အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉ သတင်းကောင်း
မြို့တော်ရှိ ဘဝက စုန့်တင်းရှန်းအတွက် အလွန်အမင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ပြောင်းလဲမှုတစ်ခု ဖြစ်နေပြီး လိုက်လျောညီထွေဖြစ်အောင်နေထိုင်ရန် ခက်ခဲနေခဲ့သည်။ သူမ၏ ပြတင်းပေါက်အပြင်ဘက်တွင် စည်ကားသက်ဝင်နေသော်လည်း သူမကိုယ်တိုင်ကတော့ ထိုအရာများကို သွားရောက်ခံစားလိုစိတ် လုံးဝမရှိတော့ပေ။
မြို့တော်အတွင်း၌လည်း ကောင်တီမင်းသမီးက မနာလိုဝန်တိုမှုတ်သည်ဟူသော တိုးတိုးတိတ်တိတ် စကားသံများ ပျံ့နှံ့နေသည်။ မြို့တော်တွင် ကြီးပြင်းလာသော အခွင့်ထူးခံ မြင့်မြတ်သူများကြားတွင် ကျေးလက်မှ တောသူလေး၏ "ကောင်တီမင်းသမီး" ဘွဲ့က အရာမဝင်လှပေ။ တစ်ခါတစ်ရံတွင် သူတို့က သူမကို ဟာသတစ်ခုသဖွယ် ဆက်ဆံကြပြီး လှောင်ပြောင်ရယ်မောသံများနှင့် အထင်သေးသော အကြည့်များဖြင့်သာ ကြိုဆိုကြသည်။
ကျိုးယိနိုက ထိုအကြောင်းကို ဂရုမစိုက်ခြင်း မဟုတ်သော်လည်း နှစ်သစ်ကူးနီးကပ်လာချိန် ဖြစ်နေသောကြောင့် သူ ချက်ချင်းထွက်ခွာသွားရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သူက လူမှုရေးပွဲ အတော်များများကို ငြင်းပယ်လိုက်ပြီး စုန့်တင်းရှန်းနှင့်အတူ အိမ်၌ အချိန်ဖြုန်းပေးနေခဲ့သည်။
သို့သော် နှစ်သစ်ကူးအကြိုညတွင် နန်းတွင်းစားသောက်ပွဲသို့ သူ မဖြစ်မနေ တက်ရောက်ရသလို နှစ်သစ်ကူးနေ့တွင် ကျင်းပသည့် ပူဇော်ပွဲတွင် ပါဝင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူ မဖြစ်မနေ သွားခဲ့ရသေးသည်။ ရက်အနည်းငယ်အတွင်းမှာပင် စုန့်တင်းရှန်း သိသိသာသာ ပိန်ကျသွားပြီး သူမ၏ ဝိုင်းစက်နေသော မျက်နှာလေး သွယ်လျသွားပြီး မေးစေ့လေးပင် ချွန်ထွက်လာတော့သည်။
"ကိုယ် ဧကရာဇ်မင်းမြတ်ဆီကို လျှောက်တင်လွှာ တင်လိုက်ပြီ၊ ကိုယ် မြောက်ဘက်နယ်စပ်ကနေ ထွက်ခွာလာတာ ကြာပြီဆိုတော့ နှစ်သစ်ကူးပြီးတာနဲ့ ပြန်တာ အကောင်းဆုံးဖြစ်မယ်လို့ လျှောက်ထားလိုက်တယ်"
ကျိုးယိနိုက အလွန်အမင်း စိတ်မကောင်းဟန်ဖြင့် ပြောနေသည်။ သူက စုန့်တင်းရှန်းကို သူ့ရင်ခွင်ထဲတွင် မှီနေစေပြီး ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ သူမ၏ကျောကို အသာအယာ ပုတ်ပေးနေသည်။
"ကျွန်မ အရမ်းကြောက်တယ်"
စုန့်တင်းရှန်းက သူ၏အဝတ်များကို တင်းတင်းဆုပ်ကိုင်ထားပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
"ဒီက ကြာကြာနေလေလေ ပိုပြီး ကြောက်လာလေလေပဲ၊ ဒီမြို့တော်မှာ ခြေလှမ်းသုံးလှမ်းတိုင်းမှာ တော်ဝင်မိသားစုဝင်တစ်ယောက်၊ ခြေလှမ်းနှစ်လှမ်းတိုင်းမှာ မင်းမျိုးမင်းနွယ်တစ်ယောက်ကို မြင်ရတယ်၊ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ အရာရှိတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ရှိတယ်၊ ကျွန်မက ကောင်တီမင်းသမီးဆိုပေမယ့် တကယ့်တမ်းကျတော့ ဘာနောက်ခံမှမရှိတဲ့ သာမန်အရပ်သူတစ်ယောက်ပဲ၊ ကျွန်မ စကားမှားပြောမိရင်၊ တစ်ခုခုမှားလုပ်မိရင်၊ ရှင်နဲ့ ရှင့်မိဘတွေ၊ ပြီးတော့ ကျွန်မတို့မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာကို ကျွန်မ တကယ်ကြောက်နေမိတယ်"
"တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ကိုယ့်အမှားတွေပါ"
ကျိုးယိနိုက သူ၏ဇနီး ဤမျှအထိ စိတ်ပျက်အားငယ်နေသည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် သူ့ရင်ကို အပ်ဖြင့်ထိုးသကဲ့သို့ နာကျင်နေရသည်။
"ကိုယ်သာ စစ်သည်တစ်ယောက်အနေနဲ့ပဲ ကျေနပ်နေပြီး အောင်မြင်မှုတွေကို မမက်မောခဲ့ရင် အခုလောက်ဆို ကိုယ်တို့ အိမ်ပြန်ရောက်နေလောက်ပြီ၊ ဒီလို နန်းတွင်းဓလေ့တွေ ကြားထဲမှာလည်း ပါဝင်ပတ်သက်နေရမှာ မဟုတ်ဘူး၊ ပြီးတော့ မိဘတွေဆိုတာလည်း ရှိလာမှာ...."
စုန့်တင်းရှန်းက သူမ၏ လက်ညှိုးလေးကို သူ့နှုတ်ခမ်းပေါ် တင်ကာ တားဆီးလိုက်သည်။
"ဘာလို့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ၊ သူတို့က ရှင့်ကို မွေးပေးခဲ့တဲ့ မိဘတွေ၊ ရှင့်ရဲ့မိသားစုဝင်တွေလေ၊ ကျွန်မက နိမ့်ကျတဲ့နောက်ခံကလာတာ ဒီနေရာမှာ ရှင့်အတွက် ပြဿနာတွေ ဖြစ်စေမှာကို ကျွန်မ စိုးရိမ်နေမိတာပါ"
"မင်းကမှ မဟုတ်တာတွေ ပြောနေတာ၊ မင်းသာမရှိရင် ကိုယ် သေပြီးတာ ကြာနေလောက်ပြီ"
ကျိုးယိနိုကလည်း မျက်ရည်များ ဝဲနေပြီး အသံများတုန်ရီနေကာ စုန့်တင်းရှန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
"ဟုတ်ပါပြီ၊ ကိုယ်တို့ မကြာခင် အိမ်ပြန်ကြမယ်၊ နောက်လည်း ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ဒီမြို့တော်က လူတွေက လူသားစားတဲ့ သတ္တဝါတွေနဲ့ တူနေတယ်လို့ ကိုယ်အမြဲခံစားရတယ်၊ သူတို့က ကျူးကျော်လာတဲ့ တိုင်းတပါးရန်သူတွေထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်။ ကိုယ်တို့က တိုင်းပြည်အတွက် စဉ်းစားပေးနေချိန်မှာ သူတို့ကတော့ ကိုယ်တို့ကို ဘယ်လိုကွဲသွားအောင်လုပ်ရမလဲ၊ ဘယ်လို အရှက်ခွဲရမလဲဆိုတာကိုပဲ အမြဲ စဉ်းစားနေကြတယ်၊ သူတို့က ကိုယ်ကျင့်တရားတွေ ဆုံးရှုံးသွားပြီ"
တစ်ဖက်တွင်လည်း ကြင်ယာတော်မင်းသမီးကြီးက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ခုံ၏လက်ရန်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
"သူတို့ တခြား ဘာတွေပြောနေကြသေးလဲ"
သူမ၏ အနီးကပ် အစေခံလျိုယွင်က တိုးတိုးလေး ထပ်ပြောလာသည်။
"အစေခံတွေ ပြောတာတော့ ဘာမှ ထပ်မကြားရပါဘူးတဲ့၊ ဒါပေမယ့် သခင်လေးနဲ့ သခင်မလေးတို့ နှစ်ယောက်လုံး စိတ်ဆင်းရဲနေကြတယ်ဆိုတာတော့ သိသာပါတယ်၊ အထူးသဖြင့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း သခင်မလေး သိသိသာသာ ပိန်သွားပါတယ်၊ ဘာမှလည်း စားမဝင်ဘူး၊ မျက်နှာလည်း မကောင်းဘူး၊ ကျန်းကျူးက နန်းတွင်းသမားတော် ခေါ်ဖို့ အကြံပေးပေမယ့် သခင်မလေးကတော့ ပတ်ဝန်းကျင်အသစ်နဲ့ နေသားမကျသေးလို့ပါလို့ပဲ အကြောင်းပြချက်ပေးနေပြီး သမားတော်နဲ့ ပြသဖို့ ငြင်းဆန်နေပါတယ်"
မင်းသားကြီးက သက်ပြင်းချရင်း ဝင်ပြောလာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က လူငယ်စုံတွဲ ဆိုပေမယ့် ဒုက္ခတွေကို အတူတူ ကျော်ဖြတ်လာတဲ့ ဇနီးမောင်နှံတွေလေ၊ သူတို့ကြားက သံယောဇဉ်က တခြားသူတွေထက် ပိုနက်ရှိုင်းတာပေါ့၊ အစကတော့ ကောင်းတဲ့ကိစ္စလို့ ထင်ရပေမယ့် အခုတော့ ကိုယ်တို့နဲ့ ကလေးတွေကြားက ဆက်ဆံရေးကိုတောင် ထိခိုက်စေသလို ဖြစ်နေပြီ"
ကြင်ယာတော်မင်းသမီးကြီးက သူမ၏မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်ပြီး သူမ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူမ၏မျက်ဝန်းထဲ၌ ဒေါသရိပ်များ ရှိနေခဲ့သည်။
"မြို့တော်ထဲက ကောလာဟလတွေကိုရော ရှင် စုံစမ်းပြီးပြီလား"
"အင်း၊ ကိုယ် စုံစမ်းပြီးပြီ၊ အဲဒါက ဆောက်လုပ်ရေးဝန်ကြီးအိမ်တော်ကနေ ဆင်းသက်လာပုံရတယ်"
"ဟွန့်.... မြို့တော်ရဲ့ အရည်အချင်းအရှိဆုံး မိန်းမပျိုလေးတဲ့လား၊ သူက စစ်သူကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်နေတာ မဟုတ်လား၊ ကောင်းပြီလေ... ဒီမင်းသမီးက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"
သူမက သူမ၏သားကို အင်မတန် ချစ်မြတ်နိုးသူဖြစ်ပြီး ချွေးမဖြစ်သူက သူမ အကြိုက်ရွေးချယ်ခဲ့သူ မဟုတ်သော်လည်း သူမသား၏ ချစ်ရသူ ဖြစ်နေသရွေ့ သူမ အစွန်းကုန်ကာကွယ်ပေးမည်သာ ဖြစ်သည်။
သူမတို့ဘက်မှ ဘာမှ မတုံ့ပြန်သေးခင်ကပင် စိတ်မရှည်သော လူတစ်စုက ကမူးရှူးထိုး လုပ်ရပ်များကို လုပ်ဆောင်လာကြခြင်း ဖြစ်ပြီး သူမ လုံးဝ သည်းမခံနိုင်တော့ချေ။
မင်းသားကြီးကလည်း သက်ပြင်းချရင်း ပြောလာပြန်သည်။
"ဝန်ကြီးလျိုကလည်း အိုလာပြီ၊ အခု မြို့တော်မှာ လူငယ်ပညာရှင်လေးတွေလည်း အများကြီး ပေါ်ထွန်းနေတာဆိုတော့ အဲဒီရာထူးနေရာကို လူငယ်တစ်ယောက်ဆီ လွှဲပေးဖို့ အချိန်တန်နေပြီ"
မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးကြီးတို့က အဝတ်အစားလဲကာ နန်းတော်သို့ ဝင်သွားကြပြီး တစ်နေ့ကုန်နီးပါး ကြာမှ ပြန်ထွက်လာခဲ့ကြသည်။ ထို့နောက် မကြာမီမှာပင် ကျိုးယိနို မြို့တော်မှ ထွက်ခွာရန် အမိန့်ကျရောက်လာခဲ့သည်။ ဧကရာဇ်မင်းမြတ်က သူ့၏ တိုင်းပြည်အပေါ် ကာကွယ်ပေးချင်စိတ်ကို ချီးကျူးရုံသာမက စစ်သူကြီးနှင့် ကောင်တီမင်းသမီးတို့နှစ်ဦးလုံးက တိုင်းပြည်အတွက် မရှိမဖြစ် အရေးပါသော အရာရှိများဖြစ်ကြောင်းနှင့် မည်သည့်အခါမျှ မတရား အနိုင်ကျင့်ခံရမည် မဟုတ်ကြောင်း အထူးတလည် ပြောကြားခဲ့သည်။
မင်းသားကြီးရှစ်၏အိမ်တော်သို့ ဆုလာဘ်များ တသီတတန်းကြီး ရောက်ရှိလာသော်လည်း စုန့်တင်းရှန်းကို မပျော်ရွှင်စေနိုင်ခဲ့ပေ။ သူမကို အမှန်တကယ်ပျော်ရွှင်စေသည်က သူမလက်ထဲမှ ထွက်ခွာခွင့် အမိန့်စာသာ ဖြစ်ပြီး သူမ ၎င်းကို အကြိမ်ကြိမ် ဖတ်ရှုနေမိသည်။
"ကျွန်မတို့ တကယ် အိမ်ပြန်လို့ ရပြီလား"
"ပြန်လို့ ရပြီပေါ့"
ကျိုးယိနိုက ဇနီးသည်၏ မျက်နှာလေးကို ဆုပ်ကိုင်ကာ စိတ်အားထက်သန်စွာ နမ်းလိုက်သည်။
"အမေက ကိုယ်တို့ ပြန်ဖို့အတွက် လိုအပ်တာတွေ စီစဉ်နေပြီ၊ နောက်နှစ်ရက်နေရင် ကိုယ်တို့ အိမ်ပြန်ကြမယ်"
စုန့်တင်းရှန်းက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူမ၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားသည်။
"တော်သေးတာပေါ့၊ ကျွန်မက နောက်ထပ် အကြာကြီး စောင့်ရဦးမယ် ထင်နေတာ"
ကျိုးယိနိုက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"မင်း စောင့်ချင်ရင်တောင် ကိုယ်က မစောင့်နိုင်တော့ဘူး၊ ဒါနဲ့... ဒီရက်ပိုင်းအတွင်း မင်း နေလို့ မကောင်းဘူးလို့ ကိုယ် ထင်နေတာ၊ သမားတော်လည်း ခေါ်မပြဘူး၊ ဘာဖြစ်လို့လဲ"
"ကျွန်မ ခန္ဓာကိုယ်အကြောင်း ကျွန်မ အသိဆုံးပါ၊ ဘာမှ မဖြစ်ပါဘူး၊ နည်းနည်း ပင်ပန်းနေလို့ပါ၊ ရက်ပိုင်းလောက် နားလိုက်ရင် ကောင်းသွားမှာ၊ အရင်တုန်းက လယ်ထဲမှာ အလုပ်လုပ်ပြီးရင်လည်း ဒီလိုပဲလေ၊ နားလိုက်ရင် ပျောက်သွားတာပဲ၊ ကိစ္စသေးသေးလေးနဲ့ နန်းတွင်းသမားတော်ကြီးကို ခေါ်နေရင် လူရယ်စရာ ဖြစ်နေမှာပေါ့"
သူတို့နှစ်ဦး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ရန် ပြင်ဆင်နေချိန်တွင် ဧကရာဇ်မင်းမြတ်က မြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေမည့် အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်သည်။
၎င်းက လျိုဖေးအာအတွက် အမိန့်တော် ဖြစ်သည်။ သူမက တိုင်းပြည်၏သူရဲကောင်း ဖြစ်သော စစ်သူကြီးအပေါ် အင်မတန် ကြည်ညိုလေးစားကြောင်း သိရသည့်အတွက် သူမကို ကျန့်နန်စစ်သူကြီးနှင့် လက်ဆက်ပေးရန် အမိန့်တော် ချမှတ်လိုက်ပြီး နှစ်သစ်ကူးပြီးနောက်တွင် မင်္ဂလာပွဲ ကျင်းပရမည်ဟု ထုတ်ပြန်လိုက်သည်။
ကျန့်နန်စစ်သူကြီးက အသက် ငါးဆယ် ကျော်နေပြီ ဖြစ်ပြီး သူ၏ ဇနီးသည်က ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ၏ ကိုယ်လုပ်တော်များကလည်း အသက်လေးဆယ်ကျော်များ ဖြစ်ကြသည်။ ထို့ပြင် သူက စစ်ပွဲအတွင်း ပြင်းထန်သော ဒဏ်ရာရရှိခဲ့ဖူးသောကြောင့် နောက်ထပ် သားသမီးရရန်လည်း မဖြစ်နိုင်သလောက်ပင်။
သို့သော် သူ ယခင်က ရရှိထားသော သားသမီး အများအပြား ရှိနေပြီး ဖြစ်သည်။ အဆိုးဆုံးက ထိုစစ်သူကြီးက မိန်းမလိုက်စားသူအဖြစ် နာမည်ကြီးပြီး ကိုယ်လုပ်တော် အများအပြား ရှိသည်။ လျိုဖေးအာ မတိုင်ခင်က နောက်ဆုံး ကိုယ်လုပ်တော်က ဆယ့်သုံးယောက်မြောက် ဖြစ်သည်။
ယခု လျိုဖေးအာက ထိုအိမ်တော်၏ အငယ်ဆုံးနှင့် ဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော် ဖြစ်လာပေလိမ့်မည်။
အမိန့်တော် ဖတ်ကြားရန် ရောက်လာသည့် မိန်းမစိုးဝမ်က ရယ်မောရင်း ပြောလာပြန်သည်။
"ဧကရာဇ်မင်းမြတ်က မိန်းကလေးလျိုရဲ့ သူရဲကောင်းတွေအပေါ် ထားတဲ့ ကြည်ညိုလေးစားမှုကို ကြားသိတော်မူတယ်၊ တာ့ကျန်းမင်းဆက်ရဲ့ သူရဲကောင်းတွေအကြောင်း ပြောမယ်ဆိုရင် ကျန့်နန်စစ်သူကြီးက ထိပ်ဆုံးကပဲလေ၊ ပြီးတော့ မိန်းကလေးလျိုကလည်း သူရဲကောင်းရဲ့ ကိုယ်လုပ်တော်အဖြစ်တောင် နေချင်တယ်လို့ သတင်းထွက်နေတာဆိုတော့ စစ်သူကြီးကလည်း သဘောကျသွားပြီး ဧကရာဇ်မင်းမြတ်ဆီကို အထူးတောင်းဆိုလိုက်တာပေါ့၊ မိန်းကလေးလျို... မင်းရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီဖြစ်လို့ ဂုဏ်ပြုပါတယ်"
ထိုစကားကို ကြားပြီးနောက် လျိုဖေးအာတစ်ယောက် ချက်ချင်း မေ့လဲသွားတော့သည်။
တစ်ညတာအတွင်းမှာပင် ဝန်ကြီးလျိုလည်း ဆယ်နှစ်စာခန့် အိုမင်းသွားသလို ဖြစ်သွားပြီး သူ့ဆံပင်များပင် ဖြူလာခဲ့သည်။ သူက ဇနီးဖြစ်သူကို အပြစ်တင်နေခဲ့သည်။
"ငါကတော့ အပြင်အလုပ်တွေနဲ့ အမြဲတမ်း အလုပ်ရှုပ်နေတာ၊ ဒါပေမယ့် မင်းက အမေတစ်ယောက်အနေနဲ့ ကလေးတွေကို ဆုံးမသွန်သင်ဖို့ ပျက်ကွက်ရလောက်တဲ့အထိ ဘာတွေလုပ်နေရတာလဲ"
ဝန်ကြီးလျိုက ဒေါသတကြီးဖြင့် သူ့ဇနီးသည်ကို ဆက်လက်ဆူပူနေသည်။
"ကျိုးယိနိုဆိုတာ ဘယ်သူလဲ၊ သူက မင်းသားကြီးရှစ်ရဲ့ အကြီးဆုံးသားလေ၊ ငယ်ငယ်ကတည်းက ဧကရာဇ်မင်းမြတ်အတွက် ခိုးသွားခံရပြီး မင်းသားကြီးရှစ် နှစ်ဆယ့်နှစ်နှစ်လုံးလုံး ရှာဖွေခဲ့ရတဲ့ သားရတနာပဲ၊ ပြီးတော့ အဲဒီကောင်တီမင်းသမီး... သူက မျိုးရိုးမြင့်ထဲက မဟုတ်ရင်တောင် ဧကရာဇ်ကိုယ်တိုင် ဘွဲ့အပ်နှင်းထားတဲ့သူ၊ ဒါကို မင်းက ဖေးအာကို လျှောက်ပြီး ပြဿနာရှာခွင့်ပြုထားခဲ့တာလား၊ ဖေးအာရဲ့ အလှအပတွေ၊ အရည်အချင်းနဲ့ ကောင်တီမင်းသမီးကို ဖယ်ထုတ်ပြီး ကျိုးယိနိုရဲ့ မျက်နှာသာပေးမှုကို ရနိုင်မယ်လို့ မင်းတို့ တကယ်ထင်နေကြတာလား"
"မင်းတို့အားလုံး ရူးကုန်ကြပြီ၊ အဲဒီလူနှစ်ယောက်က အခက်အခဲတွေ၊ ဒုက္ခတွေကို အတူတူ ကျော်ဖြတ်လာပြီးမှ အခုလို ပြန်ဆုံနိုင်ခဲ့ကြတာ၊ ဖေးအာရဲ့ အလှအပကို အသုံးချပြီး အရာရာ ရနိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား၊ အလှအပဆိုတာ ဘာမှမဟုတ်ဘူး၊ ငါ မင်းတို့ကို အလိုလိုက်ခဲ့မိတာ တကယ်မှားသွားပြီ၊ ဒီနေ့ကစပြီး အိမ်တော်က မိန်းကလေးတွေအားလုံး အိမ်ထောင်မကျမချင်း အပြင်ထွက်ခွင့် မရှိတော့ဘူး၊ ဖေးအာကိုလည်း... အစေခံတွေကို သေသေချာချာ ညွှန်ကြားပြီး စောင့်ကြည့်ခိုင်းထား၊ သူ့ကို ကျန့်နန်စစ်သူကြီးအိမ်တော်အထိ ဘေးကင်းကင်းနဲ့ ပို့မပေးနိုင်ရင် အဲဒီအစေခံတွေလည်း အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့"
စုန့်တင်းရှန်းက ထိုအရာများအားလုံးကို ဘာမှ မသိခဲ့ပေ။ ကျိုးယိနိုတစ်ယောက်တည်းသားမက မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးကြီးတို့ကပါ ထိုသို့ညစ်ညမ်းသည့်ကိစ္စများအား သူမနားထဲ မရောက်စေချင်ကြဘဲ ဖုံးကွယ်ထားခဲ့ကြသည်။ သူမတို့ မြို့တော်မှ ထွက်ခွာခါနီးတွင် မင်းသမီးကြီးက အပြုံးဖြင့် ပြောလာခဲ့သည်။
"ဒီလို သွားလိုက်ပြန်လိုက်လုပ်ရတာ တကယ်ကို ပင်ပန်းတယ်၊ နောက်နှစ်ဆိုရင် မင်းတို့ မလာပါနဲ့တော့၊ နှစ်သစ်ကူးပြီးမှ အမေတို့ မင်းတို့ဆီကို လာခဲ့မယ်၊ အဲဒီမှာ ရက်ပိုင်းလောက်နေပြီး နွေရာသီကုန်လို့ အပူရှိန်လျော့မှပဲ ဒီကို ပြန်လာတော့မယ်"
"အမေ၊ အဲဒီလိုတော့ ဘယ်ဖြစ်မလဲ"
သူမ ပြန်မလာချင်သည်မှာ အမှန်ဖြစ်သော်လည်း စုန့်တင်းရှန်းက ချွေးမဝတ္တရား ပျက်ကွက်မည်ကိုတော့ စိုးရိမ်နေသေးသည်။
ကြင်ယာတော်မင်းသမီးကြီးက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဘာလို့ မဖြစ်ရမှာလဲ၊ ငါ့ရဲ့ အကြီးဆုံးသားက အရမ်းကို ဆွဲဆောင်မှုရှိလွန်းလို့လေ၊ သူ့ကို မြို့တော်တဝိုက် ရက်နည်းနည်းလောက် လှည့်ပတ်သွားလာခွင့်ပေးထားရင် မြို့တော်က မိန်းကလေးတွေအားလုံး သူ့ကို စိုက်ကြည့်လာကြတော့မယ်၊ အဲဒီမိန်းကလေးတွေရဲ့ အကျိုးအတွက် အမေ့ရဲ့ ရှန်းအာကို လူတွေ အများကြားထဲမှာ အရမ်း ထင်ပေါ်ခိုင်းလို့ မဖြစ်တော့ဘူး"
"အမေ"
ကျိုးယိနိုက သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရုတ်တရက် ကြင်ယာတော်မင်းသမီးကြီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
"အမေ၊ ကျွန်တော် အလုပ်အားတဲ့အချိန်ကျရင် အမေ့ဆီကို မကြာခဏ ပြန်လာတွေ့ပါ့မယ်"
ကြင်ယာတော်မင်းသမီးကြီးက သားဖြစ်သူ၏ဆံပင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြန်ပြောလိုက်သည်။
"လင်းအာက အမွေဆက်ခံသူ နေရာကို ဆက်ခံပြီး အိမ်ထောင်ကျလို့ ကလေးတွေရလာရင် အိမ်တော်လည်း တည်ငြိမ်သွားလိမ့်မယ်၊ အဲအချိန်ရောက်ရင်တော့ အမေ မင်းတို့နဲ့ လာနေတော့မယ်၊ အမေက အကြီးဆုံးသားနဲ့ အတူမနေလို့ ဘယ်ဖြစ်ပါ့မလဲ၊ အမေတို့ ဝေးကွာခဲ့ရတဲ့ အနှစ်နှစ်ဆယ်စာကို ပြန်ဖြည့်ဆည်းပေးရမယ်လေ၊ ပြီးတော့ နောက်တစ်နှစ်၊ နှစ်နှစ်နေရင် တင်းရှန်းလည်း ကလေးရလာတော့မှာဆိုတော့ မြေးလေးတွေကိုလည်း ကူပြီး ထိန်းပေးချင်သေးတယ်"
ထိုသို့ပြောပြီးနောက် သူမက စုန့်တင်းရှန်းကို အနားလာရန် အချက်ပြလိုက်သည်။
စုန့်တင်းရှန်းက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ကြင်ယာတော်မင်းသမီးကြီးက သူမ၏လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောလာခဲ့သည်။
"သမီး၊ သမီးလည်း အမေ့ကြောင့် စိတ်ဆင်းရဲခဲ့ရတယ်၊ ဒါက အမေ့ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ သမီး ကျေးလက်မှာ နေတုန်းကတောင် ဒုက္ခမရောက်ခဲ့ဖူးဘူးဆိုတာ အမေ သိပါတယ်၊ ဒီကို ရောက်လာပြီးမှ သမီး မတရားအနိုင်ကျင့်ခံရတာမျိုးတွေ ဖြစ်သွားလို့ အမေ တကယ်ပဲ အားနာမိတယ်၊ အမေက အသက်ကြီးနေပါပြီ၊ အမေရဲ့သားတွေ သမီးတွေ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေတာကိုပဲ မြင်ချင်တော့တာပါ၊ သမီးက ကလေးကောင်းတစ်ယောက်ပါ၊ အမေက အဲ့ဒါကို အမြဲ သိနေပါတယ်"
"အမေ"
စုန့်တင်းရှန်းကလည်း ကြင်ယာတ်ေမင်းသမီးကြီးကို ပြန်လည် ပွေ့ဖက်လိုက်သည်။
"အမေ... တကယ်တော့... အမေ့ရဲ့ချွေးမက အသုံးမကျလို့ပါ"
"သမီးသာ အသုံးမကျဘူးရင် ဒီမြို့တော်ကြီးထဲမှာ အသုံးကျတဲ့ မိန်းကလေးတောင် ရှိတော့မှာ မဟုတ်ဘူး၊ ပြန်သွားပြီး ကောင်းကောင်းမွန်မွန် နေကြ၊ သမီး ယူလာပေးတဲ့ စားစရာတွေကလည်း အရမ်းကောင်းတယ်၊ နောက်ကျလို့ တခြားအသစ်တွေ ထပ်လုပ်ရင်လည်း ပို့ပေးဦးနော်၊ အမေ ပိုစားချင်သေးတယ်"
ကြင်ယာတော်မင်းသမီးကြီးက စုန့်တင်းရှန်း၏ကျောကို ပုတ်ပေးရင်း သူမတို့ကို မေတ္တာအပြည့်ဖြင့် ကြည့်နေလေသည်။
"မြန်မြန်သွားကြတော့၊ မဟုတ်ရင် လမ်းခရီးမှာ နှောင့်နှေးနေဦးမယ်၊ ရာသီဥတု နွေးလာရင် အမေ သမီးတို့ဆီ လာခဲ့မယ်၊ သွားကြတော့"
မြို့တော်မှ ထွက်လာပြီးသည်နှင့် စုန့်တင်းရှန်းက လူသစ်တစ်ယောက်လို ပြန်လည်လန်းဆန်းလာခဲ့သည်။ သူမ စားသောက်ရန်လည်း မခက်ခဲတော့ဘဲ ယခင်ကထက်ပင် ပိုစားနိုင်လာခဲ့သည်။
"မင်း ပြန်ပြီး စားနိုင်လာတာကို မြင်ရတော့မှ ကိုယ် စိတ်အေးရတော့တယ်"
ကျိုးယိနိုက ဇနီးသည်ကို စိုးရိမ်သောကြောင့် မြင်းမစီးဘဲ စုန့်တင်းရှန်းနှင့်အတူ ရထားလုံးထဲမှ အတူလိုက်လာခဲ့သည်။
"ရှင်ကတော့ တုံးအတဲ့လူငယ်လေးပဲ"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
ကျိုးယိနို : “.....”
"အိမ်ရောက်ရင် ရှင့်ကို ပြောပြမယ်"
စုန့်တင်းရှန်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်ကာ တောင်းဆိုလိုက်ပြန်သည်။
"ကျွန်မ မှတ်မိသလောက်ဆိုရင် နောက်မြို့မှာ အရသာရှိတဲ့ ကြက်သွန်မြိတ်ဗန်းမုန့်တွေ ရောင်းတယ်၊ ကျူးဇီကော... ကျွန်မအတွက် အရသာရှိတဲ့ အသားအစာသွပ် ကြက်သွန်မြိတ်ဗန်းမုန့် သွားဝယ်ပေးပါလားဟင်"
ကျိုးယိနိုတစ်ယောက် ဆွံ့အသွားရပြန်သည်။
"မင်း ခုနတင် ယာဂုတစ်ပန်းကန်အပြည့် သောက်ထားတာ မဟုတ်ဘူးလား၊ အသားမုန့်ပေါင်းအကြီးကြီး လေးလုံးလည်း စားထားသေးတယ်လေ"
စုန့်တင်းရှန်းက သူ့ကို ရန်တွေ့လိုက်သည်။
"မြို့ထဲရောက်ရင် ကျွန်မ ပြန်ဆာလာဦးမှာလေ၊ လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ ကောင်းကောင်းမစားရတော့ ပြန်ပြီး အားဖြည့်ရမယ်"
‘အသားမုန့်ပေါင်းတွေက ငါ့လက်သီးထက်တောင် ကြီးတာတွေလေကွာ’
‘ငါ့ဇနီးလေး ပြန်ပြီး စားနိုင်လာတာက ဝမ်းသာစရာဆိုပေမယ့် ဒါက များလွန်းမနေဘူးလား၊ ပိုက်ဆံက အရေးမကြီးပေမယ့် အစားလွန်သွားပြီး နေထိုင်မကောင်း ဖြစ်ရင် ဘယ်လို လုပ်ကြမလဲ’
ဝေ့ခရိုင်တွင် နှင်းများ အသည်းအသန် ကျဆင်းထားသောကြောင့် ရထားလုံးနှင့် မြင်းလှည်းများလည်း နှင်းထုကြား၌ ခဲခဲယဉ်းယဉ်း သွားနေရသည်။
စုန့်တင်းရှန်းကတော့ ပူနွေးနေသည့် ကန်စွန်းဥဖုတ်ကို ကိုင်ထားပြီး လက်ချောင်းလေးများပေါ်မှ သကြားရည်များကို လျက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကျွန်မတို့ အိမ်ရောက်ပြီ"
ကျိုးယိနိုကလည်း စိတ်လက်ပေါ့ပါးသွားပုံဖြင့် ထောက်ခံလိုက်သည်။
"အင်း၊ ကိုယ် အိမ်ကို မြင်းစီးသမားတစ်ယောက် ကြိုလွှတ်ပြီး သတင်းပို့ခိုင်းထားပြီးပြီ၊ မင်း အသားဗန်းမုန့်၊ ဖက်ထုပ်နဲ့ အသားဟင်းတွေ စားချင်တယ်ဆိုလို့လေ၊ ဇနီးလေး... မင်း လမ်းတစ်လျှောက်လုံး အများကြီး စားလာတာနော်၊ အိမ်ရောက်ရင် ထပ်စားနိုင်ပါဦးမလား"
စုန့်တင်းရှန်းက ပြုံးစိစိဖြင့် ပြန်ဖြေလိုက်သည်။
"မစားနိုင်ရင်တောင် ကြည့်ရတာနဲ့ ပျော်နေမှာ သေချာတယ်၊ မင်းသားအိမ်တော်က စားစရာတွေက အရသာရှိပြီး လှလှပပ ပုံဖော်ထားပေမယ့် ကျွန်မကတော့ အမေလုပ်ပေးတဲ့ ဖက်ထုပ်တွေကိုပဲ ကိုက်စားချင်တာ၊ အဲဒါကမှ အရသာအရှိဆုံးပဲ"
ကျိုးယိနိုက စပ်ဖြဲဖြဲမျက်နှာလေးဖြင့် ရယ်ရယ်မောမော ပြောနေသည့် စုန့်တင်းရှန်း၏ ပါးပြင်နီနီလေးကို လှမ်းညှစ်လိုက်သည်။ ပြီးခဲ့သည့် နှစ်ပတ်အတွင်းတွင် လမ်းခရီးကြောင့် လူတိုင်း ပင်ပန်းနွမ်းနွယ်ပြီး ကိုယ်အလေးချိန် ကျသော်လည်း စုန့်တင်းရှန်းကတော့ ပိုပြီး လှပစိုပြည်လာသယောင်ရှိလာခဲ့သည်။ ယခင်က ပိန်ပါးသွားခဲ့သည့် ခန္ဓာကိုယ်လေးက အသားနည်းနည်း ပြန်တက်လာပြီး ဖြူဖျော့နေသော အသားအရေကလည်း သွေးရောင်လေးများဖြင့် ပြန်ဝင်းပနေသည်။ သူမ၏ နူးညံ့သော အသွင်အပြင်က မြင်ရသူကို ဆွဲဆောင်နေလေသည်။
"အိုက်ယား၊ သူတို့ ပြန်လာကြပြီ"
ဖန့်ရှီက သတင်း စောစောစီးစီး ရထားပြီး လမ်းထိပ်သို့ အပြေးအလွှား ထွက်ကြိုနေသည်။ လမ်းချိုးမှ ကွေ့လာသည့် ရထားလုံးကို မြင်ရသည်နှင့် သူမ အော်ဟစ်နေတော့သည်။
"နင့်အဖေနဲ့ ငါကတော့ နင်တို့ ပထမကုန်ပြီးမှ ပြန်လာမယ် ထင်နေတာ၊ အခုတော့ နှစ်သစ်ကူးတောင် မပြီးသေးဘူး၊ ပြန်ရောက်လာပြီ"
"အမေ... ရထားလုံးပေါ်တက်ခဲ့လေ"
စုန့်တင်းရှန်းက ပြတင်းပေါက်မှ ခေါင်းလေးပြူထွက်လာပြီး မိခင်ဖြစ်သူကို လှမ်းခေါ်လိုက်သည်။
"မတက်တော့ပါဘူး၊ ငါ့ခြေထောက်တွေမှာ လမ်းပေါ်က ရွှံ့တွေ ပေနေတယ်၊ အာ့နွီ... နင် ဘာတွေစားထားတာလဲ၊ နင့်ပါးစပ်က ဘာလို့ မည်းနေတာလဲ"
"ဟီး ဟီး၊ သမီး ကန်စွန်းဥဖုတ် စားလာလို့ပါ"
စုန့်တင်းရှန်းက ခေါင်းပြန်သွင်းလိုက်ပြီး ကျိုးယိနိုထံမှ လက်ကိုင်ပဝါတောင်းကာ သူမ၏ပါးစပ်ကို သေသေချာချာ သုတ်လိုက်သည်။
သူမ၏ ကိုယ်ပိုင်ခြံဝင်းလေးထဲ ပြန်ရောက်လာချိန်တွင် စုန့်တင်းရှန်းက ကလေးတစ်ယောက်လို ဖန့်ရှီ၏လက်ကို တွဲထားပြီး မေးနေပြန်သည်။
"အမေ... သမီး ပြန်လာရင် အသားဟင်းတွေ၊ အသားမုန့်ပေါင်းတွေ စားချင်တယ်လို့ သတင်းပို့တဲ့သူက မပြောဘူးလား၊ ဘာလို့ ဘာနံ့မှ မရသေးတာလဲ"
ဖန့်ရှီက သူမ၏လက်မောင်းကို မနာအောင် ဆွဲဆိတ်ရင်း ဆူပူလိုက်သည်။
"နင်ကတော့ စားဖို့ပဲ သိတယ်၊ မြို့တော်မှာ ကောင်းတာတွေ စားမလာခဲ့ဘူးလား၊ သိုးမွှေးအလုပ်ရုံ ပြန်ဖွင့်နေပြီဆိုတော့ အားလုံးက အဲ့မှာ အလုပ်ရှုပ်နေကြတာ၊ ငါပဲ နင်ကို ဒီမှာ လာစောင့်နေတာလေ၊ မီးဖိုပေါ်မှာ ပြောင်းဖူးယာဂု ပူပူလေး ရှိတယ်၊ ခဏနေရင် နင်နဲ့ ကျူးဇီ တစ်ယောက် တစ်ပန်းကန် သောက်လိုက်ကြဦး၊ ပြီးရင် ခန်ပေါ်မှာ တစ်ရေးအိပ်လိုက်၊ ညနေကျမှ အသားဟင်း စားကြတာပေါ့"
စုန့်တင်းရှန်းက ရယ်မောလျက် ဖန့်ရှီ၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
ဖန့်ရှီက အံ့ဩတကြီး ပြန်မေးလိုက်သည်။
"တကယ်လား"
"သမီးလည်း မသေချာသေးဘူး၊ အမေ... သမီးကို စစ်ဆေးပေးဖို့ သမားတော်တစ်ယောက်လောက် ခေါ်ပေးပါလား"
"ဒီလောက် အရေးကြီးတဲ့ကိစ္စကို နင်က မသေချာဘူးလို့ ပြောနေတာလား"
ဖန့်ရှီက စိတ်လှုပ်ရှားလွန်းပြီး ဘာထပ်ပြောရမှန်းပင် မသိတော့ပေ။ ကျန်းကျူးက ကန့်လန့်ကာကို မဖွင့်ပေးလိုက်ပြီး သားမိနှစ်ယောက်တို့ အိမ်ထဲသို့ ဝင်သွားကြသည်။ ဖန့်ရှီက ထပ်မေးလိုက်သည်။
"ဘယ်လောက် ကြာပြီလဲ"
စုန့်တင်းရှန်းက သူမ၏ ကိုယ်ပိုင် ခန်ကို မြင်လိုက်ရသောကြောင့် စိတ်သက်သာရာရသွားပြီး ကျန်းကျူး၏ အကူအညီကိုပင် မစောင့်တော့ဘဲ ဝတ်ရုံကို ချွတ်ပြီး ဖိနပ်ကို ကန်ထုတ်ကာ ခန်ပေါ်သို့ တက်လိုက်သည်။
"တစ်လကျော်နေပြီ ထင်တယ်"
ဖန့်ရှီက စိုးရိမ်တကြီး ထအော်လိုက်သည်။
"တစ်လကျော်ပြီ၊ ကြင်ယာတော်မင်းသမီးကြီးနဲ့ တခြားလူတွေ သိကြရဲ့လား၊ အခုလိုအချိန်မှာ နင့်ခန္ဓာကိုယ်က အထိခိုက်လွယ်ဆုံး အချိန်ပဲ၊ ကျန်းကျူး... မြန်မြန်သွား၊ မြို့ထဲက သမားတော်ကို သွားခေါ်ခဲ့၊ အိုက်ယား... အာ့နွီရယ်၊ နင် ဘာလို့ ဒီလောက်တောင် တုံးအရတာလဲ၊ မြို့တော်မှာ နေခဲ့တာက ပိုကောင်းတာပေါ့။ အဲ့ဒီမှာ တော်ဝင်သမားတော်ကြီးတွေတောင် ရှိတယ်လို့ ငါ ကြားဖူးတယ်၊ နင် စားဖို့ရော၊ ဆေးဝါးအတွက်ပါ ဘာမှ ပူစရာမလိုဘူးလေ"
"အမေကလည်း..."
စုန့်တင်းရှန်းက ဖန့်ရှီ၏ လက်မောင်းကို လှုပ်ခါပြီး ချွဲနွဲ့လိုက်ပြန်သည်။
"သမီးက မြို့တော်မှာ မနေချင်ဘူး၊ အိမ်ကိုပဲ ပြန်လာချင်တာ"
ဖန့်ရှီက အများအားဖြင့် ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်သော်လည်း ယခုအချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း ရိပ်မိသွားသည်။
"ဘာဖြစ်လို့လဲ၊ ဟိုမှာ နင့်ကို အနိုင်ကျင့်ကြလို့လား"
"မဟုတ်ပါဘူး"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ငြင်းလိုက်သည်။
"သမီး အဲ့မှာ ကောင်းကောင်းလည်း မစားနိုင်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိမ်ကိုပဲ ပြန်ချင်နေတာ၊ အဲဒီမှာသာ ကြာကြာနေရရင် သမီး ဘယ်တော့မှ ပြန်မလာနိုင်တော့မှာကို ကြောက်လို့... အဲ့ဒါကြောင့်..."
"နင်ကတော့လေ၊ တော်တော် ခေါင်းမာတဲ့ ကလေးပဲ"
ဖန့်ရှီက သူမကို အတင်းအကျပ် ထပ်မမေးတော့ဘဲ စကားလွှဲလိုက်သည်။
"ပြန်လာတာလည်း ကောင်းပါတယ်၊ ငါပဲ နင်ကို စောင့်ရှောက်ပေးတော့မယ်၊ ငါက ဒီအိမ်မှာ ကလေးအများဆုံး မွေးထားတာဆိုတော့ အတွေ့အကြုံရှိပြီးသားလေ"
စုန့်တင်းရှန်းကတော့ ပြုံးရုံသာ ပြုံးနေခဲ့သည်။
ဖန့်ရှီက သူမ၏ မိဘအိမ်တွင် ဒုက္ခမခံခဲ့ဖူးသလို စုန့်မိသားစုထဲသို့ အိမ်ထောင်ပြုဝင်လာပြီးနောက်တွင်လည်း ယောက္ခမနှင့် ပြဿနာမရှိခဲ့ပေ။ သူမကိုယ်တိုင်က ကျန်းမာရေးကောင်းမွန်ပြီး စုန့်ကျစ်ယွမ်နှင့်လည်း ချစ်ချစ်ခင်ခင် ရှိသောကြောင့် သူမ ကလေးခြောက်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့သည်။ ထို့အပြင် အားလုံးကလည်း ကျန်းကျန်းမာမာနှင့် လူလားမြောက်လာခဲ့ကြသည်။ ၎င်းက သူမ၏ အောင်မြင်မှုဟု ယူဆနိုင်သည်။
ကလေးမွေးဖွားခြင်းက အန္တရာယ်များသော အလုပ်ဖြစ်ပြီး ခဲခဲယဉ်းယဉ်း မွေးခဲ့ရသော ကလေးကို ကျန်းမာအောင် ပြုစုပျိုးထောင်နိုင်ရန်ကလည်း နောက်ထပ်ကိစ္စတစ်ခု ဖြစ်နေတတ်သည်။ ဖန့်ရှီက ကလေးငါးယောက် ရရှိခဲ့ပြီး အသက် သုံးဆယ်ကျော်အရွယ်တွင် နောက်ထပ်ကလေးတစ်ယောက် ထပ်မံရရှိခဲ့ခြင်းက စုန့်မိသားစုတစ်ခုလုံးအတွက် အံ့ဖွယ်တစ်ခု ဖြစ်ခဲ့သည်။
ထို့အပြင် သူမက ဤကလေးများအားလုံးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ခဲ့သည်။ သူမ၏ ထိုသို့သော "ကလေးရလွယ်ပြီး အောင်မြင်စွာ မွေးမြူနိုင်ခြင်း" စွမ်းရည်ကြောင့် သူမ၏ မိခင်မိသားစုထဲမှ မိန်းကလေးများကို လူအများက လိုချင်နေကြခြင်း ဖြစ်သည်။
"အမေ၊ ကျန်းကျူးက သမားတော် သွားခေါ်မယ်လို့ ပြောနေတာ ကျွန်တော် ကြားခဲ့တယ်"
ကျိုးယိနိုက အခန်းထဲသို့ ဝင်လာပြီး တံခါးဝတွင် ရပ်နေကာ သူ့ကိုယ်ပေါ်မှ နှင်းစက်များကို ခါထုတ်နေသည်။
အပြင်ဘက်၌ နှင်းများ ပြန်ကျနေပြီး အတော်လေး ပြင်းထန်နေပုံရသည်။
"နင်ကတော့ လူအလေးပဲ"
ဖန့်ရှီက သူမ၏သားမက်ကို ကြည့်ပြီး ရယ်မောနေလေသည်။
"မြန်မြန်လာ၊ ခန်ပေါ်တက်ပြီး နွေးအောင် လုပ်လိုက်ဦး၊ ငါ ပြောင်းဖူးယာဂု သွားယူပေးမယ်"
သူမက ကျိုးယိနိုကို ခန်ပေါ်သို့ တွန်းပို့လိုက်ပြီး အပြင်သို့ ထွက်သွားတော့သည်။
ကျိုးယိနိုက သူ၏ဝတ်ရုံကို ခန်အစွန်းတွင် တင်ထားလိုက်ပြီး ဖိနပ်ချွတ်ကာ စုန့်တင်းရှန်းအနားသို့ တိုးသွားခဲ့သည်။ ထို့နောက် သူက စိုးရိမ်တကြီး မေးနေပြန်သည်။
"အမေက ဘယ်သူ့အတွက် သမားတော် ခေါ်ခိုင်းတာလဲ"
စုန့်တင်းရှန်းက သူ့မေးစေ့ကို ဆွဲညွှစ်လိုက်ရင်း သူ့ကို ခန့်မှန်းခိုင်းလိုက်သည်။
"ရှင် ခန့်မှန်းကြည့်လေ"
ကျိုးယိနိုက သူမ၏ လက်ကလေးကို ဆွဲယူနမ်းလိုက်ပြီးမှ ပြန်ဖြေလာသည်။
"မင်းအတွက်လား၊ မင်း မြို့တော်မှာတုန်းက နေလို့ မကောင်းဘူးဆိုပေမယ့် လမ်းမှာ တစ်လမ်းလုံး အကောင်းပဲလေ၊ အခု ပြန်ရောက်မှ ထပ်ပြီး နေလို့ မကောင်းဖြစ်ပြန်တာလား၊ အစားတွေ အများကြီး စားလိုက်လို့လား"
"ရှင်ကတော့ တကယ်ကို ငတုံးကြီးပဲ"
စုန့်တင်းရှန်းက သူ့ကိုမျက်စောင်းထိုးပြီး ရန်တွေ့လိုက်သည်။
"ရှင်သာ အစားလွန်တာပါ၊ ကျွန်မက ကောင်းကောင်းစားတာလို့ ခေါ်တယ်"
ထိုအချိန်မှာပင် ဖန့်ရှီက သကြားနီထည့်ထားသော ပြောင်းဖူးယာဂု နှစ်ပန်းကန်ကို ယူဆောင်လာပြီး ကျန်းကျူးကလည်း သမားတော်ကို ခေါ်ကာ ပြန်ရောက်လာခဲ့သည်။
"ဂုဏ်ပြုပါတယ် စစ်သူကြီး၊ ဂုဏ်ပြုပါတယ် သခင်မကြီး၊ သခင်မမှာ ကိုယ်ဝန် ရှိနေပါပြီ၊ အခုဆို နှစ်လတောင် ရှိနေပါပြီ"
ကျိုးယိနိုတစ်ယောက် ဆွံ့အသွားပြီးနောက် မယုံနိုင်လောက်အောင် ဝမ်းသာအားရ ဖြစ်သွားကာ ပြန်မေးနေလေသည်။
"တကယ်လား၊ ကိုယ်ဝန်ရှိနေပြီပေါ၊ ငါ... ငါ အဖေ ဖြစ်တော့မှာလား၊ ငါ အဖေ ဖြစ်တော့မယ်"
စုန့်တင်းရှန်းက ရယ်ချင်စိတ်ကို ထိန်းထားရင်း ကျန်းကျူးကို အချက်ပြလိုက်သည်။ ကျန်းကျူးက သမားတော်ထံသို့ ဆုငွေထည့်ထားသော အိတ်ကလေး ကမ်းပေးလိုက်ရင်း တရိုတသေ မေးမြန်းနေသည်။၊
"ကျွန်မတို့ သခင်မအတွက် ထပ်ပြီး သတိထားရမှာတွေ ရှိသေးလားရှင့်"
"သခင်မက ကျန်းမာပါတယ်၊ အစားအသောက်ပဲ သတိထားဖို့ လိုတာပါ၊ ပထမဆုံး သုံးလကတော့ အရေးကြီးဆုံးပဲ၊ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ပိုပြီး အဆင်ပြေသွားမှာပါ"
ကျိုးယိနိုက အလွန်ပျော်ရွှင်နေပြီး အခန်းထဲတွင် ပတ်ပြေးနေရုံသာမက အပြင်ဘက် ဝင်းထဲအထိပါ ထွက်သွားပြီး အချိန်အတော်ကြာ ပတ်ပြေးနေခဲ့သည်။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်လာကာ အော်ဟစ်နေပြန်သည်။
"ဟား ဟား... ငါ အဖေဖြစ်တော့မယ်ကွ"
စုန့်တင်းရှန်း : “…..”
‘ဒီငတုံးကြီးကတော့....’
သူမထံတွင် ကိုယ်ဝန်ရှိလာသောကြောင့် စုန့်တင်းရှန်းက စစ်သူကြီးအိမ်တော်သို့ ချက်ချင်း မပြန်ဘဲ သူမ၏မိဘအိမ်တွင် ခေတ္တဆက်နေရန် ဆုံးဖြတ်လိုက်သည်။ ဇနီးသည်က အိမ်မပြန်သောကြောင့် စစ်သူကြီးကလည်း ယောက္ခမအိမ်၌ ကပ်တွယ်နေလေသည်။
ကျိုးယိနိုက သူ့အပျော်ကို မထိန်းထားနိုင်ဘဲ မြို့တော်ရှိ သူ့မိဘများထံသို့ စာတစ်စောင် ရေးသားပို့လိုက်သေးသည်။
[နောက်နှစ်က အမေတို့၊ အဖေတို့ ကျွန်တော်တို့ဆီ လာရင် မြေးလေးကို ပွေ့ချီနိုင်ပါပြီ]
စုန့်တင်းရှန်းက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်ပြန်သည်။
"တကယ်လို့ မြေးမလေး ဖြစ်နေရင်ရော"
"မြေးမလေးဆိုလည်း ကောင်းတာပါပဲ၊ မင်းလို လှလှပပနဲ့ ဉာဏ်ကောင်းရမယ်၊ ဒါပေမယ့် မြို့တော်က မိန်းကလေးတွေလိုတော့ အလိုလိုက်ခံရပြီး ဆိုးနွဲ့တဲ့ အကျင့်မျိုး မရှိစေရဘူး၊ မဟုတ်ရင်တော့ ကိုယ် သူ့ကို ရိုက်မိမယ် ထင်တယ်"
မြို့တော်မှ အမျိုးသမီးများအကြောင်း တွေးမိသည်နှင့် ကျိုးယိနိုတစ်ယောက် ခေါင်းပင် ကိုက်လာရသည်။
မကြာမီမှာပင် ကြင်ယာတော်မင်းသမီးကြီးထံမှ အားဖြည့်ဆေးဝါးများနှင့် လက်ဆောင်ပစ္စည်းများ တင်ဆောင်လာသော လှည်းတစ်စီးနှင့်အတူ အကြောင်းပြန်စာ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် စုန့်တင်းရှန်း၏ ကိုယ်ဝန်က သုံးလထဲသို့ ရောက်ရှိနေပြီ ဖြစ်ကာ သူမက ထိုင်ခုံတွင် အေးအေးဆေးဆေး ထိုင်နေပြီး စာရင်းစာအုပ်များကို စစ်ဆေးနေသည်။
သူမ၏ ရှေ့တွင် ဆိုင်တာဝန်ခံရှစ်ယောက် ရှိနေပြီး သူတို့က လက်နှစ်ဖက်ယှက်ကာ တရိုတသေ မတ်တပ်ရပ်နေကြသည်။
"ဆိုင်ရှင်ဝမ်၊ ဆိုင်ရှင်ချီ၊ ဆိုင်ရှင်ဆွန်း... ရှင်တို့ ပို့ထားတဲ့ စာရင်းတွေအရဆိုရင် နှစ်သစ်ကူးရဲ့ ပထမလမှာတောင် အမြတ်ငွေ တစ်ပြားမှ မရဘူးလို့ ဆိုလိုတာလား"
ဤတာဝန်ခံသုံးဦးက စားသောက်ဆိုင်၊ အထည်ဆိုင် နှစ်ဆိုင်နှင့် အပေါင်ဆိုင်တို့ကို အသီးသီး တာဝန်ယူထားသူများ ဖြစ်ကြသည်။
ဆိုင်ရှင်ဝမ်က စပြောလာခဲ့သည်။
"အမှန်အတိုင်း ပြောရရင်တော့ မိုးခေါင်မှုကို ခံစားခဲ့ရပြီးကတည်းက စီးပွားရေးတွေ ကျဆင်းနေခဲ့တာပါ။ နှစ်သစ်ကူးကာလမှာတောင် စားသောက်ဆိုင်ကို လာစားတဲ့သူ သိပ်မရှိပါဘူး"
ဆိုင်ရှင်ချီကလည်း ထောက်ခံလိုက်သည်။
"ဟုတ်ပါတယ်၊ ဒီရောက လူတွေက ဆင်းရဲကြတယ်၊ အထည်ဆိုင်က အဝတ်တွေကလည်း စျေးမသက်သာတော့ သူတို့က ပိုက်ဆံမသုံးရဲကြဘူး"
အမြဲတမ်း ပြုံးရွှင်နေပြီး ချမ်းသာကြွယ်ဝပုံရသော ဆိုင်ရှင်ဆွန်းကတော့ ညည်းညူပြနေခဲ့သည်။
"အပေါင်ဆိုင် ဖွင့်ရတာကလည်း မလွယ်ပါဘူး၊ ဆင်းရဲသား အများစုက ပစ္စည်းတွေ လာပေါင်ပြီးရင် ပြန်မရွေးကြတော့ဘူး၊ အဲဒီတော့ ငွေလည်ပတ်မှုက တဖြည်းဖြည်း နည်းသွားတာပေါ့"
စုန့်တင်းရှန်းက စကားကို လှည့်ပတ်မပြောတော့ဘဲ တိုက်ရိုက် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ရှင်တို့ ဆိုင်တာဝန်ခံလုပ်ဖို့ မသင့်တော်ဘူးဆိုတာ သက်သေပြနေတာပဲ၊ ဒီအလုပ်ကို လုပ်နိုင်မယ့် တခြားသူကိုပဲ ရှာလိုက်ကြတော့"
ဆိုင်ရှင်ချီက အံ့ဩတကြီး မျက်လုံးအပြူးသားဖြင့် ပြန်မေးလိုက်သည်။
"သခင်မက ဘာကို ဆိုလိုတာလဲ၊ ကျွန်တော် ဒီအထည်ဆိုင်တွေကို စီမံလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ၊ ပြီးတော့ ကျွန်တော်က ကြင်ယာတော်မင်းသမီးကြီး ကိုယ်တိုင် ခန့်ထားတဲ့သူလေ"
စုန့်တင်းရှန်းက စာချုပ်တစ်ခုကို ထုတ်ကာ သူ့ရှေ့တွင် ဝှေ့ယမ်းပြရင်း ပြန်မေးလိုက်သည်။
"ကြင်ယာတော်မင်းသမီးကြီးရဲ့ လက်အောက်ခံ.... သေချာလို့လား"
ဆိုင်ရှင်ချီက ထိုစာရွက်ကို ကြည့်ပြီး ဆွံ့အနေလေသည်။
စုန့်တင်းရှန်းက အေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
"မင်းတို့ တစ်နေ့ကို အဝတ်အစား ဘယ်နှစ်စုံ ရောင်းရလဲ၊ လက်ကိုင်အိတ် ဘယ်နှလုံး၊ လက်ကိုင်ပဝါ ဘယ်နှစ်ထည်၊ ပန်းထိုးယပ်တောင် ဘယ်နှစ်ခု ရောင်းရလဲ၊ ပြီးတော့ အမြတ်ဘယ်လောက်ရလဲဆိုတာ ငါ စာရင်းဇယားနဲ့ ချပြရမလား၊ စားသောက်ဆိုင်နဲ့ အပေါင်ဆိုင်လည်း အတူတူပဲ၊ ငါ ဆိုင်တွေကို တစ်ခါမှ မလာဖူးလို့ ဘာမှမသိဘူးလို့ မင်းတို့ ထင်နေတာလား၊ ဒီခရိုင်ထဲက လူအများစုက ငါ့လူတွေပဲ၊ မင်းတို့ ဘာလုပ်လုပ် ငါ့နားထဲကို ချက်ချင်း ရောက်တယ်၊ တကယ်တော့ ပြီးခဲ့တဲနှစ်မှာ မင်းတို့ကို ချက်ချင်း မခေါ်တာက မင်းတို့ကို စောင့်ကြည့်ဖို့ပဲ၊ အခု ဒီကိုခေါ်လိုက်တာကလည်း မင်းတို့က ဒီအလုပ်နဲ့ ထိုက်တန်ရဲ့လားဆိုတာ မေးကြည့်ချင်လို့၊ မထိုက်တန်ဘူးဆိုရင်တော့ ဆိုင်တွေကို ပြန်သွားရတော့မှာ မဟုတ်ဘူး"
ထိုစကားကြောင့် ဆိုင်ရှင်သုံးဦးသာမက ကျန်ရှိနေသော ဆိုင်ရှင်များပါ တုန်လှုပ်ချောက်ခြားသွားကြသည်။
"ငါက ကျေးလက်ကလာတဲ့ တောသူမို့လို့ ဘာမှနားမလည်ဘူးလို့ ထင်နေကြတာလား၊ တကယ်တော့ စီးပွားရေးလောကမှာဆိုရင် မင်းတို့က ငါ့ကို 'အဖွား' လို့တောင် ခေါ်သင့်နေပြီ၊ မင်းတို့ရဲ့ စာရင်းအုပ်တွေကို ငါ ကြည့်ပြီးပြီ၊ အစကတော့ ငါ ဝင်ပါတော့မလို့ပဲ၊ ဒါပေမယ့် မင်းတို့ကို နှစ်သစ်ကူး အေးအေးဆေးဆေး ဖြတ်သန်းစေချင်တာရယ်၊ ဒီပထမလမှာ တိုးတက်မှု ရှိမလားဆိုတာရယ် သိချင်တာကြောင့် လွှတ်ထားပေးခဲ့တာ၊ ဒါပေမယ့် နှမြောစရာပဲ"
နာမည်အတပ်ခံထားရသော ဆိုင်ရှင်သုံးဦးက ဒူးများ ညွတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ ကျသွားပြီး ချွေးစေးများ ပျံနေကြသည်။
ဆိုင်ရှင်ဆွန်းကတော့ ခါးသီးလှသော အပြုံးကို အတင်းညှစ်ထုတ်ရင်း ရှင်းပြရန် ကြိုးစားနေသည်။
"သခင်မ.. ဒါပေမယ့် အပေါင်ဆိုင်... ဒီအပေါင်ဆိုင်က..."
"အပေါင်ဆိုင်.... အပေါင်ဆိုင်ဆိုတော့ရော ဘာဖြစ်လဲ၊ မင်းက ငါ့ကို လှည့်စားလို့ ရမယ် ထင်နေတာလား၊ ဒီကပ်ဘေးဖြစ်တဲ့ ကာလတွေမှာ အပေါင်ဆိုင်က ငွေပိုရှာနိုင်ခဲ့တာ မဟုတ်ဘူးလား၊ စိတ်မလောပါနဲ့... မင်းတို့ ဒီကို ရောက်လာတဲ့အချိန်ကစပြီး ငါ့လူတွေက မင်းတို့ရဲ့ အိမ်တွေနဲ့ ဆိုင်တွေကို သွားပြီး စစ်ဆေးပြီးနေပြီ၊ မင်းတို့ စာရင်းအုပ် ဘယ်နှစ်အုပ် ဝှက်ထားလဲ၊ ငါ့ဆီကနေ ပိုက်ဆံ ဘယ်လောက် ခိုးယူထားလဲဆိုတာ မကြာခင် ပေါ်လာလိမ့်မယ်"
ထိုသူများက လုံးဝကို အငိုက်မိသွားကြသည်။ သူတို့ ဤနေရာသို့ ရောက်လာပြီး စာရင်းအတုဖြင့် လိမ်ညာနေချိန်တွင် ဤတောသူမလေးက သူတို့အိမ်များကို ဝင်စီးနေလိမ့်မည်ဟု သူတို့ အိမ်မက်ပင် မမက်ဖူးခဲ့ကြပေ။
ဤအချက်ကို သိလိုက်ရချိန်တွင် သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားပြီး မျက်နှာကြွက်သားများကလည်း သူတို့၏ထိန်းချုပ်မှုအောက်မှ လွတ်သွားကာ အဆက်မပြတ် တုန်ယင်လာတော့သည်။
‘ဒီလိုဖြစ်လာမှန်း ကြိုသိခဲ့ရင် ကြင်ယာတော်မင်းသမီးကြီး ဆိုင်တွေကို ဝယ်ချင်တယ်ဆိုတုန်းက မျက်နှာလိုမျက်နှာရနဲ့ စာချုပ်တွေ ချုပ်ခဲ့မှာ မဟုတ်ပါဘူး၊ ကြင်ယာတော်မင်းသမီးကြီးက ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာက ဆိုင်တွေကို လိုက်စစ်မှာ မဟုတ်ဘူးလို့ သူတို့ တွက်ဆခဲ့ကြတယ်၊ နောက်ဆုံးတော့ သူတို့ရဲ့တွက်ကိန်းတွေ မှားခဲ့ကြတယ်။ အထူးသဖြင့် ကျိုးယိနိုနဲ့ စုန့်တင်းရှန်းတို့က ကျေးလက်က လာတဲ့သူတွေမို့ ဘာမှ မသိလောက်ဘူးလို့ သူတို့ ထင်ထားခဲ့မိတာပါ’
‘ဒါပေမယ့် ဒီကောင်တီမင်းသမီးမှာ ဒီလောက်ပြင်းထန်ပြီး ထက်မြက်တဲ့ နည်းဗျူဟာတွေ ရှိနေလိမ့်မယ်လို့ သူတို့လည်း ကြိုမသိနိုင်ခဲ့ဘူးလေ’
.......။.......။.......
စာရေးသူ၏ မှတ်ချက်
စုန့်တင်းရှန်း : "ဒါက ငါ့နယ်မြေပဲ၊ ငါက သခင်၊ စည်းကမ်းကို ငါ သတ်မှတ်မယ်၊ မြို့တော်ကိုတော့ ဘယ်တော့မှ ထပ်မသွားချင်တော့ဘူး၊ ဟင့် ဟင့်"
ကျိုးယိနို : "တကယ်လို့ ငါတို့ကို ထပ်လာခိုင်းရင် ငါ အလုပ်ထွက်ပစ်မယ်"
စုန့်တင်းရှန်း : "ရှင်က လူအလား"
ကျိုးယိနို : "....."
အခန်း ၉၀ လေလံပွဲ
ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည့် ဆိုင်တာဝန်ခံ သုံးဦးကို ချက်ချင်း ထုတ်ပယ်လိုက်ပြီး စာရင်းအပေါက်အပြဲအားလုံးကို ပြန်ဖြည့်ခိုင်းကာ အကျဥ်းထောင်သို့ တိုက်ရိုက် ပို့ခိုင်းလိုက်သည်။
ကျန်ရှိနေသော ဆိုင်တာဝန်ခံများအားလုံးလည်း အလွန်အမင်း တင်းမာသွားကြပြီး ခေါင်းပင် မော့မကြည့်ဝံ့သည်အထိ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ကြတော့သည်။ ဆိုင်ထဲကို ဝင်လာသမျှ လူတိုင်းကို "ကောင်တီမင်းသမီး၏သူလျှို" များဟု ထင်မှတ်နေကြပြီး အရင်ကထက် ပိုမိုတက်ကြွကာ ပြုံးပြုံးရွှင်ရွှင် ဝန်ဆောင်မှု ပေးလာကြသည်။
‘တကယ်တော့ သူတို့မှာလည်း တခြားရွေးချယ်စရာမှ မရှိတော့တာ၊ တကယ်လို့ တစ်ယောက်ယောက်က "သူတို့ အပြုံးမချိုလို့ အရောင်းအဝယ် မကောင်းတာ" လို့ သွားတိုင်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ’
‘ဒီကောင်တီမင်းသမီးကို စိတ်ကျေနပ်အောင် လုပ်ဖို့ဆိုတာက မလွယ်ကူဘူးလေ’
‘အတွေ့အကြုံရင့်တဲ့ ဆိုင်တာဝန်ခံတွေတောင် ဘာမှမသိသလို လုပ်နေတဲ့ မင်းသမီးကို လှည့်စားပြီး ငွေပိုယူနိုင်မယ်လို့ ထင်ခဲ့ကြတာကြောင့် အဆုံးသတ်မှာ အကျဥ်းထောင်ထဲကို တွားသွားဝင်သွားရတာ မဟုတ်ဘူးလား၊ ထောင်က လွတ်လာရင်လည်း မင်းသမီးက သူတို့ကို ကျွန်အဖြစ် ရောင်းစားဦးမယ်လို့ ကောလာဟလတွေ ထွက်နေတာလေ၊ တကယ်ကို သနားစရာ ကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း နည်းနည်းတော့ လောဘကြီးလွန်းတယ်’
အမှန်တကယ်တွင် ကျန်နေသည့် ဆိုင်တာဝန်ခံအများစုကလည်း အနည်းငယ် အလွဲသုံးစား လုပ်ခဲ့ကြသည်။ သို့သော် သူတို့လိမ်လည်ထားသည့် စာရင်းက ပမာဏ အနည်းငယ်သာ ဖြစ်သည်။ စုန့်တင်းရှန်းက ၎င်းကို သတိထားမိသော်လည်း ဘာမှ မပြောတော့ပေ။
‘ရေကြည်လွန်းရင် ငါးတွေ နေဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတောင် ရှိသေးတယ်လေ၊ လောဘကြီးတာက လူ့သဘာဝပါပဲ၊ အလွန်အကျွံ မဟုတ်သရွေ့ အဲဒီပမာဏနည်းနည်းလေးကို ဆိုင်တာဝန်ခံတွေအတွက် ဆုလာဘ်လို့ သဘောထားလိုက်မယ်.
‘ဘာပဲဖြစ်ဖြစ် သူတို့ကို လစာ တိုးပေးရင်တောင် လောဘစိတ်ကတော့ ရှိနေမှာပဲ’
ဆိုင်ကိစ္စများကို ဖြေရှင်းပြီးနောက် စုန့်တင်းရှန်းက ဆိုင်တာဝန်ခံအသစ်များကို စတင် ခေါ်ယူနေပြီး တစ်ဖက်တွင်လည်း သူမ၏ မောင်နှမများကို ဆိုင်များအား ခေတ္တစီမံခန့်ခွဲရန် တာဝန်ပေးလိုက်သည်။
စုန့်တင်းရှန်း ပေးထားသည့် ဟင်းလျာအသစ် အမျိုးသုံးဆယ်ကို စမ်းသပ်ချက်ပြုတ်ပြီးနောက် စုန့်ယွိလန်က စားသောက်ဆိုင်၏ တာဝန်ခံအဖြစ် စတင်တာဝန်ယူခဲ့သည်။ ပထမဆုံးနေ့တွင် သူမက ကြော်ငြာစာရွက်တစ်ရွက် ကပ်ခဲ့ပြီး တစ်လလုံးလုံး ဟင်းလျာအားလုံးကို နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးခြင်း၊ ဟင်းလျာအသစ်များကို အခမဲ့ မြည်းစမ်းခွင့်ပြုခြင်းနှင့် အဖွဲ့ဝင်ကတ် လျှောက်ထားသူများအား သကြားစိမ်သစ်သီးအိုး သို့မဟုတ် ဟင်းရွက်ချည်ထုတ်များ လက်ဆောင်ပေးခြင်း စသည်ဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။ ဤအစီအစဉ်များကြောင့် စားသောက်ဆိုင်က ချက်ချင်း လူစည်ကားသွားခဲ့သည်။
အလုပ်သမားအင်အား လုံလောက်စေရန် စုန့်တင်းရှန်းက စစ်သူကြီးအိမ်တော်မှ အစေခံငယ်လေးများနှင့် သက်ကြီးအစေခံအချို့ကိုပါ လွှဲပြောင်းပေးထားလိုက်သည်။ စားသောက်ဆိုင်က တစ်နေ့လုံး လူပြည့်နေပြီး စားပွဲဝိုင်းများ မလွတ်ရအောင် ရောင်းကောင်းနေသောကြောင့် သူတို့အားလုံး အားလပ်ချိန်မရှိအောင် အလုပ်ရှုပ်နေကြရသည်။
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခဲ့ပြီး ကလေးကိုလည်း ကျောင်းပို့လိုက်ပြီဖြစ်သောကြောင့် စုန့်ယွိလန်၏ စိတ်အခေုအနေက သိသိသာသာ ပြန်တက်ကြွလာခဲ့သည်။ သူမက စားသောက်ဆိုင်ကြီးကို ဘာတုံ့ဆိုင်းမှုမှ မရှိဘဲ စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။ နောက်ဆုံးတွင် စုန့်တင်းရှန်းက သူမကို စားသောက်ဆိုင်၏ "တာဝန်ခံကြီး" အဖြစ် ခန့်အပ်လိုက်သည်။ စားသောက်ဆိုင်ငယ်လေးကိုတော့ ယခင်က သူမကိုယ်တိုင် သင်ကြားပေးထားသည့် စားဖိုမှူးကို တာဝန်ခံအဖြစ် ရာထူးတိုးပေးလိုက်ပြီး အားလုံး အဆင်ပြေသွားခဲ့သည်။
အထည်ဆိုင် နှစ်ဆိုင်ကတော့ အရောင်းသွက်သည့်ရာသီ ကျော်သွားပြီ ဖြစ်သောကြောင့် သူမ၏မောင်လေး စုန့်ဟူထောင်ကို ယာယီကြီးကြပ်ခိုင်းထားခဲ့သည်။ အထည်ဆိုင်များအတွက် သူမတွင် အခြားအစီအစဉ်များ ရှိနေသော်လည်း လောလောဆယ်တွင် ဘာမှ မပြောင်းလဲရန် ဆုံးဖြတ်ထားသည်။
သို့သော် အပေါင်ဆိုင်ကိုတော့ အကြီးစားပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေခဲ့သည်။ ထိုအပေါင်ဆိုင်၏ သိုလှောင်ရုံထဲတွင် အဖိုးတန် အများအပြား စုပုံနေခဲ့သည်။ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာများနှင့် ကြွေထည်များသာမက အထည်လိပ်သေတ္တာများစွာလည်း စုပုံနေသည်။ အချို့က အလွန်ကြာညောင်းနေပြီး မှိုတက်စပြုနေပြီ ဖြစ်သည်။
စုန့်တင်းရှန်းက ကျန်းကျူးနှင့် ဖန့်ရှီကို အဖော်ပြုကာ အပေါင်ဆိုင်၏ နှစ်ရှည်စာရင်းအုပ်များကို စစ်ဆေးရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
အမြဲတမ်း ပေါင်နှံပြီး ပြန်မရွေးတော့မည့် ပစ္စည်းများကို သီးသန့်ဖယ်ထုတ်ခြင်း၊ ပေါင်နှံထားဆဲဖြစ်သော်လည်း သတ်မှတ်ရက်ကျော်လွန်သွားသည့် ပစ္စည်းများ ခွဲထုတ်ခြင်း စသည်ဖြင့် စာရင်းအမျိုးမျိုး လုပ်ရပြန်သည်။ ကျန်ရှိနေသည့် တရားဝင်ပေါင်နှံထားသည့် ပစ္စည်းများကိုတော့ အချိန်ကာလအလိုက် အမျိုးအစား ခွဲခြားရသည်။
သူတို့အားလုံးက စုန့်တင်းရှန်း၏ ညွှန်ကြားချက်အရ ကျန်းကျူးကိုယ်တိုင် ချုပ်လုပ်ပေးထားသည့် နှာခေါင်းစည်းအကြီးကြီးများကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့ကို နူးညံ့သော ချည်ထည်ဖြင့် ချုပ်ထားပြီး ချည်မျှင်များကြားတွင် မီးသွေးအလွှာတစ်ခု ထည့်သွင်းထားသောကြောင့် ပျော့ပျောင်းပြီး အနံ့အသက်နှင့် ဖုန်မှုန့်များကို ကာကွယ်ပေးနိုင်သည်။
ဤဂိုဒေါင်များက လပေါင်းများစွာ နေရောင်ခြည်နှင့် ဝေးကွာနေခဲ့ပြီး ဖုန်ထူနေရုံသာမက မှိုများလည်း ရောနှောနေသည်။ ထိုအရာများကို ရှူမိပါက ဓာတ်မတည့်ခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်သည်။ ရှေးခေတ်လူများက ထိုကိစ္စကို သတိမထားမိကြသော်လည်း စုန့်တင်းရှန်းကတော့ အလွန် ဂရုတစိုက် အလုပ်လုပ်စေခဲ့သည်။ သူမက သိုးမွှေးအလုပ်ရုံရှိ အလုပ်သမားများကိုလည်း မီးသွေးလွှာမပါသော နှာခေါင်းစည်းများ ဝတ်ဆင်ခိုင်းခဲ့သည်။
သူမကိုယ်တိုင်ကတော့ ကိုယ်ဝန်ရှိနေပြီး အပင်ပန်းခံ၍ မရသောကြောင့် နေရောင်ရသော ခန်းမအဝင်ဝတွင် ထိုင်ကာ စာရင်းစာအုပ်နှင့် အပေါင်လက်မှတ်များကို စစ်ဆေးနေခဲ့သည်။ ဖန့်ရှီနှင့် ကျန်းကျူးတို့က အပေါင်ဆိုင်မှ အလုပ်သမားများကို ကြီးကြပ်နေကြပြီး ပစ္စည်းများကို အထုတ်အသွင်းလုပ်ကာ အမျိုးအစား ခွဲခိုင်းနေခဲ့သည်။
"ဒီအဝတ်အစားတွေကို ဘယ်လိုလုပ်ကြမလဲ"
ဖန့်ရှီက ပြန်မရွေးတော့ဘဲ ပစ်ထားသည့် အဝတ်အစားဟောင်း အပုံကြီးကို ကြည့်ရင်း မေးလာခဲ့သည်။ ထိုအပုံကြီးက ကျင်းတစ်ထောင်ကျော်ခန့် ရှိနေပြီး အများစုက မှိုတက်နေသည်။
‘အရင် ဆိုင်တာဝန်ခံက တစ်နေကုန် ဘာတွေလုပ်နေတာလဲ၊ သူက ဂိုဒေါင်ကို သန့်ရှင်းရေးလုပ်ဖို့တောင် ဂရုမစိုက်ခဲ့ဘူး၊ အဖိုးတန်ပစ္စည်းတွေကို သူ့အိတ်ထဲထည့်ဖို့ပဲ တွေးနေတာ ဖြစ်ရမယ်’
စုန့်တင်းရှန်းက ထိုအဝတ်အစားများကို စစ်ဆေးကြည့်လိုက်ပြီး အပေါင်ဆိုင်က စုတ်ပြဲနေသည့် အဝတ်များကို လက်မခံဘဲ ခုနစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် အသစ်အတိုင်းရှိသော အဝတ်များကိုသာ လက်ခံခဲ့ကြောင်း နားလည်လိုက်ရသည်။ အများစုကို အရည်အသွေးမြင့် ပိတ်စများဖြင့် ချုပ်လုပ်ထားပြီး လက်ရာလည်း အင်မတန် ကောင်းမွန်သောကြောင့် တန်ဖိုးရှိလှသည်။
"ဒီအဝတ်တွေကို စစ်သူကြီးအိမ်တော်ဆီ ပို့ပြီး အစေခံတွေကို လျှော်ခိုင်းလိုက်မယ်၊ ချည်ထည်တွေကို ဦးလေးဆယ်နှစ် ဒါမှမဟုတ် ဆဋ္ဌမအဖိုးကို ရွာထဲမှာ စျေးလျှော့ပြီး ရောင်းခိုင်းလိုက်၊ အနည်းဆုံးတော့ အရင်း ပြန်ရတာပေါ့၊ အရည်အသွေး မြင့်တဲ့ အထည်တွေကိုတော့ ပန်းထိုးသမားတွေကို ပြန်ပြင်ခိုင်းပြီး အထည်ဆိုင်ရဲ့ အနောက်ခန်းမှာ ချိတ်ခိုင်းထားမယ်၊ အင်း.... ဟုတ်တယ်၊ အနောက်ဘက် အခန်းက အကောင်းဆုံးပဲ၊ တကယ်လို့ ဝယ်သူတစ်ယောက်ယောက အဝတ်အစား ဝယ်ချင်ပေမယ့် ပိုက်ဆံလည်း သိပ်မတတ်နိုင်ဘူးဆိုရင် အနောက်ဘက် အခန်းကို ခေါ်သွားပြီး ရွေးခိုင်းလိုက်ပေါ့၊ ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးနဲ့ ရောင်းပေးကြမယ်"
စုန့်တင်းရှန်းက ထိုအဝတ်ပုံကြီးကို ကြည့်ကာ ခေါင်းကိုက်နေခဲ့သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့မှ ငွေပြန်ဖော်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနိုင်သေးသည်။
"ပြန်မရွေးတော့တဲ့ ရွှေထည်၊ ငွေထည်တွေကိုတော့ ပန်းထိမ်ဆိုင်က ဆိုင်ရှင်ကို လာကြည့်ခိုင်းလိုက်ပါ၊ ပြန်ပြီး အရောင်တင်တာဖြစ်ဖြစ်၊ ဒီဇိုင်းအသစ် ပြောင်းတာဖြစ်ဖြစ် လုပ်လိုက်ရင် ပြန်ရောင်းလို့ ရမှာပဲ၊ အမှန်တော့ အဲဒါတွေအားလုံးက ကိုင်တွယ်ရ လွယ်ပါတယ်၊ အခက်ခဲဆုံးကတော့ ဒီကြွေထည်တွေပဲ"
စုန့်တင်းရှန်းက ဂိုဒေါင်တစ်ခုလုံး ပြည့်နေသော ကြွေထည်ပစ္စည်းများကို ကြည့်ရင်’ အမှန်တကယ် စိတ်ညစ်နေခဲ့သည်။
ကြွေထည်ဆိုသည်က အဖိုးတန်ပြီး နူးညံ့လှပသောကြောင့် ဆင်းရဲသားမိသားစုများ မဝယ်နိုင်သလို ချမ်းသာသူများကလည်း အပေါင်ဆိုင်မှ လာဝယ်ရန် အကြောင်းမရှိပေ။ ဤကိစ္စကို ကြင်ယာတော်မင်းသမီးကြီးထံ စာရေးပြီး အကြံတောင်းရန်ပင် တွေးနေမိသည်။ သို့သော် သူမ ဝေခွဲမရဖြစ်နေပြီး စာအပြန်အလှန်ပို့ရန် တစ်လခန့် ကြာမည်ဖြစ်သောကြောင့် အချိန်လည်း မဖြုန်းချင်ပြန်ပေ။
"သွား... ဝမ်သခင်ကြီးနဲ့ ဝမ်သခင်မကို သွားဖိတ်ခေါ်လိုက်"
"မင်းသမီး အဆင်ပြေရဲ့လားခင်ဗျာ"
ဝမ်သခင်ကြီးက အထဲသို့ ဝင်လာရင်း စုန့်တင်းရှန်းကို နှုတ်ဆက်လိုက်သည်။
စုန့်တင်းရှန်းက ဝမ်သခင်မ၏ လက်ကို ချိတ်ရင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ဦးလေးဝမ်ကလည်း အရမ်းယဥ်ကျေးပြနေတာပဲ၊ အရင်က ကျွန်မကို တူမလေးလို့ ခေါ်ခဲ့ပြီး အခုမှ 'မင်းသမီး' တဲ့။ ဦးလေးက အဲဒီလောက်တောင် သူစိမ်း ဆန်နေမှတော့ နောက်ဆို ကျွန်မလည်း ဝမ်သခင်ကြီးလို့ပဲ ခေါ်တော့မှာနော်၊ အဲအချိန်ရောက်မှ စိတ်မဆိုးနဲ့ဦး"
ဝမ်သခင်မက သူမ၏ပါးစပ်ကို အုပ်ကာ ရယ်မောနေသည်။
"ငါတို့ တင်းရှန်းကတော့ စကားပြောရင် တစ်ဖက်လူ ဘာမှ ပြန်မပြောနိုင်အောင်ကို ပြောတတ်တာပဲ၊ တကယ်တော့ နင် ပြန်ရောက်ပြီဆိုတာ ကြားကတည်းက လာတွေ့ချင်တာပါ၊ ဒါပေမယ့် နင် ဆိုင်တွေကို စာရင်းတွေ စစ်နေတယ်လို့ ထပ်ကြားရတယ်လေ၊ နင် အလုပ်ရှုပ်နေမလား တွေးမိပြီး အားနာလို့ မလာသေးဘဲ စောင့်နေခဲ့တာ"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ဘာအားနာစရာ ရှိလို့လဲ၊ ကျွန်မ အဒေါ်တို့ကို မျှော်နေတာ တော်တော်ကြာပြီ၊ အခု ရောက်မလာလို့ လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ရတာ"
သူမတို့အချင်းချင်း ခင်မင်ရင်းနှီးစွာ စနောက်နေပြီးနောက် စုန့်တင်းရှန်းက အကြံတစ်ခု ပေးလိုက်သည်။
"ဦးလေးဝမ်၊ ကျွန်မတို့ အိမ်က အလုပ်ရုံကို လာကြည့်ပါဦး၊ အရင်က ရွာမှာ ရှိတဲ့ အလုပ်ရုံလေး မဟုတ်တော့ဘူးနော်၊ အလုပ်သမားတွေ အများကြီးပဲ၊ ပစ္စည်းတွေလည်းတော်တော်များတယ်။ နောက်ကျရင် ဦးလေးဆီကနေ အကူအညီတောင်း ရဦးမှာ"
သူကြွယ်ကြီးဝမ်က သူမကို ပြန်စနောက်လိုက်သည်။
"ခုနတင်ပဲ ငါ့ကို အားနာပြနေတယ်ဆိုပြီး မင်း ပြောနေတာ မဟုတ်ဘူးလား"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဦးလေးဝမ်ကလည်း... ကျွန်မက အလုပ်ရုံအတွက် ဦးလေးရဲ့ အကြံဉာဏ်ကောင်းတွေ လိုအပ်လို့ပါ"
သူကြွယ်ကြီးဝမ်က အပြုံးဖြင့် လက်ခံလိုက်သည်။ သူက အစေခံတစ်ယောက်ကို လမ်းပြခိုင်းပြီး ရထားလုံးပေါ်သို့ တက်ကာ မြို့ပြင်ရှိ အလုပ်ရုံသို့ ထွက်ခွာသွားခဲ့သည်။
ဝမ်သခင်မက စုန့်တင်းရှန်းကို မျက်စိတစ်ဖက်မှိတ်ပြပြီး တိုးတိုးလေး မေးလိုက်သည်။
"ဘာလဲ၊ ငါ့ကို သီးသန့် ပြောစရာ ရှိလို့လား"
"ရှိတာပေါ့ အဒေါ်ရဲ့၊ အစကတော့ ဦးလေးကို ပြောမလို့ပဲ၊ ဒါပေမယ့် ဦးလေးက ဝင်ပါလိုက်ရင် ကိစ္စက အကြီးကြီးတွေ ဖြစ်သွားဦးမယ်၊ ဒါက ကြွေထည်ပစ္စည်းလေးတွေနဲ့ ပတ်သတ်တာပါ၊ ဘာလို့ ဦးလေးကို ပြောပြီး အလုပ်ရှုပ်ခိုင်းရမှာလဲ၊ အဒေါ်ဆီကနေပဲ အကြံဉာဏ် တောင်းတော့မယ်"
ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်သခင်က ခတ္တ စဉ်းစားနေခဲ့ပြီး နောက်ဆုံးတွင် ပြန်ပြောလာသည်။
"ငါ့ကို အရင်လိုက်ပြဦး"
ကြွေထည်ပစ္စည်းများကို သေသေချာချာ သန့်ရှင်းစင်ကြယ်အောင် တိုက်ချွတ်ပြီး ပြန်စီထားပြီး ဖြစ်သည်။ ကြီးမားသော ပစ္စည်းများကို နံရံတွင် ကပ်ထားပြီး အသေးများကို စင်ပေါ် တင်ထားသည်။
ဝမ်သခင်မက ယခု မြို့ငယ်လေးတွင် အေးအေးဆေးဆေး နေထိုင်နေသော်လည်း သူမက မြင့်မြတ်သော နောက်ခံမှ ဆင်းသက်လာသူဖြစ်သောကြောင့် အဖိုးတန်ပစ္စည်းများကို အမြောက်အမြား မြင်ဖူးခဲ့သည်။ ရှေးခေတ်မှ ဇိမ်ခံပစ္စည်းများနှင့် ပတ်သက်လျှင် သူမ၏ အမြင်က စုန့်တင်းရှန်းထက် အများကြီး ပိုမြင့်မားသည်။
"တကယ်တော့ တချို့ အပေါင်ဆိုင်တွေက ပန်းထိမ်ဆိုင်တွေ၊ ရှေးဟောင်းပစ္စည်းဆိုင်တွေ၊ လက်ရေးလှစာလိပ်နဲ့ ပန်းချီကား ရောင်းတဲ့ဆိုင်တွေလိုမျိုး ဆိုင်ကြီးတွေနဲ့ ချိတ်ဆက်ထားတတ်ကြတယ်၊ အဲ့ဒါကြောင့်လည်း သူတို့က ပစ္စည်းတွေ ပုံနေမှာကို မကြောက်ကြတာလေ။ အရင်က ဝေ့ခရိုင်မှာလည်း အဲဒီလိုဆိုင်မျိုးတွေ ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် စစ်ပွဲတွေ ဖြစ်ပြီး မိုးခေါင်ရေရှားမှုရဲ့ နောက်ဆက်တွဲ ကပ်ဘေးတွေကြောင့် သူတို့ ထွက်သွားကြတာ၊ နင်လည်း အပေါင်ဆိုင်က ပစ္စည်းတွေကို ငွေပြန်ဖော်ဖို့ အဲဒီလိုဆိုင်မျိုး ဖွင့်ကြည့်ပါလား"
ဝမ်သခင်မက အကြံပေးနေခဲ့ပြီး စုန့်တင်းရှန်းက တွန့်ဆုတ်နေဟန်ဖြင့် ထပ်မေးလိုက်သည်။
"ပြောတာကတော့ လွယ်တာပေါ့ အဒေါ်ရယ်၊ ဒါပေမယ့် ကျွန်မက ဒီပစ္စည်းတွေအကြောင်း ဘာမှ မသိဘူးလေ၊ တခြားကိစ္စဆိုရင် ကျွန်မ စီမံနိုင်ပေမယ့် ဒီရှေးဟောင်းပစ္စည်းတွေကျတော့ ကျွန်မ လုံးဝ နားမလည်ဘူး၊ ဆိုင်ဖွင့်ပြီး တာဝန်ခံ ခန့်ထားရင်တောင် သူတို့က ကျွန်မကို လိမ်နေလားဆိုတာ မလိမ်ဘူးဆိုတာ ကျွန်မ သိမှာ မဟုတ်ဘူး၊ ဒီလက်ရေးလှစာလိပ်တွေနဲ့ ပန်းချီကားတွေကိုလည်း ကြည့်လိုက်ဦး၊ ကျွန်မ မျက်လုံးထဲမှာတော့ အကုန်တူတူပဲ၊ အပေါင်ဆိုင်က အကဲဖြတ်တဲ့သူ ပြောပြတာကို နားထောင်ရင်လည်း တစ်လုံးမှ နားမလည်ဘူး၊ အဲဒါက တကယ် ခေါင်းကိုက်စရာပဲ"
သူမက အလှကုန်နှင့် အဝတ်အထည်များကို စီမံနိုင်သည်။ ၎င်းတို့က အမျိုးသမီးသုံး ပစ္စည်းများဖြစ်သောကြောင့် သူမ အနည်းနှင့်အများ နားလည်နိုင်သေးသည်။ သို့သော် ရှေးဟောင်းပစ္စည်း၊ လက်ရေးလှစာလိပ်များနှင့် ကြွေထည်များက သူမအတွက် လုံးဝ နယ်ပယ်အသစ် ဖြစ်နေခဲ့သည်။ သူမ နားမလည်ဘဲ ဆိုင်ဖွင့်လျှင် ပြဿနာတက်မည်ကို သူမ တွေးပူနေခဲ့သည်။
"အဲ့ဒါကြောင့် ဒီပစ္စည်းတွေကို တိုက်ရိုက် ရောင်းထုတ်ပစ်မယ့် နည်းလမ်းကိုပဲ ရှာတာ ပိုကောင်းမယ် ထင်တယ်နော်၊ အဒေါ်... ကျွန်မ 'လေလံပွဲ' ကျင်းပရင်ရော ဘယ်လိုလဲ"
“လေလံပွဲလား"
ဝမ်သခင်မက နားမလည်ဟန်ကြောင့် မျက်တောင်တခတ်ခတ် လုပ်နေခဲ့သည်။
စုန့်တင်းရှန်းက ထပ်ရှင်းပြလိုက်သည်။
"ဒါက ကျွန်မ ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာတာပါ၊ စျေးပြိုင်ခေါ်ရောင်းတဲ့ နည်းလမ်းပါ၊ ဒီပစ္စည်းတွေရဲ့ နာမည်စာရင်းပါတဲ့ စာအုပ်ငယ်လေးတွေ လုပ်ပြီး လူတွေဆီကို ဖြန့်ဝေလိုက်မယ်။ စိတ်ဝင်စားတဲ့သူတွေ ဒီကို လာပြီး စျေးပြိုင်ပေးရမယ်၊ စျေးအများဆုံးပေးနိုင်တဲ့သူ ရမယ်ပေါ့၊ အကဲဖြတ်တဲ့သူတွေကို တန်ဖိုးကြီးတဲ့ ပစ္စည်းတချို့ ရွေးခိုင်းပြီး လေလံတင်မယ်၊ ကျန်တဲ့ ပစ္စည်းတွေကိုတော့ စျေးနှုန်းသတ်မှတ်ပြီး ခင်းကျင်းထားမယ်၊ ကြိုက်တဲ့သူက အဲဒီစျေးနဲ့ ဝယ်သွားရုံပဲ"
ဝမ်သခင်မက သူမ၏ခေါင်းကို စောင်းကာ အချိန်အတော်ကြာ စဉ်းစားပြီးမှ စကားထပ်ပြောလာခဲ့သည်။
"ဒါက စိတ်ကူးကောင်းပဲ၊ ဒါပေမယ့် လေလံပွဲ လုပ်မယ်ဆိုမှတော့ ပစ္စည်းအားလုံးကို ဘာလို့ လေလံမတင်တာလဲ"
"စျေးမကြီးတဲ့ ပစ္စည်းတွေက လေလံတင်ရလောက်အောင် စိတ်ဝင်စားမှု မရနိုင်ဘူးလေ။ အဲဒါက နည်းနည်း သေးသိမ်လွန်းသလို ဖြစ်နေလိမ့်မယ်၊ ပြီးတော့ ပစ္စည်းတွေက အများကြီးဆိုတော့ အကုန်လုံးကို စာရင်းထဲထည့်ရင် အရမ်းများသွားလိမ့်မယ်"
ဝမ်သခင်မက ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
"နင် ပြောတာလည်း ဟုတ်တာပဲ၊ အိုး... နင်မှာ စိတ်ကူးတွေ ရှိပြီးသားဆိုရင် ငါ့ကို ဘာလို့ ခေါ်လိုက်ရတာတုန်း"
"အဒေါ့်ကို လွမ်းလို့ ခေါ်တာပေါ့၊ ဟုတ်ပြီလား၊ ကဲပါ... ထားလိုက်ပါတော့၊ ကျွန်မ ဘာမှ မပြောတော့ဘူး"
စုန့်တင်းရှန်းက စိတ်ဆိုးချင်ယောင်ဆောင်ကာ နှာခေါင်းရှုံ့ပြလိုက်သည်။
သခင်မဝမ်က ရယ်မောရင်း ပြောလိုက်ပြန်သည်။
"နင်ကိုတော့ ဘယ်လိုမှ မနိုင်တော့ပါဘူးဟယ်၊ အော်... ဒါနဲ့ ခုနက ကြာပန်းပုံစံ ကြွေဇလုံတစ်စုံ တွေ့လိုက်တယ်၊ အဲဒါ ငါ့ကို ရောင်းနော်၊ ငါ့ယောက္ခမက ကြာပန်းပုံစံဆိုရင် ဘယ်လောက်ကြိုက်လဲဆိုတာ နင်လည်း သိပါတယ်"
"ဒါကို ရှင်းပြနေဖို့ လိုသေးလို့လား၊ အဲဒီကြွေဇလုံတွေကို ဘာလို့ အထင်ရှားဆုံး နေရာမှာ ချထားလဲဆိုတာ အဒေါ်သိလား၊ အဒေါ့်မြင်းလှည်းထဲကို တန်းထည့်ပေးဖို့ အဆင်သင့် ပြင်ထားတာလေ"
“နင်..... နင်.....”
သခင်မဝမ်က ဤမိန်းကလေး၏ လျင်မြန်သော ဖြတ်ထိုးဉာဏ်နှင့် စိတ်ကူးများကို တွေးကာ ဘာမှ ဆက်မပြောနိုင်တော့ပေ။
စုန့်တင်းရှန်းက ဆက်ပြောနေပြန်သည်။
"တကယ်တော့ အဲဒီကြာပန်းဇလုံကို အခု ပေးချင်တာက အဒေါ်ရဲ့ အကူအညီကို လိုအပ်လို့ပါ၊ အဒေါ် သိတဲ့အတိုင်းပဲ ကျွန်မက မြို့ပေါ်မှာရော ဒီခရိုင်ထဲမှပါ သိတဲ့သူ သိပ်မရှိဘူးလေ၊ မြို့ပေါ်က သခင်မတချို့က ကျွန်မကို ပြဇာတ်ကြည့်ဖို့၊ ပန်းကြည့်ဖို့ ဖိတ်ကြပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကျွန်မ မသွားဖြစ်ခဲ့ဘူး။ ကျွန်မ မိဘတွေကလည်း အဒေါ်သိတဲ့အတိုင်း အပြင်က လူမှုရေးပွဲတွေကို မကြိုက်ကြဘူး၊ သူတို့က အိမ်မှာ နေပြီး ဖိနပ်ချုပ်နေရတာကိုပဲ ပိုနှစ်သက်ကြတာ"
ဝမ်သခင်မလည်း ထိုစကားကို အလွယ်တကူ သဘောတူလိုက်သည်။
"အဲ့ဒါတော့ အမှန်ပဲ၊ နင်က ဒီကိစ္စမှာ ငါ့လောက် မနှံ့စပ်သေးပါဘူး၊ ငါကတော့ ဒီအနီးအနားက မြို့တွေ၊ ခရိုင်တွေမှာ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူက ဘာကြိုက်တယ်ဆိုတာ အကုန်သိတယ်၊ ကဲပါ... ဒီလိုလုပ်၊ နင် အရင်ဆုံး ပစ္စည်းစာရင်းကို အရင် လုပ်ခိုင်းလိုက်၊ ပြီးရင် ဖိတ်စာတွေ ရေးထား၊ အဲဒီပွဲဖြစ်မြောက်ဖို့ ငါကိုယ်တိုင် ဖိတ်စာတွေ လိုက်ဝေပေးမယ်"
"ကျေးဇူးတင်ပါတယ် အဒေါ်ရယ်"
စုန့်တင်းရှန်းက ဝမ်းသာအားရ ပြုံးလိုက်ပြီး ကျန်းကျူးကို ညွှန်ကြားလိုက်သည်။
"ကျန်းကျူး၊ အဲ့ဒီ ကြာပန်းကြွေဇလုံတွေကို မြန်မြန်ထုပ်ပြီး အဒေါ်ရဲ့ ရထားလုံးဆီ ပို့ပေးလိုက်၊ ဪ... ဟိုကြာပန်းပုံစံ လက်ဖက်ရည်သောက်အိုး အစုံလိုက်လေးပါ တစ်ခါတည်း ထည့်ပေးလိုက်ဦး"
ဝမ်သခင်မက အပြုံးဖြင့် ထပ်ပြောလာပြန်သည်။
"တင်းရှန်း... ငါ နင်ကို တစ်ခုပြောပြမယ်၊ အဲဒီအပေါင်ဆိုင်က အရင်တုန်းက ကြင်ယာတော်မင်းသမီးကြီးရဲ့ မိခင်ဘက်က မိသားစုပိုင်ခဲ့တာ၊ နှစ်တွေအကြာကြီး ပစ်ထားမိလို့ အခုလို ဖြစ်သွားတာပါ၊ ကြင်ယာတော်မင်းသမီးကြီးက ပိုက်ဆံမရှားတော့ ဒါကို သိပ်ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမယ့် အပေါင်ဆိုင်ဆိုတာက အမြတ်အထွက်ဆုံး လုပ်ငန်းပဲ၊ ဒါကို နင်ကို ပေးလိုက်တယ်ဆိုတာက နင်ရဲ့ အရည်အချင်းကို စမ်းသပ်တာလည်း ဖြစ်နိုင်တယ်"
"ဒါဆို ဒီအပေါင်ဆိုင်ရဲ့ တာဝန်ခံကလည်း ကြင်ယာတော်မင်းသမီးကြီးရဲ့ လူယုံတွေထဲကပဲလား"
"အပေါင်ဆိုင်က ကြင်ယာတော်မင်းသမီးကြီးရဲ့ ခန်းဝင်းပစ္စည်းတွေထဲမှာ ပါလာတာဆိုတော့ အလုပ်သမားတွေကလည်း သူ့လူတွေပဲပေါ့၊ ဒါပေမယ့် အရင်တာဝန်ခံရဲ့နေရာကို အခုတာဝန်ခံနဲ့ အစားထိုးလိုက်တာ၊ ဒီနေရာက အပေါင်ဆိုင်၊ စားသောက်ဆိုင်နဲ့ အထည်ဆိုင်တွေက ကြင်ယာတော်မင်းသမီးကြီးရဲ့ ခန်းဝင်ပစ္စည်းတွေထဲက အစိတ်အပိုင်းသေးသေးလေးတွေ၊ ကျန်တဲ့ဆိုင်တွေကိုတော့ ကြင်ယာတော်မင်းသမီးကြီး ကိုယ်တိုင်ဝယ်ပြီး စစ်သူကြီးကျိုးအတွက် ပေးခဲ့တာ၊ စာချုပ် ချုပ်ကတည်းက တစ်ခါတည်း လွှဲပြောင်းခိုင်းပြီး စစ်သူကြီးကျိုးရဲ့ ပိုင်ဆိုင်မှုူဖြစ်အောင် လုပ်ပေးခဲ့တာလေ"
"ကြင်ယာတော်မင်းသမီးကြီးက ဘာလို့ တာဝန်ခံကို အစားထိုးလိုက်တာလဲ"
"ကျေးကျွန်ဟောင်းတွေက သခင်အသစ်ကို လှည့်စားတတ်တာ သဘာဝပဲ၊ ကြင်ယာတော်မင်းသမီးကြီးကလည်း အဲ့အကြောင်းကို သိမှာပေါ့၊ အခု ခန့်ထားတဲ့ တာဝန်ခံအသစ်တွေက ဘာနောက်ခံမှ မရှိဘူး၊ သူတို့ ကောင်းကောင်းလုပ်ရင် ဆက်ထားလို့ ရတယ်၊ သူတို့ အလုပ်ကောင်းကောင်း မလုပ်ရင်လည်း နင်ဘက်ကနေ ဘာကိုမှ ထောက်ထားစရာ မလိုဘဲ အလွယ်တကူ ထုတ်ပစ်လို့ရအောင် စီစဉ်ပေးခဲ့တာ၊ နင် နားလည်ပြီလား"
စုန့်တင်းရှန်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
အစပိုင်းတွင် ကြင်ယာတော်မင်းသမီးကြီးက ဤဆိုင်များကို ကျိုးယိနို စိတ်ကျေနပ်စေရန် သမာန်ကာလျှံကာ ဝယ်ပေးထားခြင်းဟု သူမ ထင်နေခဲ့သည်။ ယခုမှသာ ဤကိစ္စတွင် အတွင်းကျကျ အစီအစဉ်များစွာ ရှိနေကြောင်း သူမ သိလိုက်ရသည်။ ကြင်ယာတော်မင်းသမီးကြီးက သူမ၏သားအတွက် ပိုင်ဆိုင်မှုများ ပေးလိုသော်လည်း သူမ၏ပိုင်ဆိုင်မှု အများစုက မြို့တော်တွင်သာ ရှိနေခဲ့သည်။ ထို့ကြောင့် ဤခရိုင်တွင်ရှိသော ဆိုင်အချို့ကို အခြေခံပြီး လမ်းတစ်ခုလုံးရှိ ဆိုင်များကို ဝယ်ယူကာ ပိုမိုစနစ်တကျ ဖြစ်အောင် စီစဉ်ပေးခဲ့ခြင်းပင်။
ဒုတိယအချက်အနေနှင့် ကြင်ယာတော်မင်းသမီးကြီးက စုန့်တင်းရှန်း၏ အိမ်တွင်းမှုစီမံခန့်ခွဲနိုင်စွမ်းကို စမ်းသပ်လိုခြင်း ဖြစ်သည်။ သူမက စစ်သူကြီးတစ်ဦး၏ ဇနီးဖြစ်ပြီး အကယ်၍ သူမထံတွင် စီမံခန့်ခွဲနိုင်စွမ်း မရှိပါက ကြင်ယာတော်မင်းသမီးကြီးက သူမ၏သားဖြစ်သူ ဒုက္ခမရောက်စေရန်အတွက် စစ်သူကြီးအိမ်တော်တစ်ခုလုံးကို ထိန်းချုပ်ရန် သူမ၏ကိုယ်ပိုင်လူများ စေလွှတ်မည်မှာ သေချာနေသည်။
ထုတ်ပယ်ခံလိုက်ရသည့် တာဝန်ခံသုံးဦးက ယခင်တာဝန်ခံဟောင်းများထံတွင် ပညာသင်ခဲ့ကြသူများ ဖြစ်ပြီး စုန့်တင်းရှန်းကို အထင်သေးခဲ့ကြသောကြောင့် ထိုသို့အတင့်ရဲခဲ့ကြခြင်း ဖြစ်သည်။ အခြားသော ဆိုင်တာဝန်ခံများကတော့ ဤဒေသတွင် နေထိုင်သူများ ဖြစ်ပြီး အခြေအနေအရပ်ရပ်ကို နားလည်ကြသောကြောင့် ကောင်တီမင်းသမီးနှင့် ပြဿနာမတက်ချင်ကြပေ။ ထို့ကြောင့် သူတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြသည်။
သူမတို့နှစ်ယောက် ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် ကျန်းကျူးက လက်ဖက်ရည်နှင့် မုန့်များ အဆင်သင့် ပြင်ဆင်ပေးထားသည်။ စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။
"တကယ်တော့ ကျွန်မမှာ နောက်ထပ်ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိသေးတယ်၊ အခု ဆိုင်တာဝန်ခံသုံးယောက်ကို ထုတ်လိုက်တယ်၊ စားသောက်ဆိုင်ကိုတော့ ကျွန်မအစ်မကိုပဲ တာဝန်ပေးလိုက်ပြီ။ ဒါပေမယ့် အပေါင်ဆိုင်နဲ့ အထည်ဆိုင်အတွက် တာဝန်ခံအသစ်တွေ လိုနေသေးတယ်၊ အဒေါ် သိတဲ့သူတွေထဲမှာ အေးအေးချမ်းချမ်း အခြေချပြီး အလုပ်လုပ်ချင်တဲ့ စိတ်ချရတဲ့သူမျိုး ရှိလား၊ ရှိရင် အကြံပေးပါဦး"
ဝမ်သခင်မက ရယ်မောရင်း ပြန်ပြောလာသည်။
"ဆိုင်ရှင်အိုကြီးတွေဆိုတာက တကယ့်ကို အဖိုးတန်တဲ့သူတွေဟဲ့၊ နင်ကတော့ တကယ်ကို ပါးနပ်တာပဲ၊ ဒါပေမယ့် ဒီကိစ္စကိုတော့ နင့်ဦးလေးကိုပဲ မေးကြည့်လိုက်ပါ၊ သူက စီးပွားရေးသမားဆိုတော့ သိတဲ့သူ ပိုများတယ်၊ ငါက လယ်ကွက်အနည်းငယ်နဲ့ ဆိုင်အသေးလေးတွေကိုပဲ စီမံနေတာဆိုတော့ အမြတ်ကလည်း စားလောက်ရုံပဲ”
သူကြွယ်ကြီးဝမ်က နေ့လယ်စာစားပြီးမှ ပြန်ရောက်လာပြီး စုန့်တင်းရှန်းကို မြင်သည်နှင့် အားရပါးရ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
"အို... ငါ့တူမလေးကတော့ တကယ့်ကို ထူးချွန်တာပဲ၊ ငါ အလုပ်ရုံကို သွားကြည့်ပြီးပြီ၊ ကောင်းတယ်... အရမ်းကောင်းတယ်"
အစပိုင်းတွင် ကျင်းချောင်းအာနှင့် အခြားသူများက သိုးမွှေးထိုးနည်း အခမဲ့ သင်ပေးနေသည်ကို သူ နားမလည်ခဲ့ပေ။ သို့သော် စုန့်ရှင်းယိ ပြောပြသည်ကို နားထောင်ပြီးနောက် အရာရာ ရှင်းလင်းသွားခဲ့သည်။ စုန့်တင်းရှန်းက လက်မှုပညာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် မရည်ရွယ်ပဲ သိုးမွှေးလုပ်ငန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ရန် ပြင်ဆင်နေခြင်းပင်။
သိုးမွှေးထည် ပြုလုပ်နိုင်သူ များလာလေလေ၊ သူမ၏ လုပ်ငန်းက ပိုမိုကြီးထွားလေလေ ဖြစ်လာပေလိမ့်မည်။ လက်ရှိတွင် စုန့်တင်းရှန်းက မြောက်ဘက်ဒေသမှ သိုးမွှေးအားလုံးကို ဤနေရာသို့ သယ်ယူရန် စစ်သူကြီးကျုံးနှင့် သဘောတူညီမှု ရထားပြီး ဖြစ်သည်။ သူမက မြောက်ဘက်မှ စစ်သည်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရင်း တစ်ဖက်မှလည်း ထိုသိုးမွှေးများ၏ ဘေးထွက်ကုန်ကြမ်းများမှ အချောထည် ထုတ်လုပ်ရောင်းချကာ အမြတ်အစွန်းများစွာ ရရှိပေလိမ့်မည်။ စျေးနှုန်း သင့်တင့်ပါက ရောင်းမကုန်မည်ကို စိတ်ပူစရာ မလိုပေ။
သူကြွယ်ကြီးဝမ်ကလည်း သိုးမွှေးထည်များအား ကိုယ်စားလှယ်အဖြစ် ရောင်းချပေးရန် စုန့်တင်းရှန်းနှင့် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သူက အနောက်မြောက်ဘက်သို့ ခရီးထွက်ရန်လည်း စီစဉ်ထားသေးသည်။ အကယ်၍ အနောက်မြောက်ဘက်မှ သိုးမွှေးများကို စုဆောင်းကာ စုန့်တင်းရှန်းထံသို့ ရောင်းချနိုင်ပါက သူလည်း ကြားထဲမှ အမြတ်များစွာ ရရှိမည် ဖြစ်သည်။ သိုးမွှေးက စားစရာ မဟုတ်သလို အလွန်အမင်း အဖိုးတန်သည့်အရာမျိုးလည်း မဟုတ်သောကြောင့် မည်သူကမှ လုယူရန် စိတ်မလောကြပေ။ ထို့အပြင် လှည်းတစ်စီးလျှင် ပမာဏအများကြီး တင်ဆောင်နိုင်သောကြောင့် အမြတ်လည်း အဆမတန် ရနိုင်သည်။ သူက ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် တွေးတောနေလေပြီ။
အလုပ်ရုံက အခုမှ စတင်ကာစ ဖြစ်သော်လည်း ဤနေရာမှ ထွက်လာမည့် ပစ္စည်းများအတွက် ကိုယ်စားလှယ်ရောင်းချခွင့်ကို သူ ကြိုတင်ရယူရန် ကြံစည်နေခဲ့သည်။ ယခင်က စုန့်တင်းရှန်း လုပ်သော ဟင်းရွက်ချဉ်ထုတ်များကို ရောင်းချရန် သူ စဉ်းစားဖူးသော်လည်း ထိုစဉ်က မိသားစုလုပ်ငန်းလေးသာ ဖြစ်သောကြောင့် သူ ရောင်းပေးနိုင်သည့်ပမာဏအထိ မလုံလောက်ခဲ့ပေ။ ယခု ဤမျှကြီးမားသော စက်ရုံကြီးမှ ထွက်လာမည့် အရာအားလုံးက သူ့မျက်လုံးထဲတွင် ပိုက်ဆံများသာ ဖြစ်နေခဲ့သည်။
"သိုးမွှေးထည်တွေရဲ့ ကိုယ်စားလှယ်ရောင်းချခွင့်ကိုတော့ ဦးလေးကိုပဲ လွှဲပေးပါ့မယ်၊ ဒါပေမယ့် အနောက်မြောက်ဘက်က သိုးမွှေးတွေကို ဒီကို သယ်ဖို့ ညှိနှိုင်းတာကတော့ မလိုအပ်တော့ပါဘူး၊ ကျွန်မ ဟိုဘက်မှာလည်း စက်ရုံတစ်ရုံ ထပ်ဖွင့်ဖို့ စီစဉ်ထားပြီးပြီ၊ အဲဒီအချိန်ကျရင် ဦးလေးက ဒီအနီးအနားက သိုးမွှေးတွေကိုပဲ စုဆောင်းပေးလေ၊ အဲဒါမှ မလိုအပ်တဲ့ သယ်ယူစရိတ်တွေ မကုန်တော့မှာ... ဒါပေမယ့် ဦးလေးဝမ်ရဲ့ လုပ်ငန်းကရော ဒီလောက်များပြားတဲ့ ပမာဏကို ကိုင်တွယ်နိုင်ပါ့မလား"
သူကြွယ်ကြီးဝမ်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ အနောက်မြောက်ဘက်က သိုးမွှေးထည်ကိုပဲ ငါ တာဝန်ယူပါ့မယ်၊ ဒါပေမယ့် အဲဒီဘက်မှာ အဆင်မပြေခင်အထိတော့ ဒီဘက်ကပစ္စည်းတွေကို အရင် ယူရောင်းလို့ ရမလား"
စုန့်တင်းရှန်းက ချက်ချင်း သဘောတူလိုက်သည်။
"ရတာပေါ့၊ ဒါက ပြဿနာမရှိပါဘူး၊ အခု အလုပ်သမားတွေ ပိုများလာတော့ ထုတ်လုပ်မှုကလည်း တိုးလာပြီ၊ မြောက်ဘက်က စစ်သည်တွေအတွက် ပစ္စည်းတွေနဲ့ ကျွန်မတို့ ဆိုင်မှာ ရောင်းဖို့ ချန်ထားပြီးရင် ကျန်တာတွေ အားလုံးကို ဦးလေးဝမ် ယူလို့ရတယ်"
သူကြွယ်ကြီးဝမ်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားပြီး ရရှိလာမည့် အမြတ်အစွန်းများကို စိတ်ထဲမှ အမြန်တွက်ချက်နေခဲ့သည်။ ခရိုင်စျေးနှုန်းနှင့် ဝယ်ရလျှင်ပင် တခြားနေရာ၌ နှစ်ဆတင်ကာ ရောင်းချနိုင်ပြီး အမြတ်က အသားတင်ဖြစ်သည်။
ထို့နောက် စုန့်တင်းရှန်းက ဆိုင်တာဝန်အသစ်ခန့်ရန် ထပ်ဆွေးနွေးလိုက်သည်။
သူကြွယ်ကြီးဝမ်က တွေးတွေးဆဆ ပြန်ဖြေလာသည်။
"ငါ့အသိတွေထဲမှာ အငြိမ်းစားယူထားတဲ့ ဆိုင်ရှင်အိုကြီးတွေ ရှိတယ်၊ ဒါပေမယ့် သူတို့ထဲက အများစုက သူတို့ရဲ့ ဇာတိတွေကို ပြန်ကုန်ကြပြီ၊ ငါ ပြန်သွားပြီး စုံစမ်းကြည့်ပါဦးမယ်၊ ဒီကို လာချင်တဲ့သူ ရှိနိုင်မလား၊ တူမလေး စိတ်ချပါ၊ ငါနဲ့ မင်းအဒေါ်က သေသေချာချာ ရွေးချယ်ပေးမှာပါ၊ မင်းကို လုံးဝစိတ်မပျက်စေရဘူး"
‘သူ့အတွက်နေတော့ ဒါက ရွှေရောင်ဗုဒ္ဓလေ၊ ရွှေပေါင်လုံးကြီး ဖြစ်နေတဲ့ သူမကို လိမ်ညာရင် သူ နုံအတဲ့သူ ဖြစ်သွားမှာပေါ့’
သူကြွယ်ကြီးဝမ်နှင့် သူ့ဇနီးကို ပြန်လိုက်ပို့ပေးပြီးနောက် စုန့်တင်းရှန်းက အနောက်မြောက်ဘက်သို့ လွှတ်ရမည့်သူ့ကို စဉ်းစားနေပြန်သည်။
.........။.......။.......
ကျန့်ရှီက အံ့အားတကြီး ထအော်လိုက်သည်။
"ရွှေ့ဇီနဲ့ ချောင်းအာကို အနောက်မြောက်ဘက် လွှတ်မလို့လား၊ ဒါ... ဒါက..."
စုန့်တင်းရှန်းက ပြန်မေးလိုက်သည်။
"အဒေါ်က အရမ်းဝေးတယ်လို့ ထင်နေလို့လား၊ သူတို့ ဘေးမကင်းမှာကို စိုးရိမ်နေတာလား"
ကျန့်ရှီက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ သူတို့က တစ်ခါမှ အဝေးကြီးကို မသွားဖူးဘူးလေ၊ ရုတ်တရက်ကြီး အနောက်မြောက်ဘက်ကို လွှတ်မယ်ဆိုတော့ ငါ စိုးရိမ်တာပေါ့"
လီရှီက ကြားဖြတ် ဝင်ပြောလိုက်သည်။
"ဒါက ပိုက်ဆံကိစ္စတင် မဟုတ်ဘူးနော်၊ ရွှေ့ဇီနဲ့ ချောင်းအာက ငယ်ကြသေးတယ်၊ ငါတို့ရဲ့ အာ့နွီတောင် ဒီလောက်ကြီးတဲ့ အလုပ်ရုံကို စီမံနိုင်နေပြီ၊ သူတို့ကိုလည်း အနောက်မြောက်ဘက်ကို သွားပြီး စွန့်စားကြည့်ခိုင်းသင့်တယ်"
ကျန့်ရှီက သူမ၏ စိုးရိမ်မှုကို ရှင်းပြလာသည်။
"ပိုက်ဆံကြောင့် မဟုတ်ပါဘူး အမေရယ်၊ ဒီကိစ္စက အရမ်းအရေးကြီးလွန်းတယ်လို့ ကျွန်မ ခံစားရလို့ပါ၊ သူတို့ မကိုင်တွယ်နိုင်မှာကို ကျွန်မ စိုးရိမ်နေတာ"
စုန့်တင်းရှန်းက သူမ စိတ်အေးသွားအောင် ဖျောင်းဖျလိုက်သည်။
"အဒေါ် မစိုးရိမ်ပါနဲ့၊ အဲ့မှာ ကျူးဇီကောရဲ့ ကိုယ်ပိုင်အစောင့်အရှောက်တွေလည်း ရှိပါတယ်၊ ပြီးတော့ လေ့ကျင့်မှုပြီးမြောက်ပြီး သွားဖို့ဆန္ဒရှိတဲ့ မိန်းကလေးတချို့ရယ်၊ သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဂရုစိုက်ပေးဖို့ အဒေါ်ကြီးနှစ်ယောက်ရယ် ထည့်ပေးလိုက်မှာပါ၊ ပြီးတော့ သူတို့ကို ကူညီပေးဖို့ တာဝန်ခံတစ်ယောက်လည်း ထည့်ပေးလိုက်ပါ့မယ်၊ အဲ့ဒါတွေအပြင် ဦးလေးဝမ်ကလည်း ဟိုဘက်က ကိစ္စတွေကို ကြီးကြပ်ပေးမှာဆိုတော့ ဘာမှ စိုးရိမ်စရာ မလိုပါဘူး"
ထိုသတင်းကို ကြားလိုက်ရသည့် ကျင်းချောင်းအာကလည်း စိတ်လှုပ်ရှားလွန်းသောကြောင့် မေ့လဲမတတ်ပင် ဖြစ်သွားခဲ့သည်။ ထို့နောက် သူမက ထပ်ခါတလဲလဲ မေးနေပြန်သည်။
"ကျွန်မ တကယ်သွားလို့ ရတာလား၊ ကျွန်မ တကယ် လုပ်နိုင်ပါ့မလား"
ယောက်ျားရင့်မာကြီးဖြစ်သော စုန့်ကျွင့်ရွှေပင်လျှင် အနည်းငယ် တုန်လှုပ်နေမိသည်။
"သွားပြီး စမ်းကြည့်လိုက်ပါ၊ အဆင်မပြေရင် ပြန်လာခဲ့ပေါ့၊ အစကတော့ အစ်ကိုတလီနဲ့ အစ်ကိုရွှေ့ဇီကို လွှတ်မလို့ပဲ၊ ဒါပေမယ့် ဒီဘက်အလုပ်ရုံမှာလည်း လူလိုသေးတယ်လေ၊ ပြီးတော့ ယောင်းမချောင်းအာကလည်း လက်မှုပညာမှာ ပါရမီရှိတယ်၊ ပုံစံမျိုးစုံကို အသိဆုံးဖြစ်သလို အလုပ်ရုံကို စီမံဖူးတဲ့ အတွေ့အကြုံလည်း ရှိတယ်၊ အဲ့ဒါကြောင့် ယောင်းမက အသင့်တော်ဆုံးပဲ၊ ဒါပေမယ့် အရင်ဆုံး ရှင်းရှင်းလင်းလင်း သတ်မှတ်ကြမယ်၊ ရရှိလာမယ့် အမြတ်ကို ငါးဆယ်-ငါးဆယ် ခွဲယူမယ်၊ အရင်ကထက်စာရင် ဝေစု ပိုများလာပေမယ့် စျေးကွက်ကလည်း ပိုကြီးလာလိမ့်မယ်"
ကျင်းချောင်းအာက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပါတယ်၊ ငါးဆယ်-ငါးဆယ် မပြောနဲ့ နှစ်ဆယ်-ရှစ်ဆယ် ခွဲရင်တောင် ငါ ဘာမှ မပြောပါဘူး၊ နင်သာ ကောင်တီမင်းသမီး မဖြစ်ခဲ့ရင် ကျူးဇီက စစ်သူကြီး မဖြစ်လာခဲ့ရင် ငါတို့ ဟိုမှာ အလုပ်ရုံဖွင့်ဖို့ အခွင့်အရေး ရလာမှာ မဟုတ်ဘူး။ ဒါတွေက နင့်ကျေးဇူးတွေကြောင့်ပါ၊ ငါနဲ့ ရွှေ့ဇီရဲ့ အရည်အချင်းက ဘယ်လောက်လဲဆိုတာ ငါ သိပါတယ်၊ အစကတော့ မကျွမ်းကျင်တဲ့ နေရာမှာ အနှိမ်ခံရမှာ ကြောက်ပေမယ့် နင်က အားလုံး စီစဉ်ပေးထားမှတော့ ငါ မကြောက်တော့ဘူး၊ ဒါပေမယ့် ငါ့ရဲ့ ကလေးတွေကတော့..."
စုန့်တင်းရှန်းက စကားဖြတ်ပြောလိုက်သည်။
"ကလေးတွေကို ခေါ်သွားဖို့ကတော့ သူတို့ ငယ်လွန်းသေးတယ်၊ ဟိုမှာ အခြေကျသွားပြီး နှစ်အနည်းငယ်ကြာမှ ကလေးတွေကို ပြန်လာခေါ်လေ"
စုန့်တင်းရှန်းက ခေတ္တတာမျှ စကားရပ်လိုက်ပြီးမှ ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မတို့ မိသားစုမှာ အခု စီးပွားရေးအကြီးကြီး ဖြစ်နေပြီဆိုတော့ အရင်လို ခြိုးခြံချွေတာနေစရာ မလိုတော့ဘူး။ ကျူးဇီကောရဲ့ အိမ်တော်ကလည်း ငွေကြေးမချို့တဲ့ဘူး၊ ဒါပေမယ့် သူက စစ်စခန်းမှာ အနေများတော့ ဒီဘက်ကို မကူညီနိုင်ဘူး၊ အဲဒါကြောင့် ဒီက အလုပ်တွေ အကုန်လုံးက ကျွန်မတို့အပေါ်မှာပဲ မူတည်တယ်၊ ယောင်းမတို့နှစ်ယောက် အနောက်မြောက်ဘက်ကို သွားရင် ဒီဘက်က တာဝန်တွေက အစ်ကိုတလီနဲ့ ကျွန်မရဲ့ အကြီးဆုံးအစ်ကိုအပေါ် ကျရောက်လာလိမ့်မယ်၊ သူတို့အတွက်လည်း မလွယ်လောက်ဘူး"
ချမ်းသာလာသောကြောင့် မိသားစုအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်လာမည်ကို သူမ မကြောက်ပေ။ အကယ်၍ မျိုးဆက်သစ်များက ပိုက်ဆံကြောင့် ရန်ဖြစ်ပြီး မိသားစုကို ဖျက်ဆီးပစ်ကြမည်ဆိုလျှင်လည်း ၎င်းက သူတို့ကို သေသေချာချာ ဆုံးမသွန်သင်နိုင်ခဲ့ခြင်းမရှိသည့် သူမတို့၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။
သို့သော် သူမ သေဆုံးပြီးနောက် မည်သူက မည်သူ့ကို တိုက်ခိုက်မည်၊ မည်သို့တိုက်ခိုက်မည် သို့မဟုတ် မိသားစု၏ စည်းစိမ်ဥစ္စာအားလုံးအား ဖြုန်းတီးမည်ကို သူမ စိတ်မဝင်စားတော့ပေ။
သူမက မည်သည့်အချိန်တွင် စိုးရိမ်ရမည်၊ မည်သည့်အချိန်တွင် မစိုးရိမ်ရမည်ကို ကောင်းစွာ သိထားပြီး ဖြစ်သည်။
‘လူတစ်ယောက်အတွက် သူ စိုးရိမ်သင့်တဲ့အရာကို စိုးရိမ်သင့်ပေမယ့် မစိုးရိမ်သင့်တဲ့အရာကို စိုးရိမ်နေတာက သူကိုယ်တိုင်အတွက် အခက်အခဲတွေ ဖြစ်လာစေလိမ့်မယ်”
‘ငါကတော့ ဒီလို ဒုတိယအခွင့်အရေးတစ်ခု ရတဲ့အချိန်မှာ ငါ ချစ်ရတဲ့ သူတွေနဲ့ အေးအေးချမ်းချမ်း သက်တောင့်သက်သာ နေချင်တယ်။ ငါ မရှိတော့တဲ့ နောက်ပိုင်းမှ ဖြစ်လာမယ့် ကိစ္စတွေကတော့ အသက်ရှင်ကျန်တဲ့သူတွေ ပူပန်ဖို့ ထားခဲ့တော့မယ်’