းကို ခပ်ဖွဖွခေါက်လိုက်သည်။
"ဟင်း... အေးအေးဆေးဆေး နေစမ်းပါ၊ ရက်နည်းနည်းလောက် သည်းခံလိုက်၊ နောက်တစ်ရက် နှစ်ရက်နေရင် ဟိုဘက်အိမ်ကို ပြောင်းနေကြပေါ့၊ နင်က အိမ်ထောင်ကျပြီးနေပြီ၊ ယောက္ခမတွေလည်း ရှိတယ်၊ ယောက်ျားကလည်း အိမ်ရှိနေတာပဲကို၊ မိဘအိမ်မှာပဲ အမြဲကပ်နေဖို့ မစဥ်းစားနဲ့၊ ပြီးတော့ အဲဒီအိမ်က ဝေးတာမှ မဟုတ်တာ၊ နင် ပြန်လာချင်ရင် ခြေလှမ်းကျယ်ကျယ် တစ်လှမ်းလောက် လှမ်းရုံနဲ့ ရောက်လာနိုင်တာ မဟုတ်ဘူးလား"
လမ်းတစ်ခုလုံးစာ နီးပါး ကျယ်ဝန်းသည့် ထိုခြံဝင်းကြီးက သူတို့သားမက်၏ စစ်သူကြီးအိမ်တော် ဖြစ်နေမှန်း သိလိုက်ရပြီး ထိုအိမ်တော်က သူတို့ခြံဝင်း၏ လမ်းတစ်ဖက်တွင် ရှိနေသည်ကို သိလိုက်ရချိန်တွင် စုန့်မိသားစုတစ်စုလုံး အံ့သြမှင်တက်ခဲ့ရသေးသည်။
စုန့်တင်းရှန်းက နှုတ်ခမ်းဆူပြီး ပြန်ပြောလိုက်သည်။
"အမေတို့လည်း ဟိုဘက်ကို လာနေကြလေ၊ အိမ်တော်ကြီးက အကျယ်ကြီးပဲ၊ ကျွန်မတို့ နှစ်ယောက်တည်းဆိုရင် အရမ်းခြောက်ကပ်နေမှာ"
"ငါကတော့ မလာချင်ပါဘူး၊ ယောက္ခမက တစ်အိမ်ထောင်လုံးကို ဆွဲခေါ်ပြီး သားမက်အိမ် လာနေတယ်ဆိုတာ နင် ကြားဖူးလို့လား၊ ဒီမှာနေ နေရတာတောင် ငါက အားနာနေပြီ၊ နင် အဲဒီအကြောင်း ထပ်ပြောနေရင် ငါတို့ ရွာကိုပဲ ပြန်လိုက်တော့မယ်၊ ဒါနဲ့ ငါတို့ ဘယ်တော့ ဘယ်တော့ ရွာပြန်ကြမှာလဲ"
သူမက သူမ၏ဝက်ခြံ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် လယ်ကွင်းများကို တွေးကာ ပူပန်နေဆဲပင်။
ကျိုးယိနိုက ဝင်ပြောလိုက်သည်။
"ကျွန်တော် အကုန်စီစဉ်ပြီးပါပြီ၊ မနက်ဖြန် ပြန်ကြမယ်၊ တင်းရှန်းရဲ့ ကောင်တီမင်းသမီး အဆောင်အယောင် အခမ်းအနားနဲ့ ပြန်ကြတာပေါ့"
ဖန့်ရှီက အံ့ဩတကြီး ပြန်မေးလိုက်သည်။
"အဲဒီလောက်အထိ ခမ်းခမ်းနားနား လုပ်ဖို့ လိုလို့လားဟဲ့၊ ရိုးရိုးရှင်းရှင်း ပြန်သွားလို့ မရဘူးလား"
အမှန်တကယ်တွင် သူမလည်း ဂုဏ်သရေရှိရှိ ပြန်ချင်သော်လည်း မင်းသမီးတစ်ပါး၏ အဆောင်အယောင်များက အနည်းငယ် ပိုလွန်းနေသည်ဟု သူမ ခံစားနေရသည်။
စုန့်တင်းရှန်းက ကျိုးယိနိုအစား ဝင်ဖြေပေးလိုက်သည်။
"သမီးတို့ ရိုးရိုးရထားလုံးနဲ့ ပြန်ရင် ရွာထဲရောက်တာနဲ့ လူတွေ ဝိုင်းအုံလာကြမှာပေါ့၊ အခုလို အဆောင်အယောင် အခမ်းအနားနဲ့ ပြန်သွားမှ သူတို့ ပြဿနာမရှာရဲမှာ"
ဖန့်ရှီကလည်း ပြဿနာရှာတတ်သည့်ဆွေမျိုးများကို သတိရသွားပြီး လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။
"အေး အေး... နင်တို့ ကြိုက်သလိုလုပ်လို့ ရတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မြန်တော့ စီစဉ်ကြ၊ နင်တို့ အဖိုးနဲ့ အဖွားကလည်း အိမ်ကို ပြန်ကြည့်ချင်နေကြပြီ၊ ငါတို့ အိမ်ပြန်သွားပြီး အဲ့ဒီဘက်က ငြိမ်သက်သွားရင် နင့်ရဲ့ ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖိုးတို့လည်း အိမ် ပြန်နေချင်ကြပြီ"
"သူတို့က ဘာလို့ အကုန်လုံးက ထွက်သွားချင်နေကြတာလဲ၊ ဒီမှာပဲ နေလို့ မရဘူးလား"
"ဒီမှာ ဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော၊ ဒါက ကိုယ့်အိမ်မှ မဟုတ်တာအေ့။ နေရတာ သက်တောင့်သက်သာ ရှိမယ်ထင်လား၊ မြို့တော်က အရမ်းကောင်းတယ်လေ၊ ဒါပေမယ့် နင်လည်း တချိန်လုံး အိမ်ပြန်ချင်နေတာ မဟုတ်ဘူးလား"
စုန့်တင်းရှန်းက လျှာလေးထုတ်ပြပြီး တိတ်ဆိတ်သွားသည်။ ဖန့်ရှီက သမီးဖြစ်သူကို သူမ၏လက်မောင်းပေါ်မှ ခွာထုတ်လိုက်ပြီး ကျိုးယိနိုကို အခန်းထဲ တွန်းပို့လိုက်သည်။
"တော်ပြီ... နင်တို့ ပြောစရာရှိတာ ပြောကြတော့၊ ငါကတော့ ဒီမှာနေပြီး တခြားလူတွေကို အနှောင့်အယှက် မပေးတော့ဘူး၊ နင့်အဖေက ဒီနေ့ သူများတွေ ငါးဖမ်းတာကို သွားကြည့်မလို့တဲ့၊ ညစာအတွက် ငါးပေါင်း စားရမှာ သေချာတယ်"
သူမက ပြောပြောဆိုဆိုဖြင့် ပြန်ထွက်သွားသည်။
"တင်းရှန်း..."
ကျိုးယိနိုက နောက်သို့ လှည့်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် သူက စုန့်တင်းရှန်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပြန်မလွှတ်ပေးတော့ပေ။
"ဒါတွေအားလုံးက ကိုယ့်အပြစ်ပါ၊ မင်း ကိုယ့်ကို ရိုက်ချင်သလို ရိုက်ပါ"
စုန့်တင်းရှန်းက မျက်စောင်းထိုးလိုက်သော်လည်း ဤ “ကော်" လို ကပ်နေသည့် လူကြီးကို ခါထုတ်၍ မရနိုင်မှန်း သူမ နားလည်နေသည်။
"ရှင်က ဘာအမှားမှ မလုပ်ထားပါဘူး၊ ဒါပေမယ့်... နောင်ဆိုရင်... အဲ့လို... အဲ့လို.. မလုပ်.."
သူမ ရှက်လွန်းသောကြောင့် ကျန်နေသည့် စကားများကို ဆက်မပြောနိုင်တော့ပေ။
ကျိုးယိနိုကတော့ ပြုံးဖြဲဖြဲနှင့် ပြောလာပြန်သည်။
"ကိုယ်တို့ အိမ်တော်ကို ပြောင်းသွားပြီးရင် ကိုယ်တို့အတွက် သီးသန့်ခြံဝင်းတစ်ခု ရှိမှာလေ၊ ဘယ်သူ့ကိုမှ အထဲ ပေးမဝင်ဘူး၊ အဲ့လိုဆိုရင် ဘယ်သူမှ မကြားနိုင်တော့ အိမ်ထဲမှာ ပျော်ပျော်ပါးပါး နေလို့ရပြီ"
"ရှင့်ပါးစပ်ကို ပိတ်ထားလိုက်"
စုန့်တင်းရှန်းက ကျိုးယိနို၏ပါးစပ်ကို အတင်းပိတ်လိုက်သောကြောင့် သူအသံက ဘဲတစ်ကောင်၏ အသံကဲ့သို့ တရှဲရှဲ ဖြစ်နေခဲ့သည်။
"ရှင်က အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ဒါနဲ့ ဒီမနက် လီမျိုးရိုးကုန်သည်ဆီက စာတစ်စောင် ရခဲ့တယ်မလား၊ သိုးမွှေးတွေ မကြာခင် ရောက်တော့မှာလား"
ကျိုးယိနိုက ခေါင်းညိတ်ပြလိုက်သည်။
"သိုးမွှေးတွေရော၊ အရေခွံတွေရော၊ ဒီတစ်ခေါက် အများကြီး ရောက်လာလိမ့်မယ်၊ ဟိုဘက်က မျိုးနွယ်စုတွေက စစ်ရှုံးသွားပြီး သူတို့ဆီမှာ ငွေသိပ်မရှိတော့ဘူး။ အဲဒါကြောင့် သိုလှောင်ထားတဲ့ သိုးမွှေးတွေကို ဒီဘက်အထိ လာရောင်းကြတာ၊ ဒါပေမယ့် ဒီလောက်အများကြီးကို မင်းတစ်ယောက်တည်း စီမံနိုင်ပါ့မလား"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဘာလို့ မစီမံနိုင်ရမှာလဲ၊ နောက်ကျရင် တစ်ဖက်မျိုးနွယ်စုက သိုးမွှေးတွေတင် မကဘူး၊ ဒီနယ်တစ်ဝိုက်က သိုးမွှေးတွေကိုပါ ကျွန်မ လိုက်သိမ်းမှာ၊ ကျွန်မ စဉ်းစားထားတာက အလုပ်ရုံဖွင့်ရုံတင် မဟုတ်ဘူး၊ သင်တန်းတွေပါ ဖွင့်ပေးချင်တာ၊ တခြားလူတွေကို သိုးမွှေးချဉ်ထိုးနည်း သင်ပေးမယ်လေ"
ကျိုးယိနိုက ဝေခွဲမရဟန်ဖြင့် ထပ်မေးလာသည်။
"လူတိုင်းက မင်းဆီက သင်ယူသွားကြရင် မင်း ဘာဆက်လုပ်မှာလဲ"
စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။
"လူတွေ ပိုသင်ယူလေ သိုးမွှေးဝယ်လိုအားက ပိုများလာလေပဲ။ ဒါက ဒီဒေသက လူတွေကို သိုးတွေ ပိုမွေးမြူဖို့ အားပေးသလို ဖြစ်သွားလိမ့်မယ်။ သိုးတွေ များလာရင် သိုးသားစျေးလည်း ကျသွားမယ်၊ လူတွေကလည်း ပိုက်ဆံ ပိုရှိလာမယ်၊ အသားစျေးကလည်း ပိုသက်သာလာမယ်လေ၊ အဲတော့ သူတို့ အသားပိုစားရလိမ့်မယ်၊ တစ်ခါတလေကျရင် အတတ်ပညာတွေကို ဖုံးကွယ်ထားတာထက် ဖြန့်ဝေပေးလိုက်တာက ပိုကောင်းတယ်။ နှစ်တိုင်း သိုးမွှေးတွေ အဆက်မပြတ် ဝင်နေသရွေ့ကတော့ ကျွန်မတို့ စီးပွားရေး ပျက်မှာကို စိုးရိမ်နေဖို့ မလိုဘူး၊ ပိုက်ဆံအိတ် ချုပ်တဲ့သူတွေကို ကြည့်လေ၊ ပိုက်ဆံအိတ်ရောင်းတဲ့သူတွေ အများကြီး ရှိတယ်၊ သူတို့အားလုံး ပိုက်ဆံတွေ ဆုံးရှုံးတယ်လို့ ရှင် ကြားမိလို့လား"
ကျိုးယိနိုက ထိုအယူအဆကို သေချာနားမလည်နိုင်သောကြောင့် ရိုးရိုးသားသား ပြန်ပြောလိုက်သည်။
"မင်းက ကိုယ်ထက် ပိုသိတယ်၊ မင်း ပြောတာ အမှန်ပဲ၊ ကိုယ်က မင်းပြောတာကိုပဲ နားထောင်မှာ"
စုန့်တင်းရှန်းက သူ့ကို မျက်စောင်းထိုးရင်း အကြောင်းအရာကို ထပ်ပြောင်းလိုက်သည်။
"ရှင့်ဘက်မှာရော အိမ်တော်ပြင်တာ အကုန်ပြီးပြီလား"
ကျိုးယိနိုက စိတ်သက်သာရာရသွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ပြင်တာကတော့ ပြီးသလောက်ဖြစ်နေပါပြီ၊ အဲဒီခြံဝင်းက အရင်ထဲက သိပ်မဆိုးဘူး၊ အဂတိလိုက်စားတဲ့ အရာရှိဟောင်းတစ်ယောက် နေခဲ့တာဆိုတော့ အကုန်လုံးက ခမ်းနားထည်ဝါပြီးသား၊ အခုက ဆေးပြန်သုတ်တာရယ်၊ တံခါးနဲ့ ပြတင်းပေါက်တွေ လဲတာရယ်၊ ရေကန်ကို သန့်ရှင်းရေးလုပ်တာရယ်လောက်ပဲ ကျန်တော့တာပါ၊ အကုန်ပြီးသွားရင် ရေကန်ထဲမှာ ကြာပန်းတွေ စိုက်ပြီး ငါးမွေးဖို့ စီစဉ်ထားတယ်၊ ဥယျာဉ်နေရာကတော့ မလိုလောက်ဘူး၊ ဟုတ်ပြီ ဥယျာဉ်ကို ဖျက်ပြီး ဟင်းသီးဟင်းရွက်စိုက်ခင်း လုပ်မယ်၊ ပြီးတော့ တစ်ဝင်းလုံး ကြက်တွေ အပြည့်မွေးထားမယ်၊ ဒါဆို နောက်ပိုင်း ကြက်ဥပြတ်လပ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး"
စုန့်တင်းရှန်းက တဟားဟား ရယ်မောရင်း သူ့ကို ပြန်မေးလိုက်သည်။
"နောက်ပိုင်း အိမ်တော်ကို ဧည့်သည်တွေ လာတဲ့အခါ နေရာတိုင်း ကြက်တွေ ဘဲတွေပဲ မြင်နေရတော့မှာပေါ့။ သူတို့က ဥယျာဉ်ထဲမှာ အနားယူချင်ပြီး ဥယျာဉ်ကို ရောက်လာတာနဲ့ တစ်ဖက်မှာ ဂေါ်ဖီထုပ်တွေ၊ နောက်တစ်ဖက်မှာ မုန်လာဥတွေ ဖြစ်နေတော့မယ်၊ ဒါက ကြည့်လို့ ကောင်းပါ့မလား"
"ဘာလို့ မကောင်းရမှာလဲ၊ ကိုယ်ကတော့ အရမ်းလှမယ်လို့ တွေးမိတယ်။ အဆိုးဆုံး ဖြစ်လာရင်လည်း ပန်းနည်းနည်း ထပ်စိုက်လိုက်ကြတာပေါ့၊ ပန်းပွင့်လာရင်တော့ လှမှာပဲလေ၊ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ကြိုက်တာ စိုက်မှာပေါ့၊ စားလို့ လည်းမရ၊ သေသွားရင်လည်း စိတ်မကောင်းဖြစ်ရတဲ့ ပန်းတွေ မြက်တွေကို ဘာလို့ ဂရုစိုက်နေမှာလဲ၊ ဟင်းသီးဟင်းရွက်တွေ၊ မက်မွန်ပင်တွေ၊ သစ်တော်ပင်တွေနဲ့ သလဲပင်တွေ စိုက်မယ်၊ ပြီးတော့ စပျစ်စင်လေးတွေ လုပ်ထားမယ်၊ နွေရာသီရောက်ရင် စပျစ်စင်အောက်မှာ ထိုင်နေရတာ ဘယ်လောက် အေးချမ်းနေမလဲ"
တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော အိမ်တော်ကြီးက ယခုအခါ ကျေးလက်သဘာဝ လယ်တောအိမ်အဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။
"ဒါဆို မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီး ရောက်လာရင်ရော"
စည်းစိမ်များကြားထဲတွက်အလိုလိုက်ခံဘဝဖြင့် ကြီးပြင်းလာသည့် ကြင်ယာတော်မင်းသမီး ဂေါ်ဖီထုပ်နှင့် မုန်လာဥများ ပြည့်နေသည့် ဝင်းထဲတွင် နေထိုင်မည့်ပုံစံကို တွေးနေရင်း စုန့်တင်းရှန်းတစ်ယောက် ရင်မောနေပြန်သည်။
ကျိုးယိနိုကတော့ ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"သူတို့ လာရင် ကြာပန်းတွေ စိုက်ထားတဲ့ ဝင်းထဲမှာ နေလို့ ရတယ်လေ၊ ကြာပန်းတွေကို ကြည့်ပြီး သူတို့ ပျော်ကြမှာပါ"
စုန့်တင်းရှန်းက ရယ်ချင်စိတ်ကို အောင့်ထားရင်း ပြန်ပြောလိုက်သည်။
"ရှင့်သဘောပါပဲ၊ ဒါက ရှင့်အိမ်တော်ဆိုတော့ ရှင် ကြိုက်သလို လုပ်လို့ ရတယ်၊ ဒါပေမယ့် စစ်သူကြီးအိမ်တော်တွေမှာ ကိုယ်ခံပညာ လေ့ကျင့်ရေးကွင်း ရှိတတ်တယ်လို့ ကျွန်မ ကြားဖူးတယ်၊ အဲအတွက်ရော ရှင် စဉ်းစားပြီးပြီလား"
"အဲအတွက်လည်း စိတ်ပူစရာ မလိုဘူး။ ဝင်းရဲ့ အနောက်ဘက်မှာ လေ့ကျင့်ရေးကွင်း အကြီးကြီး ရှိပြီးသား၊ တင်းရှန်း... ကိုယ်တို့ ဘယ်တော့ ပြောင်းကြမလဲ"
‘ဒီမှာ ဆက်နေရင်တော့ ဒီတစ်သက် ဇနီးလေးကို လွတ်လွတ်လပ်လပ် ဖက်ခွင့်ရတော့မှာ မဟုတ်ဘူးကွ’
..........။..........။.......
စာရေးသူ၏ မှတ်ချက်
စုန့်တင်းရှန်း : "စစ်သူကြီးအိမ်တော်ရဲ့ ခူးဆွတ်ဥယျာဉ်ကြီးကို ကြွလှမ်းခဲ့ကြပါ၊ ဝင်ကြေးကတော့ ငွေတစ်လျန်ပေးရပါမယ်၊ ကြိုက်သလောက် စားနိုင်တယ်၊ ကြိုက်သလောက် ခူးနိုင်ပါတယ်၊ စျေးကွက်ပေါက်စျေးအတိုင်း ပြန်ရောင်းပေးပါမယ်၊ မတွန်းကြပါနဲ့... မတွန်းကြပါနဲ့... ခြံဝင်းကြီးက ကျယ်ပါတယ်၊ လူတိုင်း ခွဲတမ်း ရမှာပါ"
အခန်း ၈၄ ဇာတိမြေသို့ ပြန်လာခြင်း
ကောင်တီမင်းသမီး၏ နောက်လိုက်များက ရှေ့မှ ဦးဆောင်နေပြီး ရွှမ်ဝေစစ်သူကြီး၏ စစ်သည်တော်များက နောက်မှ ခြံရံလိုက်ပါလာလျက် ခရိုင်မြို့ပေါ်မှ မြောက်ဘက်ကမ်းရွာကလေးဆီသို့ ဦးတည်ချီလာကြသည်။
စုန့်ရှင်းယိနှင့် လီရှီတို့က စုန့်တင်းရှန်းနှင့်အတူ သူမ၏ရထားလုံးဖြင့် လိုက်ပါလာကြသည်။ သူတို့လည်း နန်းတွင်း၏ တရားဝင်ဝတ်စုံများကို ဝတ်ဆင်ထားရသောကြောင့် အဝတ်အစားများ ပျက်စီးသွားမည်ကို စိုးရိမ်ကာ လှုပ်ပင်မလှုပ်ရဲဘဲ တောင့်တောင့်ကြီး ထိုင်နေကြသည်။
"အဖိုး၊ အဖွား... အရမ်းကြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး"
စုန့်တင်းရှန်းက သူတို့ကို ကြည့်ကာ ရယ်မောနေပြီး အဘွားဖြစ်သူ လီရှီ၏ ခေါင်းပေါ်မှ ဆံထိုးလေးကို ပြန်ပြင်ပေးလိုက်သည်။
"အိမ်ရောက်တဲ့အထိ ဒီလိုတောင့်တောင့်ကြီး ထိုင်နေရင် ရထားလုံးပေါ်က ဆင်းတဲ့အခါ ခြေထောက်တွေ ထုံကျင်နေလောက်ပြီ"
"ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ"
လီရှီက သူမ၏ အင်္ကျီလက်ကို ဆွဲရင်း ပြန်ပြောနေသည်။
"ငါ ဒီလို လှပတဲ့ အဝတ်အစားတွေကို တစ်ခါမှ မဝတ်ဖူးဘူး... အာ့နွီအာ၊ ကြည့်စမ်းပါဦး၊ ငါ့ဆံပင်တွေ ရှုပ်ပွနေလား"
"မရှုပ်ပါဘူး အဘွားရဲ့၊ ဒါက ကြင်ယာတော်မင်းသမီးကြီး ပေးလိုက်တဲ့ ခေါင်းဆောင်းလေ၊ ကြည့်လို့ အကောင်းဆုံးပဲ၊ ဘယ်လိုလုပ်ပြီး ရှုပ်ပွနေမှာလဲ"
သူမ၏လျင်မြန်ပြီး ပြတ်သားသော ကြားဝင်ဆောင်ရွက်မှုအပြီးတွင် စစ်သူကြီးအိမ်တော်မှ လူများလည်း စနစ်တကျ ဖြစ်လာခဲ့သည်။ သူမက စစ်သူကြီးအိမ်တော်ရှိ အစေခံများထဲမှ အလုပ်ကြိုးစားပုံရသူ အနည်းငယ်ကို ရွေးချယ်ပြီး အဘိုးနှင့် အဘွား၏ ခြံဝင်းထဲတွင် အလုပ်အကျွေး ပြုရန်၊ ကလေးများကို ကြည့်ရှုပေးရန်နှင့် ထမင်းဟင်းချက်ရန် တာဝန်ပေးထားခဲ့သည်။
ယနေ့ သူမနှင့် လီရှီတို့၏ ဆံပင်များကို ပြင်ဆင်ပေးသူက အိမ်တော်တွင် ကျန်ရစ်ခဲ့သည့် ဝါရင့်အစေခံမလေး ကျန်းကျူးဖြစ်သည်။ သူမတွင် မာနောင်ဟု ခေါ်သော ညီမတစ်ယောက်လည်း ရှိသည်။ သူမတို့နှစ်ဦးလုံးက ရုပ်ရည်ချောမောပြီး အလုပ်ကြိုးစားကာ စည်းကမ်းတကျနေတတ်သူများ ဖြစ်သည်။ ကျိုးယိနို၏အနားသို့လည်း ဘယ်သောအခါမှ မကပ်ကြပေ။
ကျိုးယိနိုသာမကဘဲ အိမ်တော်ရှိ မည်သည့် အမျိုးသားနှင့်မဆို နီးနီးကပ်ကပ် မနေဘဲ စုန့်တင်းရှန်း စိတ်အနှောင့်အယှက် မဖြစ်စေရန် အလိုတသိ ရှောင်ရှားတတ်ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် စုန့်တင်းရှန်းက သူမတို့နှစ်ဦးကို အယုံကြည်ရဆုံးဟု သတ်မှတ်ကာ ကျန်းကျူးကို သူမ၏ ကိုယ်ပိုင်အစေခံအဖြစ် ထားရှိလိုက်သည်။ မာနောင်ကိုလည်း ဒုတိယအဆင့် အစေခံအဖြစ် ရာထူးတိုးပေးခဲ့ပြီး သူမနှင့် ကျိုးယိနို၏ အဝတ်အစားနှင့် အသုံးအဆောင်များကို တာဝန်ယူခိုင်းလိုက်သည်။
ကျန်းကျူးက ရထားလုံးတံခါးဝတွင် ထိုင်နေရင်း အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"အဖွား စိုးရိမ်နေစရာ မလိုပါဘူး၊ ရထားလုံးပေါ်က ဆင်းခါနီးရင် ကျွန်တော်မျိုးမ သေသေချာချာ ပြန်ပြင်ပေးပါ့မယ်၊ အေးအေးဆေးဆေး အနားယူပါရှင့်"
လီရှီက သူမ၏ နားကပ်လေးများကို ပြန်ကိုင်ကြည့်နေရင်း သဘောကျနေဟန်ဖြင့် ရယ်မောနေလေသည်။
ကြိုတင်အကြောင်းကြားထားပြီး ဖြစ်သောကြောင့် ရွာသူကြီးနှင့် ရွာသားများက ရွာထိပ်၌ စောင့်ကြိုနေကြသည်။ မြောက်ဘက်ကမ်းရွာမှ ရွာသူကြီးသာမက အနီးအနားရှိ ရွာများမှ ရွာသူကြီးများနှင့် မျိုးနွယ်စုခေါင်းဆောင်များလည်း ရောက်ရှိနေကြသည်။
ရှမိသားစုမှ ရွာသူကြီးပင်လျှင် ဘေးနား၌ မတ်တပ်ရပ်ပြီး စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ သူက စုန့်ယွိလန်နှင့် သူမ၏ကလေး ကိစ္စတွင် စုန့်တင်းရှန်းတို့ကို မျက်နှာသာပေးခဲ့သည်။ ထို့ကြောင့် သူက သူတို့ရွာမှ ကလေးအချို့ကို အစေခံအဖြစ် ခေါ်ယူသွားပေးရန် မျှော်လင့်နေခြင်း ဖြစ်သည်။
‘မင်းသမီးအိမ်တော်မှာ အစေခံဖြစ်ခွင့်ရတာကတောင် သူတို့အတွက်တော့ ကြီးကျယ်တဲ့ ဂုဏ်ဒြပ်တစ်ခု ဖြစ်နေပြီ မဟုတ်ဘူးလား’
‘တကယ်တော့ တစ်ချိန်က ရှချမ်းနဲ့ စေ့စပ်ပွဲပျက်သွားလို့ နာမည်ပျက်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ရတဲ့ မိန်းကလေးက အခု ဒီနယ်တဝိုက်မှာ အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ၊ အခု သူမက ဧကရာဇ်ကိုယ်တိုင် ဘွဲ့ထူးပေးအပ်ထားတဲ့ ဒုတိယအဆင့် ကောင်တီမင်းသမီး ဖြစ်နေပြီ’
"ကျွန်တော်မျိုး ဝမ်တရှန့်က ကောင်တီမင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်"
အဆောင်အယောင် အခမ်းအနားဖြင့် ရွာထိပ်သို့ ရောက်ရှိလာသည့် လှည်းတန်းကို ကြည့်ကာ ရွာသူကြီးနှင့် အခြားလူများ ပြိုင်တူ ဒူးထောက် အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
"အားလုံး ထကြပါ"
စုန့်တင်းရှန်း၏ အသံက ရထားလုံးထဲမှ ထွက်ပေါ်လာသည်။ ရွာသူကြီးက ပျာပျာသလဲ ထရပ်ကာ လမ်းဖယ်ပေးလိုက်သည်။
လူအုပ်ကြီးနှင့် ရထားလုံးများကြားတွင် ကျိုးယိနိုက မြင်းကြီးကို စီးလာရင်း အဝေးမှ ကျိုးလောင်စန်း၏ မိသားစုကို လှမ်းမြင်လိုက်ရသည်။ ဝဖြိုးသောအမျိုးသမီးကြီးက သူမ၏လည်ပင်းကို ရှည်ထွက်လာလုမတတ်အောင် ဆန့်တန်းပြီး သူတို့ကို လှမ်းကြည့်နေသည်။ ကျိုးယိနို သူမဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် သူမက အတင်းပြုံးပြလိုက်သည်။
ကျိုးယိနိုက ဘာမှမမြင်သလို အကြည့်ပြန်လွှဲသွားသည်။ ထိုမိန်းမကြီးက စုန့်မိသားစုအိမ်ဘက်သို့ ဦးတည်သွားနေသော လူအုပ်ကြီးကို ကြည့်ရင်း ရင်ထဲတွင် နောင်တကြီးစွာ ရနေမိသည်။
"သူက မင်းသားတစ်ပါးရဲ့ သားမှန်းသာ သိခဲ့ရင် ငါတို့ သူ့ကို ဒီလို ဆက်ဆံခဲ့မှာ မဟုတ်ဘူး၊ သူကို စည်းစိမ်တွေ ခံစားခိုင်းပြီး ငါတို့ကတော့ ငတ်တလှည့် ပြတ်တလှည့်နေခဲ့မှာပေါ့၊ အခုတော့ ကြည့်စမ်းပါဦး၊ စုန့်မိသားစုက ကြွားဝါနေလိုက်တာ"
ကျိုးလောင်စန်းနှင့် သူ၏ဇနီးဖြစ်သူတို့က လူအုပ်ကြီးကို အဝေးမှ ငေးကြည့်ရင်း နောင်တမီးများ တမြည့်မြည့် လောင်မြိုက်နေကြသည်။
ကျိုးလောင်စန်းကလည်း ညည်းတွားလိုက်သည်။
"အဲဒီတုန်းက ငါသာ မင်းရဲ့စကားကို နားမယောင်ခဲ့ရင် အခုချိန်မှာ ငါတို့လည်း မင်းသားကြီးရဲ့ မျက်နှာသာပေးမှုကို ခံနေရမှာ၊ သူ့ဆီက ရတဲ့ အစွန်းအထွက်လေးတောင်မှ ငါတို့ မျိုးဆက် ခုနစ်ဆက်စာလောက် သုံးကုန်မှာ မဟုတ်ဘူး"
"ရှင်က ဘာကို ပြောချင်နေတာလဲ၊ အဲဒီတုန်းက ရှင်ကိုယ်တိုင်လည်း မကန့်ကွက်ခဲ့ဘူးလေ"
မိန်းမဝဝကြီးက သူ့ကို ပြန်အော်လိုက်သော်လည်း သူမကိုယ်တိုင်လည်း ရင်ထဲမှ နာကျင်မှုကို မျိုသိပ်ထားရသည်။
သူတို့ဘက်တွင် မင်းသားကြီး၏ လူများက သူတို့ကို ကြိုတင်သတိပေးထားပြီးသား ဖြစ်သည်။ သူတို့၏ အကြီးဆုံးသခင်လေးကို မွေးစားခဲ့သည့်အတွက် အသက်ချမ်းသာခွင့် ပေးထားသော်လည်း နောင်တွင် အေးအေးဆေးဆေး နေထိုင်ရန် ညွှန်ကြားထားသည်။ ထိုသို့မဟုတ်ဘဲ သူတို့သခင်လေးကို နှောက်ယှက်ပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားခဲ့သည်။ အကယ်၍ ကြင်ယာတော်မင်းသမီးကြီးသာ စိတ်နှလုံး နူးညံ့သူမဟုတ်လျှင် ကျိုးလောင်စန်း၏ မိသားစုတစ်ခုလုံးက ခေါင်းဖြတ်အသတ်ခံရပြီး ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်လည်း သူတို့ အနားမကပ်ရဲဘဲ အဝေးကသာ ကြည့်ရဲပြီး နောင်တများကို ထွေးပိုက်နေရသည်။
စုန့်တင်းရှန်းက အစေခံမလေး ကျန်းကျူး၏ အကူအညီဖြင့် ရထားလုံးပေါ်မှ ဆင်းလာပြီး ရွာသူကြီးနှင့် ရွာသားများကို ပြုံးပြလိုက်သည်။
"ဒီနေ့ ကျွန်မတို့မိသားစု အိမ်ပြန်ရောက်ခါစဆိုတော့ ဆွေမျိုးသားချင်းတွေနဲ့ပဲ စကားပြောနိုင်ဦးမယ်၊ တခြားသူတွေကတော့ အခု အိမ်ပြန်ပြီး အနားယူလိုက်ကြပါဦး၊ နောက်ရက်ကျရင်တော့ အားလုံးကို ထမင်းဖိတ်ကျွေးပါ့မယ်"
"ရပါတယ်... မင်းသမီးလေး၊ မင်းသမီးလေးတို့ပဲ အရင် အနားယူလိုက်ကြပါဦး"
ရွာသူကြီးက ဖားယားသော လေသံဖြင့် ပြန်ပြောကာ လူအုပ်ကြီးကို လူစုခွဲပေးလိုက်သည်။
အိမ်တံခါးဝတွင် စောင့်နေသည့် လီရှန့်၏ မိသားစုက စုန့်မိသားစုကို မြင်သည်နှင့် ဝမ်းသာအားရ ကြိုဆိုလိုက်ကြသည်။
"အဖိုးနဲ့ အဖွား... နောက်ဆုံးတော့ ပြန်ရောက်လာပြီ၊ ကြွပါခင်ဗျာ... ကြွပါ၊ အိမ်ထဲ ဝင်ပြီး အနားယူကြပါဦး၊ ရေနွေးပူပူလေး သောက်ပြီး အဆာပြေစာလေး စားကြပါဦး"
အိမ်ထဲသို့ လမ်းလျှောက်ဝင်နေရင်း စုန့်တင်းရှန်းက မေးမြန်းလိုက်သည်။
"ကျွန်မတို့ မရှိတဲ့အချိန် အိမ်မှာ အဆင်ပြေရဲ့လား"
လီရှန့်က တလေးတစား ပြန်ဖြေလိုက်သည်။
"အကုန်လုံး အဆင်ပြေပါတယ်ခင်ဗျာ၊ ဒီနှစ် ရာသီဥတုကလည်း ကောင်းတော့ ကောက်ပဲသီးနှံတွေလည်း အထွက်တိုးပါတယ်၊ နောက်တစ်လဆို ပြောင်းဖူးနဲ့ ပဲပိစပ်တွေလည်း ရိတ်သိမ်းလို့ ရတော့မယ်၊ အရာအားလုံး အဆင်ပြေပါတယ်၊ ဒါပေမယ့်... စုန့်လောင်စန်းရဲ့ အိမ်က လူတွေ ရောက်လာပြီး ပြဿနာလာရှာကြသေးတယ်၊ ကျွန်တော်တို့က သူတို့ကို အထဲပေးမဝင်ခဲ့ဘူး။ ရှတာ့ရှန်းလည်း ရောက်လာပြီး ပေါက်ကရေတွေ ပြောနေလို့ ပြန်မောင်းထုတ်လိုက်ပါတယ်"
အိမ်ကြီးက ထုံးစံအတိုင်း သန့်ရှင်းသပ်ရပ်နေပြီး အိမ်သားများ တရက်နှစ်ရက်သာ ထွက်သွားပြီး ပြန်ရောက်လာသကဲ့သို့ မူလအတိုင်း ဖြစ်နေဆဲပင်။ လီရှန်းတို့ မိသားစု ဂရုတစိုက် ထိန်းသိမ်းထားမှန်း သိသာနေသည်။
မိသားစုဝင်အားလုံး အိမ်ထဲဝင်လာကြပြီး ကလေးများက အနောက်ဘက်အခန်းများသို့ သွားကြသည်။ လူကြီးများက အရှေ့ဘက်အခန်းတွင် စုဝေးနေကြသည်။ သူတို့နှင့်အတူလိုက်လာသည့် ပဉ္စမအဘွားနှင့် ဆဋ္ဌမအဘွားတို့၏ မိသားစုများလည်း ပါဝင်သည်။
စုန့်တင်းရှန်းက အဘွားနှစ်ဦးကို လှမ်းပြောလိုက်သည်။
"ဒီနေ့တော့ အဖွားတို့ကိုပဲ အားနာနာနဲ့ အကူအညီတောင်းရဦးမယ်။ အပြင်က လူတွေအတွက် ရေနွေးတည်ပေးပါဦး၊ နောက်မှ လီရှန့်ကို ထင်းတွေ၊ ဆန်တွေ၊ ဂျုံတွေ ပို့ခိုင်းလိုက်မယ်၊ လူအများကြီးအတွက် ချက်ပြုတ်ဖို့က ကျွန်မတို့တစ်မိသားစုတည်းနဲ့ မလုပ်နိုင်လောက်ဘူး"
ပဉ္စမအဘွားက ပြုံးပြုံးရွှင်ရွှင် ပြန်ပြောလိုက်သည်။
"ဒါက အရေးလုပ်ပြီး ပြောရမယ့်ကိစ္စ မဟုတ်ပါဘူး၊ အိုးကြီးကြီးတစ်လုံးနဲ့ ထမင်းဟင်းချက်ရုံတင်ပဲလေ။ နင် သွားနားလိုက်ပါ၊ ဒီလောက်ကိစ္စလေးကို စိတ်ပူမနေနဲ့၊ ငါတို့ ဘာလုပ်ရမလဲဆိုတာ ငါတို့ သိတယ်"
ထိုသို့ ပြောပြီးနောက် သူမက သူမ၏ သားနှင့် ချွေးမကို လက်ဟန်ခြေဟန်ဖြင့် ခေါ်ကာ အပြင်သို့ ထွက်သွားတော့သည်။
အိမ်တံခါးဝတွင် သက်တော်စောင့်များနှင့် စစ်သည်တော်များ ရှိနေသောကြောင့် မည်သူမျှ အနားမကပ်ရဲကြပေ။ အခြေအနေကို အလွယ်တကူ နားလည်နိုင်သော အစေခံမလေး ကျန်းကျူးက စစ်သည်အချို့ကို ခေါ်ကာ အဘွားနှစ်ဦးကို အိမ်အထိ လိုက်လံပို့ဆောင်ပေးစေပြီး ကူညီစရာရှိသည်များ ကူညီခိုင်းလိုက်သည်။
ကျန်းကျူး သတိထားမိသည်က ဤမိသားစုဝင်များအားလုံးက အမှန်တကယ် ရိုးသားဖြောင့်မတ်ကြသူများ ဖြစ်သည်။ သူတို့က အလုပ်ကြိုးစားပြီး မြေကြီးလက်ခတ်မလွဲ အေးအေးဆေးဆေး နေထိုင်လိုသူများ ဖြစ်ကြသည်။ သခင်များအပေါ် ရိုသေမှု ရှိပြီး အလုပ်အပေါ် စေတနာထားကာ နာနာခံခံ နေထိုင်သရွေ့ ဤအိမ်တွင် အဆင်ပြေပြေ နေထိုင်နိုင်မည်ဟု သူမ နားလည်ခဲ့ရသည်။
"ကိုယ့်အိမ်က ခန်ပေါ်မှာ နေရတာက သက်တောင့်သက်သာ အရှိဆုံးပဲ"
လီရှီ အခန်းထဲဝင်သည်နှင့် ပထမဆုံးအလုပ်က ဖိနပ်ကို ကန်ထုတ်ကာ နွေးထွေးနေသော ခန်ပေါ်သို့ တက်လိုက်ပြီး ခုတင်ခေါင်းရင်းကို မှီကာ သက်ပြင်းအရှည်ကြီး ချလိုက်ခြင်းပင်။
"တင်းရှန်း... အဖွား အခု ဒီဝတ်စုံကြီးကို ချွတ်လို့ရပြီလား"
"အဖွားကလည်း အလျစ်စလို မလုပ်ပါနဲ့၊ ခဏလေးတော့ စောင့်ပါဦး၊ ခဏနေရင် တတိယအဖိုး ဒါမှမဟုတ် အကြီးဆုံးအဖိုးတို့ မိသားစုက လူတွေ ရောက်လာလိမ့်မယ်၊ ဒီနေ့ အိမ်နီးချင်းတွေကိုပဲ အတွေ့မခံတာ၊ ဆွေမျိုးတွေကိုတော့ အတွေ့မခံဘူးလို့ မပြောထားဘူးလေ"
စုန့်တင်းရှန်းက အဘွားဖြစ်သူ ခါးနာမည်ကို စိုးရန်သောကြောင့် မှီထိုင်ရန် ဗီရိုထဲမှ ခေါင်းအုံးတစ်လုံး ထုတ်ပေးလိုက်သည်။
ဖန့်ရှီနှင့် ကျန်းရှီးတို့ကလည်း ပြောလာခဲ့သည်။
"ငါတို့လည်း ငါတို့ အခန်းကို ပြန်ပြီး ခဏလောက် နားဦးမှ၊ တစ်လမ်းလုံး ရထားလုံးစီးလာရတာ ခါးတွေ နာလှပြီ၊ ရထားလုံးက ဘယ်လောက်ပဲ ကျယ်ကျယ် ကိုယ့်အိမ်က ကုတင်လောက်တော့ မကောင်းဘူး"
ယနေ့ခရီးတွင် ဟူထောင်နှင့် စုန့်ယွိလန်တို့ လိုက်မလာကြပေ။ ဟူထောင်က တစ်ရက်အလုပ်နားလျှင် ဆုံးရှုံးသွားမည့် ငွေကို တွက်ချက်ကာ နှမြောနေပြီး ကျန်နေခဲ့သည်။ စုန့်ယွိလန်ကတော့ သူမကဲ့သို့ ကွာရှင်းထားသည့် မိန်းမတစ်ယောက်အနေဖြင့် မြို့တော်သို့ တစ်ခေါက်သွားရသည်ကပင် ဂုဏ်ရှိလှပြီဟု တွေးနေခဲ့သည်။ ယခု သူမက ညီမဖြစ်သူ၏ ဂုဏ်ဒြပ်ကို အခွင့်ကောင်း ထပ်မယူချင်တော့ပေ။
စုန့်တင်းရှန်းက မည်သို့ တိုက်တွန်းနေပါစေ စုန့်ယွိလန်က ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့သည်။ ထို့အပြင် သူမက စားသောက်ဆိုင်၏ တစ်နေ့ဝင်ငွေကိုလည်း မစွန့်လွှတ်နိုင်သောကြောင့် ကျန်ရစ်နေခဲ့ခြင်းပင်။
စုန့်ရှင်းယိကတော့ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ သားနှစ်ယောက်ကို ခေါ်ကာ နောက်ဖေးရှိ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ကြက်ခြံနှင့် ဝက်ခြံများကို သွားကြည့်နေသည်။ လီရှန့်ကိုလည်း ကြာကန်ဆီသို့ လိုက်ပို့ပေးရန် ပြောနေသေးသည်။
အချို့လူများက မျက်နှာလိုမျက်နှာရ လာရောက်နှုတ်ဆက်ရန် ကြိုးစားနေကြသော်လည်း အနောက်ဘက် ခပ်လှမ်းလှမ်းတွင် လိုက်ပါလာသော စစ်သည်လူငယ်လေးများကို မြင်သည့်နှင့် လက်လျှော့သွားကြတသည်။
"ဓားတွေ လှံတွေက မျက်စိမပါဘူးလေ၊ အဲဒီစစ်သည်တော်တွေ မတော်တဆ တစ်ခုခုလုပ်မိရင် ငါတို့ပဲ အလကားနေရင်း ဒဏ်ရာရကုန်မယ်၊ မတန်ပါဘူး"
ရွာသားများက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
"ဒီနှစ်တော့ သစ်သီးတွေ သိပ်မထွက်ဘူးခင်ဗျ၊ အများစုကိုတော့ တတိယသခင်မလေးတို့ မိသားစုက သစ်သီးယိုလုပ်ဖို့ ယူသွားကြတယ်၊ ကျန်တဲ့အသီးတွေကိုတော့ ကျွန်တော့်ဇနီးက သကြားစိမ်တာတို့၊ အခြောက်လှမ်းတာတို့ လုပ်ထားပါတယ်"
လီရှန်းက တတွတ်တွတ် ရှင်းပြနေသည်။
"ဒါပေမယ့် မကြာသေးခင်က အရာရှိတချို့ ရောက်လာပြီး ဒီလယ်မြေတွေက ဒုတိယသခင်မလေးရဲ့နာမည်နဲ့လား၊ တတိယသခင်ရဲ့ နာမည်နဲ့လားဆိုတာ လာမေးကြတယ်။ တကယ်လို့ ဒုတိယသခင်မလေးရဲ့နာမည်၊ ဒါမှမဟုတ် တတိယသခင်ရဲ့နာမည်နဲ့ မှတ်ပုံတင်ထားမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရနိုင်တယ်တဲ့၊ ဒါဆိုရင် နှစ်တိုင်း ငွေနဲ့ ကောက်နှံအတော်များများ သက်သာသွားမှာပါ"
စုန့်ရှင်းယိက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
"ငါကတော့ အဲဒီကိစ္စတွေကို သိပ်နားမလည်ဘူး၊ ဂရုလည်းမစိုက်ဘူး၊ အာ့နွီကိုပဲ သွားမေးလိုက်၊ ဪ... နောက်ပြီး ငါတို့အိမ်မှာ ရှိနေတုန်း ငါ့ကို 'သခင်ကြီး' တို့ 'သခင်မကြီး' တို့ မခေါ်စမ်းပါနဲ့ကွာ၊ ဘယ်သူ့ကို ခေါ်နေမှန်းတောင် ငါ မသိတော့ဘူး"
လီရှန့်က အပြုံးဖြင့် ပြန်မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော်မျိုးက ဘယ်လို ခေါ်ရမှာလဲ"
“အရင်အတိုင်း နာမည်တပ် ခေါ်လေ၊ ဒီမှာ လူစိမ်းတွေလည်း မရှိဘူး၊ ဟန်ဆောင်နေဖို့ မလိုဘူး၊ ငါတို့က သာမန်အရပ်သားတွေပဲ၊ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေကို မကြိုက်ဘူး"
စုန့်ရှင်းယိက ဆေးတံကို ထုတ်ကာ မီးညှိပြီးနောက် မေးလိုက်ပြန်သည်။
"လယ်ငှားတွေရော အဆင်ပြေကြရဲ့လား"
"သူတို့အားလုံး အဆင်ပြေပါတယ်၊ ငှားခကိုလည်း တစ်ခါမှ မနှောင့်နှေးကြပါဘူး၊ ဒါပေမယ့် ဝမ်မျိုးရိုး မိသားစုကတော့ အဘွားအို နေမကောင်းဖြစ်နေလို့ ငွေကြေး ကြပ်တည်းနေကြပါတယ်။ ဒါကြောင့် သူတို့ကို ငှားယမ်းခ ခဏရွှေ့ဆိုင်းခံခွင့်ပေးထားပြီး စားနပ်ရိက္ခာတချို့လည်း ချေးပေးထားပါတယ်။ သူတို့ စာချုပ်မှာ လက်မှတ်ထိုးထားပြီး အဘွားအို နေကောင်းတာနဲ့ အပြည့်အဝ ပြန်ဆပ်ပါလိမ့်မယ်၊ တကယ်လို့ သူတို့ ပြန်မဆပ်ရင်တော့ နောင်ကျရင် သူတို့ကို မြေငှားတော့မှာ မဟုတ်ပါဘူး"
"ကောင်းပြီ၊ မင်းပဲ သင့်တော်သလိုပဲ စီစဉ်လိုက်ပေါ့၊ စာရင်းအင်းစာအုပ်တွေကိုတော့ အဘွားကြီး ဒါမှမဟုတ် အာ့နွီကို ပေးလိုက်၊ ဒါတွေက သူတို့ပဲ ကိုင်တွယ်တာ"
စုန့်ကျစ်ယွမ်က ရုတ်တရက် ဝင်မေးလိုက်သည်။
"ရွာထဲမှာ မရင်းနှီးတဲ့ မျက်နှာတွေ အများကြီးတွေ့နေရတယ်၊ ဘယ်လိုဖြစ်တာလဲ"
လီရှန်းက အပြုံးဖြင့် ပြန်ဖြေလာသည်။
"သခင်တို့က မြို့တက်သွားတော့ အဲ့အကြောင်းကို မသိရသေးဘူး၊ သခင်တို့ ထွက်သွားပြီးတဲ့နောက်မှာ ဒုက္ခသည်တွေ အများကြီး ရောက်လာခဲ့တာပါ။ သူတို့အိမ်တွေ ပျက်စီးသွားပြီး သွားစရာမရှိကြတော့ဘူးတဲ့။ အရာရှိတွေက ရွာတစ်ရွာကို ဒုက္ခသည် ဘယ်နှစ်ယောက်ဆိုပြီး ခွဲတမ်းချထားတယ်။ သူတို့က ရိုးသားပြီး အလုပ်လုပ်ချင်စိတ်ရှိသရွေ့တော့ ဒီမှာ နေလို့ ရပါတယ်၊ ကျွန်တော်လည်း ကြာကန်နဲ့ မြေရိုင်းတွေမှာ အလုပ်နည်းနည်း ကူလုပ်ဖို့ သူတို့ကို နေ့စားအလုပ်သမားအဖြစ် ငှားခဲ့သေးတယ်"
"မင်း သူတို့ကို ငှားတယ်၊ ပိုက်ဆံကျတော့..."
စုန့်ရှင်းယိက စူးစမ်းဟန်ဖြင့် ဝင်မေးလိုက်သည်။
"ကျွန်တော်တို့မှာ ပုံမှန်အသုံးစရိတ် သိပ်မရှိပါဘူး၊ အိမ်မှာ အကုန်ပြည့်စုံနေတာပါ၊ အဖွားကလည်း ကျွန်တော်တို့ ဝတ်ဖို့အတွက် အဝတ်အစားတွေ အများကြီး ပေးခဲ့တော့ လစဉ်ပေးတဲ့ လစာငွေကို လူငှားဖို့ သုံးလိုက်တာပါ၊ အဲ့ဒါကိုလည်း မှတ်တမ်းတင်ထားပါတယ်၊ နောက်မှ ဒုတိယသခင်မလေးကို တင်ပြလိုက်ပါ့မယ်"
စုန့်ရှင်းယိက ရယ်မောလိုက်သည်။
"မင်းက အတော်လေး အကြံကောင်းတာပဲ၊ အာ့နွီဆီကနေ မင်းပိုက်ဆံကို ပြန်တောင်းလိုက်၊ နောက်ပိုင်း လိုအပ်တာရှိရင်လည်း သူ့ကိုပဲ တိုက်ရိုက် ပြော၊ နားလည်လား"
လီရှန့်က သူ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့ စကားပြောနေစဉ် တစ်ဖက်မှ ရထားလုံးတစ်စီး ချဉ်းကပ်လာသည်။
"အဖိုး၊ အဖေ၊ ဒုတိယဦးလေး"
ရထားလုံးထဲမှ ခေါင်းတစ်လုံး ပြူထွက်လာပြီး သူတို့ကို လှမ်းခေါ်လိုက်သည်။
"စန်းနွီအာလား.... ကျဲကျင့် ရောက်လာပြီ"
စုန့်ကျိချန်းက သူ့သမီးကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားသည်။
ရထားလုံးက လူအုပ်ရှေ့တွင် ရပ်တန့်သွားပြီး လီယွင်ရှန်းက အရင်ခုန်ဆင်းလာသည်။ ထို့နောက် သူက စုန့်ကျဲကျင့် ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးနေသည်။ စုန့်ကျဲကျင့်က ကိုယ်ဝန် အရင့်အမာကြီးနှင့် ဖြစ်နေသော်လည်း သူမ၏မျက်နှာလေးက ဝိုင်းစက်နီမြန်းနေပြီး ကျန်းမာပုံရသည်။ သူမ၏အသွင်အပြင်ကို ကြည့်ရုံဖြင့် လီယွင်ရှန်း ကောင်းကောင်း ဂရုစိုက်ထားမှန်း သိသာနေသည်။
"အဖေ..."
စုန့်ကျဲကျင့်က သူမ၏မိသားစုကို မြင်လိုက်ရသောကြောင့် မျက်ရည်များ ဝဲလာကာ အော်ဟစ်လိုက်သည်။
"ဟင့်...နောက်ဆုံးတော့ ပြန်လာကြပြီ၊ သမီး အရင်က လာတွေ့ဖို့ တစ်ခါ ကြိုးစားခဲ့သေးတယ်၊ ဒါပေမယ့် လမ်းမှာ အတားခံရပြီး မြင်းတောင် လန့်သွားတယ်၊ အဲ့ဒါကြောင့် ယွင်ရှန်းလည်း ချက်ချင်း ပြန်လှည့်လိုက်တာ၊ ပြီးတော့ နောက်ထပ်လည်း မလာရဲတော့ဘူး"
"ဘာတွေ ဖြစ်ခဲ့တာလဲ"
စုန့်ကျိချန်က ထိတ်လန့်တကြား အော်မေးလိုက်သည်။
လီယွင်ရှန်းက စုန့်ကျဲကျင့်အစား ရှင်းပြလိုက်သည်။
"တတိယအဖိုး၊ ဒုတိယအဖိုးနဲ့ အကြီးဆုံးအဖိုးတို့ရဲ့ မိသားစုတွေက ရထားလုံးကို တားပြီး သူတို့ကို မြို့ပေါ် ခေါ်သွားပေးဖို့ ပြောခဲ့ကြတယ်၊ တရားမျှတမှု ရှာပေးဖို့ ဆိုပြီး အော်ဟစ်ကြသေးတယ်၊ ကျဲကျင့်က အရမ်းလန့်သွားပြီး ပြန်ရောက်တော့ အိပ်ရာထဲမှာ ရက်တော်တော်ကြာကြာ နားလိုက်ရသေးတယ်"
"အဓိပ္ပာယ်မရှိတဲ့တာ.... ဘာကို တရားမျှတမှုလဲ၊ သူတို့က ဘာအတွက် တရားမျှတမှု ရှာချင်နေကြတာလဲ"
စုန့်ရှင်းယိတစ်ယောက် ဒေါသကြောင့် ခေါင်းကိုက်လာပြီး ရှေ့ဆက်မသွားချင်တော့ပေ။
"အိမ် ပြန်ကြမယ်၊ သူတို့ ဘယ်လို တရားမျှတမှုမျိုးကို ရှာချင်နေလဲဆိုတာ ငါ သိချင်နေပြီ"
စုန့်ကျဲကျင့်က သူတို့အားလုံးကို ရထားလုံးပေါ် တက်ရန် အတင်း ခေါ်နေပြန်သည်။ ရထားမောင်းသူနှင့် လီရှန်းတို့က ရထားခုံပေါ်တွင် ထိုင်နေကြပြီး မြင်းကြီးက သွက်သွက်လက်လက် ပြေးလွှားနေသည်။ သိပ်မကြာမီပင် အိမ်ရှေ့သို့ ရောက်ရှိသွားကြသည်။
"မင်းအမေနဲ့ အဒေါ်က အနားယူနေကြတယ်၊ အာ့နွီအာကတော့ အရှေ့ခန်းမှာ ရှိတယ်၊ အဲဒီကို တန်းသွားလိုက်တော့"
စုန့်ကျိချန်းက သမီးဖြစ်သူ၏ဗိုက်ကြီးကို ကြည့်နေပြီး သူမ မတော်တဆ ချော်လဲမည်ကို စိုးရိမ်သောကြောင့် စိုးရိမ်တကြီး လှမ်းကြည့်နေရှာသည်။
စုန့်ကျဲကျင့်က အိမ်ထဲသို့ ဝင်သွားပြီး သူမတစ်ကိုယ်လုံး လန်းဆန်းသွားကာ ခြေလှမ်းများကလည်း သွက်လက်လာသည်။ သူမနောက်မှ စိုးရိမ်တကြီး ကြည့်နေသော အမျိုးသားနှစ်ဦးကို ဂရုမစိုက်တော့ဘဲ ပင်မအခန်းကြီးထဲသို့ အပြေးဝင်သွားတော့သည်။
"အဖွား၊ ဒုတိယအစ်မ... ခဲအို"
ကျိုးယိနို ထွက်ခွာသွားစဉ်က သူက ဆယ်ကျော်သက်အရွယ်လေးသာ ရှိသေးသည်။ ယခု ခြောက်နှစ်အကြာတွင်တော့ တစ်ချိန်က ပိန်ပိန်ပါးပါးနှင့် အသားမည်းမည်းကောင်လေးက တည်ငြိမ်ရင့်ကျက်သည့် စစ်သူကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် စုန့်ကျဲကျင့်တစ်ယောက် သူမ၏အံ့သြမှုကို မဖုံးနိုင်မဖိနိုင် ဖြစ်နေခဲ့သည်။
ကျိုးယိနိုက အပြုံးဖြင့် သတိပေးလိုက်သည်။
"သတိထားဦးလေ"
စုန့်ကျဲကျင့်က လျှာလေးထုတ်ပြကာ ခန်ပေါ်သို့ ကုန်းတက်နေသည်။
အဖွားဖြစ်သည့် လီရှီက လုံးဝ ပင်ပန်းပုံမရဘဲ ခန်ပေါ်တွင် လူးလှိမ့်နေရင်း စုန့်တင်းရှန်း၊ လီရှန့်၏ဇနီးတို့နှင့်အတူ ရွာထဲမှ အတင်းအဖျင်းများအကြောင်း အားပါးတရ ပြောနေကြသည်။ ထိုအချိန်တွင် စုန့်ကျဲကျင့်တစ်ယောက် ဗိုက်ကြီးတကားကားနှင့် ခုန်ပေါက်ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် သူမတို့အားလုံး ထိတ်လန့်တကြား ထထိုင်လိုက်ကြသည်။
"အိုက်ယား... စန်းနွီအာ၊ ဖြည်းဖြည်း လုပ်ပါဟဲ့၊ ဖြည်းဖြည်း၊ သူ့ကို ကူတွဲပေးလိုက်ကြဦး၊ လာ အဖွား ကြည့်ပါရစေဦး"
လီရှန့်ဇနီး၏ အကူအညီဖြင့် စုန့်ကျဲကျင့်တစ်ယောက် ခန်ပေါ်သို့ ရောက်လာပြီး လီရှီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
"သမီးက အဖွားကို အရမ်းလွမ်းနေတာ၊ တကယ်လွမ်းနေခဲ့တာ"
"အိုး... နင်က နင့်ရဲ့ဒုတိယအစ်မကိုကျတော့ မလွမ်းဘူးပေါ့"
စုန့်တင်းရှန်းက ဘေးမှ စနောက်လိုက်သည်။
"လွမ်းတာပေါ့၊ အားလုံးကို လွမ်းတာ"
စုန့်ကျဲကျင့်က အဘွားအား ချွဲနွဲ့နေသည်ကို ရပ်လိုက်ပြီး သူမ၏ဗိုက်ကို ပွတ်ကာ ထထိုင်လိုက်သည်။
"ဟေး... ဒုတိယအစ်မ၊ ကျွန်မက ကိုယ်ဝန်ရှိနေပြီနော်၊ နောက်ကျရင် အစ်မရဲ့ကလေးက ကျွန်မရဲ့ကလေးကို အစ်ကို ဒါမှမဟုတ် အစ်မလို့ ခေါ်ရတော့မှာ"
"ကြည့်စမ်းပါဦး၊ နင်က ယုံကြည်မှုတွေ အရမ်းပြည့်နေတာပဲ၊ လာ စွန်ပလွံသီး စားလိုက်ဦး"
စုန့်တင်းရှန်းက ခန်ဘေးရှိ စားပွဲပေါ်မှ စွန်ပလွံသီးခြောက်တစ်ဆုပ်ကို ယူကာ သူမဘက်သို့ တွန်းပို့လိုက်သည်။
စုန့်ကျဲကျင့်က စွန်ပလွံသီးတစ်လုံးကို ကောက်ယူ ဝါးနေရင်း ပြောလာပြန်သည်။
"ဒုတိယအစ်မ၊ ကျွန်မတို့ ဒီနှစ် သစ်သီးအိုးတွေ အများကြီး လုပ်ထားတယ်။ ဒီနေ့ စာရရချင်း နှစ်အိုး ယူလာခဲ့တယ်၊ တစ်အိုးက မက်မွန်သီး၊ နောက်တစ်ဘူးက ဟော်သွန်၊ နှစ်ခုလုံးက အရမ်းစားကောင်းတယ်"
"ဟဲ့... အခု ဟော်သွန်ကို လုပ်နေပြီလား"
စုန့်တင်းရှန်းက ရယ်မောရင်း ထပ်မေးလိုက်ပြန်သည်။
"ဟော်သွန်အပြင် တခြားဘာတွေ လုပ်သေးလဲ"
"ပန်းသီးနဲ့ စမ်းလုပ်ကြည့်သေးတယ်၊ ဒါပေမယ့် ပြုတ်လိုက်တော့ အကုန်ကြေမွသွားပြီး သစ်သီအိုးလုပ်လို့ မရတော့ဘူး၊ သစ်တော်သီးယိုကျတော့ တကယ်စားကောင်းတယ်၊ ဇီးပန်းသီးတွေကိုလည်း စမ်းကြည့်ခဲ့သေးတယ်၊ ဒါပေမယ့် နောက်ဆုံး ယိုအိုးကြီး ဖြစ်သွားပြီး မကုန်ကုန်အောင် ရက်တွေအကြကြီး စားလိုက်ရတယ်"
စုန့်ကျဲကျင့်က ရွှင်ရွှင်ပြပြ ပြောပြနေသည်။ သူမက အိမ်ထောင်ကျပြီးနောက် အခြားချွေးမများကဲ့သို့ တည်ငြိမ်သွားရမည့်အစား ပို၍ပင် ကလေးဆန်ကာ ချွဲနွဲ့တတ်လာသည်။ လီယွင်ရှန်းက သူမကို မည်မျှ ချစ်ခင်အလိုလိုက်ထားကြောင်း ပြောနေစရာပင် မလိုတော့ပေ။
ထိုအချိန်တွင် လီယွင်ရှန်းနှင့် အခြားသူများလည်း အခန်းထဲသို့ ဝင်လာကြသည်။ သို့သော်လည်း သူတို့စကားမပြောရသေးမီ အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသည်။
"ဘာ၊ အခု သူက ကောင်တီမင်းသမီး ဖြစ်သွားပြီဆိုတော့ ဆွေမျိုးတွေကို အသိအမှတ် မပြုချင်တော့ဘူးလား၊ နင်က အစေခံတစ်ယောက်ပဲ၊ ငါက ကောင်တီမင်းသမီးရဲ့ တတိယအဘွားပဲ"
အစေခံခေါင်းဆောင် ကျန်းကျူးက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"စိတ်မဆိုးပါနဲ့ရှင်၊ ကောင်တီမင်းသမီးက အနားယူနေ လို့ပါ၊ ကျွန်မ သွားပြောပေးပါ့မယ်"
"ဘာကို အနားယူတာလဲ၊ ခုလေးတင် လီမိသားစုရဲ့ ရထားလုံး ဝင်သွားတာကို ငါ မြင်လိုက်တယ်၊ ဖယ်စမ်း... မဖယ်ရင် နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်"
ကောင်းရှီက တံခါးဝတွင် မတ်တပ်ရပ်နေပြီး ဒေါသတကြီး အော်ဟစ်နေသည်။
စုန့်တင်းရှန်း၏မျက်နှာက ချက်ချင်း တင်းမာသွားပြီး လီရှီနှင့် အခြားသူများကို လှည့်ပြောလိုက်သည်။
"အေးအေးဆေးဆေး စကားပြောကြဦး၊ သမီး အပြင်ထွက်ကြည့်လိုက်ဦးမယ်"
ထိုသို့ ပြောပြီးနောက် သူမက ခန်ပေါ်မှ ဆင်းလိုက်သည်။
ကျိုးယိနိုက သူမကို လှမ်းတားလိုက်သည်။
"ကိုယ်ပဲ သွားလိုက်ပါ့မယ်၊ မင်း အခန်းထဲမှာပဲ အနားယူသင့်တယ်"
စုန့်တင်းရှန်းကလည်း ချက်ချင်း ငြင်းဆန်လိုက်သည်။
"ဟင့်အင်း၊ ကျွန်မ သွားမှ ဖြစ်မယ်၊ မိန်းမတစ်ယောက် ရန်ရှာနေတာမျိုးက ရှင်တို့ယောကျ်ားတွေ ကိုင်တွယ်နိုင်တဲ့အရာ မဟုတ်ဘူး"
စုန့်တင်းရှန်းကို မြင်လိုက်သည်နှင့် ကောင်းရှီက သူမ၏ ပေါင်ကို လက်ဖြင့် ပုတ်ကာ အော်ဟစ်ငိုယိုလိုက်သည်။
"အိုက်ယား... ငါ့ရဲ့ တင်းရှန်းလေး၊ တတိယအဖွားက နင်ကို အရမ်းလွမ်းနေတာ၊ နင့်ကို နေ့ရောညပါ မျှော်နေခဲ့ရတာ၊ အခုမှပဲ ပြန်ရောက်လာတော့တယ်၊ တင်းရှန်း... နင့်ရဲ့ အစ်မကို ကယ်ပေးရမယ်"
သူမ၏ အော်ငိုသံကြောင့် အိမ်နီးချင်းများစွာက တံတိုင်းများပေါ်မှ ချောင်းကြည့်နေကြပြီး တချို့က လူစုလာကြသည်။ လူများလာသည်ကို မြင်လိုက်သည်နှင့် ကောင်းရှီ၏ ဟန်ဆောင်ငိုသံက ပို၍ပင် အားပါလာသည်။
"အခု နင်က ကောင်တီမင်းသမီး ဖြစ်နေပြီလေ၊ နင်က အရာရှိကြီး ဖြစ်နေပြီ၊ အရင်က ငါတို့ အမှားတစ်ခုခုလုပ်မရင် လေလည်သလို လွှတ်ပေးလိုက်လို့ရတယ်၊ အခုတော့ နင်ရဲ့ စကားတစ်ခွန်းကြောင့် ငါတို့အားလုံး ဒုက္ခရောက်နေရပြီ၊ နင်ရဲ့ အစ်မနဲ့ ခဲအိုက တကယ်ကို မတရားခံနေရတာပါ၊ နင် သူတို့ကို ကယ်တင်ပေးရမယ်"
စုန့်တင်းရှန်းက သူမအနားသို့ အေးအေးလူလူ လျှောက်သွားပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"တတိယအဖွား... ဘာတွေ ပြောနေတာလဲ၊ ကျွန်မရဲ့အစ်မက ခရိုင်မြို့မှာ အဆင်ပြေပြေ ရှိနေတယ်လေ၊ ခဲအိုဆိုတာကတော့... ကျွန်မမှာ ခဲအိုမှ မရှိတာ"
ကောင်းရှီကတော့ မရပ်မနား ဆက်လက်ငိုယိုနေဆဲပင်။
"ထောင်ဟုန်လည်း နင့်ရဲ့ အစ်မအရင်းလိုပဲလေ၊ အခု သူ သီလရှင်ကျောင်းထဲ ရောက်သွားပြီး အရမ်း ဒုက္ခရောက်နေရှာတယ်၊ နင့်မှာ နည်းလမ်းရှိမှာပဲ၊ သူ့ကို ကယ်တင်ပေး၊ ပြီးတော့ နင့်ရဲ့ ခဲအိုမိသားစုကလည်း ငါတို့နဲ့ ဆွေမျိုးတွေပဲလေ၊ နင် သူတို့ကို ကူညီပေးရမယ်"
စုန့်တင်းရှန်းက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။
"တတိယအဖွား... ဘာတွေ လျှောက်ပြောနေတာလဲ၊ ရှချမ်းက မြို့တော်က အကျဉ်းထောင်ထဲကို ရောက်နေပြီ၊ ဆောင်းဦးပေါက်တာနဲ့ အကွပ်မျက်ခံရတော့မှာ၊ ရှမိသားစုက ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ စုန့်ထောင်ဟုန် ကိစ္စကတော့... ဧကရာဇ်မင်းမြတ်က ကျွန်မယောက်ျားရဲ့ စစ်မြေပြင်က အကျိုးဆောင်မှုတွေကို ထောက်ထားလို့သာ အဖွားတို့မိသားစုကို လွှတ်ပေးထားတာနော်"
ကောင်းရှီက ပြန်အော်ဟစ်နေသည်။
"ဒါပေမယ့် ထောင်ဟုန်မှာ အပြစ်မရှိဘူးလေ၊ သူက ငယ်သေးတယ်၊ နောက်အိမ်ထောင်ပြုဖို့ ပြဿနာ မဟုတ်ဘူး၊ နောက်ပြီး ဧကရာဇ်က အဝေးကြီးမှာလေ၊ ဒီနေရာအထိ လက်လှမ်းမမီဘူး၊ နင်က ဒေသခံအာဏာရှင်လို ဖြစ်နေပြီပဲ၊ ဘာကို ကြောက်နေတာလဲ"
စုန့်တင်းရှန်း၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး ပြန်အော်လိုက်သည်။
"တော်စမ်း၊ ဘယ်လို လုပ်ပြီး ဒီလိုစကားမျိုးကို ပြောရဲတာလဲ၊ သူ့ကို ပါးရိုက်လိုက်ကြစမ်း’"
အနားရှိ သက်တော်စောင့်တစ်ဦးက ချက်ချင်း ရှေ့တိုးလာပြီး ကောင်းရှီ ဘာမှ မတုံ့ပြန်နိုင်ခင် သူမ၏ပါးကို နှစ်ချက်ဆင့် ရိုက်လိုက်သည်။ ကောင်းရှီတစ်ယောက် မှင်တက်နေပြီးမှ သူမ၏ပါးကို အုပ်ကာ အော်ဟစ်ငိုယိုရင်း မြေကြီးပေါ်တွင် လူးလှိမ့်ရန်ရှာနေတော့သည်။
စုန့်တင်းရှန်းက ပြတ်ပြတ်သားသား ထပ်ပြောလိုက်သည်။
"ဒီမင်းသမီးက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဘွဲ့နှင်းထားတဲ့ ဒုတိယအဆင့် ကောင်တီမင်းသမီးပဲ၊ ဧကရာဇ်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ ကျွန်မရှေ့မှာ ဒီလိုရိုင်းစိုင်းတာက ဧကရာဇ်မင်းမြတ်ကို စော်ကားတာနဲ့အတူတူပဲ၊ ဘာကြစမ်း... ဒီမိန်းမကို ဆွဲထုတ်သွားကြစမ်း"
"ငါက နင်ရဲ့ တတိယအဘွားနော်၊ ငါ... ငါ အာဏာပိုင်တွေကို သွားတိုင်မယ်၊ နင်က လူကြီးသူမကို မရိုသေဘူး ဆိုပြီး သွားတိုင်မယ်"
ကောင်းရှီက အသံဝင်အောင် အော်ပြောနေသည်။
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ရှင်က ဧကရာဇ်မင်းမြတ်ကို အရင်စော်ကားတာလေ၊ ရှင့်ကို ဆွေမျိုးဖြစ်နေလို့ ဒီလောက်နဲ့ လွှတ်ပေးလိုက်တာ၊ နောက်ပြီး ကျွန်မတို့က အိမ်ခွဲပြီးသား၊ ကျွန်မ ရှင့်ကို တတိယအဖွားလို့ ခေါ်နေတာကပဲ လေးစားမှု ပြနေပြီ၊ တကယ်ဆိုရင် ရှင် ကျွန်မကို မြင်တာနဲ့ ဒူးထောက် အရိုအသေပေးရမှာ"
အနားတွင် လာကြည့်နေသည့် ရွာသားများက စုန့်တင်းရှန်း၏ ပြတ်သားပုံကို မြင်သွားပြီး အထိတ်တလန့် လူစုခွဲကုန်ကြသည်။
ထိုအခိုက်အတန့်တွင် ကျူးရှီးက ပြေးလာပြီး ကောင်းရှီ၏ ကိုယ်ပေါ်သို့ အုပ်မိုးကာ စုန့်တင်းရှန်းကို ငိုယိုတောင်းပန်နေသည်။
"တင်းရှန်း... အဒေါ်မှားခဲ့တာပါ၊ အဒေါ်တောင်းပန်ပါတယ်၊ အဒေါ့်မျက်နှာကို ထောက်ထားပြီး နင့်ရဲ့ အစ်မကို ပြန်လာခွင့်ပြုလိုက်ပါ၊ လွန်ခဲ့တဲ့ ရက်အနည်းက ငါ သွားကြည့်တော့ ထောင်ဟုန်က အရမ်းပိန်သွားပြီး မှတ်တောင်မမှတ်မိလောက်အောင် ဖြစ်နေပြီ"
စုန့်တင်းရှန်းက နှာမှုတ်လှောင်ပြောင်းပြီးမှ ပြန်ပြောလိုက်သည်။
"အရင်တုန်းက စုန့်ထောင်ဟုန်က ကျွန်မကို မြစ်ထဲတွန်းချခဲ့တယ်၊ ရှချမ်းက ကျွန်မကို မဖြူစင်တော့ဘူးလို့ စွပ်စွဲပြီး စေ့စပ်ပွဲ ဖျက်ခဲ့တယ်၊ သူတို့ ပေါင်းပြီး ကျွန်မကို သေလုနီးပါးအထိ တွန်းပို့ခဲ့ကြတယ်၊ ဒါကိုတောင် ကျွန်မက ဘာမှ ပြန်မပြောဘဲ သည်းခံပေးခဲ့တယ်"
"အဲဒီနောက်ပိုင်းမှာလည်း မြောက်ပိုင်းက စစ်သည်တွေအတွက် ကျွန်မချုပ်ထားတဲ့ လက်အိတ်တွေကို ရှင်တို့ ခိုးယူခဲ့ကြတယ်၊ ပြီးတော့ စုန့်ထောင်ဟုန်ကို သိုးမွှေးထိုးနည်း ခိုးသင်ပေးပြီး ရှချမ်းဆီ လွှတ်လိုက်ကြတယ်၊ ရှင်တို့ မသိတာက ရှချမ်းက စုန့်ထောင်ဟုန်ကို အစကတည်းက ဝန်ထုပ်ဝန်ပိုးလို့ သတ်မှတ်ထားပြီးပြီ၊ သူ့ကို သတ်ပစ်ဖို့လည်း သူ့မိသားစုဆီကို စာတွေ ပို့ထားပြီးသား၊ စုန့်ထောင်ဟုန် သေမှ သူ ချမ်းသာတဲ့ မိသားစုနဲ့ ထပ်လက်ထပ်လို့ရမှာလေ"
"အခု ရှချမ်းက ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်၊ စုန့်ထောင်ဟုန်ရဲ့ ကလေးလည်း ရှချမ်းလက်ချက်နဲ့ သေသွားရပြီ၊ စုန့်ထောင်ဟုန်ကိုယ်တိုင်လည်း အမှုထဲ ပါနေတယ်၊ ဧကရာဇ်မင်းမြတ်က သဘောထားကြီးလို့သာ သူ့ကို ဒီအနီးအနားက သီလရှင်ကျောင်းမှာ ဝတ်ပြုခွင့်ပေးထားတာ၊ ဒါတောင်မှ ရှင်တို့က မကျေနပ်ကြသေးဘူးလား"
ကျူးရှီးက ဆက်ပြီး ငိုယိုအော်ဟစ်နေသည်။
"အဲဒါတွေက ရှချမ်းရဲ့အမှားလေ၊ ငါတို့ ထောင်ဟုန်နဲ့ ဘာဆိုင်လို့လဲ"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"အမှားတိုင်းမှာ အပြစ်ရှိတဲ့သူ ရှိသလို အကြွေးတိုင်းမှာလည်း အကြွေးဆပ်ရမယ့်သူ ရှိတယ်၊ အပြစ်ရှိရင် အပြစ်ပေးခံရမှာပဲ၊ စုန့်ထောင်ဟုန် အခုလို ဖြစ်ရတာက သူ့ရဲ့ လောဘနဲ့ မိုက်မဲမှုကြောင့်ပဲ၊ ရှင်တို့က သူ အမှားတွေ သိမြင်ပြီး နောင်တကြောင့် ပြုပြင်လာအောင် မလုပ်ဘဲ ကျွန်မဆီကို လာပြီး ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ဆန့်ကျင်ခိုင်းနေတာလား၊ အခု ကျွန်မ သိပြီ၊ တတိယအဖွားနဲ့ အဋ္ဌမအဒေါ်တို့က ကျွန်မကို သေတွင်းထဲ ပို့ချင်နေကြတာပဲ ဟုတ်တယ်မလား"
ကောင်းရှီနှင့် ကျူးရှီးတို့က ရွာမှ သာမန်မိန်းမများသာ ဖြစ်ပြီး ထိုမျှအထိ အကျိုးအကြောင်းနှင့် အကျိုးဆက်များကို မစဉ်းစားမိဘဲ မှင်တက်သွားကြသည်။
တတိယအဖွားနှင့် ကျူးရှီတို့ စုန့်ထောင်ဟုန်အား ကယ်ထုတ်ချင်နေရသည့် အဓိကအကြောင်းရင်းကလည်း ရိုးရှင်းလှပြီး စုန့်တင်းရှန်းကလည်း အကြောင်းပြချက်ကို ရိပ်မိနေခဲ့သည်။
‘သီလရှင်ကျောင်းမှာ သမီးတစ်ယောက်ရှိနေတာက ဂုဏ်သိက္ခာမရှိသလို ဖြစ်နေပြီး လူတကာက မေ့ငေါ့ကြတယ်လေ။ နောက်ပြီး စုန့်ထောင်ဟုန်က ငယ်သေးတော့ တစ်နေရာရာကို ပို့ပြီး နောက်အိမ်ထောင်ပြုခိုင်းလိုက်ရင် မိသားစုအတွက် တင်တောင်းငွေလေး ဘာလေး ရဦးမလားလို့ တွေးနေကြတာ နေမှာပေါ့’
‘အခု သူတို့မိသားစုက ဖရိုဖရဲဖြစ်နေပြီ၊ သားနဲ့ ချွေးမတွေကလည်း တစ်လမှ ငွေပြားအနည်းငယ်ပဲ ပေးပြီး ပစ်ထားကြတာတော့ သူတို့ ဘဝက အရင်ကထက်တောင် ပိုဆိုးနေမှာ သေချာတယ်။ အဲဒါကြောင့်လည်း စုန့်ထောင်ဟုန်ကို သတိရလာကြတာဖြစ်မှာပေါ့’
သူတို့ အပြန်အလှန် အော်ဟစ်နေစဥ်မှာပင် အကြီးဆုံးအဘိုးနှင့် ဒုတိယအဘိုးတို့၏ အိမ်မှလူများ ရောက်လာကြသည်။
"တင်းရှန်း၊ ဒီမိန်းမကြီးနှစ်ယောက်ရဲ့ စကားကို နားမယောင်နဲ့"
ရောက်လာသူများက တတိယအဒေါ်နှင့် စတုတ္ထအဒေါ်တို့ ဖြစ်ပြီး သူမတို့က အတော်လေး သန်မာကြသည်။ သူမတို့က ရောက်ရောက်ချင်း ကျူးရှီး၏ဆံပင်ကို ဆွဲကာ ဝိုင်းရိုက်နေကြသည်။
"နင့်ကို သေအောင်ရိုက်သတ်ပစ်မယ်၊ အရှက်မရှိတဲ့မိန်းမ၊ လူကြီးတွေကလည်း အကျင့်မကောင်းဘူး၊ လူငယ်တွေကလည်း အသုံးမကျဘူး၊ ငါတို့ စုန့်မိသားစုကနေ ဘယ်လိုလုပ်ပြီး နင်တို့လို ဂြိုလ်ဆိုးတွေကို ထွက်ပေါ်လာရတာတုန်း"
တောရွာမှ လူများက ပညာတတ်သူများ မဟုတ်ဘဲ လူကို ဆဲဆိုကြပုံကလည်း အတော်လေး ကြမ်းတမ်းရိုင်းစိုင်းသည်။ တံခါးဝတွင် ရှိနေသည့် အစေခံမလေး ကျန်းကျူးခမျာ မျက်နှာလေးနီပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။
လီရှန့်၏ဇနီးကလည်း စုန့်တင်းရှန်း၏ အနားသို့ ကပ်လာပြီး တိုးတိုးလေး ပြောလာခဲ့သည်။
"ဒုတိယသခင်မလေး၊ ကျွန်မတို့ အထဲကို မြန်မြန်ဝင်မှ ဖြစ်မယ်၊ ဒီမိသားစုတွေက တစ်အိမ်နဲ့ တစ်အိမ် မတည့်ကြဘူး၊ တွေ့တာနဲ့ ရိုက်နှက်ကြတာပဲ၊ ပုံမှန်ဆိုရင် သူတို့ အပြင်တောင် သိပ်မထွက်ရဲကြဘူး"
ရန်ပွဲက ပိုကြီးလာပြီး စုန့်ကျစ်ရှန်းနှင့် စုန့်ကျစ်ရန်တို့လည်း ငြိမ်မနေနိုင်တော့ဘဲ သူတို့၏အမေနှင့် ဇနီးကို ပြန်ဆွဲခေါ်ရန် ထွက်လာကြသည်။ သူတို့ ထွက်လာချိန်တွင် အခြားမိသားစုနှစ်ခုမှ ယောက်ျားများပါ ပြေးထွက်လာကြပြီး တစ်ရွာလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။
စုန့်တင်းရှန်းက ထိုပွဲကို စိတ်ဝင်တစား ကြည့်နေရင်း ရုတ်တရက် လှမ်းမေးလိုက်သည်။
"ဟေး၊ ပဉ္စမအဒေါ်ရော... သူ ဘယ်ရောက်နေလဲ"
လီရှန်း၏ဇနီးက ပြန်ဖြေလိုက်သည်။
"သူလား... သူကတော့ အခု လူရာမဝင်တော့ဘူး၊ အခု လူတိုင်းက သူ့ကို မုန်းနေကြတယ်၊ အဲ့ဒါကြောင့် ဘိုးဘေးခန်းမကို ပို့လိုက်ရတယ်။ သူ အဲဒီမှာ နေပြီး ငါးနှစ်တိတိ ဂျုံကြိတ်ဖို့ အပြစ်ပေးခံရတယ်လို့ ပြောကြတာပဲ၊ တကယ်ကို ကံဆိုးတာပါပဲ"
စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်ပြီး တံခါးဝမှ အစောင့်များကို ညွှန်ကြားလိုက်သည်။
"ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွားတို့ရဲ့ မိသားစုဝင်တွေကလွဲရင် ကျန်တဲ့ ဘယ်သူ့ကိုမှ ငါ အတွေ့မခံတော့ဘူး"
ထိုစကားကို ဘေးနားမှ လူတိုင်း ကြားသွားကြပြီး စုန့်မိသားစုကြီးက အပြီးတိုင် ကွဲကွာသွားပြီ ဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။
‘ကောင်တီမင်းသမီးရဲ့ ထောက်ပံ့မှုကို ရထားတဲ့ စုန့်လောင်ဝူနဲ့ စုန့်လောင်လျို့ရဲ့မိသားစုတွေကတော့ နောင်ရေးအတွက် စိတ်အေးရပြီပေါ့’
‘ဒါပေမယ့် စုန့်လောင်တာ့၊ စုန့်လောင်အာ့နဲ့ စုန့်လောင်စန်းရဲ့ မိသားစုတွေကတော့ တကယ်ကို သနားစရာကောင်းပဲ၊ သူတို့အားလုံးက မျိုးရိုးတစ်ခုတည်း၊ ဘိုးဘေးတစ်ယောက်တည်းက ဆင်းသက်လာတာတောင် ဘာလို့ ဒီလောက်အထိ ကွဲပြားသွားရတာလဲ’
‘စုန့်မိသားစုရဲ့ ညီငယ်သုံးယောက်က ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြပေမယ့် အကြီးသုံးယောက်ကတော့ ကိုယ့်အိမ်ထောင်စုကို ကိုယ်တိုင်ဖျက်ဆီးခဲ့ကြတာလေ’
ရွာသားများက ထိုလူများ တင်တောင်းငွေရရန် သမီးဖြစ်သူ၏ ဘဝအား မည်သို့နှိပ်စက်ခဲ့ကြသည်ကိုလည်း ပြန်တွေးနေကြပြီး သူတို့အပေါ် စက်ဆုပ်ရွံရှာစိတ်များ ဖြစ်ပေါ်နေကြသည်။
သီလရှင်ကျောင်းတွင် နေရသော စုန့်ထောင်ဟုန်က လောလောဆယ် အဆင်ပြေနေသည်ဟု ယူဆနိုင်သည်။ စုန့်ကျောင်းရှင်းကတော့ တစ်ကြိမ်တစ်ခါ အရောင်းစားခံခဲ့ရပြီး ရွာအတွင်း၌ ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အကယ်၍ စုန့်ထောင်ဟုန် အပြင်သို့ ပြန်ထွက်လာခဲ့လျှင်လည်း အရောင်းစားခံရမည့် ဘေးမှ လွတ်ကင်းမည်မဟုတ်ဘဲ မည်သို့သော ဒုက္ခများ ထပ်မံကြုံတွေ့ရဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။ ထို့ကြောင့် သူတို့မိသားစုအနေဖြင့် စုန့်ထောင်ဟုန်ကို အပြင်သို့ ပေးမထွက်နိုင်ရုံမျှမက အမြဲမပြတ် စောင့်ကြည့်နေရန်လည်း လိုအပ်နေသည်။
စုန့်လောင်စန်း၏ မိသားစုများ အိမ်သို့ ပြန်ရောက်လာကြပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေကာ နာကျင်နေမှန်း သိသာနေသည်။ အဘွားအိုဖြစ်သည့် ကောင်းရှီပင်လျှင် ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း အကန်ခံလိုက်ရသဖြင့် နံရိုးမှ နာကျင်မှုကို သည်းခံကာ အိပ်ရာပေါ်တွင် လဲလျောင်းလျက် တတွတ်တွတ် ဆဲဆိုနေလေသည်။
စုန့်ရှင်းရန်ကတော့ သူ့၏ဆေးတံကို ဖွာရှိုက်ရင်း မျက်မှောင်ကြီးကို ကြုတ်ကာ ငိုင်တွေနေခဲ့သည်။ ယနေ့တွင် သူ အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားနေခဲ့ပြီး ပြသနာ၏ အရင်းအမြစ်က စုန့်ထောင်ဟုန် လက်ထပ်ပွဲအတွက် အမှားတစ်ခု လုပ်ခဲ့ရာမှ စတင်ခဲ့ကြောင်း သူ နားလည်လာရသည်။
‘တကယ်လို့သာ အဲဒီတုန်းက ထောင်ဟုန်သာ ကျူးရှီရဲ့စကားကို နားထောင်ပြီး ကျိုးထျဲကျူးနဲ့ အေးအေးဆေးဆေး လက်ထပ်ခဲ့ရင် အခုချိန်မှာ ငါတို့မိသားစု ဘယ်လောက်တောင် ချမ်းသာနေလိမ့်မလဲ၊ ကျိုးထျဲကျူးဆိုတာက မင်းသားတစ်ပါးရဲ့ သားလေ၊ ဘယ်ခရိုင်အမတ်မင်းထက်မဆို အာဏာပိုရှိတာပေါ့’
‘လောင်စစ်ရဲ့ အိမ်က စုန့်တင်းရှန်းလည်း ရှချမ်းနဲ့ အိမ်ထောင်ကြပြီး ခရိုင်အမတ်မင်းရဲ့ ဇနီးဖြစ်လာမယ်၊ ဒါပေမယ့် နောက်ဆုံးမှာ သေဒဏ်ချမှတ်ခံရမှာလေ’
‘တကယ်တော့ ခြေလှမ်းတစ်လှမ်း မှားယွင်းလိုက်တာနဲ့ နောက်ထပ် ခြေတစ်လှမ်းက ပျက်စီးခြင်းဆီကို ဦးတည်နေပြီ’
‘ပြီးတော့ စုန့်ကျောင်းရှင်းရဲ့ ကိစ္စလည်း ရှိသေးတယ်၊ သူမ ထွက်ပြေးသွားတော့ ပွင့်ပွင့်လင်းလင်း ပြောပြီး ယူထားတဲ့ တင်တောင်းငွေ လျန်နှစ်ဆယ်ကို ပြန်ပေးသင့်တာ၊ ဒါပေမယ့် သူတို့က အဲ့ဒီထဲကငွေတချို့ကို မြေးဖြစ်သူ မိန်းမရှာဖို့အတွက် သုံးစွဲပစ်လိုက်ပြီးနေပြီ။ ငွေကို ပြန်ပေးဖို့ တောင်းဆိုတာက သူတို့ရဲ့ နှလုံးသားကို ဆွဲဖြဲလိုက်သလိုပဲ’
‘အဲ့တုန်းက အခြေအနေအရ သူတို့လည်း စုန့်မိသားစုက သမီးပျိုတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လုပ်ခဲ့တာ မဟုတ်ဘူးလား၊ ပြီးတော့ စုန့်ကျောင်းရှင်းကမှ အဲ့ဒီလို ဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလား၊ သူမ မသေမချင်း ရိုက်နှက်ခံရဖို့တောင် ထိုက်တန်နေပြီ၊ အသက်ဘေးက လွှတ်ပေးတာကတောင် ကံကောင်းတယ်လို့ ယူဆသင့်တာ မဟုတ်ဘူးလား၊ အဲ့လို အခြေအနေမျိုးမှာ သူမက မိသားစုကောင်းနဲ့ လက်ထပ်နိုင်ဦးမယ်လို့ သူမ မျှော်လင့်နေသေးတာလား၊ သူတို့က သူမကို ကျွေးမွေးပြီး အဝတ်အစားတွေ ဆင်ပေးခဲ့တယ်၊ မိုးခေါင်ရေရှားတဲ့ ကာလမျိုးမှာတောင် သူမကို ပစ်မထားဘဲ ကျွေးမွေးခဲ့ကြတယ်။ သူမရဲ့လုပ်ရပ်တွေက ဂုဏ်ယူစရာ မဟုတ်ဘူး၊ ဘေးဒုက္ခရောက်နေတဲ့ ကာလမှာ လူတွေက သူတို့ရဲ့ သားသမီးတွေနဲ့ ချွေးမတွေကိုတောင် ရောင်းစားနေကြတာ မဟုတ်ဘူးလား၊ ဘာလို့ သူမအလှည့်ကျမှ နာကျင်ကြေကွဲပြပြီး ဇာတ်လမ်းတွေ လုပ်ခဲ့ရတာတုန်း’
‘သူမသာ အစကတည်းက ထွက်မပြေးခဲ့ရင် သူမရဲ့ဂုဏ်သိက္ခာလည်း ပျက်စီးမှာ မဟုတ်ဘူး၊ ဒါတွေက တောက်ပြောင်နေတဲ့ ငွေစတွေလေ၊ သူမ လုပ်ခဲ့တဲ့ အကျိုးဆက်ကို ဘာလို့ သူတို့မိသားစုက လိုက်လျော်ပေးနေရမှာလဲ’
စုန့်ရှင်းရန်က တွေးလေလေ ရင်ထဲမှ ပို၍ မသက်မသာ ဖြစ်လာလေလေ ဖြစ်နေခဲ့သည်။ ရုတ်တရက် သူ့ရင်ဘတ်ထဲတွင် အသက်ရှူရ ကြပ်လာပြီး မျက်ဆံဖြူများ လန်တက်လာကာ ဇနီးဖြစ်သူ၏ ဆဲဆိုသံများကြား၌ သတိလစ် မေ့မြောသွားခဲ့သည်။
(t/n: သေသာသေလိုက်တော့ သောက်အဘိုးကြီး၊ မဆဲချင်ပေမယ့် အဲ့လိုအိမ်ကနေ ဘယ်လို လူကောင်းတွေ ထွက်လာမှာလဲ)