← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 6 Ch. 598

ပြန်လည်မွေးဖွားခြင်း

Vol. 6 Ch. 598

မကြာသေးခင်ကပင် ဝမ်ကျုန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည့် အတွက် သူတို့အားလုံး စိတ်ပူနေကြဆဲ ဖြစ်လေ သည်။ ဆရာဦးလေးသည်ပင်လျှင် မြင့်မြတ်သည့် မိုးကြိုးနတ်ဘုရားကို ယှဉ်နိုင်မည် မဟုတ်ဟု သူတို့ ထင်ခဲ့ကြလေသည်။ ထိုသူသည် အလွန်မှ အန္တရာယ် ကြီးမားလွန်းလေ၏။

ထို့ကြောင့် ဆရာဦးလေးကို အသူရာဂိုဏ်းသို့ ပြန်ခေါ်သွားနိုင်လျှင် ရှီးလျန်မှာထက်ပိုပြီး အန္တရာယ် ကင်းမည် ဖြစ်လေသည်။

သို့သော်… ဆရာဦးလေးနေရာမှ စဉ်းစားပေးမည် ဆိုလျှင်လည်း ဆရာဦးလေးသည် သူတို့ ခေါ်ဆောင်ရာသို့ လိုက်ချင်မည် မဟုတ်ပေ။ ထို့ကြောင့် ဆရာဦးလေးက သူတို့နှင့် ပြန်မလိုက်ဘူးဟု ငြင်းဆန်ခြင်း ဖြစ်သည်ဟု သူတို့က ထင်မှတ်လိုက်မိလေသည်။

မည်သို့ပင်ဖြစ်စေ ဆရာဦးလေး အန္တရာယ် ကင်းနိုင်ရန် အတွက် သူတို့ကတော့ အပြစ်အများကြီး ပြုလုပ်ရပေတော့ မည်။

ကိစ္စအားလုံးပြီးဆုံး သွားမှသာ ပေးသည့်အပြစ်ကို ခံယူမည်ဟု ဆုံးဖြတ် လိုက်ကြလေသည်။

သူတို့၏ ဆုံးဖြတ်ချက်အတွက် နောင်တမရဘဲ ဆန်းလျန်သည်လည်း သူတို့အားလုံးကို နားလည် ပေးမည်ဟု ယုံကြည်ထားလိုက်ကြလေသည်။

ယွမ်ရွှယ်ဖုန်းက ဓားကိုကိုင်ပြီး ရှေ့သို့ထွက်လိုက်လေသည်။

"ဆရာဦးလေး… တပည့် အပြစ်ပြုမိလို့ အကြိမ်တစ်ထောင် သေသင့်ပါတယ်…"

သူ၏လက်ထဲတွင် ကိုင်ထားသည့်ဓားမှာ ဆန်းလျန်ပေးထားသည့် လိပ်နက်ရွှမ်ဝူဓား ဖြစ်လေသည်။ ထိုဓားသည် မီးကဲ့သို့ အပူရှိန် ပြင်းထန်သလို အာကာသထဲမှ အအေးဓာတ် ကဲ့သို့လည်း အေးခဲသည့်စွမ်းအားကို တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်စွမ်း ရှိလေသည်။

ကျန်သည့်တပည့် (၃)ယောက်ကလည်း  ယွမ်ရွှယ်ဖုန်းနှင့် တစ်သဘောတည်းပင် ဖြစ်လေသည်။ သူတို့က ဆရာ ဦးလေးကို သွေးနီရောင် ပင်လယ်ဆီသို့ ပြန်ပြီး ခေါ်ဆောင် သွားချင်နေကြသည်။

ဆန်းလျန်က သူ့တပည့်လေးများကို ကြည့်ပြီး အားနည်း ဖျော့တော့စွာ ပြုံးလိုက်လေသည်။

ထို့နောက် သူက လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး လက်ညှိုး လက်ခလယ်ကို အသုံးပြုကာ ယွမ်ရွှယ်ဖုန်း၏ ဓားကို ထောက်ကာ တားဆီး ထားလိုက်လေသည်။ ထို့နောက် ယွိယင်းဖား၏ ဇာမဏီဓားကို ဆွဲယူလိုက်ပြီး လျိုဝေးယိ၏ ကျားဖြူမရဏ ဓားရှိရာသို့ ပစ်လွှတ် လိုက်လေသည်။

ကြီးမားပြီး တုန်ခါနေသည့် စွမ်းအားထု တစ်ခုသည် ဓားများမှတစ်ဆင့် ယွိယင်းဖားနှင့် လျိုဝေးယိတို့ဆီသို့ စီးဝင်သွားသကဲ့သို့ ခံစား လိုက်ရလေသည်။

ဆန်းလျန်က သူ၏တပည့်များကြားတွင် အေးအေးဆေးဆေးပင် လမ်းလျှောက်ရင်း ထိုသို့ တိုက်ခိုက်သွားခြင်း ဖြစ်လေသည်။

ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် သူ၏လက်များက လီယွမ်လျန်၏ ပခုံးကို ဖမ်းဆုပ် မိသွားလေသည်။

လီယွမ်လျန်၏ကိုယ်ထဲမှ တန်ခိုးစွမ်းအားများမှာ ချက်ချင်းပင် ထိန်းချုပ် ခံလိုက်ရပြီး သူ၏ စိမ်းပြာ နဂါးကောင်းကင်ဓား မှာလက်မှ လွတ်ကျ သွားလေသည်။

သူတို့အားလုံးကို ယခုကဲ့သို့ တိုက်ခိုက်ရန်အတွက် ဆန်းလျန်သည် မည်သည့် တန်ခိုး စွမ်းအားကိုမှ အသုံးပြုခဲ့ခြင်း မရှိပါ။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆန်းလျန်က သူတို့အားလုံးကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်ပြီ ဖြစ်လေသည်။

ညီအစ်ကို (၄)ယောက်သည် မချိပြုံးပြုံးလိုက်မိကြပြီး ဆန်းလျန်ကို တအံ့တသြ ကြည့်နေမိကြလေသည်။

ဆန်းလျန်က…

"မင်းတို့ (၄) ယောက်ရဲ့ တန်ခိုးစွမ်းအားက ဒီအသူရာချောက်က ကျင့်ကြံသူ (၉၉) ရာခိုင်နှုန်းထက် သာတယ်၊ ရွှမ်ကျန်းကျောင်းတော်က လောကနတ်ဘုရား (၇)နစ်ပါးနဲ့တောင် အဆင့်အတန်း တူတယ်၊ အဲဒီ နတ်ဘုရား (၇)ပါးနဲ့ မင်းတို့ (၄) ယောက် ယှဉ်မယ်ဆိုရင်တောင် ဘယ်သူနိုင်မလဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူး၊ အခုလက်ရှိအချိန်မှာ ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေက အရမ်းလျော့နည်း နေတယ်၊ တိုက်ခိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေပဲ၊ ဒါပေမဲ့ မင်းတို့ (၄)ယောက်ကို ဘာလို့ လွယ်လွယ်နဲ့ အနိုင်ယူလိုက်နိုင်တာလဲ၊ သိတဲ့သူ ပြောပြပေးနိုင်မလား"

ဆန်းလျန်၏အမေးကို ယွိယင်းဖားက အရင်ဆုံး အဖြေ ပေးလိုက်လေသည်။

"ဆရာဦးလေး၊ ကျွန်တော့်ရဲ့ ဇာမဏီဓားကို ဆရာဦးလေး ဆွဲယူလိုက်တဲ့ အခါမှာ မိုးမြေစွမ်းအားတွေကို စုပ်ယူ အသုံးပြုလိုက် သလိုပဲ၊ ကြည့်ရတာ ဆရာဦးလေးမှာ တန်ခိုး စွမ်းအားတွေ လျော့နည်း နေပေမယ့် မိုးမြေစွမ်းအားတွေကို ဆရာဦးလေးရဲ့ တန်ခိုးစွမ်းအား အဖြစ် လိုသလို ပြောင်းလဲလို့ ရတယ်လို့ ထင်မိပါတယ်"

ဆန်းလျန်က ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။

"ယင်းဖား… ဒီလိုဖြစ်ရတဲ့ အကြောင်းကိုရော သိလား"

ယွိယင်းဖားမှာ တပည့် (၄) ယောက်တွင် စွမ်းရည်အနိမ့်ဆုံး ဖြစ်သော်လည်း အလွန်ကြိုးစားသူ တစ်ယောက် ဖြစ်လေသည်။

သူက ဆန်းလျန်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူ့အတွေ့အကြုံကို လွယ်လွယ်ကူကူ ပြောပြ လိုက်နိုင်သော်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုတော့ နားလည်နိုင်စွမ်းမရှိပေ။

ဆန်းလျန်၏အမေးကို ယွိယင်းဖားက ခေါင်းခါယမ်း ပြလိုက်လေသည်။

ထိုအခါ လျိုဝေးယိက အဖြေ ပေးလိုက်လေသည်။

"မိုးမြေစွမ်းအားတွေကို အသုံးပြုနိုင်တယ် ဆိုတာ ဝိညာဉ်စွမ်းအား မြင့်မားလို့ အသုံးပြုနိုင်တာပဲ၊ ဝိညာဉ်စွမ်းအား မြင့်မားလေ ပတ်ဝန်းကျင်က မိုးမြေစွမ်းအား တွေကို အသုံးပြုနိုင်ပြီး ပိုပြီးတော့လည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်လေပဲ၊ ဒါဟာ သဘာဝလွန် တာအို တန်ခိုးစွမ်းအားတွေကို အသုံးပြုနိုင်ရခြင်းရဲ့ အခြေခံအချက်ပဲ မဟုတ်ဘူးလား၊ ခုနတုန်းက ဆရာဦးလေးက အဲဒီလိုမျိုးလုပ်ခဲ့တာ ဖြစ်မယ်၊ ဒါကြောင့် ဆရာဦးလေးရဲ့ အမြင်မှာ ကျွန်တော်တို့ရဲ့ ဓားသိုင်းကွက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်နေတာပေါ့"

ထိုအဖြေကို ဆန်းလျန်က မေးခွန်းတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

“ဒါဖြင့် အဲဒီလို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ဘာလုပ်ရမလဲ”

လီယွမ်လျန်၏ တင်းကျပ်နေသည့် စိတ်များသည် ချက်ချင်းပင် ပြေလျော့ သွားရလေသည်။ သူက အလျင်အမြန်ပင် ဆန်းလျန်၏ မေးခွန်းကို ဝင်ဖြေ လိုက်လေသည်။

"ဆရာဦးလေးရဲ့ မူလဝိညာဉ်ခန္ဓာက အရမ်းစွမ်းအားမြင့်မား လွန်းတယ်၊ အချိန်တိုလေး အတွင်းမှာပဲ အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်၊ ဒါက သဘာဝပဲ မဟုတ်ဘူးလား"

ဆန်းလျန်က ခေါင်းကို ခါယမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးလိုက်လေသည်။

"ကျုပ်တစ်ယောက်တည်း ကျင့်ကြံဖို့လိုတယ်၊ ကျုပ်ကျင့်ကြံပြီးသွားတဲ့ အခါကျရင် မင်းတို့ကို အခုလိုပဲ ထပ်ပြီး စပ်းသပ်မယ်၊ အဲဒီအချိန်ကျရင်တော့ ကျုပ်ကို စိတ်ပျက်အောင် မလုပ်ကြနဲ့နော်…"

ဆန်းလျန်သည် ပြောပြီးသည်နှင့် သူတို့ရှေ့မှ ထွက်ခွာ သွားလေသည်။

ဆန်းလျန်သည် ကျီမုမြစ်အတွင်းသို့ ဆင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားသည်ကို ဂိုဏ်းတူ ညီအစ်ကို (၄)ယောက်မှာ ငေးကြည့်နေကြရုံမှ တစ်ပါး မည်သို့မှ မတတ်နိုင်ကြတော့ပေ။

အတန်ကြာတော့မှ ယွမ်ရွှယ်ဖုန်းက…

"ဂိုဏ်းတူညီအစ်ကိုတို့၊ ခုနတုန်းက ဆရာဦးလေးက သူ့ရဲ့ မူလဝိညာဉ်ခန္ဓာက တန်ခိုး စွမ်းအားတွေကို အသုံးပြု လိုက်တာ မဟုတ်ဘူး ထင်တယ်၊ ဘာကြောင့်မှန်းတော့ မသိပေမယ့် ဆရာဦးလေးက ငါတို့ကို တိုက်ခိုက်လိုက်တဲ့ တိုက်ကွက်ကို သူကိုယ်တိုင် ဖန်ဆင်း လိုက်တာပဲ၊ သူက သူ့ဥပဒေသနဲ့သူ တိုက်ခိုက်သွားတာ၊ တို့တွေအားလုံး အရူးလိုပဲ လှုပ်တောင် မလှုပ်လိုက်နိုင်ဘူးနော်"

ယွမ်ရွှယ်ဖုန်း၏ စကားကြောင့် အခြားသူများ၏ နှလုံးသားများမှာလည်း တုန်လှုပ် သွားကြရလေသည်။

ယွမ်ရွှယ်ဖုန်း၏ အမြင်ကို သူတို့အားလုံး လက်ခံသဘောတူ လိုက်ကြလေသည်။ ယွမ်ရွှမ်ဖုန်း ပြောသည်မှာလည်း မှန်သလို ရှိနေသည် မဟုတ်ပါလား။

ထို့ပြင် သူတို့အားလုံး တိတ်တဆိတ် ဝန်ခံလိုက်ကြသည့် အချက်တစ်ခုမှာ "ဆရာဦးလေးကို မည်သည့် အရာကမှ အန္တရာယ် ပြုနိုင်မည်မဟုတ်" ဆိုသည့်အချက်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် ကျီမုမြစ်ရေအတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားချိန်တွင် ယွမ်ရွှယ်ဖုန်း၏ စကားများကို ကြားလိုက် ရလေသည်။ ထိုစကားများသည် အမှန်နှင့် နီးစပ်သည်ဟု ယူဆ နိုင်လေသည်။

အမှန်တော့ ဆန်းလျန်သည် ကိုယ်ပိုင် ဥပဒေသများကို ချမှတ်နိုင်ရုံသာမက သူ၏ နှလုံးသား ထဲတွင်လည်း စကြဝဠာတစ်ခု၏ ပုံရိပ်သည် ဖြစ်တည်နေခဲ့ပြီ ဖြစ်လေသည်။ယနေ့ သူကြုံတွေ့နေရသည့် အရာအားလုံးသည် တာအိုဆရာသခင် ထိုက်စန့် ပြောခဲ့သည့် စကားများနှင့် ဆင်တူလေသည်။

"လောကတစ်ခုလုံးရှိ ဖြစ်တည်မှုများ အားလုံးသည် မရှိမှုမှ ဆင်းသက် လာသည်" ဆိုသည့် အချက်ပင် ဖြစ်လေသည်။

"ဖြစ်တည်မှု" ကို ထိုက်ယီထျန်းရှန်းဟု ခေါ်ဆိုနိုင်ပြီး "မရှိမှု" သည်လည်း ထိုက်ယီထျန်းရှန်းပင် ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်းသည် မိုးနှင့်မြေရှိ သတ္တဝါအားလုံးကို ဦးဆောင် လမ်းပြပေးနိုင်သည့် စစ်မှန်သည့် စိတ်ဝိညာဉ်ပင် ဖြစ်လေသည်။

ကျီမုမြစ်ရေကိုသောက်သုံးမိပါက မိန်းကလေး တစ်ယောက်ကို ကိုယ်ဝန် ရစေနိုင်လေသည်။ ထိုသို့ ဖြစ်ရခြင်းမှ "မရှိမှု" မှ "ဖြစ်တည်မှု" သို့ ပြောင်းလဲသည့် သဘောဖြင့် ကွဲပြားခြင်း မရှိပေ။ ထို့ကြောင့် ဆန်းလျန်သည် ကျီမုမြစ်၏ အနှစ်သာရကို လေ့လာရန် လိုအပ်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအချက်ကြောင့်ပင် ဆန်းလျန်သည် တစ်စုံတစ်ခုကို တဖြည်းဖြည်း နားလည် လာခဲ့ရလေသည်။ အစမှအဆုံးထိ တိုင်အောင် သူ့အတွက် ချမှတ်ပြီးသား ဖြစ်သည့် ကံတရားမှ သူ့အနေဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ချန်ချင်သည် ကျီမုမြစ်ရေကို သောက်ခဲ့သည့် အတွက် ဆန်းလျန်က အသူရာချောက်တွင် လူပြန်ဝင်စား နိုင်ခဲ့လေသည်။ အဆုံးသတ်တွင် ထိုက်ယီထျန်းရှန်း အဆင့်ကို အောင်မြင်နိုင်ရန် အတွက်လည်း ကျီမုမြစ်ရေကိုပင် အားကိုး ခဲ့ရလေသည်။ အရာ အားလုံးသည် တိုက်ဆိုင်လွန်းလေစွ။

ဆက်စပ်တွေးတော ကြည့်မည်ဆိုလျှင် ဝမ်ကျုန်း တစ်ယောက် မြင့်မြတ်သည့် မိုးကြိုးနတ်ဘုရား အဖြစ် အသွင်ပြောင်း သွားခြင်း၏ နောက်ကွယ်တွင် မရိုးရှင်းသည့် အကြောင်းတရား တစ်ခု ရှိနေနိုင်လေသည်။ အကယ်၍ ဝမ်ကျုန်းသာ ရောက်မလာခဲ့လျှင် သူ့အနေဖြင့် ထိုက်ယီထျန်းရှန်း အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် အချိန်ယူရဦးမည် ဖြစ်လေ သည်။

ဆန်းလျန်သည် တာ့ကျိုးပြည်ကို တည်ထောင်ပြီး တာ့ရှားနှင့် ယင်းစန်းကို ယှဉ်ပြိုင်နိုင်သည့်တိုင် ဝမ်ကျုန်းသာ ရောက်မလာခဲ့လျှင် သူ့အနေဖြင့် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်ရောက်နိုင်ရန် သိပ်ပြီး မသေချာလှပေ။

ယခုအချိန်တွင်တော့ သူသည် ရဲ့လျိုယွင်ကို သတိရနေမိလေသည်။ သူတို့နှစ်ယောက်သည် ခံစားချက်များ တူညီကြလေသည်။ သူတို့နှစ်ယောက်သာ အတူတူ ရှိမည်ဆိုပါက သူတို့သည် စွမ်းအားစုများကို စုစည်းပြီး အရာအားလုံးကို ပြိုလဲအောင် ဖြိုချပစ်နိုင်မည်မှာ အသေအချာပင် ဖြစ်လေသည်။

ဆန်းလျန်သည် လွတ်လပ်မှုကို ရှာဖွေ တွေ့ရှိခဲ့သည့်တိုင် ထိုအရာသည် ကံကြမ္မာ၏ ကြိုတင် ဆုံးဖြတ်ထားခြင်းသာ ဖြစ်လေသည်။ ထိုအချက်ကို သူတစ်ယောက်တည်းသာ နားလည် နေခဲ့လေသည်။

သူ့ဘဝတွင် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသလို မဖြေရှင်းနိုင်သည့် ဇာတ်ရှုတ်များထဲတွင် ပါဝင် ပတ်သက် ခဲ့ရလေသည်။ ယခုအချိန်ထိတိုင်အောင် မမှန်းဆနိုင်သည့် အရိပ်တစ်ခုဆီမှ သူကိုယ်တိုင် လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

ဆန်းလျန်သည် ကျီမုမြစ် အတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ ထိုနေရာတွင် အလင်းလည်းမရှိ၊ အသံလည်း မရှိပေ။ ရေစီးဆင်းခြင်းသည်ပင်လျှင် ရပ်တန့်နေသည့် အလား ထင်မှတ် ရလေသည်။ သူ၏နတ်ဘုရား ဝိညာဉ် သည်မရှိမှု ကျေးရွာမှ မရှိခြင်းတရားကို ခံစားနေရဆဲ ဖြစ်လေ၏။

သူ့စိတ်ထဲတွင် အေးချမ်းနေလေသည်။ မည်သည့်ကိစ္စများ ဖြစ်ပျက် လာပါစေ နောက်ဆုံးတော့ သူသည် ထိုက်ယီ ထျန်းရှန်း အဆင့်သို့ ရောက်ရှိခဲ့လေပြီ။ ဖြစ်လာသမျှ အရာအားလုံး၊ အန္တရာယ် အားလုံးကိုလည်း သူက ရင်ဆိုင်သွား မည်ဖြစ်လေသည်။

ယခုအချိန်အခါမှစပြီး မရှိမှုကျေးရွာ၏ အပြင်ဘက်တွင် ဆန်းလျန်သည် ပြန်လည် မွေးဖွားလာတော့မည် ဖြစ်လေသည်။ ပြာများ မီးခိုးငွေ့များ အသွင်ဖြင့် ဆန်းလျန် ပျောက်ကွယ် သွားမည်ဆိုလျှင်တောင်မှ လောကတွင် နောက်ထပ် ဆန်းလျန် တစ်ယောက်ကတော့ ရှိနေဦးမည် ဖြစ်လေသည်။

သူ၏ကျင့်ကြံခြင်း တန်ခိုးစွမ်းအားများ အားလုံးကိုလည်း ပြန်လည် မွေးဖွားခြင်းနှင့် အတူ ပြန်လည်ရရှိမည် ဖြစ်လေသည်။

ထိုအရာများအားလုံးသည် တဖြည်းဖြည်းချင်း ဖြစ်လာမည့် အရာများသာ ဖြစ်ပြီး ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို ပိုမိုနားလည် သဘောပေါက် လာခဲ့ရလေသည်။ လူတစ်ယောက်သည် ထိုက်ယီထျန်းရှန်း အဆင့်နတ်ဘုရား တစ်ပါးဖြင့် ကံကြမ္မာချင်း သွားရောက် ပတ်သက်မိပါက နေ့နေ့ညည အိပ်မက်ဆိုးများ မက်ရမည်သာ ဖြစ်လေတော့သည်။

***

All Chapters