← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း(၇)

ရှင်းယွမ်ရှန်၏ မျက်နှာချင်းဆိုင်၊ ရှောင်ဖုန်းအိမ်ဘေးရှိ အိမ်၌ စုံတွဲတစ်တွဲနေထိုင်ကြသည်။

အစောပိုင်းတွင် ရှန်းထင်ရွှမ်းသည် ဆီးသီးများကို အလကားပေးခဲ့သောအခါ ဇနီးဖြစ်သူက သူမကို မသိသလို ခံစားခဲ့ရသောကြောင့် ဆီးသီးများကို ဘေး၌ ပစ်ထားခဲ့သည်။ ထို့နောက် သူမက ၎င်းတို့ကို အဝေးသို့ ပစ်ခါနီးတွင် ဆီးသီးအနံ့က ကောင်းမွန်သည်ကို တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် သူမက ဧည့်ခန်းထဲတွင် ၎င်းကို ထားလိုက်သည်။

ယနေ့ ယောက်ျားဖြစ်သူက အလုပ်မှပြန်လာသည်။ သူ၏ဇနီးက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေချိန် သူက ဆိုဖာပေါ် လှဲလိုက်သည်။ သူက လည်ချောင်းခြောက်ပြီး ရေဆာနေသော်လည်း ရေထသောက်ရန် အလွန်ပျင်းရိနေခဲ့သည်။ သူက သူ့ဘေးရှိ ဆီးသီးအနံ့ကို ရလိုက်သောအခါ တစ်လုံးကို ယူလိုက်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက ရှိနေသည့် ဆီးသီးများသည် ပို့လိုက်သည့်နေ့ကထက် ပို၍ နူးညံ့နေပေသည်။

အခွံကို ပါးပါးလေး နွှာလိုက်ကာ အခွံများက အောက်သို့ ကျသွားသည်။ ယောက်ျားဖြစ်သူက တစ်ကိုက်ကိုက်စားလိုက်၏။ နူးညံ့ချိုမြိန်ပြီးအရည်ရွှမ်းသည့်အရသာက သူ့ကို အသက်ပြင်းပြင်းတစ်ချက် ရှိုက်မိသွားစေသည်။ သူက ပြောရမည်ဆိုလျှင် ထိုဆီးသီးထဲ၌ တစ်စုံတစ်ခု ထည့်ထားသည်ဟု ခံစားရပေသည်။

ထိုအရာက သကြားဖြစ်နိုင်ပေသည်။ သို့သော် ၎င်းထဲ၌ သကြားထည့်ထားခဲ့လျှင်တောင် အရသာက သည်လောက် မစစ်နိုင်တာ သူလည်း သိသည်။

ယောက်ျားဖြစ်သူက ကျန်ရှိသည့်ဆီးသီးများကို အသက်တစ်ရှိုက်အတွင်းမှာပဲ စားလိုက်တော့သည်။ ဇနီးဖြစ်သူက ဟင်းပွဲများကို ယူပြီးထွက်လာသောအခါ သူမ၏ယောက်ျားက သူမ ဘေးတွင် ချထားခဲ့သော ဆီးသီးများကို စားနေတာ တွေ့လိုက်ရသည်။ သူမက တအံ့တကြ မေးလိုက်သည်။

"ရှင် ဒါတွေကို ဘယ်လိုတောင် စားလိုက်တာလဲ "

ယောက်ျားဖြစ်သူက ပြောလိုက်သည်။ "ဒီဆီးသီးတွေက တကယ်ပဲ အရသာရှိတယ်”

ယောက်ျားဖြစ်သူက သူ ဆီးသီးအားလုံးကို စားကုန်သွားတာ သတိမထားမိဘဲ သူ၏ဇနီးသည်ကို မြည်းကြည့်ခိုင်းခဲ့သည်။

"တကယ်လား " ဇနီးဖြစ်သူက မေးလိုက်သည်။

"ငါ မင်းကို လိမ်ပါ့မလားကွ၊ ဒါတွေက ရက်နည်းနည်းလောက် ကြာနေပြီဆိုပေမဲ့ အစိုဓာတ်ရှိတုန်းပဲ၊ ဒါတွေက တကယ့်ကို အရသာရှိတယ်" အများကြီး မပို့ထားသော်ငြား သူက စားပြီးသည့်တိုင်အောင် ခံစားချက်ကောင်းနေဆဲပင် ဖြစ်သည်။

ဇနီးဖြစ်သူက အမှိုက်ပုံးထဲရှိ ဆီးသီးခွံများနှင့် အူတိုင်များကို ကြည့်လိုက်သည်။ သူမ၏ယောက်ျားက စားသောက်ရတာ နှစ်ခြိုက်သော်လည်း အလွန်ဇီဇာကြောင်သည်။ မည်မျှ စျေးကြီးစေကာမူ အရသာမရှိလျှင် ထပ်စားမှာ မဟုတ်ပေ။

အခု သူကတောင် ဤဆီးသီးများက အရသာရှိသည်ဟုပြောခဲ့သောကြောင့် ၎င်းမှာ တကယ်ကို အရသာရှိပေလိမ့်မည်။

သူ့ဇနီးက ထမင်းချက်ပြီးသွားပြီးသောအခါ ယောက်ျားဖြစ်သူက ဆီးသီးများကို ခုလေးတင် စားပြီးသွားတာကြောင့် သူ့၌ သိသိသာသာပင် ထပ်စားချင်စိတ် မရှိတော့ပေ။ သူက သူ့တူကို အောက်ချပြီး ပြောလိုက်သည်။

“ရှင်းယွမ်ရှန်မှာ တစ်ယောက်ယောက် ဆီးသီးတွေရောင်းနေတယ်လို့ ငါထင်တယ်။ မင်း နက်ဖြန် အဲဒါတွေကို သွားဝယ်ပြီး မြည်းကြည့်လိုက်”

သူမ ပို့ခဲ့သော ဆီးသီးများကို သူတို့ စားလိုက်ပြီမှန်း မသိခဲ့ချေ။ သူမက ညလယ်ရောက်မှသာလျှင် သိခဲ့ရသည်။ တာဝန်က တဖန် ရောက်လာခဲ့သည်။ "ကျေးဇူးပြုပြီး လူ ၃၂ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေကို စားခိုင်းပါ "

မနေ့က လီရင်၏ကုမ္ပဏီမှလူများ စားခဲ့သောကြောင့် အလွန်လွယ်ကူခဲ့ပေသည်။ ယနေ့တွင်မူ ထိုကဲ့သို့ မလွယ်ကူတော့ချေ။

မနက်စောစောတွင် ဝယ်သူအဟောင်း ရှောင်ဖုန်းက ပထမဆုံး ရောက်လာခဲ့သည်။ သူက သူ့ဘေးရှိ မက်မွန်သီးများကို မြင်သွားသည်။ ၎င်းတို့က ကြီးမားပြီး အနီရောင်သမ်းနေပေသည်။ "ဒါက အသီးအသစ်တွေပဲ၊ တစ်ကတ်တီ ဘယ်လောက်လဲ "

ရှန်းထင်ရွှမ်းက ခုထိ စျေးနှုန်းကို မသတ်မှတ်ရသေးပေ။ ထို့ကြောင့် ရှောင်ဖုန်းက မေးသောအခါ သူမက အတွေးထဲ နစ်မြုပ်သွားတော့သည်။

ရက်အနည်းငယ်ကြာ အတူရှိခဲ့ပြီးနောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ စရိုက်ကို သိနေခဲ့ပြီ

ဖြစ်သည်။ "မင်းရဲ့ မက်မွန်သီးတွေကို ၁ကတ်တီ ၁၀ယွမ် ထားလို့ရတယ် "

ရှန်းထင်ရွှမ်းက "ကောင်းပြီလေ၊ ၁ကတ်တီကို ၁၀ယွမ်ပေါ့ "

ရှောင်ဖုန်းက မက်မွန်သီး ၂ကတ်တီ ချိန်လိုက်သည်။ ဟုန်းမိန်ကလည်း နောက်မှလိုက်လာပြီး မက်မွန်သီးများကို မြင်သောအခါ သူမ၏တုံ့ပြန်မှုက ရှောင်ဖုန်း ကဲ့သို့ပင် ဖြစ်သည်။ "ဒီနေ့ မက်မွန်သီးတွေ ရှိတာပဲ၊ အဲဒါတွေက ဘယ်လောက်လဲ "

ရှောင်ဖုန်းက ရှန်းထင်ရွှမ်း အလုပ်ရှုပ်နေသည်ကို မြင်သောကြောင့် သူက အရင်ဆုံး ထွက်သွားခဲ့သည်။ သူ၏ မျက်နှာချင်းဆိုင်တွင် နေထိုင်သည့်အိမ်ရှင်မကလည်း ရောက်လာခဲ့သည်။ မနေ့က သူမ၏ယောက်ျားက ဤဆီးသီးများသည် မည်မျှအရသာရှိကြောင်း ဆက်တိုက် ပြောနေခဲ့သည်။ ဒါ့ကြောင့် သူမက ယခုမနက်တွင် စောစော ထလာခဲ့သည်။

ဟုန်းမိန်က သူမကို မြင်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ "အာ ကျန်းယွီ နင်လည်း ဆီးသီးဝယ်ဖို့ လာတာပဲ "

"ဟုတ်တယ်၊ နင်ရော ဆီးသီး လာဝယ်တာလား " သူတို့အားလုံးက တစ်ရွာတည်းသားတွေ ဖြစ်ကြသည်။ ထို့ကြောင့် ဟုန်းမိန်၏ကလေးများက ဘယ်တုန်းကမှ အသီးမစားကြသည်ကို ကျန်းယွီက သိပေသည်။ သူတို့မိသားစုက သူတို့၏ကလေးများ အသီးမစားကြသဖြင့် စိတ်မချမ်းသာ ဖြစ်နေကြသည်။

"ဟုတ်တယ်၊ ငါ့အဖိုးတန်လေးက ဒါကို ကြိုက်တယ် " ဟုန်းမိန်က သူ့အဖိုးတန်လေး အသီးမစားသည့်ပြဿနာကို ဖြေရှင်းနိုင်ခဲ့၍ ပျော်ရွှင်နေခဲ့သည်။ သူမက အဖိုးတန်လေး ဆီးသီးချည်း အများကြီးစားပြီး ငြီးသွားမှာကို စိတ်ပူနေခဲ့သည်။ ယနေ့ အနီရောင် မက်မွန်သီးများ ရရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကျန်းယွီက အလွန် အံ့အားသင့်သွားခဲ့သည်။ "နင့်ကလေးက ဒါကို စားရတာ ကြိုက်တယ်လား "

ဟုန်းမိန်က မက်မွန်သီးများကို ရွေးလိုက်သည်။ ထို့နောက် ၎င်းတို့အား ရှန်းထင်ရွှမ်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒီမိန်းကလေးရောင်းတဲ့အသီးတွေက တကယ် အရသာရှိတယ်၊ ငါ ပထမဆုံး ပြန်လာဝယ်တာပဲ " ယနေ့က မက်မွန်သီးများ ဖြစ်သောကြောင့် သူမ၏အဖိုးတန်လေးက ပိုပြီး ကြိုက်ပေလိမ့်မည်။ ထိုအရာကို တွေးမိပြီး ဟုန်းမိန်က အသီးများကို ယူပြီး အိမ်သို့ အမြန်ပြန်ချင်နေခဲ့သည်။

ဟုန်းမိန်၏အမူအရာကို မြင်ပြီး ကျန်းယွီသည် သူမယောက်ျား မနေ့က ပြောခဲ့သည်ကို သတိရသွားသည်။ နောက်ဆုံးတွင် ဆီးသီးတစ်ကတ်တီနှင့် မက်မွန်သီး တစ်ကတ်တီ ဝယ်ခဲ့လိုက်သည်။

ထိုလူအုပ် ထွက်သွားသောအခါ ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့်သစ်သီးများကို လူ၁၀ ယောက်သာ စားသုံးခဲ့သည်။ အဲဒါက မစ်ရှင် ပစ်မှတ်ဖြစ်သည့် ၃၂ ယောက်နှင့်ဆိုလျှင် အနည်းငယ် တုန်လှုပ်စရာကောင်းလောက်အောင် ဝေးကွာနေသေးသည်။

၉နာရီလောက်တွင် လူတချို့ ရောက်လာသည်။ ရှန်းထင်ရွှမ်းက သူတို့ကို သိသည်။ ယင်းက မနေ့ကလာခဲ့သည့် လီရင်နှင့် ဌာနခေါင်းဆောင်တို့ ဖြစ်ကြသည်။ ရှန်းထင်ရွှမ်း မမြင်ဖူးသည့် လူသစ်တစ်ယောက်လည်း ပါသည်။

လုမင်ဟွေ့က ရှန်းထင်ရွှမ်းကို မြင်သောအခါ သူက အရင်ဆုံး နှုတ်ဆက်ပြီး မိတ်ဆက်လိုက်သည်။

"သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် စွန်းဖျင် "

မိတ်ဆက်ပြီးနောက် သူက စွန်းဖျင်ကို ပြောလိုက်သည်။

"ဒါက ငါ မင်းကို ပြောပြောနေတဲ့၊ အရမ်းစားကောင်းတဲ့ အသီးတွေကို စိုက်တဲ့ မစ်ရှန်းလေ"

စွန်းဖျင်က လုမင်ဟွေ့ကို မတုံ့ပြန်ခင်ထိ ရှန်းထင်ရွှမ်းကို အံ့ဩစွာ ကြည့်နေသည်။ "မင်္ဂလာပါ မစ်ရှန်း "

လုမင်ဟွေ့က စွန်းဖျင်နှင့် လွန်ခဲ့သည့်ညက ဖုန်းပြောခဲ့ပြီး ယနေ့ ရှင်းယွမ်ရှန်ကို သွားမည်ဟု ပြောခဲ့သည်။ အထူးသဖြင့် ထိုနေရာရှိ အသီးများက ကောင်းမွန်သောကြောင့် နောင်ကျ စူပါမားကတ်သို့ တင်သွင်းနိုင်ပေသည်။

ယနေ့ ရှင်းယွမ်ရှန်သို့ သွားနေသည့်လမ်းတွင် စွန်းဖျင်က ထိုအသီးသည် မန်နေဂျာလု စိတ်ဝင်စားရလောက်အောင် မည်မျှ အရသာရှိကြောင်း အလွန် သိချင်နေမိသည်။

စွန်းဖျင်က အရသာရှိသည့် သစ်သီးများကို စိုက်ပျိုးသည့်သူသည် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်သာ ဖြစ်နိုင်မည်ဟု မှန်းဆထားခဲ့သည်။ သို့သော် သူက ရှန်းထင်ရွှမ်းကို မြင်သောအခါ သူမှန်းဆထားသည်မှာ မှားယွင်းကြောင်း တွေ့ရှိသွားတော့သည်။

တဖက်လူက သက်လတ်ပိုင်းအရွယ်မဟုတ်ပေ။ ထပ်ပြောရလျှင် သူမက အလွန်ကြည့်ကောင်းသည့်ပုံ ပေါ်ပေသည်။

၎င်းက သူ့စိတ်ထဲ မှန်းဆထားပုံနှင့် ဝေးကွာလွန်းပေသည်။ ထို့ကြောင့် သူ တုံ့ပြန်ရန် အချိန်ကြာနေသည်မှာ အံ့ဩစရာမရှိပေ။

လုမင်ဟွေ့က ရှန်းထင်ရွှမ်းသည် အလွန်ရိုးသားသည်ဟု ခံစားရသည်။ သူမသည် မနေ့က သစ်သီးများကို အိတ်ကြီးနှစ်လုံးအပြည့် ထုပ်ပေးလိုက်သည်။ ဌာနရှိ လူတိုင်းက အနည်းဆုံး ၁၀ကတ်တီခန့် ရရှိခဲ့ပေသည်။

သူ သသက်သက်ဝယ်ယူခဲ့သော သစ်သီးများအပြင် လုမင်ဟွေ့က ဆီးသီးနှင့် မက်မွန်သီး တစ်ကတ်တီကိုပါ သီးသန့်ဝယ်ခဲ့သည်။

သူ သပ်သပ်ဝယ်ယူခဲ့သော သစ်သီးများကို သိမ်းထားပြီးနောက် ဆီးသီးနှင့် မက်မွန်သီး တစ်ကတ်တီကို သူတို့ဌာန၏ ဒုဥက္ကဋ္ဌအိမ်သို့ ယူသွားခဲ့သည်။

လုမင်ဟွေ့နှင့် လီရင်တို့ အလုပ်လုပ်သည့် ဌာနကို အိမ်ရာမြေ စီမံခန့်ခွဲရေး ဌာန ဟုခေါ်ပြီး သူတို့၏ကုမ္ပဏီက ပိုင်လျန်ဟုခေါ်သည့် ကြီးမားသည် စူပါမားကတ်တစ်ခု ရှိပေသည်။

အသင်းလိုက်လှုပ်ရှားမှုတွင် လုမင်ဟွေ့က ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့်အသီးများကို စွဲမက်သွားလေသည်။

ရှန်းထင်ရွှမ်း၏အသီးများအား သူတို့၏ ပိုင်လျန်စူပါမားကတ်၌ တင်ရောင်းပါက စူပါမားကတ်၏ရောင်းအားသည် သေချာပေါက် သိသိသာသာ တိုးလာလိမ့်မည်ဟု သူက ယုံကြည်သည်။

ထို့ကြောင့် လုမင်ဟွေ့က ထိုအကြောင်းကို ပြောရန် ဒုဥက္ကဌဆီသို့ သွားခဲ့သည်။

မူလက စူပါမားကတ်၌ တင်ရောင်းရန် ထုတ်ကုန်အသစ်များရှိပါက လုမင်ဟွေ့က ၎င်းကို တိုက်ရိုက် စီစဥ်သည်။ အထူးသဖြင့် အသီးလိုမျိုး မူလထုတ်ကုန်များ ဖြစ်သည်။

ထို့ကြောင့် ဒုဥက္ကဌက လုမင်ဟွေ့သည် အဘယ်ကြောင့် အလုပ်ရှုပ်ခံနေမှန်း နားမလည်ခဲ့ချေ။ ဆီးသီးကို တစ်ကိုက်စားပြီးသည့်အခါတွင်တော့ ဒုဥက္ကဌ၏စိတ်ထဲရှိ သံသယဟာ လုံးဝ ရှင်းသွားတော့သည်။ သူက ပြောသည်။ "မင်း ဒါကို လုပ်လို့ရတယ်၊ ဒီဆီးသီးကို ၁ကတ်တီ ၁၀ယွမ် သတ်မှတ်လိုက်၊ မက်မွန်သီးတွေကိုတော့ ၁ကတ်တီ ၂၀ယွမ် ထားလိုက် "

ဒုဥက္ကဌက သူ့ခေါင်းကို ခပ်မြန်မြန်လှည့်လိုက်သည်။ ထိုကဲ့သို့ အရသာရှိသည့် အသီးများက မရောင်းရမည်ကို မစိုးရိမ်ရကြောင်း သိပေသည်။ အထူးသဖြင့် စားသုံးသူအများစုက စျေးကြီးသောအရာများက ကောင်းမွန်သည်ဟု တွေးကြသည်။

ဒုဥက္ကဌက ဆီးသီးများနှင့် မက်မွန်သီးများကို စားပြီးနောက် သူ့မျက်နှာရှိ အပြုံးက မရပ်တန့်တော့ပေ။ လုမင်ဟွေ့က စီးပွားရေးလုပ်ရာတွင် အလွန်တော်ပြီး အမြဲတမ်း ဂုဏ်ယူရပေသည်။

ဒုဥက္ကဌ၏အိမ်မှ ထွက်လာပြီးနောက် လုမင်ဟွေ့က သူ့အနာဂတ်သည် တောက်ပလာတော့မည်ဟု ခံစားနေရသည်။ ရှန်းထင်ရွှမ်းတွင် ယခု အသီးနှစ်မျိုးသာ ရှိသော်လည်း အမျိုးအစားများစွာကို စိုက်ပျိုးနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်ရှိပေသည်။ အနာဂတ်တွင် ရှန်းထင်ရွှမ်းက အရသာရှိသည့် အသီးအမျိုးအစားများစွာကို စိုက်ပျိုးနိုင်ပေသည်။

သူအိမ်ပြန်ရောက်သောအခါ သူပြန်သယ်လာခဲ့သော အသီးများက ကုန်သွားပြီး စားပွဲတစ်လုံးအပြည့် အသီးခွံများသာ ကျန်ခဲ့သည်ကို လုမင်ဟွေ့ တွေ့လိုက်ရသည်။

သူ့ဇနီးနှင့် သမီးက ထပ်ဝယ်လာရန် ညည်းညူနေကြသည်။

လုမင်ဟွေ့က သူပြန်လာလျှင် ပိုသယ်ခဲ့မည်ဟု ထပ်ခါထပ်ခါ ကတိပေးခဲ့ရသည်။

ထို့ကြောင့် အကြံရခိုက် လုမင်ဟွေ့က ပိုင်လျန်၏မန်နေဂျာ စွန်းဖျင်ကို ရှင်းယွမ်ရှန်သို့ ခေါ်လာခဲ့သည်။

ရှန်းထင်ရွှမ်း အလုပ်ရှုပ်မနေသည်ကို မြင်သောအခါ လုမင်ဟွေ့က သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

"ငါတို့ ကုမ္ပဏီမှာ စူပါမားကတ်အခွဲတစ်ခုရှိတယ်၊ ပိုင်လျန်လို့ခေါ်တယ်၊ ပြီးတော့ မင်းရဲ့အသီးတွေကို ငါတို့ရဲ့စူပါမားကတ်မှာ တင်ရောင်းဖို့ မင်းနဲ့ ပူးပေါင်းချင်တယ် "

ရှန်းထင်ရွှမ်း တွေးသည့်နည်းလမ်းက သူတို့နှင့် ကွဲပြားပေသည်။ သူမ စိတ်ထဲတွင် တွေးနေသည်က "ဒါကို လူတွေအများကြီးက ဝယ်ကြမှာလား " အားလုံးစဥ်းစားပြီးနောက် ထိုအရာက စူပါမားကတ်တစ်ခု ဖြစ်ပေသည်။ ထိုနေရာက ရှင်းယွမ်ရှန်ရှိနေရာထက် ဈေးဝယ်မည့်သူ ပိုများနိုင်ပေသည်။

"ဒါပေါ့" သူတို့၏ပိုင်လျန်စူပါမားကတ်သည် ကမ္ဘာ့ထိပ်ဆုံးအဆင့် ၅၀၀ အတွင်း မရှိသော်လည်း နိုင်ငံထိပ်ဆုံးအဆင့် ၅၀၀ အတွင်းတွင်တော့ ရှိပေသည်။

နားထောင်ပြီးနောက် ရှန်းထင်ရွှမ်းက ချက်ချင်း သဘောတူလိုက်သည်။ "ဒါဆို အဆင်ပြေပြီနော် "

လုမင်ဟွေ့က သတိလစ်လုမတတ် ဖြစ်သွားသည်။ သူက ရှန်းထင်ရွှမ်းအနေဖြင့် သူ၏တောင်းဆိုချက်ကို ထိုမျှ မြန်မြန် သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ အားလုံးပြီးနောက် သူတို့အတူ ပူးပေါင်းမည်ဆိုပါက သူတို့၏ လိုအပ်ချက်များနှင့် စျေးနှုန်းအကြောင်းကို နှစ်ဦးနှစ်ဖက် ပြောဆိုဖို့ လိုသည်။ လက်မှတ်ထိုးရန် စာချုပ်တစ်ခု ရှိနေသေးသော်လည်း ရှန်းထင်ရွှမ်းက ငယ်ရွယ်ပြီး အတွေ့အကြုံလည်း ရှိပုံမပေါ်ချေ။ ဒါကို သူက နားလည်နိုင်ပေသည်။

သို့သော်လည်း တခြားတစ်ဖက်က ရိုးသားလွန်းနေတာကြောင့် သူက အလွန်အမင်းတော့ မတောင်းဆိုနိုင်ပေ။

"ဒါဆို ငါတို့ မနက်တိုင်း ၇နာရီမှာ အသီးတွေ လာကောက်မယ်၊ ပြီးတော့ စျေးနှုန်းကို မင်းမှာ ရှိတဲ့ပေါ်မူတည်ပြီး ဆုံးဖြတ်ကြမယ်၊ ဆီးသီး ၁ကတ်တီ ၅ယွမ်နဲ့ မက်မွန်သီး ၁ကတ်တီ ၁၀ယွမ် ထားကြမယ် "

ရှန်းထင်ရွှမ်းက "ပြဿနာမရှိဘူး "

လုမင်ဟွေ့က ကားတစ်စီးယူလာသည်။ "မင်းမှာ အခု ဘယ်လောက်ရှိလဲ၊ ငါတို့ ဒီနေ့ အကုန်လုံး ဝယ်မယ် "

ဘေးမှာရှိသည့် စွန်းဖျင်က နောက်ဆုံးတွင် တုံ့ပြန်လာပေသည်။

"ငါ အရင်ဆုံး မြည်းကြည့်လို့ရမလား "

ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် တစ်စုံတစ်ယောက် မြည်းကြည့်ဖို့ရာ ဆုတောင်းနေသည်။ ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ၎င်းကို အခွံနွှာလိုက်သည်။ ပြီးနောက် စွန်းဖျင်လက်ထဲ ထည့်ပေးလိုက်သည်။

စွန်းဖျင်က ဆီးသီးကို ယူလိုက်သည်။ သူတို့စူပါမားကတ်၏ စင်များပေါ်ရှိပစ္စည်းများက စစ်ဆေးမှုအလွှာ အဆင့်ဆင့်ကို ဖြတ်သန်းသွားရပေသည်။ မန်နေဂျာ၏ထောက်ခံချက်ရှိလျှင်တောင် ၎င်းက တူညီနေဆဲ ဖြစ်သည်။ လုမင်ဟွေ့က ဤပူးပေါင်းမှုသည် သဘောတူညီမှု ပြီးမြောက်ပြီဟု ပြောဆိုပြီးဖြစ်သော်လည်း သူက ကြိုးစားနေဆဲ ဖြစ်သည်။

သူက ယခု ဆီးသီးများကို တွေ့လိုက်ရသည်။ ပုံပန်းသဏ္ဍာန်အရ ၎င်းတို့က သူတို့စူပါမားကတ်တွင် ရှိသည့် ဆီးသီးများထက် တကယ်ကို အများကြီးပိုကောင်းမွန်ပေသည်။ သေချာခူးပြီးနောက် ဒီဆီးသီးများကို ရောင်းရန် တောင်အောက်သို့ ယူလာခဲ့ပုံရသည်။ ဆီးသီးအားလုံးက အရွယ်အစားတူညီကြပြီး နီဝါရောင်ရှိသည်။ အားလုံးက ကြည့်ကောင်းပေသည်။

တစ်ကိုက်ကိုက်ပြီးနောက် စွန်းဖျင်က သူ့လျှာကို ကိုက်လုနီးပါး ဖြစ်သွားသည်။ လုမင်ဟွေ့က ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိပေသည်။ ဤဆီးသီးများက အလွန်အရသာရှိပေသည်။ ဆီးသီးတစ်လုံးစားပြီးနောက် စွန်းဖျင်က မပြောဘဲ မနေနိုင်တော့ပေ။ "အစ်ကိုလု ပြောသလိုပဲ အခု မင်းမှာရှိတာ အားလုံး ငါတို့ ဝယ်လို့ရမလား?”

ဘေးနားရှိ လုမင်ဟွေ့က မင်း ဒီလိုတုံ့ပြန်မှာကို ငါ အကြာကြီး မျှော်လင့်ခဲ့ရတာ ဟူသော မျက်နှာပေးကို ဖော်ပြနေသည်။

ရှန်းထင်ရွှမ်းက "အသီးတွေက ရှိပါသေးတယ်။ ဒါပေမဲ့ ရှင်တို့အတွက် ကျွန်မ ဘယ်လောက်လောက် ခူးထားပေးဖို့ လိုတာလဲ "

စွန်းဖျင်က ထိုအသီးများကို စူပါမားကတ်တွင် ထားရန် မစောင့်နိုင်တော့ချေ။ "ကောင်းတာပေါ့၊ ငါတို့ မင်းကို ကူညီဖို့လိုသေးလား”

မက်မွန်ပင်တစ်ပင်ကို ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပြီးနောက် မက်မွန်သီး ၅၀၀ ကတ်တီခန့် သီးသည်။ ဆီးသီးပင်များက ပိုများပေသည်။ ထို့ကြောင့် ဆီးသီးများက အနည်းဆုံး ၈၀၀ ကတ်တီကျော် သီးပေသည်။

ရှန်းထင်ရွှမ်း၌ ဝိညာဉ်စွမ်းအင်နှင့် ကြီးမားသော ခွန်အားရှိသော်လည်း ခြင်းတစ်ခြင်းက အသီး ၅၀ကတ်တီထိသာ ထည့်၍ရပေသည်။ ထိုအသီးများကို ခူးပြီးပါက အကြိမ်များစွာ သွားလိုက်ပြန်လိုက် လုပ်ရပေမည်။ ထိုအရာကို တွေးမိပြီး ရှန်းထင်ရွှမ်းက ပြောလိုက်သည်။

"ရှင်တို့ ကားနဲ့ အပေါ်ကို တိုက်ရိုက် မောင်းလာခဲ့လိုက်၊ ကျွန်မက အပင်နားရောက်ရင် အသီးတွေကို ခူးပြီး ကားပေါ် တင်ပေးမယ် "

လုမင်ဟွေ့က "ကောင်းပြီ "

လုမင်ဟွေ့က တောင်တက်ကားတစ်စီးကို မောင်းလာခဲ့သည်။ ကားကိုယ်ထည်နှင့် နောက်ခုံက အလွတ်ဖြစ်ပြီး အသီးများစွာ ထားလို့ရပေသည်။

ကားထဲတွင် အသီးထည့်ရန် အိတ်ကြီးတချို့ ရှိသည်။ "မင်း ကားထဲကို ဝင်ပြီး လမ်းညွှန်ပေး "

ရှန်းထင်ရွှမ်း၏လမ်းညွှန်မှုကြောင့် ဆီးတောနားသို့ မြန်မြန် ရောက်သွားတော့သည်။

ရှန်းထင်ရွှမ်းက အပြင်ဘက်ဆုံးရှိ ဆီးသီးပင်ကို ညွှန်ပြလိုက်သည်။

"ဒီဆီးသီးတွေ ခူးကြမယ်၊ ကျန်တဲ့ဟာတွေက မမှည့်သေးဘူး "

မနေ့က လီရင်နှင့် သူ၏အဖွဲ့လိုက် လှုပ်ရှားမှုဆုံးပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် ကျန်ရှိနေသေးသည့် ဆီးပင်များကို ရေလောင်းခဲ့သည်။ ထို့ကြောင့် အပြင်ဘက် အပင်ရှိ ဆီးသီးများက အားလုံးနီးပါး မှည့်ပုံပေါ်နေသည်။ သို့သော် သူတို့ အနားကို ရောက်မှသာလျှင် အပင်အတွင်းဘက်၌ မမှည့်သေးသည့် အသီးငယ် အများကြီးရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

လုမင်ဟွေ့နှင့် စွန်းဖျင်အတွက်တော့ သူတို့အားလုံးက မှည့်ပုံပေါ်နေသည်။ သို့သော် ရှန်းထင်ရွှမ်းက ဤတောင်၏ပိုင်ရှင် ဖြစ်သည်။ သူတို့က သူမ ပြောတာကို နားထောင်နေသည်။ ထို့ပြင် ဤအပင်က ဆီးသီး ၁၀၀ ကတ်တီခန့်သာ ရနိုင်ပေသည်။ သူတို့က ယနေ့ ကားတစ်စီးစာ မသယ်နိုင်ခဲ့ချေ။ သို့သော် ထိုအရာက လုံလောက်ပေသည်။

ရှန်းထင်ရွှမ်းက သူမ၏ဝိညာဉ်စွမ်းအင်၏ ၅% ကို ပြန်လည်ရရှိခဲ့ပြီး အချိန်တစ်ခုအတွင်း သစ်ပင်တစ်ပင်လုံးကို ရေလောင်းနိုင်ပေသည်။ သို့သော် ၎င်းက သူမ၏ဝိညာဉ်စွမ်းအင်ကို ပြန်လည်ရရှိရန် နှစ်နာရီကြာပေသည်။ သူမက ယခုမနက်တွင် မက်မွန်ပင်တစ်ပင်သာ ရေလောင်းခဲ့ရသည်။

ဝိညာဉ်စွမ်းအင်က ပြန်ပြည့်ခါနီးပြီဖြစ်သည်။ လုမင်ဟွေ့နှင့် တခြားသူများက ဆီးသီးများကို ကောက်နေစဥ် ရှန်းထင်ရွှမ်းက ဆီးပင်တစ်ပင်ကို ရေလောင်းလိုက်ပြန်သည်။ ထို့နောက် ထိုအပင်ရှိ အသီးများ အားလုံးကို ခူးလိုက်သည်။

ဆီးသီးများ ခူးနေစဥ် စွန်းဖျင်က ပျော်ရွှင်စွာ မေးလိုက်သည်။ "အစ်ကိုလု မင်း ဒီလို တန်ဖိုးရှိတဲ့နေရာကို ဘယ်လိုများရှာတွေ့ခဲ့တာလဲ” ရှင်းယွမ်ရှန်ကဲ့သို့ ဝေးလံသောနေရာတစ်ခုမှ ပိုင်လျန်စူပါမားကတ်အတွက် နေ့စဉ် ရာသီအလိုက် လတ်ဆတ်သော အသီးအရွက်များ အမြဲတမ်းထောက်ပံ့နိုင်ပေသည်။ သို့သော် ထိုနေရာက ရှင်းယွမ်ရှန်ကဲ့သို့ နေရာတစ်ခုအဖြစ် မကြားဖူးခဲ့ချေ။

လုမင်ဟွေ့ က "ဌာနကလူတွေ အသင်းလိုက်လှုပ်ရှားမှုအတွက် နေရာရှာကြရင်း တွေ့ခဲ့တာ "

စွန်းဖျင်က လက်မထောင်ပြလိုက်သည်။

သူတို့ သုံးယောက်က အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး ဆီးသီးများကို လျင်မြန်စွာ ခူးလိုက်ကြသည်။ ထို့နောက် မက်မွန်ပင်သို့ သွားလိုက်ပြီး မက်မွန်သီးများကို ဆက်ခူးလိုက်ကြသည်။

စွန်းဖျင်က မက်မွန်သီးများကို ခူးနေစဉ် ကိုက်စားမိအောင် အလွန်ဆွဲဆောင်ခံနေရသည်။ သူက စားချင်စိတ်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ထိုကဲ့သို့ အရသာရှိသော အသီးများကို သူတို့စင်ပေါ်တွင် ထားသင့်ပေသည်။

စွန်းဖျင်က ဤအခိုက်အတန့်၌ အလွန်ဂုဏ်ယူသလို ခံစားလိုက်ရသည်။

အသီးများကို ခူးယူပြီးနောက် သူတို့ သုံးယောက်လုံးက အသီးများကို ချိန်ရန် နာရီဝက်ခန့် ကြာသွားသည်။ ပြီးနောက် ၎င်းတို့ကို ကားပေါ်တွင် ထားလိုက်ကြသည်။

ဆီးသီးများက ၉၀၀ကတ်တီရှိပြီး မက်မွန်သီးများက ၅၀၀ ကတ်တီ ရှိပေသည်။ စွန်းဖျင်က ယွမ် ၉၅၀၀ အား ရှန်းထင်ရွှမ်းဆီသို့ တိုက်ရိုက် ငွေချေလိုက်သည်။

စူပါမားကတ်က တစ်ပတ်တစ်ခါ (သို့) တစ်လတစ်ခါမှ ငွေပေးချေလေ့ ရှိသော်လည်း နှစ်ဦးနှစ်ဖက်က တိကျသော သဘောတူညီမှုကို ခုထိတိုင် မဆွေးနွေးရသေးချေ။ စွန်းဖျင်က အသီးများသည် အလွန်အရသာရှိလွန်းသည်ဟု တွေးနေပေသည်။ ထို့ကြောင့် သူက ၎င်းကို ပထမဆုံးငွေချေလိုက်ပြီး လုမင်ဟွေ့က သူ့ဘေးနားတွင် ပွစိပွစိရေရွတ်နေပေသည်။

သူက မနက်ပိုင်းတွင် အလောတကြီး ထွက်လာခဲ့ပြီး စာချုပ်ကို ယူမလာမိခဲ့ချေ။

ရှန်းထင်ရွှမ်းက လုမင်ဟွေ့နှင့် တခြားသူများကို ပြန်ပို့ပြီးနောက် စနစ်သံက ချက်ချင်း ရောက်လာခဲ့သည်။

"မစ်ရှင်ပြီးဆုံးရန် ၆၀မိနစ် ကျန်ပါသည်။ ယခု သင်၏ တာဝန်ပြီးမြောက်မှုသည် ၃၁.၂၅% ဖြစ်ပါသည်။ မစ်ရှင်ကျဆုံးလျှင် ဝိညာဉ်စွမ်းအင်ကို ၆% နုတ်ယူပါမည် "

-----

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

အာ... ဒီအခန်းက အတော်လေး များသွားတယ်။

စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်၊ ရေးနေတာ အတော်လေး ကြာသွားပါပြီ ~~~

ဦးညွှတ် ~~~

...

အခန်း (၈)

ယခု ရှန်းထင်ရွှမ်းက လုမင်ဟွေ့နှင့် တခြားသူများကို အသီးများ တတ်နိုင်သမျှ မြန်မြန် ရောင်းစေချင်သည်။

ပိုင်လျန်စူပါမားကတ်အနီးမှ ရှင်းယွမ်ရှန်သို့ ၄၅မိနစ်ခန့် မောင်းရပေသည်။

လုမင်ဟွေ့နှင့် စွန်းဖျင်က ယနေ့ အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။ သူတို့က ကားပိတ်သည်ကို မကြုံတွေ့ခဲ့ရပေ။ သူတို့က မီးပွိုင့်အားလုံးနီးပါး စိမ်းနေသည်ကိုသာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့က ပိုင်လျန်နှင့် အနီးဆုံးသို့ ရောက်ရန် ၃၀မိနစ်ခန့်သာ ကြာခဲ့ပေသည်။

စွန်းဖျင်က ရှင်းယွမ်ရှန်မှ စထွက်လာသောအခါ စူပါမားကတ်၏ တာဝန်ရှိသူကို တိုက်ရိုက် ဖုန်းခေါ်လိုက်ပြီး ပြောလိုက်သည်။

ထို့ကြောင့် စူပါမားကတ်၏ ပို့ဆောင်ရေးဌာနဝန်ထမ်းတွေက နောက်ဘက်တွင် အတော်ကြာကြာ စောင့်ဆိုင်းနေခဲ့ပြီး ကုန်ပစ္စည်းများအတွက် များစွာသောစင်များကို ပြင်ဆင်ထားခဲ့သည်။

ကားရောက်သည်ကို မြင်သောအခါ လူတိုင်းက အသီးများရွေ့ရန် အလျင်စလို ရောက်လာကြသည်။ စုစုပေါင်း ၁၀၀၀ ကတ်တီခန့်ရှိသော အသီးများက ရှန်းထင်ရွှမ်းတို့ သုံးယောက်အတွက် များပြားသော်ငြား စူပါမားကတ်တွင်မူ အလုပ်သမား အများအပြားရှိပေသည်။ လူတိုင်းက အသီးများကို စူပါမားကတ်ထဲသို့ တစ်ခေါက်ထဲဖြင့် ရွှေ့လိုက်ကြသည်။

စျေးရောင်းသည့် သူများကလည်း သူတို့၏နေရာတွင် အဆင်သင့် ရှိနေကြသည်။ အသီးများကို စူပါမားကတ်ထဲတွင် နေရာချထားပြီး သူတို့က အသီးများကို စတင်ကောက်ယူလိုက်ကာ စင်များပေါ်တွင် ၎င်းတို့ကို ထားလိုက်သည်။

ဤအချိန်တွင် စူပါမားကတ်ကို လာလည်ကြသည့် လူများစွာ ရှိပေသည်။ ရှောင်းလျှိုက သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။ သူမက ဆီးသီးများနှင့် မက်မွန်သီးများကို စင်ပေါ်တွင် နေရာချနေသော ဝန်ထမ်းတစ်ယောက်ကို မြင်လိုက်သည်။

ထိုအသီးနှစ်မျိုးက တစ်ချက်ကြည့်ရုံဖြင့် အပင်မှ အခုလေးတင် ခူးလာသည်ဟု သိနိုင်သည်။ ၎င်းတို့က အလွန် လတ်ဆတ်ပုံ ပေါ်နေသည်။

ရှောင်းလျှိုက စျေးနှုန်းကို တဖန် ကြည့်လိုက်သည်။ ဆီးသီးများက တစ်ကတ်တီကို ၁၀ ယွမ်ဖြစ်ပြီး ၎င်းဘေးရှိ မက်မွန်သီးများက တစ်ကတ်တီကို ၂၀ ယွမ် ဖြစ်သည်။

မနီးမဝေးတွင်ရှိသော ဆီးသီးများကို ကြည့်လိုက်ရာ တစ်ကတ်တီကို ၅ယွမ်သာ ရှိပေသည်။ သို့သော် သူမက နှိုင်းယှဉ်ကြည့်ပြီး ၁၀ ယွမ်ပေးရသော ဆီးသီးများက ပိုကောင်းသည်ကို တွေ့ရှိသွားသည်။

ရှောင်းလျှိုက ဆီးသီးနှင့် မက်မွန်သီးများကို ကတ်တီဝက်စီ ချိန်လိုက်သည်။

နေ့လယ်တွင် စူပါမားကတ်ထဲသို့ဝင်လာသော လူအုပ်အနည်းငယ် ရှိပေသည်။ ရှောင်းလျှိုက တန်းစီပြီး နောက်ဆုံးတွင် စူပါမားကတ်မှ ထွက်သွားနိုင်တော့သည်။ သူမက ဤအချိန်အတွင်း စူပါမားကတ်သို့ ထပ်လာတော့မည် မဟုတ်ဟု တွေးပြီး သက်ပြင်းချလိုက်သည်။

အသီး၏သင်းပျံ့နေသည့် ရနံ့က အိတ်အတွင်းမှ ထွက်ပေါ်လာသည်။ ရှောင်းလျှိုက အိတ်ထဲမှ ဆီးသီးတစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် လှည့်ပြီး ပြန်လျှောက်သွားတော့သည်။ ဆီးသီးက ထိုမျှ အရသာရှိလိမ့်မည်ဟု သူမက ထင်မထားချေ။

ငါ အမှားတစ်ခု လုပ်လိုက်တာပဲ။ ဘာလို့နည်းနည်းလေးပဲ ဝယ်ခဲ့မိတာလဲ။

လူအနည်းငယ်သာလျှင် ရှောင်းလျှိုနှင့် အတွေးတူနေကြသည် မဟုတ်ပေ။ လူများစွာက တစ်ခါ စားကြည့်ရုံဖြင့် ထိုကဲ့သို့ သဘောထားများ ဖြစ်သွားကြသည်။ သူတို့က မြည်းစမ်းကြည့်ပြီး ၎င်းက အရသာရှိသည်ကို တွေ့ရှိသွားကြသည်။ ထို့နောက် ထပ်ဝယ်ရန် ပြန်လာခဲ့ကြသည်။

ရလာဒ်အနေဖြင့် ရှန်းထင်ရွှမ်းဆီမှ ဝယ်ခဲ့သည့် ဆီးသီးနှင့်မက်မွန်သီးများသည် နေ့ခင်း ၃နာရီမတိုင်ခင် ရောင်းထွက်သွားခဲ့သည်။

စွန်းဖျင်က ထိုအသီးနှစ်မျိုးကို ထိထိရောက်ရောက် ကြော်ငြာရန် ဝန်ထမ်းကို ချက်ချင်း ပြောလိုက်သည်။ ပြီးနောက် ဆီးသီးနှင့် မက်မွန်သီး၏ ကြော်ငြာများအား စူပါမားကတ်အဝင်ဝရှိ LED မျက်နှာပြင်ပေါ်တွင် ပြသထားပေသည်။

ကုမ္ပဏီရှိ အိမ်ရာမြေစီမံခန့်ခွဲရေးဋ္ဌာန၏ ခေါင်းဆောင်အနေဖြင့် လုမင်ဟွေ့က စျေးကွက်ဌာနနှင့် ဆွေးနွေးရန် ပြန်သွားခဲ့သည်။ နောက်လာမည့် ဈေးကွက် စာရင်းမှာ ဆီးသီးနှင့် မက်မွန်သီးများ ပါဖို့ လိုအပ်သည်။

လုမင်ဟွေ့ကလည်း သူတို့၏ဌာနအတွက် ဆီးသီးနှင့် မက်မွန်သီးတစ်ပေါင်ကို လက်ဆောင်တစ်ခု အနေဖြင့် ယူသွားခဲ့သည်။

စျေးကွက်ဌာနရှိ လူများအတွက်လည်း ပါသည်။ သူတို့က အရင်ဆုံး အသီးပုံများကို ရိုက်လိုက်ကြသည်။ သူတို့က အသီးများကို အသေအချာ ရွေးနေကြသည်။ သို့သော် ဆီးသီးနှင့် မက်မွန်သီးပုံများကပင် ကြည့်ကောင်းနေသည်ကို သူတို့တွေ့ခဲ့ကြသည်။

"လူကြီးမင်းလုက မဆိုးဘူးပဲ" သူတို့၏အလုပ်တာဝန်များ သက်သာစေရန် လုမင်ဟွေ့က အသီးများကို ဂရုတစိုက် ရွေးချယ်ပြီး သယ်လာခဲ့သည်ဟု လူတိုင်းက တွေးလိုက်ကြသည်။

ပုံက လျင်မြန်စွာဖြင့် ရိုက်ပြီးသွားသည်။ တစ်စုံတစ်ယောက်က မက်မွန်သီးတစ်လုံးကို ယူပြီး စားလိုက်သည်။ "F**** "

"ဘာလို့လဲ "

"ဒီမက်မွန်သီးက အရမ်း အရသာရှိတာပဲ" စျေးကွက်ဌာတွင် စုစုပေါင်း လူဆယ်ယောက် ရှိသည်။ တစ်ကတ်တီ၌ မက်မွန်သီး ၃လုံးသာ ရှိသည်။ လုယူရန် နောက်ကျသွားသည့် လူများက ဆီးသီးများကိုသာ ယူကြရတော့သည်။

"ကောင်းပြီ၊ ဒီအသီးစားပြီးတော့ ငါ ကြော်ငြာကို ဘယ်လိုရေးရမလဲဆိုတာ သိသွားပြီ "

"အလုပ်စလိုက်ရအောင် "

"လူကြီးမင်းလုက မနက်ဖြန်ကျ ဒါတွေ ထပ်ယူလာပါစေ "

...

လုမင်ဟွေ့နှင့် သူ၏ကုမ္ပဏီလူတွေအပြင် ကျန်းယုကလည်း သူမမျက်နှာပေါ်တွင် တူညီသည့် မျက်နှာထားရှိနေသည်။ ထိုအရာက အလွန်စိတ်လှုပ်ရှားစရာ ကောင်းပေသည်။ သူမသည် မနက်တုန်းက ဆီးသီးနှင့် မက်မွန်သီးများကို ဝယ်ခဲ့သည်။ နောက်ဆုံးတွင် ထိုအကြောင်းကို တွေးမိပြီးနောက် ဆီးသီးတစ်လုံးကို မြည်းကြည့်လိုက်သည်။ သူမယောက်ျားက မှန်သည်ကို သိရှိသွားခဲ့သည်။ ထိုဆီးသီးများက အမှန်တကယ် အရသာရှိပေသည်။

မက်မွန်သီးများသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။ သူမ စားခဲ့ဖူးသော အသီးများအားလုံးထက် ပိုပြီး အရသာရှိပေသည်။

......

နှစ်နာရီကြာတိုင်း ရှန်ထင်းရွှမ်က ဆီးသီးတော၊ သို့မဟုတ် မက်မွန်ပင်ဆီသို့ ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းရန် ပြေးသွားနေရသောကြောင့် သူမ အားမနေခဲ့ပေ။

တာဝန်က နေ့ခင်းတွင် ပြီးမြောက်သွားပြီး သူမ၏ ဝိညာဉ်သွေးကြောကို ၆% ပြန်လည် ရရှိသွားပေသည်။

သန်းခေါင်ကျော်လာသောအခါ စက်သံမြည်လာခဲ့သည်။

"ကျေးဇူးပြုပြီး ၁၂နာရီအတွင်း လူ ၆၄ ယောက်ကို မင်းစိုက်ထားတဲ့အသီးတွေ စားခိုင်းပါ"

ရှန်းထင်ရွှမ်းက အပျင်းဆန့်လိုက်ကာ အိပ်ရာမှ ထပြီး တောင်ပေါ်ရှိမက်မွန်တောအုပ်သို့ ပြေးသွားသည်။ ပြီးနောက် မက်မွန်ပင်တစ်ပင်ကို ရွေးပြီး ရေလောင်းလိုက်သည်။ ထို့နောက် ပြန်လာပြီး ဆက်အိပ်နေလိုက်သည်။

မနက် ၂နာရီတွင် ရှန်းထင်ရွှမ်းက ဆီးပင်တစ်ပင်ကို ရေလောင်းရန် သွားခဲ့သည်။ မနက် ၄နာရီ၌ ရှန်းထင်ရွှမ်းက မက်မွန်ပင်တစ်ပင်ကို ရေလောင်းလိုက်ပြီး ပြန်အိပ်မည့်အစား သူမက အသီးများကို ရိတ်သိမ်းရန် စတင်လိုက်သည်။

မနေ့က နေ့ခင်းတွင် သူမ အပင်မှခူးလာသော အသီးများကို ထည့်ဖို့ ကြီးမားသည့် ရောင်စုံအစင်းကွက်အိတ် အများအပြားကို ဝယ်ရန် စူပါမားကတ်သို့ သွားခဲ့သည်။

ရှန်းထင်ရွှမ်းက ယခု သာမန်လူများထက် ပိုမို သန်မာပြီး သူမ၏ခန္ဓာကိုယ်တွင် ကျွမ်းကျင်မှု အများအပြား ရှိပေသည်။ သူမက သစ်ပင်များစွာ တက်ရလျှင်တောင် မောပန်းသည်ဟု မခံစားရဘဲ အသီးများကို လျင်မြန်စွာ ရိတ်သိမ်းနိုင်ပေသည်။

အသီးတစ်ပင်ရှိ အသီးအားလုံးကို နာရီဝက်အတွင်း ခူးခဲ့ပြီး ၎င်းအောက်တွင် အသီးများဖြင့် ပြည့်နေသော ကြီးမားသည့် အိတ်ကြီးများ ရှိပေသည်။

မနက် ၇နာရီတိုင်အောင် အလုပ်ရှုပ်နေခဲ့ပြီးနောက် ပိုင်းလျန်စူပါမားကတ်မှ လူများ ရောက်လာခဲ့သည်။ သူတို့က တောင်ပေါ်သို့ မောင်းတက်လာခဲ့ပြီး ရှန်းထင်ရွှမ်း ခူးထားခဲ့သည့် အသီးများအားလုံးကို ကားထဲသို့ ထည့်လိုက်သည်။ ယနေ့တွင် သူတို့က ကြီးမားသည့် အလေးချိန်စက်တစ်ခုကို ယူလာခဲ့ပြီး အလေးချိန်ကို မှတ်တမ်းယူထားလိုက်သည်။

သူတို့က အားလုံးကို ကားထဲသို့ တင်ပြီးနောက် ရှန်းထင်ရွှမ်းကို ဆီးသီး ၉၀၃ ကတ်တီနှင့် မက်မွန်သီး ၁၆၀၅ ကတ်တီ၏ မှတ်တမ်းကို ပေးလိုက်သည်။

ရှန်းထင်ရွှမ်းနှင့် အလုပ်လုပ်ပြီးနောက် သူတို့က မောင်းထွက်သွားတော့သည်။ ရှန်းထင်ရွှမ်းက ဆီးသီးတစ်ခြင်းနှင့် မက်မွန်သီးတစ်ခြင်းကို တောင်ခြေသို့ သယ်သွားသည်။ ရှောင်ဖုန်းနှင့် တခြားသူများက တောင်ခြေ၌ စောင့်နေကြသည်။

"ခုပဲ မင်းရဲ့ တောင်ပေါ်ကနေ ထရပ်ကားကြီးတစ်စီး ဆင်းလာတာ မြင်လိုက်တယ် " ရှောင်ဖုန်းက မက်မွန်သီးများကို ဝယ်နေရင်း ပြောလိုက်သည်။

အချိန်တစ်ခုကြာ အတူရှိပြီးနောက် ရှန်းထင်ရွှမ်းနှင့် ရှောင်ဖုန်းက တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာကြသည်။ သူမက ပြန်ပြောလိုက်သည်။ "အဲဒါ ပိုင်လျန်စူပါမားကတ်ကလေ "

ရှောင်ဖုန်း၏ခေါင်းက အလျင်အမြန်လှည့်လိုက်ပြီး သူက မြန်မြန် တုံ့ပြန့်လိုက်သည်။ "သူတို့က မင်းရဲ့အသီးတွေကို စူပါမားကတ်မှာရောင်းဖို့ လာဝယ်တာလား "

ရှန်းထင်ရွှမ်းက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။

ပိုင်လျန်စူပါမားကတ်သည် အတော်အတန် လူသိများပေသည်။ သူတို့ရွာရှိ လူအများစုက ၎င်းတို့ကို သိပြီး သူတို့က ဤသတင်းကို ကြားသောအခါ အနည်းငယ် အားကျသွားကြသည်။ သူတို့စိုက်ပျိုးထားသည့် အသီးများနှင့် အရွက်များကမူ ပိုင်လျန်စူပါမားကတ်သို့ မည်သည့်အချိန်မှ ရောက်နိုင်မည်နည်း။

၉နာရီ၌ လုမင်ဟွေ့က ရောက်လာခဲ့ပြီး ထိုအချိန်တွင် သူနှင့်အတူ စာချုပ်ကို ယူလာခဲ့သည်။

"ငါ မနေ့က အလျင်လိုသွားလို့၊ စာချုပ်ကို ဒီနေ့မှ ယူခဲ့ရတယ်၊ မင်းမှာ တခြားကန့်ကွက်စရာ မရှိဘူးဆိုရင် ဒီမှာ လက်မှတ်ထိုးလို့ရပြီ "

ရှန်းထင်ရွှမ်းက အကြိမ်အနည်းငယ် ဝေ့ကြည့်လိုက်သည်။ ထို့နောက် လုမင်ဟွေ့လက်မှ ဘောပင်ကို ယူလိုက်ပြီး သူမနာမည်ကို ရေးထိုးလိုက်သည်။

လုမင်ဟွေ့က ရှန်းထင်ရွှမ်း ဂရုတစိုက်မကြည့်တာကို သိပြီး ရှင်းပြလိုက်သည်။

"အနာဂတ်မှာ ငါတို့က အချိန်တစ်ခုကြာ ပူးပေါင်းလုပ်ဆောင်ကြမယ်၊ မင်းရဲ့တာဝန်က အသီးတွေ လတ်ဆတ်ပြီး အရသာရှိနေအောင် ထိန်းသိမ်းပေးဖို့ပဲ၊ ငါတို့က မနက် ၇နာရီတိုင်း အသီးတွေ ဝယ်မယ်၊ ပြီးတော့ ငွေချေဖို့အတွက်ကို နေ့တိုင်း စာရင်းရှင်းမယ် "

ယေဘုယျအားဖြင့် စူပါမားကတ် အဝယ်တော်များက သေချာပေါက် နေ့စဥ် ငွေပေးချေမှုကို မပြုလုပ်ကြပေ။ လုမင်ဟွေ့နှင့် စွန်းဖျင်တို့ နှစ်ဦးစလုံးက ထိုသို့ပြုလုပ်ခြင်းသည် ကောင်မလေးအတွက် မလွယ်ကူဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူတို့က အထူးခြွင်းချက်အနေဖြင့် ပြုလုပ်ခဲ့ကြသည်။

သတ်မှတ်ထားသည့်အရေအတွက်အတိုင်း ပို့ပေးရမည်ဟူသော အပိုဒ်ကိုလည်း လုမင်ဟွေ့က စာချုပ်မှ ဖယ်ရှားလိုက်သည်။ မိန်းမငယ်လေး ရှန်းထင်ရွှမ်းအတွက် တစ်နေ့ကို ပုံမှန် အသီးကတ်တီထောင်ချီ ထုတ်ပေးရန်က အနည်းငယ် ခက်ခဲနိုင်ပေသည်။

လုမင်ဟွေ့သည် ကြင်နာတတ်သော လူတစ်ယောက်ဖြစ်ပြီး အခွင့်အရေးယူမည် မဟုတ်ပေ။ သို့သော် ရှန်းထင်ရွှမ်းနှင့် အချိန်ကြာ အတူရှိပြီးနောက် ရှန်းထင်ရွှမ်းက အလွန်ဖြူစင်သည်ကို တွေ့ရှိသွားပြီး သူက ရှန်းထင်ရွှမ်းကို သမီးတစ်ယောက်ကဲ့သို့ သဘောထားပေသည်။

ရှန်းထင်ရွှမ်းက "ကောင်းပြီ "

လုမင်ဟွေ့က တဖန် ပြောလိုက်သည်။ "ပြီးရင် သူတို့က မင်းကို ဒီနေ့ပို့ပေးတာတွေအတွက် ငွေချေကြလိမ့်မယ်၊ သူတို့က နေ့ခင်းလောက်ကျ ငွေလွှဲပေးလိမ့်မယ်၊ စိတ်မပူနဲ့ "

ငွေအတွက်မူ ရှန်းထင်ရွှမ်းက တကယ်ကို စိတ်မပူပေ။ သူမက ယနေ့ သူမစိုက်ထားသည့် အသီးများကို လူ ၆၄ ယောက် ဝယ်၊ မဝယ်ကိုသာ ပိုပြီး စိုးရိမ်ပူပန်နေသည်။

...

ပိုင်လျန်စူပါမားကတ်ရှိ ဝန်ထမ်းများက အသီးများ ရောက်ရောက်ချင်း စင်ပေါ်သို့ တင်လိုက်ကြသည်။

မနေ့က နေ့လယ်တွင် ရှောင်းလျှိုက သူမဝယ်ယူထားသော အသီးများကို သူမ၏ရုံးသို့ ယူသွားခဲ့သည်။ သူမဘေးရှိ လုပ်ဖော်ကိုင်ဖက် ရှောင်ကျန်းက အနံ့ရသွားပြီး စကားအနည်းငယ် မေးမြန်းခဲ့သည်။

ရှောင်းလျှိုက သူတို့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု ရှိသည်ကို တွေးမိတာကြောင့် သူမက ရှောင်ကျန်းကို ဆီးသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံး ပေးခဲ့သည်။ ပထမတော့ ရှောင်ကျန်းက ရှောင်းလျှိုသည် အနည်းငယ် ကပ်စေးနဲသည်ဟု ထင်မိသည်။ သူက သူမကို ဆီးသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံးကိုသာ ပေးခဲ့သောကြောင့် ဖြစ်သည်။

သူမက အသီးများကို စားပြီးသောအခါ ရှောင်ကျန်းက ရှောင်းလျှိုသည် ကပ်စေးနှဲသည်ဟု အပြစ်တင်ခဲ့သည်မှာ မှားယွင်းကြောင်း တွေ့ရှိသွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုကဲ့သို့ အရသာရှိသော အသီးမျိုးကို တခြားသူအား ခွဲဝေပေးရန် ဆန္ဒရှိသောကြောင့် သဘောထားကြီးသည်ဟုပင် ထင်သွားခဲ့သည်။

နေ့လယ်တွင် ရှောင်ကျန်းက ပိုင်လျန်စူပါမားကတ်ရှိ အောက်ထပ်သို့ သွားခဲ့သည်။ ထို့နောက် ဆီးသီးနှင့် မက်မွန်သီးများ ရောင်းကုန်သွားသည်ကို တွေ့လိုက်ရသည်။ ရှောင်ကျန်းက အနီးတွင်ရှိသည့် တခြားဆီးသီးများကို ဝယ်ခဲ့သည်။ သို့သော် ထိုအသီးများက သူမ နေ့လယ်က စားခဲ့သည့် အသီးများကဲ့သို့ အရသာမဟုတ်ပေ။

ထို့ကြောင့် နောက်နေ့မနက် ၈နာရီ ၅၀မိနစ်တွင် သူမက ပိုင်လျန်စူပါမားကတ်၏ အောက်ထပ်တံခါးသို့ အပြေးသွားခဲ့သည်။ျ

စူပါမားကတ်က ၉နာရီတွင် ဖွင့်သည်။ ပစ္စည်းဝယ်ရန် တန်းစီနေသည့်သူက အများကြီးမရှိပေ။ လူအများစုက အနီးအနားတွင် နေထိုင်သူများ ဖြစ်ကြသည်။ သူတို့က လတ်ဆတ်သည့်အသီးတချို့ကို ဝယ်ရန် စောစောလာခဲ့ကြသည်။

သို့သော် ယနေ့တွင် ပုံမှန်ထက် လူများနေပုံပေါ်သည်။ အများစုက ငယ်ရွယ်သည့်သူများ ဖြစ်ကြသည်။

စူပါမားကတ်က ဖွင့်ဖွင့်ချင်း ရှောင်ကျန်းက စင်ဆီသို့ အပြေးအလွှားသွားခဲ့သည်။ သူမကဲ့သို့ တူညီသည့်လမ်းကြောင်းကို သွားနေသည့် လူက အနည်းဆုံး ၁၀ယောက်ခန့်ရှိသည်ကို သူမ တွေ့လိုက်ရသည်။

ထိုလူများစွာကလည်း ထိုအသီးနှစ်မျိုးသည် အရသာရှိကြောင်း သိပြီးပုံပေါ်ပေသည်။ါ

ရှောင်ကျန်းက တစ်ကတ်တီစီ ဆွဲယူလိုက်သည်။ သူမသည် မူလက ရွေးချင်ခဲ့သည်။ သို့သော် သူမဘေးရှိလူက အသီးတချို့ကို လျင်မြန်စွာ ဆွဲယူပြီး အိတ်ထဲသို့ ထည့်နေပေသည်။

ထို့ကြောင့် ရှောင်ကျန်းကလည်း ထိုအသီးနှစ်မျိုးကို ကြုံရာကျပန်း ဆွဲယူလိုက်ရပြီး ကုမ္ပဏီသို့ ပြန်လာခဲ့သည်။ မနေ့တုန်းက သူမသည် ရှောင်းလျှို ပေးသောအသီးကို စားခဲ့သောကြောင့် ယနေ့ ရှောင်ကျန်းက ဆီးသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံးကို ရှောင်းလျှို၏ စားပွဲပေါ်တွင် ပြန်တင်ပေးထားခဲ့သည်။

ရှောင်းလျှိုက ယနေ့တွင် စီမံကိန်းတစ်ခုအတွက် အပြင်ကို ထွက်သွားခဲ့သည်။ သူမ ပြန်ရောက်လာသောအခါ ထိုအသီးနှစ်လုံးကို တွေ့သွားသည်။ သူမက ချက်ချင်း လှုပ်ရှားလိုက်သည်။

ရှန်းထင်ရွှမ်းက နောက်ဆုံးကျန်သည့်ဝါးများကို ရွှေ့ပြောင်းစိုက်ပျိုးပြီးနောက် သူမက လွှဲငွေ ၂၀၅၆၅ ယွမ်ကို လက်ခံရရှိခဲ့သည်။

သူမက မစ်ရှင်ပြီးမြောက်ကြောင်း သတိပေးချက်တစ်ခု လက်ခံရရှိပြီးနောက် ဝိညာဉ်သွေးကြော ၇%ကို ပြန်လည်ရရှိခဲ့သည်။ သူမ၏ခန္ဓာကိုယ်ထဲ၌ စွမ်းအင်အနည်းငယ်ကို ခံစားလိုက်ရပြီး ရှန်းထင်ရွှမ်းက အလွန် ပျော်ရွှင်နေခဲ့သည်။

ခက်ခက်ခဲခဲလုပ်ကိုင်ရသော ရက်အနည်းငယ်ကို ဖြတ်သန်းပြီးနောက် သူမက ဝါးတောကို သူမ၏တောင်ခြေသို့ တဖြည်းဖြည်း ရွေ့ပြောင်းစိုက်ပျိုးပြီးခဲ့သည်။

ယခု ရှင်းယွမ်ရှန်၏ ဝင်ပေါက်သည် သီးခြားလှပနေပေသည်။

အရှေ့ဝင်ပေါက်တွင် သူမသည် ဖြတ်ထားသော ဝါးများဖြင့် ခြံစည်းရိုးတစ်ခု ပြုလုပ်ထားသည်။ ဝါးတစ်ချောင်းကို တစ်ခြမ်းခြမ်းထားပြီး လုံးဝန်းသည့်ဘက်ခြမ်းကို အပြင်ဘက် မျက်နှာမူထားကာ အဖြူဘက်ခြမ်းကို ရှင်းယွမ်ရှန်ဘက်သို့ မျက်နှာမူထားသည်။

နောက်ထပ် အမာခံဝါးခုနှစ်ချောင်း ရှိသည်။ တစ်ခုစီက တစ်မီတာခန့် ရှိပေသည်။

၎င်းက မြက်ပင်များနီးတူ အကြီးမြန်ပြီး အရင်ကထက် ပိုမိုကောင်းမွန်ပုံ ရသည်။

......

ရှောင်ဖုန်းသည် သူ၏ အမြန်ချောပို့ပစ္စည်းထုပ်က ရောက်လာသောကြောင့် ယနေ့ စောစောပြန်လာခဲ့သည်။

ရွာက အနည်းငယ် အစွန်အဖျားကျသောကြောင့် အမြန်ချောပို့ပစ္စည်းထုပ်ကို သတ်မှတ်ထားသည့် နေရာတစ်ခု၌သာ သွားယူရသည်။ ထိုနေရာသည် ရွာနှင့် အနည်းငယ် ဝေးကွာပေသည်။

သို့သော်လည်း ဝိုင်အမြန်ချောပို့က ရွာသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သည်။ သို့သော် သူက ပစ္စည်းထုပ်များကို စုပြီး ရက်အနည်းငယ်ကြာမှ ရွာသို့ အတူ ပို့ပေးသောကြောင့် အချိန်ပိုကြာပေသည်။

ရှောင်ဖုန်းက အရင်တုန်းက သတိမပြုမိခဲ့ချေ။ သို့သော် ရှင်းယွမ်ရှန်က ကြီးကြီးမားမား ပြောင်းလဲနေသည်ကို ယနေ့ ရှာဖွေတွေ့ရှိသွားသည်။ လှပသော ဝါးပင်တန်းက တောင်ခြေ၌ စီတန်းတည်ရှိနေပေသည်။ ယခင်ကကဲ့သို့ လူနေကင်းမဲ့သည့် လက္ခဏာမျိုး မရှိတော့ပေ။

မနီးမဝေး၌ ရှန်းထင်ရွှမ်းက ဝါးများကို ဂရုစိုက်နေပြီး ကောင်းကင်၌ ကြီးမားတောက်ပသည့် နေဝင်ချိန် သဘာဝရှုခင်းက လှပနေပေသည်။ ထိုရှုခင်းက ရှောင်ဖုန်းကို သူ၏ ယာဉ်မောင်းဘေးခုံပေါ်မှ DSLR ကင်မရာကို အမှတ်မထင် ကောက်ယူပြီး မနီးမဝေးက ရှန်းထင်ရွှမ်းကို ရိုက်မိစေသည်။ သူ ပုံတစ်ပုံ ရရှိခဲ့သည်။

သူက ကားကို ပါကင်ထိုးလိုက်ပြီး ရှန်းထင်ရွှမ်းကို ရှာရန် ထွက်လာခဲ့သည်။ သို့သော် ဝိုင်ပို့ဆောင်ရေးကား လာနေသည်ကို သူတွေ့သွားသည်။ ရှောင်ဖုန်းနှင့် ပို့ဆောင်သူက သူ၏အိမ်ရှေ့တံခါးသို့ အတူတကွ ရောက်ရှိသွားသည်။

အရာအားလုံး လုပ်ဆောင်ပြီးနောက် ရှောင်ဖုန်းက ရှင်းယွမ်ရှန်သို့ ကြည့်လိုက်ပြီး ရှန်းထင်ရွှမ်းက ဝင်ပေါက်တွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။

ရှောင်ဖုန်းက သူ့စိတ်ထဲတွင် အနည်းငယ် ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။ သူက တံခါး၌ ခဏကြာ ရပ်နေခဲ့ပြီး ပစ္စည်းထုပ်ကို အထဲသို့ ရွှေ့လိုက်သည်။ ထို့နောက် DSLR ကင်မရာမှ ပုံများကို သူ၏ကွန်ပျူတာထဲသို့ ကူးတင်ရန် ဒုတိယထပ်သို့ ပြန်သွားလိုက်သည်။

နောက်ဆုံးပုံထိကို မောက်စ်ဖြင့် တိုက်ရိုက်ဆွဲယူလိုက်ပြီး Photoshop ကို ဖွင့်လိုက်သည်။ ပြီးနောက် ပုံကို ထည့်လိုက်ပြီး ပုံ၏အစိတ်အပိုင်းတချို့ကို ဖြတ်လိုက်သည်။ အရောင်ကို ညှိလိုက်ပြီး ရှောင်ဖုန်းက ၎င်းကို သိမ်းရန် save ကို နှိပ်လိုက်သည်။

ရှောင်ဖုန်းက တစ်ကိုယ်တော် မီဒီယာသမား တစ်ယောက်ဖြစ်သည်။

သူ အထက်တန်းကျောင်းတုန်းက ပထမဆုံး စမတ်ဖုန်းကို ရရှိခဲ့သည်။ ထိုအချိန်၌ ရှောင်ဖုန်းက ဓာတ်ပုံရိုက်ခြင်းကို စွဲလမ်းခဲ့သည်။ သူ၏ဖုန်းဖြင့် ရိုက်ယူခဲ့သော ပုံများကို ဝက်ဘ်ဆိုဒ်အချို့တွင် တင်ခဲ့ပြီး တစ်ခါတစ်ရံ မူပိုင်ခွင့် အခကြေးငွေအချို့ လက်ခံရရှိခဲ့သည်။

ထိုဝင်ငွေဖြင့် ရှောင်ဖုန်းက သူ့ဘဝမှာ ပထမဆုံး DSLR ကင်မရာကို ဝယ်ယူခဲ့သည်။ ရှောင်ဖုန်းက ဓာတ်ပုံပညာကို ပိုမို စိတ်ဝင်စားလာခဲ့သည်။

DSLR ကင်မရာပိုင်ရှင်တွေက ဆင်းရဲကြတယ် ဆိုသည့် ဆိုရိုးက အမှန်ပင် ဖြစ်သည်။ ရှောင်ဖုန်းက ပိုကောင်းသောမှန်ဘီလူးနှင့် ကင်မရာကို ဝယ်ချင်သည်။ အားလုံးက ငွေအများအပြား လိုအပ်သည်။ ထို့ကြောင့် ရှောင်ဖုန်းက လမ်းပေါ်ရှိ လှပသော အမျိုးသမီးများကို ပုံရိုက်ရန် စတင်ခဲ့ပြီး Weibo အကောင့်တစ်ခုကိုလည်း ဖွင့်ခဲ့သည်။

ပထမက သူသည် ပုံရိုက်ဖို့ ခွင့်ပြုရန် လမ်းပေါ်ရှိ အလှလေးများကို မေးခဲ့သည်။ နောက်တော့ ရှောင်ဖုန်းက အောင်မြင်ကျော်ကြားလာပြီးနောက် လူများစွာက သူ့ကို ပုံများရိုက်ကူးပေးရန် ရှာဖွေလာကြသည်။

နှစ်အနည်းငယ်ကြာပြီးနောက် ကင်မရာ ဝယ်ရန်အတွက် ငွေကို စိုးရိမ်စရာ မလိုတော့ချေေ

ထိုရိုက်ကူးခဲ့သည့် နှစ်များပြီးနောက် ရှောင်ဖုန်းက သူ၏မူလရည်ရွယ်ချက်မှ ဖြည်းဖြည်းချင်း လမ်းကြောင်းလွဲလာခဲ့သည်။ အစပိုင်းတွင် သူက ဖုန်းတစ်လုံးသာ ရှိခဲ့ပြီး သူ ကြိုက်နှစ်သက်တာကိုသာ ရိုက်ခဲ့သည်

နောက်ပိုင်းတွင် ပိုက်ဆံရရန် သူက အခြားသူများ၏လိုအပ်ချက်ကို လိုက်ပြီး ရိုက်ကူးရန် စတင်ရတော့သည်။

ယခု ကွန်ပျူတာပေါ်တွင် ရှိနေသည့်ပုံကို ကြည့်ပြီး ရှောင်ဖုန်းက မျက်ရည်ကျလာသည်။ ဤအရာက သူ၏ မူလရည်ရွယ်ချက်ပင် ဖြစ်သည်။ ထိုကဲ့သို့ ပုံမျိုးက သူ၏နှလုံးသားထဲမှ ရိုက်ကူးချင်ခဲ့သည့် ပုံမျိုးဖြစ်သည်။

သူတို့နှစ်ယောက်က အချိန်အတော်ကြာ တစ်ယောက်နှင့် တစ်ယောက် သိခဲ့ကြသော်လည်း ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ဆက်သွယ်ရန် အချက်အလက်ကိုပင် မသိခဲ့ချေ။ သူက ရှန်းထင်ရွှမ်း၏နာမည်ကို အင်တာနက်ပေါ်တွင် ရိုက်ရှာလိုက်ပြီး Enter ခေါက်လိုက်သည်။

...

ရှောင်ဖုန်းကဲ့သို့ပင် တခြားသော တချို့လူများကလည်း ရှန်းထင်ရွှမ်း၏သတင်းကို အင်တာနက်ပေါ်တွင် ရှာဖွေခဲ့ကြသည်။

စာရေးသူမှာ ပြောစရာရှိနေပါသည်။

ရှန်းထင်ရွှမ်းသတင်းကို ဘယ်သူတွေ ရှာဖွေနေလဲဆိုတာ မှန်းကြည့်ပါ။

…

အပိုင်း (၉)

ရှန်းထင်ရွှမ်းရဲ့ အချက်အလက်တွေကို ရှာဖွေနေတဲ့သူဟာ လုံး၀ကြီး သူစိမ်းတော့မဟုတ်ပါဘူး။ ဝမ့်ချန်ပါပဲ။

ဤအတောအတွင်း ဝမ့်ချန်က ရှန်းထင်ရွှမ်းကို သူ့ဘက်က စပြီး လာမရှာခဲ့ပေ။

သူမသာ ရှန်းထင်ရွှမ်းကို သုံးရက်ကျော်ခန့် လျစ်လျူရှုထားခဲ့လျှင် ရှန်းထင်ရွှမ်းကိုယ်တိုင် သူမကို အရင်လာရှာလိမ့်မည်ဟု အတိတ်က အတွေ့အကြုံအရ ဝမ့်ချန်က ယုံကြည်နေခဲ့သောကြောင့် ဖြစ်သည်။

တကယ်တမ်းတော့ ရှန်းထင်ရွှမ်းက သူမကို တစ်ခါမှ လာမရှာခဲ့ပေ။ သူမကသာ ရှန်းထင်ရွှမ်းဆီကို နှစ်ကြိမ်တိုင် သွားခဲ့သော်လည်း တစ်ဖက်က အလွန်အေးစက်နိုင်လွန်းသည်။

ဝမ့်ချန်က နားမလည်ခဲ့ချေ။ သူတို့နှစ်ယောက် ယခင်က အဆင်ပြေနေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ပြီးခဲ့သည့် အခေါက်က ရှင်းယွမ်ရှန်မှာ အမှတ်မထင် ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်ကြောင့် ဝမ့်ချန်က ရှန်းထင်ရွှမ်းကို ဆက်မရှာခဲ့ခြင်းဖြစ်သည်။

သို့‌သော် ရှန်းထင်ရွှမ်းက အသီးများ တကယ်ရောင်းနေမည်ဟု သူမ မထင်ထားခဲ့ချေ။

ပြီးတော့ အဲဒါတွေကို ပိုင်လျန့်စူပါမားကတ်မှာလည်း ရောင်းနေတယ်လား။

ဟိုင်ကျောင်းဖိုရမ်သည် တရုတ်၏အကြီးမားဆုံးဖိုရမ် ဖြစ်သည်။ ၎င်းတွင် အမျိုးမျိုးသော ပို့စ်များ ရှိကြသည်။ သူမက ရှင်းယွမ်ရှန်ကို ရှာဖွေလိုက်ပြီး ရှင်းယွမ်ရှန်နှင့်ပတ်သက်သည့် ပို့စ်များသည် ရှာဖွေမှုစာရင်းတွင် ပထမဆုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုပို့စ်ကို “ပိုင်းလျန် စူပါမားကတ်၏ နောက်ဆုံးပေါ်အသီးသည် ရိုးရိုးရှင်းရှင်းပင် ထိပ်ဆုံး ဖြစ်နေသည်” ဟု ခေါ်သည်။

ဝမ့်ချန်က ၎င်းထဲသို့ နှိပ်ဝင်လိုက်ပြီး ထိုမှတ်ချက်က စာမျက်နှာပေါင်းများစွာမှာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ၎င်းသည် လူကြိုက်များသော ပို့စ်ဖြစ်နေသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပေ။

[ပို့စ်။ မင်း မကြာသေးခင်က ပိုင်လျန်စူပါမားကတ်ကို သွားခဲ့တာတော့ ငါ မသိဘူး။ ငါတို့အိမ်နားမှာလည်း တစ်ခု ရှိတယ်။ မနက်က စားစရာဝယ်ဖို့ ငါ့အမေနဲ့ လိုက်သွားတာ။ အဲဒီမှာ လူတစ်စုက တစ်ခုခုကို စုပြုံတိုးနေတာကို ငါတွေ့လိုက်တယ်။ သူတို့ လှည့်ထွက်လာတာကို ကြည့်လိုက်တော့ ဆီးသီးနဲ့ မက်မွန်သီးတွေ ဖြစ်နေတယ်လေ။ ဒါ့အပြင် စျေးလည်း ကြီးသေးတယ်။ အရင်က ဆီးသီးတွေက တစ်ကတ်တီကို ၃ယွမ်လေ။ အခု ဒီမှာက တစ်ကတ်တီကို ၁၀ယွမ်နဲ့ မက်မွန်တစ်ကတ်တီကို ၂၀ယွမ်ပေးရတယ်။ ဒါပေမဲ့ လူတိုင်းက အပြေးသွားနေကြတုန်းပဲ။ ဒါ့ကြောင့် ငါလည်း စားကြည့်ဖို့ ဆီးသီးနှစ်လုံးနဲ့ မက်မွန်သီးနှစ်လုံးကို ဝယ်ခဲ့တယ်။ အိမ်ကျ စားကြည့်လိုက်တော့ အဲဒါက တကယ့်ကို အရသာရှိတာပဲ။ အဲဒါနဲ့ များများထပ်ဝယ်ဖို့ ပြန်သွားလိုက်တယ်။ ဒါပေမဲ့ အဲ့အသီးနှစ်မျိုးလုံးက ရောင်းကုန်သွားပြီ။ ဘုရားရေ... ။ ဝမ်းနည်းစရာကောင်းတာကတော့ ငါလေ ဆီးသီးရော၊ မက်မွန်သီးရော ဘာမှ မရခဲ့တာပဲ]

[မှတ်ချက် ၁။ ပို့စ်တင်သူပြောချင်တာကို ငါ သိတယ်။ ငါလည်း အဲဒီအသီးတွေကို ဝယ်ခဲ့တယ်။ အဲဒီအသီးတွေက အမှန်တကယ်ပဲ အရသာရှိလွန်းတယ်]

[မှတ်ချက် ၂။ သက်သေပြဖို့ ပုံရှိလား]

[မှတ်ချက် ၃။ ဒီဟာ မဟုတ်ဘူးလား။ (ပုံ) ]

ပုံထဲတွင် ဆီးသီးနှင့် မက်မွန်သီးများက အလွန် ကြည့်ကောင်းပေသည်။ မကြာခဏ ဖိုတို‌ရှော့ကို အသုံးပြုတတ်သည့် ဝမ့်ချန်က ထိုပုံသည် စစ်ထုတ်မှုနှင့် အရောင်ပြုပြင်ခြင်းများ မရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။ အရိုးသားဆုံးပြောရလျှင် သူမလည်း ထိုအသီးများကို စားချင်ပေသည်။

အထူးသဖြင့် သူမက ထိုဆီးသီးကို တကယ်ပဲ စားပြီးပြီ ဖြစ်ကာ ၎င်း၏အရသာက အမှန်တကယ် ကောင်းမွန်ကြောင်း သိပေသည်။

[မှတ်ချက် ၁၃။ အပေါ်က လူတွေပြောတာအားလုံး ယုံလို့ ရလို့လား]

[မှတ်ချက် ၁၄။ ငါလည်း အရမ်း စားချင်တယ်]

[မှတ်ချက် ၁၅။ အရမ်းစျေးကြီးတယ်။ ဝယ်တဲ့သူက အရူးတစ်ယောက်ပဲ ဖြစ်မယ်]

ဝမ့်ချန်က ၎င်းကို မြင်ပြီး အနည်းငယ် ပျော်ရွှင်သွားသည်။ အားလုံးပြီးနောက် လူတချို့က ထိုပို့စ်ကို မေးခွန်းများ ထုတ်နေကြသည်။ မင်း ဒီထက်ပိုပြီး အောက်ကို ဆွဲကြည့်လေ ထိုပို့စ်ရဲ့ ဦးတည်ရာက မှားလေ ဖြစ်သည်။

[မှတ်ချက် ၁၀၉။ ငါမထိန်းနိုင်တော့ဘူး။ အဲဒါကို ဒီနေ့ပဲ သွားဝယ်မယ်။ အဲဒါက တကယ် အရသာရှိတယ်။]

[မှတ်ချက် ၁၁၀။ တောင်းပန်ပါတယ်။ ငါ ခုနက ပြောခဲ့တာအတွက် တောင်းပန်ပါတယ်။ ငါက အရူးတစ်ယောက်ပါ။ အရူးတစ်ယောက် ဆက်ဖြစ်နေတုန်းပဲ]

[မှတ်ချက် ၁၁၁။ ငါ စားပြီးသွားတော့ အကုန်လုံး ချဲ့ကားပြောနေဖို့ မလိုတာကို သိလိုက်ရပြီ]

‌နောက်ဆုံးစာမျက်နှာ အနည်းငယ်ကို ကြည့်လိုက်ရာ မှတ်ချက်များက ရောက်လာခဲ့သည်။ .....

[မှတ်ချက် ၉၈၇။ ဒီလူက ပိုင်လျန်ကို ပစ္စည်း ပိုထားပေးဖို့ တောင်းဆိုလိုက်ပြီ]

[မှတ်ချက် ၉၈၈။ သဘောတူပါတယ် ။ +၁ ]

[မှတ်ချက် ၉၈၉။ +၂ ]

[မှတ်ချက် ၉၉၀။ +၃ ]

ထို့နောက် နောက်မှတ်ချက်၌ ယခုည လူတိုင်းက အသီးများကို တိုက်ရိုက် ခူးယူကြလိမ့်မည်။ ဤအသီးများကို ရှင်းယွမ်ရှန်မှ ထောက်ပံ့သည်။ သင်က အဖွဲ့တစ်ခုကို ဖောင်တင်နိုင်ပြီး ရှင်းယွမ်ရှန်မှာ ၎င်းကို ဝယ်ရန် သွားနိုင်ပေသည်။

ဤအရာကို မြင်ပြီး ဝမ့်ချန် ငြိမ်မနေတော့ချေ။

ပိုင်လျန်စူပါမားကတ်ကို ဖန်းမိသားစုက ပိုင်ဆိုင်သည်။ ဖန်းမိသားစုက ရှန်းမိသားစုထက် အခြေအနေဆိုးပေသည်။ သို့သော် ၎င်းတွင် ဘီမြို့၌ မြင့်မားသောအသိုင်းအဝိုင်းတွင် နေရာတစ်ခု ရှိပြီးသားလည်း ဖြစ်သည်။

ရှန်းထင်ရွှမ်းသည် ဖန်းမိသားစုကို မည်ကဲ့သို့ လာဘ်ထိုးလိုက်မှန်း သူမ မသိချေ။ သို့သော် ပိုင်လျန်က ရှန်းထင်ရွှမ်း၏ အသီးများကို ရောင်းရန် ဆန္ဒရှိနေပေသည်။

ထိုအရာကို စဥ်းစားလိုက်ပြီးနောက် ဝမ့်ချန်က ရှန်းရွှမ်ကို ဖုန်းခေါ်လိုက်သည်။

ရှန်းရွှမ်က အိမ်၌ ညစာစားနေခဲ့ပြီး ထိုသတင်းကို ကြားသောအခါ သူမ မျက်နှာပျက်သွားခဲ့သည်။

ဖုန်းချလိုက်ပြီးနောက် ပါပါးရှန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ "ဘာကိစ္စလဲ " သူ့တွင် သမီးနှစ်ယောက်ရှိသည်။ သို့သော် ရှန်းရွှမ်က သူ့ကို မပူပန်စေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ရှန်းရွှမ်၏ မျက်နှာထားက တစ်စုံတစ်ခုကို ပြောရန် ချီတုံချတုံ ဖြစ်နေပြီး ဘေးနားရှိ မာမားရှန်က မေးလိုက်သည်။ "အဲဒါက ဘာလဲ ရွှမ်ရွှမ်၊ သမီး ဘာကြောင့် တန်းမပြောနိုင်ရတာလဲ "

ရှန်းရွှမ်က ပြောလိုက်သည်။

"ဖုန်းဆက်တဲ့သူက ညီမလေးရဲ့သူငယ်ချင်းပါ၊ သူက ပြောတယ်၊ ညီမလေးက အသီးတွေ ရောင်းနေတယ်တဲ့ " စကားပြောပြီးနောက် သူမ၏မျက်နှာပေါ်၌ စိုးရိမ်သည့်မျက်နှာထားဖြင့် ရှိနေပေသည်။

ဘေးနားရှိ မာမားရှန်က မနှစ်သက်စွာ ပြောလိုက်သည်။

"ငါတို့ ရှန်မိသားစုက သူ့ကို ထောက်ပံ့ဖို့ အစားအစာတွေရော အဝတ်အထည်တွေရော ပြတ်လပ်နေလို့လား၊ ဘာလို့ အသီးရောင်းစားနေတာလဲ "

ရှန်းရွှမ်က တုံ့ဆိုင်းနေသည်။ ပြီးနောက် ပါပါးရှန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သမီးကြားခဲ့တာက ညီမလေးက ပိုင်လျန်စူပါမားကတ်မှာ အသီးတွေရောင်းနေတာတဲ့၊ နက်ဖြန် ညီမလေးကို သမီး သွားတွေ့ရင်ရော "

ရှန်းထင်ရွှမ်းအသီးများကို ပိုင်လျန်၌ ရောင်းနေသည်ဟု သူမသာ အရင်ဆုံး ပြောခဲ့လျှင် ပါပါးရှန်က မည်သည်က မှားယွင်းနေသည်ကို တွေးလိမ့်မည် မဟုတ်ကြောင်း ရှမ်းရွှမ်က သိသည်။ သို့သော် ရှန်းထင်ရွှမ်းက အသီးများကို ရောင်းနေကြောင်း သူမ အရင်ဆုံးပြောလိုက်ပြီး နောက်မှ တည်နေရာကို ပြောခဲ့လျှင် ပါပါရှန်းက ပိုင်လျန်စူပါမားကတ်၌ အသီးများ ရောင်းသည့်အကြောင်းကို တွေးနိုင်တော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူမ တွေးထားတဲ့အရာမှာ ရှန်မိသားစုက မိန်းကလေးက အသီးတွေ ရောင်းနေရတယ်လို့ ထင်အောင် ဖြစ်သည်။

ဣန္ဒြေဆည်နေသော ပါပါးရှန် တစ်ယောက် လုံးဝ ဟန်မဆောင်နိုင်တော့ပေ။ (တိုက်ရိုက်ပြန်ရန်တော့ မျက်နှာ ထိန်းထားခြင်းတဲ့ ရှန်အဖေက မထိန်းထားနိုင်တော့ဘူး)

( TN : တရုတ်ဝတ္ထုတွေက မျက်နှာကို ဣန္ဒြေ၊ ဂုဏ်၊ သိက္ခာ အစရှိသဖြင့်ကို ဖော်ပြရန် အသုံးပြုကြသည်။ သင်သာ တရုတ်ဝတ္ထုဖတ်ရှုသူ တစ်ယောက်ဆိုလျှင် ၎င်းကို နေရာတိုင်းမှာ တွေ့ရလိမ့်မည်။ )

ပါပါးရှန်က တင်းမာစွာ ပြောလိုက်သည်။ "ဖေးရဲ့စူပါမားကတ်မှာ ရောင်းနေရင်တောင် ဒါက မကွဲပြားသွားဘူး "

ဖန်းမိသားစုသည် ရှန်းမိသားစုထက် ပိုဆိုးသည်။ ရှန်းမိသားစုသည် ဖေးမိသားစုထက် ပိုဆိုးပေသည်။ ရှန်း၏လုပ်ငန်းများတွင် စူပါမားကတ် မရှိပေ။ သို့သော် ဖေးမိသားစုက ကွဲပြားပေသည်။ ဖေး၏စူပါမားကတ်က တရုတ်ထိပ်ဆုံး (၁၀၀) စာရင်း မဆိုထားနှင့်။ ကမ္ဘာ့ထိပ်ဆုံး (၁၀၀) စာရင်းပင် ပါဝင်နိုင်ပေသည်။

သို့သော် ပါပါရှန်းက ရှန်းထင်ရွှမ်းဆီသို့ အလည်သွားမည့် ရှမ်းရွှမ်၏ အကြံပေးချက်ကို မငြင်းပယ်ခဲ့ပေ။ ရှန်းရွှမ်က သူမဖုန်းကို အဝေးမှာ ထားလိုက်သည်။ သူမက မနက်ဖြန်တွင် သူ့ညီမလေးဆီသို့ အမှန်တကယ် သွားလိမ့်မည် ဖြစ်သည်။

...

ရှန်မိသားစုတွင် ဘာဖြစ်နေမှန်းမသိသည့် ရှန်းထင်ရွှမ်းက ယခု သူမ၏ဖုန်းကို ကိုင်ထားပြီး တချို့ အဖိုးတန် Page တချို့ကို ရိုက်ရှာနေသည်။ (TN: ထောင်းပေါင်၊ တရုတ်ပြည်၏ အကြီးမားဆုံး အွန်လိုင်းစျေးဝယ်ပလက်ဖောင်း၊ သူ၏နာမည်တွင် ပေါင် (အဖိုးတန်) ဟူသည့် စကားလုံး ပါဝင်ပေသည်။)

သူမ မြင်ခဲ့သည့်၊ ရွာကိုလာသည့်ကားက ဝိုင်ပို့ဆောင်ရေးမှ ဖြစ်သည်ကို သတိရသွားသည်။ မူလကိုယ်၏ အတိတ်မှ မှတ်ဉာဏ်များကို ရှာဖွေလိုက်ပြီး ရှန်းထင်ရွှမ်းက page ပေါ်ရှိ ဝိုင်ပို့ဆောင်ရေး ရနိုင်မည့်ဆိုင်နေရာများကို စစ်ထုတ်လိုက်သည်။

ရှန်းထင်ရွှမ်းက ယခု လူသားတစ်ယောက်ဖြစ်လာသော်ငြား သူမက ယနေ့ခေတ်နည်းပညာများကို အသုံးပြုတတ်ရန် အချိန်တချို့ လိုနေဆဲ ဖြစ်သည်။

ပိုင်လျန်စူပါမားကတ်နှင့် စာချုပ်တစ်ခုကို လက်မှတ်ထိုးပြီးနောက် မကြာမီ သို့မဟုတ် နောက်ကျ ထိုဆီးသီးများနှင့် မက်မွန်သီးများအားလုံးကို ရိတ်သိမ်းရလိမ့်မည်ဟု ရှန်းထင်ရွှမ်း ခံစားနေရသည်။ ကံကောင်းစွာပင် ဤတောင်က လုံလောက်အောင် ကြီးမားပေသည်။ သို့သော် ရွာရှိစျေးဆိုင်၌ သခွား၊ ငရုတ်နှင့် ဂေါ်ဖီစေ့များသာ ရှိပေသည်။

ထို့ကြောင့် သူမက အစေ့အမျိုးအစားအားလုံး၊ ဆန်တချို့၊ ဆီနှင့် တခြားအစားအစာများကို ဝယ်ယူခဲ့သည်။ ၎င်းက စုစုပေါင်း ၈၇၃ယွမ် ကုန်ကျပေသည်။

ဤကာလအတောအတွင်း သူမက ငွေတချို့ ရှာနိုင်ခဲ့သည်။ ယခု သူမ၏အကောင့်တွင် ၃၁၂၇၁ ယွမ် ကျန်ရှိသည်။

ညသန်းခေါင်တွင် သူမက အိပ်ရာထရလိမ့်မည်မှန်း သိနေသောကြောင့် ရှန်းထင်ရွှမ်းက စောစော အနားယူလိုက်သည်။

ည ၁၂နာရီတွင် စနစ်၏ပြိုင်ဘက်ကင်း စက်ပိုင်းဆိုင်ရာအသံက တဖန် ရောက်လာခဲ့သည်။

"မင်းစိုက်ခဲ့တဲ့အသီးတွေကို ၁၂နာရီအတွင်း လူ ၁၂၈ ယောက်ကို စားခိုင်းပါ "

ကောင်းပြီ။ ဒီညလယ်မှာ ထုတ်ပြန်တဲ့မစ်ရှင်က တကယ်ပဲ လူတွေကို ကောင်းကောင်း အိပ်မရအောင် လုပ်နေတာပဲ။

သို့သော် သူမ၏ ဝိညာဉ်သွေးကြောများအတွက် ရှန်းထင်ရွှမ်းက ထလိုက်ပြီး သူမ၏စွမ်းအင်ဖြင့် ရေလောင်းရန် တောင်ပေါ်ရှိ မက်မွန်ပင်သို့ ပြေးသွားခဲ့သည်။

မနေ့ကကဲ့သို့ ရှန်းထင်ရွှမ်းက အိပ်လိုက်ပြီး မနက် ၄နာရီ၌ အသီးများ ထခူးလေသည်။ ဝိညာဉ်စွမ်းအင်များကို သူမ ပိုပြီးရရှိလေလေ ရှန်းထင်ရွှမ်းက ပိုပြီး လက်သွက်လာလေဖြစ်ပြီး အသီးများရိတ်သိမ်းသည့်နှုန်းကလည်း ပိုမို မြန်ဆန်လာခဲ့သည်။

မနက် ၇နာရီတွင် ပိုင်လျန်စူပါမားကတ်မှ ဝန်ထမ်းရောက်လာသောအခါ ရှန်းထင်ရွှမ်းက ဆီးသီး ၁၀၀၃ ကတ်တီနှင့် မက်မွန်သီး ၁၇၀၀ ကတ်တီကို အဆင်သင့် ခူးယူထားခဲ့ပြီး ဖြစ်သည်။

စူပါမားကတ်၏ဝန်ထမ်းက အလေး ချိန်ပြီးသွားပြီး ရှန်းထင်ရွှမ်းအား အလေးချိန် မှတ်တမ်းကို ပေးပြီး ထွက်သွားတော့သည်။

သူတို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများက မများသော်လည်း လူတိုင်းက ၎င်းဆီသို့ လိုက်ကြည့်နေကြသည်။

...

ရှန်းထင်ရွှမ်းက ဆီးသီးများနှင့် ပန်းသီးများကို ခူးယူလိုက်ပြီး တောင်အောက်သို့ ဆင်းသွားလိုက်သည်။ မူလက ရှန်းထင်ရွှမ်းသည် တာဝန်အား ပြီးမြောက်ရန်အတွက် အသီးများကို ရောင်းကူရန် ပိုင်လျန်စူပါမားကတ်ကိုသာ မှီခိုအားထားခဲ့ရသည်။

ရွာထဲမှာလည်း ပုံမှန်ဝယ်သူများရှိလာသောကြောင့် ရှန်းထင်ရွှမ်းက အသီးများကို ပိုခူးယူခဲ့ပြီး တောင်ခြေသို့ ဆင်းလာခဲ့သည်။

ရှောင်ဖုန်းက အသီးဝယ်ပြီးနောက် ထွက်သွားရန် အလျင်မလိုခဲ့ချေ။ သို့သော် လာဝယ်သော လူများ အရင်ထွက်သွားသည်ကိုသာ စောင့်နေခဲ့သည်။

ယနေ့ ထိုနေရာ၌ လူအမြောက်အများ ရှိနေကြသည်။

...

မနေ့က ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းကို ထရပ်ကားအကြောင်း သာမန်ကာလျှံကာ မေးခဲ့သည်။ မကြာမီ ရွာသားများက ရှန်းထင်ရွှမ်း၏ အသီးများကို ပိုင်လျန်စူပါမားကတ်၌ ရောင်းကြောင်း သိရှိသွားခဲ့သည်။

ရွာရှိလူများက စားသောက်ပြီးနောက် မိုးမရွာမချင်း ရွာကော်မတီရုံး၏ အရှေ့ဘက်ရှိ သစ်ပင်ကြီးအောက်တွင် စကားစမြည် ပြောလေ့ရှိကြသည်။ သူတို့အများစုက အကျိုးမရှိသည့် အဓိပ္ပာယ်မရှိသော အတင်းအဖျင်းများကို ပြောကြသည်။

ဥပမာအနေဖြင့် လင်မယား ရန်ဖြစ်သည့်အကြောင်း၊ ယောက္ခမနှင့် ချွေးမ စကားများသည့်အကြောင်းတို့ ဖြစ်သည်။

သူတို့ ပြောသမျှအားလုံးက အရေးမပါသော အကြောင်းအရာများသာ ဖြစ်သည်။

သို့သော် မနေ့ညက လူတိုင်း ခေါင်းစဥ်အသစ်ကို ရှာတွေ့ခဲ့ကြပုံပေါ်သည်။

"ရှင်းယွမ်ရှန်က ဆီးသီးတွေရောင်းနေတာ မင်းတို့သိလား "

"ငါသိတယ်၊ လူတိုင်းက အဲ့ဒါက အရသာရှိတယ်လို့ ပြောနေတာ၊ ငါ ဒီနေ့ တစ်ကတ်တီ သွားဝယ်သေးတယ်၊ အဲ့ဒါက တကယ် အရသာရှိတာပဲ " ဆီးသီးအရသာကို တွေးနေစဉ် ပြောနေသူက သွားရည်များ မထိန်းနိုင်တော့ချေ။

"ငါကြားခဲ့တာတော့ သူက အသီးတွေအားလုံးကို မြို့က စူပါမားကတ်ကြီးမှာ ရောင်းတာတဲ့ "

"ဒါက သာမန်ပဲလေ၊ လျိုစန်းရဲ့မိသားစုက ကလေးက အသီးစားရတာ မကြိုက်ဘူးလေ၊ ဒါပေမဲ့ သူက အဲဒီဆီးသီးတွေနဲ့ မက်မွန်သီးတွေကို စားရတာ အရမ်း ကြိုက်တယ်တဲ့၊ ဟုန်မိန်ရဲ့မိသားစုကလည်း အသီးတွေကို ချီးမွမ်းနေကြတာ " ထိုမိသားစုက သူတို့အဖိုးတန်လေး၏ ပြဿနာကို ဖြေရှင်းနိုင်သောကြောင့် မည်မျှ ပျော်ရွှင်နေမည်နည်း။

"နင် မပြောနဲ့၊ ငါ့ယောက္ခမက အရမ်း ဇီဇာကြောင်တယ်၊ သူကတောင် ဆီးသီးတွေ အရမ်းအရသာရှိတာလို့ ထင်နေတာ " ၎င်းက ရိုးရှင်းသည့်ပင်ကိုစရိုက်နှင့် ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့သည့် ရွာထဲရှိ ဒုတိယမြောက်မိန်းကလေး ဖြစ်သည်။ သို့သော် သူမယောက်ျား၏အမေက ဇီဇာကြောင်သည်။ ကြက်ဥထဲက အရိုးကိုတောင် လိုက်ဖယ်တတ်သည်။ (TN: စိတ်ကူးတစ်ခုဖြ စ်နေလျှင်တောင် အရာရာတိုင်းမှာ အမှားရှာရတာကြိုက်သည်။ )

တစ်စုံတစ်ခုက ကောင်းမွန်စွာ ဘယ်လိုပင် ပြီးသွားပါစေ ကိစ္စမရှိပေ။ ဒုတိယမြောက်မိန်းကလေး၏ ယောက္ခမက အမှားတစ်ခု၊ နှစ်ခု၊ သုံးခုကို ရှာပြလိမ့်မည်။

ဒုတိယမြောက်မိန်းကလေးက လောဘကြီးသည်။ မနေ့က တံခါးနားရှိလူများသည် ရှင်းယွမ်ရှန်၏ ဆီးသီးများက အရသာရှိသည်ဟု ပြောနေသည်ကို သူမက ကြားခဲ့သည်။ ထို့ကြောင့် သူမ အနည်းငယ် ဝယ်ခဲ့သည်။ ပြန်ရောက်လာသောအခါ သူမက ဆီးသီးများသည် အမှန်တကယ် အရသာရှိကြောင်း တွေ့ရှိသွားသည်။

သူမက ပျော်ရွှင်စွာ စားသောက်နေသည်ကို သူမ၏ယောက္ခမက မြင်သွားခဲ့သည်။

ရွာရှိလူအများစုက ဆီးသီးများ စိုက်ပျိုးကြပြီး ထိုမိနိးကလေး၏ မိသားစုသည်လည်း ခြွင်းချက် မဟုတ်ပေ။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူမ၏ယောက္ခမက အနည်းငယ် မပျော်မရွှင် ဖြစ်သွားပြီး ငွေများကို လက်လွတ်စပယ် သုံးဖြုန်းနေသည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်မှာ ဒုတိယမြောက်မိန်းကလေးက စိတ်ဝင်စားမနေဘဲ သူမယောက္ခမကို ဆီးသီးတစ်လုံး ထိုးကျွေးလိုက်သည်။

သူမ၏ယောက်ျားကို လက်ထပ်ပြီးကတည်းက သူမ၏ယောက္ခမ ထိတ်လန့်သွားသည်ကို သူမ မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပြီးနောက် ထိုမိန်းကလေး၏ယောက္ခမက သူမဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူတို့နှစ်ယောက်လုံးက ဆီးသီးတစ်ကတ်တီကို တစ်ထိုင်ထဲ စားလိုက်ကြတော့သည်။

စားပြီးနောက် ထိုမိန်းကလေး၏ ယောက္ခမက မကျေမနပ်ပြောနေဆဲ ဖြစ်သည်။

"ဘာလို့ နည်းနည်းလေး ဝယ်လာတာလဲ " ပုံမှန်ဆို ဒုတိယမြောက် မိန်းကလေးက ကုန်စုံဆိုင်သွားပြီး ပစ္စည်းများ ဝယ်လာချိန်တွင် အဆူခံရသည်။

ထိုအချိန်တွင် မိန်းကလေးက အလွန် အံ့အားသင့်သွားခဲ့သည်။

လူတိုင်းက ရှင်းယွမ်ရှန်၏ ဆီးသီးများသည် အရသာရှိကြောင်း ပြောဆိုနေကြပြီး ရုတ်တရက် နားဝင်မချိုသည့် အသံတစ်ခုက ပြောလိုက်သည်။

"လူတိုင်းက တစ်ရွာတည်းမှာ နေကြတာပဲ၊ မြေကလည်း တူတူပဲ၊ ဘာလို့ ရှင်းယွမ်ရှန်ရဲ့ ဆီးသီးတွေက အရမ်းအရသာရှိနေရတာလဲ။ ငါတို့စိုက်တာတွေကျတော့ ဒီအရသာ မဟုတ်ဘူး”

ထိုစကားများ ပြောပြီးပြီးချင်း တစ်စုံတစ်ယောက်က နောက်မှ လိုက်ပြောလိုက်သည်။

"မှန်တယ်၊ ဘာလို့ သူ့ရဲ့အသီးတွေ ပိုပြီး အရသာရှိနေရတာလဲ၊ ဘာလို့ စူပါမားကတ်ကြီးမှာ တင်ရောင်းနိုင်ရတာလဲ "

"ရှင်းယွမ်ရှန်က နှစ်အကြာကြီး မစိုက်ပျိုးဘဲထားတာကြောင့် ဖြစ်နိုင်တယ် "

တခြားသူများကလည်း ပြောလိုက်သည်။ "ဘယ်သူမှ မစိုက်ဖူးဘူး။ ဒီမြေက သန့်စင်တယ်လို့တော့ ပြောနိုင်တယ်၊ ဒါပေမဲ့ အရသာက အရမ်းကြီး ကွာခြားလွန်းနေတာတော့ ငါမပြောတတ်ဘူး"

"မင်း ဘာကြောင့် ဒီလို ပြောတာလဲ "

"ငါမသိဘူး၊ ဒီဆီးသီးက မရိုးရှင်းဘူးလို့ ငါ အမြဲတမ်း ခံစားနေရတယ်၊ အဲထဲကို ဟော်မုန်းလိုမျိုးဟာတွေ ထည့်ထားတာ ဖြစ်နိုင်တယ် "

"ငါလည်း ကြားခဲ့သေးတယ်၊ အခု လူအများစုက အသီးတွေကို ရင့်မှည့်စေတဲ့ဆေးတွေ သုံးကြတယ်တဲ့၊ အသီးတွေ ကြည့်ကောင်းအောင်လုပ်ဖို့ သူတို့က ဆိုးဆေးနဲ့ ဆေးသကြားတွေ ပေါင်းထည့်ကြတယ်တဲ့ "

လူတချို့ကတော့ ဒေါသတကြီး ပြန်ပြောလိုက်ကြသည်။

"ဒါပေမဲ့ ဆီးသီးတွေက အရမ်းအရသာရှိတာနော်၊ ငါက အခွံတောင်နွှာပြီး အကုန်လုံးကို စားလိုက်တာ၊ ငါတော့ ဘာထူးဆန်းတဲ့ အရသာမှ မရပါဘူး "

"ဟုတ်တယ်၊ ငါလည်း အခွံတစ်ခုပဲချန်ပြီး ဟိုးအူတိုင်ထဲထိ အကုန်လုံး စားလိုက်တာ၊ အဲ့အသီးတွေက မွှေးကြိုင်ပြီး ကြွပ်ဆတ်နေတာပဲ "

" ငါကတော့ အဲဒါကို သတိရှိရှိစောင့်ကြည့်တာ ပိုကောင်းမယ်လို့ ထင်တာပဲ "

ဘာပဲဖြစ်ဖြစ် ထိုစကားဝိုင်းက ယနေ့ ရှန်းထင်ရွှမ်းကို ဝယ်သူအများအပြား ရရှိသွားစေပြီး ရှန်းထင်ရွှမ်း အားသည်ထိ ရှောင်ဖုန်းက အချိန်အတော်ကြာ စောင့်နေခဲ့ရသည်။

စာရေးသူမှာ ပြောစရာရှိနေပါသည်။

အို့… နောက်ဆုံးတော့ ဒီအခန်းကို အစားထိုးနိုင်ခဲ့ပြီ။

...

All Chapters