မရှိမှုကျေးရွာ
Vol. 6 Ch. 596
နောက်ထပ် ဖြစ်ပျက်လာသည့် အဖြစ်အပျက်များကတော့ ဝမ်ကျုန်းကို များစွာ အံ့အားသင့် သွားစေသည့် အဖြစ် အပျက်များပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ သူ့ရှေ့မှ ပျောက်ကွယ် သွားသောကြောင့်ပင်။
တိတိကျကျ ပြောရမည်ဆိုလျှင် ဆန်းလျန်၏ ဝိညာဉ်သည် ပျောက်ကွယ် သွားခြင်း ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန် သည်အစကတည်းက ရုပ်ခန္ဓာမရှိသူဖြစ်ရကား ရုပ်ရော နာမ်ရော အရာအားလုံး ပျောက်ကွယ် သွားသည်ဟု ပြောလျှင် ပိုပြီး မှန်နိုင်လေသည်။
ဝမ်ကျုန်းမှာ မည်သို့ လုပ်ရမှန်း မသိတော့ပေ။
ဆန်းလျန် လုံးဝ ပျောက်ကွယ်သွားသည်ကို သူသည် မျက်ဝါးထင်ထင် တွေ့မြင် ခဲ့ရလေသည်။
သူက ဆန်းလျန်ကို ဖမ်းဆီးရန် အတွက် ရောက်လာခဲ့သည့်တိုင် ဆန်းလျန်အား ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက်နိုင်ရန် အတွက် ကူညီလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ထိုအချိန်မှာပင်…
သူ၏နားထဲတွင် ယွမ်ကျွင်းဧကရီ၏ သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရပြီး သူမ၏ အသံသည် ဝမ်ကျုန်း၏ စိတ်ဝိညာဉ်မှ တစ်ဆင့် နှလုံးသားထဲသို့ စီးဆင်း ဝင်ရောက် လာလေသည်။ ဆရာဖြစ်သူသည် သူ့ကို ပြန်လာရန် ဆင့်ခေါ်နေပြီ ဖြစ်လေသည်။
လက်ရှိအချိန်တွင် ဝမ်ကျုန်းမှာ မိုးကြိုး တန်ခိုးစွမ်းအားများဖြင့် ပြည့်ဝနေလေသည်။ ထို့ကြောင့် ဝမ်ကျုန်းသည် လောက တစ်ခုလုံးတွင် အလျှင်မြန်ဆုံး လျှပ်စီးအဖြစ် သူ့ကိုယ်သူ ပြောင်းလဲ ဖန်ဆင်းလိုက်ပြီး အပြာရောင်ခရီးရှည် နန်းတော်ရှိရာသို့ ချက်ချင်းပင် ပြန်သွား လေတော့သည်။
အပြာရောင် ခရီးရှည် နန်းတော်သို့ ပြန်ရောက်လာသည့် အခါတွင်တော့ အလွန်မှ မှောင်မှိုင်း ဖျော့တော့နေသည့် ယွမ်ကျွင်းဧကရီ၏ ပုံသဏ္ဌာန်ကို မြင်တွေ့ လိုက်ရလေသည်။ သူ့ဘဝတွင် ဆရာဖြစ်သူ ထိုမျှဖျော့တော့နေသည်ကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
ယွမ်ကျွင်းဧကရီက…
"ဒီတစ်ခါတော့ ငါမှားသွားခဲ့ပြီ…၊ မင်းက သူ့ကို မဖမ်းဆီးနိုင်တဲ့ အပြင် ကူညီ လိုက်သလိုတောင် ဖြစ်သွားသေးတယ်၊ အရာအားလုံးက ကံတရား အတိုင်းပါပဲ၊ ကံတရား အတိုင်းပါပဲ…"
"ဘာများဖြစ်လို့လဲ ဆရာ"
ဝမ်ကျုန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။
ယွမ်ကျွင်းဧကရီက အတန်ကြာတိတ်ဆိတ်နေပြီးမှ စကား ဆက်ပြောလိုက်သည်။
"အခုဆိုရင် သူ့ရဲ့ဝိညာဉ်က 'မရှိမှုကျေးရွာ' မှာ အပ်နှင်းခံထားရပြီ၊ ဒါကြောင့် မင်းသူ့ကို ရှာမတွေ့ တော့တာပဲ၊ မင်းမှမဟုတ်ပါဘူး၊ ငါဆိုရင်လည်း သူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ငါ့ရဲ့ တန်ခိုးစွမ်းအားတွေလည်း အရင်အတိုင်း ပြန်မဖြစ်သေးဘူးလေ”
ယွမ်ကျွင်းဧကရီ၏ စကားကြောင့် ဝမ်ကျုန်း၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်လှုပ် သွားလေသည်။
ယွမ်ကျွင်းဧကရီ၏ တပည့်တစ်ယောက် အနေဖြင့် ထိုစကားများ၏ အဓိပ္ပာယ်ကို သူကောင်းစွာ နားလည်လေသည်။
မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်ပြီဆိုလျှင် တန်ခိုးစွမ်းအား အရာတွင် ထိပ်တန်း အဆင့်ဟု သတ်မှတ် နိုင်လေသည်။ သို့သော် မိုးကောင်းကင် နတ်ဘုရား တစ်ပါးသည် ထိုက်ယီ ထျန်းရှန်း အဆင့် နတ်ဘုရားတစ်ပါးကို မည်သည့် နည်းနှင့်မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
အရေးကြီးဆုံး အချက်မှာ ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက်မည့် မိုးကောင်းကင် နတ်ဘုရားများသည် သူတို့၏ မူလတန်ခိုး စွမ်းအားများ အားလုံး ဖယ်ချွတ် ခံရပြီးသည့် အခါ "မရှိမှုကျေးရွာ" သို့ ဝင်ရောက်ကြရလေသည်။
"မရှိမှုကျေးရွာ" ဆိုသည့်နေရာသည် စကားဖြင့်ဖော်ပြရန် ခက်ခဲလွန်းလေသည်။
ထိုနေရာသို့ မရောက်ဖူးဘဲနှင့် ထိုနေရာအကြောင်းကို မည်သူမျှ ပြောပြနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ကျုန်း သည်လည်း ထိုနေရာသည် မည်သို့သော နေရာဖြစ်သည်ကို မသိရှိနိုင်ပေ။
"မရှိမှုကျေးရွာ" ကို အချို့လူများက "ထိုက်ရွှီး" ဟု ခေါ်ကြလေသည်။
သို့သော်… အခေါ်အဝေါ်များက အရေးမကြီးလှပါ။
အရေးကြီးသည်မှာ ထိုနေရာသို့ ရောက်ရှိ သွားသည့် ဝိညာဉ်သည် မည်မျှဆိုးဝါး ပြင်းထန်သည့် ဒဏ်ရာမျိုးကို ရရှိထားပါစေ အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိလေသည်။
တစ်ခါတစ်ရံတွင်တော့ အသစ်တစ်ဖန် ပြန်လည် စတင်ရန်အတွက် အချိန်များစွာ လိုအပ်လေ့ ရှိလေသည်။
ရုပ်ခန္ဓာဆိုင်ရာ ကျင့်ကြံမှုများ ပြုလုပ်ထားသည့် ကျင့်ကြံသူများသည် သူတို့၏ သွေးတစ်စက် ကပင် အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်စွမ်း ရှိလေသည်။ ထိုအချက်ကို ရုပ်ခန္ဓာကျင့်ကြံသူများ၏ မသေနိုင်သော နတ်ဘုရား အဆင့်ဟု သတ်မှတ်ကြလေသည်။
စကြာဝဠာအဆက်ဆက်တွင် မိုးကောင်းကင် နတ်ဘုရားများစွာ ပေါ်ထွန်းခဲ့လေသည်။ သို့သော် ထိုကဲ့သို့ သွေးတစ်စက်မှ ပြန်လည် မွေးဖွားနိုင်သည့် အဆင့် (သို့မဟုတ်) ထိုက်ယီထျန်းရှန်း အဆင့်သို့ရောက်ရှိနိုင်သူမှာ မရှိ သလောက်ရှားပါးလွန်းလေ၏။
ယွမ်ကျွင်းဧကရီက…
"ဒါပေမယ့် သိပ်တော့လည်း အရေးမကြီးပါဘူးလေ၊ အဲဒီအဆင့်ထိ ကျင့်ကြံပြီးသွားလည်း ဒုက္ခတရားက လွတ်မြောက်နိုင်မှာ မဟုတ်သေးပါဘူး၊ ဟိုးအရင် ငါတို့ အပြာရောင် ခရီးရှည် နန်းတော်ရဲ့ ရွှေခေတ်တုန်းကပေါ့…၊ ကျင့်စဉ်ကျင့်ကြံဖို့ အတွက် ဒီနေရာကို နတ်ဘုရားတွေ အများကြီး ရောက်လာကြတယ်၊ အဲဒီ အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သွားတဲ့ သူတွေလည်း ရှိခဲ့ဖူးတယ်၊ မရှိမှုကျေးရွာကို ရောက်သွားတဲ့ အထိ ကျင့်ကြံနိုင်တဲ့ ဝိညာဉ်တွေထဲက တစ်ဝက်လောက်ပဲ ပြန်ထွက် လာနိုင်ခဲ့ကြတယ်၊ တချို့တွေကတော့ ရုပ်ရော နမ်ရော ပျောက်ကွယ် သွားကြတယ်၊ တချို့ကတော့ အဲဒီနေရာရဲ့ ကျွန်ပြုခြင်းကို ခံရပြီး ပြန်ထွက် မလာနိုင်ကြတော့ဘူး"
သူမသည် ယခုတစ်ကြိမ်လည်း လှည့်စား ခံလိုက်ရပြန်ပြီ ဖြစ်လေသည်။ ထိုသို့ သတိပြုလိုက်မိ သည်နှင့် သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
ယခုတော့ အင်းအမိန့်တော်သည် သူမလက်ထဲသို့ အဘယ်ကြောင့် ရောက်ရှိ လာရသည်ကို သူမ နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
"ဆရာဦးလေး… ဆရာဦးလေးက သူ့ရဲ့ အကြံအစည်တွေကို အကောင်အထည် ဖော်ဖို့ သေသေချာချာ အကွက်ချ စီစဉ်ခဲ့တာပဲ၊ ဒါပေမယ့် ဘာလို့ဒီလိုလုပ်ရတာလဲ၊ ဆရာဦးလေးက ကျွန်မရဲ့ ဆရာကို အရမ်းမုန်းနေခဲ့လို့ ဒီလိုလုပ်ခဲ့တာလား၊ စည်းမျဉ်း စည်းကမ်းတွေ အကုန်လုံး ချိုးဖျက်ပြီးမှ သူ့ကို ရပ်တန့်နိုင်မှာလား"
ယွမ်ကျွင်းဧကရီသည် သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်မိလေသည်။
ယွမ်ကျွင်းဧကရီ စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းနေသည့် အတွက် ဝမ်ကျုန်းမှာလည်း စိတ်မကောင်း ဖြစ်နေရလေသည်။
သူက တည်ကြည် လေးနက်သည့် မျက်နှာထားဖြင့်…
"ဆရာ … ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ယင်းစန်းက တာ့ရှားကို အစားထိုးနိုင်ဖို့ ကိစ္စကို ကျွန်တော် မဖြစ်ဖြစ်အောင် လုပ်မှာပါ"
"ဝမ်ကျုန်း…၊ တစ်နေ့မှာ မင်းရဲ့အသက် ဆက်ပြီး ရှင်သန်နိုင်ဖို့ အတွက် ငါ့ကို သတ်ရမယ် ဆိုရင်တောင် တစ်ချက်မှ မတွန့်ဆုတ်ပါနဲ့"
ယွမ်ကျွင်းဧကရီက ဝမ်ကျုန်းကို အေးချမ်းစွာဖြင့် ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"အဲဒီလိုနေ့မျိုး ရောက်လာခဲ့မယ် ဆိုရင် တပည့်လည်း ဆရာနဲ့အတူ လိုက်သေပါ့မယ်"
ဝမ်ကျုန်းသည် ဆရာဖြစ်သူ၏ မျက်လုံးများကို ပထမဆုံး အကြိမ်အဖြစ် စူးစိုက်ကြည့်ပြီး ဆုံးဖြတ်ချက် ခိုင်မာသည့် လေသံဖြင့် ပြောလိုက်လေသည်။
ယွမ်ကျွင်းဧကရီသည် စကားမပြောဘဲ အတန်ကြာ တိတ်ဆိတ် နေခဲ့လေသည်။
နောက်ဆုံးတော့ သူမက မျက်လုံးများကို အသာမှိတ်လိုက်ပြီး တိုးလျစွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ…"
အလွန်မှ ခမ်းနား ကျယ်ဝန်းလွန်းသည့် အပြာရောင် ခရီးရှည် နန်းတော်ကြီးသည် ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက် နေခဲ့လေသည်။ သို့သော်… မရေမတွက်နိုင်အောင် များပြားလှသည့် ဝိညာဉ် အရိပ်များကို တွေ့မြင်နိုင်မည် ဖြစ်လေသည်။
နောက်ဆုံးတော့… ပတ်ဝန်းကျင် တစ်ခုလုံးတွင် အဆုံးမသတ်နိုင်သည့် ဝိညာဉ် ငိုကြွေးသံများနှင့် ပြည့်နှက်လို့ နေလေတော့သည်။
ဆန်းလျန်၏ ထိုက်ရွှီး တန်ခိုးစွမ်းအားများ အားလုံး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာ၏ အနှစ်သာရ အမျိုးမျိုးကို နားလည် သဘောပေါက် သွားခဲ့ရသည်။
ယင်နှင့်ယန်၊ ဒြပ်စင်စွမ်းအား (၅) မျိုး အရာအားလုံး မရှိတော့ပေ။ ထိုက်ယီထျန်းရှန်း အဆင့်သည် ဖော်ပြ၍မရ သည့်အခြေအနေတစ်ရပ် ဖြစ်လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် "သူ" သည် မရှင်းလင်းသည့် နေရာတစ်ခုသို့ ရောက်ရှိ သွားလေသည်။
သူ၏ ဝိညာဉ်သည် ကျယ်ပြန့်သည့် ဗလာနယ် တစ်ခုအတွင်းသို့ ရောက်ရှိ လာလေသည်။ ထိုနေရာတွင် အလင်းရောင် မရှိ၊ ပုံသဏ္ဌာန်လည်း မရှိသောကြောင့် ထိုနေရာကို မည်သို့ ဖော်ပြရမည်ကို မသိနိုင်ပေ။ ထိုနေရာကို နာမည်ပေးရန် အတင်းအကျပ် တောင်းဆိုမည် ဆိုလျှင်တော့ "မသေမျိုးကမ္ဘာ" ဟု အမည်ပေးသင့်လေသည်။
အဘယ့်ကြောင် ထိုနေရာကို "မသေမျိုးကမ္ဘာ" ဟု အမည်ပေးရပါသနည်း။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်သည် ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ထိုသူ၏ ဝိညာဉ်သည် အမြဲထာဝရ နေထိုင်ရမည့် အိမ်တစ်လုံးကို တွေ့ရှိလိုက်ရသကဲ့သို့ ခံစားရသောကြောင့် ဖြစ်လေသည်။ မည်သည့် ထိန်းချုပ်မှုမှ မရှိတော့ဘဲ လွတ်လပ်စွာဖြင့် ထာဝရရှင်သန် သွားနိုင်ပေလိမ့်မည်။ ထို့ပြင် ထိုနေရာသည် ကြီးမားလွန်းသည့် နေရာဟု သတ်မှတ်နိုင်သလို သေးငယ်သည့် နေရာတစ်ခုဟုလည်း ယူဆ နိုင်ပြန်လေသည်။
သေမျိုးလောကတွင် ကြုံတွေ့ခဲ့ရသည့် အရာအားလုံးသည် ထိုနေရာတွင် လုံးဝ အဓိပ္ပာယ် ကင်းမဲ့ နေလေသည်။ အဓိပ္ပါယ်ရှိသည့် တစ်ခုတည်းသော အရာမှာ "သူ" ပင် ဖြစ်လေသည်။ “သူ” တစ်ယောက်သာလျှင် ဤနေရာတွင် အရေးအကြီးဆုံး အရာ၊ အဓိပ္ပာယ် အရှိအဆုံးအရာ အဖြစ် သတ်မှတ် နိုင်လေသည်။
ထို "သူ" ဆိုသည့်အဓိပ္ပာယ်မှာ တာအိုဝါဒနှင့် ဗုဒ္ဓဘာသာမှ အနက်ရှိုင်းဆုံး နားလည်မှု တစ်ခုပင် ဖြစ်လေသည်။ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ ဘာတစ်ခုမှမရှိ "ဝိညာဉ်၏ ဖြစ်တည်မှု" တစ်ခုကိုသာလျှင် ခံစားရနိုင်လေသည်။
ကျမ်းစာအချို့တွင် ရေးသားထားသည်မှာ -
"'ဖန်ဆင်းခြင်း' မတိုင်မီတွင် နဂါးငွေ့တန်း တစ်နေရာတွင် အချိန်နှင့်နေရာကို ကျော်လွန် နိုင်သည့် လျှို့ဝှက်နေရာ တစ်ခု ရှိခဲ့လေသည်။ ထိုနေရာကို ကျွမ်းကျီက 'မရှိမှုကျေးရွာ'ဟု အမည် ပေးခဲ့လေသည်။ အချို့သော သူတော်စင်များ ကတော့ထိုနေရာကို 'ထိုက်ရွှီး' သို့မဟုတ် 'ဗလာနယ်' ဟု ခေါ်ဆိုကြလေသည်။
ထိုနေရာတွင် ဝိညာဉ်ကို အပ်နှင်းခံကြရသူများသည် သိသာထင်ရှားသော အောင်မြင်မှုကို ရရှိသူများ ဖြစ်လေသည်။ ထိုနေရာသို့ ရောက်ရှိ သူများသည် မူလဖြစ်တည်မှုမှ လုံးဝလွတ်မြောက် သွားကြသူများ ဖြစ်လေသည်။"
အမှန်တော့ ထိုနေရာသည် စာအုပ်များထဲမှ ဖော်ပြချက်များနှင့် ကိုက်ညီသည့် နေရာတစ်ခု မဟုတ်ပေ။ ထိုနေရာသို့ ရောက်ရှိလာသူများသည် ရေတွင်းအောက်ခြေသို့ ရောက်ရှိသွားသည့် ဖားတစ်ကောင်ကဲ့သို့ ဖြစ်လေသည်။ ဖားသည် ရေတွင်းထဲက ထွက်လာသည့် အချိန်တွင်လည်း ဖားတစ်ကောင်မျှသာ ဖြစ်လေသည်။ သို့သော်… အမြင်များကတော့ ခြားနားသွားမည် ဖြစ်လေသည်။
ထိုနေရာသို့ ရောက်ရှိနေခြင်းကို ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့ပြီဟု ယူဆ၍ မရပေ။ သို့သော်… လူတစ်ယောက်သည် ထိုက်ယီထျန်းရှန်း အဆင့်ကို ဝင်ရောက်နိုင်ရန် အတွက် ထိုနေရာတွင် သူ၏ဝိညာဉ်ကို ကျိန်းသေ အပ်နှင်းရမည် ဖြစ်လေသည်။ ထို့နောက် ထိုနေရာကို ကျော်လွှား လာနိုင်မှသာ ထိုက်ယီထျန်းရှန်းအဖြင့် အဆင့်တက်ရောက်ပြီဟု ဆိုနိုင်ပေလိမ့်မည်။
ထိုနေရာတွင် မူလသုံးဖြာ တာအိုဆရာသခင်ကြီး (၃)ပါးသည် ကောင်းကင်ဘုံ၏ အခြားဘက်ခြမ်းကို ဖွင့်လှစ်ခဲ့ပြီး ကောင်းကင်ဘုံကို (၃၃)ပိုင်း ပိုင်းခြားခဲ့သည်ဟု အဆို ရှိကြလေသည်။
ထိုနေရာတွင်ပင် အော်မီတော်ဖူ ဘုရားသည် အနောက်ဘက် နိဗ္ဗာန်ဘုံကို ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓကိုယ်တော်တိုင်သည် လည်းလင်စန်းတောင်ကို ဖန်ဆင်းခဲ့လေသည်။
ထိုသို့သော အဆင့်လွန် ပုဂ္ဂိုလ်ထူးများသည် အနောက်ဘက် နိဗ္ဗာန်ဘုံနှင့် လင်စန်းတောင် တို့ကို ဖွင့်လှစ်ခဲ့သည်မှာ လူသားများ၊ နတ်ဘုရားများကို တရားအလင်း ရရန်အတွက် လမ်းပြ ပို့ဆောင်နိုင်ရန် ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်းခဲ့သည့် အချိန်မှစပြီး အနောက်ဘက် နိဗ္ဗာန်ဘုံ သို့မဟုတ် လင်စန်းတောင်သို့ အမှန်တကယ် ရောက်ရှိနိုင်မည်ဟု တစ်ခါမှ မျှော်လင့် ထားခဲ့ခြင်း မရှိပေ။
ချင်းရွှမ်နတ်တံခါးတွင် ကျင့်ကြံရင်း မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် ရသည်ပင်လျှင် သူ့အတွက် လုံလောက်နေခဲ့ပြီ ဖြစ်လေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏ဆန္ဒသည် နဂါးငွေ့တန်းကို ဖြတ်ကျော်ပြီး စကြဝဠာ တစ်ခုလုံးသို့ အဆီးအတားမရှိ သွားရောက်ချင်သည့် ဆန္ဒမျှသာ ဖြစ်လေသည်။
ဆန်းလျန်မှာတော့ "မရှိမှုကျေးရွာ"သို့ ရောက်ရှိလာသည့်တိုင် ကောင်းကင်ဘုံ တစ်ဖက်ကမ်းကိုလည်း ခံစားရခြင်း မရှိသလို အနောက်ဘက် နိဗ္ဗာန်ဘုံနှင့် လင်စန်းတောင် တို့ကိုလည်း ခံစားတွေ့မြင်ရခြင်း မရှိသေးပါ။ ထိုနေရာများသည် ကောင်းကင်ဘုံ နန်းတော် (သို့မဟုတ်) မိုးကောင်းကင်ခုံရုံး ပျက်စီး သွားသကဲ့သို့ ပျောက်ကွယ် သွားကြသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
သို့မဟုတ် ဆန်းလျန် အနေဖြင့် ထိုအရာများကို သိမြင်နိုင်ရန်အတွက် ဉာဏ်မမီခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့သော် … ထိုအရာများ အားလုံးသည် သူ့အတွက် အရေးမကြီးလှပါ။ ထို့ပြင် မရှိမှုကျေးရွာတွင် သူ့အတွက် အကျိုးရှိ မည့်အရာ မည်သည့်အရာမှ မရှိပေ။ အဘယ်ကြောင့် ဆိုသော် ဤနေရာသည် ဗလာနတ္ထိ၊ ဘာမှမရှိသောကြောင့် ဖြစ်လေ၏။
ဘာမှမရှိလျှင် ဘာမှလည်း ရယူနိုင်မည် မဟုတ်ပေ။
သို့သော်… ဤနေရာသည် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်သည်ကိုတော့ ငြင်း၍ မရနိုင်ပေ။
မည်သို့ပင်ဖြစ်စေ… ဆန်းလျန်ကတော့ ဤနေရာတွင် အမြဲထာဝရ နေထိုင် သွားလိုစိတ် မရှိပေ။ ဤနေရာတွင် ထာဝရနေထိုင် သွားမည်ဆိုပါက မရှိမှုတရား၏ ကျေးကျွန် ဖြစ်သွား ရပေလိမ့်မည်။
ထိုသို့ တွေးလိုက်မိသည့် တစ်ခဏအတွင်းမှာပင် ဆန်းလျန်သည် အသူရာချောက်သို့ ပြန်လည် ရောက်ရှိ လာခဲ့လေ သည်။
သို့သော် ဆန်းလျန်သည် ထူးဆန်းပြီး အသစ်တစ်ဖန် ဖြစ်တည် လာသကဲ့သို့ ခံစား နေရလေတော့သည်။
***