အခန်း (၁-၃)
Vol. 1 Ch. 1-3
အခန်း (၁)
“ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့ အသီးတွေကို တစ်နာရီအတွင်း လူနှစ်ယောက်ကို စားခိုင်းပါ၊ ဒါမှမဟုတ်ရင် မစ်ရှင်ကျရှုံးသွားလိမ့်မယ် ”
နွေရာသီ ကောင်းကင်က စူးရှတောက်ပနေသည်။ ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် စိတ်ပျက်စရာအကောင်းဆုံး ရာသီဥတုမှာ ဤကဲ့သို့ ရာသီဥတုမျိုး ဖြစ်သည်။ ယခုအချိန်၌ သူမက အပြင်ကို ထွက်ကို ထွက်ရတော့မည် ဖြစ်သည်။
ရှန်းထင်ရွှမ်းက သူမ၏နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူမ၏ညာဘက်လက်တွင်မူ ကြီးမားလုံးဝန်းပြီး အနီရောင်ယှက်နေသော အဝါရောင်တရုတ်ဆီးသီးများ ထည့်ထားသည့် ခြင်းတစ်ခြင်းကို ကိုင်ထားသည်။ သူမ လမ်းလျှောက်သွားခဲ့သည့် နေရာတိုင်း၌ ထိုအသီးများ၏ ချိုမွှေးသည့် ရနံ့က ပျံ့လွင့်နေပြီး လူများကို သွားရည်ကျအောင် ဆွဲဆောင်နေ၏။
သာမန်အားဖြင့် ဤကဲ့သို့ အသီးများသည် ဘယ်သူမှ မစားမှာကို မင်း ပူပန်မှာ မဟုတ်ဘူး။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ပြုံးလိုက်ပြီး ဆောင့်ကြောင့်အနေအထားဖြင့် ထိုင်ချလိုက်သည်။
“ကလေး မင်း ဒီအသီးကို စားကြည့်ချင်လား ”
ကလေးမလေးက သူမ၏ချစ်စဖွယ်ကောင်းသော ဦးခေါင်းလေးကို စောင်းလိုက်ပြီး ထိုကြီးမားသော ဆီးသီးကို ကြည့်လိုက်သည်။ ပြီးနောက် သူမ၏ညာဘက်လက်က စိတ်လှုပ်ရှားစွာ ဆွဲယူလိုက်သည်။
ရှန်းထင်ရွှမ်းက ပျော်ရွှင်သွားခဲ့သည်။
ခဏကြာပြီးနောက် သူမဆီသို့ သူမ၏နာရီလက်တံ (၂၀)မိနစ်မှာ ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် လျင်မြန်စွာ လာနေသည်ကို မြင်လိုက်ရသည်။ ပြီးနောက် သူမက ကလေးမလေးကို ကောက်ချီလိုက်သည်။ ဒီအချိန်မှာပဲ သူမက သတိရှိစွာဖြင့် ကြည့်ပြီး တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်မရဲ့ ကလေးက အစာအိမ် သိပ်မကောင်းလို့ပါ ”
ထို့နောက် သူမက လှည့်ထွက်သွားသည်။
ခြေလှမ်း ၂လှမ်းခန့် လှမ်းပြီးနောက် သူမက ကလေးမလေးအား ဆုံးမနေသည်ကို ရှန်းထင်ရွှမ်းက ကြားလိုက်ရသည်။ “သမီး သူစိမ်းတစ်ယောက်က ပေးတာတွေကို မစားရဘူးလေ။ အဲဒါကို မှတ်မိလား ”
ရှန်းထင်ရွှမ်း : “အမှန်ပဲ၊ ဒါပေမဲ့ သူမရဲ့တာဝန်တွေက မပြီးမြောက်သေးဘူး ”
ဒါက သူမရဲ့ တစ်နာရီနီးပါးလုံး နောက်ဆုံး ကြိုးစားမှုတွေပဲလေ။ ဒါပေမဲ့ ဘယ်သူမှ ဒီဆီးသီးတွေကို မစားချင်ကြဘူး။ ပြီးတော့ သူတို့က သူမကို လူလိမ်လို့ ထင်နေကြတယ်။
ဒီဂျင်ဆင်းမြစ်က အရမ်းကိုပဲ မတရားသဖြင့် ခံနေရပြီ။
ဒါပေမဲ့ သူမ ဘာမှ မပြောနိုင်ဘူး။
လူသားတွေက သူတို့ဖြစ်သင့်တာထက် အရမ်းကို ခုခံကာကွယ်လွန်းနေပေသည်။ သူမက လူစိမ်းတစ်ယောက်လိုမျိုး ဖြစ်နေပြီ။ ဒါပေမဲ့ ဒီအချိန်မှာ ဘာကို လုပ်ရမလဲဆိုတာ သူမ တကယ်ပဲ မသိဘူး။
ထိုအခိုက်အတန့်၌ သေစေနိုင်သော စက်ပိုင်းဆိုင်ရာအသံတစ်ခုက သူမ၏နားထဲတွင် အေးတိအေးစက် မြည်လာသည်။
“မစ်ရှင်မပြီးဆုံးခင် ၁၀မိနစ် ကျန်ပါသေးသည်။ ယခု host ၏ မစ်ရှင်လုပ်ဆောင်ချက်သည် သုည ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးလျှင် ဝိညာဉ်သွေးကြောမှ နှစ်ရာခိုင်နှုန်း နှုတ်ယူပါမည်“
ရှန်းထင်ရွှမ်းက ကြားလိုက်ရပြီး သူမ၏မျက်နှာလေးက ပျက်သွားသည်။ ပြီးနောက် သူမ ခေါင်းက ငိုက်စိုက်ကျသွားသည်။
သူမက စုစုပေါင်း တစ်ရာခိုင်နှုန်းပဲ ပြန်လည်ဖြည့်တင်းရသေးတာလေ။ နှစ်ရာခိုင်နှုန်း နှုတ်ယူမယ်။ ဒါက သူမကို သေခိုင်းနေတာ မဟုတ်ဘူးလား။
နှစ်တစ်သောင်းဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက ခါးသီးစွာ အသက်ရှင်ခဲ့ရသည်။ နောက်ဆုံးတွင် အမြစ်တစ်ခု ဖြစ်လာရန် ပျိုးထောင်ခဲ့သည်။ သို့သော် သူမက မိုးကြိုးပစ်ခံလိုက်ရသည်။
သူမက မိုးကြိုးပစ်ခံရပြီးတာတောင် ဘာလို့ စာအုပ်ကမ္ဘာထဲကို ကူးပြောင်းခံလိုက်ရတာလဲ။
ဒါက သူမနားမှာ ဇာတ်လမ်းအကြောင်း ပြောနေတဲ့ အဲ့ဒီမိန်းမကလေးနှစ်ယောက်ပဲ ဖြစ်ရမယ်။
စာအုပ်ခေါင်းစဉ်က “ ကြီးမြတ်သော အရှင်သခင်၏ ဇနီးလေး ” ဖြစ်သည်။ ရှန်းမိသားစု၏သမီးအစစ်ကလည်း စာအုပ်ထဲမှ ရက်စက်သော မူလပိုင်ရှင် ဖြစ်သည်။
မူလကိုယ်က အသက်ဆယ့်ရှစ်နှစ် ရောက်သောအခါ ရှန်းမိသားစုက သူမကို ခေါ်ယူခဲ့သည်။ သို့သော်လည်း မူလကိုယ်က သူမမှာ ရှိသင့်သည့် အရာရာတိုင်းကို မနှစ်သက်ခဲ့ပေ။ သူမ မည်မျှ အလုပ်ကြိုးစားစေကာမူ ချမ်းသာသော မိဘများက သူမကို မနှစ်သက်ဆဲ ဖြစ်ပြီး ဆွေမျိုးများကလည်း သူမကို အထင်အမြင်သေးမြဲ ဖြစ်သည်။ လူတိုင်းက မွေးစားသမီးက ပိုကောင်းသည်ဟု ထင်နေကြပြီး သူမနားက လူများကလည်း သူမကို မုန်းနေကြသည်။
မွေးစားသမီး၏ ထပ်ခါ ထပ်ခါ အကွက်ချမှုများကြောင့် မူလကိုယ်က နောက်ဆုံးတွင် ရှန်းမိသားစုမှ နှင်ထုတ်ခံခဲ့ရသည်။
နောက်နေ့မှာ မူလကိုယ်က သူမအမေဘက်မှ အဘွားချန်ထားခဲ့သည့် ရှင်းယွမ်ရှန် (ရှင်းယွမ်တောင်)ကို ရောင်းခဲ့သည်။ ပြီးနောက် သူမက ထိုပိုက်ဆံများဖြင့် အဝေးကို ထွက်သွားခဲ့သည်။
သူမက သူမဝယ်ချင်ခဲ့ပြီး မဝယ်နိုင်ခဲ့သည့် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သည်။ ပြီးတော့ ကမ္ဘာအနှံ့ကို ခရီးထွက်ခဲ့သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး သူမ၏ချမ်းသာကြွယ်ဝမှုကို ပြသခဲ့ပြီး အင်တာနက်ဆယ်လီလမ်းကြောင်းသို့ သွားခဲ့သည်။
နှစ်ဝက်မရှိသေးခင်၌ သူမက တောင်ကို ရောင်းလို့ရသည့်ငွေအမြောက်အများကို သုံးပစ်လိုက်သည်။
သို့သော် မူလကိုယ်က ခမ်းနားထည်ဝါသော နေထိုင်မှုပုံစံမျိုးနှင့် အသားကျနေနှင့်ပြီးသား ဖြစ်နေသည်။ ပိုက်ဆံမရှိဘဲ မည်ကဲ့သို့ နေနိုင်မည်နည်း။
ထို့ကြောင့် သူမက စာအုပ်ထဲတွင် အမျိုးသားဇာတ်လိုက်ပေါ်တွင် သူမအာရုံစိုက်လိုက်တာ ဖြစ်သည်။
အမျိုးသားဇာတ်လိုက်က အရှင်သခင်ဖြစ်သည်။ သူက မူလကိုယ်ကို မည်ကဲ့သို့ စိတ်ဝင်စားမည်နည်း။ သူ့နှလုံးသားထဲတွင် ရှိသည့်အချစ်စစ်က မွေးစားသမီးဖြစ်သည်။ သို့သော် မူလကိုယ်က ဤအချက်ကို လျစ်လျူရှုခဲ့သည်။ အမျိုးသားဇာတ်လိုက်ကို ပြင်းပြင်းထန်ထန် စိတ်အနှောင့်အယှက်ပေးနေစဉ်အတွင်း သူမက အမျိုးသမီးဇာတ်လိုက်ကို ထပ်ခါ ထပ်ခါ ပြစ်တင်ဝေဖန်နေသည်။ အမျိုးသားဇာတ်လိုက်က သူ့ချစ်သူကို အနိုင်ကျင့်သူများကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
မိန်းကလေးနှစ်ယောက်က စာအုပ်အကြောင်း ပြန်ပြောနေကြတာမပြီးသေးခင် သူမက မိုးကြိုးအပစ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ ထို့နောက် သူမက ရှန်းမိသားစုမှ ထွက်မသွားခင်အချိန်က အမျိုးသမီးဇာတ်ကောင် ဖြစ်လာခြင်း ဖြစ်သည်။
သူမက ဘာအတွက်ကြောင့် အခု ဒီနေရာမှာ ရှိနေရတာလဲ။ ပြီးတော့ သူမက နေရာတိုင်းကလူတွေကို ဆီးသီးတွေ လိုက်ပေးဖို့ လိုနေရတာလဲ။ စနစ်ကြောင့်ပဲ။
ရှန်းထင်ရွှမ်းက မြေကြီးထဲမှာ အမြစ်တွယ်နေခဲ့ပေမဲ့ သူမက စိုက်ပျိုးရတာ နှစ်သက်တယ်လို့ ဘယ်တော့မှ မပြောခဲ့သင့်ဘူး။
မနေ့က သူမ မိုးကြိုးပစ်ခံလိုက်ရပြီး သေလုမျောပါး ဖြစ်သွားခဲ့သည်။ သူမ သေသွားပြီးနောက် သူမ၏မူလကိုယ်အခြေအနေက အကောင်းတိုင်း မရှိနိုင်တော့ဘူး။ လူတစ်ကိုယ်လုံး၏ အခြေအနေက အဆုံးစွန်ထိ ဆိုးရွားနေခဲ့သည်။
သည်အချိန်မှာ စနစ်ဟူသည့်အရာက ပေါ်လာခဲ့ပြီး သူမစိုက်ပျိုးထားတာကို လူတစ်ယောက်က စားမည်ဆိုပါက သူမ၏ကိုယ်မှာ ရှိသည့် ဝိညာဉ်သွေးကြောများက ၁ရာခိုင်နှုန်း ပြန်လည် သိုလှောင်နိုင်လိမ့်မည်ဟု ပြောသည်။
ရှန်းထင်ရွှမ်း၏ ခန္ဓာကိုယ်ထဲတွင် ရှိသည့် ဝိညာဉ်စွမ်းအင်လမ်းကြောင်းကသာလျှင် မိသားစုခြံဝန်းထောင့်ရှိ အနီရောင်ဘယ်ရီသီးကို အာဟာရပြည့်စေနိုင်သည်။ ရှန်းမိသားစုက သူမနှင့် ဆိုးရွားသည့်ဆက်ဆံရေး ရှိသည်။ အဲဒီလိုဖြစ်ဖြစ် မဖြစ်ဖြစ် ကိစ္စတော့မရှိပါဘူး။ ဘယ်သူမှ မစားချင်ကြမှာ မဟုတ်ဘူး။
ရှန်းထင်ရွှမ်းက နေပူပူထဲ ထွက်လာခဲ့သည်။ ပြီးနောက် ဤအနီရောင်ဘယ်ရီသီးကို လူကြီးတစ်ယောက် အပူရှပ်ခြင်းမှ ကယ်တင်ရန် အသုံးပြုခဲ့သည်။
အနီရောင်ဘယ်ရီသီးကို သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းပေးခဲ့သည်။ ထိုအရာက အသက်ကြီးသည့်သူများကို အပူရှပ်ခြင်းမှ ကယ်တင်နိုင်သည်မှာ အံ့ဩစရာ မဟုတ်ချေ။ ထူးဆန်းနေသည်မှာ သူမ၏နားထဲမှ စက်ပိုင်းဆိုင်ရာအသံက အမှန်တကယ်မြည်နေသည်မှာ “ပထမဆုံးတာဝန်ကို ပြီးမြောက်သွားသည့်အတွက် ဂုဏ်ယူပါသည်၊ ဆုတစ်ခု အဖြစ် ဝိညာဉ်ကြောများကို ၁ % ပြန်လည်ပေးအပ်ထားပါသည် ”
ထိုစဉ် ရှန်းထင်ရွှမ်းသည် သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်က ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။ သို့သော် စနစ်က ညနက်သည့်တိုင် ပြန်ပေါ်မလာတော့ချေ။ စက်ပိုင်းဆိုင်ရာအသံက တာဝန်တစ်ကို တဖန် ထုတ်ပြန်ခဲ့သည်။
“ ကျေးဇူးပြုပြီး လူနှစ်ယောက်ကို မင်းစိုက်ထားသောအသီးများ ၁၂ နာရီအတွင်း စားခိုင်းပါ ”
ရှန်းမိသားစု၏ခြံဝင်းထဲတွင် ဥယျာဉ်များရှိသော်ငြား သူတို့က အလှဆင်ဘွန်ဆိုင်းပင်များကို စိုက်ထားကြသည်။ ဤစနစ်၏ စီစဉ်ထားသောနည်းလမ်းအရ သူမက ရှေ့လျှောက်တာဝန်များကို သတိထား ခန့်မှန်းနိုင်သည်။ ထိုတာဝန်က သူမ၏အသီးများကို လူတစ်ရာ၊ လူတစ်ထောင် သို့မဟုတ် လူတစ်သောင်းခန့် စားရန် လိုအပ်သည်။
မူလကိုယ်၏ မှတ်ဉာဏ်များကို လက်ခံပြီးသည့်နောက် ရှန်းထင်ရွှမ်းက မူလကိုယ်၏ နာမည်အောက်၌ တောင်တစ်လုံးရှိသည်ကို သိခဲ့ရသည်။ ထို့ကြောင့် သူမက ညလယ်လောက်မှာ ရှင်းယွမ်ရှန်ဆီကို လာခဲ့သည်။ ဤတောင်ကို မူလကိုယ်၏ အမေဘက်မှ အဘွားက ချန်ထားခဲ့သည်။ ထိုအမေဘက်မှ အဘွားက လွန်ခဲ့သော နှစ်နှစ်ခန့်က သေဆုံးသွားခဲ့ပြီး ရှန်းမိသားစုက ထိုနေရာကို တစ်ခါမှ မသွားခဲ့ပေ။
ကြီးမားသောတောင်တစ်လုံးက မဖြစ်ထွန်းသောမြေတစ်ခု ဖြစ်လာခဲ့သည်။
ရှန်းထင်ရွှမ်းက အမှောင်ကို မကြောက်ပေ။ တောင်၏တောင်ဘက်ခြမ်းကို တက်ရန် နာရီပေါင်းများစွာ ကြာခဲ့သည်။ သူမက တရုတ်ဆီးသီးပင်နှင့် မက်မွန်သီးပင်များကိုသာ တောင်ပေါ်မှာ တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းက တရုတ်ဆီးသီးများကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ တရုတ်ဆီးသီးများက မက်မွန်သီးများထက် သေးငယ်ပြီး ဝိညာဉ်စွမ်းအင်ကို အနည်းငယ်သာ လိုအပ်ပေ၏။
သူမက သူမ၏ဝိညာဉ်သွေးကြောများကို တစ်ရာခိုင်နှုန်းသာ ပြန်လည်ရရှိသေးပြီး ဝိညာဉ်စွမ်းအင်ဖြင့် သေးငယ်သောအကိုင်းတစ်ခုကိုသာ ရေလောင်းနိုင်ပေသည်။
မနေ့က ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းခဲ့သော အနီရောင်ဘယ်ရီသီးက အရွယ်အစား ပြောင်းလဲခြင်း မရှိပေ။ သို့သော် အရသာကမူ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ယနေ့ တရုတ်ဆီးသီးများမှာမူ ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပြီးသည့်နောက် အရွယ်အစား၊ အရသာနှင့် အရောင်တို့ ပြောင်းလဲသွားခဲ့သည်။ အားလုံးပြီးသည့်နောက် သူတို့သည် ဂျင်ဆင်းမြစ်၏ဝိညာဉ်စွမ်းအင်များ ဖြစ်ကြပြီး ဝိညာဉ်သွေးကြောများ၏ ၁ % ကတောင် သက်ရောက်မှုကို ကောင်းကောင်း ပြန်လည် ထိန်းသိမ်းပေးသည်။
စနစ်က အချိန်တစ်နာရီကျန်သည်ဟု သူ့ကို သတိပေးလာသောအခါ ရှန်းထင်ရွှမ်းက ခြင်းတောင်းတစ်ခုကို ရှာလိုက်ပြီး တရုတ်ဆီးသီးများကို ထည့်လိုက်ကာ တောင်အောက်သို့ ပြေးဆင်းသွားသည်။
နေ့လယ်ခင်းတွင် လမ်းမပေါ်၌ လူအများကြီး ရှိမနေချေ။ ရှန်းထင်ရွှမ်းက မျက်လုံးကို ပင့်ကြည့်လိုက်ပြီး လူအများကြီးကို မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမနားထဲမှ မြည်နေသော စက်အသံကို နားထောင်ရုံသာ ရှိတော့သည်။
ရှန်းထင်ရွှမ်းက လက်လျှော့ရန် ဆန္ဒမရှိပေ။ သူမက အသက်ပြင်းပြင်းရှုလိုက်ပြီး သူမနှင့် အနီးဆုံးရှိ သုံးထပ်အိမ်ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် တံခါးကို ခေါက်လိုက်သည်။ မည်သူမျှတံခါး မဖွင့်ပေးကြချေ။ ထို့နောက် နောက်တစ်အိမ်ကို ပြေးပြီး တံခါးကို ခေါက်လိုက်၏။
တစ်ခဏကြာပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က တံခါးဖွင့်ရန် လာခဲ့၏။ လူစိမ်းတစ်ယောက်ဖြစ်နေသည်ကို မြင်သောအခါ သူမက အံ့ဩသွားသည်။
“ဘာကိစ္စရှိလို့လဲရှင့် ”
ရှန်းထင်ရွှမ်းက တရုတ်ဆီးသီးများကို လက်အပြည့် ကိုင်ထားပြီး သူမ၏စိတ်အားထက်သန်မှုကို ပြသရန် ကြိုးစားလိုက်သည်။ “ဒါတွေက ကျွန်မ ကိုယ်တိုင်စိုက်ထားတဲ့ ဆီးသီးတွေပါ၊ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါလား ” အမျိုးသမီးက ပြုံးလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြန်ပြောသည်။
“အိုး မင်းစိုက်ထားတာလား၊ ကျွန်မ ရှင့်ကို အရင်က မမြင်ဖူးဘူးနော် ”
ရှန်းထင်ရွှမ်းက ဆန့်ကျင်ဘက် တောင်ကို ညွှန်ပြလိုက်ပြီး “ကျွန်မ ဒီနေရာကို အခု ပြောင်းလာတာ၊ ကျွန်မက အဲဒီမှာ နေနေတာ ”
အိမ်နီးချင်းအသစ်တစ်ယောက်အနေဖြင့် အိမ်နီးချင်းတွေကို လက်ဆောင်များ ပေးခြင်းက ပုံမှန်သာ ဖြစ်သည်။
အမျိုးသမီးက လက်ဆောင်များကို ယူလိုက်ပြီး သူမက နွေးထွေးစွာ ပြောလိုက်သည်။
“ကျေးဇူးပါ၊ ကျေးဇူးပါ၊ ဒါပေမဲ့ ကျွန်မ ခဏလောက် မှေးဦးမှာမလို့၊ ရှင့်ကို အထဲဝင်ထိုင်ဖို့ မဖိတ်တော့ဘူးနော် ”
“ရပါတယ်ရှင် ”
ရှန်းထင်ရွှမ်းက ထွက်သွားလိုက်ပြီး အမျိုးသားတစ်ယောက်၏အသံက အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“အဲဒါ ဘယ်သူလဲ ”
“ဘာမှ မဟုတ်ပါဘူး၊ လူတစ်ယောက် ဆီးသီးတွေ လာပို့သွားတာပါ ”
အမျိုးသားက လမ်းလျောက်ထွက်လာပြီး အမျိုးသမီး၏လက်ထဲမှ တရုတ်ဆီးသီးများကို မြင်သွားခဲ့သည်။ တစ်လုံးကို မြည်းရန် အသင့်ဖြစ်နေသည်။
သို့သော် သူက အမျိုးသမီး၏လက်ဖြင့် ရိုက်ထုတ်ခံလိုက်ရသည်။ သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ရှင် တကယ် စားမလို့လား၊ အဲဒီတောင်က ကျက်တီးမြေလေ၊ သူမ ပြောတာတော့ အဲ့ဒီနေရာမှာ နေတာတဲ့၊ သူမ လိမ်နေတာပဲ ဖြစ်မယ်၊ ဒီထဲမှာ ဘာတွေပါလဲ ဘယ်သူသိမှာလဲ ”
ယောက်ျားဖြစ်သူက တိုးတိုးပြောလိုက်သည်။ “အဲဒါက ဘယ်လိုလုပ် အရမ်းဆိုးနိုင်မှာလဲ”
“မစ်ရှင်ပြီးဆုံးရန် သုံးမိနစ် ကျန်ရှိပါသေးတယ်၊ host က ဤအိမ်မှ မစ်ရှစ်ပြီးမြောက်မှု သုညရာခိုင်နှုန်းနဲ့ ထွက်လာပါတယ်”
နောက်အဆောက်အအုံနှင့် ယခုနေရာကြားရှိ အကွာအဝေးသည် သေချာပေါက် သုံးမိနစ်ထက် ပိုပေသည်။
ရှန်းထင်ရွှမ်းက ဖင်ထိုက်လျက် ထိုင်ချလိုက်သည်။ တောင်ခြေတွင် အိမ် မဆိုထားနှင့်၊ လူရိပ်လူယောင်တောင် မတွေ့ရချေ။ ဤမစ်ရှင်က ကျရှုံးမည့်ပုံ ပေါ်နေသည်။ သူမ၏မစ်ရှင်က သူမစိုက်ပျိုးထားသော အသီးကို စားရန် လူနှစ်ယောက် လိုအပ်ပေသည်။ ထိုအမျိုးသမီးက ထိုအသီးများကို အခု မစားသည်မှာ သိသာပေသည်။
ရှန်းထင်ရွှမ်းက ဆီးသီးတစ်လုံးကို ခြင်းထဲမှ ထုတ်ယူလိုက်ပြီး ၎င်းကို ဖြည်းဖြည်းချင်း အခွံနွှာလိုက်သည်။ ထိုဆီးသီးကို သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းထားရာ ၎င်း၏အသွင်အပြင်က မူလဆီးသီးများနှင့် အရသာရော အာနိသင်ပါ ကွဲပြားပေသည်။
သူမက ညင်သာစွာ ကိုက်လိုက်သည်။ ချိုမြိန်သည့်အရသာက သူမ၏ပါးစပ်တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားပြီး အသီးအရည်က ကျောက်စိမ်းနှင်းစက်ကဲ့သို့ ချိုမြိန်သည်။
ထိုသို့ အရသာရှိသည့် ဆီးသီးများကို စားကြည့်ရန် ပေးသည်ကို မည်သူမျှ မစားချင်ကြပေ။ သူမ တတယ် အဖြေမရှာနိုင်တော့ချေ။
သိပ်မဝေးသည့် နေရာမှ ကားတစ်စီးက ရှန်းထင်ရွှမ်းဆီသို့ လာနေပြီး ကားမောင်းနေသည့် အမျိုးသားက မိန်းကလေးတစ်ယောက် တောင်ပေါ်မှာ ထိုင်နေသည်ကို မြင်ခဲ့သည်။ သူမက သူမခြေထောက်ပေါ်ရှိ ဆီးသီးများကို စားနေခဲ့သည်။ သည်အချိန်က ဆီးသီးများ ရင့်မှည့်သည့်ရာသီ ဖြစ်သည်။ ရွာထဲ၌ ဆီးသီးများကို စိုက်ပျိုးသည့်လူ အများအပြား ရှိကြသည်။ သို့သော် သူတို့ထဲမှ မည်သည့်ဆီးသီးကမှ ဤကဲ့သို့ စားချင်စိတ်ကို မဖြစ်ပေါ်စေပေ။
သူက မိန်းကလေး၏လက်မှ ဆီးသီးအရည်များ မြေပြင်ပေါ် စီးကျနေသည်ကို မြင်လိုက်ပြီး သွားရည်ကျတာကို မထိန်းနိုင်ခဲ့ပေ။ ရှန်းထင်ရွှမ်းနား၌ ကားကို ရပ်လိုက်ပြီး အနီးရောက်သွားသောအခါ ထိုဆီးသီးက ရွာထဲတွင် စိုက်ထားသည့် တခြားအသီးများနှင့် မတူဘဲ အလွန်ကြီးမားနေသည်ကို သူက တွေ့ရှိသွား၏။
“မင်း ဒီဆီးသီးကို ဘယ်က ကောက်လာခဲ့တာလဲ ”
ရှန်းထင်ရွှမ်းက ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒါက ကျွန်မကိုယ်တိုင် စိုက်ထားတာလေ ”
ကားထဲရှိ လူက တစ်ချက် ကြည့်ပြီး မေးလိုက်သည်။ “ဘယ်လောက်လဲ ”
“ဘယ်လောက်ဖြစ်ဖြစ် ” ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
ရွာထဲရှိ ဆီးသီးများက ပျမ်းမျှ တစ်ကတ်တီ (၁ကတ်တီ = ၆၀၀ ဂရမ်) ကို သုံးယွမ် ရှိသည်။ ဤဆီးသီးများက အရည်အသွေး အလွန်ကောင်းပေသည်။ ထိုအကြောင်းကို တွေးမိပြီးနောက် ထိုလူက ရှန်းထင်ကို တစ်ကတ်တီအတွက် စျေးနှုန်း၏နှစ်ဆ ၅ယွမ် ပေးလိုက်သည်။ ထို့နောက် ဆက်မောင်းသွားပြီး သိပ်မဝေးသည့် အိမ်တစ်လုံး၌ ရပ်လိုက်သည်။
“မစ်ရှင်ပြီးဆုံးရန် တစ်မိနစ် ကျန်ရှိပါသေးသည် ယခု လက်ရှိ host ရဲ့ မစ်ရှင်လုပ်ဆောင်ချက်သည် သုညရာခိုင်နှုန်း ဖြစ်ပါသည် ”
ရှန်းထင်ရွှမ်းက ထိုအရာကို မြင်လိုက်သည်။ ကားထဲ၌ လူတစ်ယောက်သာ ရှိပေသည်။ ကားရပ်ထားသည့်အိမ်သည် ရှန်းထင်ရွှမ်းက တံခါးခေါက်ခဲ့ပြီး လူမရှိသောအိမ် ဖြစ်သည်။ ဆိုရလျှင် အလွန်ဆုံးမှ လူတစ်ယောက်သာ စားမည်ဖြစ်သောကြောင့် တာဝန် ပြီးမြောက်မှာ မဟုတ်ပေ။
ကောင်းကင်ဘုံက ငါ့ကို သတ်လိမ့်မယ်။
“တာဝန်မပြီးဆုံးမီ သုံးဆယ်စက္ကန့် ကျန်ရှိသေးသည်။ ယခု host ၏တာဝန်ပြီးမြောက်ရန် လုပ်ဆောင်မှုသည် ၅၀ရာခိုင်နှုန်း ဖြစ်ပါသည် ”
စနစ်ဆီမှ နားထောင်နေစဉ် သူမက လက်မှိုင်ချပြီး မြေကြီးပေါ်၌ လှဲနေခဲ့သည်။ သူမက သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ လွင့်ပါးသွားတာကို ခံစားမိသည်။ ယင်းကို နှစ်ရက်သာ သိုလှောင်ပြီးနောက် အဆုံးသတ်သွားမှာ ဖြစ်သည်။ ယခုအခေါက်တွင် ဂျင်းဆင်းဝိညာဉ်လေး သူမက အသက်တိုလှချေသည်။
မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ဘဲ ထိုအစား စက်ပိုင်းဆိုင်ရာအသံက အေးတိအေးစက် ရောက်လာခဲ့သည်။
“တာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုတစ်ခု ရရှိပါသည်။ ဝိညာဉ်သွေးကြောများ၏ ပြန်လည်ပြုပြင်မှုသည် နှစ်ရာခိုင်နှုန်း ဖြစ်ပါသည်။ ”
ရှန်းထင်ရွှမ်းက ရှော့ရသွားပြီး ထထိုင်လိုက်သည်။ ဒါက ပြီးသွားပြီလား။
...
အခန်း (၂)
ကားမောင်းနေသည့် လူကို ရှောင်ဖုန်းဟု ခေါ်သည်။ သူက ဆီးသီးများကို အိမ်သို့ ယူလာပြီးနောက် တစ်လုံးစားရန် မစောင့်နိုင်တော့ချေ။ ထို့နောက် အသီးရနံ့က သူ့ဧည့်ခန်းအတွင်း ပြည့်နှက်သွားတော့သည်။
တစ်ကိုက်လောက် ကိုက်လိုက်သည်နှင့် အရည်ရွမ်းပြီး နူးညံ့ချိုမြသော အရသာများဖြင့် ပြည့်သွားတော့သည်။
သေချာပေါက် ဒီအရသာက သူစိတ်ကူးထားသကဲ့သို့ အတိအကျကို တူညီပေသည်။ သူက ဆီးသီးတစ်လုံးလုံးကို အလျင်အမြန်ပဲ စားပစ်လိုက်တော့သည်။
အရသာ ရှိတာကလွဲလျှင် သူ့မှာ ဒါကို ဖော်ပြရန် တခြားစကားလုံး ရှာတောင် မတွေ့နိုင်ခဲ့ချေ။
ရှောင်ဖုန်း၏အမေက အနောက်ဘက်ခြံဝန်းထဲ၌ အလုပ်ရှုပ်နေခဲ့သည်။ သူမက ဧည့်ခန်းထဲကို ပြန်လာလာချင်း ရှောင်ဖုန်းပြန်လာသည်ကို မြင်လိုက်သည်။ သူမက သူမသား ဘာစားနေမှန်း မသိခဲ့ပေ။ သို့သော် သူ့ကြည့်ရသည်မှာ အလွန်နှစ်သက်နေသည့်ပုံရသည်။ အနီးကပ် ကြည့်လိုက်သည့်အခါ ဆီးသီးများ ဖြစ်နေသည်။ ထိုအသီးများက သူမစိုက်ပျိုးထားသည့်အသီးများထက် ပိုကောင်းနေပုံ ပေါ်သည်။ “ဒါတွေ ဘယ်က ရလာတာလဲ ”
ရှောင်ဖုန်းက အလွန်စိတ်အားထက်သန်နေပြီး နောက်ထပ်အသီးများကို ဆက်လက် စားသုံးရန် မစောင့်နိုင်တော့ချေ။ သူ၏အမေက သူ့ကို ထိုကဲ့သို့ မြင်ရသောအခါ မနှစ်သက်စွာ ပြောလိုက်သည်။
“မင်း စားနေတာက တစ်ခါမှ ဆီးသီးမစားဘူးတဲ့ပုံနဲ့ ”
ရှောင်ဖုန်းက ရှင်းပြရန် အပင်ပန်းမခံတော့ပေ။ “အရသာက မတူဘူး ”
ရှောင်ဖုန်း၏အမေက သူမသား၏သဘောထားကို မကျေနပ်သလို ခံစားခဲ့ရသည်။
“ဘယ်လိုလုပ်မတူရမှာလဲ၊ ဆီးသီးက ဆီးသီးပဲပေါ့ ”
ရှောင်ဖုန်းက ဒီထက်ပိုမပြောတော့ဘဲ အခွံနွှာရန် စတင်လိုက်သည်။
ဆီးသီး၏ရနံ့က ပိုပိုပြီး မွှေးလာပြီး ရှောင်ဖုန်းအမေ၏ နားပူနားဆာလုပ်နေသည့်အသံက ပိုပြီး တိတ်ဆိတ်လာသည်။
“ဒီဆီးသီးက ငါ့ တစ်ဘဝလုံးမှာ စားခဲ့တာလိုပဲ တူတူပဲနေမှာ၊ အရသာကလည်း အထူးတလည် မဖြစ်နိုင်ဘူး ”
ရှောင်ဖုန်းက ဆီးသီးများကို အခွံနွှာပြီးသွားပြီး ၎င်းတို့ကို သူ့အမေဆီသို့ တိုက်ရိုက်ပေးလိုက်သည်။
ရှောင်ဖုန်းအမေက မဖြေခဲ့ဘူး။ “ငါ စားမှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒါက ရှားပါးပစ္စည်း မဟုတ်ဘူး ”
ရှောင်ဖုန်းက မတ်တတ်ရပ်လိုက်ပြီး ဆီးသီးများကို သူ့အမေ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သူသာ စကားထပ်ပြောနေပါက သူ စားနေသည့်အချိန်ကို ဖြုန်းတီးနေသကဲ့သို့ ခံစားရသည်။
ရှောင်ဖုန်းအမေက မသိစိတ်ဖြင့် တစ်ကိုက်ကိုက်လိုက်ပြီး ချိုမြိန်သည့်အသီးရည်က သူမ၏ပါးစပ်ထဲမှ အစာအိမ်ထဲသို့ စီးဝင်သွားလေသည်။ ရှောင်ဖုန်း၏အမေက ထပ်ပြီး ဝါးလိုက်သည်။ သူမ၏ပါးစပ်ထဲမှ ဆီးသီးများ ကုန်သွားခဲ့သည်။ သို့သော် ချိုမြိန်သည့်ရနံ့က သူမနှုတ်ခမ်းနှင့် သွားများကြား၌ ကျန်ရှိနေသေးသည်။
ရှောင်ဖုန်း၏အမေက ဆီးသီး၏တခြားတစ်ဝက်ကို မသိစိတ်ဖြင့် ရှာဖွေလိုက်မိသည်။ သူမက ကြည့်လိုက်စဉ် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမကို ကြည့်နေသော ရှောင်ဖုန်းကို မြင်သွားခဲ့သည်။
ရှောင်ဖုန်း၏အမေက အနည်းငယ် ရှက်သွားခဲ့သည်။ သူမက ရှောင်ဖုန်း၏လက်ထဲမှ တခြားဆီးသီးတစ်ဝက်ကို ယူလိုက်ပြီး တစ်ကိုက်ထဲ စားလိုက်တော့သည်။ ထိုလတ်ဆတ်သည့် ခံစားမှုက နောက်တဖန် ပြန်ရောက်လာခဲ့သည်။
ဆီးသီးတစ်လုံးက ဘာကြောင့် ဒီလို ပျော်ရွှင်စေတာလဲ။
ဤဆီးသီးတစ်လုံးက သူမ၏ အစားကြီးမှု အားလုံးကို မဖြေရှင်းနိုင်ပေ။ ရှောင်ဖုန်းအမေ၏ပါးစပ်မှ စီးကျနေသည့်အရည်များက ယခု စားလိုက်သည့် ဆီးသီးမှ အရည်ပေလော၊ သို့တည်းမဟုတ် သွားရည်များ ကျန်ခဲ့သည်လောကို မသိနိုင်ချေ။
ယခုအချိန်တွင်မူ သူမအိမ်၌ စိုက်ပျိုးထားသော ဆီးသီးများရှိသော်လည်း အရသာကမူ အနည်းငယ် ကွဲပြားသည်ကို ရှောင်ဖုန်း၏အမေက ဝန်ခံရတော့သည်။ အတိအကျပြောရလျှင် အတော်လေးကို ကွဲပြားခြားနားလွန်းသည်။
မကြာမီ ဧည့်ခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူနှစ်ယောက် ဆီးသီးများစားနေသည့် အသံသာလျှင် ထွက်ပေါ်နေတော့သည်။
ဆီးသီးက အများကြီး မရှိပေ။ ထို့ကြောင့် မကြာမီ သူတို့ စားလို့ ပြီးသွားသည်။ သူတို့က အမှိုက်ပုံးထဲရှိ စွန့်ပစ်ထားသည့် ဆီးသီးအခွံများကို မြင်ပြီး သူတို့နှစ်ယောက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ မင်း သိလား။ ဒီဆီးသီးအခွံတွေကလည်း စားလို့ရတယ်လေ။
ဤသည်ကို တွေးမိပြီး နှစ်ယောက်သား စားပွဲပေါ်ရှိ ဆီးသီးအစေ့များကို ကောက်ယူလိုက်ကြပြီး အစေ့များကို တူတစ်ချောင်းဖြင့် ခွဲဖွင့်လိုက်ကြသည်။
ကောင်းပြီ။ ဆီးသီးအစေ့ထဲမှာရှိတဲ့ အဆံကလည်း စားလို့ရတယ်လေ။
(ဘာသာပြန်မှတ်စု။ ဆီးသီးအဆံများစားခြင်းက များစွာသော ကျွမ်းကျင်သူများပြောချက်အရ ဘေးကင်းမကင်း မသေချာသေးပေ။ တချို့က အကျိုးအာနိသင် အများအပြားရှိသည်ဟု ဆိုကြပြီး တချို့ကမူ အဆိပ်အတောက်ဖြစ်စေသည်ဟု ပြောကြသည်။ ကျေးဇူးပြုပြီး ကိုယ်တိုင်လေ့လာပါ။ မသေချာလျှင် မစမ်းကြည့်ပါနှင့်။)
...
နောက်ဆုံး၌ ဤတာဝန်ကို ပြီးသွားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ ဆီးသီးပင်ဆီသို့ ပြန်သွားတော့တယ်။ သူမ၏ဖုန်းက မြည်လာသည့်အချိန်တွင် သူမက ဝိညာဉ်စွမ်းအင်များဖြင့် နောက်ထပ် ရေလောင်းရန် အဆင့်သင့်ဖြစ်နေခဲ့သည်။
နှစ်ပေါင်းတစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက မိုဘိုင်းဖုန်းကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးချေ။ ကူးပြောင်းခံရပြီးတဲ့နောက် သူမက မိုဘိုင်းဖုန်းသည် အလွန်ထူးဆန်းသည်ဟု ခံစားရသည်။ မူလကိုယ်၏ မှတ်ဉာဏ်ထဲ၌ ထိုအရာက နေရာတိုင်းကို သယ်သွားရသည့် တစ်စုံတစ်ခုတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သူမက ညလယ်ကြီးမှာ ရှန်မိသားစုမှ ထွက်လာသည့်အခါ ရှန်းထင်ရွှမ်းက သူမနှင့်အတူ သူမ၏ဖုန်းကို ယူလာခဲ့သည်။
“အဖေ ” ဟု ဖုန်း၏မျက်နှာပြင်ပေါ်တွင် ပြနေသည်။
ရှန်းထင်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းဖြေရန် ဖိဆွဲလိုက်သည်။ စကားမပြောခင် သူမက ဖုန်းထဲမှ အော်ငေါက်သံကို ကြားလိုက်ရသည်။
“ရှန်းထင်ရွှမ်း နင် ဘာပြဿနာတွေ ရှာနေတာလဲ ”
“ကျွန်မ ပြဿနာ မရှာပါဘူး ” ရှန်းထင်ရွှမ်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ သူမက တစ်နေ့လုံး တာဝန်ကို လုပ်နေရပြီး ပင်ပန်းနေခဲ့သည်။ ပြီးတော့ အခု သူမ အနားယူရန် လိုအပ်ပေသည်။ သူမမှာ ပြဿနာရှာရန် မည်ကဲ့သို့ အင်အားရှိမည်နည်း။
“မင်း အိမ်ကနေ ထွက်ပြေးနေတာက ပြဿနာရှာနေတာ မဟုတ်ဘူးလား၊ မနေ့က မင်း အမှားလုပ်ခဲ့တာ ရှင်းနေတာပဲ၊ မင်းရဲ့အစ်မကို တောင်းပန်ဖို့ မလိုဘူး၊ အခု ဒီကို ပြန်လာခဲ့ ”
ရှန်းထင်ရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မနေ့က အတွေ့အကြုံအရ စနစ်က ညလယ်၌ တာဝန်တစ်ခုကို ထပ်မံ ထုတ်ပြန်ကောင်း ထုတ်ပြန်လာနိုင်သည်။ ခက်ခဲသည့် သတ်မှတ်ချက်များကြောင့် နောက်ထပ်တာဝန်က ပြီးခဲ့သည့်တာဝန်ထက် ပိုမိုခက်ခဲနိုင်ချေ ရှိသည်။ ရှန်းမိသားစုအိမ်သို့ ပြန်သွားပါက တာဝန်ကို သေချာပေါက် ကျရှုံးသွားလိမ့်မည်။
“ကျွန်မ ပြန်မလာဘူး ”
ပါပါးရှန်းက အရမ်းကို ဒေါသထွက်သွားခဲ့သည်။ “မင်း ပြန်မလာဘူးလား၊ မင်း ပြန်မလာဘူးဆိုရင် ငါ မင်းကို ပြောမယ်၊ ငါက မင်းအခန်းထဲက အဝတ်တွေအားလုံး လွှင့်ပစ်လိုက်မယ် ”
“ကျွန်မ ပြန်မလာဘူး " ရှန်းထင်ရွှမ်းက ဖုန်းကို ချလိုက်သည်။ သူမက ဒါကို ဘာ့ကြောင့် နှစ်ခါတောင် ထပ်ပြောနေရတာလဲ။ သူမက လူသားစကားတွေနဲ့ ပြောနေတာ မဟုတ်ဘူးလား။
ရှန်းထင်ရွှမ်းက သူမထွက်မသွားခင် အထုပ်ထုပ်နေစဉ် အဝတ်များရှိနေသေးတာကို မြင်ခဲ့သည်။ ၎င်းတို့ အားလုံးက ထူးဆန်းသည့်ပုံစံနှင့် ထူးဆန်းသည့် အရောင်များ ရှိကြသည်။ ၎င်းတို့သည် မူလကိုယ်က သူမ၏မိဘများ သူမကို အာရုံစိုက်အောင် အသုံးပြုခဲ့သည့် အဝတ်များဖြစ်ကြသည်။
ထိုအရာက မူလကိုယ်ဖယ်ရှားချင်ခဲ့သည့် အဝတ်များလည်း ဖြစ်သည်။
သူ့ဖုန်းကို ချပစ်လိမ့်မည်ဟု ပါပါးရှန်က မျှော်လင့်မထားခဲ့ပေ။ ထို့နောက် သူ့၏မျက်နှာက ဒေါသအပြည့် ဖြစ်သွားသည်။ ရှန်းထင်ရွှမ်းက သူ့ကို မနာခံဘဲ သူ့ဖုန်းကို ချပစ်ရဲသည်။
“ရှန်းထင်ရွှမ်း မင်းက ငါ့ဖုန်းကို ချပြီး ထွက်ပြေးရဲတယ်ပေါ့ ” ရှန်းထင်ရွှမ်း ယခု ရှိနေပါက အမျက်ချောင်းချောင်းထွက်နေသည့် ပါပါးရှန်က သူမကို သွေးရူးသွေးတန်း ရိုက်ကောင်း ရိုက်နိုင်ပေသည်။
ရှန်းရွှမ်က ဒေါသထွက်နေသည့် ပါပါးရှန်ကို ကြည့်လိုက်ပြီး လေသံပျော့ပျော့ဖြင့် တီးတိုးပြောလိုက်သည်။
“အဖေ ဒေါသမထွက်ပါနဲ့၊ ညီမလေးက ရက်နည်းနည်းလောက်နေရင် ပြန်လာမှာပါ ”
ပါပါးရှန်က နူးညံ့သိမ်မွေ့သည့် ရှန်းရွှမ်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှ ဒေါသက အတော်လေး လျော့ပါးသွားသည်။
“မင်းညီမက မင်းလို တစ်ဝက်လောက်လေး ဖြစ်ရင်တောင် ကောင်းမှာပဲ” ရှန်းရွှမ်က ရိုသေကျိုးနွံသည်။ သူမ၏ ပင်ကိုယ်စရိုက်က နူးညံ့သိမ်မွေ့ပြီး မည်သည့်နေရာမှ မစွမ်းဆောင်နိုင်သည့် ရှန်းထင်ရွှမ်ကဲ့သို့ လမ်းလွဲနေသည့်သူ မဟုတ်ပေ။
ရှန်ရွှမ်း၏မျက်နှာက အနည်းငယ် စိုးရိမ်သွားခဲ့သည်။
“သမီး ညီမလေးကို နည်းနည်းတော့ စိုးရိမ်မိတယ်၊ သူ အပြင်ကို သွားတုန်းက သူ ဘာမှသယ်သွားပုံ မပေါ်ဘူး”
“သမီးကမှ သူ ဘာတွေလုပ်နေလဲ စိုးရိမ်ပေးနေသေးတယ်၊ သူ့ကို ကြည့်ရတာတော့ သမီး စိုးရိမ်ပေးသလို သမီးအတွက် စိုးရိမ်ပေးမှာ မဟုတ်လောက်ဘူး ”
သို့သော် ရှန်းရွှမ်၏စကားလုံးများက ပါပါးရှန်ကို သတိပေးလိုက်သည်။ သူမ ဘာမှယူမသွားလျှင်တောင် ကိစ္စမရှိပေ။ သူမ၌ ပိုက်ဆံရှိနေသရွေ့ကာလပတ်လုံး သူမ ထိုအဝတ်များကို ဝယ်နိုင်သည်။ သို့သော် သူမ၌ ပိုက်ဆံမရှိပါက ထိုအရာကို မဝယ်နိုင်ပေ။
ပါပါးရှန်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ၏ဘဏ်မန်နေဂျာကို ခေါ်လိုက်သည်။ ပြီးနောက် ရှန်းထင်ရွှမ်၏ဘဏ်ကတ်ကို ပိတ်ခိုင်းလိုက်သည်။
ပါပါးရှန် ပူပန်သလောက် ရှန်းထင်ရွှမ်းက သည်ပတ်ဝန်းကျင်မှ မထွက်ခွာရသေးပေ။ ထို့အပြင် သူမ၏ သုံးစွဲမှုအတွက် မိသားစုအပေါ် မှီခိုအားထားနေရတုန်း ဖြစ်သည်။ ရှန်းထင်ရွှမ်း၏ကတ်က ဖြတ်တောက်ခံရလျှင် သူမက သေချာပေါက် ပြန်လာလိမ့်မည်။
...
ဖုန်းချပြီးနောက် ရှန်းထင်ရွှမ်းက ပါပါးရှန်၏နာမည်ကို ‘ရှန်မိသားစုရဲ့ ကြေကွဲနေတဲ့ကောင်လေး ’ ဟု ပြောင်းလိုက်ပြီး တီးတိုးရေရွတ်ရန်လည်း မမေ့ပေ။
“ငအ နင့်ကို အဖေလို့ ခေါ်ဖို့ ငါ့ကို မေးရဲသလား ”
သူမ၏ဝိညာဉ်သွေးကြောက ၂ % ပြန်လည်သိုလှောင်ပြီးနောက် သူမ၏တစ်ကိုယ်လုံးက စွမ်းအင်အနည်းငယ် ရှိလာသည်။ ရှန်းထင်ရွှမ်က သူမ၏ ကြွက်သားများကို လှုပ်ရှားပြီး ဆီးပင်ကို ရေလောင်းခဲ့သည်။ ပြီးနောက် ခြင်းကို သယ်ပြီး အရှေ့ဘက် တောင်စောင်းဆီသို့ လမ်းလျှောက်ထွက်လိုက်တော့သည်။
သူမက မနက်စောစော လာခဲ့သောအခါ သူမက စားကောင်းသော အသီးများကို ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဤဆီးတောကို တွေ့ခဲ့သည်။
အချိန်က စောနေသေးပြီး ရှန်းထင်ရွှမ်က ထိုဆီးသီးပင်တဝိုက်ရှိ အစေ့များကို ဆွဲထုတ်လိုက်သည်။ မြက်ခြောက်များကို ယူလိုက်ပြီး မြေကြီးပေါ်တွင် ဖြန့်ထားလိုက်သည်။ ပြီးနောက် ခဏလောက် ၎င်းပေါ်တွင် လှဲနေခဲ့သည်။
သူမက ပထမဆုံးကူးပြောင်းလာသည့် တစ်ညသာ နူးညံ့သည့်အိပ်ရာပေါ်တွင် အိပ်ခဲ့ရပြီး ယခု မြက်ခင်းပေါ်တွင် အိပ်နေရသည်။ သူမက အစပိုင်းတွင် အနည်းငယ် ကျင့်သားမရခဲ့ပေ။ မျှော်လင့်ရသလောက်တော့ ခြိုးခြံချွေတာရသည့်ဘဝမှ ဇိမ်ရှိရှိနေရသည့်ဘဝသို့ ပြောင်းလဲရန် လွယ်ကူပေသည်။ သို့သော် ဇိမ်ရှိရှိနေရသည့်ဘဝမှ ခြိုးခြံချွေတာရသည့်ဘဝသို့ ပြောင်းလဲရသည်ကား ခက်ခဲပေသည်။
ထို့ကြောင့် ရှန်းထင်ရွှမ်က ယခု တောင်၏ အရှေ့ဘက်ဆင်ခြေလျော၏ တခြားတစ်ဖက်ပေါ်တွင် သူမ ရှာဖွေတွေ့ရှိခဲ့သော ခြံဝင်းအတွင်းတွင် အနားယူရန် စီစဉ်ထားခဲ့သည်။
မနက်ခင်း၏ အစောပိုင်းအချိန်များ၌ တာဝန်က အလျင်လိုနေခဲ့သည်။ ရှင်းထင်ရွှမ်းက ခြံဝန်းကို ရှာတွေ့ပြီးနောက် အထဲကို မသွားခဲ့ပေ။ ယခု စနစ်က တာဝန်ကို ထပ်မပေးသေးချေ။ ရှန်းထင်ရွှမ်းက အချိန်ပိုနေ၏။
အပြင်ဘက်မှ ခြံဝန်းက အတော်ကြီးပေသည်။ အပြင်ဘက်ရှိသော့က သံချေးများဖြင့် ဖုံးလွှမ်းနေပေသည်။ ရှန်းထင်ရွှမ်းက ၎င်းကို ညင်သာစွာ တွန်းလိုက်ပြီး သော့က မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ တံခါးပွင့်ပွင့်ချင်း မင်းမြင်ရမည့် အရာအားလုံးက ပင့်ကူအိမ်များသာ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ခြင်းကို ဘေးသို့ ချလိုက်ပြီး မြေပေါ်ရှိ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်သည်။ သူမ၏ခြေထောက်ကို မြှောက်ကာ လမ်းလျှောက်ဝင်သွားပြီး ခြံဝန်းအတွင်းရှိ ပင့်ကူအိမ်များကို လှည်းကျင်းနေတော့သည်။
ခြံဝင်းအတွင်းပိုင်း တစ်ခုလုံးက အလွန်ကြီးမားပေသည်။ ပန်းခင်းများသာမက ကားပါကင်ထိုးရန်လည်း နေရာများ ရှိသည်။ သို့သော် ပန်းခန်းထဲရှိ စိုက်ပျိုးထားသော အပင်များက ကြာကြာ မရှင်နိုင်ခဲ့ပေ။ ထိုနေရာ၌ သစ်ကိုင်းခြောက်အနည်းသာလျှင် ရှိနေသည်။
အစပိုင်း၌ ပင့်ကူအိမ်များကို ရှင်းလင်းပြီးနောက် ရှန်းထင်ရွှမ်းက ထောင့်နားတွင် လဲနေသာ တံမြက်စည်းကို ကောက်ယူလိုက်ပြီး ခြံဝန်းတစ်ခုလုံးကို ရှင်းလင်းလိုက်တော့သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ခြံဝန်းရှိသော အိမ်အများစုက တောင်ဘက်ကို မျက်နှာမူပြီး မြောက်ဘက်ကို အထိုင်ချထားသောပုံစံများ ဖြစ်ကြပြီး ဤခြံဝန်းနှင့်အိမ်ကို တောင်၏အရှေ့ဘက်ရှိ ဆင်ခြေလျောပေါ်တွင် တည်ဆောက်ထားလေသည်။
ဂျင်ဆင်းများက ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အနောက်ဘက် ဆင်ခြေလျောများကို နှစ်သက်ကြသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဤအိမ်ကို အလွန် နှစ်သက်ပေသည်။
အိမ်၏အရွယ်အစားကိုတော့ မဖော်ပြတတ်ချေ။ ရှန်းထင်ရွှမ်းက ခြံဝန်းအတွင်းရှိ အမှိုက်များ ရှင်းလင်းရန် နှစ်နာရီမကအချိန်ယူခဲ့ရသည်။ သူမ ဝိညာဉ်သွေးကြောများ၏စွမ်းအားက ကူညီပေးနေဆဲ ဖြစ်သည်။
တောင်ဘက်ခြမ်းတွင် အိမ်မကြီး ရှိသည်။ ထိုနေရာက မူလကိုယ်၏အဘွားနေထိုင်ခဲ့သော နေရာ ဖြစ်လောက်ပေသည်။ ဧည့်ခန်း၊ အိမ်ခန်း၊ မီးဖိုချောင်နှင့် တခြားအခန်းငယ်များလည်း ရှိပြီး အခန်းအများစုက လွတ်နေသည်။
အနောက်ဘက်နှင့် အရှေ့ဘက်ရှိအိမ်များရှိ အခန်းများက တောင်ဘက်ခြမ်းရှိ အခန်းများထက် ပိုပြီးသေးသည်။ သို့သော် ၎င်းတို့၌ ပစ္စည်းအပြည့်အစုံ ရှိပေသည်။
တောင်ဘက်အခန်း၌ ဂိုထောင်များ ရှိကြသည်။ သို့သော် ထိုအထဲ၌ မည်သည့်အရာမှ မရှိပေ။ ထိုအထဲ၌ အမျိုးအမည်မသတ်မှတ်နိုင်သော သစ်စေ့ထုပ်အနည်းငယ်သာလျှင် ရှိပေသည်။
မူလကိုယ်၏အဘွားသေဆုံးပြီး နှစ်များအတွင်း တစ်စုံတစ်ယောက်က ရောက်လာပြီး အိမ်၌ ရှိသည့်အရာများအား ယူဆောင်သွားခဲ့သည်ဟု ရှန်းထင်ရွှမ်သာ ခန့်မှန်းမိသည်။
ရှန်းထင်ရွှမ်းက တံခါးအပြင်ရှိ ဖုန်များကို ရှင်းလင်းပြီး ပုံထားလိုက်သည်။ ပြီးနောက် မြောက်ဘက်ရှိ အိမ်မကြီးသို့ သွားလိုက်သည်။ နေက ဝင်သွားခဲ့ပြီဖြစ်သည်။ ပြီးနောက် ရှန်းထင်ရွှမ်းက တံခါး၌ရှိသည့် ခလုတ်ကို နှိပ်လိုက်သည်။ သို့သော် မီးလင်းသွားမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ရေချိုးခန်းထဲရှိ ရေပန်းက ကြာကြာ အလုပ်မလုပ်နိုင်တော့ပေ။ မီးဖိုချောင်ထဲတွင် မီးဖိုနှစ်ခုရှိပြီး အသုံးမပြုသည်မှာ ကြာလောက်ပြီဖြစ်သည့် ဂတ်စ်မီးဖိုတစ်ခုဖြစ်ပြီး တခြားတစ်ခုက သစ်သားမီးဖို ဖြစ်သည်။ သို့သော် မီးဖိုချောင်ထဲ၌ မည်သည့်ထင်းမျှ မရှိပေ။
သစ်သားမီးဖိုအနီး၌ မီးခြစ်တစ်ခု ရှိသည်။ ဂရုတစိုက် ကြိုးစားပြီးနောက် ထိုအရာက မီးတောက်လောင်သွားသည်။
ရှန်းထင်ရွှမ်းက တံခါးအပြင်ဘက်မှ သစ်ကိုင်းခြောက်တချို့ကို ကောက်ယူရန် သွားခဲ့သည်။ ပြီးနောက် မီးညှိလိုက်ပြီး ရေနွေး တည်ထားလိုက်သည်။
အချိန်ကို အကျိုးရှိစွာ အသုံးချရန် ရှန်းထင်ရွှမ်းက အိပ်ခန်းကို တဖန် သန့်ရှင်းရေးလုပ်ရန် သွားလေသည်။ အံဆွဲအများစုက ဗလာဖြစ်နေသည်။ ပွတ်တိုက်ပြီးနောက် ရှန်းထင်ရွှမ်က အံဆွဲများကို လေရစေရန် အပြင်သို့ ထုတ်လိုက်သည်။
အိပ်ခန်းထဲ၌ မူလကရှိသော ငှက်မွှေးဂွမ်းကပ်အိပ်ရာခင်းများအားလုံးကို ဖယ်ရှားလိုက်ပြီး တံခါးအပြင်ဘက်၌ ထားလိုက်သည်။
ခုတင်ကို အဝတ်စုတ်တစ်ခုဖြင့် အကြိမ်များစွား ပွတ်တိုက်ပြီးနောက် ၎င်းပေါ်တွင် အိပ်ရာခင်း အချို့ကို ဖြန့်ခင်းလိုက်ပြီး အိပ်မည့်နေရာ၌ နေရာချထားလိုက်သည်။
ရှန်းထင်ရွှမ်က သက်ပြင်းချလိုက်သည်။ သူမက ရှန်းမိသားစုမှ ထိုအိပ်ရာခင်းများကို ယူလာခဲ့ပြီး ယခု ထိုအရာများကိုသာ သုံးခဲ့ရသည်။ သူမက ခြံဝန်းအပြင်ဘက်သို့ ပြေးထွက်ခဲ့ပြီး ယနေ့ ရရှိထားခဲ့သော ဆီးသီးများကို ဆေးကြောလိုက်သည်။ ၎င်းတို့ကို တစ်ဝက်စီ ခွဲလိုက်ပြီး ခြံထဲ၌ အခြောက်ခံထားလိုက်သည်။
အားလုံးပြီးသွားပြီးနောက် ရေက ဆူလုနီးပါးဖြစ်နေပြီး ရှန်းထင်ရွှမ်းက ရေချိုးရန် ၎င်းကို ယူသွားတော့သည်။ ထို့နောက် ခြေဆင်းလှဲလိုက်သည်။ အိပ်ရာမရှိသော်ငြား မြက်ခင်းပေါ်တွင် အိပ်ခြင်းထက် ဤကဲ့သို့ အိပ်ခြင်းက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေသည်။
ညလယ်သို့ တဖန် ပြန်ရောက်လာပြီး စက်ပိုင်းဆိုင်ရာအသံက နောက်တစ်ကြိမ် မြည်လာခဲ့သည်။
“ကျေးဇူးပြုပြီး လူလေးယောက်ကို မင်း စိုက်ထားတဲ့ အသီးများ ၁၂ နာရီအတွင်း စားခိုင်းပါ ”
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
ဂျင်ဆင်းမြစ်။ စနစ်က ငါ့ကို သတ်ချင်နေတာပဲ။
စာရေးသူ။ မကြောက်ပါနဲ့။
စနစ်။ ? ...
...
အခန်း (၃)
တာဝန်ကို လက်ခံပြီးနောက် ရှန်းထင်ရွှမ်းက အလျင်မလိုနေတော့ပေ။ လူများ စားနိုင်ရန် သူမ၌ ယခု အသီးလုံလုံလောက်လောက် ရှိပေသည်။ အခုက ညသန်းခေါင် ဖြစ်လေရာ သူမက ဆီးသီးသီးများနှင့် အပြင်ထွက်သွားလျှင်တောင် သူမက မည်သူမှ ရှာတွေ့မည် မဟုတ်ချေ။
ထိုသို့ တွေးမိပြီးနောက် ရှန်းထင်ရွှမ်းက သမ်းလိုက်ပြီး သက်သောင့်သက်သာရှိသော အနေအထားကို ပြောင်းလိုက်ပြီး အိပ်ပျော်သွားတော့သည်။
ဝိညာဉ်ကို ထောက်ပံ့ခြင်းသာလျှင် သူတို့အတွက် တာဝန်ကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေနိုင်သည်။
မနက် အရုဏ်တက်ချိန်၌ ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး ဆီးသီးတောသို့ တန်းသွားတော့သည်။ ဆီးသီးအချို့ကို ကောက်ယူပြီး တောင်ခြေသို့ လမ်းလျှောက်ဆင်းလာခဲ့သည်။
သူမက တောင်ခြေသို့ ရောက်ရှိသောအခါ သူမက မနေ့က ကားမောင်းလာခဲ့သည့်အမျိုးသားနှင့် ဆုံခဲ့သည်။
“ကောင်းလိုက်တာ၊ မင်းက နောက်ဆုံးတော့ ဒီမှာ ရှိနေတာပဲ၊ မင်း ငါ့ကို ဆီးသီးနည်းနည်းလောက် ပိုရောင်းနိုင်မလား ”
သူမအနေဖြင့် တစ်စုံတစ်ယောက်ကို အသီးစားစေရန် လိုအပ်နေပြီး တစ်စုံတစ်ယောက်က ဒီမှာ အဆင်သင့် ရှိနေသည်။ ထို့ကြောင့် သူမက ထိုအမျိုးသား၏ရှေ့တွင် ခြင်းကို ထားလိုက်ပြီး ပြုံးလိုက်သည်။ “ရတာပေါ့ ”
ရှန်းထင်ရွှမ်း၏ ကြည့်ကောင်းပြီး ချိုမြိန်သောအပြုံးက ရှောင်ဖုန်းကို အနည်းငယ် ပျာယာခတ်သွားစေသည်။ ခဏကြာပြီးနောက် သူက အနီးအနားတွင် အိတ်တစ်လုံးမှ မရှိသည်ကို သိရှိသွားတော့သည်။ ထို့ကြောင့် သူက ဆီးသီးအချို့ကို သူ့လက်များဖြင့်သာ ကိုင်ထားရလေသည်။
“ဒီနေရာမှာ စကန်ဖတ်ဖို့ code ရှိလား ”
“ဘာကုတ်လဲ ” ရှန်းထင်ရွှမ်းက ဂျင်ဆင်းမြစ်တစ်ခုဖြစ်သည်။ သူမက ယခုခေတ်ပစ္စည်းများကို လျင်မြန်စွာ မတုံပြန်နိုင်ပေ။ သူမမှာ မူလကိုယ်၏ မှတ်ဉာဏ်ရှိလျှင်တောင် သူမက အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်၏။
ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို သူမ၏ဖုန်းနံပါတ်ကို သူ့အား ပေးရန် မေးလိုက်သည်။ ထို့နောက် ငွေပေးချေမှုအတွက် QR ကုတ်ကို စကမ်ဖတ်လိုက်သည်။ “ဒီဟာလေ ” သူက ပြောပြီးနောက် ရှန်းထင်ရွှမ်းက ငါးယွမ်ကို လက်ခံရရှိခဲ့သည်။
မနေ့က ရှောင်ဖုန်းနှင့် သူ၏အမေက ဆီးသီးများကို စားပြီးနောက် သူတို့က စားရသည်မှာ မလုံလောက်ဟု နှစ်ယောက်စလုံးက ခံစားခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ရှောင်ဖုန်းက တဖန် အပြင်ထွက်လာခဲ့ရသည်။ သို့သော် သူက ရှန်းထင်ရွှမ်းကို မတွေ့ခဲ့ချေ။
သူက ယခုမနက်တွင်တော့ ကံစမ်းပြီး ထွက်လာခဲ့လိုက်သည်။ သူက ဆီးသီးခြင်းတစ်ခြင်းကို သယ်လာသည့် ရှန်းထင်ရွှမ်းကို တွေ့ရမည်ဟု အမှန်တကယ် မျှော်လင့်မထားခဲ့ချေ။
“မင်း ဒါတွေကို ရောင်းမှာလား ” ရှောင်ဖုန်းက မေးသည်။
”မရောင်းဘူး ” ရှန်းထင်ရွှမ်း၏ရည်ရွယ်ချက်က ပိုက်ဆံဖြင့် ရောင်းရန်မဟုတ်ပေ။ သို့သော် သူမစိုက်ပျိုးထားသော အသီးများအား လူများကို စားခိုင်းရန် ဖြစ်သည်။
ရှောင်ဖုန်းသည် မနေ့က ရှန်းထင်ရွှမ်း၏ အတော်လေး ထူးဆန်းသည့်သဘောထားကို တွေးမိသွားပြီး မေးလိုက်သည်။ “မင်း ဒါတွေကို ဒီအတိုင်း ပေးပစ်ဖို့တော့ မရည်ရွယ်ထားဘူးမလား ”
ရှန်းထင်ရွှမ်းက ရှောင်ဖုန်းကို အထူးတဆန်း ကြည့်လိုက်သည်။ ဒါတွေကို ဒီအတိုင်း ပေးပစ်လိုက်တာက အံ့ဩဖို့ကောင်းလို့လား။
ရှန်းထင်ရွှမ်း၏ အတော်လေး အူတူတူအတတနိုင်ပြီး ချစ်စရာကောင်းသည့် ပုံပန်းသွင်ပြင်လေးအား မြင်လိုက်ရပြီး ရှောင်ဖုန်းက မရယ်ဘဲ မနေနိုင်တော့ချေ။ သူမက အရမ်းရိုးရှင်းပြီး စီးပွားရေးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသည်ကို သူက မသိခဲ့ပေ။ “မင်း ဒီလိုလုပ်နေမယ်ဆိုရင် တခြားသူတွေက မင်းကို လူလိမ်တစ်ယောက်လို့ ထင်နေလိမ့်မယ် ”
ရှန်းထင်ရွှမ်းက ပိုပြီးတောင် ပဟေဠိ ဖြစ်သွားခဲ့သည်။ သူမကို ဘာကြောင့် လူလိမ်တစ်ယောက်လို့ အထင်လွဲကြမှာလဲ။
ရှောင်ဖုန်းက သူ့ရှေ့ရှိ ထိုမိန်းကလေးသည် ရိုးသားဖြူစင်ပြီး အနည်းငယ် ချစ်စရာကောင်းသည်ဟု ခံစားမိသည်။ “ဒီမှာ ခဏစောင့် ” ထို့နောက် သူက သူ၏ဆီးသီးများနှင့်အတူ အိမ်ကို လှည့်ပြန်သွားသည်။
သူက ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ဆီးသီးများကို ထားလိုက်ပြီး ဒုတိယထပ်ရှိ သူ၏အိပ်ခန်းသို့ လမ်းလျှောက်သွားလိုက်သည်။ ပြတင်းပေါက်နားရှိ စာရေးစားပွဲပေါ်တွင် ကာလာပရင့်တာတစ်ခု ရှိသည်။
ရှောင်ဖုန်းက ပလပ်စတစ်စက္ကူထုပ်တစ်ထုပ်နှင့် လှေကားမှ ဆင်းလာသောအခါ သူ စောစောက ယူလာခဲ့သော ဆီးသီးများကို သူ့အမေက စားနေသည်ကို တွေ့လိုက်ရသည်။ သူက အနည်းငယ် စိတ်ဆိုးသွားသည်။ သို့သော် အကူညီမဲ့စွာ အော်လိုက်သည်။
“အမေ ”
ရှောင်ဖုန်း၏အမေက သူမ၏ပါးစပ်ကို ပွတ်လိုက်ပြီး ထရပ်လိုက်သည်။
“ဘယ်သူက မင်းကို နည်းနည်းပဲ ဝယ်ဖို့ ပြောခဲ့လို့လဲ၊ ငါ မင်းကို ပိုက်ဆံပေးမယ်၊ မင်း ဒီထပ်ပို ဝယ်လာခဲ့ ”
“အမေ ကျွန်တော့်ကို အိတ်တစ်လုံးပေးဖို့လိုတယ်၊ ရောင်းတဲ့သူမှာ အိတ်မရှိဘူး ” ရှောင်ဖုန်းက ပြောသည်။
ရှောင်ဖုန်း၏အမေက ၎င်းအား ကြားလိုက်သောအခါ သူမက မီးဖိုချောင်ထဲမှ ပလပ်စတစ်အိတ်ကြီးတချို့ကို ယူလာခဲ့ပြီး ရှောင်ဖုန်းဆီ ထိုးထည့်လိုက်သည်။ “သွားတော့ သွား သွား ”
ရှောင်ဖုန်းက ပြန်လာသောအခါ သူက သူမနားရှိ မြက်ပင်ကို ဆွဲနှုတ်နေသည့် ရှန်းထင်ရွှမ်းကို မြင်လိုက်သည်။ သူက ခြင်းပေါ်တွင် QR ကုတ်ကို ထားလိုက်သည်။
“ဒါက ငွေချေဖို့အတွက် QR ကုတ်၊ မင်းရဲ့ဆီးသီးတွေ အရင်ကစားဖူးတဲ့ ဆီးသီးတွေထက် ပိုပြီး အရသာရှိတယ်၊ ဒါ့ကြောင့် တစ်ကတ်တီကို ငါးယွမ် ရေးထားတာ ”
ရှန်းထင်ရွှမ်းက ပိုက်ဆံနှင့်ပတ်သက်ပြီး မည်သည့် အကြံဉာဏ်မှ မရှိပေ။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ကျေးဇူးပါ ”
“ငါ ဆီးသီးနည်းနည်း ထပ်ဝယ်မယ်၊ စကားမစပ် ဒီအိတ်က ဝယ်သူတွေအတွက် ဆီးသီးတွေ ထည့်ထားလို့ရတယ် ” တကယ်တော့ ရှောင်ဖုန်းက ဆီးသီးများနှင့်အတူ သူ၏အမေပေးခဲ့သော အိတ်များအားလုံးကို မထားခဲ့နိုင်ပေ။ တစ်လုံးသာ ယူလာခဲ့သည်။
ရှန်းထင်ရွှမ်းက ရှောင်ဖုန်း၏အိတ်ထဲသို့ ဆီးသီးများထည့်လိုက်သည်။ ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို သတိပေးခဲ့တာ ဖြစ်သည်။ ပမာဏနှစ်ခုရှိသော ကုတ်နံပါတ်ကို ရှောင်ဖုန်းက ပရင့်ထုတ်ပေးလိုက်ပြီး ရှန်းထင်ရွှမ်းက ရှောင်ဖုန်း၏ငွေကို ကျေးဇူးတင်စွာ လက်ခံခဲ့သည်။
ရှောင်ဖုန်း ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက မြက်ပင်ကို ဆက်လက် ဆွဲနှုတ်နေသည်။ ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက ဤကဲ့သို့ မြက်ထူသောကုန်းမြေအများစုကို သည်းမခံနိုင်ပေ။
တစ်ယောက်ယောက် ဖြတ်သွားချိန်တိုင်း သူမက အလုပ်လုပ်တာရပ်ပြီး တရုတ်ဆီးသီးများ မြည်းစမ်းချင်လားဟု မေးခဲ့သည်။ သို့သော် ရလဒ်ကတော့ ခြွင်းချက်မရှိ အငြင်းခံခဲ့ရသည်။
ရှန်းထင်ရွှမ်းက သူမ ခြေထောက်အောက်ရှိ မြက်ပင်များကို နုတ်ပြီးသည့်တိုင် ဆီးသီးများကို မည်သူမှ မစားခဲ့ကြချေ။
နားထဲရှိ စက်ပိုင်းဆိုင်ရာအသံက တဖန် ပေါ်လာသည်။
“မစ်ရှင်မပြီးဆုံးခင် ၁၀ မိနစ် ကျန်ရှိပါသေးသည်။ host ၏ မစ်ရှင်ပြီးမြောက်မှုသည် ယခု ၅၀ % ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးပါက ဝိညာဉ်သွေးကြောအား ၃% နုတ်ယူသွားပါမည်”
မနေ့က ဒီလိုအချိန်၌ မစ်ရှင်လုပ်ဆောင်ချက်သည် 0% ဖြစ်သည်။ သို့သော် ယခုတွင်မူ လူနှစ်ယောက် ရှိပြီဖြစ်သည်။ ယနေ့ တာဝန်၏ ၅၀%သာ ပြီးမြောက်သေးသော်ငြား မနေ့ကထက် လူနှစ်ယောက်ပိုနေသေးပေသည်။
သို့သော်လည်း ပြစ်ဒဏ်ပေးမှုက မတူညီပေ။
မနေ့တုန်းက ရှန်းထင်ရွှမ်း၏ ဝိညာဉ်သွေးကြောအား ၁%သာ ပြန်လည် ဖြည့်တင်းပေးခဲ့ပြီး ၂% ကို နုတ်ယူမည် ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ၎င်းက ၂% ပြန်လည်ဖြည့်တင်းမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမှုက ၃% နုတ်ယူမည် ဖြစ်သည်။
နိဂုံးချုပ်ရလျှင် ထိုစနစ်က တကယ်ပဲ သူမကို သေစေချင်နေတာပဲဖြစ်သည်။
သူမက လေးလေးနက်နက် နားထောင်လိုက်ပြီးနောက် သူမ ခေါင်းငိုက်စိုက်ကျသွားတော့သည်။ လူတစ်ယောက်ဖြစ်ရခြင်းက ခက်ခဲပြီး လူတစ်ယောက်ဖြစ်ရန်ကား မလွယ်ကူပေ။
“မစ်ရှင်မပြီးဆုံးခင် ၅မိနစ် ကျန်ရှိပါသေးသည်။ host ၏ မစ်ရှင်ပြီးမြောက်မှုသည် ယခု ၅၀% ဖြစ်ပါသည်... ။ ”
မနီးမဝေးမှ မိခင်တစ်ဦးသည် ကလေးတစ်ဦးနှင့်အတူ လမ်းလျှောက်လာခဲ့သည်။ သူမမျက်လုံးများက လင်းလက်သွားပြီး သူမ၏ဆီးသီးများနှင့် ပြေးသွားခဲ့သည်။
“ဆီးသီးတွေ မြည်းကြည့်ချင်လား မချိုရင် ပိုက်ဆံမပေးပါနဲ့ ” မနေ့က အတွေ့အကြုံအရ သူမက အလကားပေးရန် တိုက်ရိုက်မပြောတော့ချေ။
ဘေးမှာရှိသည့် အမေက ရှန်းထင်ရွှမ်း၏လက်ထဲရှိ ဆီးသီးများကို ကြည့်လိုက်ပြီး အေးစက်သည့် မျက်နှာထားဖြင့် “ငါ့ကလေးက အသီးတွေ စားရတာ မကြိုက်ဘူး ” ပြောပြီးနောက် သူမက သူမကလေးကို ခေါ်သွားရန် လုပ်လိုက်သည်။
ကောင်လေးက ရှန်းထင်ရွှမ်းကို ကြည့်နေသည်။ ထို့နောက် သူမ၏လက်ထဲရှိ ဆီးသီးများကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထိုဆီးသီးများက သူ၏လက်သီးဆုပ်နီးပါး ကြီးပေသည်။ ဆွဲဆောင်မှုရှိပြီး အသီးရနံ့က စားချင်စဖွယ်ဖြစ်ပြီး အဝါရောင်နှင့် အနီရောင် ရှိပေသည်။ သူမြင်နေရသည့် ဆီးသီး၏အရောင်အဆင်းက ကြီးစွာသော စားချင်စိတ်ကို ဖြစ်ပေါ်စေပြီး သူ့ကို သွားရည်ကျအောင် လုပ်နေပေသည်။
“မေမေ သား စားချင်တယ် ” ကောင်လေးက သူ့အမေကို တစ်ချက်ကြည့်ပြီးနောက် သူက ရှန်းထင်ရွှမ်းကို ကြည့်လိုက်သည်။
အမေဖြစ်သူက အနည်းငယ် အံ့ဩသွားခဲ့သည်။
ရှန်းထင်ရွှမ်းက ဆီးသီးများကို ပျော်ရွှင်စွာ အခွံ့နွှာလိုက်ပြီး ကောင်လေးလက်ထဲကို ထည့်ပေးလိုက်သည်။ “ဒါ အရမ်းချိုတယ် စားကြည့် ”
ကောင်လေးက သူ့အမေကို ချီတုံချတုံဖြင့် ကြည့်လိုက်ပြီး သူ့အမေက မကန့်ကွက်သည်ကို မြင်သောအခါ သူ၏ပါးစပ်လေးကို ဟပြီး တစ်ကိုက်ကိုက်လိုက်တော့သည်။ ထိုဆီးသီး၏အသားက နူးညံ့ပြီး ချိုမြိန်ပေ၏။ သူက ယခု လမ်းလျှောက်နေစဉ်အတွင်း အနည်းငယ် ပင်ပန်းနေခဲ့သည်။ ကောင်လေးက ဆီးသီးတစ်ကိုက်လောက် စားပြီးသည့်နောက်တွင် သူ၏ခြေထောက်များ မပင်ပန်းတော့သည်ကို ခံစားလိုက်ရသည်။
ကောင်လေး၏အမေက မကန့်ကွက်ခဲ့ပေ။ သူမက တုံပြန်ချိန်မရှိအောင် အံ့ဩနေခဲ့သည်။ သူမက ရှန်းထင်ရွှမ်းကို အရူးလုပ်တာ မဟုတ်ပေ။ ယခင်က သူ့သားသည် အသီးစားရန် လုံးဝမနှစ်သက်ခဲ့ပေ။
ထိုကလေးက ၂နှစ်သာ ရှိသေးသည်။ သူက ပြင်းပြင်းထန်ထန် ဝမ်းချုပ်နေခဲ့ပြီး ဆေးရုံထိ ရောက်ခဲ့ရသည်။ အချိန်တိုင်း သူတို့က ဆရာဝန်ဆီသို့ သွားနေခဲ့ရသည်။ ဆရာဝန်က ကောင်လေးသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးရန် လိုအပ်သည်ဟု အကြံပေးခဲ့သော်ငြား ကလေးက သစ်သီးများကို မစားချင်ခဲ့ပေ။
မိသားစုက ကလေးများကို သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားနိုင်စေရန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ပိုပြီး ဝယ်ကြသည်။ ကုန်ကျစရိတ်က ပြဿနာ မရှိပေ။ သူတို့က ဒူးရင်းသီးများကို ၂၀၀ယွမ်စီဖြင့် ဝယ်ခဲ့သည်။ သို့သော် ကလေးများက ၎င်းတို့ကို မစားချင်ကြပေ။ သူတို့က ချယ်ရီ တစ်ကတ်တီကို ၆၀ယွမ်ဖြင့် ဝယ်ခဲ့ပြီး ကလေးက ၎င်းတို့ကိုလည်း မစားပေ။ သူတို့က နဂါးမောက်သီးများကိုလည်း ၃၀ယွမ်ဖြင့် ဝယ်ခဲ့သည်။ ရလာဒ်က တူညီပေသည်။ သူက စားရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
ကုန်ကုန်ပြောရလျှင် သူက စားနိုင်နေသရွေ့ မိသားစုက သစ်သီးများကို ဝယ်နိုင်ပေသည်။ စျေးနှုန်းက ကိစ္စမရှိပေ။ သို့သော် ကလေးက ၎င်းကို မနှစ်သက်ပေ။
ယနေ့ အမေဖြစ်သူက ကလေးသည် ဆီးသီးများကို စားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အိမ်တွင်လည်း ဆီးသီးများ မရှိသည် မဟုတ်။ သို့သော် ကလေးက အမြဲတမ်း စိတ်မဝင်စားသလိုသာ ရှိခဲ့သည်။
တစ်လုံးစားပြီးနောက် ကောင်လေးက ရှန်းထင်ရွှမ်း၏လက်ကို လျှာနှင့်လျက်လုနီးပါး ဖြစ်နေခဲ့ပြီး သူ့အမေက ပါးစပ်အဟောင်းသားဖြင့် အလွန် အံ့ဩနေခဲ့သည်။
“ကလေး ငါ့မှာ ဆီးသီးတွေ အများကြီး ရှိနေသေးတယ် ” ရှန်းထင်ရွှမ်းက သူမ၏လက်ကို ရုတ်ပြီး ပြုံးလိုက်သည်။ လူသားပေါက်စလေးများက ထိုမျှ ချစ်ဖို့ကောင်းလိမ့်မည်ဟု သူမက မမျှော်လင့်ထားခဲ့ပေ။
ရှန်းထင်ရွှမ်းက ခြင်းဆီသို့ သွားလိုက်ပြီး ဆီးသီးအနည်းငယ်ကို ဆုပ်ယူလာခဲ့သည်။ တစ်လုံးကို ကောင်လေးအတွက် အခွံနွှာလိုက်ပြီး တခြားတစ်လုံးကို ကလေးအမေ မြည်းစမ်းနိုင်ရန် အခွံနွှာလိုက်သည်။ သို့မှသာ တာဝန် ပြီးမြောက်နိုင်လိမ့်မည် ဖြစ်သည်။
အကျိုးဆက်အနေဖြင့် ကောင်လေးက သူ့လက်ထဲရှိသည်ကို စားနေစဉ် ရှန်းထင်ရွှမ်းက သူ့အမေအား ဆီးသီးတစ်လုံး ကမ်းပေးလိုက်သည်ကို မြင်လိုက်သောအခါ သူက လိုလားတောင့်တစွာ စူးစူးဝါးဝါး အော်လိုက်သည်။ “လိုချင်တယ်၊ လိုချင်တယ် ”
အမေက ကောင်လေးကို ထိုဆီးသီးအား ပေးလိုက်သည်။
“မစ်ရှင် မပြီးဆုံးခင် ၃မိနစ် ကျန်ရှိပါသေးသည်။ host ၏ မစ်ရှင်ပြီးမြောက်မှုသည် ယခု ၇၅% ဖြစ်ပါသည်... ။ ံ
ရှန်းထင်ရွှမ်းက စနစ်မှ သတိပေးသံကို ကြားပြီး နောက်တစ်လုံးကို အခွံနွှာလိုက်သည်။ အဆုံး၌ ကောင်လေးက ၎င်းကို စားနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် အမေဖြစ်သူက အနည်းငယ် ရှက်သွားခဲ့ပြီး “ငါ တစ်ပေါင် ဝယ်မယ် ”့
ရှန်းထင်ရွှမ်းက အိတ်တစ်လုံးယူလိုက်ပြီး ကလေး၏အမေဆီသို့ ၎င်းကို ပေးခဲ့သည်။ သူမက အနည်းငယ် မပျော်ရွှင်ဖြစ်နေခဲ့သည်။ ကောင်လေးက အလွန်အစားကြီးသောကြောင့် မဟုတ်ပေ။ ကောင်လေးအမေက ဘာမှမစား၍ ဖြစ်သည်။ သို့သော် သူမက မည်သည်ကိုမျှ မပြောခဲ့ချေ။ ကလေး၏အမေက တစ်ကတ်တီကို ချိန်နေဆဲဖြစ်သည်။ ငွေပေးချေပြီးနောက် သူမက ကောင်လေးကို ခေါ်ပြီး ထွက်သွားတော့သည်။
“မစ်ရှင်မပြီးဆုံးခင် ၁မိနစ် ကျန်ရှိပါသေးသည်။ host ၏တာဝန် ပြီးမြောက်မှုသည် ယခု ၇၅% ဖြစ်ပါသည်... ။ ”
ရှန်းထင်ရွှမ်းက အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ ယခုအချိန်တွင် သူမ ကံကောင်းဖို့ ဆုတောင်းရန်သာ ရှိသည်။ တစ်မိနစ်အတွင်း ကောင်လေး၏အမေက ဆီးသီးတစ်လုံးစားခဲ့လျှင် သူမ၏မစ်ရှင်က ပြီးမြောက်သွားပေမည်။
သူမသာ မစားလျှင် တာဝန်က ကျရှုံးသွားပေမည်။
စနစ်၏ကြေညာချက်ကို ဂရုတစိုက် နားထောင်နေစဉ် တစ်မိနစ်က ရာစုနှစ်တစ်ခုစာလောက် ရှိနေသည်ဟု ထင်မြင်မိလေသည်။
အချိန်တစ်ခုကြာပြီးနောက် သူမက နောက်ဆုံးတွင် စီရင်ချက်အတွက် စောင့်နေခဲ့သည်။
“တတိယမြောက်တာဝန် ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအဖြစ် ဝိညာဉ်သွေးကြောများ ပြန်လည်ဖြည့်တင်းရန် ၃% ပြန်လည်ရရှိပါသည် ”
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
စနစ်။ သူမက အားလုံးပြီးသွားတာတောင် စားနေတုန်းပဲ။
ဂျင်ဆင်းမြစ်။ ဘာလဲ မင်းက ငါ့ကို နောက်တစ်ခါ သတ်ချင်နေတာလား... ။
...