← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ အဆက်မပြတ်ကျွေးမွေးသော ထမင်းပွဲကြီး

စုန့်ရှင်းရန်၏အိမ်တွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး ကောင်းရှီလည်း ဆဲဆိုနေခြင်းကို ရပ်တန့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မြန်မြန်... မြန်မြန်သွားပြီး ဆေးဆရာကို သွားပင့်ကြစမ်း"

မိသားစုဝင် တစ်ယောက်ချင်းစီ၏ မျက်နှာများတွင် ဒဏ်ရာအမျိုးမျိုး ရှိနေကြပြီး မည်သူမျှ အပြင်မထွက်ချင်ကြပေ။ သို့သော် ဒေါသကြောင့် နီမြန်းနေသည့် စုန့်ရှင်းရန်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် စုန့်ကျစ်ရှန်က ဒဏ်ရာများ ပြည့်နေသော သူ၏မျက်နှာကို ဖုံးကွယ်ရန် ကောက်ရိုးဦးထုပ်ကို ဆွဲယူပြီး အပြေးအလွှား ထွက်ခွာသွားသည်။

"ဒေါသက နှလုံးကို ထိခိုက်စေခဲ့တယ်၊ ချွဲသလိပ်တွေ ပိတ်ဆို့ပြီး သတိလစ်တာ၊ ခြေလက်တွေ တုန်ခါတာ... ဒါက အဘိုးကြီး လေဖြတ်သွားပြီ"

ဆေးဆရာက စစ်ဆေးပြီးနောက် ရောဂါရှာဖွေကာ ကောင်းရှီထံသို့ ဆေးညွှန်းကမ်းပေးလိုက်သည်။

"ဒီအသက်အရွယ်မှာ ဒေါသမထွက်သင့်တော့ဘူး၊ ဆေးတံ လျှော့သောက်ဖို့လည်း လိုတယ်၊ ဆေးတံအလွန်အကျွံသောက်တာက ချွဲသလိပ် ပိုထွက်စေပြီး နှလုံးနဲ့ အဆုတ်ကို ပိတ်ဆို့လွယ်စေတယ်"

ကောင်းရှီက ခေါင်းညိတ်လက်ခံလိုက်သော်လည်း ခြေကြွခပေးရမည့်အချိန်တွင် တွန့်ဆုတ်သွားပြီး ဆင်းရဲမွဲနေသလို ဟန်ဆောင်နေခဲ့သည်။

"သမားတော်ကြီးရယ်၊ ကျွန်မတို့မိသားစု ဆင်းရဲတယ်တာကို ရှင်လည်း သိပြီးသားပါ၊ ဆေးဖိုးအတွက်တကယ် မတတ်နိုင်လို့ပါ၊ ဒါပေမယ့် ကျွန်မတို့ရဲ့ စတုတ္ထမတ်လေးက အခု အရာရှိကြီးဖြစ်ပြီး ပြန်ရောက်လာပြီလေ၊ ရှင် သူတို့ဆီသွားပြီး ဆေးဖိုးတောင်းလိုက်ပါ"

ဆေးဆရာ : “.....”

"ဒါက ဘာစကားလဲ အဘွားကြီး၊ ခင်ဗျားတို့က ကျုပ်ကို လာခေါ်ပြီး ဆေးကုခိုင်းတာလေ၊ ခင်ဗျားတို့ပဲ ပေးရမှာပေါ့၊ တောင်းချင်ရင်တောင် ခင်ဗျားတို့ သွားတောင်းရမှာလေ၊ ကျုပ်က ဘာလို့ သွားတောင်းရမှာလဲ"

ကောင်းရှီက မျက်နှာကို အုပ်ပြီး ဟန်ဆောင်ပန်ဆောင် ငိုနေပြန်သည်။

"ရှင် သိတဲ့အတိုင်းပဲ၊ ကျွန်မတို့က ခရိုင်မင်းသမီးကို စော်ကားမိပြီး အပြင်ထွက်တိုင်း ပြဿနာတက်နေတော့ အပြင်မထွက်ရဲလို့ပါ၊ ရှင် မသွားရင် ရှင်ပဲ ဆေးကုသခ ဆုံးရှုံးရမှာလေ"

ဆေးဆရာက သူမ၏ လှည့်ကွက်ကြောင့် စိတ်ပျက်သွားပြီး သူ့ဘေးနား၌ ခေါင်းငုံ့နေသူများကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့အားလုံးက တကယ်ပဲ လူကို အနိုင်ကျင့်လွန်းတယ်၊ နောက်ကျရင် ကျုပ်ကို လာမခေါ်နဲ့တော့"

သူ၏ ဆေးသေတ္တာကို ဆွဲပြီး ဒေါသတကြီး ထွက်သွားတော့သည်။

စုန့်ရှင်းရန်အိမ်မှ စိတ်ပျက်လက်ပျက် ထွက်လာသော ဆေးဆရာက လမ်းချိုးလိုက်ပြီး စုန့်ရှင်းယိ၏အိမ်သို့ ဦးတည်လိုက်သည်။

စုန့်တင်းရှန်း ခေါ်လာသည့် အစေခံလူငယ်က အိမ်ထဲ မဝင်သေးဘဲ ရထားလုံးဘေးတွင် ထိုင်ကာ အစောင့်အချို့နှင့် စကားပြောနေကြသည်။ ဆေးဆရာတစ်ယောက် အပြေးအလွှား လာနေသည်ကို မြင်လိုက်ရချိန်တွင် သူက ချက်ချင်း ထရပ်ကာ မေးမြန်းလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ၊ ဘာကိစ္စရှိလို့ ရောက်လာတာလဲ"

ဆေးဆရာက တယဉ်တကျေး အရိုအသေပေးပြီး ပြန်ပြောလာသည်။

"လူငယ်လေး... ကျုပ် ခုန စုန့်လောင်စန်းကို ဆေးသွားကုပေးခဲ့တာပါ၊ သူတို့က ဆေးဖိုးမပေးဘဲ ခင်ဗျားတို့ဆီက သွားတောင်းပါဆိုလို့... အဲဒါ..."

အစေခံက ရယ်ချင်စိတ်ကို မနည်းအောင့်ထားပြီး ပြန်မေးလိုက်သည်။

"ဘာ၊ ကျွန်တော်တို့ဆီက တောင်းခိုင်းတယ်၊ စိတ်ဝင်စားဖို့ ကောင်းလှချည်လား၊ ဒီမှာ ခဏစောင့်ပေးပါဦး၊ ကျွန်တော် သွားမေးပေးပါ့မယ်"

သူက အိမ်ထဲသို့ ဝင်သွားပြီး ခေတ္တအကြာတွင် ပြန်ထွက်လာသည်။ ထို့နောက် အစောင့်အချို့ကို ခေါ်လိုက်ပြီး ဆေးဆရာကို လှမ်းပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားအတွက် ဆေးဖိုး သွားတောင်းပေးပါ့မယ်"

သူက ခနဲ့တဲ့တဲ့ အပြုံးဖြင့် သူ့လူများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။

"စုန့်ကျစ်ရှန်းနဲ့ စုန့်ကျစ်ရန် ဘယ်မှာလဲ"

အစေခံလူငယ်လေး မော့ယွင်က စုန့်ရှင်းရန်၏ အိမ်တံခါးကို ဝုန်းကနဲ တွန်းဖွင့်ကာ သူ့လူများနှင့်အတူ ရင်ကော့ပြီး ဝင်သွားခဲ့သည်။

ကျူးရှီးက ခေါင်းပြူထွက်လာပြီး အလန့်တကြား မေးမြန်လာခဲ့သည်။

“နင်တို့ ဘာလုပ်မလို့လဲ"

မော့ယွင်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

"လူတစ်ယောက်က ကောင်တီမင်းသမီးဆီ ရောက်လာပြီး စုန့်ကျစ်ရှန်းနဲ့ စုန့်ကျစ်ရန်တို့က သူတို့ရဲ့မိဘတွေအပေါ် မသိတတ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားခဲ့တယ်၊ သူတို့အဖေ အသည်းအသန် နေမကောင်းဖြစ်နေတာတောင် သူတို့က ဆေးဖိုးမထုတ်ပေးဘူးတဲ့၊ ငါတို့က လူကြီးနှစ်ယောက်အတွက် တရားမျှတမှု ရှာပေးဖို့နဲ့ ဒီလို သားမိုက်တွေကို ရုံးတော်ဆီ ခေါ်သွားပြီး စစ်ဆေးခိုင်းဖို့ ရောက်လာတာ"

အိမ်ထဲတွင် နားစွင့်နေသော ကောင်းရှီက မျက်လုံးပြူးဖြင့် အသံကုန်ဟစ်အော်လိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့သားတွေက မိဘအပေါ် သိတတ်တယ်ဟဲ့၊ ငါတို့ ဆေးဖိုးမပေးတာ မဟုတ်ဘူး၊ ပိုက်ဆံမရှိလို့ ဆေးဆရာကို ကောင်တီမင်းသမီးဆီ သွားတောင်းခိုင်းလိုက်တာ"

မော့ယွင်က ခပ်တည်တည် ပြန်ပြောလိုက်သည်။

"ကောင်တီမင်းသမီး မိန့်ကြားလိုက်တာကတော့ တကယ်လို့ အဘိုးအိုနဲ့ အဘွားအိုမှာ သားသမီးမြေးမြစ်တွေ မရှိရင် မင်းသမီးက ဘာမှ စောဒကမတက်ဘဲ ကြည့်ရှုစောင့်ရှောက်ပေးမယ်တဲ့၊ ဒါပေမယ့် အခုတော့ လူအိုကြီးနှစ်ယောက်မှာ သားတွေ ရှိနေရုံတင်မကဘဲ မြေးတွေပါ ရှိနေတာတောင် တခြားသူတွေဆီ ဆေးဖိုးလိုက်တောင်းနေရတာက သူတို့အားလုံး မိဘအပေါ် မသိတတ်ရာရောက်တယ်၊ မသိတတ်တဲ့ သားသမီးတွေ ဖြစ်နေရင် ရုံးတော်ကို ခေါ်သွားပြီး စစ်ဆေးခိုင်းဖို့ လိုအပ်တယ်၊ ကဲ... သွားကြစမ်း၊ အဲဒီသားမိုက်နှစ်ယောက်ကို ဆွဲထုတ်ခဲ့ကြ"

စစ်သည်တော်များက ဝံပုလွေများ အိမ်ထဲသို့ တိုးဝင်လာသလို အိမ်ထဲသို့ ပြေးဝင်သွားသောကြောင့် ဆူညံပွက်လောရိုက်သွားရပြန်သည်။ စုန့်ကျစ်ရှန်းက သူ့အမေအရင်းဆီမှ သစ္စာဖောက်ခံရလိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးပေ။ သူက အော်ဟစ်တောင်းပန်လိုက်သည်။

"အမေ... ဆေးဖိုး ပေးလိုက်ပါတော့ဗျာ"

ကောင်းရှီက သူမ၏ ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ပြတင်းပေါက်နားတွင် ရပ်နေကာ အသက်ပင် မှန်မှန်မရှူနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။

သားနှစ်ယောက်စလုံး ခြံဝင်းထဲမှ အတင်းဆွဲထုတ်ခံရသည်ကို မြင်လိုက်ရမှ သူမ အော်ဟစ်ရင်း ပြေးထွက်လာခဲ့သည်။

"ပေးမယ်... ပေးမယ်! ဆေးဖိုးလေးလေးပဲ မှတ်လား၊ ငါ ပေးမယ်၊ စုန့်လောင်စစ်... နင့်မှာ အသိစိတ် မရှိတော့ဘူးလား၊ နင် ချမ်းသာလာတော့ နင့်အကို ဒုက္ခရောက်နေတာကိုတောင် မျက်ကွယ်ပြုရက်တယ်ပေါ့၊ နင်က လူစိတ်မရှိတဲ့ကောင်..."

သူမ စကားမဆုံးခင် မော့ယွင်က သူမ၏ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။

"ပါးစပ်ပိတ်စမ်း၊ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ အရာရှိမင်းကို စော်ကားရဲတယ်တဲ့လား၊ ငါတို့သခင်မက စိတ်ထားကောင်းနေလို့ပေါ့၊ တခြားသူသာဆိုရင် ခင်ဗျားရဲ့လျှာကို ဖြတ်ပြီး နေလောက်ပြီ"

ကောင်းရှီက သူမ၏ပါးကို အုပ်ထားပြီး သန်မာသော စစ်သည်တော်များကို ကြည့်ကာ နောက်ထပ် မဆဲရဲတော့ပေ။ သူမက ပိုက်ဆံအိတ်ကို ထုတ်ကာ ကြေးပြားနှစ်ဆယ်ကျော် ရေတွက်ပြီး မော့ယွင်ဆီသို့ လှမ်းပေးလိုက်သည်။

မော့ယွင်က ပိုက်ဆံကို ယူကာ နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။

"အဘွားကြီးက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ယောက်ျားက နေမကောင်းဖြစ်နေတာ၊ သူကိုယ်တိုင်လည်း ပိုက်ဆံမထုတ်ချင်၊ သားတွေကလည်း ပိုက်ဆံမထုတ်ချင်၊ မြေးတွေကလည်း မပေးချင်ဘဲနဲ့ သူများဆီက လိုက်တောင်းခိုင်းနေတယ်။ ခင်ဗျားရဲ့ သားတွေနဲ့ မြေးတွေက အိမ်မှာ အလှပြထားဖို့ သက်သက်ပဲလား"

ထိုသို့ ပြောပြီးနောက် သူက သူ့လူများကို လက်ဟန်ခြေဟန်ပြကာ နှစ်ယောက်ချန်ထားပြီး ပြန်ထွက်ခွာသွားခဲ့သည်။

ကောင်းရှီက အလွန်အမင်းဒေါသထွက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမက ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကိုင်ကာ နာကျည်းမှုအပြည့်ဖြင့် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

‘အဘိုးကြီး နေမကောင်းနေတာတောင် သားနှစ်ယောက်စလုံးက ပိုက်ဆံထုတ်ဖို့ ဆန္ဒမရှိဘဲ သူတို့မှာ ပိုက်ဆံမရှိဘူးလို့ပဲ ပြောနေကြတယ်။ သူတို့ ရိတ်သိမ်းခဲ့တဲ့ ကောက်ပဲသီးနှံတွေကို ရောင်းပြီးလို့ ငွေရှိတာတောင် ပိုက်ဆံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြပြီး သူမကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ကြဘူး’

ကောင်းရှီက ဒေါသထွက်ပြီး သူတို့အားလုံးကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လိုက်သည်။ သို့သော် သားနှစ်ယောက်ကတော့ လုံးဝ တင်းမာနေခဲ့သည်။

"အမေတို့ အသက်ကြီးလာတဲ့အခါ ကျွေးမွေးဖို့ လူမလိုတော့ဘူးဆိုရင် လာဖမ်းခိုင်းလိုက်၊ ကျွန်တော်က ဂရုမစိုက်ဘူး၊ သွား... အခု လာဖမ်းခိုင်းလိုက်"

စုန့်ကျစ်ရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြကာ ဆက်ပြောနေပြန်သည်။

"ကျွန်‌တော်က ဘာကို ကြောက်နေရမှာလဲ၊ ကျွန်တော့်မိန်းမက ဘိုးဘေးခန်းမမှာ ဒုက္ခခံနေရတယ်၊ သမီးကလည်း သေသွားပြီ၊ သားတွေကလည်း သူ့ယောက္ခမအိမ်မှာ၊ ကျန်တဲ့ ပိုက်ဆံလေးနဲ့ အစေ့အဆန်လေးတွေကိုပဲ အားကိုးပြီး စားသောက်ရမှာ၊ အဲ့ဒါအပြင် အိုစာမင်းစာလည်း စုထားရဦးမယ်၊ အဲ့ဒါတွေကို ပေးလိုက်ရင် ကျွန်တော်က ဘာနဲ့ စားသောက်ရမှာလဲ"

စုန့်ကျစ်ရန်နှင့် ကျူးရှီးတို့ကတော့ တိတ်ဆိတ်နေကြသည်။ သို့သော်လည်း သူတို့၏ အမူအရာက သူတို့ တစ်ပြားမှ မထုတ်နိုင်ကြောင်း ပြသနေသည်။

ကောင်းရှီ၏ မျက်နှာကလည်း မည်းမှောင်နေသည်။ အစပိုင်းတွင် သူမ၏သားများကို ဆေးသွားဝယ်ခိုင်းရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင် ထိုသားနှစ်ယောက်ကို ဆေးဖိုးပေးရန် သူမ မယုံရဲတော့ပေ။ သူတို့ ဆေးဖိုး ယူသွားပြီး ဆေးမဝယ်ဘဲ ပြန်ရောက်လာမည်ကို သူမ ကြောက်ရွံ့နေခဲ့သည်။ နောက်ဆုံးတွင် မာနချကာ စုန့်ရှင်းရှောင်း၏အိမ်သို့သွားပြီး ထိုအိမ်မှ လူတစ်ယောက်ကို မြို့ပေါ်သို့ ဆေးသွားဝယ်ပေးရန် တောင်းပန်ခဲ့ရသည်။

.........။........။.......

"လေဖြတ်တာလား"

စုန့်တင်းရှန်းက မေးလိုက်သောကြောင့် မော့ယွင် ပြန်ဖြေလိုက်သည်။

"ဆေးဆရာပြောတာကတော့ အဘိုးကြီးက ချွဲသလိပ်တွေ ပိတ်ဆို့နေပြီး အတွင်းအပူလည်း အရမ်းများနေတယ်တဲ့၊ အပူကျဆေး နည်းနည်းသောက်လိုက်ရင် သက်သာသွားမယ်လို့ ပြောခဲ့ပါတယ်"

လီရှီက ဝင်ပြောလိုက်သည်။

"နင်တို့ရဲ့ တတိယအဖိုးက အတော်လေး ကျန်းမာရေး ကောင်းခဲ့တာပါ၊ ဒါပေမယ့် သူ့မိန်းမက မွေးထားတဲ့ သားတွေကတော့ အတော်လေး ကိုင်တွယ်ရခက်တယ်။ အာ့နွီ... ငါတို့ သူဆီ သွားကြည့်သင့်လား"

စုန့်တင်းရှန်းက ချက်ချင်း ငြင်းပယ်လိုက်သည်။

"ဘာလို့ သွားကြည့်ရမှာလဲ၊ သူတို့နဲ့ သမီးတို့ကို ဆက်နှောက်ယှက်နေအောင် မလုပ်ပါနဲ့တော့ အဖွားရယ်၊ ကျန်းကျူး... လီရှန့်ကို သွားရှာလိုက်၊ ကြက်တစ်ကောင် ဖမ်းပြီး ကြက်ဥတစ်ခြင်းစာလောက် ကောက်ဖို့ ပြောလိုက်၊ ရာသီပေါ်သီးနှံတစ်ခြင်းပါ ထပ်ယူပြီး သူတို့ဆီ ပို့ခိုင်းလိုက်"

ကျန်းကျူးက နားလည်ကြောင်း တုံ့ပြန်လိုက်ပြီး လီရှန်းကို ရှာရန် ထွက်ခွာသွားသည်။

"ခုနက ဘာပြောနေကြတာလဲ၊ ဪ... မှတ်မိပြီ၊ အစပ်အရသာဂေါ်ဖီချဥ်အကြောင်း... အခု ပစ္စည်းတွေလည်း အကုန်စုံနေပြီ၊ နောက်နှစ်ရက်နေလို့ နှင်းကျလာတာနဲ့ ဂေါ်ဖီထုပ်တွေ ရိတ်သိမ်းဖို့ အကောင်းဆုံးအချိန် ဖြစ်လာလိမ့်မယ်၊ လီရှန့်ကိုပဲ သယ်ခိုင်းပြီး ဟိုမှာပဲ လုပ်ကြတာပေါ့"

"ဒီမှာ ဘာလို့ မလုပ်တာလဲ၊ ဒီလောက် ကျယ်တဲ့ ခြံဝင်းကြီး အလကားဖြစ်နေတာကို..."

ကျန်းရှီက ခြံဝင်းကြီးကို ကြည့်ပြီး နှမြောတသစွာ ပြောနေခဲ့သည်။

"ဒီမှာနေပြီး သူတို့ အရေခွံခွာတာကို ခံချင်လို့လား"

စုန့်တင်းရှန်းက ရယ်ရယ်မောမော ပြန်ပြောလိုက်သည်။

"ဒီမှာ ဘယ်သူမှ မနေသင့်တော့ဘူး၊ တတိယအဘွားရဲ့ မှတ်ဉာဏ်က သိပ်ကောင်းတာ မဟုတ်ဘူး၊ သူရဲ့သွားလာလှုပ်ရှားမှုတွေကတောင် လူတွေကို ဒုက္ခပေးဖို့ လုံလောက်နေပြီ၊ ခဏခဏသာ လာနှောင့်ယှက်နေရင် လူတွေ စိတ်မချမ်းသာဖြစ်ရလို့ သေသွားနိုင်တယ်”

‘အရပ်စကားဖြင့် ပြောရရင် သူမက ကောင်းတဲ့အချိန်တွေကိုပဲ မှတ်မိပြီး မကောင်းတဲ့အချိန်တွေကိုတော့ မမှတ်မိတော့ဘူး။ အဲဒီငွေလေးကို ဆုပ်ကိုင်ထားနိုင်သရွေ့ သူမ အရိုက်နှက်ခံရတာကိုတောင် ဝမ်းသာနေမယ့်သူမျိုးပဲ’

စုန့်ကျဲကျင့်ကလည်း ဝင်ပြောလိုက်သည်။

"ကျွန်မ တကယ်နားမလည်နိုင်တော့ဘူး၊ တတိယအဖွားက ဘာလို့ သူ့ပိုက်ဆံကို ဒီလောက် အသေအလဲ ဖက်တွယ်ထားရတာလဲ၊ ဆေးဖိုးလေး ကြေးပြားအနည်းငယ်တောင် မထုတ်ပေးချင်ဘူး၊ သူ ဘာလုပ်ဖို့ စုနေတာလဲ မသိတော့ဘူး"

လီရှီက ရှင်းပြလိုက်သည်။

"သူ ဘာလုပ်ချင်ရမှာလဲ၊ သူက လူကြီးသူမဆိုတဲ့ အရှိန်အဝါနဲ့ အခွင့်အရေး ယူချင်တာပေါ့၊ စုန့်မိသားစုထဲမှာ အရာရှိဖြစ်တဲ့သူရှိလာတော့ ဘယ်သူက အမြတ်မထုတ်ချင်ဘဲ နေမှာလဲ၊ အခု ငါတို့က အပြတ်ဖြတ်ထားလို့လေ၊ မဟုတ်ရင်... ပြောရခက်တယ်။ ငါ့အမြင်တော့ ဧကရာဇ်မင်းမြတ်ပေးတဲ့ ဒီဘွဲ့ထူးတွေ အရာရှိရာထူးတွေဆိုတာက ဘေးဒုက္ခတစ်ခုလိုပဲ၊ ငါ့ရင်ကို တစ်ခါမှ မအေးချမ်းစေဘူး"

စုန့်တင်းရှန်းက ရယ်မောရင်း ဝင်ပြောလိုက်သည်။

"အဖွားကလည်း ဘယ်တွေအထိ တွေးနေတာလဲ၊ ဧကရာဇ်မင်းမြတ်က စေတနာနဲ့ ပေးထားတာလေ၊ သမီးအမြင်တော့ ဒါကို လူသိရှင်ကြား ကြေညာထားသင့်တယ်လို့ ထင်တယ်၊ သမီးတို့နာမည်ကို သုံးပြီး လိမ်လည်လှည့်ဖြားရဲတဲ့သူတိုင်း ဘယ်သူမဆို ချက်ချင်း ဖမ်းဆီးအရေးယူမယ်လို့ သတင်းဖြန့်သင့်တယ်"

"ဟုတ်တယ်၊ သူတို့ကို ချက်ချင်း တန်းပြီး ဖမ်းဆီးခိုင်းရမယ်"

စုန့်ရှင်းယိကလည်း ယခင်က သူ စိတ်ပျော့လွန်းသောကြောင့် အစ်ကိုဖြစ်သူ၏ မိသားစုကို အနိုင်ကျင့်ခွင့်ပေးခဲ့မိကြောင်း နားလည်သွားခဲ့သည်။

‘သူတို့က ဘာကြောင့် သူတို့ရဲ့ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုရဲ့အိမ်တွေကို သွားပြီး မနှောင့်ယှက်ရဲရတာလဲ၊ ဘာကြောင့် ဆဋ္ဌမညီလေးကို မထိရဲဘဲ ငါတို့ဆီကပဲ ပိုက်ဆံတောင်းနေကြတာလဲ’

‘အခုတော့ အဖြေက ရှင်းနေပြီလေ၊ ငါက ညီအစ်ကိုသံယောဇဉ်ကို အရမ်းအလေးထားခဲ့မိလို့လေ၊ အထူးသဖြင့် တတိယအစ်ကိုအပေါ်မှာပေါ့’

ညစာစားပြီးနောက် စုန့်ကျဲကျင့်က သူမ၏အိမ်သို့ မပြန်ချင်ဘဲ တွယ်ကပ်နေကာ သူမ၏အမေ ကျန်းရှီနှင့်အတူ အိပ်မည်ဟု ပြောနေခဲ့သည်။ လီယွင်ရှန်းကလည်း ဇနီးသည်ကို တစ်ယောက်တည်း မထားခဲ့နိုင်သောကြောင့် စုန့်အိမ်၌ အိပ်ရန်သာ ရွေးချယ်လိုက်ရတော့သည်။

ယနေ့တွင် ဆွေမျိုးများကိုသာ တွေ့မည်ဟု စုန့်တင်းရှန်း ပြောထားခဲ့သော်လည်း တတိယအဖိုး စုန့်ရှင်းရန်၏မိသားစု ပြဿနာလာရှာသည်မှလွဲ၍ အကြီးဆုံးအဘိုးနှင့် ဒုတိယအဘိုးတို့၏ အိမ်မှ ဦးလေးတစ်ယောက်ပင် ရောက်မလာခဲ့ကြပေ။

.........။.........။.......

နောက်တစ်နေ့တွင် ရွာသူကြီး ရောက်လာပြီး စုန့်ရှင်းယိတို့ မိသားစုအား ဂုဏ်ပြုသည့်အနေဖြင့် ရွာတွင် မုခ်ဦးတစ်ခု တည်ဆောက်ပေးချင်ကြောင်း ပြောလာခဲ့သည်။

စုန့်ရှင်းယိက အံ့ဩတကြီး ပြန်မေးလိုက်သည်။

"ဘာလို့ မုခ်ဦး ဆောက်မှာလဲ၊ အကြောင်းပြချက်မရှိဘဲ မုခ်ဦးဆောက်တာက ဘာအကျိုးရှိမှာမလို့လဲ"

ရွာလူကြီးက ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ရွာမှာ ခရိုင်အဆင့် အရာရှိကြီး နှစ်ယောက် ထွက်ပေါ်လာတာဆိုတော့ ဒါက ရွာအတွက် ဂုဏ်ယူစရာ ကိစ္စကြီးလေ၊ ပြီးတော့ ဒါအတွက် ခင်‌ဗျားတို့ရဲ့ ပိုက်ဆံတွေကိုလည်း ပေးစရာ မလိုပါဘူး၊ ကျွန်တော် ရွာက အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးပါပြီ၊ ရွာရဲ့ ဘုံရန်ပုံငွေကနေပဲ ဆောက်မှာပါ"

စုန့်တင်းရှန်းက မစောင့်နိုင်တော့ဘဲ ကြားဖြတ်ဝင်ပြောလိုက်သည်။

"ရွာသူကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မုခ်ဦးတော့ မဆောက်ချင်ဘူး၊ လူသိရှင်ကြား တခမ်းတနားတွေ မလုပ်ချင်လို့ပါ၊ တကယ်လို့ တစ်ခုခု ဆောက်ချင်တယ်ဆိုရင်တော့ စာသင်ကျောင်း ဆောက်သင့်တာ မဟုတ်ဘူးလား၊ ကျွန်မတို့ မိသားစုလည်း တိုင်ပင်ထားတာ ရှိတယ်၊ ကျွန်မတို့က ရွာအတွက် လယ်မြေဆယ်မူ လှူပါ့မယ်၊ အဲဒီလယ်က ထွက်တဲ့ အသီးအနှံတွေကို ရွာထဲက ကလေးတွေ ပညာသင်ဖို့အတွက်ပဲ သီးသန့် သုံးစွဲစေချင်တယ်"

ရွာသူကြီးက အံ့သြမှင်တက်သွားပြီး ထစ်ထစ်ငေါ့ငေါ့ ပြန်‌မေးလိုက်သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

စုန့်တင်းရှန်းက ရှင်းပြလိုက်သည်။

"စာတတ်ဖို့က အရေးကြီးတယ်၊ ကလေးတွေ အားလုံးကို တော်ဝင်စာမေးပွဲဖြေပြီး အရာရှိကြီးတွေ ဖြစ်လာဖို့ ကျွန်မ မမျှော်လင့်ပါဘူး၊ သူတို့ စာဖတ်တတ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ ကျွန်မ မျှော်လင့်တာပါ"

"ဒါ... ဒါက တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ"

ရွာသူကြီး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။

"ဒါပေမယ့်... ဒါပေမယ့် ကျောင်းဆောက်ရင်တောင် စာသင်ပေးမယ့် ဆရာကို ဘယ်ကနေ သွားရှာရမှာလဲ"

"အဲဒါအတွက်လည်း စိုးရိမ်စရာ မလိုပါဘူး၊ ကျွန်မရဲ့ အငယ်ဆုံးဦးလေးက မြို့ပေါ်က စာသင်ကျောင်းမှာ စသင်ခဲ့တာလေ၊ သူ့မှာ အတန်းဖော်တွေ အများကြီးရှိတယ်၊ ဒီကို လာပြီး စာသင်ပေးချင်တဲ့သူလည်း ရှိမှာပါ၊ ကျောင်းဆောက်မယ့်နေရာကိုလည်း ကျွန်မ ရွေးထားပြီးပြီ၊ အရင်က ပဲငံပြာရည်လုပ်ခဲ့တဲ့ ဝင်းထဲမှာပဲ ဆောက်ကြတာပေါ့၊ အခန်းတွေကို သေသေသပ်သပ် ဖြစ်အောင် ပြန်ပြင်ဆင်ပေးပါ့မယ်၊ ကုန်ကျစရိတ်အတွက်လည်း စိတ်မပူပါနဲ့၊ ကျွန်မတို့ မိသားစုကပဲ အကုန်တာဝန်ယူမှာပါ"

ယခင်က ပဲငံပြာရည်လုပ်ရန်အတွက် ကြီးမားသော အဆောက်အအုံများ ဆောက်လုပ်ခဲ့ဖူးကြသည်။ ပဲများ အချဉ်ဖောက်ရန်အတွက် ကြမ်းပြင်ကို အပူပေးသည့်စနစ်ပါသောအခန်းများ၊ ပဲငံပြာရည်အိုးများ သိမ်းရန် အခန်းများ စသည်ဖြင့် သေသေချာချာ တည်ဆောက်ထားပြီး အခန်းအကုန်လုံးက အလင်းရောင်ကောင်းကောင်းရကာ သေသပ်နေသည်။ ပဲများ မှိုမတက်စေရန် အကောင်းစား ပစ္စည်းများဖြင့် ဆောက်ထားခြင်းဖြစ်ပြီး ကြမ်းခင်းကိုပင် အပြာရောင် အုတ်ချပ်ကြီးများ ခင်းကျင်းထားခဲ့သည်။

ခြံဝင်းကလည်း ညီညာပြန့်ပြူးပြီး ကျယ်ဝန်းသောကြောင့် ကလေးများ အားလပ်ချိန်တွင် ဆော့ကစားရန်အတွက် သင့်တော်သည်။

"ဒါဆို... ပဲငံပြာရည် ထပ်မလုပ်တော့ဘူးလား"

ရွာသူကြီးက ထပ်မေးလိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုကလည်း အနည်းငယ် လျော့ကျသွားသည်။ ပဲငံပြာရည်လုပ်ငန်းရှိစဉ်က ရွာသားအတော်များများ အလုပ်ရကြပြီး အပိုဝင်ငွေ အတော်လေး ရခဲ့ကြသောကြောင့် ယခု အလုပ်မရှိတော့မည်ကို သူ တွေးလိုက်မိခြင်းပင်။

"ဒီမှာတော့ ထပ်မလုပ်တော့ဘူး၊ ခရိုင်မြို့ပေါ်မှာပဲ အလုပ်ရုံ အကြီးကြီးတစ်ခု ထောင်ပြီး အလုပ် လုပ်တော့မယ်၊ ရွာသူကြီးလည်း ကျွန်မတို့ အခြေအနေကို သိတာပဲ၊ ဒီမှာ အလုပ်ရုံရှိနေရင် ကြီးကြပ်မယ့်သူ မရှိဘူး၊ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ဘယ်လို လုပ်ကြမလဲ"

စုန့်တင်းရှန်းက ရှင်းပြလိုက်သောကြောင့် ရွာသူကြီးကလည်း စုန့်လောင်စန်း၏ မိသားစုကို ချက်ချင်း ပြေးမြင်ယောင်သွားပြီး နားလည်ကြောင်း ခေါင်းညိတ်ပြလာခဲ့သည်။

စုန့်တင်းရှန်းက ဆက်ပြောနေပြန်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့က ဧကရာဇ်မင်းမြတ်ဆီကနေ ဘွဲ့ထူးတွေ ရထားတယ်ဆိုပေမယ့် ကျွန်မတို့ရဲ့ အမြစ်က ဒီရွာမှာ ရှိနေတာ၊ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြတယ်၊ ဒါပေမယ့် တချို့လူတွေက ကျွန်မတို့ရဲ့နာမည်တွေကို အသုံးပြုပြီး လိမ်လည်လှည့်ဖြားတာမျိုး၊ ကျွန်မတို့ရွာရဲ့ဂုဏ်သတင်းကို ဖျက်ဆီးမယ့် လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိလာနိုင်တာမျိုးတွေကိုတော့ ကျွန်မ စိုးရိမ်မိတယ်”

ရွာသူကြီးက ပျာပျာသလဲ ခေါင်းခါလိုက်သည်။

"အဲဒါမျိုးတော့ မဖြစ်နိုင်ပါဘူး"

စုန့်တင်းရှန်းက ထပ်ပြောလိုက်သည်။

"မဖြစ်နိုင်ဘူးဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာကတော့ အကောင်းဆုံးပဲ၊ ရွာသူကြီးအနေနဲ့လည်း ရွာသားတွေကို အသိပေးထားစေချင်တယ်၊ တကယ်လို့ တစ်ယောက်ယောက်က အဲဒီလို လုပ်ရပ်မျိုး လုပ်ခဲ့ရင် သက်ညှာမှု မရှိဘဲ ခရိုင်ထောင်ထဲ အပို့ခံရမယ်၊ ကျွန်မတို့ အားလုံးက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခန့်ထားတဲ့ အရာရှိတွေဖြစ်နေတော့ အမှားအယွင်း အဖြစ်မခံနိုင်ဘူး၊ အမှားတစ်ခုခုဖြစ်လာရင်လည်း တစ်ရွာလုံး ပြစ်ဒဏ်သင့်နိုင်တယ်၊ ရွာသူကြီးလည်း ရှမိသားစုရဲ့ ကိစ္စတွေကို ပြန်စဉ်းစားကြည့်လေ"

ရွာသူကြီးလည်း ယခင်က မာန်တက်ခဲ့သော ရှမိသားစုခေါင်းဆောင်ဟောင်း၏ ယခု အခြေအနေကို ပြန်တွေးမိကာ ထိတ်လန့်သွားခဲ့သည်။

"စိတ်ချပါ မင်းသမီး၊ ကျွန်တော် သူတို့ကို သေချာစောင့်ကြည့်ထားပါ့မယ်၊ သူတို့ကို ပြဿနာရှာဖို့ လုံးဝ ခွင့်မပြုပါဘူး၊ ဒါနဲ့... နောက်ထပ် တစ်ခုရှိပါသေးတယ်"

ရွာသူကြီးက မျက်နှာပျက်ပျက်ဖြင့် ထပ်ပြောလိုက်သည်။

"ရှမိသားစု ခေါင်းဆောင်က ကျွန်တော့်ဆီ အကြိမ်ကြိမ် လာတွေ့ခဲ့ပါတယ်၊ သူတို့ အရင်က မှားခဲ့တာတွေကို အစားပြန်ပေးတဲ့အနေနဲ့ သူတို့မိသားစုထဲက ထက်မြက်တဲ့ ကလေးတွေကို မင်းသမီးဆီမှာ အစေခံအဖြစ် ခစားစေချင်တယ်လို့ ပြောခဲ့ပါတယ်"

စုန့်တင်းရှန်းက အံ့အားသင့်သွားပြီး ပြန်‌မေးလိုက်သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကိုယ့်သားသမီးတွေကို ဒီလိုမျိုးအထိ ရောင်းစားဖို့ လိုလို့လား"

ရွာသူကြီးက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း အဲဒီအတိုင်း ပြန်ပြောခဲ့တာပါပဲ၊ ဒါပေမယ့် ရှမိသားစုခေါင်းဆောင်ကတော့ အဲ့လို လုပ်ဖို့ အတင်းအကျပ် ပြောနေတာပါ၊ မနေ့က မင်းသမီး ရောက်လာတုန်းကလည်း သူ ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် မင်းသမီးက လူစိမ်းတွေကို အတွေ့မခံဘူးဆိုလို့ သူ ပြန်သွားတာပါ"

စုန့်တင်းရှန်းက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

"ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး၊ ကျွန်မတို့အားလုံးက ရွာသူရွာသားတွေပဲ၊ ကိုယ့်ရွာသားတွေရဲ့ ကလေးတွေကို အစေခံအဖြစ် ဝယ်တဲ့အထိ ဘယ်လို လုပ်နိုင်မှာလဲ၊ ကျွန်မမှာ ရှိနေတဲ့ အစေခံတွေတောင် ကြင်ယာတော်မင်းသမီးကြီးက ပို့ပေးထားတာ၊ ဒါတောင်မှ လုံလောက်တာထက် ပိုနေပြီ"

ရွာသူကြီးက အလွယ်တကူ သဘောတူလိုက်သည်။

"မင်းသမီး ပြောတာ မှန်ပါတယ်၊ မင်းသမီးနဲ့ စစ်သူကြီးအတွက် အစေခံကို သေချာ ရွေးချယ်ရမှာပေါ့၊ ကျွန်တော်တို့လို ရွာသားတွေက လယ်ထဲမှာပဲ အလုပ်လုပ်တတ်ကြတာ၊ တခြားကိစ္စတွေဆိုရင် သူတို့ကို ယှဉ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

စုန့်တင်းရှန်းက ပြုံးရုံသာ ပြုံးနေပြီး လီရှီထံမှ လယ်မြေစာချုပ်အချို့ကို ယူကာ ရွာသူကြီးထံ လှမ်းပေးလိုက်သည်။

"ဒါက ကျွန်မပြောခဲ့တဲ့ လယ်မြေဆယ်မူရဲ့ စာချုပ်တွေပါ၊ မြေကွက်တွေက တစ်ဆက်တည်းပဲ၊ မြေဆီလွှာလည်း ကောင်းတယ်၊ ရွာလူကြီးရော ဘယ်လိုထင်လဲ"

ရွာသူကြီးက သူ့ လက်ထဲမှ စာချုပ်များကို ကြည့်ရင်း တုန်တုန်ယင်ယင်ဖြင့် ပြန်မေးလိုက်သည်။

"ဒါက.... ဒါက မင်းသမီးရဲ့ ခန်းဝင်ပစ္စည်းထဲက မြေငါးမူပါနေတာ မဟုတ်ဘူးလား"

"ဟုတ်တယ်၊ ကျွန်မတို့ အကောင်းဆုံးလယ်မြေ ဆယ်မူကို သေချာရွေးပေးထားတာ၊ အခု ရိတ်သိမ်းပြီးလို့ မြေနေရာတွေ လွတ်နေပြီဆိုတော့ လာမယ့်နှစ်ကစပြီး ရွာအတွက် သုံးလို့ ရပါပြီ"

"ဒါကတော့..."

ရွာသူကြီးက အံ့သြမဆုံး ဖြစ်နေခဲ့သည်။

မြေငါးမူက နည်းလှသည်မဟုတ်ပေ။ ထို့ထက် ပို၍ အရေးကြီးသည်က ထိုမြေများက ခရိုင်မင်းသမီး၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်နေခြင်းပင်။

စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။

"ကျွန်မတို့ရွာမှာ လူနည်းပြီး လယ်မြေတွေ အများကြီး ရှိသေးတယ်၊ ဒါပေမယ့် စာသင်ကျောင်းဆောက်တာနဲ့ ဆရာငှားဖို့က အရေးကြီးကိစ္စဆိုတော့ ဒါကို လျစ်လျူမရှုသင့်ဘူးလေ"

ရွာသူကြီးက ပိုင်ဆိုင်မှူစာချုပ်များကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး လေးလေးနက်နက် ကတိပေးလိုက်သည်။

"မင်းသမီး စိတ်ချပါ၊ ရွာထဲမှာ ရှိတဲ့ ကလေးတိုင်း ပညာသင်ကြားခွင့်ရပြီး အမှားအမှန် ခွဲခြားတတ်လာအောင် ဒီကျောင်းကို ကျွန်တော် မဖြစ်မနေ တည်ထောင်ပါ့မယ်"

‘ဟုတ်တယ်၊ ပညာရေးက အမှန်တကယ် အရေးကြီးတယ်။ အစပိုင်းတုန်းကတော့ စုန့်လောင်စစ်ရဲ့အိမ်မှာ သမီးမိန်းကလေးတွေကို စာသင်ပေးနေတော့ သူတို့အားလုံး လှောင်ပြောင်ခဲ့ကြတယ်၊ သူတို့ ယူဆထားတာကတော့ မိန်းခလေးက စာသင်ဖို့ မလိုဘူးလေ၊ ဒါပေမယ့် စုန့်ကျဲကျင့်က သူဌေးအိမ်ကို လက်ထပ်ဝင်နိုင်ခဲ့တယ်၊ သူမ အိမ်တော်အကြီးကြီးကိုတောင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်စီမံနိုင်ခဲ့တယ်၊ စုန့်တင်းရှန်းဆိုတော့ ပိုတောင် ထူးချွန်ပြီး ရာထူးအဆင့်အတန်းတွေတောင် ရလာသေးတယ်၊ အခုတော့ သူရဲ့အယူအဆလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ’

‘စာမတတ်ရင် သူတို့ ဘယ်လိုလုပ်ပြီး ဧကရာဇ်မင်းမြတ်ဆီကနေ မျက်နှာသာရခဲ့မှာတုန်း၊ အဲ့ဒါကြောင့် ကလေးတွေကို ပညာသင်ပေးဖို့က လုံးဝ အရေးကြီးတယ်’

စာသင်ကျောင်းအတွက် မြေလှူသည့်ကိစ္စ ပြီးစီးသွားချိန်တွင် သူတို့က စားသောက်ပွဲကြီး အတွက် စတင်တိုင်ပင်နေကြသည်။ စုန့်မိသားစုက ရာထူးရလာပြီး အဆင့်အတန်း ပြောင်းလဲသွားခဲ့သော်လည်း သူတို့၏ အခြေခံက ဤရွာလေးပင် ဖြစ်သည်။ ထို့ကြောင့် ရွာသားများနှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းရမည် ဖြစ်သည်။

လူအများကြီးကို ကျွေးမွေးမည်ဖြစ်သောကြောင့် အိုးခွက်၊ပန်းကန်ခွက်များ မလောက်မငှ ဖြစ်မည်ကို စိုးရိမ်ရပြန်သည်။ ထို့ကြောင့် စနစ်တကျရှိသော အိမ်အချို့မှ ပစ္စည်းများ ငှားရမ်းရန် စီစဉ်ရသည်။

"ကျွန်မတို့ရွာတင်မကဘဲ အနီးနားက ရွာသားတွေပါ လာစားလို့ရတယ်နော်၊ ကျွန်မ တွက်ကြည့်တာတော့ ကျွန်မတို့အိမ်နဲ့ ပဉ္စမအဖွားတို့ ဆဋ္ဌမအဖွားတို့အိမ်က ပစ္စည်းတွေနဲ့တင် မလုံလောက်ဘူး၊ အဲဒါကြောင့် ရွာသူကြီးကပဲ ဝိုင်းပြီး စီစဉ်ပေးစေချင်တယ်၊ နောက်ပြီး ဟင်းချက်ကောင်းတဲ့ အိုးသူကြီးတွေလည်း ရှာရမယ်၊ ဒီစားသောက်ပွဲကြီးကို သုံးရက်တတိ ကျင်းပမှာဆိုတော့ ဘာဟင်းတွေ ချက်ကြမလဲ၊ ဘယ်လောက်ကုန်မလဲဆိုတာလည်း တွက်ချက်ဖို့ လိုတယ်၊ အဲ့အတွက်လည်း ရွာသူကြီးကိုပဲ အကူအညီ တောင်းချင်တယ်"

တာဝန်အကြီးကြီး ပေးအပ်ခံရသောကြောင့် ရွာသူကြီးလည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူက အားတက်သရော ပြန်ဖြေလာခဲ့သည်။

"မင်းသမီး စိတ်ချပါ၊ ကျွန်တော် အခုချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်၊ မင်းသမီးတို့ ဘာမှ စိတ်ပူစရာမလိုအောင် လုပ်ပေးပါ့မယ်"

သူ ထွက်သွားရန် ပြင်ဆင်နေစဉ် စုန့်တင်းရှန်းက အပြုံးလေးဖြင့် တားလိုက်ပြန်သည်။

"ခဏလေးပါဦး၊ ကျွန်မ စကားမဆုံးသေးဘူးလေ"

ရွာသူကြီးက ရှက်ရှက်ဖြင့် ပြန်လှည့်လာပြီး တောင်းပန်နေသည်။

"ကျွန်တော် စိတ်လှုပ်ရှားသွားလို့ပါ၊ ခွင့်လွှတ်ပါ မင်းသမီး"

"ရပါတယ်ရှင်၊ နောက်တစ်ခုက ကျွန်မတို့မိသားစုက မြေတွေ ထပ်ဝယ်ချင်တယ်၊ ကျွန်မတို့ရဲ့ မြေတွေနဲ့ တစ်ဆက်တည်း ဖြစ်နေတဲ့ အကွက်ကြီးတွေ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့၊ သင့်တော်တဲ့နေရာ ရှိနိုင်သေးလား"

ရွာသူကြီးက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလာသည်။

"သင့်တော်တာ တစ်ခုတော့ ရှိပါတယ်၊ မင်းသမီးတို့ရဲ့ သစ်သီးခြံ မြောက်ဘက်မှာ ရှိတဲ့ နေရာကြီးက မြေမူရာဂဏန်းလောက် ရှိပါတယ်၊ အရင်ကတော့ တချို့လူတွေ အဲ့နေရာမှာ စိုက်ပျိုးခဲ့ကြတယ်၊ ဒါပေမယ့် ပြဿနာအချို့ကြောင့် အခု မြေရိုင်းတွေ ပြန်ဖြစ်သွားပြီ၊ အဲဒီမြေက မင်းသမီးတို့ရဲ့ ကြာကန်နားက မြေရိုင်းတွေနဲ့လည်း တစ်ဆက်တည်းပဲ၊ အကွက်ကတော့ အကြီးဆုံးပဲ၊ ဒါပေမယ့် မြေရိုင်းဖြစ်နေတာ ကြာပြီဆိုတော့ ပြန်ရှင်းရတာ အလုပ် နည်းနည်းရှုပ်နိုင်တယ်၊ ကျန်တာတွေကတော ပြန့်ကျဲနေတဲ့ မြေကွက်ငယ်လေးတွေပဲ၊ ဒီမှာက ရွာတစ်ရွာပဲရှိတော့ မြေပိုင်ရှင်တွေ ဒါမှမဟုတ် ချမ်းသာတဲ့သူတွေ မြေဝယ်ဖို့ လာတာမျိုး မရှိဘူး၊ ရွာသားတွေကိုယ်တိုင် ရှင်းလင်းထားတာဆိုတော့ ကျယ်တဲ့နေရာက သိပ်မရှိဘူး"

ဤရွာက မျိုးရိုးအမည်စုံသော ရွာဖြစ်ပြီး အများစုက စစ်သည်ဟောင်းများနှင့် ဒုက္ခသည်များ စုဝေးနေထိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြေကွက်အကြီးကြီးများ ရှားပါးလှသည်။ ဒုက္ခသည်များ ရောက်လာသာကြောင့် မြေကွက်အသေးလေးများကို ခွဲဝေကာ စတင်အခြေချ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သိပ်မကြာခင် ကာလတွင်လည်း ကပ်ဘေးကြီးဖြစ်ခဲ့ပြီး ရွာမှ လူအချို့ ထွက်ခွာသွားခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ ထပ်ရောက်လာပြီး ပြန့်ကျဲနေသော မြေကွက်များတွင် နေထိုင်ကာ စတင်စိုက်ပျိုးခဲ့ကြသောကြောင့် မြေကွက်ကျယ်ကျယ်များ မရှိတော့ပေ။

သို့သော် ထိုမြေမူ ရာဂဏန်းကျော်နှင့် ပတ်သတ်လျှင်တော့ ၎င်းကို အဆင့်မြင့်အရာရှိကြီးတစ်ဦး ပိုင်ဆိုင်ခဲ့ဖူးပြီး ယခုအခါ စစ်သူကြီးအိမ်တော်တစ်ခု၏ ပိုင်ဆိုင်မှုအောက်၌ ရှိနေကြောင်း သိခဲ့ရသည်။ သို့သော် လူဦးရေ နည်းပါးလှသောကြောင့် အစိုးရမှတ်တမ်းတွင်သာ ထားရှိပြီး စိုက်ပျိုးမည့်သူမရှိဘဲ ပစ်ထားခဲ့ခြင်း ဖြစ်သည်။

အိမ်ပြန်သွားပြီး မြေပုံနှင့်အတူ ပြန်ရောက်လာသော ရွာသူကြီး၏ ပြသချက်အရ ဤမြေကွက်က ဤဒေသတွင် အကြီးဆုံးဖြစ်ကြောင်း လူတိုင်း နားလည်လာကြသည်။ ၎င်းကို စမ်းချောင်းတစ်ခုဖြင့် ဝန်းရံထားပြီး တစ်ဖက်တွင်လည်း တောင်ကုန်းနှင့် ထိစပ်နေကာ အခြားတစ်ဖက်ကတော့ မြစ်ကမ်းပေါ်သို့ ရောက်ရှိနေသည်။

ဤသည်က အမှန်တကယ် ရွှေထက်ရှားသော မြေကွက်ကောင်းကြီးတစ်ခု ဖြစ်နေခဲ့သည်။

စုန့်ရှင်းယိနှင့် အငယ်ဆုံးဦးလေးစုန့်ကျစ်ရွှမ်းတို့တွင် အသုံးမပြုရသေးသော အခွန်ကင်းလွတ်ခွင့် ခွဲတမ်းများ ရှိနေကြသည်။ တစ်ဖက်တွင်လည်း စုန့်တင်းရှန်းနှင့် ကျိုးယိနိုတို့က ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသော မြေယာကောင်းများကို ပိုင်ဆိုင်ထားကြပြီး ထိုမြေများက ခရိုင်မြို့နှင့် သိပ်မဝေးလှပေ။

သို့သော် မြို့တော်မှ ပြန်လာကတည်းက စုန့်တင်းရှန်း အလုပ်များနေခဲ့သည်။ လူလွှတ်၍ စိုက်ပျိုးသီးနှံများကို စစ်ဆေးခိုင်းထားသော်လည်း မြေနေရာအတိအကျကိုတော့ သူမ မသိရသေးပေ။ ယခုတစ်ကြိမ်တွင် သူမက စုန့်ရှင်းယိ၏ မိသားစုအတွက် မြေဝယ်ရန် ကူညီပေးလိုက်ခြင်းပင်။

စုန့်ရှင်းယိနှင့် စုန့်ကျစ်ရွှမ်းတို့ကလည်း အရာရှိများ ဖြစ်လာကြသောကြောင့် ဧကရာဇ်မင်းမြတ်က သူတို့ကို ငွေအချို့ ချီးမြှင့်ခဲ့သည်။ အထူးသဖြင့် စုန့်ကျစ်ရွှမ်းက ငွေပို ရရှိခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီဖြင့် သူတို့က မြို့တော်တွင် အိမ်ဝင်းအသေးလေးတစ်ခု ဝယ်ယူနိုင်ခဲ့ပြီး ကျန်ငွေများကို စုန့်ရှင်းယိက ရွာသို့ ပြန်ယူလာခဲ့သည်။

မြို့တော်ရှိ အိမ်ဝင်းများနှင့် မြေယာများက အလွန်ဈေးကြီးလှသည်။ မြို့တော်တွင် မြေတစ်မူ ဝယ်နိုင်မည့်ငွေက သူတို့ ရွာတွင် မြေမူ သုံးဧကမှ လေးဧကအထိ ဝယ်ယူနိုင်သည်။ ထို့ကြောင့် ရွာတွင် မြေဝယ်ပြီး စိုက်ပျိုးခြင်းက ပို၍ ကောင်းမွန်သည်ဟု သတ်မှတ်ခဲ့ကြသည်။ ကျန်းရှီတွင်လည်း သားနှစ်ယောက် ရှိပြီး သူမတို့မိသားစု ရှာဖွေထားသော ငွေများဖြင့် သားတစ်ယောက်စီအတွက် မြေဧက အတော်များများ ဝယ်ပေးနိုင်ပြီ ဖြစ်သည်။

ဤခေတ်ကာလတွင် မြေယာက လူတိုင်း အသက်ဆက်ရန် အခြေခံအုတ်မြစ် ဖြစ်ပြီး ကျန်အရာများက ဒုတိယသာ ဖြစ်သည်။ ကြီးမားသော ဘေးဒုက္ခများ ကြုံလာရချိန်တွင် မြေပိုင်ဆိုင်သော တောင်သူလယ်သမားများသာ အသက်ရှင်ကျန်ရစ်လေ့ ရှိကြသည်။

ဝယ်ယူမည့် မြေယာများကို ဆုံးဖြတ်ပြီးသည်နှင့် ရွာသူကြီးက ခရိုင်မြို့သို့ အပြေးအလွှား သွားကာ လိုအပ်သော ခွင့်ပြုချက်များနှင့် တံဆိပ်တုံးနီများကို ယူဆောင်လာခဲ့သည်။ သူက အမောပင် မဖြေနိုင်ဘဲ စားသောက်ပွဲကြီးအတွက် စတင်စီစဉ်နေလေသည်။

သုံးရက်တိုင်တိုင် ကျွေးမွေးမည့် စားသောက်ပွဲကြီးက အလွန်အကုန်အကျများမည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့ မဟုတ်ပေ။ စုန့်တင်းရှန်းတို့၏ အိမ်တွင် ဆန်စပါး၊ ဂျုံ၊ ဟင်းသီးဟင်းရွက်နှင့် ဝက်များ ရှိနေပြီးသား ဖြစ်သည်။ ကြက်နှင့် ငါး ကျင်းရာဂဏန်းခန့် ထပ်ဝယ်လိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။ ရွာတွင် လူဦးရေ လေးရာ၊ ငါးရာခန့် ရှိပြီး လူဦးရေများပြားသော ရွာကြီးဟု ဆိုနိုင်သည်။ အိမ်နီးချင်းရွာများမှ ရင်းနှီးသူများနှင့် ပေါင်းလိုက်လျှင်ပင် လူခြောက်ရာမှ ခုနှစ်ရာခန့်အထိသာ ရှိမည် ဖြစ်သည်။

စားပွဲတစ်ဝိုင်းတွင် လူဆယ်ယောက်လောက် ထိုင်နိုင်ရန် စီစဥ်ပေးထားခဲ့သည်။ ဂေါ်ဖီထုပ်၊ အာလူး၊ ဝက်သား၊ ငါးနှင့် တိုဟူးချက်၊ ပဲသီးနှင့် ကြက်သားချက်၊ ခရမ်းသီးချက် စသည်တို့ကို အိုးကြီးများဖြင့် တည်ခင်းကျွေးမွေးနေသည်။

မုန့်ပေါင်းနှင့် ဗန်းမုန့်များကိုလည်း အများကြီး ပြင်ဆင်ထားခဲ့သည်။ စားကြွင်းစားကျန်များကို ထုပ်ယူသွားခွင့် မပြုထားပေ။ သို့သော် စားပွဲဝိုင်းတစ်ခုမှ လူများထွက်သွားသည်နှင့် နောက်လူများက ချက်ချင်း ဝင်ထိုင်ကာ အားရပါးရ စားသောက်ကြသည်။

ပဉ္စမအဖွားနှင့် ဆဋ္ဌမအဖွားတို့က ဧည့်သည်အဖြစ် မဟုတ်ဘဲ ဝိုင်းဝန်းကူညီရန် ရောက်လာကြသည်။ ကောင်းရှီကလည်း ကျူးရှီးကို ခေါ်ကာ အရှက်မရှိ ရောက်လာပြီး လူအုပ်ကြားထဲသို့ တိုးဝင်ကာ မြိန်ရည်ယှက်ရည် စားသောက်နေကြသည်။ သူတို့က အခြားသူများ၏ ကဲ့ရဲ့သံကို ဂရုမစိုက်ရုံသာမက စားပြီးသည့်အခါ အိမ်သို့ယူရန် သူတို့၏ အိတ်ထဲမှ မြေအိုးကြီးများကို ထုတ်ကာ ဟင်းများ ထည့်သွားကြသေးသည်။

စုန့်လောင်တာ့နှင့် စုန့်လောင်အာ့တို့၏ မိသားစုဝင်များက ပွဲသို့ မလာကြသော်လည်း စုန့်တင်းရှန်းကတော့ သူတို့အိမ်များအတွက် စားပွဲနှစ်ဝိုင်းစာ ဟင်းလျာများ ပို့ပေးခဲ့သည်။ သို့သော် စုန့်ရှင်းရန်၏ မိသားစုအတွက် ဘာမှ မပို့ပေးခဲ့ပေ။ ၎င်းက သူတို့ကြားမှ ပြတ်တောက်သွားသော ဆက်ဆံရေးကို အထင်အရှား ပြသနေသည်။

ကောင်းရှီနှင့် ကျူးရှီးတို့၏ အပြုအမူက ရယ်စရာလည်းကောင်းသလို သနားစရာလည်း ကောင်းနေခဲ့သည်။ တခြားသူများက သူတို့ ထိုမျှ ကောင်းမွန်သော ဆွေမျိုးကို အဘယ့်ကြောင့် ရန်သူကဲ့သို့ ဆက်ဆံခဲ့ကြသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

ယခု သူတို့ကို မည်သူမျှ ကြိုဆိုမှုမရှိတော့သလို ဟင်းလျာများ ပို့ပေးရန်လည်း ထည့်မတွက်ကြတော့ပေ။ အမေနှင့် ချွေးမက အနပ်တိုင်းလာ စားကြပြီး စားကြွင်းစားကျန်များကို ယူသွားကာ အိမ်ပြန်သွားလျှင်လည်း ဒေါသတကြီး ဆဲဆိုနေကြသေးသည်။

စုန့်ရှင်းရန်ကတော့ ကုတင်ပေါ်တွင် ကန့်လန့်ဖြတ် လဲလျောင်းနေပြီး ပါးစပ်ထောင့်မှ သွားရည်များ ကျနေခဲ့သည်။ သူ၏ လက်များက တုန်ရီကာ တွန့်ကွေးနေပြီး နောင်တွင် မည်သည့်အလုပ်မျှ လုပ်နိုင်တော့မည် မဟုတ်ပေ။

"စား၊ စား ၊ စားလိုက်လို့ သေမသွားဘူး"

ကောင်းရှီက စုန့်ရှင်းရန်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ဆူပူနေသည်။

"ရှင်က တကယ်ကို မသေနိုင်တော့ဘူးလား၊ အရင်က ရှင်နဲ့ အိမ်ထောင်ပြုခဲ့မိတာ ကျွန်မ တကယ်ကို မျက်စိကန်းခဲ့လို့ပဲ၊ ဘာကောင်းကျိုးမှလည်း မခံစားရတဲ့အပြင် အခုလည်း လူပိုကြီး ဖြစ်နေပြန်ပြီ၊ ဘယ်သူကမှ ကျွန်မကို မကြည့်ချင်ကြတော့ဘူး၊ ကျွန်မ ဘာအတွက် အသက်ရှင်နေရတာလဲ၊ စားစမ်းပါ၊ ရှင့်ရဲ့ စတုတ္ထညီက စားသောက်ပွဲကြီး ခင်းကျင်းနေတာတောင် ကျွန်မတို့အိမ်အတွက် ဘာဟင်းမှ ပို့မပေးဘူး၊ ဟင်း! အရှက်မရှိ လိုက်ကြတာ၊ သိပ်မကြာခင် ဟိုရှမိသားစုတွေလို တစ်မိသားစုလုံး ပျက်စီးသွားပါစေတော်"

စုန့်ရှင်းရန်ကတော့ ပါးစပ်ထဲတွင် အစားအစာများ ပြည့်နေပြီး မပီမသဖြင့် ဗလုံးဗထွေး ပြောနေရှာသည်။ သူက အစားအစာကို ခက်ခက်ခဲခဲ မျိုချနေရပြီး သူ့မျက်လုံးများထဲတွင်လည်း မျက်ရည်များ ဝဲနေခဲ့သည်။ ထိုမျက်ရည်များက ဒေါသကြောင့်လား နောင်တကြောင့်လားတော့ သူကိုယ်တိုင် မသေချာတော့ပေ။

ကောင်းရှီက အဓိပ္ပာယ်မရှိသော စကားများကို တတွတ်တွတ် ဆက်ပြောနေပြီး သူမကို ကြည့်နေသည့် စုန့်ရှင်းရန်၏ မျက်လုံးထဲမှ စက်ဆုပ်ရွံရှာသော အကြည့်များကိုတော့ သတိမထားမိခဲ့ချေ။

အခန်း ၈၆ သံပရာသီးစားထားသလို ချဉ်စူးသွားစေခြင်း

စုန့်ရှင်းလီနှင့် စုန့်ရှင်းကျစ်တို့၏မိသားစုများက စတုတ္ထအစ်ကို၏အိမ်မှ ထွက်ခွာလာခဲ့သည့် ရက်သတ္တပတ် နှစ်ပတ် မပြည့်သေးမီ ထိုအိမ်သို့ ပြန်ခေါ်ခံလိုက်ရပြန်သည်။

သုံးရက်တိုင်တိုင် ကျွေးမွေးခဲ့သော စားသောက်ပွဲကြီးအပြီးတွင် စုန့်ရှင်းယိ၏ မိသားစုက ရွာရှိ ဆွေမျိုးမိတ်ဆွေများနှင့် ဆက်ဆံရေးများကို စနစ်တကျ ပြန်လည်ပြင်ဆင်ခဲ့ပြီး လီရှန့်ထံတွင်လည်း ငွေတချို့ အပ်နှံခဲ့ကြသည်။ ထို့နောက် သူတို့က ခရိုင်မြို့သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။

ရက်အနည်းငယ်အကြာတွင် လီရှန့်က အစပ်အရသာဂေါ်ဖီချဥ်လုပ်ရန်အတွက် လိုအပ်သော အိုးများ၊ သစ်သားဇလုံများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အဓိကကုန်ကြမ်းများကို ပို့ပေးလိုက်သည်။ လှည်းအတော်များများကို အသုံးပြု၍ နှစ်ခေါက်တိုင်တိုင် သယ်ယူခဲ့ရပြီး နောက်ထပ် ငါးရက်အကြာတွင် ဂေါ်ဖီထုပ်များကို အသုတ်လိုက် ထပ်ပို့ရန်လည်း စီစဉ်ထားသည်။

"နောက်ဆုံးတော့ လုပ်စရာတစ်ခုခု ရှိလာပြီ"

ဖန့်ရှီက တောင်ပုံရာပုံ ဖြစ်နေသော ဂေါ်ဖီထုပ်များကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်ပင် ဝဲချင်တော့မလို ဖြစ်နေခဲ့သည်။

သူမက အလုပ်မရှိဘဲ အားနေလျှင် အတွေးလွန်နေတတ်ပြီး နေမကောင်းဖြစ်တတ်မှန်း သူမကိုယ်သူမ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောရက်များအတွင်း သူမနှင့် သူမ၏ ယောင်းမဖြစ်သူ ကျန်းရှီးတို့ အိမ်ရှိ ပရိဘောဂများနှင့် ကြမ်းပြင်များကို နေ့တိုင်း တိုက်ချွတ်နေခဲ့ကြခြင်းပင်။ သူမတို့ကို ကြည့်ရသည်မှာ ကြွက်တွင်းတူနေသူများနှင့်ပင် တူနေသေးသည်။

"တော်ပြီ၊ တော်ပြီ၊ နင် ဟိုဘက်အိမ်ကို မြန်မြန် ပြန်ပြီး သွားနားတော့၊ နင့်အဒေါ်နဲ့ ငါ ဒီအလုပ်တွေကို ကိုင်တွယ်နိုင်တယ်၊ မပြီးရင်လည်း ပဉ္စမအဒေါ်နဲ့ ဆဋ္ဌမအဒေါ်တို့ကို ခေါ်ပြီး ဝိုင်းကူခိုင်းလိုက်မယ်"

ဖန့်ရှီက သူမ၏သမီးကို လှမ်းပြောလိုက်သည်။ သူမက သမီးဖြစ်သူအပေါ် စိတ်ပူတတ်သည့် သမက်ဖြစ်သူ၏ စိတ်အခြေအနေကို ရိပ်မိနေခဲ့သည်။

ထို့အပြင် သူမသမီး၏အရွယ် အမျိုးသမီးအများစုက ကလေးနှစ်ယောက်လောက် ရနေကြပြီ ဖြစ်သော်လည်း သူမ၏သမီးကတော့ ကလေးတစ်ယောက်မှ မရှိသေးပေ။ ထိုကြောင့် သမီးဖြစ်သူ အိမ်ပြန်ပြီး မိသားစုဘဝအတွက် အာရုံစိုက်ရမည့်အချိန်ဟု သူမ သတ်မှတ်ထားသည်။

စုန့်တင်းရှန်းက အမေဖြစ်သူ၏ အမိန့်ကြောင့် ဘေးချင်းကပ်လျက်ရှိသော စစ်သူကြီးအိမ်တော်သို့ မပြန်ချင်ဘဲ ပြန်လာခဲ့ရသည်။ လီရှီကတော့ သူမ၏ ယောင်းမ အဘွားအိုနှစ်ယောက်ကို အဖော်လုပ်ပေးနေသည်။

အိမ်ဝင်းက သိပ်မကြီးသော်လည်း မြေနေရာလွတ် အများကြီး ရှိနေခဲ့သည်။ ဂေါ်ဖီထုပ်များကို အမိုးစွန်းအောက်တွင် နှစ်ရက်ခန့် နေလှန်းထားပြီးပြီ ဖြစ်သောကြောင့် အရွက်များက ပိုကျစ်လျစ်သွားပြီး ပါးပါးလှီးကာ အချဥ်တည်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် အစပ်အရသာဂေါ်ဖီချဥ် လုပ်ခြင်း၊ ရိုးရိုးဂေါ်ဖီချဉ်တည်ခြင်း၊ ပဲအနှစ်လုပ်ရန် ပဲများကို ပြုတ်ခြင်း၊ တိုဟူးကြိတ်ရန်နှင့် ပဲပိစပ်များ စိမ်ရန် နေရာရှာခြင်း စသည့် အလုပ်မျိုးစုံဖြင့် မိသားစုတစ်ခုလုံး အလုပ်ရှုပ်လာကြသည်။ သူတို့က ပင်ပန်းသည်ဟု မခံစားရဘဲ ရွာတွင် ရှိနေသကဲ့သို့ စကားတပြောပြော၊ ရယ်ရယ်မောမောဖြင့် ပျော်ပျော်ရွှင်ရွှင် အလုပ် လုပ်နေကြသည်။

လျိုတကွေ့က သူ အမှုထမ်းဖူးသမျှ မိသားစုများထဲတွင် ဤမိသားစုက အထူးဆန်းဆုံးဟု ခံစားနေရသည်။ အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် သူက အိမ်တွင် အပျင်းဆုံးနှင့် အလုပ်မရှိဆုံးသူ ဖြစ်နေရသည်။ သူ လုပ်ရသည်က တံခါးစောင့်ပေးခြင်းနှင့် ရေနွေးတည်ပေးခြင်းလောက်သာ ရှိတော့သည်။

သို့သော်လည်း သူ၏ဇနီးနှင့် ကလေးများက သခင်များ၏ မိသားစုဝင်များနှင့် သဟဇာတဖြစ်နေသည်ကို မြင်ရခြင်းက သူ့နှလုံးသားကို နွေးထွေးစေသည်။

‘ဒီမိသားစုက တော်တော်ကောင်းတာပဲ၊ ဒါပေမယ့် ကောင်တီမင်းသမီးရဲ့ ယောက်ျားကတော့ ကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းတယ်’

စုန့်တင်းရှန်းကတော့ သူမ၏ခင်ပွန်းကို "ကြောက်စရာကောင်းသူ" ဟု တင်စားနေသည်ကို မသိသေးပေ။ သူမ ခုတင်ပေါ်မှ ထလိုက်ချိန်တွင် သူမ၏ကျောနှင့် ခြေထောက်များ နာကျင်ကိုက်ခဲနေပြီး တရားခံဖြစ်သည့် သူမ၏ခင်ပွန်းကတော့ စစ်စခန်းသို့ အပြေးအလွှား ထွက်ခွာသွားပြီ ဖြစ်သည်။

စုန့်တင်းရှန်းက နာကျင်ကိုက်ခဲနေသော သူမ၏ ခါးကို နှိပ်နယ်ရင်း အိမ်တော်ထိန်းကို ခေါ်ကာ သူမနှင့် ကျိုးယိနိုတို့၏ ပိုင်ဆိုင်မှု စာရင်းဇယားများကို တစ်ခုချင်းစီ စစ်ဆေးရန် ပြင်ဆင်လိုက်သည်။

ဤအိမ်တော်ထိန်း၏ မျိုးရိုးအမည်ကလည်း ကျိုး ဖြစ်သည်။ ကြင်ယာတော်မင်းသမီးကြီး ပို့လိုက်သောသူများက ကျိုးမိသားစု၏ ကျေးကျွန်များဖြစ်သောကြောင့် ကျိုးဟူသော မျိုးရိုးအမည်ကိုသာ သုံးကြခြင်း ဖြစ်သည်။

ကျိုးပင်းဟု အမည်ရသော အိမ်တော်ထိန်းက စာရင်းဇယားများ ပြည့်နှက်နေသော သေတ္တာကြီး နှစ်လုံးကို သယ်ဆောင်လာသည်။ သေတ္တာထဲမှ ထုတ်လိုက်သော စာအုပ်များက တောင်ပုံရာပုံ ဖြစ်နေခဲ့သည်။

"သခင်မ... ဒီသေတ္တာထဲက စာအုပ်တွေက မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးတို့က စစ်သူကြီးအတွက် ပို့ပေးလိုက်တဲ့ ပစ္စည်းစာရင်းပါ၊ အိမ်ဝင်းထဲက ပရိဘောဂတွေ၊ အလှဆင်ပစ္စည်းတွေအပြင် သိုလှောင်ရုံထဲက အသုံးအဆောင်တွေနဲ့ ပိတ်စတွေရဲ့ စာရင်းတွေလည်းစ ပါပါတယ်"

"နောက်ထပ် သေတ္တာတစ်လုံးကတော့ စစ်သူကြီးရဲ့ နာမည်နဲ့ ရှိတဲ့ အိမ်ဝင်းနှစ်ခုမှာ ရှိနေတဲ့ လူစာရင်းတွေနဲ့ ဒီနှစ်အတွက် ရရှိတဲ့ ဝင်ငွေတွေလည်း ပါပါတယ်၊ သခင်မရဲ့ နာမည်နဲ့ ရှိတဲ့ လယ်မြေတွေအတွက် ပိုင်ဆိုင်မှုစာချုပ်တွေနဲ့ စာရင်းတွေလည်း ပါပါတယ်၊ ဒါပေမယ့် ဒီစာရင်းမှတ်တမ်းတွေက ဒီနှစ်မှ စတာပါ၊ အရင်က မိုးခေါင်ခဲ့တဲ့အတွက် ဝင်ငွေတော့ သိပ်မရှိပါဘူး၊ အပေါ်ဆုံးမှာရှိတဲ့ စာအုပ်ဆယ့်နှစ်အုပ်ကတော့ ကြင်ယာတော်မင်းသမီးကြီး ပေးအပ်လိုက်တဲ့ ခရိုင်မြို့ပေါ်က ဆိုင်ဆယ့်နှစ်ဆိုင်ရဲ့ စာရင်းတွေပါ၊ ကြည့်ရှုစစ်ဆေးပေးပါဦး..."

"ဆိုင်ဆယ့်နှစ်ဆိုင်တောင်လား"

စုန့်တင်းရှန်းက တအံ့တဩ ပြန်‌မေးလိုက်သည်။

အိမ်တော်ထိန်းကျိုးက ဆက်ရှင်းပြနေသည်။

"စစ်သူကြီးရဲ့ အိမ်တော်က ဒီလမ်းတစ်လမ်းလုံးမှာ ရှိနေတာပါ၊ ပြီးတော့ အဲ့ဒီလမ်းပေါ်က ဆိုင်ကြီးတွေအားလုံးကလည်း စစ်သူကြီးရဲ့ နာမည်အောက်ကို ရောက်သွားပါပြီ၊ အဲဒီထဲမှာ ပိတ်စဆိုင် နှစ်ဆိုင်၊ ငွေချေးလုပ်ငန်းတစ်ခု၊ အပေါင်ဆိုင်တစ်ခု၊ အလှပြင်ပစ္စည်းဆိုင်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ အဆာပြေမုန့်ဆိုင်၊ အထည်ဆိုးဆေးလုပ်ငန်း၊ အဝတ်အထည်ဆိုင်နှစ်ဆိုင်နဲ့ ကုန်စုံဆိုင်တစ်ဆိုင် ပါဝင်ပါတယ်၊ သခင်မ ကြည့်ရှုစစ်ဆေးပေးပါဦး"

စုန့်တင်းရှန်းတစ်ယောက် ဆွံ့အသွားပြီး စိတ်ထဲတွက် ဤအရှင်းရှင်စနစ်ကိုသာ ကျိန်ဆဲနေမိတော့သည်။

‘တောက်... သောက်ကျိုးနည်း... အာဏာရှင်ကြီးတွေ၊ သောက်ကျိုးနည်း အရှင်းရှင်ကြီးတွေ၊ ငါ ဆိုင်နှစ်ဆိုင်လောက် ရဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ရတာလေ၊ အခုတော့ လူတစ်ယောက်က လူကုံထံအသိုင်းအဝိုင်းထဲ ရုတ်တရက် ရောက်သွားပြီး ဓနရှင်ကြီး ဖြစ်လာရုံတင်မကပဲ ငါ့ရဲ့ အိမ်ဝင်းထဲအထိ နေရာလာယူနေပြီ’

သူမက ဆိုင်ဆယ့်နှစ်ဆိုင်၏ စာရင်းဇယားများကို လှန်လှောကြည့်ရင်း ထပ်မေးလိုက်သည်။

"ဒါတွေကို စစ်သူကြီး ကြည့်ပြီးပြီလား"

အိမ်တော်ထိန်းကျိုးက ပြန်ဖြေလိုက်သည်။

"စစ်သူကြီးက သူ ဒါတွေကို နားမလည်ဘူးလို့ ပြောခဲ့ပါတယ်၊ သခင်မ ကြည့်ရင် လုံလောက်ပါပြီတဲ့"

‘တကယ်တမ်း စစ်သူကြီးပြောခဲ့တဲ့ မူရင်းစကားတွေက "ဒါတွေက ဘာတွေလဲ၊ ငါ့ကို ကြည့်ခိုင်းတာလား၊ ငါ နားလည်မယ်လို့ မင်း ထင်နေတာလား၊ ငါ့ဇနီးရဲ့ နာမည်အောက်ကို အကုန်ပြောင်းလိုက်၊ သူ့ကိုပဲ ပေးလိုက်၊ မြန်မြန်သာ လွှဲပေးလိုက်စမ်းပါ" တဲ့’

သို့သော်လည်း အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် သူ စကားကို ထိုအတိုင်း ပြောပြရန် မဖြစ်နိုင်ချေ။ ထိုအပြင် ဤဆိုင်များက ကြင်ယာတော်မင်းသမီးကြီး ကိုယ်တိုင် ဝယ်ယူစုဆောင်းပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ လွှဲပြောင်းပေးရန်လည်း မဖြစ်နိုင်ပေ။ လွှဲပြောင်းပေးမည်ဆိုလျှင်တောင် အနိမ့်ဆုံးအနေဖြင့် ကြင်ယာတော်မင်းသမီးကြီးထံ အရင် သတင်းပို့ရပေလိမ့်မည်။

မိုးခေါင်မှုအပြီးတွင် စီးပွားရေးလုပ်ငန်းများအားလုံး အလွန်ဆိုးဝါးနေခဲ့ပြီး ယခုမှ ပြန်လည် နလန်ထူလာခြင်း ဖြစ်သည်။ ထိုဆိုင်များတွင် မူလပိုင်ဆိုင်သူများ ရှိသော်လည်း ကြင်ယာတော်မင်းသမီးကြီးက ဝယ်ချင်သည်ဟု ပြောလိုက်သည်နှင့် မည်သူမျှ မငြင်းရဲခဲ့ပေ။ ထို့ကြောင့် ကြင်ယာတော်မင်းသမီးကြီးက သူမ၏ သားဖြစ်သူအတွက် လမ်းတစ်လမ်းလုံးရှိ ဆိုင်များကို ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

စာရင်းဇယားများအရ ဝင်ငွေနှင့် ထွက်ငွေက သုံးလအတွင်း အရှုံးရော အမြတ်ပါ မရှိသေးပေ။ စုန့်တင်းရှန်းက ထိုဆိုင်များအကြောင်း နားမလည်သေးသောကြောင့် ခဏ ဘေးဖယ်ထားလိုက်ပြီး ကြင်ယာတော်မင်းသမီးကြီး ပေးလိုက်သည့် ပစ္စည်းစာရင်းများကို အာရုံစိုက်လိုက်သည်။

‘ချမ်းသာတဲ့သူတွေက တကယ်ပဲ လူကို သံပရာသီးစားထားသလိုမျိုး ချဉ်စူးသွားအောင် လုပ်နိုင်တာပဲ၊ ငါ မနာလို ဖြစ်လွန်းလို့ သေတော့မယ်၊ ဒီပစ္စည်းတွေကိုသာ ခေတ်သစ် ယူသွားနိုင်ရင် ပြတိုက်တစ်ခုတောင် ဖွင့်လို့ ရနေပြီဟဲ့’

ပရိဘောဂကြီးများနှင့် အလှဆင်ပစ္စည်းများအပြင် ဈေးကြီးသော စက္ကူများ၊ အမွှေးနံ့သာများ၊ စုတ်တံများ၊ မင်တုံးများ၊ ယပ်တောင်များနှင့် အခြားလက်ဆောင်ပေးရန် ပစ္စည်းပေါင်း ၁၀၀ ကျော် ရှိနေသည်။ နီလာပုတီးစေ့များ၊ ကျောက်စိမ်းဖြူပုတီးစေ့လေးများဖြင့် ပြုလုပ်ထားသော ကန့်လန့်ကာများ၊ သန္တာကျောက် အလှဆင်ပစ္စည်းများနှင့် ရွှေငွေလက်ရာမျိုးစုံကို ကြည့်ရင်း စုန့်တင်းရှန်းတစ်ယောက် မျက်စိကျိန်းမတတ် ဖြစ်နေရသည်။

သို့သော် သူမက သူမ၏ အံ့သြမှုကို ဖုံးကွယ်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် စာအုပ်ကို ဘေးချကာ လယ်မြေမှတ်တမ်းများကို ကြည့်လိုက်ပြန်သည်။ ထိုအရာများကတော့ သူမ နားလည်သည့် အပိုင်းဖြစ်သည်။

ကြင်ယာတော်မင်းသမီးကြီး ကျိုးယိနိုအတွက် ပေးထားသည့် လယ်တောမြေနှစ်ကွက်လုံးက ဝေခရိုင်အနီးတွင် ရှိပြီး မြေမူပေါင်း တစ်ထောင်ကျော် ကျယ်ဝန်းသည်။ သစ်သီးခြံများ၊ ရေကန်များ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် ကြက်၊ ဘဲ၊ ငန်းနှင့် ဝက်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များလည်း အစုံအလင် ရှိနေသေးသည်။ မြေယာတစ်ခုဆိုလျှင် ဆောင်းဦးပေါက်၌ အမဲလိုက်ရန် သင့်တော်သည့် တောင်ကုန်းတစ်ခုပင် ပါရှိသေးသည်။

သူမ၏ ကိုယ်ပိုင်မြေကို ပြန်ကြည့်လိုက်ချိန်တွင်တော့ ကောင်တီမင်းသမီး၏ ကိုယ်ပိုင်မြေဟူ၍ မရှိပေ။ ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသော မြေမူတစ်ရာကျော်သာ ရှိပြီး ကျိုးယိနို၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။ ပိုင်ဆိုင်မှုနယ်နိမိတ် မှတ်သားထားသည့် မြေပုံတစ်ခု ပူးတွဲပါရှိပြီး သူမတို့၏အိမ်တော်နှင့် သိပ်မဝေးကြောင်း သိလိုက်ရသည်။

"ဒါက ဘယ်နေရာလဲ၊ ကျွန်မကို ခေါ်သွားပေး"

စုန့်တင်းရှန်းက အမိန့်ပေးလိုက်သည်။

ကျိုးပင်းက ရထားလုံး ပြင်ဆင်ပြီး အစောင့်နှစ်ယောက်၊ အစေခံမလေး ကျန်းကျူးတို့နှင့်အတူ ကောင်တီမင်းသမီး၏ တစ်ခုတည်းသော မြေကွက်ဆီသို့ ထွက်လာခဲ့ကြသည်။

ထိုနေရာက အမှန်တကယ် သိပ်မဝေးလှပေ။ ခရိုင်မြို့မှ ထွက်ပြီး တောင်ကုန်းတစ်ခုကို ကျော်လိုက်သည်နှင့် နာရီဝက်အတွင်း ရောက်ရှိနိုင်သည်။

သို့သော် သူမ ရှေ့တွင် မြင်နေရသည့် ခါးလောက်မြင့်သော မြက်ရိုင်းတောကြီးကို ကြည့်ပြီး စုန့်တင်းရှန်းတစ်ယောက် ငိုချင်စိတ်ပင် ပေါက်သွားရသည်။

"ဒါက မြေဩဇာကောင်းတဲ့ မြေတွေလို့ ပြောထားတာ မဟုတ်ဘူးလား"

ကျိုးပင်းက ရှင်းပြလာခဲ့သည်။

"အရင်ကတော့ မြေကောင်းတွေ ဖြစ်ခဲ့ပါလိမ့်မယ်၊ ဒါပေမယ့် အကြာကြီး ပစ်ထားတာဆိုတော့... အစိုးရမှတ်တမ်းထဲမှာ ဒီနေရာက မြေကောင်းစာရင်းဝင်တုန်းပါပဲ၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်ကတော့ ဒီမြေရဲ့ အခြေအနေအမှန်ကို သိမှာ မဟုတ်ပါဘူး"

စုန့်တင်းရှန်းက သူမတို့ ရွာတွင် တွေ့ခဲ့ရသော မြေကွက်ကို ပြန်သတိရသွားခဲ့သည်။ ထိုနေရာကလည်း တစ်ချိန်က မြေဩဇာကောင်းခဲ့ပြီး နောက်ပိုင်းတွင် ပစ်ထားခြင်းခံခဲ့ရသောကြောင့် မြေရိုင်းဖြစ်သွားခဲ့ခြင်းပင်။

ရှေးခေတ်မြေယာစနစ်၏ အဓိကအားနည်းချက်က လူဦးရေနည်းပါးပြီး မြေယာများ အလွန်ပေါ်များနေခြင်း ဖြစ်သည်။ ကျယ်ဝန်းလှသော မြေကွက်ကြီးများကို စိုက်ပျိုးရန် လူအင်အား မလုံလောက်ခြင်း၊ သဘာဝဘေးနှင့် စစ်မက်ဘေးများ ကြုံရခြင်းတို့ကြောင့် တစ်ချိန်က စိမ်းလန်းခဲ့သော လယ်ကွင်းများက ယခု သိုးနှင့် ယုန်များ ကျက်စားရာ မြက်ရိုင်းတောကြီးများ ဖြစ်နေရရှာသည်။

သို့သော်လည်း ဤနေရာ၏ တည်နေရာက အလွန် ထူးခြားနေခဲ့သည်။ သုံးမီတာခန့် ကျယ်သော စမ်းချောင်းလေးတစ်ခုက မြေကွက်၏ အလယ်ဗဟိုကို ဖြတ်သန်းစီးဆင်းသွားပြီး မြစ်ပြင်ကျယ်တစ်ခုအတွင်းသို့ စီးဝင်သွားသည်။

ဤမြစ်ပြင်ကျယ်က သူမတို့ရွာရှိ "မြစ်အောက်ပိုင်း" ဟု ခေါ်သော ရေလမ်းကြောင်း၏ အထက်ပိုင်း အရင်းအမြစ် ဖြစ်သည်။ မြစ်ကမ်းနှစ်ဖက်လုံးတွင် ကျောက်ခဲလေးများ စီရီနေပြီး ရေကလည်း ကြည်လင်တောက်ပနေသည်။ ထိုနေရာ၏ အခြားဘက်ခြမ်းက တောင်ကုန်းနှင့် ကပ်လျက်ရှိပြီး ထိုနေရာတွင် ရေတံခွန်လေးတစ်ခု ရှိကာ အောက်ဘက်ရှိ ရေကန်ငယ်လေးထဲသို့ စီးဝင်နေသည်။

ရေကန်အစွန်းတွင် ကျောက်တုံးကြီးများ ရှိနေပြီး အမျိုးသမီးငယ်အချို့က ထိုနေရာတွင် အဝတ်လျှော်ခြင်း၊ ဟင်းသီးဟင်းရွက် ဆေးကြောခြင်းများ ပြုလုပ်နေကြသည်။ သို့သော်လည်း စုန့်တင်းရှန်းတို့အဖွဲ့ ရောက်လာသည်ကို မြင်လိုက်သည်နှင့် သူတို့က လန့်ဖျန့်သွားပြီး သူတို့၏ ဇလုံများကို ကိုယ်စီဆွဲယူကာ အပြေးအလွှား ထွက်ပြေးသွားကြသည်။

စုန့်တင်းရှန်းကတော့ သက်ပြင်းသာ ချနေမိသည်။

‘တကယ်လို့ ဒီလောက်‌ကောင်းတဲ့နေရာကို ပစ်မထားခဲ့ရင် အဖိုးတန်လယ်မြေတွေ ဖြစ်နေမှာ သေချာတယ်။ ပြီးတော့ ဒီနေရာက ရေအရင်းအမြစ်ရဲ့ အထက်ပိုင်းမှာ ရှိနေတော့ အလုပ်ရုံဆောက်ဖို့လည်း မသင့်တော်ဘူး’

‘တကယ်လို့ အထက်ပိုင်းက ရေတွေကို ညစ်ညမ်းအောင် လုပ်လိုက်ရင် အောက်ဘက်မှာ နေထိုင်သူတွေကို အန္တရာယ်ဖြစ်စေလိမ့်မယ်’

"ကျွန်မ ဒီမြေတွေကို ငှားချင်တယ်၊ အိမ်တော်ထိန်းကျိုး... သုံးနှစ်တိတိ မြေငှားခ မပေးဘဲ စိုက်ပျိုးချင်တဲ့သူ ဘယ်နှစ်ယောက်ရှိမလဲလို့ စုံစမ်းပေးပါ"

စုန့်တင်းရှန်းက ညွှန်ကြားလိုက်ရာ ကျိုးပင်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။

"မြေငှားခ မယူဘဲ သုံးနှစ်တိတိ ငှားမှာလား?"

စုန့်တင်းရှန်းက ရှင်းပြလိုက်သည်။

"ကျွန်မတို့ကိုယ်တိုင် မြေရိုင်းကို ပြန်ဖော်မယ်ဆိုရင် အစိုးရက သုံးနှစ်အခွန်ကင်းလွတ်ခွင့် ပေးထားတယ်လေ၊ အခု ဒီမြေက ကျွန်မ ပိုင်တာဆိုပေမယ့် စိုက်ပျိုးမယ့်သူ ရှာတာက မြေရိုင်းဖော်တာနဲ့ အတူတူပဲ၊ ဒါကြောင့် မြေငှားခပေးစရာ မလိုဘူး"

ကျိုးပင်းက အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

"ဒါဆိုရင်တော့ ဒီမြေကို ငှားချင်တဲ့သူတွေ အလုအယက် ဖြစ်နေကြတော့မှာပေါ့၊ အခု မြေရိုင်း ဖြစ်နေတယ်ဆိုပေမယ့် အရင်က ပြုပြင်ထားဖူးတာဆိုတော့ မြက်တွေပဲ ရှင်းရမှာလေ၊ သုံးနှစ်ဆိုတာ လယ်ငှားတွေအတွက် ငွေအတော်လေး ရှာနိုင်ဖို့ လုံလောက်တဲ့ အချိန်ပါ"

စုန့်တင်းရှန်းက ထပ်ပြောလိုက်သည်။

"ပိုက်ဆံက လူကို အလုပ်လုပ်ချင်စိတ် ဖြစ်စေတယ်၊ အလုပ်လုပ်ချင်စိတ်ရှိမှ သူတို့က ကျွန်မရဲ့မြေတွေကို သေသေချာချာ ပြုပြင်ပေးကြမှာပေါ"

နောက်သုံးနှစ်အကြာတွင် ဤနေရာက မည်သို့သော ရှုခင်းမျိုး ဖြစ်လာမည်ကို စုန့်တင်းရှန်းက မြင်ယောင်နိုင်ခဲ့သည်။

‘သဘာဝဘေးအန္တရာယ်သာ မကြုံခဲ့ရင် ငါ့ရဲ့စပါးကျီတွေထဲမှာ ကောက်နှံတွေ ပြည့်လျှံနေလိမ့်မယ်’

"နောက်ပြီး ခရိုင်မြို့နားမှာရှိတဲ့ စိုက်ပျိုးလို့ မရတဲ့ မြေရိုင်းတွေကိုလည်း ကျွန်မ ဝယ်ချင်တယ်၊ အဲ့ဒါကတော့ အလုပ်ရုံဆောက်ဖို့အတွက်ပါ၊ အိမ်တော်ထိန်းကျိုး၊ အနည်းဆုံး မြေမူနှစ်ဆယ်ကနေ သုံးဆယ်လောက်အထိ တစ်ဆက်တည်း ရှိမယ့်နေရာကို စုံစမ်းပေးပါ၊ ပြီးတော့ ပြုပြင်ရခက်ခဲတဲ့ မြေရိုင်းတွေရှိရင်လည်း ပြောပါဦး၊ အဲဒါတွေကိုလည်း ကျွန်မ ဝယ်ချင်တယ်"

"ဘာလို့ မြေရိုင်းတွေကို ဝယ်ရတာလဲဟင်"

ကျန်းကျူးက နားမလည်နိုင်ဖြစ်နေခဲ့သည်။

‘သူမ သိသလောက်တော့ လူတိုင်းက မြေဩဇာကောင်းတဲ့ မြေကိုသာ ဝယ်ချင်ကြတာ မဟုတ်ဘူးလား’

"ဆိုင်တွေ ထပ်ဖွင့်မလို့လား"

စုန့်တင်းရှန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ငါ ပန်းဂျုံ စိုက်ချင်လို့ပါ၊ မြေကောင်းတွေကို အဲ့အတွက် သုံးရရင် နှမြောဖို့ ကောင်းလို့ မြေရိုင်းကို ဝယ်ချင်တာ၊ ဒါနဲ့ အိမ်တော်ထိန်းကျိုး၊ မြေရိုင်းတွေ ဝယ်ပြီးရင် ကျွန်မတို့ရဲ့ လယ်ငှားတွေကို အသိပေးလိုက်ပါ၊ သူတို့ လယ်မြေဆယ်ဧက စိုက်တိုင်း မြေရိုင်း တစ်မူပေါ်မှာ ပန်းဂျုံ စိုက်ပေးရမယ်လို့၊ ရှေ့လာမယ့် သုံးနှစ်အတွင်း ကျွန်မ ပန်းဂျုံပဲ လိုချင်တယ်"

လက်ရှိတွင် မြေယာ ပေါ်များသော်လည်း အမှန်တကယ် ပိုင်ဆိုင်နိုင်သူက နည်းပါးလှသည်။ မြေရိုင်းဖော်လျှင် သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရမည်ဆိုသော်လည်း ပင်ပန်းသလောက် အထွက်နှုန်းမကောင်းမည်ကိုလည်း စိုးရိမ်ရသေးသည်။ ထို့ကြောင့် စုန့်တင်းရှန်းက ဤနည်းလမ်းဖြင့် သူတို့ကို တွန်းအားပေးရန် စီစဉ်လိုက်ခြင်းပင်။

အထွက်နှုန်းမကောင်းပါက အစိုးရကို အခွန်ပြန်ပေးရန် ခက်ခဲပြီး လယ်သမားအတွက် နစ်နာနိုင်သေးသည်။ သို့သော် မြေပိုင်ဆိုင်သူ နည်းပါးသကဲ့သို့ စိုက်ပျိုးရန် အဆင်သင့်ဖြစ်နေသော မြေကောင်းများကလည်း ရှားပါးနေပြန်သည်။ စုန့်တင်းရှန်းကတော့ သူမ၏ စိုက်ပျိုးရေးလုပ်ငန်းကို ချဲ့ထွင်ချင်နေပြီး ပန်းဂျုံကို အမြတ်အစွန်းရနိုင်သော သီးနှံအဖြစ် မြင်နေခဲ့သည်။

အိမ်တော်ထိန်းကျိုးပင်းက စုန့်တင်းရှန်း ပေးအပ်သော တာဝန်များကို နှောင့်နှေးစေခြင်းမရှိဘဲ ထိရောက်စွာ ဆောင်ရွက်ပေးခဲ့သည်။ ပထမဦးစွာ သူက မြေရိုင်းအကွက်ကြီးများ ဝယ်ယူခဲ့ပြီး သုံးနှစ်တိတိ အခွန်ကင်းလွတ်ခွင့် ပေးမည့်အပြင် မြေရိုင်းဖော်ခြင်းနှင့် ပန်းဂျုံစိုက်ပျိုးခြင်းတို့အတွက် ကူညီပေးရမည်ဟု သတင်းလွှင့်လိုက်သည်။ ရက်ပိုင်းအတွင်းမှာပင် မြေအားလုံးကို အငှားချနိုင်ခဲ့သည်။

ထို့နောက် ခရိုင်မြို့အနီးတွင် တစ်ဆက်တည်းဖြစ်သော မြေရိုင်း မူလေးဆယ်ကျော်ကို ဝယ်ယူခဲ့သည်။ နှင်းမကျမီ အချိန်လေးကို အသုံးချ၍ စုန့်တင်းရှန်း၏ ညွှန်ကြားချက်အတိုင်း အဆောက်အအုံတန်းများကို အလျင်အမြန် တည်ဆောက်ခဲ့သည်။ မြေကြီးများ လုံးဝခဲသွားချိန်တွင် အဆောက်အအုံများအားလုံးလည်း ပြီးစီးသွားခဲ့ပြီး လာရောက်ကြည့်ရှုသူ အများအပြား ရှိခဲ့သည်။

"ဟိုဘက်က အဆောက်အအုံတွေကို သွားပြီး စောင့်ရှောက်ပေးချင်တဲ့သူ ရှိလား"

စုန့်တင်းရှန်းက ကျန်ရှိနေသည့် အစေခံခြောက်ဆယ်ကျော်ကို စုဝေးပြီး စတင်မေးမြန်းလိုက်သည်။

သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီးမှ အသက်ကြီးနေသည့် အစေခံတစ်ဦးက ရှေ့သို့ ထွက်ကာ ပြောလာခဲ့သည်။

"သခင်မ၊ ကျွန်မတို့မိသားစု သွားစောင့်ပေးပါ့မယ်၊ ဒါပေမယ့် အဲဒီနေရာက မြို့နဲ့ဝေးတော့ စားဖို့သောက်ဖို့က..."

"စားစရာအတွက် စိတ်ပူဖို့ မလိုဘူး၊ ပစ္စည်းတွေ ပို့ပေးမယ့်သူ ရှိတယ်၊ အိမ်တွေက အသစ်ဆောက်ထားတာဆိုတော့ အအေးဒဏ်ကိုတော့ ခံနိုင်ရည်ရှိဖို့ လိုတယ်၊ နေ့တိုင်း မီးမွှေးလို့ ရတယ်၊ သုံးရက်တစ်ခါ ထင်းဘယ်လောက်ကုန်လဲဆိုတာ စာရင်းမှတ်ထားရင် ရပြီ၊ ထင်းဖိုးကို ငါ့ဘက်က အကုန်ခံပေးမယ်"

စုန့်တင်းရှန်းက ဆက်မေးလိုက်သည်။

"မင်းတို့မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ"

ထိုအမျိုးသမီးကြီးနှင့် မြင်းဇောင်းမှ အစောင့်က ဇနီးမောင်နှံဖြစ်ပြီး သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိကြသည်။ သူတို့က အလုပ်ကြမ်းသမားများ ဖြစ်ပြီး မည်သည့်နေရာတွင် အလုပ်လုပ်ရသည်ကို ဂရုမစိုက်ကြပေ။ သမီးဖြစ်သူကတော့ မြို့ပြင်ဟု ကြားသောကြောင့် စိုးရိမ်စိတ်ဖြင့် မလိုက်ချင်ဖြစ်နေခဲ့သည်။ သို့သော်လည်း အသက်ဆယ်နှစ်အရွယ် သားနှစ်ယောက်ကို ခေါ်သွားရန် စီစဥ်ထားသည်။ ဟိုဘက်တွင် နေရလျှင် ဤနေရာထက် ပိုပင်ပန်းနိုင်သော်လည်း စားသောက်မှုအပိုင်းတွင် မိမိဘာသာ စီမံခွင့်ရသောကြောင့် ပို၍ လွတ်လပ်မှု ရှိနိုင်သည်။

"ဟုတ်ပြီ၊ ဒါဆို မင်းတို့မိသားစုအားလုံး သွားလို့ရတယ်၊ ညဘက်တွေ သေချာဂရုစိုက်ကြပါ၊ နောက်ရက်တွေမှာ နှင်းကျနိုင်တယ်၊ နှင်းထုကြောင့် ခေါင်မိုးတွေ ပြိုမကျအောင် သတိထားပါ"

စုန့်တင်းရှန်းက သူတို့ကို ပစ္စည်းများ ထုပ်ပိုးရန် ခွင့်ပြုလိုက်သည်။

"နောက်တစ်ခု မေးမယ်၊ မင်းတို့ထဲမှာ စာတတ်တဲ့သူ ဘယ်သူရှိလဲ"

လူခြောက်ယောက်က လက်ထောင်လိုက်ကြသည်။ ငါးယောက်က အမျိုးသားများ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မိန်းကလေး ဖြစ်သည်။ စုန့်တင်းရှန်းက ခဏလောက်စဥ်းစားပြီး သူတို့ကို တစ်ခုခု ရေးခိုင်းကြည့်လိုက်သည်။ မီးဖိုချောင်အကူဖြစ်သည့် ထိုမိန်းကလေးက ရုပ်ရည်မလှသော်လည်း လက်ရေးက သေသပ်လွန်းသည်။ အမျိုးသားများထဲမှလည်း အရည်အချင်းတူညီသော လူနှစ်ယောက်ကို ရွေးချယ်လိုက်သည်။

နွေဦးပေါက်လျှင် သူမက ပဲငံပြာရည်အလုပ်ရုံနှင့် သိုးမွှေးအလုပ်ရုံတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသည်။ ၎င်းက မိသားစုစီးပွားရေးများ ဖြစ်သော်လည်း လုပ်ငန်းတိုးချဲမည်ဆိုလျှင်တော့ မိသားစုဝင်များ၏အင်အားတစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ ထို့အပြင် အိမ်တွင် အစေခံများ များလွန်းသောကြောင့် တစ်လလျှင် ပေးရမည့် လစာကလည်း မနည်းလှချေ။

သူတို့၏ ကျေးကျွန်စာချုပ်များက ကြင်ယာတော်မင်းသမီးကြီးထံတွင် ရှိနေသော်လည်း လစာကိုသာ ကြင်ယာတော်မင်းသမီးကြီးက ပေးနေရလျှင် စုန့်တင်းရှန်းအနေဖြင့် ဤလူများကို ဆက်လက် အလုပ်ခိုင်းရန် ဝန်လေးနေရပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် အိမ်တော်ထိန်းကျိုးက လစဉ်အသုံးစရိတ်များကို စစ်သူကြီးကျိုးထံမှ ရရှိခဲ့ကြောင်း ပြောပြခဲ့သဖြင့် စုန့်တင်းရှန်းလည်း စိတ်အေးသွားခဲ့ရသည်။

လူနှစ်ယောက်တည်းအတွက် ဤမျှလောက်သော ငွေအင်အားဖြင့် ထောက်ပံ့ပေးနေရသည်ကို စုန့်တင်းရှန်းက ဖြုန်းတီးမှုဟု မြင်နေခဲ့သည်။ "သံမဏိကောင်းကို ဓားသွားတွင်သာ သုံးသင့်သည်" ဟူသော စကားအတိုင်း သူမက ငွေတွေကို အလကားမဖြုန်းဘဲ အလုပ်ထဲတွင် မြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

သူမ သေချာတွက်ချက်ကြည့်ပြီးနောက် အဝတ်လျှော်၊ သန့်ရှင်းရေး၊ မြင်းအစာကျွေးနှင့် ထမင်းချက်စသည့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် လူအချို့ကို ချန်လှပ်ထားခဲ့သော်လည်း အပိုဖြစ်နေသည့်လူနှစ်ဆယ်ကျော်ခန့် ရှိနေသေးသည်။ သို့သော်လည်း နှစ်သစ်ကူးမတိုင်မီအထိ ဘာမှ စီစဉ်ရန် မလိုသေးသောကြောင့် နှစ်သစ်ကူးပြီးဆုံးမှသာ အားလုံးစတင်ရန် ဆုံးဖြတ်လိုက်တော့သည်။

"အစ်မ... ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို"

ဟူထောင်က သူ့နဖူးပေါ်မှ ချွေးများကို သုတ်ရင်း အပြေးအလွှား ဝင်လာခဲ့သည်။

"ဟူး... ဒီအိမ်တော်ကြီးက ကျယ်လိုက်တာ၊ ဂိတ်တံခါးကနေ ဒီအထိ ရောက်ဖို့ တော်တော် လမ်းလျှောက်လိုက်ရတယ်၊ ချွေးတွေကို ရွှဲသွားတာပဲ"

စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"နောက်ပိုင်း မင်း ပိုက်ဆံတွေ အများကြီး ရှာနိုင်လာရင် ဒီလို အိမ်ဝင်းအကျယ်ကြီး ဝယ်လို့ရတာပဲလေ"

"တော်ပါပြီ အစ်မရာ၊ ဒီလောက် အကျယ်ကြီးဝယ်ထားမိရင် မိသားစုဝင်အချင်းချင်း တွေ့ဖို့တောင် တစ်နေကုန် လမ်းလျှောက်နေရမှာ၊ ကျွန်တော့်အမြင်ကတော့ အစ်မရဲ့ အရင်အိမ်ကမှ ပိုကောင်းသေးတယ်၊ အပြင်ထွက်လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် မြင်နေရပြီ”

ဟူထောင်က ကျန်းကျူး ကမ်းပေးသည့် လက်ဖက်ရည်ခွက်ကို ယူပြီး မော့သောက်လိုက်သည်။

သူက ခွက်ကို ပြန်ကမ်းပေးရင်း ပြောနေပြန်သည်။

"အစ်မကျန်းကျူး... နောက်တစ်ခွက်လောက် ထပ်ပေးပါဦး၊ ဒုတိယအစ်မအိမ်က လက်ဖက်ရည်က တကယ့်ကို ချိုမြိန်ပြီး သောက်လို့ ကောင်းနေတာပဲ"

"စကားတွေ တတ်နေလိုက်တာ၊ ဒါတွေ ဘယ်သူ့ဆီက သင်လာတာလဲ"

စုန့်တင်းရှန်းက သူ့နဖူးကို လှမ်းခေါက်လိုက်သည်။

"မင်းကို ခေါ်လိုက်တာက မေးစရာရှိလို့၊ မင်းလည်း ခရိုင်မြို့ပေါ်မှာ ကုန်စုံဆိုင် ဖွင့်ထားတာပဲ၊ စီးပွားရေးအခြေအနေ ဘယ်လိုရှိလဲ"

စုန့်ဟူထောင်က ရယ်မောရင်း ပြန်ဖြေလာသည်။

"မဆိုးပါဘူး အစ်မရယ်၊ ဟိုဘက်က ကုအဘိုးကြီးတို့နဲ့ အဆက်အသွယ်ရထားတော့ ပစ္စည်းတွေ အများကြီး ရထားတယ်။ ဆယ့်နှစ်ယောက်မြောက်ဦးလေးကလည်း အသေးအမွှား ပစ္စည်းလေးတွေ သယ်ယူနေတဲ့ ကုန်သည်လေးတွေနဲ့ မိတ်ဆက်ပေးထားတယ်၊ ကျွန်တော်တို့ရဲ့ အစပ်ဂေါ်ဖီချဥ်တွေနဲ့ တခြားပစ္စည်းတွေကိုသာ စင်ပေါ်တင်လိုက်ရင် ဒီထက်တောင် ပိုရောင်းကောင်းဦးမယ်"

စုန့်တင်းရှန်းက သူ့ကို ပြောပြလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်သူကြီးကျုံးဆီကနေ စာရထားသေးတယ်၊ ဒီနှစ်အတွက် သိုးမွှေးတွေ မကြာခင် ရောက်လာတော့မယ်တဲ့။ တော်တော်များတယ်လို့ ပြောတယ်၊ သိုးမွှေးအလုပ်ရုံကို ဆောင်းတွင်းအစောပိုင်းထဲက စလည်ပတ်လို့ရပြီ"

စုန့်ဟူထောင်ကတော့ ဝမ်းသာလွန်းလို့ ထခုန်မိတော့မတတ် ဖြစ်နေခဲ့သည်။

"လူအတော်များများက ကျွန်တော့်ကို လာမေးနေကြတာ၊ ကျွန်တော်တို့ရဲ့ ပုဝါတွေ၊ ခြုံထည်တွေ ဘယ်တော့ရမလဲဆိုပြီး မေးနေကြတာ၊ အခုလို အစ်မဆီက သိလိုက်ရမှ ကျွန်တော် စိတ်အေးသွားရတယ်"

စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။

"မင်း မြို့ပေါ်မှာ စီးပွားရေးလုပ်နေတာဆိုတော့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တခြားဆိုင်တွေကိုရော လေ့လာကြည့်ခဲ့သေးလား၊ တခြားဆိုင်တွေရော ရောင်းကောင်းကြရဲ့လား"

စုန့်ဟူထောင်က ပြန်ပြောလိုက်သည်။

"အခုက မိုးခေါင်တဲ့နှစ်လည်း ကုန်သွားပြီ၊ မြောက်ဘက်က စစ်ပွဲတွေလည်း အေးချမ်းသွားပြီဆိုတော့ ကုန်သည်တွေ အဝင်အထွက် အတော်များလာတယ်၊ ဆိုင်အတော်များများ ရောင်းကောင်းနေကြတာကို ကျွန်တော် တွေ့တယ်၊ အကြီးဆုံးအစ်မရဲ့ စားသောက်ဆိုင်ဆိုရင်လည်း လူတွေ အမြဲပြည့်နေတာလေ၊ သူ တကယ်ကို အလုပ်များနေတာ"

စုန့်တင်းရှန်းက ခေါင်းညိတ်ရင်း ပြောလိုက်ပြန်သည်။

"ကပ်ဘေးပြီးခါစဆိုတော့ ဆိုင်တွေ ခဏလောက် အရောင်းပါးနေဦးမယ်လို့ ငါ ထင်နေတာ"

"ကံကောင်းတာက ဒီဘက်မှာ အခြေအနေ သိပ်မဆိုးခဲ့ဘူးလေ၊ ကျွန်တော် ကြားရတာတော့ အနောက်မြောက်ဘက်မှာ နွေဘက် မိုးခေါင်ပြီး ဆောင်းတွင်းဘက် နှင်းမုန်တိုင်းတွေကျခဲ့လို့ အတော်လေး ပရမ်းပတာ ဖြစ်နေကြတယ်တဲ့၊ တောင်ဘက်ကလည်း ကျိုင်းကောင်ကပ်ဘေး သင့်ထားတော့ ဒီနှစ် ဘာမှ အဖတ်မတင်ဘူးလို့ ပြောရမယ်၊ ဒါပေမယ့် ဒီမှာကတော့ အခြေအနေ ပြန်ကောင်းနေပြီ၊ ပြီးတော့ ဒီခရိုင်ကနေ စစ်သူကြီးနဲ့ ကောင်တီမင်းသမီး ထွက်ပေါ်လာတော့ ဒီနေရာကို လူတွေက ကောင်းချီးရတားတဲ့နေရာလို့ ထင်နေကြတယ်၊ ဆိုင်ခန်းတွေရဲ့ ဈေးနဲ့ အိမ်ဈေးတွေတောင် နှစ်ဆတက်သွားတယ်"

စုန့်တင်းရှန်း : “……”

"အဲဒါဆိုရင်တော့ မင်း ငါ့ကို ကူညီပြီး ဒီဆိုင်ဆယ့်နှစ်ဆိုင်ရဲ့ အခြေအနေကို တစ်ချက်ကြည့်ပေးဦး၊ ဘယ်လောက် အကျိုးအမြတ် ရနိုင်မလဲဆိုတာလည်း ခန့်မှန်းပေး"

သူမက သူမရှေ့ရှိ ဆိုင်ဆယ်နှစ်ဆိုင်၏ စာရင်းဇယားများကို စုန့်ဟူထောင်ရှေ့၌ ဖြန့်ပြလိုက်သည်။

အလုပ်ရုံများ တည်ထောင်သည့်နေရာတွင် စုန့်တင်းရှန်းက သူမကိုယ်သူမ ထိပ်တန်းဟု ယုံကြည်ထားသော်လည်း ခရိုင်မြို့ပေါ်မှ ဆိုင်များ၏ လက်တွေ့အခြေအနေကိုတော့ စုန့်ဟူထောင်လောက် သူမ မသိပေ။ ဟူထောင်က စာပေဘက်တွင် မထူးချွန်သော်လည်း စီးပွားရေးနှင့် လူမှုဆက်ဆံရေးတွင်တော့ စုန့်မိသားစုထဲ၌ သူ အထူးချွန်ဆုံး ဖြစ်သည်။ သူက လျိုတကွေ့ထံမှလည်း နည်းပရိယာယ်များစွာ သင်ယူထားခဲ့ပြီး အတော်လေး ပါးနပ်နေပြီ ဖြစ်သည်။

ဆိုင်အသီးသီးကို စစ်ဆေးပြီးနောက် စုန့်ဟူထောင်က မှတ်ချက်ပေးနေခဲ့သည်။

"အလှပြင်ပစ္စည်းဆိုင်တွေကတော့ ပုံမှန်ပါပဲ၊ ဒီပစ္စည်းတွေက တစ်ခါဝယ်ထားရင် အကြာကြီး သုံးလို့ရတယ်လေ၊ ကုန်သည်တွေက အခုလက်ရှိ အစားအသောက်နဲ့ အထည်အလိပ်တွေကို ပိုပြီး အာရုံစိုက်နေကြတယ်၊ အဲဒါကြောင့် ဒီပိုးထည်ချဉ်ထည်ဆိုင်နှစ်ဆိုင်က လူအဝင်အထွက် တော်တော်ကောင်းတယ်၊ သူတို့က မိုးခေါင်တုန်းက ကျန်ခဲ့တဲ့ အထည်အဟောင်းတွေကိုလည်း ရှင်းထုတ်ပြီးပြီ၊ အခုဆိုရင် ကုန်သစ်တွေလည်း ပြန်ဖြည့်ထားကြပြီ"

"အပေါင်ဆိုင်လုပ်ငန်းကလည်း အမြဲတမ်း ကောင်းနေတာပါပဲ၊ အထူးသဖြင့် ဒီလို ကပ်ဘေးကို ဖြတ်ကျော်လာတဲ့ကာလတွေဆိုရင် ပြောစရာတောင် မလိုဘူး၊ သူတို့က အကျိုးအမြတ်အများဆုံးပဲ၊ အဝတ်အထည်ဆိုင်ကလည်း ပုံမှန်ပါပဲ၊ ကျွန်တော်တို့နေတာက ခရိုင်မြို့ဆိုပေမယ့် ချမ်းသာတဲ့သူတွေကလည်း အဝတ်အစားကို သူတို့ ကိုယ်တိုင်းနဲ့ပဲ အစေခံတွေကို ချုပ်ခိုင်းကြတာ၊ ဆင်းရဲတဲ့သူတွေကတော့ အသင့်ချုပ်ပြီးသားတွေကို မဝယ်နိုင်ကြဘူး၊ အဲဒီတော့ ချုပ်ပြီးသားတွေ ရောင်းတဲ့ ဆိုင်နှစ်ဆိုင်လုံးက အမြတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး၊ သူတို့ ငွေမရှုံးရင်တောင် တော်တော် ကံကောင်းနေပြီ"

"စားသောက်ဆိုင်ကတော့... အတော်အသင့်ပဲ။ လာတဲ့သူအများစုက ကုန်သည်ကြီးတွေပဲ၊ သာမန်လူတွေက အဲ့ဒီကို မသွားနိုင်ကြဘူး၊ ကုန်သည်လေးတွေကလည်း အဲဒီကို မသွားကြဘူး။ သူတို့က ကျွန်တော်တို့ဆီမှာ မာလာထန်စားရတာကို ပိုကြိုက်ကြတယ်။ ပိုပြီးတော့ အရသာရှိသလို နွေးနွေးထွေးထွေးနဲ့ ဗိုက်ဝစေတယ်လေ"

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်မေးလိုက်သည်။

"မင်းက အစ်ကြီးဆုံးအစ်မရဲ့ စီးပွားရေးကို ငါ့ဆီလာပြီး ကြော်ငြာပေးနေတာလား၊ ငါ မစားဘူးတာ တစ်ခုခု ရှိနေသေးလို့လား"

စုန့်ဟူထောင်က ပျာပျာသလဲ ပြန်ဖြေလိုက်သည်။

"အဲ့လို မဟုတ်ပါဘူး၊ ကျွန်တော်က ကျွန်တော်တို့မိသားစုကို ချီးကျူးနေတာပါ။ ဒုတိယအစ်မရဲ့ လက်ရာတွေသာ မရှိခဲ့ရင် ကျွန်တော်တို့မှာ ဒီလောက် အကျိုးအမြတ်များတဲ့ လုပ်ငန်းတွေ ဘယ်ရှိလာပါ့မလဲ၊ ဒီမှာ တည်းခိုခန်းတောင် ရှိသေးတာလား၊ ထုံရှင်းတည်းခိုခန်းလား၊ ဒီတည်းခိုခန်းရဲ့လုပ်ငန်းကတော့ တကယ့်ကို ကောင်းလွန်းတယ်၊ အခုဆိုရင် ကုန်သည်တွေ အဝင်အထွက် အရမ်းများနေတော့ ချမ်းသာတဲ့သူတွေက တည်းခိုခန်းမှာ နေကြပြီး ပိုက်ဆံသိပ်မရှိတဲ့သူတွေကတော့ တည်းခိုဆောင်အသေးတွေမှာ နေကြတာပေါ့၊ တည်းခိုခန်းက နေ့တိုင်း လူ မပြည့်ဘူးဆိုရင်တောင် တော်တော်လေးတော့ လူစည်ကားနေတာလေ"

"ငွေထည်ဆိုင်ကလည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် အလှပြင်ပစ္စည်းဆိုင်တွေလိုပဲပေါ့၊ ဘယ်သူမှ ခဏခဏ မဝယ်ကြဘူး၊ ပြီးတော့ ခုလို ကပ်‌ဘေး ဖြစ်ထားတဲ့အချိန်မှာတော့ ဘယ်သူမှ လက်ဝတ်ရတနာ ဝယ်ချင်မှာ မဟုတ်ကြဘူး၊ ဒါပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာတော့ ပြန်ကောင်းလာမယ်လို့ ကျွန်တော် ထင်တယ်။ ဆိုးဆေးလုပ်ငန်းကတော့..."

"ဆိုးဆေးလုပ်ငန်းက ဘယ်လို ဖြစ်နေလို့လဲ"

စုန့်တင်းရှန်းက ပြန်မေးလိုက်သည်။

စုန့်ဟူထောင်က တွေးတွေးဆဆ ပြန်ဖြေလိုက်သည်။

"ဒီဆိုးဆေးလုပ်ငန်းက ပိုးထည်ဆိုင်တွေက အထည်ဟောင်းတွေကို ပြန်ဆိုးပေးရတာဆိုတော့ တစ်နှစ်ပတ်လုံး အလုပ်သိပ်မရှိဘူး။ မုန့်ဆိုင်ကတော့ အဆင်ပြေတယ်၊ နှစ်သစ်ကူးနီးလာပြီဆိုတော့ ဆိုင်က အတော်လေး စည်ကားလာတော့မှာ၊ ဘယ်သူက နှစ်သစ်ကူးအတွက် မုန့်မဝယ်ဘဲ နေကြလို့လဲ၊ ဟုတ်တယ်မလား ဒုတိယအစ်မ၊ ဒါနဲ့ အစ်မက ဒါတွေကို ဘာလို့ မေးနေတာလဲ၊ အစ်မ ဒီဆိုင်တွေကို ဝယ်မလို့လား"

စုန့်တင်းရှန်းက ခေါင်းခါရင်း ရှင်းပြလိုက်သည်။

"ဒီဆိုင်တွေက မင်းယောက်ဖ ပိုင်တာ၊ ငါက သူ့အတွက် ကူကြည့်ပေးရုံပဲ၊ ဆိုင်တာဝန်ခံတွေကတော့ ကပ်ဘေးနဲ့ ကြုံခဲ့လို့ အမြတ်မရှိဘူးလို့ ပြောနေကြတာ၊ ငါ အဲဒါတွေကို သိပ်နားမလည်လို့ မင်းကို တစ်ချက်ကြည့်ခိုင်းတာ"

စုန့်ဟူထောင်က အံ့ဩတကြီး ထအော်လိုက်သည်။

"ဟာ... ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒီဆိုင်တွေက လမ်းတစ်လမ်းလုံးကို နေရာယူထားတာလေ၊ ယောက်ဖက အစ်မကို လမ်းတစ်လမ်းလုံးက ဆိုင်တွေ ပေးလိုက်တာလား"

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"မင်း လက်ထဲက ပိုက်ဆံကိုမှ အစစ်အမှန်မြတ်တယ်လို့ ခေါ်နိုင်တာ၊ မင်း လက်ထဲကို အမြတ်ငွေ ရောက်မလာရင် သူများအတွက် အလုပ်လုပ်ပေးနေတာနဲ့ အတူတူပဲ၊ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့ဦး၊ ငါ နည်းနည်းထပ် စဉ်းစားဖို့ လိုသေးတယ်"

စုန့်ဟူထောင်က ခေါင်းညိတ်ရင်း အကြံထပ်ပေးလာခဲ့သည်။

"ဒုတိယအစ်မ၊ ကျွန်တော့်အမြင်တော့ အစ်မ မြို့ထဲကို ပတ်ကြည့်သင့်တယ်၊ မြတ်တဲ့ဆိုင်ရှိသလို ရှုံးတဲ့ဆိုင်လည်း ရှိမှာပဲ၊ ဆိုင်အားလုံးက အမြတ်မထွက်ဘူးဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး"

သူတို့ စကားပြောနေစဉ်မှာပင် အစေခံကောင်လေးမော့ယွင်က ပြေးဝင်လာခဲ့သည်။

"သခင်မ... မြို့တော်ကို သွားခဲ့တဲ့ စစ်သည်တချို့ ပြန်ရောက်လာပါပြီ၊ ကြင်ယာတော်မင်းသမီးကြီးဆီက လက်ဆောင်တွေလည်း ပါလာတယ်လို့ ပြောပါတယ်"

စုန့်တင်းရှန်းက ချက်ချင်း ထရပ်လိုက်ပြီး အလောတကြီး ညွှန်ကြားလိုက်သည်။

"မြန်မြန်... သူတို့ကို အထဲကို ဖိတ်ခေါ်လိုက်၊ ကျန်းကျူး... လက်ဖက်ရည်အတွက် ရေနွေးတည်လိုက်၊ စစ်သည်တွေ ဗိုက်ဖြည့်ဖို့ မုန့်ပေါင်း အရင်ပြင်ခိုင်းပြီး ခေါက်ဆွဲတွေပါ ချက်ခိုင်းလိုက်"

ကျန်းကျူးက အမိန့်ကို လက်ခံပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။

မကြာမီမှာပင် မော့ယွင်က မြို့တော်မှ ပြန်လာသော စစ်သည်ဆယ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ လျန်ဇီက စုန့်တင်းရှန်းကို အရိုအသေပေးပြီးမှ သတင်းပို့လာခဲ့သည်။

"သခင်မ... ကျွန်တော်တို့ အဲဒီလူတွေကို မြို့တော်ကို ပို့ဆောင်ခဲ့ပြီးပါပြီ၊ ကြင်ယာတော်မင်းသမီးကြီးဆီကို ကိုယ်တိုင်ကိုယ်ကျ အပ်နှံခဲ့ပါတယ်၊ ကြင်ယာတော်မင်းသမီးကြီးက သခင်မအတွက် လက်ဆောင်တွေ ပြန်ထည့်ပေးလိုက်ပါတယ်၊ စစ်ဆေးကြည့်ပေးပါဦး"

သူက ပြောနေရင်းဖြင့် သူ၏ပုခုံးပေါ်မှ သေတ္တာတစ်လုံးကို အောက်ချလိုက်သည်။

သေတ္တာကို ဖွင့်ကြည့်လိုက်ချိန်တွင် အထဲ၌ ထူထဲလှသော စာရွက်စာတမ်း အထပ်လိုက်ကြီး ရှိနေသည်ကို တွေ့လိုက်ရသည်။

"ကြင်ယာ‌တော်မင်းသမီးကြီးက ဘာတွေများ မှာကြားလိုက်သေးလဲ"

စုန့်တင်းရှန်းက ထပ်မေးလိုက်သည်။

လျန်ဇီက ပြန်ဖြေလိုက်သည်။

"ကြင်ယာတော်မင်းသမီးကြီးက သခင်မရဲ့ ဂရုတစိုက်ရှိမှုနဲ့ သတိဝီရိယရှိမှုကို ချီးကျူးပြီး အင်မတန် စိတ်အေးရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ရက်အနည်းငယ်အတွင်း စစ်သူကြီးနဲ့ သခင်မတို့ မြို့တော်ကို ပြန်သွားဖို့ လိုအပ်လာပါလိမ့်မယ်၊ မင်းသားကြီးက စစ်သူကြီးကို တော်ဝင်မိသားစုရဲ့ ဆွေမျိုးစာရင်းထဲ ထည့်သွင်းဖို့ တင်ပြလိုက်ပါပြီ၊ သခင်မတို့ ဒီနှစ်သစ်ကူးကို မြို့တော်မှာ ဆင်နွှဲရမယ့်ပုံပါပဲ"

စုန့်တင်းရှန်းက သူတို့ကို ပြုံးပြရင်း ကျေးဇူးတင်စကားပြောကာ ဧည့်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဧည့်ခန်းမှာ မုန့်တွေ ပြင်ထားပေးတယ်၊ လက်ဖက်ရည်သောက်ပြီး ခဏနားကြပါဦး၊ ပြီးမှ တစ်ခုခု ထပ်စားကြပေါ့"

မော့ယွင်က ထိုအဖွဲ့ကို ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ စုန့်ဟူထောင်ကတော့ သေတ္တာထဲမှ စာရွက်စာတမ်းများကို ကြည့်ပြီး တအံ့တဩ မေးနေပြန်သည်။

"ဘုရား‌ရေ၊ ကြင်ယာတော်မင်းသမီးကြီးက ဘာလို့ ဒီပစ္စည်းတွေကို အစ်မဆီ ပေးလိုက်ရတာလဲ"

"ဒါတွေကို ငါ့ဆီ ပေးလိုက်တယ်ဆိုကတည်းက နောက်ဆုံးတော့ ဒီမိသားစုကို ငါပဲ ဦးဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့"

စုန့်တင်းရှန်းက စာရွက်စာတမ်းတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။

"ဪ... ဒါတွေလည်း ပါလာတာကိုး၊ နှစ်သစ်ကူးမတိုင်ခင်တော့ လူစားထိုးဖို့ ခက်လိမ့်မယ်၊ သူတို့ကို နောက်ထပ် လအနည်းငယ်လောက်တော့ ရှုပ်ခွင့် ပေးထားလိုက်ပါဦးမယ်၊ နှစ်သစ်ကူးပြီးမှပဲ အကုန်လုံးကို တစ်ခါတည်း စာရင်းရှင်းကြတာပေါ့"

စုန့်ဟူထောင်က ဇဝေဇဝါ ပြန်မေးလိုက်သည်။

"ဒုတိယအစ်မ... အစ်မက ဘယ်သူနဲ့ စာရင်းရှင်းမလို့လဲ"

"ငါ့ကို လိမ်တဲ့သူမှန်သမျှနဲ့ ရှင်းမှာပေါ့"

စုန့်တင်းရှန်းက သူမ မောင်လေး၏ ပါးကို ချစ်စနိုးဖြင့် ဆွဲလိမ်ရင်း ထပ်‌မေးလိုက်သည်။

"ဒါနဲ့... အမေက မင်းအတွက် ဇနီးလောင်း ရှာပေးနေပြီလား"

စုန့်ဟူထောင်က မျက်နှာလေး နီရဲသွားပြီး ခေါင်းကိုသာ တတွင်တွင် ခါပြနေလေသည်။

"ဒါဆို... မင်း သဘောကျနေတဲ့သူ ရှိလို့လား"

စုန့်တင်းရှန်းက စာရွက်စာတမ်းများကို သေတ္တာထဲ ပြန်ထည့်ကာ သော့ခတ်လိုက်ပြီး သော့ကို သိုလှောင်ရုံသော့နှင့်အတူ တွဲချိတ်ထားလိုက်သည်။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စုန့်ဟူထောင်က တိုးတိုးလေး ကပ်မေးလာပြန်သည်။

"ဒုတိယအစ်မ... အစ်မကျန်းကျူးက ကျွန်တော့်ကို သဘောကျနိုင်လား"

စုန့်တင်းရှန်း : “.....”

........။.......။.......

စာရေးသူ၏ မှတ်ချက်

စုန့်တင်းရှန်း : “နင်က ငါ့ရဲ့ တစ်ဦးတည်းသော အနီးကပ်အစေခံမလေးကို မျက်စိကျနေတာလား”

စုန့်ဟူထောင် : “သူက သိမ်မွေ့ပြီး လှတာကိုး ဟီး ဟီး”

All Chapters