အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း (၁၉)
ရှန်းထင်ရွှမ်းက အသီးအများအပြားကို စိုက်ပျိုးနိုင်သည်။ သို့သော် သူမ၏ ဝိညာဉ်သွေးကြော ပြန်လည်ရရှိမှုက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သူမက အသီးခူးဆွတ်ဖို့ ကူညီရန် တစ်ယောက်ယောက်ကို ပြောပါက မကြာမီမှာပဲ သူမ၏ ဝိညာဉ်စွမ်းအင်ကို မြင်သာအောင် ပြရလိမ့်မည်ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လုမင်ဟွေ့နှင့် အခြားသူများက အသီးများ ကူညီပြီး ခူးပေးရန် တောင်ပေါ်သို့ တက်လာနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက အသီးများကို တောင်ခြေသို့ သူမကိုယ်တိုင် ပို့ဆောင်ရန် စီစဉ်ထားသည်။ စူပါမောက ရောက်လာသည်ကို စောင့်ပြီး ထိုနေရာမှ တိုက်ရိုက် ယူဆောင်သွားနိုင်ပေမည်။
ရှန်းထင်ရွှမ်းက "အသီးဝယ်ယူတာကို ကန့်သတ်ထားသင့်လား "
အားလုံးပြီးနောက် ယနေ့ သူမ၏ တာဝန်က အသီးများကို စားခိုင်းရန် လူ ၁၀၂၄ယောက် လိုအပ်ပေသည်။ တစ်နေ့လျှင် အသီးကတ်တီ ၂၀၀၀ ခန့် ကုန်ကျပေလိမ့်မည်။ ဝယ်သူတစ်ယောက်က တစ်ကတ်တီ ဝယ်လျှင် တာဝန် ပြီးမြောက်ရန် ကူညီနိုင်ရုံမျှသာ ဖြစ်သည်။
သို့သော် မနက်ဖြန်အတွက်မူ လူ ၄၀၉၆ ယောက်က သူမ၏အသီးများကို စားရန် လိုပေသည်။ တာဝန်က အလွန် ခက်ခဲပေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ဟင်းသီးဟင်းရွက်များနှင့် အသီးအသစ်များကိုလည်း စိုက်ထားခဲ့သည်။ ညဘက် အနားယူချိန်မှလွဲ၍ ထိုနေ့အတွင်း ဝိညာဉ်စွမ်းအင် ပြည့်ပြည့်ချင်း သူမက ရေလောင်းရန် သွားမည်ဖြစ်သည်။
ဖရဲသီးတချို့နှင့် တခြားအသီးများက ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်သီး စသည်တို့နှင့် မတူညီပေ။ ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်သီး စသည်တို့က ရေတစ်ကြိမ်လောင်းရုံဖြင့် အပြည့်အဝ ရင့်မှည့်နိုင်ပြီး ၎င်းတို့ကမူ အကြိမ်များစွာ ရေလောင်းရန် လိုအပ်ပေသည်။
"ဝယ်ယူတာကို ကန့်သတ်မှာလား " လုမင်ဟွေ့က အနည်းငယ် ရှုပ်ထွေးသွားသည်။ စူပါမောနှင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် ပုံမှန် အခြေအနေတွင် သူမက ထုတ်ကုန်ကို ဘယ်လိုတိုးမြှင့်မလဲ၊ ဘယ်လိုပိုပြီး ရောင်းရအောင်လုပ်မလဲ စသည်ဖြင့် စဥ်းစားနေသင့်မဟုတ်လား။
ရှန်းထင်ရွှမ်းက "ကောင်းပြီ၊ ဆီးသီးနဲ့ မက်မွန်သီးတွေကို ကန့်သတ်လိုက်မယ်၊ အဲအသီးတွေပဲ ရောင်းဖို့ အမြဲတမ်း ခူးနေမယ်ဆိုရင် မကြာခင်မှာပဲ ခူးလို့ ကုန်သွားလိမ့်မယ် "
ယခုလက်ရှိ သူမ၏ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိမှုနှင့် ထိုအသီးများကို အကန့်သတ်မရှိ စိုက်ပျိုးရန် မဖြစ်နိုင်ပေ။
"လူတချို့ ငှားဖို့ရော မစဥ်းစားဘူးလား " ရွာထဲ၌ စိုက်ပျိုးရေးအကြောင်း သိသည့် လူများစွာ ရှိနိုင်ပေသည်။ ရှန်းထင်ရွှမ်းက မေးလိုက်သည်နှင့် လူတချို့က လာရန် ဆန္ဒရှိနေမည်ဟု လုမင်ဟွေ့က ခံစားမိပေသည်။
ရှန်းထင်ရွှမ်းက "အခုတော့ အဲဒီအကြောင်း မစဥ်းစားရသေးဘူး "
လုမင်ဟွေ့က ၎င်းကို နားလည်နိုင်ပေသည်။ ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့် အသီးများက အရသာရှိပေသည်။ ထို့ကြောင့် သူမတွင် သူမ၏ ကိုယ်ပိုင် နည်းစနစ်များ ရှိမည်ဖြစ်သည်။ သူမက တခြားသူများကို ငှားလျှင် အသီးများ၏အရသာက ကွဲပြားလာနိုင်ပြီး စီးပွားရေးကို အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိပြီး ဝယ်ယူမှုကို ကန့်သတ်သည့် နည်းလမ်းက ဖြစ်နိုင်ပေသည်။ လုမင်ဟွေ့က "ကောင်းပြီ၊ ဒါဆို အဖွဲ့က လူတွေကို အကြောင်းပြန်လိုက်မယ် "
လုမင်ဟွေ့ ပြန်သွားပြီးနောက် ထိုအကြောင်း ကုမ္ပဏီမန်နေဂျာကို ပြောပြလိုက်သည်။ မန်နေဂျာက ဖေးဝမ်ရှုကို တင်ပြရန် တိုက်ရိုက် သွားလိုက်သည်။
ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း ပြောသည်ကို ကြားသောအခါ ဆီးသီးနှင့် မက်မွန်သီးများ ကုန်သွားခဲ့လျှင် သူက မသက်မသာ ခံစားရပေလိမ့်မည်။ မကြာသေးခင်က ဖေးမိသားစု၏အသီးများက ထိုဆီးသီးများနှင့် မက်မွန်သီးများသာ ဖြစ်ပေသည်။
ထိုဆီးသီးများနှင့် မက်မွန်သီးများ စားပြီးနောက် တခြားအသီးများကို စားပါက အရသာ ကောင်းတော့မည် မဟုတ်ပေ။
သူက မူလက ဖေးအိမ်သို့ အများအပြား ယူလာခဲ့သည်။ သို့သော် ဖေးမိသားစုဝင်များကလည်း များစွာရှိပေသည်။ အထူးသဖြင့် သူ၏ အသုံးမကျသည့်သား ဖေးလွေ့က တစ်နေ့ သုံးနပ်စာအတွက် အသီးများကို စားရန် မစောင့်နိုင်တော့ပေ။
အသီးများက ကုန်လုနီးပါးဖြစ်နေသည်ဟူသည့် ရှန်းထင်ရွှမ်း၏ အကြံပြုချက်ကို ကြားပြီးနောက် ဝယ်ယူမှုကို ကန့်သတ်မည့် ရည်ရွယ်ချက်အား ဖေးဝမ်ရှုက ချက်ချင်း သဘောတူလိုက်သည်။
"ဝယ်ယူမှုကို ကန့်သတ်လိုက်၊ တစ်ဦးကို တစ်ကတ်တီပဲ ဝယ်ရမယ်လို့ ကန့်သတ်လိုက် "
ထိုအကြောင်းတွေးပြီးနောက် ဖေးဝမ်ရှုက လူတစ်ယောက်ကို တစ်ကတ်တီက အရမ်းများနေသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်သည်။ "လူတစ်ယောက်ကို တစ်လုံးပဲ ရမယ်လို့ ကန့်သတ်လိုက် "
မန်နေဂျာ "? ? ?"
သူ တစ်ခုခုမှားနေတာများလား။ တစ်ယောက်ကို ဆီးသီးတစ်လုံးပဲ ဝယ်လို့ရမှာလား။
မန်နေဂျာက ထပ်ခါ ထပ်ခါ အတည်ပြုလိုက်ရပြီး နောက်ဆုံးတွင် ဖေးဝမ်ရှုက စိတ်ရှည်မှု ကုန်ဆုံးသွားသောအခါ မန်နေဂျာက ရုံးခန်းအပြင်သို့ ပြေးထွက်သွားတော့သည်။
မန်နေဂျာက လုမင်ဟွေ့ကို ရှာလိုက်ပြီး "ဒါရိုက်တာက ပြောတယ်၊ ဆီးသီးနဲ့ မက်မွန်သီးတွေကို ကန့်သတ်လိုက်တဲ့ "
လုမင်ဟွေ့က ခေါင်းညိတ်လိုက်သည်။ ကန့်သတ်ခြင်းက မှန်ကန်ပေသည်။ တစ်နည်းအားဖြင့် အသီးကတ်တီ ၂၀၀၀ က သေချာပေါက် ရောင်းရန် မလုံလောက်ပေ။
မန်နေဂျာက လုမင်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဥက္ကဋ္ဌ ဖေးက လူတစ်ဦးကို တစ်လုံးပဲ ဝယ်နိုင်တယ်လို့ ပြောသေးတယ် "
လုမင်ဟွေ့က မှင်တက်သွားသည်။ မန်နေဂျာက လုမင်ဟွေ့၏ တုံ့ပြန်မှုကို မြင်သောအခါ အလွန် စိတ်ကျေနပ်သွားခဲ့သည်။
လုမင်ဟွေ့က ပြောလိုက်သည်။ "ဥက္ကဋ္ဌ ဖေးကို လေးစားပါတယ်၊ ဒီဆီးသီးတွေနဲ့ မက်မွန်သီးတွေက ဒီနှစ်ကုန်အထိ လုံလောက်ပါတယ် "
ရှန်းထင်ရွှမ်းက ဆီးသီးများနှင့် မက်မွန်သီးများ ကုန်လုနီးပါးဖြစ်နေသည်ဟု ပြောလာသောအခါ သူက တောင်တစ်ခုလုံးရှိ လက်ကျန်ဆီးသီးများနှင့် မက်မွန်သီးများအားလုံးကို ဝယ်ရန် မစောင့်နိုင်တော့ပေ။ သို့သော် မဝယ်နိုင်တာ နှမြောစရာ ကောင်းလှပေသည်။
မန်နေဂျာက စတင် သံသယဝင်လာသည်။ လုမင်ဟွေ့က ဖေးတုန်ပြောသည်ကို အလွန် လျင်မြန်စွာ သဘောတူခဲ့သည်။ အဲဒီအသီးက တကယ်ပဲ အရသာရှိတာလား။
စူပါမောမှ မကြာသေးခင်က ထုတ်ထားသည့် အသီးသစ်များကို ကောင်းမွန်စွာ လက်ခံရရှိခဲ့မှန်း သူက သိခဲ့သည်။ သို့သော် ၎င်းက စူပါမောအတွက် သာမန်ပစ္စည်းများဖြစ်ပေသည်။ စူပါမောရှိ ထုတ်ကုန်များက မဆိုးပေ။
ထို့ကြောင့် မန်နေဂျာက ၎င်းကို ဘယ်တော့မှ မဝယ်ခဲ့ချေ။ သူက ဆီးသီးများနှင့် မက်မွန်သီးများ အပါအဝင် အရသာရှိသည့် မည်သည့်အသီးကိုမှ မမြည်းစမ်းခဲ့ပေ။ သို့သော် ဥက္ကဋ္ဌ ဖေး၏ တုံ့ပြန်မှုကို တွေးတောနေပေသည်။
မန်နေဂျာက စူပါမားကတ်၏ တာဝန်ရှိသူကို ဖုန်းခေါ်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ပြီးနောက် ကုမ္ပဏီကို အသီးတချို့ပို့ပေးရန် ပြောလိုက်သည်။
ထိုတာဝန်ရှိသူက ပြောလိုက်သည်။
"မန်နေဂျာ ကျွန်တော် မပေးချင်တာ မဟုတ်ပါဘူး၊ တကယ်တော့ စူပါမားကတ်မှာ လုံလုံလောက်လောက် မရှိပါဘူး၊ အဲ့ဒီအသီးနှစ်မျိုးက တစ်နာရီမပြည့်ခင် ရောင်းကုန်သွားတာပါ "
မန်နေဂျာ "? ? ? "
...
ရှန်းထင်ရွှမ်းသည် မူလက ဝါးများကို လိုင်းပေါ်မှ ဝယ်ချင်ခဲ့သည်။ သို့သော် ရွာထဲတွင် စိုက်ထားသော ဝါးများကို ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် သူမက ရှောင်ဖုန်းအိမ်ကို ရှာလိုက်ပြီး ဝါးတချို့ဝယ်ကာ ပိုက်ဆံဖြုန်းရန် စီစဥ်လိုက်သည်။
ရှောင်ဖုန်း၏အမေက ရှန်းထင်ရွှမ်းက ၎င်းတို့ကို လိုချင်သည်ဟု ကြားသောအခါ သူမက ပိုက်ဆံမယူဘူးဟုသာ ပြောခဲ့သည်။
ရှန်းထင်ရွှမ်းက အတင်းအကျပ် ပေးနေသည်။
ရှောင်ဖုန်း၏အမေက ပြောလိုက်သည်။ "ပိုက်ဆံပေးဖို့ မလိုပါဘူး၊ မင်းစိုက်ထားတဲ့ အသီးတချို့ပေးတာက ပိုကောင်းတယ် "
"ကောင်းပြီ၊ ကောင်းပြီ " ရှန်းထင်ရွှမ်းက အသီးအိတ်ကြီးနှစ်လုံး ခူးသွားပြီး ဖရဲသီးမှည့်တစ်လုံး ယူသွားခဲ့သည်။
ရှန်းထင်ရွှမ်းက အများဆုံး ဆယ်ကတ်တီလောက်သာ ယူလာလိမ့်မည်ဟု ရှောင်ဖုန်း၏အမေက ထင်နေခဲ့သည်။ သို့သော် ကြီးမားသည့် ဖရဲသီးကြီးကို မြင်သောအခါ သူမ၏မျက်လုံးက ပြုံးသွားပြီး
"ငါ မင်းကို ကူသယ်ပေးမယ် "
သူမက ဤဖရဲသီးကို မကိုင်နိုင်ခဲ့ပေ။ ထို့နောက် သူမဘေးရှိ ဆီးသီးများနှင့် မက်မွန်သီးများကို ကြည့်လိုက်ပြီး "ရွှမ်းရွှမ်း၊ သမီးလိုချင်သလောက် တူးသွားလို့ ရတယ်နော်၊ အန်တီတို့မှာ ဝါးတွေအများကြီး ရှိတယ်၊ သမီး လိုချင်သလောက် များများ ယူသွားလို့ရတယ် "
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် "
ရှန်းထင်ရွှမ်းက ကြုံရာကျပမ်း မတူးခဲ့ပေ။ သို့သော် ချင်ယွဲ့ကျီ တိုက်သွားသည့်နေရာကို ဖြည့်လို့ရလျှင် လုံလောက်ပြီ ဖြစ်သည်။
...
ရှန်းထင်ရွှမ်းက အလုပ်ရှုပ်နေခဲ့ပြီး တောင်အောက်ရှိ စားပွဲပေါ်မှ အသီးများကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။
ယခု ရွာရှိလူများက စားပွဲပေါ်ရှိအသီးများကို ဝယ်ရန် ရှင်းယွမ်ရှန်သို့ လာခဲ့ကြသည်။ သူတို့ကိုယ်တိုင် ရွေးသည်။ ထို့နောက် အလေးချိန်ပြီး သူတို့ကိုယ်တိုင် ငွေပေးချေကြသည်။ ရှန်းထင်ရွှမ်း မရှိပင်လျှင် ငွေပေးချေမှုကို ပြီးမြောက်နိုင်သည်။
ရှန်းထင်ရွှမ်း အများဆုံး သတိရသည့်သူက ချင်ယွဲ့ကျီ ဖြစ်သည်။ သူ တစ်ကိုက်ကိုက်သည်က လူတစ်ရာနှင့် ညီမျှပေသည်။ ချင်ယွဲ့ကျီ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက ဆက်သွယ်ရန် အချက်အလက်ကို မမေးခဲ့မိပေ။
ယခု သူမက သူ့ကို အသီးများပို့ချင်ပေသည်။ သို့သော် ဘယ်ကို ပို့ရမည်လဲ မသိပေ။
ရှန်ထင်ရွမ်းက နောက်ဆုံးဝါးကို ရွှေ့ပြောင်းစိုက်လိုက်ပြီး ကားတစ်စီး လာနေသည်ကို မြင်လိုက်သည်။ ထိုကားက အနက်ရောင် ဖြစ်သည်။ သူမက ချင်ယွဲ့ကျီ၏ ကားကို သတိရလိုက်သည်။ ၎င်းကလည်း အနက်ရောင် ဖြစ်သည်။
သူမက တောင်ခြေသို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ ထိုကားက တကယ်ပဲ ရှန်းထင်ရွှမ်း ဘေး၌ ရပ်လိုက်သည်။ သို့သော် ၎င်းက ချင်ယွဲ့ကျီ လာခြင်း မဟုတ်ပေ။
-----
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
ဧည့်သည်က ဘယ်သူလဲ။
ရှန်းထင်ရွှမ်း။ ချင်ယွဲ့ကျီ နောက်ထပ် မလာဘူးဆိုရင် စာရေးသူ ကျွန်မကို အမျိုးသားဇာတ်လိုက် ပြောင်းပေးနိုင်မလား။
အားချီ။ ငါလည်း အဲ့ဒါကို တွေးမိတယ်။ အိုခေ။
ချင်ယွဲ့ကျီ။ ဟမ်?
...
အခန်း (၂၀)
ထွက်လာသည့်လူက အဘိုးဖေး ဖြစ်နေသည်။
ရှန်းထင်ရွှမ်း၏ စိတ်ပျက်သွားသည့် အမူအရာကို မြင်သောအခါ အဘိုးဖေးက ပြုံးပြီး မေးလိုက်သည်။
"ဘာလို့လဲ၊ ငါက မင်းစောင့်နေတဲ့တစ်ယောက် မဟုတ်လို့လား "
ရှန်းထင်ရွှမ်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
အဘိုးဖေးက ရယ်မောလိုက်သည်။
ဖေးမိသားစုက သူတို့၏နေရာမှာ ရှိနေသောအခါ ဆုံတွေ့ခဲ့သည့်လူတိုင်း၏ မြောက်ပင့်ခြင်းကို ခံခဲ့ရသည်။ တစ်ယောက်ယောက်က သူတို့စိတ်ထဲမှ မုန်းနေလျှင်တောင် သူတို့၏လေးစားမှုကို ပြနေဆဲ ဖြစ်သည်။ ထိုကဲ့သို့ သူတော်ကောင်းယောင်ဆောင်သည့် လူများက နေရာတိုင်းတွင် စံသတ်မှတ်ချက် ဖြစ်လာပေသည်။
အဘိုးဖေးက ထိုလူများနှင့် အမြဲတမ်း မြင်တွေ့နေခဲ့ရသော်လည်း မည်သည့်အခါမှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။ ယခု သူက သာမန်ကာလျှံကာ မေးလိုက်သော်လည်း မိန်းကလေးက တိုက်ရိုက် ဝန်ခံခဲ့ပေသည်။ သူက မိန်းကလေးစောင့်နေသည့်လူကို မေးရန် အစီအစဉ်မရှိပေ။ သို့သော် သူလာရသည့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည်။
"ငါ ဒီကိုလာတာ မင်းကို ဧည့်ခံပွဲတစ်ခု ဖိတ်မလို့ပဲ " အဘိုးဖေးက ဖိတ်စာကို ထုတ်ယူလိုက်သည်။
ရှန်းထင်ရွှမ်းက ဧည့်ခံပွဲများကို အများကြီး စိတ်ဝင်စားမှု မရှိပေ။ မူလကိုယ်က ဧည့်ခံပွဲများကို မကြာခဏ သွားလေ့မရှိပေ။ သွားခဲ့သည့်အချိန်တိုင်းလည်း ဆိုးရွားသည့် မှတ်ဉာဏ်များသာ ရှိပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက မသိစိတ်အရ ငြင်းဆိုလိုက်သည်။
အဘိုးဖေးက ပြောလိုက်သည်။
"ငါတို့က ဧည့်သည်တချို့ကို မင်းရဲ့အသီးတွေနဲ့ တည်ခင်း ဧည့်ခံဦးမှာ "
သူမက ၎င်းကို ကြားပြီး စိတ်ဝင်စားလာခဲ့သည်။ "ကောင်းပါပြီ "
များစွာသော လူများ စားခြင်းက သူမ၏တာဝန်ကို အမြန်ဆုံး ပြီးမြောက်နိုင်ပေသည်။
အဘိုးဖေးက ထွက်သွားရန် အလျင်မလိုသည်ကို ရှန်းထင်ရွှမ်းက မြင်သောအခါ "ကျွန်မကို ခဏစောင့်၊ စိုက်ခင်းထဲမှာ ဖရဲသီးတွေ မှည့်နေပြီ၊ မြည်းစမ်းကြည့်ဖို့ နည်းနည်း ယူသွားဦး "
သူ့အသက်အရွယ်တွင် များသောအားဖြင့် သွားများက မကောင်းတော့ပေ။ သို့သော် ဖရဲသီးစားဖို့ကတော့ သေချာပေါက် အဆင်ပြေပေသည်။
အဘိုးဖေးက ၎င်းကို ကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုပြီး ထင်ရှားလာတော့သည်။
"ကောင်းတာပေါ့ "
ရှန်းထင်ရွှမ်းက ဖရဲသီးများ ခူးထည့်ရန် ခြင်းကို ယူလာခဲ့သည်။ အဘိုးဖေးက ချင်ယွဲ့ကျီကဲ့သို့ အစားကြမ်းပိုး မဟုတ်သော်လည်း သူက သူမကို အများအပြား ကူညီခဲ့ပြီး အလွန်လည်း ခင်မင်ပေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းကလည်း သူ့ကို အလွန် သဘောထားကြီးရပေမည်။
ရှန်းထင်ရွှမ်းက ခြင်းထဲသို့ ဖရဲသီးနှစ်လုံး ထည့်ပြီးနောက် ခြင်းက ဒီထက်ပိုပြီး မဆန့်တော့ပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဖရဲသီးတစ်လုံးကို ဘယ်ဘက်လက်ဖြင့် ကိုင်လိုက်ပြီး ညာဘက်လက်က ခြင်းကို ကိုင်လိုက်သည်။
ကြီးမားသော ဖရဲသီး သုံးလုံးက အတူတကွ ရှိနေကြသည်။ လူအိုကြီးဖေးက ကားထဲသို့ ရောက်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ဘယ်တော့မှ ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။
ဒရိုင်ဘာ အဘိုးတင်းက နောက်ဆုံးတစ်ခေါက် အဘိုးဖေးပေးခဲ့သော အသီးများကို စားခဲ့သည်။ သူက အသီးများကို စားနေစဥ်အတွင်း အဘိုးဖေးကို အလွန်ကျေးဇူးတင်နေခဲ့သည်။ သို့သော် ယခုက ဖရဲသီး သုံးလုံးသာ ရှိသည်။
၎င်းတို့က စိမ်းစိုနေပြီး အလွန်လတ်ဆတ်ပုံ ပေါ်ပေသည်။ အနံ့ကလည်း အလွန်အမင်း ချိုမြနေပေသည်။
အဘိုးဖေးက သူ့ကို သေချာပေါက် ပေးမည်မဟုတ်ကြောင်း အဘိုးတင်းက သိပေသည်။ သို့သော် ယခုအချိန်၌ သူ့အတွက်က အသီးတချို့ရှာဝယ်ရန် မခက်ခဲသင့်ပေ။ ထို့ကြောင့် အဘိုးဖေးကို ပြန်ပို့ပြီးနောက် အဘိုးတင်းက ရှင်းယွမ်ရှန်သို့ ထပ်လာခဲ့လိုက်သည်။
သူက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီး အနည်းငယ် ရှက်နေသည့်ပုံဖြင့် "မစ်ရှန်း ကျုပ်ကို ဖရဲသီးတစ်လုံးလောက် ရောင်းနိုင်မလား "
လူအိုတင်းတို့ မိသားစုတွင် ကလေးနှစ်ယောက် ရှိပေသည်။ ထိုနေ့က သူပြန်ယူလာခဲ့သည့် အသီးများထဲမှ တစ်လုံးကို သူနှင့် သူ့ဇနီးက စားလိုက်ပြီး ကျန်သည့်အသီးများကို ကလေးများအတွက် ချန်ထားလိုက်သည်။ သို့သော် သူတို့က စားနေသည်ကို မရပ်တန့်ချင်ကြပေ။ အဆုံးတွင် ဆီးသီးတစ်လုံးနှင့် မက်မွန်သီးတစ်လုံးကျန်ခါမှ ဆက်စားရန် ငြင်းဆိုလိုက်ကြတော့သည်။
ကလေးများက ထိုအသီးများကို သူတို့၏မိဘများအတွက် ချန်ထားသင့်သည်ဟု ပြောခဲ့ကြသည်။ လူအိုတင်းနှင့် သူ့ဇနီးက ကလေးများ စားဖို့ ချန်ထားချင်ခဲ့သည်။ နောက်ဆုံးတွင် လူအိုတင်း၏ဇနီးက အသီးကို လေးခြမ်းခြမ်းလိုက်ပြီး လူတိုင်းက အတူတကွ စားသောက်လိုက်ကြသည်။
သူတို့က ဘယ်သူမှ စားလို့ မဝကြောင်း သိကြသည်။
နောက်ကျ လူအိုတင်းက စူပါမောသို့ အသီးများ ဝယ်ရန် သွားခဲ့သည်။ သို့သော် သူရောက်သွားသောအခါ အသီးများက ရောင်းကုန်သွားခဲ့သည်။
ယနေ့က လူအိုတင်းက ဖရဲသီးကို မြင်သွားခဲ့သည်။ ၎င်းက အလွန်ကြီးမားပေသည်။ သူတို့မိသားစုအတွက် ရက်အနည်းလောက် စားရန် လုံလောက်ပေသည်။
"ကောင်းပြီ " စားပွဲပေါ်ရှိအသီးများ အားလုံးက ရောင်းကုန်သွားခဲ့ပြီး သူမက အသီးများ ထပ်ဖြည့်ဖို့ သွားရန် အစီအစဉ် မရှိခဲ့ပေ။ ထို့အပြင် နေ့လယ်ရောက်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ဖရဲသီး ကြီးကြီးတစ်လုံး ခူးရန် သွားလိုက်သည်။
၎င်းက ၄၀ ကတ်တီနီးပါး ရှိပေသည်။
အဘိုးကြီးတင်း "ဒါက ဘယ်လောက်လဲ "
ရှန်းထင်ရွှမ်းက "စျေးနှုန်းသတ်မှတ် မထားဘူး၊ အဆင်ပြေသလို ပေးခဲ့ပါ "
ရှန်းထင်ရွှမ်း၏ဖရဲသီးများက စူပါမားကတ်တွင် ရောင်းသည်ကို လူအိုတင်းက သိပေသည်။ ပုံမှန် ဖရဲသီးအများစုက တစ်ကတ်တီကို နှစ်ယွမ် ကျသင့်ပေသည်။ သို့သော် ဤဖရဲသီးက ပိုကောင်းပေရာ "ငါတို့ တစ်တီကို ၅ယွမ် ထားမလား "
"ရတာပေါ့ " ရှန်းထင်ရွှမ်းက သဘောတူလိုက်သည်။
လူအိုတင်းက ငွေပေးချေလိုက်ပြီး သူမကို ထပ်ခါ ထပ်ခါ ကျေးဇူးတင်ကာ ထွက်ခွာသွားတော့သည်။
...
အဘိုးဖေးက အိမ်ပြန်ရောက်သောအခါ သူ၏ အိမ်အကူကို ဖရဲသီးခွဲရန် ပြောလိုက်သည်။ မူလက အတုံးသေးလေးများ တုံးချင်ခဲ့သည်။ အဘိုးဖေးက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး "ငါ့ကို တစ်ခြမ်းပေး၊ ပြီးတော့ ဇွန်းတစ်ချောင်းပေး "
ရှန်းထင်ရွှမ်းက အဘိုးဖေးအတွက် အလွန်ကြီးမားသော ဖရဲသီးများကို ရွေးချယ်ပေးခဲ့သည်။ ဖရဲသီးတစ်ဝက်ကတင် ၂၀ ကတ်တီ ရှိပေသည်။ အိမ်အကူက တစ်ချက်ကြည့်လိုက်ပြီး အလယ်တည့်တည့်မှ တိုက်ရိုက်မခွဲဘဲ တစ်ဘက်ရှိ တစ်ဝက်အစင်းမှ ခွဲရန် ဆုံးဖြတ်လိုက်သည်။
အဘိုးဖေးက ဖရဲသီးနှင့် ဇွန်းတစ်ချောင်းကို ကိုင်ထားသည်။ လတ်ဆတ်သည့် အနီရောင် ဖရဲသီးက အထဲတွင် အစေ့အများကြီး မရှိပေ။ ထို့ကြောင့် သူက ပါးစပ်ထဲသို့ တစ်လုတ်တည်း ထည့်စားလိုက်တော့သည်။
ချိုမြိန်သည့် ရနံ့က ပေါက်ထွက်လာခဲ့ပြီး အနည်းငယ် ဝါးပြီးနောက် ချိုမြိန်သည့် အရည်များက ချက်ချင်း စိမ့်ထွက်လာတော့သည်။ အဘိုးဖေးက သူ၏ ငယ်ဘဝကို အမှတ်ရသွားခဲ့သည်။ သူ ငယ်ရွယ်စဥ်က သူ၏အိမ် အခြေအနေက အရမ်းမကောင်းခဲ့ပေ။
နွေရာသီတွင် ဖရဲသီးစားရခြင်းက အကြီးမားဆုံး ဇိမ်ခံခြင်း ဖြစ်ပေသည်။ သူ့အမေက အချိန်တိုင်း သူစားရန် ဖရဲသီးကို အလယ်မှ ပိုင်းပေးခဲ့၏။ ချိုမြိန်သည့် အရသာက ယခု သူ့ပါးစပ်ထဲရှိ အရသာအတိုင်းပင် ဖြစ်သည်။
အဘိုးဖေးက ဖရဲသီးကို စားကုန်သွားပြီးနောက် အနီးအနားတွင် လမ်းပတ်လျှောက်လိုက်သည်။ ဖရဲသီးတွင် သကြားပါဝင်မှု မြင့်မားပြီး သူက ပုံမှန်ဆို စားလေ့မရှိပေ။ သို့သော် ယနေ့တွင် ထိန်းမထားနိုင်ဘဲ အများကြီး စားလိုက်ပေသည်။
အိမ်အကူက ကျန်ရှိနေသည့် ဖရဲသီးများကို အတုံးလေးများ တုံးလိုက်ပြီး ရေခဲသေတ္တာထဲတွင် ထားလိုက်သည်။
...
ရှန်းထင်ရွှမ်းက အဘိုးတင်းအတွက် အသီးခူးပေးပြီးသောအခါ မြို့တော်ဘီသို့ သွားရန် ကားတစ်စီးကို ခေါ်လိုက်သည်။
သူမက ထော်လာဂျီအသေးတစ်စီး ဝယ်ရန် စီစဉ်ထားခဲ့သည်။ လုမင်ဟွေ့နှင့် တခြားသူများက ရှင်းယွမ်ရှန်သို့ ဝင်လာခဲ့ကြပြီး သူတို့က ရုတ်တရက် အသီးများဖြင့် ပြည့်နေသည့်တောင်ကို တွေ့သွားခဲ့ပါက သေချာပေါက် သူတို့က သံသယဖြစ်သွား ပေလိမ့်မည်။
ထို့ကြောင့် ရှန်းထင်ရွှမ်းက မနက်ဖြန်မှ စတင်ပြီး သူမကိုယ်တိုင် အသီးများကို တောင်ခြေသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည်။
ရှောင်ဖုန်းအိမ်၌ ဝါးများ တူးသည့်နေ့တုန်းက ရှောင်ဖုန်း၏အမေက ရှန်းထင်ရွှမ်းကို အများကြီး ပြောပြလိုက်သည်။ သူတို့ကြား၌ ဤထော်လာဂျီအကြောင်းလည်း ရှောင်ဖုန်းအမေဆီမှာ သင်ယူခဲ့ရသည်။
စိုက်ပျိုးရေးသုံး စက်ပစ္စည်းစက်ရုံက ရွာမှ မိုင် သုံးဆယ်ခန့် ကွာဝေးပေသည်။ သူတို့က စိုက်ပျိုးရေးသုံး ထော်လာဂျီများကို ရောင်းချပေသည်။ ရှန်းထင်ရွှမ်းက သူမကိုယ်တိုင် မောင်းနိုင်ပေသည်။ ၎င်းက အရမ်း အကြီးကြီးဖြစ်ရန် မလိုပေ။ တစ်တန်ခန့် ထော်လာဂျီအသေးတစ်ခုကို ဝယ်ပေမည်။
အကောင်းဆုံး ထော်လာဂျီက ယွမ်တစ်သိန်းသာ ရှိပြီး ရှန်းထင်ရွှမ်းက တိုက်ရိုက် တစ်စီးရွေးလိုက်သည်။ ကံအားလျော်စွာ သူမက ရှန်းအိမ်သို့ သွားရောက်ပြီးနောက် ယာဥ်မောင်းလိုင်စင်ကို ယူလာခဲ့သည်။ ရှန်းထင်ရွှမ်းက ထော်လာဂျီကို ရှင်းယွမ်ရှန်သို့ တိုက်ရိုက် ပြန်မောင်းလာခဲ့လိုက်သည်။
ရှန်းထင်ရွှမ်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့သည်။ သို့သော် သူမကလည်း အများအပြား အသုံးပြုခဲ့သည်။ သူမက ကားတစ်စီးဝယ်ပြီးသည့်တိုင် သူမ၏အကောင့်တွင် ၅၅၇၃၇ ယွမ် ကျန်နေဆဲဖြစ်သည်။
ယခင်က ပိုက်ဆံနှင့် ပတ်သက်ပြီး ဆတ်ဆတ်ထိမခံ မဖြစ်တတ်သော ရှန်းထင်ရွှမ်းက ရုတ်တရက်ကြီး တုံ့ပြန်တတ်လာသည်။ တစ်ခါတစ်ရံတွင် အချိန်နှင့် စွမ်းအင်ကို ချွေတာရန် ပိုက်ဆံက အရေးကြီးနေဆဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ဖရဲသီးစိုက်ခင်းကို ရေလောင်းရန် အလေးအနက်ထားလိုက်သည်။ ထို့နောက် မျိုးစေ့များကို ဆက်လက် စိုက်ပျိုးလိုက်၏။ တောင်ပေါ်ရှိ သုံးပုံတစ်ပုံကို စိုက်ပျိုးလိုက်ပြီဖြစ်သည်။
...
နောက်နေ့မနက် ၇နာရီတွင် လုမင်ဟွေ့က ရောက်လာသောအခါ ထော်လာဂျီတစ်စီးကို မောင်းလာပြီး တောင်ခြေတွင် အဆင်သင့် စောင့်နေသော ရှန်းထင်ရွှမ်းကို တွေ့လိုက်ရသည်။
သူတို့က အသီးများကို စူပါမော၏ ကားပေါ်သို့ တိုက်ရိုက် တင်လိုက်ပြီး ထွက်သွားကြသည်။
မန်နေဂျာက မနက်စောစောတွင် စူပါမောသို့ သွားပြီး စစ်ဆေးသူတစ်ယောက်ကို ခေါ်လိုက်သည်။ သို့သော် သူက ဆီးသီးနှင့် မက်မွန်သီးများ ရှိသည့် ကောင်တာသို့ လျှောက်သွားပြီး အသီးတစ်လုံးစီကို ယူလိုက်သည်။
ဘေးမှ စူပါမားကတ် တာဝန်ခံ၏ မျက်လုံးများက ထိတ်လန့်စွာ ကြည့်နေသည်။ မန်နေဂျာက ဤနေရာကို စစ်ဆေးရန် မလာဖူးကြောင်း သူသိပေသည်။ သို့သော် သူက ဘာမှ မပြောနိုင်ချေ။
မနေ့က ဥက္ကဌဖေး၏ အကြောင်းကြားမှုအရ ယခု စူပါမားကတ်ရှိ ဆီးသီးနှင့်မက်မွန်သီးများကို နဖူးစည်းစာတန်းဖြင့် သေသပ်စွာ စီစဉ်ထားသည်။ "အကန့်အသတ်ဖြင့် ဝယ်ပေးပါ၊ တစ်ဦးကို တစ်လုံးသာ "
ဆီးသီးတစ်လုံးက တစ်ယွမ်ဖြစ်ပြီး မက်မွန်သီး တစ်လုံးက ငါးယွမ် ဖြစ်သည်။
သို့သော် ၎င်းက အမှန်တကယ် တင်းကျပ်လိမ့်မည်ဟု မည်သူက သိမည်နည်း။ ထိုသို့ဆိုလျှင် စျေးဝယ်သူက ယူတာ များလွန်းလျှင် အရောင်းဝန်ထမ်းက သူတို့က တားလိမ့်မည်။ သူတို့ ဘာတတ်နိုင်မှာလဲ။
ဝယ်သူများစွာက မျက်နှာများ ရှုံ့မဲ့လျက် အသီးများကိုင်ထားသည်ကို မန်နေဂျာက တွေ့လိုက်ရသည်။
သူက ၎င်းကို စဉ်းစားမိပြီး တစ်လုံးပဲ ယူသွားတော့သည်။
မန်နေဂျာက ရှေ့ဆက်သွားနေသည်ကို မြင်မှ စူပါမားကတ် တာဝန်ခံက စိတ်သက်သာရာ ရသွားသည်။ မန်နေဂျာက အလွန်အကျွံလုပ်ဆောင်မည်ကို သူက ကြောက်ရွံ့နေသည်။ သူတို့က သူ့ကို မတားနိုင်ပေ။ သူ့ကို ဝယ်သူမြင်သွားပါက တိုင်ကြားနိုင်ပေသည်။
စူပါမားကတ်၏ အပြင်တွင် မန်နေဂျာက အသီးရနံ့ကို ရလိုက်သည်။ ကန့်သတ်ပြီး ဝယ်ယူရလောက်အောင် အသီးနှစ်မျိုးက အလေးချိန်မစီးပေ။ အပြင်သို့ရောက်လေ အသီးနံ့က ပိုပိုပြီး မွှေးလာလေသည်။
မန်နေဂျာက ပထမဆုံး ဆီးသီးကို အခွံနွှာလိုက်သည်။ တစ်ကိုက်ကိုက်စားပြီးနောက် သူက အသီးများ ထပ်ယူရန် ပြန်လှည့်သွားလိုက်တော့သည်။
အသီးက ထိုမျှ အရသာရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဥက္ကဌဖေးက ဒီလိုအမိန့်ပေးထားတာ အံ့ဩစရာမရှိဘူး။ လုမင်ဟွေ့ နားလည်နိုင်တာလည်း အံ့ဩစရာမရှိဘူး။ သူလည်း ယခု နားလည်နိုင်ပေသည်။
-----
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အားချီ။ ငါလည်း မက်မွန်သီး စားချင်တယ်…
…
အခန်း (၂၁)
ယနေ့က ဖေးမိသားစုရှိ အဘိုးဖေး၏ ၇၆ နှစ်ပြည့် မွေးနေ့ ဖြစ်သည်။ သူက ရှန်းထင်ရွှမ်းကို ခေါ်လာရန် ဒရိုင်ဘာတစ်ယောက်ကို ရှင်းယွမ်ရှန်သို့ ပို့လိုက်သည်။
ယခု အဘိုးဖေးက ရှန်းထင်ရွှမ်းကို ကာကွယ်ချင်နေမှန်း ဖေးမိသားစုက သိနေကြပြီဖြစ်သည်။ ဖေးမိသားစုကလည်း သူမကို ဂရုစိုက်ပေးရန် ဆန္ဒရှိကြသည်။ ဒီမိန်းကလေးရဲ့ အသီးတွေကို အလွန်အရသာရှိအောင် ဘယ်သူလုပ်ထားတာလဲ။
ရှန်းထင်ရွှမ်းက ကြီးမားသည့် ဖရဲသီးများစွာကို ယူလာခဲ့ပြီး ကားနောက်ကိုယ်ထဲတွင် ၎င်းတို့ကို ထားလိုက်သည်။
အဘိုးဖေးက သူမ၏အသီးများကို မြည်းစမ်းရန် တခြားသူများကို ဖိတ်မည်ဟု ပြောခဲ့သည်။ ဖရဲသီးများက အလွန်ကြီးမားပြီး အစိတ်အပိုင်းများစွာ စိပ်နိုင်ပေသည်။ ထို့ကြောင့် လူအများကြီးက ၎င်းတို့ကို မြည်းစမ်းနိုင်ပေသည်။
လက်ဆောင်အတွက်မူ ရှန်းထင်ရွှမ်းက အစောကတည်းက အဆင်သင့် ပြင်ဆင်ပြီးသားဖြစ်သည်။ လုမင်ဟွေ့နှင့် အခြားသူများ ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက ဝါးချောင်းများဖြင့် ခြင်းကြီးတစ်ခြင်းကို ယက်လုပ်ခဲ့သည်။
သူမက အလယ်တွင် ကြီးမားသည့် ရွှေဖရုံသီးတစ်လုံးကို ထားပြီး ဝိုင်းစက်သည့် ဂေါ်ဖီထုပ်များဖြင့် ဝန်းရံထားပေသည်။ ပြီးနောက် အပေါ်တစ်လွှာတွင် ငရုတ်သီးများကို ထားလိုက်သည်။ ၎င်းက အနီရောင်၊ အစိမ်းရောင်နှင့် အဝါရောင် စသည်ဖြင့် သုံးရောင် ရှိသည်။ ငရုတ်သီးများကို အလယ်တွင် သခွားသီးများဖြင့် ခွဲခြားထားသည်။ မက်မွန်သီးနှင့် ဆီးသီးများကိုမူ အပြင်ဘက်အလွှာတွင် ထားလိုက်သည်။
၎င်းတို့ကို နေရာချထားပြီးနောက် သူမက တစ်ညလုံး ဒီတိုင်း ထားထားလိုက်သည်။ သို့သော် ၎င်းတို့က အလွန် လတ်ဆတ်ပုံ ပေါ်နေသေးဆဲ ဖြစ်သည်။
ရှန်းထင်ရွှမ်း ပြင်ဆင်နေသည့်လက်ဆောင်ကို မြင်ခဲ့သည့်သူက အဘိုးဖေး၏ အဓိက ဒရိုင်ဘာ လူအိုတင်း ဖြစ်သည်။ ယင်းကို မြင်ပြီး သူ့မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
အံ့ဩသောကြောင့် မဟုတ်ပေ။ သူလည်း ဤအသီးအရွက်ခြင်းကို လိုချင်သောကြောင့် ဖြစ်သည်။
မနေ့က ဖရဲသီးများကို ပြန်သယ်လာခဲ့ပြီး နောက်ဆုံးအချိန်တုန်းက စားခဲ့သည့် ဆီးသီးများရသည့်နေရာမှ ၎င်းကို ယူလာခဲ့ကြောင်း သူ၏မိသားစုက ကြားလိုက်ရသောအခါ သူတို့က ဖရဲသီးစားရန် အပြေးအလွှား လာခဲ့ကြသည်။
လူအိုတင်းက သူတို့ ဖရဲသီးကို ရက်ပေါင်းများစွာ စားနိုင်ကြောင်း တွေးနေခဲ့သည်။ သို့သော် ၎င်းက အလွန်အရသာရှိသောကြောင့် မိသားစုလေးယောက်က တစ်နေ့တည်းနှင့် တစ်ဝက် ကုန်သွားခဲ့သည်။
ထိုမိန်းကလေးစိုက်ပျိုးထားသည့် ဆီးသီးများက အရသာရှိသည်။ မက်မွန်သီးများကလည်း အရသာရှိပြီး ဖရဲသီးများကလည်း အရသာရှိပေသည်။ ထို့ကြောင့် လူအိုတင်းသည် ခြင်းထဲရှိ အသီးအရွက်များကလည်း သေချာပေါက် အကောင်းဆုံးဖြစ်မည်ကို သိပေသည်။ ၎င်းက အရသာရှိကို ရှိရမည် ဖြစ်သည်။
အဘိုးဖေးအတွက် အချိန်အကြာကြီး ဒရိုင်ဘာတစ်ယောက်ဖြစ်ခဲ့သည့်တိုင် လူအိုတင်းက ဘယ်တော့မှ အဘိုးဖေးကို မနာလို မဖြစ်ခဲ့ပေ။ ယနေ့ သူ(လူအိုကြီးတင်း)က သူ့(အဘိုးဖေး)ကို ပထမဆုံးအကြိမ် မနာလိုဖြစ်သွားခဲ့သည်။ အဘိုးဖေးက အလွန်ကောင်းချီးအပေးခံရသည်ဟု ခံစားလိုက်ရသည်။
လူအိုတင်းက ရှန်းထင်ရွှမ်းကို ကားကိုယ်ထဲသို့ ဖရဲသီးများကို ရွေ့ရန် ကူညီလိုက်သည်။
ရှန်းထင်ရွှမ်းက ကားထဲတွင် ထိုင်လိုက်သည်။
လူအိုတင်းက တီရှပ်အဖြူနှင့် လီနင်ချည်သားဘောင်းဘီကို ဝတ်ဆင်ထားသည့် ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီး "မစ်ရှန်း အဝတ်အစား လဲဦးမလား "
အဘိုးဖေး၏ ဧည့်ခံပွဲသို့ ဖိတ်ကြားထားသည့်လူက အများကြီး မရှိပေ။ သို့သော် သူတို့အားလုံးက အထူးဧည့်သည်တော်များ ဖြစ်ကြသည်။ သူတို့က မြို့တော် B ရှိ ထင်ရှားသည့် လူများ ဖြစ်ကြသည်။ ထို့ကြောင့် ယနေ့ အဘိုးဖေး၏ ဧည့်ခံပွဲသို့ လာသည့် ထိုလူများက သေချာပေါက် ဝတ်စားလာကြမည်ပင်။
ရှန်းထင်ရွှမ်းက "မလဲတော့ဘူး "
သူမမှာ ဝတ်စုံတစ်စုံမှ မရှိပေ။ ထို့အပြင် သူမက မည်သည့်ဝတ်စုံကိုမှ ဝတ်ဆင်ခြင်း မပြုခဲ့ပေ။ တစ်စုံတစ်ယောက်၏ မွေးနေ့ပွဲ ကျင်းပကတည်းက အဓိကဇာတ်ဆောင်ကသာ လှပစွာ ဝတ်ဆင်ခဲ့သည့်သူတစ်ယောက် ဖြစ်နိုင်ပေသည်။
လူအိုတင်းက ဖေးမိသားစု ခြံဝန်းထဲသို့ တိုက်ရိုက် မောင်းဝင်သွားပြီး ဗီလာ၏တံခါးသို့ သွားလိုက်သည်။ သူ့ဘေးတွင် များစွာသော ကားများက ပါကင်ထိုးထားကြသည်။ သူတို့က တခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ဖြစ်ပေလိမ့်မည်။ ရှန်းထင်ရွှမ်းက ဖရဲသီးများကို ရွေ့ရန် ကားထဲမှ ထွက်လိုက်သည်။
လူအိုတင်းက ငြင်းပယ်လိုက်ပြီး တခြားအိမ်စေများကို ကူညီရန် ခေါ်လိုက်သည်။ ရှန်းထင်ရွှမ်းက အထူးဧည့်သည် ဖြစ်သည်။ သူက သူမကို အလုပ်ကြမ်းတွေ ဘယ်လိုလုပ် လုပ်ခွင့်ပြုနိုင်မှာလဲ။
ရှန်းထင်ရွှမ်းက သူမ၏ဘယ်ဘက်လက်တွင် ဖရဲသီးတစ်လုံးနှင့် ညာဘက်လက်တွင် အသီးခြင်း ကိုင်ထားကာ ဓာတ်လှေကားမှ တိုက်ရိုက်တက်သွားပြီး ခန်းမထဲသို့ ဝင်သွားလိုက်သည်။
ထိုအချိန်တွင် တခြားကားများကလည်း ဗီလာတံခါးသို့ မောင်းလာကြသည်။ တံခါးက ရုတ်တရက် ပွင့်သွားပြီး ရှန်းထင်ရွှမ်းကို ရိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ကံကောင်းစွာပင် ဘေးသို့ ဆုတ်လိုက်ပြီး အချိန်ကိုက် တုံ့ပြန်နိုင်ခဲ့သည်။
အလှလေးတစ်ယောက်က ကားထဲမှ ဆင်းလာပြီး ရှန်းထင်ရွှမ်းကို အထင်မြင်သေးစွာ တစ်ချက် စိုက်ကြည့်လိုက်သည်။ ပြီးနောက် တံခါးဆီသို့ လျှောက်သွားလေသည်။
ရှန်းထင်ရွှမ်းက ဂရုမစိုက်ပေ။ ဖရဲသီးနှင့် ခြင်းကို ကိုင်ထားပြီး သူမက ခန်းမထဲသို့ အလှလေးနောက်မှ လိုက်လာခဲ့လိုက်သည်။
အဘိုးဖေးက တစ်စုံတစ်ယောက်နှင့် စကားပြောနေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းကို မြင်သောအခါ ချက်ချင်း ထရပ်လိုက်သည်။ အဘိုးဖေးက သူမကို နှုတ်ဆက်ရန်လာသည်ဟု ရှေ့တွင် ရှိသည့် အလှလေးက ထင်သွားခဲ့သည်။ သူမက အနည်းငယ် ဂုဏ်ယူသွားခဲ့သည်။
အဘိုးဖေးက ရှန်းထင်ရွှမ်းဆီ ချဉ်းကပ်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမနှင့် မျက်နှာချင်းဆိုင်ကို လျှောက်သွားလိုက်ပြီး ရှန်းထင်ရွှမ်း လက်ထဲမှ ကိုင်လာသည်ကို ယူရန် လုပ်လိုက်သည်။
ရှန်းထင်ရွှမ်းက ငြင်းဆိုလိုက်သည်။ "ကျွန်မ ယူသွားပြီး မီးဖိုချောင်ထဲမှာ ထားလိုက်မယ်၊ အဘိုး ကူညီဖို့ မလိုပါဘူး "
အသက် ၇၆နှစ်အရွယ် လူသားက သူတို့၏ ဂျင်ဆင်းကလေးအရွယ်ထက် ပိုမကောင်းနိုင်ပေ။ သူတို့က သည်လို လေးလံသည့် အရာများကို မသယ်နိုင်ကြပေ။
အဘိုးဖေးက အလွန်ပျော်ရွှင်နေခဲ့သည်။ "ဒါဆို ကျေးဇူးတင်ပါတယ် မိန်းကလေး၊ အဒေါ်ကျန်း လာပြီး ကူညီလိုက်ပါဦး "
အဒေါ်ကျန်းက ၎င်းကို ကြားပြီး လူတစ်စုကို ကူညီရန် ခေါ်သွားလိုက်သည်။ ရှန်းထင်ရွှမ်းက အဒေါ်ကျန်းနှင့် တခြားသူများကို အသီးများ ပေးလိုက်သည်။
ရှန်းထင်ရွှမ်းက ထိုအရာများကို တစ်ယောက်ထဲ သယ်လာခဲ့သည်။ သို့သော် သူတို့က လူလေးယောက်ဖြင့် သယ်ခဲ့ရသည်။
အဘိုးဖေးက အဒေါ်ကျန်းကို ပြောလိုက်သည်။ "ဒီဖရဲသီးတွေ လှီးပြီး လူတိုင်းကို မြည်းစမ်းကြည့်ဖို့ ပေးလိုက် "
အဘိုးဖေးက ကြွားဝါရလျှင် ဖေးမိသားစုက မြို့တော် B တွင် ပထမအဆင့် မိသားစု ဖြစ်သည်။ ဖေးမိသားစုအပြင် မိသားစုကြီးလေးခု ရှိပေသည်။ သို့သော် ဘယ်သူကမှ မလာကြသေးပေ။
ပထမတန်းစား မိသားစုများက အတူတကွ ရောက်လာကြသောအခါ ရှန်းထင်ရွှမ်းက ပွဲတက်ဝတ်စုံ မဝတ်ထားတာကို မြင်သွားသည်။ ထိုအုပ်စုများက ရှန်းထင်ရွှမ်းကို နှိမ့်ချကြည့်မည်ကို အဘိုးဖေးက စိုးရိမ်သွားသည်။ ထို့ကြောင့် သူက သူ၏အိမ်အကူကို ဖရဲသီးလှီးရန် ပြောလိုက်သည်။
တစ်နည်းအားဖြင့် အဘိုးဖေးက ဤဧည့်ခံပွဲတွင် အဖိုးတန်အသီးများကို ထုတ်ပြရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။
အဘိုးဖေးက ရှန်းထင်ရွှမ်းကို သူ့ဘေးနားတွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လူတိုင်းအား ရှန်းထင်ရွှမ်းနှင့် မိတ်ဆက်ပေးလိုက်သည်။
ရှန်းထင်ရွှမ်းက ထိုလူများ၏နာမည်ကို မှတ်မိရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
အရိုးသားဆုံးပြောရလျှင် ရှန်းထင်ရွှမ်း ဝင်မလာခင်က ရှန်းထင်ရွှမ်း လာသည်ကို မြင်သည့်လူတိုင်းက ရှန်းထင်ရွှမ်းကို အထက်တန်းလွှာ လူတစ်ယောက်ဟု မထင်ခဲ့ပေ။
ဥပမာ သူမ၏အဝတ်အစား၊ သာမန်ဆန်နေသည့် ချည်သားတီရှပ်နှင့် လီနင်ဘောင်းဘီ၊ နီးကပ်စွာ ကြည့်ပါက သေးငယ်သည့် အစက်လေးတချို့က ၎င်းတို့ပေါ်တွင် ရှိနေသည်လား။
သူမက ဤဝတ်စုံများကို အကြိမ်ပေါင်းများစွာ ဝတ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ လျှော်ဖွတ်ခဲ့ကြောင်း ပြသနေပေသည်။
ထို့နောက် သူတို့က ရှန်းထင်ရွှမ်းပေးသည့် လက်ဆောင်ကို မြင်လိုက်ကြသည်။ ယင်းက အသီးအရွက်တချို့သာ ဖြစ်သည်။ သူတို့က သူတို့သေသွားလျှင်တောင် ထိုကဲ့သို့ လက်ဆောင်မျိုးကို ပေးနိုင်မည် မဟုတ်ပေ။
ထိုပစ္စည်းနှစ်မျိုးက ရှန်းထင်ရွှမ်းပေါ်တွင် လူတိုင်း၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မေးခွန်းထုတ်နေပေသည်။
သို့သော် သူတို့က ရှန်းထင်ရွှမ်း၏ မျက်နှာကို မြင်သောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှုက ဒီအမျိုးသမီးက အရမ်းကြည့်ကောင်းတာပဲ ဟု တွေးမိကြသည်။ သူမ၏ အသားအရေပေါ်တွင် မည်သည့်အနာအဆာမှ မရှိပေ။
အမျိုးသမီးဧည့်သည်များကတောင် သူမကို အပြစ်အနာအဆာဖုံးသည့် ဘယ်မိတ်ကပ်ကို အသုံးပြုထားသလဲဟု မေးချင်နေကြသည်။ သို့သော် တခြားတစ်ဖက်တွင် သူမက ဘာမိတ်ကပ်မှ လိမ်းထားပုံ မပေါ်ပေ။
ဤမိန်းကလေးကို အဘိုးဖေး ကာကွယ်နေသည်ကို ကြည့်ပြီး လူတိုင်းက ဤမိန်းကလေးသည် ဖေးမိသားစု၏ တရားမဝင်သမီးဖြစ်မည်ဟုတောင် ထင်နေကြသည်။
ဖေးဝမ်ရှုကလည်း ငယ်ရွယ်စဥ်က ချောမောပေသည်။
ရောက်လာသည့်သူက လုမိသားစု၏ သမီး၊ လုအန်အန်ဖြစ်သည်။ သူမက မနီးမဝေးရှိ လီရှောင်းရုကို ကြည့်ပြီး "ရှောင်းရု မစ်ရှန်းရဲ့ မျက်နှာပြောင်က တကယ့် ဘာမှလိမ်းမထားတဲ့ မျက်နှာပြောင် အစစ်လို့ ထင်လား "
"အစစ်ပဲ "
လီရှောင်းရုက ပါးပါးကြည်ကြည်အနေထား မိတ်ကပ်လိမ်းရန် စိတ်အားထက်သန်ကြောင်း အမြဲတမ်း ပြောခဲ့သည်။ အမျိုးသားများက ၎င်းကို မမြင်နိုင်ကြပေ။ သို့သော် အမျိုးသမီးများကတော့ မြင်နိုင်ပေသည်။ သူမ၏ မျက်ရစ်က တက်တူးထိုးထားခြင်း ဖြစ်ပြီး မျက်ခုံးကိုလည်း ပုံဖော်ထားခြင်း ဖြစ်သည်။ ဒါပေါ့ သူမက လူအများရှေ့မှာ မည်သည့်မိတ်ကပ်ကိုမှ လုံးဝ အသုံးမပြုထားခဲ့ပေ။ ထိုမိုက်မဲသည့်အမျိုးသားများကတော့ လီရှောင်းရုကို မိတ်ကပ်မလိမ်းထားသည့် ရှင်းရှင်းပြောင်ပြောင် မျက်နှာလေးဟု ထင်နေကြပေလိမ့်မည်။ လုအန်အန်ကတော့ လီရှောင်းရုလို မိန်းမမျိုးကို သည်းမခံနိုင်ပေ။
လီရှောင်းရုက ရှန်းထင်ရွှမ်းကို တံခါးနားမှာ တိုက်မိမလိုဖြစ်သွားတာကို သတိရသွားသည်။ အရင်က သူမကို ဖေးမိသားစု၏ အိမ်အကူဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် သူမက အဘိုးဖေး၏ အထူးဧည့်သည်ဖြစ်မည်ဟု မထင်ထားခဲ့ပေ။
ပြီးနောက် သူမက အာရုံမစိုက်မိခဲ့ပေ။ ယခု ထိုအမျိုးသမီးက အလွန်ကြည့်ကောင်းကြောင်း ရှာတွေ့သွားခဲ့သည်။
သူမမျက်နှာပေါ်ရှိ အသားအရေက အလွန်ဖြူအုနေပြီး မျက်နှာပေါ်တွင် ပေါင်ဒါတောင် လိမ်းမထားသည်ကို လီရှောင်းရုက မြင်သွားသည်။ အပြစ်အနာအဆာဖုံးသည့် မိတ်ကပ် ဒါမဟုတ် တခြားတစ်ခုခုကိုတောင် လိမ်းမထားခဲ့ပေ။
ရှန်းထင်ရွှမ်း၏ မျက်လုံးများကို တစ်ဖန် ထပ်ကြည့်လိုက်ပြန်ရာ သဘာဝအတိုင်းရှိနေသည့် အနက်ရောင် မျက်ဆန်များက သန့်စင်နေပြီး မျက်တောင်ရှည်များကလည်း ခပ်စိပ်စိပ်ဖြစ်နေသည်။ အနီရောင်သန်းနေသည့် နှုတ်ခမ်းပါးများကလည်း နှုတ်ခမ်းနီအသုံးပြုထားသည်ထက် ပိုပြီး ကြည့်ကောင်းပေသည်။
လီရှောင်းရုက "မစ်ရှန်း ရှင် ဘယ်လို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးလေ့ရှိလဲ"
ရှန်းထင်ရွှမ်းက အသားအရေထိန်းသိမ်းသည့် ပစ္စည်းများ အသုံးပြုသောကြောင့် အသားအရေက အလွန်ကောင်းနေခြင်း ဖြစ်ရပေမည်။
ရှန်းထင်ရွှမ်းက "မသုံးပါဘူး ၊ ကျွန်မက နေ့တိုင်း အလုပ်ရှုပ်နေတာ၊ အသားအရေထိန်းသိမ်းဖို့ အချိန်မရှိဘူး "
ရှန်းထင်ရွှမ်းက အမှန်တိုင်း မပြောပြချင်ဘူးဟု လီရှောင်းရုက ခံစားလိုက်ရသည်။ သို့သော် လုအန်အန်က သူမ၏အာရုံစိုက်မှုကို ငြှိမ်းသတ်လိုက်သည်။ ထို့ကြောင့် သူမက ဂရုမစိုက်တော့ပေ။
အိမ်အကူက ဖရဲသီးများကို ခွဲလိုက်ပြီး ခန်းမထဲသို့ ယူဆောင်လာခဲ့သည်။ စားပွဲပေါ်ရှိ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် ပန်းကန်ပြားများတွင် ဖရဲသီးများကို ထည့်လိုက်သည်။
ဆီးသီးများ ယူလာစဉ်က အိမ်အကူများက ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ အသီးပန်းကန်ပြားကို ဖြည့်ပြီးသောအခါ သူတို့က တခြားအသီးများနှင့် ရောသွားခဲ့သည်။ ဖေးဝမ်ရှုက ဆူပြီးနောက် အိမ်အကူများက ထိုအသီးနှစ်မျိုးကိုသာ သီးခြား ခွဲထားရမည်ဖြစ်ကြောင်း သိသွားခဲ့ကြသည်။
ထိုအချိန်တွင် ဖရဲသီးများ ခွဲပြီးနောက် သူတို့က သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် ပန်းကန်ပြားပေါ်တွင် သီးခြား ပြသထားလိုက်သည်။
ဘေးတွင်ရှိသည့် လုကျန်းယဲ့က အနည်းငယ် သိချင်စိတ် ဖြစ်သွားခဲ့သည်။ သို့သော် အဆုံးတွင် သူက ဘာမှမပြောခဲ့ပေ။ ထိုဖရဲသီးများက အလွန်သာမန်ဆန်သည့် အသီးများ ဖြစ်သည်။ ဖေးမိသားစုက ဧည့်သည်များကို ဤကဲ့သို့ အရာမျိုးဖြင့်သာ မည်သို့ တည်ခင်းဧည့်ခံနိုင်ရသနည်း။
အဘိုးဖေးက အသီးခက်ရင်းကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။ "လူတိုင်းပဲ စားကြည့်ကြပါ၊ ဖရဲသီးတွေက ဒီမိန်းကလေး စိုက်ထားတာတွေပဲ " ပြောပြီးနောက် သူက ဖရဲသီးတစ်စိပ်ကို ခက်ရင်းဖြင့် ထိုးလိုက်ပြီး စတင် စားလိုက်သည်။
ဒီနေရာမှာ ဖေးဝမ်ရှုသာဆိုပါက လုကျန်းယဲ့က သေချာပေါက် သူ၏ ဧည့်ဝတ်ကျေပွန်မှုက ဆိုးရွားသည်ဟု ပြောမိမှာပင်။ သို့သော် ယင်းက အဘိုးဖေးကိုယ်တိုင် ဖြစ်နေပေသည်။ ထို့ကြောင့် လုကျန်းယဲ့က မည်သို့ ပြောဝံ့မည်နည်း။
တခြားသူများက အဘိုးဖေးကို လေးစားမှုအရ ဖရဲသီးကို စပြီး စားလိုက်ကြသည်။
အထူးသဖြင့် လုအန်အန်က ရှန်းထင်ရွှမ်းနှင့် မရင်းနှီးပေ။ သို့သော် ယနေ့ ရှန်းထင်ရွှမ်း၏ သွင်ပြင်က လီရှောင်းရုနှင့် ယှဥ်လျှင် ပိုသာနေသောကြောင့် သူမကို ပျော်ရွှင်စေသည်။ လုအန်အန်ကလည်း ရှန်းထင်ရွှမ်းအတွက် ထောက်ပံ့မှုကို ဖော်ပြလိုက်သည်။ သူမက အသီးခက်ရင်းကို ချက်ချင်း ကောက်ကိုင်လိုက်သည်။
မူလက လုအန်အန်သည် မြည်းကြည့်ရုံသာ ဖြစ်သည်။ သို့သော် ဖရဲသီး၏ ချိုမြိန်သည့်အရသာက သူမ၏လျှာဖျားမှ တဆင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ချိုမြိန်ပြီး အေးမြသည့် အသီးရည်က တကယ့်ကို အရသာရှိလှသည်။
လီရှောင်းရုက ရှန်းထင်ရွှမ်းကို အသားအရေထိန်းသိမ်းမှုအကြောင်း ဆက်မေးနေဆဲ ဖြစ်သည်။
လုအန်အန်က တစ်ခုခုပြောရန် လုပ်ခဲ့သော်လည်း ဖရဲသီးစားပြီးပြီးချင်း သူမက လီရှောင်းရုကို စကားပြောရန် စိတ်မပါတော့ပေ။ ဖရဲသီးကိုသာ အပြေးအလွှား စားနေလိုက်တော့သည်။ မဟုတ်လျှင် အားလုံးက ဖရဲသီးကို မြည်းပြီးပါက သူမ ထပ်စားနိုင်တော့မှာ မဟုတ်ပေ။
မူလက လုကျန်းယဲ့သည် သူ၏လေးစားမှုကို ပြရန် တစ်စိတ်သာ စားရန် လုပ်ခဲ့သည်။ သို့သော် တစ်စိတ်စားကြည့်ပြီးနောက် သူက မရပ်တန့်နိုင်တော့ပေ။
လူတိုင်းက စားနေကြပြီး လီရှောင်းရုသာ မစားသည့်သူ ဖြစ်သဖြင့် သူမက ရှက်သွားခဲ့သည်။ ထို့ကြောင့် သူမက အသေးဆုံးတစ်စိတ်ကို ရွေးပြီး သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။ တခြားသူများ သတိမထားမိခင် သူမက တစ်ရှူးတစ်ခုထဲသို့ ထွေးထုတ်ရန် လုပ်လိုက်သည်။ သူမက ဖရဲသီး ပါးစပ်ထဲသို့ ရောက်ရောက်ချင်း အနည်းငယ် ဝါးပြီးနောက် မှင်တက်သွားခဲ့သည်။ သူမက နောက်ဆုံးတွင် ပြန်ဝါးလိုက်ပြီး ဖရဲသီးစိပ်ကို မျိုချလိုက်သည်။
လီရှောင်းရုက အနည်းငယ် ရှက်သွားခဲ့သည်။ သူမ အရှက်ရသွားသည်ကို တခြားသူများက တစ်ခုခု ပြောမည်ကို စိုးရွံ့နေသည်။ သို့သော် သူမက ကြည့်လိုက်သောအခါ ထိုအခိုက်တန့်တွင် ခန်းမက တိတ်ဆိတ်နေသည်ကို တွေ့ရှိသွားသည်။ မည်သူကမှ သူမကို အာရုံတောင်မစိုက်ကြချေ။
ဤဖရဲသီးက ကယ်လိုရီများစွာ ပါဝင်ပြီး သကြားပါဝင်မှုလည်း များပေသည်။ အရေးကြီးဆုံးအရာက ၎င်းကို ရှန်းထင်ရွှမ်း ယူလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လီရှောင်းရုက မစားချင်ပေ။
သူမက ထူးထူးခြားခြား အကြောင်းပြချက်များ မရှိသော်လည်း သူမက ရှန်းထင်ရွှမ်းကို သဘောမကျပေ။ သို့သော် ဤဖရဲသီးကို ဒုတိယကြိမ်မြောက် ကိုက်လိုက်သည်။ သူမက အနည်းငယ် ရှက်သွားပြန်သည်။
လီရှောင်းရုက အတွင်းပိုင်းတွင် မစားရန် ထပ်ခါ ထပ်ခါ ရုန်းကန်နေရင်း ဖရဲသီးတစ်ပန်းကန်ပြားလုံးကို ကုန်သွားခဲ့သည်။
လုအန်အန်က နောက်ဆုံး ဖရဲသီးစိပ်ကို မရခဲ့ပေ။ သူမက သူမ၏အမြန်နှုန်းကို ဝမ်းနည်းသွားသည်။ သို့သော် ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်ပေ။ ပစ္စည်း မပြတ်သရွေ့ သူမ ထပ်စားနိုင်လိမ့်မည်။ လုအန်အန်က အသီးခက်ရင်းကို ပန်းကန်ပြားပေါ်တွင် ချထားလိုက်ပြီး ရှန်းထင်ရွှမ်းဘေးတွင် ထိုင်လိုက်သည်။ “နင် စိုက်ထားတဲ့ ဖရဲသီးတွေ ငါ့ကို ရောင်းလို့ရမလား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။
“ဒါက အရမ်းမိုက်တာပဲ၊ နောက်ကျ ငါ့ကို ဒါမျိုးတွေ ရောင်းပေးနိုင်မလား “ လုအန်အန်က ပြောလိုက်သည်။
ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်သည်။ “ဒီဖရဲသီးတွေက စူပါမောကို ရောင်းလိုက်ပြီးပြီ “
ထိုစကားက အဘိုးဖေးကို အလွန် သက်သောင့်သက်သာ ဖြစ်သွားစေသည်။ တံခါးမှ ဝင်လာသည့် ဖေးဝမ်ရှုကလည်း ၎င်းကို ကြားပြီး အပြေးအလွှား ပြောလိုက်သည်။ “ငါ မင်းကို ပြောမယ်၊ ငါရဲ့စီးပွားရေးကိုတော့ လုမယူပါနဲ့ “
လုကျန်းယဲ့ “... “ သူတို့က စီးပွားရေးကို မလိုအပ်ပေ။ သို့သော် ထိုအသီးက အမှန်တကယ် အရသာရှိလွန်းပေသည်။
လုအန်အန်က မေးလိုက်သည်။ “ငါက နင့်ဆီက သပ်သပ် ဝယ်လို့ မရနိုင်ဘူးလား “
ရှန်းထင်ရွှမ်းက တစ်ခဏကြာ တွေးလိုက်ပြီး “နင် ရှန်းယွမ်ရှန်ကို သွားရမယ်၊ နင် အဲဒါကို ဖမ်းဆုပ်နိုင်လားဆိုတာ နင့်ကံအပေါ်မူတည်တယ် “
လုအန်အန်က ရှန်းထင်ရွှမ်းကို ရှာရန် တခြားနည်းလမ်းများကို ကြားရသောအခါ သူမက ထပ်မမေးတော့ပေ။
-----
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အားချီ။ ငါလည်း ဖရဲသီးစားချင်တယ်။
ရှန်းထင်ရွှမ်း။ ငါ ဘာမှ မကြားရဘူး။ ငါ ဘာမှ မကြားရဘူး လား လာ လာ့ လာ လာ... ။
…