← Chapters

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း ၉၁ ဝံပုလွေသီး

စုန့်ကျွင့်ရွှေနှင့် ကျင်းချောင်းအာတို့က သူကြွယ်ကြီးဝမ်၏ မြင်းလှည်းနောက်မှ လိုက်ပါသွားကြသည်။ ဟေးတန်နှင့် သူမ၏ ညီမလေးနှစ်ယောက်က မျက်ရည်စက်လက် နှာခေါင်းလေး တရှုံ့ရှုံ့ဖြင့် မိဘများကို နှုတ်ဆက်ကျန်ရစ်နေခဲ့ကြသည်။

စုန့်တင်းရှန်းက ထိုပုံစံကိုကြည့်ကာ သဘောကျနေပြီး လှမ်းမေးလိုက်သည်။

"ဟေးတန်၊ မင်းလည်း လိုက်သွားချင်လို့လား"

ဟေးတန်က ခေါင်းညိတ်ပြလိုက်ပြီး စုန့်တင်းရှန်းကို မျက်လုံးဝိုင်းကြီးများဖြင့် လှမ်းကြည့်နေသည်။

စုန့်တင်းရှန်းက သူ့ကို ဆက်ပြောလိုက်သည်။

"မင်းမိဘတွေက အလုပ်လုပ်ဖို့ သွားကြတာလေ၊ မင်းကိုယ်မင်း ကြည့်ဦး၊ စာလုံးဘယ်နှစ်လုံး သိလို့လဲ၊ မင်း လိုက်သွားရင် ဘာလုပ်ပေးနိုင်မှာလဲ၊ မင်း စာကို ကြိုးစားသင်သင့်တယ်၊ အနည်းဆုံး စာရင်းကိုင်ပညာလောက် သင်ယူနိုင်ရင်တောင် မင်း မိဘတွေကို ကူညီနိုင်မှာ သေချာတယ်"

ဟေးတန်က မျက်ရည်တွေကို သုတ်လိုက်ပြီး နှာတစ်ချက်ရှုံ့ကာ ပြန်ပြောလိုက်သည်။

"ကျွန်တော် စာလုံးတွေ အများကြီး သိပါတယ်"

ထိုသို့ပြောပြီးသွားသည်နှင့် သူက ရှက်ကိုးရှက်ကန်း ခေါင်းငုံ့သွားသည်။

ပြင်းထန်သော မိုးခေါင်ရေရှားကာလအတွင်း ကျောင်းအတော်များများ ပိတ်ထားခဲ့ရသည်။ စားစရာ ရရန်ပင် ခဲယဉ်းနေချိန်တွင် မည်သူမျှ စာမသင်နိုင်တော့ပေ။ ဟေးတန်က ထိုကာလအတွင်း လွတ်လွတ်လပ်လပ် ဆော့ကစားနေခဲ့ရပြီး အဖေနှင့် အစ်ကိုများ သင်ပေးထားသည့်အရာအားလုံးကို အကုန်နီးပါး မေ့လျော့သွားပြီ ဖြစ်သည်။

စုန့်တင်းရှန်းက သူမ၏အပြုံးကို ပြန်ထိန်းလိုက်ပြီး ဟေးတန်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

"မင်းက အစ်ကိုကြီးလေ၊ ပြီးတော့ မင်းမှာ အမြွှာညီမလေးနှစ်ယောက်လည်း ရှိသေးတယ်၊ ညီမလေးတွေကိုလည်း စာဖတ်တတ်စေချင်တယ် မဟုတ်လား၊ မင်း ကျောင်းက ပြန်လာရင် သူတို့ကို နေ့တိုင်း စာပြန်သင်ပေးရမယ်၊ အားလုံး စာတတ်သွားပြီဆိုရင် မိဘတွေကို အတူတူ ကူညီပေးလို့ ရပြီပေါ့၊ ဟုတ်တယ်မလား"

ဟေးတန်က သူနှင့် ရုပ်ချင်းတူသော ညီမလေးနှစ်ယောက်ကို ကြည့်ကာ ခေါင်းကို အားပါးတရ ညိတ်ပြလာခဲ့သည်။

စုန့်တင်းရှန်း၏ ဝမ်းဗိုက်က တစ်နေ့တခြား ပိုပိုကြီးထွားလာသည်။ ရာသီဥတုကလည်း ပိုမို ပူပြင်းလာသောကြောင့် မူလကတည်းက အပူဒဏ်ကို မခံနိုင်သော စုန့်တင်းရှန်းတစ်ယောက် နွေရာသီတွင် အတော်လေး ပင်ပန်းနေရသလို မနက်ခင်း ပျို့အန်ခြင်းဝေဒနာကိုလည်း ခံစားနေရသည်။

ဖန့်ရှီကလည်း စိုးရိမ်တကြီးဖြင့် သမီးဖြစ်သူ စားချင်စဖွယ်ဖြစ်အောင် နေ့တိုင်း ဂရုတစိုက် ချက်ပြုတ်ပေးနေခဲ့သည်။ စစ်သူကြီးအိမ်တော်မှ အတော်ဆုံး စားဖိုမှူးနှစ်ဦးကိုပင် သူမတို့၏ ခြံဝင်းထဲသို့ ခေါ်ထားရပြီး သူတို့၏ နေ့စဉ်အလုပ်က စုန့်တင်းရှန်း အစားတစ်လုပ် ပိုစားလာစေရန် ဆွဲဆောင်ဖို့ ဖြစ်သည်။

"သခင်မ... မြို့တော်က စာရောက်လာပါတယ်"

ကျန်းကျူးက သေတ္တာငယ်လေးတစ်လုံးကို ကိုင်ရင်း ဝင်လာပြီး စာအိတ်ကို ဖွင့်ပြလိုက်သည်။

စုန့်တင်းရှန်းက သစ်ပင်ရိပ်အောက်ရှိ ညောင်စောင်းပေါ်တွင် လဲလျောင်းနေပြီး သူမ၏ ညောင်စောင်း ပတ်ပတ်လည်တွင် အဝတ်စများ ကာရံထားသည်။ ဤခြင်ထောင်ပုံစံ အဝတ်စက လေတိုက်ခတ်မှုကို ကာကွယ်ပေးရုံသလို ခြင်များ၏ရန်မှလည်း ကာကွယ်ပေးနိုင်သည်။ ခြင်ထောင်ထောင့်များတွင် မြို့တော်မှ မှာယူထားသော ပိုးမွှားပြေး အမွှေးအိတ်များကိုလည်း ချိတ်ဆွဲထားသေးသည်။

ကျန်းကျူးက ခြင်ထောင်ထဲသို့ ဝင်လာကာ သူမ၏ဘေးမှ ခုံပုလေးပေါ်တွင် ဝင်ထိုင်ရင်း မေးမြန်းနေသည်။

"မြို့တော်က သတင်းထူး ထပ်ရောက်လာတာလား"

စုန့်တင်းရှန်းက စာကို ဖတ်လိုက်ပြီး ပြန်ပြောပြလိုက်သည်။

"ကျူးဇီကောရဲ့ညီ ကျိုးယွီလင်းလည်း အိမ်ထောင်ပြုတော့မယ်တဲ့၊ ရှစ်လပိုင်း ခြောက်ရက်နေ့ မင်္ဂလာဆောင်မယ်ဆိုတော့ အခုကနေ တွက်ရင် နောက်ထပ်သုံးလလောက် လိုသေးတာပေါ့"

"သတင်းကောင်းပဲ၊ ဒုတိယသခင်လေး အိမ်ထောင်မပြုသေးလို့ ကြင်ယာတော်မင်းသမီးကြီး ညည်းညူနေတာကို ကျွန်မ မှတ်မိသေးတယ်။ အခုတော့ သူလည်း အိမ်ထောင်ကျတော့မှာပေါ့၊ ဒါပေမယ့် ရှစ်လပိုင်းခြောက်ရက်နေ့ဆိုရင် သခင်မ မွေးဖွားရမယ့်အချိန်နဲ့ နီးကပ်နေပြီ မဟုတ်လား"

"အင်း၊ ငါကတော့ သွားနိုင်မှာ မဟုတ်ဘူး၊ ကျူးဇီကော သွား မသွားတော့ ငါလည်း မသိသေးဘူး၊ ငါ အခုတလော သိုးမွေးထိုးနည်းအသစ်တွေ လေ့လာနေတာ၊ ကံကောင်းပြီး အဆင်သင့်ဖြစ်သွားတယ်၊ သူတို့အတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ပြင်ပေးလို့ရပြီ"

"သခင်မ... ဒါက သခင်မ မှာထားတဲ့ မုန့်တွေပါ၊ စားကြည့်ပါဦး"

အစေခံမလေး ကျင်းလင်က မုန့်ပန်းကန်ကို ကိုင်ကာ ခြင်ထောင်အပြင်ဘက်မှ လှမ်းပြောနေသည်။

ကျန်းကျူးက မုန့်ပန်းကန်ကို သွားယူပြီး စားပွဲပေါ်သို့ တင်ပေးနေရင်းမှ အပြုံးဖြင့် မေးလာပြန်သည်။

"သခင်မ ဒါတွေအားလုံးကို တကယ်စားမှာလား"

စုန့်တင်းရှန်းက အပူဒဏ်နှင့် မနက်ခင်းပျို့အန်မှုကြောင့် အစားအသောက် အလွန်ရွေးလာသလို တစ်ခါတစ်ရံတွင်လည်း အစားစားချင်စိတ် ဖြစ်လာပြီး အလွန့်အကျွံစားတတ်လာသည်။ အခြားကိုယ်ဝန်ဆောင်အမျိုးသမီးများကတော့ ကဲ့ရဲ့ခံရမည်ကို ကြောက်ကြပြီး သူမတို့ တောင့်တသည့် စားစရာကို ထုတ်မပြောရဲကြပေ။ သို့သော် စုန့်တင်းရှန်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူမ စားချင်သည့်အရာကို ရအောင် ဖန်တီးစားသောက်တတ်သည်။

"ဒါတွေက ရနံ့မွှေးမြေပဲလှော်၊ ကျားသစ်အရေခွံမြေပဲ၊ သကြားအုပ်မြေပဲ၊ ပယင်းနံ့နှမ်းကပ်သစ်ကြားသီး၊ ကြက်သွန်ဖြူမြေပဲကြော်၊ မီးသင်းသကြားအုပ်ဖရုံစေ့နဲ့ ပန်းဇီးသီးခြောက်တွေလေ"

စုန့်တင်းရှန်းက တစ်မျိုးချင်းစီကို ညွှန်ပြရင်း ကျန်းကျူးအား တိုက်တွန်းလိုက်သည်။

"စားကောင်းလားလို့ မြည်းကြည့်စမ်းပါ"

ထို့နောက် သူမက အပြင်မှ အစေခံမလေးကို လှမ်းမေးလိုက်ပြန်သည်။

"လင်အာ... ဒါတွေကို ငါ့အမေနဲ့ အဖွားဆီ ပို့ပေးပြီးပြီလား"

ကျင်းလင်က တရိုတသေ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ပို့ပြီးပါပြီ၊ ဖွားဖွားကြီးကတောင် ကျွန်မတို့တစ်ယောက်ချင်းစီကို လက်တစ်ဆုပ်စာစီလောက် ပေးလိုက်ပါသေးတယ်၊ ကျွန်မထင်တာတော့ ဒါတွေက အရမ်းအရသာရှိတယ်၊ သခင်မ အကြိုက် တွေ့ပါ့မလားတော့ မသိဘူး"

စုန့်တင်းရှန်းက တစ်မျိုးချင်းစီကို မြည်းကြည့်ပြီး ပြန်ပြောပြလိုက်သည်။

"ဒီကျားသစ်အရေခွံမြေပဲက အထဲက သိပ်မကြွပ်သေးဘူး၊ ဒါပေမယ့် အပေါ်က အကာကတော့ တော်တော်ကောင်းတယ်၊ မြေပဲက ကြွပ်နေရမယ်၊ ဆားအနုလေး ဖြူးပြီး အေးသွားမှ အပေါ်ကနေ အစာထပ်အုပ်ရမှာ၊ ပြီးတော့ သစ်ကြားသီးတွေ နောက်တစ်ခါကျရင် အပေါ်က အခွံပါလေးကိုပါ နွှာလိုက်ဦး၊ ဒီအတိုင်းဆို နည်းနည်းခါးသလို ခံစားရတယ်။ ပန်းဆီးသီးကတော့ အရမ်းချိုလွန်းနေတယ်၊ အချဉ်ဓာတ်ကို လွှမ်းသွားတော့ စားလို့ မကောင်းတော့ဘူး"

အစေခံမလေးက သေသေချာချာ မှတ်သားသွားပြီး စားဖိုမှူးများကို ပြန်ပြောပြရန် ထွက်ခွာသွားခဲ့သည်။

ကျန်းကျူးကတော့ ပန်းဆီးသီးခြောက်ကို ဝါးနေရင်း ပြောလာခဲ့သည်။

"ကျွန်မအတွက်တော့ အကုန်စားကောင်းနေတာပဲ၊ ဒါနဲ့ သခင်မ... ကျွန်မ ခုနက ဝင်လာတုန်းက ဒုတိယသခင်လေး ပြောနေတာ ကြားခဲ့တယ်၊ လေလံပွဲအတွက် ပစ္စည်းစာရင်း ရေးပြီးပြီတဲ့၊ ခနနေရင် သခင်မဆီ ယူလာပြလိမ့်မယ်"

စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်သော်လည်း ပန်းဆီးသီးခြောက်နှစ်လုံးကို စားပြီးနောက် အနည်းငယ် ပျို့အန်ချင်သလို ဖြစ်လာခဲ့သည်။

ကျန်းကျူးက သူမ၏ပျို့အန်မှု သက်သာစေရန် ရေတစ်ခွက် လာပေးပြီးနောက် ပြောလာပြန်သည်။

"မေ့တော့မလို့... စာလာပို့တဲ့သူက ပန်းအိုးအချို့လည်း ယူလာသေးတယ်၊ တစ်အိုးချင်းစီမှာ အစိမ်းရောင် အသီးလေးတွေ ချိတ်ဆွဲထားတယ်၊ အဲ့အသီးလေးတွေက ပြောင်လက်နေတာပဲ၊ တော်တော်လှတယ်၊ နောက်ရက် အနည်းငယ်ကြာလာလို့ အဲ့အသီးတွေ ပိုကြီးလာပြီး မှည့်လာရင် မီးအိမ်လေးတွေလို နီရဲနေမှာတဲ့၊ ဒါပေမယ့် ညှိုးနွမ်းနေတဲ့ အကိုင်းခြောက်၊ အရွက်ခြောက်လေးတွေ နည်းနည်းပါနေလို့ သခင်မ စိတ်ကြည်ကြည်လင်လင်နဲ့ ကြည့်ရအောင် အရင်သန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားထားလိုက်တယ်"

"ပန်းအိုးတွေလား"

စုန့်တင်းရှန်းက သက်ပြင်းချပြီး ညည်းညူလိုက်ပြန်သည်။

"ငါက ဟင်းသီးဟင်းရွက် စိုက်တာကလွဲလို့ တခြားဘာကို ဂရုစိုက်နိုင်လို့လဲ၊ စျေးကြီးတဲ့ ပန်းပင်တွေဆိုရင် ငါ့လက်ထဲရောက်တာနဲ့ အမြဲသေကုန်တော့တာပဲ"

ကျန်းကျူးက ရယ်မောရင်း သူမကို နှစ်သိမ့်လိုက်သည်။

"ဒါက သခင်မ အရမ်းအလုပ်ရှုပ်နေလို့ အဲ့ပန်းလေးတွေကို အာရုံမစိုက်နိုင်တာပါ၊ ကျွန်မတို့အိမ်တော်မှာ အဖိုးကြီး တစ်ယောက်ရှိတယ်၊ သူက ပန်းစိုက်တာ တကယ်တော်တယ်၊ သူတောင် ပြီးခဲ့တဲ့ရက်က ညည်းတွားနေသေးတယ်၊ စစ်သူကြီးအိမ်တော်မှာ ဟင်းသီးဟင်းရွက်တွေချည်း စိုက်ထားတော့ သူ့အစွမ်းကို ပြဖို့ နေရာမရှိတောဘူးတဲ့"

"ဟင်းသီးဟင်းရွက်တွေကလည်း ပန်းပွင့်တာပဲလေ၊ အဲ့ပန်းတွေလည်း လှပါတယ်၊ ပြီးတော့ သူက ဟင်းသီးဟင်းရွက်တွေကိုလည်း သေသေချာချာ ဂရုစိုက်ပေးနေပုံပဲ၊ နောက်ပြီးတော့ ဟင်းရွက်စိုက်တာက ပိုက်ဆံကုန်သက်သာတာပေါ့၊ တကယ်လို့ ပန်းပင်တွေ သေကုန်ရင် နှမြောစရာကြီး၊ တွေးကြည့်ရုံနဲ့တောင် ရင်နာရတယ်"

ကျန်းကျူးနှင့် စုန့်တင်းရှန်း ရယ်မောနေကြစဉ်မှာပင် အစေခံလူငယ်‌လေး မော့ယွင်နှင့် အခြားအစေခံ သုံးဦးတို့က ပန်းအိုးများ ထမ်းပြီး ရောက်လာကြသည်။

စုန့်တင်းရှန်းက ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

"အိုး... "

‘ဒါက ခရမ်းချဉ်သီး မဟုတ်ဘူးလား’

အိုးထဲတွင် စိုက်ထားသော ခရမ်းချဉ်သီးပင်များက စွမ်းစိုနေပြီး သန်သန်မာမာ ကြီးထွားနေသည်။ အစိမ်းရောင် အသီးလုံးလေးများလည်း တွဲလောင်းကျနေသေးသည်။ အချို့နေရာများတွင် ရွှေဝါရောင် အပွင့်လေးများ ပွင့်နေသောကြောင့် အမှန်တကယ်လည်း လှပနေသည်။

မော့ယွင်က သတင်းပို့လာခဲ့သည်။

"သခင်မ... ဒီပန်းအိုးပင်တွေက တိုင်းတပါးသားတွေ ဧကရာဇ်မင်းမြတ်ဆီ လာဆက်သတဲ့ ပန်းပင်တွေလို့ ပြောပါတယ်၊ နန်းတွင်းထဲမှာပဲ စိုက်ပျိုးထားတာပါတဲ့၊ ဒီနှစ်တော့ မင်းသားကြီးအိမ်တော်အတွက် ပန်းအိုးနှစ်ဆယ်ကျော် လက်ဆောင်ရခဲ့တာပါ၊ မင်းသားကြီးက စစ်သူကြီးကျိုးနဲ့ သခင်မကို အထူးတလည် သတိရလို့ ပန်းအိုးရှစ်အိုး ပို့ပေးလိုက်တာပါ၊ ကံကောင်းလို့ လမ်းခရီးမှာ ဘာမှ မထိခိုက်ခဲ့ဘူး၊ အသီးတွေက မီးအိမ်လေးတွေနဲ့ တူလို့ အရမ်းလှတယ်တဲ့၊ လာပို့တဲ့သူက ပြောသွားပါသေးတယ်၊ ဒါကို 'ဝံပုလွေသီး'လို့ ခေါ်ပါတယ်တဲ့"

(t/N: ခရမ်းချဥ်သီးက တရုတ်ကို တောင်အမေရိက ဘက်ကနေ ဝင်တာပါတဲ့၊ ၁၇ ရာစုလောက်မှ ရောက်လာတယ် ပြောကြတယ်၊ ခရမ်းချဥ်သီး သီးတဲ့ ရာသီအပေါ် မူတည်းပြီး ခြောက်လပေါ်သီး၊ အလုံးပေါ် မူတည်ပြီး မြေပြောင်သီး၊ တချို့ကလည်း အဆိပ်ရှိတယ်လို့ ယူဆပြီး ဝံပုလွေသီးလို့ ခေါ်ကြပါတယ်တဲ့၊ အဲ့အချိန်တွေက စားတာထက် အလှစိုက်တာ ပိုများတယ်တဲ့)

စုန့်တင်းရှန်းကတော့ ခရမ်းချဉ်သီး၏ ချိုချို ချဥ်ချဉ်နှင့် အရည်ရွှမ်းသော အရသာကို စိတ်ကူးနေမိပြီး သွားရည်များကျလာတော့သည်။ သူမက ဝမ်းသာအားရ ထအော်လိုက်သည်။

"တကယ်ကို လှတာပဲ၊ အဲ့ဒါတွေကို ဦးလေးမာဆီ ပို့ပြီး သေသေချာချာ ဂရုစိုက်ပေးဖို့ ပြောလိုက်ပါ”

‘ဒီအသီးတွေ မှည့်လာရင် တကယ်စားလို့ကောင်းမှာ၊ နှမြောစရာကောင်းတာက အခုချက်ချင်း စားလို့ မရသေးတာပဲ၊ ခဏလောက် ထပ်စောင့်ရဦးမယ်’

‘ခရမ်းချဉ်သီးဆိုတာက ကြက်ဥနဲ့ပဲ ကြော်စားစား၊ အမဲသား၊ ဆိတ်သား ဒါမှမဟုတ် ငါးနဲ့ပဲ ချက်ချက် အရမ်းအရသာရှိတဲ့ သီးနှံလေ၊ အစကတော့ ဒီအရပ်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်ပဲသီးနှံ အမျိုးစုံရှိနေတာကြောင့် မြောက်ဘက်မှာ ခရမ်းချဉ်သီး ရှိနှင့်နေပြီးသားလို့ ငါ ထင်နေခဲ့တာ’

‘ဘယ်သူ သိမှာလဲ... ဒါက နန်းတွင်းကို အသစ်အဆန်းအဖြစ် ရောက်လာတာပြီး အလှစိုက်ပန်းအိုးအဖြစ်ပဲ ရှိနေသေးတာကိုး’

‘ကျွတ် ကျွတ်၊ ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲ’

အရသာရှိသည့် ခရမ်းချဉ်သီးများအကြောင်း တွေးမိချိန်တွင် စုန့်တင်းရှန်းတစ်ယောက် အစားစားချင်စိတ် ပြန်ပေါ်လာခဲ့သည်။

နေ့လယ်ပိုင်းတွင် စုန့်ဟူထောင်က စုန့်တင်းရှန်း မှာထားတဲ့အတိုင်း လေလံတင်မည့် ပစ္စည်းများ၏ စာရင်းအုပ်အထပ်လိုက်ကို ယူလာပေးခဲ့သည်။ ထိုအထဲတွင် ပစ္စည်းများ၏ အကြောင်းအရာကို ဖော်ပြထားရုံသာမက အချို့ကို အသေးစိတ်ပုံလေးများဖြင့် ပြသထားသောကြောင့် အမှန်တကယ် စိတ်ဝင်စားဖွယ်ဖြစ်နေခဲ့သည်။

စုန့်တင်းရှန်းက တစ်အုပ်ကို သူမအတွက် သိမ်းထားလိုက်ပြီး ကျန်စာအုပ်များကို သူကြွယ်ကြီးဝမ်၏အိမ်တော်သို့ ပို့ခိုင်းလိုက်သည်။

ဝမ်သခင်မက စုန့်ဟူထောင်ကို သူမကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပြီး စာရင်းစာအုပ်ကို လှန်လောကြည့်နေခဲ့သည်။

"အရမ်းလှတာပဲ၊ ငါတောင် ကြည့်နေရင်းနဲ့ ဝယ်ချင်စိတ် ပေါက်လာပြီ၊ ခြောက်လပိုင်း ခြောက်ရက်နေ့က တကယ်ကို ကောင်းတဲ့နေပဲ၊ မင်း အစ်မကို ပြောလိုက်ပါ၊ စိတ်မပူနဲ့လို့၊ ဒီကိစ္စ အကောင်းဆုံးဖြစ်အောင် ငါ လုပ်ပေးမယ်"

စုန့်ဟူထောင်ကလည်း တလေးတစား ပြန်ပြောနေခဲ့သည်။

"ဒါဆိုရင်တော့ အ‌ဒေါ့်ကိုပဲ ဒုက္ခပေးရတော့မယ်၊ အစ်မက ပြောလိုက်တယ်၊ ဒီလေလံပွဲ ပြီးသွားရင် အဒေါ်အတွက် အံ့အားသင့်စရာ လက်ဆောင်အကြီးကြီးတစ်ခု ရှိပါတယ်တဲ့"

ဝမ်သခင်မက အပြုံးဖြင့် ပြန်မေးလိုက်သည်။

"ငါ့အတွက် နောက်ထပ် အံ့အားသင့်စရာလား၊ သူက အမြဲတမ်း ဆန်းသစ်တဲ့ စိတ်ကူးတွေ ရှိနေတာလေ၊ ဒါက ငါ့ကို အံ့အားသင့်စေဖို့ လုံလောက်ပါပြီ၊ ကဲ ပြောစမ်းပါဦး၊ ဘယ်လိုလက်ဆောင်မျိုး ဖြစ်မလဲ"

စုန့်ဟူထောင်က ပြုံးရုံသာပြုံးနေပြီး ဝမ်သခင်မက အတင်းမေးလွန်းသောကြောင့် မဖြစ်မနေ ပြန်ဖြေလိုက်ရသည်။

"အဒေါ် အရင်က မြို့ထဲက မုန့်ဆိုင်ကို လွှဲယူထားတယ် မဟုတ်လား၊ အာ... ကျွန်တော် ဒီလောက်ပဲ ပြောရဲတယ်၊ ထပ်ပြောရင် အစ်မ ဆူလိမ့်မယ်ဗျ"

ဝမ်သခင်မက မျက်တောင်တခတ်ခတ်ဖြင့် တစ်ခုခုကို ရိပ်မိသွားပုံရသည်။

"သူက ငါ့ကို ကြက်ဥမုန့်နဲ့ သက်ရှည်မက်မွန်သီးမုန့် လုပ်နည်းတွေ ပေးထားပြီးသားလေ၊ ဒါဆိုရင် ဖြစ်နိုင်တာက..."

"အဲဒါတော့ ကျွန်တော် မသိတော့ဘူး၊ အဒေါ်... ကျွန်တော် မြန်မြန် ပြန်မှ ဖြစ်မယ်၊ မှောင်ရင် လမ်းက သိပ်မကောင်းဘူး"

စုန့်ဟူထောင်က ဝမ်သခင်မကို အရိုအသေပေးပြီး ပြန်ထွက်သွားသည်။

ဝမ်သခင်မကတော့ စာရင်းအုပ်ကို ကိုင်ထားရင်း အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"စုန့်တင်းရှန်း...စုန့်တင်းရှန်း၊ ကြင်နာမှုတစ်စက်အတွက် အများကြီး ပြန်ပေးဆပ်နေတာပဲ၊ အဲ့တုန်းက ငါတို့သာ သူတို့ကို စိတ်ရင်းအမှန်နဲ့ မကူညီခဲ့ရင် သူက ငါတို့မိသားစုအပေါ် ဘယ်လိုလုပ်ပြီး ဒီလိုတွေ ပြန်ပေးဆပ်ပါ့မလဲ"

ခြောက်လပိုင်း ၅ ရက်နေ့တွင် စားသောက်ဆိုင်ကို ခေတ္တပိတ်ထားလိုက်ကြသည်။ စုန့်မိသားစုဝင်အားလုံးနှင့် အပေါင်ဆိုင်မှ အလုပ်သမားများအားလုံး တစ်နေကုန် မနားတမ်း ပြင်ဆင်‌နေကြရပြီး ညဘက်တွင် အစောင့်အချို့ ချထားကာ အိပ်စက်ခဲ့ကြသည်။

ခြောက်လပိုင်း ၆ ရက်နေ့ မနက်စောစောတွင် စားသောက်ဆိုင်၏တံခါးကြီး ပွင့်လာပြီး ဗြောက်အိုး နှစ်တွဲ ဖောက်ကာ လူများကို ဆွဲဆောင်လိုက်သည်။

စုန့်ယွိလန်က တံခါးဝတွင် ရပ်ပြီး အပြုံးမျက်နှာလေးဖြင့် စကားပြောနေခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါရှင့်၊ ဒီနေ့ စားသောက်ဆိုင်ကို ကောင်တီမင်းသမီးက တစ်နေကုန် ငှားထားပါတယ်၊ ဒီနေ့တော့ စားစရာတွေ ရောင်းမှာ မဟုတ်ဘဲ အဖိုးတန်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးမှာပါ၊ စိတ်ဝင်စားရင် ဝင်ကြည့်နိုင်ပါတယ်၊ တံခါးဝမှာ ပစ္စည်းစာရင်းအုပ် ရှိပါတယ်၊ အသေးစိတ် ကြည့်ချင်ရင်တော့ ဝင်ကြေးပေးပြီး အပေါ်ထပ်ကို တက်ကြည့်နိုင်ပါတယ်ရှင့်"

စားသောက်ဆိုင်က နှစ်ထပ်ဖြစ်ပြီး ပထမထပ်၏ နံရံတလျှောက်တွင် စားပွဲများ ခင်းထားကာ ကြွေထည်၊ စာမူ၊ ပန်းချီကားနှင့် ပရိဘောဂအသေးစားလေးများကို ခင်းကျင်းပြသထားသည်။ ယပ်တောင်အိတ်များမှ စ၍ ပြတင်းပေါက်နှင့်တံခါးကန့်လန့်ကာများအထိ ပစ္စည်းစုံလင်လှတာကြောင့် ကုန်စုံဆိုင်ထက်ပင် ပိုစုံနေသေးသည်။ ဤပစ္စည်းများကို ဈေးနှုန်းအလိုက် စီစဉ်ထားပြီး ဈေးသက်သာသောပစ္စည်းများအတွက် ငွေတစ်လျန် သို့မဟုတ် နှစ်လျန်မှ စပြီး ဈေးကြီးသောပစ္စည်းများအတွက် လျန်ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းအထိ အမျိုးမျိုးရှိသည်။ ကြိုက်နှစ်သက်ရာ တစ်ခုခုကို တွေ့ပါက အနီးအနားတွင် ရပ်နေသော အစေခံကို မေးမြန်းပြီး ငွေပေးချေနိုင်သည်။

ထိုပစ္စည်းများအားလုံးက အဖိုးတန်ပစ္စည်းများ ဖြစ်နေသောကြောင့် စုန့်တင်းရှန်းက စစ်သူကြီးအိမ်တော်မှ အစောင့် ၂၀ ကို ခေါ်ယူကာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ပြင်ဆင်ထားခဲ့သည်။

ခရိုင်မြို့ရှိ လူများက ထိုကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ သူတို့က တံခါးဝတွင် အံ့ဩတကြီး ရပ်ကြည့်နေကြပြီး အစောင့်များ ရှိသောကြောင့် ဝင်ရန်လည်း တွန့်ဆုတ်နေကြသည်။ သို့သော် ဖြတ်သွားဖြတ်လာ ပညာရှိများကတော့ လက်ရေးလှစာမူနှင့် ပန်းချီကားများကို စျေးနှုန်းသက်သက်သာသာဖြင့် ရနိုင်မှန်း နားလည်းသွားပြီး ဘာမှမတွေးဘဲ ချက်ချင်း ဝင်ကြည့်ကြတော့သည်။

ပညာရှင်များက ရှေ့မှ ဦးဆောင်ပြီး ဝင်ရောက်သွားသည်ကို မြင်လိုက်ရချိန်တွင် ကျန်ရှိနေသော လူအုပ်ကြီးလည်း ရဲရဲဝံ့ဝံ့ ရှေ့တိုးလာပြီး ပစ္စည်းများကို စတင်ရွေးချယ်ကြတော့သည်။

သို့သော် ဒုတိယထပ်ရှိ ပစ္စည်းစာရင်းအုပ်ထဲမှ အထူးပစ္စည်းများကို ကြည့်ရှုလိုသူများကတော့ ဝင်ကြေးအပိုပေးဆောင်ရသည်။ ထိုကန့်သတ်ချက်က ဖိတ်စာ မရရှိထားဘဲ စပ်စုလိုသည့် လမ်းကြုံကုန်သည်များအတွက်သာ ဖြစ်သည်။ ဖိတ်စာရရှိထားသော ဧည့်သည်တော်များကတော့ ကောင်းစွာပြင်ဆင်လာကြပြီး ရထားလုံးများဖြင့် ရောက်လာကာ တိတ်ဆိတ်သော ဘေးတံခါးမှတစ်ဆင့် ဝင်ရောက်လာကြသည်။

စုန့်တင်းရှန်းက ကိုယ်ဝန်အရင့်အမာ ဖြစ်နေပြီး ကျိုးယိနိုကလည်း စစ်စခန်းတွင် အနေများသောကြောင့် ဝမ်သခင်မကသာ စုန့်ယွိလန်နှင့် ကျန်းကျူးတို့ကို ဦးဆောင်ပြီး ပွဲကို စီမံခန့်ခွဲပေးနေခဲ့သည်။ စားသောက်ဆိုင်၏ တာဝန်ခံအဖြစ် အလုပ်လုပ်နေခဲ့သော စုန့်ယွိလန်က ယခုအခါ အပြောအဆို ပိုလည်ဝယ်လာပြီး သူမ၏အမူအရာကလည်း ပိုမိုရင့်ကျက်လာခဲ့သည်။ လူမှုဆက်ဆံရေးတွင်လည်း သိသိသာသာ ပိုတိုးတက်လာခဲ့သည်။ ထို့အပြင် သူမက ကောင်တီမင်းသမီး၏ အစ်မဖြစ်သောကြောင့် လူအများက သူမကို မျက်နှာသာပေးရန် ဆန္ဒရှိကြပြီး လေထုက အလွန် သဟဇာတဖြစ်နေခဲ့သည်။

ဖိတ်ကြားခံရသော ဧည့်သည်တော်များက အနီးအနားရှိ မြို့များမှ ထင်ရှားသော မိသားစုကြီးများမှ ဖြစ်ကြပြီး အချင်းချင်းလည်း သိကျွမ်းကြသူများ ဖြစ်သည်။ ကျေးလက်တောရွာမှ ဆင်းသက်လာသော ကောင်တီမင်းသမီး ကျင်းပသည့် လေလံပွဲအပေါ် သူတို့ အလွန်စိတ်ဝင်စားနေကြသောကြောင့် ရက်အနည်းငယ် ကြိုတင်ရောက်ရှိနေကြကာ အချို့ဆိုလျှင် စစ်သူကြီးအိမ်တော်သို့ပင် လာရောက်လည်ပတ်ကြသည်။

စုန့်တင်းရှန်းက ကိုယ်ဝန်ရှိနေပြီး ဧည့်သည်များကို တိုက်ရိုက်မတွေ့နိုင်ဘဲ စစ်သူကြီးအိမ်တော်၏တစ်ဦးတည်းသော အိမ်တော်ထိန်းနှင့် ကျန်းကျူးတို့ကိုသာ သူမ၏ စကားများကို တစ်ဆင့်ပြောခိုင်းရသည်။ သူမက အဖိုးတန်လက်ဆောင်များကို လုံးဝလက်မခံဘဲ စားသောက်ဖွယ်ရာများကိုသာ လက်ခံရန် ညွှန်ကြားထားခဲ့သည်။ ထို့ကြောင့် ဧည့်သည်များက ထူးခြားသော ဟင်းသီးဟင်းရွက်များ၊ အမဲလိုက်ရာမှရသော သားကောင်များ၊ မုန့်မျိုးစုံနှင့် သစ်သီးဝလံများကို စစ်သူကြီးအိမ်တော်သို့ ပေးပို့ခဲ့ကြသည်။

စုန့်တင်းရှန်းက ထိုလူများအားလုံး ရယ်စရာကောင်းသည်ဟု ထင်နေပြီး စိတ်လည်းတိုနေမိသည်။ သူမက စားစရာအချို့ကိုသာ သိမ်းဆည်းထားခဲ့ပြီး ကျန်နေသည့်အရာများကို အစေခံများအား ခွဲဝေပေးလိုက်သည်။ ပိုလျှံနေသော အသားများကိုတော့ အလုပ်ရုံသို့ ပို့လိုက်ပြီး အိုးကြီးကြီးဖြင့် ချက်ပြုတ်စေကာ အလုပ်သမားများအားလုံးကို ကျွေးခိုင်းလိုက်သည်။ ဤအကြောင်းကို သိရှိသွားကြသောအခါ လက်ဆောင်ပေးသူများက ကောင်တီမင်းသမီးက အမှန်တကယ် ထူးခြားသော စိတ်ထားရှိသူဖြစ်ကြောင်း ချီးကျူးကြပြန်သည်။

သို့သော် သူတို့ကို ပို၍ စိတ်လှုပ်ရှားစေသည်က မကြာခင် စတင်တော့မည့် လေလံပွဲသာ ဖြစ်သည်။

ကျန်းကျူးက စုန့်တင်းရှန်းထံမှ နှစ်လကြာ လေ့လာသင်ယူ လေ့ကျင့်ထားခဲ့ပြီး ယခု ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ကာ လေလံစင်မြင့်ပေါ်၌ ယုံကြည်ချက်ရှိရှိ ရပ်နေနိုင်ပြီ ဖြစ်သည်။ သူမက အဆင့်မြင့်အရာရှိကြီးများနှင့် သူဌေး၊ သူကြွယ်ကြီးများရှေ့တွင် အနည်းငယ်မျှ ကြောက်ရွံ့နေခြင်း မရှိတော့ပေ။

လေလံပွဲကို မနက်ပိုင်းနှင့် နေ့လယ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည်။ မနက်ပိုင်းတွင် ကြွေထည်များ၊ လက်ရေးလှစာမူများနှင့် ကျောက်စိမ်းအဆင်တန်ဆာများကို လေလံတင်မည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် နံ့သာမျိုးစုံနှင့် ခမ်းနားထည်ဝါသော ပရိဘောဂကြီးများကို ရောင်းချမည်ဖြစ်သည်။ ဤပစ္စည်းများက စုန့်တင်းရှန်းအတွက် အသုံးမတည့်သလို အပေါင်ဆိုင်တွင် ထားလျှင်လည်း ရောင်းထွက်ရန် ခဲယဉ်းလှသည်။ အပေါင်ဆိုင်မှ ဝယ်ယူခဲ့စဉ် ပေးခဲ့ရသော စျေးနှုန်းကို ကြမ်းခင်းစျေးအဖြစ် သတ်မှတ်ထားသည်။

ဒုတိယထပ်ကို လေလံစင်မြင့်အား ဗဟိုပြုပြီး ယပ်တောင်အဝိုင်းလေး၏ပုံစံအတိုင်း စီစဉ်ထားပြီး ဘေးတစ်ဖက်စီတွင် အထူးဧည့်သည်တော်များ နားနေရန် သီးသန့်ခန်းများ ထားရှိသည်။ အရှေ့ဘက်စားပွဲများတွင် ဖိတ်စာဖြင့် လာရောက်သော အရာရှိများနှင့် သူကြွယ်ကြီးများ ထိုင်ရန် စီစဥ်ထားသည်။ အနောက်ဘက်ရှိ ခုံတန်းရှည်များတွင် ဝင်ကြေးပေးပြီး ဝင်ရောက်လာသော ကုန်သည်များနှင့် ကြည့်ရှုသူများ ထိုင်နေကြသည်။

စားပွဲတစ်ခုစီတွင် စုန့်တင်းရှန်း အသစ်ဖန်တီးထားသော မုန့်သေတ္တာများကို အဆင့်ဆင့် ထပ်တင်ထားသည်။ အချို၊ အဆိမ့်၊ အသားမုန့်နှင့် သက်သတ်လွတ်မုန့် အမျိုးစုံ ပါဝင်ပြီး ၎င်းတို့၏ မွှေးပျံ့သော ရနံ့ကြောင့် လူများက မုန့်သေတ္တာများသို့ မသိမသာ လှမ်းကြည့်နေကြသည်။ လူအများကြီး ရှိနေသောကြောင့် မုန့်ကို အတင်းနှိုက်စားရန် မသင့်တော်သော်လည်း ရနံ့ကတော့ လုံးဝ ညည်းမခံနိုင်အောင် ဆွဲဆောင်နေလေသည်။

ကျန်းကျူးက လေလံပွဲစတင်ကြောင်း ကြေညာလိုက်သည်နှင့် တစ်စုံတစ်ယောက်က မအောင့်နိုင်တော့ဘဲ အစပ်အရသာရှိသော ဝက်သားချောင်းတစ်ချောင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်တော့သည်။ အခြားသူများကလည်း ထိုသူ၏ မျက်နှာတွင် ပေါ်လာသော ပျော်ရွှင်မှုကို မြင်သွားပြီး မုန့်များကို အားပါးတရ စတင်စားကြတော့သည်။

"မင်္ဂလာရှိတဲ့ ကံကောင်းခြင်းတိမ်တိုက်ပုံစံ စုတ်တံတင်ခွက်... ကြမ်းခင်းစျေး ငွေလျန် ၁၂၀၊ တစ်ခါ စျေးပြိုင်ရင် ငွေဆဘ်လျန်တိုးပေး ရပါမယ်ရှင့်"

ကျန်းကျူး၏ ကြည်လင်သော အသံက ခန်းမတစ်ခုလုံးဆီသို့ ပျံ့လွင့်လာသည်။

အစေခံမလေးတစ်ယောက်က လှပသော ပိုးထည်ဖြင့် ဖုံးအုပ်ထားသည့် လင်ဗန်းကို ကိုင်ဆောင်လာပြီး တိမ်တိုက်ပုံစံ အဖြူရောင်ကျောက်စိမ်း စုတ်တံတင်ခွက်ကို ဧည့်သည်များအား လှည့်လည်ပြသနေသည်။ သူမက ဘေးတစ်ဖက်စီရှိ သီးသန့်ခန်းများမှ ဧည့်သည်တော်ကြီးများကို အရင်ပြသခဲ့ပြီး ထို့နောက် အရှေ့တန်းမှ ဂုဏ်သရေရှိလူကြီးမင်းများ၊ နောက်ဆုံးတွင် အနောက်ဘက်မှ လူအုပ်ကြီးထံသို့ ပြသလိုက်သည်။

သူမ တစ်ပတ် ပတ်ပြီးချိန်တွင် စျေးနှုန်းက ငွေလျန် ၂၆၀ အထိ ထိုးသွားခဲ့သည်။

"အထူးဧည့်သည်တော် နံပါတ် ၂၄ ဧည့်သည်တော်ကြီးက ငွေလျန် ၃၀၀ ပေးပါတယ်။ နောက်ထပ် စျေးပြိုင်မယ့်သူ ရှိပါသေးသလားရှင်၊ လျန် ၃၀၀ တစ်ကြိမ်... လျန် ၃၀၀ နှစ်ကြိမ်... လျန် ၃၀၀ သုံးကြိမ်"

ကျန်းကျူး၏ လက်ထဲမှ သစ်သားတူငယ်လေး ကျလာပြီး သူမက ကျယ်ကျယ်လေး ကြေညာပေးလိုက်သည်။

"ဂုဏ်ယူပါတယ်ရှင်၊ ဒီ အဖြူရောင်ကျောက်စိမ်း မင်္ဂလာတိမ်တိုက် စုတ်တံတင်ခွက်ကို နံပါတ် ၂၄ ဧည့်သည်တော်ကြီးက ရရှိသွားပါပြီရှင့်"

အားလုံး၏ ရှေ့မှောက်မှာပင် အစေခံများက ကျောက်စိမ်းခွက်လေးကို ကတ္တီပါသေတ္တာထဲ ထည့်ကာ နံပါတ် ၂၄ ဧည့်သည်ထံ အပ်နှံလိုက်သည်။ ထို့နောက် ရရှိလာသော ငွေစက္ကူများကို အနောက်ဘက်ရှိ သီးသန့်ခန်းတစ်ခုသို့ ယူဆောင်သွားကြသည်။

ထိုအခန်းထဲတွင် စုန့်တင်းရှန်းက ကျိုးယိနိုနှင့်အတူ လက်ဖက်ရည်သောက်ရင်း မုန့်စားနေကာ အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။

လေလံပွဲက အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဧည့်သည်အချို့က လက်ရေးလှစာမူနှင့် ပန်းချီကားများအတွက် အပြိုင်အဆိုင် စျေးပေးခဲ့ကြသည်။ စျေးနှုန်းများ တရိပ်ရိပ် တက်လာသည်က စုန့်တင်းရှန်းကိုပင် အံ့သြသွားစေခဲ့သည်။

ကျိုးယိနိုကတော့ သူ့ဘာသာသူ ရေရွတ်နေလေသည်။

"ပန်းချီကားပေါ်က စာလုံးအနည်းငယ်က ဒီလောက်တောင် တန်ဖိုးရှိတာလား"

"ဒါက ပညာရှင်ကြီးတွေရဲ့ လက်ရာဖြစ်မှာပေါ့၊ ကျွန်မ ရှေ့ကို ချပြရင်တောင် ကျွန်မကတော့ ခွဲခြားတတ်မှာ မဟုတ်ဘူး"

စုန့်တင်းရှန်းကလည်း အံ့ဩတကြီး မှတ်ချက်ပေးလိုက်သည်။

ညမှောင်လာပြီး မီးအိမ်များ ထွန်းညှိလိုက်ချိန်တွင် လေလံပွဲလည်း ပြီးဆုံးသွားခဲ့သည်။ စာရင်းထဲရှိ ပစ္စည်းအားလုံး ရောင်းထွက်သွားပြီး စုန့်တင်းရှန်း၏ ရှေ့တွင် ငွေစက္ကူများ စုပုံနေသည်။

"အဒေါ့်ကို တကယ်ကျေးဇူးတင်ပါတယ်"

စုန့်တင်းရှန်းက ငွေလျန်ငါးဆယ်တန် ငွေစက္ကူကို ထုတ်ယူပြီး ဝမ်သခင်မထံသို့ ကမ်းပေးလိုက်သည်။

ဝမ်သခင်မက အလျင်အမြန် ငြင်းဆန်လိုက်သည်။

"နင်က ငါ့ကို အဖိုးတန်ပစ္စည်းတွေ အများကြီး ပေးထားပြီးသားလေ၊ ဒါကို ထပ်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် အတင်းပေးနေပြန်သည်။

"ဒါက အဒေါ်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်တဲ့ အသိအမှတ်ပြုမှုလေးပါ၊ မဖြစ်မနေ ယူကို ယူရမယ်၊ ပြီးတော့ ဒီမုန့်လုပ်နည်းတွေကိုလည်း အဒေါ် စိတ်ဝင်စားမယ်လို့ ကျွန်မ ယုံကြည်တယ်"

သူမက ပြောပြောဆိုဆိုဖြင့် သူမ၏ အင်္ကျီလက်ထဲမှ စာရွက်အချို့ကို ထုတ်ပေးလိုက်သည်။

ဝမ်သခင်မက စာရွက်များကို ဖြန့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါ... ဒါက တန်ဖိုးကြီးလွန်းတယ်"

ထိုစာရွက်များပေါ်တွင် လေလံပွဲ၌ ဧည့်သည်များကို ကျွေးမွေးခဲ့သည့် မုန့်အမျိုးမျိုး၏ လုပ်နည်းများ ရေးထားခြင်းပင်။

စုန့်တင်းရှန်းက သူမကို ထပ်ပြောလိုက်သည်။

"ဒါက ဘာမှ မဟုတ်ပါဘူး၊ အဒေါ် စိတ်ဖြောင့်ဖြောင့်နဲ့ ယူလို့ ရပါတယ်၊ ကျွန်မရဲ့ မုန့်ဆိုင်က မုန့်တွေကလည်း အရမ်းကို ရောင်းကောင်းနေတာ၊ ဒါပေမယ့် ဒီမုန့်တွေက အကြာကြီး အထားမခံဘူး၊ နေ့တိုင်း အသစ်လုပ်ပြီး ချက်ချင်း ရောင်းရတာမျိုးလေ၊ ဒါကြောင့် အဒေါ်ဆိုင်က ကျွန်မဆိုင်ကို ပြိုင်ဆိုင်မှာကိုလည်း ကျွန်မ မစိုးရိမ်ဘူး၊ အိမ်မှာ အစေခံတွေကို အရင်စမ်းလုပ်ခိုင်း ကြည့်ပေါ့၊ အရသာ အဆင်ပြေပြီဆိုမှ ဆိုင်ကို နေ့တိုင်း ပို့ပြီး ရောင်းခိုင်းတာက အကောင်းဆုံးပဲ"

ဝမ်သခင်က အပြုံးဖြင့် ပြောလာခဲ့သည်။

"ဟူထောင် ပြောတာ မမှားဘူးပဲ၊ နင်က ငါ့ကို အံ့သြစရာတွေ ပေးလိမ့်မယ်တဲ့၊ ဒီလက်ဆောင်က တကယ်ကို ကြီးမားလွန်းတယ်"

သူမက စိတ်လှုပ်ရှားနေဟန်ဖြင့် စာရွက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။

"ကျွန်မတို့က နောင်လည်း လက်တွဲသွားရဦးမှာပဲလေ၊ အဒေါ် အားနာနေဖို့ မလိုပါဘူး၊ ဒါတွေကို အဒေါ်ရဲ့ ကိုယ်ပိုင်စုငွေအဖြစ် သတ်မှတ်ထားလိုက်ပေါ့၊ ဒါမှ နောက်ပိုင်း အဒေါ် ဝယ်ချင်တာရှိရင် ဘယ်သူ့ကိုမှ အားနာစရာမလိုဘဲ ဝယ်လို့ ရလိမ့်မယ်"

ဝမ်သခင်မက သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။

"နင် ပြောတာ အကုန်မှန်တယ်၊ တင်းရှန်း..... နင့်ရဲ့ စေတနာကို ငါ သိပါတယ်၊ နောက်ကျရင် ဘာကိစ္စပဲရှိရှိ ငါ့ကို ပြောနော်၊ ငါ အစွမ်းကုန် ကူညီပေးမယ်"

ဝမ်သခင်မ ထွက်ခွာသွားပြီးနောက် စုန့်တင်းရှန်းက ကျန်းကျူးနှင့် မော့ယွင်ကို ခေါ်လိုက်သည်။ သူမက ကျန်းကျူးထံသို့ ကျောက်စိမ်းသေတ္တာလေးတစ်လုံး လှမ်းပေးလိုက်သည်။

"ဒါကို ယူထားလိုက်၊ နောက်ကျရင် မင်းရဲ့ အိမ်ထောင်ဖက်ဆီ ယူသွားမယ့် ခန်းဝင်ပစ္စည်းအဖြစ် သိမ်းထားပေါ့"

ကျန်းကျူး သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဝင်းလက်တောက်ပနေသော ဆံထိုးများနှင့် လက်ကောက်များကို မြင်လိုက်ရပြီး သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒါ... ဒါက... သခင်မ၊ ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းပါတယ်ရှင့်၊ ကျွန်မက ဒါတွေနဲ့ မထိုက်တန်ပါဘူး"

"ငါက ထိုက်တန်တယ်လို့ ပြောရင် ထိုက်တန်တာပဲ၊ နောက်ကျရင်လည်း နင်က ငါ့ဘေးမှာ ရှိနေဦးမှာဆိုတော့ ငါ နင်ကို ပစ်ထားမှာ မဟုတ်ပါဘူး"

ထိုသို့ ပြောပြီးနောက် စုန့်တင်းရှန်းက နောက်ထပ် သေတ္တာတစ်လုံးကို မော့ယွင်ထံသို့ လှမ်းပေးလိုက်သည်။

"မင်းလည်း ဒီရက်ပိုင်းအတွင်း တော်တော်ပင်ပန်းသွားပြီ၊ ဒါကို ယူပြီး သောက်စရာတွေ သွားဝယ်သောက်ပေါ့"

မော့ယွင်က လေးလံသော သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ငွေတုံးပေါင်း ငါးဆယ် တိတိ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ သူက ကျေးဇူးတင်လွန်းသောကြောင့် ချက်ချင်း ဒူးထောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် သခင်မ၊ ဒီငွေတွေနဲ့ဆိုရင် ကျွန်တော် တစ်နှစ်ပတ်လုံး အရက်သောက်လို့ ရပြီဗျ"

"သောက်တာတော့ သောက်ပေါ့၊ ဒါပေမယ့် ပြဿနာတော့ မရှာနဲ့၊ နားလည်လား"

စုန့်တင်းရှန်းက သူတို့ကို လက်ကာပြပြီး ပြန်လွှတ်လိုက်ကာ နောက်ဆုံးတွင် ကျိုးယိနိုဘက်သို့ လှည့်လိုက်သည်။

ကျိုးယိနိုက အံ့အားတကြီး မေးလာခဲ့သည်။

"ဘာလဲ၊ ကိုယ်လည်း ဆုလာဘ်တွေ ရမှာလား"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"မှန်တာပေါ့၊ စစ်သူကြီးကျိုး..... ရှင်လည်း ကျွန်မနောက်ကို တစ်နေကုန် လိုက်ပေးနေတာလေ၊ လျော်ကြေးလေးတော့ ရသင့်တာပေါ့ မဟုတ်ဘူးလား"

ကျိုးယိနိုက လက်ခါပြလိုက်သည်။

"ကိုယ့်ကို ငွေတွေ၊ ရတနာတွေ မပေးပါနဲ့၊ ကိုယ် အဲဒါတွေကို မလိုချင်ဘူး၊ မင်းသာ ဒီည ကိုယ်နဲ့အတူ အချိန်ဖြုန်းပေးမယ်ဆိုရင်..."

"ပါးစပ်ပိတ်ထားစမ်း"

စုန့်တင်းရှန်းက သူမ၏လက်ကို ဆန့်ကာ ကျိုးယိနို၏ ပါးကို ဆွဲညှစ်လိုက်သောကြောင့် သူ့မျက်နှာက ဘဲတစ်ကောင်လို ဖြစ်သွားရပြန်သည်။

"ရှင်ကတော့လေ၊ တကယ့်ကို လူမိုက်ပဲ၊ အိတ်ထဲရောက်လာမယ့် ပိုက်ဆံကိုတောင် မလိုချင်ဘူး၊ ရှင်ကိုယ်တိုင် မလိုချင်ရင်တောင် ရှင့်ရဲ့ လက်အောက်ငယ်သားတွေကို စဉ်းစားပေးရမယ်လေ။ တစ်ခါတစ်လေ သူတို့ကို ထမင်းကျွေးတာမျိုး၊ အရက်တိုက်တာမျိုးက ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ လုပ်ပေးသင့်တဲ့ အလုပ်ပဲ"

စုန့်တင်းရှန်းက သူ့ကို ပြန်လွှတ်ပေးလိုက်ချိန်တွင် ကျိုးယိနိုက ရယ်မောရင်း ပြန်ပြောလာခဲ့သည်။

"အမိန့်တော်အတိုင်းပါ သခင်မ၊ သခင်မက အမြဲတမ်း အမြော်အမြင်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကို ငွေစက္ကူတွေတော့ မပေးပါနဲ့၊ စစ်စခန်းမှာ အဲဒါတွေကို လဲလှယ်ဖို့ နေရာ မရှိဘူး, အဲဒီအစား ငွေတုံးတွေပဲ ပေးပါလား၊ ကိုယ် သူတို့ တစ်ယောက်ချင်းစီကို ဆုချလိုက်မယ်"

ကျိုးယိနို၏ ကလေးဆန်သော အမူအရာကို ကြည့်ပြီး စုန့်တင်းရှန်းက မျက်စောင်းထိုးလိုက်ပြန်သည်။

"ကောင်းပြီလေ၊ သွားကြစို့၊ ညကျရင် အကြီးဆုံးအစ်မနဲ့ စာရင်းတွေ အကုန်ရှင်းရဦးမယ်"

ယနေ့တွင် သူမတို့ ငွေလျန်ငါးသောင်းကျော်ဖိုး လေလံတင် ရောင်းချနိုင်ခဲ့သည်။ ငွေစက္ကူများကို ဖယ်လိုက်လျှင်ပင် ငွေတုံး၊ ငွေစများက သေတ္တာအသေးတစ်လုံးစာ ပြည့်နေပြီး အိပ်ရာပေါ်တွင် ငွေတောင်ငယ်လေးတစ်ခုကဲ့သို့ စုပုံနေသည်။

ကုန်ကျစရိတ် အားလုံးကို အပေါင်ဆိုင်ဝန်ထမ်းများက တွက်ချက်ပြီးဖြစ်သလို ဆိုင်တာဝန်ခံအသစ်ကလည်း အရာအားလုံးကို ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။ အရင်းများ နုတ်လိုက်လျှင် အသားတင်အမြတ် ငွေလျန်သုံးသောင်းကျော် ရရှိခဲ့သည်။

“ကျွန်မ အပေါင်ဆိုင်ရဲ့ စာရင်းထဲမှာ ကုန်ကျစရိတ်အားလုံးကို မှတ်တမ်းတင်ထားပြီးပြီ၊ ဆိုင်ရှင်ဖန်းကလည်း စာရင်းမှတ်တမ်းတွေကို ရှင်းရှင်းလင်းလင်း သိမ်းထားတယ်။ ကုန်ကျစရိတ်တွေ နှုတ်လိုက်ရင် အမြတ်ငွေက သုံးသောင်း ကျန်တယ်”

စုန့်တင်းရှန်းက အပြုံးဖြင့် ပြေးနေရင်း အဖွားဖြစ်သူကို ထပ်ပြောလိုက်ပြန်သည်။

"အဖွား... ဒီငွေစလေးတွေကို အဖွားပဲ ယူထားလိုက်ပါ၊ နှစ်သစ်ကူး မုန့်ဖိုးပေးတာပဲဖြစ်ဖြစ်၊ ကျွန်မတို့အတွက် မုန့်ဖိုးပေးတာပဲဖြစ်ဖြစ် သုံးပေါ့"

လီရှီက ရယ်မောလိုက်သော်လည်း သူမကို ဆူပူနေပြန်သည်။

"နင့်ငွေတွေကို မြန်မြန် ပြန်ယူသွားစမ်းပါဟယ်၊ နင်က ငါ့ကို ငွေတွေ ပေးပြီး ငါ့ဆီကနေ မုန့်ဖိုးပြန်တောင်းချင်သေးတာလား၊ ငါက ဘာလို့ နင့်အတွက် ဒီလောက် ပူပန်ပေးနေရမှာလဲ"

"သမီးတို့အတွက် မုန့်ဖိုးက အဖွား မပေးရင် ဘယ်သူက ပေးမှာလဲ၊ ဒါပေမယ့် နောက်ပိုင်း အဖွား ဝယ်ချင်တာ တခုခုရှိရင် ပိုက်ဆံကုန်မှာကို စိုးရိမ်မနေဘဲ ဒီငွေတွေ ထဲကနေ ဝယ်လို့ ရပြီလေ"

စုန့်ရှင်းယိက သူ့၏ဆေးတံကို ကိုင်ထားရင်း စိတ်ဓာတ်ကျနေဟန်ဖြင့် ပြောလာပြန်သည်။

"နင့်အဖွားကတော့ စည်းစိမ်တွေ အပြည့်ပဲ၊ အဖိုးမှာတော့ ဘာမှ မရှိဘူး"

စုန့်တင်းရှန်းက မျက်လုံးဝိုင်းလေးများဖြင့် ပြန်မေးလိုက်သည်။

"ဘာလဲ၊ အဘိုးကလည်း ကိုယ်ပိုင်စုငွေတွေ သိမ်းထားတော့မလို့လား"

စုန့်ရှင်းယိက ရယ်မောလိုက်ပြီး စုန့်တင်းရှန်း၏ ခေါင်းကို ခပ်ဖွဖွ လှမ်းခေါက်လိုက်သည်။

"ဘာကို ကိုယ်ပိုင်စုငွေလဲ၊ ထားလိုက်ပါတော့၊ ငါကလည်း ပိုက်ဆံ မလိုပါဘူး"

စုန့်တင်းရှန်းက အဘိုးကို ထပ်စလိုက်သည်။

"ဒါဆို အဖိုးရဲ့ ဆေးတံကြီးကို ရွှေ‌တွေ ကပ်ပေးရမလား၊ နောက်ပြီး ‌ရွှေအံကပ်တစ်ခု"

"တော်စမ်း....တော်စမ်း၊ အဲ့ဒါတွေကို ရွှေနဲ့လုပ်ထားရင် ငါ နေ့တိုင်း ယူသွားရဲပါ့တော့မလား၊ မျက်စိတစ်မှိတ်အတွင်း အခိုးခံလိုက်ရရင် ငါ သေလောက်အောင်စိတ်ပူရမှာ မဟုတ်ဘူးလား၊ မင်းက အဖိုးကို ဂရုစိုက်နေတာ မဟုတ်ဘူး၊ ငါ့ကို ဒုက္ခပေးနေတာပဲ”

စုန့်တင်းရှန်းက မသိနားမလည်ဟန်လေးဖြင့် တိုင်တောလိုက်သည်။

"အဖွား... ကြည့်ပါဦး၊ အဖိုးက သမီးကို အနိုင်ကျင့်နေတယ်"

လီရှီကတော့ တသိမ့်သိမ် ရယ်မောနေလေသည်။

"ဘယ်သူကများ နင်ကို အနိုင်ကျင့်ရဲတားတုန်း၊ ကဲပါ... မုန့်ဖိုး ဟုတ်လား၊ ဒါဆို ငါ အရင်ဆုံး ငွေဆယ်လျန်တန် ငွေတုံးကြီးတွေ ပေးမယ်။ အာ့နွီ... ဒါကို ယူထားလိုက်၊ ပြီးရင် နင့်အစ်မကို တစ်တုံးပေးမယ်၊ ဟူထောင်ကိုလည်း တစ်တုံးပေးရမယ်၊ ငါရဲ့အဖိုးကြီးနဲ့ ချွေးမတွေကိုတော့ နှစ်တုံးစီ ပေးလိုက်မယ်၊ တကယ်တော့ ငွေတုံးကြီးတွေကို တစ်တုံးချင်း မုန့်ဖိုးပေးရတာ တကယ့်ကို ခံစားချက် ကောင်းစေတာပဲ"

ထို့နောက် လီရှီက စုန့်တင်းရှန်းထံ ငွေစအချို့ ထပ်ကမ်းပေးရင်း ပြောလာခဲ့သည်။

"အာ့နွီ... ဒါတွေကို နင့်ဆီက ငွေစက္ကူတွေနဲ့ လဲပြီးတော့ နင့်ရဲ့ အငယ်ဆုံးဦးလေးဆီ ပို့ပေးချင်တယ်"

စုန့်တင်းရှန်းက မချိုမချဥ် အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"အဖွား... ဘာလို့ အငယ်ဆုံးဦးလေးဆီကို ပိုက်ဆံပို့ဖို့ ဒီလောက် လောနေတာလဲ၊ သမီး သူတို့ မြို့တော်မှာ အိမ်ဝင်းအကြီးကြီး ဝယ်နိုင်ဖို့ သူ့ဆီကို လူလွှတ်ပြီး ငွေပို့ထားပြီးပြီ"

လီရှီက မျက်တောင်တခတ်ခတ်ဖြင့် မျက်ရည်များ ဝဲလာခဲ့သည်။

‘သူမရဲ့ အကြီးဆုံးသားနဲ့ ဒုတိယသားက သူမရဲ့ဘေးနားမှာ ရှိနေပေမယ့် အချစ်ရဆုံး သားငယ်လေးကတော့ မြို့တော်မှာ ကျန်နေခဲ့တယ်။ မိခင်တစ်ဦးအနေနဲ့ သူမ သားအတွက် အမြဲစိုးရိမ်ပူပန်နေရပြီး ရရှိလာတဲ့ ကံကောင်းတွေကို အငယ်ဆုံးသားအတွက်လည်း ဝေမျှပေးချင်ခဲ့တယ်။ ဒါပေမယ့် သူမ ဘာမှ မပြောရသေးခင် သူမရဲ့မြေးမလေးက စီစဥ်ပြီးသား ဖြစ်နေမယ်လို့တော့ သူမ မထင်ခဲ့မိဘူး။’

သူမက စုန့်တင်းရှန်း၏ ပါးလေးကို အသာအယာ ကိုင်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

"တကယ်လို့ မင်းတို့ရဲ့ တတိယဦးလေးက စာကို ကောင်းကောင်းမသင်ဘဲ နေမယ်ဆိုရင် ငါ သူ့ကို အလွတ်မပေးဘူး၊ အာ့နွီက မိသားစုကို ထောက်ပံ့ဖို့ ဒီလောက်ပင်ပင်ပန်းပန်း ငွေရှာနေရတာ၊ ဘယ်သူပဲဖြစ်ဖြစ် မိသားစုစိတ်ဝမ်းကွဲအောင် လုပ်မယ်ဆိုရင် စောစောစီးစီးသာ ထွက်သွားကြ၊ နားလည်လား"

"အဖွားကလည်း..."

စုန့်တင်းရှန်းက အဖွားဖြစ်သူ၏ ရင်ခွင်ထဲသို့ အသာတိုးဝင်လိုက်သည်။ ဤမျှ အမြော်အမြင်ရှိသော အဖွားအိုကို သူမ အမှန်တကယ် လေးစားနေမိခြင်းပင်။

.......။........။......

"တင်းရှန်းက ကလေးမွေးခါနီးပြီဆိုတော့ လာနိုင်မှာ မဟုတ်ဘူး၊ သူ မလာနိုင်ရင် ရှန်းအာလည်း လာမှာ မဟုတ်ဘူး"

ကြင်ယာတော်မင်းသမီးကြီးက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောနေပြန်သည်။

"ထားလိုက်ပါတော့လေ... သူတို့ကလည်း မြို့တော်ကို လာရတာ ကြိုက်မှ မကြိုက်ကြတာ"

မင်းသားကြီးက သူမကို နှစ်သိမ့်‌ပေးလိုက်သည်။

"ဒီနှစ် သူတို့ဆီ သွားလည်ဖို့ စီစဉ်ထားပေမယ့် မသွားဖြစ်ခဲ့ဘူး၊ ဒါပေမယ့် နောက်နှစ်ဆို မြေးဦးလေးကို မြင်ရတော့မှာပဲလေ၊ အဲဒီကျရင် သားနဲ့ ချွေးမဆီမှာ အကြာကြီးနေပြီး သံယောဇဉ်တွေ တည်ဆောက်ကြတာပေါ့"

"အပြောကတော့ ချောနေတာပဲ"

ကြင်ယာတော်မင်းသမီးကြီးက ခင်ပွန်းဖြစ်သူကို ပြန်စနောက်နေသည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်းကြီး ဝင်လာပြီး သတင်းပို့လာခဲ့သည်။

"အရှင်မင်းသမီး... ဝေခရိုင်က သခင်လေးနဲ့ သခင်မလေးတို့ဆီက လက်ဆောင်တွေ ရောက်လာပါတယ်"

သူ့လေသံက အနည်းငယ် ထူးဆန်းနေသည်။ သူလည်း စားဖိုဆောင် အကူနှစ်ယောက် လက်ဆောင်အဖြစ် ပို့လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့မိပေ။

"စားဖိုဆောင်အကူ ဟုတ်လား"

အကြောင်းစုံ သိသွားချိန်တွင် ကြင်ယာ‌တော်မင်းသမီးကြီးက မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

"စားဖိုဆောင်အကူတွေက ဘာပြဿနာရှိလို့လဲ၊ သူတို့မှာ ပြဿနာ ရှိရင်တောင် တင်းရှန်းက ငါ အရှက်ရမှာ စိုးရိမ်လို့ ဒီလိုအချိန်မျိုးကြီး သူတို့ကို ပြန်ပို့မှာ မဟုတ်ပါဘူး"

သူမက ပြောပြောဆိုဆိုဖြင့် အပြင်သို့ ထွက်ကြည့်ရန် ထရပ်လိုက်သည်။

"အဲ့စားဖိုဆောင်အကူတွေက ဘယ်မှာလဲ"

.......။.......။.....

စားဖိုဆောင်အကူနှစ်ယောက်က သေတ္တာတစ်လုံးကို ကိုင်ကာ မင်းသမီးကြီးရှေ့၌ ဒူးထောက်နေကြသည်။

"အရှင်မင်းသမီးကြီး... ဒါက သခင်လေးနဲ့ သခင်မလေးတို့ဆီက လက်ဆောင်တွေပါ၊ သခင်မလေးက အရှင်မင်းသမီးကြီးမှာ ရွှေငွေရတနာတွေ မရှားဘူးလို့ ထင်နေတာကြောင့် ဧည့်သည်တော်တွေအတွက် ထူးခြားတဲ့ အတွေ့အကြုံသစ် ရစေဖို့ ဒါတွေကို ပြင်ဆင်ပေးလိုက်တာပါ၊ သခင်မလေးက ပြောပါတယ်... ဒီ 'ဝံပုလွေသီး'တွေက စားလို့ရသလို အရမ်းလည်း အရသာရှိပါတယ်တဲ့၊ သူကိုယ်တိုင်လည်း ဒီအသီးနဲ့ ဘယ်လို ဟင်းလျာတွေ ချက်ရမလဲဆိုတာ ကျွန်တော်မျိုးမတို့ကို သင်ပေးလိုက်ပါတယ်"

"ဝံပုလွေသီးလား၊ အဲ့ဒါက စားလို့ ရတယ် ဟုတ်လား"

ကြင်ယာတော်မင်းသမီးကြီးက အံ့ဩတကြီး ပြန်‌မေးလိုက်သည်။

"ဒီကလေးမလေးကတော့... ဘာလို့ အကုန်လျှောက်စားနေတာလဲ၊ အရင်က အစာငတ်ပြီးများ သေခဲ့လို့လား"

ပြည့်ပြည့်ဖောင်းဖောင်း မီးဖိုချောင် အစေခံမလေးက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဝံပုလွေသီးက နီရဲနေလို့ ကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းပေမယ့် ချိုချိုချဉ်ချဥ် အရသာလေး ရှိပြီး အစိမ်းစားရင်လည်း တကယ်ကောင်းပါတယ်၊ သခင်မလေးက နောက်နှစ် စိုက်ဖို့အတွက် အစေ့တွေကိုတောင် သိမ်းထားပါသေးတယ်"

"အစိမ်းစားတယ်"

ကြင်ယာတော်မင်းသမီးကြီးခမျာ မေ့လဲမတတ် ဖြစ်သွားရသည်။

.......။......။........

စာရေးသူ၏ မှတ်ချက် :

စုန့်တင်းရှန်း : စားလို့ ရတာတွေ အများကြီးရှိတယ်လေ၊ ရှင်တို့ကသာ ဒါတွေကို မသိကြတာ....

ကြင်ယာတော်မင်းသမီးကြီး : ဒီကလေးမလေးကတော့... စားဖို့အတွက်ဆိုရင် အသက်တောင် အသေခံမယ့်ပုံပဲ။ အင်း... တကယ့် အရသာ ရှိတာပဲ။

အခန်း ၉၂ မင်္ဂလာရှိသော အမြွှာကိုယ်ဝန်

ဝံပုလွေသီးကို အစိမ်းစားရန်က လူအများအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့သည်။

ကြင်ယာတော်မင်းသမီးကြီး၊ မင်းသားကြီးနှင့် ကျိုးယွီလင်းတို့က အလှစိုက်ပင်အဖြစ်သာ စိုက်ပျိုးထားသော ခရမ်းချဉ်သီးပင်များကို ကြည့်နေကြသည်။ လုံးလုံးဝိုင်းဝိုင်းနှင့် နီရဲနေသောအသီးများက ဆွဲဆောင်မှုရှိသော်လည်း ထိုကဲ့သို့ တောက်ပလွန်းသော အရောင်က အဆိပ်ရှိနိုင်သည်ဟု သံသယ ဖြစ်စေသည်။

"အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီးတို့ စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုရင် ကျွန်တော်မျိုးမ အရင်စားပြပါရစေ"

ဖွံ့ဖွံ့ထွားထွား စားဖိုဆောင်အကူလေးက ပြောရင်းဆိုရင်း ခရမ်းချဉ်သီးတစ်လုံးကို ဆွတ်ယူပြီး အားပါးတရ ကိုက်စားပြလိုက်သည်။

ချိုချဉ်စိမ့်သောရနံ့က လေထဲသို့ ပျံ့လွင့်သွားပြီး အသီးမှ အရည်များကလည်း လျှံထွက်လာသည်။

ခရမ်းချဉ်သီးကို အားရပါးရ စားနေသော စားဖိုဆောင်အကူလေးကတော့ စိတ်ထဲမှ တွေးနေလေသည်။

‘ဝေခရိုင်မှာဆိုရင် ဒီလို အဖိုးတန်တဲ့အသီးကို စားဖို့ဆိုတာ အိမ်တော်က သခင်တွေတောင် မစဉ်းစားနိုင်တဲ့ကိစ္စပဲ၊ အခုတော့ ငါ ဒီအရသာကို စိတ်ကြိုက် ခံစားခွင့်ရနေပြီ’

သူမ၏ အမူအရာကို မြင်နေရသည့် ပိန်ပိန်ပါးပါး စားဖိုဆောင်အကူလေးကလည်း ဝင်ပြောလိုက်သည်။

"အရှင်မင်းသားကြီးတို့ စိုးရိမ်နေသေးရင် ကျွန်တော်မျိုးမလည်း စားပြပါ့မယ်"

ကြင်ယာတော်မင်းသမီးကြီးက နီရဲသောအသီးကို ထိကြည့်ရင်း မေးလာပြန်သည်။

"တင်းရှန်းက ဒါကို စားလို့ ရမှန်း ဘယ်လိုသိသွားတာလဲ"

ဖွံ့ဖွံ့ထွားထွား စားဖိုဆောင်အကူလေးက တရိုတသေ ပြန်ဖြေလိုက်သည်။

"အစကတော့ သခင်မလေးက ဒါကို စားလို့ရမှန်း မသိပါဘူး၊ ဒါပေမယ့် အိုးထဲက အသီးမှည့်တစ်လုံးက မြေကြီးပေါ် ပြုတ်ကျသွားပြီး အိမ်တော်က ကြက်တွေ ဝိုင်းဆိတ်နေကြတာကို မြင်ခဲ့ရတာပါ၊ ကြက်တွေ ဘာမှ မဖြစ်တာကို တွေ့တော့မှ သခင်မလေးက သူကိုယ်တိုင် တစ်လုံး စမ်းစားကြည့်ခဲ့တာပါ၊ အဲဒီတုန်းက အစ်မကျန်းကျူးဆိုရင် တော်တော် လန့်သွားပြီး သခင်မလေး အန်ထုတ်နိုင်အောင် ပဲစိမ်းဟင်းချိုတွေ၊ နွားနို့တွေ အတင်းတိုက်ပါသေးတယ်၊ ဒါပေမယ့် သခင်မလေးက ဘာမှမဖြစ်တဲ့အပြင် အဲ့ဒီအရသာကိုတောင် စွဲလမ်းသွားခဲ့ပါတယ်"

"ဒီကလေးမလေးကတော့... ဘာလို့ ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ၊ သူ့ဗိုက်ထဲမှာ ကလေးရှိနေတာကိုရော မသိတော့ဘူးလား"

ကြင်ယာတော်မင်းသမီးကြီးက စုန့်တင်းရှန်း၏ လုပ်ရပ်ကို အမှန်တကယ် ထိတ်လန့်နေခဲ့သည်။

ကျိုးယွီလင်းက အိုးထဲမှ ခရမ်းချဉ်သီးတစ်လုံးကို ခူးဆွတ်ကာ ရုတ်တရက် ကိုက်စားလိုက်ပြီး သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

"ကျိုးယွီလင်း၊ မင်း ဘာလို့ မဆင်မခြင် စားလိုက်ရတာလဲ"

ကြင်ယာ‌တော်မင်းသမီးကြီးက သူမ၏ရင်ဘတ်ကို ဖိကာ ရုတ်တရက် ထအော်လိုက်သည်။

ကျိုးယွီလင်းက နောက်တစ်ကြိမ် ထပ်ကိုက်ပြီး ဝါးနေရင်း ပြန်ဖြေလိုက်သည်။

"အမေ... ဒါက တကယ်အရသာရှိတယ်၊ ချိုချိုချဉ်ချဥ်နဲ့ အရည်လည်း ရွှမ်းတယ်၊ အသားကလည်း ဝါးစားလို့ ကောင်းပြီး နှုးညံ့နေတာပဲ၊ တကယ်ကို စားလို့ ကောင်းလွန်းတယ်"

"နင်က နောက်ရက်အနည်းငယ်ဆို မင်္ဂလာဆောင်တော့မှာလေ၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ"

ကြင်ယာ‌တော်မင်းသမီးကြီး၏ မျက်နှာက ဖြူဖျော့သွားသည်။

စားဖိုဆောင်အကူမလေးက အမြန် နှစ်သိမ့်ပေးလိုက်သည်။

"သခင်မလေးဆိုရင် ဒီအတိုင်း စားရုံတင်မကဘူး၊ ဒါကို ဟင်းချက်ပြီးလည်း စားပါတယ်၊ စုန့်မိသားစုတစ်စုလုံးလည်း အတူတူစားကြတာပါ၊ အကုန်လုံးက အရသာရှိတယ်လို့ ပြောကြပြီး ဘာမှလည်း မဖြစ်ပါဘူး"

ကြင်ယာ‌တော်မင်းသမီးကြီး မျက်လုံးပြူးသွားရပြန်သည်။

‘မိသားစုတစ်စုလုံး စားကြတာ ဟုတ်လား၊ အဲဒီလောက်တောင် အရသာရှိလို့လား’

ကျိုးယွီလင်းက ရယ်သံဖြင့် ထပ်ပြောလိုက်သည်။

"အမေလည်း မြည်းကြည့်ပါလား၊ အဖေလည်း မြည်းကြည့်လေ၊ ဒါနဲ့ မရီးက ဒီအသီးတွေကို တကယ်ပဲ ဟင်းချက်ခဲ့တာလား၊ ဘယ်လို ဟင်းတွေ ချက်တာလဲ"

ပိန်ပိန်ပါးပါး စားဖိုဆောင်အကူမလေးက ပြန်ဖြေလိုက်သည်။

"သခင်မလေးက ခရမ်းချဉ်သီးကို ကြက်ဥနဲ့ ကြော်ပါတယ်၊ အဲ့ဒီဟင်းပွဲရဲ့ ချိုချဉ်အရသာလေးက ထမင်းမြိန်စေပါတယ်။ ပြီးတော့ အမဲသားနဲ့လည်း ချက်ပါတယ်၊ အားလုံးက တကယ်ကို အရသာရှိတာပါ"

ကျိုးယွီလင်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

"အိမ်တော်မှာ အမဲသားရှိတယ် မဟုတ်လား၊ ငါ့အတွက် အခုချက်ချင်း သွားချက်ပေးစမ်း"

"ကျိုးယွီလင်း"

ကြင်ယာတော်မင်းသမီးကြီးက ဒေါသတကြီး အော်လိုက်ပြန်သည်။

"မင်း.... မင်း တကယ်ပဲ တခုခုဖြစ်မှာကို မကြောက်ဘူးလား"

"ကျွန်တော် မရီးကို ယုံတယ်၊ သူက အန္တရာယ်ရှိမယ့်အရာကို ဘယ်တော့မှ မိတ်ဆက်ပေးမှာ မဟုတ်ဘူး၊ အရင်ကလည်း စားစရာအသစ်တွေ ရောက်လာတုန်းကလည်း လူတွေ ကြောက်ခဲ့ကြတာပဲလေ၊ အထူးသဖြင့် ပြောင်းဖူးပေါ့၊ ဘိုးဘေးတွေက ပြောင်းဖူးကို ဆုလာဘ်အဖြစ်တောင် သုံးခဲ့သေးတယ်လေ၊ နောက်ပိုင်းမှာ တချို့လူတွေက စားကြပြီး တချို့ကတော့ မစားရဲခဲ့ဘူး၊ ဒါပေမယ့် အရသာရှိပြီး အထွက်နှုန်းကောင်းမှန်း သိလာတော့ အခု လူတိုင်း စိုက်နေကြပြီ မဟုတ်ဘူးလား"

မင်းသားကြီးကတော့ စိတ်ဝင်တစား ဝင်မေးလိုက်သည်။

"တကယ်ပဲ အဲဒီလောက် စားကောင်းလို့လား"

ကျိုးယွီလင်းက နောက်ထပ်တစ်လုံးကို ခူးဆွတ်ကာ မြိန်ရည်ယှက်ရည် စားရင်း ပြန်ဖြေလိုက်သည်။

"တကယ်ပဲ စားကောင်းတယ်"

မင်းသားကြီးလည်း မအောင့်နိုင်တော့ဘဲ လက်လှမ်းပြီး တစ်လုံး ခူးဆွတ်လိုက်ချိန်တွင် ကြင်ယာတော်မင်းသမီးကြီးက ခြေဆောင့်ရင်း တားဆီးလိုက်သည်။

"အနည်းဆုံးတော့ ခွေးတစ်ကောင်ကို အရင် ကျွေးကြည့်သင့်တာပေါ့"

ကျိုးယွီလင်းက ဝင်ပြောလိုက်ပြန်သည်။

"မရီးအိမ်က ကြက်တွေတောင် အကုန်စားပြီးပြီပဲ၊ ဘာလို့ ခွေးကို ထပ်ကျွေးနေဦးမှာလဲ၊ ဒါနဲ့ နေပါဦး... မရီးအိမ်မှာ ဘာလို့ ကြက်တွေ ရှိနေတာလဲ၊ ဘယ်နားမှာ မွေးထားတာလဲ"

ဖွံ့ဖွံ့ထွားထွား စားဖိုဆောင်အကူလေးက အနည်းငယ် မျက်နှာပျက်သွားပြီး ပြန်ဖြေလိုက်သည်။

"အရှင်မင်းသားကြီး၊ အရှင်မင်းသမီးနဲ့ ဒုတိယသခင်လေးကို တင်ပြပါတယ်၊ စစ်သူကြီးအိမ်တော်မှာ ဟင်းသီးဟင်းရွက်တွေ အများကြီး စိုက်ထားပါတယ်၊ အဲဒါတွေက ပန်းတွေထက် ပိုလှသလို စားလို့လည်းရတော့ ဝယ်ရတာ သက်သာတယ်လို့ သခင်မလေးက ပြောပါတယ်၊ နောက်ဖေးမှာ ကြက်မွေးဖို့ ဥယျာဉ်အသေးလေး တစ်ခုလည်း ရှိပါတယ်၊ ဝင်းထဲက ရေကန်တွေမှာလည်း ကြာပင်တွေ စိုက်ထားပါတယ်၊ နွေရာသီမှာ ကြာပန်းတွေ လှလှပပ ပွင့်ကြသလို ဆောင်းရာသီမှာတော့ စားဖို့အတွက် ကြာစွယ်တွေ ဖော်ယူလို့ ရပါတယ်"

ကျိုးယွီလင်း : "ဟား ဟား ဟား"

မင်းသားကြီး : "ဟား ဟား ဟား"

မင်းသမီးကြီး : "...."

ကြင်ယာတော်မင်းသမီးကြီး၏ မျက်နှာရိပ်မျက်ကဲ မကောင်းသည်ကို ရိပ်မိသွားသည့် ပိန်ပိန်ပါးပါး စားဖိုဆောင် အကူလေးက အမြန် ဖြည့်ပြောလိုက်သည်။

"စစ်သူကြီးအိမ်တော်ရဲ့ တကယ်ကို အရမ်းလှပနေတာပါရှင့်၊ လမ်းဘေးဝဲယာနှစ်ဘက်မှာလည်း နေကြာပင်တွေ စိုက်ထားပါတယ်၊ ရွှေရောင်အပွင့်ကြီးတွေ ပွင့်လာရင် အရမ်းကြည့်ကောင်းပြီး စိတ်ကြည်နူးစေပါတယ်၊ နောက်တစ်လဆိုရင် နေကြာစေ့တွေ ရိတ်သိမ်းလို့ ရပါပြီ"

သူမကလည်း ပြောရင်းဖြင့် ခေါင်းငုံ့သွားပြန်သည်။

‘ငါ ဘာလို့ နေကြာစေ့အကြောင်း ထည့်ပြောလိုက်ရတာတုန်း၊ နေကြာပန်းတွေ လှတဲ့အကြောင်းပဲ ပြောရင် ရနေတာကို၊ ဒါတွေအားလုံးက သခင်မလေးရဲ့ သင်ကြားမှုတွေကြောင့်ပဲ၊ ငါလည်း စားဖို့ပဲ အာရုံရောက်ပြီး အမှတ်မထင် ပြောမိသွားတာ’

ကျိုးယွီလင်းကတော့ ထိန်းမနိုင်သိမ်းမရ ရယ်မောနေပြန်သည်။

"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ဘယ်လိုပုံစံလဲဆိုတာ ငါ တကယ် သွားကြည့်ချင်နေမိပြီ၊ ဒါဆိုရင် မင်းတို့က ကိုယ်တိုင်စိုက်တဲ့ ဟင်းရွက်တွေနဲ့ ကိုယ်တိုင်မွေးတဲ့ ကြက်ဥတွေကိုပဲ စားကြတာပေါ့"

ဖွံ့ဖွံ့ထွားထွား စားဖိုဆောင်အကူလေးက ပြောလိုက်ပြန်သည်။

"ရွာကပို့တဲ့ လတ်ဆတ်တဲ့ ဟင်းရွက်တွေလည်း ရှိပါတယ်ရှင်၊ သခင်မလေးက အလှဆုံးဖြစ်မယ့် ဟင်းရွက်ပင်တွေကိုပဲ ရွေးစိုက်တာဆိုတော့ အိမ်တော်မှာ အမျိုးအစား သိပ်မစုံပါဘူး"

ကျိုးယွီလင်းတစ်ယောက် ငန်းတစ်ကောင်လို လည်ဆန့်ကာ တဟားဟား အော်ရယ်နေသည်။

ကြင်ယာတော်မင်းသမီးကြီးက သက်ပြင်းချနေပြီး သူမ၏နဖူးကို သူမ ပြန်ပုတ်လိုက်သည်။

"ထားလိုက်ပါတော့၊ အဲဒါတွေကို ဘယ်လိုချက်လဲဆိုတာ ငါ့ကို လာပြကြစမ်း၊ ဒီကလေးမလေး ဘာတွေ ဖန်တီးထားပြန်ပြီလဲဆိုတာ ကြည့်ရအောင်၊ သူက အသက်ငယ်ငယ်နဲ့ အသစ်အဆန်းတွေ ဖန်တီးတဲ့နေရာမှာ ဘာလို့ ဒီလောက် တော်နေရတာလဲ"

မင်းသားကြီးကတော့ သူ့လက်ထဲက ခရမ်းချဉ်သီးကို စားပြီးသွားပြီ ဖြစ်ကာ အစေခံမလေး ကမ်းပေးသော အဝတ်ဖြင့် လက်သုတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ ချွေးမက ဒီလို ဖြစ်နေတာ ကောင်းတယ်လေ၊ အစားအစာက ပြည်သူတွေအတွက် အဓိကအရေးကြီးဆုံးအရာပဲ၊ အစားအစာ အသစ်အဆန်းတစ်ခု ရှာဖွေနိုင်တာက တိုင်းပြည်အတွက် ကောင်းတဲ့အချက်ပဲ၊ ဒါပေမယ့် အခုချက်ချင်း ကြေငြာဖို့တော့ မလုပ်ကြနဲ့ဦး၊ အစေ့တွေကို အရင်စုပြီး ပြန်စိုက်ပျိုးကြမယ်၊ နောက်နှစ် ရိတ်သိမ်းပြီးမှ ဧကရာဇ်မင်းမြတ်ကို တင်ပြကြတာပေါ့"

ညစာစားချိန် ရောက်လာချိန်တွင် စားဖိုမှူးများက ခရမ်းချဉ်သီးဖြင့် ချက်ထားသောည ဟင်းပွဲတချို့ကို ပြင်ဆင်လာခဲ့သည်။

ခရမ်းချဉ်သီးကြက်ဥမွှေကြော်၊ ခရမ်းချဉ်သီးအမဲသားနှပ်၊ ခရမ်းချဉ်သီးအာလူးပြုတ်၊ သကြားဖြူးထားသော ခရမ်းချဉ်သီး အအေးပွဲနှင့် ခရမ်းချဉ်သီးကြက်ဥဟင်းချိုများက စားပွဲပေါ်တွင် နေရာယူထားပြီး ဟင်းပွဲ ရှစ်ပွဲနှင့် ဟင်းချို နှစ်မျိုးအနက် ထက်ဝက်ကျော်က ခရမ်းချဉ်သီးဖြင့် ချက်ထားသော ဟင်းများ ဖြစ်နေခဲ့သည်။

"ခရမ်းချဉ်သီးလား"

မင်းသားကြီးက အံ့အားသင့်သွားပြီး မေးနေပြန်သည်။

"ဒါကို ဘာလို့ ခရမ်းချဉ်သီးလို့ ခေါ်တာလဲ၊ ဝံပုလွေသီး မဟုတ်ဘူးလား"

ဖွံ့ဖွံ့ထွားထွား စားဖိုဆောင်အကူမလေးက ရှင်းပြလိုက်သည်။

"သခင်မလေးက 'ဝံပုလွေသီး' ဆိုတဲ့ နာမည်က ကြားရတာ နားဝင်မချိုဘူးလို့ ပြောပါတယ်၊ ဒါတွေက အနောက်ဘက်အရပ်ကနေ လာတာဖြစ်ပြီး အနီရောင်ရှိတယ်၊ တည်သီးတွေနဲ့လည်း ဆင်တူနေတာကြောင့် “အနောက်အရပ်ကတည်သီး’ လို့ နာမည်ပေးခဲ့တာပါ၊ သခင်မလေးရဲ့ အမေ ဖန့်ရှီကတော့ ခရမ်းသီးနဲ့ တူတယ်လို့ ပြောခဲ့တယ်၊ အဲ့ဒါကြောင့် သခင်မလေးက ခရမ်းချဉ်သီးလို့လည်း ခေါ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ အစေခံတွေကတော့ သခင်မလေး ခေါ်ခိုင်းတဲ့အတိုင်းပဲ ခေါ်ကြတာပါ"

မင်းသားကြီးက ခေါင်းညိတ်ရင်း မှတ်ချက်ချလိုက်သည်။

"မှန်တယ်၊ 'ဝံပုလွေ' ဆိုတဲ့ စကားလုံးကိုက ထိတ်လန့်စရာ ဖြစ်နေတာလေ၊ နာမည်ပြောင်းလိုက်တော့ ပိုပြီး စားချင်စရာ ဖြစ်သွားသားပဲ"

သူက ပြောပြောဆိုဆိုဖြင့် သကြားဖြူးထားသော ခရမ်းချဉ်သီးတစ်စိတ်ကို မြည်းကြည့်ကာ ပြုံးလိုက်ပြန်သည်။

"ချိုချဉ်လေးပဲ၊ ဝမ်အာ... မင်းလည်း ဒီဟင်းကို ကြိုက်မှာပါ"

ကြင်ယာတော်မင်းသမီးကြီးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ စိတ်မပါသလိုဟန်လေးဖြင့် ခရမ်းချဉ်သီးတစ်စိတ်ကို ကောက်ယူ မြည်းစမ်းလိုက်သည်။ သူမစိတ်ထဲတွင်တော့ အဆိုးဆုံးအခြေအနေကို တွေးထားပြီး ဖြစ်သည်။

‘တကယ်လို့ ဒါကို စားပြီး တစ်ခုခုဖြစ်ခဲ့ရင်လည်း တစ်မိသားစုလုံး အနောက်ဘက်ကို သွားပြီး ဗုဒ္ဓကို ဖူးမျှော်ခွင့်ရတာပေါ့၊ အဲဒါလည်း မဆိုးပါဘူး’

သို့သော် ခရမ်းချဉ်သီးကို ပါးစပ်ထဲထည့်လိုက်သည်နှင့် သူမ အံ့အားသင့်သွားပြီး နောက်ထပ်တစ်စိတ် ထပ်စားချင်စိတ် ပေါ်လာခဲ့သည်။

သွက်လက်လှသော ကျိုးယွီလင်းကတော့ ဟင်းပွဲအားလုံးကို မြည်းစမ်းနေပြီး တဖွဖွ ချီးကျူးနေလေသည်။

"စားကောင်းလိုက်တာ၊ တကယ်စားကောင်းတာပဲ၊ ဒီဝံပုလွေသီးတွေက တကယ့်ကို အံ့သြစရာကောင်းတဲ့ အရာပဲ၊ ငါတို့အိမ်မှာ ဘယ်နှစ်အိုး ရှိလဲ၊ ဒါတွေကို သေသေချာချာ ဂရုစိုက်ရမယ်၊ ပြီးတော့ စိုက်ဖို့အတွက် အစေ့တွေကိုလည်း သိမ်းထားရမယ်"

ကြင်ယာ‌တော်မင်းသမီးကြီးက စိတ်တိုတိုဖြင့် အော်ဟစ်လိုက်သည်။

"ဒါဆိုရင်လည်း ကျန်တဲ့ ဝံပုလွေသီးတွေကို ဆက်မစားနဲ့တော့၊ အစေ့ထုတ်ဖို့အတွက် အကုန်ချန်ထားလိုက်"

ကျိုးယွီလင်းက ပြုံးဖြဲဖြဲဖြင့် ထပ်ပြောလာသည်။

"အနည်းဆုံးတော့ နှစ်အိုးလောက်တော့ စားဖို့ ချန်ထားလိုက်ပါ၊ ဒီအသီးထဲမှာ အစေ့တွေ အများကြီးရှိနေတာ ကျွန်တော် တွေ့တယ်၊ အရမ်း ချွေတာနေဖို့ မလိုပါဘူး၊ တကယ်လို့ ဧကရာဇ်မင်းမြတ်ဆီက ဝံပုလွေသီးတွေကိုပါ ထပ်ရနိုင်ရင် ပိုတောင်ကောင်းဦးမယ်"

စိတ်မအေးရသော ညစာစားပွဲ ပြီးဆုံးသွားသည့်နောက် ကြင်ယာတော်မင်းသမီးကြီးက အိပ်ရာထဲတွင် ဟိုလှည့်ဒီလှည့် လုပ်နေပြီး အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။ ဆယ်စုနှစ်များစွာ ကြားနေကျဖြစ်သော ခင်ပွန်းဖြစ်သူ၏ ဟောက်သံကို နားထောင်ရင်း နောက်ဆုံးတွင် ထထိုင်လိုက်ကာ ခင်ပွန်းကို သေသေချာချာ အကဲခတ်နေပြန်သည်။

မင်းသားကြီး၏ မျက်နှာက ပန်းရောင်သန်းနေပြီး ဘာရောဂါလက္ခဏာမှ မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သို့သော်လည်း မင်းသမီးကြီးက စိုးရိမ်နေဆဲဖြစ်ကာ တစ်ညလုံး ထ ထကြည့်နေမိပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။

"အမေ... အမေ"

ကြင်ယာတော်မင်းသမီးကြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကျိုးယွီလင်းက သူမရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက စိတ်မရှည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဘာလဲ၊ မနက်စောစောစီးစီး ဘာလို့ အော်နေတာလဲ"

ကျိုးယွီလင်းက ပြန်ဖြေလိုက်သည်။

"မနက်အစောကြီး မဟုတ်တော့ဘူး၊ အမေရဲ့ နေ့လယ်တောင် ရောက်တော့မယ်၊ အမေ အိပ်နေတာကို မြင်တော့ လျိုယွဲ့က စိုးရိမ်သွားပြီး ကျွန်တော့်ဆီကို သတင်းလာပို့ခိုင်းလိုက်လို့ပါ၊ အမေ နေမကောင်းဘူးလား"

ကြင်ယာတော်မင်းသမီးကြီး ရုတ်တရက် ထထိုင်လိုက်ကာ အလောတကြီး ပြန်မေးလိုက်သည်။

"မင်းရော မသက်မသာ ဖြစ်သေးလား"

ကျိုးယွီလင်းက ခေါင်းခါပြလိုက်သည်။

"မဖြစ်ပါဘူး၊ ကျွန်တော် အဆင်ပြေပါတယ်၊ အမေ တစ်ခါမှ ဒီလောက်အထိ မအိပ်ဖူးတော့ ကျွန်တော် နည်းနည်း စိုးရိမ်နေတာပါ"

ကြင်ယာတော်မင်းသမီးကြီးက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

"ငါ တစ်ညလုံး စိတ်ပူနေတာလေ၊ မင်း အဖေကို တစ်ညလုံး ထိုင်ကြည့်နေရလို့ ကောင်းကောင်း မအိပ်ရဘူး"

ကျိုးယွီလင်းက ရယ်မောရင်း ပြန်မေးလိုက်သည်။

"အမေက အဖေ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေတာလား"

"စိုးရိမ်တာပေါ့၊ ဟိုကလေးမကလည်း ကြုံသလို လျောက်စားနေတော့တာပဲ၊ နောက်မှ ငါ သူ့ကို ပြောရဦးမယ်"

ကြင်ယာတော်မင်းသမီးကြီးက အိပ်ရာမှ ထကာ အစေခံများကို ခေါ်လိုက်ပြီး မျက်နှာသစ်သန့်စင်ပြီးနောက် စိတ်မချနိုင်သေးဘဲ ထပ်မေးလိုက်သည်။

"မင်း တကယ်ပဲ အဆင်ပြေရဲ့လား"

"တကယ် အဆင်ပြေပါတယ် အမေရဲ့၊ ကျွန်တော် ဒီမနက်တောင် ဝံပုလွေသီး ကြက်ဥဟင်းချို တစ်ပန်းကန် သောက်ခဲ့သေးတယ်၊ အရမ်း သောက်လို့ကောင်းတယ်"

ကြင်ယာတော်မင်းသမီးကြီး : "..."

"ထားလိုက်တော့၊ ထားလိုက်တော့၊ ဒါနဲ့ အဲဒီဝံပုလွေသီးတွေအပြင် အရာတွေလည်း ပို့လိုက်တယ်လို့ သူတို့ပြောကြတာမဟုတ်ဘူးလား"

သူမ၏သားဖြစ်သူ အဆင်ပြေနေသည်ကို မြင်နေရသောကြောင့် ကြင်ယာတော်မင်းသမီးကြီး၏ စိုးထိတ်မှုများလည်း ပျောက်ကွယ်သွားသည်။

ကျိုးယွီလင်းက ပြန်ပြောလိုက်သည်။

“ကျွန်တော် စျေးဝယ်တာဝန်ခံကို လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ သွားဝယ်ခိုင်းထားပြီးပါပြီ၊ မရီးက ဘယ်လို အရသာရှိတဲ့ မုန့်တွေ ထပ်လုပ်ထားလဲဆိုတာ ကျွန်တော် သိချင်နေပြီ"

စစ်သူကြီးအိမ်တော်မှ စားဖိုဆောင်အကူလေးနှစ်ယောက်လည်း စားဖိုဆောင်အတွင်း တစ်နေကုန်နီးပါး အလုပ်ရှုပ်နေကြပြီး ညနေပိုင်းတွင် သရေစာမုန့်မျိုးစုံကို ပြင်ဆင်ပြီးသွားကာ စားသောက်ခန်းမရှိ စားပွဲပေါ်၌ တည်ခင်းလိုက်သည်။

"မင်းသားကြီး၊ မင်းသမီးကြီးနဲ့ သခင်လေးကို တင်ပြပါတယ်၊ ဒါတွေက သခင်မလေးကျိုး သင်ပေးလိုက်တဲ့ အဆာပြေမုန့်တွေပါရှင့်၊ ဒါတွေက မြေပဲလှော်၊ ကျားသစ်အရေခွံမြေပဲ၊ သကြားကပ်မြေပဲ၊ အရသာစုံမြေပဲ၊ အစပ်မြေပဲနဲ့ မြေပဲကြွပ်ကြော်တွေပါ၊ ဒါတွေကတော့ အရသာစုံပဲပုပ်လှော်နဲ့ အစပ်ပဲပုပ်လှော်ပါ၊ ဒါက ဖရုံစေ့ခြောက်၊ ဒါက ပန်းဆီးသီးခြောက်၊ ဒါတွေက ကြက်သွန်ဖြူအရသာမြေပဲကြော်၊ ပြီးတော့ အစပ်အရသာ ဝက်သားခြောက်နဲ့ ရသာငါးမျိုးဝက်သားခြောက်တွေပါရှင့်၊ နေကြာစေ့၊ ဖရုံစေ့နဲ့ သစ်ကြားသီးစေ့တွေလည်း ရှိပါသေးတယ်၊ ဒါပေမယ့် အဲ့ဒါတွေကတော့ အနံ့မွှေးအောင် တစ်ရက်လောက် စိမ်ထားရဦးမှာမို့ နောက်နေ့မှ လုပ်ပေးလို့ ရပါမယ်"

"သခင်မလေးက မှာလိုက်ပါသေးတယ်၊ ဒီမုန့်တွေက အကြာကြီး အထားမခံပါဘူးတဲ့၊ လုပ်ပြီး နှစ်ရက် သုံးရက်အတွင်း စားတာ အကောင်းဆုံးပါ၊ တကယ်လို့ မိုးရွာတဲ့အချိန်လို စိုစွတ်တဲ့နေတွေဆိုရင် တစ်ရက်အတွင်း ကုန်အောင်စားတာ အကောင်းဆုံးပါပဲ၊ စိုသွားရင် စားလို့ မကောင်းတော့ပါဘူး"

သူမနှင့် ရင်းနှီးပြီးသား ပါဝင်ပစ္စည်းများ၏ အမည်ကို ကြားလိုက်ရမှသာ ကြင်ယာ‌တော်မင်းသမီးကြီးလည်း သက်ပြင်းချနိုင်သွားသည်။ သူမက ငွေဇွန်းလေးဖြင့် မြေပဲတစ်စေ့ကို ခပ်ယူပြီး ပါးစပ်ထဲထည့်ကာ တကြွပ်ကြွပ် ဝါးစားလိုက်သည်။

"ဒါမှ စားကောင်းသောက်ဖွယ် အစစ်ပေါ့။ အမြဲတမ်း ဝံပုလွေသီးတွေပဲ စားနေလို့ ဘယ်ကောင်းပါ့မလဲ"

ဝဝဖိုင့်ဖိုင့် စားဖိုဆောင်အကူလေးက ထပ်ပြောနေပြန်သည်။

"ကျွန်မတို့ရဲ့ သခင်မလေးက မှာလိုက်ပါသေးတယ်၊ နောက်ပိုင်း အရသာရှိတာလေးတွေ ထပ်လုပ်တိုင်း အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီးတို့ မြည်းစမ်းနိုင်ဖို့ ပို့ပေးပါဦးမယ်တဲ့၊ ပြီးတော့ ဒီမုန့်တွေက ရိုးရှင်းပြီး စျေးပေါတယ်ဆိုပေမယ့် လူတိုင်း ဝယ်စားနိုင်တာကြောင့် အမြတ်အစွန်းကိုတော့ လျှော့မတွက်သင့်ဘူးလို့လည်း ပြောလိုက်ပါတယ်၊ အရှင်မင်းသမီးရဲ့ မုန့်ဆိုင်မှာလည်း ဒါတွေကို ထည့်သွင်းရောင်းချနိုင်ပါတယ်တဲ့၊ သခင်မကတော့ ဝေခရိုင်မှာ ရှိနေပြီး မိဘတွေနဲ့ ဝေးနေတာမို့ မိဘကို ကိုယ်တိုင် မပြုစုနိုင်တဲ့အတွက် ဒီလို အသေးအဖွဲလေးတွေနဲ့ပဲ စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တာကို ခွင့်လွှတ်ပါလို့လည်း မှာကြားလိုက်ပါတယ်ရှင့်"

"ဒီကလေးမလေးက တကယ်ကို စဥ်းစားပေးတတ်တာပဲ"

မင်းသားကြီးက မြေပဲအတော်များများကို စားပြီးနောက် ကျေနပ်သည့် အရိပ်အယောင်ဖြင့် ချီးကျူးနေပြန်သည်။

"အရသာက တကယ်ကောင်းတယ်၊ တစ်ခုပဲ... ဒီကျားသစ်အရေခွံမြေပဲက နည်းနည်း မာသလိုပဲ"

"ကျွန်တော်ကတော့ ဒီကျားသစ်အရေခွံမြေပဲကို ပိုကြိုက်တယ်၊ ပိုကြွပ်ပြီး မွှေးနေတာပဲ"

ကျိုးယွီလင်းက ငယ်ရွယ်ပြီး သွားကောင်းသူပီပီ မနားတမ်းစားရင်း အလွန်အမင်း ချီးကျူးခန်းဖွင့်နေခဲ့သည်။

"ကျွန်တော် မင်္ဂလာဆောင်ရင် ဒါမျိုးတွေ အများကြီး ပြင်ထားရမယ်၊ ဒါတွေကို အရက်နဲ့ မြည်းရရင် တကယ်လိုက်ဖက်နေမှာပဲ၊ ဆိုင်မှာ ရောင်းရင်လည်း သေချာပေါက် ရောင်းကောင်းမှာ"

ကြင်ယာတော်မင်းသမီးကြီးက သူ့ကို မျက်စောင်းထိုးကာ ဆူပူလိုက်ပြန်သည်။

“အရသာရှိရင်တောင် အများကြီး မစားရဘူး၊ မြေပဲနဲ့ ပဲတွေက အစာကြေဖို့ ခက်တယ်၊ နည်းနည်းလေးဆိုရင် လုံလောက်ပြီ၊ တင်းရှန်း ဒါတွေကို ပို့လိုက်တာက နင့်ရဲ့ မင်္ဂလာပွဲကို ပိုပြီး စည်ကားစေချင်လို့ပဲ၊ အဲဒီအချိန်ရောက်မှ စိတ်ကြိုက်စားပေါ့"

ကျိုးယွီလင်းက ရယ်မောရင်း ဖရုံစေ့တစ်ဆုပ်ကို ယူကာ အေးအေးလူလူ ဆက်စားနေသည်။

မင်းသားကြီး၏ ဆက်ခံသူ အနာဂတ်မင်းသားလောင်း ကျိုးယွီလင်း၏ ခမ်းနားထည်ဝါသော မင်္ဂလာပွဲတွင် ဟင်းလျာအမယ်စုံ တည်ခင်းကျွေးမွေးခဲ့သည်။ သို့သော် သတို့သားကို စနောက်ရခြင်းအပြင် ဧည့်သည်များကို အဆွဲဆောင်နိုင်ဆုံးက အဓိကဟင်းပွဲများနောက်မှ လိုက်ပါလာသည့် သရေစာမုန့်များပင် ဖြစ်သည်။ ဧည့်သည်များသာမက မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧကရာဇ်မင်းမြတ်ပင်လျှင် နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်နေခဲ့သည်။

"အရှင်မင်းမြတ်... အချိန်လင့်နေပါပြီ၊ မြေပဲတွေ အများကြီး မစားပါနဲ့တော့၊ အစာကြေဖို့ ခဲယဉ်းပါတယ်"

မိန်းမစိုးဝမ်က ဧကရာဇ်မင်းမြတ် မြေပဲများ တစ်လုံးပြီး တစ်လုံး မြိန်ရေယှက်ရေ စားနေသည်ကို ကြည့်ကာ စိုးရိမ်တကြီး လျှောက်တင်လိုက်သည်။

ဧကရာဇ်ကတော့ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဒီလို ထူးခြားပြီး အရသာရှိတဲ့ စားစရာတွေကို မြည်းစမ်းရတာ ရှားပါတယ်၊ ဦးရီးတော်ရှစ်... ဦးရီးတော်ရဲ့ စားဖိုမှူးတွေကို ဆန်းသစ်တဲ့ စိတ်ကူးတွေ ရှိတဲ့အတွက် ဆုချီးမြှင့်ရမယ်"

မင်းသားကြီးရှစ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"အရှင်မင်းမြတ်... ဒါတွေက ကျွန်တော့်အိမ်က စားဖိုမှူးတွေ ဖန်တီးထားတာ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ အကြီးဆုံးချွေးမ သူ အားနေတဲ့ အချိန်လေးတွေမှာ စမ်းပြီး လုပ်ကြည့်ထားတာတွေပါ၊ သူ့မှာ ကိုယ်ဝန်ရှိနေလို့ မင်္ဂလာပွဲကို မလာနိုင်ခဲ့ဘူး၊ အဲ့ဒါကြောင့် အားလုံး ပျော်ရွှင်ရအောင် စားဖိုမှူးနှစ်ယောက်ကို အထူးစေလွှတ်ပြီး စားစရာတွေ လုပ်ခိုင်းလိုက်တာပါ"

ဧကရာဇ်က အံ့ဩတကြီး ပြန်မေးလိုက်သည်။

"ဦးရီးတော်ရဲ့ အကြီးဆုံးချွေးမလား၊ ဒါဆို ကောင်တီမင်းသမီး စုန့်တင်းရှန်းပေါ့၊ အင်း... ဒီအမျိုးသမီးကတော့ တကယ်ကို အကြံကောင်းတွေ ရှိနေတာပဲ"

မင်းသားကြီးက ဧကရာဇ်မင်းမြတ် ထပ်မစားနိုင်စေရန် မုန့်ပန်းကန်ကို အသာလေး ဖယ်နေရင်း ထပ်ပြောလိုက်သည်။

"အခုတော့ ကျွန်တော့်အိမ်က စားဖိုမှူးတွေလည်း ဒါတွေကို လုပ်တတ်နေပါပြီ၊ ကြင်ယာတော်ရဲ့ မုန့်ဆိုင်ကိုလည်း ပို့ထားပြီးပါပြီ၊ အရှင်မင်းမြတ် အချိန်မရွေး စားနိုင်ပါတယ်၊ တကယ်လို့ အရှင်းမင်းမြတ် နှစ်သက်တယ်ဆိုရင် စားဖိုမှူးတွေကို နန်းတော်ထဲလွှတ်ပြီး လုပ်ခိုင်းပါ့မယ်၊ ဒါပေမယ့် မြေပဲက အစာကြေဖို့ ခက်ခဲလို့ နည်းနည်းချင်း စားတာ အကောင်းဆုံးပါ"

ဧကရာဇ်က ထပ်စားချင်နေသေးသော်လည်း လက်နှင့် ပါးစပ်ကို သုတ်ရုံသာတတ်နိုင်တာ့သည်။

"နန်းတော်ထဲအထိ လွှတ်ဖို့ မလိုပါဘူး၊ ငါကိုယ်တော် သုံးဆောင်ချင်ရင် ဦးရီးတော်တို့ဆီကိုပဲ လူလွှတ်ဝယ်ခိုင်းလိုက်ပါမယ်၊ ငါကိုယ်တော်ရဲ့ ကောင်တီမင်းသမီးကတော့ တကယ်ပဲ၊ သူ့မှာ ငွေလိုနေတဲ့ ကောက်ရိုးရုပ်တွေများ ရှိနေတာလား"

မင်းသားကြီးက အမြန်ဖြတ် ပြောလိုက်သည်။

"ဘယ်လိုလုပ်ပြီး ပိုက်ဆံလိုရမှာလဲ အရှင်မင်းမြတ်ရယ်၊ အရှင်က စနောက်နေပြန်ပါပြီ၊ ဒါတွေက မြေပဲနဲ့ ပဲတွေပါပဲ၊ ဘယ်လောက်များ အမြတ်ထွက်မှာမို့လို့လဲ"

ဧကရာဇ်က ရာဇအိန္ဒြေအပြည့်ဖြင့် ရယ်မောလိုက်ပြီးမှ သက်ပြင်းချလိုက်ပြန်သည်။

"နှမြောစရာပဲ"

သူက မည်သည့်အချက်ကို နှမြောစရာနေမှန်း ထုတ်မပြောခဲ့သော်လည်း လူတိုင်းကတော့ တစ်စုံတစ်ခုကို ရိပ်မိနေကြသည်။

.......။.......။.....

"အရှင်မင်းမြတ်ဆီက ဆုလာဘ်တွေ ဟုတ်လား"

စုန့်တင်းရှန်းတစ်ယောက် အံ့ဩလွန်းသောကြောင့် မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

မိန်းမစိုးဝမ်က အပြုံးဖြင့် ပြန်ဖြေလာသည်။

"ဟုတ်ပါတယ်၊ အရှင်မင်းမြတ်တစ်ပါးတည်း နှစ်သက်တာ မဟုတ်ဘဲ နန်းတွင်းက ဧကရီနဲ့ တခြားမိဖုရားတွေပါ အဲဒီမုန့်တွေကို သဘောကျနေကြတာပါ၊ မယ်တော်ကြီးဆိုရင်လည်း ချီးကျူးလို့ မဆုံးပါဘူး။ မယ်တော်ကြီးက အရင်ရက်ပိုင်းအတွင်း နည်းနည်းနေမကောင်းဖြစ်နေတာလေ၊ နွေရာသီရဲ့ အပူဒဏ်ကြောင့် အစားအသောက်လည်း ပျက်နေခဲ့တာ၊ မင်းသမီးဆီက ပန်းဆီးသီးခြောက်လေးနဲ့ ဆေးဘက်ဝင် စားစရာတချို့ကို စားလိုက်ရတော့မှ သက်တော့သက်သာ ဖြစ်လာပြီး ထမင်းလည်း ပိုစားနိုင်လာတာ။ အရှင်မင်းမြတ်က အင်မတန် သိတတ်တဲ့ သားတော်ပီပီ အဲ့ဒါကို မြင်လိုက်တာနဲ့ ပျော်ရွှင်သွားပြီး မင်းသမီးကို ဆုလာဘ်တွေ ချီးမြှင့်လိုက်တာပါ"

"ကျွန်မတကယ်ပဲ မျက်နှာပူနေမိတယ်၊ ဒါလေးတွေက သရေစာမုန့်လေးတွေပါပဲ၊ အရှင်မင်းမြတ်တို့၊ မယ်တော်ကြီးတို့က ဒီလောက်နှစ်သက်ကြလိမ့်မယ်လို့ မထင်ထားမိဘူး"

စုန့်တင်းရှန်းက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ဝမ်းသာလုံးဆို့မတတ် ပျော်ရွှင်နေခဲ့သည်။

"နန်းတွင်းအရာရှိကြီးလည်း ဒီလောက်ဝေးတဲ့ခရီးကို ပင်ပင်ပန်းပန်း လာခဲ့ရတာဆိုတော့ ကောင်းကောင်း ပြန်အနားယူပြီး အားဖြည့်သင့်ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့အိမ်တော်မှာ ကြာစွယ်လတ်လတ်ဆတ်ဆတ်လေးတွေ ခူးထားတာရှိတယ်၊ အားလုံး အပူဒဏ် သက်သာရအောင် နန်းတွင်းအရာရှိကြီးဝမ်နဲ့ အစောင့်ရဲမက်တွေအတွက် ကြာစွယ်ဟင်းချို ချက်ခိုင်းလိုက်ပါ့မယ်"

ယခု ရှစ်လပိုင်းကုန်နေပြီ ဖြစ်သောကြောင့် ကြာစွယ်များက အပြည့်အဝ မကြီးထွားသေးဘဲ နုနုထွားထွား အဆင့်တွင် ရှိနေပြီး စားအကောင်းဆုံးအချိန် ဖြစ်သည်။ စုန့်တင်းရှန်းက ကြာစွယ်နှင့် ကြာရိုးဟင်းလျာများကို အလွန်ကြိုက်သူဖြစ်ပြီး နည်းလမ်းမျိုးစုံဖြင့် အမြဲစမ်းသပ်ချက်ပြုတ်လေ့ရှိသည်။

မိုးမစိုးဝမ်ကလည်း အလျင်အမြန် ပြန်ပြောလိုက်သည်။

"မင်းသမီးရဲ့ စေတနာကို ဘယ်လိုများ ငြင်းရဲပါ့မလဲ၊ မင်းသမီးရဲ့ ကြင်နာမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်"

ထို့နောက် သူက စုန့်တင်းရှန်း၏ ဗိုက်ကို လှမ်းကြည့်ပြီး ပြောလာခဲ့သည်။

"မင်းသမီး၊ အခု မင်းသမီးရဲ့ကိုယ်ဝန်က အရမ်းလေးလံနေပုံရတယ်၊ များများ အနားယူသင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အပင်ပန်းမခံပါနဲ့ဦး"

သူက စိတ်ရင်းဖြင့် စိုးရိမ်တကြီး သတိပေးနေခြင်းပင်။

စုန့်တင်းရှန်းကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မက အဲဒီလောက်လည်း အားနည်းတာ မဟုတ်..."

သူမ စကားမဆုံးသေးခင်မှာပင် သူမ၏ဝမ်းဗိုက်ထဲမှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏မျက်နှာလည်း ချက်ချင်း ဖြူဖျော့သွားတော့သည်။

"သခင်မ၊ သခင်မ"

ကျန်းကျူးက သူမကို အမြန်လှမ်းတွဲလိုက်ပြီး အော်ဟစ်ညွှန်ကြားနေသည်။

"မြန်မြန်... သခင်မကို အခန်းထဲ ပို့ကြဦး၊ ဝမ်းဆွဲသည်နဲ့ သမားတော်ဘယ်မှာလဲ၊ အမြန် ပြင်ဆင်ကြစမ်း”

စုန့်တင်းရှန်းက နာကျင်မှုကြားမှ အားတင်းကာ ပြုံးနေပြီး စနောက်နေသေးသည်။

“ဒီကောင်လေးကတော့... အရှင်မင်းမြတ်ရဲ့ ဆုလာဘ်တွေအကြောင်း ကြားလိုက်ရလို့ ထင်တယ်၊ အပြင်ကို အတင်းထွက်ကြည့်ချင်နေပြီ"

စုန့်တင်းရှန်းက တစ်နေ့နှင့်တစ်ညလုံး သားဖွားခြင်းဝေဒနာကို အလူးအလဲ ခံစားနေခဲ့ရသည်။ သတင်းကြားသည်နှင့် အပြေးအလွှား ပြန်လာသော ခင်ပွန်းဖြစ်သူ ကျိုးယိနိုကလည်း တဆတ်ဆတ်တုန်နေကာ တံခါးဝတွင် မတ်တတ်ရပ်နေခဲ့သည်။ သူမ၏ နာကျင်စွာ အော်ဟစ်သံများကို နားထောင်ရင်း သူ၏မျက်လုံးများ နီရဲလာကာ မျက်ရည်များ ရစ်သိုင်းနေခဲ့သည်။

မိန်းမစိုးဝမ်ကလည်း သူ ကောင်တီမင်းသမီး ကလေးမွေးသည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျိုးယိနို အလွန် စိုးရိမ်နေသည်ကို မြင်လိုက်ရသောကြောင့် သူက ကျိုးယိနိုကို နှစ်သိမ့်ပေးလိုက်သည်။

"စစ်သူကြီးကျိုး၊ မစိုးရိမ်ပါနဲ့၊ မိန်းမသားတိုင်း ဒီလိုအခက်အခဲကို ဖြတ်ကျော်ရတာပါပဲ၊ ကျွန်တော်မျိုး သိရသလောက် ကောင်တီမင်းသမီးက စိတ်ဓာတ်ကြံ့ခိုင်ပါတယ်၊ အားလုံး အဆင်ပြေသွားမှာပါ"

ကျိုးယိနိုက သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီးမှ ခပ်တောင့်တောင့် ပြန်မေးလိုက်သည်။

"ခင်ဗျား ကလေးမွေးဖူးလို့လား"

မိန်းမစိုးဝမ် : "…."

ကျိုးယိနိုက ဆက်ပြောလိုက်သေးသည်။

"ခင်ဗျားမှ ကလေး မမွေးဖူးတာ၊ သူ အဆင်ပြေလား မပြေလား ခင်ဗျား ဘယ်လိုသိနိုင်မှာလဲ"

မိန်းမစိုးဝမ်လည်း စိတ်ထဲမှ စောဒက တက်နေခဲ့သည်။

‘ငါကိုယ်တိုင် မမွေးဖူးတာ မှန်ပေမယ့် နန်းတွင်းမှာ မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ မောင်းမတွေ ကလေးမွေးတာကိုတော့ မင်းတို့မိသားစုထက်တောင် ပိုမြင်ဖူးတယ်ကွ’

သို့သော်လည်း ကလေးက စစ်သူကြီးကျိုး၏ ပထမဆုံးရင်သွေးဖြစ်နေပြီး သူ စိုးရိမ်မှုလွန်ကဲနေသည်က သဘာဝကျသည်ဟု တွေးကာ ဘာမှ ထပ်မပြောဘဲ ငြိမ်နေလိုက်သည်။

အခန်းထဲတွင် စုန့်တင်းရှန်းက မိခင်ဖြစ်သူ ဖန့်ရှီ၏အကူအညီဖြင့် ကြက်ဥခေါက်ဆွဲတစ်ပန်းကန်နှင့် ဂျင်ဆင်းဟင်းရည်တစ်ခွက်ကို အားတင်းသောက်နေရှာသည်။ ထိုအချိန်မှသာ သူမ၏ခန္ဓာကိုယ်က တုန်ယင်လောက်စေသည့် နာကျင်မှုကို အန်တုနိုင်ပြီး အားအင်အနည်းငယ် ပြန်ရလာခဲ့သည်။

"မကြောက်နဲ့၊ မကြောက်နဲ့နော်... အာ့နွီ၊ ပထမကိုယ်ဝန်ဆိုက ဒီလိုပဲ၊ နည်းနည်း ခက်ခဲတာပေါ့၊ အမေ့ကို ကြည့်လေ၊ အများကြီး မွေးခဲ့တာပဲ၊ နောက်တော့ အားလုံး အဆင်ပြေနေတာပဲလေ"

ဖန့်ရှီက သမီးဖြစ်သူ၏ ချွေးများကို သုတ်ပေးနေပြီး သူမကိုယ်တိုင်လည်း စိုးရိမ်မှုကြောင့် ရင်တထိတ်ထိတ် ဖြစ်နေရသည်။

စုန့်တင်းရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ညည်းညူနေသည်။

"အမေ.... အရမ်းနာတယ်"

ဤသည်က ဘဝနှစ်ခုစာအတွင်း သူမအတွက် ပထမဆုံး ကလေးမွေးဖွားဖူးခြင်း ဖြစ်သောကြောင့် ဤနာကျင်မှုကို မခံမရပ်နိုင် ဖြစ်နေခဲ့သည်။

ကောင်းကင်ယံ၌ ပထမဆုံးသော နေရောင်ခြည် ဖြာကျလာချိန်မှာပင် ကလေးငိုသံလေးတစ်ခုက လေထုကို ထိုးဖောက်ထွက်ပေါ်လာသည်။

"မွေးပြီ၊ မွေးပြီ၊ သမီးလေးပါ"

ဝမ်းဆွဲသည်က နီတာရဲကလေးငယ်ကို အားရပါးရ ပွေ့ချီထားရင်း ဝမ်းသာအားရ အော်ပြောလိုက်သည်။

"၅ ကျင်းနဲ့ ၃လျန် ရှိတယ်ရှင့်"

စုန့်တင်းရှန်းတစ်ယောက် သက်ပြင်းချနိုင်ရုံသာ ရှိသေးချိန်တွင် သူမ၏ ဝမ်းဗိုက်ထဲမှ ဆက်တိုက်တုန်ယင်လာပြီး နာကျင်လာပြန်သည်။ နာကျင်လွန်းသောကြောင့် သူမ ရုတ်တရက် ခါးလေးကော့တက်သွားပြီး ထပ်မံအော်ဟစ်လိုက်ရပြန်သည်။

အခြားဝမ်းဆွဲသည်တစ်ဦးက အံ့ဩတကြီး အော်ပြောလိုက်သည်။

"နောက်တစ်ယောက် ကျန်သေးတယ်၊ အမြွှာတွေလား၊ ဒါကို ဘာလို့ စောစောက မသိခဲ့ကြတာလဲ၊ သခင်မ... အားစိုက်ပါဦး၊ နည်းနည်းလောက် ထပ်အားစိုက်ပါဦး"

စုန့်တင်းရှန်းကတော့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲထွက်တော့မတတ် နာကျင်မှုကို ခံစားနေရပြီး သူမ၏ခြေချောင်းလေးများဖြင့် အိပ်ယာအား ကုတ်တွယ်ထားသည်။

အထဲမှ အုတ်အော်သောင်းနင်း ဖြစ်နေသံကို ကြားလိုက်ရသည့် အပြင်ဘက်မှ ကျိုးယိနိုကလည်း အထဲသို့ ဇွတ်အတင်းဝင်ရန် ကြိုးစားနေပြီး လီရှီက သူ့ကို တားဆီးနေသည်။

"ဘာလို့ ဒီလောက်လောနေရတာလဲ၊ အာ့နွီကို အအေးမိအောင် လုပ်မိဦးမယ်"

လီရှီက သူ့ကို သတိပေးလိက်သည်။

"မွေးပြီးပြီဆို ဘာလို့ ကျွန်တော် သူ့ကို ဝင်တွေ့လို့ မရသေးတာလဲ၊ သူ ဘာလို့ နာနာကျင်ကျင် အော်နေသေးတာလဲ"

ကျိုးယိနိုကလည်း စိုးရိမ်တကြီး ပြန်မေးနေသည်။

လီရှီက အပြုံးဖြင့် ရှင်းပြလိုက်သည်။

"နောက်ထပ် တစ်ယောက်ရှိသေးတယ်လို့ ပြောနေတာဆိုတော့.... အာ့နွီဗိုက်ထဲမှာ နောက်ထပ်..."

သူမ၏စကား မဆုံးသေးခင်မှာပင် ဒုတိယမြောက် ကလေးငယ်၏ ငိုသံလေး ထွက်ပေါ်လာသည်။

"မင်းသမီး၊ သခင်မနဲ့ သခင်မကြီးတို့ကို ဂုဏ်ပြုပါတယ်ရှင့်၊ အမြွှာလေးတွေပါ"

ဝမ်းဆွဲသည်က ပျော်မဆုံးဖြစ်နေလေသည်။

‘ဒါက အမြွှာလေးတွေလေ၊ သာမန်အမွှာတောင် မဟုတ်ဘူး၊ ကောင်တီမင်းသမီးနဲ့ စစ်သူကြီးရဲ့ ရင်သွေးလေးတွေလေ၊ ငါတို့တော့ ဆုလာဘ်တွေ အများကြီး ရတော့မှာ သေချာတယ်’

နီတာရဲကလေးငယ်နှစ်ဦးက အိပ်ရာပေါ်တွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေကြပြီး ပါးစပ်လေးများက တလှုပ်လှုပ်ဖြင့်နေကြသည်။ ယခုမျ ရေတိုက်ပြီးစဖြစ်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြပြီ ဖြစ်သည်။

စုန့်တင်းရှန်းကလည်း အကြာကြီး အိပ်စက်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူမရှေ့မှ မုတ်ဆိတ်ဗရပွနှင့် မျက်နှာကို မြင်လိုက်ရပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"ကျူးဇီကော... ရှင့်ကိုယ်ရှင် ကြည့်ပါဦး၊ အရင်လို ချောမောမနေတော့ဘူး"

ကျိုးယိနို၏ နှုတ်ခမ်းများက တုန်ရီနေပြီး သူ စကားလုံးများစွာ ပြောချင်နေသော်လည်း စကားတစ်လုံးမှ ထွက်မလာဘဲ မျက်ရည်များသာ ဝဲတက်လာသည်။ သူက စုန့်တင်းရှန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူမ၏ လက်ချောင်းလေးများကို အထပ်ထပ်အခါခါ နမ်းရှိုက်နေသည်။ သူ၏ နှလုံးသားတစ်ခုလုံး ချစ်ခြင်းနှင့် စိုးရိမ်မှုများ လွှမ်းမိုးနေသောကြောင့် စကားပင် မပြောနိုင်တော့ဘဲ မျက်ရည်များသာ ကျလာတော့သည်။

အခန်းထဲမှ လှုပ်ရှားသံများကို ကြားလိုက်သောကြောင့် ဖန့်ရှီလည်း ဝင်လာခဲ့သည်။

"မင်းကိုယ်မင်း ကြည့်ဦး... ရာထူးကြီးတဲ့ စစ်သူကြီး ဖြစ်နေပြီ၊ မိန်းမ ကလေးမွေးတာကို ကြောက်လို့ တုန်နေလိုက်တာဆိုတာ၊ အခုတော့ ငိုတောင်ငို နေပြီ"

သူမက သမက်ဖြစ်သူကို စနောက်ပြီး ရယ်မောနေပြန်သည်။

ကျိုးယိနိုက ငိုသံပါကြီးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော် ကြောက်လည်း ကြောက်တယ်၊ ပျော်လည်း ပျော်တယ်၊ မျက်ရည်ကတော့ မထိန်းနိုင်တော့လို့ပါ"

ကျန်းကျူးက ကြက်စွပ်ပြုတ်တစ်ပန်းကန် ယူလာပေးရင်း ဂုဏ်ပြုစကားပြောလာသည်။

"သခင်မ၊ အမြွှာလေးတွေအတွက် ဂုဏ်ပြုပါတယ်ရှင့်၊ အခု သခင်မ ချက်ချင်းကြီး ထမင်းစားလို့ မရသေးဘူးဆိုတော့ အားရှိအောင် ကြက်စွပ်ပြုတ်လေး အရင်သောက်လိုက်ပါဦးနော်"

စုန့်တင်းရှန်းက ကျန်သည့်လက်တစ်ဖက်ဖြင့် သူမ၏ ဝမ်းဗိုက်ကို စမ်းကြည့်ပြီး သက်ပြင်းချကာ ညည်းညူနေပြန်သည်။

"ဗိုက်ထဲမှာ ပေါ့သွားသလိုပဲ၊ ဟာလာဟင်းလင်းကြီး"

ဖန့်ရှီက ချက်ချင်း ပြန်ပြောလိုက်သည်။

"ဟာလာဟင်းလင်း ဖြစ်မှာပေါ့၊ အထဲမှာ ကလေးနှစ်ယောက်တောင် ရှိနေခဲ့တာကိုး၊ တစ်ယောက်က ၅ ကျင်းနဲ့ ၃ လျန်၊ နောက်တစ်ယောက်က ၄ ကျင်းနဲ့ တစ်လျန်၊ အစကတော့ ကလေး အရမ်းထွားနေတာလို့ပဲ ငါတို့ ထင်ခဲ့မိတာ၊ အမြွှာလို့ မထင်ထားခဲ့မိကြဘူး၊ သမားတော်ကတောင် ဒါကို မသိခဲ့ဘူးဆိုတာ ယုံနိုင်စရာပဲ၊ ငါဖြင့် စိုးရိမ်ရလွန်းလို့ ရူးတောင်သွားတော့မလိုပဲ"

ကျိုးယိနိုက စုန့်တင်းရှန်းကို အသာအယာ ထိုင်စေပြီး စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"သမားတော် စမ်းသပ်တုန်းက အစပိုင်းဆိုတော့ သူ မသိတာလည်း ဖြစ်နိုင်ပါတယ် အမေရဲ့၊ ဘာလို့ သမားတော်ကို အပြစ်တင်နေမှာလဲ။ သမီးကိုယ်တိုင်တောင် အမြွှာဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဒါပေမယ့် သမီးတို့ မိသားစုမှာ အမြွှာမွေးတဲ့ အစဉ်အလာ ရှိတယ်လေ"

ဖန့်ရှီက စုန့်တင်းရှန်း ကြက်စွပ်ပြုတ်သောက်နေသည်ကို ကြည့်ရင်း ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ကျင်းချောင်းအာကလည်း အမြွှာမွေးတယ်၊ နင်ရဲ့ ဆဋ္ဌမအဖွားမှာလည်း အမြွှာရှိတယ်၊ အကြီးဆုံးအဖိုးရဲ့ မိသားစုမှာတောင် အမြွှာတွေ ရှိသေးတာပဲ၊ ငါတို့မိသားစုမှာ အမြွှာမျိုးရိုး ရှိပုံရတယ်"

ကြက်စွပ်ပြုတ် သောက်ပြီးသွားသည့် စုန့်တင်းရှန်း သူမဘေးရှိ အနှီးထုပ်လေးနှစ်ထုပ်ကို ကြည့်ကာ ညည်းညူလိုက်ပြန်သည်။

"သူတို့က အရမ်းရုပ်ဆိုးတာပဲ၊ သမီးနဲ့လည်း မတူဘူး၊ ကျူးဇီကောနဲ့လည်း မတူဘူး"

ဖန့်ရှီက မျက်မှောင်ကြုတ်ပြီး မာန်မဲနေပြန်သည်။

"ရုပ်ဆိုးတယ် ဟုတ်လား၊ နင် တကယ့်ရုပ်ဆိုးတဲ့ ကလေးကိုမှ မမြင်ဖူးသေးတာ၊ ဒီကလေးတွေက ဘယ်နားမှာ ရုပ်ဆိုးနေလို့လဲ၊ ငါ ကြည့်ရသလောက်တော့ နင့်သမီးလေးက ကျူးဇီနဲ့ တူတယ်၊ သားလေးက နင်နဲ့ တူတာ၊ နောက်ရက်နည်းနည်းနေလို့ အသားလေးတွေ ကြည်လာရင် နင် သိလာလိမ့်မယ်၊ ဒါနဲ့ နန်းတွင်းအရာရှိဝမ်က နင် ပင်ပန်းကစိုးလို့ နို့ထိန်းတစ်ယောက် ရှာဖို့ ပြောသွားတယ်၊ နင့်အဖွားကတော့ မနက်စောစောကြီး နို့ထိန်းရှာဖို့ ထွက်သွားလေရဲ့"

"ဝမ်ကုန်းကုန်း ရှိနေသေးတာလား"

စုန့်တင်းရှန်းက ပြန်မေးလိုက်သည်။

"နင်နဲ့ နင့်ကလေးတွေ ဘေးကင်းတယ်ဆိုတာ ကြားပြီးမှ သူလည်း အနားယူးဖို့ ပြန်သွားတာ၊ နေ့လယ်ပိုင်းက တစ်ခါ ပြန်လာသေးတယ်၊ ဒါပေမယ့် နင်က အိပ်နေတုန်းလေ၊ သူက ကလေးတွေကို ကြည့်ပြီး မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးကြီးဆီ သတင်းကောင်း သွားပို့ချင်နေတာ၊ နင် အချိန်ကိုက် မွေးလိုက်တာပဲ၊ အခု ရှစ်လပိုင်းကုန်ပြီဆိုတော့ ရှေ့လျောက် ရာသီဥတုက သိပ်ပူတော့မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် နင် သိပ်ပင်ပန်းမှာ မဟုတ်ပါဘူး”

ဖန့်ရှီနှင့် ခဏစကားပြောပြီးနောက် စုန့်တင်းရှန်းက ပင်ပန်းလာပြန်သည်။ စုန့်တင်းရှန်း သမ်းဝေနေသည်ကို မြင်လိုက်သည့် ကျိုးယိနိုက သူမကို အမြန် တိုက်တွန်းလိုက်သည်။

"မင်း အနားယူလိုက်ဦး၊ ကိုယ်လည်း ကိုယ်လက်သန့်စင်ပြီးမှ မင်းဆီ ပြန်လာခဲ့မယ်"

ဖန့်ရှီက ကြားဖြတ်ဝင်ပြောလိုက်သည်။

"ဘာလို့ ခဏခဏ ပြန်လာကြည့်နေဦးမှာလဲ၊ တစ်ခုခု အရင်သွားစားဦး၊ လူကဖြင့် အသက်ကြီးနေပြီ၊ စိတ်က ဂယောက်ဂယက်နဲ့၊ အထဲကို အတင်း ဝင်ချင်နေပြီး ဝင်လာတော့လည်း ငိုနေလိုက်တာ..."

"အမေ"

ကျိုးယိနို၏မျက်နှာက ရဲတက်လာပြန်သည်။

"ကဲပါ၊ ကဲပါ... ငါ မပြောတော့ဘူး၊ မင်းကလည်း ရှက်နေလိုက်တာ"

ဖန့်ရှီက တဟားဟား ရယ်မောရင်း အပြင်သို့ ပြန်ထွက်သွားသည်။

မိန်းမစိုးဝမ်က ကလေးမွေးဖွားပြီး သုံးရက်မြောက်နေ့ ခေါင်းဆေးမင်္ဂလာအခမ်းအနားပြီးမှ ပြန်ထွက်ခွာသွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် သူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး အလွန်ဝမ်းသာနေခဲ့သည်။

‘ဒီလိုသတင်းကောင်းကို မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးဆီ ပို့ဆောင်ပေးရမှာက သူ့အတွက် ဆုလာဘ်တွေ အများကြီး ရရှိဖို့ သေချာတဲ့ အလုပ်လေ၊ ကောင်တီမင်းသမီးကတော့ တကယ်ပဲ သူရဲ့ကံကောင်းခြင်း နတ်ဘုရားမလေးပဲ’

All Chapters