← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄)

ကောင်လေးနှင့် သူ၏အမေက အဝေးကို လမ်းလျှောက်သွားပြီးနောက် ကောင်လေးက ဆီးသီးအနည်းငယ်ကို စားခဲ့သည်။ ထို့နောက် ပစ္စည်းများစွာကို သယ်လာရသော သူ၏အမေကို မြင်လိုက်ပြီး ဆီးသီးများကို သူကိုယ်တိုင် အခွံနွှာပေးခဲ့သည်။ သူ့အမေ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးချင်တာကြောင့် သူက ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ခြေဖျားထောက်လိုက်သည်။

“မေမေက အလုပ်ကြိုးစားတယ်၊ မေမေလည်း စားဦးလေ ”

ကောင်လေး၏အမေက ဆီးသီးကို တစ်ကိုက်ကိုက်ပြီးနောက် ထိုဆီးသီးများက အမှန်တကယ် ချိုမြိန်ပြီး အရည်ရွှမ်းကာ အရသာရှိသည်ကို နားလည်သွားသည်။ သင်က အကြိမ်ရေအနည်းငယ်ခန့် ဝါးရန်ပဲလိုသည်။ ပေါများလှသည့် အသီးရည်များက သင့်ပါးစပ်၏ နေရာတိုင်းကို စီးဝင်သွားပြီး စိတ်ချမ်းသာစေလိမ့်မည်။

သူမကလေးက စားရန် နှစ်သက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူမက ဆီးသီးများကို နှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့သော်လည်း ဤဆီးသီးများက သူမ စားဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်သည်ကို သူမ ဝန်ခံရမည် ဖြစ်သည်။

“ကလေး အမေ့ကို ခဏစောင့်ဦး၊ ပြန်သွားပြီး အသီးတချို့ ဝယ်လိုက်ဦးမယ် ”

သူတို့နှစ်ယောက် ပြန်လှည့်လာသောအခါ တောင်ခြေ၌ ရှန်းထင်ရွှမ်း ရှိမနေတော့ဘဲ သူ၏ ဆီးသီးခြင်းသာ ကျန်ခဲ့သည်ကို သူတို့တွေ့ခဲ့ရသည်။

သူမက ပလပ်စတစ်အိတ်တစ်လုံးကို ကောက်ယူလိုက်ပြီး ဆီးသီး နှစ်ကတ်တီကို ထုပ်လိုက်သည်။ ပြီးနောက် ၁၀ယွမ်ကို ပေးခဲ့သည်။

တာဝန်ပြီးမြောက်ပြီးနောက် ရှန်းထင်ရွှမ်းက ဆီးသီးခြင်းကို လျစ်လျူရှုလိုက်တော့သည်။ သူမက မနက်ဖြန် လုပ်ရမည့်တာဝန်အကြောင်းကိုသာ တွေးနေတော့သည်။

ယနေ့ တာဝန်က လူလေးယောက်သို့ တိုးလာခဲ့ပြီး မနက်ဖြန်တွင် အနည်းဆုံးက လူလေးယောက် ဖြစ်ပေမည်။

ဤဆီးသီးခြင်းက တောင်ခြေတွင် ရှိနေသည်။ ထို့ကြောင့် ဖြတ်သွားဖြတ်လာများက ဆီးသီးများကို မြင်နိုင်ပေသည်။ တစ်ယောက်ယောက်များ မြည်းချင်ရင် ဘာဖြစ်နိုင်မလဲ။

ဝိညာဉ်စွမ်းအင်က ၃% ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက သူမကိုယ်ထဲရှိ စွမ်းအင်များ တဖန် ပြန်လည်ရရှိလာသည်ဟု ခံစားလိုက်ရပြီး သစ်ပင်များထဲသို့ စွမ်းအင်များ သွန်းလောင်းရန် ဆီးတောသို့ ပထမဦးစွာ သွားခဲ့သည်။

သည်တစ်ခါတော့ ရှန်းထင်ရွှမ်းက အကြီးဆုံးအကိုင်းကို ရေလောင်းလိုက်သည်။

ညနေခင်းရောက်မှ ရှန်းထင်ရွှမ်းက တောင်ခြေမှ ဆီးသီးခြင်းကို သွားယူခဲ့သည်။ Alipay မှ သတိပေးချက်များ တက်လာသောကြောင့် ဆီးသီးတချို့တဝက်ကို ယူသွားကြကြောင်း သူမ သိခဲ့ရသည်။

ရှန်းထင်ရွှမ်းက ပိုက်ဆံနှင့်ပတ်သက်ပြီး စိတ်မဝင်စားခဲ့ချေ။ မနေ့က ပါပါးရှန်မှ သူမ၏ဘဏ်ကတ်ကို ပိတ်လိုက်သည့်တိုင် ရှန်းထင်ရွှမ်းက အရမ်းမခံစားမိချေ။

သူမ၏ Alipay ၌ ၂၈ယွမ် လက်ခံရရှိခဲ့သည်ဟု ပြနေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်း၏နှလုံးသားက အလွန်တည်ငြိမ်နေဆဲ ဖြစ်သည်။

သူမက တောင်အောက်သို့ ပြေးဆင်းသွားပြီး ခြံဝန်းထဲသို့ ဆီးသီးများကို ပြန်ယူလာခဲ့သည်။ ထို့နောက် သူတို့ကို ဆေးကြောပြီး မနေ့ကကဲ့သို့ တစ်ဝက် ခွဲလိုက်ပြီး လှန်းထားလိုက်၏။

ညသန်းခေါင်၌ စက်ပိုင်းဆိုင်ရာအသံက အမှန်တကယ် နောက်တဖန် မြည်လာခဲ့သည်။

“ကျေးဇူးပြုပြီး လူရှစ်ယောက်အား သင် စိုက်ထားသော အသီးများကို ၁၂နာရီအတွင်း စားခိုင်းပါ”

ရှန်းထင်ရွှမ်းက ရုတ်ခြည်း ထရပ်လိုက်သည်ု

မနေ့တုန်းက လူလေးယောက်သာ ရှိခဲ့သည်။ သို့သော် ယနေ့ လူရှစ်ယောက် ဖြစ်သည်။ မနေ့က စားသုံးသူ (၄) ဦး ပြန်ရရှိခဲ့လျှင် နောက်ထပ် (၄) ဦးသာ သေချာ ရှာဖွေဖို့ လိုပေသည်။

ယခင်ကထက် ပိုခက်ခဲမည်မှာ အသေအချာပင်။

မှောင်နေသေးသော်လည်း ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး ခြံဝန်းထဲသို့ သွားကာ ဆီးသီးများ ကောက်ယူလိုက်သည်။ ပြီးနောက် အိုးတစ်လုံးထဲ၌ ၎င်းကို ရေနွေးဖျောပြီး သူမ၏အစာအိမ်ကို ဖြည့်တင်းရန် ၎င်းကို စားလိုက်၏။

သူမတွင် ဝိညာဉ်သွေးကြောများရှိသော်ငြား သူမသည် မူလခန္ဓာကိုယ်ဖြင့် ရှိနေဆဲ ဖြစ်ပြီး သူမ၏အစာအိမ်က ဆာလောင်နေပေသည်။

စားသောက်ပြီးနောက် တောင်အောက်သို့ ဆင်းသွားသည်။ မနေ့က အမေဖြစ်သူသည် တောင်ခြေ၌ ရပ်နေပြီး ရှန်းထင်ရွှမ်းကို တွေ့လိုက်သည်။ သူမက မနေ့ကနှင့် မတူညီအောင် ပြောင်းလဲသွားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ၊ ကျွန်မက ဒီရွာကပါ၊ ကျွန်မနာမည်က ဟုန်းမိန် ပါ ”

“မင်္ဂလာပါ” ရှန်းထင်ရွှမ်းက သူမကို မှတ်မိသွားခဲ့သည်။ ထိုတစ်ယောက်က ပထမ၌ သူမ၏ကလေးသည် ဆီးသီးများကို မစားဘူးဟု ပြောခဲ့သည့် တစ်ယောက်ဖြစ်သည်။

“ငါတို့ မနေ့က ပြန်လာခဲ့သေးတယ်၊ မင်း ဒီမှာ မရှိတော့တာကို တွေ့ခဲ့တယ်၊ ငါ ဆီးသီးတချို့ကို ယူသွားပြီး မင်းဆီ တိုက်ရိုက်ရောက်မယ့် code ကို စကမ်ဖတ်ခဲ့တယ်”

ဟုန်းမိန်က အနည်းငယ် ရှက်သွားခဲ့သည်။ တကယ်တော့ သူမက ထပ်ဝယ်ချင်သေးတာဖြစ်သည်။ သို့သော် ရောင်းသူက မရှိခဲ့ပေ။ ထို့ကြောင့် သူမက အလေးချိန်ကို မှန်းဆပြီး ၂ကတ်တီ ဝယ်ခဲ့သည်။

ရှန်းထင်ရွှမ်းက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်၏။

ဟုန်းမိန်က သူမအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။

“ငါ့အိမ်မှာ ဒါမျိုး နှစ်ခုရှိတယ်၊ ဒါက မင်းအတွက်၊ ဒါက အလေး ချိန်ဖို့အတွက် အဆင်ပြေတယ် ”

ရှန်းထင်ရွှမ်းသည် ယခင်က တကယ့်ကို အလေး မချိန်ခဲ့ချေ။ သူမက တခြားဝယ်သူများ ဆီးသီးဝယ်ရာတွင် အဆင်ပြေစေရန်အတွက် တစ်ခုကို ယူလာပေးခဲ့သည်။

ရှန်းထင်ရွှမ်းက သူမ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် ဟုန်းမိန်ကို အိတ်ကြီးတစ်လုံးအပြည့် ဆီးသီးများကို ပေးလိုက်သည်။ ထိုသို့ ပြုလုပ်သည်က ဟုန်းမိန်ကို အနည်းငယ် ရှက်သလို ခံစားစေသည်။ သူမ၏ အလေးချိန်စက်က ငွေအများကြီး မတန်ပေ။ နှိုင်းယှဉ်ကြည့်ပါက ရှန်းထင်ရွှမ်း၏ ဆီးသီးများက တန်ဖိုးအများကြီး ပိုရှိပေသည်။

ရှောင်ဖုန်းက နောက်မှ ရောက်လာခဲ့ပြီး အလေးချိန်စက်ကို မြင်သောအခါ သူက ၅ကတ်တီ ချိန်ယူလိုက်သည်။ အစက သူ ထပ်ချိန်ချင်ခဲ့သော်လည်း အငြင်းခံလိုက်ရသည်။

အဓိအကြောင်းရင်းမှာ ဆီးသီးအများကြီး မရှိ၍ ဖြစ်သည်။ သူတို့ အများကြီး ချိန်ယူသွားပြီး တော်ကြာ တာဝန်မပြီးမြောက်မည်ကို ရှန်းထင်ရွှမ်း က ထိတ်လန့်နေပေသည်။ “ကျေးဇူးပြုပြီး နေ့လယ်ထိ စောင့်ပေးကြပါ၊ အဲကျ ပိုယူလာခဲ့ရင် အကုန်လုံးကို ဝယ်လို့ရပါတယ် ”

ရှောင်ဖုန်းက စီးပွားရေးလုပ်နေစဉ် ထိုကဲ့သို့လုပ်တာ မကောင်းဘူးဟု ခံစားခဲ့ရသည်။ သို့သော် တစ်ဖက်မှ မိန်းကလေးက လေးနက်သည့်အကြည့်တစ်ခုဖြင့် အနည်းငယ် ချစ်ဖို့ကောင်းနေပေသည်။

“ကောင်းပြီ ”

သူမ၏ဝိညာဉ်သွေးကြောများကြောင့် ရှန်းထင်ရွှမ်းက မနေ့ကထက် ယနေ့ပိုပြီး မြန်မြန် ပေါင်းသင်နိုင်ပေသည်။

နေ့လယ်လောက်တွင် စနစ်က သတိပေးချက်တစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။

“မစ်ရှင်မပြီးဆုံးခင် ၁၀မိနစ် ကျန်ရှိပါသေးသည်။ ယခု host ၏ မစ်ရှင်ပြီးမြောက်မှုသည် ၇၅% ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးပါက ဝိညာဉ်သွေးကြောမှ ၄% နုတ်ယူပါမည်။ ”

ရှန်းထင်ရွှမ်းက မျက်တောင်ခပ်လိုက်သည်။ ဟေး တကယ်ပဲ ဒီနေ့ လူ ၆ယောက် စားခဲ့တာပဲ။

သိသိသာသာပင် လူနှစ်ယောက်သာ ၎င်းကို ဝယ်ခဲ့ပေသည်။ သို့သော် ၎င်းကို လူ ၆ယောက်က စားခဲ့လေသည်။ ရှန်းထင်ရွှမ်းက သူမ ကံကောင်းနေသည်ကို တွေ့ခဲ့သည်။

မနက်ခင်းတွင် ဟုန်းမိန် ဆီးသီးများကို ယူသွားခဲ့ပြီး အိမ်ရောက်ရောက်ချင်း သူမကို သူမ၏ယောက္ခမက မြင်သွားကာ သူ့ မျက်နှာထားက ချက်ချင်း ပျက်သွားသည်။

“ဘာလို့ ဆီးသီးတွေ အများကြီး ဝယ်လာခဲ့တာလဲ ” သူမ၏အဖိုးတန်မြေးလေးက မနေ့တုန်းက ဆီးသီးစားချင်၍ ဆူပူသောင်းကျန်းနေသည်ကို သူမက သိခဲ့သည်။ သို့သော် ဟုန်းမိန်က အများကြီးဝယ်လာမည်ဟု မထင်ထားခဲ့ချေ။

ဟုန်းမိန်က ရှင်းပြလိုက်သည်။

“ဒီဆီးသီးတွေက တကယ့်ကို အရသာရှိတယ်၊ ပြီးတော့ ဒါကို ကျွန်မ ဝယ်ခဲ့တာမဟုတ်ဘူး၊ ကောင်မလေးက ပေးလိုက်တာ ”

အဖိုးတန်လေးက သူ့အမေ အိမ်ပြန်လာသည်ကို ကြားသောအခါ အိမ်အပြင် ပြေးထွက်လာခဲ့ပြီး အိတ်သယ်လာသည့် သူ့အမေကို တွေ့သွားတော့သည်။ ထို့နောက် သူ၏ခြေတိုတိုလေးများဖြင့် ပျော်ရွှင်စွာ ခပ်သွက်သွက်လျှောက်လာပြီး သူ့အမေဆီသို့ ပြေးလာတော့သည်။ “မေမေ သား စားချင်တယ် ”

မနေ့က ပြန်လာသည့်လမ်း၌ သူတို့နှစ်ယောက် ဆီးသီးများကို စားခဲ့သည်။ စားပြီးနောက် ဟုန်းမိန်က ချက်ပြုတ်ရန် အိမ်ပြန်ရမည်ဖြစ်သောကြောင့် အဖိုးတန်လေးကို ယနေ့ ထပ်သွားဝယ်ပေးမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့် သူမက မနက်အစောကြီး တောင်ခြေ၌ ဆီးသီးဝယ်ရန် စောင့်နေရခြင်းပင် ဖြစ်သည်။

အဖိုးတန်လေးက အကြာကြီး မစောင့်ဆိုင်းနိုင်တော့ပေ။ ထို့ကြောင့် သူက အိတ်ထဲမှ ဆီးသီးတစ်လုံးကို ထုတ်ယူပြီး တစ်ကိုက်ကိုက်ရန် ပြင်လိုက်သည်။

သူ၏အဘွားက ကလေးဆီမှ ဆီးသီးကို ရုတ်တရက် ဆတ်ခနဲ လုယူလိုက်သည်။ “မြေးလေး ဒါကို စားချင်တယ်ဆိုရင် အဘွား မင်းအတွက် အခွံနွှာပေးမယ် ”

အဖိုးတန်လေးက သူ၏ဝိုင်းစက်သော မျက်လုံးကလေးများဖြင့် သူ့အဘွားအခွံနွှာနေသည်ကို ကြည့်နေပေသည်။ ဟုန်းမိန်က သူမ၏ယောက္ခမ အခွံနွှာပြီးနောက် သူမက အသီးအူတိုင်ကို ဖယ်ထုတ်လိုက်ပြီး အသားကို အစိတ်များစွာဖြစ်အောင် ခွဲလိုက်သည်။

ဟုန်းမိန်၏ယောက်ျားဖြစ်သူ လျူစန်းက အိမ်ထဲဝင်ဝင်ချင်း အသီးနံ့ကို ရလိုက်ပြီးနောက် သူ့အမေက ဆီးသီးများ အခွံနွှာနေသည်ကို တွေ့လိုက်ရသည်။ ၎င်းအသီး၏အရည်များက သူ့အမေ၏လက်မှ စီးကျနေပေသည်။

လျူစန်းက တံတွေးမျိုချလိုက်သည်။ အသံက အတော်ကျယ်သွားခဲ့ပြီး သူက ရှက်ကိုးရှက်ကန်းဖြင့် အနီးပတ်လည်ကို ကြည့်လိုက်သည်။ ကံကောင်းသည်မှာ လူတိုင်းက ဆီးသီးများကိုသာ ကြည့်နေကြပြီး မည်သူမှ သူ့အဖြစ်ကို ဂရုမစိုက်ကြပေ။

ဆီးသီးအသားက ရွှေဝါရောင် ဖြစ်နေပေသည်။ အခွံနွှာပြီးနောက် အသီးရနံ့က ပိုပြီး မွှေးလာပေသည်။ အဖိုးတန်လေးက သူ့အဘွားလက်ထဲမှ ဆီးသီးတစ်စိပ်ကို ကိုက်စားရန် မစောင့်နိုင်တော့ချေ။

အဖိုးတန်လေးက သူ့ပါးစပ်ထဲမှ ဆီးသီးကို အမြန် မျိုချလိုက်ပြီး သူ့အဘွား၏ လက်နားသို့ သွားကာ တခြားတစ်ဝက်ကို စားလိုက်သည်။ ခဏကြာပြီးနောက် ဆီးသီးတစ်လုံးလုံး ကုန်စင်အောင် စားပစ်လိုက်သည်။ အဖိုးတန်လေးက မကျေနပ်သေးပုံ ပေါ်သည်။

“လိုချင်တယ်၊ ထပ်လိုချင်သေးတယ် ”

ဟုန်းမိန်သည် သူမ၏ကလေးက ဤလောက်ကြိုက်သည်ကို မြင်ပြီး ပြောလိုက်သည်။

“အဖိုးတန်လေးရေ ဒီနေ့ ဆီးသီးတွေ အများကြီးဝယ်လာတယ်၊ ဖြည်းဖြည်းချင်း စားလို့ရတယ်၊ မပူနဲ့နော် ”

ထို့ကြောင့် ကလေးအနားတွင် မိသားစုက စတင် အခွံနွှာကြရတော့သည်။ လျူစန်းက အသီးရနံ့ကို အကြာကြီး သည်းမခံနိုင်တော့ပေ။ သူလည်း အိတ်ထဲမှ တစ်လုံးယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်တော့သည်။ သူမထိန်းနိုင်တော့ဘဲ ဆဲဆိုသည့်စကားလုံးကို ပြောထွက်မိသည်။

“F*ck ဒါက သောက်ရမ်းကို အရသာရှိတာပဲ ”

လျူစန်း၏ အမေက လျူစန်းကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက်ပြောလိုက်သည်။

“ရှေ့မှာ ကလေးတစ်ယောက်လုံး ရှိနေတာကို ဘာတွေ ပြောနေတာလဲ ”

လျူစန်းက ရုတ်တရက် ပြောလိုက်သည်။ “ကလေး အဖေ ခုနက ဘာမှ မပြောခဲ့ဘူးနော် ”

အဖိုးတန်လေးက လျူစန်းပြောခဲ့သည့် အရာအားလုံးကို ကြားပုံမပေါ်ချေ။ သူ့အတွေးများက ဆီးသီးများဖြင့် ပြည့်နေပေသည်။

“အမေလည်း တစ်လုံး စားကြည့်လေ ” ဟုန်းမိန်သည် ဆီးသီးများကို စားဖူးသောကြောင့် အရသာကို သိနေပေသည်။

လျူစန်းအမေက ထိုနှစ်ယောက် ဆီးသီးများ စားနေသည်ကို မြင်နေရပြီး သူတို့မျက်နှာထားက အလွန့်အလွန် အရသာရှိသော အရာကို စားရသည့်အလား ဖြစ်နေကြပေသည်။ ထို့ကြောင့် သူမက သံသယဖြစ်လျက် တစ်ကိုက်ကိုက်လိုက်သည်။ ရလဒ်အနေဖြင့် သူမမျက်နှာပေါ်ရှိ အံ့အားသင့်သွားသည့် မျက်နှာထားကို ဖုံးကွယ်မထားနိုင်တော့ချေ။

လျူစန်းက ၎င်းကို မြင်သောအခါ ရယ်လိုက်သည်။

လျူစန်း၏ အမေက ထပ်ခါ ထပ်ခါ ခေါင်းညိတ်လိုက်ပြီး “အဖိုးတန်လေးအမေ ဒီဆီးသီးက ကောင်းသားပဲ၊ ဒါပေမဲ့ ဘယ်သူက ဒီလောက်အများကြီး ပေးလိုက်နိုင်တာလဲ ”

ဟုန်းမိန်က ဘာဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့သည်။ အစက သူမ၏ယောက္ခမ ဒေါသထွက်သွားလိမ့်မည်ဟု ထင်နေခဲ့သည်။

သို့သော် လျူစန်း၏ အမေက ပြောခဲ့သည်။ “ငါတို့မိသားစုမှာ အရင်က အလေးချိန်စက် အပိုရှိတယ်၊ အဲဒါကို ပေးလိုက်တာ ကိစ္စမရှိဘူး ” ကောင်မလေးကလည်း ထိုကဲ့သို့ ဆီးသီးအိတ်ကြီးတစ်လုံး ပြန်ပေးခြင်းဖြင့် ကျေးဇူးတင်ရမည်ကို သိသည်။ အရေးကြီးဆုံးအရာက သူမ၏မြေးလေး အသီးစားရန်သာ ဖြစ်သည်။

ရှန်းထင်ရွှမ်းက အနီးအနားရှိ ဖြတ်သွားဖြတ်လာများကို ကြည့်နေပြီး ငယ်ရွယ်သည့်အမျိုးသမီးတစ်ယောက် ဆိုဒါတစ်ပုလင်းနှင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

မိန်းမပျိုလေး၏ အမည်က လီရင် ဖြစ်သည်။ သူမ၏ကုမ္ပဏီဌာနက အသင်းဆောက်လုပ်ရေးကိစ္စကို ဆောင်ရွက်တော့မှာ ဖြစ်သည်။ စီစဉ်ထားသော နေရာများထဲမှ တစ်ခုက ဤရွာဖြစ်သည်။ သူမက အရင်ဆုံး ဆာဗေး လာကောက်တာ ဖြစ်သည်။

ရောက်လာပြီးနောက် လီရင်က ပါဝင်သူ အတော်များသည်ဟု ခံစားလိုက်ရသည်။ သူတို့အသင်းအဆောက်အအုံ၏ ကုန်ကျစရိတ်သည် ငါးထောင် သာလျှင် ဖြစ်သည်။ ဤရွာကို ရွေးချယ်ရခြင်းက သက်သာသော စျေးနှုန်းကြောင့်သာ ဖြစ်နိုင်ပေသည်။

လီရင်က အချိန်တစ်ခုကြာ ရှာဖွေခဲ့သော်လည်း စိတ်ဝင်စားစရာကောင်းသည့်နေရာကို မတွေ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အပူရှပ်ချင်သလို ခံစားနေရပြီး နောက်ဆုံးတွင် စတိုးဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားသည်။ သူမက ဆီးသီးအရသာဆိုဒါအအေးတစ်ပုလင်းကို ဝယ်လိုက်၏။

အဖုံးဖွင့်ဖွင့်ချင်း အတွင်းရှိလေက ကန်ထွက်လာပြီး ဆီးသီး၏ချိုမြိန်မှုပါ လိုက်ပါလာခဲ့သည်။ လီရင်က ပါးစပ်အပြည့် သောက်လိုက်ပြီး သူမကိုယ်တွင်းရှိအပူများ ပြေပျောက်သွားတော့သည်။

လီရင်က သက်ပြင်းချလိုက်သည်။ နွေရာသီ၌ သူမက ရေငတ်ပြေစေရန်နှင့် အပူများ ပျောက်စေရန် ထိုဆိုဒါကို သောက်လေ့ရှိသည်။ လီရင်က သူမလက်ထဲ၌ ထိုအအေးပုလင်းကို ကိုင်ထားပြီး ရှေ့သို့ ဆက်သွားလေသည်။ ရုတ်တရက် သူမက သူမလက်ထဲရှိ ဆီးသီးဆိုဒါထက် ပိုပြီးစားချင်စဖွယ်ဖြစ်သည့် ဆီးသီးရနံ့ကို ရလိုက်သည်။

ရနံ့နောက်သို့ လိုက်လာရင်း လီရင်က ခြင်းဆီသို့ သတိလက်လွတ်ဖြင့် လျှောက်သွားမိလေသည်။

ရှန်းထင်ရွှမ်းက မေးလိုက်သည်။

“ဆီးသီးတွေ ဝယ်မလို့လား၊ အရင်ဆုံး မြည်းကြည့်လို့ရပါတယ်၊ မချိုရင် ပိုက်ဆံပေးစရာ မလိုပါဘူး”

လီရင်က စကားပြောနေသည့်ကောင်မလေးကို ကြည့်လိုက်သည်။ သူမက အလွန်နူးညံ့ချောမွေ့ပြီး ဖြူဝင်းသည့် အသားအရေနှင့် ငယ်ရွယ်ပုံပေါ်ပေသည်။ ထိုမိန်းကလေးက အချိန်တစ်ခုကြာ ဤနေရာ၌ ရှိနေခဲ့ပြီး အဘယ့်ကြောင့် နေလောင်မခံရသည်ကို လီရင်က နားမလည်ခဲ့ချေ။

လီရင်က အရှည်ကြီး လျှောက်တွေးနေမိသလို ခံစားလိုက်ရပြီး သူမက ထိုမိန်းကလေးလက်ထဲမှ အခွံနွှာပြီးသား ဆီးသီးများကို အမြန်ယူလိုက်ပြီး သူမပါးစပ်ထဲသို့ ထည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။ လီရင်က သတိလက်လွတ်ဖြင့် သူမ၏မျက်လုံးများ မှိတ်လိုက်မိတော့သည်။

ဤဆီးသီးအသား၏ အရသာက အံ့ဩစရာပင် ဖြစ်သည်။ ဆီးသီးဆိုဒါက အပူကင်းပြီး ရေငတ်ပြေစေလျှင် ဤဆီးသီးက ယခုဆိုဒါထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပေသည်။ သင်သာ ဆီးသီးကို ကိုက်ချလိုက်၊ ချိုအီနေတဲ့ အသီးရည်တွေ သင့်ပါးစပ်အပြည့် ဖြစ်သွားဖို့ သင်စောင့်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ တစ်ကိုယ်လုံးက အပူတွေလည်း လျော့ပါးသွားပြီး အေးမြသွားလိမ့်မယ်။

ဆီးသီးတစ်လုံးစားပြီးသည့်နောက် လီရင်က လောဘကြီးသွားခဲ့ပြီး သူမ၏ အစားကြီးမှုကို ဖြေဖျောက်ရန် ထပ်စားချင်နေခဲ့သည်။ “ငါ နှစ်ကတ်တီ လိုချင်တယ်” ၎င်းကို သယ်ရန် အခက်အခဲသာ မရှိခဲ့လျှင် လီရင်က ခြင်းထဲရှိ ကျန်သည့်ဆီးသီးများကို ဝယ်သွားခဲ့ပြီးပြီ ဖြစ်သည်။

လီရင်က ဆီးသီးနှစ်ကတ်တီကို သယ်ပြီး ထွက်သွားခဲ့သည်။ သူမ၏ ဘယ်ဖက်လက်ထဲရှိ ဆိုဒါကို ကြည့်ပြီး လီရင်က မနီးမဝေးရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်တော့သည်။

သည်မတိုင်ခင်ကတော့ သူမက ဆီးသီးဆိုဒါသည် ချိုမြိန်ပြီး အဖျားတောင် ပျောက်စေနိုင်သည်ဟု ခံစားခဲ့ရသည်။ ဤဆီးသီးများကို စားပြီးသည့်အခါတွင်တော့ ထိုဆိုဒါ၏ချိုမြိန်မှုက သိသိသာသာပင် ဆေးသကြားအမျိုးအစားများစွာဖြင့် ပြည့်နေပေသည်။

“မစ်ရှင်ပြီးမပြီးဆုံးခင် ၅ မိနစ် ကျန်ရှိပါသေးသည်။ မစ်ရှင်ပြီးမြောက်မှုသည် ယခု ၈၇.၅% ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးလျှင် ဝိညာဉ်သွေးကြောမှ ၄% နုတ်ယူပါမည်။ ”

ယခု မစ်ရှင်ပြီးမြောက်ရန် လူတစ်ယောက်သာ ကျန်တော့သည်။ ပြီးခဲ့သည့်မစ်ရှင်များ၏ အတွေ့အကြုံအရ ရှန်းထင်ရွှမ်းသည် ကြေညာချက်ကို ဂရုတစိုက်နားထောင်လိုက်သည်။ သူမက သာမန်ကာလျှံကာဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ကားတစ်စီးလာနေသည်ကို တွေ့လိုက်ရသည်။

-----

စာရေးသူမှာ ပြောစရာရှိနေပါသည်။

အဲဒါဘယ်သူလဲ မှန်းကြည့်ပါ။

...

အခန်း (၅)

ရှန်းထင်ရွှမ်းက လက်ပြရန်ပင် မလိုခဲ့ပေ။ ကားက သူမဘေးတွင် တိုက်ရိုက်ရပ်လိုက်သည်။

တံခါးက ပွင့်လာသည်။ ပထမဆုံး မြင်ရသည့်အရာက အနီရောင်ဂါဝန်နှင့်လိုက်ဖက်သည့် အနက်ရောင်ဒေါက်မြင့်ဖိနပ်တစ်စုံ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ကြည့်လိုက်ပြီး အနီရောင်နှုတ်ခမ်းတစ်စုံနှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက်က ဆင်းလာခဲ့သည်။

ထိုအမျိုးသမီးကို ရင်းရင်းနှီးနှီး မြင်ဖူးပေသည်။

ဝမ့်ချန်က လုံးဝစိတ်မဝင်စားသလိုဖြစ်နေသည့် ရှန်းထင်ရွှမ်းကို တွေ့လိုက်ရသည်။ သူမက အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ သို့သော် အလွန်စိတ်မကောင်းသည့် မျက်နှာထားဖြင့် “ထင်ရွှမ်း ဒီအတောအတွင်း မင်းကို ဒုက္ခတွေ့စေခဲ့ပြီ ”

ရှန်းထင်ရွှမ်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။ “?”

“ငါ ဒီကို စောစောထဲက မလာခဲ့လို့ နင် ငါ့ကို ပြစ်တင်လို့ရပါတယ်” ဝမ့်ချန်က အပြောကောင်းပေသည်။

“နင့် ကြည့်ရတာ ဝိတ်အများကြီး ကျသွားပုံပဲ၊ ငါနဲ့ အခု ပြန်လိုက်ခဲ့၊ အန်ကယ်ရှန်းနဲ့ နင့်အစ်မကို တောင်းပန်လိုက် ”

ဝမ့်ချန်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက သူမကိုယ်သူမ သတိထားလိုက်ပြီး သူမမျက်လုံးများကို ရှောင်လိုက်သည်။ ပြီးနောက် ဆီးသီးတစ်လုံးကို လျင်မြန်စွာကောက်ယူလိုက်ပြီး ဝမ့်ချန်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဝမ့်ချန်က မသိစိတ်ဖြင့် တစ်ကိုက် ကိုက်မိလိုက်ပြီး မှင်သက်သွားသည်။

ဝမ့်ချန်၏ပထမဆုံးတုံပြန့်မှုက ရှန်းထင်ရွှမ်းက သူမကို ဘာကျွေးခဲ့ပြီး သူမက ဘာကို စားခဲ့သလဲ ။ ထို့နောက် ၎င်းက ဆီးသီးများ၊ သေချာပေါက် အခွံမနွှာရသေးသည့်ဆီးသီးများ ဖြစ်သည်ကို သူမ တွေ့ရှိသွားသည်။ အဓိက အချက်က ထိုအသီးများသည် အလွန်အရသာရှိနေသည်လော။

ဝမ့်ချန်က ဆီးသီးများကို စားပြီးသောအခါ သူမက ရှန်းထင်ရွှမ်း ထွက်သွားသည်ကို တွေ့လိုက်ရသည်။

“ထင်ရွှမ်း စောင့်ဦး” ဝမ့်ချန်က သူမ၏ဒေါက်မြင့်ဖိနပ်ဖြင့် လှမ်းလာနေရပြီး တောင်ပေါ်သွားနေသည့် ရှန်းထင်ရွှမ်းနောက်သို့ လိုက်နေသည်။

ရှန်းထင်ရွှမ်းက ဝမ့်ချန်၏စကားများကို သည်းခံပြီးနားထောင်နေရသည့် အကြောင်းရင်းက သူမ၏ဆီးသီးများကို ကျွေးရန် အခွင့်အရေးတစ်ခု ရှာနေခြင်းပင် ဖြစ်သည်။ ယခု သူမ၏တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။ သူမက ထိုနေရာ၌ ထပ်နေရန် မလိုအပ်တော့ပေ။

ဝမ့်ချန်က လမ်းလျှောက်လာပြီးနောက် ရှန်းထင်ရွှမ်း၏အရိပ်ကိုတောင် မတွေ့ရတော့ပေ။ သူမအနီးတွင် လမ်းတစ်လမ်း ရှိနေသည်ကို မြင်ပြီးနောက် သူမက ခြံဝန်းကို ရှာရန် သွားလိုက်သည်။

ရှန်းထင်ရွှမ်းက ခြံဝန်းအရှေ့ဘက်ရှိ မြေကို ပေါင်းသင်နေပြီး ဝမ့်ချန်၏မျက်နှာ မကောင်းတော့သည်ကို မြင်လိုက်ရသည်။ “နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ ” ထိုသူ၏မျက်နှာ ဘယ်လောက်အရေထူထူ ကိစ္စမရှိဘူး၊ သူမ ဆက်လိုက်လာစရာ မလိုဘူးဟု သူမ ခံစားနေရသည်။

သို့သော် သူမက ဝမ့်ချန်ကို သိသိသာသာပင် အထင်သေးမိသည်။

ဝမ့်ချန်က သူမအပေါ် ရှန်းထင်ရွှမ်း၏ ဆက်ဆံပုံသည် အနည်းငယ် အေးတိအေးစက်နိုင်ပြီး ခန့်မှန်းရခက်ခဲသည်ကို တွေ့လိုက်ရသည်။ အတိတ်တုန်းက ရှန်းထင်ရွှမ်းသည် ဤကဲ့သို့ ပုံစံမျိုးမဟုတ်ပေ။ “ထင်ရွှမ်း ငါ နင့်ကို စိတ်ပူနေတာ ”

ရှန်းထင်ရွှမ်းက ဝမ့်ချန်ကို အချိန်တစ်ခုကြာ ကြည့်နေခဲ့သည်။ သူမက စာအုပ်၏ ပထမတစ်ဝက်ကိုသာ သိခဲ့သည်။ ဤဝမ့်ချန်က မူလကိုယ်၏သူငယ်ချင်း ဖြစ်သည်။ သို့သော် ရှန်းရွှမ်၏ ကျောထောက်နောက်ခံအဖြစ် အမြဲရှိနေခဲ့သည့် လက်ပါးစေလည်း ဖြစ်သည်။

သိသာစွာပင် ထိုကဲ့သိုလူမျိုးနှင့် စကားပြောရန်ပင် မလိုချေ။ သို့သော် ဝမ့်ချန်သည် သူမနောက်သို လိုက်လာလိမ့်မည်ဟု ရှန်းထင်ရွှမ်းက မထင်ထားချေ။ "တခြားသူတစ်ယောက်ရဲ့ အိမ်ကို ခွင့်ပြုချက်မရဘဲ ဝင်လို့ရလား "

ရှန်းထင်ရွှမ်းက ထိုသိုပြောလိုက်သောအခါ ဝမ့်ချန်က အံ့အားသင့်သွားခဲ့သည်။ အလွန်ရယ်စရာ ကောင်းပေသည်။ အဓိကအချက်က သူမ၏အကြည့်များက အလွန် အလေးအနက်ဖြစ်နေခြင်းပင် ဖြစ်သည်။

"နင် ငါ့ကို ဘယ်လိုလုပ် သူစိမ်းတစ်ယောက်လို့ ထည့်တွက်နိုင်ရတာလဲ "

ဝမ့်ချန်သည် လူတွေကို နားလည်ပုံမပေါ်ဟု ရှန်းထင်ရွှမ်း ခံစားနေရသည်။ ထို့နောက် သူမက ပေါင်းသင်ခြင်းကိုသာ ဆက်လုပ်နေလိုက်သည်။

ရှန်းထင်ရွှမ်းက သူမကို လျစ်လျူရှူထားသည်ကို မြင်သောအခါ ဝမ့်ချန်က ထပ်မေးလိုက်သည်။

"ထင်ရွှမ်း နင် ရှန်းအိမ်ကို မပြန်ချင်တော့ဘူးလား "

"ပြီးတော့ ရှေ့လျှောက် နင် ဘာလုပ်ဖို့ ဆုံးဖြတ်ထားလဲ "

"ဒီတောင်က အရမ်းကြီးတယ်၊ ပြီးတော့ ကျတ်တီးမြေတစ်ခုပဲ၊ နင် ဒါကို ရောင်းဖို ဆုံးဖြတ်ထားတာမလား "

"ငါ နင့်အတွက် ရောင်းသူတစ်ယောက် ရှာပေးမယ်၊ ဒါဆို နင့်အနာဂတ်အတွက် ပူနေစရာမလိုတော့ဘူး "

မူလကိုယ်က ဤတောင်ကို ရောင်းခဲ့ရသည့် အကြောင်းပြချက်က ဝမ့်ချန်ကြောင့်ပင် ဖြစ်သည်။ ရှန်းထင်ရွှမ်းက သူမခေါင်းကို မော့လိုက်ပြီး ဝမ့်ချန်ကို ကြည့်လိုက်သည်။

" ငါ ဘယ်လောက်နဲ့ ရောင်းသင့်လဲ၊ ၁၀ သန်းလား"

ဝမ့်ချန်က ထိုမေးခွန်းကို ကြားရသောအခါ သူမကိုယ်သူမ ကျေနပ်သွားသလို ခံစားလိုက်ရသည်။ ရှန်းထင်ရွှမ်းက သူမပြောသည်ကို ဟန်ဆောင်နားထောင်နေကြောင်း ဝမ့်ချန်က သိသည်။ သို့သော် မကြာမီ ဝမ့်ချန်က သူမ၏ပျော်ရွှင်နေသည့်မျက်နှာထားအား ဖယ်ရှားလိုက်ပြီး လေးနက်သည့်အကြည့်ဖြင့် ပြောလိုက်သည်။

"ဒီတောင်ကို ၁၀ သန်းနဲ့ ရောင်းဖိုတော့ ခက်လိမ့်မယ်၊ ဒါနဲ့ ဘယ်သူတွေကများ နင့်ကို ငါ့အချစ်ဆုံးသူငယ်ချင်းလို့ ခေါ်တာလဲ၊ ငါ နင့်ကို ၁၀ သန်းနဲ့ ရောင်းသူတစ်ယောက် ရှာဖို့ သေချာပေါက် ကူညီပေးမယ် "

ရှန်းထင်ရွှမ်းက ဂရုတစိုက်နားထောင်လိုက်ပြီး "၁၀၀ စတုရန်းကီလိုမီတာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀၀ မီတာ၊ ဒီလိုမျိုးကြီးမားတဲ့တောင်တစ်လုံးကို ၁၀ သန်းနဲ့ရောင်းတဲ့သူက ရူးနေလို့ပဲ " မူလကိုယ်က အလွန် တုံးအလွန်းသောကြောင့် လှည့်စားခံခဲ့ရသည်။ ရှန်းထင်ရွှမ်းက ဂျင်ဆင်းမြစ်အဖြစ် နှစ်တစ်သောင်းကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။ ထိုလှည့်စားမှုလေးလောက်ကို တားဆီးနိုင်သည်။

ဝမ့်ချန်၏မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့်ဖြစ်နေပြီး သိသိသာသာပင် သူမက နားမလည်နိုင်ဖြစ်နေသည်။ သူမက ရှန်းထင်ရွှမ်းကို မတွေ့ရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ဘယ်လိုလုပ် သူမက ဒီလောက် ဉာဏ်ထက်လာရတာလဲ။

ရှန်းထင်ရွှမ်းက သူမလက်ထဲမှ မြက်များကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ဖုန်မှုန့်များက ဝမ့်ချန်ပေါ်သို့ လွင့်စင်သွားသည်။

ဝမ့်ချန်က ခုန်ရှောင်လိုက်သည်။

ရှန်းထင်ရွှမ်းက သူမ၏ခြံဝန်းဘက်သို့ လျှောက်သွားခဲ့ပြီးနောက် သူမခေါင်းက နောက်သို့ ပြန်လှည့်လာသည်။ "နင် ငါ့အတွက် တကယ်စိတ်မကောင်းဖြစ်တယ်လို့ ခံစားရရင် နောက်ကျ ငါ စိုက်ထားတဲ့အသီးတွေကို ဝယ်မဲ့သူ ရှာပေးလေ " စကားပြောပြီးနောက် ရှန်းထင်ရွှမ်းက ခြံဝန်းတံခါးကို ဆောင့်ပိတ်ချလိုက်သည်။

ဝမ့်ချန်၏မျက်နှာက အစိမ်းရောင်ဖြစ်နေပြီး အလွန်ဒေါသထွက်နေပေသည်။ နောက်ဆုံးတွင် ခြေသံပြင်းပြင်းဖြင့် ထွက်သွားတော့သည်။

ရှန်းထင်ရွှမ်းက နေ့လယ်စာ စားပြီးနောက် တောင်အောက်သို ပြေးဆင်းသွားခဲ့သည်။ ယနေ့ဝင်ငွေနှင့် မနေ့က ဝင်ငွေပေါင်း၊ သူမက ၆၃ယွမ် ရခဲ့သည်။ သူမက မျိုးစေ့အချို့ဝယ်ရန် စီစဥ်ထားသည်။

တောင်အောက်သို့ သွားနေသည့် လမ်းတွင် ဆီးသီးကို ဝိညာဉ်စွမ်းအင်ဖြင့် သွန်းလောင်းလိုက်သည်။

ဆိုင်ငယ်လေးက ရှင်းယွမ်ရှန်နှင့် အနည်းငယ် ကွာဝေးပေသည်။ ထိုဆိုင်၌ ဂေါ်ဖီထုပ်၊ ငရုတ်နှင့် သခွားစေ့များသာ ရှိပေသည်။ ထိုမျိုးစေ့များကို ထောင့်တွင် ပစ်ထားပြီး ဖုန်များ တင်နေပေသည်။

ရှန်းထင်ရွှမ်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ရွာတစ်ရွာအနေဖြင့် မျိုးစေ့များက အရောင်းရဆုံး ဖြစ်သင့်ပေသည်။ အဘယ်ကြောင့် စျေးဆိုင်တွင် မျိုးစေ့အမျိုးအစားအနည်းငယ်သာ ရှိရသနည်း။

၎င်းကို တွေးမိပြီးနောက် ရှန်းထင်ရွှမ်းက ၆ယွမ်ဖြင့် မျိုးစေ့တစ်မျိုးလျှင် ၂အိတ်ဝယ်ခဲ့သည်။

ရှင်းယွမ်ရှန်ကို ပြန်ပြီးနောက် ရှန်းထင်ရွှမ်းက ကျောက်တုံးတချို့ ကောက်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းလိုက်ပြီး တောင်ပေါ် မတက်ခင် ၎င်းတို့ကို တောင်ခြေနား၌ နေရာချလိုက်သည်။

ယနေ့ ဝမ့်ချန်က တောင်ပေါ် တက်လာခဲ့သောကြောင့် ရှန်းထင်ရွှမ်းသည် တောင်ပေါ်သို့ တခြားသူများ တက်လာခြင်းမှ ကာကွယ်ရန် တောင်ခြေ၌ အကာအရံတစ်ခု ချထားခဲ့ရန် စဉ်းစားလိုက်သည်။

ခြံဝန်းထဲသို့ပြန်ပြီး ရှန်းထင်ရွှမ်းက ပန်းခြံအတွင်းရှိ မြေဆီလွှာကို လှန်ပြီး သူမ ဝယ်ခဲ့သည့် မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။ ထို့နောက် ရေချိုးပြီးအနားမယူခင် ဝိညာဉ်စွမ်းအင်ဖြင့် သွန်းလောင်းလိုက်သည်။

မင်းမှာ စွမ်းအင်လုံလုံလောက်လောက်ရှိမှသာ မစ်ရှင်ကို ဆက်လုပ်နိုင်လိမ့်မယ်။

ဝမ့်ချန်က ကားထဲသို့ ဒေါသထွက်ထွက်ဖြင့် ဝင်သွားခဲ့သည်။ သူမက ရှန်းရွှမ်ဆိုတဲ့သူအကြောင်း စဉ်းစားပြီးနောက် သူမ၏လေသံက ရှန်းထင်ရွှမ်းကို ပြောသည်နှင့် လုံးဝခြားနားပေသည်။ သူမက အသေးစိတ်ကို ဖုန်းနှင့် ပြောပြလိုက်သည်။

" ဟေး မစ်ရှန်းရေ ကျွန်မ ရှန်းထင်ရွှမ်းကို ခု တွေ့ခဲ့တယ် "

ရှန်းရွှမ်က ဝမ့်ချန်ကို ဘယ်တော့မှ အထင်မသေးခဲ့ပေ။ သို့သော် သူမပြောတာကို ကြားပြီးနောက် ရှမ်းယွှမ်က ငေါ့တော့တော့ မေးလိုက်သည်။ "ငါ့အစ်မ ဘယ်လိုနေလဲ "

သိသာစွာပင် ၎င်းက အကြင်နာဆုံး လေသံဖြစ်ပေသည်။ ထိုမေးခွန်းက စိုးရိမ်ပူပန်နေသည်မှာ အထင်းသားပင်။ သို့သော် အေးတိအေးစက်ဖြစ်နေတာကိုတော့ ဝမ့်ချန် ခံစားမိသည်။

" သူက ရှင်းယွမ်ရှန်မှာ အသီးတွေ ရောင်းနေတယ်၊ ဒါပေမဲ့ ဘယ်သူမှ မဝယ်ကြပုံပဲ၊ ရှင်းယွမ်ရှန်ကို ရောင်းဖို့ သူ့ကို ကြိုးစားပြီး ဖျောင်းဖျနေတယ် "

ရှင်းယွမ်ရှန်သည် မူလက ရှန်းရွှမ်အတွက် သူမ၏အဘွားက ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သမီးအရင်းအဖြစ် ရှန်းထင်ရွှမ်းက မိသားစုသို့ ပြန်ရောက်လာစဥ်က သူမကို ပေးခဲ့ရခြင်း ဖြစ်သည်။ ဤဘဝတွင် ရှန်းရွှမ်သည် ရှန်းထင်ရွှမ်းလက်ထဲမှ ပြန်လုယူနိုင်မှာ မဟုတ်ပေ။

"တကယ်ပဲ အလုပ်ကြိုးစားခဲ့တာပဲ "

ဝမ့်ချန်က နားထောင်ပြီး စိတ်ပါလက်ပါ ပြောလိုက်သည်။ "မစ်ရှန်း မစိုးရိမ်ပါနဲ့၊ ရှင်းယွမ်ရှန်က ရှင့်အပိုင် ဖြစ်သင့်တယ်၊ အရင်ထဲက ရှင်ပိုင်တာပဲလေ "

ရှန်းရွှမ်က ဖုန်းချလိုက်သည်။ အရိုးသားဆုံးပြောရလျှင် တုံးအသည့်၊ သူမ၏အစ်မက ၎င်းကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ချေ။

ညသန်းခေါင်တွင် စနစ်က တဖန် အသံထွက်ပေါ်လာခဲ့သည်။

"လူ ၁၆ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေ စားခိုင်းပါ "

ရှန်းထင်ရွှမ်း "?"

တစ်နေ့စီအတွက် စားရန်လိုအပ်သည့် လူအရေအတွက်သည် ပြီးခဲ့သည့်နေ့ထက် ၂ဆဖြစ်လာသည်ကို သူမ တွေ့ရှိသွားသည်။ ဝမ့်ချန်သည် မနေ့က လူရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ယနေ့ သေချာပေါက် မလာတော့မည်ကို ရှန်းထင်ရွှမ်း တွက်ချက်မိသွားသည်။

တစ်နည်းပြောရလျှင် သူမက တာဝန်ပြီးမြောက်ရန် သူမစိုက်ပျိုးထားသည့်အသီးများကို စားဖို့ လူ၉ယောက်အား ရှာရပေမည်။

သို့သော် ယနေ့တာဝန်ကို ပြီးမြောက်ရန် ရှန်းထင်ရွှမ်းအတွက် အနည်းငယ်သာ ခက်လိမ့်မည်ဟု ထင်ရသည်။ ရှန်းထင်ရွှမ်းက တောင်အောက်သို့ ပြေးဆင်းလာပြီးနောက် နောက်ဆုံးအချိန်တုန်က ဆီးသီးဝယ်ရန်လာခဲ့သည့် လီရင်ဆီသို့ ပြေးသွားလိုက်သည်။

ရှန်းထင်ရွှမ်း လာသည်ကို မြင်သောအခါ သူမက ကမန်းကတန်းပြောလိုက်သည်။

"အစ်မ၊ ညီမ နောက်ဆုံးအခေါက် ဝယ်ခဲ့တဲ့ဆီးသီးတွေကို ကျေးဇူးပြုပြီး ၂၀ကတ်တီလောက် ပေးနိုင်မလား "

"အများကြီးလား" ရှန်းထင်ရွှမ်းက ၂၀ကတ်တီခန့်ရှိသည့် ဆီးသီးများကို ထုပ်ပိုးပေးလိုက်သည်။

လီရင်က ရှင်းပြခဲ့သည်။ “ကျွန်မတို့ဌာနက လှုပ်ရှားမှုတွေ စီစဥ်ထားတာရှိတယ်၊ ပြီးတော့ လူတစ်ဒါဇင်လောက်လာမှာ၊ ဒါ့ကြောင့် လူတိုင်းကို ဒါ မြည်းစေချင်လို့လေ "

ရှန်းထင်ရွှမ်းက လီရင်နောက်တွင် ကားကြီတစ်စီးနှင့် လူများစွာက အတက်အဆင်းလုပ်နေသည်ကို တွေ့လိုက်ရသည်။

ရှန်းထင်ရွှမ်းက ပြုံးလိုက်၏။ တာဝန်က ပြီးမြောက်နိုင်မည် ဖြစ်သည်။

လီရင်နောက်ရှိ လုပ်ဖော်ကိုင်ဖက်များက ဤရွာရှိ ဆီးသီးများသည် အလွန်အရသာရှိသည်ဟု လီရင်က ပြောသည်ကို ကြားခဲ့ရသည်။ လူတိုင်းက ရောက်လာကြသောအခါ ထိုရွာက မချမ်းသာသလို ကစားဖို့လည်း ဘာမှမရှိသည်ကို တွေ့ရှိသွားသည်။

သို့သော် လီရင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည့် ကောင်မလေးကို ကြည့်ရသည်မှာ သူမ၏ ချောမွေ့သောအသားအရေက ဆီးသီးရောင်းသူနှင့်ပင် မတူချေ။ အထူးသဖြင့် သူမ ပြုံးလိုက်သောအခါ သူမက ပိုတောင် ဆွဲဆောင်မှုရှိသွားသည်။ သူမ၏အပြုံးကို မြင်ရသည်က သူတို့နှလုံးသားကို ပျော်ရွှင်သွားစေသည်။

လီရင်က ရှန်းထင်ရွှမ်းကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒါ ငါ အရင်ကပြောခဲ့တဲ့ဟာလေ၊ ဒီမိန်းကလေးရောင်းတဲ့ဆီးသီးတွေက အရမ်းအရသာရှိတယ် "

ရှန်းထင်ရွှမ်းက ဆီးသီး ၂၀ကတ်တီကို ထုပ်ပိုးလိုက်ပြီး လီရင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမက သူ့နောက်ရှိ လုပ်ဖော်ကိုင်ဖက်များကို တိုက်ရိုက်ပေးလိုက်သည်။ "မြည်းကြည့်ကြဦး "

သူမနောက်ရှိ အမျိုးသားလုပ်ဖော်ကိုင်ဖက် တစ်ယောက်က လှပသည့် ရှန်းထင်ရွှမ်းကို မြင်ပြီး သူက တခြားသူများထက် မျက်နှာသာပေးသင့်သည်ဟု ခံစားလိုက်ရသည်။ သူက ဆီးသီးတစ်လုံးကို ယူလိုက်ပြီး ဆီးသီးကို ဘယ်လိုချီးမွမ်းရမလဲဟူ၍ တွေးတောနေပေသည်။

သူက အခွံနွှာလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပြီးနောက် သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားတော့သည်။ တစ်လုံးစားပြီးနောက် သူက ဒုတိယတစ်လုံးကို စားလိုက်သည်။

"ဟေး လူကြီးမင်းဝူ မင်း ဘာလို ဆီးသီးမစားဖူးသလို လုပ်နေတာလဲ "

သူတို့၏ကုမ္ပဏီက အလယ်လတ်စားကုမ္ပဏီတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများ၏ အရည်အသွေးကလည်း မြင့်ပေသည်။ သူတို့က ထိုကဲ့သို့ ဆီးသီးမျိုးကို ခဏခဏစားနိုင်ပေသည်။ ထိုကြောင့် ထိုတုံ့ပြန်မှုကို မျှော်လင့်မထားခဲ့ပေ။

လောင်ဝူက ဒုတိယတစ်လုံးစားပြီးနောက် "လီရင်က မင်းတိုကို မလိမ်ခဲ့ဘူး၊ ဒီဆီးသီးက တကယ့်ကို အရသာရှိတယ် " သူက အစတုန်းက ဟန်ဆောင်ပြီး ချီးမွမ်းရန် တွေးတောခဲ့သည်။ လောင်ဝူက ထိုဆီးသီးကို စားပြီးနောက် စစ်မှန်သည်ကို ခံစားမိသည်။

အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း တစ်လုံးယူစားလိုက်ပြီးနောက် ပြောလိုက်သည်။

"ဝိုး... ဒီဆီးသီးတွေက အရမ်းအရသာရှိတာပဲ၊ သူဌေး ကျွန်မကို တစ်ကတ်တီချိန်ပေးပါ၊ မဟုတ်ဘူး၊ ၁၀ကတ်တီ၊ ၁၀ကတ်တီ ချိန်ပြီး ထုပ်ပေးပါ "

လီရင်က ၎င်းကို ကြားသောအခါ အလွန်ပျော်ရွှင်သွားသည်။ သူတို့ ကုမ္ပဏီ၏ လှုပ်ရှားမှုသည် သူတို့ဌာန၏ အသင်းလိုက် လှုပ်ရှားမှု ဖြစ်ပေသည်။ သူမက နေရာစုံစမ်းရန်အတွက် တာဝန်ရှိပေသည်။ ရှန်းထင်ရွှမ်း၏ဆီးသီးများ စားပြီးနောက် သူမက ပြန်သွားခဲ့ပြီး ဤရွာကို ရွေးချယ်ကြောင်း ပြောခဲ့သည်။

သူမ၏လုပ်ဖော်ကိုင်ဖက်များက ၎င်းသည် ရွာတစ်ရွာဖြစ်သည်ကို ကြားသောအခါ သူတို့က စိတ်မဝင်စားသလို ခံစားခဲ့ကြသည်။

သူမက သူမ၏လုပ်ဖော်ကိုင်ဖက်များကို ထိုနေရာရှိဆီးသီးများက အရသာရှိသည်ဟု ပြောခဲ့သည်။ သို့သော် သူတို့အားလုံးက သံသယရှိ

လီရင်က အလျင်မလိုခဲ့ချေ။ လူတိုင်းရောက်လာသည့်အခါ သူမ ပြောတာ မှန်မှန်း သူတို့ သိသွားကြမည်ဟု သူမက သိခဲ့သည်။

လီရင်နှင့် ဌာန၏ခေါင်းဆောင်က သူတို့၏ကိုယ်ပိုင် အကင်လုပ်ရန် ပါဝင်ပစ္စည်းများကို ယူလာနိုင်ပြီး နေရာနှင့် လှုပ်ရှားမှုတွေအတွက် ပေးစရာမလိုကြောင်း ပြန်ပြောခဲ့သည်။ ဘတ်ဂျတ်က ၅၀၀၀ ယွမ်ဖြစ်သည်။

ဌာန၏ခေါင်းဆောင်က အသင်းလိုက်လှုပ်ရှားမှုကို မည်သူ့နေရာတွင် လုပ်ရမည်ဟု ပြောထားတာ မရှိပေ။ သူလိုချင်တာက ရလဒ်နှင့် ရန်ပုံငွေသာဖြစ်သည်။

လီရင်က ဌာနခေါင်းဆောင်ဆီသို့ ဆီးသီးအနည်းငယ် ယူသွားလိုက်သည်။ "ဘော့စ် မြည်းကြည့်ပါ "

ထိုဘော့စ်ကလည်း တစ်လုံးမြည်းကြည့်ပြီး သူ၏မျက်လုံးများက တောက်ပသွားသည်။ ဤနှစ်များတွင် သူက စီးပွာရေး ခရီးများစွာ ထွက်ခဲ့ရသည်။ သူက အရသာရှိသော ဆီးသီးများစွာကို မလွတ်တမ်း စားခဲ့ဖူးသည်။ သို့သော် ဤဆီးသီးက အလွန်အမင်းအရသာရှိပေသည်။ သူက မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ "၂၀ကတ်တီက ဘယ်လိုလုပ်လောက်မှာလဲ၊ ဒီကိစ္စပြီးသွားရင် ငါ့ဘာသာယူသွားဖို့ ၁၀ကတ်တီလောက် လိုချင်တယ် "

လီရင်က ပြုံးလိုက်ပြီး သူမ၏လုပ်ဖော်ကိုင်ဖက်များ၏အနေအထားကို မြင်သောအခါ ရှန်းထင်ရွှမ်းကို မေးလိုက်သည်။

" အစ်မ မင်းရဲ့တောင်မှာ မြစ်ရှိလား၊ ကျွန်မတို့ အကင်လုပ်စားကြမလို့၊ အဲဒါ အဆင်ပြေလား"

-----

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

အမျိုးသားဇာတ်လိုက်။ ဟေး စာရေးသူ၊ မင်း ငါ့ကို မေ့နေတာလား။

စာရေးသူ။ အိုး ခဏ

…

အခန်း (၆)

ထိုအချိန်အတောအတွင်းမှာပဲ လူ ၁၄ ယောက်က ဆီးသီးများကို စားပြီးသွားပြီ ဖြစ်သည်။ ထိုသူများကြောင့် ရှန်းထင်ရွှမ်းက အကူညီအများကြီး ရသွားခဲ့သည်။

ရှန်းထင်ရွှမ်းက လီရင်၏တောင်းဆိုမှုကို သေချာလက်ခံလိုက်သည်။ “ရတာပေါ့၊ ရှင်တို့ကို အဲဒီ ခေါ်သွားမယ် ”

ကျန်ရှိနေသေးသည့် ဆီးသီးများကို တောင်ခြေ၌ ထားခဲ့လိုက်သည်။ တစ်စုံတစ်ယောက်ကတော့ ၎င်းကို ဝယ်ယူလိမ့်မည်ဆိုတာ ရှန်းထင်ရွှမ်း သိပေသည်။ ထို့ကြောင့် သူမက အလျင်မလိုခဲ့ချေ။

တောင်အောက်၌ အစီအရင်တစ်ခုရှိပေသည်။ လူအများစုက ဝင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက လီရင်နှင့်တခြားသူများကို သူမနောက်မှ လိုက်လာခိုင်းလိုက်သည်။

မြစ်၏တည်နေရာက တောင်၏အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး အရမ်းမဝေးပေ။ လူတိုင်းက အကင်လုပ်ရန် သူတို့ ယူလာသော ပစ္စည်းများကို သယ်လိုက်ကြသည်။

အချိန်ကိုက်ပင် တာဝန်ပြီးမြောက်ကြောင်း စနစ်၏သတိပေးသံက ရှန်းထင်ရွှမ်း၏နားထဲသို့ ရောက်လာသည်။

ရှန်းထင်ရွှမ်းက လီရင်နှင့် တခြားသူများကို နှုတ်ဆက်လိုက်ပြီး ဝါးပင်များကို ပြောင်းရွှေ့စိုက်ပျိုးရန် တောင်အောက်သို့ တန်းတန်းမတ်မတ် ဆင်းသွားတော့သည်။ ဤတောင်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ လောက်တွင် ဝါးတော ရှိပေသည်။

ရှန်းထင်ရွှမ်းက ထိုဝါးပင်များကို တောင်ခြေသို့ ပြောင်းရွှေ့စိုက်ပျိုးရန် ရည်ရွယ်ထားသည်။ သူတို့က တချို့ တည်ဆောက်မှုများ စီစဉ်နိုင်ရန် ကူညီပေးကြသည်။ ရှန်းထင်ရွှမ်း၏ဝိညာဉ်စွမ်းအင်က ယခု အပြည့်ပြန်မရသေးချေ။ ထို့ကြောင့် ထိုပြင်ပအားများအပေါ်၌သာ မှီခိုနိုင်ပေသည်။

များစွာသော ဝါးများကို ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် လီရင်က တံစို့ထိုးထားသော အသား၊ ကြက်ခြေထောက်၊ ဝက်အူချောင်း နှင့် ခရမ်းသီးများ ပါသော ပန်းကန်တစ်ချပ်ကို ရှန်းထင်ရွှမ်းဆီသို့ ယူလာခဲ့သည်။ “အစ်မ ဒီမှာ ကျွန်မတို့ ကင်ထားတာတွေ စားပါဦး ”

ရှန်းထင်ရွှမ်းက ယူလိုက်သည်။ “ကျေးဇူးပါ ”

လီရင်က ရှန်းထင်ရွှမ်းသည် အမှန်တကယ် ကြည့်ကောင်းသည်ဟု တွေးနေသည်။ သူမက ကြည့်ကောင်းပြီး စိတ်ကောင်းလည်း ရှိသည်။ အရေးကြီးဆုံးက သူမစိုက်ပျိုးထားသည့် ဆီးသီးများသည် အရသာရှိကြသည်။ “ရပါတယ် ”

တကယ်တော့ တောင်အောက်တွင် မြစ်တစ်စင်းရှိသည်။ သို့သော် လူတိုင်းက ဆီးသီးများကို စားသုံးပြီးနောက် ထွက်မသွားချင်တော့သည်ကို သူမက သိပေသည်။

ရှန်းထင်ရွှမ်းက အစားစားပြီးသွားပြီး ခြံဝန်းထဲသို့ ပြန်လှည့်သွားသည်။ သူမက ပန်းကန်များကို ဆေးလိုက်ပြီး သခွားသီးအစည်းကို ကောက်ယူလိုက်သည်။ မျိုးစေ့များကို စိုက်ပျိုးပြီးနောက် သခွားသီးများက စွမ်းအင်ရေကြောင့် လျင်မြန်စွာ ရင့်မှည့်လာကြသည်။

သူမက သခွားသီးများကို ဆေးကြောလိုက်ပြီး အိတ်တစ်လုံးထဲသို့ ထည့်လိုက်သည်။ လီရင်နှင့် တခြားသူများအား ၎င်းတို့ကို ပေးလိုက်သည်။

လီရင်နှင့် တခြားသူများက အားလုံးနီးပါး စားပြီးသွားကြပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက သခွားသီးများယူလာသည်ကို မြင်သောအခါ လူတိုင်းက ငြင်းဆန်ရန် တွန့်ဆုတ်နေကြပေသည်။

လီရင်က ရှန်းထင်ရွှမ်း၏ ထုတ်ကုန်များသည် အရသာရှိမှန်း သိခဲ့သည်။ သူမက ဗိုက်ပြည့်နေပြီဖြစ်သော်လည်း သူမက ကျေးဇူးတင်လိုက်ပြီး သခွားသီးများကို ယူလိုက်သည်။ ၎င်းတို့ပေါ်၌ ရေများ ရှိနေဆဲဖြစ်သည်။ ၎င်းက အရင် ဆေးလာခဲ့သည်ကို ပြသနေပေသည်။

လီရင်က ချက်ချင်း တစ်ကိုက်ကိုက်လိုက်သည်။

အကင်က အလွန် အီပြီး ၎င်းတွင် အရသာပြင်းသည့် အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ပေသည်။ စားပြီးနောက် အစာအိမ်သာမက လူတစ်ကိုယ်လုံးပါ အလွန်အီနေသည်ဟု ခံစားနေရသည်။

ထိုအချိန်တွင် အစာအိမ်ထဲသို့ သခွားသီးတစ်ကိုက်ထည့်လိုက်ခြင်းက လူတစ်ကိုယ်လုံးကို အလွန် လန်းဆန်းသွားစေသည်။

သူတို့အများစုက ဗိုက်ပြည့်နေကြပြီ ဖြစ်သော်လည်း

ယခုအကင်ကြောင့် အီလည်နေသည့်အရသာကို သခွားသီးက ပြေပျောက်စေနိုင်သည်။

လီရင် သခွားသီး ကိုက်လိုက်သည်ကို ကြားရသည်နှင့် လူတိုင်းက စယူလိုက်ကြသည်။

သူမဘေးရှိ လူကလည်း နှိုးဆော်လိုက်သည်။ ထို့နောက် သခွားသီးတစ်လုံးကို ယူလိုက်ပြီး စားလိုက်သောအခါ သူ့တစ်ကိုယ်လုံးက စွမ်းအင်အပြည့် ဖြစ်လာခဲ့သည်။

ကျန်သည့်လူများက သခွားသီးများကို လိုက်ယူလိုက်ပြီး စမ်းချောင်းဘေး၌ ရုတ်တရက် အလွန်တိတ်ဆိတ်သွားလေသည်။

နေရာတွင် ထိုင်နေသည့် လူတိုင်းက သခွားသီးတစ်ခုစီ ကိုင်ထားလျက် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဖြည်းဖြည်းချင်း ကိုက်ဝါးနေကြသည်။

အချိန်တစ်ခုကြာ ရပ်တန့်သွားပြီးနောက် ဌာနခေါင်းဆောင်က လီရင်ကို ပြောလိုက်သည်။

“ငါတို့လည်း တစ်ခုခု ပြန်လုပ်ပေးဖို့ လိုတယ်၊ ဒါ့ကြောင့် ဒီနေ့ လှုပ်ရှားမှုအဖြစ် ဒီမိန်းကလေး စိုက်ပျိုးတာကို ကူညီမယ် တွေးထားတယ် ”

လူတိုင်း .....

ကောင်းပြီ။ အဖွဲ့လိုက်လှုပ်ရှားမှုက သူများရဲ့မြေမှာ စိုက်ပျိုးတာကို ကူညီပေးတယ်လို့ ရှိလို့လား။ သို့သော် သူတို့စိတ်ထဲတွင်တော့ အတော်လေး ပျော်ရွှင်နေကြပေသည်။ ဒီတောင်ပေါ်မှာ တခြားအရသာရှိတဲ့ အရာတွေလည်း ရှိနိုင်တာပဲမလား။

ထို့ကြောင့် ရှန်းထင်ရွှမ်းကို တွေ့ရန် ကိုယ်စားလှယ်အနေဖြင့် သူတို့က လီရင်ကို စေလွှတ်လိုက်ကြသည်။

ရှန်းထင်ရွှမ်းက ထိုအကြံပြုချက်ကို ကြားပြီးနောက် တွေးလိုက်သည်။ ထိုမြေဆီလွှာက မျိုးစေ့များ စိုက်ပျိုးရန်အတွက် ထယ်ထိုးရန် လိုအပ်ပေသည်။ တစ်စုံတစ်ယောက်က တစ်ခါမှ မစိုက်ပျိုးဖူးလျှင် သူတို့က အစေ့အမျိုးအစားတစ်ခုချင်းစီ ပေါက်ရောက် ရှင်သန်နိုင်သည့် သင့်လျော်သော အနက်ကို မသိနိုင်ကြချေ။

လီရင်က ကျေးလက်ဒေသမှ လာခဲ့ပြီး သူမက စိုက်ပျိုးခြင်းက ဤလောက် မရိုးရှင်းသည်ကို သိထားသည်။

“စိုက်ပျိုးရေးမှာ အတွေ့အကြုံရှိခဲ့ဖူးသည့်သူမှသာ ထယ်ထိုး၊ မြေတူးနိုင်လိမ့်မယ်။ ထို့နောက်မှသာ ကိုယ်တိုင် မျိုးစေ့ကြဲနိုင်လိမ့်မယ်။ အရင်တုန်းက တစ်ခါမှ မစိုက်ပျိုးဖူးတဲ့သူတွေကိုတော့ ပေါင်းပဲသင်ခိုင်းလိုက်ပါ”

ရှန်းထင်ရွှမ်းက "ကောင်းပါပြီ၊ ကျေးဇူးပါ "

လီရင် "အရမ်း အားနာဖို့ မလိုပါဘူး၊ ငါတို့ကလည်း မင်းကို ကျေးဇူးတင်နေတာပါ "

လီရင်နှင့် ဌာနခေါင်းဆောင်က အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်သည်။ တစ်ဖွဲ့က စိုက်ပျိုးရာတွင် အတွေ့အကြုံရှိကြပြီး တစ်ဖွဲ့က အတွေ့အကြုံမရှိကြပေ။

အတွေ့အကြုံ မရှိကြသည့်အဖွဲ့ကို အတွေ့အကြုံရှိသည့်အချို့က ဦးဆောင်မည်ဖြစ်သည်။ အဲ့လိုမှမဟုတ်ရင် သူတို့က ပျိုးပင်နှင့် မြက်ပင်ကို မှားပြီး နှုတ်ကြလိမ့်မည်။

လူတိုင်းက နေ့ခင်း ၄နာရီတိုင်အောင် အလုပ်ရှုပ်နေခဲ့ကြသည်။ ရှန်းထင်ရွှမ်းက အချိန်ကို ခန့်မှန်းလိုက်ပြီး တောင်အောက်ရှိ စျေးဆိုင်လေးဆီသို့ သွားလိုက်သည်။ ရောင်စုံအစင်းကွက်ပုံစံရှိသည့် အိတ်ကြီး၂လုံးကို ဝယ်ယူခဲ့ပြီး တစ်လုံးက ဆီးသီးများ ထည့်ရန်ဖြစ်သည်။

တခြားတစ်လုံးအတွက်မူ ရှန်းထင်ရွှမ်းက မက်မွန်ပင်ဆီသို့ ပြေးသွားခဲ့ပြီး ရေလောင်းလိုက်သည်။ ယခု တာဝန်ပြီးမြောက်ပြီးနောက် သူမ၏ဝိညာဉ်သွေးကြောများအား ၅% ပြန်လည်ရရှိပြီဖြစ်ပြီး သစ်ပင်တစ်ပင်လုံးကို ရေလောင်းရန် ပြဿနာမရှိတော့ပေ။

ရှန်းထင်ရွှမ်းက အိတ်တစ်လုံးအပြည့် မက်မွန်သီးများကို ကောက်ယူလိုက်ပြီး ဆီးသီးများနှင့် မက်မွန်သီးများကို သယ်လာခဲ့တော့သည်။ သူမ တောင်ခြေသို့ ရောက်ရောက်ချင်း လီရင်နှင့် တခြားသူများကို တွေ့လိုက်ရသည်။

သူတို့က ပြီးလုနီးပါး ဖြစ်နေကြသည်။ တကယ့်ကိုပဲ အောက်ဘက်ရှိ နေရာတစ်ခုလုံးကို ကောင်းစွာ ထယ်ထိုးထားကြပေသည်။ မြက်များကိုလည်း များစွာ ဆွဲနုတ်ထားကြသည်။ သူတို့ကလည်း မြက်ခြောက်နှင့် မြက်စိုများကို ခွဲခြားထားပေသည်။

လီရင်က များစွာသော ဆီးသီးများနှင့် မက်မွန်သီးများကို မြင်ခဲ့ပြီး သူမက အလွန် ပျော်ရွှင်သွားသည်။

" ဒါတွေက ဘယ်လောက်လဲ "

ရှန်းထင်ရွှမ်းက "မဟုတ်ဘူး၊ ရှင် ကျွန်မကို အများကြီး ကူညီထားတာ" သူမက အများကြီး သန်မာလာသော်လည်း ထိုလူများစွာက သူမတစ်ယောက်တည်း လုပ်သည်ထက် ပို၍မြန်ဆန်စွာ ထယ်ထိုးနိုင်ကြသည်ကို သူမ ဝန်ခံရပေမည်။

" တောင်အောက်ကို ဆင်းဖို့ လမ်းပြပေးမယ် "

ရှန်းထင်ရွှမ်း လက်ထဲ၌ အထုပ်များ သယ်လာသည်ကို မြင်သောအခါ အမျိုးသားတချို့က အိတ်များကို ကူသယ်ပေးရန် သူမဆီသို့ လျှောက်လာခဲ့ကြသည်။

ရှန်းထင်ရွှမ်းက ငြင်းဆန်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

လီရင်က ရပ်လိုက်ပြီး "အစ်မ ငါတို့မှာ ယောက်ျားလေးတွေ အများကြီးရှိတယ်၊ အမျိုးသမီးတွေက အလေးကြီးတွေ သယ်ဖို့ မလိုပါဘူး "

သူမဘေးရှိလူကလည်း ထောက်ခံလိုက်သည်။ "ဒါပေါ့၊ ညီမ ခဏအနားယူလိုက်ပါဦး "

ထို့ကြောင့် ရှန်းထင်ရွှမ်းက အသီးအိတ်များကို မ,ရန် မကူညီခဲ့တော့ချေ။

လူတိုင်းက တောင်ခြေသို့ လမ်းလျှောက်သွားပြီးနောက် ကားထဲမှထွက်လာသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ကြသည်။

သူမက ရှန်းထင်ရွှမ်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် သူမလက်များကို ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ရှန်းထင်ရွှမ်းဆီသို့ အပြေးအလွှား ရောက်လာတော့သည်။ သူမက လမ်းတစ်ဝက်ရောက်မှသာလျှင် သူမဆီလာတာကို ရပ်မည့်ပုံပင်။

လူတိုင်းက ဤအမျိုးသမီးသည် ရှန်းထင်ရွှမ်းနှင့် အလုပ်လုပ်ရန် တစ်စုံတစ်ရာ ရှိနေသည်ဟု တွေးနေကြသည်။ အချိန်က မစောတော့ပေ။ ထို့ကြောင့် သူတို့အားလုံးက ဘက်စ်ကားထဲသို့ ဝင်လိုက်ကြတော့သည်။

"အစ်မ မင်းမှာ ဧည့်သည့်ရှိနေတာပဲ၊ ဒါဆို ကျွန်မတို့ အခု နှုတ်ဆက်ပါတယ် "

ရှန်းထင်ရွှမ်းက သူတို့ကို လက်ကို ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။

ဘတ်စ်ကား ထွက်သွားပြီးမကြာမီ သူတို့က နောက်လှည့်ကြည့်လိုက်သောအခါ ခုနမှရောက်သည့် အမျိုးသမီးက တောင်ခြေနားမှာ ချာလည်လှည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။

ရှန်းထင်ရွှမ်းက လှည့်လည်သွားလာနေသည့် ဝမ့်ချန်ကို အကြည့်တစ်ချက်တောင် မပေးဘဲ တောင်ပေါ်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူမက မြင်ကွင်းမှ ထွက်သွားလုနီးပါး ဖြစ်သွားသည်။

ကျောက်တုံးပျံက တောင်၏ဝင်ပေါက်တွင် သူမ နေရာချထားသော ကျောက်တုံးအစီအရင်ကို ရုတ်တရက် လာမှန်ပေသည်။ လှည့်လည်သွားလာနေသည့် ဝမ့်ချန်က ဝင်ပေါက်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။

ဝမ့်ချန်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူမက တောင်ပေါ်သို့ လမ်းလျှောက်လာခဲ့ပြီး ဖြစ်သည်။ သူမက အချိန်တစ်ခုကြာ လမ်းလျှောက်ခဲ့သည့်တိုင် တောင်အလယ်ပင် မရောက်နိုင်ဘဲ မည်သည့်အကြောင်းကြောင့် တောင်ခြေ၌ ရှိနေရသေးသနည်း။

ဝမ့်ချန်က နောက်တစ်ဖန် တောင်တက်ရန် လုပ်လိုက်သည်။ သူမ၏ဒရိုင်ဘာက မှန်တံခါးကို ချလိုက်သည်။ " မင်း ဘာလုပ်နေတာလဲ "

ကောင်းကင်က တဖြည်းဖြည်း အရောင်ဖျော့လာပြီး ဒရိုင်ဘာ၏ ဖျော့တော့တော့ အသားအရေကိုတော့ မြင်နိုင်နေသေးသည်။ သို့သော် ဝမ့်ချန်၏စိတ်ထဲတွင်တော့ အနည်းငယ် ကြောက်လာသလို ခံစားလိုက်ရသည်။

"အခု မင်း ဒါကို မြင်လိုက်လား "

ဒရိုင်ဘာက "ဒီပေါ်ကို ပြန်လာခဲ့၊ မင်း ဒီနေရာကို ပတ်နေခဲ့တာ၊ မင်းကို ခေါ်ပေမဲ့ မင်းက ဘာမှ မတုံ့ပြန်ခဲ့ဘူး "

ဝမ့်ချန်က ကားထဲသို့ပြန်လိုက်ပြီး ထိုအရာကို ကြားသောအခါ သူမ၏မျက်နှာက တဖန် ပြောင်းလဲသွားသည်။

နှစ်ယောက်သားက မှောင်မည်းနေသည့်ကောင်းကင်ကို ကြည့်လိုက်ပြီး ဒရိုင်ဘာက အရာအားလုံးက အေးစက်နေသည်ဟု ခံစားလိုက်ရသည်။ သူက ဝမ့်ချန်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

"မင်း ကိုယ်မှာ မသန့်တာ တစ်ခုခု ရှိနေတာလား "

ဝမ့်ချန် တုန်လှုပ်သွားသည်။ "ပေါက်ကရတွေ မပြောနဲ့တော့၊ သွားမယ်" ထိုရွာက တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး အထူးသဖြင့် ညအခါတွင် ဖြစ်သည်။ ဝမ့်ချန်က သူမ၏ပတ်ပတ်လည်ကို ကြည့်ပြီး သူမစိတ်အတွင်းမှ ကြောက်ရွံ့မှုက ကြီးထွားလာတော့သည်။

ဒရိုင်ဘာက ဤနေရာ၌ အချိန်အကြာကြီး မနေချင်တော့ပေ။ သူက လီဗာကို အရှိန်တင်လိုက်ပြီး ထွက်ခွာသွားတော့သည်။

ရှန်းထင်ရွှမ်းက သူမ၏ခြံဝန်းသို့ ပြန်ရောက်သွားသောအခါ ဖုန်း အသိပေးချက်က မြည်လာလေသည်။

"သင်၏ Alipay တွင် ငွေပေးချေမှုအတွက် ၂၀၀၀ ယွမ် လက်ခံရရှိပါသည်"

လီရင်နှင့် တခြားလူများက ကားပေါ်သို့ ရောက်ပြီးနောက် သူတို့၏ဌာနခေါင်းဆောင်က မေးလိုက်သည်။ "မင်းတို့ မိန်းကလေးရဲ့ QR ကုတ်ကို ရိုက်ခဲ့ကြသေးလား "

"စိတ်မပူပါနဲ့ ဘော့စ်၊ ကျွန်မမှာ ရှိပါတယ် "

"ဒါဆို ငွေချေကြရအောင် "

ရှန်းထင်ရွှမ်းက သခွားသီးနှစ်လုံး၊ ငရုတ်သီးလက်တစ်ဆုပ်နှင့် ဂေါ်ဖီထုပ်တစ်ထုပ်ကို ကောက်ယူလိုက်သည်။

ထိုပါဝင်ပစ္စည်းများအားလုံးက သူမကိုယ်တိုင် စိုက်ပျိုးထားသည်များ ဖြစ်ကြသည်။ ရှန်းထင်ရွှမ်းက ၎င်းတို့ကို ရေဖြင့် ဆေးကြောလိုက်ပြီး လုပ်ငန်းဆောင်ရွက်ရန် စတင်လိုက်သည်။

ပထမဆုံး သခွားသီးကို အချပ်များဖြစ်အောင် လှီးလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် ငရုတ်သီးများကို ဓားဖြင့် နုတ်နုတ်စင်းလိုက်သည်။ ဂေါ်ဖီထုပ်က ဓားမလိုအပ်ပေ။ အပြင်ဘက်ရှိ အရွက်များကို အပိုင်းအစများဖြစ်အောင် လက်ဖြင့် တိုက်ရိုက်ဆွဲဖြဲလိုက်သည်။ ဆွဲဖြဲပြီးနောက် ဂေါ်ဖီထုပ်၏ရနံ့က ထွက်ပေါ်လာပေသည်။ ၎င်းက အနံ့က ကောင်းပေသည်။

အိုးကို ဆေးကြောလိုက်ပြီး ဆီထည့်လိုက်သည်။

ဆီပူလာသောအခါ သခွားသီးထည့်လိုက်ပြီး ဇွန်းဖြင့် နှစ်ကြိမ် မွှေလိုက်သည်။ ဆားပါးပါးလေး ဖြူးလိုက်ပြီး နောက်တစ်ဖန် နှစ်ကြိမ်ခန့် မွှေလိုက်ပြီး ပြင်ဆင်လိုက်သည်။

အိုးကို ရေသန့်အနည်းငယ်ဖြင့် ဆေးကြောပြီး သစ်သားမီးဖိုထဲသို့ ထင်းအနည်းထည့်လိုက်သည်။ အိုးထဲရှိ ရေက အငွေ့ပျံလာသောအခါ ငရုတ်သီးထည့်လိုက်ပြီး လျင်မြန်စွာ မွှေလိုက်သည်။ ချက်ပြုတ်ပြီးနောက် ဘေးတွင် ထားလိုက်သည်။ ၎င်းကို ဆီထဲထည့်ပြီးနောက် ချွေထားသည့် ဂေါ်ဖီထုပ်ကို အိုးထဲသို့ ထည့်လိုက်သည်။

မွှေကြော်နေသည့်အသံက အရသာဖုကို နှိုးဆော်ပေးသည်။ ခဏကြာ မွှေပြီးနောက် ရှန်းထင်ရွှမ်းက ခုနက ကြော်ထားသည့် ငရုတ်သီးနှင့် ဆားကို ထည့်လိုက်ပြီး မပြီးသေးခင်အထိ အကြိမ်ရေ တော်များများ မွှေနေလိုက်သည်။

မီးဖိုချောင်ထဲတွင် စားပွဲမရှိချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက မီးဖိုဘေးတွင် ပန်းကန်များကို ထားလိုက်သည်။

အသီးအရွက်အများစုက ဆောင်းရာသီတွင် ဆီးနှင်းများ ဖုံးအုပ်ခံပြီးနောက် အရသာ ပိုကောင်းလာမည်။ သူတို့ကို ဝက်ဆီနှင့် ကြော်ပြီးလျှင် အရသာ ပိုကောင်းလာမှာပဲ ဖြစ်သည်။

ဤဂေါ်ဖီထုပ်၏အရသာက ပထမတစ်ကိုက်နှင့်ပင် ချိုနေပေသည်။ ဒုတိယတစ်ကိုက်သည် အလွန် လတ်ဆတ်လွန်းပေသည်။ ဂေါ်ဖီထုပ်၏ ချိုမြသည့်အရည်က လျှာဖျားမှတဆင့် ကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ ပြီးနောက် အစာအိမ်ထဲသို့ စီးဝင်သွားတော့သည်။

ချိုမြိန်သည့်အရသာက လူများကို ညည်းညူလောက်အောင် အလွန်အရသာရှိပေသည်။

ငရုတ်သီးများလည်း ရှိပေသည်။ အခြောက်ကြော်ခြင်းသည် ငရုတ်သီးများ၏ အစပ်အားကို လျော့နည်းစေသည်။ သို့သော် ၎င်း၏ အနံ့ကိုတော့ လုံးဝ မသက်ရောက်ပေ။

တစ်ကိုက်တည်းနှင့်ပင် ငရုတ်သီး၏အစပ်နှင့် ဂေါ်ဖီထုပ်၏ အချိုသည် လိုက်ဖက်သွားပြီး လုံးဝကို အရသာရှိလှပေသည်။

ရှန်းထင်ရွှမ်းက သူမ စားလို့မပြီးသေးဘူးဟု အစက ခံစားခဲ့ရသော်လည်း ထိုနှစ်ပန်းကန်လုံးကို စားလိုက်ပြီး ဖြစ်သည်။

စားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏အနည်းငယ် ပြူထွက်နေသော ဗိုက်လေးကို ပွတ်လိုက်၏။ သူမက အခြားသော ဂျင်ဆင်းများထက် ပိုဇိမ်ကျနေသည်။

-----

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

_(:)_

...

All Chapters