သေခြင်းရှင်ခြင်း စာအုပ်မှ နာမည်ဆိုးစာရင်း
Vol. 6 Ch. 597
ဆန်းလျန်သည် ရှီးလျန်မြို့တော် အဝင်တံခါးသို့ ပြန်ရောက် လာလေသည်။
မိုးမြေ စွမ်းအားများသည် သူ၏ ဝိညာဉ်ခန္ဓာ မျက်နှာပြင်ထက်သို့ ပေါင်းစပ်လာပြီး မူလဝိညာဉ် ခန္ဓာအသစ်ကို တဖြည်းဖြည်း ပြန်လည် ဖွဲ့စည်းနေလေသည်။
သို့သော် အသစ်ဖြစ်တည် လာသည့် မူလဝိညာဉ်ခန္ဓာသည် ယခင်က မူလဝိညာဉ် ခန္ဓာနှင့် နှိုင်းယှဉ်ပါ သိသိသာသာ အားနည်းနေပြီး သန့်စင်ခြင်းလည်း မရှိတော့ပေ။
ယခင်က မူလဝိညာဉ် ခန္ဓာသည် သေသေချာချာ သန့်စင်ထားသည့် သံမဏိနှင့် တူလေသည်။ သို့သော် လက်ရှိ မူလဝိညာဉ် ခန္ဓာကတော့ မသန့်စင်ရသေးသည့် သံရိုင်းတုံး တစ်တုံးအလား ဖြစ်လေသည်။
သို့သော် အရေးမကြီးပါ။
အရေးကြီးသည်မှာ သူနှင့်လက်ရှိ လောကသည် တင်းတင်းကျပ်ကျပ် ပေါင်းစည်းမှု နေသည်ကို စတင် ခံစားနေရခြင်း ဖြစ်လေသည်။ ထို့သို့သာ ဆက်လက် ပေါင်းစည်းနေပါက သူသည် အသူရာချောက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် အချိန်မရွေး ပြောင်းလဲသွားမည် ဖြစ်လေသည်။
သူ၏ မူလဝိညာဉ် ခန္ဓာသည် အသူရာချောက်နှင့် ပေါင်းစည်းသွားလျှင် အသူရာချောက် တစ်ခုလုံးတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သွား ပေလိမ့်မည်။ သူ့အထက်တွင် မည်သူမှ ရှိတော့မည် မဟုတ်ပေ။ ယွမ်ကျွင်းဧကရီနှင့် ဘုန်းတော်ကြီးရာမသည်ပင် သူ့လောက် တန်ခိုးစွမ်းအား မြင့်မားနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်ရသည်မှာ အသူရာချောက်က ဆန်းလျန်ကို တရားဝင် အသိအမှတ်ပြုပြီး ဆန်းလျန် အတွက် တာဝန်ထမ်းဆောင် ပေးရန်အတွက် "လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်မှုထမ်းခွင့်" ကို ကမ်းလှမ်း လာသည့် သဘောပင် ဖြစ်လေသည်။
"လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်မှုထမ်းခွင့်" ဆိုသည်မှာ လူ့လောကရှိ တိုင်းပြည်နိုင်ငံများတွင် အသုံးပြုသည့် နည်းလမ်း ဖြစ်လေသည်။ တိုင်းပြည် တစ်ပြည်သည် အခြားတိုင်းပြည် တစ်ပြည်၏ အစိတ်အပိုင်း ဖြစ်လာပြီး ထိုတိုင်းပြည် အတွက် တာဝန်ထမ်းဆောင် ပေးခြင်းကို ဆိုလိုခြင်း ဖြစ်လေသည်။
ထိုအခြေအနေသို့ ရောက်ရှိလာပါက သူသည် အသူရာချောက်မှ မိုးမြေစွမ်းအားများကို အကန့်အသတ် မရှိ အသုံးပြု နိုင်မည် ဖြစ်လေသည်။ အသူရာချောက်မှ မည်သည့် ဧကရာဇ်မင်း၊ မည်သည့် အာဏာရှိသူ မဆို သူ့ကို နှိမ်နင်းနိုင်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် ဆန်းလျန်သည် ထိုအခွင့်အရေးကို ချက်ချင်းပင် ငြင်းပယ် လိုက်လေသည်။ သူ၏ မူလဝိညာဉ်ခန္ဓာနှင့် အသူရာချောက်၏ ပေါင်းစည်းမှုကို ချက်ချင်းပင် တွန်းလှန် ပစ်လိုက်လေသည်။
အဘယ်ကြောင့် ထိုသို့ငြင်းပယ် လိုက်ရသည်ကိုတော့ ဆန်းလျန် ကိုယ်တိုင်လည်း အကြောင်းပြချက် ရေရေရာရာ မရှိပေ။
ဆန်းလျန်က ထိုအခွင့်အရေးကို ငြင်းပယ်လိုက်သည့် အခါတွင်တော့ ပြင်းထန်လွန်းသည့် ဖိအားတစ်ခု သူ့ဆီသို့ ဝင်ရောက် လာသည်ကို ခံစားလိုက်ရလေသည်။ ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာက မိုးမြေစွမ်းအားများကို စုပ်ယူ လေလေ ဖိအားက ပိုပြီး များလာလေလေ ဖြစ်လေသည်။ ထိုဖိအားများကို ခံနိုင်ခြင်း မရှိတော့လျှင် သူသည် သံသရာလည်ခြင်း ဆီသို့ပင် ဆွဲငင် ခံရနိုင်လေသည်။ ထိုအခွင့်အရေးကို မငြင်းပယ်ပါကလည်း သူသည် အသူရာချောက်၏ အစိတ်အပိုင်း အဖြစ် ကျိန်းသေ ဖြစ်လာရမည် ဖြစ်လေသည်။
သူ သတိမထားလိုက်မိသည့် အချိန်မှာပင်…
သူ၏ဦးခေါင်းထက်တွင် သေခြင်းရှင်ခြင်းစာအုပ်၏ စာမျက်နှာတစ်ခု ပေါ်လာလေသည်။ ထိုစာမျက်နှာကို အခြားသူများ မတွေ့မြင်ရဘဲ သူတစ်ယောက်သာ တွေ့မြင်ရလေသည်။
ထိုစာမျက်နှာထက်တွင် သွေးဖြင့် ရေးထားသည့် "ဆန်းလျန်" ဆိုသည့် နာမည်နှစ်လုံးကို မြင်တွေ့ရမည် ဖြစ်လေသည်။
သူ၏နာမည်သည် စာမျက်နှာ၏ (၃) ကြောင်းမြောက်တွင် ရေးသားထားခြင်း ဖြစ်ပြီး သူ၏ ရှေ့တွင် အမည် (၂) ခုရှိနေ လေသည်။
ပထမဆုံးအမည်မှာ ဘုန်းတော်ကြီးရာမ၏အမည်ဖြစ်သည့် "ရာမ" ဆိုသည့် အမည်ဖြစ်ပြီး ဒုတိယ အမည်မှာ ကျင်းလင်စန်းမု ဆိုသည့် အမည် ဖြစ်လေသည်။
ကျင်းလင်စန်းမုဆိုသည်မှာ ယွမ်ကျွင်းဧကရီ၏ အမည်ရင်းပင် ဖြစ်လေသည်။
ထိုသို့ နာမည် အစဉ်လိုက်စီထားခြင်းသည် တန်ခိုးစွမ်းအား အရာတွင် အခြေခံပြီး စီစဉ်ထားခြင်း ဖြစ်နိုင်သည်ဟု ဆန်းလျန်က တွေးလိုက်မိသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုန်းတော်ကြီးရာမသည် ယွမ်ကျွင်းဧကရီထက် အဆင့်မြင့်သည်ဟု ဆိုနိုင်လေသည်။
ထူးဆန်းသည့်အချက်မှာ ယွမ်ကျွင်းဧကရီသည် လင်ပေါင်ထျန်းကျွင်း၏ တပည့် ဖြစ်လေ၏။
လင်ပေါင်ထျန်းကျွင်း ဆိုသည်က…
ရှားပါးသည့် ထိပ်တန်းအဆင့် မူလနတ်ဘုရားများထဲမှ တစ်ပါးဖြစ်ပြီး မူလသုံးဖြာတာအို ဆရာသခင်ကြီး (၃)ပါးတွင် "စန့်ချင်" အဖြစ် ပါဝင်ခဲ့သူ ဖြစ်လေသည်။
သူသည် တာအိုဆရာသခင်ထိုက်ယီထက်ပင် ရှေးကျသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် လင်ပေါင်ထျန်းကျွင်း၏ တပည့်ဖြစ်သည့် ယွမ်ကျွင်းဧကရီ၏ အထက်တွင် ဘုန်းတော်ကြီး ရာမက ရှိနေသည်မှာ အနည်းငယ် သဘာဝမကျသလို ဖြစ်နေရလေသည်။
ဘုန်းတော်ကြီးရာမသည် ဗုဒ္ဓ (သို့မဟုတ်) အော်မီတော်ဖူဗုဒ္ဓ တစ်ပါးပါး၏ တပည့် ဖြစ်နိုင်သော်လည်း ယွမ်ကျွင်း ဧကရီထက်တော့ သာစရာအကြောင်း မရှိပေ။
ဆန်းလျန် သတိမထားမိသည့် အချက်တစ်ချက်လည်း အသူရာ ချောက်တွင် ဖြစ်ပေါ် သွားခဲ့လေသည်။
ထိုအချက်မှာ ဆန်းလျန်၏ ဦးခေါင်းထက်တွင် သေခြင်းရှင်ခြင်း စာအုပ်မှ စာမျက်နှာ ပေါ်လာသည့် အချိန်တွင် အပြာရောင် ခရီးရှည်နန်းတော်တွင် ရှိနေသည့် ယွမ်ကျွင်းဧကရီနှင့် ရွှေရောင် စေတီတော်ထိပ်တွင် ရှိနေသည့် ဘုန်းတေ်ာကြီးရာမတို့မှာ သူတို့ကို ဖိနှိပ်ထားသည့် သေခြင်းရှင်ခြင်း စာအုပ်မှ ထွက်ပေါ်နေသည့် ဖိအား၏ (၂၀) ရာခိုင်နှုန်း လျော့နည်း သွားကြခြင်းပင် ဖြစ်လေသည်။
ထိုသို့ စွမ်းအား လျော့နည်း သွားရခြင်းမှာ မူလသေခြင်းရှင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအား အချို့သည် ဆန်းလျန်ကို ဖိနှိပ်ထားရန်အတွက် အလျင်အမြန် ရောက်ရှိလာသောကြောင့် ဖြစ်လေသည်။
ဆန်းလျန် နားလည်လိုက်သည့် အချက်တစ်ချက်တော့ ရှိလေသည်။
သေခြင်းရှင်ခြင်း စာအုပ်သည် လူသားတစ်ယောက်ကဲ့သို့ စိတ်ခံစားချက် ရှိသည့်အရာ တစ်ခု မဟုတ်ပေ။ ထိုစာအုပ် သည်မိုးကောင်းကင် နိယာမတစ်ခုသာ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က အသူရာချောက်မှ မိုးမြေစွမ်းအားများကို အလွန်အမင်း စုပ်ယူလိုက်မိသည့် အခါ ဆန်းလျန်မှာ အသူရာချောက်ကို အန္တရာယ်ပေးနိုင်သည့် နတ်ဘုရားတစ်ပါး အဖြစ် ထိုစာအုပ်က ချက်ချင်း သတ်မှတ်လိုက်ပြီး ဆန်းလျန်ကို လာရောက် ဖိနှိပ်ထားခြင်းပင် ဖြစ်လေတော့သည်။
မိုးမြေ စွမ်းအားများကို စုပ်ယူလေလေ အပြစ်ကြီးမားသည်ဟု သတ်မှတ်ခံရပြီး ဖိအားက ပိုမိုများပြား လာလေလေ ဖြစ်ရလေသည်။
ဆန်းလျန်၏ အသစ်သော မူလဝိညာဉ်ခန္ဓာ ပြန်လည် ဖွဲ့စည်းသည့်အခါ အသူရာချောက်မှ မိုးမြေစွမ်းအားများကို စတင်စုပ်ယူသည့် အပြင် အသူရာချောက်မှ အပ်နှင်းလာသည့် "လွတ်ငြိမ်း ချမ်းသာခွင့်နှင့် စစ်မှုထမ်းခွင့်" ကိုလည်း ငြင်းပယ်လိုက်သည့် အတွက် သူသည် အပြစ်ကြီးမားသူ တစ်ယောက် အဖြစ် သတ်မှတ် ခံလိုက်ရလေသည်။ ထို့ကြောင့် သေခြင်းရှင်ခြင်း စာအုပ်မှ ဖိအားများကို ခံစားရခြင်းပင် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်နားမလည်သည့် အချက်တစ်ခုလည်း ရှိနေပြန်သည်။
ထိုအချက်မှာ …
အတိတ် တစ်ချိန်တုန်းကလည်း မိုးမြေစွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံခြင်းများ ပြုသည့်တိုင် အဘယ့်ကြောင့် ထိုသို့ သောဖိအားမျိုးကို မခံစားခဲ့ရပါလိမ့်ဆိုသည့် အချက်ပင် ဖြစ်တော့၏။
သူမှမဟုတ်ပါ။ တာ့ရှားဧကရာဇ်နှင့် ထျန်းယီအကြီးအကဲ တို့သည်လည်း ထိုသို့သော ဖိအားများကို ခံစားခဲ့ရခြင်း မရှိကြပေ။ ထို့ကြောင့် သေခြင်းရှင်ခြင်း စာအုပ်မှ ဖိအားများ ထွက်ပေါ်လာခြင်းသည် အခြားအကြောင်းတစ်ခုလည်း ရှိနေနိုင်သေးသည်။
ထို့ပြင် တစ်ချိန်က တာအိုဆရာလျိုမုန့်တယ်ပြောခဲ့သလိုပင် လူတစ်ယောက်သည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် သွားနိုင်ပြီဆိုလျှင် သေခြင်းရှင်ခြင်း စာအုပ်မှ အမည်စာရင်း ဖယ်ရှားခံရမည် ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်း အဆင့်ရှိသည့် ဘုန်းတော်ကြီး ရာမနှင့် ယွမ်ကျွင်းဧကရီတို့ နှစ်ဦးစလုံးမှာ မိုးကောင်းကင် နတ်ဘုရား များနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင် သာလွန်သူများ ဖြစ်ကြလေသည်။
သေခြင်းရှင်ခြင်း စာအုပ်တွင် မည်သို့သော အမည်နာမများကို မှတ်တမ်း တင်ထားသည်လည်း ဆန်းလျန်လည်း သိပ်မသေချာလှပေ။ သူသိသလောက် ဆိုလျှင် သေခြင်းရှင်ခြင်း စာအုပ်ဆိုသည်မှာ သေမျိုးလောကမှ လူသားများ အတွက် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အသက်အရွယ် အိုမင်းခြင်း၊ ဖျားနာခြင်းတို့ကို မှတ်တမ်း တင်ထားသည့် စာအုပ် တစ်အုပ်သာလျှင် ဖြစ်လေသည်။
ကျင့်ကြံသူ တစ်ယောက်သည် မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ပြီ ဆိုပါက တန်ခိုးစွမ်းအားနှင့် ခံနိုင်ရည်စွမ်းသည် အလွန်မြင့်မားသွားပြီ ဖြစ်လေသည်။ ထို့ပြင် စကြဝဠာနှင့်လည်း တစ်သား တည်းကျပြီဟု ဆိုနိုင်သည့် အတွက် သေခြင်းတရားမှ လွတ်မြောက်သူများ အဖြစ် ထိုသူများ၏ အမည်စာရင်းသည် သေခြင်းရှင်ခြင်း စာအုပ်ထဲတွင် ပျောက်ကွယ် သွားကြရလေသည်။
မိုးကောင်းကင်နတ်ဘုရားများ၏ မွေးဖွားခြင်း၊ သေဆုံခြင်း၊ အသက်အရွယ်နှင့် ဖျားနာခြင်းများအားလုံးကို ထိန်းချုပ် ထားရန်မှာ ခက်ခဲလွန်းလှသဖြင့် သေခြင်းရှင်ခြင်းစာအုပ်မှ လွတ်လပ်ခြင်းအခွင့်ကို ပေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ယခင်က မိုးကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လေသည်။ အသူရာ ချောက်မှ ရယူခဲ့သည်လည်းရှိသလို ပြန်လည်ပေးအပ် ခဲ့သည်လည်း ရှိလေသည်။ ထိုသို့ အပေးအယူ မမျှပါက သေခြင်းရှင်ခြင်း စာအုပ်၏ လက်စားချေခြင်းကို ခံရနိုင်လေသည်။
သို့သော်… မည်သည့်အရာမှ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ အသူရာချောက်မှ ထွက်ခွာ သွားသူများလည်း များစွာရှိ လေသည်။ ထိုသို့သော ကျင့်ကြံသူများသည် ထိုက်ယီထျန်းရှန်း အဆင့်နီးပါး တန်ခိုးစွမ်းအား မြင့်မားသူများဖြစ်ကြ လေ၏။
ယွမ်ကျွင်းဧကရီနှင့် ဘုန်းတော်ကြီးရာမတို့မှာလည်း အသူရာချောက်မှ ထွက်ခွာသွားရန် ရွေးခြယ်ခဲ့ကြပါက သေခြင်း ရှင်ခြင်းစာအုပ်မှ ဖိအားများကို ရင်ဆိုင်ကြရတော့မည် မဟုတ်ပေ။
သို့သော် သူတို့သည် ထိုက်ယီထျန်းရှန်းအဆင့်သို့ ရောက်ရှိခဲ့ကြပြီး အသူရာချောက်မှလည်း ထွက်ခွာ သွားကြခြင်း မရှိကြသည့်အတွက် သေခြင်းရှင်ခြင်း စာအုပ်တွင် အထူးမှတ်တမ်း ရေးသွင်းခြင်းကို ခံကြရလေသည်။
သေခြင်းရှင်ခြင်းစာအုပ်၏ စာမျက်နှာတစ်ခုတွင် အတူတကွ ဖော်ပြခံထားရသည့် ဆန်းလျန်၊ ဘုန်းတော်ကြီးရာမနှင့် ယွမ်ကျွင်း ဧကရီတို့သည် သေခြင်းရှင်ခြင်း သံသရာလည်မှုများနှင့် သက်ဆိုင်ခြင်း မရှိတော့သည်မှာ ထင်ရှားလေသည်။ သို့သော်… သူတို့ (၃) ဦးသည် အသူရာချောက် အတွက် အလွန်အမင်း အန္တရယ်ကြီးမားသည့်လူများ ဖြစ်သည့်အတွက် သေခြင်းရှင်ခြင်း စာအုပ်တွင် အထူးမှတ်တမ်း ရေးသွင်းခြင်းကို ခံကြရလေသည်။ အမှန်တော့ နာမည်ဆိုးစာရင်း ရေးသွင်း ခံထားရခြင်းဟု မှတ်ယူနိုင်လေသည်။
ထို့နောက်တွင်တော့…
ဆန်းလျန်က သူ၏ စိတ်အာရုံများကို နေရာအနှံသို့ ဖြန့်ကြက် ကြည့်လိုက်သည့် အခါတွင်တော့ လီယွမ်လျန်နှင့် ဂိုဏ်းတူညီ (၃)ယောက်ကို အရင်ဦးဆုံး စဉ်းစားလိုက်မိလေသည်။
လက်ရှိအချိန်တွင် ရှီးလျန် ပြည်သူပြည်သားများမှာ စိုးရိမ်ပူပန်ပြီး ထိတ်လန့် တုန်လှုပ်နေကြဆဲ ဖြစ်လေသည်။ လီယွမ်လျန်နှင့် ဂိုဏ်းတူညီ (၃)ယောက်ကတော့ ဓားတန်ခိုးရှင်များ ဖြစ်သည့်အတွက် အခြားသူများထက် ဆာလျှင် စိတ်ဓာတ် ပိုမိုကြံ့ခိုင်သည့် သူများဖြစ်လေသည်။
ထို့ကြောင် သူတို့၏ စိတ်အခြေအနေသည် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်နေခဲ့ပြီ ဖြစ်လေသည်။
သူတို့သည် ရှီးလျန်မြို့တော် အဝင်တံခါးနားတွင် မိုးမြေစွမ်းအားများ ပြောင်းလဲ သွားသည်ကို သိရှိလိုက်သည်နှင့် ထိုနေရာသို့ ရောက်ရှိလာကြလေသည်။
ထိုအခါ မူလဝိညာဉ်ခန္ဓာကို ပြန်လည် တည်ဆောက်နေသည့် ဆန်းလျန်ကို တွေ့ရှိခဲ့ကြလေသည်။
သူတို့ (၄) ယောက်က ဆန်းလျန်ကို အတူတကွ ဦးညွတ် ဂါရဝ ပြုလိုက်ကြလေသည်။
စကားစပြီး ပြောလိုက်သူကတော့ ယွမ်ရွှယ်ဖုန်း ဖြစ်လေ၏။
"ဆရာဦးလေး… ဆရာဦးလေး အရမ်းအားနည်းနေတယ်လို့ ကျွန်တော် ခံစားရတယ်"
သူတို့ (၄)ယောက်ထဲတွင် ယွမ်ရွှယ်ဖုန်းက ဝိညာဉ်စွမ်းအား အကောင်းဆုံးဖြစ်ပြီး အာရုံခံနိုင်စွမ်းလည်း မြင့်မားလေသည်။ ထို့ပြင် ဆန်းလျန်သည် သူ၏တပည့်များကို တွေ့သည့်အခါ စကား မပြောဘဲ နေရိုး ထုံးစံမရှိပါ။ တစ်ခုမဟုတ် တစ်ခုကို သင်ပြပေးစမြဲ ဖြစ်လေသည်။ ယခုတော့ ဆန်းလျန်၏ပုံစံမှာ သာမန်ကျင့်ကြံသူ တစ်ယောက်အလား ဖြစ်နေ ခဲ့လေသည်။
ထို့ပြင် ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာလည်း ယွမ်ရွှယ်ဖုန်း ပြောသကဲ့သို့ အားနည်း နေခဲ့လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဟုတ်တယ် ရွှယ်ဖုန်း၊ အခုဆိုရင် ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေက မင်းတို့လောက်တောင် မရှိတော့ဘူး"
ထိုစကားကိုကြားသည်နှင့် လီယွမ်လျန်သည် ချက်ချင်းပင် ပြောလိုက်လေသည်။
"ဂိုဏ်းတူညီ (၅)၊ ဂိုဏ်းတူညီ (၇)၊ ဂိုဏ်းတူညီ (၈) အခုချက်ချင်းပဲ ဆရာဦးလေးကို စောင့်ရှောက်ပြီး သွေးနီရောင် ပင်လယ်ကို ပြန်ခေါ်သွားကြမယ်"
လီယွမ်လျန်၏ ဂိုဏ်းတူညီ (၃)ယောက်ကလည်း လီယွမ်လျန်နှင့် တစ်သဘောတည်း ဖြစ်ကြောင်း အကြည့်များဖြင့် သက်သေ ပြလိုက်ကြလေသည်။
ချင်းရွှမ်နတ်တံခါးမှ တပည့်များ၏ ပတ်သက် ဆက်နွှယ်မှု သံယောဇဉ်သည် အမြဲတမ်း ကြီးမားလေသည်။
သူတို့၏စိတ်ထဲတွင် ဆရာဦးလေးက ငြင်းဆန်မည်ဆိုလျှင်တောင်မှ သွေးနီရောင် ပင်လယ်သို့ အတင်းပြန်ခေါ် သွားရန် ဆုံးဖြတ်ထားကြလေသည်။ သူတို့၏ ဆရာဖြစ်သူ ချန်ကျန့်မေ၏ ကာကွယ်ပေးမှု အောက်တွင် ဆရာဦးလေးသည် အန္တရာယ်ကင်းနိုင်မည်ဟု သူတို့က ယူဆထားလေသည်။
ထိုသို့မဟုတ်ပါက ဆရာဦးလေးသာ တစ်ခုခုဖြစ်ခဲ့လျှင် သွေးနီရောင် ပင်လယ်သို့ ပြန်သည့် အခါတွင် ဆရာဖြစ်သူကို မျက်နှာ ပြရဲကြမည် မဟုတ်ပေ။ ထို့ပြင် သူတို့ကို အကြောင်းအရာ များစွာကို သင်ပြပေးသူဖြစ်သည့် ဆန်းလျန်၏ ကျေးဇူးတရားများသည်လည်း သူတို့ အပေါ်တွင် များစွာ ရှိလေသည်။
ဆန်းလျန်မရှိသည့် အချိန်တွင် ရှီးလျန်ပြည်တစ်ခုလုံး အန္တရာယ် ကျရောက်မည် ဆိုလျှင်လည်း သူတို့ ဂရုမစိုက်နိုင် တော့ပါ။ သူတို့၏ဆရာဦးလေး အန္တရာယ်ကင်းရေးမှ လွဲပြီး မည်သည့်အရာမှ သူတို့အတွက် အရေးမကြီးပေ။
ဆန်းလျန်က ရုတ်တရက် သူ၏တပည့်လေးများကို စ နောက် ချင်သွားမိလေသည်။
ထို့ကြောင့် သူက ပြုံးလိုက်ရင်း…
"ကျုပ်က ပြန်မလိုက်ဘူး ဆိုရင်ရော…"
ထိုအခါတွင်တော့ ယွမ်ရွှယ်ဖုန်းက သူ၏ဓားကို ဆွဲထုတ်လိုက်လေသည်။
"တောင်းပန်ပါတယ် ဆရာဦးလေး၊ ပြန်မလိုက်ဘူးဆိုရင်တော့ အတင်းခေါ်သွား ရလိမ့်မယ်"
ကျန်သည့် တပည့် (၃)ယောက်ကလည်း ယွမ်ရွှယ်ဖုန်း အတိုင်းပင် ဆုံးဖြတ်ထားကြပြီး သူတို့၏ဓားများကို ဆွဲထုတ် လိုက်ကြလေတော့သည်။
သူတို့သည် ဆရာဦးလေးကို ထိခိုက်စေရန်အတွက် လုံးဝ မပြုလုပ်ရဲပါချေ။ သူတို့က ဆရာဦးလေး၏ လုံခြုံရေး အတွက် အသူရာဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင် သွားလိုခြင်းသာ ဖြစ်လေတော့သည်။
***