← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇ မျိုးနွယ်စုစာရင်းသို့ ဝင်ရောက်ခြင်း

စုန့်တင်းရှန်းက တစ်ချက်ရယ်မောလိုက်သည်။

‘လူငယ်တွေအချင်းချင်း တစ်ယောက်ပေါ်တစ်ယောက် စိတ်ဝင်စားကြတာက သဘာဝပါပဲ။ ကျန်းကျူးကလည်း တကယ်ပဲ လှပတယ်လေ။ သူမက အစေခံတစ်ယောက်ဆိုပေမယ့် မင်းသားကြီးအိမ်တော်က အဆင့်မြင့်အစေခံတစ်ယောက်လေ၊ သူမရဲ့အပြုအမူတိုင်းက မြို့ငယ်လေးတွေက သူဌေးသမီးတွေထက် ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်။ သူမရဲ့ နုံအတဲ့ မောင်လေးက သူမကို စိတ်ဝင်စားသွားတာ အဆန်းမဟုတ်ဘူးလေ။

ဒါပေမယ့်....’

"သူက မင်းကို သဘောကျလား၊ မကျဘူးလားဆိုတာကို ထားလိုက်ဦး၊ မင်းမှာ ဘယ်လို အရည်အချင်းမျိုးရှိလို့ သူလို မိန်းကလေးမျိုးက မင်းကို ပြန်သဘောကျရမှာလဲဆိုတာ ငါ့ကို အရင်ပြောစမ်းပါဦး"

စုန့်ဟူထောင်က ခဏမျှ ခေါင်းကုတ်နေပြီးမှ ပြန်ဖြေလာသည်။

"ကျွန်တော်က ရုပ်ချောတယ်လေ"

စုန့်တင်းရှန်း သူ့ကို မျက်စောင်းထိုးလိုက်သည်။

"အပြင်မှာ ရုပ်ချောတဲ့ ယောက်ျားတွေ အများကြီးပဲ၊ သူက ရုပ်ချောတဲ့ယောက်ျားကို တစ်ခါမှ မမြင်ဖူးဘူးလို့ မင်း ထင်နေတာလား၊ အဲဒါအပြင် တခြားဘာရှိသေးလဲ"

ဟူထောင်က သွားဖြဲပြရင်း ပြောလာပြန်သည်။

"ကျွန်တော့်မှာ ကောင်တီမင်းသမီးဖြစ်နေတဲ့ အစ်မတစ်ယောက်ရှိတယ်လေ"

စုန့်တင်းရှန်းက လှောင်ပြောင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပြောခိုင်းနေတာ၊ မင်းမှာ ကောင်တီမင်းသမီး အစ်မရှိတာကတော့ မှန်တယ်။ ဒါပေမယ့် မင်းသားကြီးအိမ်တော်မှာ ဒီလောက်အဆင့်မြင့်တဲ့ အစေခံတစ်ယောက်ဖြစ်လာဖို့ မိန်းကလေးတစ်ယောက်အနေနဲ့ သူ ဘယ်လောက်ကြိုးစားခဲ့ရမယ်ဆိုတာ မင်း သိလား၊ အဲဒီအချက်နဲ့တင် ကျန်းကျူးရဲ့ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ လိမ္မာပါးနပ်မှုက မင်းထက် အဆပေါင်း ရာချီသာနေပြီ၊ သူ မင်းသားကြီး အိမ်တော်မှာ ဆက်နေရင် သူ အသက်ကြီးလာတဲ့အခါ ကြင်ယာတော်မင်းသမီးကြီးကိုယ်တိုင် သူ့အတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးမှာ၊ အိမ်တော်ထဲက ယုံကြည်ရတဲ့ အိမ်တော်ထိန်းတစ်ယောက်ရဲ့ ဇနီးဖြစ်လာနိုင်သလို အပြင်က ဂုဏ်သရေရှိ အရာရှိမိသားစုတွေကတောင် လိုချင်ကြဦးမယ်၊ ဒါပေမယ့် မင်းကရော"

စုန့်ဟူထောင်၏အပြုံးက ပျောက်ကွယ်သွားခဲ့သည်။

‘သူရဲ့ရုပ်ချောတာနဲ့ ကောင်တီမင်းသမီး အစ်မရှိတာအပြင် သူ့မှာ ဘာအရည်အချင်း ရှိသေးလို့လဲ’

"အလုပ်ကြိုးစားတာကရော အရည်အချင်း မဟုတ်ဘူးလား"

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"ငါတို့ရွာမှာ အလုပ်မကြိုးစားဘဲ ထိုင်စားနေတဲ့သူ ရှိတာ မင်း မြင်ဖူးလား"

"ကျွန်တော်... ကျွန်တော်..."

စုန့်ဟူထောင်က အချိန်အတော်ကြာ ခေါင်းကုတ်နေသော်လည်း ဘာမှ ထပ်မပြောနိုင်တော့ပေ။

စုန့်တင်းရှန်းကလည်း သက်ပြင်းချလိုက်သည်။

"ကျန်းကျူးကို ငါ့ရဲ့ ယောင်းမအဖြစ် တကယ်မြင်ချင်တာပါ၊ သူသာ ရှိရင် ငါ မင်းအတွက် စိတ်ပူနေစရာ မလိုတော့ဘူး။ ဒါပေမယ့် သူကိုယ်တိုင်ကရော သဘောတူပါ့မလား၊ အဲ့ဒါကို သိဖို့ လိုသေးတယ်၊ ငါ မင်းအတွက် မေးပေးပါ့မယ်၊ တကယ်လို့ သူ သဘောမတူဘူးဆိုရင်တော့ မင်း သူ့ကို သွားမနှောင့်ယှက်နဲ့တော့နော်"

စုန့်ဟူထောင်က ပျာပျာသလဲ ပြောလာခဲ့သည်။

"အစ်မကလည်း... ကျွန်တော်က အဲဒီလိုလူမျိုးလား၊ ကျွန်တော် ဘယ်တုန်းက မိန်းခလေးတွေကို လိုက်နှောင့်ယှက်ဖူးလို့လဲ"

စုန့်တင်းရှန်းက သူ့ကို ဂရုမစိုက်တော့ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။

"ကဲပါ၊ အခု ပြန်သွားလိုက်ဦး၊ ဟိုဆိုင်တွေကိုလည်း သေချာ စောင့်ကြည့်ပေးထားဦးနော်၊ မင်းကို ကူညီဖို့ လူအချို့ ထပ်လွှတ်ပေးမယ်၊ မင်း သူတို့ကို သဘောကျရင် ဆက်ခေါ်ထားလို့ ရတယ်၊ မကြိုက်ရင်တော့ ငါ့ဆီ ပြန်ပို့လိုက်... နားလည်လား"

"ကျွန်တော် နားလည်ပါပြီ အစ်မ၊ ကျေးဇူးပြုပြီး မေးပေးပါဦးနော်၊ တကယ်လို့ ကျန်းကျူးက သဘောတူမယ်ဆိုရင်...ဟီး ဟီး"

သူက ပြောရင်းဖြင့် ရှက်ကိုးရှက်ကန် ပြေးထွက်သွားတော့သည်။

သို့သော် ကျန်းကျူးက သဘောမတူခဲ့ပေ။ သူမက စုန့်တင်းရှန်းကို ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ပြီး ရှင်းပြလာခဲ့သည်။

"ဒီအစေခံက သခင်မရဲ့ မောင်လေးကို အထင်သေးလို့ မဟုတ်ပါဘူး၊ ကျွန်မ ရင်ထဲမှာ လူတစ်ယောက်ရှိပြီးသားဖြစ်နေလို့ပါ၊ တကယ်လို့ အရမ်းကောင်းတဲ့လူတစ်ယောက်က လက်ထပ်ခွင့် လာတောင်းရင်တောင် ကျွန်မ သဘောတူမှာ မဟုတ်ပါဘူး၊ ကျွန်မ အိမ်တော်မှာ ရှိတုန်းက ကြင်ယာတော်မင်းသမီးကြီးက ကျွန်မအသက်နှစ်ဆယ်ပြည့်ရင် အိမ်ထောင်ပြုခွင့်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ၊ ကျွန်မက အဲဒီနေ့ ရောက်လာမှာကို စောင့်မျှော်နေခဲ့တာပါ"

စုန့်တင်းရှန်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။

"ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ၊ အဲဒီလူက ဘယ်သူလဲ၊ အိမ်တော်ထဲမှာပဲ ရှိနေတာလား၊ တကယ်လို့ အဲဒီလူက အိမ်တော်ထဲမှာ ရှိနေရင် မင်းတို့နှစ်ယောက် ပေါင်းဖက်ရအောင် ငါ ကူညီပေးပါ့မယ်"

ကျန်းကျူး၏မျက်နှာလေးက နီမြန်းသွားပြီး မဝံ့မရဲ ပြန်ဖြေလာသည်။

"သခင်မ.... ဒုက္ခမရှာပါနဲ့တော့ရှင်၊ အဲဒီလူက... အဲဒီလူက အခု ကျွန်မတို့ အိမ်တော်ထဲမှာပဲ ရှိနေတာပါ"

စုန့်တင်းရှန်း ခဏမျှ စဉ်းစားလိုက်ပြီး ခန့်မှန်းလိုက်သည်။

"မော့ယွင်လား"

ကျန်းကျူးက အလျင်အမြန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူးရှင်၊ သူက... သူက... စားဖိုမှူးရဲ့ သားပါ"

စားဖိုမှူး၏သားကလည်း စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သူက အသက်ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်ကာ ဟင်းချက်လည်း အလွန်ကောင်းသလို အရပ်လည်း အတော်ရှည်သည်။ ရုပ်ရည်က အသင့်အတင့် ဖြစ်နေသော်လည်း တည်ငြိမ်ရင့်ကျက်သည့် စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။

"ဪ... သူလား"

စုန့်တင်းရှန်းက ခေါင်းတညိတ်ညိတ်ဖြင့် ခဏစဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။

"မင်း သေချာတော့ စဉ်းစားပါဦး၊ ငါ့မောင်လေးက အရည်အချင်း သိပ်မရှိဘူးဆိုပေမယ့် သူက ငါ့မောင်လေးလေ၊ နောင်ကျရင် ငါ သူ မျက်နှာမငယ်ရအောင် လုပ်ပေးမှာပါ၊ သူ့ဇနီးကိုလည်း အနှိမ်ခံဘဝနဲ့ နေခိုင်းမှာ မဟုတ်ပါဘူး"

ကျန်းကျူးက အပြုံးလေးဖြင့် ပြန်ပြောလာခဲ့သည်။

"သခင်မက စိတ်ထားကောင်းမှန်း ကျွန်မ သိပါတယ်၊ ဒါကြောင့်လည်း ကျွန်မကို အခုလို မေးခွန်းမျိုးတွေ မေးနေတာပေါ့၊ ဒါပေမယ့် ကျွန်မနဲ့ အစ်ကိုအားဖူက ငယ်ငယ်ကတည်းက သံယောဇဉ်ရှိခဲ့ကြတာပါ၊ နောက်လေးနှစ်နေရင် အစ်ကိုအားဖူနဲ့ လက်ထပ်နိုင်ဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်"

"ကောင်းပြီလေ၊ ငါ့မောင်လေးကတော့ ကံမပါဘူးလို့ပဲ ပြောရတော့မှာပေါ့၊ ကြင်ယာတော်မင်းသမီးကြီးက မင်းကို အားဖူနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားပြီးသားဆိုတော့ နောက်လေးနှစ်ကြာရင် မင်း ငါတို့အိမ်တော်ကနေပဲ တင့်တင့်တယ်တယ် လက်ထပ်ပေါ့၊ ငါကိုယ်တိုင် မင်းအတွက် တင်တောင်းပစ္စည်း အပြည့်အစုံ ပြင်ဆင်ပေးမယ်"

"သခင်မကို ကျေးဇူးတင်ပါတယ်ရှင့်”

ကျန်းကျူးက ဝမ်းသာအားရ ဒူးထောက်အရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"မြန်မြန် ထပါ၊ ခဏခဏ ဒူးမထောက်နဲ့၊ မင်းဒူးတွေ နာကုန်လိမ့်မယ်။ အားဖူက စားဖိုမှူးရဲ့သားဆိုတော့... ငါ မှတ်မိသလောက် မီးဖိုချောင်မှာ ဝယ်ယူရေးအတွက် တာဝန်ခံ မရှိသေးဘူးမလား"

ကျန်းကျူးက ပြန်ဖြေလိုက်သည်။

"အရင်က ဝယ်ယူရေးတာဝန်ခံ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သူက လောဘကြီးလွန်းလို့ သခင်မကပဲ သူ့ကို မောင်းထုတ်လိုက်တာပါ၊ အခု မီးဖိုချောင်မှာ ကြီးကြပ်မယ့်သူမရှိလို့ အစ်ကိုအားဖူကပဲ နေ့တိုင်း ကိုယ်တိုင် သွားဝယ်ပြီး စာရင်းမှတ်နေရတာပါ၊ ဒါပေမယ့် အိမ်တော်မှာက ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ရှိပြီးသားပါ၊ သခင်မရဲ့ မိသားစုကလည်း ဥတွေနဲ့ တခြားစားစရာတွေ ခဏခဏ ပို့ပေးနေတော့ ဝယ်စရာ သိပ်မရှိပါဘူး"

စုန့်တင်းရှန်းက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

‘ရှေ့လာမယ့် လေးနှစ်အတွင်း ဘာမှ အမှားအယွင်း မရှိခဲ့ရင် အားဖူကို မီးဖိုချောင်ဝယ်ယူရေး တာဝန်ခံအဖြစ် ရာထူးတိုးပေးလိုက်မယ်၊ ကျန်းကျူးလည်း အိမ်တော်တစ်ခုလုံးကို ထိန်းကျောင်းရသည့် အစေခံခေါင်းဆောင် ဖြစ်လာလိမ့်မယ်’

...........။........။........

ကျိုးယိနိုက သတင်းကြားသည်နှင့် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။ သူ အဝတ်အစားပင် မလဲနိုင်သေးဘဲ သူ့ဇနီးကို အရင်မေးပြီးမှ ခြံဝင်းထဲတွင် ကြာစွယ်စိုက်ရန် ညွှန်ကြားနေသည့် စုန့်တင်းရှန်းကို ပြေးဖက်လိုက်သည်။

ဘေးနားရှိ အစေခံများက ဘာမှ မမြင်လိုက်သည့်အလား သူတို့၏မျက်နှာကို အသာအယာ ခပ်မြန်မြန် လွှဲလိုက်ကြသည်။ စုန့်တင်းရှန်းကတော့ ရှက်ရွံ့မှုကြောင့် မျက်နှာလေး နီမြန်းသွားပြီး သူ့ကို ဆူပူလိုက်သည်။

"ရှင့်တစ်ကိုယ်လုံးမှာ ချွေးတွေနဲ့လေ၊ မြန်မြန်လွှတ်ပေးပါဦး၊ ကျွန်မကို အသက်ရှူကျပ်အောင် လုပ်နေတာလား"

"ဟီး ဟီး"

ကျိုးယိနိုက အခွင့်ကောင်းယူကာ သူ့ဇနီး၏ပါးလေးကို တစ်ချက်နမ်းပြီးမှ ပြန်လွှတ်ပေးလိုက်သည်။

"ကြာစေ့တွေ အကုန်စိုက်ပြီးပြီလား"

"အင်း ပြီးပြီ၊ အိမ်က ကြာစေ့တွေ ပို့ပေးလိုက်တာလေ၊ မနေ့ကလည်း ကြာစွယ်တွေ တူးပြီး လှည်းတစ်စီးစာ ပို့ပေးလိုက်သေးတယ်၊ ဒီည မီးဖိုချောင်က ဝက်နံရိုးနဲ့ ကြာစွယ်စွပ်ပြုတ် ချက်မယ်ဆိုလို့ ကျွန်မ ရှင့်အတွက် လတ်ဆတ်ပြီး ကြွပ်ရွနေတဲ့ ကြာစွယ်နှစ်ခု ချန်ထားပေးတယ်၊ အခွံနွှာပြီးသားနော်၊ အခုစားရင် ချိုချိုဆိမ့်ဆိမ့်လေးနဲ့ အေးနေမှာ သေချာတယ်၊ ရှင် အရင်သွားပြီး အဝတ်လဲလိုက်ဦး"

စုန့်တင်းရှန်းက ရွံရှာဟန်ဖြင့် သူမ၏နှာခေါင်းလေးကို ပိတ်ရင်း သူ့ကို စနောက်လိုက်သည်။

ကျိုးယိနိုက ရေချိုးအဝတ်လဲရန် ပြေးထွက်သွားခဲ့သည်။ သူ့အခန်းက စုန့်တင်းရှန်း၏ အခန်းနှင့် ကပ်လျက်ဖြစ်ပြီး တခြားအိမ်တော်ကြီးများကဲ့သို့ သီးခြားခြံဝင်း ခွဲထားခြင်းမရှိပေ။ သူ့စိတ်ထဲတွင် ဇနီးသည်နှင့် အတူနေရခြင်းကသာ သက်တောင့်သက်သာအရှိဆုံး ဖြစ်သည်။

မော့ယွင်က သူ့သံချပ်ကာကို အရင် သိမ်းပြီးမှ သက်သောင့်သက်သာရှိသော ချည်သားဝတ်ရုံကို ယူပေးလိုက်သည်။ ဆံပင်ပေါ်မှ ရေများကို သုတ်ရန် တဘက်တစ်ထည်လည်း လှမ်းပေးလိုက်သည်။

"ငါ မရှိတုန်း အိမ်မှာ ဘာထူးခြားတာ ရှိသေးလဲ"

"ထွေထွေထူးထူးတော့ မရှိပါဘူး စစ်သူကြီး၊ ဒါပေမယ့် စစ်သူကြီးက ကျွန်တော့်ဆီက ကြားချင်တာလား ဒါမှမဟုတ် သခင်မဆီက ကြားချင်တာလား"

"စကားပြောတာ ကောင်းတယ်"

ကျိုးယိနိုက စုတ်တစ်ချက် သပ်လိုက်ပြီး တဘက်ကို ယူကာ သူဘာသာသူ ဆံပင်သုတ်လိုက်သည်။

"ဘာမှမဖြစ်တာ ကောင်းတယ်၊ ဒါပေမယ့် သခင်မကိုတော့ သေသေချာချာ ဂရုစိုက်ပေးရမယ်၊ သူ အရမ်း အလုပ်မပင်ပန်းစေနဲ့၊ နားလည်လား"

"စိတ်ချပါ စစ်သူကြီး၊ ကျွန်တော် သိပါတယ်"

မော့ယွင်က ပြန်ဖြေလိုက်ပြီး ရေချိုးကန်ကို အပြင်ထုတ်ရန် တခြားသူများအား ညွှန်ကြားကာ ကြမ်းပြင်ပေါ်မှ ရေစက်များကို လိုက်သုတ်နေသည်။

"သခင်မက အလုပ်လုပ်တာ တကယ်ကို မြန်ဆန်လွန်းတယ်၊ ပြီးတော့ ဘာမဆို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်၊ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေကို သခင်မက အရင်ဦးအောင် လုပ်သွားတာ ခဏခဏပဲ၊ စစ်သူကြီး.... သခင်မကို နည်းနည်းလောက် ဖျောင်းဖျပေးပါဦး၊ ကျွန်တော်တို့အတွက်လည်း လုပ်စရာ အလုပ်လေးတွေ ချန်ထားပေးပါဦးလို့ ပြောပေးပါ"

ကျိုးယိနိုက နှာမှုတ်လိုက်ပြီး သူ့လက်ထဲက သဘတ်ကို မော့ယွင်၏ မျက်နှာပေါ်သို့ ပစ်တင်လိုက်သည်။

"မင်းကြ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေတာလား၊ သခင်မ ပြန်ရောက်လာပြီလား"

"ပြန်ရောက်ပါပြီရှင်၊ တံခါးဝကို ဝင်လာကတည်းက ရှင် သူများကို ဆူပူနေတာ အတိုင်းသား ကြားနေရတယ်"

စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်လာပြီး မော့ယွင်လက်ထဲမှ သဘတ်ကို လှမ်းယူလိုက်သည်။ ထို့နောက် မော့ယွင်ကို ညွှန်ကြားလိုက်သည်။

"စစ်သူကြီး အဆာပြေစားဖို့ မုန့်နည်းနည်း သွားယူလိုက်ဦး"

မော့ယွင်က အပြုံးဖြင့် ခေါင်းညိတ်ကာ အခန်းပြင်သို့ ပြေးထွက်သွားပြီး တံခါးကို အသာအယာ ပြန်ပိတ်ပေးခဲ့သည်။

"ရာသီဥတုက တနေ့ထက်တနေ့ ပိုအေးလာပြီ၊ အိမ် နွေးအောင် အပူပေးထားရဲ့လား"

ကျိုးယိနိုက စုန့်တင်းရှန်း၏ သွယ်လျသော ခါးလေးကို ပွေ့ဖက်ကာ သူမကို ပွေ့ချီပြီး နှစ်ယောက်သား ခန်ပေါ်တွင် အတူတူ ထိုင်လိုက်ကြသည်။

စုန့်တင်းရှန်းက သူ၏ ဆံနွယ်စများကို သဘတ်ဖြင့် သုတ်ပေးနေသည်။ အာဟာရချို့တဲ့မှုကြောင့် ကြမ်းတမ်းခဲ့ဖူးသော ကျိုးယိနို၏ ဆံပင်များက ယခု နောက်ပိုင်း အာဟာရပြည့်ဝလာမှုကြောင့် ပို၍ ချောမွေ့တောက်ပလာသည်။ သူမက သူ့၏ဆံပင်တစ်ဆုပ်ကို လက်ဖြင့် ဆုပ်ကိုင်ကြည့်နေခဲ့သည်။

"ညနေဘက်ကတည်းက ထင်းတွေ မီးရှို့ခိုင်းထားတာ၊ ကျွန်မတို့အိမ်တော်က လူသိပ်မရှိတော့ နွေးထွေးမှု ရှိအောင် လူများတဲ့ နေရာတွေကိုပဲ အဓိကထားပြီး အပူပေးခိုင်းထားတယ်၊ ဒီအိမ်ကြီးက အရမ်းကျယ်လွန်းတော့ သိပ်မကောင်းဘူး၊ ထင်းတွေ ဘယ်လောက်ပဲ အများကြီးသုံးသုံး ရွာက အိမ်လေးလောက် နွေးထွေးတယ်လို့ မခံစားရဘူး"

ကျိုးယိနိုက စုန့်တင်းရှန်း၏ လည်ပင်းလေးထဲသို့ ခေါင်းတိုးဝင်ကာ ဗလုံးဗထွေး ပြောနေပြန်သည်။

"ဒါဆိုရင်လည်း တစ်နေ့ကုန် မီးဖိုထားလိုက်ပေါ့၊ အခုဆိုရင် ထင်းဖိုးလောက်တော့ ကိုယ်တို့ တတ်နိုင်နေပါပြီ၊ ရွာက ပို့ပေးတဲ့ ထင်းတွေတောင် သုံးလို့ မကုန်နိုင်ဘူးလေ"

လီရှန့်က ရွာတွင် ထင်းအမြောက်အမြား ဝယ်ယူထားခဲ့ပြီး သူတို့ မိသားစုသုံးရန် အနည်းငယ် ချန်ထားပြီး ကျန်နေသည့်ထင်းများအားလုံးကို အိမ်တော်သို့ ပို့ပေးလေ့ရှိသည်။ စုန့်ရှင်းယိတို့ကလည်း ရာသီဥတု အေးလာသောကြောင့် ထင်းချွေတာရန် အတူတူ စုပေါင်းနေထိုင်ကြရာ သခင်များထက် အစေခံများက ထင်းကို ပိုမို အသုံးပြုနေကြရသည်။

"ကျွန်မတို့ဆီမှာ လူအများကြီးလည်း မလိုပါဘူး၊ ထက်မြက်တဲ့လူ အချို့ကို အကြီးဆုံးအစ်မနဲ့ မောင်လေးဆီ ခွဲပေးချင်တယ်၊ ဒါနဲ့... ရှင့်နာမည်နဲ့ ရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ပြီးပြီလား"

"မကြည့်ရသေးဘူး၊ ကြည့်လည်း ကိုယ်နားလည်မှာမှ မဟုတ်တာ၊ မင်းပဲ ကြည့်လိုက်ပါ၊ တစ်ခုခု အဆင်မပြေတာ ရှိရင်လည်း မင်းပဲ စီမံလိုက်တော့၊ ဘာပဲဖြစ်ဖြစ် ကိုယ်က မင်း ကျွေးတာစားပြီး မင်း ပေးတဲ့ နေရာမှာ နေနေတာဆိုတော့ ဘာမှ စိတ်ပူစရာ မလိုဘူးလေ"

ကျိုးယိနို၏ အရှက်မရှိ စကားများကြောင့် စုန့်တင်းရှန်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။ သူမက သူ့နားရွက်ကို အသာအယာ ဆွဲလိမ်ပြီး ဆူပူလိုက်သည်။

“ရှင်က ကျွန်မကို အခွင့်ကောင်းယူနေတာပဲ၊ ရှင့်ပစ္စည်းတွေကို ရှင်ကိုယ်တိုင် ဂရုမစိုက်ဘဲ ကျွန်မကိုပဲ အလုပ်လုပ်ခိုင်းနေတယ်"

ကျိုးယိနိုက လူလည်ကျချင်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ရှင့်ပစ္စည်းဆိုတာက ဘာကို ပြောတာလဲ၊ အကုန်လုံးကို မင်းနာမည်အောက် ပြောင်းခိုင်းပြီးပြီလေ၊ ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ကို အငတ်ထားမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"

စုန့်တင်းရှန်းလည်း ပြောစရာ စကားလုံး ပျောက်ရှသွားပြီး သူ့ကို အသာအယာ တွန်းထုတ်လိုက်သည်။

"ဟွန့်... ထားပါတော့၊ ဒါနဲ့ မြို့တော်ကို ဘယ်တော့ သွားကြမှာလဲ"

"ပြန်ရောက်တာမှ ရက်ပိုင်းပဲ ရှိသေးတာကို"

ကျိုးယိနိုက စိတ်ပျက်လက်ပျက် သည်းညူလိုက်သည်။

"ကိုယ် မြို့တော်ကို သွားရတာ မကြိုက်ဘူး၊ နှစ်သစ်ကူးကို ဟိုမှာ ကျော်ဖြတ်ရမှာကို ပိုတောင် မုန်းသေးတယ်၊ ဒီမှာမိသားစုနဲ့ပဲ အတူတူ ဆင်နွှဲချင်တာ၊ အမေ့ရဲ့ ဖက်ထုပ်တွေက တကယ် အရသာရှိတာ၊ အခုတော့ စားရပါတော့မလားတောင် မသိတော့ဘူး"

"ရှင်အသံကို လျော့ပြောစမ်းပါ၊ ကြင်ယာ‌တော်မင်းသမီးကြီးသာ ပြန်ကြားသွားရင် စိတ်မကောင်း ဖြစ်နေဦးမယ်"

စုန့်တင်းရှန်းက သူ့ကို ဆူပူလိုက်ပြီး သူ့နှုတ်ခမ်းကို ဘဲနှုတ်သီးလို ဖြစ်သွားအောင် ဆွဲထားလိုက်သည်။

"နောက်ခါ ဒါမျိုး မပြောနဲ့၊ နားလည်လား၊ ရှင်က မိဘတွေနဲ့ ဝေးနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ သူတို့က ရှင့်ကို နေ့တိုင်း လွမ်းနေကြတာလေ၊ ရှင် မြို့တော်ကို မကြိုက်ရင်တောင် မိဘတွေကိုတော့ မမုန်းသင့်ဘူး၊ သူတို့က ရှင့်အပေါ် မကောင်းချင်လို့ မဟုတ်ဘူး၊ အခွင့်အရေး မရခဲ့ကြတာပဲ ရှိတာ"

ကျိုးယိနိုက စကားပြောခွင့် ပြန်ရရန် စုန့်တင်းရှန်းကို အနမ်းတစ်ချက်ဖြင့် ချော့မော့လိုက်သည်။

"ကိုယ် သိပါပြီ၊ ကိုယ် သူတို့နဲ့ နည်းနည်း စိမ်းနေသလို ဖြစ်နေလို့ပါ၊ ဒါနဲ့... သူတို့က ကိုယ့်ရဲမိဘတွေ ဆိုရင် မင်းက ဘာလို့ သူတို့ကို မင်းသားကြီးနဲ့ ကြင်ယာ‌တော်မင်းသမီးကြီးလို့ ခေါ်နေရတာလဲ၊ 'အဖေ' နဲ့ 'အမေ' လို့ ပြောင်းခေါ်သင့်ပြီ မဟုတ်ဘူးလား"

"အဲ့ဒါ ရှင် ပြောဖို့ မလိုဘူး"

စုန့်တင်းရှန်းက သူ့ကို တစ်ချက်စောင်းကြည့်ရင်း ရယ်မောလိုက်ပြန်သည်။

ကျိုးယိနိုက မုန့်များကို ဗိုက်ပြည့်အောင်စားပြီးသည်နှင့် စုန့်ရှင်းယိတို့အား သွားတွေ့ရန် ဇွတ်အတင်းလုပ်နေပြန်သည်။ သူတို့ အိမ်ဝင်းထဲသို့ ရောက်သွားချိန်တွင် လျိုတကွေ့က ကျင်းချောင်းအာ၏အမြွှာသမီးလေးများအား ထမ်းပိုးကာ ပြေးလွှားဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ ကလေးမလေးများကလည်း ခိုးခိုးခစ်ခစ် ရယ်မောနေကြသည်။

"အိုး ဦးလေးလျို၊ သူတို့ကို မြန်မြန်ပြန်ချပေးလိုက်ပါ၊ ဒီကောင်မလေးနှစ်ယောက်က အတော်လေး လေးတယ်၊ ဦးလေး ခါးနာသွားပါဦးမယ်"

စုန့်တင်းရှန်းက ကလေးများ ပြုတ်ကျမည်ကိုလည်း စိုးရိမ်နေသေးသည်။

"ဒုတိယသခင်မ"

စုန့်တင်းရှန်းကို မြင်လိုက်သည်နှင့် ကလေးမလေးနှစ်ယောက်က မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းလိုက်ကြပြီး အော်ဟစ်ရင်း ပြေးလာကြသည်။

"ဒုတိယအဒေါ်၊ ဒုတိယဦးလေး"

ကျိုးယိနိုက ခါးကိုင်းလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို သူ့ပုခုံးတစ်ဖက်စီပေါ်သို့ သက်သောင့်သက်သာ မတင်ပေးလိုက်သည်။ ကလေးမလေးများက အမြင့်ကို မကြောက်ကြဘဲ လက်တစ်ဖက်စီက ကျိုးယိနို၏ ဆံပင်ကို ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လက်ဝှေ့ယမ်းကာ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်နေကြသည်။

လျိုတကွေ့ကလည်း ချွေးတွေတရွှဲရွှဲနှင့် ပြေးလာကာ နှုတ်ဆက်လိုက်သည်။

"ဒုတိယသခင်မ ဒီနေ့ ဘာလို့ ရောက်လာတာလဲ"

"ဒီနေ့ ကျူးဇီကော ပြန်ရောက်လာလို့လေ၊ ဒါကြောင့် ဒီကိုလာပြီး ထမင်းလာကပ်စားတာ၊ ဦးလေးလျို၊ ဦးလေး သူတို့ကို ဒီလိုဆော့ပေးပြီး အလိုမလိုက်နဲ့နော်၊ သူတို့ အကျင့်ပါသွားရင် မကောင်းဘူး"

လျိုတကွေ့ ပင်ပန်းနေပုံကို ကြည့်ပြီး စုန့်တင်းရှန်း သက်ပြင်းချနေမိသည်။

လျိုတကွေ့က လက်ခါပြရင်း ပြောလာခဲ့သည်။

"ရပါတယ်၊ အချိန်လေးရတုန်း ဆော့ပေးရတာပါ၊ ကျွန်တော်လည်း ပျော်ပါတယ်၊ အဓိကက ကလေးတွေက အနောက်ဘက်ဝင်းထဲကို ခဏခဏ ခိုးဝင်နေကြလို့ပါ၊ သခင်မကြီးက သူတို့ကို မျက်ခြေမပြတ် စောင့်မကြည့်နိုင်တော့ဘူး၊ ကျွန်တော့်ကို ကူကြည့်ပေးဖို့ တောင်းဆိုထားတာပါ"

အသက်သုံး၊ လေးနှစ်အရွယ် ကလေးများက အတော်လေး ဆော့ကစားတတ်သည့်အရွယ် ဖြစ်ပြီး အိမ်အလုပ်လည်း မကူနိုင်သေးသောကြောင့် တစ်နေ့ကုန် ခုန်ပေါက်ပြေးလွှားချင်ကြသည့် စွမ်းအင်များ ပြည့်နေချိန် ဖြစ်သည်။ အိမ်တွင်ရှိနေသည့်သူတိုင်းကလည်း အလုပ်ရှုပ်နေကြပြီး ကလေးထိန်းရန် အချိန်မပေးနိုင်ကြပေ။

လီရှီကလည်း အသက်ကြီးလာပြီဖြစ်သောကြောင့် တစ်နှစ်၊ နှစ်နှစ်အရွယ်ကလေးများကို ထိန်းနိုင်သေးသော်လည်း ဤမျှ ဆော့ကစားခုန်ပေါက်နေသည့်ကလေးများကို လိုက်ထိန်းရန် အတော်လေး အားစိုက်ရပေသည်။

"ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ"

စုန့်တင်းရှန်းက အထဲသို့ ဝင်နေရင်း ထပ်ပြောလိုက်သည်။

"နောက်ကျရင် အဖိုးနဲ့ အဖွားတို့ မပင်ပန်းရအောင် ဟိုဘက်က လူတချို့ကို ဒီမှာ ကူညီဖို့ လွှတ်ပေးပါ့မယ်"

လျိုတကွေ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ သွေးတိုးစမ်းသလို မေးလိုက်သည်။

"ကြင်ယာ‌တော်မင်းသမီးကြီး ပို့လိုက်တဲ့ လူတွေကို လာခိုင်းမှာလား၊ အင်း... ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ လူဝယ်တာက ပိုကောင်းမယ် ထင်တယ်၊ လေ့ကျင့်ပေးရတာ ပိုလွယ်တာပေါ့"

စုန့်တင်းရှန်းက သူ့၏စိုးရိမ်မှုကို နားလည်သောကြောင့် ပြန်ဖြေလိုက်သည်။

"အလုပ်ကြမ်းသမား တချို့ပါပဲ၊ သူတို့ရဲ့ စာချုပ်တွေကိုလည်း တစ်ခါတည်း ပို့လိုက်ပြီဆိုတော့ ဦးလေးလျို သူတို့ကို စနစ်တကျ စီမံလို့ ရတယ်"

လျိုတကွေ့က စိတ်အေးသွားဟန်ဖြင့် ပြုံးလိုက်ပြီး သဘောတူလိုက်သည်။

"အလုပ်လုပ်နိုင်ရင် ရပါပြီ၊ အိမ်မှာ လူအများကြီးတော့ မလိုပါဘူး၊ အခုတလော အလုပ်တွေ အရမ်းများနေလို့ပါ"

စုန့်တင်းရှန်းက လီရှီတို့ ရှိနေမည့်နေရာသို့ တန်းသွားလိုက်ရာ သူတို့က ခန်ပေါ်တွင် ထိုင်နေပြီး ပိတ်စများ ညှပ်နေကြသည်ကို တွေ့လိုက်ရသည်။ စုန့်တင်းရှန်းကို မြင်သည်နှင့် လီရှီက ဆီးဟောက်လိုက်ပြန်သည်။

"ဘာလဲ၊ နင့်ကို ပြန်လွှတ်လိုက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အခု တံခါး လာခေါက်ပြန်ပြီလား"

"အဖွားကလည်း...."

စုန့်တင်းရှန်းက စိတ်ကောက်သွားဟန်ဖြင့် ခြေဆောင့်ပြလိုက်သည်။

"အဖွား အဲဒီလိုပဲ ဆက်ပြောနေရင် ကျွန်မ အိမ်ကို လုံးဝ မပြန်တော့ဘူး"

"အဖွား၊ ပဉ္စမအဖွား၊ ဆဋ္ဌမအဖွား"

ကျိုးယိနိုက ကောင်မလေးများကို သူ့ပုခုံးပေါ်မှ ချပေးလိုက်ပြီး သူတို့ခေါင်းကို အသာအယာ ပုတ်ကာ သွားကစားခိုင်းလိုက်သည်။

"ကဲ... သွား၊ အစ်မယာယာနဲ့ သွားကစားကြတော့"

ကောင်မလေးနှစ်ယောက်က လက်ချင်းတွဲပြီး ရယ်ရယ်မောမော ပြေးထွက်သွားကြသည်။

"နင် ဘာလို့ ပြန်ရောက်လာတာလဲလို့ ငါ စဉ်းစားနေတာ၊ နင့်ယောက်ျား ပြန်ရောက်လာလို့ကိုး၊ မဟုတ်ရင် နင် ပြန်လာဖို့ သတိရမှာ မဟုတ်ပါဘူး"

လီရှီက စုန့်တင်းရှန်းကို ဆက်ပြီး ကျီစယ်နေသည်။

စုန့်တင်းရှန်းက ဘာမှ ပြန်မပြောနိုင်ဟန်ဖြင့် သက်ပြင်းချကာ ညည်းညူပြလိုက်သည်။

"ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွား... အဖွားတို့ နားထောင်ကြည့်ကြဦး၊ အဖွားက အကုန်လုံး ပြောသွားပြီးပြီ၊ ကျွန်မ ဘာပြောနိုင်တော့မှာလဲ"

အဘွားအိုကြီးများက ရယ်မောလိုက်ကြပြီး ဆဋ္ဌမအဘွားက ပြန်ပြောလိုက်သည်။

"နင်မလာရင်လည်း နင့်အဖွားက နင့်ကိုပဲ တမ်းတနေတာ၊ ပါးစပ်ကလည်း အာ့နွီ၊ အာ့နွီနဲ့ တဖွဖွ ပြောနေတာ၊ ငါတို့တောင် နားငြီးလှပြီ"

လီရှီကလည်း ဝင်ပြောလာသည်။

"ဟုတ်တယ်၊ တကယ်တော့ အခုပဲ နင့်အကြောင်း ပြောနေကြတာ၊ အာ့နွီ... လွန်ခဲ့တဲ့ ရက်ပိုင်းက နင့်ရဲ့ အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ် လာသွားကြသေးတယ်၊ တောင်ဘက်က လိမ္မော်သီးတွေ ယူလာပေးတယ်၊ ပြန်ရင် ယူသွားဦး၊ ဒီမှာ အကုန်မစားနိုင်ဘူး"

စုန့်တင်းရှန်းက ခန်အစွန်းက ထိုင်လိုက်ပြီး ဖိနပ်တစ်ဖက်ကို ကောက်ယူကာ စစ်ဆေးရင်း မေးလိုက်ပြန်သည်။

"အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ်တို့ ရောက်လာကြတာလား၊ ဘာလို့ ကျွန်မကို ပြန်မခေါ်ကြတာလဲ"

"သူတို့က အလောတကြီး ရောက်လာပြီး လောတကြီး ပြန်သွားကြတာ၊ လက်ဆောင်တွေ ချပေးပြီးတာနဲ့ ချက်ချင်း ပြန်ပြေးကြတော့တာပဲ၊ သူတို့မိသားစုစုတွေက သူတို့အပေါ် မှီခိုနေရတာကိုး"

လီရှီက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။

"ငါ့သမီးနှစ်ယောက် အဝေးကြီးမှာ အိမ်ထောင်ကျသွားတော့ တစ်ခါလောက် သွားဖို့လာဖို့ကို အတော်လေး စဥ်းစားနေရတာ၊ ဒီနှစ် နှစ်သစ်ကူးတောင် သူတို့ ပြန်လာနိုင်ကြမှာ မဟုတ်ဘူး၊ ဟူး...."

ပဉ္စမအဘွားကလည်း ဝင်ပြောလာပြန်သည်။

"သမီးဆိုတာ အနီးအနားမှာပဲ အိမ်ထောင်ချပေးသင်တယ်၊ အခု တင်းရှန်းလိုပေါ့၊ လမ်းလျှောက်သွားရုံနဲ့တင် နေ့တိုင်းတွေ့နေရတော့ စိတ်အေးရတာပေါ့"

ထိုနေ့ညစာတွင် စစ်သူကြီးအိမ်တော်မှ ကြာစွယ်ဖြင့် ပြုလုပ်ထားသော ဟင်းလျာအတော်များများ ပို့ပေးခဲ့သည်။ မင်းသားကြီးအိမ်တော်မှ ဟင်းချက်ကောင်းသည့် စားဖိုမှူးက ဤဒေသ၏အကြိုက်နှင့် ကိုက်ညီအောင် ပြင်ဆင်ချက်ပြုတ်ပေးထားသောကြောင့် ဟင်းပွဲတိုင်းက အင်မတန် အရသာရှိလှသည်။ သူက ဟင်းပွဲတစ်ပွဲစီတိုင်းကို ပမာဏအများကြီး ချက်ပြုတ်ပေးထားပြီး အထူးသဖြင့် လတ်ဆတ်သော ကြာစွယ်နှင့် ဝက်နံရိုးစွပ်ပြုတ် ဇလုံကြီးနှစ်လုံးက အလွန်အမင်း မွှေးကြိုင်နေသည်။

"မင်းသားကြီးအိမ်တော်ကဆိုတော့ လက်ရာက တကယ့်ကို ကောင်းတာပဲ"

စုန့်မိသားစုဝင်များက အပြုံးများဖြင့် မြိန်ယှက်စွာ စားသောက်နေကြသည်။

ကျိုးယိနိုကတော့ ကန့်ကွက်လိုက်သည်။

"ကျွန်တော်ကတော့ အမေနဲ့ အကြီးဆုံးအဒေါ်တို့ရဲ့ လက်ရာက အကောင်းဆုံးလို့ ထင်တာပဲ၊ ဒီဟင်းတွေက အပြင်အဆင် လှပေမယ့် အရသာကတော့ လိုနေသေးသလိုပဲ၊ အမေ့ရဲ့ ဖက်ထုပ်နဲ့ ငါးဟင်း၊ အကြီးဆုံးအဒေါ်ရဲ့ ကြက်သားဟင်း၊ အဖိုးရဲ့ သိုးသားဟင်း.. ကျွန်တော်ကတော့ အမြဲတမ်း အဲ့ဒါတွေပဲ စိတ်ထဲရောက်နေတာ၊ စစ်မြေပြင်မှာတုန်းက အဲဒါတွေကို လွမ်းလွန်းလို့ ညဘက်ဆို ဗိုက်ဆာပြီး အိပ်တောင် အိပ်မပျော်ခဲ့ဘူး"

တစ်မိသားစုလုံး တဟားဟား ရယ်မောကြတော့သည်။

စုန့်ရှင်းယိက သူ့ကို စနောက်လိုက်သည်။

"အရင်က ကျူးဇီက စကားနည်းတဲ့သူပါ၊ ဘာမှ သိပ်မပြောတတ်ဘူး၊ အခု လူကြီး ဖြစ်လာပြီဆိုတော့ စကားတွေလည်း အတော်ကို တတ်လာပြီ"

"ကျွန်တော် အမှန်ပြောတာပါ အဖိုးရယ်"

ကျိုးယိနိုက အလေးအနက် ပြန်ဖြေလိုက်သည်။

ခဏမျှ ရယ်မောပြီးနောက် စုန့်တင်းရှန်းက စပြောလိုက်သည်။

"အဖိုး၊ အဖွား၊ အမေနဲ့ အဖေ... ကျူးဇီကောနဲ့ သမီး သိပ်မကြာခင် မြို့တော်ကို သွားရမယ်၊ ဟိုဘက်က မင်းသားကြီးက အကြောင်းကြားစာ ပို့လိုက်ပြီ၊ သူတို့က ကျူးဇီကောကို မျိုးနွယ်စုစာရင်းထဲ ထည့်ချင်လို့တဲ့၊ အသွားအပြန်နဲ့ဆိုရင် ဒီနှစ် နှစ်သစ်ကူးကို မြို့တော်မှာပဲ ဖြတ်သန်းရတော့မယ်ထင်တယ်"

စုန့်ရှင်းယိက အားရပါးရ ထောက်ခံလိုက်သည်။

"မျိုးနွယ်စုစာရင်းထဲ ဝင်ရတာက ကောင်းတဲ့အချက်ပဲ၊ လူဆိုတာ အမြစ်ရှိဖို့ လိုတယ်၊ မျိုးနွယ်စုစာရင်းက မင်းရဲ့ အခြေခံအုတ်မြစ်ပဲ၊ အရင်တုန်းက ရွာမှာ မင်း ကျိုးမိသားစုစာရင်းထဲကနေ ထုတ်ပယ်ခံရပြီး သီးခြားခွဲနေရတုန်းက တစ်ခုခု လိုအပ်နေသလို ခံစားခဲ့ရတာ၊ အခုတော့ အားလုံး အဆင်ပြေသွားပြီပေါ့"

"အဖိုး... တကယ်တော့ ကျွန်တော်က မျိုးနွယ်စုစာရင်းကို သိပ်ပြီး ဂရုမစိုက်ပါဘူး၊ တင်းရှန်းက ကျွန်တော့်ကို လက်ထပ်ပြီး မိသားစုတစ်ခု ပေးခဲ့ပြီးပြီ၊ ကျွန်တော် အိုမင်းလာရင်လည်း ကျွန်တော့်ကလေးတွေက ကျွန်တော့်ကို ပြုစုကြမှာပဲ၊ မျိုးနွယ်စုစာရင်း မရှိရင်လည်း တင်းရှန်းနဲ့ ကျွန်တော်ကနေစပြီး အချိန်ကြာလာရင် မိသားစုသစ်တစ်ခုက အလိုလို ပေါ်ပေါက်လာမှာပါ"

“မင်းက တော်တော်လေး အကောင်းမြင်တတ်တာပဲ၊ ဒါပေမယ့် ဒီစကားမျိုးကို ပေါ့ပေါ့တန်တန် မပြောသင့်ဘူး၊ မင်း မိဘတွေ ကြားသွားရင် စိတ်မကောင်း ဖြစ်နေကြဦးမယ်"

ကျိုးယိနိုက စုန့်တင်းရှန်းကို ကြည့်ပြီး အပြုံးဖြင့် ပြောလာပြန်သည်။

"တင်းရှန်းကလည်း ကျွန်တော့်ကို အဲဒီအတိုင်း ပြောပြထားပါတယ် အဖိုး၊ ကျွန်တော် နားလည်ပါတယ်"

"ကောင်းပြီလေ..."

စုန့်ရှင်းယိက ခဏစဉ်းစားပြီးနောက် ဆက်ပြောလာပြန်သည်။

"တကယ်တော့ မင်းမိဘတွေလည်း မင်းကို နှစ်တွေ အကြာကြီး လက်မလျော့ပဲ ရှာနေခဲ့ကြတာ၊ အခုတော့ ပြန်ဆုံကြရပြီ၊ နှစ်သစ်ကူးအတွက် မြို့တော်ကို သွားရင် မင်းဘက်ကနေ စပြီး ရင်းနှီးအောင် လုပ်ရမယ်၊ အရင်ကတော့ မင်းနဲ့ တင်းရှန်းက အနီးအနားမှာပဲ နေခဲ့ကြတော့ နှစ်သစ်ကူးရက်တွေက သိပ်မထူးခြားခဲ့ဘူး၊ တကယ်က သားသမီးတစ်ယောက်အနေနဲ့ လူကြီးတွေ ဘာလိုချင်လဲဆိုတာ စဉ်းစားပေးရမယ်၊ နှစ်သစ်ကူးအတွက် သွားတာဆိုတော့ ရက်နည်းနည်းလောက် ပိုနေခဲ့ကြ၊ အလျင်စလို ပြန်မလာကြနဲ့၊ နားလည်လား"

ကျိုးယိနိုက လေးလေးနက်နက် ခေါင်းညိတ်ပြနေခဲ့သည်။

"ဟုတ်ကဲ့ အဖိုး၊ ကျွန်တော် နားလည်ပါပြီ"

မြို့တော်ကို သွားရန် ပြင်ဆင်ရချိန်တွင် စုန့်တင်းရှန်းတစ်ယောက် လက်ဆောင်အဖြစ် ဘာယူသွားရမည်ကို ဝေခွဲမရ ဖြစ်နေပြန်သည်။ သူမ၏ ယောက္ခမများက မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီး ဖြစ်ကြပြီး သူတို့၏နေ့စဉ်ဘဝတွင် ဘာမှလိုလေသေးမရှိအောင် ကြွယ်ဝသူများ ဖြစ်နေကြသည်။

ဖန့်ရှီက အကြံပေးလာခဲ့သည်။

"သူတို့မှာ ဘာမှ မချို့တဲ့ဘူး၊ သူတို့ ဘာလိုနေလဲဆိုတာ သူတို့ကိုယ်တိုင်တောင် သတိထားမိမှာ မဟုတ်ဘူး၊ ဒါပေမယ့် နင် ယူသွားတာက နင်ရဲ့စိတ်ရင်းစေတနာပဲ၊ လက်ဗလာနဲ့ သွားဖို့ကတော့ လုံးဝ မသင့်တော်ဘူး၊ ငါတို့ဆီမှာ တခြားအထွေအထူးလည်း မရှိဘူး၊ အစပ်အရသာဂေါ်ဖီထုပ်နဲ့ ပဲငပိတို့ ပဲငံပြာရည်တို့ ယူသွားပေါ့၊ အနည်းဆုံးတော့ အသစ်အဆန်း ဖြစ်နေလိမ့်မယ်၊ ပြီးတော့ လတ်ဆတ်တဲ့ ကြာစွယ်တွေလည်း ယူသွားဦး၊ ကိုယ်တိုင်စိုက်တာဆိုတော့ ဘယ်နေရာမှာမဆို အဖိုးတန်နေလိမ့်မယ်။ နောက်ပြီး သကြားသစ်သီးအိုးတွေလည်း ထည့်ဖို့ မမေ့နဲ့၊ နင့်မောင်ကို ကျဲကျင့်ဆီ လွှတ်ထားတယ်၊ ညနေ သူ ပြန်လာရင် ပြန်သယ်လာလိမ့်မယ်၊ ငရုတ်သီးအနှစ်တွေလည်း ထည့်သွားဦး၊ ဒီနှစ်တော့ ငါတို့ ငရုတ်သီးအနှစ် မလုပ်ဖြစ်ဘူး၊ တခြားကုန်သည်ဆီက ဝယ်ပြီး အသားနဲ့ မှိုတွေ အများကြီး ထပ်ထည့်ပြီး ကြော်ထားတာ၊ အနံက အရမ်းမွှေးတယ်"

နောက်ဆုံးတွင် စုန့်တင်းရှန်းတစ်ယောက် သူမ ဘယ်တော့မှ ပြန်မလာတော့ဟု ကျိမ်ဆိုခဲ့ဖူးသော မြို့တော်၏လမ်းမများပေါ်သို့ ဒေသထွက်ပစ္စည်း လှည်းသုံးစီးနှင့်အတူ ပြန်လည်ခြေချခဲ့ရသည်။

ကြင်ယာတော်မင်းသမီးကြီးက နေ့တိုင်း စောင့်မျှော်နေခဲ့ပြီး နောက်ဆုံးတွင် သူမ မျှော်နေသည့်လူစုကို မြင်လိုက်ရသည်။ အိမ်တော်ထိန်းက ကျိုးယိနိုကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားသည်နှင့် ကြင်ယာတော်မင်းသမီးကြီးက မျက်ရည်များဖြင့် ပြေးလာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

"ငါ့သားလေး"

ကျိုးယိနိုက သူ့၏ဇနီးသည်နှင့် အဘိုးဖြစ်သူတို့၏ မှာကြားချက်ကို ပြန်သတိရသွားပြီး အနည်းငယ် အနေရခက်ဟန်ဖြင့် ကြင်ယာတော်မင်းသမီးကြီး၏ ကျောကို အသာအယာ ပြန်ပုတ်ပေးလိုက်သည်။

"အမေ... ကျွန်တော် ပြန်လာပြီ"

သားဖြစ်သူနှင့် အချိန်အတော်ကြာအောင် အလွမ်းသယ်နေပြီးမှ ကြင်ယာတော်မင်းသမီးကြီးက သူမ၏ချွေးမကို သတိရသွားခဲ့သည်။ သူမက မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး စုန့်တင်းရှန်း၏ လက်ကို ဆုပ်ကိုင်ကာ တရင်းတနှီး ပြောနေပြန်သည်။

"အခုကစပြီး ငါ့သားကို နင့်လက်ထဲ အပ်နှံလိုက်ပြီနော်၊ နင်က... အိုး၊ ငါ ဒါမျိုး မပြောသင့်ဘူး၊ ဒါပေမယ့် သူ ပိုလိမ္မာပါးနပ်လာပြီး တက်ကြွနေတဲ့ ပုံစံကို ကြည့်ရုံနဲ့တင် နင် ဘယ်လောက် အားစိုက်ခဲ့ရသလဲဆိုတာ အမေ သိပါတယ်"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"အမေ စိတ်ချပါ၊ ကျွန်မ ကျူးဇီကော... အဲ... ယိနိုကောကို သေသေချာချာ ဂရုစိုက်ပါ့မယ်"

"ကျူးဇီ" ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် မင်းသမီးကြီးက ခဏမျှ ကြောင်နေပြီးမှ ပြန်ပြောလာသည်။

"အဲ့ဒါကို ငါ သိတယ်၊ ရှန့်အာကို အရင်က 'ထျဲကျူး'လို့ ခေါ်ခဲ့တာတဲ့၊ အဲဒီနာမည်က တကယ်ကို... တကယ်ကိုပဲ... အဖိုးဖြစ်သူက နာမည်ပြောင်းပေးလိုက်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် လူတွေက သူ့ကို စစ်သူကြီးကျိုးထျဲကျူး ခေါ်နေကြရင် ခက်ရချည်ရဲ့၊ ဟူး..."

စုန့်တင်းရှန်းကတော့ ပြုံးနေဆဲဖြစ်ကာ ကျိုးယိနိုကို ကျီစယ်သလို တစ်ချက်ကြည့်လိုက်သည်။

ကျိုးယွီလင်းကလည်း အိမ်တော်သို့ အပြေးအလွှား ပြန်ရောက်လာပြီး ကျိုးယိနိုကို မြင်သည်နှင့် ဝမ်းသာအားရ ဖက်လိုက်သည်။

"အစ်ကိုကြီး၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ အဖေနဲ့ အမေက အစ်ကိုကြီးအကြောင်း နေ့တိုင်း ပြောနေကြတာ"

ကျိုးယိနိုက အေးအေးဆေး‌ဆေး ပြန်ပြောလိုက်သည်။

"နောက်ကျရင် နှစ်တိုင်း နှစ်သစ်ကူးကို မင်းတို့နဲ့အတူ ဆင်နွှဲဖို့ ပြန်လာပါ့မယ်။ တကယ်လို့ ငါ စစ်မြေပြင်မှာ ရှိနေပြီး ပြန်မလာနိုင်ရင်တောင် တင်းရှန်းကို ပြန်လာခိုင်းပြီး မင်းတို့နဲ့အတူ နှစ်သစ်ကူးခိုင်းပါ့မယ်"

စုန့်တင်းရှန်း : “…..”

ကျိုးယွီလင်းက ပြောလာပြန်သည်။

"အခု မြောက်ဘက်ဒေသမှာ စစ်ပွဲတွေ မရှိတော့ဘူး၊ ထပ်ဖြစ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ အစ်ကိုကြီးက စစ်မြေပြင်သွားပြီး နာမည်တစ်လုံးရအောင် လုပ်ချင်နေတုန်းလား၊ နောက်ကျရင် အဲ့လိုအခွင့်အရေး မရှိတော့မှာကို ကျွန်တော်စိုးရိမ်တယ်"

ညစာစားပြီးနောက် မိသားစုဝင်များ အတူတူထိုင်ကာ စကားစမြည် ပြောနေကြသည်။ ကျေးလက်တွင်ဖြစ်စေ၊ လူကုံထံအိမ်တော်တွင်ဖြစ်စေ အတင်းအဖျင်းပြောခြင်းနှင့် စကားလက်ဆုံကျခြင်းက ဘဝ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကြင်ယာတော်မင်းသမီးကြီးက သူမ၏ အငယ်ဆုံးသားကို ကြည့်ကာ မေးလိုက်ပြန်သည်။

"အခု မင်းအစ်ကိုလည်း အိမ်ထောင်ကျပြီးပြီ၊ ကလေးရဖို့ပဲ လိုတော့တယ်။ မင်းကရော... မင်းလည်း ဇနီးရှာဖို့ အချိန်တန်နေပြီ မဟုတ်လား"

ကျိုးယွီလင်က ရယ်မောရင်း သူ့အမေ့ကို ပြန်စနောက်နေသည်။

"အမေ... ကျွန်တော့်ကိုပဲ အပြစ်တင်မနေပါနဲ့၊ အမေက မရီးရဲ့ စံနှုန်းတွေကို မြင်ဖူးသွားတော့၊ မြို့တော်က မိန်းကလေးတွေကို တွေ့တဲ့အခါ သူတို့က ကြည့်ကောင်းရုံသက်သက်ပဲ၊ ဒါမှမဟုတ် ဘာဦးဆောင်မှုမှ မရှိဘဲ ခိုင်းသမျှလုပ်တဲ့သူတွေ၊ နောက်တစ်ယောက်ကတော့ အရမ်းနူးညံ့ပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်း မရှိဘူး၊ အမေ အဲ့လိုတွေ လိုက်ပြောနေတာလေ၊ ဒါက ကျွန်တော့်အတွက် အခက်တွေ့စရာ ဖြစ်နေပြီ၊ ဒါက ကျွန်တော့်အတွက် မတရားဘူး မဟုတ်လား"

စုန့်တင်းရှန်းက အံ့သြသွားပြီး ကြင်ယာတော်မင်းသမီးကြီးကို လှမ်းကြည့်လိုက်သည်။ ကြင်ယာတော်မင်းသမီးကြီးကတော့ သူမ၏သားကို တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

"ငါက မင်းရဲ့ကောင်းကျိုးအတွက် ပြောပေးနေတာလေ၊ အခု မင်းရဲ့ အစ်ကိုကြီးက အမွေဆက်ခံသူ နေရာကို မယူချင်ဘူး၊ မင်းရဲ့ဇနီးက ဒီအိမ်တော်ရဲ့ သခင်မ ဖြစ်လာမှာလေ၊ အဲဒီတော့ မသင့်တော်တဲ့သူကို ရွေးချယ်လို့ ဖြစ်ပါ့မလား"

ထို့နောက် သူမက ကျိုးယိနိုကို ကြင်နာသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ကျိုးယွီလင်းက ပုခုံးတွန့်ပြလိုက်သည်။

"ဒါဆိုရင်လည်း ကျွန်တော် အမွေဆက်ခံသူပဲ လုပ်မယ်လေ၊ ပြီးတော့ မရီးကိုပဲ အိမ်တော်တစ်ခုလုံး စီမံခိုင်းလို့ မရဘူးလား"

"မင်းကတော့ ပြဿနာ ရှာနေပြန်ပြီ၊ ဒီလို စကားမျိုး ပြောထွက်ရတယ်လို့၊ မင်း မရီးက မင်းအတွက် အိမ်တော်ကို ဦးစီးပေးရအောင် သူက မင်း အပေါ် အကြွေးတင်နေလို့လား"

ကြင်ယာတော်မင်းသမီးကြီးက ဒေါသတကြီး ထအော်လိုက်သည်။

ကျိုးယွီလင်းက ဆက်ပြောနေသေးသည်။

"ကျွန်တော်နဲ့ အစ်ကိုကြီးက အိမ်ထောင်စု မခွဲရသေးဘူးလေ၊ အခုထိ အတူတူ နေကြတာလို့ သတ်မှတ်နိုင်တယ်၊ မရီးက အကြီးဆုံးသားရဲ့မိသားဝင်ဆိုတော့ သူ အိမ်တော်ကို စီမံတာက ဘာမှားလို့လဲ"

စုန့်တင်းရှန်းက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။

"အဲ့လိုတော့ မလုပ်ပါနဲ့၊ မင်းဘာသာ ယုံကြည့်အားကိုးရမယ့် ဇနီးတစ်ယောက် ရှာလိုက်ပါ၊ မင်းအစ်ကိုရဲ့ အိမ်တော်ကို စီမံခန့်ခွဲရတာနဲ့တင် ငါ တော်‌တော် ပင်ပန်းနေပြီ၊ မင်းအတွက်ပါ ထပ်တိုးလာရင်တော့ ငါ အလုပ်လုပ်ရင်း သေသွားလိမ့်မယ်"

ကျိုးယိနိုကလည်း ချက်ချင်း ထောက်ခံလိုက်သည်။

"မှန်တယ်၊ မင်းရဲ့မရီးက နုနုနယ်နယ်လေး၊ မင်းကိစ္စကို မင်းဘာသာ ဆုံးဖြတ်၊ သူ့ကို ဒုက္ခမပေးနဲ့"

ကျိုးယွီလင်းက လက်ဖဝါးနှစ်ဖက် ဖြန့်ပြကာ မေးလာတော့သည်။

"ဒါဆို ကျွန်တော် ဘာလုပ်ရမှာလဲ၊ အရင်တုန်းကဆို အမေက မြို့တော်က မိန်းခလေးတွေကို အထင်ကြီးခဲ့တာလေ၊ အခုတော့ ဘယ်သူ့မှ အမေ့မျက်လုံးထဲကို မဝင်တော့ဘူး၊ အစ်ကိုကြီး... ဒီညီလေးကို သနားပါဦး"

ကြင်ယာတော်မင်းသမီးကြီးက ရယ်မောရင်း သူ့ကို ဆူငေါက်လိုက်သည်။

"ဒီကောင်စုတ်လေး၊ ထားလိုက်ပါတော့၊ မင်း ကြိုက်တဲ့သူကို လက်ထပ်လိုက် ငါက မင်းအတွက် စိတ်ပူနေတော့မှာ မဟုတ်ဘူး"

"တွေ့လား... စကားတောင် သိပ်မပြောရသေးဘူး၊ ကျွန်တော့်ဘက်မှာ မရှိတော့ဘူး"

ကျိုးယွီလင်းက သက်ပြင်းချရင်း ထပ်ညည်းညူနေပြန်သည်။

"ကျွန်တော် ဘဝကြီးက တကယ်ကို ခက်ခဲလွန်းပါတယ်"

စုန့်တင်းရှန်းက သူ့၏အမူအရာကြောင့် တခစ်ခစ် ရယ်မောနေလေသည်။

အခန်း ၈၈ ကိုယ်လုပ်တော်

မျိုးနွယ်စုစာရင်း သွင်းခြင်းက မူလကတည်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အလုပ်ဖြစ်ပြီး အထူးသဖြင့် တော်ဝင်မိသားစုအတွက် ပို၍ ရှုပ်ထွေးသည့်အရာ ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦး မနက်အစောကြီး ထရပြီး ရှုပ်ထွေးလေးလံလှသော နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ရသည်။ ထို့နောက် ဝေါယာဉ်စီးကာ နန်းတော်သို့ သွားကြရသည်။

‘တကယ်လို့ ငါ တစ်နေ့တွင် ခေတ်သစ်ကို ပြန်ရောက်သွားရင် ရှေးခေတ်က နန်းတွင်းဘဝအကြောင်းကို မှတ်တမ်းတစ်ခု ရေးနိုင်မှာ သေချာသလောက်ဖြစ်နေပြီ’

သူမ တစ်နေ့ကုန် ညွှန်ကြားချက် ပေါင်းစုံကို နားထောင်နေရပြီး ခေါင်းပင် မူးဝေနေပြီ ဖြစ်သည်။ ထို့အပြင် အမှားတစ်ခုခု လုပ်မိမည်ကို ကြောက်လန့်နေသည့် စိုးရိမ်စိတ်ကြောင့် တစ်ကိုယ်လုံး ချွေးများ ရွှဲကာ ရင်ဘက်ကလည်း တဒိန်းဒိန်း ခုန်နေခဲ့သည်။

လေးနက်တည်ကြည်လှသော ဓလေ့ထုံးတမ်းများ ပြီးစီးသွားချိန်တွင် နန်းတွင်းစားသောက်ပွဲ စတင်ကျင်းပခဲ့သည်။ ဧကရာဇ်မင်းမြတ်က သူ့၏ဝမ်ကွဲညီတော်ကို ပွေ့ဖက်ထားခဲ့ပြီး သူ့၏စိတ်လှုပ်ရှားမှုက မင်းသားကြီးရှစ်နှင့် ကြင်ယာတော်မင်းသမီးကြီးတို့ထက်ပင် ပိုနေပုံရသည်။

‘တကယ်လို့ ဒီစစ်သူကြီးငယ်လေးက သူ့ရဲ့ ဝမ်းကွဲညီတော်ဆိုတာ ကြိုသိခဲ့ရင် မြောက်ဘက်နယ်စပ်ကို စောင့်ရှောက်ဖို့ လွှတ်ခဲ့မိမှာ မဟုတ်ဘူး၊ မြို့တော်မှာ မိသားစုနဲ့ အတူတူရှိနေတာက ပိုမကောင်းဘူးလား’

‘ကံမကောင်းတာက သူမှာလည်း ဒီလိုကိစ္စတွေကို ကြိုတင်သိနိုင်စွမ်း မရှိခဲ့ဘူးလေ၊ အခုတော့ ဒီကိစ္စကြောင့် ဦးရီးတော်ရှစ်ရဲ့ ပါးစပ်က တတွတ်တွတ် ပြောနေတဲ့ နားငြီးစရာတွေကို သူ ခံစားနေရပြီ’

"ယွီကျင်း၊ မင်း ပြန်လာချင်တယ်ဆိုရင် ငါကိုယ်တော်ကို တိုက်ရိုက် လျှောက်တင်လို့ ရတယ်၊ မင်းတို့မိသားစု အတူရှိနိုင်ဖို့ ငါကိုယ်တော် ချက်ချင်း ခွင့်ပြုပေးမယ်"

ဧကရာဇ်က ကြင်နာသော အပြုံးဖြင့် ပြောနေခဲ့သည်။ သူက ဤညီဝမ်းကွဲကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေခဲ့သည်။

‘ဒါက စွမ်းရည်အပြည့်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်လေ။ သူတို့ရဲ့တော်ဝင်မိသားစုမှာ ဘိုးဘေးတွေက မြင်းစီးပြီး ကမ္ဘာကြီးကို သိမ်းပိုက်ခဲ့ကြဖူးပေမယ့် လွန်ခဲ့တဲ့ မျိုးဆက်နှစ်ဆက်အတွင်းမှာ ဒီလောက်လိမ္မာပါးနပ်ပြီး ရဲရင့်တဲ့ သားမြေးတစ်ယောက်ကို မမွေးထုတ်ပေးနိုင်ခဲ့ကြဘူး။’

ကျိုးယိနိုက ကျောချမ်းသွားသော်လည်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"တိုင်းပြည်ကို စောင့်ရှောက်ရတာက ကျွန်တော်မျိုးရဲ့ ပထမဦးစားပေးလို့ ယုံကြည်ပါတယ်၊ ကျွန်တော်မျိုး အရှင်မင်းမြတ်ကို စိတ်မပျက်စေရပါဘူး၊ စိတ်ချတော်မူပါ"

ဧကရာဇ် : “....”

"မဟုတ်ဘူး၊ ငါကိုယ်တော် ပြောတာက အဲဒီသဘော မဟုတ်ဘူး"

ဧကရာဇ်က အရီးတော်ဆီမှ စူးရှသော အကြည့်ကို လက်ခံလိုက်ရပြီး စိတ်တိုသွားကာ တုံးတိတိ ထပ်ပြောလိုက်သည်။

"ငါကိုယ်တော်က မင်းတို့မိသားစု ပြန်ဆုံစေချင်တာ"

‘ဘာပဲဖြစ်ဖြစ် ဒီဝမ်းကွဲညီတော် မိသားစုနဲ့ နှစ်ဆယ့်နှစ်နှစ်လောက် ဝေးကွာနေခဲ့ရတာက သူ့ကြောင့်လည်း ပါနေတယ်လေ၊ အဲ့ဒါကြောင့် သူက ပြန်ပြီး ဖြည့်စည်းပေးချင်တာပါ’

"ကျွန်တော်မျိုးတို့ မိသားစုနဲ့ ပြန်ဆုံပြီးပါပြီ၊ အခုလည်း အရမ်းပျော်နေကြတာပါ၊ ဒါပေမယ့် တိုင်းပြည်အရေးက ကိုယ်ရေးကိုယ်တာထက် ပိုအရေးကြီးပါတယ်၊ အရှင်မင်းမြတ်က ကျွန်တော်မျိုးကို မယုံကြည်လို့လား"

ကျိုးယိနိုက စိတ်ပျက်သွားသည့် ပုံစံဖြင့် ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်မျိုး အမှားတစ်ခုခု လုပ်မိလို့လား"

ဧကရာဇ် : “...”

‘ဟူး.. သူ့ရဲ့ ဝမ်းကွဲညီတော်က မြို့တော်မှာ မနေချင်တာလား၊ ဟုတ်တယ် သူက မြို့တော်မှာ လုံးဝ မနေချင်တာ ဖြစ်နိုင်မလား’

‘ဒါပေမယ့် စဉ်းစားကြည့်ရင် ဒါက ကျိုးကြောင်းဆီလျော်တယ်။ သူ့ညီဝမ်းကွဲနဲ့ ဇနီးသည်က ကျေးလက်မှာ ကြီးပြင်းလာခဲ့ကြပြီး ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေကျလေ၊ အခု မြို့တော်ကို ရောက်လာတဲ့အခါ တချို့လူတွေက သူတို့ကို သွားနှောင့်ယှက်နိုင်သေးတယ်။ သူတို့ နှိပ်စက်ခံရရင် သူ့အမှားပဲ ဖြစ်သွားလိမ့်မယ်’

"ကောင်းပြီ... ကောင်းပြီ၊ ဒါဆို မြောက်ဘက်နယ်စပ်ကို မင်းလက်ထဲပဲ အပ်လိုက်တော့မယ်"

ဧကရာဇ်က ဆုံးဖြတ်ချက်ချလိုက်ပြီး စုန့်တင်းရှန်းနှင့်လည်း သာမန်ကာလျှံကာ စကားစမြည် ပြောဆိုခဲ့သည်။ မိသားစုစားသောက်ပွဲက ညဉ့်နက်သည်အထိ ကြာမြင့်ခဲ့ပြီး ပျော်ရွှင်စရာကောင်းသော အငွေ့အသက်နှင့်အတူ ပြီးဆုံးသွားခဲ့သည်။

"ကျွန်မ ဗိုက်ဆာနေတုန်းပဲ"

ရထားလုံးပေါ်တွင် စုန့်တင်းရှန်းက သူမ၏ဗိုက်ကလေးကို ကိုင်ကာ သက်ပြင်းချရင်း နွမ်းလျဟန်ဖြင့် လဲလျောင်းနေသည်။

"ကိုယ်လည်း အတူတူပဲ၊ အများကြီး မစားရဲလို့ တစ်ကိုက် နှစ်ကိုက်ပဲ စားခဲ့ရတယ်"

"ကျွန်မတို့ ခြံဝင်းထဲမှာ မီးဖိုချောင်လေး ရှိတယ်၊ ဒီည ပြန်ရောက်တာနဲ့ ခေါက်ဆွဲပြုတ် စားကြမယ်"

ကျိုးယိနိုကလည်း အများကြီး မစားခဲ့ရဘဲ အရက်အနည်းငယ် သောက်ခဲ့ရသည်။ သူ ရီဝေဝေ ဖြစ်နေသောကြောင့် ရထားလုံးနံရံကို မှီကာ အမူးပြေရန် မှိန်းနေခဲ့သည်။

"နှစ်သစ်ကူးကို မြို့တော်မှာပဲ ဖြတ်သန်းရဦးမယ်"

စုန့်တင်းရှန်းက စိတ်ညစ်ဟန်ဖြင့် ညည်းညူနေပြန်သည်။ သူမက ကျိုးယိနိုကို ကြည့်လေလေ ပိုပြီး စိတ်တိုလာလေဖြစ်လာပြီး သူ့ကို မောင်းထုတ်လိုက်သည်။

"ဖယ်ပေး၊ ရှင် ဟိုဘက်ကို တိုးဦး၊ ရှင်က ကျွန်မကို အသက်ရှူကျပ်အောင် လုပ်နေတာပဲ"

ကျိုးယိနိုက ရယ်မောပြီး သူ့ဇနီး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲနေပြန်သည်။

"ကိုယ် ခေါင်းအရမ်းကိုက်နေပြီ၊ နည်းနည်းလောက် နှိပ်ပေးပါလား"

စုန့်တင်းရှန်းလည်း မတတ်သာတော့ဘဲ သူမရင်ခွင်ထဲမှ ခေါင်းကြီးကို ပျင်းရိပျင်းတွဲ နှိပ်နယ်ပေးနေရသည်။

"အိမ်ရောက်နေပြီ၊ မြန်မြန် ထတော့၊ ရှင့်မိဘတွေ ရှင့်ကို ဒီပုံစံနဲ့ မြင်သွားရင် မကောင်းဘူး"

ကြင်ယာတော်မင်းသမီးကြီးက ရထားလုံးမှ ဆင်းလာပြီး အရက်ရှိန်ကြောင့် ယိုင်တိုင်တိုင်ဖြစ်နေသည့် သူမ၏အကြီးဆုံးသားကို ကြည့်ကာ စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။

"မင်းတို့ အိမ်ထဲ ဝင်ပြီး အမြန်နားကြတော့၊ အိမ်တော်မှာ အမူးပြေဟင်းရည် ကြိုပြင်ခိုင်းခဲ့တယ်၊ မင်းတို့ ခြံဝင်းထဲကိုလည်း လာပို့ပေးလိမ့်မယ်၊ မင်းတို့ အများကြီး မစားခဲ့တော့ ဗိုက်လည်း ပြည့်ဦးမှာ မဟုတ်ဘူး၊ အဆာပြေမုန့်အချို့လည်း စားကြဦး၊ ညဘက်ဆိုတော့ အများကြီးတော့ မစားနဲ့နော်၊ အစာမကြေ ဖြစ်လိမ့်မယ်"

သူမက မဆုံးနိုင်သော ညွှန်ကြားချက်များကို တတွတ်တွတ်ရေရွတ်ပြီးမှ အစေခံများအား သခင်လေးကို သေသေချာချာ တွဲခေါ်သွားရန် အမိန့်ပေးနေပြန်သည်။ လူငယ်စုံတွဲ သူတို့ခြံဝင်းထဲသို့ ဝင်သွားသည့်ကို ကြည့်နေပြီးမှ သူမ ပြန်လှည့်သွားခဲ့သည်။

ကျိုးယိနိုက အမူးပြေဟင်းရည်တစ်ခွက်နှင့် ဖက်ထုပ်အချို့ စားရန် ဖိအားပေးခံလိုက်ရသည်။ နောက်ဆုံးတွင် အစေခံများ၏ အကူအညီဖြင့် ကိုယ်လက်သန့်စင်ပြီးနောက် ရှိသမျှ သတိဝီရိယတို့ ကုန်ခမ်းသွားကာ ကုတင်ပေါ်သို့ ပစ်လှဲပြီး ဟောက်သံကျယ်ကြီးဖြင့် အိပ်ပျော်သွားတော့သည်။

စုန့်တင်းရှန်းကတော့ ဟောက်သံကြောင့် ခေါင်းကိုက်လာရပြီး ဟောက်သံ တိတ်စေရန် ထိုလူကြီး၏ ခေါင်းကို အကြိမ်ကြိမ် ပြင်ပေးနေရသည်။ သူမ သက်ပြင်းချရင်း ကုတင်ပေါ် မှောက်ခုံလဲလျောင်းကာ တွေးနေမိပြန်သည်။

‘ဒီလိုနေ့မျိုးတွေ ဘယ်တော့မှ ကုန်ဆုံးနိုင်ပါတော့မလဲ’

‘လူတိုင်းက တော်ဝင်မိသားစုထဲ တိုးဝင်ချင်ကြပေမယ့် တကယ်တမ်း တိုးဝင်နိုင်ပြန်တော့လည်း ဒီစည်းစိမ်ချမ်းသာနဲ့ ဂုဏ်အသရေရဲ့ဒဏ်ကို ခံနိုင်ရည် ရှိချင်မှ ရှိကြလိမ့်မယ်’

သူမ အတွေးများဖြင့် စိတ်ရှုပ်နေချိန်တွင် တဖက်မှ ခရိုင်မြို့လေးတွင် သိုးမွှေးများ တင်ဆောင်လာသော ကုန်လှည်းတန်းကြီး ရောက်ရှိနေခဲ့သည်။

ကျန်းရှီနှင့် ဖန့်ရှီတို့က အလုပ်ရုံတွင် ရှိနေပြီး သိုးမွှေးနှင့် သိုးအရေခွံများကို လှည်းပေါ်မှ ချနေကြသည်။ ယခုတစ်ခေါက် ရောက်လာသော သိုးမွှေးများက အလွန်များပြားလှသည်။ ပထမအသုတ်တွင် လှည်းဆယ့်ငါးစီး ရောက်ရှိလာခဲ့ပြီး ယခုရက်ပိုင်းအနည်းအကြာတွင် နောက်ထပ် လှည်းဆယ်စီးကျော် ထပ်ရောက်လာသောကြောင့် အလုပ်ရုံတစ်ခုလုံး သိုးမွှေးများဖြင့် ပြည့်နှက်နေသည်။

နှစ်သစ်ကူးပြီးလျှင် သိုးမွှေးများ ထပ်ရောက်လာဦးမည်ဟု ကုန်သည်က ပြောသွားခဲ့သည်။ ထို့ကြောင့် မြောက်ဘက်ဒေသတစ်ခုလုံးမှ သိုးမွှေးများ ဤနေရာသို့သာ စုပြုံရောက်ရှိလာမည့်ဟု သူတို့ ခန့်မှန်းနေကြသည်။

လီရှီက သူမ၏ ချွေးမများ မသိနားမလည်ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် သူမကိုယ်တိုင် ထွက်လာခဲ့သည်။ ယခုတစ်ခေါက်တွင် မြေးချွေးမဖြစ်သူ ကျင်းချောင်းအာနှင့် သူမ၏ယောင်းမနှစ်ယောက်ကိုလည်း ခေါ်လာခဲ့သည်။ သူတို့က စုန့်တင်းရှန်း၏ ညွှန်ကြားချက်အတိုင်း အလုပ်သမားအသစ်များ ခေါ်ယူခဲ့သည်။ ဤတစ်ခေါက် အလုပ်သမားခေါ်ယူပုံက အရင်ကနှင့် မတူပေ။ တာဝန်များကို ချက်ချင်းမခွဲဘဲ တစ်နှစ်စာ အလုပ်စာချုပ်ချုပ်ပြီး သင်တန်း အရင်တက်ရောက်ရမည် ဖြစ်သည်။

ဖန့်ရှီနှင့် ကျန်းရှီတို့က သိုးမွှေးများ အမျိုးအစားခွဲခြားပုံနှင့် ပြုပြင်ပုံကို သင်ကြားပေးပြီး ဆဋ္ဌမအဖွားက သိုးမွှေးမှ ချည်ငင်ပုံကို သင်ပေးသည်။ ပဉ္စမအဖွားနှင့် ကျင်းချောင်းအာတို့က လက်အိတ်နှင့် ပုဝါများကို ထိုးတတ်ရန် ချည်ထိုးနည်း သင်ပေးကြသည်။

သူတို့က အခမဲ့ သင်ကြားပေးခြင်း ဖြစ်ပြီး သင်တန်းသားများက ကောင်းကောင်းလုပ်နိုင်လျှင် လစဉ်လစာ ပေးမည် ဖြစ်သည်။ အတတ်ပညာတစ်ခု သင်ယူရမည် ဖြစ်သောကြောင့် အမျိုးသမီးအများအပြားက စိတ်ဝင်စားခဲ့ကြပြီး အမျိုးသားအချို့ပင် စိတ်ဝင်စားလာကြသည်။ အမျိုးသားများက ချည်ငင်ခြင်း သို့မဟုတ် လက်အိတ်လုပ်ရန် ချည်ထိုးခြင်းမျိုး မလုပ်နိုင်သော်လည်း ခွန်အားသုံးရသော သိုးမွှေးပြုခြင်းနှင့် သိုးအရေခွံ ပြုပြင်ခြင်းလုပ်ငန်းများကိုတော့ ကောင်းကောင်း လုပ်ဆောင်နိုင်ကြသည်။

စုန့်ရှင်းယိက စည်ကားနေသော အလုပ်ရုံကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်နေခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် သူက စုန့်တင်းရှန်းထံ စာတစ်စောင် ချက်ချင်း ရေးလိုက်သည်။

စုန့်တင်းရှန်း ထိုစာကို လက်ခံရရှိချိန်၌ နှစ်သစ်ကူး နီးကပ်နေပြီ ဖြစ်သည်။

နှစ်သစ်ကူးပွဲက အလွန်အရေးပါသော ပွဲတော်ဖြစ်ပြီး မြို့တော်၏ ပွဲတော်ရက်များက မြို့ငယ်လေးများထက် အများကြီး ပိုစည်ကားနေသည်။ အရပ်ရပ်မှ ကုန်လှည်းတန်းများက ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လျက် မြို့တော်ထဲသို့ ဝင်လာနေကြသည်။ လူအများ ရွေးချယ်နိုင်အောင် စင်များပေါ်တွင် ထူးခြားသည့်ပစ္စည်းအမျိုးမျိုးကို ပြသထားကြသည်။

နှစ်သစ်ကူး ဈေးဝယ်ထွက်ရာတွင် အဖော်လုပ်ပေးမည့် ချွေးမတစ်ယောက် ရလာပြီ ဖြစ်သောကြောင့် ကြင်ယာတော်မင်းသမီးကြီးက အသစ်အဆန်းလေးများ ရှာဖွေရန် နေ့တိုင်းနေ့တိုင်း စုန့်တင်းရှန်းကို ခေါ်ကာ ဆိုင်ပေါင်းစုံသို့ သွားလေ့ရှိသည်။ အချို့ကုန်သည်များက ပစ္စည်းများကို အိမ်တော်သို့ ကြိုတင်လာပြတတ်ကြသော်လည်း စည်ကားလှသော ဈေးတန်းထဲတွင် ကိုယ်တိုင်သွားရောက် ဝယ်ယူရသည့် ပျော်ရွှင်မှုကိုတော့ မမီနိုင်ပေ။

အမျိုးသမီးအများစုက ဈေးဝယ်ရခြင်းကို ဝါသနာပါကြသလို စုန့်တင်းရှန်းကလည်း ကြင်ယာတော်မင်းသမီးကြီးနဲ့အတူ ငွေထည်ဆိုင်မှ ရတနာများကို ရွေးလိုက်၊ သားမွှေးနှင့် အထည်ဆိုင်များကို ပတ်လိုက်၊ အလှပြင်ပစ္စည်းဆိုင်များဆီ သွားလိုက်ဖြင့် မြို့တော်မှ တော်ဝင်ကုန်သည်များ ဖွင့်ထားသည့် ကုန်စုံဆိုင်ပေါင်းစုံသို့ လိုက်ပါနေရသည်။

စုန့်တင်းရှန်းကတော့ သူမကိုယ်သူမ သာမန်အမျိုးသမီးတစ်ယောက် ဟုတ် မဟုတ် သံသယဝင်နေခဲ့သည်။

‘အဲ့လို မဟုတ်ရင် အသက်လေးဆယ်ကျော်နေပြီ ဖြစ်တဲ့ မင်းသမီးကြီးက ဘာလို့ ဒီလောက် တက်ကြွလန်းဆန်းပြီး နေရာပေါင်းစုံကို လျှောက်သွားနိုင်နေရတာလဲ၊ ငါကတော့ ခြေကုန်လက်ပန်းကျပြီး မောဟိုက်နေပြီဟ’

"ငါ မကြာသေးခင် ငွေထည်ဆိုင်က ပန်းထိမ်ဆရာဆီကို ရတနာတွေ လုပ်ဖို့ ကျောက်မျက်ရတနာ သေတ္တာနှစ်လုံး ပို့ပေးထားတယ်၊ နောက်ရက်ပိုင်းဆို ပြီးတော့မယ်တဲ့၊ ငါ့ရဲ့ ရတနာတွေထဲက တချို့က သိမ်းထားတာ ကြာတော့ အရောင်မှိန်ကုန်လို့ ပြန်ပြီး အရောင်တင်ခိုင်းထားရတယ်၊ နင်ကတော့ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာကို ငါ့လို အဘွားကြီးထက်တောင် ရိုးရိုးရှင်းရှင်း ဝတ်စားထားသေးတယ်၊ ဘယ်လို ဖြစ်ရတာလဲ၊ ဒါကြောင့် နင်အတွက် နှစ်သစ်ကူးမှာ ဝတ်ဖို့ ပုလဲနဲ့ ပတ္တမြားစီထားတဲ့ ရတနာတစ်စုံ အထူးမှာ ပေးထားတယ်"

ကြင်ယာတော်မင်းသမီးကြီးက သူမ၏ထုံးစံအတိုင်း တတွတ်တွတ် ပြောနေပြန်သည်။

ကျန်းနန်အထည်ရုံက ပိုးထည်လိပ်အသစ်နှစ်ဆယ်ကျော် ပို့ပေးခဲ့သေးသည်။ ကြင်ယာတော်မင်းသမီးကြီးက လှပသော ပိုးထည်အချို့ကို ရွေးချယ်ပြီး စစ်သူကြီး၏ဇနီး နှစ်သစ်ကူးတွင် ဝတ်ဆင်ရန်ဟု ပြောကာ အမြန်ဆုံး ချုပ်ပေးရန် ပန်းထိုးသမားများကို ညွှန်ကြားထားခဲ့သည်။

စုန့်တင်းရှန်းက ရှက်ပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ သွားစရာအခမ်းအနားတွေ သိပ်မရှိတော့ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကို သိပ်ဂရုမစိုက်မိတာပါ"

ကြင်ယာတော်မင်းသမီးကြီးက ပြန်ပြောလာသည်။

"ပုံမှန်နေ့တွေ ဆိုရင်တော့ ဘယ်သူကမှ နေ့တိုင်း ဒီလိုမျိူး ဝတ်စားဆင်ယင်ကြတာ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုက နှစ်သစ်ကူးလေ၊ နင်တို့ ခရိုင်ဘက်မှာတော့ ဘယ်လိုဓလေ့ရှိလဲ မသိဘူး၊ မြို့တော်မှာကတော့ လက်မထပ်ရသေးတဲ့ မိန်းကလေးတွေရော၊ အိမ်ထောင်ရှင်မိန်းခလေးတွေပါ အဖိုးတန်ရတနာတွေ ဆင်ယင်ကြတယ်လေ၊ နင်ကတော့ နေ့တိုင်း အဲ့ငွေဆံထိုးလေး တစ်ချောင်းတည်းနဲ့ လျောက်သွားနေတာ၊ တခြားသူတွေထက် မှေးမှိန်နေတာမျိုးမဖြစ်‌အောင် သတိထားရမယ်လေ"

စုန့်တင်းရှန်းက သူမ၏ခေါင်းပေါ်က ငွေဆံထိုးလေးကို ကိုင်ကြည့်ရင်း ပြန်ရှင်းပြလိုက်သည်။

"ဒါက ကျွန်မရဲ့ယောက်ျား ကျူးဇီကော စစ်ထဲမဝင်ခင်တုန်းက ကျားကို သတ်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ သူကိုယ်တိုင် သွားဝယ်ပေးထားခဲ့တာလေးပါ၊ ကျွန်မ နှစ်အတော်ကြာအောင် ဒါလေးကို ဝတ်လာခဲ့တာ၊ ဒါနဲ့ ယှဉ်နိုင်တာဆိုလို့ ဘာမှ မရှိသလို ခံစားရလို့ပါ"

ကြင်ယာတော်မင်းသမီးကြီးက စုန့်တင်းရှန်း၏ ခေါင်းပေါ်မှ ဆံထိုးကို သေချာကြည့်ပြီး မှတ်ချက်ပေးလာခဲ့သည်။

"ဒါလေးက ရိုးရှင်းပေမယ့် သေသေချာချာ ကြည့်ရင်တော့ အတော်လေး ကျက်သရေရှိတာပဲ။ ရှန်းအာက အမြင်ကောင်းရှိတယ်၊ ရတနာရွေးတာပဲဖြစ်ဖြစ်၊ ဇနီးရွေးတာပဲဖြစ်ဖြစ် သူ့ညီထက် တော်တယ်၊ ဪ... ဒါနဲ့ စကားမစပ်၊ အကြီးဆုံးမင်းသမီးက နှစ်သစ်ကူးအတွက် ဇီးပန်းပွဲတော် ကျင်းပလိမ့်မယ်၊ သမီးပျိုလေးတွေ အများကြီး လာကြလိမ့်မယ်၊ နင် အမေနဲ့အတူ လိုက်ခဲ့ပြီး လင်းအာအတွက် သင့်တော်တဲ့ ဇနီးလောင်း ရှာပေးဦးနော်"

စုန့်တင်းရှန်း ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"အမေ၊ ကျွန်မ လုပ်နိုင်ပါ့မလား မသိဘူး၊ လှလှပပလေးတွေ အများကြီး ကြားထဲရောက်သွားရင် ကျွန်မ မျက်စိလည်သွားမှာတောင် ကြောက်ရတယ်၊ ဒီတစ်ယောက်က ကောင်းတယ်၊ ဟိုတစ်ယောက်က သင့်တော်တယ်ဆိုပြီး ယောက်ယက်ခက်နေရင်တော့ မလွယ်ဘူး၊ ကျွန်မ အဝေးကနေပဲ ကြည့်ပြီး အခြေအနေကို အကဲခတ်ပေးပါ့မယ်"

“ပေါက်ကရတွေ မပြောနဲ့တော့”

ကြင်ယာတော်မင်းသမီးကြီးက သူမ၏လက်ဝေ့ယမ်းလိုက်ပြီး အစေခံများက ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲများစွာကို ယူဆောင်လာကြသည်။

"အဲ့တုန်းက နင်တို့အတွက် အစေခံတွေ ရွေးပေးတုန်းက အမေ တကယ်စိတ်ရင်းနဲ့ ရွေးပေးလိုက်တာပါ၊ ဒါပေမယ့် အိမ်တော်ထဲမှာ နေတာ အရမ်းကြာသွားတော့ လူတွေရဲ့ စိတ်ရင်းအစစ်အမှန်ကို သေသေချာချာ မခွဲခြားနိုင်တော့ဘူး၊ နင်ကတော့ ဟန်ဆောင်မှုတွေကို ချက်ချင်း မြင်နိုင်စွမ်းရှိတယ်၊ ယောက္ခမဖြစ်တဲ့ အမေ့မျက်နှာကိုလည်း အဖက်ဆယ်ပေးခဲ့တယ်၊ နင်က အိမ်ထောင်တစ်ခုနဲ့ လူတွေအားလုံးကို စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်ဆိုတာ အမေ သိလို့လည်း အစေခံစာချုပ်တွေကို နင်လက်ထဲ အပ်ခဲ့တာပေါ့၊ ငါ ဘာကိုမှ သိပ်မယုံကြည်ပေမယ့် နင်ရဲ့ လူအကဲခတ်တဲ့ မျက်စိကိုတော့ ယုံတယ်၊ ဒီအလုပ်ကို ငြင်းမနေနဲ့တော့၊ အစ်မကြီးတစ်ယောက်အနေနဲ့ နင်ကမှ မောင်လေးအတွက် မိန်းမရှာမပေးရင် ဘယ်သူက ဒီလောက် ဂရုစိုက်ပေးမှာလဲ"

ကြင်ယာတော်မင်းသမီးကြီးက စုန့်တင်းရှန်းနှင့် ရင်းနှီးနေပြီ ဖြစ်သောကြောင့် သူမ၏ တတွတ်တွတ်နှင့် မနားတမ်း ပြောနိုင်မှုကို စုန့်တင်းရှန်း လက်လျော့ထားရပြီ ဖြစ်သည်။

အကြီးဆုံးမင်းသမီးထံတွင် ဇီးပန်းဥယျာဉ်တစ်ခု ရှိပြီး နှင်းများ အပြင်းအထန် ကျပြီးနောက်တွင် ဇီးပန်းပွင့်များက ဝင့်ဝင့်ကြွားကြွား လှလှပပ ပွင့်လန်းလာကြသည်။ ဥယျာဉ်ထဲတွင် ဇီးပန်းပွင့် အဖြူနှင့် ဇီးပန်းပွင့် အနီများ ရှိနေပြီး ဥယျာဉ်ထဲသို့ မဝင်ခင်ကတည်းက သင်းပျံ့လှပသော ရနံ့များ ထွက်ပေါ်နေသည်။

ဇီးပန်းဥယျာဉ်ကို ဗဟိုအဖြစ် ထားရှိပြီး အမျိုးသားနှင့် အမျိုးသမီး ဧည့်သည်များ သီးခြားစီဖြစ်အောင် ဘယ်ညာခွဲထားသည်။ စုန့်တင်းရှန်းက ကြင်ယာတော်မင်းသမီးကြီး လက်ဆောင်ပေးထားသည့် ခုနစ်မြီးရွှေဖီးနစ်ဆံထိုးကို ဆင်ယင်ထားသည်။ ဖီးနစ်၏ နှုတ်သီးမှ လက်မဝက်ခန့်ရှိသော ပုလဲလုံးကြီးတစ်လုံးက သူမ၏ နဖူးထက်တွင် ညင်ညင်သာသာ ယိမ်းနွဲ့နေသည်။

ထိုဆံထိုးအပြင် ပတ္တမြားစီထားသော ဆံထိုးခြောက်ချောင်းကိုလည်း ဆင်ယင်ထားသေးသည်။ သူမ၏ ရွှေနားကပ်များတွင်လည်း ကျောက်မျက်နှင့် ပုလဲများ စီခြယ်ထားသောကြောင့် သူမကိုယ်သူမပင် ရွေ့လျားနေသော ရတနာပြခန်းကြီးတစ်ခုကဲ့သို့ ခံစားနေရသည်။

အကြီးဆုံးမင်းသမီးကို တွေ့ဆုံနှုတ်ဆက်ပြီး ချီးကျူးစကားများကို ယဥ်ကျေးသော အပြုံးလေးဖြင့် တုံ့ပြန်ပြီးနောက် စုန့်တင်းရှန်းက ကြင်ယာတော်မင်းသမီးကြီးနောက်မှ ပန်းကြည့်ရန် လိုက်ပါခဲ့ရသည်။ နောက်ဆုံးတွင် သူမ ဇီးပန်းဥယျာဉ်နှင့် နီးသည့် နားနေဆောင်လေးတစ်ခုတွင် ဝင်ထိုင်ရင်း လက်နွေးအိတ်လေးကို ဆုပ်ကိုင်ကာ မီးဖိုဘေး၌ တုန်တုန်ယင်ယင် ကပ်နေခဲ့သည်။ ပြတင်းပေါက်မှတစ်ဆင့် အပြင်မှ ဆယ်ကျော်သက် မိန်းကလေးတစ်စုကိုလည်း ချောင်းကြည့်နေခဲ့သည်။

ရှေးခေတ်မှ ယနေ့ခေတ်အထိ ဆယ်ကျော်သက် မိန်းကလေးများက ဆောင်းတွင်းတွင် အဝတ်အစားပါးပါးလေးသာ ဝတ်ဆင်ပြီး သူတို့၏ အလှအပအား ထုတ်ကြွားရသည်ကို ဝါသနာပါကြပုံပေါ်သည်။ သူမတို့၏ဝတ်ရုံရှည်များကို ချွတ်လိုက်သည်နှင့် သူမတို့၏စကတ်အနားသတ်လေးများက လေထဲတွင် လွင့်ပျံနေပြီး အချို့ဆိုရင် ခြေလှမ်းတိုင်းက မြည်နေသည့် ငွေခေါင်းလောင်းလေးများပင် ချိတ်ဆွဲထားကြသေးသည်။

ထိုခေါင်းလောင်းလေးများကို သိသူများကတော့ ၎င်းက ခေတ်မိသည့် ဝတ်စားဆင်ယင်မှုဟု သိနိုင်ကြသော်လည်း မသိသူများကတော့ သူမတို့၏စကတ်ထဲတွင် ခွေးပေါက်လေးတစ်ကောင် ဝှက်ထားသလားလို့ဟု ထင်ယောင်မှားသွားပေလိမ့်မည်။

"အမေ ဟိုဘက်ကို ခဏ သွားလိုက်ဦးမယ်၊ နင် ဒီမှာပဲနေနော်၊ ဘယ်မှ မသွားနဲ့၊ ဒါက အကြီးဆုံးမင်းသမီးရဲ့ အိမ်တော်ဆိုတော့ ဘယ်သူမှ ပြဿနာမရှာရဲဘူးဆိုပေမယ့် တစ်စုံတစ်ယောက်မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိ မရှိဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး"

မင်းသမီးကြီးက စုန့်တင်းရှန်းကို တဖွဖွ သတိပေးနေခဲ့သည်။

‘သူမရဲ့ ချွေးမက လိမ္မာပါးနပ်ပြီး အကွက်မြင်တတ်မှန်း သူမ သိပေမယ့် မြို့တော်မှာ နေတဲ့ သူတွေထဲက ဘယ်သူကရော မလိမ္မာ မပါးနပ်လို့လဲ’

‘ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကတောင် လှည့်ဖြားမှုတွေကြားထဲမှာ အကျွမ်းတဝင် နေထိုင်နေကြတာလေ။ ကျေးလက်မှာ ကြီးပြင်းလာခဲ့တဲ့ သူမရဲ့ ချွေးမက ထက်မြက်ပုံရပေမယ့် တစ်ခုခု အထိအခိုက် ဖြစ်သွားခဲ့ရင် သူမရဲ့ မျက်နှာကိုပဲ ထိခိုက်စေမှာ မဟုတ်ဘူးလား’

"အမေ စိတ်ချပါ၊ ကျွန်မ ဒီမီးလင်းဖိုနားမှာပဲ နေပါ့မယ်၊ ဘယ်မှ မသွားပါဘူး၊ ပြီးတော့ ကျွန်မဆီမှာ ကျန်းကျူးလည်း ရှိနေတာပဲ။ အမေ ကျွန်မကို မယုံရင်တောင် သူ့ကိုတော့ ယုံလို့ရတယ် မဟုတ်လား"

စုန့်တင်းရှန်းက နာနာခံခံ ပြန်ပြောလိုက်သော်လည်း စိတ်ထဲမှ စောဒကတတ်နေသေးသည်။

‘ငါ အေးလွန်းလို့ သေတော့မယ်၊ ဒီလောက် နှင်းတွေ ကြားထဲမှာ ဇီးပန်းတွေကို သွားကြည့်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပန်းတွေက လှတာ မှန်ပေမယ့် နှင်းတောထဲမှာ မီးဖိုလေးရဲ့ အနွေးဓာတ်က ပိုပြီး ဆွဲဆောင်မှု ရှိမနေဘူးလား’

ကြင်ယာတော်မင်းသမီးကြီးက သူမ၏ ကိုယ်ပိုင်အစေခံနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ဤနေရာတွင် လူမှုအဆင့်အတန်းများကို အသိုင်းအဝိုင်းအလိုက် ခွဲခြားသတ်မှတ်ထားကြသည်။ ထို့ကြောင့် သူမ စုန့်တင်းရှန်းအား တစ်ချိန်လုံး ခေါ်ထားလျှင် ချွေးမဖြစ်သူအတွက် ဆိုးကျိုးများသာ ဖြစ်စေနိုင်သည်။ စုန့်တင်းရှန်းက ဤပွဲကို အစမှ အဆုံးအထိ သူမဘာသာ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်သည်နှင့် နောက်ပိုင်းတွင် မည်သူမျှ သူမကို ကဲ့ရဲ့နိုင်တော့မည် မဟုတ်ပေ။

ဤအရာက လောကကြီး၏ သဘောတရားဖြစ်ပြီး မိမိမနှစ်သက်လျှင်ပင် အောင့်အည်းသည်းခံပြီး ရင်ဆိုင်ဖြတ်သန်းရမည့်အရာများ ရှိနေသေးသည်။

ကြင်ယာတော်မင်းသမီးကြီး ထွက်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ အကြည့်များက စုန့်တင်းရှန်းဆီကို ကျရောက်လာခဲ့သည်။ သို့သော် သူမကတော့ ထိုအကြည့်များကို လိုက်မစုံစမ်းတော့ဘဲ ပန်း ကြည့်နေသလို ဟန်ဆောင်နေလိုက်သည်။

"အစ်မကျန်းကျူး..."

အစေခံမလေးတစ်ယောက် အပြေးအလွှား ရောက်လာပြီး စုန့်တင်းရှန်းကို အရိုအသေပေးကာ အပြုံးဖြင့် ပြောလာခဲ့သည်။

"သခင်မကို နှုတ်ဆက်ပါတယ်၊ အစ်မကျန်းကျူး... ကျွန်မ ခုနက ခလုတ်တိုက်မိလို့ စကတ်ကို ရေစိုသွားတယ်၊ ကျွန်မ အဝတ်လဲချင်လို့ အစ်မ လိုက်ခဲ့ပေးလို့ ရမလားဟင်"

"နင့်ကို ဘယ်သူ လွှတ်လိုက်တာလဲ"

ကျန်းကျူးက ဘာမှ မဖြစ်သလို ရယ်မောရင်း ထပ်ပြောလိုက်သည်။

"ဒီမီးဖိုနားမှာ ခဏထိုင်လိုက်၊ စကတ်က အလိုလို ခြောက်သွားလိမ့်မယ်"

"ဒါပေမယ့် သခင်မလေးက ခေါ်လိုက်ရင် စကတ်အစိုကြီးနဲ့ သွားဖို့က အဆင်မပြေဘူးလေ၊ အစ်မကျန်းကျူး... ခဏတော့ လိုက်ခဲ့ပေးပါ့နော်...နော်လို့"

ကောင်မလေးက ချစ်စဖွယ် မျက်နှာလေးနှင့် ချွဲနွဲ့နေပြန်သည်။

စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။

"စကတ်လဲရုံပဲလေ၊ ကျန်းကျူး... နင် လိုက်သွားပေးလိုက်ပါ၊ ငါ ဒီမှာပဲ နေခဲ့မယ်၊ ဘယ်မှ မသွားဘူး"

ကျန်းကျူးက ခဏလောက် တုံ့ဆိုင်းနေပြီးမှ အစေခံမလေးနောက်သို့ လိုက်သွားခဲ့သည်။

သူမတို့ ထွက်သွားသည်နှင့် တခြားတစ်ယောက် ရောက်လာပြန်သည်။

"အိုး... ဒါ ရွှမ်းဝေစစ်သူကြီးရဲ့ ဇနီး မဟုတ်လား"

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်က စုန့်တင်းရှန်းရှေ့သို့ ယဉ်ယဉ်ကျေးကျေး ကျက်သရေရှိရှိ ဝင်ထိုင်လိုက်သည်။

"ဘာလို့ ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလဲ၊ တခြားညီမလေးတွေနဲ့အတူ ပန်းသွားမကြည့်ဘူးလား"

"အရမ်း အေးလို့ပါ၊ ကျွန်မက အအေးဒဏ်ကို သိပ်မခံနိုင်လို့"

စုန့်တင်းရှန်းကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။

သူမ ထိုမိန်းကလေးကို ကြည့်လိုက်ပြီး သူမ၏ရတနာပြခန်းထက် ပိုဆိုးနေသည်ဟု တွေးလိုက်မိသည်။

‘ခေါင်းပေါ်မှာ ဆံထိုးပေါင်းနှစ်ဆယ်ကျော်လောက် ရှိတယ်ဟ၊ သူ့ရဲ့ လည်ပင်းသေးသေးလေးက ဒီအလေးချိန်ကို ဘယ်လိုများ သည်းခံနိုင်ပါလိမ့်၊ ဇာတ်ကြောတက်မှာ မကြောက်ဘူးလား၊ လည်ပင်းကျီးပေါင်းတွေလည်း ဖြစ်ကုန်ပါဦးမယ်"

မိန်းကလေးက ဆက်ပြောလာပြန်သည်။

"ဟုတ်ပါရဲ့၊ ပန်းကြည့်ပွဲဆိုတာက ညီအစ်မတွေက ကဗျာရွတ်တာတို့၊ ပန်းချီဆွဲတာတို့ လုပ်တဲ့နေရာလေ၊ ရှင်တို့လို တောမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒါတွေက စိမ်းနေလိမ့်မယ် မဟုတ်လား၊ ရှင် ဘယ်လိုလုပ်ရမှန်းတောင် မသိလောက်ဘူး"

စုန့်တင်းရှန်းကတော့ ဘာမှမဖြစ်သလို အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မ တကယ်မသိဘူး"

စုန့်တင်းရှန်း၏ တည်ငြိမ်သော တုန့်ပြန်မှုကြောင့် ထိုမိန်းကလေး အံ့သြသွားပုံရပြီး မျက်နှာလည်း ပျက်သွားခဲ့သည်။

ခဏအကြာတွင် သူမက မေးခွန်းထုတ်လာခဲ့သည်။

"ဒါနဲ့များ ရှင်က ကိုယ့်ကိုယ်ကိုယ် ရွှမ်းဝေစစ်သူကြီးနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား၊ မင်းသားကြီးရှစ်ရဲ့အိမ်တော်က အကြီးဆုံးချွေးမတစ်ယောက်ဖြစ်ဖို့ရော ထိုက်တန်လို့လား"

စုန့်တင်းရှန်းက သူမကို အံ့သြသလို ကြည့်ကာ ပြန်‌မေးလိုက်သည်။

"မိန်းခလေး... မင်းက အိမ်ထောင်မပြုရသေးဘူး မဟုတ်လား၊ နေ့ခင်းကြောင်တောင် ဒီလိုစကားမျိုး ပြောထွက်နေတာ မင်း မရှက်ဘူးလား၊ ငါက ကျေးလက်မှာ ကြီးပြင်းလာတာ ဆိုပေမယ့် အပျိုစင်မိန်းကလေးတစ်ယောက်က ဒီလိုစကားမျိုး ပေါ့ပေါ့တန်တန် မပြောသင့်ဘူးဆိုတာကိုတော့ သိပါသေးတယ်"

ထိုမိန်းကလေးက ဆွံ့အသွားပြီးမှ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"ရှင်လို တောသူက လူမှုရေးကို နားလည်လို့လား၊ ကျွန်မ ပြောနေတာကိုရော ရှင် တကယ် နားလည်ရဲ့လား"

စုန့်တင်းရှန်းက အပြုံးဖြင့် တုံ့ပြန်နေဆဲပင်။

"ငါက လူမှုရေးကို နားလည်ဘူးပဲ ထားလိုက်ပါဦး၊ မင်းကတော့ နားလည်သင့်တယ်၊ ငါက လက်ရှိမှာ မင်းသားကြီးရှစ်ရဲ့အိမ်တော်က အကြီးဆုံးချွေးမ၊ ပြီးတော့ ဧကရာဇ်မင်းမြတ်ကိုယ်တော်တိုင် ဘွဲ့နှင်းထားတဲ့ ဒုတိယအဆင့် ကောင်တီမင်းသမီးလည်း ဖြစ်‌နေသေးတယ်၊ မင်း စကားမပြောခင် သေသေချာချာ စဉ်းစားဖို့နဲ့ ဒီမှာ လာပြီး ပြဿနာမရှာဖို့ ငါ မျှော်လင့်တယ်"

"ရှင်... ရှင်"

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက မျက်နှာတစ်ခုလုံး နီရဲသွားပြီး သူမ ပြင်ဆင်လာသည့် စကားလုံးများလည်း လည်ချောင်းထဲ၌သာ တစ်ဆို့သွားရတော့သည်။

စုန့်တင်းရှန်းက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

‘ဒါကြောင့်လည်း ငါ မြို့တော်မှာ မနေချင်တာ၊ ဒီကလူတွေက အပြင်ပန်း ကြည့်ရင်တော့ ခမ်းနားထည်ဝါပြီး အရည်အချင်းရှိသယောင်ထင်ရပေမယ့် အတွင်းထဲမှာတော့ ဘာမှမရှိတဲ့ ကောက်ရိုးအိတ်တွေလို ဖြစ်နေတာပဲလား၊

ကြင်ယာတော်မင်းသမီးကြီးက ဒီလိုမိန်းကလေးတွေထဲကနေ ချွေးမ ရွေးချယ်ခိုင်းနေသေးတယ်၊ ငါ့အတွက်တော့ အတော်လေး ခက်ခဲတဲ့အလုပ်ပဲ’

"ညီမရူကတော့ အတော်လေး စိတ်ခံစားချက်ကောင်းနေပုံရတယ်၊ ကျွန်မတို့နဲ့အတူ ပန်းမကြည့်ဘဲ ဒီကို လာပြီး မီးလှုံနေတာလား"

အရပ်ရှည်ရှည်နှင့် ကျော့ရှင်းလှပသော မိန်းကလေးတစ်ယောက် ဝင်လာပြန်သည်။

စုန့်တင်းရှန်း လှမ်းကြည့်လိုက်ရာ ထိုမိန်းကလေးက အမှန်တကယ်ကို လှပပြီး ဤနေရာရှိ မိန်းကလေးများထဲတွင် ထိပ်ဆုံးဟု ဆိုနိုင်သည်။

"အစ်မဖေးအာ"

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက မတ်တပ်ရပ်လိုက်ပြီး စုန့်တင်းရှန်းကို လက်ညှိုးထိုးကာ ပြောလာခဲ့သည်။

"ကျွန်မက ဒီကို မီးလှုံဖို့ ‌ရောက်လာတာပါ၊ ဒါပေမယ့် ကောင်တီမင်းသမီးက ဒီနေရာက သူ့နေရာဆိုပြီး ကျွန်မကို ဆူနေတာ"

"တကယ်လား"

လျိုဖေးအာက အံ့သြသွားဟန်ဖြင့် စုန့်တင်းရှန်းကို ကြည့်လိုက်သော်လည်း ချက်ချင်း မေးခွန်းထုတ်လာပြန်သည်။

"ဒါကတော့ ကောင်တီမင်းသမီးအနေနဲ့ နည်းနည်းအာဏာပြလွန်းရာ မရောက်နေဘူးလား"

စုန့်တင်းရှန်းလည်း လွန်စိတ်အနှောင့်အယှက်ဖြစ်လာပြီး ခေါင်းပင် ကိုက်လာတော့သည်။ သူမက ဤမိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး သူမတို့၏ သရုပ်ဆောင်ချက်များကြောင့် ရယ်မောလုနီးပါးလည်း ဖြစ်နေရသည်။

"မိန်းခလေး... မင်း လိမ်ပြောရင် မိုးကြိုးပစ်ခံရလိမ့်မယ်နော်"

သူမက ထိုင်ခုံကို မှီထိုင်လိုက်ပြီး အေးအေးဆေးဆေး ထပ်ပြောလိုက်သည်။

"ပြောချင်တာရှိရင် တိုက်ရိုက်ပြော၊ စကားတွေကို လှည့်ပတ်ပြောနေတာ အပိုတွေပဲ၊ ငါက ကျေးလက်မှာ ကြီးပြင်းလာတာဆိုတော့ နင်တို့ရဲ့ သွယ်ဝိုက်တဲ့ စကားလုံးတွေက ဘာကို ဆိုလိုချင်တာလဲဆိုတာ တကယ်ပဲ နားမလည်ဘူး"

"ရှင်က တကယ့်ကို တောသူပဲ။ အစ်မဖေးအာကမှ မြို့တော်ရဲ့အကျော်ကြားဆုံး ပညာတတ်အမျိုးသမီးပဲ၊ ဧကရာဇ်မင်းမြတ်ကတောင် ချီးကျူးခဲ့ရတာ၊ ရှင့်က ဘယ်လိုလုပ်ပြီး သူ ပြောတဲ့စကားတွေကို နားမလည်သလို လုပ်နေရတာလဲ"

မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက အလိုလိုက်ခံထားရပြီး ဆင်ခြင်တုံတရားမရှိပုံရသည်။ သူမက မာန်မာနတစ်ခုတည်းဖြင့် ဇွတ်ပြောနေလေသည်။

“အင်း၊ ဒီမိန်းခလေးကတော့ ဒီမြို့တော်ရဲ့ ပညာတတ်အမျိုးသမီးဆီမှာ အသုံးချခံပစ္စည်းတစ်ခုလို အသုံးပြုခံနေရပုံပဲ’

စုန့်တင်းရှန်းက အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ အိုး... ငါ အခုမှပဲ နားလည်သွားတော့တယ်။ နင်က ငါ့ကို မင်းသားကြီးရှစ်ရဲ့ အိမ်တော်နဲ့ မထိုက်တန်ဘူး၊ စစ်သူကြီးကျိုးနဲ့ မထိုက်တန်ဘူးလို့ လာပြောနေတာ ငါ့ကို နှိမ့်ချချင်လို့ကိုး၊ ဒါဆိုရင် ဒီက အစ်မဖေးအာကမှ ငါ့ထက် ပိုပြီး ထိုက်တန်တယ်လို့ နင် ပြောချင်တာလား"

"ဒါပေါ့... အား... အစ်မဖေးအာ၊ ဘာလို့... ဘာလို့ ကျွန်မကို ညှစ်နေရတာလဲ"

လီယွိရူက သူမလက်မောင်းကို ပွတ်သတ်ရင်း လျိုဖေးအာကို မယုံနိုင်သလို ပြန်ကြည့်လိုက်သည်။

လျိုဖေးအာကတော့ မျက်ရည်များ ဝဲတက်လာပြီး ပြိုလဲလုနီးပါး ဖြစ်သွားပုံရသည်။

"ကောင်တီမင်းသမီးက ဘာလို့ ဒီလိုစကားမျိုး ပြောရတာလဲ၊ ကျွန်မက စစ်သူကြီးကျိုးကို လေးစားရုံသက်သက်ပါ၊ ဘယ်တုန်းကမှ... ဘယ်လိုလုပ်ပြီး... ရှင်... ရှင် ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေပြောပြီး စွပ်စွဲတာမျိုး မလုပ်သင့်ဘူး"

စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်ပြီး လီယွိရူကို လှမ်းပြောလိုက်သည်။

"ညီမလေး၊ ကြားလား၊ တခြားသူရဲ့ဂုဏ်သတင်းကို ထိခိုက်စေမယ့် စကားမျိုးဆိုရင် မစဉ်းစားဘဲ မပြောရဘူး၊ မဟုတ်ရင် တစ်စုံတစ်ယောက်က မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ အထင်လွဲသွားလိမ့်မယ်၊ ငါက ဒီနေရာနဲ့ ဒီကလူတွေကို မရင်းနှီးဘူး၊ တကယ်လို့ ငါ အနိုင်ကျင့်ခံရရင်တော့ တကယ်ကို ဝမ်းနည်းစရာကြီး ဖြစ်နေမှာပေါ့"

လီယွိရူက စုန့်တင်းရှန်းကို အကျပ်ရိုက်အောင် လုပ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမကိုယ်တိုင်သာ ပစ်မှတ်ဖြစ်သွားရသည်။ သူမ ဤမျှ လိမ်မာပါးနပ်ပြီး စကားအတိုက်အခိုက် ကျွမ်းကျင်သူမျိုးနှင့် တစ်ခါမှ မတွေ့ဖူးသောကြောင့် ဒေါသတကြီး ခြေဆောင့်ကာ အော်ဟစ်လိုက်တော့သည်။

"ရှင်... ရှင်က တကယ်ကို အရှက်မရှိတဲ့သူပဲ"

"ရိုင်းစိုင်းလိုက်တာ၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ၊ မင်းက ဘယ်လိုလုပ်ပြီး ယဉ်ကျေးမှုကိုတောင် နားမလည်ရတာလဲ၊ ဒါက အကြီးဆုံးမင်းသမီးရဲ့ အိမ်တော်၊ ပြီးတော့ ဒီမင်းသမီးက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ဘွဲ့နှင်းထားတဲ့ ကောင်တီမင်းသမီး၊ ဒါတောင်မှ နင်က ဒီလောက်အထိ မလေးမစား လုပ်ရဲတယ်ပေါ့၊ မင်းတို့ ပြောနေတဲ့ ယဉ်ကျေးမှုဆိုတာ... ဒါလား"

စုန့်တင်းရှန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူမ၏မျက်နှာကလည်း ဒေါသထွက်နေသည့် အမူအရာမျိုး ဖော်ပြကာ ထပ်မေးလိုက်သည်။

"ဒါမှမဟုတ် ဒါက မြို့တော်ရဲ့ ဓလေ့ထုံးစံလား၊ မဟုတ်ရင်လည်း ငါက အပြင်လူမို့ နားမလည်ဘူးဆိုပြီး အနိုင်ကျင့်ဖို့ ကြိုးစားနေကြတာလား၊ ဒီစည်းမျဉ်းတွေက တကယ်ပဲ ဘာလဲဆိုတာ အကြီးဆုံးမင်းသမီးကို သွားမေးမှ ဖြစ်တော့မယ်"

လီယွိရူ၏မျက်နှာက ချက်ချင်း ဖြူလျော်သွားပြီး မတည်မငြိမ် ဖြစ်ကာ ယိမ်းထိုးနေသည်။

လျိုဖေးအာကလည်း သူမရှေ့မှ အမျိုးသမီး ဤမျှအထိ ပြောင်ပြောင်တင်းတင်း တုန့်ပြန်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူမက မြို့တော်၏ ထိပ်တန်းပညာတတ်အမျိုးသမီး ဖြစ်နေပြီး ရာထူးကြီးသော အရာရှိတစ်ယောက်၏ သမီးလည်း ဖြစ်နေသောကြောင့် ယခုအချိန်တွင် သူမ နောက်ဆုတ်လိုက်ပါက နောင်တွင် တသက်လုံး ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

"မင်းသမီးက အာဏာပြရတာ တကယ်ကို နှစ်သက်တာပဲ၊ ကျွန်မတို့လို မိန်းကလေးငယ်လေးနှစ်ယောက်ကို ဒီလို အနိုင်ကျင့်ချင်တာလား"

"ဒါဆို ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အာဏာတော်အောက်မှာ အထက်အောက် ရာထူးအဆင့်အတန်း ခွဲခြားမှုတွေ မရှိဘူးလို့ မင်း ပြောချင်တာလား၊ ဟိုမိန်းခလေးက ဒီမင်းသမီးကို စော်ကားနေတာကို မင်း မကြားဘူးလား၊ ဒီမိန်းမငယ်လေးရဲ့ မာနက ဘယ်ကနေရောက်လာလဲဆိုတာ ငါ သိချင်သာပဲ၊ သူက ကောင်တီမင်းသမီးကိုတောင် မျက်လုံးထဲ မထည့်ဘူး၊ ဒါက မင်းသားကြီးရဲ့အိမ်တော်ကိုရော၊ ဧကရာဇ်မင်းမြတ်ကိုပါ အထင်သေးရာ မရောက်ဘူးလား"

စုန့်တင်းရှန်းက လျိုဖေးအာထက် အရပ်ပုသော်လည်း သူမ၏ အရှိန်အဝါကတော့ လုံးဝ မတုန်လှုပ်ဘဲ နောက်မဆုတ်တမ်း ရင်ဆိုင်နေခဲ့သည်။

"ကျွန်မ မရည်ရွယ်ပါဘူး"

လီယွိရူက ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်ကာ တုန်တုန်ယင်ယင်ဖြင့် တောင်းပန်လာသည်။

"ကျွန်မ... ကျွန်မ အဲဒီလို ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်မ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောမိပါတယ်၊ မင်းသမီးက ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ"

သူမ၏ဖခင်က မြို့တော်မှ စတုတ္ထအဆင့်အရာရှိတစ်ဦးသာ ဖြစ်သည်။ စာပေအရာရှိများက စစ်ဘက်အရာရှိများထက် အဆင့်အတန်း မြင့်သည်ဆိုသော်လည်း စုန့်တင်းရှန်းက ဒုတိယအဆင့် ဘွဲ့ထူးရရှိထားသူ ဖြစ်သောကြောင့် သူမထက် အပြတ်အသတ် သာလွန်နေသည်။

အစပိုင်းတွင် သူမက စုန့်တင်းရှန်းကို ဘာမှမသိသည့် တောသူဟု ထင်မှတ်ထားပြီး အလွယ်တကူ နှိမ်နိုင်မည်ဟု ယူဆခဲ့ကာ သူမ၏တွက်ကိန်းမှားသွားခဲ့ခြင်းပင်။

စုန့်တင်းရှန်းက နှာမှုတ်လှောင်ပြောင်လိုက်သည်။

"ဟွန့်၊ မင်းမှာ ငါ့အပေါ် မကောင်းပြောရဲတဲ့ သတ္တိမရှိဘူးဆိုတာ ငါ သိပါတယ်၊ ငါ မင်းကို အကြံပေးချင်တာကတော့ တစ်ခါတလေမှာ စိတ်ခံစားမှုနောက်ကို မလိုက်သင့်ဘူး၊ တခြားသူရဲ့ အသုံးချခံ နယ်ရုပ်လည်း မဖြစ်စေနဲ့၊ နောက်ဆုံးမှာ နုနယ်တဲ့ ပန်းလေးတစ်ပွင့်လို သနားစရာကောင်းတဲ့ အခြေအနေမျိုး မရောက်သွားအောင် သတိထား"

ထိုသို့ပြောပြီးနောက် သူမက ထိုင်ခုံတွင် အေးအေးဆေးဆေး ပြန်ထိုင်လိုက်သည်။

"ရပါတယ်၊ မင်းက ဘာလို့ ငိုနေတာလဲ၊ ငါက စိတ်သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူး၊ မင်းရဲ့အစေခံ ဘယ်မှာလဲ၊ သူ့ကို ခေါ်ပြီး မျက်နှာသွားသစ်လိုက်ဦး၊ အအေးဒဏ်ကြောင့် မင်းရဲ့မျက်နှာ အက်ကွဲပြီး မင်းရဲ့ အလှအပတွေ ပျက်စီးသွားလိမ့်မယ်"

လီယွိရူက စုန့်တင်းရှန်းက မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို လုံးဝ နားမလည်တော့ပေ။ သူမက အစေခံ၏ အကူအညီဖြင့် ထရပ်ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

လျိုဖေးအာကလည်း သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။ ကောင်တီမင်းသမီးက အစပိုင်းတွင်သာ သူမကို တစ်ချက် ကြည့်ခဲ့ပြီး အဆုံးအထိ သူမကို တိုက်ရိုက် မကြည့်တော့ပေ။ ၎င်းက သူမကို အရေးမပါသည့်သူတစ်ယောက်လို သဘောထားလိုက်ခြင်းပင်။ ဤအချက်က သူမကို ရှက်ရွံ့စေရုံသာမက စိတ်အားငယ်မှုကြောင့် အသက်ရှူကျပ်မတတ် ခံစားရစေသည်။

"အစ်မဖေးအာ၊ ဘာလို့ နားနေဆောင်ထဲမှာ ပုန်းနေတာလဲ၊ အပြင်ထွက်ပြီး ဇီးပန်းတွေနဲ့ နှင်းတွေကို လာကြည့်ပါဦး"

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လျိုဖေးအာကို လာခေါ်သောကြောင့် သူမ အလျင်အမြန် ထွက်ပြေးသွားတော့သည်။

ဤသတင်းငယ်လေးက မင်းသားကြီးရှစ်နှင့် မင်းသမီးကြီးတို့ထံ ချက်ချင်း ရောက်ရှိသွားသလို အကြီးဆုံးမင်းသမီးကလည်း သိသွားပြီး ရယ်မောနေခဲ့သည်။

"ဝမ်အာ... နင့်ရဲ့ အကြီးဆုံးချွေးမကတော့ တကယ့်ကို ထူးခြားတာပဲ"

ကြင်ယာတော်မင်းသမီးကြီးက ပြန်ပြောလိုက်သည်။

"ယောင်းမတော်ကလည်း ကျီစယ်နေပြန်ပါပြီ၊ သူက ဘာမှ နားလည်တာ မဟုတ်ပါဘူး၊ ယောင်းမတော်ကပဲ ခွင့်လွှတ်ပေးပါဦး၊ သူ မြို့တော်ကို ရောက်နေပေမယ့် အပြင်သိပ်ထွက်တာ မဟုတ်ဘူး၊ ဒါပေမယ့် သူမှာ ကောင်းကွက်တွေတော့ ရှိပါတယ်။ ကျွန်မရဲ့သားအပေါ် ကောင်းတယ်၊ ယောက္ခမဖြစ်တဲ့ ကျွန်မကိုလည်း ရိုသေတယ်၊ ကျွန်မ အသက်လေးဆယ်ကျော်နေပြီ၊ ဘာထပ်တောင်းဆိုရဦးမှာလဲ၊ အဲ့ဒီနှစ်ချက်နဲ့တင် ကျေနပ်လှပါပြီ"

ဘေးနားရှိ အမျိုးသမီးတစ်ဦးက ရယ်မောရင်း ဝင်ပြောလာခဲ့သည်။

"အဲဒီနှစ်ချက်ရှိရင်တော့ အရှင်မင်းသမီး ကံကောင်းတာ အမှန်ပါပဲ၊ ဒါပေမယ့်... ကောင်တီမင်းသမီးက လက်ထပ်တာ ဒီလောက်ကြာပြီ၊ အခုထိ သတင်းကောင်း မကြားရသေးတာက... နည်းနည်းတော့ စဉ်းစားသင့်ပြီလို့ ကျွန်မ ထင်တယ်၊ လိုအပ်ရင် အိမ်တော်ထဲကို နောက်ထပ်အမျိုးသမီးတစ်ယောက် ထပ်ခေါ်ဖို့ စဉ်းစားရင်ရော... မကောင်းဘူးလား"

အကြီးဆုံးမင်းသမီးကလည်း ခေါင်းညိတ်ရင်း မေးလာခဲ့သည်။

"ဟုတ်တယ်... သူတို့ အိမ်ထောင်ကျတာ... ခြောက်နှစ်လောက် ရှိပြီမလား"

ကြင်ယာတော်မင်းသမီးကြီး၏ မျက်နှာ အမူအရာက အနည်းငယ် တင်းမာသွားသော်လည်း သူမက ဟန်မပျက်ပြန်ဖြေလိုက်သည်။

"ဟုတ်တော့ ဟုတ်ပါတယ်၊ ခြောက်နှစ်တောင် ရှိနေပြီ၊ ဒါပေမယ့် ကျွန်မရဲ့ အကြီးဆုံးသားက ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပါ၊ သူ အိမ်ထောင်ကျပြီးတာနဲ့ မြောက်ဘက်နယ်စပ်ကို သွားခဲ့ရပြီး စစ်တိုက်နေရတာလေ၊ သူ အခုမှ ပြန်ရောက်တာ မကြာသေးဘူး၊ အခု ဇနီးမောင်နှံနှစ်ယောက်ကလည်း အရမ်းချစ်ကြတာလေ၊ ချွေးမကလည်း ကျန်းမာသန်စွမ်းသူဆိုတော့ မကြာခင် သတင်းကောင်း ကြားရတော့မှာပါ"

ဘေးနားရှိ အမျိုးသမီးက အကြီးဆုံးမင်းသမီးကို တစ်ချက်ကြည့်လိုက်ရာ အကြီးဆုံးမင်းသမီးက ခေါင်းတစ်ချက်ညိတ်ပြရင်း ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ယောက်ျားဆိုတာ အလုပ်အကိုင် အောင်မြင်ဖို့လိုသလို အိမ်ထောင်ကျပြီးရင် သားသမီးထွန်းကားဖို့ကလည်း အရေးကြီးတာပဲ၊ အမေတစ်ယောက်အနေနဲ့ ဒါကို ဂရုစိုက်ရမယ်၊ သင့်တော်တဲ့သူ လူတချို့ကို ရွေးပြီး ပို့ပေးလိုက်တာက ကောင်တီမင်းသမီးအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူးပေါ့"

ကြင်ယာတော်မင်းသမီးကြီးက သူမ၏ မျက်ဝန်းများထဲမှ အေးစက်မှုကို ဖုံးကွယ်ရန် မျက်လွှာချရင်း ပြန်ဖြေလိုက်သည်။

"ယောင်းမတော် ပြောတာ မှန်ပါတယ်၊ ကျွန်မ ဒီကိစ္စကို ပေါ့ဆခဲ့မိတယ်။ နောက်မှ ကျွန်မသားကို သူ ဘယ်လိုလူမျိုးကို ကြိုက်လဲ မေးပြီး သူ့အတွက် သင့်တော်တဲ့တစ်ယောက် ရွေးပေးလိုက်မယ်၊ ရုံသခင်မမှာ အကြံပြုချက်တစ်ခုခု ရှိလားလို့ တွေးမိတယ်”

ရုံသခင်မက သူမ၏ပါးစပ်ကို ပိတ်ကာ ရယ်မောပြီးမှ အကြံပေးလာခဲ့သည်။

"ရှိတာပေါ့၊ မြို့တော်မှာ လူတိုင်း ချီးကျူးရတဲ့ မိန်းခလေးလေ၊ ရွှမ်းဝေစစ်သူကြီးနဲ့လည်း လိုက်ဖက်တယ်၊ အရှင်မင်းသမီးလည်း ကြားဖူးမှာပါ၊ သူက ဝန်ကြီးအိမ်တော်ရဲ့ အကြီးဆုံးသမီးလေ၊ လှပရုံတင်မကဘဲ ဉာဏ်ရည်ထက်မြက်ပြီး မြို့တော်မှာ အရည်အချင်းအရှိဆုံး မိန်းမပျိုလေးအဖြစ် သတ်မှတ်ခံထားရတာလေ၊ စစ်သူကြီးလည်း သူ့ကို မြင်လိုက်ရင် သေချာပေါက် သဘောကျသွားမှာပါ"

ကြင်ယာတော်မင်းသမီးကြီးက လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"မြို့တော်ရဲ့ အရည်အချင်းအရှိဆုံး မိန်းမပျိုလေးအကြောင်း ကျွန်မ ကြားဖူးတာပေါ့၊ သတင်းတွေအရဆိုရင် မြင့်မြတ်တဲ့ မိသားစုတွေက လူငယ်လေးတွေ အများကြီး သူ့နောက်ကို လိုက်နေကြတာတဲ့၊ အဲဒီလို မိန်းကလေးက ဘာလို့ ကိုယ်လုပ်တော်အဖြစ် လာနေမှာလဲ"

'ကိုယ်လုပ်တော်' ဟူသော စကားလုံးကြောင့် ရုံသခင်မ၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

"အိုး... ကျွန်မလည်း သူများ ပြောတာ ကြားဖူးရုံပါ၊ အဲဒီကောင်မလေးက စစ်သူကြီးကျိုးကို တခါတွေ့ပြီးကတည်းက သူ့ရဲ့ ရဲရင့်မှုကို သဘောကျနေတာတဲ့၊ ပြီးတော့ အရှင်မင်းသမီးမှာလည်း ဂရုစိုက်တတ်တဲ့ ချွေးမတစ်ယောက် ရှိသင့်တာပဲ မဟုတ်ဘူးလား၊ ကောင်တီမင်းသမီးက ကောင်းတယ်ဆိုပေမဲ့ ကျေးလက်က လာတာဆိုတော့ ကျွန်မတို့လို မြို့တော်ကလူတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

ကြင်ယာတော်မင်းသမီးကြီးကလည်း ပြောလာပြန်သည်။

"မင်း ပြောသလိုဆိုရင် အဲဒီမိန်းကလေးက အတော်လေး အထင်ကြီးစရာပဲ၊ ဒါပေမယ့် သူ့ကို ကိုယ်လုပ်တော်လုပ်ခိုင်းတာကတော့ နည်းနည်း မတရားသလို ဖြစ်နေလိမ့်မယ်။ သင့်တော်တဲ့အချိန်လေး ရှာပြီး သူ့ကို မေးကြည့်ပါဦး"

ကြင်ယာတော်မင်းသမီးကြီးက လေပြေအေးဖြင့် ပြောလိုက်ပြန်သည်။

"ယောင်းမတော်လည်း သိတဲ့အတိုင်း ကျွန်မက အကြီးဆုံးသားနဲ့ နှစ်နှစ်ဆယ်ကျော် ဝေးကွာနေခဲ့ရတာပါ၊ အခုမှ နှစ်သစ်ကူးတစ်ခုပဲ အတူတူ ဖြတ်သန်းရသေးတာလေ၊ အမေတစ်ယောက်အနေနဲ့ သားရဲ့အခန်းထဲကို ကိုယ်လုပ်တော်တစ်ယောက် ဇွတ်ထည့်ပေးတယ်ဆိုတာက ဘယ်လို အခြေအနေမျိုး ဖြစ်သွားစေမလဲ၊ ကျွန်မ အတွေးက တာ့ သူကိုယ်တိုင် သဘောကျလို့ သူက အရင်လာပြောတာမျိူး ဖြစ်စေချင်တယ်"

ဤစကားများကို ပြန်ကြားလိုက်ရချိန်တွင် ကျိုးယိနိုတစ်ယောက် အတော်လေး ဒေါသထွက်သွားပြီး အော်ဟစ်နေတော့သည်။

"အမေ၊ အမေက ဘာကို ဆိုလိုတာလဲ၊ ကျွန်တော် ဘယ်တော့မှ ကိုယ်လုပ်တော် မယူဘူး၊ ကျွန်တော့်အဖေတောင် ကိုယ်လုပ်တော် မယူတာ၊ ကျွန်တော်က ဘယ်လိုသားမျိုးမို့လို့ ကိုယ်လုပ်တော် ယူရမှာလဲ၊ ပြီးတော့ ကျွန်တော်က တင်းရှန်းကိုပဲ ချစ်တာ၊ သူကလည်း ကျွန်တော့်ကို ချစ်ပြီး လေးစားပေးတယ်၊ ကျွန်တော်က ကိုယ်လုပ်တော်ယူပြီး သူ့ကို စိတ်ပျက်အောင် လုပ်ရမှာလား၊ အဲဒါက ကျွန်တော့်ကို နှလုံးသားမရှိတဲ့သူ၊ ရက်စက်တဲ့သူ ဖြစ်သွားစေမှာပေါ့"

ကြင်ယာတော်မင်းသမီးကြီးကလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း သူ့ကို ဆူပူလိုက်သည်။

"ဘာလို့ အော်ဟစ်နေတာလဲ၊ မင်း နေ့တိုင်း အေးအေးဆေးဆေး နေနေတာ၊ အခုမှပဲ မင်း ဒေါသထွက်တတ်တာကို သိရတော့တယ်၊ တကယ်တော့ မင်း တည်ငြိမ်သလို ဟန်ဆောင်နေတတ်တာပဲ"

ကျိုးယိနို၏ မျက်နှာက မည်းမှောင်နေဆဲပင်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော် ကိုယ်လုပ်တော် လုံးဝ မယူဘူး၊ ဒီကိစ္စကို ထပ်ဆွေးနွေးဖို့ မလိုတော့ဘူး"

မင်းသမီးကြီးက အေးစက်စွာ နှာခေါင်းရှုံ့ရင်း သူ့ကို ပြန်အော်လိုက်သည်။

"ငါ့ကို လာအော်နေလို့ ဘာထူးမှာလဲ၊ တကယ်လို့ အကြီးဆုံးမင်းသမီးက ဧကရာဇ်ကို သွားနားချပြီး မင်းအခန်းထဲကို လူတစ်ယောက် ထပ်ထည့်ခိုင်းရင်ရော... မင်း အမိန့်တော်ကို ဖီဆန်မလို့လား"

ကျိုးယိနိုတစ်ယောက် ခေါင်းငိုက်စိုက်ကျသွားပြီး ခဏအကြာတွင် ထပ်ပြောလာပြန်သည်။

"တကယ်လို့ အဲဒီလို ဖြစ်လာရင် ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို တင်းရှန်းကို ပေးပြီး ကျွန်တော်တို့ လမ်းခွဲလိုက်ကြတာပေါ့၊ တရားဝင်ဇနီးနေရာကို အလွတ်ပဲထားပြီး ဘယ်တော့မှ နောက်အိမ်ထောင် မပြုတော့ဘူး၊ တင်းရှန်းကတော့ ကျွန်တော် မရှိလည်း သူ့ကို တကယ်ချစ်မယ့်သူကို အလွယ်တကူ ရှာနိုင်မှာပါ"

"မင်း"

ကျိုးယိနို၏ တုန့်ပြန်မှုကြောင့် ကြင်ယာတော်မင်းသမီး အံ့သြသွားရပြီး ဒေါသလည်းထွက်ရလို တစ်ဖက်ကလည်း ဂုဏ်ယူနေမိသည်။

‘ဟုတ်တယ်၊ ဒါက ငါ့ရဲ့သား.... သူက သစ္စာရှိပြီး တည်ကြည်တဲ့သူ... တကယ်ကို အံ့ဩဖို့ကောင်းလောက်အောင် ကတိသစ္စာကို တန်ဖိုးထားတဲ့သူ’

All Chapters